← Chapters

အခန်း (၁၀၉၁-၁၀၉၂)

Vol. 64 Ch. 1091-1092

အခန်း (၁၀၉၁-၁၀၉၂)

Vol. 64 Ch. 1091-1092

အပိုင်း (၁၀၉၁)

“ဒါဆိုရင် ဒီတစ်ခေါက် မီးတောက်မြို့တော်နဲ့ ပူးပေါင်းလိုက်တာပေါ့။”

“ဟုတ်တယ်။ အဲဒီလိုပဲ ပြောရမှာပေါ့။”

“အရှင်...အရှင်ရဲ့ အရှက်မဲ့တဲ့ ဆွဲဆောင်မှုက အရမ်း ပြင်းထန်လွန်းတယ်။ အားတုန်းလေး အလုပ်လုပ်ကြ မလား။”

ရှမ့်လန် အလျင်အမြန် ခေါင်းခါလိုက်သည်။ “မလုပ်ဘူး။ မလုပ်ဘူး။ ချောင်ယောင်းအာက ခုဏကမှ ငါ့ကို လေးကြိမ်လောက် နှိပ်စက်ထားတာ။ သံကိုယ်ထည် ဖြစ်နေရင်တောင် မခံနိုင်တော့ဘူး။”

ကျန်းချွင်းဟွာ ကြောင်အသွား၏။ ‘သုံးကြိမ်လို့ ပြောတာ မဟုတ်ဘူးလား။ ဘာလို့ လေးကြိမ် ဖြစ်သွားတာလဲ။ ယောက်ျား ... ရှင်တော်တော် ကြွားနိုင်တယ်နော်။’

“ယောက်ျား... နောက်ဆက်တွဲ ဘာလုပ်ကြမလဲ။ မီးတောက်မြို့တော်ကို လူလွှတ်လိုက်ရမလား။”

“မလိုပါဘူး။ မင်းသားလျန် မကြာခင် ပြန်လာရှာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပါးစပ်အကျယ်ကြီးဟပြီး ဖျက်ဆီးပစ်မယ့် ပစ်မှတ်နှစ်ခုကို ရွေးချယ်ပေးလိုက်မယ်။ ပြီးတော့ တော်ဝင်ရန်အင်ပါယာ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကိုလည်း စမ်းသပ်လို့ ရတာပေါ့။ အထူးသဖြင့် အဝေးကြီးကနေ လှမ်းပစ်နိုင်မလား ဆိုတာပေါ့။”

..............

နှစ်ရက်ကြာချိန်မှာတော့ တော်ဝင်ရန်အင်ပါယာ၏ မင်းသားလျန်သည် နုရှောင့်မြို့ရှိ ရဲတိုက်ကြီးသို့ နောက်တစ်ကြိမ် လျှို့ဝှက် ရောက်ရှိလာခဲ့သည်။

“အရှင်ရှမ့်လန် ဘယ်မှာလဲ။ ကျုပ် သူနဲ့ ထပ်ပြီး ဆွေးနွေးစရာ ရှိတယ်။” မင်းသားလျန်က မေးလိုက်၏။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး မင်းသား။ အရှင် မရှိပါဘူး။”

မင်းသားလျန် တုန်လှုပ်သွား၏။ “လက်တစ်လုံးခြား မလုပ်ပါနဲ့။ တော်ဝင်ရန်အင်ပါယာရဲ့ သည်းခံနိုင်စွမ်းကို မစမ်းသပ်ပါနဲ့။ ဒီလို လှည့်စားနေတာက ရယ်စရာကောင်းလွန်းပါတယ်။”

ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်းပင် မီးတောက်မြို့တော်သည် ရင်ကွမ်းနှင့် စေတီတောင်အား မဟာဗျူဟာမြောက် တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်။ ရှမ့်လန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ လုပ်ဆောင်ကြမည် ဖြစ်သည်။ သို့သော်ငြား မီးတောက်မြို့တော်၏ နဂါးနောင်တကို မည်သည့်နေရာသို့ ချိန်ရွယ် ပစ်ခတ်မည်နည်း။ ဤကိစ္စအတွက် ရှမ့်လန်နှင့် ဆွေးနွေးရန် လိုအပ်သည်။

အကယ်၍ ရှမ့်လန်က တိကျသော ပစ်မှတ်တစ်ခုကို ပစ်ခတ်လိုပါက၊ ဥပမာအားဖြင့် ကျင်းကန်တောင် အပြင်ဘက်ရှိ စေတီတောင်နှင့် ရင်ကွမ်း၏ တပ်များကို ပစ်ခတ်လိုပါက ထိုအင်အားကြီးမားသော ပင်မတပ်ကြီးကို ဤကမ္ဘာမြေမှ လုံးဝ ဖျောက်ဖျက်ပစ်နိုင်သည်။ မင်းသားကျင်း၏ ဝိုင်းရံပိတ်ဆို့ခံထားရမှုမှ လွတ်မြောက်ရန်အတွက် သူသည် တန်ရာတန်ကြေး တစ်ခု ပေးဆပ်ရမည်။

ထို့ကြောင့် မင်းသားလျန်သည် နောက်တစ်ကြိမ် လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။ သို့သော်ငြား သေစေလောက်သော ပြဿနာတစ်ခု ရှိနေ၏။

နဂါးအရှိန်အဝါ ပစ်လွှတ်စင် ယန္တရားသည် ကြီးမားပြီး ရှုပ်ထွေးလွန်း၏။ မီးတောက်မြို့တော်သည် ကျင်းကန်တောင်နှင့် မိုင်တစ်သောင်းကျော် ကွာဝေးပြီး နဂါးနောင်တသည် မိုင်ငါးရာထက် ပိုမပစ်နိုင်ပေ။ ချန်နိုင်ငံသစ်နှင့် စေတီတောင်၏ နယ်မြေကို ရှောင်ကွင်းပြီး နဂါးအရှိန်အဝါနှင့် နဂါးနောင်တကို ကျင်းကန်တောင်နှင့် မိုင်ငါးရာအကွာသို့ သယ်ဆောင်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာတွင် တာဝေးပစ် မဟာဗျူဟာ တိုက်ခိုက်နိုင်စွမ်း ရှိမရှိ စမ်းသပ်လိုခြင်း ဖြစ်သည်။ လက်တွေ့တွင် တာဝေးပစ် မဟာဗျူဟာ တိုက်ခိုက်ခြင်း အယူအဆ ဆိုသည်မှာ ဤလောကတွင် မရှိပေ။

ရှမ့်လန်က ခေတ်သစ်ကမ္ဘာမှ လာသူဖြစ်သောကြောင့်သာ ဤအမြင်မျိုး ရှိနေခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခေတ်သစ်လောကတွင် အရေးအကြီးဆုံးအရာမှာ တာဝေးပစ် နျူကလီးယား တိုက်ခိုက်နိုင်စွမ်း ဖြစ်သောကြောင့်ပင်။

သို့သော်ငြား တော်ဝင်ရန်အင်ပါယာတွင် ထိုစွမ်းရည်မျိုး ရှိ၊ မရှိ ရှမ့်လန် မသိပေ။ အကယ်၍ ရှိခဲ့လျှင် အရမ်းကြောက်စရာ ကောင်းလွန်းသည်။ အကယ်၍ သူတို့သာ ကျင်းကန်တောင် အပြင်ဘက်ရှိ ရင်ကွမ်းနှင့် စေတီတောင်၏ ပင်မတပ်ကြီးကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ရင်ကွမ်းနှင့် စေတီတောင် အပါအဝင် တစ်လောကလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေလိမ့်မည်။

“တကယ် စိတ်မကောင်းပါဘူး မင်းသားလျန်။ ကျွန်မတို့ အရှင်က မင်းသားကို လှည့်စားဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူက တကယ်ကို နုရှောင့်မြို့မှာ မရှိတာပါ။ နှစ်ရက် သုံးရက်လောက် စောင့်ပေးလို့ ရမလား။”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အရှင်က မင်းသားနဲ့ ဆွေးနွေးဖို့ မကြာခင် ပြန်လာခဲ့ပါလိမ့်မယ်။”

ထိုသို့ဆိုရင် ရှမ့်လန်က မူနေပြီး မင်းသားလျန်ကို တမင် ရှောင်နေခြင်းလား။ ထိုသို့ မဟုတ်ပေ။ မတော်တဆ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပြီး အလွန် ကြီးမားသော အံ့အားသင့်စရာ ဖြစ်ခဲ့၏။

သူက ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခုကို ရှာတွေ့ခဲ့သည်လား။ တိတိကျကျ ပြောရလျှင် သူရှာတွေ့ခြင်း မဟုတ်ပေ။ တချောင် ရှာတွေ့ခြင်း ဖြစ်သည်။ ၎င်းသည် မကြာသေးမီက လုပ်စရာ မရှိသောကြောင့် ပင်လယ်ကြမ်းပြင်တွင် နေ့တိုင်း သွားဆော့နေခဲ့သည်။ နောက်ဆုံး နုရှောင့်မြို့နှင့် မိုင်ရာဂဏန်း အကွာတွင် တုန်လှုပ်ဖွယ် ကောင်းသော ဝဲကတော့ကြီးတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုအထဲတွင် ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခု ပုန်းကွယ်နေပုံ ရသည်။

ထို့ကြောင့် ရှမ့်လန်သည် အခြားကိစ္စများကို ဘေးဖယ်ထားကာ စူးစမ်းလေ့လာရန် အလျင်အမြန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သူ ထပ်မံပြီး ကြီးပွားချမ်းသာတော့မည်ဟု ခံစားနေရ၏။

...............

တချောင်သည် လုပ်စရာမရှိသည့်အခါ ကိုယ်ပိုင်ဘဝကို အလွန် အပြည့်အဝ ဖြတ်သန်းနေတတ်သည်။ ကောင်းကင်ကိုးထပ်သို့ တက်ကာ လကို ဆွတ်ချင်ဆွတ်၊ ပင်လယ်ထဲ ဆင်းကာ လိပ်ဖမ်းချင်ဖမ်း လုပ်နေတတ်သည်။ သူက ရေကန်ထက် ပင်လယ်ကို ပိုသဘောကျပြီး ပိုနက်လေ ပိုကြိုက်လေ ဖြစ်သည်။ ငါးများတွင် ဆားပါဝင်မှု များလွန်းခြင်းသာ မရှိပါက ငါးအရသာကို သူ ကြိုက်နှစ်သက်နေလောက်ပြီ ဖြစ်သည်။

လဝက်မပြည့်ခင်မှာပင် သူသည် နုရှောင့်မြို့ ပတ်လည် ကီလိုမီတာ ရာပေါင်းများစွာကို မွှေနှောက်ခဲ့ပြီး ရေဘဝဲကြီးတစ်ကောင်ကို အနိုင်ယူကာ သမုဒ္ဒရာ၏ အရှင်သခင် ဖြစ်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း ဤဒေသတွင် မိုးခေါ်လေခေါ် လုပ်ကာ အလွန် ကြောက်မက်ဖွယ်ရာကောင်းနေတော့၏။

ကုန်းနေရေနေ သတ္တဝါများသည် ရေထဲတွင်လည်း နေနိုင်သလို ကုန်းပေါ်တွင်လည်း နေနိုင်သည်။ တချောင်က ပို၍ အံ့သြစရာ ကောင်းသည်။ သူသည် ပင်လယ်ထဲတွင်လည်း နေနိုင်၊ ကုန်းပေါ်တွင်လည်း နေနိုင်၊ လေထဲတွင်လည်း နေနိုင်သည်။ သူ့ဘိုးဘေးများ မည်သို့ ပျိုးထောင်ခံခဲ့ရသည်ကို မည်သူမှ မသိသော်လည်း ရှေးဟောင်းယဉ်ကျေးမှု၏ ဇီဝသုတေသနသည် အလွန်အမင်း တိုးတက်လွန်းကြောင်း တွေ့မြင်နိုင်သည်။

ပြောရလျှင် တချောင် ပင်လယ်ကြမ်းပြင်မှ ဝဲကတော့ကို ရှာတွေ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ သူသည် ပင်လယ်၏ အရှင်သခင်သစ် ဖြစ်လာသောကြောင့် အဏ္ဏဝါသတ္တဝါ တစ်ကောင်က သတင်းပေးခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူက ရှမ့်လန်နှင့် ချောင်ယောင်းအာကို ပင်လယ်ကြမ်းပြင်သို့ ခေါ်ဆောင်သွားသောအခါ အဏ္ဏဝါသတ္တဝါအုပ်စုက သူတို့နောက်မှ လိုက်ပါလာကြသည်။ ထိုအထဲတွင် ယခင် အရှင်သခင်ဟောင်း ရေဘဝဲကြီးလည်း ပါဝင်သည်။

တချောင်က ပို၍နက်သော နေရာသို့ ငုပ်လျှိုးသွားသည်။ ဤဒေသတွင် ဤမျှနက်ရှိုင်းသော ချောက်နက်ကြီး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အလွန်နက်လွန်းသောကြောင့် အောက်ခြေကို မမြင်ရပေ။ အလွန် လျှို့ဝှက်လွန်းသောကြောင့် ရှမ့်လန်၏ရေတပ်သည် အကြိမ်ပေါင်း ထောင်ချီ ဖြတ်သန်း သွားလာနေသော်လည်း ရှာမတွေ့ခဲ့ကြပေ။

ကံကောင်းထောက်မစွာပင် သူ့တွင် ရှေးဟောင်းဘုရင်လက်စွပ် ရှိနေသောကြောင့် ပင်လယ်ကြမ်းပြင်မှ ရေဖိအားကို ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။ မီတာထောင်ချီ နက်သော ချောက်ထဲသို့ ငုပ်လျှိုးသွားပြီးနောက် ကြီးမားသော ဝဲကတော့ကြီးတစ်ခုကို တွေ့လိုက်ရ၏။

တချောင် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ဤဝဲကတော့ကို ဖြတ်သန်းရန် ကြိုးစားခဲ့ဖူးပြီး အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းသောကြောင့်ပင်။ သို့သော်ငြား ဤသည်မှာ အလွန် အန္တရာယ်များသော လုပ်ရပ်ဖြစ်သည်။

တချောင်က အလွန် အစွမ်းထက်သောကြောင့်သာ ဖြတ်သန်းနိုင်ခြင်း ဖြစ်ပြီး အခြား အဏ္ဏဝါသတ္တဝါများ ဆိုလျှင် ဝင်ရဲမည် မဟုတ်ပေ။ ဝဲကတော့၏ စုပ်ယူအားမှာ ကြီးမားလွန်းသောကြောင့် တစ်ကြိမ် စုပ်ယူခံလိုက်ရပါက ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

“ရွှီး...”

ဝဲကတော့ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ဆက်လက် ပြုတ်ကျ သွားကြသည်။ အချိန်မည်မျှ ကြာသွားသည် မသိချေ။ ရုတ်တရက် အဆုံးသို့ ရောက်သည်အထိ ပြုတ်ကျသွား၏။ ဤနေရာတွင် ပင်လယ်ရေ မရှိတော့ပေ။ ထိုအစား အလွန် ရှေးကျပြီး ခမ်းနားထည်ဝါသော အဆောက်အအုံကြီး တစ်ခု ရှိနေသည်။ ဘုရားကျောင်းတစ်ခု ဖြစ်လောက်သည်။

ဤဘုရားကျောင်း၏ ဗိသုကာလက်ရာမှာ စိတ်ဝင်စားစရာကောင်းကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရသည်။ ရှေးဟောင်းအရှေ့တိုင်း အင်ပါယာ၏ ဗိသုကာပုံစံ ပါဝင်ရုံသာမက ပျောက်ဆုံးနိုင်ငံ အပျက်အစီးများနှင့် မိစ္ဆာတြိဂံနယ်မြေတို့၏ ဗိသုကာပုံစံများလည်း ပါဝင်နေသည်။ ထို့အပြင် ဘုရားကျောင်း ထဲတွင် လေရှိနေသေးသော်လည်း အလွန် ပါးလွှာနေပြီ ဖြစ်သည်။ ဤနေရာရှိ စွမ်းအင်ဗဟိုချက်သည်လည်း ကုန်ခမ်းလုနီးပါး ဖြစ်နေသည်မှာ ထင်ရှား၏။

ရှမ့်လန်သည် ဘုရားကျောင်းကို အသေအချာ စစ်ဆေးကြည့်ရှုပြီး ခေတ်ကာလနှင့် လုပ်ငန်းဆောင်တာများကို တွက်ချက်ရန် ကြိုးစားလိုက်သည်။ ခေတ်သစ်ကမ္ဘာတွင် ရှေးဟောင်းသင်္ချိုင်းတစ်ခု တွေ့ရှိပါက ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ခေတ်ကာလကို ဆုံးဖြတ်ခြင်း ဖြစ်သည်။ အားလုံးသည် ရှေးဟောင်းသင်္ချိုင်းများ ဖြစ်ကြသော်လည်း လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ရှမ့်လန် နဂါးနောင်တကို ရှာတွေ့ခဲ့သော လျှို့ဝှက်အခြေစိုက်စခန်းနှင့် ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ် နယ်မြေတို့သည် လုံးဝ ကွဲပြားခြားနားသော ခေတ်ကာလများ ဖြစ်ကြသည်။

“ဒီနေရာကို အရင်က လူရောက်ဖူးပုံပဲ။”

ချောင်ယောင်းအာ ရုတ်တရက် ပြောလိုက်၏။ “ဘာပစ္စည်းမှ မကျန်ခဲ့ပေမယ့် လှုပ်ရှားသွားလာခဲ့တဲ့ ခြေရာလက်ရာတွေ ရှိနေတယ်။”

ရှမ့်လန် မျက်လုံးကျဉ်းသွားသည်။ ‘လူရောက်ဖူးတယ် ဟုတ်လား။ ဆိုလိုတာက ဒီရှေးဟောင်းအမွေအနှစ် နယ်မြေကို ရှာဖွေတွေ့ရှိပြီးသားပေါ့။ ဒါဆို ဘာလို့ မဖွံ့ဖြိုးသေးတာလဲ။ နုရှောင့်မြို့နဲ့ နီးလွန်းလို့လား၊ ဒါမှမဟုတ် ဖွံ့ဖြိုးဖို့ တန်ဖိုးမရှိလို့လား။’

ထို့နောက် ရှမ့်လန်က ဘုရားကျောင်း၏ နေရာအနှံ့အပြားကို လိုက်လံရှာဖွေပြီး ဝင်ပေါက်များ၊ လျှို့ဝှက် ဓာတ်ခွဲခန်းများ၊ လျှို့ဝှက်ဂိုဒေါင်များ ရှိမရှိ စစ်ဆေးကြည့်သည်။ သို့သော်ငြား ဘာမှ မတွေ့ရပေ။ ၎င်းသည် အထီးကျန် ဘုရားကျောင်းတစ်ခုသာ ဖြစ်ပြီး အတွင်းပိုင်းတွင် ဗလာကျင်းနေ၏။

သို့သော်ငြား ထူးဆန်းမှုတစ်ခု ရှိနေသည်။ ဘုရားကျောင်း၏ ကြမ်းပြင်နှင့် တိုင်လုံးများသည် ခေတ်ကာလတူ ဖြစ်ပုံမရပေ။ တိုင်လုံးများက ပိုမိုရှေးကျပုံရပြီး ကြမ်းပြင်မှ ကျောက်သားများက အနည်းငယ် ပို သစ်လွင်နေသည်။ သို့သော်ငြား သိပ်ပြီး မသိသာပေ။

ထို့နောက် ရှမ့်လန်သည် သူ၏ X-ray အမြင်ကို အသုံးပြုကာ ဘုရားကျောင်း၏ ကြမ်းပြင်ကို အသေအချာ စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် ဘုရားကျောင်း၏ အလယ်ဗဟို၌ သဲလွန်စအချို့ တွေ့ရှိလိုက်ရသည်။ ထူထဲသော ကျောက်လွှာအောက်တွင် ထူးခြားသော အလင်းရောင်တစ်ချက် ရှိနေပုံပင်။

“တချောင်... ဒီနေရာ” ရှမ့်လန်က အလယ်ဗဟိုမှ ကြမ်းပြင်ကို ညွှန်ပြလိုက်သည်။

တချောင် လျှောက်လာပြီး စွမ်းအင်များကို စတင်စုစည်းလိုက်သည်။ အစွမ်းကုန် စုစည်းပြီးသောအခါ အသံလှိုင်း စွမ်းအင်များကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။

“ဝုန်း...”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မာကျောသော ကျောက်သားပြင်ပေါ်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်သွားသည်။ တချောင်က တကယ့်ကို အံ့မခန်း အသံလှိုင်း ကျောက်ခွဲစက်ကြီးပင်။ ဥမင်လှိုဏ်ခေါင်း တူးရာတွင် အသုံးပြုပါက သေချာပေါက် အံ့အားသင့်စရာ ကောင်းပေလိမ့်မည်။

“ဝုန်း ဝုန်း ဝုန်း...”

ကြမ်းပြင်မှ ကျောက်သားများသည် တကယ်ပင် ထူးခြားလှသည်။ တချောင်သည် အံ့မခန်း အသံလှိုင်းများဖြင့် ပစ်ခတ်သော်လည်း ဆယ်ကြိမ်ကျော် ပစ်ခတ်ပြီးမှသာ သုံးမီတာအကျယ်ရှိသော အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

ဤကျောက်လွှာသည် နောက်ပိုင်းမှ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းအောက်တွင် ဘုရားကျောင်း၏ စစ်မှန်သော ကြမ်းခင်း ရှိနေသည်။ ၎င်းသည် တိုင်လုံးများနှင့် ခေတ်ကာလတူညီပြီး ထုတ်လွှတ်သော စွမ်းအင်အရှိန်အဝါလည်း တူညီသည်။ ရုပ်တုများပင်လျှင် ပုံစံတူညီနေ၏။

သူတို့ရှေ့မှောက်ရှိ ကြမ်းပြင်အလယ်ဗဟိုတွင် အချင်း မီတာ ၃၀ ခန့်ရှိသော ကြီးမားသည့် စက်ဝိုင်းပုံ တံခါးကြီး တစ်ချပ် ရှိနေသည်။ တံခါးပေါ်တွင် အလွန် ရင်းနှီးနေသော ရုပ်ကြွတစ်ခု ရှိသည်။ လူမျက်နှာနှင့် မြွေကိုယ်ခန္ဓာ ရှိသော အမျိုးသားပုံ ဖြစ်သည်။ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ်နယ်မြေရှိ ဘုရားကျောင်းတွင် တွေ့ခဲ့ရသော ရုပ်တုနှင့် ထပ်တူပင် ဖြစ်သည်။

ဤတံခါးသည် ဝင်ပေါက်ဖြစ်လောက်သည်။ သို့သော်ငြား စွမ်းအင်ဝဲကတော့ မဟုတ်သလို သဲလွန်စလည်း မရှိပေ။ ဘာမှမပြောဘဲ တချောင်သည် အသံလှိုင်းစွမ်းအင်ကို တိုက်ရိုက် စုစည်းကာ ပစ်ခတ်လိုက်သည်။

“ဘုန်း...”

ကျယ်လောင်သော အသံနှင့်အတူ အားကောင်းသော အသံလှိုင်းစွမ်းအင်သည် ကြမ်းပြင်အလယ်မှ စက်ဝိုင်းပုံ တံခါးကြီးကို ဝင်ဆောင့်သည်။ သို့သော်ငြား လုံးဝ ပျက်စီးသွားခြင်း မရှိဘဲ အသံလှိုင်းစွမ်းအင်များပင် ပြန်ကန်ထွက်လာ၏။

ဤဝင်ပေါက်သည် တကယ်ပင် အံ့မခန်း ဖြစ်သည်။ တချောင်၏ အသံလှိုင်း တိုက်ခိုက်မှုပင် လုံးဝ အရာမထင်ပေ။

“ဒီမှာ ခလုတ်တစ်ခု ရှိတယ်။ လှည့်လို့ရတဲ့ စက်ဝိုင်းပုံ ခလုတ်တစ်ခုပဲ။”

ချောင်ယောင်းအာ ပြောလိုက်သည်။ ထို့နောက် သူမ ရှေ့တိုးသွားပြီး ခလုတ်ကို လှည့်လိုက်သည်။ သူမ လှည့်၍ မရပေ။ လုံးဝ ဖွင့်၍မရချေ။

“ရှင်လုပ်ကြည့်။”

ရှမ့်လန် ရှေ့တိုးသွားပြီး စက်ဝိုင်းပုံ ခလုတ်ကို လှည့်လိုက်သည်။ လွယ်ကူစွာပင် လည်သွားသည်။ အားအနည်းငယ်မျှပင် စိုက်ထုတ်စရာ မလိုပေ။

ရှမ့်လန် အံ့သြသွားသည်။ ဤရှေးဟောင်းဘုရင်လက်စွပ်နှင့် သက်ဆိုင်နေသည်လား။ ထို့ကြောင့် သူက ဘယ်ဘက်လက်ဖြင့် စက်ဝိုင်းပုံခလုတ်ကို လှည့်ကြည့်ရာ လွယ်ကူစွာပင် လည်သွားပြန်သည်။ “မင်း ထပ်စမ်းကြည့်ပါလား။”

ချောင်ယောင်းအာ ရှေ့တိုးသွားပြီး စက်ဝိုင်းပုံ ခလုတ်ကို ထပ်လှည့်ကြည့်သော်လည်း မရွေ့လျားပေ။ ထို့နောက် ကြီးမားသော လက်သည်းကြီးတစ်ခု ရောက်လာသည်။ တချောင်ပင်။ သူက စက်ဝိုင်းပုံ ခလုတ်ကို ဆွဲကိုင်ကာ အားကုန်သုံးပြီး လှည့်လိုက်၏။

“ဂလပ်...”

သို့သော်ငြား မရွေ့လျားပေ။ ထို့ကြောင့် သူ လက်လျော့လိုက်ပြီး ဘေးနားသွားကာ စိတ်ကောက် နေတော့သည်။

ရှမ့်လန် နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး စက်ဝိုင်းပုံ ခလုတ်ကို အဆုံးထိ လွယ်ကူစွာ လှည့်လိုက်၏။

“ဂျုံး... ဂျုံး..”

လူမျက်နှာနှင့် မြွေကိုယ်ခန္ဓာပုံပါသော စက်ဝိုင်းပုံ တံခါးကြီး ပွင့်သွားပြီး အောက်ခြေမမြင်ရသော နက်ရှိုင်းသည့် လှေကားထစ်များ ပေါ်လာသည်။

ရှမ့်လန် မည်သို့မှမနေနိုင်ဘဲ စိတ်လှုပ်ရှားလာသည်။ ဤဘုရားကျောင်းသို့ လူများ ရောက်ဖူးကောင်း ရောက်ဖူးနိုင်သည်။ သို့သော်ငြား ဤရှေးဟောင်းအမွေအနှစ် နယ်မြေ၏ ဝင်ပေါက်ကို မည်သူမှ မဖွင့်ခဲ့ဖူးပေ။ သူက ပထမဆုံး ဖွင့်နိုင်သူ ဖြစ်သည်။ ဆိုလိုသည်မှာ ဤနေရာသည် တစ်ခါမျှ စူးစမ်းလေ့လာခြင်း မပြုရသေးသော ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခု ဖြစ်၏။

နုရှောင့်မြို့နှင့် ဤမျှနီးကပ်သော နေရာတွင် ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခု ရှိနေလိမ့်မည်ဟု သူ စိတ်ကူးမယဉ်ရဲခဲ့ပေ။ သူ အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ တချောင်ကို ကျေးဇူးတင်ရမည်။

...

အပိုင်း (၁၀၉၂)

ရှမ့်လန်သည် တချောင်ကို လက်မထောင်ပြလိုက်သည်။ “တချောင်... မင်း လိုက်ခဲ့ချင်လား။”

တချောင် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး စွမ်းအင်စုစည်းကာ ရူးသွပ်စွာ ထပ်မံ ပစ်လွှတ်ပြန်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သုံးမီတာအချင်းရှိသော အပေါက်တစ်ခုကိုသာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဝင်ပေါက်သည် မီတာ ၃၀ အချင်းရှိသည်။ အပြင်ဘက်တွင် ကျောက်လွှာတစ်ထပ် ပိတ်ဆို့နေသောကြောင့် တချောင်၏ ကိုယ်ခန္ဓာ ဝင်မရပေ။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

အသံလှိုင်း ဒါဇင်ပေါင်းများစွာ ပစ်ခတ်လိုက်သည်။ အပြင်ဘက်မှ ကျောက်လွှာများ ကွဲအက်သွားပြီး မိနစ်အနည်းငယ် ကြာချိန်မှာတော့ ဝင်ပေါက်တစ်ခုလုံး သူတို့ရှေ့တွင် ပေါ်လာသည်။

မီတာ ၃၀ အချင်းရှိ၏။

ရှမ့်လန်၊ ချောင်ယောင်းအာနှင့် တချောင်တို့သည် ရှေးဟောင်းအမွေအနှစ် နယ်မြေ၏ ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားပြီး လှေကားထစ်များအတိုင်း နက်ရှိုင်းသော အတွင်းပိုင်းသို့ ဆင်းသက်သွားကြသည်။ လုံးဝ မှောင်မိုက်နေသော ဥမင်လှိုဏ်ခေါင်းထဲတွင် မီတာထောင်ချီ လျှောက်လှမ်းပြီး နောက်ဆုံး အဆုံးသို့ ရောက်ရှိသွားသည်။

ရင်းနှီးနေသော အရာတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။ စွမ်းအင်ဝဲကတော့တစ်ခု ဖြစ်ပြီး အချင်း ၃၅ မီတာခန့် ရှိသည်။ ဤစွမ်းအင်ဝဲကတော့၏ နောက်ကွယ်တွင် ဘာရှိမည်နည်း။ ရတနာများ ရှိမည်လား။ လျှို့ဝှက်ဓာတ်ခွဲခန်း ရှိမည်လား။ လျှို့ဝှက်ဂိုဒေါင် ရှိမည်လား။

နဂါးနောင်တ...။ ရှမ့်လန် ဤအရာကို အမှန်တကယ် လိုချင်မိ၏။

ရှမ့်လန်က စွမ်းအင်ဝဲကတော့ဆီသို့ လက်လှမ်းလိုက်ပြီး စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်။ “ပိတ်စမ်း။”

ချက်ချင်းပဲ ဧရာမ စွမ်းအင်ဝဲကတော့ကြီး ပိတ်သွားခဲ့သည်။ ရှေးဟောင်းဘုရင် လက်စွပ်၏ စွမ်းဆောင်ရည်မှာ အံ့မခန်း ရှိလှ၏။

ရှမ့်လန် မျက်လုံးများကို မှိတ်ထားလိုက်၏။ မျှော်လင့်ချက်များက အဆုံးအစမရှိ ပြည့်လျှံနေသည်။ ဤစွမ်းအင်ဝဲကတော့၏ နောက်ကွယ်တွင် ရတနာများ ရှိရမည်။ တန်ဖိုးကြီးမားသော ရတနာများ ဖြစ်ရပေမည်။ နဂါးနောင်တ အခု ၁၀၀ လောက်များ ရှိနေမည်လား။

သူ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ‘နဂါးနောင်တ အခု ၁၀၀... နဂါးနောင်တ အခု ၁၀၀...။’

ထို့နောက် သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ရှေ့မှ လက်ဝါးကိုပင် မမြင်ရအောင် မှောင်မဲနေသည်။ သူက သတိထား၍ ခြေတစ်လှမ်း တိုးဝင်လိုက်ပြီး ရှေးဟောင်းအပျက်အစီးထဲသို့ ဝင်ရောက်သွား၏။

“ဝုန်း...” ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပြီး အမှောင်ထုမှာ နေ့ခင်းဘက်ကဲ့သို့ ထင်ရှားပြတ်သားသွား၏။ အတွင်းရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

‘ဒါ... ဒါက ဘာကြီးလဲ။’

ရှမ့်လန် လုံးဝ တုန်လှုပ်သွားရသည်။ ဤရှေးဟောင်းအပျက်အစီးမှာ သူ စိတ်ကူးယဉ်ထားသည်နှင့် လုံးဝ ကွာခြားနေ၏။ ရှေးဟောင်းဓာတ်ခွဲခန်း မဟုတ်၊ ရှေးဟောင်းဂိုဒေါင် မဟုတ်သလို၊ ဘုရားကျောင်းလည်း မဟုတ်ချေ။ ‘ဒါက... ဒါက ထောင်တစ်ခုလား။’

အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ အချုပ်ခန်းတစ်ခု ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် တင်းကျပ်စွာ ပိတ်ထားသော အချုပ်ခန်း ဖြစ်၏။

အချုပ်ခန်း စုစုပေါင်း ဘယ်နှခန်း ရှိသနည်း။ စုစုပေါင်း ငါးခန်း ရှိသည်။ အသေးဆုံး အချုပ်ခန်းမှာ ဧရိယာ စတုရန်းမီတာ ၁၀၀ ခန့် ရှိပြီး အမြင့် လေးငါးမီတာခန့် ရှိသည်။ အကြီးဆုံး အချုပ်ခန်းမှာမူ စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းပြီး အမြင့် မီတာ ၁၀၀ ခန့် ရှိသည်။

ရှမ့်လန်၏ ရှေ့တည့်တည့်တွင် ရှိနေသည်မှာ အသေးဆုံး အချုပ်ခန်း ဖြစ်သည်။ ဤနေရာကို ထောင်ဟု ရှမ့်လန် အဘယ်ကြောင့် အတိအကျ ပြောနိုင်သနည်း။ အချုပ်ခန်းအပေါ်တွင် စာတမ်း ထိုးထားသောကြောင့် ဖြစ်သည်။ ပထမဆုံး အချုပ်ခန်းပေါ်တွင် “ကျန်းမျိုးနွယ် သစ္စာဖောက်များ၏ အကျဉ်းထောင်” ဟု ရေးသားထားသည်။

ရှမ့်လန်သည် ချောင်ယောင်းအာကို လှမ်းကြည့်လိုက်သည်။ “ယောင်းအာ... တစ်မျိုးစဉ်းစားကြည့်ရင် ငါတို့နှစ်ယောက်လုံးက ကျန်းမျိုးရိုးတွေပဲ။”

ရှမ့်လန်က ပထမဆုံး အချုပ်ခန်းရှေ့သို့ ရောက်လာပြီး ကျောက်စာတိုင်မှ စာများကို ဖတ်ကြည့်လိုက်သည်။ ဤနေရာတွင် ချုပ်နှောင်ခံထားရသူမှာ ကျန်းမင်းဆက်၏ အကြီးမားဆုံး အရှက်တရား၊ အရှေ့တိုင်း ယဉ်ကျေးမှုတစ်ခုလုံး၏ အကြီးမားဆုံး သစ္စာဖောက် ဖြစ်သည်။ သူသည် အနောက်တိုင်းမှ မီဒူဆာ၏ ရုပ်ရည်အဆင်းကို စွဲလမ်းမိန်းမောပြီး အရှေ့တိုင်းအင်ပါယာ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို မီဒူဆာအား ပြောပြခဲ့သည်။ ထို့ကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားပြီး ဘယ်သောအခါမှ လွတ်ငြိမ်းခွင့် မပေးပေ။

ဤသည်မှာ ရှေးဟောင်းယဉ်ကျေးမှု၏ သမိုင်းကြောင်းကို ရှမ့်လန် ပထမဆုံးအကြိမ် ရှင်းလင်းစွာ မြင်တွေ့ရခြင်းပင်။ ထို့အပြင် ပါဝင်သော သတင်းအချက်အလက် ပမာဏမှာ အလွန် များပြားသည်။ ပထမအချက်မှာ ဤနေရာသည် အရှေ့တိုင်းကမ္ဘာ၏ အကျဉ်းထောင် အစစ်အမှန် ဖြစ်ပြီး ကျန်းမင်းဆက် ဖြစ်နေခြင်းပင်။

ထိုအရာက မည်သည့်အဓိပ္ပာယ်နည်း။ ရှေးဟောင်းအရှေ့တိုင်း အင်ပါယာ၏ တော်ဝင်မျိုးနွယ်မှာ ကျန်းမျိုးရိုးလား။ ထိုသို့ဆိုလျှင် ကျိမင်းဆက်မှာ မည်သည့်နေရာသို့ ရောက်သွားသနည်း။ အချုပ်ခန်းတံခါးမှာ တင်းကျပ်စွာ ပိတ်ထားပြီး အနက်ရောင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော အခန်းဖြစ်သည်။

“တချောင်... မင်း လာစမ်း။”

တချောင်သည် စွမ်းအင်များကို စုစည်းလိုက်ပြီး ရုတ်တရက် အသံလှိုင်းဖြင့် ပစ်ခတ်လိုက်၏။

“ဝုန်း...” ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာသည်။ အသံလှိုင်းသည် နံရံကို ပြင်းထန်စွာ ရိုက်ခတ်မိပြီးနောက် ပြန်ကန်ထွက်လာခဲ့သည်။

ဤအကျဉ်းထောင်၏ နံရံများက ဤမျှထိ စွမ်းဆောင်ရည် ကောင်းမွန်သလား။ တချောင်၏ အသံလှိုင်း တိုက်ခိုက်မှုပင် အရာမထင်ပေ။ တချောင်မှာ ဘဝကိုပင် သံသယ ဝင်သွားရသည်။ အသံလှိုင်းမှာ သူ၏ ဂုဏ်ယူစရာ အကောင်းဆုံးအရာ ဖြစ်သော်လည်း နောက်ဆုံးတွင် ဟိုဟာမဖျက်ဆီးနိုင်၊ ဒီဟာမဖျက်ဆီးနိုင်နှင့် ယခု တံခါးအသေးလေး တစ်ချပ်ကိုပင် မဖွင့်နိုင်တော့ပေ။

‘ငါ့ရဲ့ အသံလှိုင်းတိုက်ခိုက်မှုက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။’

ထို့ကြောင့် တချောင်သည် မြေပြင်ပေါ်တွင် ဝပ်ဆင်းပြီး ရင်ဘတ်အောက်၌ ခေါင်းဝှက်ကာ ဝမ်းနည်းပက်လက် ဖြစ်နေရှာသည်။ ရှမ့်လန်က သူ့ကို ဂရုမစိုက်ပေ။ ချောင်ယောင်းအာကမူ တချောင်အနားသို့ သွားပြီး လည်ပင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။

ရှမ့်လန်က အချုပ်ခန်းတံခါးကို ကြည့်လိုက်သည်။ အတွင်း၌ ချုပ်နှောင်ခံထားရသူမှာ ရှေးဟောင်းကျန်း မင်းဆက်၏ အကြီးမားဆုံး သစ္စာဖောက်ဖြစ်ပြီး ထိုအချိန်က ရှေးဟောင်းအရှေ့တိုင်း အင်ပါယာသည် အနောက်တိုင်း ပျောက်ဆုံးအင်ပါယာနှင့် စစ်ဖြစ်နေခဲ့သည်မှာ အမှန်ပင်။ အတွင်းမှ လူသည် မီဒူဆာတစ်ဦးကို ချစ်မိသွားသောကြောင့် မိမိလူမျိုးနှင့် မိမိအင်ပါယာကို သစ္စာဖောက်ခဲ့သည်။ သူသည် အနောက်တိုင်း ပျောက်ဆုံးအင်ပါယာထံ သက်ဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့ခြင်း ဖြစ်မည်။

ထိုသစ္စာဖောက် မည်သို့ ပုံပန်းသဏ္ဍာန်ရှိသည်ကို ရှမ့်လန် အမှန်တကယ် သိချင်မိသည်။ ရှမ့်လန် ဘာမှ မသိသေးပေ။ ဤရှေးဟောင်းအကျဉ်းထောင်၏ သမိုင်းကြောင်းမှာ ကျင်းကန်တောင်ထိပ် ရှေးဟောင်း အပျက်အစီးထက် အနည်းငယ် စောပုံရသည်။

ရှမ့်လန်၏ နားလည်မှုအရ ရှေးဟောင်းအရှေ့တိုင်းကမ္ဘာနှင့် အနောက်တိုင်း ပျောက်ဆုံးအင်ပါယာတို့အကြား ကြီးမားသော စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် မည်သူ အနိုင်ရသည်ကို မည်သူမှမသိပေ။

သို့သော်ငြား ဤစစ်ပွဲတွင် အဆုံးသတ်ရလဒ် ထွက်ပေါ်ခဲ့ပုံ မရချေ။ အနည်းဆုံးတော့ ရှေးဟောင်းအရှေ့တိုင်း အင်ပါယာကို မီဒူဆာများ သိမ်းပိုက်ခြင်း မခံခဲ့ရပေ။ အဘယ့်ကြောင့်ဆိုသော် သိရှိထားသော ရှေးဟောင်း အပျက်အစီးများတွင် မီဒူဆာများ၏ ခြေရာလက်ရာကို မတွေ့ရသောကြောင့်ပင်။

ရှေးဟောင်းအရှေ့တိုင်းနှင့် အနောက်တိုင်း စစ်ပွဲပြီးနောက် နှစ်ပေါင်းမည်မျှ ကြာမြင့်ပြီးမှ ရှေးဟောင်း ယဉ်ကျေးမှု၏ ကြီးမားသည့် ပျက်သုဉ်းခြင်း ဖြစ်ပေါ်ခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။ အတွင်း၌ မည်သို့သော လျှို့ဝှက်ချက်များ ကိန်းအောင်းနေသည်ကိုလည်း မည်သူမှ မသိနိုင်ချေ။

သို့သော်ငြား ဖောက်ပြန်မှုအကြောင်း ပြောရလျှင် ကျန်းနိုင်ငံ တော်ဝင်မိသားစုဝင် တစ်ဦးအနေဖြင့် ရှမ့်လန်သည်လည်း အနောက်တိုင်း ပျောက်ဆုံးအင်ပါယာမှ ဘုရင်မ မီဒူဆာ တစ်ဦးဦးနှင့် ဖောက်ပြန်မှု အနည်းငယ် ရှိခဲ့ပုံ ရသည်။ အမှန်စင်စစ် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဘုရင်မ မီဒူဆာ၏ စွမ်းအင် အရှိန်အဝါများ ပင် ရှိနေသေးသည် မဟုတ်လား။

ဤအကျဉ်းထောင် တံခါးကို မည်သို့ ဖွင့်ရမည်နည်း။ ရှမ့်လန်သည် တံခါးပေါ်သို့ လက်ဝါးကို ဖိကပ်လိုက်သည်။

“ဝှစ်...”

ချက်ချင်းပဲ တံခါးပေါ်၌ အလင်းရောင် တစ်ချက် လက်သွားပြီး စာလုံးတစ်လုံး ပေါ်လာ၏။

“နောင်တ”

ရှေးဟောင်းအရှေ့တိုင်း အင်ပါယာသည် ဤစကားလုံးကို အတော်ပင် နှစ်သက်ပုံ ရသည်။ သူတို့၏ မဟာဗျူဟာမြောက် လက်နက်ကိုလည်း နဂါးနောင်တဟု အမည်ပေးထားသည်။ ယခု အချုပ်ခန်း တံခါးတွင်လည်း စကားလုံးတစ်လုံး ရှိနေပြန်သည်။ ထိုစာလုံး၏ နောက်ဆုံးအစက်တွင် ချိုင့်ခွက်တစ်ခု ပါနေသည်ကို ရှမ့်လန် သတိထားမိလိုက်သည်။ သူသည် ရှေးဟောင်းဘုရင် လက်စွပ်ကို ထိုနေရာ၌ တပ်ဆင်လိုက်သည်။

“ဝုန်း...”

တံခါးမှာ ပျောက်ကွယ်သွားပြီး စွမ်းအင်ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာ၏။ အချင်း နှစ်မီတာခန့် ရှိသော စွမ်းအင်ဝဲကတော့ ဖြစ်သည်။ ရှမ့်လန်သည် ရှေးဟောင်းဘုရင် လက်စွပ်ကို ဝတ်ဆင်လျက် အမိန့်ပေးလိုက်၏။

“ပိတ်စမ်း။”

ချက်ချင်းပဲ စွမ်းအင်ဝဲကတော့ ပိတ်သွားပြီး စတုရန်းမီတာ တစ်ရာခန့် ကျယ်ဝန်းသော အချုပ်ခန်း ပေါ်လာသည်။ အချုပ်ခန်းထဲတွင် ဗလာကျင်းနေ၏။ လူတစ်ယောက်သာ မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်လျက် ရှိနေသည်။

ရှမ့်လန် ဖြည်းညင်းစွာ ဝင်ရောက်သွားပြီး ထိုအကျဉ်းသား၏ ရှေ့သို့ ရောက်သွားသည်။ သူသည် ရှေးဟောင်းကျန်းမင်းဆက်၏ အကြီးမားဆုံး သစ္စာဖောက်လား။ သူ့ပုံစံက အနည်းငယ် ရင်းနှီးနေသယောင် ရှိသည်။

“သူက... သူက ရှင်နဲ့တူတဲ့ ယောက်ျားလှလေးပဲ။ သိုင်းပညာ တတ်ပုံလည်း မရဘူး။”

“ဪ...”

ရင်းနှီးနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ရှမ့်လန် ပိုမို ဂရုတစိုက် ကြည့်ရှုလိုက်သည်။ ဤရှေးဟောင်းကျန်းမင်းဆက်သည် ထိုခေတ်အခါက နံပါတ်တစ် ယောက်ျားလှလေး ဖြစ်ခဲ့မည်မှာ သေချာသည်။ လူများကို အသက်ရှူမှားလောက်အောင် ချောမောလှပလွန်း၏။

ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသော်လည်း ပကတိ အသက်ဝင်နေဆဲပင်။ အခြားသော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့ ကျောက်တုံးသက်သက် ဖြစ်မနေဘဲ မူလအသားအရေ အရောင်အဆင်းများ ပျောက်ကွယ်မသွားပေ။ ရှေ့မှ အကျဉ်းသားသည် အသားအရေမှအစ ဆံပင်အဆုံး ပကတိ အသက်ဝင်နေဆဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း သောင်းချီက အတိုင်းပင်။

အခြားသူများက လူသားကျောက်ရုပ်များ ဖြစ်ကြသော်လည်း သူကမူ ကျောက်စိမ်းလူသား ဖြစ်နေသည်။

ထို့အပြင် မျက်နှာပေါ်တွင် အမှတ်အသား တစ်ခု၊ အမျိုးသမီးတစ်ဦး၏ နှုတ်ခမ်းရာ တစ်ခု ရှိနေသည်။ တစ်စုံတစ်ယောက် က သူ့မျက်နှာကို နမ်းရှိုက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအနမ်းရာသည်လည်း တောက်ပသော အနီရောင် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည်။ သူ့ကို နမ်းသွားခဲ့သူမှာ မည်သူနည်း။ သူ ချစ်မြတ်နိုးခဲ့သော မီဒူဆာလား။

အကျဉ်းသားသည် မသေဆုံးမီ စကားပြောနေခဲ့ပုံ ရသည်။ ရှမ့်လန်သည် AI မှတ်ဉာဏ်တုကို အသုံးပြု၍ မြင်ကွင်းကို မှတ်တမ်းတင်ကာ ပုံဖော်ကြည့်လိုက်သည်။

“ငါ နောင်တမရဘူး။” ဟု ပြောနေပုံရ၏။

အခြားသော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းများ၏ အဝတ်အစားများသည် ကျောက်တုံးအဖြစ် ပြောင်းလဲသွားပြီး ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားကြသည်။ ရှေ့မှ အကျဉ်းသား၏ အဝတ်အစားများမှာမူ ပြီးပြည့်စုံစွာ ရှိနေဆဲပင်။ ရိုးရှင်းသော ဝတ်ရုံတစ်ထည်သာ ဖြစ်သည်။ ခမ်းနားထည်ဝါခြင်း မရှိဘဲ ရိုးရှင်းကာ ကျက်သရေရှိသည်။

ရှမ့်လန်သည် စကားတစ်ခွန်းမှမဆိုဘဲ ထိုသူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ချက်ချင်း ဆွဲခွာလိုက်သည်။ ချောင်ယောင်းအာ၏ နှုတ်ခမ်းတို့ အနည်းငယ် တုန်ခါသွားသော်လည်း ဘာမျှ မပြောပေ။ ရှမ့်လန်သည် ရှေးဟောင်းလူသားများအပေါ် လေးစားမှုမရှိသော လူတစ်ယောက်ဖြစ်ပြီး သူ၏ ပထမဆုံး အတွေးမှာ ချမ်းသာ ကြွယ်ဝလာရန်သာ ရှိ၏။

အမှန်စင်စစ် ရှမ့်လန်သည် ချမ်းသာချင်သည်။ သူသည် ရှေးဟောင်းအပျက်အစီး သုံးခုထဲသို့ ဝင်ရောက်ခဲ့ပြီးပြီ ဖြစ်သော်လည်း ရလဒ်က ဘာလဲ။ ဘုရားကျောင်းတစ်ခု၊ ရင်ပြင်တစ်ခုနှင့် ထောင်တစ်ခု။ အခြားသူများ ရှာဖွေတွေ့ရှိသော ရှေးဟောင်းအပျက်အစီးများမှာ စာကြည့်တိုက်များ၊ မြို့ကြီးများ သို့မဟုတ် မရေမတွက်နိုင်သော လျှို့ဝှက်ဂိုဒေါင်များနှင့် ဓာတ်ခွဲခန်းများ ဖြစ်ကြသည်။ သူ ရှာဖွေတွေ့ရှိသော ရှေးဟောင်း အပျက်အစီးများမှာမူ ဗလာကျင်းနေသည်။

အကျဉ်းသား၏ အဝတ်အစားများကို ချွတ်လိုက်ပြီးနောက် သူ၏ ကျောက်စိမ်းဖြူကဲ့သို့ ခန္ဓာကိုယ် ပေါ်လာသည်။ ထင်ထားသည့်အတိုင်းပင် သူသည် လုံးဝ သန်မာခြင်း မရှိပေ။ အမျိုးသမီးများထက်ပင် ပို၍ ဖြူဥနေသေးသည်။ အကယ်၍ မိန်းမလို ဝတ်ဆင်လိုက်လျှင် သေချာပေါက် ပိုလှပနေပေလိမ့်မည်။

ရှမ့်လန်၏ အကြည့်သည် နှလုံးရှိရာ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအရာက ဘာကြီးလဲ။ အဆင်တန်ဆာ တစ်ခုနှင့် တူသည်။ ရင်အုပ်တန်ဆာလား။ လှပသော ကျောက်မျက်ရတနာများ စီခြယ်ထားပြီး အလွန် သေသပ်လှပသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် မြှုပ်နှံထားခြင်း ဖြစ်သည်။ Iron Man ၏ ရင်ဘတ်မှ စွမ်းအင်ဓာတ်ပေါင်းဖိုနှင့် တူသည်။

‘ဒါက ရတနာပဲ။ ဒါက သေချာပေါက် ရတနာပဲ။’

ရှေ့မှ ရှေးဟောင်းအင်ပါယာ သစ္စာဖောက်သည် ယောက်ျားလှလေး ဖြစ်ပြီး အားအင်မရှိပုံလည်း ရသည်။ ထိုသူ၏ရင်ဘတ်မှ ကိရိယာသည် ထိုသူ့အတွက် အလွန် အရေးပါပေလိမ့်မည်။

ရှမ့်လန်သည် ဖြုတ်ယူရန် ကြိုးစားသော်လည်း မရပေ။ “ယောင်းအာ... လာကူပါအုံး။”

ချောင်ယောင်းအာ အနားသို့ လာပြီး ကိရိယာကို ကိုင်ကာ ဆွဲဖြုတ်ရန် ကြိုးစားသည်။ သို့သော်ငြား သူမလည်း မအောင်မြင်ပေ။ ဖြုတ်၍ မရချေ။

“ဖြုတ်လို့ မရဘူး။ အားပိုသုံးလိုက်ရင် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။”

မည်သို့ လုပ်ရမည်နည်း။ ဤအရာသည် သူ့အတွက် အလွန် အသုံးဝင်မည့် ရတနာတစ်ခု ဖြစ်ကြောင်း ရှမ့်လန် အတပ် သိနေသည်။ သူတို့နှစ်ဦးလုံးမှာ ယောက်ျားလှလေးများ ဖြစ်ကြပြီး ဤကျန်းမျိုးနွယ် အကျဉ်းသား သည် လောကကို လှည့်လည်သွားလာရာတွင် ဤအရာကို အားကိုးခဲ့ရသည်။ သူသည် ဘုရင်မ မီဒူဆာကိုပင် မြှူဆွယ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ဤရတနာသည် ရှမ့်လန်နှင့် အသင့်တော်ဆုံး ဖြစ်သည်။

ထို့နောက် ရှမ့်လန် နည်းလမ်းပေါင်းစုံ သုံးကြည့်သော်လည်း ကိရိယာကို ဖြုတ်မရပေ။ ရှေးဟောင်းဘုရင် လက်စွပ်ပင် အသုံးမဝင်ပေ။ မည်သို့လုပ်ရမည်နည်း။ လက်လျှော့လိုက်ရမည်လား။ လက်ဗလာနှင့် ပြန်ရမည်လား။ လုံးဝ မဖြစ်နိုင်ပေ။

ရှမ့်လန်သည် ရှေးဟောင်းကျန်းမင်းဆက် သစ္စာဖောက်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အကဲခတ် လိုက်သည်။ သူ၏အကြည့်သည် လက်ချောင်းပေါ်သို့ ရောက်သွားသည်။ ညာဘက် လက်သန်းကြွယ်တွင် အမှတ်အသား တစ်ခု ရှိနေသည်မှာ အမှန်ပင်။ လက်စွပ်ရာ တစ်ခု ဖြစ်သော်လည်း လက်စွပ်မရှိပေ။

ထိုအရာက ဘာကို သက်သေပြနေသနည်း။ ဤလူသည် တစ်ချိန်က ကျန်းမင်းဆက်၏ အိမ်ရှေ့စံ ဖြစ်ခဲ့သည်လား။ မီဒူဆာအတွက် မိမိအင်ပါယာကို သစ္စာဖောက်ခဲ့သောကြောင့် ထောင်ချခံရပြီး အိမ်ရှေ့စံ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းလား။ ထိုသို့ဆိုလျှင် ထောင်ချခံရစဉ်က သူ၏ အဆင့်အတန်းမှာ အဘယ်နည်း။

ရှမ့်လန် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ သူ၏ ရှေးဟောင်းဘုရင် လက်စွပ်ကို ချွတ်လိုက်သည်။ ရှေးဟောင်းဘုရင် လက်စွပ်မှာ အလွန် ထူးဆန်းသည်။ ချွတ်ချင်လျှင် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာမှ ရသည်။ သို့မဟုတ်လျှင် လက်ချောင်းပေါ်၌ အသားတက်နေသကဲ့သို့ ဖြစ်နေပြီး ချွတ်၍ မရပေ။ ရှေးဟောင်းဘုရင်လက်စွပ်ကို ချွတ်ပြီးနောက် ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းသား၏ လက်ချောင်း၌ စွပ်ပေးရန် ပြင်လိုက်သည်။

“သေချာ စဉ်းစားနော်။ ဒါက အရမ်း အန္တရာယ်များတယ်။ ဝတ်ပေးပြီးမှ ပြန်ချွတ်မရရင် ဒုက္ခရောက်လိမ့်မယ်။” ချောင်းယောင်းအာက ဘေးတစ်ဖက်မှ သတိပေးလိုက်၏။

ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းဘုရင် လက်စွပ်ကို ရှေးဟောင်းအကျဉ်းသား၏ လက်ချောင်း၌ တိုက်ရိုက် စွပ်ပေးလိုက်သည်။

ချက်ချင်းပဲ ရှေးဟောင်းအကျဉ်းသား၏ ရင်ဘတ်မှ အထူးကိရိယာသည် လင်းလက်လာပြီး ကျောက်မျက် ရတနာကဲ့သို့သော ရောင်စဉ်များ ဖြာထွက်လာ၏။

ရှမ့်လန် လက်ကို ထပ်မံဆန့်ထုတ်လိုက်ပြီး အသာအယာ လှည့်လိုက်သည်နှင့် ထိုအရာက တိုက်ရိုက် ပြုတ်ထွက်လာခဲ့သည်။

“ဒါ... ဒါက သေချာပေါက် ရတနာပဲ။”

ဤသည်မှာ အိပ်မက်ဆိုးကျောက်တုံး ကိရိယာ အစစ်အမှန်ဖြစ်ပြီး၊ အလွန် အဆင့်မြင့်မားသော အိပ်မက်ဆိုး ကျောက်တုံး သလင်းကျောက် ဖြစ်သည်။ ထို့အပြင် ၎င်းတွင် ကိုယ်ပိုင် စွမ်းအင်အမြုတေ ပါရှိပြီး သတ္တု ဟိုက်ဒရိုဂျင် စွမ်းအင်အမြုတေမျိုး မဟုတ်ဘဲ နဂါးသွေးခြင်ဆီ စွမ်းအင်အမြုတေ ဖြစ်၏။

နဂါးသွေးခြင်ဆီများ အတွင်း၌ စီးဆင်းနေသည်ကို သလင်းကျောက်မှတစ်ဆင့် ရှမ့်လန် မြင်တွေ့နေရပြီး ဓာတ်ပြုကာ စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဤသည်မှာ ရတနာစစ်စစ် ဖြစ်ပြီး၊ အထူးရှေးဟောင်း ရတနာတစ်ပါး ဖြစ်သည်။

ရှမ့်လန် ယခုအချိန်ထိ မြင်ဖူးသော ရှေးဟောင်းကိရိယာ နှစ်မျိုး ရှိသည်။ တစ်မျိုးမှာ သတ္တုဟိုက်ဒရိုဂျင် စွမ်းအင် အမြုတေအပေါ် လုံးဝ မှီခိုရသည်။ နောက်တစ်မျိုးမှာ သီးခြားရပ်တည်သော ရှေးဟောင်းကိရိယာ ဖြစ်သည်။ ရှေးဟောင်းကိရိယာတွင် စွမ်းအင်သိုလှောင်နိုင်သော အလွန်အဆင့်မြင့်သည့် အိပ်မက်ဆိုး ကျောက်တုံး ကိရိယာ ပါရှိသည်။ ထို့ကြောင့် ရှေးဟောင်းစွမ်းအင်အမြုတေ မပါဘဲ တိုက်ခိုက်နိုင်စွမ်းအားကို ထုတ်ပေးနိုင်သည်။ ဘက်ထရီ ကျောပိုးအိတ်တစ်ခု လွယ်ထားသကဲ့သို့ပင်။

ယခု ရှေ့မှ ကိရိယာမှာမူ နျူကလီးယား စွမ်းအင်အမြုတေနှင့် ညီမျှသည်။ နဂါးသွေးခြင်ဆီသည် နဂါးနောင်တ ကို ဖန်တီးရာတွင် အသုံးပြုသော ကုန်ကြမ်းဖြစ်သည်။ ၎င်းကို အသုံးပြု၍ ဤကိရိယာငယ်ကို စွမ်းအင် ပေးထားသောကြောင့် စွမ်းအင်မှာ အဆုံးအစမရှိ ဖြစ်နေပေလိမ့်မည်။

ရှမ့်လန်သည် နဂါးနောင်တကို ဖန်တီးရန် လောကပျက်ကပ် စီမံကိန်းကို စတင်နေပြီ ဖြစ်သည်။ သို့သော်ငြား သူ့တွင် အသိအမြင်ပိုင်းဆိုင်ရာ ဗဟုသုတ အနည်းငယ်မျှပင် မရှိသေးပေ။ လမ်းစ လုံးဝ ပျောက်နေသည်။ ဤကိရိယာငယ်ကို သေချာစွာ သုတေသန ပြုနိုင်ပါက နဂါးနောင်တ ဖန်တီးခြင်း မူဝါဒပိုင်းဆိုင်ရာတွင် ကြီးမားသော အောင်မြင်မှု ရရှိနိုင်ပေလိမ့်မည်။

All Chapters