← Chapters

အခန်း (၁၁၀၁-၁၁၀၂)

Vol. 64 Ch. 1101-1102

အခန်း (၁၁၀၁-၁၁၀၂)

Vol. 64 Ch. 1101-1102

အပိုင်း (၁၁၀၁)

စေတီတောင် အကြီးအကဲက မေးသည်။ "ဒါဆိုရင် ရန်မြို့တော်က နောက်ထပ် အထူးနဂါးနောင်တကို ပစ်လွှတ်ပြီး ကျုပ်တို့ တပ်တွေကို တိုက်ခိုက်အုံးမှာလား"

"ထပ်ဖြစ်တော့မှာ မဟုတ်ဘူး ... ပြီးခဲ့တဲ့ အခေါက်တုန်းက သူတို့ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက် အောင်မြင်ပြီးသွားပြီ၊ ကျုပ်တို့နဲ့ ရှမ့်လန်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ပေးနိုင်ခဲ့တယ်၊ တကယ်လို့ သူတို့က နောက်ထပ် အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု လုပ်လာရင်တောင် ကျုပ်တို့ တပ်တွေက အရမ်း ပြန့်ကျဲနေပြီမို့လို့ ထိခိုက်သေဆုံးမှု သိပ်များမှာ မဟုတ်ဘူး"

ထိုအချိန်တွင် နှင်းလင်းယုန် စစ်သည်တစ်ဦး ကောင်းကင်မှ ဆင်းသက်လာပြီး ဒူးထောက်လျက် သတင်းပို့၏။ "အရှင်ရင် ... ဂိုဏ်းချုပ် ... ရှမ့်လန် ရောက်လာပါပြီ၊ သူက အဲဒီ အထူးပျံသန်းရေး သားရဲကို စီးပြီး သဲကန္တာရ လူရိုင်းမျိုးနွယ် နယ်မြေထဲ ဝင်ရောက်လာပါပြီ"

"သူ လူဘယ်နှစ်ယောက် ခေါ်လာလဲ" ရင်ကွမ်းက မေးသည်။

"ဆယ်ယောက်ကျော် ပါပါတယ်၊ အကုန်လုံးက ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားပြီး ကျုပ်တို့ဆီက ဖမ်းမိထားတဲ့ နှင်းလင်းယုန်တွေကို စီးထားပါတယ်"

ရင်ကွမ်း မျက်လုံးများ ကျဉ်းမြောင်းသွား၏။ "တပ်တွေကို အဆင်သင့် ပြင်ထား ... ဒါပေမဲ့ စိတ်မလောနဲ့၊ ရှမ့်လန် လန့်ပြီး ပြေးမသွားစေနဲ့၊ လူသောင်းချီ ကျင်းကန်တောင် အပြင်ဘက် ရောက်လာတဲ့ အထိ စောင့်ပြီးမှ လှုပ်ရှား"

"အမိန့်တော် အတိုင်းပါ"

ရင်ကွမ်းသည် အသက်ကိုပြင်းပြင်း ရှူလိုက်သည်။ ဤတစ်ကြိမ်တွင် သူနှင့် ဂိုဏ်းချုပ်ရန်တို့သည် ရှမ့်လန်ကို ဖမ်းဆီးရန် အမှောင်ရဲတိုက်ကြီးနှင့် ရှေးဟောင်းအပျက်အစီးမှ တပ်များကို စုစည်းထားသည်။ မင်းသားကျင်း၏ လူ သောင်းချီကို သူတို့ ဂရုမစိုက်ပေ။ ရှမ့်လန်ကို ဖမ်းမိမှသာ တော်ဝင်ရန်အင်ပါယာကို မဟာဗျူဟာမြောက် ခြိမ်းခြောက်နိုင်မည်။

စေတီတောင်နှင့် ရင်ကွမ်းတို့သည် တာဝေးပစ် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း နဂါးနောင်တ တစ်ခု ရှိနေရုံဖြင့် တော်ဝင်ရန်အင်ပါယာကို ခြိမ်းခြောက်ရန် လုံလောက်သည်။ ထိုသို့မဟုတ်ပါက ချန်နိုင်ငံသစ်နှင့် စေတီတောင်သည် တော်ဝင်ရန်အင်ပါယာ၏ ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ရပေမည်။ အလွန် ခံရခက်လှသည်။

"ငါ ထပ်ပြောမယ် ... တပ်တွေအားလုံး ခွင့်ပြုချက်မရဘဲ မလှုပ်ရှားရဘူး၊ အမိန့်ရမှ လှုပ်ရှားရမယ်၊ အားလုံး အဆင်သင့် ပြင်ထား၊ တပ်တွေအားလုံး အဆင်သင့် ပြင်ထား၊ ရှမ့်လန်ကို ဝိုင်းရံဖမ်းဆီးကြ ..."

..................

ဇန်နဝါရီလ ၂၃ ရက်နေ့။

ရှမ့်လန်သည် တချောင်ကို စီးလျက် ကျင်းကန်တောင် အထက်သို့ ရောက်ရှိလာသည်။ ကောင်းကင်မှ ငုံ့ကြည့်လိုက်လျှင် မိုင်ရာချီ အကွာအဝေးအတွင်း မည်သူမှ မရှိပေ။ ရင်ကွမ်းနှင့် စေတီတောင်၏ တပ်များသည် ရှင်းလင်းစွာ ဆုတ်ခွာသွားခဲ့သည်။ ဤမြေပြင်သည် မီးလောင်ထားသောကြောင့် သစ်တောများ မရှိတော့၊ ပုန်းခိုစရာ နေရာ မရှိတော့ပေ။

သို့သော်ငြား ဒိုဟာနှင့် အဖွဲ့သည် စိတ်မချသေးပေ။ နှင်းလင်းယုန်များကို စီးနင်းလျက် မိုင်ရာချီ အကွာအဝေးကို လှည့်ပတ်ကြည့်ရှုပြီး ခြုံခိုတိုက်ခိုက်သူများ မရှိကြောင်း သေချာအောင် စစ်ဆေးကြသည်။ ကျင်းကန်တောင်၏ တစ်ဝက်သည် ပင်လယ်ထဲတွင် ရှိနေသောကြောင့် ပင်လယ်ပြင်ကိုလည်း ရှာဖွေရသည်။ သူမသည် နှင်းလင်းယုန်ကို စီးလျက် ပင်လယ်ပြင် မိုင်ရာချီ အကွာအဝေးကို ရှာဖွေခဲ့သော်လည်း စေတီတောင်မှ စစ်သင်္ဘော တစ်စင်းကိုမှ မတွေ့ရပေ။

လုံခြုံစိတ်ချရကြောင်း အတည်ပြုပြီးနောက် ရှမ့်လန်သည် တချောင်ကို အမိန့်ပေး၍ ဖြည်းညင်းစွာ ဆင်းသက် လိုက်သည်။ ကျင်းကန်တောင် အလယ်ရှိ ဧရာမ ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ဝင်ပေါက်သည် ဤနေရာတွင် ရှိ၏။

ရှမ့်လန် ရှေ့တိုးသွားပြီး လက်ဝါးရာ ချိုင့်ခွက်တစ်ခုပေါ်သို့ လက်ဝါးကို ဖိကပ်လိုက်သည်။ ချက်ချင်းပဲ ကျင်းကန်တောင် တစ်ခုလုံး တုန်ခါသွားပြီး အလင်းရောင် တစ်ချက် လက်သွားသည်။ ထို့နောက် ဧရာမ တံခါးကြီး တစ်ချပ် ဖြည်းညင်းစွာ ပွင့်လာသည်။ အမြင့် မီတာ တစ်ရာကျော်၊ အကျယ် မီတာ သုံးဆယ်ကျော် ရှိသည်။

နှစ်အနည်းငယ် ကြာပြီးနောက် ကျင်းကန်တောင်၏ ဝင်ပေါက် ပြန်ပွင့်လာခဲ့ပြီ။

ခေတ္တမျှ တိတ်ဆိတ်သွား၏။

ထို့နောက် လူရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ခေါင်းဆောင်မှာ မင်းသားကျင်း ဖြစ်သည်။ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးအတွင်း၌ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသော်လည်း နေရောင်ခြည် ကို ပြန်လည် မြင်တွေ့လိုက်ရချိန်မှာတော့ မျက်လုံးများကို အနည်းငယ် မှေးထားလိုက်မိသည်။

နောက်ဆုံးတော့ နေရောင်ခြည်ကို ပြန်မြင်ရပြီ။ နောက်ဆုံးတော့ ကျင်းကန်တောင် အပျက်အစီးမှ ထွက်ခွာပြီး ပြင်ပကမ္ဘာသို့ ရောက်ရှိလာပြီ။

လူ သောင်းချီသည် သူ့နောက်မှ လိုက်ပါလာကြသည်။ ကျင်းကန်တောင်မှ ထွက်ခွာလာကြပြီး မရေမတွက်နိုင်သော လူများသည် စိတ်လှုပ်ရှားလွန်းသောကြောင့် မထိန်းနိုင်အောင် ဖြစ်နေကြသည်။ နှစ်နှစ်တိတိ ကြာပြီးနောက် နောက်ဆုံးတော့ သူတို့ ထွက်လာနိုင်ခဲ့ပြီ။

မင်းသားကျင်းသည် ရှမ့်လန်၏ ရှေ့သို့ ရောက်လာပြီး ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။

"အရှင့်ကို နှုတ်ဆက်ပါတယ် ... အရှင် သက်တော်ရာကျော် ရှည်ပါစေ ...”

“သက်တော်ရာကျော် ရှည်ပါစေ"

လူ သောင်းချီသည်လည်း မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြ၏။

"အရှင်ရှမ့်လန် အသက် ရာကျော် ရှည်ပါစေ ... အသက်ရာကျော် ရှည်ပါစေ"

ရှမ့်လန်က ပြုံး၍ ပြောသည်။

"အစ်ကိုကျင်း ... ခင်ဗျားတို့ကို အိမ်ပြန်ခေါ်ဖို့ ကျုပ် ရောက်လာပြီ၊ အိမ်ပြန်ကြစို့"

...........

ထိုအချိန်တွင် ...

မိုင်တစ်ရာခန့်အကွာ၌ အထူးပျံသန်းရေး သားရဲတစ်ကောင် ကောင်းကင်ယံမှ ထိုးဆင်းလာသည်။ ၎င်းသည် တိမ်တိုက်များအထက်တွင် ပျံသန်းနေသောကြောင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။

"ဝုန်း ..."

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် မြေအောက်ခံ တံခါးတစ်ချပ် ပွင့်သွားသည်။ ဤနေရာတွင် ကြီးမားသော မြေအောက်ခံတပ်တစ်ခု ရှိနေခဲ့ခြင်းပင်။

စေတီတောင် အထူးစစ်သည်တော်သည် လျင်မြန်စွာ ပြေးဝင်လာသည်။ "ဂိုဏ်းချုပ်ရန် ... အရှင်ရင် ... ရှမ့်လန် ဆင်းလာပြီး ကျင်းကန်တောင် အပျက်အစီး ဝင်ပေါက်ကို ဖွင့်လိုက်ပါပြီ၊ မင်းသားကျင်းနဲ့ လူ သောင်းချီ ထွက်လာကြပါပြီ"

ရင်ကွမ်းက ချက်ချင်း အမိန့်ပေးလိုက်၏။ "တပ်တော် ... တိုက်ခိုက်၊ ရှမ့်လန်ကို ဖမ်းဆီးကြ၊ ပိုက်ကွန် အုပ်လိုက်ကြ"

"ရွှမ်း ... ရွှမ်း ... ရွှမ်း ... ရွှမ်း ..."

မရေမတွက်နိုင်သော ရှေးဟောင်းမြားတံများ ကောင်းကင်သို့ ပျံတက်သွားပြီး ပေါက်ကွဲသွားကြသည်။ ဤသည်မှာ အထူးအချက်ပေး မီးကျည်များ ဖြစ်သည်။ ထို့နောက် ကျင်းကန်တောင် မိုင်တစ်ရာ ပတ်လည်ရှိ မြေပြင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာပြီး မြေအောက်ခံတပ် တံခါးများစွာ ပွင့်လာသည်။

"ရွှမ်း ... ရွှမ်း ... ရွှမ်း ... ရွှမ်း ..."

မရေမတွက်နိုင်သော ငရဲစစ်သည်များသည် မြေအောက်မှ ပြေးထွက်လာကြသည်။ ပင်လယ်ပြင်သည် ပွက်ပွက်ဆူ သကဲ့သို့ ဖြစ်သွားသည်။ အထူး ရှေးဟောင်းစစ်သင်္ဘော ဒါဇင်ပေါင်းများစွာ ပင်လယ်ထဲမှ ပေါ်ထွက်လာပြီး ကမ်းခြေဆီသို့ ဦးတည်သွားကြ၏။

သိထားရမည်မှာ ကျင်းကန်တောင်၏ တစ်ဝက်သည် ပင်လယ်ထဲတွင် ရှိနေသည်။ ဤအထူး ရှေးဟောင်း စစ်သင်္ဘောများသည် ပင်လယ်ထဲတွင် ပုန်းခိုနေခဲ့ခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော ငရဲစစ်သည်များနှင့် အထူးတပ်ဖွဲ့ဝင်များသည် ကမ်းတက်လာကြသည်။

ထိုအချိန်တွင် တောင်ပိုင်းပင်လယ်မှ နှင်းလင်းယုန် စစ်သည် ထောင်ပေါင်းများစွာ ပျံသန်းလာပြီး ကျင်းကန်တောင် ဆီသို့ ဦးတည်လာကြသည်။ ရင်ကွမ်းနှင့် စေတီတောင်တို့သည် ပိုက်ကွန်ကို တရားဝင် အုပ်လိုက်လေပြီ။

စစ်သည် တစ်သိန်းကျော်နှင့် ဝေဟင်တပ်ဖွဲ့ တစ်ထောင်ကျော်သည် မြေပြင်နှင့် ဝေဟင်တွင် ကြီးမားသော ဝိုင်းရံ ပိတ်ဆို့မှုတစ်ခုကို ပြုလုပ်လိုက်ကြသည်။ ၎င်းသည် မကြုံစဖူး လွတ်လမ်းမရှိသော ပိုက်ကွန်ကြီး ဖြစ်၏။

"ရှမ့်လန်ကို ဖမ်းကြ ... ရှမ့်လန်ကို ဖမ်းကြ ..."

ရင်ကွမ်းနှင့် မဟာမိတ်တပ်ဖွဲ့ စစ်သည်တစ်သိန်းကျော်သည် ဒီရေလှိုင်းကဲ့သို့ ကျင်းကန်တောင်ဆီသို့ ပြေးဝင်လာကြပြီး ဝိုင်းရံပိတ်ဆို့မှုကို လျင်မြန်စွာ ကျဉ်းမြောင်းလိုက်ကြသည်။

အချိန်တိုအတွင်း စစ်သည် တစ်သိန်းကျော်သည် ပင်လယ်မှ ကုန်းမြေသို့၊ ထိုမှတစ်ဆင့် ဝေဟင်သို့ ရွေ့လျားသွားပြီး ရှမ့်လန်နှင့် မင်းသားကျင်းတို့ကို ရေတစ်စက်မျှ မလွတ်အောင် တင်းကျပ်စွာ ဝိုင်းရံ ပိတ်ဆို့ထားလိုက်ကြ၏။

"ရှမ့်လန် ... မင်း ဒီတစ်ခါတော့ ပြေးမလွတ်တော့ဘူး ... ဟား ဟား"

............

ရှေးဟောင်းလောကကြီးသည် အမှန်တကယ် အံ့မခန်း ဖြစ်သည်။ ရေအောက်စစ်သင်္ဘောများပင် ရှိသည်။

အဘယ့်ကြောင့် ရေငုပ်သင်္ဘောဟု မခေါ်ရသနည်း။ တိတိကျကျ ပြောရလျှင် ဤရေအောက်စစ်သင်္ဘောများသည် ရေငုပ်သင်္ဘောများ မဟုတ်ပေ။ သူတို့၏ ပုံပန်းသဏ္ဍာန်သည် ကမ္ဘာမြေပေါ်ရှိ ခေတ်သစ် ရေငုပ်သင်္ဘောများနှင့် အလွန် ကွာခြားသည်။ အလုံပိတ် စစ်သင်္ဘောများနှင့် ပိုတူပြီး အလွန်ကြီးမား၏။

သူတို့တွင် ကိုယ်ပိုင် တိုက်ခိုက်ရေးစနစ် ရှိသော်လည်း ရှေးဟောင်းဒူးလေးကြီးများကို မမှီခိုပေ။ သို့သော် ဤရှေးဟောင်းမြားကြီးများသည် အဝေးကြီး ပစ်ခတ်နိုင်ပြီး အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သည်။ ရေအောက်တွင်မူ အိပ်မက်ဆိုးကျောက်တုံး၏ ပလာစမာမီးတောက်များကို အသုံးပြုနိုင်သော်လည်း အကွာအဝေး နှင့် အမြန်နှုန်းမှာ များစွာ လျော့ကျသွားနိုင်သည်။

အရေးအကြီးဆုံးမှာ ဤရှေးဟောင်းစစ်သင်္ဘောများသည် အောက်ဆီဂျင် အမြောက်အမြား မထုတ်လုပ်နိုင် သောကြောင့် ရေအောက်တွင် အချိန်ကြာမြင့်စွာ မသွားလာနိုင်ပေ။ ထို့ကြောင့် ဤစစ်သင်္ဘောများသည် ရှေးဟောင်းယဉ်ကျေးမှု၏ စမ်းသပ်လက်နက်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ အလွန် မကောင်းမွန်သေးပေ။ စေတီတောင်သည် ဤကြီးမားသော ရှေးဟောင်းအပျက်အစီးကို တူးဖော်ပြီးနောက် ဤစစ်သင်္ဘောများကို ဘာလုပ်ရမှန်း မသိခဲ့ပေ။ ယခုတစ်ကြိမ်တွင်မူ အသုံးဝင်လာခဲ့၏။

"ဒိုင်း ... ဒိုင်း ... ဒိုင်း ... ဒိုင်း ..."

ရှေးဟောင်းမြားကြီး အမျိုးမျိုး ကောင်းကင်သို့ ပျံတက်ပေါက်ကွဲသွားပြီး အချက်ပေး မီးကျည် အမျိုးမျိုးကို ဖောက်ခွဲလိုက်ကြသည်။ ဝိုင်းရံပိတ်ဆို့မှုမှာ ကြီးမားလွန်းသောကြောင့် အမိန့်ပေးရန် နှင်းလင်းယုန် စစ်သည်များကို အားကိုးရန် ခက်ခဲသည်။ ထို့ကြောင့် အချက်ပေး မီးကျည်များကို အသုံးပြုခြင်းသည် အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။

စေတီတောင်နှင့် ရင်ကွမ်းတို့သည် ရှမ့်လန်ကို ဖမ်းဆီးရန်၊ လွတ်လမ်းမရှိသော ပိုက်ကွန်ကြီး ဆင်နိုင်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ ပထမဦးစွာဖြင့် သူတို့သည် မည်သူမှ သူလျှိုမလုပ်နိုင်စေရန် ဧရိယာ တစ်ခုလုံးကို ရှင်းလင်းခဲ့ရ၏။

ထို့နောက် တပ်များကို ဝှက်ထားရန် ကြီးမားသော မြေအောက် လှိုဏ်ခေါင်းကို တစ်ညလုံး တူးဖော်ခဲ့ရသည်။ ရက် ၂၀ ခန့် ကြာပြီးမှသာ ဤကြီးမားသော စီမံကိန်းကို ပြီးမြောက်ခဲ့သည်။

"တပ်ဖြန့်ကြ ... တပ်ဖြန့်ကြ ..."

"ရှေ့တက် ... ရှေ့တက် ..."

ရင်ကွမ်းနှင့် စေတီတောင်၏ တပ်တော်သည် တပ်ဖွဲ့ပေါင်း တစ်ဒါဇင်ခန့် ဖွဲ့စည်းပြီး လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ ကောင်းကင်မှ ကြည့်လျှင် တပ်တော်သည် မိုင်ပေါင်းများစွာ ရှည်လျားသော စတုဂံပုံစံကြီး ဖြစ်ပေါ်နေ၏။

အဘယ့်ကြောင့် စက်ဝိုင်းပုံစံ မဟုတ်ရသနည်း။ တော်ဝင်ရန်အင်ပါယာ၏ နဂါးနောင်တ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ပေါက်ကွဲလျှင် ထိခိုက်မှု ဧရိယာသည် စက်ဝိုင်းပုံစံကြီး ဖြစ်သောကြောင့်ပင်။

"ဆက်လက် ချီတက် ... ချီတက် ... ချီတက် ..."

တပ်တော်၏ ဝိုင်းရံပိတ်ဆို့မှုသည် လျင်မြန်စွာ ကျဉ်းမြောင်းလာသည်။ ထိုအချိန်တွင် စေတီတောင်မှ စစ်သည် ထောင်ပေါင်းများစွာသည် ရှေးဟောင်းဒူးလေးကြီးများကို အလျင်အမြန် တပ်ဆင်နေကြသည်။ သူတို့၏ ရှေးဟောင်းစွမ်းအင် အမြုတေများကို မမြင်ရပေ။ မြေအောက်တွင် မြှုပ်နှံထားခြင်း ဖြစ်လောက်သည်။

...........

ရင်ကွမ်းနှင့် စေတီတောင်၏ တပ်တော် ပေါ်လာသည်နှင့် တပြိုင်နက် မင်းသားကျင်း အော်ဟစ်လိုက်၏။ "ကျုပ်တို့ အလိမ်ခံလိုက်ရပြီ ... အရှင် … ပြေးပါ ... ပြေး။"

ထိုအချိန်တွင် သူသည် လူပေါင်သောင်းချီကို ဦးဆောင်ပြီး ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲသို့ ချက်ချင်း ပြန်လှည့်ပြေးသည်။ သို့သော် နောက်ကျသွားပေပြီ။ သူ၏ လူသောင်းချီသည် တောင်အောက်သို့ ရောက်နေပြီ ဖြစ်သည်။

တချိန်တည်းမှာပဲ စေတီတောင်မှ နှင်းလင်းယုန် စီးနင်းထားသော အထူးစစ်သည် ရာပေါင်းများစွာသည် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး ဝင်ပေါက်သို့ အမြန်ဆုံး ပြေးဝင်လာကြသည်။ ရှမ့်လန်၏ လက်အောက်တွင် အထူးစစ်သည် တစ်ဒါဇင်ခန့်သာ ရှိသည်။ ကျင်းကန်တောင် ဝင်ပေါက်ကို သိမ်းပိုက်ရန် မဖြစ်နိုင်သလို ထွက်ပြေးလမ်းကလည်း ပိတ်ဆို့ခံလိုက်ရ၏။

ထို့နောက် မူလနေရာမှ အမဲစက် ဒါဇင်ပေါင်းများစွာ ပျံသန်းလာပြီး ရှမ့်လန်ဆီသို့ တိုက်ရိုက် တိုးဝင်လာကြသည်။ ဤအမဲစက် ဒါဇင်ပေါင်းများစွာသည် အလွန်လျင်မြန်သည်။ စေတီတောင်ပိုင် အထူးပျံသန်းရေး သားရဲများ ဖြစ်လောက်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် နှင်းလင်းယုန်များထက် သေးငယ်သော်လည်း အလွန်လျင်မြန်စွာနှင့် အလွန်မြင့်မားစွာ ပျံသန်းနိုင်သည်။

ဤသည်မှာ ရှေးဟောင်းလင်းယုန် ဖြစ်သည်။ နှင်းလင်းယုန်ထက် သေးငယ်သော်လည်း အလွန် ရက်စက် ကြမ်းကြုတ်ပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်သည်။ နှင်းလင်းယုန်များသည် ပုံမှန်အားဖြင့် မီတာ ငါးထောင် အမြင့်တွင် ပျံသန်းလေ့ ရှိသော်လည်း ဤရှေးဟောင်းလင်းယုန် အမျိုးအစားသည် မီတာ တစ်သောင်းတစ်ထောင် အထိ ပျံသန်းနိုင်သည်။ ပျံသန်းနှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ လေးရာ ကျော်လွန်နိုင်သော်လည်း သယ်ဆောင်နိုင်စွမ်းမှာ နှင်းလင်းယုန်လောက် မကောင်းပေ။

"ကလောင် ... ကလောင် ... ကလောင် ..."

နားကွဲမတတ် အော်သံများနှင့်အတူ ဤရှေးဟောင်းလင်းယုန်များသည် ရှမ့်လန်ကို ဝေဟင်တွင် ဝိုင်းပိတ်ရန် ရူးသွပ်စွာ အရှိန်မြှင့်တင်လာကြသည်။

လင်းယုန်တစ်ကောင်စီ၏ ကျောပေါ်တွင် စေတီတောင်မှ ထိပ်တန်း သိုင်းပညာရှင်များ ပါရှိသည်။ အားလုံးသည် မဟာသိုင်းပညာရှင်များ ဖြစ်ကြပြီး အဆင့်အမြင့်ဆုံး ရှေးဟောင်းကိရိယာများ ဝတ်ဆင်ထားကြသည်။ စေတီတောင်မှ နှင်းလင်းယုန် စစ်သည်တစ်ထောင်ကျော်သည် ဤရှေးဟောင်းလင်းယုန်များ၏ နောက်မှ သပ်ရပ်သော ပုံစံဖြင့် လိုက်ပါလာကြသည်။ အားလုံးတို့သည် ကောင်းကင်ကို ဖုံးလွှမ်းမတတ် ပျံသန်းလာကြ၏။

"အရှင် ... ပြေးပါ ... ပြေး။" မင်းသားကျင်း အော်ဟစ်လိုက်သည်။

လူပေါင်း သောင်းချီသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး အော်ဟစ်ကြ၏။ "အရှင် ... ပြေးပါ"

သူတို့ လူသောင်းချီကို ကယ်တင်ရန် ရှမ့်လန် အဖမ်းခံရမည် ဆိုပါ သူတို့ အကြိမ် တစ်ထောင်လောက်‌ သေပစ်လိုက်မည်။

ရှမ့်လန်က ဘာမှ မပြောပေ။ တချောင်ကို တိုက်ရိုက် စီးနင်းပြီး လည်ပင်းကို ပုတ်ကာ ပြောလိုက်သည်။ "ပျံတက်တော့ ... ပျံတက်တော့"

တချောင်၏ ခန္ဓာကိုယ်တွင် အမွေးအတောင်များ မရှိသော်လည်း အရိုးဆူးများ ရှိသည်။ ယခုအချိန်တွင် ထိုအရိုးဆူးတို့သည် တစ်ချောင်းချင်း ထောင်မတ်လာပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်နေသည်။ အစွမ်းကုန် အားထုတ်ပြီး ပျံတက်သည်။ အလွန် လျင်မြန်လှ၏။

ယခုအချိန်တွင် တချောင်၏ ကျောပြင်ကို ပြုပြင်မွမ်းမံထားသည်။ ထိုင်ခုံပါရှိရုံသာမက ဘေးကင်းရေး ခါးပတ်လည်း ပါရှိသည်။

တချောင် ဆက်လက် ပျံတက်နေစဉ်တွင် ရှေးဟောင်းလင်းယုန် ဒါဇင်ပေါင်းများစွာသည် ရူးသွပ်စွာ အရှိန်မြှင့်တင်လာကြသည်။ တချောင် မပျံတက်မီ ဝိုင်းရံထားရမည်။

ဤသည်မှာ အမြန်နှုန်း ပြိုင်ပွဲ ဖြစ်သည်။ ရှေးဟောင်းလင်းယုန် ဒါဇင်ပေါင်းများစွာသည် လျင်မြန်သော တိုက်လေယာဉ်များကဲ့သို့ပင် တချောင်ကို လေထဲတွင် အမိဖမ်းရန် ကြိုးစားနေကြ၏။

သို့သော်ငြား တချောင် ပိုမြန်သည်မှာ သံသယ ဖြစ်စရာ မလိုပေ။ နှစ်မိနစ် မပြည့်မီတွင် မီတာ ၁၃,၀၀၀ အမြင့်သို့ ရောက်ရှိသွားသည်။

ဤအမြင့်သည် စေတီတောင်၏ ရှေးဟောင်းလင်းယုန်များ ပျံသန်းနိုင်သော ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သောကြောင့် ရှမ့်လန် ယာယီ လုံခြုံသွားပြီ ဖြစ်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် စေတီတောင်၏ ရှေးဟောင်းလင်းယုန် ဒါဇင်ပေါင်းများစွာတို့ လိုက်ပါလာသော်လည်း သူတို့၏ ကန့်သတ်ချက်မှာ မီတာ ၁၁,၀၀၀ ခန့်သာ ရှိသည်။ သူတို့သည် အောက်ဘက် လေထဲတွင် စက်ဝိုင်းပုံစံ ဖွဲ့စည်းပြီး ရှမ့်လန်ကို ဝိုင်းပိတ်ထားလိုက်ကြသည်။

...

အပိုင်း (၁၁၀၂)

နောက်ထပ် မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်။ စေတီတောင် နှင်းလင်းယုန် စစ်သည် တစ်ထောင်ကျော်လည်း ရောက်ရှိလာပြီး မီတာ ၅,၀၀၀ အမြင့်တွင် ပိုမို ကြီးမားသော ဝိုင်းရံပိတ်ဆို့မှု တစ်ခု ပြုလုပ်လိုက်ကြသည်။

"ရှေ့တက် ... ရှေ့တက် ... ရှေ့တက် ..."

မြေပြင်ပေါ်ရှိ စစ်သည် တစ်သိန်းကျော်၏ ဝိုင်းရံပိတ်ဆို့မှုသည် ဆက်လက် ကျဉ်းမြောင်းလာ၏။

"ရပ် ..."

"ရပ် ..."

"ရပ် ..."

ကောင်းကင်ယံတွင် အချက်ပေး မီးကျည် ပေါက်ကွဲသွားသည်နှင့် တပြိုင်နက် စေတီတောင် ငရဲတပ်တော်မှ တပ်မှူးများက အမိန့်ပေးလိုက်ကြသည်။ စစ်သည် တစ်သိန်းကျော်သည် ချီတက်မှုကို ရပ်တန့်လိုက်ပြီး တိုက်ပွဲဝင် ပုံစံ ဖွဲ့စည်းလိုက်ကြသည်။

စုစုပေါင်း စစ်သည် ၁၅၀,၀၀၀ သည် အလျား ၄၀ ကီလိုမီတာ၊ အနံ ၂၀ ကီလိုမီတာ ရှိသော ကြီးမားသည့် ဝိုင်းရံ ပိတ်ဆို့မှု တစ်ခု ပြုလုပ်လိုက်ကြသည်။ နှင်းလင်းယုန် စစ်သည် တစ်ရာကျော်သည်လည်း ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို အပြည့်အဝ သိမ်းပိုက်ထားသည်။ မင်းသားကျင်း၏ လူ သောင်းချီသည် လုံးဝ ဝိုင်းရံခံလိုက်ရ၏။

ထိုအချိန်တွင် တောင်ဘက်မှ ရှေးဟောင်းလင်းယုန် နှစ်ကောင် ပျံသန်းလာသည်။ သူတို့သည် စေတီတောင်သခင် ရန် နှင့် ချန်နိုင်ငံသစ်ဘုရင် ရင်ကွမ်း တို့ ဖြစ်ကြသည်။ မိနစ်အနည်းငယ် အကြာတွင် သူတို့နှစ်ဦးသည် ရှမ့်လန်ကို အလယ်တွင် ညှပ်ထားလိုက်ကြသည်။

ကောင်းကင်တစ်ခုလုံးသည် အလွန် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေပြီး စစ်မှန်သော သုံးဖက်မြင် တိုက်ပွဲပုံစံ ဖြစ်သည်။ ရှမ့်လန်သည် တချောင်ကို စီးလျက် အမြင့်ဆုံး မီတာ ၁၃,၀၀၀ တွင် ရှိနေသည်။ စေတီတောင်သခင် ရန် နှင့် ရင်ကွမ်း တို့သည် လင်းတနှစ်ကောင်ကို စီးလျက် မီတာ ၁၁,၅၀၀ အမြင့်တွင် ရှိနေ၏။

ရှေးဟောင်းကိရိယာများ ဝတ်ဆင်ထားသော စေတီတောင် မဟာသိုင်းပညာရှင် ဒါဇင်ပေါင်းများစွာသည် ရှေးဟောင်းလင်းယုန် ဒါဇင်ပေါင်းများစွာကို စီးလျက် မီတာ ၁၁,၀၀၀ အမြင့်တွင် ပျံဝဲနေကြသည်။ မီတာ ၅,၀၀၀ အမြင့်တွင် နှင်းလင်းယုန် စစ်သည် ၁,၀၀၀ ရှိနေသည်။ အလွှာလိုက် အလွှာလိုက်နှင့်ပင်။

မြေပြင်ပေါ်တွင် မင်းသားကျင်း၏ လူ ၅၀,၀၀၀ သည် ကီလိုမီတာ အနည်းငယ် ကျယ်ဝန်းသော တိုက်ပွဲပုံစံ ငါးခု ဖွဲ့စည်းထားသည်။

စစ်သည် တစ်သိန်းကျော်သည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော နေရာကို ဝိုင်းရံထားသည်။ ရှေးလောကတွင် ဤမျှ တိုတောင်းသော အချိန်အတွင်း ဤမျှ ရှုပ်ထွေးသော စစ်မြေပြင်တစ်ခု ဖန်တီးရန် မဖြစ်နိုင်ပေ။ ဤမျှ စွမ်းအားကြီးမားသော တပ်တော်နှင့် ကွပ်ကဲမှုမျိုး မရှိခဲ့ပေ။

............

"အရှင်ရှမ့်လန် ... ပြန်တွေ့ကြပြန်ပြီနော်" ရင်ကွမ်း တည်ငြိမ်စွာ ပြောလိုက်၏။

ရှမ့်လန်သည် မီတာ ၁၃,၀၀၀ အမြင့်မှ အော်ပြောလိုက်သည်။ "နေကောင်းလား အရှင်ရင်ကွမ်း၊ ဂိုဏ်းချုပ်ရန် ... ခင်ဗျားတို့နှစ်ယောက်စလုံး ကျုပ်ကို လာဖမ်းကြတာလား။ ဒါဆိုရင်တော့ တကယ်ပဲ ဂုဏ်ယူမိပါတယ်"

ရင်ကွမ်းက ပြောသည်။ "အဲဒီလောက် အော်ပြောစရာ မလိုပါဘူး ... ကျုပ်တို့ ကြားရပါတယ်"

သူတို့ကြားတွင် မီတာ ၁,၀၀၀ ကျော် ကွာခြားနေသည်။ ရင်ကွမ်း၏ အတွင်းအား ကောင်းမွန်သောကြောင့် အသံသည် အဝေးကြီး ရောက်နိုင်သော်လည်း ရှမ့်လန်မှာမူ မရောက်နိုင်ပေ။ သူ၏အသံ မီတာ ၁၀၀ လောက် ရောက်လျှင်ပင် အံ့သြစရာ ကောင်းနေပြီဖြစ်သည်။ သို့သော်လည်း ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့သည် အလွန် စွမ်းအားကြီးမားသောကြောင့် ရှမ့်လန်၏ အသံကို ကြားနိုင်ကြ၏။

ရှမ့်လန်က ပြောသည်။ "ခင်ဗျားတို့ ကျုပ်ကို ဖမ်းမရသေးဘူး မဟုတ်လား ... ဒါ ခင်ဗျားတို့ရဲ့ အဆင့်အမြင့်ဆုံး ပျံသန်းရေး သားရဲလား၊ ကြည့်ရတာ အရမ်း ကြမ်းကြုတ်ပုံပဲ၊ ဒါ လင်းယုန်လား ၊ လင်းတလား... တော်တော် စွမ်းအားကြီးနေပြီ၊ ဒါပေမဲ့ ကျုပ်ရဲ့ တချောင်ကိုတော့ မယှဉ်နိုင်ဘူး၊ အမြင့်ပျံနိုင်စွမ်းနဲ့ အမြန်နှုန်း မမီဘူး၊ ကျုပ်သာ ဆန္ဒရှိရင် မီတာ ၁၅,၀၀၀ အထိ ပျံတက်ပြီး ထွက်ပြေးလို့ရတယ်၊ ဘယ်အကောင်မှ ကျုပ်ကို လိုက်မမီနိုင်ဘူး"

ရင်ကွမ်းက ပြော၏။ "မှန်တယ် ... အဲဒါ အမှန်ပဲ၊ ဒါပေမဲ့ မြေပြင်ပေါ်က လူပေါင်းသောင်းချီနဲ့ ခင်ဗျား ခေါ်လာတဲ့ လူယုံ တစ်ဒါဇင်လောက်ကကော၊ သူတို့ ထွက်ပြေးနိုင်မလား၊ ခင်ဗျား သူတို့ကို စွန့်ပစ်ပြီး … အကုန် သေသွားတာကို ထိုင်ကြည့်နေမှာလား"

ရှမ့်လန် တိတ်ဆိတ်သွား၏။

ဂိုဏ်းချုပ်ရန်က ဝင်ပြောသည်။ "ခင်ဗျားကိုဖမ်းဖို့ ကျုပ်တို့ ဒီလောက်ကြီးမားတဲ့ ထောင်ချောက်ကို ဆင်ထားတာ၊ ရှမ့်လန် ... ခင်ဗျား လက်အောက်ငယ်သားတွေရဲ့ အသက်ကို ဂရုမစိုက်ဘူးဆိုရင် ထွက်ပြေးလို့ ရပါတယ်၊ ဒါပေမဲ့ ခင်ဗျား တကယ် ပြေးမှာလား"

သေချာပေါက် မပြေးပေ။ လွန်ခဲ့သော လအနည်းငယ်အတွင်း ရှမ့်လန် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် မင်းသားကျင်း၏ လူ သောင်းချီကို ကယ်တင်ရန်သာ ဖြစ်သည်။ ယခု ၈၀ ရာခိုင်နှုန်း အောင်မြင်နေပြီ ဖြစ်သောကြောင့် ယခင် ကြိုးပမ်းမှု အားလုံးကို အလဟဿ ဖြစ်ခွင့်ပြုမည်လား။ ထိုသို့ဆိုလျှင် ရှမ့်လန်၏ စိတ်ဝိညာဉ် ပျက်စီးသွားပေလိမ့်မည်။

လွန်ခဲ့သော လေးနှစ်က သူ့အထောက်အထား စတင် ပေါ်ပေါက်လာစဉ်က သူအပေါ် သစ္စာစောင့်သိသော လူပေါင်းသောင်းချီကို သူ မစွန့်ပစ်ခဲ့ပေ။ နောက်ဆုံးတွင် အံ့ဖွယ်လှည့်ကွက်တစ်ခုကို ဖန်တီးပြီး အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်။

ဒီနေ့ရော …. ။ သေချာပေါက် ပိုမို အံ့သြဖွယ်ကောင်းသော အံ့ဖွယ်တစ်ခုကို ဖန်တီးပြမည်လား။

ရင်ကွမ်းက ပြော၏။ "အရှင်ရှမ့်လန် ... ကျုပ်ရဲ့ ကမ်းလှမ်းချက်က ရိုးရှင်းပါတယ်၊ ခင်ဗျား လိမ္မာပါးနပ်စွာ အဖမ်းခံမယ်ဆိုရင် မင်းသားကျင်းရဲ့ လူပေါင်းသောင်းချီကို နုရှောင့်မြို့ဆီ ပြန်ခွင့်ပြုမယ်၊ နောက်နောင် စေတီတောင်နဲ့ ကျုပ်က နုရှောင့်မြို့ကို ဘယ်တော့မှ မတိုက်ခိုက်တော့ဘူး"

ဂိုဏ်းချုပ်ရန်က ဆက်ပြောသည်။ "ဒါတင်မကဘူး ... ကျုပ်တို့ ခင်ဗျားကို ညှဉ်းပန်းနှိပ်စက်မှာ မဟုတ်သလို လမ်းလျှောက်အလောင်းကောင် အဖြစ်လည်း ပြောင်းလဲမှာ မဟုတ်ဘူး၊ အိမ်အကျယ်ချုပ်ပဲ ချထားမှာပါ၊ ဘာလို့လဲဆိုတော့ နဂါးနောင်တကို ပစ်လွှတ်ဖို့ ခင်ဗျားကို လိုအပ်လို့ပဲ"

ရင်ကွမ်းက ပြော၏။ "တော်ဝင်ရန်အင်ပါယာက တာဝေးပစ် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ၊ ကျုပ်တို့ နှစ်ယောက်စလုံး အရမ်းခံရခက်တဲ့ အနေအထား ရောက်သွားပြီ၊ ကျုပ်တို့ အမီလိုက်ဖို့ လိုတယ်၊ ဒီအတွက် အရှင်ရှမ့်လန်ရဲ့ ဉာဏ်ပညာကို လိုအပ်ပါတယ်"

ဂိုဏ်းချုပ်ရန်က ပြောသည်။ "ကျုပ်တို့ ခင်ဗျားအတွက် ခမ်းနားထည်ဝါတဲ့ မြေအောက်နန်းတော် တစ်ခု ပြင်ဆင်ပေးထားမယ်၊ ပြီးတော့ အလှမယ် တစ်ရာကျော်လည်း စီစဉ်ပေးမယ်၊ ခင်ဗျား နတ်ဘုရားတစ်ပါးလို စည်းစိမ်နဲ့ ဇိမ်ကျကျ နေနိုင်ပါတယ်"

ရှမ့်လန်က စကားနာ ထိုးလိုက်၏။ “ခင်ဗျားတို့က အသားတိုး ဝက် မွေးသလို ဖြစ်နေပြီ။”

ရင်ကွမ်း ခေတ္တ တိတ်ဆိတ်နေပြီးမှ ပြောသည်။ "အဲဒီလို တွေးလို့လည်း ရပါတယ် ... ဒါပေမဲ့ အနည်းဆုံးတော့ ဒီနည်းနဲ့ ခင်ဗျားရဲ့ လူပေါင်းသောင်းချီကို ကယ်တင်နိုင်မှာပေါ့"

ဂိုဏ်းချုပ်ရန်က ဝင်ပြော၏။ "အရှင်ရှမ့်လန် ... ခင်ဗျားက အလွန် ဉာဏ်ကောင်းတယ် မဟုတ်လား၊ ပြီးခဲ့တဲ့ အခေါက်တုန်းက ကျုပ်တို့ဆီကနေ နဂါးနောင်တ နှစ်ခုကို ခိုးယူနိုင်ခဲ့ရုံမက ကျုပ်တို့လက်ထဲကနေ အောင်အောင်မြင်မြင်နဲ့ ထွက်ပြေးနိုင်ခဲ့သေးတယ် ... ဒီတစ်ခါ ကျုပ်တို့ ဖမ်းမိရင်တောင် ခင်ဗျား ထွက်ပြေးဖို့ နည်းလမ်း ရှာတွေ့နိုင်ပါသေးတယ်၊ နောက်ထပ် အံ့ဖွယ်တစ်ခု သေချာပေါက် ဖန်တီးနိုင်မှာပါ"

ရှမ့်လန် မထီမဲ့မြင် ပြုံးလိုက်သည်။

မည်သို့ဖြစ်နိုင်မည်နည်း။ ဤတစ်ကြိမ် အဖမ်းခံရရင် သူ့ခြေထောက်တွေကို ချက်ချင်း ရိုက်ချိုးပစ်မှာ သေချာသည်။ ထို့နောက် ရင်ကွမ်းနှင့် စေတီတောင်သည် သူ့အသိစိတ်ကို ဖျက်ဆီးပြီး သူတို့စိတ်ကြိုက် ထိန်းချုပ်နိုင်သော လမ်းလျှောက်အလောင်းကောင်အဖြစ် ပြောင်းလဲပစ်ကြပေလိမ့်မည်။

ရင်ကွမ်းက ပြော၏။ "အရှင်ရှမ့်လန် ... အချိန်မဖြုန်းပါနဲ့တော့၊ ရွေးချယ်စရာ ရှိပါတယ် ... အဖမ်းခံမလား၊ ဒါမှမဟုတ် ခင်ဗျားလူတွေကို အသတ်ခံမလား"

ရှမ့်လန်က ပြန်ပြောလိုက်သည်။ "အရှင်ရင်ကွမ်း၊ ဂိုဏ်းချုပ်ရန် ... မြေပြင်ပေါ်မှာ ခင်ဗျားတို့လူ ၁၅၀,၀၀၀ နဲ့ ကျုပ်လူ ၅၀,၀၀၀ ရှိတယ်၊ အထူးနဂါးနောင်တသာ ကောင်းကင်က ကျဆင်းလာရင် မြင်ကွင်းက တွေးရဲစရာတောင် မဟုတ်ဘူး ... ကျုပ်တို့နှစ်ဖက်စလုံးရဲ့တပ်ဖွဲ့တွေ ဒီမှာ ရှိနေတာဆိုတော့ တော်ဝင်ရန်အင်ပါယာက တစ်ချက်တည်းနဲ့ အကုန် သုတ်သင်ပစ်လို့ ရတယ်"

"အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး" ရင်ကွမ်းက ပြတ်သားစွာ ငြင်း၏။

"တော်ဝင်ရန်အင်ပါယာက ကျုပ်တို့ကို မဟာဗျူဟာမြောက် တိုက်ခိုက်မှု လုပ်မှာ မဟုတ်ဘူး၊ သူတို့က ကျုပ်တို့ရဲ့ မဟာဗျူဟာကို စမ်းသပ်ပြီးပြီ၊ ကျုပ်တို့မှာ ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာ ရှိကြောင်း အတည်ပြုပြီးပြီ"

တော်ဝင်ရန်အင်ပါယာသည် အရှင်သခင် ဖြစ်သောကြောင့် သူတို့၏ မဟာဗျူဟာမြောက် အမြင်မှာ အလွန် မြင့်မား၏။ ယခုအချိန်တွင် ရင်ကွမ်းနှင့် စေတီတောင်၏ လူ သိန်းချီသည် ဖြန့်ကြက်ထားသော ပုံစံဖြင့် ရှိနေသည်။ အထူး နဂါးနောင်တ တစ်ခုတည်းဖြင့် အကုန် သုတ်သင်ရန် မလုံလောက်ပေ။

လူပေါင်းသောင်းချီကို သုတ်သင်ရန် တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို အသုံးပြုမည်လား။ တော်ဝင်ရန်အင်ပါယာ၏ အမြင်မှာ ထိုမျှနိမ့်ကျမည် မဟုတ်ပေ။ အမှောင်ရဲတိုက်၊ စေတီတောင်နှင့် ချန်မြို့တော်တို့ကို မဖျက်ဆီးနိုင်လျှင် ကျန်သော တိုက်ခိုက်မှုများမှာ သိပ်အဓိပ္ပာယ်မရှိချေ။

ရှမ့်လန် ခေတ္တ စဉ်းစားပြီး ပြောသည် "အရှင်ရင်ကွမ်း၊ ဂိုဏ်းချုပ်ရန် ... ခင်ဗျားတို့ ကျုပ်ကို ဖမ်းချင်ရတဲ့ အကြောင်းရင်းက တစ်ခုတည်း ရှိတယ်၊ အဲဒါက တော်ဝင်ရန်အင်ပါယာကို ခြိမ်းခြောက်ဖို့ နဂါးနောင်တကို ပစ်လွှတ်ချင်လို့ မဟုတ်လား၊ ကျုပ် ကူညီပေးနိုင်ပါတယ်"

"နဂါးအရှိန်အဝါနဲ့ နဂါးနောင်တကို ကြိုတင် နေရာချထားပေး၊ နေရာကို ပြောပြ၊ ပြီးရင် အန္တရာယ် ရှိမရှိ ကျုပ်လူတွေကို ကြိုတင် စစ်ဆေးခိုင်းမယ်၊ ပြီးရင် ကျုပ် ပျံသန်းရေး သားရဲကို စီးပြီး နဂါးနောင်တကို ဖွင့်ပြီး ပစ်လွှတ်ပေးမယ်၊ ပစ်လွှတ်ပြီးတာနဲ့ ကျုပ်ရဲ့တချောင်ကိုစီးပြီး ချက်ချင်း ထွက်ပြေးမယ် ... မကောင်းဘူးလား၊ ဘာလို့ ကျုပ်ကို ဖမ်းချင်နေရတာလဲ"

ရင်ကွမ်း၏ မျက်လုံးများတွင် အေးစက်သော အရောင်များ ပေါ်လာသည်။ ဤရှမ့်လန်သည် အမြဲတမ်း သွေးခွဲရန် ကြိုးစားနေပြီး ကောက်ကျစ်လွန်းသည်။ စကားပြောတိုင်း အရှင်ရင်ကွမ်းကို ပထမ၊ ဂိုဏ်းချုပ်ရန်ကို ဒုတိယ ထားပြောသည်။ ဂိုဏ်းချုပ်ရန် ဘယ်လို တွေးမည်နည်း။ ဤပူးပေါင်းဆောင်ရွက်မှုတွင် ဂိုဏ်းချုပ်ရန်က ဦးဆောင်သူ ဖြစ်ကြောင်း သိထားရမည်။

ရှမ့်လန် ဆက်ပြော၏။ "အရှင်ရင်ကွမ်း ရိပ်မိလောက်ပြီလို့ ကျုပ် ယုံကြည်တယ်၊ မကြာသေးခင်ကမှ ကျုပ် တော်ဝင်ရန်အင်ပါယာနဲ့ ပူးပေါင်းခဲ့တယ်၊ အခု ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းလို့ ရပါတယ်၊ တော်ဝင်ရန် အင်ပါယာက ခင်ဗျားတို့ကို မဟာဗျူဟာမြောက် တိုက်ခိုက်မှု လုပ်ခဲ့တယ်၊ ခင်ဗျားတို့ လက်တုံ့ပြန်လို့ ရတာပဲ ... တော်ဝင်ရန်အင်ပါယာကို တိုက်ခိုက်ဖို့ နဂါးနောင်တကို သုံးချင်ရင် ကျုပ် ချက်ချင်း ကူညီပြီး ပစ်လွှတ်ပေးမယ်"

ချက်ချင်းပဲ ခေါင်းဆောင်ကြီး နှစ်ဦးသည် စကားမပြောနိုင် ဖြစ်သွားကြသည်။

ရှမ့်လန် ... မင်း ဒီထက်ပိုပြီး အရှက်မရှိနိုင်တော့ဘူးလား။ လွန်ခဲ့တဲ့ တစ်လက မင်း တော်ဝင်ရန်အင်ပါယာနဲ့ ပူးပေါင်းပြီး ငါတို့ကို ဒုက္ခပေးခဲ့တာလေ။ အခု မင်းက ငါတို့နဲ့ ပူးပေါင်းပြီး တော်ဝင်ရန်အင်ပါယာကို ဒုက္ခပေးချင်တယ် ဟုတ်လား။ မင်းကပဲ အမြဲတမ်း အမြတ်ထုတ်နေမှာလား။

အမှန်စင်စစ် ဤကဲ့သို့သော ကိစ္စများမှာ အလွန်အဖြစ်များသည်။ အီရန်-အီရတ် စစ်ပွဲကာလအတွင်း တစ်ခုထက်မကသော နိုင်ငံများက အီရန်ကို လက်နက်ရောင်းပြီး အီရတ်ကိုလည်း ရောင်းချခဲ့သည်။ ပိုဆိုးသော ကိစ္စများလည်း ရှိသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်သည် ဂျပန်ကို လက်နက်နှင့် ရေနံ ရောင်းချခဲ့သည်။ သိက္ခာတရားက အဘယ်မှာရှိတော့မည်နည်း။

ယခင်က ဆိုလျှင် ရင်ကွမ်းနှင့် စေတီတောင်သည် ဤကမ်းလှမ်းမှုကို စိတ်ဝင်စားကောင်း စိတ်ဝင်စားပေလိမ့်မည်။ သို့သော် ယခု မဖြစ်နိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် တော်ဝင်ရန်အင်ပါယာသည် သူတို့၏ အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် တော်ဝင် ရန်မြို့တော်ကို ရန်စမည်လား။ သူတို့ ဤမျှလောက် မတုံးအသေးပေ။

"တော်ပြီ ... ရှမ့်လန်၊ အချိန်မဖြုန်းနဲ့တော့"

ရင်ကွမ်းက ပြောသည်။ "ရွေးချယ်ရမယ့်အချိန် ရောက်ပြီ၊ အဖမ်းခံမလား၊ ဒါမှမဟုတ် ခင်ဗျားလူတွေ အသတ်ခံမလား ... ကျုပ် တစ်ဆယ် ကနေ ရေတွက်လိုက်မယ်၊ နှင်းလင်းယုန် တပ်ဖွဲ့အားလုံး ... အဆင်သင့် ပြင်"

ရင်ကွမ်းက တကယ် အံ့မခန်းပင်။ သူ့အတွင်းအားမှာ အလွန်အားကောင်းသောကြောင့် အော်သံသည် ကောင်းကင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

နှင်းလင်းယုန် တပ်ဖွဲ့ တစ်ထောင်ကျော်က ကောင်းကင်ယံတွင် နေရာယူလာသည်။ အထူးစစ်သည် တစ်ထောင်ကျော်သည် ရှေးဟောင်းဒူးလေးများကို ကိုင်ဆောင်လျက် စနစ်တကျ ဆင်းသက်လာကြသည်။ သူတို့က မြေပြင်အထက် မီတာ ၃၀၀ အမြင့်သို့ တိုက်ရိုက် ပျံသန်းသွားကြသည်။

ရှေးဟောင်းဒူးလေး တစ်ထောင်ကျော်သည် မြေပြင်ပေါ်ရှိ မင်းသားကျင်း၏ တပ်များကို ချိန်ရွယ်ထားသည်။ ဤရှေးဟောင်းဒူးလေးများသည် ဆက်တိုက် ပစ်ခတ်နိုင်သည်။ ပစ်ခတ်လိုက်သည်နှင့် မိုးရွာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မြေပြင်ပေါ်ရှိ မင်းသားကျင်း၏ လူသောင်းချီတွင် ရှေးဟောင်းသံချပ်ကာ မရှိပေ။ အမှန်စင်စစ် သံချပ်ကာ အသစ်ပင် မရှိကြပေ။ ဤရှေးဟောင်းဒူးလေးများကို သူတို့ ခံနိုင်ရည် မရှိပေ။ စေတီတောင် နှင်းလင်းယုန် တပ်ဖွဲ့ ပစ်ခတ်လိုက်သည်နှင့် မင်းသားကျင်း၏ လူပေါင်းသောင်းချီသည် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အသေအပျောက် များပြားပေလိမ့်မည်။

"ငရဲတပ်တော် ... အဆင်သင့် ပြင် ..."

ထိုအမိန့်နှင့်အတူ စေတီတောင် မြေပြင်တပ်ဖွဲ့များ၏ ရှေးဟောင်းဒူးလေးကြီး ရာပေါင်းများစွာ အားလုံး ပစ်ခတ်ရန် အသင့်ဖြစ်သွားသည်။ အားလုံးသည် ပေါက်ကွဲနိုင်သော ရှေးဟောင်းမြားကြီးများဖြစ်ပြီး မီတာ ထောင်ပေါင်းများစွာ အကွာအဝေးကို ပစ်ခတ်နိုင်သည်။

ပစ်ခတ်လိုက်သည်နှင့် မင်းသားကျင်း၏ လူသောင်းချီကို ဖျက်ဆီးအားပြင်းသော ထိုးနှက်ချက် ပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် အနည်းဆုံး နာရီဝက်အတွင်း သို့မဟုတ် ၁၅ မိနစ် အတွင်းပင် ရင်ကွမ်းနှင့် စေတီတောင်သည် မင်းသားကျင်း၏ လူ ၅၀,၀၀၀ အားလုံးကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

ရင်ကွမ်းက ပြောသည်။ "နာရီဝက် အတွင်း ဒါမှမဟုတ် ၁၅ မိနစ်အတွင်း ခင်ဗျားလူတွေ အကုန်လုံးကို သတ်ပစ်နိုင်တယ်၊ အရှင်ရှမ့်လန် ... ရေတွက်မှု စတင်ပြီ၊ အသက်ကို ရွေးချယ်ရမယ့် အချိန်ပဲ"

"ရွှမ်း ..."

ရှေးဟောင်းမြားတံ တစ်စင်း ကောင်းကင်သို့ ပျံတက်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွား၏။

"တစ်ဆယ် …"

"ရွှမ်း ..."

ဒုတိယ ရှေးဟောင်းမြားတံ ကောင်းကင်သို့ ပျံတက်သွားသည်။

"ကိုး ..."

"ရှစ် ..."

ရင်ကွမ်းက ရေတွက်နေသည်။ ရေတွက်မှု ပြီးဆုံးသည်နှင့် တိုက်ခိုက်ရန်အမိန့်ကို ချက်ချင်း ပေးပေလိမ့်မည်။ ရှမ့်လန်ကို စိတ်ကူးယဉ်ရန် အချိန်ပေးမည် မဟုတ်ပေ။ သွေးနှင့် သေခြင်းတရားကသာ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့၏ ပြတ်သားသော ဆန္ဒကို သက်သေပြပေမည်။

"ငါး ... လေး ... သုံး ..."

"ရပ် ..." ရှမ့်လန် ရုတ်တရက် အော်ဟစ်လိုက်သည်။

"ရပ် ..." ရင်ကွမ်း အော်ဟစ်လိုက်၏။

ချက်ချင်းပဲ မြေပြင်ပေါ်မှ ရှေးဟောင်းမြားတံ အချက်ပေး မီးကျည် ပစ်ခတ်မှု ရပ်တန့်သွားပြီး ရေတွက်မှု ယာယီ ရပ်တန့်သွားသည်။

"အရှင်ရှမ့်လန် ... စဉ်းစားလို့ ပြီးပြီလား"

ရင်ကွမ်းက မေး၏။ "အခု လက်နက်ချဖို့ ဆန္ဒရှိပြီလား"

ရှမ့်လန် စေတီတောင်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ရန် ... တောင်ပင်လယ်က ရှေးဟောင်းအပျက်အစီးက ခင်ဗျားအတွက် အရမ်း အရေးကြီးတယ် မဟုတ်လား၊ ဌာနချုပ်လောက်ကို အရေးကြီးတယ်"

သေချာပေါက် အရေးကြီး၏။ ဗြိတိသျှအင်ပါယာသည် အိန္ဒိယကို လက်မလွှတ်နိုင်သကဲ့သို့ပင်။ စေတီတောင်တွင် ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာ စုစုပေါင်း သုံးခုရှိပြီး၊ အမှောင်ရဲတိုက်တွင် တစ်ခု ရှိ၏။

ရှမ့်လန်၏ စကားကို ကြားချိန်မှာတော့ ဂိုဏ်းချုပ်ရန် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ "ဘာပြောချင်တာလဲ ရှမ့်လန် ..."

ရှမ့်လန်က ပြောသည်။ "နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စေတီတောင်အတွက် ကျုပ်က ပိုအရေးကြီးလား ... ဒါမှမဟုတ် တောင်ပင်လယ်က ရှေးဟောင်းအပျက်အစီးက ပိုအရေးကြီးလား"

သေချာပေါက် ရှေးဟောင်းအပျက်အစီးက ပို၍အရေးကြီးပေသည်။ ၎င်းသည် စေတီတောင်၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး မဟာဗျူဟာမြောက် အရေးပါမှုမှာ ရှမ့်လန်ထက် များစွာ သာလွန်၏။

ရင်ကွမ်း မျက်မှောင်ကြုတ်လိုက်သည်။ "ရှမ့်လန် ... ရေတွက်မှု ဆက်လုပ်တော့မယ်"

ရှမ့်လန်က ပြန်ပြောလိုက်၏။ "ဂိုဏ်းချုပ်ရန် ... ခင်ဗျားတို့ရဲ့ ဝိုင်းရံပိတ်ဆို့ထားမှုတွေကို ချက်ချင်း ဖယ်ရှားပြီး မင်းသားကျင်းနဲ့ လူသောင်းချီကို နုရှောင့်မြို့ဆီ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်ပါ၊ မဟုတ်ရင် တောင်ပင်လယ်က ရှေးဟောင်းအပျက်အစီးကို ဖျက်ဆီးပစ်လိုက်မယ်"

"ခင်ဗျားတို့ရဲ့ အရေးအကြီးဆုံး မဟာဗျူဟာမြောက် အခြေစိုက်စခန်းက ပင်လယ်ကြမ်းပြင်မှာ လုံးဝ မြှုပ်နှံခံရလိမ့်မယ်၊ မရေမတွက်နိုင်တဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေ၊ လျှို့ဝှက်ဂိုဒေါင်တွေ၊ လျှို့ဝှက်စာကြည့်တိုက်တွေ၊ လျှို့ဝှက်လက်နက်တိုက်တွေနဲ့ တခြားအရာအားလုံး ပျက်စီးသွားလိမ့်မယ်

ဂိုဏ်းချုပ်ရန် ... စေတီတောင်က တော်ဝင်ရန်အင်ပါယာကို ယှဉ်ပြိုင်နိုင်တဲ့ အကြောင်းရင်းက ဒီရှေးဟောင်း အပျက်အစီးကြောင့် မဟုတ်လား ... ခင်ဗျားတို့ ဘယ်လောက် ထုတ်ယူသုံးစွဲပြီးပြီလဲ၊ ၃၀ ရာခိုင်နှုန်းတောင် မရှိသေးဘူးမလား ... ဒီအပျက်အစီးက စေတီတောင်ရဲ့ နောက်ထပ် နှစ် ၁၀၀ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာလေ၊ ပျက်စီးသွားရင် ဘာဖြစ်သွားမလဲ၊ စေတီတောင် ခံနိုင်ရည်ရှိပါ့မလား"

ဂိုဏ်းချုပ်ရန်က ဖြည်းညင်းစွာ ပြောသည်။ "ရှမ့်လန် ... မင်းပြောတာ မှန်ပါတယ်၊ ဒီဧရာမ ရှေးဟောင်းအပျက်အစီးက စေတီတောင်ရဲ့ အခြေခံအုတ်မြစ်ပဲ၊ လုံးဝမထိခိုက်စေရဘူး ... ဒါပေမဲ့ မိုင်ထောင်ချီ ဝေးကွာတဲ့နေရာကနေ ဘယ်လို ဖျက်ဆီးမှာလဲဆိုတာ သိချင်မိတယ်၊ နဂါးနောင်တကို ပစ်လွှတ်မယ်လို့တော့ မပြောနဲ့နော်"

ဤဧရာမ ရှေးဟောင်းအပျက်အစီးသည် ပင်လယ်ကြမ်းပြင်အောက်တွင် ရှိသည်။ နဂါးနောင်တသည် ပင်လယ်ကြမ်းပြင်တွင် ပေါက်ကွဲလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ ရှေးဟောင်းအပျက်အစီးကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်ချေ။

ရှေးဟောင်းအပျက်အစီးကို ဖျက်ဆီးနိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ အတွင်းသို့ ခိုးဝင်ပြီး ကြီးမားသော စွမ်းအင်အမြုတေများကို ဖောက်ခွဲပစ်ခြင်း ဖြစ်သည်။ သို့သော်လည်း ဤရှေးဟောင်းအပျက်အစီး အတွင်းသို့ ဝင်ရောက်ရန်မှာ လုံးဝ ရူးသွပ်သော အိပ်မက်တစ်ခုသာ ဖြစ်၏။

တစ်ခုတည်းသော ဝင်ပေါက်မှာ အမှောင်ရဲတိုက်တွင် ရှိပြီး စေတီတောင်သည် ထိုနေရာတွင် တပ်အင်အား အမြောက်အမြား စုစည်းထားသည်။ ရှေးဟောင်းဒူးလေးကြီးများ၊ ငရဲတပ်တော်များ၊ နှင်းလင်းယုန်များ၊ နဂါးအရှိန်အဝါ ပစ်လွှတ်စင် နှစ်ခု၊ နဂါးနောင်တနှင့် ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာများပင် ပါဝင်သည်။

အင်အားကြီးမားသော တော်ဝင်ရန်အင်ပါယာပင် အမှောင်ရဲတိုက်ကြီးကို မတိုက်ခိုက်ရဲရာ ရှမ့်လန်၏ နုရှောင့်မြို့ဆိုလျှင် ပြောဖွယ်ရာ မရှိပေ။ အင်အားအကုန် စုစည်းပြီး တိုက်ခိုက်လျှင်ပင် အမှောင်ရဲတိုက်နှင့် မိုင်နှစ်ထောင် အကွာသို့ ရောက်သည်နှင့် သုတ်သင်ခံရပေလိမ့်မည်။ အနားကပ်ရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

All Chapters