← Chapters

အခန်း (၁၀၈၅-၁၀၈၆)

Vol. 64 Ch. 1085-1086

အခန်း (၁၀၈၅-၁၀၈၆)

Vol. 64 Ch. 1085-1086

အပိုင်း (၁၀၈၅)

“ဝေါ့...”

အကြီးအကဲဝူ၏ ခန္ဓာကိုယ်သည် ဧရာမတူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ကောက်ရိုးမျှင်လေးလို လွင့်စင်သွားပြီး သွေးများ အန်ထွက်လာ၏။

နောက်တစ်စက္ကန့်တွင် ချောင်ယောင်းအာ ရောက်ရှိလာသည်။

“ရွှီး ရွှီး ရွှီး ရွှီး...”

သူမ၏ ရှေးဟောင်း တိုက်ပွဲဝင်ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်ပြီး ရူးသွပ်စွာ တိုက်ခိုက်သည်။ စက္ကန့်ပိုင်း အတွင်းမှာပဲ အကြိမ်ရာပေါင်းများစွာ ခုတ်ပိုင်းလိုက်သည်။ ပထမထက်ဝက်ခန့်မှာ အရာမထင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ရှေးဟောင်းလက်နက်ဆီမှ စွမ်းအင် ပြန်လည်မပြည့်ဝသေးသောကြောင့် ဖြစ်သည်။ သို့သော်ငြား နောက်ပိုင်း ခုတ်ချက်များမှာ ထိရောက်မှု ရှိလာ၏။

ထို့ကြောင့် အကြီးအကဲဝူ၏ လက်မောင်းနှစ်ဖက်စလုံး ပြတ်ထွက်သွားသည်။ တို့ဟူးကို ဓားဖြင့် လှီးဖြတ်လိုက် သကဲ့သို့ပင်။ အိမ်မက်ဆိုးကျောက်တုံး ရှေးဟောင်းတိုက်ပွဲဝင်ဓားကို အပြာရောင် လျှို့ဝှက် သတ္တုဖြင့် သွန်းလုပ်ထားပြီး ခုတ်ပိုင်းလိုက်ချိန်မှာတော့ အံ့အားသင့်ဖွယ် အပူချိန်ကို ထုတ်လွှတ်နိုင်သည်။ ဓားသွား၏ အပူချိန်သည် ဒီဂရီစင်တီဂရိတ် တစ်သောင်းကျော် ရှိသောကြောင့် ပစ္စည်းအများစုကို ဖြတ်တောက်နိုင်သည်။

အကြီးအကဲဝူသည် ခြေလက်များ မသန်မစွမ်း ဖြစ်တော့မည်ကို ခံစားလိုက်ရပြီး ခုခံရန် လက်ထဲမှ တိုက်ပွဲဝင်ဓားကို ဝှေ့ယမ်းချင်သော်လည်း သူ၏ လက်မောင်းများ လွင့်စင်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထို့နောက် သူသည် သနားစရာကောင်းသော အော်ဟစ်သံကြီးဖြင့် ရုတ်တရက် အော်ဟစ်လိုက်၏။

“အား... အား... အား...”

သူသည် စေတီတောင်၏ အရေးပါသောပုဂ္ဂိုလ် ဖြစ်သော်လည်း အသက်ကို တန်ဖိုးထားသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။

ချောင်ယောင်းအာ ရှေ့တိုးလာပြီး ရှေးဟောင်းတိုက်ပွဲဝင်ဓားဖြင့် အကြီးအကဲဝူ၏ ရှေးဟောင်းသံချပ်ကာ ထိန်းချုပ်ရေး ဗဟိုချက်ကို ထိုးဖျက်ပစ်လိုက်သည်။ မည်သို့ပင်ဆိုစေ အချိန်တန်လျှင် ပြန်လည်ပြုပြင်နိုင် သော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် ဤရှေးဟောင်းသံချပ်ကာသည် အကြီးအကဲဝူ၏ သံခေါင်း တလားကြီး ဖြစ်လာပေလိမ့်မည်။

ထို့နောက် ချောင်ယောင်းအာသည် အကြီးအကဲဝူ၏ ခန္ဓာကိုယ်ကို ခွေးသေကောင် တစ်ကောင်ကဲ့သို့ သယ်ဆောင်ပြီး နုရှောင့်မြို့ဆီသို့ ပြေးထွက်သွားသည်။ ဤခွေးအိုကြီးကို ဖမ်းဆီးသွားသလို ပြတ်ထွက် သွားသော လက်မောင်းနှစ်ဖက်ကို ယူဆောင်သွားရန်လည်း မမေ့ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၌ အစီအစဉ်သစ် ရှိနေသောကြောင့်ပင်။

.........................

“သခင်လေး... အကြီးအကဲဝူကို သွားကယ်သင့်လား။”

အကြီးအကဲဝူသည် ဝူကျွယ်၏ ရေတပ်နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာသို့ ရောက်ရှိလာသောကြောင့် ပင်လယ်ပြင်ပေါ်တွင် ဖြစ်ပျက်သမျှ အရာအားလုံးကို ရေတပ်၏ နှင်းလင်းယုန်စစ်သည်များ မြင်တွေ့ခဲ့ရသည်။ အကြီးအကဲဝူ၏ လက်မောင်းနှစ်ဖက် ပြတ်ထွက်သွားပြီး ခွေးသေကောင်လို အဖမ်းခံလိုက်ရသည်ကို အားလုံးက မျက်မြင် တွေ့ခဲ့ရသည်။

နှင်းလင်းယုန်စစ်သည်များသည် မလိုက်ရဲကြသောကြောင့် ဝူကျွယ်၏ ရေတပ်ဆီသို့ ပြန်လာပြီး ကယ်တင်သင့်၊ မသင့် မေးမြန်းလိုက်ကြ၏။

ဝူကျွယ်အတွက် အကြီးအကဲဝူသည် ဖခင်ဖြစ်ရုံသာမက ကျောထောက်နောက်ခံလည်း ဖြစ်သည်။ သူ့ဖခင်သာ မရှိလျှင် ဂိုဏ်းချုပ်ရာထူးနှင့် စေတီတောင် အကြီးအကဲ ရာထူးကို ချောချောမွေ့မွေ့ ဆက်ခံနိုင်ပါ့မည်လား။ မဖြစ်နိုင်ပေ။

သို့သော်ငြား ယခုသူ့တွင် နှင်းလင်းယုန်စစ်သည် ၃၉ ဦးနှင့် အထူးစစ်သည် ၇၀ ထက် မပိုသော အင်အားသာ ရှိတော့သည်။ သောင်းနှင့်ချီသော ငရဲတပ်ဖွဲ့နှင့် အားကောင်းသော ရေတပ် ရှိနေသေးသည်မှာ မှန်သည်။ သို့သော်ငြား ရှမ့်လန်၌ နဂါးနောင်တ ရှိနေသေးသည်။

ရှမ့်လန်က ဤမျှလောက်အစွမ်းထက်သော သတ္တဝါပျံကြီးကို ပိုင်ဆိုင်ထားမည်ဟု မည်သူထင်မှတ်မည်နည်း။ ပို၍မထင်မှတ်ထားသည်မှာ နုရှောင့်မြို့ကို လူသတ်ပွဲ ဆင်နွှဲရန် ရည်ရွယ်ထားသော ကူပိုးကောင်ဗုံး ၁၅၀၀ သည် ကိုယ့်လူကိုယ် ပြန်သတ်သည့် တရားခံ ဖြစ်လာခဲ့သည်။ နှင်းလင်းယုန်စစ်သည် ၈၀ ရာခိုင်နှုန်းကျော် သည် ကိုယ့်ကူပိုးကောင်ဗုံးကြောင့် သေဆုံးခဲ့ရ၏။

‘ဒီကူပိုးကောင်ဗုံးတွေသာ မရှိရင် နှင်းလင်းယုန်စစ်သည် ၁၅၀ လုံး သေဆုံးမှာ မဟုတ်ဘူး။ ရှမ့်လန်ရဲ့ အထူးပျံသန်းတဲ့ သားရဲကြီး ဘယ်လောက်ပဲ အစွမ်းထက်ထက် နှင်းလင်းယုန်စစ်သည် ၁၅၀ ကို မနိုင် နိုင်ဘူး။ အရင်က ရွှယ်မျိုးနွယ်စုလည်း ဒီလိုပဲ ဖြစ်ခဲ့ရတယ်။ သူတို့ရဲ့ အားကောင်းတဲ့ စစ်တပ်က စေတီတောင်ရဲ့ ကူပိုးကောင်တွေကြောင့် သေဆုံးခဲ့ရတယ်။ ဒီတစ်ကြိမ်လည်း အတူတူပဲ။ စေတီတောင်ရဲ့ ကူပိုးကောင်တွေက ရှမ့်လန်ရဲ့ ကူညီ‌ဖော်၊ ကူညီဖက်များ ဖြစ်နေတာလား။’

“အမြန် ဆုတ်ခွာကြ...”

ဝူကျွယ်က အံကြိတ်ပြီး အမိန့်ပေးလိုက်၏။ “မင်းသားမင် နဲ့ မင်းသား ရင်ဝူချယ် ကို တွေ့ပြီလား။”

“မတွေ့ပါဘူး။”

“ရှာဖွေကယ်ဆယ်ရေး ရပ်လိုက်တော့။ အမြန် ဆုတ်ခွာကြ။”

“ဒါပေမဲ့...” ငရဲတပ်ဖွဲ့တပ်မှုးက ပြောချင်သေးသည်။

“ဒါပေမဲ့ မရှိဘူး။”

ဝူကျွယ်က ပြတ်သားစွာ ပြော၏။ “ငါတို့ရဲ့ လေတပ် အကုန်ဆုံးရှုံးသွားပြီ။ ရှမ့်လန်ဆီမှာ နဂါးနောင်တ ရှိသေးတယ်။ အားလုံး သေချင်နေကြတာလား။ သွား... သွား... သွား...”

ဝူကျွယ်၏ အမိန့်ဖြင့် ရေတပ်ဖွဲ့ (ခ) တစ်ခုလုံးသည် အကြီးအကဲဝူကို လျစ်လျူရှုပြီး ရူးသွပ်စွာ ဆုတ်ခွာ ကြသည်။ မင်းသားမင်နှင့် ရင်ဝူချယ်တို့ကို ရှာဖွေကယ်ဆယ်ခြင်းလည်း လုံးဝရပ်တန့်သွားသည်။

..............

ကောင်းကင်ပေါ်၌ နုရှောင့်မြို့လေတပ်သင်္ဘောသည် ဝူကျွယ် တပ်ဆုတ်သွားကြောင်း တွေ့ရသောကြောင့် နုရှောင့်မြို့သို့ ချက်ချင်းသတင်းပို့လိုက်၏။

“တပ်ဆုတ်သွားပြီ။ ထွက်ပြေးသွားပြီ။ ဝူကျွယ်က ဝူကျွယ်ပါပဲ။”

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ဒါ အကောင်းဆုံးရလဒ်ပဲ။ လိုက်မတိုက်နဲ့။ သူ့ကို လွှတ်ပေးလိုက်။”

အပေါ်ယံကြည့်လျှင် စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ်တပ်ဖွဲ့၏ လေတပ်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ရင်ဝူချယ် အသက်ရှင်သန်ခြင်း ရှိ ၊ မရှိ မသိရချေ။ အကြီးအကဲဝူမှာ အဖမ်းခံခဲ့ရပြီး တော်ဝင်ရန် အင်ပါယာမှ မင်းသားမင်၏ အခြေအနေမှာလည်း မရေရာပေ။ သူတို့၏ ရေတပ်ဖွဲ့ခွဲတစ်ခုမှာလည်း လုံးဝနီးပါး ချေမှုန်း ခံလိုက်ရသည်။

သို့သော်ငြား ရန်သူ့လက်ကျန်တပ်ဖွဲ့ လူငါးသောင်းမှာ အလွန်အင်အားကြီးမားနေဆဲ ဖြစ်သည်။ သူတို့က ရှမ့်လန်၏ လက်ကျန် နဂါးနောင်တကိုသာ ကြောက်ရွံ့ခြင်း ဖြစ်သည်။ ရှမ့်လန်က လိုက်တိုက်ချင်သလား။ လုံးဝမဖြစ်နိုင်ပေ။ သူ့ရေတပ်က လိုက်မီနိုင်မည် မဟုတ်ချေ။ မီခဲ့လျှင်တောင် ရှေးဟောင်းသင်္ဘော တစ်စင်းသာရှိပြီး ကျန်သင်္ဘောများမှာ သာမန်စစ်သင်္ဘောများ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အကောင်းဆုံး ရလဒ် ဖြစ်သည်။ နုရှောင့်မြို့၌ စစ်တိုက်စရာ မလိုတော့ပေ။

“ဝူကျွယ်ရဲ့ ရေတပ် အပြီးတိုင် ဆုတ်ခွာသွားတာနဲ့ ကျုပ်တို့ရေတပ်က နဂါးနောင်တ ပေါက်ကွဲတဲ့နေရာကို သွားပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရမယ်။ ရန်သူ့ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းကြ။”

“အမိန့်အတိုင်းပါ။”

………..

ရှမ့်လန်၏ ရေတပ်မထွက်ခွာမီ ချောင်ယောင်းအာက တချောင်ကို စီးနင်းကာ ကောင်းကင်သို့ ပျံသန်းထွက်ခွာ သွားပြန်သည်။ ကောင်းကင်ယံတွင် လွတ်လပ်စွာ ပျံသန်းရခြင်းကို သူမ အလွန်နှစ်သက်နေပြီ ဖြစ်၏။

ပြီးခဲ့သော အကြိမ်က နဂါးနောင်တ ပေါက်ကွဲမှုတွင် ရှမ့်လန်က ရှေးဟောင်းစစ်သင်္ဘော တစ်စင်း သိမ်းဆည်း ရမိခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ပင်လယ်ပြင်ပေါ်၌ ရှေးဟောင်းစစ်သင်္ဘော ဆယ်စင်းကျော် မျောပါနေ၏။ ဟုတ်ပေသည်။ အားလုံးနီးပါး ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။ နဂါးနောင်တ ပေါက်ကွဲချိန်တွင် မျက်နှာပြင်ရှိ သတ္တုများ အရည်ပျော်ကျသွားခဲ့ပြီး စွမ်းအင်ထိန်းချုပ်ဗဟိုချက်များလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ပြန်လည်ပြုပြင်လိုက်လျှင် ထိုရှေးဟောင်းစစ်သင်္ဘော တစ်ဝက်ကျော်ကို ပြန်သုံး၍ ရနိုင်သည်။

ယခုတစ်ကြိမ် စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ်တပ်ဖွဲ့သည် စွမ်းအင်ဗဟိုချက် ၉ ခုနှင့် အရန် စွမ်းအင်ဗဟိုချက် ၇ ခု ယူဆောင်လာခဲ့သည်။ ယခု စွမ်းအင်ဗဟိုချက် ၂ ခုမှာ နဂါးနောင်တ ပေါက်ကွဲမှု အလယ်တည့်တည့်တွင် ရှိနေခဲ့သောကြောင့် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။ နောက်ထပ်တစ်ခုမှာ အပြင်ခွံ ကွဲအက်ပြီး ပေါက်ကွဲသွားခဲ့သည်။ ကျန်ရှိသော ၅ ခုမှာ ပင်လယ်ပြင်ပေါ်တွင် တိတ်ဆိတ်စွာ မျောပါနေပြီး နဂိုအတိုင်း ကောင်းမွန်နေဆဲ ဖြစ်၏။

လျှော့တွက်လျှင်ပင် ရှမ့်လန်အနေဖြင့် ရှေးဟောင်းစစ်သင်္ဘော ၁၀ စင်းနှင့် စွမ်းအင်ဗဟိုချက် ၅ ခု ရရှိမည် ဖြစ်သည်။ သူ တကယ်ချမ်းသာသွားပြီဖြစ်၏။ ထို့အပြင် ရှေးဟောင်းသံချပ်ကာ ဝတ်စုံများနှင့် ငရဲတပ်ဖွဲ့၏ စစ်လက်နက်ပစ္စည်း အများအပြားလည်း ရှိနေသေးသည်။ ပြန်လည်ပြုပြင်လိုက်လျှင် အချို့ကို အသုံးပြုနိုင်ဦးမည်။

ယခုအခါ ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုတည်းသာ သူ၏ ထောက်ပံ့ရေးအလှုရှင်အဖွဲ့ မဟုတ်တော့ဘဲ စေတီတောင်ကလည်း ပါဝင်လာသည်။

… …

ရင်ဝူချယ် မသေသေးပေ။ သို့သော်ငြား အလွန်နာကျင်ခံစားနေရသည်။ ရှေးဟောင်းသံချပ်ကာ ဝတ်စုံ၏ အကာအကွယ် ရထားသော်လည်း၊ အချိန်မီ ရေငုပ်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ် အစိတ်အပိုင်း အများအပြား မီးလောင်ကျွမ်းထားပြီး ရှေးဟောင်းသံချပ်ကာ ဝတ်စုံရှိ အိပ်မက်ဆိုးကျောက်တုံးလည်း ပေါက်ကွဲသွားခဲ့၏။

သူက နောက်ဆုံးလက်ကျန် စိတ်ဓာတ်ခွန်အားကို အသုံးပြု၍ ပုံပျက်နေသော ရှေးဟောင်းစစ်သင်္ဘော တစ်စင်း ပေါ်သို့ တွားသွားတက်ရောက်ပြီး ကယ်ဆယ်ရေးကို စောင့်မျှော်နေ၏။ အကြာကြီး စောင့်ဆိုင်းပြီး နောက် တပ်ဖွဲ့ (ခ) ၏ ကယ်ဆယ်ရေး ရောက်ရှိလာခဲ့သည်။

နှင်းလင်းယုန်စစ်သည်တစ်ဦး ကောင်းကင်မှ ပျံသန်းလာ၏။

သူက အားကုန်အော်ဟစ်ချင်သော်လည်း အသံထွက်မလာတော့ပေ။ လက်ကို ဝှေ့ယမ်းချင်သော်လည်း နှလုံးသားထဲမှ စူးခနဲ နာကျင်မှုကို ခံစားနေရသည်။

‘တစ်ယောက်ယောက် လာကြပါ။ တစ်ယောက်ယောက် လာကြပါ။’

ကယ်ဆယ်ရေး ရေတပ် ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်မှာတော့ ရင်ဝူချယ်က သက်ပြင်းရှည်ကြီး ချလိုက်၏။ နောက်ဆုံးတော့ သူ အသက်ရှင်ရတော့မည်။ သူ အသက်ရှင်နေသရွေ့ ရှမ့်လန်ကို ဆက်လက် တိုက်ခိုက်နိုင်ဦးမည်။

သူ့တွင် တပ်ဖွဲ့ (ခ)၊ ကောင်းကင်စစ်သည် ရာပေါင်းများစွာနှင့် ကူပိုးကောင်ဗုံး ၂၀၀၀ ကျန်ရှိနေသေးသည်။ ရှမ့်လန်၏ နုရှောင့်မြို့ကို တိုက်ခိုက်မှု ဆက်လက် ပြုလုပ်နိုင်ဦးမည်။

ထို့နောက် သူက ကယ်ဆယ်ရေးရေတပ် အနီးသို့ရောက်လာမည့်အချိန်အား ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

သို့သော်ငြား အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ကယ်ဆယ်ရေးရေတပ်သည် သူ့နှင့် မီတာထောင်ချီ အလိုတွင် ပြန်လှည့်ထွက်သွားကြသည်။ ချက်ချင်းပဲ သူ ရူးသွပ်လုမတတ် ဖြစ်သွား၏။

‘ခွေးကောင်တွေ... ငါ့ကို ဒီမှာ ပစ်ထားခဲ့ကြတော့မလို့လား။ ငါက ချန်နိုင်ငံသစ်ရဲ့ ဒုတိယမင်းသားကွ။ မင်းတို့က ငါ့ကို ဒီမှာ ပစ်ထားခဲ့ရဲတယ်လား။’

သူ ခုန်ပြီး အော်ဟစ်ချင်သော်လည်း သူတို့ချင်း မီတာထောင်ချီ ဝေးကွာနေသလို ပင်လယ်ပြင်ပေါ်တွင် စွန့်ပစ်သ င်္ဘောတစ်စင်း မျောပါနေသည်သာ ရှိသောကြောင့် ရေတပ်က သူ့ကို အဘယ်သို့မြင်နိုင်မည်နည်း။ ထို့အပြင် သူက လုံးဝမလှုပ်ရှားနိုင်တော့ချေ။

ခဏကြာချိန်မှာတော့ ဧရာမ ပျံသန်းသည့် သတ္တဝါကြီးတစ်ကောင် ကောင်းကင်ပေါ်တွင် ဝဲပျံလာ၏။ ရင်ဝူချယ်က လက်ကို အားကုန်ဝှေ့ယမ်းပြလိုက်သည်။ ထင်ထားသည့်အတိုင်းပင် တဖက်လူက သူ့ကို တွေ့ရှိသွားပြီး ထိုးဆင်းလာသည်။

‘ဒါက ဘာသတ္တဝါကြီးလဲ။ သိပ်ကို ခမ်းနားထည်ဝါတာပဲ။ ဒါပေမဲ့.စေတီတောင်က မဟုတ်သလိုပဲ။’

ရှေးဟောင်းသံချပ်ကာ ဝတ်စုံ ဝတ်ဆင်ထားသော စစ်သည်တစ်ဦးက သတ္တဝါကြီးပေါ်မှ ခုန်ဆင်းလာပြီး မျက်နှာဖုံးကို ချွတ်လိုက်ရာ ချောင်ယောင်းအာ၏ လှပသော မျက်နှာပေါ်လာ၏။

“ရင်ဝူချယ်လား။”

“ငါ... ငါ ရင်ဝူချယ် မဟုတ်ဘူး။” ရင်ဝူချယ်က တုန်ယင်စွာ ငြင်းလိုက်သည်။ သို့ပေမည့် ငြင်းနေလို့ကော ထူးမှာမို့လို့လား။ သူ၏ ရှေးဟောင်းသံချပ်ကာ ဝတ်စုံက သိပ်ကို ထူးခြားနေပြီး တစ်တပ်လုံးမှာမှ တစ်စုံတည်း ရှိခြင်းပင်။

ချောင်ယောင်းအာက သူ့နောက်စေ့ကို ဖြတ်ရိုက်လိုက်ရာ ချက်ချင်းပဲ မေ့လဲသွားတော့သည်။ သတိမလစ်ခင် စကားတစ်ခွန်းကို သူ ကြားလိုက်ရ၏။ “

ရင်ဝူချယ်... ရှင် အဖမ်းခံလိုက်ရပြီ။”

… …

နုရှောင့်မြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့ပေ။ ရှမ့်လန် ပြောခဲ့သလိုပင် စစ်ပွဲက မစတင်ခင်မှာပင် ပြီးဆုံးသွား ခဲ့သည်။

နုရှောင့်မြို့ တပ်တော်တစ်ခုလုံး စိတ်လှုပ်ရှားနေကြသော်လည်း တပြိုင်တည်း လိုလိုပဲ စိတ်ပျက်မိကြသည်။ သူတို့က ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ချင်ကြသော်လည်း အင်အား မလုံလောက်သည်မှာ ဝမ်းနည်းစရာပင်။

စေတီတောင်နှင့် ရင်ကွမ်း၏ကျန်ရှိသော ရေတပ်တစ်ဝက် ဆုတ်ခွာသွားပြီးနောက် မည်သူကမှ အောင်ပွဲခံခြင်း၊ ပျော်ရွှင်ခြင်း မရှိကြပေ။ တိတ်ဆိတ်စွာပင် လက်နက်များကို ကောက်ယူပြီး အစွမ်းကုန် လေ့ကျင့် ကြတော့၏။

သတင်းပို့ချက် ရရှိပြီးနောက် ရှမ့်လန်က ‘ဪ’ ဟု တစ်လုံးသာ ပြောပြီး အခန်းထဲ ပြန်ဝင်ကာ အရေးကြီးဆုံး အလုပ်ကို ဆက်လက် လုပ်ဆောင်နေသည်။

ရှေးဟောင်းရင်ပြင်ရှိ ကျောက်ခေါင်းတလားထဲမှ ရှေးဟောင်းဘုရင် ၏ ကျမ်းစာလိပ်တစ်ခုကို ရှမ့်လန် ရရှိခဲ့သည်။ ဤကျမ်းစာလိပ်သည် အလွန်အရေးကြီးလွန်း၍သာ ထိုရှေးဟောင်းဘုရင်နှင့်အတူ မြှုပ်နှံထားခြင်း ဖြစ်နိုင်၏။ ထို့ကြောင့် ရှမ့်လန်က အမြန်ဆုံး လေ့လာရန် လိုအပ်သော်လည်း မလေ့လာမီ မှတ်တမ်းတင် ထားရမည်။

ထို့ကြောင့် သူက X-ray အမြင်ဖြင့် တလွှာချင်းစီ စကင်န်ဖတ်ပြီး ဦးနှောက်ထဲတွင် သိမ်းဆည်းနေခြင်း ဖြစ်သည်။ ဖတ်ရှုရန် မလိုသေးဘဲ ဆက်တိုက် သိမ်းဆည်းထားရန်သာ လိုအပ်၏။

ဤကျမ်းစာလိပ်ထဲတွင် အကြောင်းအရာများ ဤမျှများပြားလိမ့်မည်ဟု ရှမ့်လန် ထင်မထားခဲ့မိပေ။ ယခင်က စာမျက်နှာ ထောင်ဂဏန်းခန့် ရှိမည်ဟု ဆိုခဲ့သော်လည်း စကင်န်ဖတ်ရင်း ဖတ်ရင်း အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။ စာမျက်နှာ သုံးသောင်းကျော် စကင်န်ဖတ်ပြီးသည်အထိ မပြီးဆုံးသေးပေ။

ထိုတင်မကသေးဘဲ ဤရှေးဟောင်းဘုရင်၏ ကျမ်းစာလိပ်သည် ယခင်က သူဖတ်ဖူးသမျှ ရှေးဟောင်း မှတ်တမ်းများထက် ပိုမိုရှုပ်ထွေးနက်နဲသည်။ တကယ်ကို အများကြီး ပိုရှုပ်ထွေးသည်။ ရှမ့်လန်ကိုယ်တိုင်ပင် နားလည်ရန် ခက်ခဲနေ၏။ အခြားသော ရှေးဟောင်းမှတ်တမ်းများနှင့် တွဲဖက်ပြီးမှ အဓိပ္ပာယ်ဖော်နိုင်မည် ထင်သည်။

နာရီအနည်းငယ် ကြာပြီးနောက် စုစုပေါင်း စာမျက်နှာ ၅၃,၀၀၀ ကို ရှမ့်လန် စကင်န်ဖတ်ပြီးသွားခဲ့သည်။ သို့နောက် ရှေးဟောင်းဘုရင် ကျမ်းစာလိပ်၏ အကြောင်းအရာများကို ဖတ်ရှုရန် ကြိုးစားကြည့်ရာ ခေါင်းနားပန်းကြီး သွားရသည်။ လျှို့ဝှက်နက်နဲလွန်းလှပြီး ရှေးဟောင်းယဉ်ကျေးမှု၏ ဝေါဟာရများဖြင့် ပြည့်နှက်နေ၏။

… ………….

လေ့ကျိုးကျွန်း စံအိမ်တော် အတွင်း၌ ကလေးများ အားလုံး ရယ်မောပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ ယောင်ယောင်ပင်လျှင် အလွန်စိတ်လှုပ်ရှားနေ၏။ အဘယ့်ကြောင့်ဆိုသော် တချောင် စံအိမ်တော်သို့ ရောက်ရှိနေပြီး ချောင်ယောင်းအာ၏ အစောင့်အရှောက်ဖြင့် ကလေးအားလုံး တချောင်ကို စီးနင်းကာ ပျံသန်း ကြည့်ကြသောကြောင့်ပင်။

အစပိုင်းတွင် ပျံသန်းနှုန်း မြန်လွန်း၍ ကလေးများ လန့်သွားမည်ကို ပျံ့ဖေး စိုးရိမ်ခဲ့သော်လည်း တချောင်က အလွန်လိမ္မာပြီး ငြိမ်သက်စွာ ပျံသန်းပေးသည်။ မြင်းစီးရသည်ထက်ပင် ပို၍ သက်တောင့်သက်သာ ရှိသည်။

“ဒီလောက် ဉာဏ်ရည်မြင့်တဲ့ ရှေးဟောင်းသတ္တဝါမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။” နင်ယွမ်ရှန်းက ပြုံး၍ ပြောလိုက်၏။

ထိုအချိန်တွင် ရှမ့်မို နိုးလာ၏။ သူက မှုန်ကုပ်ကုပ်ဖြင့် မျက်လုံးဖွင့်ကြည့်ပြီး မောင်နှမများ ရယ်မောသံ ကြားရာဘက်သို့ အသည်းအသန် ကြည့်ရှုနေသည်။ သို့သော်ငြား သူက ငယ်လွန်းသေးသောကြောင့် အမြင်အာရုံ အားနည်းနေသေးရာ သဲသဲကွဲကွဲ မမြင်ရပေ။

ရှမ့်လန်က မေးလိုက်သည်။ “အဖေ .. အရင်က ရှေးဟောင်းသတ္တဝါတွေ အကြောင်း ကြားဖူးလား။”

“ကြားဖူးတာပေါ့။ ဒါပေမဲ့ အခေါ်အဝေါ်က ပိုပြီးခမ်းနားတယ်။ ရှေးဟောင်း နတ်သားရဲ လို့ ခေါ်ကြတယ်။”

ရှေးဟောင်းနတ်သားရဲ အကြောင်း ပြောရလျှင် ရှမ့်လန်က ဗာမေလီယန်ငှက်နှင့် ရွှမ်ဝူ (လိပ်နက်) တို့ကို ပြေးမြင်မိ၏။

နင်ယွမ်ရှန်းက ဆက်ပြောသည်။ “ဒါပေါ့... သူတို့က ဗာမေလီယန်ငှက်၊ ရွှမ်ဝူ၊ နဂါးစိမ်းနဲ့ ကျားဖြူ တို့လောက်တော့ အစွမ်းထက်ချင်မှ ထက်မှာပါ။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာ အပါအဝင် သဘာဝလွန် အင်အားစု အနည်းငယ်မှာ ကိုယ်ပိုင် ရှေးဟောင်း နတ်သားရဲတွေ ရှိကြတယ်။ နိုင်ငံတော် ရတနာတွေအဖြစ် သတ်မှတ်ထားကြတယ်။ တော်ဝင်ရန်အင်ပါယာမှာ နဂါးတစ်ကောင် ရှိတယ်ဆိုတဲ့ ကောလာဟလတောင် ရှိတယ်။”

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ ဤဒဏ္ဍာရီကို သူကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ့ရှေ့မှ တချောင်က အစွမ်းထက်သည် ဆိုသော်လည်း နတ်သားရဲအဖြစ် သတ်မှတ်ရန် အရည်အချင်း မမီသေးပေ။

နင်ယွမ်ရှန်းက ဆက်ပြော၏။ “စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်၊ ကောင်းကင်အပြစ်ပေးမှု နန်းဆောင် နဲ့ ကျောက်စိမ်းဖြူမြို့တော် တို့မှာလည်း ရှေးဟောင်းနတ်သားရဲတွေ ရှိကြတယ်။ ဒါပေမဲ့ ဒီလိုအရာမျိုးက အစစ်ဖြစ်နိုင်သလို အတုလည်း ဖြစ်နိုင်တယ်။ ရှိရင်လည်း မရှိဘူးလို့ ငြင်းကြလိမ့်မယ်။ မရှိတဲ့ အဖွဲ့ကျတော့လည်း ရှိတယ်လို့ ထင်အောင် ကြိုးစားကြလိမ့်မယ်။”

ဤသဘောတရားကို ရှမ့်လန် ကောင်းစွာ နားလည်သည်။ ဥပမာအားဖြင့် ရှမ့်လန်တွင် နဂါးနောင်တ မရှိဘဲ ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ရင်ကွမ်းတွင် ရှိနေလျက်နှင့် မရှိပါဟု ငြင်းဆန်ခဲ့သည်။

“ထင်ထားတဲ့အတိုင်းပဲ။ နုရှောင့်မြို့မှာ စစ်ပွဲ မဖြစ်တော့ဘူး။ ဒါပေမဲ့ မင်း ရပ်တန့်နေမှာ မဟုတ်ဘူးမလား။”

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ မှန်ပေ၏။ သူ ရပ်တန့်နေ၍ မဖြစ်ပေ။ ယခုတစ်ကြိမ်တွင် စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ်တပ်ဖွဲ့ အကြီးအကျယ် အထိနာခဲ့သည်။ တပ်မှူးနှစ်ယောက်စလုံး ရှမ့်လန်လက်ထဲ ကျရောက်ခဲ့၏။

...

အပိုင်း (၁၀၈၆)

နင်ယွမ်ရှန်းက အကြံပြုသည်။ “တကယ်လို့ ရင်ကွမ်းနဲ့ စေတီတောင်က မင်းနဲ့ ဆွေးနွေးညှိနှိုင်းပြီး မင်းသားကျင်း ကို အကြီးအကဲဝူ၊ ရင်ဝူချယ်တို့နဲ့ လဲလှယ်ချင်တယ်ဆိုရင် မင်း ဘယ်လိုလုပ်မလဲ။”

“မင်းသားကျင်းနဲ့ တခြားလူသောင်းချီက သူတို့လက်ထဲမှာမှ မရှိတာ။ လဲလှယ်ဖို့ ပြောနေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ ကျုပ်လက်ထဲ ရောက်နေတဲ့ အရာကို ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

“ဒီတစ်ခါ စေတီတောင်နဲ့ ရင်ကွမ်းတို့ အကြီးအကျယ် ရှုံးနိမ့်သွားပြီ။ မင်းလက်ထဲမှာ နဂါးနောင်တ ရှိနေသေးတဲ့အတွက် သူတို့ နုရှောင့်မြို့ကို ထပ်တိုက်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ချန်နိုင်ငံသစ်က ဝူ၊ ချောင်၊ ရွှဲ့ နိုင်ငံတွေကို တိုက်ခိုက်လာရင်ကော။ တော်ဝင်ရန်အင်ပါယာက ဒါကို ဝမ်းသာအားရ ကြည့်နေမှာ မဟုတ်လား။ ဒါကြောင့် ရန်သူ့ စည်းချက်အတိုင်း လိုက်မကမိဖို့ လိုတယ်။ ပြီးတေ့ ခံစစ်ချည်းပဲ ကစားနေလို့ မဖြစ်ဘူး။”

“နောက်ထပ် စစ်ပွဲအတွက် အဆင်သင့် ဖြစ်ပြီလား။”

“အတိုင်းအတာ တစ်ခုအထိပေါ့။”

“အဲဒီတုန်းက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ကျိုးရှီက အကြီးအကျယ် အထိနာပြီးနောက် စစ်ပွဲကို ပြတ်ပြတ်သားသား ရပ်တန့်ခဲ့တယ်။ ရွှဲ့ပြည်နယ်ကနေလည်း ဆုတ်ခွာပြီး မိုင်တစ်သောင်း သဲကန္တာရကြီးမှာ အရာအားလုံး ပုံအောခဲ့တယ်။ ဒါပေမဲ့ ရင်ကွမ်းနဲ့ စေတီတောင်က အဲဒီလောက် သဘောထားကြီးမယ် မထင်ဘူး။”

လောကကြီး သုံးပိုင်း ကွဲသွားခဲ့သည်။ ဒုတိယနှင့် တတိယအစ်ကိုပေါင်းပြီး အစ်ကိုကြီးကို တိုက်ခိုက်ကြမည်။ ထိုအရာက ပုံမှန်အားဖြင့် အတည်ငြိမ်ဆုံး အခြေအနေ ဖြစ်သည်။ သို့သော်ငြား ကံဆိုးစွာဖြင့် ရှမ့်လန်နှင့် ရင်ကွမ်းကြားတွင် ညှိနှိုင်းစရာ လမ်းကြောင်း မရှိသလောက်ပင်။

နင်ယွမ်ရှန်းက ဆက်ပြော၏။ “ငါ မမှားဘူးဆိုရင် မင်းက ဦးဆောင်တိုက်ခိုက်ပြီး ရန်သူကို မင်းရဲ့ စည်းချက်ထဲ ဝင်လာအောင် လုပ်တော့မယ် မဟုတ်လား။”

“အဖေက ဉာဏ်ကြီးပါတယ်။ ဘုရင်လုပ်တုန်းကထက်တောင် ပိုပြီး ဉာဏ်ကြီးလာတယ်။”

နင်ယွမ်ရှန်းက လက်ကာပြပြီး ပြောသည်။ “ငါက မိုက်မဲတဲ့ ဘုရင်တစ်ပါး မဟုတ်ပေမဲ့ သိပ်ပြီးတော့လည်း တော်တာ မဟုတ်ပါဘူး။ အမြော်အမြင် ရှိပေမယ့် စိတ်ဓာတ်ခွန်အား မပြင်းထန်ဘူး။ အပင်ပန်း မခံနိုင်ဘူး။ သဘောထား မကြီးဘူး။ အပေါ်ယံ စိတ်သဘောထား ကျဉ်းမြောင်းသလို ထင်ရပေမဲ့ တကယ်တမ်း ဘာမှ လိုချင်မက်မောမှု မရှိတဲ့ မင်းနဲ့ မတူဘူး။”

ရှမ့်လန်က စစ်တုရင် ရွှေ့လိုက်သည်။ သူတို့နှစ်ဦး မြန်မာ့ စစ်တုရင် ကစားနေကြခြင်း ဖြစ်သည်။ အကြိတ်အနယ် ရှိ၏။

“မင်းရဲ့ နောက်ပစ်မှတ်က ချန်နိုင်ငံသစ် ဖြစ်လောက်တယ်။ အရှိန်အဟုန် မြှင့်တင်ရမယ့် အချိန် ရောက်ပြီ မဟုတ်လား။”

“ဟုတ်ပါတယ်။ အခြေအနေသာ မပေးရင် ချန်နိုင်ငံသစ်ကို ဒီလောက်မြန်မြန် ပစ်မှတ်မထားချင်သေးပါဘူး။ ချန်နိုင်ငံသစ် ပြီးရင် စေတီတောင်၊ ပြီးရင် တော်ဝင်ရန်အင်ပါယာ။ အဲဒီ ဧကရာဇ်က တကယ်ကို ခက်ခဲလိမ့်မယ်။”

“ကိုယ့်အကြောင်းကလွဲရင် တခြားဘာကိုမှ မတွေးတောခဲ့တဲ့ ငါလိုလူတောင် အဲဒီလူအကြောင်း တွေးမိရင် ခေါင်းနားပန်းကြီးသေးတာ၊ မင်းဆို ပြောမနေနဲ့တော့။”

… …

အကြီးအကဲဝူ သတိရလာပြီး သူ၏လက်များကို အလိုအလျောက် မြှောက်လိုက်မိသည်။ သူ၏ နောက်ဆုံး မှတ်ဉာဏ်ထဲတွင် သူ့လက်များကို ချောင်ယောင်းအာက ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ သူ၏ လက်များကို အနည်းငယ် မြှောက်နိုင်သည်ကို တွေ့လိုက်ရချိန်မှာတော့ အံ့အားသင့်သွားမိသည်။ ခြေလက်များ ဆုံးရှုံးသွားသည့် ခံစားချက်မျိုး မဟုတ်ပေ။

ရှမ့်လန်က ရှင်းပြလိုက်၏။ “အကြီးအကဲဝူ... နောက်ဆုံးတော့ သတိရလာပြီပေါ့။ ကျုပ် သုံးလိုက်တဲ့ဆေးက သိပ်ပြင်းသွားတယ်။ ခင်ဗျား အိပ်ပျော်သွားအောင် အိပ်မက်ဆိုးကျောက်တုံးကိုတောင် သုံးခဲ့ရတာ။ စိတ်မပူပါနဲ့။ ခင်ဗျားရဲ့ လက်တွေကို ကျုပ်ကိုယ်တိုင် ပြန်ဆက်ပေးထားတာပါ။ အာရုံကြော တစ်ခုချင်းစီကို သေချာ ပြန်ဆက်ထားပါတယ်။ ပြတ်သွားပြီး သိပ်မကြာခင်မှာ ပြန်ဆက်လိုက်တဲ့အတွက် အာရုံကြော ရှင်သန်မှုနှုန်းက သိပ်မြင့်ပါတယ်။ ခင်ဗျားလက်တွေ မကြာခင် ပုံမှန်အတိုင်း ပြန်လှုပ်ရှားနိုင်တော့မှာပါ။ သိုင်းပညာလည်း သိပ်ပြီး ထိခိုက်မှာ မဟုတ်ပါဘူး။”

ရှမ့်လန်က ဂျူတီကုတ်အဖြူ၊ မျက်နှာဖုံးနှင့် မျက်မှန်တို့ကို ဝတ်ဆင်ထားသည်။ တော်ဝင်ချန်အင်ပါယာ၏ ဧကရာဇ်နှင့် လုံးဝမတူဘဲ ဆရာဝန်တစ်ယောက်နှင့် ပိုတူနေသည်။

သူက ရော်ဘာလက်အိတ် ဝတ်ဆင်ပြီး အကြီးအကဲဝူ၏ ချုပ်ရိုးများကို စစ်ဆေးသည်။ ဟုတ်ပေ၏။ နုရှောင့်မြို့က ရော်ဘာများကို အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ လောလောဆယ် သိပ်ပြီး အသုံးမဝင်သေးခြင်းသာ ရှိ၏။

“ဒဏ်ရာတွေက ကောင်းကောင်း သက်သာလာပါတယ်။ ချုပ်ရိုးနေရာမှာ နည်းနည်း နီနေပေမဲ့ ပုံမှန်ပါပဲ။ သိသိသာသာ ရောင်ရမ်းတာမျိုး မရှိဘူး။ ပိုးဝင်တာလည်း မရှိသလောက်ပဲ။ အကောင်းဆုံးဆေးတွေ ပေးထားပါတယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း သန်မာပါတယ်။”

ရှမ့်လန်က ဆက်ပြောသည်။ “အကြီးအကဲဝူ... အများဆုံး နှစ်လ၊ သုံးလလောက်ဆိုရင် ခင်ဗျား ပြန်ကောင်း သွားမယ်လို့ ကျုပ် အာမခံပါတယ်။”

အကြီးအကဲဝူက သူ့ခြေထောက်များကို လှုပ်ရှားကြည့်ရာ သိုင်းပညာ သွေးကြောများ ပြတ်တောက်ခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။

“ရှမ့်လန်... မင်းက ဉာဏ်ကောင်းတဲ့ လူပဲ။ အရမ်းဉာဏ်ကောင်းတဲ့ လူတစ်ယောက်။”

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။

“မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေတာ ငါ ဝမ်းသာပါတယ်။ တကယ်တော့ ငါက မင်းရဲ့ ရန်သူစာရင်းထဲမှာ လုံးဝမပါပါဘူး။ မင်းပြောတာ မှန်ပါတယ်။ စေတီတောင်နဲ့ တော်ဝင်ချန်အင်ပါယာကြားမှာ ပူးပေါင်း ဆောင်ရွက်စရာတွေ အများကြီး ရှိပါတယ်။ မတိုက်ခိုက်ဘဲနဲ့ မိတ်ဆွေ မဖြစ်နိုင်ဘူး ဆိုသလိုပေါ့။ နန်းဆောင်သခင် ကျိုးရှီဆိုရင် မင်းနဲ့ ကောင်းကောင်း ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့သေးတာပဲ။”

“ဟုတ်ပါတယ်။ နန်းဆောင်သခင် ကျိုးရှီရဲ့ ဉာဏ်ပညာက တကယ် လေးစားစရာပါပဲ။”

“ငါ မမှားဘူးဆိုရင် မင်းက အဲဒီ သတ္တဝါပျံကြီးနဲ့ ရှေးဟောင်းအပျက်အစီးထဲက ထွက်လာတာ မဟုတ်လား။ မင်းသားကျင်းနဲ့ လူသောင်းချီက အဲဒီထဲမှာ ကျန်နေခဲ့သေးတယ်။ ငါတို့ ဝိုင်းထားတုန်းပဲ။ ကောင်းပြီ။ ငါတို့ သဘောတူညီချက် တစ်ခု လုပ်လို့ရသေးတယ်။”

“သဘောတူညီချက်လား။ ဘာကို ဆိုလိုတာလဲ။”

“ဒါပေါ့။ လူချင်း လဲလှယ်တာလေ။ ငါနဲ့ မင်းသားကျင်းနဲ့ လဲမယ်။ မင်း ငါ့ကို ပြန်လွှတ်ပေး။ စေတီတောင်က မင်းသားကျင်းကို ပြန်လွှတ်ပေးမယ်။”

“ဪ...”

ရှမ့်လန်က အထူးပြုလုပ်ထားသော အိပ်မက်ဆိုးကျောက်တုံး ကိရိယာတစ်ခုကို ထုတ်ပြီး အကြီးအကဲဝူ ၏ ခေါင်းပေါ်သို့ တပ်ဆင်လိုက်၏။

အကြီးအကဲဝူ တုန်လှုပ်သွားသည်။ “မင်း... မင်း ဘာလုပ်မလို့လဲ။”

“ဘာမှ မဟုတ်ပါဘူး။ ဘာမှ မဟုတ်ပါဘူး။ အကြီးအကဲဝူ... ခင်ဗျားရဲ့ သိုင်းပညာက တကယ် ကောင်းလွန်းတယ်။ ကျုပ်ဘက်မှာ ချောင်ယောင်းအာက အတော်ဆုံး ဆိုပေမဲ့ ခင်ဗျားက ယှဉ်လို့ရတယ်။ ကျုပ်က လူတော်တွေကို သိပ်လိုချင်နေတာ။ ဘက်ပြောင်းပြီး ကျုပ်ဆီမှာ သစ္စာခံဖို့ စဉ်းစားဖူးလား။”

အကြီးအကဲဝူ ကြားလိုက်ရချိန်မှာတော့ ကြောင်အသွားသည်။ ရှမ့်လန် ရူးသွားပြီလား။ သူ့ကိုယ်သူ မည်သူဟု ထင်နေသနည်း။ မနက်ဖြန်ဆိုတာ မသေချာတဲ့ ..... တစ်နေ့ကျရင် ပျက်စီးသွားနိုင်တဲ့ ကစားစရာတစ်ခုကများ စေတီတောင်၏ ဂုဏ်သရေရှိ အကြီးအကဲတစ်ယောက်ကို အညံ့ခံခိုင်းနေသည်လား။ ဦးနှောက် ပျက်သွားပြီလား။

ရှမ့်လန်က ဆက်ပြော၏။ “အကြီးအကဲဝူ... နာကျည်းမှုက ခင်ဗျားတို့လက်ထဲ ရောက်ပြီး ဗီဇပြောင်းသွားတယ်။ သိုင်းပညာ အစွမ်းထက်လာပေမဲ့ အသိစိတ် လွတ်သွားတယ်။ တိုက်ခိုက်ရေး မိစ္ဆာကောင်၊ အစွမ်းထက်တဲ့ လမ်းလျှောက် အလောင်းကောင် ဖြစ်သွားတယ်။ ကျုပ် တကယ် ဝမ်းနည်းမိပါတယ်။

ဒါပေမဲ့ စေတီတောင်ရဲ့ အဲဒီနည်းပညာကို ကျုပ် သိပ်လိုချင်တယ်။ ပြီးတော့ ခင်ဗျားရဲ့ မြင့်မားတဲ့ သိုင်းပညာကို အလဟဿ မဖြစ်စေချင်ဘူး။ အခု ခင်ဗျားကို စမ်းသပ်မှု အနည်းငယ် လုပ်ပါရစေ။ ရှမ့်လန်ဆိုတဲ့ ကျုပ်က ခင်ဗျားကို အစွမ်းထက်တဲ့ လမ်းလျှောက် အလောင်းကောင်အဖြစ် ယဉ်ပါးလာအောင် လုပ်ချင်တယ်။ အသိစိတ် လုံးဝမရှိတော့ဘဲ အမိန့်ကို တသဝေမတိမ်း နာခံတဲ့ တိုက်ခိုက်ရေး မိစ္ဆာကောင်ကြီး ဖြစ်အောင် လုပ်ချင်တယ်။ ခင်ဗျား စိတ်မရှိပါဘူးနော်။”

အကြီးအကဲဝူ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ ရှမ့်လန်တွင် ဤသို့သော အကြံအစည် ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ သူသည် စေတီတောင်၏ အကြီးအကဲ၊ အဆင့်အတန်း မြင့်မားပြီး အာဏာရှိသူ တစ်ဦး ဖြစ်သည်။

“ရှမ့်လန်... မင်း လုပ်ရဲတယ်။ မင်း လုပ်ရဲတယ်။ အား... အား... အား...” အကြီးအကဲဝူက သနားစဖွယ် အော်ဟစ်လိုက်၏။ သို့သော်ငြား တခဏချင်းမှာပဲ သူ လုံးဝမေ့လဲသွား၏။

ရှမ့်လန် တီထွင်ထားသော အထူးအိပ်မက်ဆိုးကျောက်တုံး ကိရိယာကြောင့် ဖြစ်သည်။ အပ်အချို့က ဦးနှောက်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး ကြောက်မက်ဖွယ်ရာ လျှပ်စစ်စီးကြောင်းများ လွှတ်ထုတ်ကာ ဦးနှောက်ကို တိုက်ခိုက်သည်။ ဤအရာက အမိကမ္ဘာမြေမှ အထူးလျှပ်စစ်ရှော့ခ် ကဲ့သို့ ဖြစ်ပေလိမ့်မည်။

အကြီးအကဲဝူ လုံးဝမေ့လဲသွားပြီး နှာခေါင်းမှ သွေးများ စီးကျလာသည်ကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန် ကြောင်သွားသည်။

“ကျုပ်... ကျုပ် အားသုံးတာ များသွားတာလား။ သူ မသေပါစေနဲ့။”

စေတီတောင်၏ ကိရိယာမှာ အလွန်ခေတ်မီသည်။ ဦးနှောက်၏မှတ်ဉာဏ်နှင့် စိတ်ကို ဖျက်ဆီးပြီး တုံ့ပြန်မှု သက်သက်သာ ရှိသော လမ်းလျှောက်အလောင်းကောင်အဖြစ် ပြောင်းလဲပေးနိုင်သည့် စွမ်းအင်ဝဲကတော့ အတုပင်။

ထို့ကြောင့် ရှမ့်လန်ကလည်း ဤစီမံကိန်းကို စတင်ချင်သည်။ သူက အကြိမ်တိုင်း သိုင်းပညာရှင် အများအပြားကို ဖမ်းဆီးရမိသော်လည်း ထိုသူတို့က တကယ်တမ်း လက်နက်မချကြပေ။ ထို့ကြောင့် ထိုသူတို့ကို လမ်းလျှောက် အလောင်းကောင်စစ်သည်များ အဖြစ် ပြောင်းလဲလိုက်ခြင်းက ပိုမကောင်း ပေဘူးလား။

သို့သော်ငြား ပထမဆုံး စမ်းသပ်မှုက မအောင်မြင်သလို ဖြစ်သွားပုံပင်။။ လျှပ်စစ်စီးကြောင်း များသွားသည်။

ကျန်းချွင်းဟွာက အကြံပြု၏။ “ယောက်ျား ..... နည်းနည်း စောနေသလား။ သူ့လက်မောင်းတွေ လုံးဝ ပြန်ကောင်းတဲ့အထိ စောင့်ပြီးမှ စမ်းသပ်ကြမလား။ ဒီလိုပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် သေသွားရင် နှမြောစရာကြီး။”

… …

အကြီးအကဲဝူနှင့်ယှဉ်လျှင် ရင်ဝူချယ်က ကံမကောင်းရှာပေ။ တကိုယ်လုံး မီးလောင်ထားပြီး ရက်အနည်းငယ် ကြာမှ သတိရလာသည်။ သို့သော်ငြား သတိရလာချိန်တွင် နာကျင်မှု မခံစားရဘဲ တကိုယ်လုံး သက်တောင့်သက်သာ ရှိနေသလို ခံစားရသည်။

ရှမ့်လန်ကိုယ်တိုင် သူ့ကို ကုသပေးထားခြင်း ဖြစ်သည်။ မီးလောင်နာပျောက်ဆေးများ လိမ်းပေးထားပြီး အထူး ပြုလုပ်ထားသော နို့တစ်မျိုး တိုက်ကျွေးထားသောကြောင့် သောက်ပြီးနောက် နာကျင်မှုများ ပျောက်ကွယ် နေခြင်း ဖြစ်၏။

“ရှမ့်လန်... မင်း ရက်စက်တယ်။ ရက်စက်တယ်။”

ရင်ဝူချယ်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ငါ မမှားဘူးဆိုရင် မင်းသားကျင်းနဲ့ တခြားလူတွေ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲမှာ ရှိနေတုန်းပဲ မဟုတ်လား။ ပြီးတော့ မင်းကို ပြောပြရအုံးမယ်။ မင်းဆရာ ဝူတူကျိ က ငါတို့လက်ထဲမှာ ရှိနေသေးတယ်။ သူက သုံ့ပန်းပဲ။

မင်းက ဉာဏ်ကောင်းတဲ့သူပဲ... ငါ့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မင်း ငါ့အပေါ် တစ်ခုခုလုပ်ရင် ဝူတူကျိနဲ့ နာကျည်းမှုတို့ ဆယ်ဆ၊ အဆတစ်ရာ ပြန်ပေးဆပ်ရလိမ့်မယ်။”

ရှမ့်လန်က ဖြည်းညင်းစွာ ပြန်ပြောလိုက်၏။ “ရင်ဝူချယ်... ကျုပ် ခင်ဗျားလက်ထဲမှာ လနဲ့ချီ နေခဲ့ဖူးတယ်။ အမှန်အတိုင်း ပြောရရင် ခင်ဗျား ကျုပ်အပေါ် ကောင်းပါတယ်။ အနည်းဆုံးတော့ ကျုပ်ရဲ့ ဆံခြည်တစ်မျှင်တောင် မထိခိုက်ခဲ့ဘူး။ ခင်ဗျား ကျုပ်လက်ချောင်းကို ဖြတ်ချင်ခဲ့ပေမဲ့ နောက်ဆုံးတော့ မဖြတ်ခဲ့ပါဘူး။ အစ်ကိုကြီး ရင်ဝူချယ်.. အဲဒီအတွက် ကျုပ် ခင်ဗျားကို အကြွေးတင်နေပါတယ်။”

“မင်းက ဉာဏ်ကောင်းပါတယ်။ သိပ်ဉာဏ်ကောင်းပါတယ်။ အခု မင်း ငါ့အဖေဆီ လူလွှတ်ပြီး ညှိနှိုင်းလို့ ရတယ်။ ဓားစာခံ လဲလှယ်လို့ ရတယ်။ မင်း ငါ့ကို သုံးပြီး ဝူတူကျိ၊ နာကျည်းမှု၊ ဒါမှမဟုတ် မင်းသားကျင်းနဲ့ လဲလှယ်လို့ ရတယ်။”

“သုံးယောက်စလုံးနဲ့ လဲလို့ မရဘူးလား။”

“ရှမ့်လန်... အချောင်လိုချင်မနေနဲ့။ မင်းဆီမှာ မသုံးရသေးတဲ့ နဂါးနောင်တ ရှိနေသေးတာ မှန်ပါတယ်။ ဒါကြောင့် ငါတို့က မင်းရဲ့ နုရှောင့်မြို့ကို ထပ်မတိုက်တော့ဘူး။ ဒါပေမဲ့ ငါတို့က ဝူ၊ ချောင်၊ ရွှဲ့ နိုင်ငံတွေကို တိုက်ခိုက်လို့ ရတယ်။

မင်းမှာ တားဆီးနိုင်တဲ့ နည်းလမ်း ရှိလို့လား။ ငါတို့ သူတို့ကို လွယ်လွယ်လေး ချေမှုန်းပစ်နိုင်တယ်။ ဒါကြောင့် မင်း အခု ငါ့အဖေနဲ့ ညှိနှိုင်းရင် ဝူတူကျိကို ပြန်ရနိုင်ကောင်း ရနိုင်တယ်။ ဒါမှမဟုတ်ရင် ချန်နိုင်ငံသစ်က စစ်တပ် စုဆောင်းပြီး ဝူ၊ ချောင်၊ ရွှဲ့ နိုင်ငံတွေကို ချေမှုန်းတဲ့အခါ မင်းမှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”

“ရင်ဝူချယ်.. ခင်ဗျားတို့ရဲ့ နဂါးနောင်တ နှစ်ခုကို ကျုပ် ခိုးယူပြီးနောက် ခင်ဗျား ကျုပ်လက်ချောင်းကို ဖြတ်ပစ်ချင်ခဲ့တယ်။ နောက်ဆုံး မဖြတ်ဖြစ်ခဲ့ပေမဲ့ ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်ခဲ့တယ်။ ကျုပ်ရဲ့ စိတ်နှလုံးသားကို ကြီးကြီးမားမား ဒဏ်ရာရစေခဲ့တယ်။ ကျုပ်က သိပ်ကို သဘောထားသေးသိမ်တဲ့ လူဆိုတာ ခင်ဗျား သိပါတယ်။ ဒါကြောင့် မဆွေးနွေးခင်မှာ ကျုပ်က လက်စားချေရအုံးမယ်။ လက်စားမချေရရင် ကျုပ် လုံးဝ ကျေနပ်မှာ မဟုတ်ဘူး။”

ထို့နောက် ရှမ့်လန်က လက်ဝှေ့ယမ်းလိုက်ရာ လူတစ်ယောက် ရောက်လာပြီး ရင်ဝူချယ်ကို တွဲထူပေးကာ ထိုင်ခိုင်းသည်။ ထို့နောက် သူ၏ ကောင်းမွန်နေသေးသော ညာဘက်လက်ကို စားပွဲပေါ် တင်လိုက်သည်။

“ရှမ့်လန်... မင်း ဘာလုပ်မလို့လဲ။ မင်း ဘာလုပ်မလို့လဲ။” ရင်ဝူချယ်က တုန်ယင်သော အသံဖြင့် မေးလိုက်၏။

ရှမ့်လန်က အလွန်ထက်မြက်သော မီးဖိုချောင်သုံး ဓားမကြီးတစ်ချောင်းကို ထုတ်ပြီး ရင်ဝူချယ်၏ လက်ဖဝါးပေါ် တင်လိုက်သည်။ သူက ဖြည်းညင်းစွာ ပြောသည်။

“ရင်ဝူချယ်.... အဲဒီတုန်းက ခင်ဗျား ကျုပ်ကို ဒီလိုခြိမ်းခြောက်ခဲ့တာ မဟုတ်လား။”

“ရှမ့်လန်... ရူးမနေနဲ့။ ဝူတူကျိ ငါတို့လက်ထဲမှာ ရှိနေသေးတာ မမေ့နဲ့။ ဝူ၊ ချောင်၊ ရွှဲ့ နိုင်ငံတွေကို ငါတို့ အချိန်မရွေး ချေမှုန်းပစ်နိုင်တယ်။ မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲရင် ငါ့အဖေက... အား... အား...”

သူ ခြိမ်းခြောက်၍ မပြီးခင်မှာပဲ ရှမ့်လန်က ခုတ်ချလိုက်ရာ ရင်ဝူချယ်၏ ညာဘက်လက် ပြတ်ထွက်သွား တော့သည်။ တကယ်တမ်းတွင် ရင်ဝူချယ် သိပ်မနာကျင်လှပေ။ သို့သော်ငြား သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်များကို ကြည့်ပြီး ထိတ်လန့်လွန်းသောကြောင့် စူးရှစွာ အော်ဟစ်လိုက်မိခြင်း ဖြစ်၏။

“ကျုပ် ခင်ဗျားကို တစ်ခု ပြောပြမယ်။ ရင်ဝူချယ်.. သိပ်ပြီး တွန့်ဆုတ်မနေနဲ့။ လုပ်ချင်ရင် လုပ်လိုက်။ သတိကြီးမနေနဲ့။ အဲဒီတုန်းက ခင်ဗျားရဲ့ ပုံစံကို ပြန်စဉ်းစားကြည့်ပါအုံး။ ကျုပ်လက်ကို ဖြတ်ချင်နေတာ စိတ်မနည်းထိန်းထားရတဲ့ ပုံစံမျိုးလေ။ ဒါပေမဲ့ မဖြတ်နိုင်ဘူး။ ကျုပ်က သတ်ဖြတ်ရာမှာ ပြတ်သားတယ်၊ ခင်ဗျားကို တကယ် လက်ပြတ် ဖြစ်အောင် လုပ်ပစ်လိုက်တယ်။”

“ရှမ့်လန်... မင်း သွားပြီ။ မင်း သွားပြီ။ မင်းဆရာ ဝူတူကျိ သေချာပေါက် ငရဲလို နှိပ်စက်ခံရတော့မယ်။ သူ သေချင်ဇော ပေါက်သွားစေရမယ်။ အား... အား...”

ထို့နောက် သူ ထပ်မံအော်ဟစ်လိုက်ပြန်သည်။ ရှမ့်လန်၏ ဓားမကြီးက သူ့ပေါင်ကြားထဲသို့ စိုက်ဝင်သွားပြီ ဖြစ်သောကြောင့်ပင်။ သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်း မရှိ။ ရင်ဝူချယ် သင်းကွပ်ခံလိုက်ရပြီ ဖြစ်သည်။

“ကျုပ်မှာ နောက်ထပ် နာမည်ပြောင်တစ်ခု ရှိတာ မကြားဖူးဘူးလား။ စိတ္တဇဂွေးဖြတ်သမားတဲ့လေ။”

ရင်ဝူချယ်၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ သူ တကယ် သင်းကွပ်ခံလိုက်ရပြီ။ သူ့ဘဝကြီး ပြီးဆုံးသွားပြီ။ သူ မိန်းမစိုး ဖြစ်သွားပြီ။ ဒီလိုပုံစံနဲ့ အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။

“အရူး... အရူး... ရှမ့်လန် မင်းက အရူးပဲ။” ရင်ဝူချယ်က ညည်းညူလိုက်သည်။

“အစ်ကို ဝူချယ်... ခင်ဗျား... ကျုပ်ကို ဆဲဖို့ သေချာပြီလား။ ကျုပ်ကို တကယ် ဒေါသထွက်အောင် လုပ်ချင်တာလား။”

ရင်ဝူချယ်က ဆဲချင်သည်။ ရှမ့်လန်၏ ဆွေစဉ်မျိုးဆက်ကို ဆဲချင်သည်။ ခြိမ်းခြောက်မှု အမျိုးမျိုး လုပ်ပြီး အဆိပ်ပြင်းဆုံး လေသံဖြင့် တိုက်ခိုက်ချင်၏။

သို့သော်ငြား သူ တကယ် မလုပ်ရဲပေ။ ရှမ့်လန်က အရူး၊ လုံးဝ အရူးတစ်ယောက်။ အရူးနှင့်ယှဉ်ပြီး အကျိုးအကြောင်း ပြော၍မရချေ။ နောက်တစ်စက္ကန့်တွင် ဓားမကြီးက သူ့လည်ပင်းကို ခုတ်ချမည်လား ဘယ်သူသိမည်နည်း။

ထင်ထားသည့်အတိုင်းပင်။ ရှမ့်လန်က ဓားမကြီးကို ရင်ဝူချယ်၏ လည်ပင်းပေါ် တင်လိုက်ပြီး ဖြည်းညင်းစွာ ပြော၏။

“ရင်ဝူချယ်... ကျုပ် မှတ်မိပြီ။ ခင်ဗျား ကျုပ်လည်ပင်းပေါ် ဓားတင်ပြီး ခြိမ်းခြောက်ဖူးတယ် မဟုတ်လား။ တစ်ကြိမ်လား၊ နှစ်ကြိမ်လား။ ပြီးတော့ ခင်ဗျား ကျုပ်နောက်စေ့ကို ရိုက်ပြီး မေ့လဲအောင် လုပ်ဖူးတယ်။ တခါတလေ တစ်ရက်တည်း နှစ်ကြိမ်တောင် ရိုက်ဖူးတယ်။”

ရင်ဝူချယ် မျက်နှာရှုံ့မဲ့ကာ အံကြိတ်ထားလိုက်သည်။

“အသက်ရှင်ချင်လား။”

ရင်ဝူချယ် အသည်းအသန် ခေါင်းညိတ်ပြ၏။

“ပြောလေ... အသက်ရှင်ချင်ရင် ပြော။ ခေါင်းညိတ်တာက ဘာအဓိပ္ပာယ်လဲ ဘယ်သူသိမှာလဲ။ သေချင်တယ်လို့ ပြောတာ ဖြစ်ချင် ဖြစ်နေမှာ။”

“ငါ အသက်ရှင်ချင်တယ်။ ငါ အသက်ရှင်ချင်တယ်။”

“ဒါဆိုရင် တောင်းပန်လေ။ ကျုပ်ကို တောင်းပန်ရင် အသက်ချမ်းသာပေးမယ်။”

ရင်ဝူချယ် အံကြိတ်လိုက်သည်။ သူ ထပ်ပြီး ဆဲချင်သေးသည်။

သို့သော်ငြား လည်ပင်းပေါ်ရှိ ထက်မြက်သော ဓားမကြီးက ရှမ့်လန်သည် အရူးဖြစ်ကြောင်း သတိပေးနေသည်။ သူသာ ထပ်ဆဲရဲလျှင် ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားပေလိမ့်မည်။

“ရှမ့်လန်... ငါ... ငါ မင်းကို တောင်းပန်ပါတယ်။ ငါ့ကို မသတ်ပါနဲ့။ မသတ်ပါနဲ့။”

“ခင်ဗျား မှားပါတယ်လို့ ပြောလေ။”

“ငါ မှားပါတယ်။ ငါ မှားပါတယ်။”

“ဒါက ရိုးသားမှု မရှိသေးဘူး။ ဒူးထောက်ပြီး ဦးတိုက်မလား။ ငိုပြီး မှားပါတယ်လို့ ပြော။ ပြီးတော့ မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးပါ၊ မသတ်ပါနဲ့လို့ တောင်းပန်လေ။”

All Chapters