အခန်း (၁၀၉၇-၁၀၉၈)
Vol. 64 Ch. 1097-1098
အပိုင်း (၁၀၉၇)
ရင်ဝူမင်သည် နှင်းလင်းယုန်ပေါ်တွင် ထိုင်လျက် မိုးကုတ်စက်ဝိုင်းမှ နေမင်းကို ကြည့်နေသည်။ ဤအချိန်၌ နေမင်းသည် အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်ရောက်နေပြီ ဖြစ်သည်။ သို့သော်ငြား ရှမ့်လန် ပြောထားသော ဖျက်ဆီးအားပြင်းသည့် တိုက်ခိုက်မှု ရောက်မလာသေးပေ။
နေဝင်သည်နှင့် တပြိုင်နက် ရင်ဝူမင်သည် လျှို့ဝှက်တပ်တော်ကို ဦးဆောင်ပြီး ချောင်ပြည်နယ်ကို တိုက်ခိုက်ပေတော့မည်။
ထိုအချိန်ကျလျှင် ရှမ့်လန်၏ အမိန့်ပြန်တမ်းသည် ရယ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။ ဆိုလိုသည်မှာ ရှမ့်လန်သည် ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များကို ဆက်လက် ကာကွယ်နိုင်စွမ်း မရှိတော့ပေ။
“ရှမ့်လန်... မင်းမှာ နုရှောင့်မြို့ကို ကာကွယ်ဖို့ သုံးတဲ့ နဂါးနောင်တ တစ်ခုပဲ ရှိတယ်။ ဖျက်ဆီးအားပြင်းတဲ့ တိုက်ခိုက်မှုကို မင်း ဘယ်လိုလုပ်မလဲ ဆိုတာ ငါ ကြည့်ချင်တယ်။ ပြီးတော့ နဂါးအရှိန်အဝါက ကီလိုဂရမ် သိန်းချီ လေးလံတာ၊ အဲဒီလောက် ဝေးကွာတဲ့ ခရီးကို မင်း ဘယ်လို သယ်လာမလဲ။ ဒီလောကကြီးက နောက်ဆုံးမိနစ်မှ ကယ်တင်တာတွေ၊ နောက်ဆုံးမိနစ်မှ ဖျက်ဆီးတာတွေကို အမုန်းဆုံးပဲ။”
နေဝင်ရန် လေးနာရီသာ လိုတော့သည်။ ရုတ်တရက် စေတီတောင် ရေပြင်အထက် ကောင်းကင်ယံတွင် ကြယ်တံခွန်တစ်ခု ဖြတ်သန်းသွားသည်။ နေရာတစ်ခုမှနေ၍ နဂါးနောင်တတစ်ခုသည် အသံထက် ငါးဆ မြန်သောနှုန်းဖြင့် တဝေါဝေါ မြည်လျက် စေတီတောင် ဌာနချုပ်ဆီသို့ ပစ်မှတ်ထားကာ တိုးဝင်လာသည်။
ထိုအချိန်မှာပဲ ကျင်းကန်တောင်အထက် မီတာ သောင်းချီ အမြင့်တွင် မည်သည့် အရပ်ဒေသမှ လာမှန်း မသိသော နဂါးနောင်တတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ ထို့အပြင် ဤနဂါးနောင်တက အလွန် ကွာခြားသည်။ ယခင် မြင်ဖူးသည်များထက် ပိုမို ကြီးမားသည်။ ထိုအရာ၏ ပျံသန်းနှုန်းသည် အသံထက် ငါးဆ မြန်သည်။ ဘုံကိုးပါးမှ ဆင်းသက်လာသကဲ့သို့ပင်။
ရင်ကွမ်းနှင့် စေတီတောင်၏ မိုင်ခြောက်ရာ ကာကွယ်ရေးမျဉ်း ဆိုသည်မှာ လုံးဝ ရယ်စရာတစ်ခု ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ဤနဂါးနောင်တသည် ကျင်းကန်တောင် အပြင်ဘက်၊ ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်တပ်ဖွဲ့များ၏ အထက်သို့ ရောက်ရှိလာသည်။ ထို့နောက် ထိုးစိုက် ကျဆင်းလာ၏။
မြေဆွဲအားကြောင့် အရှိန်ပိုမြင့်လာပြီး အသံထက် ခြောက်ဆ၊ ခုနစ်ဆ၊ ရှစ်ဆ အထိ ရောက်ရှိသွားသည်။ ဤအရာက အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုပင်။
.............
နဂါးနောင်တ နှစ်ခုအနက် ပထမတစ်ခုသည် စေတီတောင် ဌာနချုပ်ကို ပစ်မှတ်ထားပြီး ဒုတိယတစ်ခုသည် ကျင်းကန်တောင် ခြေရင်းကို ပစ်မှတ်ထားသည်။
“ဘယ်က လာတာလဲ မသိဘူး။ မိုင်သောင်းချီ အဝေးကနေ ပစ်ခတ်လိုက်တာလား။ နဂါးနောင်တရဲ့ အမြင့်ဆုံး ပစ်ခတ်နိုင်မှု အကွာအဝေးက မိုင်ငါးရာပဲ ရှိတာလေ။ အဲဒီလို မဖြစ်သင့်ဘူး။ တော်ဝင်ရန်အင်ပါယာက ဒီလောက်ဝေးတဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို ဘယ်လို လုပ်ဆောင်နိုင်ခဲ့တာလဲ။”
လေကြောင်းတိုက်ခိုက်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ နဂါးနောင်တနှစ်ခုကို မီတာ သောင်းချီ အမြင့်မှ ပစ်လွှတ်လိုက်ခြင်း ဖြစ်သောကြောင့် သူတို့၏ နှင်းလင်းယုန်များက ကြိုတင်ထောက်လှမ်း၍ မရနိုင်ပေ။
စေတီတောင် ဌာနချုပ်သည် ရေပေါ်ပင်လယ်၏ အလယ်ကျွန်းတွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ရာဂဏန်း ခန့်သာ ကျယ်ဝန်းသည်။ ဤနဂါးနောင်တက သာမန် နဂါးနောင်တများထက် ပိုကြီးသည်။ ပို၍လည်း အားပြင်းသည်။ ထို့ကြောင့် ပေါက်ကွဲလျှင် အပျက်အစီးများပေလိမ့်မည်။
“ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”
နဂါးနောင်တသည် စေတီတောင် ဌာနချုပ်နှင့် ပိုမို နီးကပ်လာသည်။
မီတာ ငါးသောင်း... မီတာ သုံးသောင်း။ ဤအချိန်တွင် နဂါးနောင်တသည် ထိုးစိုက် ကျဆင်းနေပြီ ဖြစ်သည်။ ထိုခဏ၌ မရေမတွက်နိုင်သော နှင်းလင်းယုန်များသည် စေတီတောင်ဌာနချုပ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ တောထဲမှ လန့်ပျံလာသော ငှက်များနှင့် တူသည်။ စေတီတောင် ဌာနချုပ် ပျက်စီးမည့်အချိန် နီးကပ်လာ၏။
သို့သော်ငြား ထိုအချိန်တွင် “ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”
ရုတ်တရက် ရှေးဟောင်းမြားတံ ငါးစင်းကို စေတီတောင် ဌာနချုပ်မှ ပစ်လွှတ်လိုက်သည်။ ရှေးဟောင်းမြားတံ ငါးစင်းသည် နဂါးနောင်တနှင့် ထပ်တူနီးပါး တူညီသည်။ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်ပြီးနောက် အံ့မခန်း အရှိန်ဖြင့် ပျံသန်းသွားကြသည်။ စေတီတောင် ဌာနချုပ်တွင် အထူးပြု ရှေးဟောင်းကြားဖြတ်ဟန့်တားရေး လက်နက်များ ရှိနေသည်။
“ရွှမ်း...”
ပထမ ရှေးဟောင်းမြားတံ ကြားဖြတ်ဟန့်တားရန် ကျရှုံးသွားသည်။ ဒုတိယတစ်ခု ကျရှုံးသွားသည်။ တတိယတစ်ခု အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။ ဧရာမ နဂါးနောင်တကို ဝင်ဆောင့်မိသွား၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မြေပြင်တစ်ခုလုံး တုန်ခါလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
အထူး နဂါးနောင်တသည် ကောင်းကင်ယံ၌ ပေါက်ကွဲသွားသည်။ တုန်လှုပ်ဖွယ် မှိုပွင့်ပုံ တိမ်တိုက်ကြီးသည် ကောင်းကင်ယံဆီသို့ မြင့်တက်လာပြီး ထွက်ပေါ်လာသော အလင်းရောင်မှာ နေမင်းကြီးထက် အဆများစွာ ပိုမို တောက်ပ၏။
မီတာ နှစ်သောင်း အမြင့်တွင် ပေါက်ကွဲခြင်း ဖြစ်ပြီး မီးလုံးကြီးမှာ အလွန် ကြီးမားသောကြောင့် မိုင်ရာချီ အကွာအဝေးမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် စေတီတောင်သို့ ပစ်လွှတ်လိုက်သော ပထမဆုံး အထူး နဂါးနောင်တသည် တရားဝင် ကျရှုံးသွားခဲ့သည်။
စေတီတောင် ဌာနချုပ်တွင် ဤမျှ အဆင့်မြင့်သော ကြားဖြတ်ဟန့်တားရေး စနစ် ရှိနေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
.......................
ဒုတိယ နဂါးနောင်တသည် ကျင်းကန်တောင် ခြေရင်းရှိ ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်တပ်ဖွဲ့များကို ပစ်မှတ်ထားသည်။ အသံထက် ရှစ်ဆ၊ ကိုးဆခန့် မြန်သောနှုန်းဖြင့် ကျဆင်းလာသည်။ လူတိုင်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး ကြီးမားသော ကြယ်တံခွန်ဝင်တိုက်မှုနှင့် ထပ်တူနီးပါး တူညီ၏။
စေတီတောင်သခင်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရင်ကွမ်းသည်လည်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မယုံနိုင်စွာဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
“ဒီ နဂါးနောင်တ က ဘယ်က လာတာလဲ။ ဘုံကိုးပါးက ကျဆင်းလာတာလား။ မိုင်တစ်ထောင် ပတ်လည်မှာ နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေ မရှိပါဘူး။”
“ကြားဖြတ်ဟန့်တားကြ... ကြားဖြတ်ဟန့်တားကြ...”
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် .....
“ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”
မရေမတွက်နိုင်သော ရှေးဟောင်းဒူးလေးများကို ပစ်ခတ်လိုက်ကြသည်။ ရှေးဟောင်းမြား ရာပေါင်းများစွာသည် မိုးစက်များပမာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကောင်းကင်မှ ကျဆင်းလာသော အထူး နဂါးနောင်တကို ရပ်တန့်ရန် အသည်းအသန် ကြိုးပမ်းကြ၏။
မြေပြင်ပေါ်တွင် ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်တပ်ဖွဲ့များသည် ကောင်းကင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် အေးစက်လျက်ရှိပြီး စိတ်ထဲ၌ မရပ်မနား ဆုတောင်းနေကြသည်။
“ကြားဖြတ်ဟန့်တားမှု အောင်မြင်ပါစေ။ ကြားဖြတ်ဟန့်တားမှု အောင်မြင်ပါစေ။”
“ဒုန်း... ဒုန်း... ဒုန်း...”
အမှန်ပင် ကြားဖြတ်ဟန့်တားမှု အောင်မြင်ခဲ့သည်။ အနည်းဆုံး ရှေးဟောင်းမြားကြီး တစ်ဒါဇင်ခန့်သည် ကောင်းကင်မှ ကျဆင်းလာသော အထူး နဂါးနောင်တကို ထိမှန်ခဲ့သည်။ သို့သော်ငြား အားလုံး အဓိပ္ပာယ် မရှိပေ။ ဤရှေးဟောင်းမြားကြီးများသည် သေးငယ်လွန်းပြီး စွမ်းအားလည်း နည်းပါးလွန်း၏။
အထူး နဂါးနောင်တနှင့် တိုက်မိပြီးနောက် ချက်ချင်းပဲ အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။ နဂါးနောင်တ ကျဆင်းမှု အရှိန်ကို အနည်းငယ် လျှော့ချပေးနိုင်ပြီး ပျံသန်းမှုလမ်းကြောင်းကို အနည်းငယ် ပြောင်းလဲပေး နိုင်ရုံမှလွဲ၍ ပေါက်ကွဲ ပျက်စီးသွားအောင်တော့ မလုပ်ဆောင်နိုင်ခဲ့ပေ။
စေတီတောင်သခင်နှင့် ရင်ကွမ်းတို့သည် နဂါးနောင်တနှင့် မီတာ သောင်းချီ ဝေးကွာသော နေရာတွင် ရှိနေသည်။ သူ နာကျင်စွာ မျက်လုံးမှိတ်လိုက်သည်။ သူတို့ မတားဆီးနိုင်တော့ပေ။ သူ့တွင် တောင်ပင်လယ်ရှိ ဧရာမ ရှေးဟောင်းအပျက်အစီးမှ ရရှိထားသော နဂါးနောင်တကို ကြားဖြတ်ဟန့်တားနိုင်သည့် ရှေးဟောင်း ကိရိယာ ရှိသည်။ သို့သော်ငြား သုံးခုသာ ရှိသည်။
တစ်ခုက ဧရာမ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ကာကွယ်ထားပြီး၊ တစ်ခုက စေတီတောင် ဌာနချုပ်ကို ကာကွယ်ထားကာ၊ တစ်ခုက ချန်မြို့တော်ကို ကာကွယ်ထားသည်။ ကျင်းကန်တောင်က အရေးကြီးသော်လည်း ထိုနေရာသုံးခုနှင့် ယှဉ်လျှင် တန်ဖိုးအားဖြင့် များစွာ နိမ့်ကျ၏။
ခေါင်းဆောင်ကြီးနှစ်ဦး စကားမပြောကြပေ။ သို့သော်ငြား စေတီတောင်မှ အကြီးအကဲများနှင့် ငရဲတပ်တော်မှ တပ်မှူးကြီးများသည် အမိန့်ကို ရူးသွပ်စွာ ပေးနေကြသည်။
“မြေအောက်ထဲ ဝင်ကြ၊ မြေအောက်ခံတပ်ထဲ အမြန်ဝင်ကြ။”
ထို့နောက် မရေမတွက်နိုင်သော ငရဲတပ်တော်မှ စစ်သည်များနှင့် အထူးတပ်ဖွဲ့ဝင်များသည် မြေအောက် ခံတပ်ဆီသို့ ပြေးဝင်သွားကြသည်။ သို့သော်ငြား အမှန်တကယ်တော့ သိပ်အဓိပ္ပာယ်မရှိပေ။ ဤနေရာသည် ကုန်းမြေဖြစ်ပြီး ပင်လယ်ကြမ်းပြင် မဟုတ်ပေ။ မြေအောက်ခံတပ် ရှိလျှင်ပင် ယာယီတူးဖော်ထားခြင်း ဖြစ်၏။
မည်မျှ ကြီးနိုင်မည်နည်း။ မည်မျှ နက်နိုင်မည်နည်း။ ပင်လယ်ထဲတွင်ဆိုလျှင် ပင်လယ်ကြမ်းပြင် အထိ ငုပ်လျှိုးနိုင်ပြီး ပင်လယ်ရေကို အသုံးပြု၍ နဂါးနောင်တမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အပူချိန်ကို လျော့ပါးစေနိုင်သည်။
“ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”
မရေမတွက်နိုင်သော ရှေးဟောင်းဒူးလေးများသည် နဂါးနောင်တကို ကြားဖြတ်ဟန့်တားရန် ကြိုးစားရင်း ဆက်လက်၍ ရူးသွပ်စွာ ပစ်ခတ်နေကြသည်။ သို့သော်ငြား အချည်းနှီး ဖြစ်ရန် ကံပါလာပြီးသားပင်။
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...”
အထူး နဂါးနောင်တသည် မြေပြင်ပေါ်သို့ ဝင်ဆောင့်၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မြေပြင်တစ်ခုလုံး ပျက်စီးလုမတတ် ပေါက်ကွဲသံကြီး၊ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သောစွမ်းအား၊ မြေပြင်ထက်မှ ငရဲပန်းမီးလုံးကြီးများနှင့်အတူ မှိုပွင့်ပုံ တိမ်တိုက်ကြီး ကောင်းကင်ယံသို့ ထပ်မံ မြင့်တက်လာသည်။
ကျင်းကန်တောင်အောက်ရှိ မြေပြင်သည် မူလက ရှေးဟောင်းသစ်တောကြီး ဖြစ်သော်လည်း ကျူးဟုန်ရွှဲ့က အကုန် မီးရှို့ပစ်ခဲ့သည်။ ယခုမူ မြေပြင်သည် မီးတောက်များဖြင့် ထပ်မံ ဆေးကြောခြင်း ခံလိုက်ရ၏။
ထင်ထားသည့်အတိုင်း အထူး နဂါးနောင်တပင်။ သာမန် နဂါးနောင်တသည် သတ်ဖြတ်နိုင်မှု အချင်းဝက် မီတာ သုံးထောင်ခန့်သာ ရှိသော်လည်း အထူး နဂါးနောင်တမှာမူ မီတာ ငါးထောင်ခန့် ရှိသည်။ စတုရန်း ကီလိုမီတာ ရှစ်ဆယ်အတွင်းရှိ တပ်တော် အားလုံးသည် ဤကလောကမြေမှ အပြီးအပိုင် ဖယ်ရှားခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားကြသည်။
မရေမတွက်နိုင်သော ငရဲတပ်တော်များ၊ မရေမတွက်နိုင်သော လျှို့ဝှက်စစ်သည်များ သေဆုံးကုန်ကြသည်။ မရေမတွက်နိုင်သော ရှေးဟောင်းဒူးလေးကြီးများနှင့် ရှေးဟောင်းကိရိယာများသည် ချက်ချင်းပဲ သံရည်ပူများ အဖြစ် အရည်ပျော်သွားကြ၏။
ကျင်းကန်တောင်သည် ပေါက်ကွဲမှု ဗဟိုချက်နှင့် မီတာ သုံးထောင်ငါးရာခန့် ကွာဝေးသည်။ ထို့ကြောင့် ကြီးမားသော တုန်ခါမှုကြီး ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ နဂါးနောင်တ ကျဆင်းလာသော တည်နေရာသည် ချက်ချင်းပဲ နီရဲသွားပြီး တောင်တစ်ခုလုံး တုန်ခါသွားသည်။
သို့သော်ငြား ဤမျှလောက်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ထောင်ပေါင်းများစွာ မြင့်မားသော အထူးတောင်ကြီး ဖြစ်သည်။ တောင်၏ မျက်နှာပြင်သည် သံမဏိကဲ့သို့ မာကျောသောကြောင့် ကျင်းကန်တောင် (စိန်တောင်) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ နဂါးနောင်တ တစ်ခုတည်းဖြင့် လှုပ်ခါပြိုလဲသွားမည့် တည်နေရာ မဟုတ်ပေ။
.....................
စေတီတောင်သခင်နှင့် ရင်ကွမ်းတို့သည် ပေါက်ကွဲမှု ဗဟိုချက်နှင့် အလွန် ဝေးကွာသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့သည် ကျင်းကန်တောင် ထိပ်ဆုံးတွင် ရပ်နေပြီး ပေါက်ကွဲမှုတစ်ခုလုံးကို အပေါ်မှ မြင်တွေ့နေရသောကြောင့်ပင်။
ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားစဉ်၌ သူတို့သည် နေရာတွင် မလှုပ်မယှက် ရပ်နေခဲ့ကြသည်။ ဖြစ်ပျက်သမျှကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် ခဏတာတွင် အလင်းရောင်မှာ အလွန် တုန်လှုပ်စရာ ကောင်းသောကြောင့် နှစ်ဦးစလုံး မျက်လုံးများကို မှေးထားရသည်။ အချိန်အတန်ကြာပြီးနောက် ကြောက်မက်ဖွယ် လှိုင်းတံပိုးကြီး ဝင်ရောက်လာသည်။ မီတာ သောင်းချီ ဝေးကွာနေသော်လည်း လှိုင်းတံပိုးမှာ ပူပြင်းသော ဟာရီကိန်းမုန်တိုင်း ကဲ့သို့ တုန်လှုပ်စရာ ကောင်း၏။
ခေါင်းဆောင်ကြီး နှစ်ဦးသည် မလှုပ်မယှက် ရပ်နေဆဲပင်။
အချိန်အတန်ကြာပြီးနောက် တုန်လှုပ်ဖွယ် မီးတောက်များ ငြိမ်းသွားသည်။ ကျင်းကန်တောင်ခြေရင်းရှိ တပ်စခန်း ဗဟိုချက်သည် လုံးဝ ဗလာကျင်းသွားပြီး မြေပြင်မှာ နှိုင်းယှဉ်၍ မရအောင် ကြီးမားသော တွင်းကြီး အဖြစ် ပေါက်ထွက်သွားသည်ကို နှစ်ဦးစလုံး ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ပေါက်ကွဲမှု၏ ကီလိုမီတာဝက် အတွင်းရှိ အရာအားလုံး ပြာကျသွားပြီး အလောင်းတစ်ခုမှပင် မကျန်ရစ်ခဲ့ပေ။
ပေါက်ကွဲမှု၏ နှစ်ကီလိုမီတာဝက် အပြင်ဘက်တွင်သာ မရေမတွက်နိုင်သော မီးကျွမ်းနေသည့် အလောင်းများ ကို တွေ့မြင်နိုင်၏။
စစ်သည် ဘယ်နှစ်ယောက် ဆုံးရှုံးသွားသနည်း။ ကောင်းကင်ဘုံသာ သိလိမ့်မည်။ ရှေးဟောင်းကိရိယာ ဘယ်နှစ်ခု ဆုံးရှုံးသွားသနည်း။ ကောင်းကင်ဘုံသာ သိလိမ့်မည်။
စေတီတောင်သခင်ရန်နှင့် ရင်ကွမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ရင်ကွမ်း၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး အသက်ရှူ မြန်လာသည်။ အချိန်အတန်ကြာတော့ ....
“ဝေါ့...”
သွေးတစ်လုတ်က မြားတစ်စင်းပမာပင် မီတာအနည်းငယ် အကွာသို့ ပန်းထွက်သွားသည်။ ရင်ကွမ်း က သွေးအန်လေပြီ။
..............
နုရှောင့်မြို့ ရဲတိုက်ကြီးပေါ်မှာတော့ ရှမ့်လန်သည် အနောက်ဘက်မှ နေမင်းကို ကြည့်လိုက်သည်။ ဤအချိန်တွင် နေဝင်ရန် နှစ်နာရီ၊ သုံးနာရီခန့် လိုသေးသည်။
သို့သော်ငြား စေတီတောင် ဌာနချုပ် ဖြစ်စေ၊ ကျင်းကန်တောင် ဖြစ်စေ နှစ်ခုလုံး ဝေးကွာလွန်းလှသည်။ ပေါက်ကွဲမှု မည်မျှပြင်းထန်စေကာမူ သူ လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။ သို့သော်ငြား အကြောင်းရင်း တစ်ခုခုကြောင့် အချိန်တစ်ခုတွင် သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
ချောင်ယောင်းအာက မေးသည်။ “ရှေးဟောင်းလောကကြီးက ဒီ နဂါးနောင်တကြောင့် ပျက်စီးသွားတာလို့ ထင်လား။”
ခေတ်သစ်လောကတွင် နျူကလီးယားပေါက်ကွဲမှုကြောင့် လောကကြီး ပျက်စီးနိုင်သည်ဟု အမြဲ ပြောဆိုခဲ့ကြ၏။
ရှမ့်လန် ခေတ္တစဉ်းစားပြီး ခေါင်းခါလိုက်သည်။ ရှေးဟောင်းခေတ်၏ ကြီးမားသော ပျက်သုဉ်းခြင်းသည် အလွန် ပြည့်စုံလွန်းပြီး နဂါးနောင်တ လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ပေ။
ဟီလာက ဆိုသည်။ “ဒီအတိုင်း ဆက်သွားရင် တို့လောကကြီးက နဂါးနောင်တ ကြောင့် ပျက်စီးသွားမှာကို ငါ စိုးရိမ်မိတယ်။ တစ်နှစ်လောက်ပဲ ရှိသေးတယ်၊ နဂါးနောင်တ ဘယ်နှစ်ခု ပေါက်ကွဲပြီးပြီလဲ။”
မှန်ပေ၏။ ယနေ့ နှစ်ခု အောင်မြင်စွာ ပေါက်ကွဲခဲ့လျှင် စုစုပေါင်း နဂါးနောင်တ ခြောက်ခု ပေါက်ကွဲခဲ့ပြီး ဖြစ်၏။
ခေတ်သစ်ကမ္ဘာမြေတွင် နျူကလီးယား ပေါက်ကွဲမှုများစွာ ရှိခဲ့သော်လည်း လက်တွေ့တိုက်ပွဲတွင် အမှန်တကယ် အသုံးပြုခဲ့သော နျူကလီးယားဗုံး နှစ်လုံးသာ ရှိခဲ့သည်။ ယခု ဤလောကတွင် ခြောက်လုံး အသုံးပြုပြီး ဖြစ်သည်။
“ဒီလောကကြီးက မဟာဗျူဟာမြောက် မျှခြေအသစ်တစ်ခုဆီ ဝင်ရောက်သွားဖို့ မျှော်လင့်ရတာပဲ။ ဒီအတိုင်း ဆက်သွားရင် ကျုပ်တောင် နည်းနည်း ကြောက်လာပြီ။”
ရှမ့်လန်က ပြော၏။ “ဒီနေ့ ပေါက်ကွဲမှု အောင်မြင်ရင် သတင်းကောင်း ဖြစ်သလို၊ အရမ်း ဆိုးရွားတဲ့ သတင်းဆိုး လည်း ဖြစ်လာလိမ့်မယ်။”
ထိုအချိန်မှာပဲ ကျန်းချွင်းဟွာ လျှောက်လာပြီး ပြောသည်။ “အရှင်... မင်းသားလျန်က တွေ့ဆုံခွင့် တောင်းနေပါတယ်။”
ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်မှ နေဝင်ချိန်ကို နောက်တစ်ကြိမ် ကြည့်သည်။ ထို့နောက် အနောက်တောင်ဘက်ရှိ ကျင်းကန်တောင် ရှိရာသို့ လှမ်းကြည့်လိုက်၏။
..................
အပိုင်း (၁၀၉၈)
နုရှောင့်မြို့ရဲတိုက်၏ မြေအောက်ခန်းမှာတော့ တော်ဝင်ရန်အင်ပါယာ မင်းသားလျန်က ပြောသည်။ “အရှင်ရှမ့်လန်... အချိန်ကို တွက်ကြည့်မယ်ဆိုရင် နဂါးနောင်တ နှစ်ခု ပေါက်ကွဲပြီးလောက်ပါပြီ။ နောက်တစ်ဆင့်အနေနဲ့ လောကတစ်ခုလုံးရဲ့ ချီးကျူးမှုနဲ့ ကိုးကွယ်မှုကို လက်ခံနိုင်ပါပြီ။”
ရှမ့်လန်က ပြုံးလိုက်၏။
မင်းသားလျန်က ဆက်ပြောသည်။ “အများဆုံး တစ်ရက်အတွင်း တိကျတဲ့သတင်း ရပါလိမ့်မယ်။ အရှင်ရှမ့်လန် ... ကျုပ်တို့ရဲ့ လောင်းကြေးကို မှတ်မိသေးတယ် မဟုတ်လား။”
ရှမ့်လန်က ဆိုသည်။ “သေတ္တာဖွင့်ရမှာလား။”
ယခုအချိန်ထိ ရှမ့်လန်က သိချင်စိတ် ပြင်းပြနေဆဲပင်။
‘တော်ဝင်ရန်အင်ပါယာတောင် မဖွင့်နိုင်တဲ့ သေတ္တာက ဘာသေတ္တာမျိုးမို့လို့လဲ။ အထဲမှာ ဘာရတနာတွေ ရှိလို့လဲ။ ရန်မြို့တော်ကို ဒီလောက် ကြီးမားတဲ့တန်ဖိုးပေးဆပ်ရအောင် ဒါက ဘာလဲ။’
မင်းသားလျန်က ပြော၏။ “ဟုတ်ပါတယ်။ သေတ္တာဖွင့်ရမှာပါ။ နှိုင်းယှဉ်လို့မရအောင် တန်ဖိုးရှိတဲ့ ဒီသေတ္တာက လမ်းခုလတ်မှာ ရောက်နေလောက်ပါပြီ။ အရှင်ရှမ့်လန်... ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားပါ။”
...................
ချောင်ပြည်နယ် မြောက်ပိုင်းနယ်စပ်တွင် အိမ်ရှေ့စံ ရင်ဝူမင်သည် တောင်ထိပ်ပေါ်တွင် ရပ်လျက် နေဝင်ချိန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိနိုင်ချေ။ မြောက်ဘက် သို့မဟုတ် တောင်ဘက်မှ သတင်းများကို တိတ်ဆိတ်စွာ စောင့်မျှော်နေသည်။
ဤသည်မှာ သူတို့နှင့် ရှမ့်လန်တို့ ပထမဆုံးအကြိမ် လူသိရှင်ကြား ယှဉ်ပြိုင်ကစားခြင်း ဖြစ်သင့်သည်။ ရင်ကွမ်းနှင့် သားဖြစ်သူအတွက် အလွန် အရေးပါလှသည်။ ကျန်းလီ၏သား ရှမ့်လန် ပေါ်ထွက်လာခြင်းသည် ရင်မိသားစုအတွက် ဆိုးရွားသော ကိစ္စဖြစ်သည်။ သို့သော်ငြား ကောင်းသော ကိစ္စလည်း ဖြစ်၏။
ရင်ကွမ်းနှင့် သားဖြစ်သူသည် ထီးနန်းလုသူများနှင့် သစ္စာဖောက်များ ဖြစ်ကြသည်။ လူများစွာ ထုတ်မပြောကြသော်လည်း လူတိုင်း၏ မျက်လုံးထဲတွင် သူတို့က သစ္စာဖောက်များ ဖြစ်ကြသည်။
အခြားနိုင်ငံများမှ လူများက ထိုသို့ ထင်မြင်ကြရုံသာမက ချန်နိုင်ငံသစ်မှ လူများကလည်း ထိုသို့ ထင်မြင်ကြသည်။ ရင်မိသားစုသည် သူတို့ကို ကာကွယ်ပေးနိုင်သောကြောင့် ထောက်ခံနေကြသော်လည်း လောကတွင် အရေးအကြီးဆုံးမှာ တရားဝင်မှုဖြစ်၏။
ဤအတိုင်းဆက်သွားပါက ချန်နိုင်ငံသစ် ပျက်စီးသွားပြီး နှစ်ပေါင်းရာချီကြာပြီးလျှင် သူတို့က သစ္စာဖောက် သူပုန်ဟူသော ဂုဏ်သတင်းကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ နိုင်ငံများစွာ၏ သမိုင်းစာအုပ်များတွင်ပင် မှတ်တမ်းတင် ခံရနိုင်သည်။
ရင်မိသားစုအနေဖြင့် တရားဝင်အကြောင်းပြချက် လိုချင်လျှင် နည်းလမ်းနှစ်ခုသာ ရှိသည်။ ပထမနည်းလမ်းက ကျိမိသားစုကို ဖျက်ဆီးပြီး အရှေ့တိုင်းလောက၏ လူသားဧကရာဇ် အဖြစ် အစားထိုး ဝင်ရောက်ခြင်းပင်။ ဤသည်မှာ ကြီးမားလွန်းသော ဂုဏ်သိက္ခာမျိုးဖြစ်ပြီး ကျန်းမိသားစုကို သစ္စာဖောက်ခဲ့သော အချက်အလက်ကို ဖုံးလွှမ်းရန် လုံလောက်၏။
ဒုတိယနည်းလမ်းက ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာကို လူသိရှင်ကြား ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် လောကမှလူများသည် ကျန်းမိသားစုကို ဂရုစိုက်တော့မည်မဟုတ်ဘဲ ရင်မိသားစု၏ ချန်နိုင်ငံသစ်ကိုသာ အသိအမှတ်ပြုကြတော့မည်။ ဤသည်မှာ ဂုဏ်သိက္ခာအတွက် တိုက်ပွဲ ဖြစ်သည်။ ထို့ကြောင့်လည်း ရှမ့်လန်သည် ရင်ကွမ်းကို ထိထိမိမိ တုံ့ပြန်သော အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ ရင်ဝူမင်က တိတ်ဆိတ်နေ၏။ သတင်း တစ်စုံတစ်ရာမှ မရောက်လာရန်၊ လုံးဝ မရောက်လာရန် အမှန်တကယ် မျှော်လင့်နေသည်။ နေဝင်သွားသရွေ့ အဆင်ပြေ၏။
ပထမ နဂါးနောင်တသည် ရင်ဝူမင်နှင့် မနီးမဝေး စေတီတောင်အနီး ကောင်းကင်ယံတွင် ပေါက်ကွဲခဲ့သည်။ မိုင်နှစ်ထောင်ခန့်သာ ဝေးကွာသော်လည်း ဤအကွာအဝေးမှ မမြင်နိုင်ပေ။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ နေမင်းကြီး တဖြည်းဖြည်း ဝင်သွားခဲ့သည်။ သတင်းမလာခြင်းသည် သတင်းကောင်းပင်။
ချောင်ပြည်နယ် မြို့တော်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်သရွေ့ တစ်ရက်အတွင်း ချောင်ဘုရင်ကို ဖျက်ဆီးနိုင်မည်။ ဤသည်မှာ လောကကြီးနှင့် ရှမ့်လန်ကို တုန်လှုပ်သွားစေလိမ့်မည်။ လောကတွင် ချန်နိုင်ငံသစ်တစ်ခုတည်းသာ ရှိပြီး၊ ထိုအရာမှာ ရင်မိသားစု၏ ချန်နိုင်ငံ ဖြစ်ကြောင်း လူတိုင်းကို သိစေရမည်။
ရှမ့်လန်သည် ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များကို လုံးဝ မကာကွယ်နိုင်သော ကြွားဝါတတ်သည့် ယောက်ျားလှလှလေး တစ်ဦးမျှသာ ဖြစ်သည်။ ရှမ့်လန်သည် ချန်နိုင်ငံသစ်မှ ပြည်သူများကိုလည်း ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ချန်နိုင်ငံသစ်မှ ပြည်သူများသည် ရင်ကွမ်းနှင့် ဖခင်ဖြစ်သူကို ထောက်ခံနေကြဆဲ ဖြစ်သော်လည်း ရှမ့်လန် အပေါ်တွင်လည်း စိတ်ကူးယဉ်မှု တချို့ ရှိကောင်းရှိနိုင်သည်။ သို့သော်ငြား ယခုအချိန်မှာတော့ ထိုစိတ်ကူးယဉ်မှုများကို စွန့်လွှတ်ရပေတော့မည်။
နေမင်းကြီးသည် နောက်ဆုံး၌ ဝင်သွားလေပြီ။
တပ်မှူးလန်ထူသည် ရှေ့တက်လာပြီး ပြောသည်။ “အရှင်မင်းသား... အချိန်ကျပါပြီ။ တပ်တွေကို စေလွှတ်လို့ ရပါပြီ။”
စည်းမျဉ်းအရ သူတို့၏တပ်များကို စေလွှတ်နိုင်ပြီ ဖြစ်သည်။ သတ်မှတ်ရက်မှာ နေဝင်ချိန် ဖြစ်သည်။ သို့သော်ငြား ရင်ဝူမင် လက်ကာပြလိုက်ပြီး ပြော၏။ “အလောမကြီးနဲ့။ မလောနဲ့အုံး။”
သတင်းမလာရန် သူ မျှော်လင့်သော်လည်း မည်သည့် သတင်းကိုမှ မလွတ်သွားစေလိုပေ။ သူ၏ တပ်တော် ချောင်ပြည်နယ်နယ်စပ်ကို ဖြတ်ကျော်လိုက်သည်နှင့် စစ်ပွဲ စတင်ပြီ ဖြစ်သည်။ ချောင်ဘုရင့်မြို့တော်ကို သိမ်းပိုက်ရမည်။ ချောင်ဘုရင်ကို သုတ်သင်ရမည်။ ပြိုင်ဘက်ကင်း ရတနာဓားတစ်လက် ကဲ့သို့ပင် ... ဓားအိမ်မှ ကျွတ်သည်နှင့် သွေးစွန်းရမည်။
ရင်ဝူချယ် ရှုံးနိုင်သည်။ သို့သော်ငြား ရင်ဝူမင် ... သူ မရှုံးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ ဖြစ်သည်။ ထို့အပြင် သူသည် သဘာဝလွန် အင်အားစုများ ညီလာခံတွင် စေတီတောင် ကို ကိုယ်စားပြုသည်။ သူ၏ အရှုံးမရှိသော မှတ်တမ်းကို ဖျက်ဆီး၍ မရပေ။
အတိုင်းအတာတစ်ခုအထိ ရင်ဝူမင်သည် ဖခင်ဖြစ်သူ ရင်ကွမ်းထက် ပိုအရေးကြီးသည်ဟု ခံစားရသည်။ ရင်ကွမ်းသည် ဤမျိုးဆက်တွင် ချန်နိုင်ငံသစ်၏ ဘုရင်သာ ဖြစ်နိုင်သည်။ ရင်ဝူမင်၏ မျိုးဆက်တွင်မူ သူသည် တော်ဝင်ချန်နိုင်ငံ၏ အရှင်သခင် သေချာပေါက် ဖြစ်လာလိမ့်မည်။ အရှေ့တိုင်းလောက၏ ထီးနန်းကိုပင် တိုက်ခိုက်ရကောင်း တိုက်ခိုက်ရနိုင်သည်။
‘ကျေးဇူးပြုပြီး ဘာသတင်းမှ မရောက်လာပါစေနဲ့။ ရှမ့်လန်ရဲ့ ဂုဏ်သတင်း ပျက်စီးသွားပါစေ။’
ရင်ဝူမင်သည် ဘယ်တုန်းကမှ ဆုမတောင်းခဲ့ဖူးသော်လည်း စိတ်ထဲတွင် အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ သို့သော်ငြား ရုတ်တရက် အနောက်မြောက်ဘက်မှ နှင်းလင်းယုန်စီး စစ်သည်ပျံသန်းလာသည်။ ရင်ဝူမင်၏ မျက်နှာကတုန်ခါသွားပြီး ဦးရေပြားတစ်ခုလုံး တင်းကျပ်သွား၏။
ထိုနှင်းလင်းယုန်စစ်သည် သည် ရင်ဝူမင်၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာသည်။ သူက ဦးညွှတ်ပြီး ပြောသည်။ “သခင်လေးကို သတင်းပို့ပါတယ်။ လွန်ခဲ့တဲ့ သုံးနာရီခွဲက နဂါးနောင်တတစ်ခု ကောင်းကင်က ကျဆင်းလာပြီး စေတီတောင်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်စွာ ကြားဖြတ်ဟန့်တား နိုင်ခဲ့လို့ ဘာပျက်စီးမှုမှ မဖြစ်ခဲ့ပါဘူး။”
ရင်ဝူမင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး နာကျင်စွာဖြင့် မျက်လုံးမှိတ်လိုက်မိသည်။ ဤသို့ ဖြစ်လာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ ဘာသတင်းမှ မလိုချင်သော်လည်း သတင်းက ရောက်လာခဲ့သည်။ ရှမ့်လန်သည် သူ၏ ကတိကို နောက်တစ်ကြိမ် တည်ခဲ့ပြန်၏။
ဘေးနားမှ အရာရှိတစ်ဦးက ရုတ်တရက် ပြောသည်။ “အရှင်မင်းသား... ဒီ နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး ကျုပ်တို့ကို ဘာမှ မထိခိုက်စေခဲ့ပါဘူး။ ဒါကြောင့် ရှမ့်လန်ရဲ့ ခြိမ်းခြောက်မှု ပျက်စီးသွားပါပြီ။ သူ့ရဲ့ ခြိမ်းခြောက်စကားတွေ ဖြစ်မလာခဲ့ပါဘူး။ ကျုပ်တို့ ချောင်ပြည်နယ်ကို ဆက် တိုက်ခိုက်ပြီး ချောင်ပြည်နယ်ကို ဖျက်ဆီးလို့ ရပါသေးတယ်။”
ရင်ဝူမင်သည် ထိုအရာရှိကို ကြည့်ပင် မကြည့်ပေ။ တုံးအသော လူများနှင့် စကားပြောရသည်မှာ အဓိပ္ပာယ်မရှိပေ။
ရှမ့်လန်၏ ပထမ ပစ်မှတ်က ဘာဖြစ်သနည်း။ သေချာပေါက် စေတီတောင် မဟုတ်ပေ။ ကျင်းကန်တောင်ရှိ မဟာမိတ်တပ်ဖွဲ့သာ ဖြစ်သည်။ နဂါးနောင်တသည် စေတီတောင် ဌာနချုပ်ကို တိုက်ခိုက်ခဲ့ပြီဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် နဂါးနောင်တ တစ်ခုထက်မက ပစ်လွှတ်နိုင်ကြောင်း သက်သေပြနေသည်။ အနည်းဆုံးတော့ ကျင်းကန်တောင်သို့ ကျဆင်းလာမည့် နဂါးနောင်တ နောက်ထပ် တစ်ခု ရှိနေသေး၏။
စေတီတောင် ဌာနချုပ်သည် နဂါးနောင်တကို ကြားဖြတ်ဟန့်တားနိုင်လျှင် ကျင်းကန်တောင်ရှိ တပ်စခန်း သည်လည်း ထိုနည်းအတိုင်း လုပ်ဆောင်နိုင်မည်လား။ မဖြစ်နိုင်ပေ။ သူတို့တွင် ရှေးဟောင်းကြားဖြတ် ဟန့်တားရေး ကိရိယာ သုံးခုသာ ရှိကြောင်း ရင်ဝူမင် ရှင်းလင်းစွာ သိထားသည်။
“တပ်တော် ... ဒီနေရာမှာပဲ ဆက်နေပြီး တောင်ဘက်က သတင်းကို စောင့်ပါ။”
“အမိန့်အတိုင်းပါ။”
.............
ထင်ထားသည့်အတိုင်း နာရီ ၃၀ ခန့် အကြာတွင် တောင်ဘက်မှ သတင်း ရောက်ရှိလာ၏။ “နဂါးနောင်တ တစ်ခု ကျင်းကန်တောင်မှာ ပေါက်ကွဲခဲ့ပါတယ်။ မဟာမိတ်တပ်ဖွဲ့ တစ်ဝက်ကျော် သေဆုံးခဲ့ပြီး မရေမတွက်နိုင်တဲ့ ရှေးဟောင်းကိရိယာတွေ ပျက်စီးသွားပါတယ်။ ချန်နိုင်ငံသစ်နဲ့ စေတီတောင်တို့ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ပါတယ်။”
သတင်းကြားကြားချင်းမှာပဲ ရင်ဝူမင်က တိတ်ဆိတ်သွားသည်။ သူ မျှော်လင့်ပြီးသား ဖြစ်သည်။
“အရှင်မင်းသား... အရှင်မင်းကြီး သွေးအန်ပါတယ်။” သတင်းပို့သူက တိုးညှင်းသော အသံဖြင့် လျှောက်တင်၏။
ဤသတင်းက ရင်ဝူမင်ကို တုန်လှုပ်သွားစေသည်။
“အဖေ သွေးအန်တယ် ဟုတ်လား။ ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဖြစ်ပေါ်လာခဲ့သော အကြောင်းအရာများက တုန်လှုပ်စရာ ကောင်းသော်လည်း သူ့ဖခင်၏ ခံနိုင်ရည် စွမ်းအားမှာ အလွန် မြင့်မားသည်။ မည်သို့ သွေးအန်နိုင်မည်နည်း။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ က အမှန်တကယ် တုန်လှုပ်စရာ ကောင်းသော သတင်း ဖြစ်ခဲ့သည်။ ကျန်းလီ ရုတ်တရက် ကွယ်လွန်သွားခြင်းပင်။ တော်ဝင်ချန်အင်ပါယာ ပျက်စီးလုနီးပါး ဖြစ်ခဲ့သလို ရင်မိသားစုလည်း ထိုနည်းလည်းကောင်းပင်။
သို့သော်ငြား ထိုအချိန်က ဖခင်ဖြစ်သူ ရင်ကွမ်းသည် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သည်။ ယခု ဤသတင်းဆိုးလေး တစ်ခုကြောင့် သွေးအန်ရသည်လား။ အဘယ့်ကြောင့်နည်း။
“အရှင်မင်းသား... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။” ဘေးနားမှ အရာရှိများနှင့် တပ်မှူးများက မေးလိုက်ကြသည်။
“ရှမ့်လန်က နောက်ထပ် နဂါးနောင်တ တစ်ခုကို တကယ်ပဲ ပစ်လွှတ်လိုက်တာလား။ တပ်တော်ကို ဒီအတိုင်း ဆက်ထားရင် အရမ်း အန္တရာယ်မများဘူးလား။ ဆုတ်ခွာဖို့ လိုမလား။”
ဤအချိန်တွင် ချန်နိုင်ငံသစ်မှ အရာရှိများနှင့် တပ်မှူးများသည် နဂါးနောင်တကို အလွန် မုန်းတီးနေကြ၏။ ဤလက်နက်သည် အစတည်းက မရှိသင့်သော အရာဖြစ်၏။
“ဒီမှာပဲ တပ်စွဲထားပြီး နိုင်ငံသုံးနိုင်ငံကို ဆက်လက် ခြိမ်းခြောက်ထားပါ။ အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထား။”
ရင်ဝူမင်က ပြောသည်။ “ပြီးတော့ တတိယမင်းသမီးကို တော်ဝင်ရန်မြို့တော်ဆီ စေလွှတ်ပြီး တော်ဝင်ရန် အိမ်ရှေ့စံနဲ့ တွေ့ခိုင်းပါ။ ဒီနဂါးနောင်တနှစ်ခုကို ပစ်လွှတ်တာ ရှမ့်လန် ဟုတ်၊ မဟုတ် စုံစမ်းခိုင်းပါ။”
“နားလည်ပါပြီ။”
.................
နုရှောင့်မြို့ရှိ ရှမ့်လန်သည်လည်း သတင်း ရရှိထားပြီး ဖြစ်သည်။ ပထမ နဂါးနောင်တသည် စေတီတောင် ဌာနချုပ်ကို တိုက်ခိုက်ခဲ့သော်လည်း လေထဲတွင် ကြားဖြတ်ဟန့်တားခံခဲ့ရသည်။ ဒုတိယ နဂါးနောင်တမှာမူ အောင်မြင်စွာ ပေါက်ကွဲခဲ့ပြီး ရင်ကွမ်းနှင့် စေတီတောင်မဟာမိတ်တပ်ဖွဲ့မှ မရေမတွက်နိုင်သော စစ်သည်များ ကို သုတ်သင်နိုင်ခဲ့၏။
ကောင်းကင်ပင်လယ်နန်းဆောင်သခင် ကျိုးရှိနှင့် ရင်ကွမ်းတို့သည် ချိန်ခွင်လျှာ ညီမျှသွားပြီ ဖြစ်သည်။ ရှမ့်လန်နှင့် စတင် တိုက်ခိုက်ချိန်မှစ၍ ကျိုးရှိသည် စစ်သည် ၁၀၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့အနက် သွေးဝိညာဉ် တပ်တော်သား ၅၀,၀၀၀ ပါဝင်သည်။
ရင်ကွမ်းနှင့် စေတီတောင်တို့သည်လည်း ထိခိုက်သေဆုံးသူ ၁၀၀,၀၀၀ ခန့် ရှိခဲ့သည်။ ထိုသူတို့အနက် ငရဲတပ်တော်သား ၆၀,၀၀၀ ကျော် ပါဝင်၏။
များပြားလွန်းသော အသေအပျောက်များကို ကြုံတွေ့ပြီးနောက် ကျိုးရှိသည် ဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။
စေတီတောင်နှင့် ရင်ကွမ်းတို့ကော...။ သူတို့နှစ်ဦး ဘာရွေးချယ်ကြမည်နည်း။ ရှမ့်လန်ကို ဆက်လက် တိုက်ခိုက်ကြမည်လား သို့မဟုတ် ဆုတ်ခွာကြမည်လား။
အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၏ အမိန့်ပြန်တမ်းတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ၁၂ လပိုင်း ၂၉ ရက်နေ့တွင် ကျင်းကန်တောင် အပြင်ဘက်ရှိ တပ်တော် ဆုတ်ခွာပေးရမည်။ သို့မဟုတ်ပါက အမြစ်ဖြတ် သုတ်သင်ခံရမည်။
လောလောဆယ်၌ တပ်တော်တစ်ဝက်ခန့်သည် ကျင်းကန်တောင်ကို ဆက်လက် ဝိုင်းရံထားဆဲ ဖြစ်သည်။
.......
“အရှင်... မင်းသားလျန်က နောက်တစ်ကြိမ် တွေ့ဆုံခွင့် တောင်းနေပါတယ်။” ကျန်းချွင်းဟွာက သတင်းလာပို့၏။
.......
“အရှင်ရှမ့်လန်... သတင်းရပြီးလောက်ပြီ မဟုတ်လား။” မင်းသားလျန်က ပြုံးလျက် ပြောသည်။
သူ၏အမူအရာ ပြောင်းလဲသွားပြီး မူလကကဲ့သို့ မာန်တက်သော အမူအရာ ပြန်ပေါ်လာသည်။ ရှင်းလင်းသည်မှာ နဂါးနောင်တနှစ်ခု အောင်မြင်စွာ ပေါက်ကွဲခြင်းက တော်ဝင်ရန်အင်ပါယာ၏ အင်အား ကြီးမားမှုကို သက်သေပြနေခြင်းပင်။
အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု။ မည်မျှကြောက်မက်ဖွယ်ရာကောင်းသည့် အသုံးအနှုန်း ဖြစ်သနည်း။
ရှမ့်လန်တွင် နဂါးနောင်တ ရှိသော်လည်း မိုင် ၅၀၀ အကွာအဝေးကိုသာ ပစ်ခတ်နိုင်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အဆင်ပြေသော်လည်း တိုက်ခိုက်ရေးလက်နက်အဖြစ် အသုံးပြုဖို့ဆိုသည်မှာ အိပ်မက် မက်နေခြင်းသာ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာကို ခြိမ်းခြောက်ရန် ဆိုသည်မှာ ဝေလာဝေးပင်။
ထို့အပြင် တော်ဝင်ရန်အင်ပါယာ၏ အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုသည် ရင်ကွမ်းနှင့် စေတီတောင်ကိုသာမက နုရှောင့်မြို့ကိုလည်း တိုက်ခိုက်နိုင်သည်။ စေတီတောင်နှင့် ချန်မြို့တော်တို့တွင် ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာများ ရှိကြသည်။
သို့သော်ငြား ရှမ့်လန်တွင် ရှိသည်လား။ ခြိမ်းခြောက်မှုကို စကားလုံးဖြင့် ဖော်ပြစရာ မလိုတော့ပေ။
ရှမ့်လန်သည် မင်းသားလျန်ကို လက်မထောင်ပြလိုက်ပြီး ပြော၏။ “တော်ဝင်ရန်အင်ပါယာက တကယ် အံ့မခန်းပဲ။ ကျုပ်... အံ့အားသင့်သွားတယ်။”
မင်းသားလျန်က ပြောသည်။ “ဒါပေါ့။ ဒါက အရှင်ရှမ့်လန်ရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ ခင်ဗျားက လောကကြီးက လူတွေရဲ့ လေးစားအားကျမှုနဲ့ ကိုးကွယ်မှုတွေကို စောင့်ဆိုင်းနေရုံပါပဲ။ ဝူ၊ ချောင်နဲ့ ရွှဲ့ပြည်နယ်တွေက ခင်ဗျားအပေါ် ပိုပြီး သစ္စာစောင့်သိလာကြလိမ့်မယ်။ ခင်ဗျားရဲ့ ရန်သူတွေကလည်း ခင်ဗျားရဲ့ ရက်ရက်ရောရော တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြလိမ့်မယ်။”
တော်ဝင်ရန်အင်ပါယာသည် ကောင်းမှုပြုပြီး အမည်မဖော်ဘဲ နေတတ်သူပင်။
“ဒါနဲ့ .... အရှင်ရှမ့်လန်... သေတ္တာသယ်လာတဲ့ ကျုပ်တို့လူတွေ ရောက်နေလောက်ပြီ။ အခု သွားကြမလား။” မင်းသားလျန်က ပြော၏။
“တွေ့ဆုံမယ့်နေရာက ဘယ်မှာလဲ။”
“နုရှောင့်မြို့နဲ့ မိုင် ၅၀ အကွာ ပင်လယ်ပြင်မှာပါ။ ခင်ဗျား အပြည့်အဝ ထိန်းချုပ်ထားတဲ့ နယ်မြေပေါ့။”
ယုံကြည်မှု မည်မျှရှိလိုက်သနည်း။ ဤသေတ္တာထဲမှ ပစ္စည်းသည် အလွန် တန်ဖိုးရှိပေလိမ့်မည်။ သို့သော်ငြား တစ်ဖက်လူက ရှမ့်လန်၏ နယ်မြေထဲသို့ ယူဆောင်လာသည်။ အလုခံရမည်ကို မကြောက်ပေ။ တော်ဝင်ရန် အင်ပါယာသည် ဤမျှ အံ့မခန်း အားကောင်းသည်။
ရှမ့်လန် လုယူနိုင်သလား။ သေချာပေါက် မလုယူနိုင်ပေ။ တော်ဝင်ရန်အင်ပါယာသည် အထူး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုနှစ်ခု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ရင်ကွမ်းနှင့် စေတီတောင်ကို ခြိမ်းခြောက်ရုံ သာမက ရှမ့်လန်ကို ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်၏။
“ကောင်းပြီ။ အခု သွားကြစို့...”
..................