အခန်း (၁၀၈၉-၁၀၉၀)
Vol. 64 Ch. 1089-1090
အပိုင်း (၁၀၈၉)
တော်ဝင်ချန်အင်ပါယာ၏ အမတ်ချုပ်ကြီး ဆော့ရွမ်းက စကားပြောရန် ဟန်ပြင်လိုက်သော်လည်း တွန့်ဆုတ်နေခဲ့သည်။
“အရှင်... ဒါ.. ဒါက အရမ်းအန္တရာယ်များလွန်းပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ကျရင် အရှင်မင်းကြီးသာ ကတိအတိုင်း မလုပ်နိုင်ခဲ့ရင် အရှင့်ရဲ့ ဂုဏ်သတင်း ညှိုးနွမ်းသွားပါလိမ့်မယ်။ တော်ဝင်ချန် အင်ပါယာရဲ့ စကားတော်က ရွှေတွေ ၊ ကျောက်စိမ်းတွေလို တန်ဖိုးရှိပါတယ်။ ဒါက တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေပါတယ်။”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။
ဆော့ရွမ်းက ဆက်ပြောသည်။ “အင်ပါယာရဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တလောကလုံးက ပြောနေကြတာတော့ ကျုပ်တို့ဆီမှာ နဂါးနောင်တ တစ်ခုပဲ ကျန်တော့တယ် ဆိုတာလေ။ ဟုတ်တယ်မလား။”
ရှမ့်လန်သည် ဝန်ခံခြင်းလည်းမရှိ၊ ငြင်းဆိုခြင်းလည်းမရှိဘဲ ပြုံးလိုက်သည်။ အမှန်တကယ်တွင်လည်း သူ့ထံ၌ နဂါးနောင်တ တစ်ခုသာ ကျန်ရှိတော့ပြီး ထိုအရာကို ပစ်ခတ်ရန် မဖြစ်နိုင်ပေ။
“ပြီးတော့ ဒီနဂါးနောင်တက နုရှောင့်မြို့ကို ကာကွယ်ဖို့ ထားထားတာလေ။ ပစ်လိုက်ဖို့ မဖြစ်နိုင်ဘူး။ ဒါဆိုရင် အရှင်က ဘယ်လိုလုပ်ပြီး ကတိတည်အောင် လုပ်မှာလဲ။ ဘယ်လိုလုပ်ပြီး ချန်နိုင်ငံသစ်ကို အကြီးအကျယ် ပျက်စီးစေမှာလဲ။ ကျုပ်မြင်တာကတော့ ဒီဖျက်ဆီးမှုက အဆင့်အတန်းမြင့်မားပြီး နဂါးနောင်တထက် လုံးဝ မနိမ့်ကျတဲ့ အရာမျိုး ဖြစ်ရမယ်။ ဒါမှသာ ရန်သူကို ခြိမ်းခြောက်နိုင်မှာ မဟုတ်လား။”
“မှန်တယ်။ အဲဒီတိုက်ခိုက်မှုက တုန်လှုပ်ချောက်ချားဖွယ် ကောင်းလောက်အောင် အဖျက်စွမ်းအား ကြီးမားရမယ်။” ရှမ့်လန်က ပြောလိုက်၏။
“အရှင်... ဒီလောက် ယုံကြည်မှုရှိနေမှတော့ ကျုပ် စောင့်ကြည့်ပါ့မယ်။”
............
“ယောင်းအာ... ငါ ရင်ဝူမင်ကို နိုင်မယ်ထင်လား။” ရှမ့်လန်က ရုတ်တရက် မေးလိုက်သည်။
“အင်း... မနိုင်ဘူး။” ချောင်ယောင်းအာ ဖြေ၏။
ဥက္ကာပျံကျရောက်ရာတွင်းကြီးထဲတွင် ရှမ့်လန် အဖမ်းခံခဲ့ရခြင်းမှာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ချောင်ယောင်းအာသည် ရင်ဝူမင်ကို အစွမ်းကုန် တိုက်ခိုက်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့ရသည်။ ရင်ဝူမင် ပြောခဲ့သကဲ့သို့ပင် သူသည် ချောင်ယောင်းအာ ပိုင်ဆိုင်ထားသမျှကို ပိုင်ဆိုင်ထားပြီး ချောင်ယောင်းအာ မပိုင်ဆိုင်သည့် အရာများကိုလည်း ပိုင်ဆိုင်ထားသည်။
ရင်ဝူမင်သည် ကျန်းလီ၏ တစ်ဦးတည်းသော တပည့်ရင်း ဖြစ်သည်။ သူသည် အစွမ်းထက်ဆုံး သွေးမျိုးဆက်၊ အစွမ်းထက်ဆုံး ရှေးဟောင်းလက်နက် ကိရိယာများနှင့် အစွမ်းထက်ဆုံး ရှေးဟောင်းသိုင်းပညာများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ချောင်ယောင်းအာ သူ့ကို မနိုင်သည်မှာ သဘာဝကျ၏။
ရှမ့်လန်က သူ့လက်ထဲမှ ရှေးဟောင်းဘုရင်လက်စွပ်ကို ကစားနေသည်။ ထို့နောက် ချွတ်လိုက်ပြီး ချောင်ယောင်းအာ ၏ လက်ချောင်းတွင် စွပ်ပေးလိုက်သည်။
“မနောက်နဲ့။” ချောင်ယောင်းအာက ပြောလိုက်၏
ရှမ့်လန်သည် ချောင်ယောင်းအာ၏ လက်ကို ကိုင်လိုက်သည်။ သူမလက်တွင် သာမန်လက်စွပ်တစ်ကွင်းပင် မရှိဘဲ ဗလာဖြစ်နေသည်။ ရှမ့်လန်သည် သူမ၏လက်ကို ပါးစပ်ထဲထည့်ကာ ဖွဖွလေး ကိုက်လိုက်သည်။
“ယောင်းအာ.... ငါ ရင်ဝူမင်ကို နိုင်မယ်ထင်လား။” ရှမ့်လန်က ရုတ်တရက် ထပ်မေးလိုက်၏။
ချောင်ယောင်းအာ လှည့်ကြည့်လာပြီး ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်နေသည်။ “ရှင် အတည် မေးနေတာလား။”
“ရင်ဝူမင်ကို ဘယ်လိုနည်းနဲ့ နိုင်မယ်လို့ထင်လဲ။ တကယ်လို့ တစ်ယောက်ချင်း တရားဝင် တိုက်ခိုက်ပြီး နိုင်သွားမယ်ဆိုရင်ရော။ ဖြစ်နိုင်မယ်ထင်လား။”
ချောင်ယောင်းအာက အကြာကြီး တွေးတောနေသည်။ ရှမ့်လန်က သူမ တစ်ခုခု လှောင်ပြောင်ပြောဆို လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ချောင်ယောင်းအာက တည်ငြိမ်စွာပင် ဖြေ၏။ “ရှင်က တခြားလူတွေနဲ့ မတူတာတော့ အမှန်ပဲ။ ကြက်ကလေးတစ်ကောင်ကိုတောင် ဖမ်းနိုင်တဲ့ ခွန်အားမရှိဘဲနဲ့ အင်မတန် အစွမ်းထက်တဲ့ ရန်သူကို အနိုင်ယူချင်နေတယ်။ ပြီးတော့ သူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာတောင် ရှင် မသိဘဲနဲ့လေ။ မှန်တာပေါ့။ ဒါပေမဲ့ လူဆိုတာ အိပ်မက်တော့ ရှိသင့်တယ်။ တကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။”
ရှမ့်လန်သည် အချိန်အတော်ကြာ မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့သည်။
‘ချန်နိုင်ငံသစ်ကို အချိန်တိုအတွင်း ဘယ်လို အနိုင်ယူမလဲ။ ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံရဲ့ လူအင်အားကို တိုက်ရိုက် လွှဲပြောင်းယူပြီး တပ်တော်သစ် ဖွဲ့စည်းကာ ချန်နိုင်ငံသစ်ကို တိုက်ခိုက်ရမလား။ ဒါက အဆိုးရွားဆုံး အစီအစဉ်ပဲ။’
နောင်တစ်ချိန်တွင် သူ မြောက်ဘက်သို့ စစ်ချီကောင်း စစ်ချီမည်။ သို့သော်ငြား သူ့ပစ်မှတ်သည် တော်ဝင်ရန် အင်ပါယာသာ ဖြစ်သင့်သည်။ ချန်နိုင်ငံသစ်သည် မူလ တော်ဝင်ချန်အင်ပါယာ၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုနေရာရှိ အမတ်များနှင့် ပြည်သူအများစုသည် တော်ဝင်ချန်အင်ပါယာနှင့် ပတ်သက်ပြီး နက်ရှိုင်းသော အမှတ်တရများ ရှိနေဆဲဖြစ်သည်။ သူတို့သည် ကျန်းလီအပေါ် သံယောဇဉ် ရှိနေကြဆဲဖြစ်၏။
နင်ယွမ်ရှန်းက ချန်နိုင်ငံသစ်ရှိ အမတ်များနှင့် ပြည်သူများသည် ရှမ့်လန်အပေါ် အလွန် ရှုပ်ထွေးသော ခံစားချက်များ ရှိနေကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ဖူးသည်။ သူတို့သည် ရှမ့်လန်အပေါ် စာနာစိတ်နှင့် သံယောဇဉ် အနည်းငယ် ရှိကြသော်လည်း လေးစားသမှုဖြင့် ခပ်ခွာခွာ နေလိုကြသည်။ သူတို့သည် စစ်ပွဲကို ကြောက်ရွံ့ပြီး လက်ရှိအခြေအနေကို မပြောင်းလဲလိုကြပေ။
ထို့ကြောင့် သူတို့ မည်သူ့အပေါ် ပို၍ သံယောဇဉ်ရှိသနည်းဟု မေးလျှင် ကျန်းလီ၏ အဖွဲ့အစည်းအပေါ်၌သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ရှမ့်လန်နှင့် ရင်ကွမ်း နှစ်ယောက်အနက် မည်သူ့ကို သစ္စာစောင့်သိမလဲဟု မေးလျှင်မူ ရင်ကွမ်းနှင့် သူ့သားကိုသာ ရွေးချယ်ကြပေလိမ့်မည်။
ရှမ့်လန်သည် လောကကြီးကို သိမ်းပိုက်ရန် စိတ်မဝင်စားကြောင်း လွန်ခဲ့သော အချိန်များစွာတည်းက ပြောခဲ့ဖူးသည်။ သူ့ရည်မှန်းချက်မှာ လောက၌ မည်သည့် ရန်ငြိုးရန်စမှ မရှိစေရန်သာ ဖြစ်သည်။ သူ၏ ရန်သူစာရင်းတွင် နာမည်အနည်းငယ်သာ ကျန်တော့သည်။ ရင်ကွမ်းနှင့် သူ့သား၊ စေတီတောင်သခင်၊ တော်ဝင်ရန်အင်ပါယာ ဧကရာဇ် တို့ဖြစ်သည်။
ရင်ကွမ်းနှင့် သူ့သားကို သတ်ဖြတ်ခြင်းသည် လက်စားချေခြင်း ဖြစ်ရုံသာမက ချန်နိုင်ငံသစ် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်။ ပထမဆုံးအနေဖြင့် ချန်နိုင်ငံသစ်ရှိ အမတ်များနှင့် ပြည်သူများသည် တော်ဝင်ရန်အင်ပါယာအပေါ် အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ကျန်းလီ ရုတ်တရက် သေဆုံးပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ တပ်များသည် လူစိတ်ကင်းမဲ့သော သားရဲများ ဖြစ်လာခဲ့ကြသည်။ သူတို့သည် တော်ဝင်ချန်အင်ပါယာ၏ မြေပြင်ပေါ်တွင် နှစ်ဝက်ကျော်ကြာ မွှေနှောက်ဖျက်ဆီးခဲ့ကြပြီး လူသန်းပေါင်းများစွာကို သတ်ဖြတ်ကာ အမျိုးသမီး သန်းပေါင်းများစွာကို စော်ကားခဲ့ကြသည်။
ထို့ကြောင့် ရင်ကွမ်းနှင့် သူ့သားက တော်ဝင်ရန်အင်ပါယာမှ ခွဲထွက်လိုကြောင်း ကြေညာသောအခါ ချန်နိုင်ငံသစ်၏ ပြည်သူများနှင့် နိုင်ငံသားများသည် အလွန် တည်ငြိမ်နေခဲ့ကြသည်။ ရင်ကွမ်းနှင့် သူ့သားကို အနိုင်ယူနိုင်သရွေ့ ချန်နိုင်ငံသစ်ရှိ အမတ်များနှင့် ပြည်သူများသည် ရှမ့်လန်ကို သစ္စာမခံယူဘဲ မနေနိုင်သည့် အခြေအနေ ဖြစ်လာလိမ့်မည်။
ရှမ့်လန်သည် ရင်ကွမ်းကို သတ်ဖြတ်ရန် ရက်စက်သော အစီအစဉ်တစ်ခု ချမှတ်ပြီးဖြစ်သည်။ ထိုအရာမှာ ကြောက်မက်ဖွယ် ရေဒီယိုသတ္တိကြွ ပစ္စည်းများ ပါဝင်သော နဂါးဥပင် ဖြစ်သည်။ ရေဒီယိုသတ္တိကြွ ရောင်ခြည်သင့်မှု နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရင်ကွမ်း၏ ခန္ဓာကိုယ်သည် သေစေလောက်သော ဒဏ်ကို ခံစားရပေလိမ့်မည်။
သို့သော်ငြား ရင်ဝူမင်ကို မည်သို့ သတ်ဖြတ်မည်နည်း။ အထူးသဖြင့် ရင်ဝူမင်ကို တစ်ယောက်ချင်း တရားဝင် အနိုင်ယူရန် ဆိုသည်မှာ တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းသော ကိစ္စဖြစ်သည်။ သို့သော်ငြား ရှမ့်လန်သည် အမြဲတမ်း ဤကဲ့သို့ ရူးသွပ်သော လူစားမျိုး ဖြစ်သည်။
သူ အောင်မြင်နိုင်မလား၊ မအောင်မြင်နိုင်ဘူးလား ဆိုသည်ကို ဘယ်သောအခါမှ ဂရုမစိုက်ပေ။ သူသည် အမြဲတမ်း ပန်းတိုင်တစ်ခု သတ်မှတ်ပြီး ထိုပန်းတိုင် ရောက်အောင် အစွမ်းကုန် ကြိုးစားလေ့ရှိသည်။ အောင်မြင်မှု ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင်တတ်သူ ဖြစ်သည်။
ယခုအချိန်တွင် သူ အမှန်တကယ်ပင် ဘာမှမတတ်နိုင် ဖြစ်နေသည်။ သူ့တွင် ဦးတည်ချက် လမ်းကြောင်းဟူ၍ အနည်းငယ်မှပင် မရှိပေ။ လုံးဝမရှိဘူးဟုတော့ ပြောမရပေ။ ဝိုးတဝါး ဦးတည်ချက်တော့ ရှိသည်ဟု ပြောနိုင်သည်။ သို့သော်ငြား ထိုဦးတည်ချက်ဆီသို့ သွားရာလမ်းမှာ လုံးဝ မှောင်မိုက်နေ၏။
“အရှင်... လျှို့ဝှက်လာရောက်တွေ့ဆုံတဲ့ ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။”
ကျန်းချွင်းဟွာသည် အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာပြီး ချောင်ယောင်းအာကို မနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ရှမ့်လန်က ခုတင်ပေါ်မှထကာ ရေချိုးပြီး အဝတ်အစားလဲရန် ရေချိုးကန်ထဲသို့ ဝင်လိုက်သည်။ ကျန်းချွင်းဟွာ က သူ့နောက်သို့ လိုက်ပါသွားပြီး ရှမ့်လန်ကို ရေချိုးပေးကာ ဝတ်ရုံအသစ် လဲပေးလိုက်၏။
“ယောက်ျား... ဒီဧည့်သည် ဘယ်သူလဲဆိုတာ ရှင် သိမှာမဟုတ်ဘူး။”
ကျန်းချွင်းဟွာက ရှမ့်လန်၏ ဆံပင်ကို ဖြီးပေးရင်း ပြောလိုက်သည်။ ထို့နောက် မနေနိုင်တော့ဘဲ သူ့နှုတ်ခမ်းကို အကြာကြီး နမ်းလိုက်သည်။ သူမပုံစံက အလွန် လျှို့ဝှက်ဆန်းကြယ်နေပုံ ရသည်။ ကျန်းချွင်းဟွာကို ဤကဲ့သို့ ဖြစ်စေသောသူက မည်သူနည်း။
“တော်ဝင်ရန်အင်ပါယာက မင်းသားလျန် မဟုတ်လား။” ရှမ့်လန်က မေးလိုက်သည်။
ကျန်းချွင်းဟွာ ချက်ချင်း အံ့သြသွားသည်။ သူမ ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပေါင်ပေါ် တက်ထိုင်ကာ ချွဲနွဲ့လိုက်၏။ “ရှင်က ကျွန်မကို ထပ်ပြီး ချစ်မိအောင် လုပ်နေပြန်ပြီ။ လုပ်နိုင်သေးရဲ့လား။ ကျွန်မ ရှင့်ကို လွမ်းနေပြီ။”
“မလုပ်နိုင်တော့ဘူး။ မင်းရဲ့ အစ်မကြီးချောင်ယောင်းအာက ခုဏကမှ ငါ့ကို သုံးကြိမ်လောက် နှိပ်စက် ထားတာ။”
ခုတင်ပေါ်တွင် လှဲနေသော ချောင်ယောင်းအာက မျက်လုံးလှန်ကြည့်လိုက်ပြီး မျက်နှာလွှဲသွားသည်။ သူမကျော က ရှမ့်လန်ဘက်သို့ လှည့်သွား၏။ ဤလူ တကယ် ကြွားတတ်ပါလား။
.............
မင်းသားလျန်သည် တောင်ပင်လယ်ဒေသရှိ အမှောင်ရဲတိုက်မှ ထွက်ခွာလာပြီးနောက် မီးတောက် ြို့တော်သို့ ချက်ချင်း ပြန်မသွားခဲ့ပေ။ ထိုအစား နုရှောင့်မြို့သို့ လျှို့ဝှက် လာရောက်ခဲ့သည်။
“အရှင်ရှမ့်လန်... နောက်ဆုံးတော့ ပြန်တွေ့ကြပြီပေါ့။ မတွေ့တာတောင် နှစ်တွေအကြာကြီး ရှိခဲ့ပြီပဲ။ နေကောင်း ကျန်းမာပါရဲ့လား။” မင်းသားလျန်က ပြုံးကာ နှုတ်ဆက်လိုက်၏။
ရှမ့်လန်သည် အတိတ်ကို အချိန်အတော်ကြာ ပြန်လည်စဉ်းစားနေမိသည်။ ထိုမှသာ မင်းသားလျန်နှင့် မည်သည့်နေရာတွင် တွေ့ဆုံခဲ့ကြောင်း မှတ်မိသွားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သော ကိစ္စဖြစ်သည်။ ထိုစဉ်က ချောင်ဘုရင်အိုကြီးနှင့် ရွဲ့ဘုရင် နင်ယွမ်ရှန်းတို့ နယ်စပ်တွင် အမဲလိုက် ထွက်ခဲ့ကြသည့် အချိန်ဖြစ်သည်။ ထိုအချိန်က မင်းသားလျန်လည်း ရှိနေခဲ့သည်။ သို့သော်ငြား ထိုစဉ်က ရှမ့်လန်က ဘာမှမဟုတ်သော လူသာမန်ညောင်ညလေး တစ်ယောက်သာ ဖြစ်သည်။
“မင်းသားကော နေကောင်းပါရဲ့လား။ ကျုပ်အစ်ကို ယွမ်မင်ကျယ်ရော ဘယ်လိုနေလဲ။”
“ခင်ဗျား သိသင့်ပါတယ်။ သူက ခင်ဗျားနဲ့ အရမ်းရင်းနှီးတော့ သေချာပေါက် အမှုပတ်တာပေါ့။ သူ အသက်ရှင်နေသေးတယ်လို့ပဲ ကျုပ် ပြောနိုင်ပါတယ်။”
ရှမ့်လန်၏ ရင်ထဲတွင် တစ်ချက်မျှ ဒိန်းခနဲ ဖြစ်သွားသော်လည်း ထိုအတွေးကို လျင်မြန်စွာ ဖယ်ထုတ်ပစ် လိုက်သည်။ ယခုအချိန်တွင် ဤကိစ္စကို ပြောဆိုဆွေးနွေး၍ မရပေ။ ပြောလိုက်ပါက သူသည် အလွန် အောက်စီးကျသည့် အနေအထားသို့ ရောက်သွားပေလိမ့်မည်။
ကျန်းချွင်းဟွာ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အရိပ်အယောင်များ ပေါ်လာသည်မှာ အံ့သြစရာ မဟုတ်ပေ။ မင်းသားလျန် ရောက်လာသည်မှာ တကယ်ပင် အံ့အားသင့်စရာ ဖြစ်သည်။ တော်ဝင်ရန် အင်ပါယာနှင့် ရှမ့်လန်တို့သည် မွေးရာပါ ရန်ဘက်များ ဖြစ်၏။ ထိုနှစ်ဦးကြားတွင် ဆွေးနွေးစရာ ဘာရှိဦးမည်နည်း။
မင်းသားလျန်က မေးလိုက်သည်။ “မင်းသားမင်ရော ဘယ်မှာလဲ။”
“သူ သေသွားပြီ။ နဂါးနောင်တ ပေါက်ကွဲတုန်းက သေသွားခဲ့တာ။”
“သြော်.. ဒါဆိုလည်း ပြီးတာပါပဲ။” မင်းသားလျန်က ခေါင်းညိတ်ရင်း လက်ဖက်ရည်တစ်ခွက် မော့သောက်လိုက်သည်။ ထို့နောက် မင်းသားမင်အကြောင်း တစ်ခွန်းမှ ထပ်မဟတော့ပေ။ မင်းသားမင် သေဆုံးသွားခြင်းမှာ သူ့အတွက် အရေးမပါသော လူတစ်ယောက် သေဆုံးသွားသကဲ့သို့ပင် ဖြစ်၏။
“ကျုပ်က ကံဆိုးမိုးမှောင်ကျစေတဲ့သူနဲ့ မတူဘူးလား။”
မင်းသားလျန်က ပြုံး၍ မေးလိုက်သည်။ “ထျန်းရွှဲ့မြို့ တိုက်ပွဲ မတိုင်ခင်က ကျုပ် ထျန်းရွှဲ့မြို့ကို သွားလည်ရင်း ရွဲ့ဘုရင်နဲ့ တွေ့ခဲ့တယ်။ ရွဲ့ဘုရင်နဲ့ ကျူးဟုန်ရွှဲ့တို့ ရှုံးသွားခဲ့တယ်။
အဲဒီနောက် ကျုပ် ဝူဘုရင်ကို သွားတွေ့ပြီး အလျှော့ပေးဖို့ ဖိအားပေးခဲ့တယ်။ ဝူဘုရင်က သတ်ဖြတ်ပွဲ ကျင်းပပြီး ဝန်ကြီးအဖွဲ့တစ်ခုလုံးကို သုတ်သင်ပစ်လိုက်တယ်။
ဒီတစ်ခါ ရင်ကွမ်းနဲ့ စေတီတောင် မဟာမိတ်တပ်တွေက ခင်ဗျားရဲ့ နုရှောင့်မြို့ကို တိုက်ဖို့ပြင်နေကြတယ်။ ကျုပ်သွားတွေ့ပြီး မကြာခင်မှာ အကြီးအကဲဝူနဲ့ ရင်ဝူချယ်တို့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်။”
ရှမ့်လန်က တုန့်ပြန်လိုက်၏။ “မင်းသားလျန်.... ဒါက မင်းသားရဲ့ ရည်ရွယ်ချက်နဲ့ ထပ်တူကျမယ်လို့ ထင်ပါတယ်။ စေတီတောင်နဲ့ ရင်ကွမ်းတို့ ရှုံးနိမ့်သွားတာကို မီးတောက်မြို့တော်က ဝမ်းသာအားရ ဖြစ်နေမှာ သေချာပါတယ်။”
“ရှုံးနိမ့်သွားတယ်လို့တော့ ပြောလို့မရပါဘူး။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်က ခင်ဗျားထက် အများကြီး သာလွန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက သူတို့လက်ထဲက လွတ်မြောက်လာပြီး နဂါးနောင်တ ပစ်လွှတ်လိုက်နိုင်မယ်လို့တော့ ကျုပ် မထင်ထားခဲ့ဘူး။
တကယ်လို့ ရင်ဝူချယ်နဲ့ အကြီးအကဲဝူတို့က ဒီတိုက်ပွဲမှာ အပြတ်အသတ် အနိုင်ရသွားပြီး နုရှောင့်မြို့ကို ဖျက်ဆီးပစ်မယ်၊ ကျုပ် မိသားစု တစ်ခုလုံးကို ဖမ်းဆီးသွားမယ်ဆိုရင်တောင် ကျုပ် ကာကွယ်နိုင်မှာပါ။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာကရော၊ သူက ပုစဉ်းရင်ကွဲကို ဖမ်းဖို့ချောင်းနေတဲ့ ကင်းလိပ်ချော၊ ကင်းလိပ်ချော နောက်က စာကလေးလိုမျိုး နောက်ကနေ အခွင့်ကောင်းစောင့်ပြီး အကြီးအကဲဝူနဲ့ ရင်ဝူချယ်ရဲ့ တပ်တွေကို ချေမှုန်းဖို့ နဂါးနောင်တနဲ့ ပစ်ခတ်လိုက်မှာလား။”
“ကျုပ်က ဓားစာခံအဖြစ် စေတီတောင် အမှောင်ရဲတိုက်မှာ နေခဲ့တာပါ။ စစ်ပွဲမပြီးမချင်း ထွက်မလာခဲ့ပါဘူး။ ကျုပ်သာ မသွားရင် သူတို့က နုရှောင့်မြို့ကို တိုက်ခိုက်ဖို့ အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။”
“မင်းသားလျန်က တကယ့်ကို ပွင့်လင်းတာပဲ။”
“စဉ်းစားကြည့်လိုက်တော့ ကျုပ်ရဲ့ သားတစ်ယောက်လည်း နဂါးနောင်တကြောင့် သေသွားခဲ့ရတာပဲ။”
“နင်ယန် လက်ထပ်ထားတဲ့ သတ္တဝါဆန်းကို ပြောတာလား။ သူကလည်း နင်ဟန်ရဲ့ စစ်သင်္ဘောပေါ်မှာ လေ့လာသူ အဖြစ် လိုက်ပါခဲ့တာလား။”
“ဟုတ်တယ်။ သူပဲ။” မင်းသားလျန်က ဝန်ခံသည်။
“သူ သေသွားတာကို မင်းသား သိပ်ဝမ်းနည်းပုံ မရပါဘူး။ ဘာပဲဖြစ်ဖြစ် သူက မင်းသားရဲ့ မိသားစု ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တာပဲလေ။”
မင်းသားလျန်သည် လက်ဖက်ရည်ကို နောက်ထပ်ခွက်တစ်ဝက်ခန့် ထပ်သောက်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
“အရှင်ရှမ့်လန်... ခင်ဗျားကိုယ်ခင်ဗျား တရားမျှတတဲ့သူလို့ အမြဲတမ်း ထင်နေတာလား။”
မင်းသားလျန်က ရုတ်တရက် မေးလိုက်၏။ “ခင်ဗျားလုပ်သမျှ အရာအားလုံးက နေမင်းကြီးလို တောက်ပပြီး ကျုပ်တို့အင်ပါယာကတော့ ယုတ်မာကောက်ကျစ်တယ်လို့ ထင်နေတာလား။”
ရှမ့်လန် ခေါင်းခါလိုက်သည်။ “ကျုပ် အဲဒါတွေကို ဂရုမစိုက်ပါဘူး။ ကျုပ်မှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်လို့ အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ အဲဒါက လောကမှာ ဘယ်လိုရန်ငြိုးရန်စမှ မရှိစေချင်တာပါပဲ။ အရှေ့ပိုင်း လူသားဧကရာဇ် ဖြစ်လာဖို့လည်း စိတ်မဝင်စားပါဘူး။ ကျုပ်ရဲ့ ရန်သူစာရင်းထဲက လူတွေကို ဖယ်ရှားပြီးရင် ကျုပ်တာဝန် ပြီးဆုံးပါပြီ။ အဲဒီကျရင် ကျုပ် ကမ္ဘာပတ်ပြီး ခရီးထွက်တော့မယ်။”
“တခြားလူ ပြောရင်တော့ ကျုပ် ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရှင်ရှမ့်လန် ပြောတာမို့လို့ ကျုပ် ယုံပါတယ်။”
မင်းသားလျန်က ပြောလိုက်၏။ “ခင်ဗျားမှာ တကယ်ပဲ နိုင်ငံရေး ရည်မှန်းချက် မရှိပါဘူး။ မဟုတ်ရင် ခင်ဗျားက နုရှောင့်မြို့လေး တစ်မြို့တည်းကိုပဲ ထိန်းချုပ်ထားပြီး ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံရဲ့ အာဏာတွေကို လုံးဝ လျစ်လျူရှုထားမှာ မဟုတ်ဘူး။”
ရှမ့်လန်က မင်းသားလျန်၏ ခွက်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ပေးရင်း မေးလိုက်သည်။ “မင်းသားလျန်... မင်းသားက အခုဆိုရင် တော်ဝင်ရန်အင်ပါယာရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ မင်းသားရဲ့အမေက ကျုပ်အဘွားရဲ့ ညီမတော်စပ်တယ် မဟုတ်လား။”
“ဟုတ်တယ်။”
မင်းသားလျန်က ဖြေသည်။ “ကျန်းနဲ့ ကျိ မျိုးရိုးနာမည်တွေက ကမ္ဘာပေါ်မှာ ဂုဏ်အရှိဆုံး မျိုးရိုးတွေပဲ။ ကျုပ်တို့က မျိုးဆက်ပေါင်းများစွာ လက်ထပ်ထိမ်းမြားပြီး ဆက်နွယ်လာခဲ့ကြတာ။ ခွဲခြားလို့တောင် မရသလောက်ပဲ။ အရှင်ကျန်းလီ လက်ထက်ကျမှ နှစ်ဖက်မိသားစု အဆင်မပြေ ဖြစ်သွားခဲ့ကြတာ။”
“ကျုပ်ရဲ့ ရန်သူစာရင်းထဲမှာ လူသိပ်မကျန်တော့ပါဘူး။ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာ ကျုပ် မသိသေးဘူး။ မင်းသား ပြောပြနိုင်မလား။ အရှင်ကျန်းလီကို သတ်ခဲ့တဲ့သူက ဘယ်သူလဲ။”
...
အပိုင်း (၁၀၉၀)
“အရှင်မင်းကြီးကျန်းလီက ကောင်းကင်အောက်မှာ အတော်ဆုံး ပညာရှင်တစ်ယောက်ပါ။ ခင်ဗျားရဲ့ အမေ ကတော့ ကောင်းကင်အောက်မှာ ဒုတိယအတော်ဆုံး ပညာရှင်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံး ရုတ်တရက် သေဆုံးသွားခဲ့ကြတယ်။ ဒါက နှစ်ပေါင်းတစ်ရာအတွင်း မဖြေရှင်းနိုင်တဲ့ ပဟေဠိတစ်ခု ဖြစ်နေခဲ့တာ။ ခင်ဗျားက ကျုပ်ကို လာမေးနေတယ်ပေါ့။ ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေပြီ။”
“မင်းသားလည်း မသိဘူးလား။”
“ကျုပ် တကယ် မသိပါဘူး။”
“ဒါဆိုရင် တော်ဝင်ရန်အင်ပါယာကရော သိလား။”
မင်းသားလျန်က ခေတ္တမျှ စဉ်းစားပြီး ဖြေသည်။ “အရှင်မင်းကြီး သိလောက်ပါတယ်။ မဟုတ်ဘူး။ သူ သေချာပေါက် သိပါတယ်။”
“ဒါဆိုရင် ဒုက္ခပဲ။ သူက ကျုပ်ကို ပြောပြမှာ မဟုတ်ဘူး။ ကျုပ်က သူ့ကို အနိုင်ယူပြီး မီးတောက်မြို့တော် နန်းတော်ထဲထိ ဝင်ရောက် သတ်ဖြတ်နိုင်မှပဲ ပြောပြမှာ မဟုတ်လား။”
“အဲဒီသဘောပါပဲ။”
“ဒါပေမဲ့ အခုအချိန်မှာ ကျုပ်က သူ့ရန်သူ ဖြစ်ခွင့်တောင် မရှိသေးဘူး။ ကျုပ်က ရင်ကွမ်းနဲ့ သူ့သားကို သတ်၊ စေတီတောင်ကို ဖျက်ဆီးပြီးမှ သူ့ရန်သူ ဖြစ်လာမှာ မဟုတ်လား။”
မင်းသားလျန်က ခေါင်းညိတ်၏။ “အဲဒီလို ပြောလို့ရပါတယ်။”
“ဒါဆိုရင် ဒီတစ်ခေါက် မင်းသားလျန်က ကျုပ်ကို ဘယ်လိုအကြံဉာဏ် ပေးချင်တာလဲ။”
မင်းသားလျန်က စကားလမ်းကြောင်း လွှဲလိုက်သည်။ “အဲဒီတုန်းက ကျူးဟုန်ရွှဲ့က သွေးဝိညာဉ်တပ်ကို ဦးဆောင်ပြီး မင်းသားကျင်းကို သဲကန္တာရလူရိုင်းတွေနေတဲ့ တောင်ဘက်ဆုံးက ကျင်းကန်တောင်အထိ လိုက်ဖမ်းခဲ့တယ်။ မင်းသားကျင်းရဲ့ သောင်းနဲ့ချီတဲ့ လူတွေက ကျင်းကန်တောင်ပေါ်က ရှေးဟောင်း အမွေအနှစ်နယ်မြေထဲ ဝင်ပြေးပုန်းအောင်းခဲ့ကြတယ်။ သူတို့ အဲဒီမှာ ရှိနေတုန်းပဲ မဟုတ်လား။”
“ဒါက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။”
“ရင်ကွမ်းနဲ့ စေတီတောင်က ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ်နယ်မြေ ပတ်လည်မှာ ကြီးမားတဲ့ တပ်တော်ကြီးကို စုစည်းထားတယ်။ သူတို့က လွတ်ထွက်မသွားနိုင်တဲ့ ထောင်ချောက်တစ်ခု ဆင်ထားပြီး ခင်ဗျား လာတိုးမဲ့အချိန်ကို စောင့်နေကြတာ။ ဒါက တောင်ဘက်မှာ သူတို့ခင်းထားတဲ့ စစ်တုရင်အကွက်ပဲ။
မြောက်ဘက်မှာကျတော့ ရင်ဝူမင်က ချန်နိုင်ငံသစ်ရဲ့ တပ်တော်နဲ့ စေတီတောင်ရဲ့ တပ်တော်ကို စုစည်းထားတယ်။ သူတို့က အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ပြီး ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံရဲ့ မြို့တော်တစ်ခုခုကို ဖျက်ဆီးပစ်နိုင်တယ်။ အရှင်ရှမ့်လန်က ဒီတောင်နဲ့မြောက် စစ်တုရင်အကွက်ကို ဘယ်လို ဖြေရှင်းမယ် စိတ်ကူးထားလဲ။”
“အခု မင်းသားလျန် ရောက်နေပြီ မဟုတ်လား။”
မင်းသားလျန်က ပြတ်သားစွာ ပြောလိုက်သည်။ “လိုရင်းကိုပဲ ပြောကြရအောင်။ ပထမဆုံးအနေနဲ့ ရင်ကွမ်းနဲ့ စေတီတောင် လက်ထဲကို ခင်ဗျား နောက်တစ်ကြိမ် ပြန်အပါမခံနိုင်ဘူး။ အရင်တစ်ခေါက်တုန်းက ခင်ဗျားရဲ့ လုပ်ရပ်ကြောင့် တော်ဝင်ရန်အင်ပါယာ အကြပ်ရိုက်ခဲ့ရတယ်။ ခင်ဗျားသာ မရှိရင် ရင်ဝူမင်က သဘာဝလွန် အင်အားစုညီလာခံမှာ စေတီတောင်ကိုယ်စား တက်ရောက်ခွင့် ရခဲ့မှာ မဟုတ်ဘူး။”
ရှမ့်လန် ပခုံးတွန့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
မင်းသားလျန်က ဆက်ပြော၏။ “ရင်ဝူမင်ရဲ့ တပ်တော်က ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မယ့် အရေးကို တားဆီးနိုင်တာ တစ်ခုတည်းပဲ ရှိတယ်။ ပြီးတော့ ရင်ကွမ်းနဲ့ စေတီတောင် တပ်တွေကို ကျင်းကန်တောင်ကနေ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်တာလည်း တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက နဂါးနောင်တပဲ။ ပြီးတော့ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ လူတိုင်းသိထားကြတာက အရှင်ရှမ့်လန်ဆီမှာ နဂါးနောင်တ တစ်ခုပဲ ကျန်တော့တယ်။ အဲဒါကိုလည်း နုရှောင့်မြို့ကို ကာကွယ်ဖို့ သုံးရမယ်။ ဒီတော့ နဂါးနောင်တ ကို အမှန်တကယ် ပိုင်ဆိုင်ထားတာ ကျုပ်တို့ပဲ ရှိတယ်။”
“ဒါဆို မီးတောက်မြို့တော်က ကျုပ်ကို နဂါးနောင်တ ငှားပေးချင်တာလား။ ကျေးဇူးတင်ပါတယ်။ စာချုပ်ချုပ်ကြတာပေါ့။ နဂါးနောင်တ ဆယ်ခု ငှားပေးရင် တစ်နှစ်အတွင်း အခုတစ်ရာ ပြန်ဆပ်ပါ့မယ်။”
ထိုအချိန်တွင် မင်းသားလျန်၏ မျက်နှာမှာ မဲမနက်သွားသည်။
‘အရှင်ရှမ့်လန်... ခင်ဗျားက အရင်တုန်းကလို လမ်းဘေးလူမိုက် မြို့စားသားမက် မဟုတ်တော့ဘူးလေ။ ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောထွက်ရတာလဲ။ တိုင်းပြည်အုပ်ချုပ် မင်း လုပ်နေတဲ့သူ တစ်ယောက်အနေနဲ့ သိက္ခာရှိရှိလေး မနေနိုင်ဘူးလား။’
ရှမ့်လန်က နဂါးနောင်တ အခုတစ်ရာမကလို့ တစ်ထောင် ပြန်ဆပ်မယ်ဟုတောင် ပြောရဲသေးသည်။ ထိုအရာက အတိုးနှင့် ငွေချေးယူပြီး ဘယ်တော့မှ ပြန်ဆပ်ဖို့ စိတ်ကူးမရှိသော လူမိုက်တွေလိုမျိုးပင်။ အတိုးနှုန်း တစ်သောင်းရာခိုင်နှုန်း ပေးရမယ်ဆိုရင်တောင် ထိုလူမိုက်က ချေးရဲလိမ့်မည်။ သူက မည်သို့မှ ပြန်ဆပ်မည် မဟုတ်ချေ။ ပြန်ဆပ်လိုက်ရင် နောင်ကျ သူ့ကို လူမိုက်ဟု မည်သူယုံကြည်တော့မည်နည်း။ လူမိုက်သိက္ခာကျဆင်းနေပေမည်။
မင်းသားလျန်က ကမ်းလှမ်းလိုက်၏။ “နဂါးနောင်တကို ငှားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ကိုယ်စား ကျုပ်တို့ ပစ်ပေးလို့ ရပါတယ်။ ချန်နိုင်ငံသစ် ဒါမှမဟုတ် စေတီတောင်ကို တိုက်ခိုက်ပေးမယ်။ ပြီးတော့ နဂါးနောင်တနှစ်ခုကို တပြိုင်နက် ပစ်ခတ်ပေးမယ်။ ဒါပေမဲ့ ပစ်မှတ်ကိုတော့ ခင်ဗျားကပဲ ရွေးချယ်ရမယ်။ မီးတောက်မြို့တော်ရဲ့ သဘောတူညီချက်တော့ လိုတာပေါ့။”
ရှမ့်လန် မျှော်လင့်ထားပြီး ဖြစ်သော်လည်း အနည်းငယ်တော့ အံ့သြသွားမိသည်။ ဤလောကကြီးက တကယ့်ကို မှောင်မိုက်လွန်းသည်။ တော်ဝင်ရန်အင်ပါယာက ရှမ့်လန်နှင့် ပူးပေါင်းပြီး ရင်ကွမ်းကို ဒုက္ခပေးတော့မည်။ ထိုအရာက အမေရိကန်က နိုင်ငံတစ်နိုင်ငံကို ဗုံးကြဲဖို့ နျူကလီးယား လက်နက် ငှားပေးလိုက်သလိုမျိုး ဖြစ်နေသည်။
“နဂါးနောင်တကို ငှားပေးတာ ပိုကောင်းပေမဲ့ ဒီကမ်းလှမ်းမှုကိုလည်း ကျုပ် လက်ခံနိုင်ပါတယ်။ ကျုပ်က ဂျီးများတတ်တဲ့သူ မဟုတ်ပါဘူး။”
“နဂါးနောင်တဆိုတာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး မဟာဗျူဟာမြောက် ဖျက်ဆီးရေးလက်နက် ဆိုတာ အရှင်ရှမ့်လန် ကောင်းကောင်း သိပါတယ်။ ဒါက တန်ဖိုးဖြတ်မရပါဘူး။ အရင်တုန်းက နဂါးနောင်တ တစ်ခု နှစ်ခုလောက် ရဖို့ ခင်ဗျား အသက်စွန့်ခဲ့ရဖူးတယ်။ ဒီတော့ ဒီတစ်ခေါက် နဂါးနောင်တ နှစ်ခုအတွက် ခင်ဗျား ဘယ်လောက် ပေးချင်လဲ။”
ရှမ့်လန်သည် စားပွဲကို ရိုက်ချလိုက်ပြီး ပြောလိုက်၏။ “ကျုပ်က ရက်ရောပါတယ်။ ရွှေဒင်္ဂါး တစ်သန်း ပေးမယ်။”
မင်းသားလျန်၏ မျက်နှာက ရှုံ့တွ်သွားသည်။ ‘ရှမ့်လန် မင်းအမေ.... နဂါးနောင်တ နှစ်ခုကို ရွှေဒင်္ဂါး တစ်သန်းနဲ့ ဝယ်ချင်တယ် ဟုတ်လား။ ကျုပ် မင်း ကို ရွှေဒင်္ဂါး နှစ်သန်း ပေးမယ်။ ခင်ဗျားဆီက နဂါးနောင်တ ကျုပ်ကို ပြန်ရောင်းပါလား။’
“ဒီစျေးကို လက်မခံနိုင်ဘူးလား။”
ရှမ့်လန်က ပြောလိုက်သည်။ “နည်းနည်းတော့ နည်းနေတာပဲ။ ဒါဆိုရင် ကျုပ် စျေးထပ်တိုးပေးမယ်။ ခင်ဗျား ရင်တုန်သွားစေမယ့် စျေးမျိုး ပေးမယ်။”
“ပြောပါအုံး။”
“တော်ဝင်ချန်နိုင်ငံရဲ့ အရှေ့ဘက်က ပြည်နယ်တစ်ခုကို တော်ဝင်ရန်အင်ပါယာဆီ ပေးအပ်လိုက်မယ်။”
“ဟမ်” ထိုအရာက အရှက်တကွဲ အကျိုးနည်း လက်နက်ချခြင်းမျိုးလား။ သူက တကယ်ပဲ ဤမျှလောက်အထိ ဖြုန်းတီးပစ်မလို့လား။ ဤအရာက ယွမ်ရှီခိုင်ရဲ့ တောင်းဆိုချက် ၂၁ ချက်ထက်တောင် ဆိုးနေသေးသည်။
“တော်ဝင်ချန်နိုင်ငံရဲ့ အရှေ့မြစ်ပြည်နယ်ကို ပြောတာလား။”
ရှမ့်လန် ခေါင်းညိတ်ပြီး မေးလိုက်၏။ “ဟုတ်တယ်။ ဒီပြည်နယ်က စတုရန်းကီလိုမီတာ ၁၉၀,၀၀၀ ကျယ်ဝန်းတယ်။ အဲဒါကို နဂါးနောင်တ နှစ်ခုနဲ့ လဲလှယ်မယ်။ ဒီစျေးနှုန်းက တုန်လှုပ်စရာ မကောင်းဘူးလား။”
မင်းသားလျန်က ပြန်မေးလိုက်သည်။ “မှန်ပါတယ်။ ဒီစျေးနှုန်းက တကယ်ကို တုန်လှုပ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အရှင်ရှမ့်လန်... အရှေ့မြစ်ပြည်နယ်က အခု ရင်ကွမ်းနဲ့ သူ့သား ပိုင်ဆိုင်ထားတာလေ။ ခင်ဗျားက ရင်မျိုးနွယ်ရဲ့ နယ်မြေကို တော်ဝင်ရန်အင်ပါယာဆီ ပေးပြီး နဂါးနောင်တကြွေးကို ဆပ်မလို့လား။”
“ချန်နိုင်ငံသစ်ကလည်း တော်ဝင်ချန်အင်ပါယာကနေ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်း တစ်ခုပဲလေ။ ဒီတော့ အရှေ့မြစ်ပြည်နယ်ကလည်း ကျုပ်ပိုင်တာပဲ မဟုတ်ဘူးလား။”
မင်းသားလျန်၏ မျက်နှာမှာ တစ်ချက် ထပ်တွန့်သွားပြန်သည်။ ရင်ဘတ်ထဲတွင် ကျပ်အောင့်လာပြီး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။ ရှမ့်လန်သည် အရှက်မရှိကြောင်း သူသိပြီးသား ဖြစ်သော်လည်း တော်ဝင်ချန်အင်ပါယာ ဖြစ်လာပြီးနောက် ဤမျှလောက် အရှက်မဲ့နေဦးမည်ဟု မထင်ထားခဲ့ပေ။
ဤစျေးနှုန်းက တကယ့်ကို တုန်လှုပ်စရာ ကောင်းလွန်းသည်။ ထိုအရာက ရုရှားနိုင်ငံက ဥရောပသမဂ္ဂကို ယူရို ဘီလီယံ ၁၀၀ ပေးမည်ဆိုလျှင် ဂျာမနီနိုင်ငံ အရှေ့ပိုင်းကို ပေးအပ်လိုက်မည်ဟု ပြောသလိုမျိုး ဖြစ်နေသည်။
‘ဘာ။ ဂျာမနီနိုင်ငံ အရှေ့ပိုင်းနဲ့ ရုရှားနဲ့ ဘာဆိုင်လို့လဲလို့ မေးချင်တာလား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က အရှေ့ဂျာမနီဟာ ဆိုဗီယက်ယူနီယံပိုင် ဖြစ်ပြီး ဝါဆောစာချုပ်အဖွဲ့ဝင် ဖြစ်ခဲ့ဖူးတယ်လေ။’
ရှမ့်လန်နှင့် ပုံမှန်အတိုင်း ဆွေးနွေးညှိနှိုင်း၍ မရနိုင်ကြောင်း မင်းသားလျန် နောက်ဆုံးတွင် နားလည်သွား ခဲ့သည်။ ထို့ကြောင့် မင်းသားလျန်က သူ့စျေးနှုန်းကို တိုက်ရိုက် ပြောလိုက်၏။ “ကျုပ်တို့ တစ်ခုလိုချင်တယ်။ ခင်ဗျားရဲ့ ထူးခြားတဲ့ သားရဲကို လိုချင်တယ်။ ခင်ဗျား သဘောတူမယ်ဆိုရင် ကျုပ်တို့က နဂါးနောင်တ နှစ်ခုနဲ့ ချန်နိုင်ငံသစ် ဒါမှမဟုတ် စေတီတောင်ကို ပစ်ခတ်ပေးမယ်။ ဒီစျေးနှုန်းက သိပ်မများပါဘူး။ ခင်ဗျားရဲ့ သားရဲ ဘယ်လောက်ပဲ တန်ဖိုးရှိရှိ နဂါးနောင်တ နှစ်ခုနဲ့တော့ မယှဉ်နိုင်ပါဘူး။”
ရှမ့်လန် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ “ခင်ဗျားပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ နဂါးနောင်တ နှစ်ခုကို ပစ်ချင်နေတာ ခင်ဗျားတို့လေ။ ကျုပ်က ရင်ကွမ်းနဲ့ စေတီတောင်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက် လာပြီဆိုတာ ခင်ဗျားတို့ သိတယ်။ ဒါကြောင့် သူတို့က နဂါးနောင်တ ပစ်လွှတ်ပြီး တော်ဝင်ရန်အင်ပါယာကို မခြိမ်းခြောက်နိုင်တော့ဘူး ဆိုတာလည်း သိတယ်။ ဒါကြောင့် မီးတောက်မြို့တော်က ရင်ကွမ်းကို အပြစ်ပေးချင်နေတာ။ ဒါကြောင့် နဂါးနောင်တ နှစ်ခုနဲ့ ချန်နိုင်ငံသစ်နဲ့ စေတီတောင်ကို တိုက်ခိုက်ချင်နေတာ။
ပြီးတော့ ခင်ဗျားတို့က ရင်ကွမ်းနဲ့ ဗြောင်ကျကျ ရန်မဖြစ်ချင်ဘူး၊ နဂါးနောင်တကို သုံးပြီး တော်ဝင်ချန် အင်ပါယာကို ဖျက်ဆီးတယ်လို့ လူသိရှင်ကြား ဝန်မခံချင်ဘူး။ ဒါကြောင့် ကျုပ်နာမည်ကို သုံးပြီး ပစ်ခတ် ချင်နေတာ။ ကျုပ်က အလကားသက်သက် ခေါင်းခံပေးရမှာလား။ ဒါကြောင့် ကျုပ်က ပိုက်ဆံပေးစရာ မလိုတဲ့အပြင် ခင်ဗျားတို့ကတောင် ကျုပ်ကို ပြန်ပေးရအုံးမယ်။ ဒါမှသာ နဂါးနောင်တ ပစ်ခတ်ဖို့ ကျုပ်နာမည်ကို ငှားပေးနိုင်မယ်။”
“ဝေါ့...” မင်းသားလျန် သွေးအန်ချင်သွား၏။ လည်ချောင်းဝဆီသို့ ပျို့တက်လာသော သွေးများ ပြန်ကျသွားစေရန် ရင်ဘတ်ကိုပင် တဘုတ်ဘုတ်ဖြင့် ပုတ်လိုက်မိ၏။
‘ရှမ့်လန်က တကယ်ကို အရှက်မရှိပါလား။ ရင်ကွမ်းနဲ့ စေတီတောင်ကို တိုက်ခိုက်ဖို့ နဂါးနောင်တ ပစ်ခတ်ပေးတာတောင် တော်ဝင်ရန်အင်ပါယာက ပိုက်ဆံပေးရအုံးမယ် ဟုတ်လား။’
မင်းသားလျန်က ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ခင်ဗျား ဒီလောက်ထိ အရှက်မမဲ့ပါနဲ့။”
“မင်းသားလျန်... ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ကြရအောင်။ ရင်ကွမ်းနဲ့ စေတီတောင်ကို နဂါးနောင်တနဲ့ ပစ်ခတ်ချင်နေတာ ခင်ဗျားတို့လေ။ ပြီးတော့ ကျုပ်ကို တရားခံစာရင်း သွင်းချင်နေတာ။ ကျုပ် ရှမ့်လန်က အကြမ်းဖက်သမားလား။ ကျုပ်ကို တော်လှန်ရေး အုတ်ခဲတစ်ချပ်လိုပဲ လိုအပ်တဲ့နေရာ ရွှေ့ထားလို့ ရမလား။
ပြီးတော့ မင်းသားကျင်းကို ကယ်တင်ပြီးရင် ကျုပ်က ပိုပြီး အင်အားတောင့်တင်းလာမှာ။ ရင်ကွမ်းနဲ့ စေတီတောင်ကို ယှဉ်နိုင်မယ့် အနေအထား ရောက်လာမှာ မဟုတ်ဘူးလား။ ဒါက တော်ဝင်ရန်အင်ပါယာရဲ့ အကျိုးစီးပွား နဲ့ ကိုက်ညီနေတာပဲလေ။”
မင်းသားလျန်က ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်ပြီးမှ ပြောလိုက်၏။ “ဒါဆိုရင် ဆက်ဆွေးနွေးစရာ မလိုတော့ဘူး။ ကျုပ်တို့က အဲဒီ နဂါးနောင်တနှစ်ခုကို မပစ်ဘဲ နေလိုက်လို့ ရတယ်။ မင်းသားကျင်းနဲ့ သူ့လူတွေ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာ သေဆုံးသွားတာကို ထိုင်ကြည့်နေ လိုက်မယ်။ ပြီးတော့ ရင်ဝူမင်ရဲ့တပ်တော် ချောင်မြို့တော်ကို ဖျက်ဆီးပစ်တာကိုလည်း ထိုင်ကြည့်နေလိုက်မယ်။ အဲဒီကျရင် အရှင်ရှမ့်လန်လည်း ဘာမှမတတ်နိုင်ဘဲ ဂုဏ်သတင်း ပျက်စီးသွားမှာပေါ့။”
“နောက်နေတာလား မင်းသားလျန်... အခု တော်ဝင်ရန်အင်ပါယာက ဘေးထွက်ထိုင်ပြီး အကျိုးအမြတ် လိုချင်နေတာ မဟုတ်လား။ အားနည်းသူကို ကူညီပြီး အားကြီးသူကို နှိပ်ကွပ်တာက ခင်ဗျားတို့ လုပ်သင့်တဲ့ အလုပ်ပဲလေ။ ဘယ်သူက ခင်ဗျားတို့ကို အရှင်သခင် လုပ်ခိုင်းလို့လဲ။ ကျုပ်ရဲ့ အင်အားကို မတိုးပွားစေချင်ရင်တောင် ရင်ကွမ်းနဲ့ စေတီတောင်ရဲ့ အင်အားကို လျှော့ချပစ်ဖို့ လိုတယ်။
ဒီကိစ္စမှာ ကျုပ်နဲ့ မီးတောက်မြို့တော်ရဲ့ အကျိုးစီးပွားက တူညီနေတယ်။ ဒါကို ခင်ဗျားတို့က အမြတ်အစွန်း နည်းနည်းလေးအတွက်နဲ့ တော်ဝင်ရန်အင်ပါယာရဲ့ မဟာဗျူဟာ စီမံကိန်းကို ဖျက်ဆီးပစ်ချင်နေတာလား။ ခင်ဗျားတို့က ဒီလောက်ထိ အမြော်အမြင် နည်းတာလား။”
မင်းသားလျန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အရှင်ရှမ့်လန်... ခင်ဗျား ဆိုလိုတာက ကျုပ်တို့က ခင်ဗျားကိုယ်စား နဂါးနောင်တ နှစ်ခုနဲ့ ရင်ကွမ်းနဲ့ စေတီတောင်ကို တိုက်ခိုက်မယ်။ အဲလိုလုပ်တာကို ခွင့်ပြုပါလို့ ခင်ဗျားကို တောင်းပန်နေရအုံးမှာလား။ တော်ဝင်ချန်မြို့တော်နဲ့ မင်းသားကျင်းကို ကယ်တင် ခွင့်ပြုပါလို့ ခင်ဗျားကို တောင်းပန်နေရအုံးမှာလား။”
“တောင်းပန်စရာ မလိုပါဘူး။ မီးတောက်မြို့တော်နဲ့ ကျုပ်က ရန်သူတွေ ဖြစ်ပေမဲ့ ရံဖန်ရံခါတော့ ဘုံအကျိုးစီးပွား တူညီတာတွေ ရှိတတ်ပါတယ်။ တစ်လမ်းတည်း သွားနေကြတာမို့ ဘာလို့ အတူမအိပ် ကြတာလဲ။ အားလုံးက လိုလိုလားလား ရှိနေကြတာပဲ။ ယောက်ျားက သူခိုး၊ မိန်းမက ပြည့်တန်ဆာ ဖြစ်နေမှတော့ ဘာကို တောင်းပန်နေစရာ လိုသေးလဲ။”
“ဟမ်”
မင်းသားလျန် အကြာကြီး စကားမပြောနိုင် ဖြစ်သွားသည်။ ‘မင်း အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေမှန်း သိပေမယ့် မင်းက အရမ်းအရှက်မရှိလွန်းတော့ ငါ ဘာမှ ပြန်မပြောနိုင်ဘူး’
“ဒါဆိုရင် ဆက်ဆွေးနွေးစရာ မလိုတော့ဘူး။ နှုတ်ဆက်ပါတယ်။” မင်းသားလျန် ပြောပြီး ချက်ချင်း မတ်တတ်ထကာ ထွက်သွားတော့သည်။
“လိုက်မပို့တော့ဘူးနော်။”
“အရှင်ရှမ့်လန်... မင်းသားကျင်း ဒါမှမဟုတ် ချောင်မြို့တော်ကို ကယ်တင်နိုင်မယ့် နည်းလမ်းရှိပါစေလို့ မျှော်လင့်ပါတယ်။ ခင်ဗျားမှာ အချိန်သိပ်မကျန်တော့ဘူး။ ဂုဏ်သတင်း ပျက်စီးသွားရင် ပြန်ပြင်လို့ မရတော့ဘူးနော်။”
“ကျုပ်က ဂုဏ်သတင်း ပျက်စီးဖူးတာ များလှပြီ။ အစောတည်းက ကျုပ်က ဘာသိက္ခာမှ ရှိတာမဟုတ်ဘူး။”
ထို့နောက် မင်းသားလျန် တကယ် ထွက်ခွာသွားခဲ့သည်။
........................
“မင်းသားလျန် တကယ်သွားပြီလား။ ဒါမှမဟုတ် ဟန်ဆောင်ပြီး ထွက်သွားတာလား။” ရှမ့်လန်က မေးလိုက်၏။
ကျန်းချွင်းဟွာက ဖြေသည်။ “တကယ်သွားတဲ့ပုံပဲ။”
“သူ ပြန်လာလိမ့်မယ်။”
“ဘာလို့လဲ။”
“အင်ပါယာက တရားကျင့်နေတာ။ အိမ်ရှေ့စံက မီးတောက်မြို့တော်ကို ကြီးကြပ်နေတာ။ သူက ထူးချွန်တယ် ဆိုပေမဲ့ တော်ဝင်ရန်အင်ပါယာကိုတော့ မယှဉ်နိုင်ဘူး။ အရင်တုန်းက ရင်ကွမ်းက နဂါးနောင်တ ပစ်လွှတ်ပြီး ကျင်းနိုင်ငံ မြို့တော်ကို ဖျက်ဆီးပစ်တုန်းက တော်ဝင်ရန်အိမ်ရှေ့စံက ငလျင်လှုပ်တာပါလို့ ပြောခဲ့တယ်။ အဲဒီနောက် ရင်ဝူမင်က သဘာဝလွန် အင်အားစုညီလာခံမှာ စေတီတောင်ကိုယ်စား တက်ရောက်ပြီး မီးတောက်မြို့တော် ရဲ့ မျက်နှာကို ဖြတ်ရိုက်ခဲ့တယ်။
ငါ ရင်ကွမ်းလက်ထဲ ရောက်နေတုန်းက ချန်နိုင်ငံက နဂါးနောင်တ ပစ်လွှတ်ပြီး မီးတောက် မြို့တော်ကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ တော်ဝင်ရန်အိမ်ရှေ့စံက ဒေါသကို မြိုသိပ်ထားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အဓိက မဟာဗျူဟာက ငါတို့နဲ့ ရင်ကွမ်းတို့ အထိနာပြီး မီးတောက်မြို့တော်က အမြတ်ထွက်ဖို့ စောင့်နေတာမို့လို့လေ။
အခု ငါက ရင်ကွမ်းရဲ့ ထိန်းချုပ်မှုအောက်က လွတ်လာပြီဆိုတော့ တော်ဝင်ရန်အိမ်ရှေ့စံက လက်စားမချေဘဲ နေမလား။ သူ့ဒေါသကို မျိုသိပ်ထားနိုင်ပါ့မလား။ အခု မီးတောက်မြို့တော်မှာ အိမ်ရှေ့စံကို စောင့်ကြည့်နေတဲ့ လူတွေ ဘယ်လောက်များလဲ သိလား။ သူ နန်းမွေဆက်ခံနိုင်မလား ဆိုတာ စောင့်ကြည့်နေကြတာလေ။”
ကျန်းချွင်းဟွာ သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က ဆက်ပြောသည်။ “ဒါကြောင့် ဘာပဲဖြစ်ဖြစ် မီးတောက်မြို့တော်က ရင်ကွမ်းနဲ့ စေတီတောင်ကို အသေအလဲ တိုက်ခိုက်ချင်နေတာ။ အဲဒီလိုလုပ်ဖို့ ငါ့ နာမည်ကို သုံးရလိမ့်မယ်။”
“ရင်ဝူမင်က တော်ဝင်ရန်အင်ပါယာကို ထောက်ခံတယ်လို့ ပြောထားပြီး မီးတောက်မြို့တော်ကလည်း ရင်မိသားစုရဲ့ သစ္စာရှိမှုကို ပြောဆိုထားတယ်။ ဒါကြောင့် သူတို့က ဒီမျက်နှာဖုံးကို စွပ်ထားရအုံးမယ်။ ငါ သဘောတူတူ ၊ မတူတူ မီးတောက်မြို့တော်က နဂါးနောင်တ နှစ်ခုကို ပစ်ခတ်မှာပဲ။ ငါ က ဘာကိစ္စ ပိုက်ဆံပေးရမှာလဲ။ သူတို့ကို ပိုက်ဆံမတောင်းတာတောင် ကံကောင်းမှတ်။ နေရင်းထိုင်ရင်း ခေါင်းခံပေးရတာကို။”