အခန်း (၁၀၉၃-၁၀၉၄)
Vol. 64 Ch. 1093-1094
အပိုင်း (၁၀၉၃)
ထို့ကြောင့် ဤကိရိယာငယ်လေးသည် ရှေးဟောင်းယဉ်ကျေးမှု၏ အထွတ်အထိပ်ကို အပြည့်အဝ ကိုယ်စားပြု နေသည်။ ရှေးဟောင်းကျန်းမင်းဆက်၏ သစ္စာဖောက်သည် ထိုကရိယာကို အဘယ့်ကြောင့် အချိန်တိုင်း ယူဆောင်ထားသနည်း။ သေချာပေါက် ကြီးမားသော အသုံးဝင်မှု ရှိမှာဖြစ်ပြီး တုန်လှုပ်ဖွယ်ရာ စွမ်းအားများ ပင် ရှိနိုင်သည်။
ထို့နောက် ထိုအရာကို မည်သို့ အမည်ပေးမည်နည်း။ မဟာဗျူဟာမြောက် လူသတ်လက်နက်ကို နဂါးနောင်တ ဟု အမည်ပေးထားပြီး၊ ပစ်လွှတ်စင်ကို နဂါးအရှိန်အဝါဟု အမည်ပေးထားသည်။ ထိုသို့ဆိုလျှင် ဤအရာကို နဂါးနှလုံးသား သို့မဟုတ် နဂါးအမြုတေဟု အမည်ပေးသင့်၏။
ရှမ့်လန်သည် နဂါးအမြုတေကို မိမိ၏နှလုံးနေရာတွင် တပ်ဆင်ရန် ကြိုးစားလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
“ဘိုးဘေး... ကျုပ် ဒီလက်စွပ်ကို ပြန်ယူသွားတော့မယ်။”
ထို့နောက် ကျန်းမင်းဆက် အကျဉ်းသား၏ လက်ချောင်းမှ ရှေးဟောင်းဘုရင် လက်စွပ်ကို ချွတ်ယူလိုက်သည်။ အမှန်ပင် မည်သည့် အတားအဆီးမှ မရှိပေ။
ရှမ့်လန်သည် ရှေးဟောင်းဘုရင်လက်စွပ်ကို မိမိလက်၌ ပြန်လည် ဝတ်ဆင်လိုက်သည်။ ချက်ချင်းပဲ နဂါးအမြုတေ သည် အလင်းရောင် ထပ်မံ လက်သွားပြန်သည်။ ထို့နောက် အပ်များစွာ ထိုးထွက်လာပြီး ရှမ့်လန်၏ ရင်ဘတ်ကို အားပြင်းပြင်းနှင့် ထိုးစိုက်လိုက်သည်။
မနာကျင်သော်လည်း ကြည့်ရသည်မှာ အလွန် ထိတ်လန့်စရာ ကောင်း၏။ သွေးများကို စုပ်ယူနေ သေးသည်လား။ နဂါးအမြုတေသည် ရှမ့်လန်၏ ရင်ဘတ်မှ သွေးများကို အဆက်မပြတ် စုပ်ယူနေသည်။ သွေး မီလီလီတာ တစ်ဒါဇင်ခန့် စုပ်ယူပြီးနောက် အမြုတေထဲသို့ စီးဝင်သွားပြီး အတွင်းမှ အရည်အချို့နှင့် ဓာတ်ပြုမှု စတင်တော့၏။
“ဝုန်း...”
ရှမ့်လန် ရင်ဘတ်ထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ နဂါးအမြုတေသည် ရင်ဘတ်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်သွားပြီး စတင် လည်ပတ်သည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ထဲ၌ အပြီးအပိုင် အသားကျသွားသကဲ့သို့ ဖြစ်သွားသည်။
ဤသည်မှာ မပြီးဆုံးသေးပေ။ ရှမ့်လန်၏ ရင်ဘတ်ထဲသို့ အသားကျ ဝင်ရောက်သွားပြီးနောက် စွမ်းအင်အရှိန်အဝါ အမျိုးမျိုးကို အဆက်မပြတ် ထုတ်လွှတ်နေပြီး ထိုစွမ်းအင်များက ရှမ့်လန်၏ ဦးနှောက်၊ သွေးကြောများ နှင့် မရီဒန်များထဲသို့ တိုးဝင်သွားကြ၏။
မျက်စိတစ်မှိတ် အတွင်းပဲ စွမ်းအင်အရှိန်အဝါမှာ ပြင်းထန်လွန်းသည်။ ရှမ့်လန်၏ ဦးနှောက်မှာ ဗလာကျင်း သွားပြီး ချက်ချင်း မူးမေ့သွားသည်။
သို့သော်ငြား မြေပေါ်သို့ ပြုတ်မကျမီ ချောင်ယောင်းအာက သူ့ကို ပွေ့ဖက်လိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်စေသည်။ ဖြစ်စဉ် တစ်လျှောက်လုံးတွင် ရှမ့်လန်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါနေ၏။
ရင်ဘတ်ပေါ်မှ နဂါးအမြုတေနှင့် လက်ချောင်းပေါ်မှ ရှေးဟောင်းဘုရင် လက်စွပ်တို့သည် ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ်နေကြသည်။ ရှမ့်လန်၏ ခန္ဓာကိုယ် တစ်ခုလုံးကလည်း လင်းလက်နေသည်။
ပိုမို တိကျစွာ ပြောရလျှင် သူ၏ ခန္ဓာကိုယ်က လင်းနေခြင်း မဟုတ်ပေ။ အလင်းတန်း တစ်ခုသည် သူ၏ ဦးနှောက်မှ သွေးကြောများဆီသို့၊ ထိုမှတစ်ဆင့် ရှေးဟောင်းဘုရင် လက်စွပ်ဆီသို့၊ နောက်ဆုံး ရင်ဘတ်ပေါ်မှ နဂါးအမြုတေဆီသို့ စီးဆင်းနေခြင်း ဖြစ်သည်။ သွေးစာချုပ် ချုပ်ဆိုနေခြင်းလား။၏ သို့မဟုတ် ရှမ့်လန်က နဂါးအမြုတေနှင့် ပေါင်းစပ်နေခြင်းလား။ တစ်နည်းအားဖြင့် System တစ်ခု Install လုပ်နေသည်လား။
ထိုသို့ဖြင့် ချောင်ယောင်းအာသည် ရှမ့်လန်ကို ပွေ့ဖက်ထားပြီး အနည်းငယ်မျှ မလှုပ်ရှားပေ။ သူမ၏ မျက်လုံးများကမူ အကျဉ်းထောင်ထဲမှ ရှေးဟောင်းကျန်းမင်းဆက် သစ္စာဖောက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ အရမ်းချောမောလွန်း၍ မဟုတ်ဘဲ တစ်လက်မချင်း ကျောက်တုံးအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။
ယခင်က ထိုသူသည် အလွန် အသက်ဝင်နေခဲ့သည်။ မူလ အသားအရေ၊ ဆံပင်အရောင်များ ရှိခဲ့ပြီး မျက်လုံးများက ကျောက်မျက်ရတနာများကဲ့သို့ ဖြစ်နေခဲ့သည်။ သို့သော်ငြား ယခု နဂါးအမြုတေကို ဆုံးရှုံးလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အခြားသူများကဲ့သို့ပင် တဖြည်းဖြည်း ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။ အရောင်တစ်မျိုးတည်း ရှိသော ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
.................
အချိန် မည်မျှ ကြာသွားသည် မသိ။ ရှမ့်လန် ယောင်တောင်တောင်ဖြင့် နိုးလာသည်။ ချောင်ယောင်းအာ၏ ရင်ခွင်ထဲ၌ လဲလျောင်းနေသည်ကို သိလိုက်ရသောကြောင့် သူမ၏ ရင်ဘတ်အား မျက်နှာဖြင့် ပျော်ရွှင်စွာ ပွတ်သပ်လိုက်မိ၏။
ထို့နောက် ရှမ့်လန်သည် ချောင်ယောင်းအာ၏ ရင်ခွင်မှ ထထိုင်လိုက်သည်။ ရင်ဘတ်ပေါ်မှ နဂါးအမြုတေကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့လက်ကို ကြည့်လိုက်သည်။
“ငါ ပြောင်းလဲသွားပြီလို့ ခံစားရတယ်။ ငါ သေချာပေါက် ပိုသန်မာလာပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ ကြီးမားတဲ့ စွမ်းအင်တွေကို ခံစားနေရတယ်။ ငါ သေချာပေါက် ပိုသန်မာလာပြီ။”
“စမ်းကြည့်ပါလား။”
“ပြောင်းလဲမှုကို ငါ ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်။ ငါ သေချာပေါက် အရမ်း သန်မာလာပြီ။”
သို့နှင့် ရှမ့်လန်က ဒိုက်ထိုးခြင်းကို စတင် စမ်းသပ်သည်။ “တစ်ဆယ့်သုံး၊ တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်... အ့...”
သူ၏ကန့်သတ်ချက်ကို ရောက်သွားခဲ့သည်။ သူ၏ခွန်အားမှာ လုံးဝ တိုးတက်မလာခဲ့ပေ။ ကြက်တစ်ကောင် ကိုပင် ဖမ်းချုပ်နိုင်စွမ်း မရှိသေးချေ။ ဘာသဘောနည်း။ သို့သော်ငြား နဂါးအမြုတေသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီးနောက် ကြီးမားသော စွမ်းအားတစ်မျိုးကို ယူဆောင်လာပေးကြောင်း ရှမ့်လန် ရှင်းလင်းစွာ ခံစားနေရသည်။ သူ သေချာပေါက် ပိုသန်မာလာခဲ့သည်။ သို့သော်ငြား မည်သည့်နေရာ၌ သန်မာလာသနည်း။
“ယောင်းအာ... ငါ အရမ်း သန်မာလာပြီလို့ ခံစားမိနေတယ်။ မင်းတောင် ငါ့ကို နိုင်မှာ မဟုတ်ဘူး၊ တကယ်။ ဒါပေမဲ့ ငါ ဘယ်လိုသန်မာနေလဲဆိုတာကိုတော့ မသိဘူး။”
ရှမ့်လန် နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအားတစ်မျိုး ရှိနေသည်ကို အမှန်တကယ် ခံစားနေရသည်။ အလွန်အားကောင်းသည်။ သို့ဆိုစေကာမူ ထိုအရာက ဘာလဲဆိုတာ သူ မသိသလို၊ ဘယ်လို သုံးရမှန်းလည်း မသိပေ။ တကယ့်ကို သောက်ကျိုးနည်းပင်။
...............
ရှမ့်လန်သည် ရဲရင့်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးသူ တစ်ဦး ဖြစ်သည်။ ရုပ်ရှင်များစွာ ကြည့်ဖူးသောကြောင့် မည်သို့သောအကြောင်းအရာတို့ ဖြစ်ပျက်ပါစေ သိပ်ပြီး အံ့သြမည် မဟုတ်ပေ။ ရင်ဘတ်ကို ပုတ်လိုက်လျှင် နာနိုသံချပ်ကာ ပေါ်လာပြီး Iron Man အဖြစ် ပြောင်းလဲသွားလျှင်ပင် သူ လက်ခံနိုင်သည်။
သို့ပေမည့် နောက်ဆုံး၌ ဘာမျှ ဖြစ်မလာခဲ့ပေ။ ရှေးဟောင်းဘုရင် လက်စွပ်ကို ဝတ်ဆင်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။ မဟုတ်သေးပေ။ ရှေးဟောင်းဘုရင်လက်စွပ် ဝတ်ဆင်ရသည်နှင့် ကွာခြားသေးသည်။ ရှေးဟောင်းဘုရင် လက်စွပ် ဝတ်ဆင်ပြီးနောက် အနည်းဆုံးတော့ စွမ်းအင်ဝဲကတော့ကို ဖွင့်နိုင်၊ ပိတ်နိုင် သေးသည် မဟုတ်ပါလား။
ယခု နဂါးအမြုတေ ရင်ဘတ်ထဲ မြှုပ်နှံပြီးနောက်တွင်မူ အလွန် ဆန်းကြယ်သော စွမ်းအားတစ်ခုကို ရှင်းလင်းစွာ ခံစားနေရသော်လည်း လုံးဝ အသုံးချ၍ မရပေ။ သို့နှင့် ရှမ့်လန်က အကြိမ်ကြိမ် ထပ်မံ ကြိုးစားကြည့်သည်။ သို့သော်ငြား မည်သည့်ရလဒ်မှ မရရှိပေ။ သူက ယခင်အတိုင်း ပျော့ညံ့ပြီး အားနည်းနေဆဲပင်။
“ဒါ တကယ် မဟုတ်သေးဘူး။”
သူ့ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော စွမ်းအင်တစ်ခု ရှိနေသည်ကို တစ်ရာ ရာခိုင်နှုန်း ခံစားနေရသည်။ သို့သော်ငြား ဤအရာက အချစ်နှင့် တူနေသည်။ ရှင်းရှင်းလင်းလင်း ခံစားနေရသော်လည်း မြင်နိုင်စွမ်း မရှိ၊ ထိတွေ့နိုင်စွမ်း မရှိပေ။
“ဒါက အရမ်း စွမ်းအားကြီးပြီး အဆင့်မြင့်တဲ့ ရှေးဟောင်းကိရိယာ ဖြစ်လောက်တယ်။ ပြီးတော့ အရမ်းလည်း နက်နဲတယ်။ သူ့စွမ်းအားကို ထုတ်ယူဖို့ အချိန်တစ်ခုတော့ ပေးရလိမ့်မယ်။”
အဒေါ့ဖ်၏ ရှေးဟောင်းကိရိယာကို ရှမ့်လန် မစဉ်းစားဘဲ မနေနိုင်တော့ပေ။ တကယ်ကို အံ့မခန်း ကောင်းမွန်သည်။ သူ၏ သိုင်းပညာမှာ ဘုရင်မအီဒါထက် အနည်းငယ် နိမ့်ကျသော်လည်း ထိုရှေးဟောင်း ကိရိယာကြောင့် ဘုရင်မအီဒါနှင့် ဟီလာတို့သည် အဒေါ့ဖ်၏ ဆံခြည်တစ်မျှင်ကိုပင် မထိခိုက်နိုင်ခဲ့ကြပေ။
ထိုအချိန်က ရှမ့်လန်ကို ပြိုင်ဘက်ကင်းသော တုန်လှုပ်မှုကို ပေးစွမ်းခဲ့သည်။ အဒေါ့ဖ်၏ ရှေးဟောင်း ကိရိယာသည်လည်း နှလုံးရှိရာ ရင်ဘတ်တွင် မြှုပ်နှံထားခြင်း ဖြစ်သည်။
“ခဏလောက် ဘေးဖယ်ထားလိုက်ကြတာပေါ့။ နောက်ကျရင် ငါ့ကို ကြီးမားတဲ့ အံ့အားသင့်မှု ပေးလာနိုင်ပါတယ်။ ယောင်းအာ... ငါ မင်းကို မလိမ်ဘူး။ ငါ တကယ်ပဲ အများကြီး ပိုသန်မာလာတယ်လို့ ခံစားရတယ်။ မင်းတောင် ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး ထင်တယ်။ ဒီည ပြန်ရောက်ရင် စမ်းကြည့်ကြ မလား။”
“ကောင်းပြီလေ။”
ထို့နောက် ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းသားကို ကြည့်လိုက်သည်။ ဤအချိန်၌ သူသည် လုံးဝ ကျောက်တုံး ဖြစ်သွားပြီး ယခင်တွေ့ခဲ့ရသော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် မခြားနားတော့ပေ။ ကျောက်ရုပ်တု တစ်ခုလို ဖြစ်သွားခဲ့၏။
“စိတ်မကောင်းပါဘူး။ ခင်ဗျားကို ကိုယ့်အင်ပါယာကိုတောင် သစ္စာဖောက်အောင် လုပ်နိုင်ခဲ့တဲ့ အဲဒီ မီဒူဆာ ဘုရင်မက ဘယ်လောက်တောင် လှပလဲ ဆိုတာ ကျုပ်တကယ် သိချင်မိတယ်။”
ထိုရှေးဟောင်းအကျဉ်းသားကလည်း စကားတစ်ခုကို အထပ်ထပ် ပြောနေသယောင် ရှိသည်။ “ငါ နောင်တမရဘူး။” .
.......
နဂါးအမြုတေကို ရရှိပြီးပြီ ဖြစ်သော်လည်း ရှမ့်လန် ဆက်လက် လေ့လာစူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ နဂါးနောင်တကို ဤထောင်ထဲတွင် ရှာတွေ့ရန် လမ်းမရှိကြောင်း သူ နောက်ဆုံးတွင် သိလိုက်ရသည်။ သို့သော်ငြား ဤထောင်သည် သေချာပေါက် အလွန် အံ့မခန်း ဖြစ်သည်။ ပထမဆုံး အချုပ်ခန်းမှာပင် ဤမျှ အရေးပါသောသူကို ချုပ်နှောင်ထားသည် မဟုတ်လား။
“ကျန်းမင်းဆက်၏ နံပါတ်တစ် သစ္စာဖောက်”
နောက်ထပ် အချုပ်ခန်း သုံးခန်း ကျန်သေးရာ မည်သို့သော အံ့မခန်း အကျဉ်းသားများကို ချုပ်နှောင် ထားမည်နည်း။
ရှမ့်လန်သည် ဒုတိယ အချုပ်ခန်းရှေ့သို့ ရောက်လာသည်။ ထိုအခန်းသည် ပထမအခန်းထက် အနည်းငယ် ပိုကြီးသည်။
အပြင်ဘက် ဆိုင်းဘုတ်တွင် ရေးသားထားသည်မှာ “အမှောင်ဘုရင်မ၏ အချုပ်ခန်း”
အောက်ဘက်တွင် အကျဉ်းသား၏ ပြစ်မှုများကို ရှင်းပြထားသော ဆိုင်းဘုတ်တစ်ခု ရှိ၏။
“ဤသူသည် သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါဘေးများကို ဖန်တီးကာ လူသန်းပေါင်းများစွာကို သတ်ဖြတ်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။”
ရှမ့်လန် မြင်လိုက်ရသည့်အချိန်မှာတော့ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ ထင်ထားသည့်အတိုင်းပင် ဤထောင်မှ အကျဉ်းသားများသည် တစ်ဦးထက်တစ်ဦး ပိုမို စွမ်းအားကြီးကြသည်။ စောစောက ကျန်းမင်းဆက် ၏ အကြီးမားဆုံး သစ္စာဖောက်သည် လုံလောက်အောင် ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်သည်။ ရှေးဟောင်းအင်ပါယာ၏ ဆက်ခံသူဖြစ်သော်လည်း မိမိနိုင်ငံကို သစ္စာဖောက်ခဲ့သည်။
ယခု ဒုတိယမြောက် အမှောင်ဘုရင်မသည် လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်လား။ ဤသည်မှာ ရိုးရှင်းစွာပင် မယုံနိုင်စရာ ကောင်းလှ၏။ ထို့အပြင် “သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါဘေးများ” ဟူသော စကားလုံးများက လူကို သွေးပျက်စေ၏။
ချောင်ယောင်းအာသည် ရှမ့်လန်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည်လည်း မြို့အများအပြားကို မျိုးဖြုတ်သတ်ဖြတ်ရန် ကပ်ရောဂါဘေးကို အသုံးပြုခဲ့ဖူးသောကြောင့် ဖြစ်သည်။ ရှုထောင့်တစ်ခုမှ ကြည့်လျှင် သူသည် ဤအမှောင်ဘုရင်မနှင့် အနည်းငယ် တူညီနေသည်။
ရှမ့်လန်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဤအမှောင်ဘုရင်မ ပိုင်ဆိုင်ထားသော ကပ်ရောဂါဘေး သည် သေချာပေါက် အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ သို့မဟုတ်လျှင် မည်သို့သောနည်းဖြင့် လူသန်းပေါင်းများစွာကို သတ်ဖြတ်နိုင်မည်နည်း။
ရှမ့်လန်သည် ခေတ္တ တုံ့ဆိုင်းပြီးနောက် ဒုတိယ အချုပ်ခန်းတံခါးပေါ်သို့ လက်ဖြင့် ဖိကပ်လိုက်သည်။ ချက်ချင်းပဲ စာလုံးတစ်လုံး ပေါ်လာ၏။
“အပြစ်”
“နောင်တ” ဟူသော စကားလုံး မဟုတ်တော့ပေ။ စာလုံး၏ နောက်ဆုံးအစက်တွင် ရှေးဟောင်းဘုရင် လက်စွပ်၏ ချိုင့်ခွက်တစ်ခု ပါရှိနေသည်။ ရှမ့်လန်သည် လက်ကို ဆန့်ထုတ်ပြီး အရှင်သခင်လက်စွပ်ကို ချိုင့်ခွက်ပေါ် တင်လိုက်သည်။
“ရှင် ဘာလုပ်လုပ် ကျွန်မ ဘယ်တုန်းကမှ မတားဆီးဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့... ဒီတစ်ခါတော့ သတိထားဖို့ ကျွန်မ အကြံပြုချင်တယ်။”
ရှမ့်လန် ခေါင်းညိတ်ပြလိုက်၏။
“ဝုန်း...”
ချက်ချင်းပဲ တံခါးပေါ်မှ “အပြစ်” ဟူသော စာလုံး ပျောက်ကွယ်သွားပြီး ထိုနေရာတွင် စွမ်းအင်ဝဲကတော့ တစ်ခု အစားထိုး ဝင်ရောက်လာသည်။ ထို့အပြင် ဤစွမ်းအင်ဝဲကတော့၏ အရောင်မှာ ပထမ အချုပ်ခန်းနှင့် မတူပေ။ အရောင် ကွဲပြားသည်။ ခရမ်းရောင် စွမ်းအင်ဝဲကတော့ ဖြစ်သည်။
ရှမ့်လန် အသက်ပြင်းပြင်း ရှူလိုက်ပြီး စွမ်းအင်ဝဲကတော့ပေါ်သို့ လက်တင်ကာ စိတ်ထဲမှ အမိန့်ပေးလိုက်၏။
“ပိတ်စမ်း။”
ထို့နောက် သူ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဒုတိယ အချုပ်ခန်းထဲမှ ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ထားသည့် အမှောင်ဘုရင်မ ဆိုသူကို မြင်တွေ့ရရန် စောင့်ဆိုင်းနေလိုက်သည်။ သို့သော်ငြား မျက်လုံး ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ ရှေ့တွင် စွမ်းအင်ဝဲကတော့ ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ။” ရှေးဟောင်းဘုရင် လက်စွပ်ကို ဝတ်ဆင်ပြီးနောက် ရှမ့်လန်သည် မည်သည့် စွမ်းအင်ဝဲကတော့ ကိုမဆို ဖွင့်နိုင်ပိတ်နိုင်သည် မဟုတ်လား။ ယခု အဘယ့်ကြောင့် ပိတ်၍ မရသနည်း။
“ပိတ်စမ်း။” ရှမ့်လန် ထပ်မံ အမိန့်ပေးလိုက်၏။
သို့သော်ငြား စွမ်းအင်ဝဲကတော့သည် ဆက်လက် လှိုင်းထနေပြီး မည်သည့် ပြောင်းလဲမှုမှ မရှိပေ။ ရှမ့်လန် ဇဝေဇဝါ ဖြစ်သွားပြီး စွမ်းအင်ဝဲကတော့ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ပိတ်၍မရရင် ဖြတ်သန်းသွားလို့ ရသင့်တယ် မဟုတ်လား။ နောက်ဆုံးတွင် မရပေ။ ရှမ့်လန်သည် တိုက်ရိုက် ပိတ်ဆို့ခံလိုက်ရပြီး လုံးဝ ဝင်ရောက်၍ မရနိုင်ချေ။
ဘာတွေ ဖြစ်နေသနည်း။ ရှမ့်လန် အံ့အားသင့်သွားသည်။ ယခင်က မည်သည့် စွမ်းအင်ဝဲကတော့ကိုမဆို ရှင်းရှင်းလင်းလင်း ဖြတ်သန်းသွားနိုင်ခဲ့သည် မဟုတ်လား။ ယခု အဘယ့်ကြောင့် မရတော့သနည်း။
သူ၏ လုပ်ပိုင်ခွင့် အာဏာ မလုံလောက်၍လား။ ဤစွမ်းအင်ဝဲကတော့၏ အဆင့်အတန်းက ပိုမြင့်နေ သောကြောင့်လား သို့မဟုတ် နဂါးအမြုတေကို ရင်ဘတ်၌ မြှုပ်နှံလိုက်သောကြောင့် စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းခွင့် အာဏာ ဆုံးရှုံးသွားခြင်းလား။ ဤအရာမှာ မဖြစ်နိုင်ပေ။ ထို့နောက် ရှမ့်လန် အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း လုံးဝ ဖြတ်သန်း၍ မရပေ။
တချောင်မှာမူ စိတ်ဓာတ်ပြန်တက်လာသည်။ နောက်တစ်ကြိမ် အသံလှိုင်းကို ပြင်ဆင်ပြီး စွမ်းအင်ဝဲကတော့ ဆီသို့ တည့်တည့် ပစ်ခတ်လိုက်သည်။
“ဝုန်း...” ရလဒ်မှာ ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ပင်။
တချောင်၏ အသံလှိုင်းသည် စွမ်းအင်ဝဲကတော့ကို ထိမှန်သွားသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ခြေရာလက်ရာ မကျန် တိုက်ရိုက် ပျောက်ကွယ်သွားသည်။
ချောင်ယောင်းအာသည် ဓားမြှောင်တစ်ချောင်း ထုတ်ယူပြီး စွမ်းအင်ဝဲကတော့ထဲသို့ ပစ်ထည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဓားမြှောင်က တိုက်ရိုက် ပြာကျသွားပြီး စွမ်းအင်ဝဲကတော့၏ ဖျက်ဆီးနိုင်စွမ်းကို ပြသလိုက်၏။
ရှမ့်လန်သည် ရှေးဟောင်းဘုရင် လက်စွပ်ဖြင့် ပထမ အချုပ်ခန်းကိုသာ ဖွင့်နိုင်ခဲ့သော်လည်း ဒုတိယ အခန်းကို မဖွင့်နိုင်ခဲ့ပေ မည်သူ ထင်မှတ်မည်နည်း။ ထို့နောက် ရှမ့်လန် တတိယ အချုပ်ခန်းသို့ ရောက်လာသည်။ ဤအချုပ်ခန်း သည် အလွန်တရာ ကြီးမားသည်။ စတုရန်းမီတာ ထောင်ချီ ကျယ်ဝန်းပြီး အမြင့် တစ်ခုတည်း ကပင် မီတာ ၅၀ ခန့် ရှိသည်။
တတိယ အချုပ်ခန်းအပြင်ဘက်တွင်လည်း ဆိုင်းဘုတ်တစ်ခု ရှိပြီး အကျဉ်းသား၏ အထောက်အထားနှင့် ပြစ်မှုများကို ဖော်ပြထားသည်။ သို့သော်ငြား ရှမ့်လန်သည် ဤစာများကို လုံးဝ နားမလည်ပေ။ AI မှတ်ဉာဏ်တုကို အသုံးပြု၍ ရှာဖွေကြည့်သော်လည်း ဤစာများကို လုံးဝ ရှာမတွေ့ချေ။ ဤစာများသည် တရုတ်စာလုံးများ၊ ဂရိစာလုံးများ၊ ရိုမန်စာလုံးများ၊ လက်တင်စာလုံးများ သို့မဟုတ် အရုပ်စာများ မဟုတ်ကြပေ။
ဤစာများသည် အလွန် နက်နဲပြီး ခေတ္တမျှ လေ့လာကြည့်ပြီးနောက် ရှမ့်လန်အား စွဲလမ်းသွားသကဲ့သို့ ဖြစ်သွားစေသည်။ စာလုံးများ၏အဓိပ္ပာယ်ကို စွဲလမ်းသွားခြင်း မဟုတ်ဘဲ အချိန်အကြာကြီး စဉ်းစားသော်လည်း အဓိပ္ပာယ် မဖော်နိုင်သောကြောင့် ဖြစ်သည်။ သူ စွဲလမ်းနေသည်မှာ ဤစာလုံးများ၏ ယုတ္တိဗေဒ ဖြစ်သည်။ ရေးသားထားသော ဘာသာစကား သက်သက် မဟုတ်ဘဲ အလွန် ဆန်းကြယ်သော ယုတ္တိဗေဒ တစ်ခုရှိနေသကဲ့သို့ပင်။
ဤစာလုံးများသည် အလွန် အဆင့်မြင့်မားသည်။ အနည်းဆုံးတော့ ရှမ့်လန် သိထားသော လက်ရှိ စာလုံးများထက် ပို၍ အဆင့်မြင့်သည်။ အကြောင်းအရာ အများကြီးကို ဖော်ပြရန် အတိုဆုံးသော စကားလုံးများကို အသုံးပြုထားသည်။ ထိုသို့ဖြင့် ရှမ့်လန်သည် ဤစာလုံးများအောက်တွင် ရပ်လျက် တွေးရင်း တွေးရင်း အချိန် မည်မျှ ကြာသွားသည်ပင် မသိတော့ချေ။
ချောင်ယောင်းအာက ရှမ့်လန်၏ မျက်နှာကို အသာအယာ ပုတ်ကာ ပြောသည်။ “ကျွန်မတို့ ရောက်နေတာ ကြာလှပြီ။ မင်းသားလျန် ရောက်နေလောက်ပြီ။”
ရှမ့်လန် ရုတ်တရက် သတိဝင်လာပြီး မေးလိုက်၏။ “ငါ အတွေးလွန်နေတာ ဘယ်လောက် ကြာသွားပြီလဲ။”
“ဆယ်နာရီ”
ရှမ့်လန် ထိတ်လန့်သွားသည်။ ဆယ်နာရီတောင် ရှိပြီလား။ ငါးမိနစ်ပင် မရှိသေးကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း မျက်စိတစ်မှိတ်အတွင်း ဆယ်နာရီ ကုန်ဆုံးသွားခဲ့သည်။
သို့သော်ငြား သူသည် ဤစာလုံးများကို လေ့လာရင်း စွဲလမ်းသွားခြင်းသာ ဖြစ်ပြီး ဘာအဓိပ္ပာယ် ဆိုလိုသည်ကို ယခုထိ နားမလည်နိုင်သေးပေ။
“ဒါက ဘယ်လို စာလုံးမျိုးလဲ။ အရမ်း ထူးဆန်းတာပဲ။”
ဤကမ္ဘာသို့ ရောက်လာပြီးနောက် ရှမ့်လန် မြင်တွေ့ခဲ့ရသော ရှေးဟောင်းစာပေ အားလုံးသည် ကမ္ဘာမြေမှ လာခြင်း ဖြစ်သည်။ တရုတ်စာလုံးများ၊ အာရပ်စာလုံးများ၊ လက်တင်စာလုံးများ၊ ဂရိစာလုံးများ စသည်တို့ ပါဝင်သည်။ အခြားစာလုံးများ ပေါ်လာတော့မည် မဟုတ်ဟု သူ ထင်မှတ်လုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် ဤမျှ နက်နဲဆန်းကြယ်သော စာလုံးများ ပေါ်လာခဲ့၏။
ဤသည်မှာ ရှေးဟောင်းစာပေ အစစ်အမှန် ဖြစ်နိုင်သည်လား။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် မမြင်ဖူးရသနည်း။ ထို့အပြင် ဤရှေးဟောင်းစာလုံးများသည် လူ့စိတ်နှင့် ဝိညာဉ်ကို လုံးဝ နှစ်မြှုပ်သွားစေနိုင်သော မှော်စွမ်းအားတစ်မျိုး ရှိပုံရသည်။ စာလုံးများ သက်သက် မဟုတ်ဘဲ အခြားယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုသော အထူးတွေးခေါ်ပုံစနစ် တစ်ခု ဖြစ်နေသလိုပင်။
...
အပိုင်း (၁၀၉၄)
ဒုတိယ အကျဉ်းထောင်ကိုပင် ဝင်မရခဲ့လျှင် တတိယ အကျဉ်းထောင်ကိုလည်း သေချာပေါက် ဝင်၍ ရမည် မဟုတ်ပေ။ ထိုအရာက သဘာဝပင်။ ရှမ့်လန်သည် စတုတ္ထ အကျဉ်းထောင်ရှေ့သို့ ရောက်လာသည်။ ဤအကျဉ်းထောင်သည် အလွန်တရာ ကြီးမားပြီး ဧရိယာ စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းကာ နံရံများက မီတာ ၂၀၀ ကျော် မြင့်မားသည်။
ဤစတုတ္ထ အကျဉ်းထောင်ထဲတွင် ဘာကို ချုပ်နှောင်ထားကြောင်း သူ စဉ်းစား၍ မရနိုင်ပေ။ အကျဉ်းသား တစ်စုလား။ သို့မဟုတ် အကျဉ်းသား တစ်ဦးတည်းလား။ အကယ်၍ အကျဉ်းသား တစ်ဦးတည်းသာ ဖြစ်လျှင် ထိုအကျဉ်းသား၏ အရွယ်အစားမှာ ရိုးရှင်းစွာပင် အလွန် ထိတ်လန့်စရာ ကောင်းနေပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ဤအကျဉ်းထောင်သည် စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းပြီး မီတာ ရာပေါင်းများစွာ မြင့်မားသောကြောင့်ပင်။
စတုတ္ထ အကျဉ်းထောင် အပြင်ဘက် ဆိုင်းဘုတ်တွင်လည်း ရှေးဟောင်းစာလုံးများ ရေးသားထားသည်။ ရှမ့်လန် နားမလည်နိုင်သေးသောကြောင့် AI မှတ်ဉာဏ်တုကို အသုံးပြု၍ မှတ်တမ်းတင်ထားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် စတုတ္ထ အကျဉ်းထောင် ဆိုင်းဘုတ်မှ စာများကို မလေ့လာတော့ဘဲ ပဥ္စမ အကျဉ်းထောင်ရှေ့သို့ တိုက်ရိုက် သွားလိုက်သည်။
ဤရှေးဟောင်းအကျဉ်းထောင်တွင် အချုပ်ခန်း စုစုပေါင်း ငါးခန်း ရှိသည်။ ဤနေရာရှိ အကျဉ်းသားများ၏ အထောက်အထားများမှာ တစ်ဦးထက်တစ်ဦး ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ဒုတိယ အကျဉ်းသားသည်ပင် လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အမှောင်ဘုရင်မ ဖြစ်နေပြီ။ စတုတ္ထ အကျဉ်းသား၏ အရွယ်အစားမှာလည်း ထိတ်လန့်စရာ ကောင်းပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဤပဥ္စမ အကျဉ်းသားသည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ဖြစ်ရပေမည်။ သူသည် အမြင့်ဆုံး အဆင့်အတန်း ရှိသူဖြစ်ဖြစ်၊ သို့မဟုတ် အကြီးမားဆုံး ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူဖြစ်ဖြစ် ဖြစ်ရပေမည်။
ပဥ္စမမြောက် အကျဉ်းသားကို ဖော်ပြရန် အလွန်တုံးအသော အသုံးအနှုန်းတစ်ခု ရှာရမည်ဆိုလျှင်... အသန်မာဆုံး ရှေးဟောင်းခေါင်းဆောင်ကြီး ဟူ၍ ခေါ်ဆိုရမည်လား။ သို့မဟုတ် အန္တိမ ရှေးဟောင်း အကျဉ်းသားလား။
သို့သော်ငြား ဤပဥ္စမမြောက် အချုပ်ခန်းသည် လုံးဝကြီးမားခြင်း မရှိပေ။ ပထမအချုပ်ခန်းထက်ပင် သေးငယ်နေသေးသည်။
ထိုမျှမကသေးချေ။ ပဥ္စမမြောက် အချုပ်ခန်း၏ နံရံပေါ်တွင် ဆိုင်းဘုတ်တစ်ခု ရှိသော်လည်း ဗလာကျင်းနေ၏။ တရုတ်စာလုံးဖြစ်စေ၊ ရှေးဟောင်းစာလုံးဖြစ်စေ မည်သည့်စာလုံးမှ ရေးသားထားခြင်း မရှိပေ။ ဤလူ၏ အမည်နာမနှင့် အထောက်အထားကို ရေးသားမထားသလို၊ ပြစ်မှုများကိုလည်း ရေးသားမထားချေ။ ဤအချက်ကပင် ပိုမိုနက်နဲဆန်းကြယ်သွားစေသည်။ အမည်နာမ မရှိသော အကျဉ်းသားသည် အမှန်တကယ် အန္တိမခေါင်းဆောင်ကြီး ဖြစ်နေနိုင်၏။
ထို့နောက် ရှမ့်လန်သည် ပဥ္စမမြောက် အချုပ်ခန်းတံခါးပေါ်သို့ လက်ကို ဖိကပ်လိုက်သည်။ နောက်ဆုံးတွင် မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ ယခင်အချုပ်ခန်းတံခါးများကို ဖွင့်၍မရလျှင်ပင် အလင်းနှင့် အရိပ်စာလုံးများ ပေါ်လာတတ်သေးသည် မဟုတ်ပါလား။ သို့သော်ငြား ဤပဥ္စမမြောက် အချုပ်ခန်းမှာမူ မည်သည့်တုံ့ပြန်မှုမှ ပေါ်မလာပေ။
ရှမ့်လန်သည် ဤတံခါးကို လှုပ်နှိုးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ မရှိသလို၊ စွမ်းအင်ဝဲကတော့ကိုပင် ပေါ်လာအောင် အသက်သွင်းနိုင်ခြင်း မရှိထျေ။
ရှမ့်လန်နှင့် ချောင်ယောင်းအာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏အကြည့်များတွင် လေးနက်မှုတို့ ပါဝင်နေ၏။ ဤနေရာကို ရှေးဟောင်းအပျက်အစီးဟု ထင်မှတ်ကာ ကြီးပွားချမ်းသာ လာမည်ဟု တွေးခဲ့ကြသော်လည်း လက်တွေ့တွင် ရှေးဟောင်းအကျဉ်းထောင်တစ်ခုသာ ဖြစ်နေခဲ့သည်။
အမှန်စင်စစ် ရှမ့်လန် ကြီးပွားချမ်းသာခဲ့သည်မှာ မှန်ပါသည်။ အလွန်စွမ်းအားကြီးသော နဂါးအမြုတေကို ရရှိခဲ့သည် မဟုတ်ပါလား။ မည်သို့အသုံးပြုရမည်ကို မသိသေးခြင်းသာ ဖြစ်သည်။ သို့သော်ငြား ယခု ရှေးဟောင်း အကျဉ်းထောင်တွင် နဂါးအမြုတေသည်ပင် အရေးမကြီးတော့ကြောင်း ရှမ့်လန် ရှင်းလင်းစွာ ခံစားလိုက်ရ၏။
အရေးကြီးသည်မှာ ဤနေရာရှိ အကျဉ်းသားများ ဖြစ်ကြပြီး၊ အထူးသဖြင့် နောက်ဆုံးအကျဉ်းသား သုံးဦး ဖြစ်သည်။ ပို၍ အရေးအကြီးဆုံးမှာ နောက်ဆုံးအကျဉ်းသား ဖြစ်သည်။ သူသည် အမည်နာမ မရှိသော်လည်း ရှမ့်လန်၏ မြင်ကွင်းထဲတွင်မူ အန္တိမခေါင်းဆောင်ကြီး ဖြစ်လုနီးပါး ဖြစ်နေသည်။
ဤလောကကြီး၏ အမှန်တရားနှင့် အလွန်နီးစပ်နေပြီဟု သူ ခံစားလိုက်ရသည်။ အထူးသဖြင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အမှန်တရား ဖြစ်သည်။ ဤရှေးဟောင်းအကျဉ်းထောင်ထဲ၌ ရှေးဟောင်းယဉ်ကျေးမှု ပျက်သုဉ်းခြင်းဆိုင်ရာ အမှန်တရားကိုပင် ရရှိနိုင်ကောင်း ရရှိပေလိမ့်မည်။
စိတ်မကောင်းစရာမှာ ရှမ့်လန်တွင် ဤအချုပ်ခန်း တံခါးများကို ဖွင့်လှစ်နိုင်သော လုပ်ပိုင်ခွင့်အာဏာ မရှိသေးခြင်းပင်။ ထိုအဆင့်သို့ရောက်ရန် အလှမ်းဝေးနေသေး၏။
သို့သော်ငြား အနည်းဆုံးတော့ ဤလောကကြီး၏ အမှန်တရား တစ်စိတ်တစ်ဒေသကို သူ လှစ်ဟ ကြည့်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။ မည်သည့်အရာကိုမှ မမြင်ရသေးသော်လည်း အဆုံးအစမဲ့ ကျယ်ပြောသော ကောင်းကင်ကြီး ဖြစ်ကြောင်း ခံစားလိုက်ရသည်။
အန္တိမအမှန်တရားက မည်သည့်အရာဖြစ်ကြောင်း ရှမ့်လန် မသိပေ။ သို့သော်ငြား ဤအမှန်တရား၏ အရှိန်အဝါကို အာရုံခံမိရုံဖြင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားစေရန် လုံလောက်သည်။ ထို့ကြောင့် နက်နက်နဲနဲ မစဉ်းစားရဲတော့ပေ။
ရှမ့်လန်သည် ပဥ္စမမြောက် အချုပ်ခန်းတံခါးပေါ်သို့ နဖူးကို ဖိကပ်ထား လိုက်သည်။ မည်သည့်အရာကိုမှ မခံစားရဘဲ အဆုံးအစမဲ့သော ဗလာနယ်ပယ်တစ်ခုကိုသာ ခံစားလိုက်ရ၏။
ရှမ့်လန်က မေးလိုက်သည်။ “ယောင်းအာ... မင်း စဉ်းစားလို့ရသမျှထဲမှာ အထိတ်လန့်စရာ အကောင်းဆုံး အမှန်တရား က ဘာဖြစ်မလဲ။ ဒီလောကကြီးရဲ့ အမှန်တရား၊ ရှေးဟောင်းယဉ်ကျေးမှု ပျက်သုဉ်းခြင်းရဲ့ အမှန်တရား...”
“ကျွန်မ မစဉ်းစားဘူး။” ချောင်ယောင်းအာ ခေါင်းခါယမ်းလိုက်၏။
“မင်း စဉ်းစားကြည့်ဖို့ မကြိုးစားဘူးလား။”
“နက်နက်နဲနဲ စဉ်းစားလိုက်ရင် စိတ်နှလုံးက အရာတစ်ခုခုဆီ ယိမ်းယိုင်သွားတတ်တယ်။ အဲဒါက မှားယွင်းတဲ့လမ်း ကို ရောက်သွားစေလိမ့်မယ်။”
ရှမ့်လန် အံ့အားသင့်သွားရသည်။ ချောင်ယောင်းအာ၏ စကားများသည် ရိုးရှင်းသော်လည်း အလွန် အရေးကြီးသော ဒဿနတစ်ခု ပါဝင်နေသည်။
ရှမ့်လန်က ပြတ်သားစွာ ပြောလိုက်၏။ “သွားကြစို့။ ပြန်ကြမယ်။ အနာဂတ်က အရေးကြီးပေမဲ့ လက်ရှိ အခြေအနေက ပိုအရေးကြီးတယ်။ မင်းသားလျန် စောင့်ရလွန်းလို့ ရူးတော့မယ် ထင်တယ်။”
ဤအချိန်တွင် တချောင်သည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး ပျင်းရိလွန်းသောကြောင့် ဟောက်သံကြီးများပင် ထွက်ကာ အိပ်ပျော်နေသည်။
ရှမ့်လန်က အနားသို့ လျှောက်သွားပြီး မေးစေ့ကို ကုတ်ပေးလိုက်၏။ “အိမ်ပြန်ကြစို့။ အိမ်ပြန်ကြမယ်။”
တချောင်သည် မျက်လုံးများ ချက်ချင်းပွင့်လာသည်။ ရှမ့်လန်ကို ဆွဲယူပြီး အပြင်သို့ ဒုန်းစိုင်းပြေးတော့သည်။ သူက ဤနေရာ၌ လုံးဝမနေချင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤရှေးဟောင်းအကျဉ်းထောင် အတွင်းရှိ စွမ်းအင်အရှိန်အဝါများက သူ့ကို မသက်မသာဖြစ်စေပြီး ကြောက်ရွံ့မှုကိုပင် ဖြစ်ပေါ်စေသောကြောင့်ပင်။ သို့သော်ငြား မည်သည့်အရာကို ကြောက်ရွံ့နေသည်ကို သူ ကိုယ်တိုင်လည်း မပြောပြတတ်ပေ။
တစ်နေ့လုံး စူးစမ်းလေ့လာပြီးနောက် ရှမ့်လန်သည် ပင်လယ်ကြမ်းပြင်အောက်ရှိ ရှေးဟောင်း အကျဉ်းထောင်မှ ထွက်ခွာလာခဲ့ပြီး ဝင်ပေါက်ကို လုံးဝပိတ်ဆို့ထားလိုက်သည်။ မည်သူမှ ဝင်ရောက်နိုင်ခြင်း မရှိစေရန် စီမံလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ဤရှေးဟောင်းအကျဉ်းထောင်သည် စေတီတောင်ပေါ်ရှိ ကြီးမားသော ရှေးဟောင်း အပျက်အစီးထက် ပိုမိုအရေးပါကြောင်း သူ အာရုံခံမိသောကြောင့် ဖြစ်သည်။ အတွင်း၌ ရှေးဟောင်းကိရိယာများ၊ ရှေးဟောင်းလက်နက်များ သို့မဟုတ် နဂါးနောင်တတို့ မရှိသော်လည်း၊ လျှို့ဝှက်ချက်များ နှင့် အန္တိမအမှန်တရားများ ရှိနေသောကြောင့်ပင်။
.........
မင်းသားလျန်သည် နောက်ဆုံးတွင် ရှမ့်လန်ကို ပြန်လည်တွေ့ရှိလိုက်ရသည်။ မူလက သူ အလွန်ဒေါသထွက် နေသော်လည်း ခဏအတွင်း ဒေါသများ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်သည်။
“အရှင်ရှမ့်လန်... ကျုပ်တို့ ခင်ဗျားရဲ့ သားရဲကို လိုချင်တာက ပိုင်ဆိုင်ချင်ရုံ သက်သက် မဟုတ်ဘူး။”
“ကျုပ် နားလည်ပါတယ်။ ရွေ့လျားမှု မြန်ဆန်ပြီး၊ အရှိန်မြင့်မြင့်၊ အမြင့်ပျံနိုင်တဲ့ လေတပ်သားရဲကို ကျုပ်တို့ ပိုင်ဆိုင်ထားတာ ခင်ဗျားတို့ မလိုလားဘူး။ တစ်ကောင်တည်း ရှိရင်တောင်မှ ကျုပ် ရူးသွပ်ပြီး တော်ဝင်ရန်အင်ပါယာကို လေကြောင်းကနေ တိုက်ခိုက်ရင် ကာကွယ်ဖို့ မဖြစ်နိုင်ဘူးလေ။”
“ဉာဏ်ကောင်းတဲ့လူနဲ့ စကားပြောရတာ တကယ်ပဲ လွယ်ကူပါတယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့ ဒီပျံသန်းတဲ့ သားရဲကို လက်မလွှဲပေးချင်ဘူးဆိုရင် သူ့အတောင်ပံတွေကို ချိုးဖျက်ပစ်လို့ ရပါတယ်။ ဒါဆိုရင် သူ့ရဲ့ ပျံသန်းနိုင်စွမ်းကို ကျုပ်တို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။”
ရှမ့်လန် လက်ဖက်ရည်ခွက်ကို မရင်း ပြောလိုက်၏။ “မင်းသားလျန်... ခင်ဗျား နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် ကျုပ် မောင်းထုတ်လိုက်တော့မှာနော်။”
တော်ဝင်ရန်အင်ပါယာမှ မင်းသားလျန်သည် ဤခေါင်းစဉ်ကို ချက်ချင်း ရပ်တန့်လိုက်သည်။
ရှမ့်လန်က ဆက်ပြော၏။ “မင်းသားလျန်... ကျုပ် ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ။ ကျုပ်တို့ရဲ့ ဆွေးနွေး ညှိနှိုင်းမှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရန်မြို့တော်အနေနဲ့ နဂါးနောင်တ နှစ်ခုကို ရင်ကွမ်းနဲ့ စေတီတောင်ဆီ ပစ်လွှတ်ရလိမ့်မယ်။ ပထမအချက်က ခြိမ်းခြောက်ဖို့၊ ဒုတိယအချက်က တော်ဝင်ရန်အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိပါးလို့မရကြောင်း တော်ဝင်ရန်မြို့တော်အရာရှိတွေနဲ့ အရှေ့တိုင်းလောက ကို ပြသဖို့ပဲ။”
မင်းသားလျန်က သဘောတူလိုက်သည်။ “မှန်ပါတယ်။ ကျုပ်တို့ ဒီနဂါးနောင်တ နှစ်ခုကို သေချာပေါက် ပစ်လွှတ်ပါမယ်။ ဒါပေမဲ့ ပစ်လွှတ်မယ့် အချိန်ကိုက်မှုနဲ့ ပစ်မှတ်နေရာက အရမ်းအရေးကြီးတယ် မဟုတ်လား။ ကျုပ်တို့ လအနည်းငယ်လောက် ဆိုင်းငံ့ထားလို့ ရပါတယ်။ ဥပမာ - ရင်ဝူမင်ရဲ့ တပ်တော်က ချောင်ဘုရင့် မြို့တော်ကို ဖျက်ဆီးပြီးတဲ့အချိန်အထိ၊ ဒါမှမဟုတ် မင်းသားကျင်းရဲ့ လူသောင်းချီ အကုန်သေဆုံးသွားတဲ့ အချိန်အထိ စောင့်လို့ ရတာပဲ။”
ရှမ့်လန်က ပြတ်သားစွာ ပြော၏။ “ဟုတ်တယ်။ အဲဒါက ကျုပ်တို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာပဲ။ ဘယ်အချိန် ပစ်လွှတ်မလဲ။ ပစ်မှတ်က ဘယ်နေရာလဲ။ ကျုပ် တော်ဝင်ရန်မြို့တော်ကို အကြံပြုချက် နှစ်ခု ပေးမယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပစ်လွှတ်လိုက်ပါ။ တစ်ခုကို ကျင်းကန်တောင်ရဲ့ အပြင်ဘက်ဆီ ပစ်လွှတ်ပြီး ရင်ကွမ်းနဲ့ စေတီတောင် မဟာမိတ်တပ်တွေကို ဖျက်ဆီးလိုက်။
ဘာလို့လဲဆိုတော့ သူတို့က အဲဒီမှာ လွတ်မြောက်လမ်းမရှိတဲ့ ထောင်ချောက်တစ်ခု ဆင်ထားပြီးပြီ။ အံ့မခန်း များပြားတဲ့ သိုင်းပညာရှင် တပ်တော်၊ ငရဲတပ်တော်နဲ့ လျှို့ဝှက်တပ်တော်တွေကို စုစည်းထားတယ်။ ဒါကြောင့် ဒီတစ်ခါ နဂါးနောင်တက အရင်တစ်ခါထက် ပိုပြီး ပျက်စီးဆုံးရှုံးမှု များလိမ့်မယ်။ ဒုတိယတစ်ခုကိုတော့ စေတီတောင်ရဲ့ ဌာနချုပ်ဆီ ပစ်လွှတ်လိုက်ရင် ဘယ်လိုလဲ။”
မင်းသားလျန်က စိတ်ဝင်စားသွားသည်။ “အကြံကောင်းပဲ။ ဒါပေမဲ့ အရှင်ရှမ့်လန်က ဘယ်လိုတန်ဖိုးကို ပေးဆပ်မှာလဲ။”
“ကျုပ် လျှို့ဝှက်ချက်တစ်ခု ပေးမယ်။”
“လျှို့ဝှက်ချက်... ဘာလျှို့ဝှက်ချက်လဲ။”
“ကောင်းကင်ပြစ်ဒဏ် နန်းဆောင်သခင်က နဂါးဥအတုတစ်လုံး ရရှိခဲ့တယ်။”
မင်းသားလျန်သည် ထိုစကားကို ကြားလိုက်ရချိန်မှာတော့ အလွန်အမင်း တုန်လှုပ်သွားသည်။ ထို့နောက် အာမေဋိတ်သံဖြင့် ရေရွတ်လိုက်၏။
“ဘာ နဂါးဥလဲ။ ကျုပ် နားမလည်ဘူး။ ဒီလောကမှာ နဂါးဥ ရှိသေးလို့လား။”
ရှမ့်လန်က ရှင်းပြသည်။ “ကျုပ် ဒီကိစ္စကို အမြဲတမ်း ဇဝေဇဝါ ဖြစ်ခဲ့ရတယ်။ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်က တော်ဝင်ရန်အင်ပါယာရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အပြည့်အဝ ရှိနေတာ။ အရင်ခေတ် ကောင်းကင်ပြစ်ဒဏ် နန်းဆောင်သခင်တွေဆိုရင် ကျိမျိုးရိုးတွေချည်းပဲ။ တကယ်တော့ မိသားစု တစ်စုတည်းပဲလေ။
တင်းယွမ်မြို့ကို ကြယ်တံခွန် ဝင်တိုက်တုန်းက တော်ဝင်ရန်အင်ပါယာ အနောက်ပိုင်းတပ်တော်က စစ်သည် ခြောက်သိန်းကျော် သေဆုံးခဲ့တယ်။ အများစုက ကျင်းနိုင်ငံနဲ့ လက်အောက်ခံနိုင်ငံတွေက စစ်သည်တွေပဲ။ ဒါကို ကျုပ် နားလည်ပေးလို့ ရတယ်။ တုံ့ကျန်းဘုရားကျောင်းရဲ့ လျှို့ဝှက်တပ်တော်ကိစ္စကိုတောင် ကျုပ် နားလည်ပေးလို့ ရသေးတယ်။
ဒါပေမဲ့ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်က စစ်သည် နှစ်သောင်း ဘာဖြစ်သွားသလဲ။ သူတို့ကော အထဲမှာ သေသွားကြတာလား။ အရှင်ဧကရာဇ် နဲ့ အိမ်ရှေ့စံမင်းသားတို့က ကြယ်တံခွန် ဝင်တိုက်တဲ့ကိစ္စကို သိထားကြတယ်။ ကျုပ်လက်ထဲမှာ နဂါးနောင်တ အခုပေါင်းများစွာ မရှိဘူးဆိုတာ သူတို့ သိထားတယ်။”
မင်းသားလျန် တိတ်ဆိတ်နေ၏။
ရှမ့်လန် ဆက်ပြောသည်။ “နောက်ထပ် တစ်ခု ရှိသေးတယ်။ ကျုပ် နဂါးဥအတု တစ်လုံး ရခဲ့တယ်။ အဲဒီတုန်းကတော့ ဒါက အစစ်လား ၊ အတုလား ဘယ်သူမှ မသိကြဘူး။ နဂါးဥ တစ်လုံးက တန်ဖိုးမဖြတ်နိုင်ဘူး။ ဒီနဂါးဥ မပြောနဲ့။ တခြား ရတနာတွေကလည်း တန်ဖိုး မဖြတ်နိုင်ဘူး။
တော်ဝင်ရန်အင်ပါယာမှာ ပြိုင်ဘက်ကင်း ထိပ်တန်း ကျွမ်းကျင်သူတွေ မရေမတွက်နိုင်အောင် ရှိပါလျက်နဲ့ ဘာလို့ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ကလူကို လွှတ်ပြီး နဂါးဥကို ကြားဖြတ်လုယူခိုင်းရတာလဲ။ ကြယ်တံခွန် ဝင်တိုက်ပြီးတဲ့နောက် နဂါးဥအစစ် ရှိနေခဲ့တာလား။ တခြားလူတွေ မသိရင်တောင် အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံတို့က သိတယ်။ သိတယ်ဆိုရင် ဘာလို့ နဂါးဥအတုကို ကောင်းကင်ပြစ်ဒဏ် နန်းဆောင်သခင် လက်ထဲ ရောက်သွားအောင် လွှတ်ပေးထားခဲ့တာလဲ။”
မင်းသားလျန် ဆက်လက် တိတ်ဆိတ်နေဆဲပင်။
“ဒါပေါ့။ ဒါက ထိပ်တန်း လျှို့ဝှက်ချက်ပဲ။ တော်ဝင်ရန် အင်ပါယာရဲ့ ဧကရာဇ် နဲ့ အိမ်ရှေ့စံကလွဲရင် တော်ဝင်ရန်မြို့တော်မှာ တခြားဘယ်သူမှ မသိကြဘူး။ မင်းသားလျန်လည်း မကြာသေးခင်ကမှ သိခဲ့တယ်လို့ ကျုပ် ယုံကြည်တယ်။ ခင်ဗျားက ကျုပ်နဲ့ လာဆွေးနွေးတာဆိုတော့ အိမ်ရှေ့စံက ခင်ဗျားကို အသိပေးခဲ့ရတာပေါ့။”
အချိန်အတန်ကြာမှ မင်းသားလျန် ပြောလိုက်၏။ “အရှင်ရှမ့်လန်... ခင်ဗျားက လူယုတ်မာပဲ။ ပြီးတော့ ကပ်စေးနည်းတဲ့ လူယုတ်မာ။ ကျုပ် လာမဆွေးနွေးခင် အိမ်ရှေ့စံက ကျုပ်နဲ့ စကားပြောခဲ့သေးတယ်။ ခင်ဗျားက ဒီကိစ္စကိုသုံးပြီး တော်ဝင်ရန်မြို့တော်ကို ခြိမ်းခြောက်လိမ့်မယ်လို့ သူ ပြောခဲ့တယ်။ ခင်ဗျား တကယ် လုပ်လိမ့်မယ်လို့ ကျုပ် မထင်ခဲ့ဘူး။ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်သခင်ကို သတ်ချင်တာက ခင်ဗျားလေ။ ဒါကိုများ ဈေးစစ်စရာတစ်ခုအဖြစ် သုံးရတယ်လို့၊ ခင်ဗျား ဘယ်လောက်တောင် အရှက် မရှိလိုက်လဲ။”
ရှမ့်လန်က ရယ်မောလိုက်သည်။ “ကျုပ်က ဒီနဂါးဥကို သုံးပြီး တော်ဝင်ရန်မြို့တော်က လူတစ်ယောက်ကို ဒုက္ခပေးချင်ခဲ့တာ။ ကံမကောင်းစွာနဲ့ တော်ဝင်ရန်မြို့တော်ရဲ့ ဆရာကြီးက အရမ်းဉာဏ်ကောင်းပြီး အများကြီး သိနေခဲ့တယ်။ ဒါတောင်မှ အိမ်ရှေ့စံက နဂါးဥအတုကို ကောင်းကင်ပြစ်ဒဏ်နန်းဆောင်သခင် လက်ထဲ ရောက်သွားခွင့် ပြုခဲ့တယ်။ သူ့ဆီမှာ ရည်ရွယ်ချက်တွေ ရှိတယ်။ ကျုပ်သာ ဒီလျှို့ဝှက်ချက်ကို ကောင်းကင်ပြစ်ဒဏ် နန်းဆောင်သခင်ဆီ သွားပြောလိုက်ရင် ဘာဖြစ်သွားမလဲ။”
မင်းသားလျန် ခြိမ်းခြောက်ချင်သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် အလွန်အရှက်မရှိသောကြောင့်ပင်။ မည်သူ့ကိုမဆို ဒုက္ခပေးခြင်းမှာ သူ့အတွက် ပုံမှန်ပင်။
“ကောင်းပြီ။ ခင်ဗျားရဲ့ ခြိမ်းခြောက်မှု အောင်မြင်တယ်။ ပထမ နဂါးနောင်တကို စေတီတောင် ဌာနချုပ်ဆီ ပစ်လွှတ်ပေးမယ်။” မင်းသားလျန်က သဘောတူလိုက်၏။
“ဒုတိယ နဂါးနောင်တ ပစ်မှတ်အကြောင်း ဆက်ပြောရအောင်။ ခင်ဗျားက ကျင်းကန်တောင် အပြင်ဘက်ဆီ ပစ်လွှတ်ချင်တယ်။ မင်းသားကျင်းကို ဝိုင်းထားတဲ့ ရင်ကွမ်းရဲ့ စေတီတောင် မဟာမိတ်တပ်တွေကို ဖျက်ဆီးချင်တာမလား။ ကျုပ်တို့ရဲ့အင်အားကို သုံးပြီး ကြွားဝါချင်တယ်။ လောကကြီးကို တုန်လှုပ်စေချင် တယ်။ ရင်ကွမ်းကို သေစေလောက်တဲ့ ထိုးနှက်ချက် ပေးချင်တယ်။ ရပတယ်။ ဒါပေမဲ့ ခင်ဗျား တန်ဖိုးတစ်ခု ပေးဆပ်ရမယ်။ ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ရမယ်။”
ရှမ့်လန်က ထောက်ပြလိုက်သည်။ “နဂါးအရှိန်အဝါ ပစ်လွှတ်စင်က ကြီးမားပြီး သယ်ဆောင်ရ ခက်ခဲတယ်။ ပြီးတော့ နဂါးနောင်တရဲ့ ပစ်ခတ်နိုင်မှု အကွာအဝေးက ၂၅၀ ကီလိုမီတာပဲ ရှိတယ်။ ဒါကြောင့် နဂါးနောင်တနဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ကျင်းကန်တောင်နဲ့ ၂၅၀ ကီလိုမီတာ အကွာအဝေးဆီ သယ်ဆောင်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ရင်ကွမ်းနဲ့ စေတီတောင်ရဲ့ နယ်မြေတွေကို ဖြတ်သန်းရမှာမို့လို့ပဲ။ အဲဒါက ကီလိုမီတာ တစ်သောင်းကနေ နှစ်သောင်းကျော်လောက် ဝေးတယ်။”
မင်းသားလျန်က အာမခံလိုက်၏။ “အဲဒါကို ခင်ဗျား စိတ်ပူစရာ မလိုဘူး။ ကျုပ်တို့ လုပ်နိုင်တယ်လို့ ပြောရင် သေချာပေါက် လုပ်ပြမယ်။”
“အထူးတာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုလား။ ကီလိုမီတာ ၁၅,၀၀၀ ကျော် ဝေးတဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်မှုလား။”
မင်းသားလျန်က ပြုံးလိုက်သည်။ “အရှင်ရှမ့်လန်... အသုံးအနှုန်း ကောင်းသားပဲ။ အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု... ဒီလောကမှာ ဘယ်သူမှ ဒီလိုသဘောတရားမျိုး ထုတ်မပြောနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျား ထုတ်ပြောနိုင်တယ်။ တော်ဝင်ရန်အင်ပါယာရဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ဖို့တောင် အသုံးပြုချင်နေသေးတယ်။ ခင်ဗျား တကယ် ဉာဏ်ကောင်းတယ်။ ကျုပ် အခု ပြောပြမယ်။ တော်ဝင်ရန်အင်ပါယာ လုပ်နိုင်တယ်။ ခင်ဗျားမျက်လုံးနဲ့ တပ်အပ်မြင်ရအောင် ကျုပ်တို့ လုပ်ပြချင်တယ်။”
သောက်ကျိုးနည်း... ဤသည်မှာ သတင်းကောင်း ဖြစ်သလို အလွန်ဆိုးရွားသော သတင်းဆိုးလည်း ဖြစ်သည်။ သို့သော်ငြား လက်ရှိအခြေအနေအတွက်မူ သတင်းကောင်း ဖြစ်နေသေး၏။
အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို ပြုလုပ်နိုင်ပြီး ကျင်းကန်တောင် အပြင်ဘက်ရှိ ရန်သူ့တပ်များကို ဤလောကမှ အပြီးအပိုင် ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ရင်ကွမ်းနှင့် စေတီတောင် အတွက် သေစေလောက်သော ထိုးနှက်ချက် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် လူပေါင်း သောင်းချီကိုလည်း ကယ်တင်နိုင်ပေလိမ့်မည်။