← Chapters

အခန်း (၁၀၉၉-၁၁၀၀)

Vol. 64 Ch. 1099-1100

အခန်း (၁၀၉၉-၁၁၀၀)

Vol. 64 Ch. 1099-1100

အပိုင်း (၁၀၉၉)

နာရီအနည်းငယ် ကြာပြီးနောက် ...

နုရှောင့်မြို့ အနောက်ဘက် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်တွင် သင်္ဘောတစ်စင်း ပေါ်လာသည်။ ရှမ့်လန်နှင့် မင်းသားလျန်တို့သည် သေတ္တာသယ်ဆောင်လာမည့် သံတမန်ကို သင်္ဘောကုန်းပတ်ပေါ်မှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

နောက်ထပ် တစ်နာရီခန့် အကြာတွင် ...

ကောင်းကင်ယံထက်မှ နှင်းလင်းယုန်တစ်ကောင် ထိုးဆင်းလာပြီး သင်္ဘောကုန်းပတ်ပေါ်သို့ တည်ငြိမ်စွာ သက်ဆင်းလေသည်။ ထိုလင်းယုန်ပေါ်မှ ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်တစ်ဦး ခုန်ဆင်းလာ၏။ သူ၏လက်ထဲတွင် သေတ္တာတစ်လုံး ပါလာ၏။

‘ဒါက ရတနာသေတ္တာလား’ ရှမ့်လန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ပုံစံက သာမန်အတိုင်းပင်။ သို့သော်ငြား သေးငယ်ခြင်းမရှိဘဲ တစ်ကုဗမီတာခန့် ရှိသည်။ ထင်ထားသကဲ့သို့ ခမ်းနားထည်ဝါပြီး ဆန်းကြယ်ခြင်း မရှိဘဲ သာမန်ကျောက်သေတ္တာတစ်လုံးသာ ဖြစ်သည်။ သို့သော် ဤသေတ္တာကို တော်ဝင်ရန်မြို့တော်မှ ပညာရှင်များပင် ဖွင့်၍မရခဲ့ပေ။ ထို့အပြင် ရှမ့်လန်နှင့် အပေးအယူလုပ်ရန် ဤမျှကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ အထဲတွင် မည်သည့်ရတနာ ရှိနေသနည်း။

"အရှင်ရှမ့်လန် ... ကြွပါ"

မင်းသားလျန်က ဖိတ်ခေါ်လိုက်သည်။ "ဒီသေတ္တာရဲ့ အပြင်ခွံက အရမ်းထူးခြားတယ်။ ဘယ်လိုမှ ထိုးဖောက်လို့ မရဘူး။ ကျုပ်တို့ ပလာစမာမီးတောက်ကို သုံးပြီးတောင် ဖြတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ မရခဲ့ဘူး။”

“ဒါပေါ့ ... ပိုအားပြင်းတဲ့ တိုက်ခိုက်မှုတွေ သုံးလို့ရပေမဲ့ အဲဒါက သေတ္တာရဲ့ ကိုယ်တိုင်ဖျက်ဆီးရေးစနစ်ကို အစပျိုးစေလိမ့်မယ် မဟုတ်လား" ရှမ့်လန်က ဝင်ထောက်ပေးလိုက်၏။

"မှန်ပါတယ် ... ကျုပ်တို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပြီးပြီ၊ ပညာရှင် ရာပေါင်းများစွာနဲ့လည်း ကြိုးစားခဲ့ပြီးပြီ၊ ဒါပေမဲ့ အရာမထင်ခဲ့ဘူး၊ အခု ခင်ဗျားအလှည့်ပဲ"

"တကယ်လို့ ကျုပ် ဖွင့်မရရင် ဘယ်လိုလုပ်မလဲ ... ဘယ်လိုပဲပြောပြော လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မှာ ကန့်သတ်ချက် ရှိတယ် မဟုတ်လား"

မင်းသားလျန်က ပြန်ဖြေသည်။ "ခင်ဗျား ဖွင့်မရဘူးဆိုရင် ….. ကျုပ်တို့က ခင်ဗျား သတ်မှတ်ထားတဲ့ နေရာကို နဂါးနောင်တ နှစ်ခု ပစ်လွှတ်ပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ ကျုပ်တို့ ဘာဆုလာဘ်မှ မရဘူးဆိုတဲ့ သဘော ဖြစ်သွားပြီ၊ ဒါကြောင့် ကျုပ်တို့ဘက်ကလည်း ညီမျှတဲ့ လက်တုံ့ပြန်မှုတော့ လုပ်ရလိမ့်မယ်"

မည်သို့သော လက်တုံ့ပြန်မှုမျိုးလဲ ဆိုသည်ကို မင်းသားလျန် အသေးစိတ် မပြောပေ။ သို့သော် ဖြစ်နိုင်ခြေ အများဆုံးမှာ နဂါးနောင်တတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး နိုင်ငံသုံးနိုင်ငံ၏ မြို့တော်များအနက် တစ်ခုခု ပျက်စီးသွားခြင်း ဖြစ်နိုင်၏။

ထို့နောက် ယင်းလုပ်ရပ်မှာ ရင်ကွမ်း၏ လက်စားချေမှုဖြစ်ပြီး တော်ဝင်ရန်အင်ပါယာနှင့် မသက်ဆိုင်ကြောင်း လူသိရှင်ကြား ကြေညာပေလိမ့်မည်။ သို့သော်ငြား တစ်ခါတစ်ရံတွင် ခြိမ်းခြောက်မှုများသည် လက်တွေ့ ဖြစ်မလာတတ်ပေ။

"ဒါကြောင့် ခင်ဗျား သေချာပေါက် ဖွင့်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်" မင်းသားလျန်က ပြုံးလျက် ဆိုသည်။

ရှမ့်လန် သေတ္တာအနားသို့ လျှောက်သွားပြီး X-ray ဖြင့် စကင်န်ဖတ်ကြည့်သည်။ သို့သော် ဘာမှမတွေ့ရပေ။ သေတ္တာ၏အပြင်ခွံသည် အလွန်ထူးခြားပြီး X-ray ဖြင့် လုံးဝ ထိုးဖောက်၍ မရနိုင်ပေ။ သို့နှင့် သူ သေတ္တာ၏ မျက်နှာပြင်ကို သေချာ စစ်ဆေးကြည့်သည်။

'ဘယ်လို ဖွင့်ရမလဲ ... ကျန်း သို့မဟုတ် ကျိ မျိုးနွယ်ရဲ့ အထူးသွေး လိုအပ်တာလား၊ ရှေးဟောင်းဘုရင် လက်စွပ် လိုအပ်တာလား၊ ဒါမှမဟုတ် ဉာဏ်ပညာ သတ်သတ် လိုအပ်တာလား'

တစ်ချက်ကြည့်ရုံဖြင့် ပထမအချက်နှစ်ချက်ကို ရှမ့်လန် ဖယ်ထုတ်လိုက်သည်။ ဤလောကတွင် ကျန်းနှင့် ကျိမျိုးနွယ်တို့သည် အမြင့်မြတ်ဆုံး သွေးမျိုးဆက် ပိုင်ရှင်များ ဖြစ်ကြသည်။ ရှမ့်လန်က နဂါးနောင်တကို ပစ်လွှတ်နိုင်လျှင် တော်ဝင်ရန်အင်ပါယာလည်း လုပ်ဆောင်နိုင်သည်။ ဆိုလိုသည်မှာ တော်ဝင်ရန်အင်ပါယာ၏ သွေးမျိုးဆက် လုပ်ပိုင်ခွင့်အာဏာသည်လည်း အလွန်မြင့်မားသည်ဟု ယူဆရသည်။ သို့ဖြစ်၍ သွေးမျိုးဆက် လိုအပ်ပါက သူတို့ ဖွင့်နိုင်ပြီးသား ဖြစ်ရမည်။

ထို့အပြင် ဤသေတ္တာတွင် ရှေးဟောင်းဘုရင် လက်စွပ်နှင့် ကိုက်ညီသော ချိုင့်ခွက်များ မရှိပေ။ ဤသည်မှာ ရှေးဟောင်းစကားဝှက် သေတ္တာတစ်လုံး ဖြစ်ပြီး ဂဏန်းမည်မျှ ရှိသည်ကို သူ မသိပေ။ သေတ္တာမျက်နှာပြင်တွင် စကားဝှက် ကွက်လပ်များ ရှိနေသည်။ ပထမဆုံးအတန်းမှာ ဗလာဖြစ်ပြီး ညာဘက်အပေါ်ထောင့်တွင် '၃' ဂဏန်း ရှိသည်။ ဒုတိယအတန်းနှင့် တတိယအတန်းတို့လည်း ထိုနည်းအတိုင်းပင်။ နောက်ဆုံးအတန်းတွင် စကားဝှက် ကွက်လပ် မရှိဘဲ ဂဏန်းတစ်ခုသာ ရှိသည်။

၃၃။

'ဒါက ...'

ရှမ့်လန် ချက်ချင်း သဘောပေါက်လိုက်သည်။ ဤသည်မှာ အလွန်ခက်ခဲသည့် သင်္ချာပုစ္ဆာတစ်ပုဒ် ဖြစ်သည်။ ၃၃ ကို ကုဗကိန်း သုံးလုံးပေါင်းရလဒ်အဖြစ် မည်သို့ ဖော်ပြမည်နည်း ဟူသော ပုစ္ဆာပင်။

တော်ဝင်ရန်မြို့တော်မှ ပညာရှင်ရာပေါင်းများစွာသည် ဆယ်နှစ်ကျော် ကြာသည်အထိ အဘယ့်ကြောင့် မဖြေရှင်းနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤပုစ္ဆာသည် ရိုးရှင်းပုံရသော်လည်း လက်တွေ့တွင် တွက်ချက်မှုပေါင်း ကုဋေကုဋာ ပါဝင်နေ၏။

ခေတ်သစ်ကမ္ဘာမြေကြီးမှ သင်္ချာပညာရှင်များသည် ကွန်ပျူတာ အကူအညီဖြင့် ဆယ်စုနှစ်များစွာ အချိန်ယူပြီးမှ တွက်ချက်နိုင်ခဲ့ကြသည်။ ဤလောကတွင် ဤကဲ့သို့သောပုစ္ဆာများသည် ရှားပါးလွန်းသောကြောင့် လူကို ကြက်သီးထစေသည်။ ထို့အပြင် ကံတရားအပေါ် မူတည်ပြီး ဆူးပုံနင်း၍ မရပေ။ ပုံမှန်တွက်ချက်မှုအရဆိုလျှင် ပညာရှင်တစ်ရာ နှစ်ပေါင်း တစ်ရာကြာအောင် တွက်ချက်လျှင်ပင် ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဤသေတ္တာသည် စုစုပေါင်း ဂဏန်း ၄၈ လုံး ပါဝင်သော အထူးစကားဝှက် ဖြစ်သည်။ တစ်လုံးချင်း စမ်းသပ်မည်ဆိုလျှင် တစ်စက္ကန့်လျှင် တစ်ကြိမ် စမ်းသပ်လျှင်ပင် နှစ်ပေါင်း တစ်သောင်းကြာမှ ဖြေရှင်းနိုင်ပေမည်။ ရှမ့်လန်၏ AI ကို အသုံးပြု၍ တွက်ချက်လျှင်ပင် အချိန်အကြာကြီး ပေးရမည်။

သို့သော်ငြား တိုက်ဆိုင်စွာပင် ရှမ့်လန်က အဖြေကို သိနေသည်။ အမှန်စင်စစ် တိုက်ဆိုင်ခြင်း မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤပုစ္ဆာသည် ခေတ်သစ်ကမ္ဘာမြေတွင် အလွန်ကျော်ကြားပြီး ရှမ့်လန် အကြိမ်ကြိမ် မြင်ဖူးသလို AI ထဲတွင်လည်း မှတ်တမ်းတင်ထားသောကြောင့်ပင်။

ခေတ္တစဉ်းစားပြီးနောက် ရှမ့်လန် လှမ်းပြောလိုက်သည်။

"စုတ်တံ ..."

လျှို့ဝှက်စစ်သည်က အလွန်ထူးခြားသော စုတ်တံတစ်ချောင်း ပေးလိုက်၏။

ရှမ့်လန်သည် စကားဝှက် ကွက်လပ်ပေါ်တွင် ဂဏန်းတန်း သုံးခု ရေးလိုက်သည်။

၈,၈၆၆,၁၂၈,၉၇၅,၂၈၇,၅၂၈

၈,၇၇၈,၄၀၅,၄၄၂,၈၆၂,၂၃၉

၂,၇၃၆,၁၁၁,၄၆၈,၈၀၇,၀၄၀

ရေးပြီးသည်နှင့် တစ်ပြိုင်နက် ရတနာသေတ္တာ သယ်ဆောင်လာသူသည် အသက်အောင့်ထားပြီး အလွန် စိတ်လှုပ်ရှားနေကြောင်း ရှမ့်လန် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဤလူသည် အရပ်ရှည်ပြီး တည်ငြိမ်သူ ဖြစ်သော်လည်း ယခုမူ စိတ်လှုပ်ရှားနေသည်။

'ဒီသေတ္တာက ရန်မြို့တော်အတွက် အဲဒီလောက် အရေးကြီးတာလား'

သူ ပို၍ပင် သိချင်စိတ် ပြင်းပြလာသည်။ အထဲမှာ ဘာရှိသနည်း။

ထို့နောက် အားလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ရှမ့်လန်၏ စကားဝှက် မှန်သည်လား၊ မှားသည်လား။

ပညာရှင် ရာပေါင်းများစွာသည် ဖြေရှင်းရန် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသော်လည်း ရှမ့်လန်က အချိန်မည်မျှ ယူလိုက်သနည်း။ စက္ကန့်ပိုင်းလောက်လား။ အကယ်၍ သူ ဖွင့်နိုင်လျှင် တုန်လှုပ်စရာ အံ့ဖွယ်တစ်ခု ဖြစ်ပေလိမ့်မည်။ ရှမ့်လန်၏ ဦးနှောက်ကို ခွဲစိတ်ပြီး အထဲမှာ ဘာရှိလဲ ကြည့်ချင်စိတ်ပင် ပေါက်လာစေသည်။

"ကလစ် ..."

တစ်စက္ကန့်အကြာတွင် သေတ္တာမှ အသံတစ်သံ ထွက်ပေါ်လာသည်။ မူလက ဤသေတ္တာသည် ကွက်လပ်မရှိ၊ အဖုံးဘယ်မှာမှန်း မသိအောင် တစ်သားတည်း ဖြစ်နေသည်။ ယခုမူ အက်ကြောင်းတစ်ခု ပေါ်လာပြီ ဖြစ်သောကြောင့် ဖွင့်၍ရပြီဟု ဆိုလိုသည့် သဘောပင်။

ထိုအချိန်တွင် ရှမ့်လန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။ ပိုတိကျအောင် ပြောရလျှင် သူ့ခန္ဓာကိုယ် တုန်ခါသွားခြင်း မဟုတ်ဘဲ နဂါးအမြုတေ ကိရိယာ တုန်ခါသွားခြင်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ "မင်းသားလျန် ... ကျုပ်ရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးလို့ ရမလား၊ အထဲမှာ ဘာရှိလဲ တစ်ချက်လောက် ကြည့်ခွင့်ပေးပါ၊ တစ်ချက်တည်းပါ"

မင်းသားလျန် ပြုံးလိုက်၏။ "အရှင်ရှမ့်လန် ... ခင်ဗျား လုယူမလို့တော့ မဟုတ်ပါဘူးနော်"

"ခင်ဗျားကလည်း နောက်နေပြန်ပြီ"

"စိတ်မကောင်းပါဘူး အရှင်ရှမ့်လန် ... ကျုပ်လည်း ခင်ဗျားရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးချင်ပါတယ်၊ ကျုပ်ကိုယ်တိုင် က ခင်ဗျားထက် ပိုသိချင်နေတာပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျုပ်မှာ လုပ်ပိုင်ခွင့်အာဏာ မရှိပါဘူး၊ ခင်ဗျားကို ပေးမကြည့်နိုင်ရုံသာမက ကျုပ်ကိုယ်တိုင်လည်း ကြည့်လို့ မရပါဘူး"

ထို့နောက် စစ်သည်,သည် သေတ္တာကို သယ်ဆောင်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"အရှင်ရှမ့်လန် ... ခင်ဗျား လုယူဖို့၊ ဖမ်းဆီးဖို့ အစီအစဉ် မရှိဘူးဆိုရင် ကျုပ်တို့ သွားတော့မယ်"

ရှမ့်လန် ဘေးဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ ချောင်ယောင်းအာနှင့် မဟာသိုင်းပညာရှင် တစ်ဒါဇင်ကျော် ရှိနေပြီး တစ်ဖက်တွင်မူ လျှို့ဝှက်စစ်သည်တစ်ချို့နှင့် မင်းသားလျန်သာ ရှိသည်။ အကယ်၍ သူ လုယူမည် ဆိုလျှင် အခြေခံအားဖြင့် အောင်မြင်နိုင်သည်။ သို့သော်ငြား ရှမ့်လန်က တစ်စက္ကန့်လောက် စဉ်းစားပြီး ထိုဆုံးဖြတ်ချက်ကို စွန့်လွှတ်လိုက်၏။

"နှုတ်ဆက်ပါတယ် အရှင်မင်းသား ..."

"နှုတ်ဆက်ပါတယ် အရှင်ရှမ့်လန် ….။"

တော်ဝင်ရန်အင်ပါယာမှ လျှို့ဝှက်စစ်သည်သည် ဘာမှ ပြန်မပြောပေ။ သေတ္တာကို သယ်ဆောင်လျက် နှင်းလင်းယုန်ပေါ် တက်ကာ ပျံသန်းထွက်ခွာသွားသည်။ ထိုအချိန်တွင် နုရှောင့်မြို့အထက် မီတာ သောင်းချီ အမြင့်၌ အရာတစ်ခု ပျံဝဲနေသည်ကို သတိပြုမိသည်။ အလွန် မြင့်မားသောကြောင့် တိမ်များဖြင့် လုံးဝ ဖုံးကွယ်ထားသည်။

သို့သော် မြေပြင်ပေါ်တွင် အပြောင်းအလဲ တစ်စုံတစ်ရာ ရှိခဲ့လျှင် နဂါးနောင်တတစ်ခု ကောင်းကင်မှ ကျဆင်းလာမှာ သေချာသည်။ နဂါးနောင်တ သက်သက် မဟုတ်ပေ။ ရှေးဟောင်းကိရိယာများ ကိုင်ဆောင်ထားသော မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များလည်း ကောင်းကင်မှ ဆင်းသက် လာပေလိမ့်မည်။

တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် အခြားနှင်းလင်းယုန် တစ်ကောင်ပေါ် တက်လိုက်သော်လည်း ချက်ချင်း ပျံသန်းမသွားပေ။

"အရှင်ရှမ့်လန် ... လက်တွဲရတာ ဝမ်းသာပါတယ်"

"အရှင်မင်းသား ... ကျုပ်နဲ့ ဆွေးနွေးစရာ တခြားကိစ္စ ရှိသေးလား"

မင်းသားလျန် ပြုံးလိုက်ပြီး ပြောသည်။ "အရာရာကို ဖွင့်ပြောဖို့ လိုလို့လား၊ အရှင်ရှမ့်လန် ... ခင်ဗျားက ဉာဏ်ကောင်းတဲ့သူပါ၊ တချို့ကိစ္စတွေက ပြောစရာ မလိုပါဘူး"

"ဒါဆိုရင် ... နှုတ်ဆက်ပါတယ်"

"နှုတ်ဆက်ပါတယ်"

မင်းသားလျန်က ပြောပြီးနောက် နှင်းလင်းယုန်သည် အတောင်ပံ ခတ်ကာ မြောက်ဘက်သို့ ပျံသန်းသွားသည်။ ထိုအချိန်တွင် မြေပြင်အထက် မီတာ သောင်းချီ၌ရှိနေသော အရာများသည်လည်း ပျံသန်းထွက်ခွာသွား၏။

...........

ရှမ့်လန် ကောင်းကင်ကို မော့ကြည့်လိုက်၏။ အချိန်အကြာကြီး စကားမပြောပေ။ ရုတ်တရက် သူ ရေရွတ်လိုက်သည်။ "လျှောက်ရမယ့်လမ်းက ဝေးပါသေးတယ်"

ဤတစ်ကြိမ်တွင် တော်ဝင်ရန်အင်ပါယာသည် သူတို့၏ အင်အား တစ်စိတ်တစ်ဒေသကို သူ့အား ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ လျှို့ဝှက်နဂါးတစ်ကောင်ကဲ့သို့ ခေါင်းနှင့် အမြီးကိုသာ ပြသလိုက်သည်။ အကြေးခွံတစ်ခု ပြရုံဖြင့် အခြားသူများကို ကြောက်ရွံ့စေရန် လုံလောက်၏။

ဟီလာက မေးသည်။ "အထဲမှာ ဘာရှိတာလဲ၊ ဘာလို့ တော်ဝင်ရန်အင်ပါယာက ဒီသေတ္တာကို ဖွင့်ဖို့ ဒီလောက်ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရတာလဲ"

ရှမ့်လန် ခေါင်းခါလိုက်၏။ သေတ္တာပွင့်သွားချိန်တွင်ပင် X-ray ဖြင့် စကင်န်ဖတ်ကြည့်သော်လည်း ဘာမှ မတွေ့ခဲ့ရပေ။

"ပြန်ကြစို့ ... ရင်ကွမ်းနဲ့ စေတီတောင်ကို တိုက်ခိုက်တဲ့ တိုက်ပွဲ မပြီးသေးဘူး၊ တကယ့် အထွတ်အထိပ် အခြေအနေကို ရောက်တော့မယ်"

....................

နှစ်ရက်အကြာတွင် ...

တော်ဝင်ရန်အင်ပါယာ မင်းသားလျန်နှင့် လျှို့ဝှက်စစ်သည်တို့သည် ကောင်းကင်မှ ဆင်းသက်လာပြီး နန်းတော်၏ မြင့်မားသော စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။ နှစ်ဦးစလုံး ခန်းမဆောင်ကြီးထဲသို့ လေးစားစွာ ဝင်ရောက် သွားကြသည်။

"အရှင်မင်းသား ... အရာအားလုံး အဆင်ပြေချောမွေ့ပါတယ်" မင်းသားလျန် ဒူးထောက်ပြီး လေးစားစွာ ဦးညွှတ်လိုက်၏။

လျှို့ဝှက်စစ်သည်သည် သေတ္တာကို သယ်ဆောင်ထားလျက် ဒူးတစ်ဖက်ထောက် လိုက်သည်။ စကားတစ်ခွန်းမှ မဆိုပေ။

တော်ဝင်ရန် အိမ်ရှေ့စံက ခေါင်းညိတ်ပြီး ပြောသည် "ပင်ပန်းသွားပြီ မင်းသားလျန် ... သွားနားတော့"

"ခွင့်ပြုပါအုံး။"

တော်ဝင်ရန် အိမ်ရှေ့စံသည် သေတ္တာကို ကြည့်ပြီး မေးလိုက်၏။ "ပွင့်သွားပြီလား"

"ဟုတ်ကဲ့ ... ပွင့်သွားပါပြီ"

"ရှမ့်လန် ဒီသေတ္တာကို ဖွင့်ဖို့ ဘယ်လောက်ကြာလဲ"

"စက္ကန့်ပိုင်းလောက်ပါပဲ ... သူ စဉ်းစားဖို့ စက္ကန့်ပိုင်းပဲ အချိန်လိုအပ်ပါတယ်"

တော်ဝင်ရန် အိမ်ရှေ့စံ အံ့အားသင့်စွာ ပြောလိုက်သည်။ "ဒီကောင်လေးက တကယ်ပဲ တစ်ဘီလီယံမှာ တစ်ယောက် ရှိခဲတဲ့ လူစားမျိုးပဲ၊ ကျုပ်တို့လို ပညာရှင် ရာပေါင်းများစွာက ဆယ်နှစ်ကျော် ကြာတာတောင် မဖြေရှင်းနိုင်ခဲ့ဘူး၊ သူက စက္ကန့်ပိုင်းလောက်ပဲ သုံးလိုက်တယ် ... ကောင်းပြီ၊ မင်း ပင်ပန်းသွားပြီ"

လျှို့ဝှက်စစ်သည်,သည် သေတ္တာကို ချထားလိုက်ပြီး ထွက်ခွာသွား၏။ "ခွင့်ပြုပါအုံး။"

တော်ဝင်ရန် အိမ်ရှေ့စံသည် သေတ္တာကို ကြည့်လိုက်သည်။ ဤအချိန်တွင် သူသည် သေတ္တာကို အလွယ်တကူ ဖွင့်ပြီး အထဲတွင် ဘာရှိသည်ကို ကြည့်နိုင်သည်။ သို့သော် သူ ထိုသို့ မလုပ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ထိုသို့ လုပ်ပိုင်ခွင့်အာဏာ မရှိသောကြောင့် ဖြစ်သည်။ သေတ္တာကို ကောက်ကိုင်ပြီး နန်းတော်ရှိ တားမြစ်မျှော်စင် ဆီသို့ လျှောက်သွားလိုက်သည်။

...........

"ခမည်းတော် ... သေတ္တာပွင့်သွားပါပြီ၊ ထင်ထားတဲ့အတိုင်းပဲ ရှမ့်လန်က လွယ်လွယ်ကူကူ ဖွင့်နိုင်ခဲ့ပါတယ်၊ တားမြစ်မျှော်စင် အပြင်ဘက်မှာ ထားခဲ့ရမလား"

တော်ဝင်ရန် ဧကရာဇ်က ပြော၏။ "သူက တကယ့်ကို အံ့ဖွယ်လူသား တစ်ယောက်ပါပဲ၊ ငါ အံ့အားသင့်မိပါတယ် ... အိမ်ရှေ့စံ၊ အထဲမှာ ဘာရှိလဲ ကြည့်ချင်လား"

"သားတော် မကြည့်ရဲပါဘူး"

"မကြည့်ရဲဘူး ... ဒါပေမဲ့ ကြည့်ချင်တယ် မဟုတ်လား"

"သားတော် ရှက်မိပါတယ်"

"မဟုတ်ဘူး ... ရှက်စရာ မလိုပါဘူး၊ မင်းက အနာဂတ်မှာ လောကကြီးကို အုပ်စိုးမယ့်သူလေ၊ ကောင်းကင်အောက်က ရတနာတွေအားလုံး မင်းပိုင်ဆိုင်ရမှာ၊ မင်း လောဘကြီးတာ သဘာဝကျပါတယ်၊ မဟုတ်ရင် ဘယ်လိုလုပ် ဧကရာဇ် ဖြစ်နိုင်မှာလဲ ... ဒီသေတ္တာရဲ့ ဇာစ်မြစ်ကို သိလား"

"မသိပါဘူး"

"ဒီသေတ္တာကို ကျန်းလီဆီကနေ ငါ ရခဲ့တာ၊ အရေးအကြီးဆုံး ပစ္စည်း ဖြစ်လောက်တယ်၊ ဒါကြောင့် အတိုင်းအတာ တစ်ခုအထိ ဒါက ရှမ့်လန်ပိုင်တဲ့ ပစ္စည်းပါပဲ"

ထို့နောက် ဧကရာဇ်က ဆက်ပြောသည် "မင်း အထဲမှာ ဘာရှိလဲ သိချင်နေမှတော့ ဖွင့်လိုက်"

တော်ဝင်ရန် အိမ်ရှေ့စံသည် ခေတ္တ တိတ်ဆိတ်နေသည်။ ထို့နောက် ဦးညွှတ်ပြီး ပြော၏ "အမိန့်တော်အတိုင်းပါ ခမည်းတော် ..."

ထို့နောက် သူ အသက်အောင့်ထားပြီး ဧရာမ ရတနာသေတ္တာကို မြင့်မြတ်သော အမူအရာဖြင့် ဖွင့်လိုက်သည်။

'အထဲမှာ ဘာရှိမလဲ ... ရတနာသံလျက်လား၊ ကျမ်းစာလိပ်လား၊ ကျောက်စိမ်းတံဆိပ်တုံးလား၊ ဒါမှမဟုတ် ပိုပြီး ဆန်းကြယ်တဲ့ အရာလား'

သို့သော်ငြား သေတ္တာကို ဖွင့်လိုက်ချိန်မှာတော့ တော်ဝင်ရန်အိမ်ရှေ့စံသည် လုံးဝ မင်သက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သေတ္တာထဲတွင် ဗလာကျင်းနေသောကြောင့်ပင်။ ဘာမှမရှိပေ။

'ဒါ ... ဒါ ဘာသဘောလဲ'

..................

အပိုင်း (၁၁၀၀)

သေတ္တာထဲတွင် ဘာရှိမှန်း အိမ်ရှေ့စံ မသိသော်လည်း ပြိုင်ဘက်ကင်း ရတနာ ဖြစ်မည်ဟု သေချာနေသည်။ သို့မဟုတ်လျှင် ခမည်းတော်သည် ပညာရှင် ရာပေါင်းများစွာကို စုစည်းပြီး သေတ္တာ၏ စကားဝှက်ကို ဖွင့်ရန် ဆယ်နှစ်ကျော် ကြိုးစားမည် မဟုတ်ပေ။ ထို့အပြင် ဤသေတ္တာသည် ကျန်းလီအတွက် အလွန် အရေးကြီးသည်။ သေခါနီးအချိန်တွင်ပင် သေတ္တာကို သူ့နှင့်အတူ သယ်ဆောင်သွားခဲ့၏။

သို့သော်ငြား အဘယ့်ကြောင့် သေတ္တာထဲတွင် ဘာမှမရှိရသနည်း။

ရှမ့်လန် ခိုးယူသွားခြင်းလား။ မဖြစ်နိုင်ပေ။ မင်းသားလျန် အတိအကျ သတင်းပို့ထားသည်။ သေတ္တာကို လုံးဝ မဖွင့်ရသေးပေ။ စကားဝှက် ရိုက်ထည့်ခြင်းမှလွဲ၍ သေတ္တာကို သူ မထိတွေ့ခဲ့ပေ။ အထဲမှ ပစ္စည်းသည် အဘယ့်ကြောင့် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသနည်း။

ထို့အပြင် ဤပစ္စည်းသည် အလွန်အရေးကြီးပါက အဘယ့်ကြောင့် ယခင်က ရှမ့်လန်ကို အတင်းအကျပ် ဖွင့်ခိုင်းခြင်း မပြုခဲ့သနည်း။ လွန်ခဲ့သော သုံးလေးနှစ် တည်းက သူတို့ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအချိန်က ရှမ့်လန်သည် သင်္ချာပိုင်းဆိုင်ရာတွင် အံ့မခန်း စွမ်းရည်များကို ပြသနေပြီ ဖြစ်သည်။

"အိမ်ရှေ့စံ ... သေချာ စဉ်းစားကြည့်၊ ဘာဖြစ်လို့လဲ" ဧကရာဇ်က မေး၏။

ခေတ္တစဉ်းစားပြီးနောက် အိမ်ရှေ့စံက ပြောသည်။ "ဒီသေတ္တာကိုယ်တိုင်က ရတနာတစ်ခု ဖြစ်နေလို့လား"

"မှန်တယ် ... ဘာလို့ ရှမ့်လန်ကို အခုမှ ပေးဖွင့်ခိုင်းတာလဲ"

"ဒီသေတ္တာက ရတနာ ဖြစ်ပေမဲ့ ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးဘူး"

"မှန်တယ် ... ဒီသေတ္တာက ရှေးဟောင်းယဉ်ကျေးမှုရဲ့ အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခုပဲ၊ သူ့ကို နဂါးသေတ္တာလို့ ခေါ်တယ်၊ သူ့ရဲ့အသုံးပြုပုံ တစ်ခုက နဂါးဥတွေကို သားဖောက်ဖို့ပဲ"

'နဂါးဥ သားဖောက်မယ်'

ထိုအရာက သေချာပေါက် မဟာဗျူဟာမြောက် ရတနာပင်။ သို့သော်ငြား လောလောဆယ် ရန်မြို့တော်တွင် သားဖောက်စရာ နဂါးဥ မရှိသောကြောင့် အသုံးမဝင်ပေ။

ဧကရာဇ်က ပြောသည်။ "ရှမ့်လန်က ကောက်ကျစ်တယ်၊ သူက တခြားသူတွေကို ဒုက္ခပေးဖို့ နဂါးဥအတု ဖန်တီးခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ တွေးခေါ်ပုံက မှန်ကန်တယ်၊ အဲဒီ ကျဉ်းမြောင်းတဲ့ မီးတောင်ဝက နဂါးဥ ဖန်တီးခဲ့တာ အမှန်ပဲ၊ ပြီးတော့ ကြယ်တံခွန်ကြောင့် ဖြစ်လာတာ"

အိမ်ရှေ့စံက မေး၏။ "ခမည်းတော် ... အဲဒီ နဂါးဥက အခု ဘယ်မှာလဲ"

"ငါ မသိဘူး ... ဒါပေမဲ့ ကျန်းလီ သေတုန်းက ဒီနဂါးသေတ္တာကို သယ်ဆောင်သွားခဲ့တယ်၊ ဒါပေမဲ့ အထဲမှာ နဂါးဥ မရှိဘူး၊ ဒါက ဘာကို သက်သေပြနေသလဲ"

"ကျန်းလီ နဂါးဥ မရခဲ့တာ ၊ ဒါမှမဟုတ် သားပေါက်သွားပြီးသား ဖြစ်မယ်"

"မင်း ဘယ်တစ်ခု ဖြစ်နိုင်တယ် ထင်လဲ"

"နောက်ကတစ်ခု ဖြစ်နိုင်ပါတယ်"

"နောက်ထပ် ဘာမြင်သေးလဲ"

"ကျုပ်တို့လို ပညာရှင် ရာပေါင်းများစွာက ဒီသေတ္တာကို ဖွင့်ဖို့ ဆယ်နှစ်ကျော် ကြာခဲ့ပေမဲ့ ရှမ့်လန်က အချိန်တိုအတွင်း ဖွင့်နိုင်ခဲ့တယ် ... နဂါးသေတ္တာကို နောက်ဆုံး ဖွင့်ခဲ့တဲ့သူက ဘယ်သူလဲ ... ကျန်းလီလား"

"နောက်ထပ် ဘာရှိသေးလဲ"

"ကျန်းလီနဲ့ ရှမ့်လန် နှစ်ယောက်စလုံးက တစ်ဘီလီယံမှာ တစ်ယောက် ရှိခဲတဲ့ လူစားမျိုးတွေပါ"

"ဟုတ်တယ် ... သေချာပေါက် ပိုအရေးကြီးတဲ့ အရာတစ်ခု ရှိသေးတယ်"

ဧကရာဇ်က ဆက်ပြောသည်။ "မီးနဂါးကြယ်တံခွန်က ပြာအဖြစ် ပြောင်းလဲသွားပြီ၊ အဲဒီနဂါးဥ တကယ် သားပေါက်ခဲ့ရင် မကြာခင် ပေါ်လာနိုင်တယ်ဆိုတဲ့ သဘောပဲ၊ ပြီးတော့ ဒီနဂါးသေတ္တာထဲကနေ သားပေါက်ခဲ့တာဆိုရင် သူ့အပေါ် ကြီးမားတဲ့ ဆွဲဆောင်မှု ရှိလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့ အသိုက်လေ ... ဒါကြောင့် အခုအချိန်က ဒီနဂါးသေတ္တာကို ဖွင့်ဖို့ အချိန်ကောင်းပဲ"

အိမ်ရှေ့စံ ဦးညွှတ်လိုက်ပြီး လေးစားစွာ ပြောသည်။ "ခမည်းတော်က ဉာဏ်ပညာ ကြီးမားလှပါတယ်"

............

နှစ်သစ်ကူး ရောက်ပြန်လေပြီ။

နုရှောင့်မြို့တွင် သာမန်ပြည်သူများ မရှိသောကြောင့် ပွဲလမ်းသဘင် အငွေ့အသက်မျိုး မရှိပေ။ လူတိုင်း အချိန်နှင့် ယှဉ်၍ အလုပ်လုပ်နေကြသည်။ တော်ဝင်ချန်အင်ပါယာသည် အားနည်းလွန်းနေသေး၏။ လူတိုင်း အစွမ်းကုန် ကြိုးစားပြီး တော်ဝင်ချန်အင်ပါယာကို အမြင့်ဆုံးသို့ တွန်းပို့ရမည်။

သို့သော်ငြား လေ့ကျိုးကျွန်းစံအိမ်တွင်မူ အငွေ့အသက်တစ်မျိုး ဖြစ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ် တည်းက နှစ်သစ်ကူး အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။ နွေဦးပွဲတော် စာတန်းများကို နေရာတိုင်းတွင် ကပ်ထားပြီး မီးပုံးများကို နေရာတိုင်းတွင် ချိတ်ဆွဲထားသည်။

နှစ်သစ်ကူးအကြိုနေ့တွင် ရှမ့်လန်သည် နင်ယွမ်ရှန်း၊ ကလေးများနှင့်အတူ ညစာ စားခဲ့သည်။ ထို့နောက် ကလေးတစ်ယောက်စီကို မုန့်ဖိုးပေးပြီး မီးပန်းများ ဖောက်ခဲ့၏။

"ဒိုင်း ... ဒိုင်း ... ဒိုင်း ..."

တောက်ပသော မီးပန်းများကို ကြည့်ရင်း ရှမ့်လန်၏ မျက်လုံးများက ငေးငိုင်သွားသည်။ သူ မူလန်ကို လွမ်းသည်။ သူတို့ ခွဲခွာခဲ့သည်မှာ လေးနှစ် ရှိပြီ။ လေးနှစ် တင်းတင်း ပြည့်ခဲ့ပြီ။ ယခုနှစ်တွင် ၈ နှစ် ပြည့်ပြီ ဖြစ်သော သမီးလေး ရှမ့်ယီလည်း ရှိသေးသည်။ ရှမ့်လန် ၂၉ နှစ် ရှိပြီ။ မသိလိုက်မသိဘာသာဖြင့် ဤလောကသို့ ရောက်နေသည်မှာ ၁၀ နှစ် နီးပါး ရှိတော့မည်။

"မူလန် ... မင်း ဘယ်မှာလဲ ... ငါ မင်းကို ဘယ်လောက် လွမ်းနေလဲ သိရဲ့လား"

......................

ထို့နောက် မျှော်လင့်ထားသည့်အတိုင်း အဖြစ်အပျက်များ ဆက်လက် ဖြစ်ပေါ်လာသည်။ သတင်းသည် အတောင်ပံ တပ်ထားသကဲ့သို့ အရှေ့တိုင်းလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သို့သော်ငြား ဤတစ်ကြိမ်တွင် ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာတို့က သတင်းဖြန့်လိုက်ခြင်း ဖြစ်သည်။

အရှင်ရှမ့်လန် နောက်တစ်ကြိမ် လုပ်ပြလိုက်ပြန်ပြီ။ စေတီတောင်နှင့် ရင်ကွမ်းကို ဖျက်ဆီးအားပြင်းသော ထိုးနှက်ချက်ဖြင့် တိုက်ခိုက်လိုက်၏။

ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်တပ်ဖွဲ့သည် ကျင်းကန်တောင်ခြေရင်းတွင် မရေမတွက်နိုင်သော အသေအပျောက်များ ရှိခဲ့သည်။ ဤပွဲတွင် အရှင်ရှမ့်လန်သည် နောက်ထပ် အံ့ဖွယ်ရာတစ်ခု ဖန်တီးပြီး ရင်ကွမ်းနှင့် သားဖြစ်သူကို အနိုင်ယူလိုက်ပြန်သည်။ သူ့ကြွားလုံးများ နောက်တစ်ကြိမ် အမှန်တကယ် ဖြစ်လာခဲ့သည်။

ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များ နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အရှင်ရှမ့်လန်သည် အထူး တာဝေးပစ် တိုက်ခိုက်နိုင်စွမ်းကို အမှန်တကယ် ပိုင်ဆိုင်ထားသည်လား။ ထိုအရာက ရိုးရှင်းစွာပင် အလွန် အံ့မခန်း ဖြစ်နေ၏။

ထိုအချိန်တွင် ချန်နိုင်ငံသစ်မှ ပြည်သူများသည် အလွန် ရှုပ်ထွေးသော စိတ်ခံစားမှုထဲသို့ ကျရောက်သွားကြသည်။

......................

ရှမ့်လန် လုံးဝ အနားမယူရဲသေးပေ။ အဘယ့်ကြောင့်ဆိုသော် ဤအံ့ဖွယ်ကို အမှန်တကယ် ဖန်တီးသူမှာ တော်ဝင်ရန်အင်ပါယာ ဖြစ်ပြီး သူ မဟုတ်သောကြောင့်ပင်။ အရေးအကြီးဆုံးမှာ မင်းသားကျင်း၏ လူသောင်းချီ ကို သူ မကယ်တင်ရသေး။ ဤအချိန်တွင် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး၏ စွမ်းအင်သည် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။ အချိန်မီ မကယ်တင်နိုင်လျှင် မင်းသားကျင်း၏ လူသောင်းချီသည် အထဲတွင် သေဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် နှစ်သစ်ကူး ဖြစ်သော်လည်း လေ့ကျိုးကျွန်းစံအိမ်တွင် သူ တစ်ရက်မပြည့်တပြည့်သာ နေထိုင်ခဲ့သည်။ ထို့နောက် နုရှောင့်မြို့သို့ ချက်ချင်း ပြန်လာပြီး နောက်တစ်ပွဲအတွက် စီစဉ်ရသည်။ ဤပွဲတွင် မင်းသားကျင်း၏ လူသောင်းချီကို အိမ်ပြန်ခေါ်လာရမည်သာမက စေတီတောင်ကို နောက်ထပ် ဖျက်ဆီးအားပြင်းသော ထိုးနှက်ချက် ပေးရမည်။

"အရင်ပွဲကို တော်ဝင်ရန်အင်ပါယာက ကပြအသုံးတော်ခံခဲ့တယ်၊ နောက်ထပ် အံ့ဖွယ်ရာကိုတော့ ငါကိုယ်တိုင် ဖန်တီးပြမယ်၊ ဒါကမှ ပွဲအစစ် ... သံတမန် ကျူးဝမ်ဟွာကို တောင်ပင်လယ်က ရဲတိုက်ကြီးဆီ စေလွှတ်ပြီး ရင်ကွမ်း၊ ဂိုဏ်းချုပ်ရန်တို့နဲ့ သွားတွေ့ခိုင်းလိုက်"

"အမိန့်တော် အတိုင်းပါ"

....................

ဇန်နဝါရီလ ၆ ရက်။

တောင်ပင်လယ်ရှိ ဧရာမ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ဖြစ်သော အမှောင်ရဲတိုက်ကြီးသည် စေတီတောင် ဌာနချုပ်မှလွဲလျှင် အရေးအကြီးဆုံး နေရာဖြစ်သည်။

ရှမ့်လန်၏ သံတမန် ကျူးဝမ်ဟွာသည် နှင်းလင်းယုန် စီးလျက် နောက်တစ်ကြိမ် လာရောက်လည်ပတ်၏။ "အရှင်ရင်၊ ဂိုဏ်းချုပ်ရန် ... အရှင်ရှမ့်လန်ရဲ့ နောက်ဆုံး ရာဇသံကို ကျုပ် ယူဆောင်လာပါတယ်"

ရင်ကွမ်းက ပြန်ပြောသည်။ "ပြော ..."

ကျူးဝမ်ဟွာက ဆက်ပြော၏။ "ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အရှင်ရှမ့်လန်က ကတိအတိုင်း ခင်ဗျားတို့ကို ဖျက်ဆီးအားပြင်းတဲ့ ထိုးနှက်ချက် ပေးခဲ့ပါတယ်၊ အရှင်ရင် ကောင်းကောင်း မှတ်မိနေမယ်လို့ ကျုပ် ယုံကြည်ပါတယ်၊ စစ်သည် ဘယ်နှစ်ယောက် ဆုံးရှုံးခဲ့လဲ ကျုပ် မသိပေမဲ့ ၆၀,၀၀၀ ထက်တော့ မနည်းလောက်ဘူး"

"ဆက်ပြော ..."

"ကျင်းကန်တောင် အပြင်ဘက်က တပ်တွေ အကုန်လုံးကို ချက်ချင်း ရုပ်သိမ်းပေးဖို့နဲ့ မင်းသားကျင်းရဲ့ တပ်တွေကို ဝိုင်းပိတ်ထားတာ ဖယ်ရှားပေးဖို့ အရှင်က တောင်းဆိုပါတယ်၊ မဟုတ်ရင် ခင်ဗျားတို့ရဲ့ တပ်တွေကို နောက်ထပ် ဖျက်ဆီးအားပြင်းတဲ့ ထိုးနှက်ချက် ပေးပါလိမ့်မယ်၊ သတ်မှတ်ရက်က ဇန်နဝါရီလ ၁၉ ရက်နေ့ပါ"

"ဇန်နဝါရီလ ၁၉ ရက်နေ့ ဟုတ်လား"

"ဟုတ်ပါတယ် ... သတ်မှတ်ရက် မတိုင်မီ ကျင်းကန်တောင် အပြင်ဘက်က တပ်တွေ အကုန်လုံး ရုပ်သိမ်းပေးရပါမယ်၊ မဟုတ်ရင် အရှင်ရှမ့်လန်က အကုန် သတ်ပစ်ပါလိမ့်မယ်"

ရင်ကွမ်း ခေါင်းညိတ်ပြီး ပြောသည်။ "ကောင်းပြီ ... ငါ နားလည်ပြီ"

"ကျုပ် သတင်းစကား ပါးပြီးပါပြီ၊ အရှင်ရင်အနေနဲ့ ကျုပ်ကို သတ်ဖို့၊ ဖမ်းဖို့ အစီအစဉ် မရှိဘူးဆိုရင် နုရှောင့်မြို့ကို ပြန်ပါတော့မယ် ... ဒါပေါ့၊ ခင်ဗျား ဘယ်လို ပြန်ကြားမလဲ ဆိုတာ မေးချင်ပါတယ်၊ သတ်မှတ်ရက်အတိုင်း တပ်တွေ ဆုတ်ပေးမလား"

"အဲဒီနေ့ရောက်ဖို့ လဝက်မလိုတော့ပါဘူး ... မကြာခင် မြင်ရမှာပါ"

"ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့၊ ကျုပ် ထပ်ပြီး သတိပေးပါရစေ ... သတ်မှတ်ရက် ရောက်လို့မှ တပ်တွေ မဆုတ်ပေးရင် အကျိုးဆက်ကို ခံစားရပါလိမ့်မယ်၊ အရင်ကလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ဖို့ အရှင်ရှမ့်လန်က မျှော်လင့်ပါတယ် ... နှုတ်ဆက်ပါတယ်"

ထို့နောက် သူသည် နှင်းလင်းယုန် ပေါ်တက်ပြီး နုရှောင့်မြို့သို့ ပြန်သွားသည်။

.................

ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သော ရာဇသံသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး လောကတစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ် ဇန်နဝါရီလ ၁၉ ရက်နေ့ ရာဇသံမှာမူ တိတ်ဆိတ်နေ၏။

ရင်ကွမ်းနှင့် စေတီတောင်တို့ တပ်ဆုတ်ပေးမည်လား။ နုရှောင့်မြို့ရှိ လူတိုင်း စိုးရိမ်တကြီး စောင့်ဆိုင်း နေကြသည်။

"မောင်လေး ... ရင်ကွမ်း တကယ် တပ်ဆုတ်ပေးမလား"

"မကြာခင် သိရတော့မှာပါ"

"ဒါပေမဲ့ နဂါးနောင်တ နှစ်စင်းကို တော်ဝင်ရန်အင်ပါယာက ပစ်လွှတ်လိုက်တာလေ၊ ရင်ကွမ်းနဲ့ ဂိုဏ်းချုပ်ရန်တို့ သိမှာ မဟုတ်လား"

"သိတာပေါ့ ... အခု သူတို့က ပုရစ်ကို ချောင်းနေတဲ့ နှံကောင်၊ နောက်မှာ စာကလေး ရှိနေတာကို မသိရှာဘူး ဆိုတဲ့ ကစားပွဲမျိုး ကစားချင်နေကြတာ"

................

အချိန်ကုန်ဆုံးလာသည်။ နှစ်သစ်ကူး ပြီးနောက် မီးပုံးပွဲတော် ရောက်လာသည်။

ဇန်နဝါရီလ ၁၆၊ ၁၇၊ ၁၈ ရက် ...

ရှမ့်လန်၏ ရာဇသံပြည့်ရန် တစ်ရက်သာ လိုတော့သည်။ ရင်ကွမ်းနှင့် စေတီတောင်တို့ တပ်ဆုတ်ပေးမည်လား။

ဇန်နဝါရီလ ၁၉ ရက်နေ့သို့ တရားဝင် ရောက်ရှိလာလေပြီ။

နေမင်းကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ဇန်နဝါရီလ ဖြစ်သော်လည်း ကျင်းကန်တောင်သည် သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ တောင်ဘက်အစွန်ဆုံးတွင် ရှိသောကြောင့် အပူပိုင်းရာသီဥတု ဖြစ်၏။

ထွက်ပေါ်လာသော နေမင်းသည်ပင် ပူပြင်းလှသည်။ နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ကျရောက်နေသည်။ ကျင်းကန်တောင်ခြေရှိ တပ်တော် အားလုံးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။

ရင်ကွမ်းနှင့် စေတီတောင်သည် အမှန်တကယ်ပင် တပ်ဆုတ်သွားကြသည်။ မိုင်ရာချီ အကွာအဝေးအတွင်း သူတို့၏တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ကောင်းကင်ယံတွင် နှင်းလင်းယုန်စီး စစ်သည် တစ်ဦးကိုမှ မတွေ့ရတော့ပေ။ သူတို့သည် ရှမ့်လန်ကို အမှန်တကယ် ကြောက်ရွံ့သွားပြီး ရာဇသံအတိုင်း လိုက်နာကာ ကျင်းကန်တောင် ဝိုင်းရံပိတ်ဆို့မှုကို ဖယ်ရှားပေးလိုက်သည်လား။

...............

နုရှောင့်မြို့။

"အရှင် ... ကျင်းကန်တောင် အပြင်ဘက်က တပ်တွေအားလုံး ပျောက်ကွယ်သွားပါပြီ၊ ရင်ကွမ်းနဲ့ စေတီတောင်က တပ်ဆုတ်သွားပါပြီ"

ရှမ့်လန် ပြုံးလိုက်၏။ "ကောင်းပြီ ... ကောင်းပြီ၊ ပွဲက နောက်ဆုံးတော့ စပြီပေါ့၊ သွားကြစို့ ... မင်းသားကျင်းနဲ့ တခြားသူတွေကို အိမ်ပြန်ခေါ်ကြစို့"

နာရီအနည်းငယ် အကြာမှာတော့ ရှမ့်လန်သည် တချောင်ကို စီးလျက် လေထဲသို့ ပျံတက်သွားပြီး ကျင်းကန်တောင်သို့ ဦးတည်သွားသည်။ ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော ထိပ်တန်းသိုင်းပညာရှင် တစ်ဒါဇင်ကျော်သည် နှင်းလင်းယုန်များကို စီးနင်းလျက် ရှမ့်လန်ကို အလယ်မှ ကာကွယ်ထားကြသည်။

...............

တောင်ပိုင်းပင်လယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရင်ကွမ်းက ပြော၏။ "အစ်ကိုရန် ... ကျုပ်တို့ ထင်ထားတာ မှန်တယ်၊ နဂါးနောင်တ နှစ်ခုကို ရှမ့်လန် ပစ်လွှတ်လိုက်တာ မဟုတ်ဘူး၊ တော်ဝင်ရန်အင်ပါယာက ပစ်လွှတ်လိုက်တာ၊ တော်ဝင်ရန်မြို့တော်က တရားဝင် သတင်းပို့လာတယ်၊ မင်းသားလျန်က ထွက်သွားပြီး ရန်မြို့တော်ကို ချက်ချင်း ပြန်မလာဘဲ ဇန်နဝါရီလ ၃ ရက်နေ့မှ ပြန်ရောက်တယ်တဲ့"

စေတီတောင် ဂိုဏ်းချုပ်ရန်က ပြောသည်။ "ရှမ့်လန်က တော်ဝင်ရန်အင်ပါယာနဲ့ ပူးပေါင်းတာ မဆန်းပါဘူး၊ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာက အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု လုပ်နိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားဘူး၊ တကယ် စိတ်ပျက်စရာ ကောင်းလိုက်တာ"

ရင်ကွမ်းက ဆို၏။ "ကျုပ်တို့ပဲ စိတ်မချမ်းသာတာ မဟုတ်ဘူး၊ ရှမ့်လန်လည်း စိတ်မချမ်းသာ ဖြစ်နေမှာပဲ၊ ဆိုလိုတာက တော်ဝင်ရန်အင်ပါယာက သူ့ရဲ့ နုရှောင့်မြို့ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တယ်၊ ကျုပ်တို့ရဲ့ အဓိက နေရာသုံးခုလုံးမှာ ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာတွေ ရှိပေမဲ့ ရှမ့်လန်မှာ မရှိဘူး"

စေတီတောင် အကြီးအကဲ တစ်ဦးက မေးသည်။ "အရှင်မင်းကြီး ... ဂိုဏ်းချုပ် ... ကျုပ်တို့ ကျင်းကန်တောင်က တပ်တွေအားလုံး ဆုတ်ခွာလိုက်ပါပြီ၊ မိုင်ရာချီ အကွာအဝေးအတွင်းမှာ လူတစ်ယောက်မှ မရှိတော့ပါဘူး၊ ရှမ့်လန် တကယ် လာမယ် ထင်လား၊ ဒါပေမဲ့ သူ တကယ်လာခဲ့ရင် ပြန်ပြေးလို့ မလွတ်တော့ဘူး၊ ကျုပ်တို့က ထောင်ချောက် အစစ် ဆင်ထားတာ ..."

ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့ ပြန်မဖြေကြပေ။

"ဝိုင်းရံပိတ်ဆို့မှုက လုံလောက်အောင် ကြီးမားရမယ်၊ ဒီတစ်ခါ ရှမ့်လန်ကို လွတ်သွားလို့ မဖြစ်ဘူး"

"ကောင်းပါပြီ။ ... လုံလောက်အောင် ကြီးမားပါတယ်၊ ပြီးခဲ့တဲ့ အခေါက်တုန်းက တော်ဝင်ရန်အင်ပါယာရဲ့ နဂါးနောင်တ ကြောင့် ကျုပ်တို့ အများကြီး ဆုံးရှုံးခဲ့ရတယ်၊ ဒီတစ်ခါတော့ အမှောင်ရဲတိုက်၊ တောင်ပင်လယ် ရေတပ်နဲ့ ရှေးဟောင်းအပျက်အစီးထဲက တပ်တွေကိုပါ စုစည်းထားတယ်။ ရှမ့်လန်ရဲ့ စစ်သည် တစ်ယောက်မှ လွတ်သွားမှာ မဟုတ်ဘူး"

All Chapters