အခန်း (၁၀၈၇-၁၀၈၈)
Vol. 64 Ch. 1087-1088
အပိုင်း (၁၀၈၇)
ရင်ဝူချယ် အံကြိတ်ထားလိုက်သည်။ သူ တကယ်ပဲ ပြေးဝင်ပြီး ရှမ့်လန်ကို ကိုက်က်သတ်ချင်သည်။ သူတို့နှစ်ဦး အတူတူ သေလိုက်ချင်သည်။ သို့ပေမည့် သူက အညံ့မခံဘဲ အသေခံမယ့် လူစားမျိုးလား။ မဟုတ်ချေ။ သူက ထိုသို့သောလူ မဟုတ်ပေ။
သူက တုန်ယင်စွာဖြင့် မီးလောင်ထားသော ဘယ်ဘက်လက်ကို အသုံးပြုကာ ကုလားထိုင်နောက်မှီကို ကိုင်ပြီး ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ဒူးထောက်ချလိုက်ပြီး မြေကြီးပေါ် ဦးတိုက်ကာ တုန်ယင်သော အသံဖြင့် ပြောလိုက်၏။
“ရှမ့်လန်... ငါ မှားပါတယ်။ ငါ မှားပါတယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့ အသုံးမကျတဲ့ အသက်ကို ချမ်းသာပေးပါ။ ငါ့မှာ တန်ဖိုး ရှိပါသေးတယ်။ မင်း ငါ့အဖေနဲ့ ညှိနှိုင်းပြီး ငါ့ကို သုံးပါ။ ကျင်းကျွင်းနဲ့ ဝူတူကျိကို လဲလှယ်လို့ ရပါတယ်။ ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”
ချောင်ယောင်းအာ၊ ဟီလာနှင့် မင်းသမီး ဒိုဟာတို့က ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ အခန်းထဲတွင် ရင်ဝူချယ်၏ သနားစဖွယ် ငိုညည်းသံများသာ လွှမ်းမိုးနေသည်။
“ဦးတိုက်တဲ့ အသံက မကျယ်ဘူး။”
ဤအချိန်တွင် ရင်ဝူချယ် ခံစားနေရသော အရှက်တရားကို မည်သည့် စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။ သူ၏နောင်တကိုလည်း မည်သည့်စာလုံးနှင့်မှ ဖော်ပြ၍ မရနိုင်တော့ပေ။
‘ရှမ့်လန် သူတို့လက်ထဲ ရောက်တုန်းက ဘာလို့ မသတ်ခဲ့မိပါလိမ့်။ ဒါမှမဟုတ်ရင် ဒီနေ့ ဒီလို အရှက်ကွဲစရာ အကြောင်း မရှိဘူး။ နောင်တရလိုက်တာ။ နောင်တရလိုက်တာ။ အဖေ... ဂိုဏ်းချုပ်ရန်... ခင်ဗျားတို့ ဘာလို့ ကျုပ်စကား နားမထောင်ခဲ့ကြတာလဲ။ ဘာလို့ ရှမ့်လန်ရဲ့ လက်တွေကို ဖြတ်၊ ခေါင်းကို ဖြတ်မပစ်ခဲ့ကြတာလဲ။’
ရင်ဝူချယ်သည် စိတ်ထဲတွင် အော်ဟစ် နေသော်လည်း တကယ်တမ်းတွင် အစက ပြန်စခွင့်ရလျှင်လည်း သူတို့ ရှမ့်လန်ကို သတ်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးစီးပွားက အဓိက ဖြစ်သည်။ ရှမ့်လန် တစ်ယောက်တည်းသာ နဂါးနောင်တကို အသက်သွင်းနိုင်သူ ဖြစ်သည်။ ရှမ့်လန်ကို ထိန်းချုပ်ထားခြင်းက မဟာဗျူဟာမြောက် ဟန့်တားမှုကို ထိန်းချုပ်ထားခြင်းနှင့် တူညီသည်။
“ရင်ဝူချယ်.. ဦးခိုက်တဲ့ အသံ မကျယ်ဘူး။ ဒါပေမဲ့ ယောကျ်ားတစ်ယောက်ရဲ့ ဒူးခေါင်းက ရွှေနဲ့ လုပ်ထားတယ် ဆိုတာ ကျုပ် နားလည်ပါတယ်။ အရှုံးမပေးဘဲ အသေခံမယ်ပေါ့။ ခင်ဗျားလို လူကောင်းတစ်ယောက်ကို ကျုပ် လေးစားပါတယ်။ ကျုပ် ပြတ်ပြတ်သားသား လုပ်ပေးပါမယ်။ ခင်ဗျားကို နာကျင်မှု မခံစားရစေပါဘူး။” ထို့နောက် သူက လက်ထဲမှ ဓားမကြီးကို မြှောက်လိုက်၏။
“ဒိုင်း ဒိုင်း ဒိုင်း...”
ရင်ဝူချယ်က အသည်းအသန် ဦးတိုက်ပြီး အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ငါ့ရဲ့ ခွေးအသက်ကို ချမ်းသာပေးပါ။ ငါ မင်းကို ဦးတိုက်ပါမယ်။”
ဆယ်ကြိမ်ကျော် ဦးတိုက်လိုက်ရာ နဖူးမှ သွေးများ စီးကျလာသည်အထိပင်။
“ကောင်းပြီ။ တော်လောက်ပါပြီ။ ရင်ဝူချယ်... ခင်ဗျားရဲ့ ရိုးသားမှုကို ကျုပ် မြင်တွေ့ရပါပြီ။ ခင်ဗျား ကျုပ်ကို တကယ် စိတ်လှုပ်ရှားစေတယ်။ သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။ ဒါပေမဲ့ စိတ်မကောင်းပါဘူး။ ကျုပ် ခင်ဗျားကို လွှတ်ပေးလို့ မရသေးပါဘူး။ လာကြစမ်း... ရင်ဝူချယ်ကို အပိုင်းပိုင်းအစစ ခုတ်ထစ် သတ်ဖြတ်လိုက်ကြ။ ကွပ်မျက်မယ့်လူကို ပြောလိုက်။ တစ်ခုချင်းစီ ဖြည်းဖြည်းချင်း လှီးရမယ်လို့။”
‘အပိုင်းပိုင်းအစစ ခုတ်ထစ် သတ်ဖြတ်မယ် ဟုတ်လား။’
ရင်ဝူချယ်၏ တကိုယ်လုံး တုန်ခါသွားသည်။ သူ့ဦးနှောက် ပေါက်ကွဲလုမတတ် ဖြစ်သွား၏။ ‘ခွေးကောင်... အရှက်မရှိတဲ့ ခွေးကောင်။ မင်းက ငါ့ကို တောင်းပန်ခိုင်းတယ်၊ ဒူးထောက်ခိုင်းတယ်၊ ဦးတိုက်ခိုင်းတယ်၊ ပြီးတော့မှ ငါ့ကို လွှတ်မပေးဘူး ဟုတ်လား။ ရှမ့်လန်... မင်း သေခြင်းဆိုးနဲ့ သေရမယ်။ မင်း သေခြင်းဆိုးနဲ့ သေရမယ်။’
ရင်ဝူချယ် ဆဲရေးရန် ပြင်လိုက်စဉ်မှာပင် ဟီလာ၏ ဓားမြှောင် လက်ခနဲ ဖြစ်သွားပြီး သူ့လျှာ ပျောက်သွားသည်။ သူ ဆဲချင်လျှင်တောင် ဆဲလို့ မရတော့ပေ။
ထို့နောက် ကွပ်မျက်မည့်သူ ဝင်ရောက်လာပြီး လက်ထဲမှ ဓားကို ကစားကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“မင်းသား ရင်ဝူချယ်.. ကျုပ်တို့နှစ်ယောက် ပျော်ပျော်ပါးပါး ကစားကြတာပေါ့။ ကျေးဇူးပြုပြီး နည်းနည်းလောက် သည်းခံပေးပါ။ အနည်းဆုံး အချက် တစ်သောင်းလောက်တော့ ခံရမယ်။ ဒီလူကြီး မျက်နှာပျက်၊ မပျက် ဆိုတာက မင်းအပေါ်မှာပဲ မူတည်နေတယ်။”
ထို့နောက် ရင်ဝူချယ် ဆွဲထုတ်ခံလိုက်ရသည်။ သူ စိတ်ထဲတွင် အသည်းအသန် အော်ဟစ်နေမိ၏။
“ရှမ့်လန်... ချီးတဲ့မှ ... ခွေးကောင်...”
… ……
တောင်ပင်လယ်၊ ကျောက်မဲကျွန်းရှိ ရဲတိုက်တွင် ရင်ကွမ်းနှင့် မင်းသားလျန်တို့ စစ်တုရင် ကစားနေကြသည်။ ရက်အနည်းငယ်အတွင်း သူတို့ နှစ်ဦးစလုံး နုရှောင့်မြို့ တိုက်ပွဲ အကြောင်း မပြောဖြစ်ကြပေ။
မဟာမိတ်တပ်ဖွဲ့ အင်အား တစ်သိန်း ဖြစ်သည်။ နုရှောင့်မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာ သေချာသလောက် ဖြစ်နေပြီ။ လေ့ကျိုးကျွန်း စံအိမ်တော်ရှိ လူအားလုံးကို ဖမ်းဆီးခြင်းမှာ ပို၍ပင် လွယ်ကူပေ လိမ့်မည်။ အဓိကအချက်မှာ ရှမ့်လန်၏ မိသားစုကို ဖမ်းဆီးပြီးနောက် ရှမ့်လန်ကို ရှေးဟောင်းအပျက်အစီး အတွင်းမှ ထွက်လာအောင် မည်သို့ ဖိအားပေးရမည်နည်း ဆိုသည်သာ။
မင်းသားလျန်က ရုတ်တရက် မေးလိုက်၏။ “အရှင်ရင်... ခင်ဗျားတို့ ရှမ့်လန်ကို လက်လွှတ်လိုက်ရတယ် မဟုတ်လား။”
“မဟုတ်ပါဘူး။ ကျုပ်တို့ ရှမ့်လန်ကို လုံးဝမဖမ်းမိပါဘူး။ မင်းသားလျန်က ဒီကောလာဟလကို ဘယ်က ကြားတာလဲ။”
“ရှမ့်လန်ကို လက်မလွှတ်ခဲ့ဘူးဆိုရင် နုရှောင့်မြို့ကို တိုက်ခိုက်စရာ အကြောင်း မရှိဘူး။ ကျုပ်တို့ တော်ဝင်ရန် အင်ပါယာက အချို့ ကိစ္စရပ်တွေမှာ စေတီတောင်ထက် ပိုပြီး အခွင့်အာဏာ ရှိပါတယ်။ ခင်ဗျားတို့ ရှမ့်လန်ကို ဘယ်နေရာမှာ လက်လွှတ်ပေးလိုက်ရတယ် ဆိုတာ ပြောပြလို့ ရပါတယ်။ သူ့ကို ပြန်ရှာတွေ့အောင် ကျုပ်တို့ ကူညီပေးနိုင်ကောင်း ပေးနိုင်မှာပါ။”
“မင်းသားလျန် တွေးတာ များနေပါပြီ။ စစ်တုရင်ပဲ ကစားရအောင်ပါ။”
“ကောင်းပြီလေ။ မဟုတ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ နုရှောင့်မြို့ကို ဖျက်ဆီးပြီးရင် ဘာဆက်လုပ်ဖို့ စိတ်ကူးရှိသလဲ။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ကို ဆက်တိုက်မလား။ တစ်ချက်တည်းနဲ့ အပြတ်ရှင်းပြီး ဒီ တော်ဝင်ချန် အင်ပါယာ ဆိုတာကို လောကကြီးထဲကနေ ဖျက်ပစ်လိုက်မလား။”
“ကျုပ်တို့ နုရှောင့်မြို့ကို ဖျက်ဆီးရတာက ရှမ့်လန်ဟာ နဂါးနောင်တကို သုံးပြီး ဟွမ်လူမြို့ကို ဖျက်ဆီးခဲ့လို့ပါ။ နုရှောင့်မြို့ကို မဖျက်ဆီးရင် မရေမတွက်နိုင်တဲ့လူတွေ ငြိမ်းချမ်းစွာ အနားယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်မပါဘဲ ကျုပ်တို့က ဝူ၊ ချောင်၊ ရွှဲ့ မင်းဆက်တွေကို မတိုက်ခိုက်ရဲပါဘူး။”
မင်းသားလျန်က မထီမဲ့မြင် ပြုံးလိုက်သည်။
‘ရင်ကွမ်းက ကျန်းလီ အငယ်စားလေးပါပဲ။ ဒါပေမဲ့ ကျန်းလီက မင်းလောက်တော့ ကောက်ကျစ်စဉ်းလဲမှု မရှိဘူး။’
“ဒီအကြောင်း မပြောကြစို့။ စစ်တုရင်ပဲ ဆက်ကစားကြမယ်။”
ထိုအချိန်မှာတော့ အပြင်ဘက်မှ နားကွဲမတတ် ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။
ရင်ကွမ်း မျက်မှောင်ကြုတ်လိုက်မိ၏။ ‘ဒါက အမှောင်ရဲတိုက်၊ ရှေးဟောင်းအပျက်အစီးရဲ့ ဝင်ပေါက်လေ။ ဘာလို့ ခေါင်းလောင်းထိုးဖို့ လိုတာလဲ။ နုရှောင့်မြို့တိုက်ပွဲကြောင့်လား။ နုရှောင့်မြို့က လူတွေကို သတ်၊ ရှမ့်လန် မိသားစုကို ဖမ်းမိရင်တောင် အောင်ပွဲ မဟုတ်သေးပါဘူး။ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး။’
အပြင်ဘက်တွင် ဝူကျွယ်က နှင်းလင်းယုန်စီး၍ အမှောင်ရဲတိုက်အတွင်းသို့ ဝင်ရောက်လာသည်။ စည်းမျဉ်းများကို လျစ်လျူရှုကာ ရဲတိုက်၏ အခမ်းနားဆုံး ခန်းမကြီးဆီသို့ တန်းတန်းမတ်မတ် ဝင်၏။
“အရှင်ရင်... ဂိုဏ်းချုပ်ရန် ဘယ်မှာလဲ။” ဝူကျွယ်က တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
စေတီတောင် ဂိုဏ်းချုပ်ရန်မှာ မာနကြီးသူ ဖြစ်သည်။ ပြီးခဲ့သည့် ရက်များအတွင်း မင်းသားလျန်ကိုပင် အဖော်မပြုဘဲ ရှေးဟောင်းအပျက်အစီး အတွင်း၌သာ နေထိုင်ခဲ့၏။
“ဘာဖြစ်လို့လဲ။” ရင်ကွမ်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ဝူကျွယ်က အံကြိတ်ထားပြီး မြေကြီးပေါ် ဒူးထောက်ချလိုက်၏။ “အရှင်ရင်... ရှမ့်လန်က နုရှောင့်မြို့မှာ ရှိနေပါတယ်။ သူက နဂါးနောင်တ ပစ်လွှတ်လိုက်တယ်။ ကျုပ်တို့ရဲ့ စစ်တပ် တစ်ဝက်နဲ့ ရှေးဟောင်းရေတပ် ပျက်စီးသွားပါပြီ။ ကျုပ်အဖေက နှင်းလင်းယုန် ၁၅၀ ဦးဆောင်ပြီး ကူပိုးကောင်ဗုံးတွေနဲ့ နုရှောင့်မြို့ကို တိုက်ခိုက်ခဲ့ပေမဲ့ တပ်ဖွဲ့တစ်ခုလုံး ပြာကျသွားခဲ့ပါတယ်။ မင်းသား ရင်ဝူချယ်နဲ့ အင်ပါယာ မင်းသားမင် တို့ အားလုံး သေဆုံးကုန်ပါပြီ။”
ပြောလိုက်သည့် ခဏတွင် ချန်နိုင်ငံသစ်၏ ဘုရင် ရင်ကွမ်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူ၏ ခမ်းနားထည်ဝါသော ခန္ဓာကိုယ်ကြီးသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
မင်းသားလျန်သည် တုန်လှုပ်သွားပြီး ကုလားထိုင်ပေါ် နောက်ပြန် လဲကျသွားသည်။ လက်ထဲမှ စစ်တုရင်ရုပ် များ မြေကြီးပေါ် ပြုတ်ကျကုန်သည်။
… …
ရင်ကွမ်းက မင်းသားမင် သေဆုံးမှုအတွက် ဝမ်းနည်းစကားပင် တစ်ခွန်းမှ မဆိုခဲ့ပေ။ ဤအပြုအမူမှာ အလွန်အမင်း မောက်မာလွန်းရာ ကျ၏။
“ဒါဆိုရင် ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။” မင်းသားလျန်က ဆိုလိုက်၏။ ထို့နောက် လင်းယုန်ငှက်ပေါ်သို့ တက်ရောက်စီးနင်းလိုက်ပြီး မြောက်ဘက်သို့ ဦးတည်ကာ သံတမန်များနှင့်အတူ အမှောင်ရဲတိုက်ကြီးထဲမှ ထွက်ခွာသွားခဲ့သည်။
...........................
ကြီးမားလှသော ရှေးဟောင်းအမွေအနှစ် နယ်မြေကြီးအတွင်း စွမ်းအင်ဝဲကတော့ကြီး၏ ရှေ့မှောက်တွင် စေတီတောင်သခင် ဂိုဏ်းချုပ်ရန်က တဖျပ်ဖျပ်လက်ကာ လည်ပတ်နေသော ဝဲကတော့ကြီးကို စိုက်ကြည့်နေမိ၏။ ထိုဝဲကတော့ကြီး၏ အခြားတစ်ဖက်တွင် မင်းသားကျင်း၏ လူအင်အား သောင်းနှင့်ချီ ပိတ်မိနေသော ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ်နယ်မြေ ရှိနေ၏။
“ရှမ့်လန်က နုရှောင့်မြို့ကို ပြန်ပြေးသွားပြီး နဂါးနောင်တနဲ့ ပစ်ခတ်ခဲ့တယ်။ စစ်သည်တစ်သိန်းမှာ တစ်ဝက် သေတယ်။ ရေတပ်တစ်ဝက် ပျက်စီးတယ်။ အကြီးအကဲဝူ၊ ရင်ဝူချယ်နဲ့ အင်ပါယာမင်းသားမင် အကုန် သေကုန်ပြီ။”
စေတီတောင်သခင်၏ မျက်နှာမှာ တစ်ချက်မျှ တွန့်သွားသည်။ အစီရင်ခံစာကို သူ ကြားသိခဲ့ပြီး ဖြစ်သည်။ ယခု ရင်ကွမ်းထံမှ ထပ်မံကြားလိုက်ရချိန်မှာတော့ မျက်လုံးများကိုသာ မှိတ်ချလိုက်မိ၏။
“ဒီရှမ့်လန်က တကယ့်အံ့မခန်းပဲ။”
စေတီတောင်သခင်က မေးလိုက်သည်။ “အစ်ကိုရင်... အင်ပါယာကျန်းလီသာ ဒီကောင့်လို အရှက်မရှိ ကောက်ကျစ် စဉ်းလဲခဲ့မယ်ဆိုရင် ရှုံးနိမ့်ခဲ့ပါ့မလား။”
“မဖြစ်နိုင်ဘူး။ ဉာဏ်ရည်ထက်မြက်ပြီး သိုင်းပညာမှာ ပြိုင်ဘက်ကင်းပေမဲ့ ရွေးချယ်စရာ တစ်လမ်းပဲ ရှိလိမ့်မယ်။ ကျန်းလီသာ ဒီလောက်အရှက်မရှိ ကောက်ကျစ်ခဲ့ရင် ဒီလို ကျင့်ကြံမှုအဆင့် ရောက်လာမှာ မဟုတ်သလို ဒီလိုဂုဏ်သတင်းမျိုးလည်း ရမှာမဟုတ်ဘူး။”
စေတီတောင်သခင်သည် လေတစ်ရှိုက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ ရှူရှိုက်လိုက်သောသည် အေးစက်လွန်းလှသောကြောင့် လူတစ်ယောက်၏ နှလုံးသားကိုပင် လှီးဖြတ်သွားနိုင်မည့်အလား ထင်မှတ်ရ၏။
စစ်သည်တစ်သိန်းအနက် ငါးသောင်းခန့် ဆုံးရှုံးခဲ့ရသည်။ ရေတပ်၏ ထက်ဝက်ခန့် ပျက်စီးခဲ့ရသည်။ ကြွယ်ဝချမ်းသာသော စေတီတောင်အတွက်ပင်လျှင် ဤဆုံးရှုံးမှုသည် ရင်နာစရာ ကောင်းလွန်းလှသည်။
“ပြီးခဲ့တာတွေလည်း ပြီးသွားပြီ။ အခု အရေးအကြီးဆုံးက ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာပဲ။”
ဂိုဏ်းချုပ်ရန်က ပြတ်သားစွာ ပြောလိုက်သည်။ “ရှမ့်လန်က ကျင်းကန်တောင် အပျက်အစီးနယ်မြေထဲကနေ ထူးဆန်းတဲ့ သားရဲပျံကြီးတစ်ကောင်ကို စီးပြီး ထွက်ပြေးသွားတာ။ အဲဒီထွက်ပေါက်က ကျင်းကန်တောင် ပတ်လည် မိုင်ရာဂဏန်းလောက်မှာ ရှိလိမ့်မယ်။
ရှမ့်လန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက နည်းပါးလွန်းတော့ မိုင်သုံးရာထက် ပိုမသွားနိုင်ဘူး။ ပြီးတော့ သူ တစ်ယောက်တည်း ထွက်လာတာ။ ဒါကိုကြည့်ရင် သူ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းက အတော်လေး ထူးခြားပြီး တခြားဘယ်သူမှ ဖြတ်သန်းလို့ မရနိုင်ဘူးဆိုတာ သက်သေပြနေတယ်။ ဒါကြောင့် မင်းသားကျင်းနဲ့ ထောင်သောင်းချီတဲ့ လူတွေက ကျင်းကန်တောင် အပျက်အစီးနယ်မြေထဲမှာပဲ ရှိနေအုံးမယ်။”
ရှိနေသူအားလုံး ခေါင်းညိတ်လိုက်ကြ၏။
စေတီတောင်သခင်က ဆက်ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ စရိုက်အရဆိုရင် မင်းသားကျင်းကို ကယ်တင်ဖို့ နည်းလမ်း တစ်ခုခု သေချာပေါက် ကြံစည်လိမ့်မယ်။ သေချာပေါက် လုပ်လိမ့်မယ်။”
ရင်ကွမ်းက ထောက်ပြလိုက်၏။ “အဓိကအချက်က မင်းသားကျင်းနဲ့ တခြားလူတွေကို ကယ်တင်ဖို့ ဘယ်နည်းလမ်းကို သုံးမလဲ ဆိုတာပဲ။”
စေတီတောင်သခင်က ပြန်ပြောလိုက်သည်။ “ဘယ်နည်းလမ်းကိုပဲ သုံးသုံး သူကိုယ်တိုင် လာကို လာရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရှေးဟောင်းအမွေအနှစ် နယ်မြေထဲကို သူတစ်ယောက်တည်းပဲ ဝင်ထွက်နိုင်ပြီး သူတစ်ယောက်တည်းပဲ ဝင်ပေါက်၊ ထွက်ပေါက်တွေကို ဖွင့်နိုင်လို့ပဲ။ ကျုပ်တို့အတွက် အရေးအကြီးဆုံးက သူ့ကို နောက်တစ်ကြိမ် ပြန်ဖမ်းမိဖို့ပဲ။”
ဤအချက်သည် အထူး အရေးကြီးသည်။ ယခုအချိန်တွင် ရင်ကွမ်းနှင့် စေတီတောင်တို့သည် အန္တရာယ် ရှိသော အခြေအနေသို့ ရောက်ရှိနေသည်။ တော်ဝင်ရန်အင်ပါယာသည် ရှမ့်လန် ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရှိသွားပြီဖြစ်သောကြောင့် နဂါးနောင်တကို ပစ်လွှတ်နိုင်စွမ်း မရှိတော့ကြောင်းလည်း သိရှိသွားပြီ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာအား မဟာဗျူဟာမြောက် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
“အခုအချိန်မှာ တခြားကိစ္စတွေက အရေးမကြီးတော့ဘူး။ တိုက်ပွဲမှာ သေဆုံးသွားတဲ့ လူငါးသောင်းလည်း အရေးမကြီးသလို ပျက်စီးသွားတဲ့ ရေတပ်ထက်ဝက်ကလည်း အရေးမကြီးတော့ဘူး။”
စေတီတောင်သခင်က ပြတ်သားစွာ ပြောလိုက်၏။ “အကြီးအကဲဝူ သေတာဖြစ်ဖြစ် အဖမ်းခံရတာဖြစ်ဖြစ်၊ ရင်ဝူချယ် သေသွားတာဖြစ်ဖြစ် ဘာမှ အရေးမကြီးတော့ဘူး။ ရှမ့်လန်ကို ဖမ်းမိဖို့က အရေးအကြီးဆုံးပဲ။ ရှမ့်လန်ကို ရအောင် ဖမ်းရမယ်။ ဘယ်လိုပေးဆပ်မှုမျိုးနဲ့မဆို ဖမ်းရမယ်။
ကျင်းကန်တောင် အပြင်ဘက်မှာ တပ်တွေ အများကြီး ချထားပြီးပြီ။ ကျင်းကန်တောင် ပတ်လည် မိုင်သုံးရာ အကွာအဝေးကို စေ့စေ့စပ်စပ် ရှာဖွေကြ။ ရှမ့်လန် ထွက်ပြေးသွားတဲ့ ထွက်ပေါက်ကို ရှာတွေ့အောင်ရှာပြီး အထိနာထားတဲ့ တပ်တွေကို ဖြန့်ကြက်ထားလိုက်။
ပင်လယ်ပြင်နဲ့ ကောင်းကင်ယံကို စောင့်ကြည့်ထား။ ရှမ့်လန်ရဲ့ အရိပ်အယောင်တွေ့တာနဲ့ ချက်ချင်း သတင်းပို့။ အခုအချိန်မှာ ရှမ့်လန်က မင်းသားကျင်းကို ဘယ်နည်းလမ်းသုံးပြီး ကယ်ထုတ်မလဲဆိုတာ ငါ သိချင်လှပြီ။”
.............
နှစ်ရက်အတွင်းမှာပဲ စေတီတောင်မှ လူများသည် ထွက်ပေါက်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုထွက်ပေါက်မှာ ကျွန်းကြီးပေါ်မှ ရှမ့်လန် ထွက်ပြေးလွတ်မြောက်ခဲ့သော ထွက်ပေါက်ပင် ဖြစ်၏။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုနေရာသည် အလွန် လျှို့ဝှက်နက်နဲသည်။ သာမန် ကျောက်သားပြင်တစ်ခုနှင့် ဘာမှ မခြားနားပေ။
စေတီတောင်သခင်က အမိန့်ပေးလိုက်သည်။ “အထူးစစ်သည်တော် သုံးရာနဲ့ ငရဲစစ်သည် တစ်သောင်းကို ဒီလျှို့ဝှက် ထွက်ပေါက်မှာ စောင့်ကြပ်ခိုင်းထား။ ပြီးတော့ မြေအောက်မှာပါ ကင်းပုန်းဝပ်ခိုင်းထားလိုက်။”
“အမိန့်အတိုင်းပါ။”
ရင်ကွမ်းနှင့် စေတီတောင်သခင်တို့သည် နုရှောင့်မြို့တိုက်ပွဲပြီးနောက် ဆုတ်ခွာသွားခြင်း မရှိပေ။ ထိုအစား ကျင်းကန်တောင် အပျက်အစီးနယ်မြေ၏ ထွက်ပေါက်သုံးခုကို ပိတ်ဆို့ထားရန် တပ်ကူများ ထပ်မံ စေလွှတ် လိုက်ကြ၏။
ထို့နောက်တွင် ရင်ကွမ်းက နောက်ထပ် အမိန့်တစ်ခု ထပ်ပေးလိုက်သည်။ “တပ်တွေကို စုစည်းပြီး ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။ အိမ်ရှေ့စံ ရင်ဝူမင်ကို ပြန်ခေါ်ပြီး ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကို တိုက်ခိုက်မယ့် စစ်ပွဲကို ဦးဆောင်ခိုင်းလိုက်။”
ရင်ကွမ်း၏ အမိန့်အဆုံးတွင် နှင်းလင်းယုန်စီးတပ်သား ရာပေါင်းများစွာသည် အရပ်မျက်နှာ အသီးသီးသို့ ပျံသန်း ထွက်ခွာသွားကြ၏။
တစ်ချို့က တပ်များစုစည်းရန် စေတီတောင်သို့ သွားရောက်ကြပြီး တစ်ချို့မှာ ရင်ကွမ်း၏အမိန့်ကို ဆင့်ဆိုရန်နှင့် တပ်များစုစည်းရန် ချန်နိုင်ငံသစ်သို့ သွားရောက်ကြသည်။ အခြား တစ်ဖွဲ့မှာမူ အိမ်ရှေ့စံ ရင်ဝူမင်ကို ပြန်ခေါ်ရန် မီးတောက်မြို့တော်သို့ ပျံသန်းသွားကြသည်။
..................
ရင်ကွမ်းနှင့် စေတီတောင်၏ အမိန့်ပေးမှုအောက်တွင် လောကကြီးက တစ်ဖန်ပြန်လည် လှုပ်ခတ်သွားခဲ့ ပြန်သည်။ ငြိမ်းချမ်းရေးရရှိခဲ့သည်မှာ နှစ်ဝက်ခန့်သာ ရှိသေးသော ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံသည် စစ်မီးလျှံများ အကြား တဖန် ပြန်လည်ကျရောက်သွားပြန်၏။
အမှန်တကယ်တွင် ချန်နိုင်ငံသစ်သည် တော်ဝင်ရန်အင်ပါယာလောက် အင်အားမကြီးမားပေ။ နိုင်ငံသုံးနိုင်ငံကို ဝိုင်းရံပိတ်ဆို့ရန် စစ်သည် တစ်သန်းခန့်ကို တိုက်ရိုက် စေလွှတ်နိုင်စွမ်း မရှိချေ။ သို့သော်ငြား ချန်နိုင်ငံသစ်တွင် ငရဲစစ်သည်အရေအတွက် အများအပြား ရှိနေသကဲ့သို့ ရှေးဟောင်းလက်နက် ကိရိယာမျိုးစုံလည်း ပိုင်ဆိုင်ထားသည်။
တော်ဝင်ရန်အင်ပါယာသည် စစ်ချီပြီဆိုလျှင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော နဂါးကြီး တစ်ကောင်နှင့် တူသည်။ ချန်နိုင်ငံသစ်မှာမူ အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် တူ၏။ စစ်ပွဲ စတင်သည်နှင့် တမဟုတ်ချင်း တိုက်ခိုက်ကာ နိုင်ငံတစ်နိုင်ငံလုံးကို မျိုးဖြုတ်ပစ်တတ်၏။
ချန်နိုင်ငံသစ်နှင့် စေတီတောင်၏တပ်များသည် တိတ်တဆိတ် စုစည်းနေကြသည်။ မည်သည့်အချိန်တွင် စုစည်းမှု ပြီးဆုံးမည်၊ မည်သည့်အချိန်တွင် တိုက်ခိုက်မည်၊ မည်သည့်နိုင်ငံကို စတင်တိုက်ခိုက်မည် ဆိုသည်ကို မည်သူမှ မသိရှိနိုင်ပေ။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ ရင်ဝူမင်သည် မီးတောက်မြို့တော်မှ ထွက်ခွာ၍ ချန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မထွက်ခွာမီတွင် ရင်ဝူမင်သည် စားသောက်ပွဲ ကျင်းပကာ ချန်နိုင်ငံသစ်သည် တော်ဝင်ရန်အင်ပါယာကို ထာဝရ သစ္စာစောင့်သိသွားမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ ဤလောကတွင် တော်ဝင်ရန်အင်ပါယာ တစ်ခုတည်းသာ ရှိပြီး ဧကရာဇ် တစ်ပါးတည်းသာ ရှိသည်ဟု ဆိုခဲ့သည်။
သို့သော်ငြား ရင်ဝူမင်သည် ချန်နိုင်ငံသစ်သို့ ပြန်ရောက်ပြီးနောက်တွင် အစအနမကျန် ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့သည်။ ဤသတင်းကြောင့် လူများ ပို၍ပင် စိုးရိမ်ပူပန်လာကြသည်။ မကြာမီတွင် မရေရာသော သတင်းအချက်အလက်များ ပေါက်ကြားလာခဲ့၏။
ချန်နိုင်ငံသစ်နှင့် စေတီတောင်၏ တပ်များသည် လူအင်အား ပိုမိုစုစည်းလာနေကြသည်။ နိုင်ငံတစ်ခုခုကို အမြစ်ပြတ်ချေမှုန်းမည့် စစ်ပွဲအတွက် ပြင်ဆင်နေပုံရသည်။ သို့သော်ငြား မည်သည့်နိုင်ငံ ချေမှုန်းခံရမည်ကို မည်သူမှ မသိရှိကြပေ။
ဝူပြည်နယ်လား။
ချောင်ပြည်နယ်လား။
သို့မဟုတ် ရွှဲ့ပြည်နယ်လား။
......
အပိုင်း (၁၀၈၈)
ရင်ကွမ်းနှင့် စေတီတောင်သည် ကျင်းကန်တောင် အပြင်ဘက်တွင် လွတ်ထွက်မသွားနိုင်သော ပိုက်ကွန်တစ်ခုကို ဖြန့်ကျက်ထားပြီး ဖြစ်သည်။ ယခု ရှမ့်လန်က မင်းသားကျင်းနှင့် အခြားသူများကို မည်သို့ ကယ်တင်မည်ကို ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့သာ သိချင်နေကြသည် မဟုတ်ပေ။
ဝင်ပေါက် သုံးခုစလုံးတွင် အစောင့်အကြပ်များ ထူထပ်စွာ ချထားပြီး ရှမ့်လန် တိုးဝင်လာမည့်အရေးကိုသာ စောင့်ဆိုင်းနေကြသည်။ ထို့အပြင် မင်းသားကျင်းတွင် လက်အောက်ငယ်သား သောင်းနှင့်ချီ ရှိနေသည်။ သူတို့ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ် နယ်မြေမှ ထွက်လာနိုင်ဖို့ဆိုလျှင် ရှမ့်လန်အနေဖြင့် ထိုသူတို့ကို အိတ်ထဲထည့်ကာ တိတ်တဆိတ် သယ်ဆောင်သွားနိုင်မည် မဟုတ်ပေ။
ကနဦးတွင် နုရှောင့်မြို့တိုက်ပွဲ ပြီးဆုံးပါက စေတီတောင်မှ တပ်ဆုတ်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်ငြား တပ်ဆုတ်မသွားသည့်အပြင် ကျင်းကန်တောင်တွင် အင်အားထပ်ဖြည့်ထားခဲ့သည်။ ယခု ရှမ့်လန်အနေဖြင့် မင်းသားကျင်းနှင့် အခြားသူများကို ကယ်တင်ရန်မှာ ကောင်းကင်ပေါ်တက်သည်ထက်ပင် ခက်ခဲနေလေသည်။
စေတီတောင်နှင့် ရင်ကွမ်းတို့သည် ရှမ့်လန်အတွက် ပိုက်စိတ်တိုက်ကာ ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။ ထို့နောက် ဟာကွက်များကို စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းထားကြ၏။
................
ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့သာ မဟုတ်ပေ။ ရှမ့်လန်၏ လက်အောက်ငယ်သားများပင်လျှင် မင်းသားကျင်းကို ကယ်တင်နိုင်မည့် နည်းလမ်းကို ရှာမတွေ့နိုင် ဖြစ်နေကြသည်။
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ယောက်ျား.... ရှင်က သံယောဇဉ်ကြီးမှန်း ကျွန်မသိပါတယ်။ မင်းသားကျင်း ရဲ့ လက်အောက်ငယ်သားတွေက ရှင့်အပေါ် အသစ္စာအရှိဆုံး ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ သူတို့အတွက် နဲ့ ရှင့်ကိုယ်ရှင် အန္တရာယ်ထဲ အရောက်မခံစေချင်ဘူး။ ကျွန်မက သဘောထားသေးသိမ်တဲ့သူမို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ မင်းသားကျင်းရဲ့ လူအင်အားသောင်းချီဆိုတာ ကျွန်မတို့အတွက် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ သူတို့မရှိလည်း ကျွန်မတို့လုပ်ငန်းတွေက ဆက်လည်ပတ်နေနိုင်မှာပါ။”
ထို့နောက် ကျန်းချွင်းဟွာက ထပ်လောင်းပြောဆိုလိုက်သည်။ “နောက်တစ်ချက်က မင်းသားကျင်းနဲ့ တခြားလူတွေက ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာ အတော်လေး လုံခြုံမှုရှိပါတယ်။ သူတို့ နှစ်အနည်းငယ်လောက် စောင့်နိုင်ပါတယ်။ စေတီတောင်နဲ့ ရင်ကွမ်းတို့ကို နှိမ်နင်းပြီးမှ သူတို့ကို သွားကယ်လို့ ရပါတယ်။”
ရှမ့်လန်က ငြင်းလိုက်၏။ “သူတို့မှာ အချိန် နှစ်အနည်းငယ် မကျန်တော့ဘူး။ အများဆုံး သုံးလပဲ။ ဘာကြောင့်လဲဆိုတော့ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ စွမ်းအင်ဗဟိုချက်က ကုန်ခမ်းတော့မှာ မို့လို့ပဲ။ စွမ်းအင်ကုန်တာနဲ့ အထဲမှာ လေမရှိတော့ဘဲ အကုန်သေကြလိမ့်မယ်။ မင်းသားကျင်း၊ လန်ပေါင်၊ အရူးလန်၊ ရှမ့်နု၊ ဝူလဲ့နဲ့ လသားအရွယ်လေးပဲ ရှိသေးတဲ့ ကလေးလေး လန်မို အကုန် သေရလိမ့်မယ်။”
ကျန်းချွင်းဟွာ နှုတ်ဆိတ်သွားသည်။ သူမ မည်မျှပင် လက်တွေ့ကျကျ တွေးခေါ်တတ်ပါစေ၊ ထိုလူများကို သေလမ်းသို့ ပို့မည့်စကားမျိုးတော့ မဆိုနိုင်ပေ။ အထူးသဖြင့် ထိုလူများထဲတွင် ကလေးအချို့ ပါဝင်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူမသည် လက်ရှိအလုပ်များ ပြီးစီးပါက ကိုယ်ဝန်ယူကာ ကလေးမွေးဖွားရန် ပြင်ဆင်ထားသူ ဖြစ်သည်။
ရှမ့်လန်၏ လက်အောက်ငယ်သား အားလုံးသည် မင်းသားကျင်းကို ကယ်တင်ရန် အကြံဉာဏ်များ အစွမ်းကုန် ထုတ်နေကြသော်လည်း မည်သည့်အစီအစဉ်မှ လက်တွေ့မဖြစ်နိုင်ပေ။ မည်သို့ပင် စဉ်းစားစေကာမူ အဆုံးသတ်တွင် လမ်းစပျောက်ကာ ကြီးမားသော အန္တရာယ်နှင့်သာ ရင်ဆိုင်ရမည်။
“ဘာပဲဖြစ်ဖြစ်။ ရှင့်ကိုယ်ရှင် အန္တရာယ်တောထဲ နောက်တစ်ခေါက် ထပ်မပို့ပါဘူးလို့ ကတိပေးပါ။” ကျန်းချွင်းဟွာ က တောင်းဆိုလိုက်၏။
ရှမ့်လန် ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ မသွားပါဘူး။”
………….
ဝူပြည်နယ် ရေနက်တပ်ဖွဲ့မှ ဝူယုက ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက်ကာ လျှောက်တင်၏။ “အရှင်... ချန်နိုင်ငံသစ်က စစ်သည် သုံးသိန်းခွဲကျော် စုဆောင်းထားပြီး အဲဒီအထဲမှာ ငရဲစစ်သည်တွေ အတော်များများ ပါဝင်ပါတယ်။ စေတီတောင်ကလည်း အထူးတပ်ဖွဲ့ဝင် အများအပြား စုစည်းထားပါတယ်။ ဒါပေမဲ့ ပစ်မှတ် အတိအကျကိုတော့ မသိရပါဘူး။ ဝူပြည်နယ်လား၊ ချောင်ပြည်နယ်လား၊ ရွှဲ့ပြည်နယ်လား ဆိုတာ မသိရပါဘူး။”
“ချန်နိုင်ငံသစ်မှာ ကျွန်မတို့သူလျှို အနည်းငယ်ပဲ ရှိပြီး စေတီတောင်မှာတော့ တစ်ယောက်မှ မရှိလို့ပါ။ ဒါပေမဲ့ ချောင်ပြည်နယ်ကတော့ အန္တရာယ်အများဆုံးလို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ စေတီတောင်၊ ချန်နိုင်ငံသစ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ပါ။”
တပ်မှူးလန်ဖုန်းက သုံးသပ်ပြသည်။ “ကျုပ်တို့ရဲ့ စစ်ရေးလေ့ကျင့် တွက်ချက်မှုတွေအရ ချန်နိုင်ငံသစ်ကသာ စစ်စတိုက်ပြီဆိုရင် ချောင်ပြည်နယ်ရဲ့ မြို့တော်ကို ချေမှုန်းပစ်လိမ့်မယ်။ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သလိုမျိုး ဖြစ်လိမ့်မယ်။ ဒါမှသာ ကျုပ်တို့နဲ့ တလောကလုံးကို တုန်လှုပ် သွားအောင် လုပ်နိုင်မှာလေ။”
လောကလူသား အားလုံး၏ အမြင်တွင် .... အထူးသဖြင့်နုရှောင့်မြို့ရှိ လူများ၏ အမြင်တွင် ရှမ့်လန်သည် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရသည်မှာ အသေအချာပင်။ စေတီတောင်နှင့် ရင်ကွမ်းတို့သည် လူအင်အား သောင်းချီ ဆုံးရှုံးခဲ့ရပြီး ရင်ဝူချယ်နှင့် အကြီးအကဲဝူတို့ပါ သေဆုံးခဲ့ရသောကြောင့် အကြီးအကျယ် အထိနာခဲ့၏။
ထို့ကြောင့် သူတို့ဘက်မှ ရူးရူးမူးမူး ပြန်လည်တုန့်ပြန် တိုက်ခိုက်လာပေလိမ့်မည်။ ယခုတွင် ရှမ့်လန်သည် မင်းသားကျင်းကို ကယ်တင်ရမည်သာမက ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကိုလည်း ကာကွယ်ပေးရမည့် အခြေအနေ ဖြစ်နေသည်။ တတ်နိုင်သည့်အရာ ဘာတစ်ခုမှ မရှိတော့ပေ။
ထို့အပြင် ချန်နိုင်ငံသစ်၏ တမင်ရည်ရွယ် လှုံ့ဆော်မှုအောက်တွင် ပြည်သူလူထု၏ ထင်မြင်ယူဆချက်များမှာ ပွက်လောရိုက်နေပြီ ဖြစ်သည်။ မင်းသားကျင်းနှင့် လူအင်အားသောင်းနှင့်ချီသည် ကျင်းကန်တောင်တွင် ပိတ်မိနေပြီး ရှမ့်လန် လာရောက်ကယ်တင်မည့်အရေးကို စောင့်မျှော်နေကြောင်း လူအများ သိရှိနေကြပြီ ဖြစ်သည်။
ထိုလူများသည် ရှမ့်လန်အပေါ် အသစ္စာအရှိဆုံး သူများဖြစ်သည်။ ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်လာချိန်တွင် သူတို့သည် မိုင်ထောင်ချီ ခရီးနှင်ကာ ရှမ့်လန်အပေါ် သစ္စာခံယူခဲ့ကြသည်။ နောက်ပိုင်းတွင် မင်းသားကျင်း၏ နောက်သို့လိုက်ကာ ရှမ့်လန်အတွက် အသက်စွန့်ခဲ့ကြသူများ ဖြစ်၏။
ရှမ့်လန်သာ သူတို့ကို စွန့်ပစ်လိုက်လျှင် တော်ဝင်ချန်အင်ပါယာ ဖြစ်ထိုက်တော့မည် မဟုတ်သလို လောက လူသားအားလုံး၏ သစ္စာစောင့်သိမှုကို ခံယူထိုက်တော့မည် မဟုတ်ပေ။ အံ့အားသင့်စရာ ကိစ္စများ မရှိပါက ဤစစ်ပွဲကို ချန်နိုင်ငံသစ် အိမ်ရှေ့စံ ရင်ဝူမင်က ဦးဆောင်ကစားနေခြင်း ဖြစ်ပေလိမ့်မည်။ ထိုသူသည် ဤကိစ္စများတွင် အတော်ဆုံး ဖြစ်သည်။
သတင်းပျံ့နှံ့မှုမှာ အလွန်လျင်မြန်လှပြီး ရှမ့်လန်ဘက်မှ စာနာစိတ်ဝင်စားသည့် လေသံမျိုးဖြင့် ပြောဆို နေကြသည်။ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ် နယ်မြေထဲရှိလူများသည် မည်မျှ သနားစရာ ကောင်းပြီး မည်မျှ သစ္စာရှိကြောင်း ပြောဆိုကြသည်။ သူတို့အထဲတွင် ကလေးငယ် ထောင်ပေါင်းများစွာ ပါဝင်နေကြောင်း၊ ရှမ့်လန်သာ မကယ်တင်လျှင် အားလုံး အထဲတွင် သေဆုံးကြရမည်ဖြစ်ကြောင်း ပြောဆိုကြ၏။
တစ်ဖက်တွင် ပြည်သူ့သဘောထားကို အသုံးပြုကာ ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကို တိုက်ခိုက်နေသည်။ သူတို့သာ လိုချင်လျှင် ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံအနက် မည်သည့်မြို့တော်ကိုမဆို လွယ်ကူစွာ သိမ်းပိုက်နိုင်မည့် ပုံစံမျိုး ပြသထားခြင်းပင်။ ထို့ကြောင့် လူအများ၏အကြည့်သည် နုရှောင့်မြို့နှင့် ရှမ့်လန်ထံသို့ စူးစိုက် ရောက်ရှိနေသည်။
ရင်သားအဖ၏ တန်ပြန် တိုက်ခိုက်မှုနှင့် ဤအကျပ်အတည်းကို ရှမ့်လန် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
..................
“နောက်ဆုံးတော့ လောကကြီးနဲ့ ကစားရတဲ့ ကစားပွဲတစ်ခုလို ဖြစ်လာပြီ။”
ရှမ့်လန်က ပြုံး၍ ပြောလိုက်သည်။ “ရင်သားအဖက တောင်နဲ့မြောက် နှစ်ဖက်ညှပ်ပြီး အကွက်ရွှေ့ လိုက်တာပဲ။”
မြောက်ဘက်မှ အကွက်ရွှေ့ခြင်းမှာ စေတီတောင်နှင့် ရင်ဝူမင်၏ တပ်များက ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကို ကြီးမားစွာ ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ မြို့တော်တစ်ခုခုကို အမြန်ဆုံးနှုန်းဖြင့် ဖျက်ဆီးပစ်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ တောင်ဘက်မှအကွက်ရွှေ့ခြင်းမှာ ကျင်းကန်တောင်တွင် ပိတ်မိနေသော မင်းသားကျင်းပင် ဖြစ်၏။
ရှမ့်လန်သာ ဤအကွက်နှစ်ကွက်အနက် တစ်ကွက်မှားယွင်းသွားသည်နှင့် သူ၏ဒဏ္ဍာရီက ပျက်စီး ပေတော့မည်။ ထို့အပြင် ကြီးမားသော ဆုံးရှုံးမှုကို ခါးစည်းခံရပေလိမ့်မည်။ မင်းသားကျင်း၏ လူအင်အား သောင်းချီ သေဆုံးသွားမည်လား။ ရှမ့်လန် လက်မခံနိုင်ပေ။ ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံ၏ မြို့တော်တစ်ခုခု ဖျက်ဆီးခံရမည်လား။ ရှမ့်လန် ထိုအရာကိုလည်း သည်းမခံနိုင်ပေ။
“သူတို့ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျုပ်ကို အပြင်ထွက်လာခိုင်းပြီး စေတီတောင်ရဲ့ အကျဉ်းသားအဖြစ် နောက်တစ်ကြိမ် အဖမ်းခံခိုင်းချင်တာ။ သူတို့အတွက် နဂါးနောင်တကို ဆက်လက်ပစ်ခတ်ပေးဖို့နဲ့ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ပေါ့။” ရှမ့်လန်က သုံးသပ်လိုက်သည်။
လက်ရှိဖြစ်ပျက်နေသော အခြေအနေများသည် ရှမ့်လန်နှင့် နင်ယွမ်ရှန်းတို့ ယခင်က ဆွေးနွေးခဲ့ဖူးသည့် အတိုင်းပင် ဖြစ်သည်။ အားလုံးနီးပါး တူညီနေ၏။
“အရှင်... ကျုပ်တို့မှာ အချိန်သိပ်မရှိတော့ဘူး။”
ကျန်းချုံးက ပြောလိုက်သည်။ “ရွဲ့ဘုရင်က စကားပါးလိုက်ပါတယ်။ လိုအပ်ရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို လုပ်ဖို့ အဆင်သင့်ပါတဲ့။ ရွှဲ့ပြည်နယ်ရဲ့ အတွင်းရေးမှူးရုံးနဲ့ စစ်ဘက်ဆိုင်ရာဌာနကို နုရှောင့်မြို့ဆီ ရွှေ့ပြောင်းပေးနိုင်ပါတယ်တဲ့။”
ချောင်အိမ်ရှေ့စံ၏ ဆရာဖြစ်သူ လီချွမ်ချီကလည်း ပြောလာ၏။ “ချောင်ဘုရင်ကလည်း စကားပါးလိုက် ပါတယ်။ လိုအပ်ရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို လုပ်ဖို့အဆင်သင့်ပါတဲ့။ ဘာပဲဖြစ်ဖြစ် ချောင်ပြည်နယ်က တစ်ကြိမ် ကျဆုံးဖူးပြီးပြီပဲ။ နောက်တစ်ကြိမ် ထပ်ကျဆုံးလည်း ကိစ္စမရှိပါဘူးတဲ့။”
ဝူပြည်နယ် စစ်ဘက်ဆိုင်ရာဌာနမှ ဝူကျိက ဝင်ပြောသည်။ “ဝူဘုရင်ကလည်း စကားပါးလိုက်ပါတယ်။ လိုအပ်ရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို လုပ်ဖို့အဆင်သင့်ပါတဲ့။ ဝူပြည်နယ်က တစ်ကြိမ်ကျဆုံးဖူးပြီးပြီမို့ နောက်တစ်ကြိမ် ထပ်ကျဆုံးလည်း ကိစ္စမရှိပါဘူးတဲ့။”
ဘုရင်သုံးပါး၏ ရပ်တည်ချက်မှာ အလွန် စိတ်ထိခိုက်စရာ ကောင်းလှသည်။ သူတို့ကြောင့် ရှမ့်လန် အကျပ်အတည်း ဖြစ်စေမည့်၊ အန္တရာယ်ဖြစ်စေမည့် အခြေအနေမျိုးသို့ အရောက်မခံလိုကြပေ။
ကြည့်ရသည်မှာ ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့သည် နိုင်ငံသုံးနိုင်ငံကို ဓားစာခံလုပ်ကာ ရှမ့်လန်ကို အလျှော့ပေးလာအောင် ဖိအားပေးနေခြင်း ဖြစ်သည်။
ဤဘုရင်သုံးပါးသည် ဓားစာခံအဖြစ် အသုံးချခံရမည်ထက် သေဆုံးရန် ဝန်မလေးကြပေ။ အစတည်းက သူတို့တွင် သေသည်အထိ တိုက်ပွဲဝင်မည့် စိတ်ဓာတ်မျိုး ရှိပြီးသား ဖြစ်၏။
ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “မလိုပါဘူး။ အဲဒီလို ဖြစ်စရာမလိုပါဘူး။”
............
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရှမ့်လန်သည် ကျောက်မဲကျွန်းရှိ ရဲတိုက်သို့ သံတမန်တစ်ဦး စေလွှတ်လိုက်၏။ “ကျုပ်က တော်ဝင်ချန်နိုင်ငံရဲ့ သံတမန်ပါ။ ဂိုဏ်းချုပ်ရန်နဲ့ အရှင်ရင်ကို ဂါရဝပြုပါတယ်။”
ရင်ကွမ်းက တည်ငြိမ်စွာ မေးလိုက်သည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ။”
“ကျုပ်နာမည် ကျူးဝမ်ဟွာပါ။”
ရင်ကွမ်းသည် ထိုနာမည်ကို တစ်ခါမှ မကြားဖူးပေ။ အဘယ့်ကြောင့်ဆိုသော် ကျူးဝမ်ဟွာသည် သူ့အတွက် အရေးမပါသော လူသေးလူဖွဲမျှသာ ဖြစ်သောကြောင့်ပင်။ ချက်ချင်းဆိုသလိုပဲ သူ့ဘေးမှ တစ်စုံတစ်ယောက်က ကျူးဝမ်ဟွာ၏ နောက်ကြောင်းကို တီးတိုးပြောပြလိုက်သည်။
ရင်ကွမ်း အံ့အားသင့်သွားသည်။ ဤကျူးဝမ်ဟွာသည် ရှမ့်လန်၏ ရန်သူဖြစ်ပြီး ဖခင်ကို သတ်ခဲ့သည့် အငြိုးအတေး ပင် ရှိခဲ့ဖူးသည်။ ထို့အပြင် ဤကျူးဝမ်ဟွာသည် ရှမ့်လန်၏ သင်းကွပ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ယခုအခါ သူက တော်ဝင်ချန်နိုင်ငံ၏ သံတမန် ဖြစ်လာခဲ့သည်လား။
ကျူးဝမ်ဟွာက ရှင်းပြလိုက်၏။ “ကျုပ်က ရွှဲ့ပြည်နယ်ရဲ့ အမတ်၊ အတွင်းရေးမှူးချုပ် ကျူးဝမ်ဟွာပါ။ အရှင်ရှမ့်လန်က သံတမန်တစ်ယောက် လိုအပ်နေတာကြောင့် ရွဲ့ဘုရင်က ကျုပ်ကို အကြံပြုခဲ့ပါတယ်။ ကျုပ်မှာ အာဏာတွေလည်း မရှိတော့သလို ကျုပ်အသက်ကလည်း တန်ဖိုးအမဲ့ဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ကျုပ် သံတမန်အဖြစ် လာခဲ့တာပါ။”
အဓိပ္ပာယ်မှာ ရှင်းလင်းသည်။ အကယ်၍ သူသာ တန်ဖိုးရှိသော သံတမန်တစ်ဦး ဖြစ်ခဲ့လျှင် စေတီတောင်၏ ဖမ်းဆီးခြင်းကို ခံရနိုင်ခြေ ရှိသည်။
“ပြော... ရှမ့်လန်က ငါ့ကို ဘာပြောခိုင်းလိုက်လဲ။”
“ဒီဇင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ကျင်းကန်တောင်ကနေ တပ်တွေအကုန် ခြွင်းချက်မရှိ ရုပ်သိမ်းပေးဖို့ အရှင်ရင်ကို ပြောခိုင်းလိုက်ပါတယ်။ မင်းသားကျင်းနဲ့ သူ့လူတွေ ထွက်ခွာသွားတဲ့အခါ တားဆီးတာ၊ နောက်ယောင်ခံလိုက်တာမျိုး လုံးဝမလုပ်ရပါဘူး။ မဟုတ်ရင် အရှင်တို့ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ကြိုမပြောထားဘူးလို့ မဆိုပါနဲ့တဲ့။”
“ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကျင်းကန်တောင်ကနေ တပ်ဆုတ်ပေးရမယ်၊ မင်းသားကျင်းနဲ့ သူ့လူတွေကို လွှတ်ပေးရမယ် ဟုတ်လား။”
ရင်ကွမ်းက မေးလိုက်၏။ “မင်းပြောချင်တာ ဒါလား။”
“ဟုတ်ပါတယ်။”
“တကယ်လို့ ငါတို့က တပ်မဆုတ်ဘဲ မင်းသားကျင်းနဲ့ သူ့လူတွေကို မလွှတ်ပေးဘူးဆိုရင် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမယ်ပေါ့။ ဘယ်လို ပျက်စီးခြင်းမျိုးလဲ မေးကြည့်လို့ ရမလား။ ကျုပ် မှတ်မိသလောက်ဆိုရင် ရှမ့်လန်ဆီမှာ နုရှောင့်မြို့ကိုကာကွယ်ဖို့ နဂါးနောင်တ တစ်ခုပဲ ကျန်တော့တယ်။ အဲဒါကို သုံးလို့မရတော့ဘူး။”
ကျူးဝမ်ဟွာက ပြန်ဖြေလိုက်သည်။ “ဒါက လျှို့ဝှက်ချက်ပါ။ ကျုပ်လို အောက်လက်ငယ်သားတစ်ယောက် သိသင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်သိထားတာ တစ်ခုကတော့ အရှင်ရှမ့်လန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှ အကုန်ဖြစ်လာတယ် ဆိုတာပါပဲ။ အရှင်က ဘယ်တော့မှ အလကားသက်သက် ခြိမ်းခြောက်လေ့ မရှိပါဘူး။”
“ဒီဇင်ဘာ ၂၉ ရက်နေ့ ဟုတ်လား။”
“ဟုတ်ပါတယ်။”
“ဒါဆိုရင် ရှမ့်လန်ကို ပြန်ပြောလိုက်။ ဒီဇင်ဘာ ၂၉ ရက်နေ့ကျရင် လက်ကျန် နဂါးနောင်တကို ယူဆောင်လာပြီး ငါတို့ရှေ့မှောက်မှာ စေတီတောင်ရဲ့ အကျဉ်းသားအဖြစ် နောက်တစ်ကြိမ် အဖမ်းခံခိုင်းလိုက်။ မဟုတ်ရင် ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံထဲက မြို့တစ်မြို့ကို ဖျက်ဆီးပစ်လိုက်မယ်။ ကြိုမပြောထားဘူးလို့ မဆိုနဲ့။”
“အရှင့်ကို ပြန်လျှောက်တင်လိုက်ပါ့မယ်။ တခြားကိစ္စမရှိတော့ရင် ဒါမှမဟုတ် ကျုပ်ကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အရှက်ခွဲတာမျိုး မလုပ်ဘူးဆိုရင် ပြန်ပြီး အစီရင်ခံပါရစေ။”
“ကြွပါ။”
ကျူးဝမ်ဟွာသည် ကျောက်မဲကျွန်းမှ ထွက်ခွာပြီး နှင်းလင်းယုန်စီးကာ နုရှောင့်မြို့သို့ ပြန်လာခဲ့သည်။ နုရှောင့်မြို့တွင် နှင်းလင်းယုန်များ ရှိနေသည်လား။ လင်းယုန် ဆယ်ကောင်ကျော်ခန့်ရှိပြီး ပြီးခဲ့သည့် တိုက်ပွဲမှ ရရှိခဲ့သော စစ်နိုင်လက်ဆောင်များ ဖြစ်သည်။ ထိုစဉ်က နဂါးနောင်တ ပေါက်ကွဲချိန်တွင် လင်းယုန်အများစုက အဝေးတွင် ရှိနေကြသော်လည်း ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြသည်။ ဆယ်ကောင်ကျော်ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
...........
ရှမ့်လန်အပေါ် ကြီးမားသော ဖိအားပေးနိုင်ရန် ရင်ကွမ်းနှင့် စေတီတောင်တို့သည် ညှိနှိုင်း ဆွေးနွေးမှုများကို ချက်ချင်း လူသိရှင်ကြား ထုတ်ပြန်လိုက်ကြပြီး လောကအနှံ့ သတင်းပျံ့နှံ့စေရန် နှင်းလင်းယုန်စီး စစ်သည်များကိုပင် အသုံးပြုခဲ့ကြ၏။
ရှမ့်လန်က သူတို့ကို နောက်တစ်ကြိမ် ခြိမ်းခြောက်လိုက်ကြောင်း လူတိုင်း သိရှိသွားကြသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ရင်ကွမ်းနှင့် စေတီတောင်တို့သည် ကျင်းကန်တောင်မှ ဆုတ်ခွာပေးရမည်ဖြစ်ပြီး မင်းသားကျင်း၏ တပ်များကို ဝိုင်းရံပိတ်ဆို့ထားမှုအား ရုပ်သိမ်းပေးရမည်။ သို့မဟုတ်ပါက အကြီးအကျယ် ဖျက်ဆီးခံရမည့် ဒဏ်ကို ခံစားရမည်။
ချန်နိုင်ငံသစ်၏ လှုံ့ဆော်မှုအောက်တွင် ကောလာဟလများက ပိုမိုပြင်းထန်လာခဲ့သည်။ လူတိုင်းက ဒီဇင်ဘာ ၂၉ ရက်နေ့ကို စောင့်မျှော်နေကြသည်။ အကယ်၍ ထိုနေ့ရောက်သည်အထိ ရင်ကွမ်းနှင့် စေတီတောင်တို့ တပ်မဆုတ်ဘဲ ရှမ့်လန်ကလည်း မည်သည့်အရာမှ မလုပ်ဆောင်နိုင်ပါက သူ၏ ဂုဏ်သတင်းမှာ ပျက်စီးသွားမည်ဖြစ်ပြီး လေကြီးမိုးကြီး အပြောကြီးသော လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
............
ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျူးဝမ်ဟွာသည် နုရှောင့်မြို့သို့ ပြန်ရောက်လာခဲ့သည်။ “အရှင်...ရင်ကွမ်းက ပြောလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ကျရင် အရှင်မင်းကြီးသာ နဂါးနောင်တနဲ့အတူ သူ့ရှေ့မှောက် ရောက်မလာရင်၊ စေတီတောင်ရဲ့ အကျဉ်းသားအဖြစ် အဖမ်းမခံရင် ချန်နိုင်ငံသစ်ရဲ့ တပ်တော်က သုံးနိုင်ငံထဲက မြို့တစ်မြို့ကို ဖျက်ဆီးပစ်မယ်တဲ့။”
“ဒီဇင်ဘာ ၂၉ ရက်နေ့ ဟုတ်လား။”
ရှမ့်လန်က မေးလိုက်သည်။ “၂၂ ရက်ပဲ လိုတော့တာပေါ့။ တကယ်ကို မျှော်လင့်နေမိပြီ။”