အခန်း (၁၀၉၅-၁၀၉၆)
Vol. 64 Ch. 1095-1096
အပိုင်း (၁၀၉၅)
ရှမ့်လန်က မေးလိုက်သည်။ “တော်ဝင်ရန်မြို့တော်က ဘာလိုချင်တာလဲ။ ပြောပါ။ ဒါပေမဲ့ မဖြစ်နိုင်တာတွေကိုတော့ ထည့်မပြောနဲ။ ကျုပ်က အရမ်းကပ်စေးနည်းတဲ့လူလို့ ခင်ဗျားပဲ ပြောခဲ့တယ်မလား။ ပြီးတော့ ကျုပ်က အရမ်း မာနကြီးတယ်။”
မင်းသားလျန်က ပြော၏။ “ကျုပ်တို့ လိုချင်တာက ရိုးရှင်းပါတယ်။ အရှင်ရှမ့်လန် အနေနဲ့ ကျုပ်တို့အတွက် သေတ္တာတစ်လုံး ဖွင့်ပေးဖို့ပါပဲ။”
သေတ္တာဖွင့်ပေးရမည် ဟုတ်လား။ ကြီးမားသော တန်ဖိုးဆိုသည်မှာ သေတ္တာဖွင့်ပေးခြင်း ဖြစ်နေသည်။ ရှမ့်လန် လုံးဝ ထင်မှတ်မထားခဲ့ပေ။
‘ဘယ်လို သေတ္တာမျိုးလဲ။ ဘာလို့ အဲဒီလောက် အရေးကြီးနေရတာလဲ။ အထဲမှာ ဘာရှိလို့လဲ။ ဘာလို့ တော်ဝင်ရန်မြို့တော်က သူနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အလျော့ပေးနေရတာလဲ။’
ရှမ့်လန်က အံ့အားသင့်စွာ မေးလိုက်သည်။ “တော်ဝင်ရန်မြို့တော်မှာ သွေးမျိုးဆက် လုပ်ပိုင်ခွင့် မြင့်မားတဲ့လူတွေ ရှိတာပဲ။ ဘယ်လို သေတ္တာမျိုးမို့လို့ ဖွင့်မရတာလဲ။ ဘာလို့ ကျုပ်ကို လိုအပ်ရတာလဲ။”
မင်းသားလျန်က ရှင်းပြ၏။ “သွေးမျိုးဆက် လုပ်ပိုင်ခွင့် မြင့်မားတဲ့သူတွေတောင် မဖွင့်နိုင်တဲ့ သေတ္တာတချို့ ရှိတတ်ပါတယ်။ ဥပမာ - တောင်ပင်လယ်ထဲ ကျောက်မဲကျွန်းပေါ်က ရှေးဟောင်းအပျက်အစီး ဝင်ပေါက်မျိုးပေါ့။ လောကကြီးက အင်အားစုအားလုံး အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ဖွင့်လို့ မရခဲ့ဘူး။ အရှင်ရှမ့်လန်ကသာ အရောင်လေးမျိုး သီအိုရီကို အသုံးပြုပြီး စေတီတောင်ကို ရှေးဟောင်းအပျက်အစီး တံခါး ဖွင့်ပေးနိုင်ခဲ့တယ်။ အဲဒါကြောင့် လောကကြီး အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။”
“ဒီသေတ္တာက အရမ်း အရေးကြီးလို့လား။ တော်ဝင်ရန်နိုင်ငံရဲ့ အသက်သွေးကြောလား။”
“မှတ်ချက် မပေးချင်ဘူး။ ဒါက အရှင်ရှမ့်လန်နဲ့ မဆိုင်ဘူးလို့ ကျုပ် ထင်တယ်။ ကျုပ်တို့က ကြီးမားတဲ့ ရိုးသားမှုကို ပြသပြီး လာခဲ့တာပါ။ အလုပ် အရင်လုပ်ပြီးမှ ပိုက်ဆံရှင်းတဲ့ စနစ်နဲ့တောင် လုပ်ပေးလို့ ရပါတယ်။ ခင်ဗျား ပိုက်ဆံမရှင်းမှာကိုတော့ ကျုပ်တို့ မပူပါဘူး။ ဒီလောကမှာ ဘယ်သူမှ တော်ဝင်ရန်မြို့တော်အပေါ် အကြွေးတင်ပြီးရင် ပြန်မဆပ်ဘဲ မနေနိုင်ဘူးလေ။”
“ကျုပ် အဲဒါကို အခိုင်အမာ ယုံကြည်ပါတယ်။”
“အရှင်ရှမ့်လန်..... ဒီအချက်ကို သဘောတူလား။ ဒီအတွက် ခင်ဗျားဘက်က ဘာတန်ဖိုးမှ ပေးဆပ်စရာ မလိုပါဘူး။”
ရှမ့်လန်က လက်ဖက်ရည် တစ်ခွက် ငှဲ့ပြီး သေသေချာချာ စဉ်းစားနေသည်။ လက်ဖက်ရည် ကုန်သွားချိန်မှာတော့ ပြုံးပြီး ပြောလိုက်သည်။ “သေတ္တာဖွင့်ရုံ သက်သက်ပဲ မဟုတ်လား။ ကျုပ်က တစ်စုံတစ်ခုကို ဖွင့်ရတာ အကြိုက်ဆုံးပဲ။ ကျုပ် သဘောတူတယ်။ သေချာပေါက် သဘောတူတယ်။”
“ကောင်းပြီ။ သဘောတူညီချက် ရပြီ။”
“ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ခင်ဗျားတို့ နဂါးနောင်တ နှစ်ခုကို ပစ်လွှတ်ပေးရမယ်။ ပထမတစ်ခုက စေတီတောင် ဌာနချုပ်ဆီ ပစ်မှတ်ထားရမယ်။ ဒုတိယတစ်ခုကိုတော့ ကျင်းကန်တောင် ခြေရင်းဆီ ပစ်မှတ်ထားပြီး အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု လုပ်ရမယ်။”
မင်းသားလျန်က ပြန်ပြော၏။ “ဒီတိုက်ခိုက်မှု နှစ်ခု ပြီးတာနဲ့ သေတ္တာကို ခင်ဗျားဆီ ပို့ပေးမယ်။ ဆိုလိုတာက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာပေါ့။ ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသဖို့ ကျုပ်က နုရှောင့်မြို့မှာ ဓားစာခံ အဖြစ် နေရစ်ခဲ့ပါ့မယ်။”
“သဘောတူတယ်။ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်။”
မင်းသားလျန် မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ “ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်။”
“ဒီဇင်ဘာလ ၂၉ ရက်နေ့... အံ့ဖွယ်ကိစ္စကို မျက်ဝါးထင်ထင် တွေ့မြင်ရမယ့် အချိန်ပေါ့။”
“စောင့်ကြည့်ကြတာပေါ့။”
သူတို့နှစ်ဦး မတ်တတ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ယုတ်မာသော ကိစ္စရပ်ကြီးက တရားဝင် သဘောတူညီချက် ရရှိခဲ့၏။
................
ထို့နောက် မင်းသားလျန်သည် နုရှောင့်မြို့တွင် ဓားစာခံ အဖြစ် ဆက်လက် နေထိုင်ခဲ့သည်။ သူသည် အနေအထိုင် အလွန်ဆင်ခြင်ပြီး ဆော့ရွမ်းနှင့် ကျန်းချွင်းဟွာ အပါအဝင် မည်သူနှင့်မှ တွေ့ဆုံခြင်း မရှိပေ။
ရှမ့်လန်သည် နဂါးအမြုတေကို ဆက်လက်လေ့လာနေသည်။ ထိုအရာသည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီ ဖြစ်သောကြောင့် ပြန်လည် ဖြုတ်ယူ၍ မရတော့ပေ။ ခံစားကြည့်ရုံသာ တတ်နိုင်သည်။ သို့သော်ငြား ထိုအရာက အချစ်နှင့် တူနေသည်။ ခံစား၍ရသော်လည်း ဖော်ပြ၍ မရနိုင်ပေ။ ရှမ့်လန် မည်မျှ ကြိုးစားစေကာမူ နဂါးအမြုတေ၏ စွမ်းအားကို အသုံးမပြုနိုင်သေးချေ။
ရက်အနည်းငယ် ကြာသွားသော်လည်း မည်သည့် ထူးခြားမှုမှ မရှိသေးပေ။ ထို့ကြောင့် ရှမ့်လန်သည် တွေးခေါ်မှုပုံစံကို ပြောင်းလဲလိုက်သည်။ ရှေးဟောင်းဘုရင်၏ ကျမ်းစာလိပ်ကို နောက်တစ်ကြိမ် လေ့လာသည်။ မည်သို့ပင်ဆိုစကာမူ ထိုအရာကို AI စနစ်ထဲတွင် သိမ်းဆည်းထားပြီး စာမျက်နှာ ငါးသောင်းကျော် ရှိသည်။
သို့သော်ငြား ဤအရာသည် သာမန်ရှေးဟောင်းကျမ်းစာအုပ် မဟုတ်ဘဲ ရှေးဟောင်းကျမ်းစာနှင့် တူနေပြီး အလွန်နက်နဲခက်ခဲသည်။ ထို့ကြောင့် ရှမ့်လန် ဘာမှ မသိရသေးပေ။
အဒေါ့ဖ် ပိုင်ဆိုင်သော ရှေးဟောင်းကိရိယာ၏ အကြီးမားဆုံး လုပ်ဆောင်ချက်မှာ နေရာရွှေ့ပြောင်းနိုင်ခြင်း ဖြစ်သည်။ ရှမ့်လန်၏ နဂါးအမြုတေမှာ အလွန်စွမ်းအားကြီးမားသောကြောင့် ပိုမိုအဆင့်မြင့်သော လုပ်ဆောင်ချက်များ ရှိသင့်သည်။
...........
နောက်တစ်နေ့မှာတော့ ရှမ့်လန်သည် လျှို့ဝှက်လေ့ကျင့်ရေးကွင်း တစ်ခုသို့ ရောက်လာသည်။ ဤနေရာကို ရှင်းလင်းထားပြီး လူသုံးဦးသာ ရှိသည်။ ချောင်ယောင်းအာသည် ရှမ့်လန်၏ အနောက်တွင် ရပ်နေပြီး ဟီလာသည် သူ၏ ရှေ့တွင် ရပ်နေ၏။
“မောင်လေး... တကယ် စမ်းချင်တာ သေချာလား။” ဟီလာက မေးသည်။
“ဟုတ်တယ်။”
ဟီလာသည် ရှေးဟောင်းလေးတစ်စင်းကို ကောက်ကိုင်လိုက်ပြီး ရှေးဟောင်းမြားတံကို တပ်ဆင်ကာ ရှမ့်လန်ဆီသို့ ပစ်လွှတ်လိုက်၏။
“ရွှမ်း...”
မီတာ အနည်းငယ် ပျံသန်းပြီးနောက် ရှေးဟောင်းမြားတံသည် ရုတ်တရက် အရှိန်မြင့်တက်သွားပြီး နောက်တွင် မီးတန်းတစ်ခု ကျန်ရစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း မြား၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၄၀၀ အထိ ရောက်ရှိသွားပြီး ရှမ့်လန်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာသည်။
ထိုခဏ၌ ရှမ့်လန်၏ စိတ်စွမ်းအင်များသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ့တစ်ကိုယ်လုံးသည် နဂါးအမြုတေ၊ ရှေးဟောင်းဘုရင် လက်စွပ်တို့နှင့် ပေါင်းစပ်သကဲ့သို့ ဖြစ်သွား၏။
“ရပ်စမ်း။”
ရှမ့်လန် လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် အံ့ဖွယ်ရာတစ်ခု ဖြစ်ပေါ်လာသည်။
ရှမ့်လန်အနားသို့ ရောက်လုနီးပါး ဖြစ်နေသော ရှေးဟောင်းမြားတံသည် လေထဲတွင် ရပ်တန့်သွား၏။
“ကျစမ်း။” လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းမြားတံသည် မြေပြင်ပေါ်သို့ ကျသွားသည်။
ချောင်ယောင်းအာနှင့် ဟီလာတို့ နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။ နဂါးအမြုတေက ဤမျှ စွမ်းအားကြီး လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ရှေးဟောင်းမြားတံများကို လေထဲတွင် ရပ်တန့်စေနိုင်ပြီး အာနိသင်မဲ့သွားအောင်ပင် လုပ်ဆောင်နိုင်သည်လား။
“နောက်တစ်ခါ ဒီတစ်ခါ ရှေးဟောင်းဒူးလေးကို သုံးမယ်။”
ရှေးဟောင်းဒူးလေးသည် ဆက်တိုက် ပစ်ခတ်နိုင်သောကြောင့် ရှေးဟောင်းလေးထက် များစွာ ပိုမို အားကောင်း၏။
ဟီလာသည် ရှေးဟောင်းဒူးလေးကို ကောက်ကိုင်ပြီး မြားတို တစ်ဒါဇင်ခန့် ထည့်ကာ ရှမ့်လန်ကို ချိန်ရွယ် လိုက်သည်။ ထို့နောက် အိပ်မက်ဆိုးကျောက်တုံး ခလုတ်ကို နှိပ်လိုက်သည်။
“ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”
ရှေးဟောင်းဒူးလေးများ ပစ်ခတ်လိုက်သော အရှိန်သည် စက်သေနတ် ပစ်ခတ်သကဲ့သို့ပင်။ တစ်စက္ကန့်ကျော် ကာလအတွင်းမှာပဲ မြားတို တစ်ဒါဇင်ကျော် ထွက်ပေါ်လာပြီး ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ သာမန် အခြေအနေမျိုးတွင်ဆိုလျှင် ရှမ့်လန်သည် မြားဖြင့်ပစ်သတ်ခံရပြီး ဖြူကောင်တစ်ကောင်လို ဖြစ်သွား လောက်၏။
သို့သော်ငြား ရှမ့်လန်သည် ဤတစ်ကြိမ်တွင် အားအများကြီး မသုံးလိုက်ပေ။ သူသည် လက်ဝါးကို ဆန့်ထုတ် လိုက်ဆဲဖြစ်ပြီး၊ စိတ်အာရုံတစ်ခုကို အသက်သွင်းလိုက်ချိန်မှာတော့ စွမ်းအားကြီးမားပြီး ဆန်းကြယ်သော အင်အားတစ်ခုသည် နဂါးအမြုတေ ကိရိယာမှ ထွက်ပေါ်လာသည်။
“ရပ်စမ်း။”
ရှေးဟောင်းဒူးလေးမြား တစ်ဒါဇင်ကျော်သည် လေထဲတွင် လုံးဝ ရပ်တန့်သွားကြသည်။ ထို့နောက် ရှမ့်လန် လက်ဝှေ့ယမ်းလိုက်သည်နှင့် အားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။
“တတိယ စမ်းသပ်မှု...”
တတိယအကြိမ်တွင် ဟီလာသည် သာမန်လေးတစ်စင်းကို ထုတ်ယူပြီး ရှမ့်လန်ကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။
“ရွှမ်း...”
ရှမ့်လန်သည် နဂါးအမြုတေမှ စွမ်းအားကို ထပ်မံ စုစည်းပြီး လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်၏။ “ရပ်စမ်း။”
သို့သော်ငြား မအောင်မြင်ပေ။ မြားတံသည် ဆက်လက် ပျံသန်းလာပြီး ရှမ့်လန်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းတော့မည့်ဆဲဆဲ ဖြစ်သွားသည်။ ချောင်ယောင်းအာ၏ လက်သည် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာပြီး မြားတံကို ဖမ်းဆုပ်လိုက်သည်။
“အခု သက်သေပြလို့ ရပြီ။ ဒီနဂါးအမြုတေက ရှေးဟောင်းဘုရင် လက်စွပ်နဲ့ ပေါင်းစပ်လိုက်ရင် ရှေးဟောင်းယဉ်ကျေးမှုဆီက တိုက်ခိုက်မှု အားလုံးကို ဖြေရှင်းနိုင်တယ်။ ရှေးဟောင်းလက်နက်တွေကို လေထဲမှာ ရပ်တန့်စေနိုင်တယ်။ ပိုတိကျအောင် ပြောရရင် အိပ်မက်ဆိုးကျောက်တုံးပါတဲ့ ဘယ်လက်နက်ကို မဆို ရပ်တန့်စေနိုင်တယ်။” ချောင်ယောင်းအာက သုံးသပ်ပြသည်။
“လေထဲမှာ ရပ်တန့်စေပြီးတော့ အောက်ကို ကျစေနိုင်တယ်။”
ဟီလာက ဖြည့်စွက်ကာ ပြော၏။ “ရှေးဟောင်းမြားတံတွေကို တားဆီးနိုင်ရင် နဂါးနောင်တလိုမျိုး ပိုစွမ်းအားကြီးတဲ့ ရှေးဟောင်းလက်နက်တွေကိုရော တားဆီးနိုင်မလား။”
ဤအတွေးက အမှန်ပင် လူကို သွေးဆူစေသည်။
နဂါးနောင်တကို တားဆီးခြင်း...။ နဂါးနောင်တကို တားဆီးရန် မဖြစ်နိုင်ကြောင်း လူတိုင်း သိကြသည်။ အခြေခံအားဖြင့် ထိုအရာကို တားဆီးနိုင်သည့် တစ်ခုတည်းသောအရာမှာ နဂါးနောင်တ ကိုယ်တိုင်သာ ဖြစ်ပြီး၊ လမ်းခုလတ်၌ ဖြတ်၍ တားဆီးခြင်း ဖြစ်သည်။ အဆုံးသတ်တွင် တားဆီးခြင်းမှာ အဓိပ္ပာယ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ပေါက်ကွဲပြီးသား ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြား ရှမ့်လန်၏ ဤနဂါးအမြုတေကသာ တားဆီးနိုင်ခဲ့လျှင် တကယ်ကို အံ့မခန်း ဖြစ်ပေလိမ့်မည်။ ဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှုကို တားဆီးနိုင်ရုံသာမက နဂါးနောင်တ တစ်ခုကိုလည်း ရရှိနိုင် ပေလိမ့်မည်။
“မောင်လေးမှာ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထင်လား။ နဂါးနောင်တကို လေထဲမှာ တားဆီးပြီး မပေါက်ကွဲစေဘဲ တိုက်ရိုက် ကျသွားအောင် လုပ်နိုင်မလား။”
“ကျုပ် မသိဘူး။ ဒါက အနည်းဆုံးတော့ နဂါးအမြုတေရဲ့ သုတေသန ပြုလုပ်ရမယ့် လမ်းကြောင်းပဲ။ ဒါပေမဲ့ အခုတော့ သေချာပေါက် မလုပ်နိုင်သေးဘူး။ ဒီနဂါးအမြုတေအပေါ် ကျုပ်ရဲ့နားလည်မှုက အရမ်း နည်းလွန်းနေသေးတယ်။”
ဟီလာက အကြံပေးသည်။ “စစ်သင်္ဘောတွေကို ဖျက်ဆီးတဲ့နေရာမှာသုံးတဲ့ ရှေးဟောင်းမြားကြီးကို စမ်းကြည့်ပါလား။ ပေါက်ကွဲနိုင်တဲ့ အမျိုးအစားလေ။ ပြီးတော့ နဂါးအရှိန်အဝါနဲ့ ပစ်ခတ်ပြီး တားဆီးကြည့်လေ။”
ရှမ့်လန် ခေတ္တ တွန့်ဆုတ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ရှေးဟောင်းသံချပ်ကာကို ဝတ်ဆင်လိုက်၏။
ချောင်ယောင်းအာက သူ့ဘေးတွင် ကပ်လိုက်နေပြီး ကာကွယ်ပေးထားသည်။ အကယ်၍ ရှမ့်လန် မတားဆီးနိုင်ခဲ့လျှင် သူမ ချက်ချင်း ကာကွယ်ပေးနိုင်မည်။ ထို့အပြင် ရှမ့်လန်သည် လည်းရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသောကြောင့် အန္တရာယ် မရှိနိုင်ပေ။
နဂါးအရှိန်အဝါဖြင့် စမ်းသပ်ခြင်း ဖြစ်သောကြောင့် အကွာအဝေးမှာ အလွန်ဝေးကွာရမည်။ မီတာ လေးထောင်ကျော် ဖြစ်သည်။ ဟီလာသည် ပစ်မှတ်နှင့် အမြန်နှုန်းကို သတ်မှတ်လိုက်ပြီး နဂါးအရှိန်အဝါ ပစ်လွှတ်စင် အဆင်သင့် တင်လိုက်သည်။ လုံးဝစိတ်ချရသည်ဆိုလျှင်ပင် ဟီလာသည် အသက်ကို ပြင်းပြင်း ရှူလိုက်မိပြီး စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်သည် သူမ၏ ချစ်လှစွာသော မောင်လေး မဟုတ်ပါလား။
“အဆင်သင့်... ပစ်..” ဟီလာသည် နဂါးအရှိန်အဝါ ပစ်လွှတ်စင်၏ ခလုတ်ကို ရုတ်တရက် လှည့်လိုက်သည်။
“ဝုန်း...”
ရှေးဟောင်းမြားကြီး ပစ်လွှတ်လိုက်သည်နှင့် မီတာ တစ်ရာခန့် ပျံသန်းပြီးနောက် မီးတန်းတစ်ခု ကျန်ရစ်ခဲ့သည်။ ၎င်း၏ ပျံသန်းနှုန်းမှာ အံ့မခန်း မြန်ဆန်ပြီး တစ်စက္ကန့်လျှင် မီတာ ၅၀၀ အထိ ရောက်ရှိကာ အသံထက် မြန်သောနှုန်းကို ကျော်လွန်သွား၏။
နဂါးနောင်တ မဟုတ်သော်လည်း ပေါင်တစ်ထောင်လေးပြီး အလွန်ထိတ်လန့်စရာ ကောင်းသည်။ ထို့ကြောင့် လေထဲ ပျံသန်းလာချိန်မှာတော့ နဂါးနောင်တ အသေးစားလေးတစ်ခုနှင့် တူသည်။ မီတာ လေးထောင် အကွာအဝေး ကို ရှစ်စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။
ရှမ့်လန်သည် အသက်အောင့်ထားပြီး ကောင်းကင်ယံမှ နီးကပ်လာသော ရှေးဟောင်းမြားကြီးကို စိုက်ကြည့်နေ၏။
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...”
ဤရှေးဟောင်းမြားကြီးသည် ကြယ်တံခွန်ကဲ့သို့ လေထုကိုခွင်းလျက် မျက်စိရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ဤအရှိန်အဝါသည် အလွန်ထိတ်လန့်စရာ ကောင်းပြီး သာမန် ရှေးဟောင်း လေးနှင့်မြား ထက် များစွာ သာလွန်သည်။
“ရပ်စမ်း။” ရှမ့်လန် ရုတ်တရက် အော်ဟစ်လိုက်ပြီး ကောင်းကင်ယံသို့ လက်ဝါးကို ဆန့်ထုတ်၏။
ထိုခဏ၌ စွမ်းအားကြီးမားသော အင်အားတစ်ခု ရှမ့်လန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက် လာသည်။ ဤအင်အားသည် အလွန် ရှုပ်ထွေးသည်။ နဂါးအမြုတေ၊ ရှေးဟောင်းဘုရင် လက်စွပ်နှင့် ရှမ့်လန်၏ စိတ်စွမ်းအင်တို့ ပါဝင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အသံထက်မြန်သော အရှိန်ဖြင့် ပျံသန်းလာသည့် ဤရှေးဟောင်းမြားကြီးသည် လေထဲတွင် အမှန်တကယ် ရပ်တန့်သွားသည်။ တကယ့်ကို အံ့မခန်းပင်။
ဤသည်မှာ ပေါင်တစ်ထောင် လေးလံသော ရှေးဟောင်းမြားကြီး ဖြစ်ပြီး တစ်စက္ကန့်လျှင် မီတာ ၅၀၀ ကျော်နှုန်းဖြင့် လာနေခြင်း ဖြစ်သော်လည်း လေထဲတွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။
သို့သော်ငြား နောက်တစ်စက္ကန့်တွင် ရှမ့်လန်၏ ဦးနှောက်မှာ ဗလာကျင်းသွားပြီး မူးမေ့သွားတော့သည်။ ရှေးဟောင်းမြားကြီး ပြုတ်ကျလာပြီး မြေပြင်နှင့် ရိုက်မိကာ ပေါက်ကွဲသွားသည်။ ဤအချိန်တွင် ချောင်ယောင်းအာသည် ခန္ဓာကိုယ်ဖြင့် ရှမ့်လန်ကို အပြည့်အဝ ကာကွယ်ပေးထားလိုက်၏။
.............
လေးနာရီခန့် ကြာပြီးနောက် ရှမ့်လန် ယောင်တောင်တောင်ဖြင့် နိုးလာသည်။ ခေါင်းအနည်းငယ် ကိုက်နေပြီး ရက်အနည်းငယ်လောက် မအိပ်ရသေးသကဲ့သို့ အလွန် ပင်ပန်းနွမ်းနယ်နေသည်။ စိတ်စွမ်းအင်များကို အလွန်အကျွံ သုံးစွဲလိုက်ရသည်မှာ ထင်ရှားသည်။
“ဒီနဂါးအမြုတေက အရမ်း စွမ်းအားကြီးတယ်။ ပိုင်ရှင်ရဲ့ ဆန္ဒနဲ့ အပြည့်အဝ ပေါင်းစပ်သွားပြီးတဲ့နောက် အိပ်မက်ဆိုး ကျောက်တုံးပါတဲ့ လက်နက်ကိရိယာ အားလုံးကို ကြားဖြတ်ဟန့်တားနိုင်တယ်။ ဒါပေမဲ့ စိတ်စွမ်းအင်ကို စားသုံးတယ်။
လက်ရှိ စိတ်စွမ်းအင် ကန့်သတ်ချက်က ရှေးဟောင်းမြားကြီး တစ်စင်းကို လေထဲမှာ ကြားဖြတ် ဟန့်တားနိုင်ရုံပဲ ရှိသေးတယ်။ စိတ်စွမ်းအင် လုံလောက်နေသရွေ့ အနာဂတ်မှာ နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်ဖို့ဆိုတာ လုံးဝ ဖြစ်နိုင်ခြေ ရှိတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့အတွက် စိတ်စွမ်းအင်က အနည်းဆုံး ဆယ်ဆ၊ အဆတစ်ရာလောက် တိုးတက်လာမှ ရမယ်။”
အနည်းဆုံး အဆတစ်ရာလောက် တိုးတက်မှ ရမည်။ အဘယ့်ကြောင့်ဆိုသော် နဂါးနောင်တသည် ပေါင်တစ်သောင်းကျော် လေးလံပြီး အသံထက် သုံးဆ၊ လေးဆခန့် မြန်သောနှုန်းဖြင့် ပျံသန်းနိုင်သောကြောင့်ပင်။
...
အပိုင်း (၁၀၉၆)
ရှမ့်လန်၏ လက်ရှိစိတ်စွမ်းအင်ဖြင့် ရှေးဟောင်းမြားကြီးတစ်စင်းကို ကြားဖြတ်ဟန့်တားရာ အလွန် အားအင်ကုန်ခမ်းသွားသည်။ နဂါးနောင်တကို ကြားဖြတ်ဟန့်တားရန်ဆိုသည်မှာ အလှမ်းဝေးသော ရည်မှန်းချက် ဖြစ်နေသေးသည်။ စိတ်စွမ်းအင် တိုးမြှင့်နိုင်မှသာ ဖြစ်နိုင်မည်။
သို့သော်ငြား စိတ်စွမ်းအား ဆိုသည်မှာလည်း အလွန် ဆန်းကြယ်သော အရာဖြစ်သည်။ လူတိုင်း ထိုအရာရှိကြောင်း သိကြပြီး တိုက်ပွဲများတွင်ပင် အသုံးပြုကြသည်။ သို့သော်ငြား လောလောဆယ်တွင် စိတ်စွမ်းအားကို သီးသန့် လေ့ကျင့်ပေးသော လျှို့ဝှက်ကျမ်းဟူ၍ မရှိသေးပေ။ သိုင်းပညာ ဖြစ်စေ၊ ရှေးဟောင်းလျှို့ဝှက်ကျမ်းများ ဖြစ်စေ ဘာမှ မရှိပေ။
လူတိုင်းလိုလို အတွင်းအားနှင့် သိုင်းစွမ်းအင် ကျင့်ကြံနေစဉ်တွင် စိတ်စွမ်းအင်ကိုပါ တွဲဖက် ကျင့်ကြံကြသည်၊ သို့မဟုတ် ချောင်ယောင်းအာကဲ့သို့ပင် မွေးရာပါ ပါလာကြသည်။ သို့သော်ငြား ပုံမှန်အားဖြင့် စိတ်စွမ်းအင်နှင့် အတွင်းအားသည် အချိုးကျလေ့ ရှိသည်။ ရှမ့်လန်၏ အတွင်းအားနှင့် သိုင်းစွမ်းအင်မှာမူ မည်သို့ ရှိသနည်း။ အမှိုက်ဟုပင် ခေါ်၍ မရလောက်အောင် သုညတိတိ ဖြစ်နေကြောင်း လူတိုင်း သိကြသည်။
“ဒါကြောင့် နောက်တစ်ဆင့်က စိတ်စွမ်းအင်ကို ဘယ်လို တိုးမြှင့်မလဲ ဆိုတာပဲ။ ဒါပေမဲ့ နုရှောင့်မြို့မှာ လျှို့ဝှက်ကျမ်းတွေ မရှိဘူး။”
“ငါ လျှို့ဝှက်ကျမ်းတွေ မလိုဘူး။ ငါ့မှာ စိတ်စွမ်းအင် ကျင့်ကြံမယ့် နည်းလမ်း ရှိတယ်။”
“ရှေးဟောင်းအကျဉ်းထောင်ထဲက အထူးစာလုံးတွေလား။ ရှေးဟောင်းစာလုံးတွေလား။”
“ဟုတ်တယ်။ ငါက သူ့ရဲ့ ယုတ္တိဗေဒကိုပဲ လေ့လာခဲ့တာ။ ငါးမိနစ်လောက်ပဲ ကြာတယ် ထင်ပေမဲ့ ငါးနာရီလောက် ကုန်ဆုံးသွားခဲ့တယ်။ ပြီးတော့ အဲဒီထဲမှာ နှစ်မြှုပ်နေတုန်းက ငါ လုံးဝ မပင်ပန်းခဲ့ဘူး။ အဲဒီအစား စွမ်းအင်တွေ ပြည့်ဝနေခဲ့တယ်။ ဒါကြောင့် ဒီစာလုံး အမျိုးအစားက ရှေးဟောင်းယဉ်ကျေးမှုမှာ အရမ်း အဆင့်မြင့်တယ်။
ဘာလို့လဲဆိုတော့ ဒါက ယဉ်ကျေးမှုရဲ့ နောက်ထပ် ဦးတည်ချက် တစ်ခုကို ကိုယ်စားပြုနေတာ ဖြစ်နိုင်တယ်။ သိုင်းပညာ ယဉ်ကျေးမှု မဟုတ်ဘူး၊ ရှေးဟောင်းစွမ်းအင် ယဉ်ကျေးမှု မဟုတ်ဘူး၊ သန့်စင်တဲ့ စိတ်စွမ်းအင် ယဉ်ကျေးမှု တစ်ခုပဲ။”
ဤအရာသည် အခြားသူများအတွက် အလွန်နက်နဲလွန်းသလို ရှမ့်လန် ကိုယ်တိုင် အတွက်လည်း ဤကဲ့သို့ပင်။
“ပြီးတော့ နဂါးအမြုတေနဲ့ ရှေးဟောင်းဘုရင်လက်စွပ်က တကယ်တော့ တစ်စုံတည်း ဖြစ်နေတာကို ငါ ခံစားမိတယ်။ ရှေးဟောင်းဘုရင်လက်စွပ်က ပိုင်ရှင်ကို ဘယ်လို ဆိုးရွားတဲ့ ပုံရိပ်ယောင်မျိုးက မဆို ကာကွယ်ပေးတယ်၊ ပြီးတော့ စွမ်းအင်ဝဲကတော့တွေကို ဖွင့်လှစ်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ အမျိုးမျိုး ပေးတယ်။ နဂါးအမြုတေကတော့ စွမ်းအားပြင်းတဲ့ တိုက်ခိုက်မှု အမျိုးမျိုးကို အလိုအလျောက် ကာကွယ် ပေးတယ်။ ဒါပေမဲ့ တစ်ခုခု လိုနေသေးတယ်လို့ ငါ ထင်တယ်။ တိုက်ခိုက်နိုင်တဲ့ အရာတစ်ခုခုပေါ့။
ဒီကိရိယာ အစုံအလင်က သုံးခု ရှိသင့်တယ်။ ငါက နှစ်ခု ရထားပြီးပြီ။ တစ်ခုပဲ ကျန်တော့တယ်။ အဲဒါက အရေးအကြီးဆုံး တိုက်ခိုက်ရေး ကိရိယာပဲ။ အဲဒါက ဓားတစ်လက် ဖြစ်လောက်တယ်။ လောလောဆယ်တော့ ရှေးဟောင်းဘုရင် သံလျက်လို့ ခေါ်လိုက်မယ်။ ဒီဓားကို ရတာနဲ့ နဂါးအမြုတေ၊ ရှေးဟောင်းဘုရင် လက်စွပ်တို့နဲ့ ပေါင်းစပ်ပြီး တုန်လှုပ်စရာ ကောင်းတဲ့ တိုက်ခိုက်မှုတွေ ပြုနိုင်လိမ့်မယ်။”
ဤနေရာရောက်တော့ ရှမ့်လန်သည် ရှေးဟောင်းရင်ပြင်ရှိ ဘုရင့်ကျောက်ခေါင်းတလားကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ရှေးဟောင်းဘုရင် မြှုပ်နှံခံရစဉ်က လက်ထဲတွင် ကိုင်ဆောင်ထားသော မျက်စိကျိန်း လောက်သည့် ရတနာဓားတစ်လက် ရှိခဲ့သည်။
ထိုအချိန်က ရှမ့်လန် ဓားကို စစ်ဆေးကြည့်ရှုရာ အနည်းငယ်လှပသည်မှလွဲ၍ တခြားထူးခြားမှုဟူ၍ မရှိပေ။ အလေးချိန်က ကီလိုဂရမ် ရာပေါင်းများစွာ လေးလံသောကြောင့် ရှမ့်လန် မသယ်နိုင်သလို၊ ယူဆောင်သွား၍လည်း မရခဲ့ပေ။ ထို့ကြောင့် ကျောက်ခေါင်းတလားထဲ၌ ပြန်ထည့်ထားခဲ့သည်။
‘အဲဒါက ရှေးဟောင်းဘုရင် သံလျက်လား။ ကြည့်ရတာ မတူဘူး။ အလှဆင်ပစ္စည်းနဲ့ ပိုတူတယ်။ ပြီးတော့ တကယ်သာ အဲဒီလောက် တန်ဖိုးရှိရင် အတူတူ မြှုပ်နှံပါ့မလား။’
သို့သော်ငြား မြင်ဖူးခဲ့သမျှ ဓားအားလုံးထဲတွင် ရှမ့်လန် ခန့်မှန်းထားသော ရှေးဟောင်းဘုရင် သံလျက်နှင့် အတူဆုံးမှာ ထိုဓားပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှေးဟောင်းဘုရင်၏ လက်ထဲတွင် ကိုင်ဆောင်ထားခြင်း ဖြစ်ပြီး ရှေးဟောင်းဘုရင် လက်စွပ်နှင့်လည်း အလွန် လိုက်ဖက်ညီပုံ ရ၏။
အကယ်၍ ဟုတ်ခဲ့လျှင် ရှမ့်လန် နောက်တစ်ကြိမ် ပြန်ဝင်ပြီး ထိုဓားကို သွားယူရပေမည်။ ထို့အပြင် ချောင်ယောင်းအာကိုလည်း ခေါ်သွားရမည်။ သို့မဟုတ်လျှင် ထိုဓားသည် လေးလွန်း၍ သူ သယ်နိုင်မည် မဟုတ်ပေ။
သို့သော်ငြား အကယ်၍ ရှေးဟောင်းဘုရင် သံလျက် အစစ်အမှန် ဖြစ်ခဲ့လျှင် ရှမ့်လန် အလွယ်တကူ ကောက်ယူနိုင်လောက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် နဂါးအမြုတေ ရှိနေပြီ ဖြစ်သောကြောင့် ဤကိရိယာ အစုံအလင်တွင် ခွန်အားတိုးပွားစေမှုမျိုး ပါဝင်လောက်သည်။
“ရင်ဝူမင်ကို လူသိရှင်ကြား အနိုင်ယူချင်ရင် ဒီကိရိယာ အစုံအလင်က တစ်ခုတည်းသော နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။”
“ဒါပေါ့။ ဒါတွေအားလုံးက ငါ့ရဲ့ ခန့်မှန်းချက်တွေပဲ။ ဒီရှေးဟောင်းဘုရင် သံလျက် တကယ် ရှိ၊ မရှိတောင် ငါ မသိဘူး။ ဒါက ငါ့ရဲ့အာရုံခံစားမှု သတ်သတ်ပဲ။ ဒီကိရိယာအစုံအလင်က သုံးခု ပါဝင်ပြီး သုံးခုစုံမှ ပြည့်စုံသွားမယ်ထင်တယ်။”
“ကဲ... ရှေးဟောင်းဘုရင် သံလျက်အကြောင်း ခဏထားလိုက်။ ရင်ဝူမင်ကို ဘယ်လို အနိုင်ယူမလဲ ဆိုတာကိုလည်း ခဏထားလိုက်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရောက်တော့မယ်။”
......
ဒီဇင်ဘာလ ၂၉ ရက်နေ့သည် နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည်။ ဤလောကတွင်လည်း နွေဦးပွဲတော် ကျင်းပကြသည်။ သို့သော်ငြား ရှမ့်လန်သည် နှစ်သစ်ကူးပွဲတော်ကို တစ်ခါမှ မဆင်နွှဲဖူးသလောက်ပင်။ သူက အလုပ်များလွန်းသောကြောင့် ဖြစ်သည်။
အမှန်စင်စစ် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အရှေ့တိုင်းလောကတစ်ခုလုံးလည်း နှစ်သစ်ကူးပွဲတော် မဆင်နွှဲနိုင်ခဲ့ကြပေ။ နှစ်တိုင်းလိုလို ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး လောကကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေသောကြောင့် သာမန်ပြည်သူများ နှစ်သစ်ကူးပွဲတော် မဆင်နွှဲနိုင်ကြခြင်းပင်။
ယခုနှစ်တွင်လည်း အရှေ့တိုင်းလောကတစ်ခုလုံး နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် စိတ်အခြေအနေ မရှိကြပေ။ လူတိုင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ ရောက်ရှိလာမည်ကို စောင့်မျှော်နေကြသည်။ ရက်ပေါင်း ၂၀ ကျော်ကြာ သတင်းမျာပျံ့နှံ့လာပြီးနောက် လူထုသည် အမှန်တကယ်ပင် စိုးရိမ်ပူပန်လျက်ရှိ၏။
ရင်ကွမ်းနှင့် ရှမ့်လန်တို့၏ အထွတ်အထိပ် တိုက်ပွဲသတင်းသည် အရှေ့တိုင်းလောက၏ ထောင့်တိုင်းသို့ ပျံ့နှံ့ ရောက်ရှိသွားပြီ ဖြစ်သည်။
ရှမ့်လန်က ရင်ကွမ်းအား အမိန့်ပြန်တမ်း ထုတ်ပြန်စေလိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းကန်တောင် အပြင်ဘက်ရှိ တပ်များအားလုံးကို ဆုတ်ခွာရန်နှင့် မင်းသားကျင်း၏ စစ်သည် သောင်းချီကို ဝိုင်းရံထားမှုအား ရုပ်သိမ်းပေးရန်၊ သို့မဟုတ်ပါက ဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှုဖြင့် တုံ့ပြန်မည် ဖြစ်ကြောင်း ကြေညာထား၏။
ရင်ကွမ်းကလည်း လောကကြီးကို ကြေညာထားသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရှမ့်လန်သည် နဂါးနောင်တကို ယူဆောင်လျက် သူ့ရှေ့မှောက်သို့ လာရောက်ကာ ရာဇဝတ်ကောင်အဖြစ် ခံယူရင်း ချန်နိုင်ငံသစ်၏ အကျဉ်းသားအဖြစ် အဖမ်းခံရမည်။ သို့မဟုတ်ပါက ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များကို ဝင်ရောက် တိုက်ခိုက်မည်ဟု ကြေညာထားသည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ဤကိစ္စက ပိုမို လေးနက်လာသည်။ လူတိုင်းလိုလို အသက်အောင့်ထား ကြပြီး စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ နီးကပ်လာသည်နှင့်အမျှ လောကကြီး၏ လေထုက ပိုမို တင်းမာလာသည်။ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုးပင် မဟုတ်ဘဲ ကောင်းကင် တစ်ခုလုံး မဲမှောင်အုံ့မှိုင်းနေသကဲ့သို့ ရှိ၏။
အချိန်မရွေး တုန်လှုပ်ဖွယ် မိုးကြိုးလှိုင်းကြီး ပစ်ချတော့မည့်သကဲ့သို့ သို့မဟုတ် တောင်ပြိုမြေပြိုတော့မည့် သကဲ့သို့ သို့မဟုတ် တုန်လှုပ်ဖွယ် ဆူနာမီလှိုင်းကြီးများက အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်သကဲ့သို့ ခံစားနေကြရသည်။
သို့သော်ငြား ဤတစ်ကြိမ်တွင် ချောင်နှင့် ရွှဲ့ပြည်နယ်မှ လူများသည် ထွက်ပြေးခြင်း မရှိကြပေ။ ဝူပြည်နယ် မြို့တော်သည် တိုက်ခိုက်ခံရနိုင်ချေ အနည်းဆုံး ဖြစ်ပြီး၊ ဝူပြည်နယ်မှ လူများသည်လည်း အားအနည်းဆုံး ဖြစ်ကြသည်။ သို့သော်ငြား သူတို့အများစုမှာ ထွက်ပြေးသွားကြပြီ ဖြစ်ပြီး ဝူပြည်နယ် မြို့တော်တွင် ကျန်ရစ်သူများမှာ အရှုံးမပေးတတ်သူများ ဖြစ်ကြ၏။
ရွှဲ့ပြည်နယ်မြို့တော်မှ လူများ ထွက်ပြေးရန်မှာ မဖြစ်နိုင်ပေ။ သူတို့အားလုံးသည် ရှမ့်လန်၏ အံ့ဖွယ်အမှုများ ကို မျက်မြင်သက်သေအဖြစ် မျက်ဝါးထင်ထင် မြင်ဖူးကြသူများ ဖြစ်ကြပြီး ရှမ့်လန်ကို ခြွင်းချက်မရှိ ယုံကြည်ကြသည်။ မိမိတို့ကိုယ်ကိုယ် အရှင်ရှမ့်လန်၏ အကြွင်းမဲ့ လက်အောက်ငယ်သားများ အဖြစ် ခံယူ ထားကြသည်။
ချောင်ပြည်နယ် မြို့တော်ကော... သူတို့သည် ယခင်က ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရစဉ်ကပင် ထွက်ပြေးခြင်း မရှိခဲ့ကြရာ ယခုတစ်ကြိမ်တွင် ဆိုဖွယ်ရာ မရှိတော့ပေ။ ချောင်ပြည်နယ် မြို့တော်သည် စနစ်တကျ ရှိနေဆဲပင်။
ကလေးများ စာသင်နေကြပြီး ကုန်သည်များ အရောင်းအဝယ် လုပ်နေကြသည်။ ချောင်ပြည်နယ်သည်လည်း မြို့တော်ကို စွန့်ခွာရန် အစီအစဉ် မရှိပေ။
သို့သော်ငြား အပြင်ပန်းတွင် အေးဆေးတည်ငြိမ် နေသယောင် ရှိသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန် တင်းမာနေကြသည်။
..............
ချောင်ပြည်နယ် မြို့တော်၌ တပ်များအားလုံးကို စုစည်းထားပြီး ဖြစ်သည်။ စစ်သည်တို့၏ ခွင့်ရက်အားလုံးကို ပယ်ဖျက်လိုက်ပြီး အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေကြသည်။ နုရှောင့်မြို့မှ တပ် တစ်တပ်သည်လည်း ချောင်ပြည်နယ် မြို့တော်တွင် တပ်စွဲထား၏။
ရင်ဝူမင်၏ တပ်တော်နှင့် စေတီတောင် တပ်တော်တို့သာ ရုတ်တရက် ထိုးစစ်ဆင်လာပါက သူတို့၏ ပစ်မှတ်မှာ ချောင်ပြည်နယ်မြို့တော် ဖြစ်နိုင်ချေ အများဆုံးပင်။ ထိုးစစ်ဆင်လာသည်နှင့် တပြိုင်နက် ချက်ချင်းပဲ ကျဆုံးသွားနိုင်သည်။ သို့သော်ငြား ချောင်ပြည်နယ်သည် အလွန် အေးဆေးတည်ငြိမ်နေပုံ ရသည်။
“ပထမအချက်က အရှင်ရှမ့်လန်ကို ကျုပ်တို့ အပြည့်အဝ ယုံကြည်တယ်။ ဒုတိယအချက်ကတော့ ချောင်ပြည်နယ် ကျဆုံးသွားရင်လည်း ကိစ္စမရှိပါဘူး။ ကျုပ် သေသွားရင်လည်း ကိစ္စမရှိပါဘူး။ ပြီးခဲ့တဲ့ တင်းယွမ်မြို့ တိုက်ပွဲမှာတည်းက ကျုပ် သေသင့်နေခဲ့တာ။
အရှင်ရှမ့်လန်က အံ့ဖွယ်ကို ဖန်တီးပြီး ချောင်ပြည်နယ်ကို ကယ်တင်ပေးခဲ့တယ်၊ ကျုပ်အသက်ကိုလည်း ကယ်တင်ပေးခဲ့တယ်။ နှစ်ဝက်ကျော်လောက် အသက်ဆက်ခွင့် ရတာကတင် ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ။ နေ့ရက်တွေ ကုန်ဆုံးတိုင်း အရှင်ရှမ့်လန် ပိုသန်မာလာတာကို မြင်တွေ့ရတာကြောင့် ကျုပ် သေသွားရင်တောင် ငရဲပြည်မှာ ပြုံးနေနိုင်ပါသေးတယ်။”
ပြီးခဲ့သော တင်းယွမ်မြို့တိုက်ပွဲတွင် ကြီးမားသော ကြယ်တံခွန် ဝင်တိုက်မှုကြီးက တော်ဝင်ရန်အင်ပါယာ အနောက်ပိုင်း တပ်တော်မှ စစ်သည် ခြောက်သိန်းကျော်ကို သုတ်သင်ပစ်ခဲ့သည်။ ထိုအရာသည် အမှန်တကယ်ပင် အံ့ဖွယ်တစ်ခု ဖြစ်ခဲ့ပြီး လူတိုင်း လုံးဝ မှင်သက်ခဲ့ရသည်။
ထို့ကြောင့် အရှင်ရှမ့်လန်သည် ဤတစ်ကြိမ်၌လည်း နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးပြီး ချောင်ပြည်နယ်ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ချောင်ပြည်နယ်တစ်နိုင်ငံလုံးက အခိုင်အမာ ယုံကြည်ထားကြ၏။
သို့သော်ငြား အကယ်၍ ကျရှုံးသွားလျှင် .... ချောင်ပြည်နယ်တစ်ခုလုံး ကျဆုံးသွားလျှင်ပင် သူတို့သည် အရှင်ရှမ့်လန်ကို အပြစ်တင်မည် မဟုတ်သလို သစ္စာစောင့်သိမှုကိုလည်း ပြောင်းလဲမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်ထိ သူတို့သည် အရှင်ရှမ့်လန်အတွက် မည်သည့်အရာမှ ပံ့ပိုးပေးခဲ့ခြင်း မရှိသေးပေ။ အရှင်ရှမ့်လန်ကသာ ချောင်ပြည်နယ်ကို ကယ်တင်ပေးခဲ့သည်။ ထိုအရာက မလုံလောက်သေးဘူးလား။ လူဟူသည်မှာ ကျေးဇူးတရားကို မမေ့သင့်ပေ။
...................
ချောင်ပြည်နယ် ပြည်သူများ၌ ထိုသို့သောအတွေး ရှိနေသော်လည်း ချန်နိုင်ငံသစ် ပြည်သူများတွင်မူ အခြားအတွေးတစ်မျိုး ရှိနေကြသည်။ အလွန်လည်း ရှုပ်ထွေးလှသည်။ သူတို့၏ စိတ်ခံစားမှုသည် ကျန်းလီနှင့် သားဖြစ်သူဘက်သို့ ယိမ်းယိုင်နေသော်လည်း သူတို့၏ ဆင်ခြင်တုံတရားမှာမူ ရင်ကွမ်းနှင့် သားဖြစ်သူဘက်သို့ ယိမ်းယိုင်နေသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်ပွားမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။ ထပ်မံ၍ ဆင်းရဲဒုက္ခတွင်းထဲသို့ ကျရောက်မည်ကို စိုးရိမ်နေကြသည်။
ချန်နိုင်ငံသစ်ရှိ လူသန်းပေါင်းများစွာသည် အသံမထွက်ကြသော်လည်း တိုက်ပွဲတစ်ခုလုံးကို အမြဲမပြတ် စောင့်ကြည့်နေကြပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ကို စောင့်ဆိုင်းနေကြသည်။ ဤတိုက်ပွဲတွင် ရင်ကွမ်းနှင့် သားဖြစ်သူ အနိုင်ရမည်လား။ သို့မဟုတ် ရှမ့်လန် အနိုင်ရမည်လား။
သူတို့၏ ရင်ထဲတွင် မည်သူ့ကို အနိုင်ရစေချင်သနည်း။ ထိုအရာကို အမှန်တကယ် မသိပေ။
သို့သော်ငြား သေချာသည့်အချက် တစ်ခု ရှိသည်။ ရှမ့်လန် ရှုံးနိမ့်သွားပါက သူ၏ဂုဏ်သတင်းသည် သေစေလောက်သော ထိုးနှက်ချက်အဖြစ် ခံစားရပေလိမ့်မည်။ ဘဝတလျောက်လုံး အောင်မြင်ခဲ့သော အံ့ဖွယ်ရာအမှုများ အဆုံးသတ်သွားပေလိမ့်မည်။
သူ၏ ဂုဏ်သတင်း ပျက်စီးမသွားလျှင်ပင် တော်ဝင်ချန်အင်ပါယာ ပြည်သူများနှင့် ရှမ့်လန်ကို ယုံကြည်သော မရေမတွက်နိုင်သော လူများ၏ ယုံကြည်မှုသည် ကြီးမားလွန်းသော ထိုးနှက်ချက်ကို ခံစားရပေလိမ့်မည်။
................
အချိန်သည် ရေစီးကဲ့သို့ ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဒီဇင်ဘာလ ၂၉ ရက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရင်ဝူမင်နှင့် စေတီတောင်၏ လျှို့ဝှက်တပ်တော်သည် နောက်ဆုံးတွင် ပေါ်ထွက်လာ၏။
သူတို့သည် ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာပုံစံခေါင်းကြီးကို ဖော်ထုတ်လျက် တွားသွား ထွက်လာသော အဆိပ်ပြင်းမြွေကြီး တစ်ကောင်နှင့် တူသည်။ တပ်တော်တွင် လူအင်အား ၃၅၀,၀၀၀ ရှိသည်ဟု ဆိုကြပြီး အမှန်တကယ်လည်း ထိုမျှ များပြားသည်။ သို့သော်ငြား တပ်ဖွဲ့ဝင် အများစုသည် ဝင်ရောက် သိမ်းပိုက်ရေး အမိန့်ကို ဆောင်ရွက်ရန်သာ ဖြစ်သည်။
အမှန်တကယ် ထိုးစစ်ဆင်မည့် တပ်ဖွဲ့မှာမူ ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့်သာ ရှိသည်။ သူတို့အားလုံးသည် ငရဲတပ်တော်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ အထူးစစ်သည်တော် တပ်ဖွဲ့သည် မရေမတွက်နိုင်သော ရှေးဟောင်းကိရိယာများ တပ်ဆင်ထားပြီး နှင်းလင်းယုန်စီး စစ်သည်ရာပေါင်းများစွာ ပါဝင်၏။
ဤသည်မှာ ပြိုင်ဘက်ကင်း အင်အားကြီးမားသော တပ်တော် ဖြစ်သည်။ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး အမြုတေ ရှစ်ခုထိ ပါဝင်ပြီး၊ တစ်ခုစီတွင် ရှမ့်လန်၏ အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများကို ခံနိုင်ရည်ရှိသော အကြွင်းမဲ့ ကာကွယ်ရေးစနစ် တပ်ဆင်ထားသည်။ ရှေးဟောင်းဒူးလေး ထောင်ပေါင်းများစွာ
နှင့် ရှေးဟောင်းဒူးလေးကြီး ရာပေါင်းများစွာလည်း ပါဝင်သည်။
ဤလျှို့ဝှက်တပ်တော်၏ ချီတက်မှု အရှိန်မှာ အံ့မခန်း ဖြစ်ပြီး တစ်နေ့လျှင် မိုင်ရာချီ ခရီးပေါက်နိုင်သည်။ ယခုအချိန်တွင် ဤလျှို့ဝှက်တပ်တော်သည် ချောင်ပြည်နယ်သစ်၏ နယ်စပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အချိန်ကျရောက်သည်နှင့် တပြိုင်နက် ချောင်ပြည်နယ်ထဲသို့ ဝင်ရောက်သတ်ဖြတ်နိုင်ပေလိမ့်မည်။ အသန်မာဆုံး ငရဲတပ်တော် ဖြစ်သည့် အထူးစစ်သည်တော် တပ်ဖွဲ့သည် ချောင်ပြည်နယ် မြို့တော်သို့ တစ်ရက်အတွင်း ဝင်ရောက်သတ်ဖြတ်နိုင်ပေလိမ့်မည်။
၎င်းသည် အကြွင်းမဲ့ လျှပ်စီးကဲ့သို့ တိုက်ခိုက်မှု ဖြစ်လာပေလိမ့်မည်။ သူတို့ စတင်ထွက်ခွာချိန်မှ ချောင်ပြည်နယ်မြို့တော်ကို သိမ်းပိုက်ချိန်အထိ သုံးရက်ထက် ပိုကြာမည် မဟုတ်ပေ။
ထို့အပြင် ဤတပ်တော် သည် အလွန် ပြန့်ကျဲနေသည်။ ၅၀,၀၀၀ အင်အားရှိသော လျှို့ဝှက်တပ်တော်ကို အဖွဲ့ပေါင်း တစ်ဒါဇင်ကျော် ခွဲထားပြီး နယ်စပ်တစ်လျှောက် မိုင်ရာချီ အကွာအဝေးတွင် ဖြန့်ကြက်ထားသည်။ နဂါးနောင်တကို အသုံးပြုလျှင်ပင် သူတို့၏ ဆယ်ပုံတစ်ပုံကိုသာ ဖျက်ဆီးနိုင်ပေလိမ့်မည်။
ရင်ကွမ်း၏ အမိန့်မှာ ရိုးရှင်းသည်။ နေမဝင်မီ အမိန့်သစ် မရရှိပါက ရင်ဝူမင်၏ လျှို့ဝှက်တပ်တော်သည် ချောင်ပြည်နယ်ထဲသို့ ချက်ချင်း ဝင်ရောက်သတ်ဖြတ်ပြီး မြို့တော်ကို တိုက်ခိုက်မည်။
.............
ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး အပြင်ဘက် ....။
ဤနေရာသည် စစ်မှန်သော လွတ်လမ်းမရှိသည့် ထောင်ချောက် ဖြစ်သည်။ ရှမ့်လန်ကို ဖမ်းဆီးရန် ရင်ကွမ်းနှင့် စေတီတောင်သခင်တို့သည် ဤနေရာတွင် အံ့မခန်း များပြားသော တပ်များကို ဖြန့်ကြက် ထားသည်။
၁၀၀,၀၀၀ ကျော်သော တပ်တော်သည် မိုင်ပေါင်းများစွာ ရှည်လျားသည်အထိ တပ်စွဲထားသည်။ မြောက်ဘက်ရှိ ကြည်းတပ်နှင့် တောင်ဘက်ရှိ ရေတပ်တို့က ကျင်းကန်တောင် တစ်ခုလုံးကို ဝိုင်းရံထားသည်။ မင်းသားကျင်းနှင့် သူ၏ လူ သောင်းချီ ထွက်လာသည်နှင့် တပြိုင်နက် ချက်ချင်း ဖျက်ဆီးခံရပေလိမ့်မည်။
ထိုမျှမကသေးချေ။ ဤတစ်ကြိမ်တွင် စေတီတောင်သည် ဝေဟင်ပိုင်နက် အသီးသီးကို စောင့်ကြည့်ရန် အံ့မခန်း များပြားသော နှင်းလင်းယုန် တပ်တော်ကို ဖြန့်ကြက်ထားသည်။ ကျင်းကန်တောင်၏ မိုင် ၅၀၀ ပတ်လည် ထောင့်တိုင်းတွင် မရေမတွက်နိုင်သော ကင်းထောက်များနှင့် ကာကွယ်ရေးစည်းမျဉ်းများကို ဖြန့်ကြက်ထားသည်။
လူတိုင်း သိကြသည့်အတိုင်း နဂါးနောင်တကို ပစ်လွှတ်နိုင်သော အဝေးဆုံး အကွာအဝေးမှာ မိုင် ၅၀၀ ထက် မပိုသလို ပစ်လွှတ်ရန် ကြီးမားသော နဂါးအရှိန်အဝါလည်း လိုအပ်သည်။ သို့သော်ငြား ယခု ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်တပ်ဖွဲ့များသည် မိုင် ၅၀၀ ကျော် ကာကွယ်ရေးမျဉ်း ရှိနေပြီ ဖြစ်သည်။
ကျင်းကန်တောင်၏ မိုင် ၆၀၀ ပတ်လည်ရှိ ကုန်းမြေနှင့် ဝေဟင် အားလုံးသည် သူတို့၏ ထိန်းချုပ်မှု အောက်တွင် လုံးဝ ရှိနေသည်။ ထို့ကြောင့် ကျင်းကန်တောင် မိုင် ၅၀၀ အတွင်း၌ နဂါးအရှိန်အဝါနှင့် နဂါးနောင်တကို ပစ်လွှတ်ဖို့ လုံးဝ မဖြစ်နိုင်ပေ။
နေမင်းကြီး တဖြည်းဖြည်း မြင့်တက်လာသည်။
နာရီအနည်းငယ် ထပ်မံ ကုန်ဆုံးသွားသည်။ နေမင်းကြီးက ကောင်းကင်အလယ်သို့ ရောက်ရှိလာခဲ့၏။
‘ရှမ့်လန်... မင်းမှာ အချိန်သိပ်မကျန်တော့ဘူး။ မင်းရဲ့ ကြွားလုံးတွေ မကြာခင် ပျက်စီးတော့မယ်။ မင်း ဘယ်လိုလုပ်မလဲ ကြည့်ကြသေးတာပေါ့။’
ကျရှုံးသွားသည်နှင့် ရှမ့်လန်ရဲ့ အံ့ဖွယ်ရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။ တော်ဝင်ချန်အင်ပါယာ၏ အံ့ဖွယ်ရာများလည်း အဆုံးသတ်သွားပေလိမ့်မည်။
.............