ပထမဆုံး အကြိမ် အချစ်နိုးထခြင်း
Vol. 001 Ch. 32
ရီမိသားစုဝင်များ အားလုံး စားကောင်း သောက်ဖွယ်များ တည်ခင်းကာ နှစ်သစ်ကူးညအား အတူဖြတ်ကျော် နေကြသည်။ ဖန်းရူဟိုင်၏ မိသားစုမှာလည်း သူတို့ထံ အလည်လာသည်ကို တွေ့ရ၏။ သူတို့မိသားစုနှစ်စုမှာ ဆယ်စုနှစ်တစ်ခုကြာ ရင်းနှီးခင်မင် လာကြသော်လည်း ယနေ့ကား ပထမဆုံးအကြိမ် နှစ်သစ်ကူးညတွင် အလည်လာခြင်း ဖြစ်သည်။
"အန်ကယ်ဖန်း..." ရီဖူရှင်းက ဖန်းရူဟိုင်အား နှုတ်ဆက်လိုက်သည်။ ထို့နောက် ရီရှာကျင်းနှင့် ရီမိုတို့၏အကြားတွင် ထိုင်လိုက်သည်။
"ဒီညပြီးရင် မင်းက အသက်ဆယ့်ခြောက်နှစ်ကို တရားဝင် ပြည့်တော့မယ်... ရီဖူရှင်း... မင်းက ပိုပြီး ချောမော ခန့်ညားလာတယ်...” ဖန်းရူဟိုင်က ပြောလိုက်သည်။ ဆက်တိုက် သိုင်းများ ကျင့်ကြံ နေသောကြောင့်ပင်လော... ရီဖူရှင်းကား ပို၍ပင် ဆွဲဆောင်အား ကောင်းလာပုံရသည်။ သူကား ပိန်ပါးသော်လည်း ကြံ့ခိုင်ကာ ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသော လူငယ်ဖြစ်လာ၏။
ဖန်းရှင်းဇွီက အဝေးမှ ရီဖူရှင်းအား ခိုးကြည့်နေသည်။ သူမကား လွန်ခဲ့သော တစ်လခန့်မှ ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအား မမေ့နိုင်သေးပေ။ ထိုလူငယ်ကား အခြား လှပသော မိန်းမပျို တစ်ယောက်နှင့်အတူ နှင်းမြေပြင်ပေါ်တွင် အတူရပ်ကာ ကျောင်းတော်၏ အခွင့် အာဏာအား အတူရင်ဆိုင်ခဲ့ကြသည်။ ရီဖူရှင်းကား သူမကို အမြဲလိုပင် ကျီစယ်ခဲ့သောသူဖြစ်သည်။ သည်ကောင်လေးမှာ သူမ၏အနားတွင် အမြဲရှိနေလိမ့်မည်ဟု သူမ ယုံကြည်ခဲ့ဖူးသည်။ ယခုကား သူတို့နှစ်ယောက်အကြား တားဆီးထားသော အရာများ ရှိနေလေပြီ။
အကယ်၍ သူမက ရီဖူရှင်းအား လူပုံအလယ်တွင် ထိုသို့ ဆိုးရွားစွာ မဆက်ဆံခဲ့လျှင်....။
"ဒီကောင်လေးက ငါ့ရဲ့ ရုပ်ရည် သုံးဆယ်ရာနှုန်းလောက်ကိုပဲ အမွေရထားတာ...” ရီဘေချွန်က ပြောလိုက်သည်... “ဒါပေမဲ့ ဖန်းရှင်းဇွီက ပိုပြီး လှလာတယ်... သူမက မင်းရဲ့သွေးသားလို့ ပြောရအောင် လှပချောမောလွန်းတယ်...” ရီဘေချွန်က ရယ်မောလိုက်သည်။ ဖန်းရူဟိုင်ကား ဘာပြောရမည်မှန်း မသိတော့ပေ။ ထို့ကြောင့် သူက ရီလေချွန်ကား စိုက်ကြည့် နေလိုက်သည်။
"ကြွားနေတာတွေ ရပ်လိုက်တော့... ဒီကလေးတွေက ဘာလို့ မစေ့စပ်ရသေးတာလဲ...” ရီဖူရှင်း၏အဒေါ် ရီရွန်က ပြုံးလျက် သူတို့ ပြောနေသည်ကို ဖြတ်မေးလိုက်သည်။
ရီဖူရှင်းကား ထိုစကားအား ကြားကာ ထိတ်လန့်သွားသလို ဖန်းရှင်းဇွီ၏ မျက်လုံးတွင်လည်း အရိပ်တချို့ ဖြတ်ပြေးသွားသည်။ သူမက ခေါင်းငုံ့လိုက်ပြီး သူမအား ကြည့်လာကြသော အကြည့်များအား ရှောင်ဖယ်လိုက်သည်။
ဖန်းရူဟိုင်က ရီဖူရှင်းအား ကြည့်လိုက်သည်။ ရီရွန်က ဆက်ပြောလိုက်သည်... “အစ်ကိုဖန်း... သူ့ကို ဘာလို့ ကြည့်နေတာလဲ... ရှင်းဇွီက စေ့စပ်တာကို ခေါင်းညိတ်လိုက်ရင် သူတစ်ညလုံး ပျော်လို့ ရယ်နေမယ်ဆိုတာ သေချာတယ်...”
"ဟုတ်တယ်... ဟုတ်တယ်... ရီဖူရှင်းက လှတဲ့မိန်းကလေးတွေကို ကြိုက်တယ်...” ရီရှာကျင်းက သူမ၏အမေအား ထောက်ခံလိုက်သည်။
"ကြည့်ရတာ မင်းတကယ် ကံကောင်းနေတာပဲ အစ်ကို...” ရီမိုက ရီဖူရှင်းအား တိုးတိုးလေး ပြောလိုက်သည်။ သို့သော် မည်သူတစ်ဦး တစ်ယောက်ကမှ သူ၏ထင်မြင်ချက်အား မမေးကြသည့်အတွက် ရီဖူရှင်း ကသိကအောက် ခံစားနေရသည်။
"ရှင်းဇွီ... သမီး... ဘာပြောမလဲ...” ရီရွန်က ဖန်းရှင်းဇွီအား ကြည့်လျက် မေးလိုက်သည်။ လူတိုင်းက ဝိုင်းကြည့်နေသည့် အတွက် ဖန်းရှင်းဇွီ၏မျက်နှာ နီရဲသွားသည်။ သူမက ရီဖူရှင်းအား တစ်ချက် ခိုးကြည့်လိုက်သည်။ ထို့နောက် တခြား မိန်းကလေးတစ်ယောက်က ရီဖူရှင်းအတွက် ရပ်တည်ပေးခဲ့သည်ကို သတိရမိသည်။ သူမက စိတ်ပျက်သလို ခံစားရကာ ခေါင်းခါလျက် ပြောလိုက်သည်... “အန်တီရီ ... သမီးက သူနဲ့ မထိုက်တန်ပါဘူး...”
သူမက ငြင်းလိုက်သည်။
ရီရွန်ကား အနည်းငယ် ရှက်ရွံ့သွားသည်။ သူမက ပြုံးလျက် ပြောလိုက်သည်... “ဒါက အဆင်ပြေပါတယ်... မင်းတို့က ငယ်သေးတယ်... မင်းတို့ရဲ့ ဆက်ဆံရေး ပိုကောင်းလာဖို့ အချိန်လိုသေးတာပေါ့...”
"ဟမ်...ဒါက တကယ် မဖြစ်နိုင်ပါဘူး...” ရီရှာကျင်းက သူမ၏ဝမ်းကွဲအစ်ကိုအား အားပေးရန် ကြိုးစားလိုက်သည်။ သို့သော် ဘာပြောရမည်မှန်း မသိပေ။
"ဒါက အရမ်းဆိုးတာပဲ အစ်ကို...” ရီမိုကလည်း သူ၏ဝမ်းကွဲအစ်ကိုအား တိုးတိုးလေး ပြောလိုက်သည်။
"ရီဖူရှင်း... မင်း ဒီထက် ပိုကြိုးစားဖို့လိုတယ်... တစ်န့တော့ သူမက မင်းကို လက်ခံလာလိမ့်မယ်...” ရီဖူရှင်း၏ဦးလေးဖြစ်သူ ရီဒွန်လူက ပြောလိုက်သည်။ သူတို့အားလုံးက ရီဖူရှင်းမှာ ဖန်းရှင်းဇွီ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်ဟု တွေးလိုက်ကြသည်။ ရီဖူရှင်းကား တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တွင်ကား သူတို့တွေ မည်သို့ တွေးနေသည်ကို သူလုံးဝ ဂရုမစိုက်ပေ။
မကြာမီ ရီစံအိမ်အား တစ်စုံတစ်ယောက် ရောက်လာသည်။ တံခါးဝမှ အစောင့်က အိမ်ထဲသို့လာပြီး သတင်းပို့လိုက်သည်... “သခင်လေးရီကို လူတစ်ယောက် လာရှာပါတယ်...”
"ငါ့ဆီကို...” ရီဖူရှင်းကား မည်သူမှန်း မသိပေ။
"သွားကြည့်လိုက်...” ရီဘေချွန်က ပြောလိုက်သည်။
"အင်း...” ရီဖူရှင်းက ခေါင်းညိတ်လျက် အစောင့်၏နောက်သို့ လိုက်ပါသွားသည်။
သူ ထွက်သွားပြီးသည်နှင့် ရီရွန်က ဖန်းရှင်းဇွီနှင့် ပြန်လည် စကား စမည်ပြောရန် ကြိုးစားလိုက်သည်... “ရှင်းဇွီ... မင်းတို့တွေ ငယ်ငယ်လေးထဲက အတူတူ ကြီးပြင်းလာကြတာ... သူ့ကိုယ်သူ သက်သေပြနိုင်အောင် အချိန် နည်းနည်းလောက် ပေးကြည့်ပါလား...”
ဖန်းရှင်းဇွီကား ပို၍ပင် ရှက်ရွံ့သလို ခံစားလာနေရသည်။ ထို့အပြင် သူမက အိမ်အပြင်ဘက်တွင် မည်သူက လာရောက် တွေ့ဆုံသည်ကိုလည်း သိချင်နေသည်။
ထိုအချိန်တွင် ရီဖူရှင်းက အိမ်အပြင်သို့ လှမ်းထွက်လိုက်သည်။ သူက တံခါးဝနားတွင် တိတ်ဆိတ်စွာ စောင့်နေသော လှပသော ပုံသဏ္ဌာန်တစ်ခုအား ချက်ချင်း မှတ်မိလိုက်သည်။ သူကား အလွန် အံ့အားသင့်သွားကာ သူ၏မျက်နှာတွင် အလွန်တောက်ပသော အပြုံးတစ်ပွင့် ပေါ်လာ၏... “ဝိုး... မင်းက ငါ့ကို လွမ်းနေပြီပေါ့...”
ဟွာဂျီယူက သူ့အား တစ်ချက် လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်...” အဖေက ဒီည မြို့ထဲမှာ အရမ်းလှပ အသက်ဝင်တယ်လို့ ပြောတယ်... ဒါကြောင့် တစ်ခါလောက် လျှောက်ကြည့်မယ်လို့ တွေးလိုက်တာ... ငါက ဒီအိမ်က ရီအိမ်တော်လို့ ရေးထားတာ သတိထားမိတာနဲ့ နင့်ရဲ့အိမ်လားလို့ မေးကြည့်တာ... ငါထင်တာ မှန်နေတာပဲ...”
"ဝိုး... ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ...” သူက စိတ်ထဲမှ ရယ်ချင်နေသည်ကို အတင်းချိုးနှိမ်ကာ သူမ၏အလိုကျ ပြောပေးလိုက်သည်။ အတွင်းစိတ်ထဲတွင်ကား ထိုမမျှော်လင့်သော အလည်လာခြင်းက သူ့အား အလွန် အံ့သြစေသည်။
"ငါက မင်းနဲ့အတူ လမ်းလျှောက်လို့ရမလား...” ရီဖူရှင်းက မေးလိုက်သည်။
"ငါက နင့်ရဲ့ အိမ်အပြင်ဘက်မှာလေ... ဘာလို့ ငါ့ကို အိမ်ထဲ ဖိတ်ခေါ်ပြီး မဧည့်ခံတာလဲ...” ချစ်စဖွယ်အမူအရာနှင့် ဟွာဂျီယူက ထိုသို့ မေးလိုက်လျှင် ရီဖူရှင်း၏ နှလုံးသားမှာ အရည်ပျော်သွားသည်ဟုပင် ထင်ရသည်။
"အာ...” ရီဖူရှင်းကား ထိုအဆိုအား အံ့အားသင့်သွားသည်။ နှစ်သစ်ကူးနေ့တွင် မိန်းကလေး တစ်ဦးအား အိမ်ခေါ်ခြင်းသည် စေ့စပ်ရန်အတွက် မိဘများနှင့် တွေ့ဆုံခြင်းနှင့် တူလှသည်။
"နင်က ဆန္ဒမရှိဘူးပေါ့...” ဟွာဂျီယူက ထိုကောင်လေး၏ ရှက်ရွံ့မှုအား ခံစားမိကာ ပြုံးလျက် မေးလိုက်သည်။
"မခေါ်ဘူးလို့ ငါက ဘယ်လိုပြောနိုင်မှာလဲ... မင်းက အရုပ်ဆိုးနေရင်တောင် မင်းကို ငါ့မိသားစုဆီကို ခေါ်သွားဖို့ ဆန္ဒရှိတယ်...” ရီဖူရှင်းက ကျီစယ်လိုက်သည်။ ဟွာဂျီယူက ထိုဟာသအား အနည်းငယ် စိတ်ဆိုးသွားသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
သူမက ရီဖူရှင်းအား ပြုံးလျက် သူမ၏စွမ်းအင်များအား စုစည်းလိုက်ပြီး ပြောလိုက်သည်... “အရုပ်ဆိုးတယ်... ဟုတ်လား...”
"လူကြီးလူကောင်းတွေက ဘယ်တော့မှ မတိုက်ခိုက်ဘူး...” ရီဖူရှင်းက သူမ၏အကြည့်မှ ခြိမ်းခြောက်မှုအား ခံစားရလိုက်သည်နှင့် သူက နောက်လှည့်လျက် ပြေးတော့သည်။
"ငါအရုပ်ဆိုးလား... ပြောစမ်း...” ဟွာဂျီယူက ရယ်မောလျက် သူ၏နောက်မှ ပြေးလိုက်သွား၏။
"ကောင်းပြီ... ဒါဆို ငါ့ရဲ့လှပတဲ့ ဇနီးလေးလို့ ခေါ်မယ်ဆိုရင်ရော...” ရီဖူရှင်းက ပြန်ပြောလိုက်သည်။
"ရီ...ဖူ...ရှင်း...”
သူတို့နှစ်ယောက် အပြန်အလှန် စနောက်ကာ ပြေးထွက်သွားကြသည်။
အစောင့်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်က လေးစား အထင်ကြီးမှုအား ထိန်းမရတော့ပဲ ပြောလိုက်သည်... “ဘုရားရေ... သူက မိန်းကလေးတွေနဲ့ အရမ်း ကံကောင်းတာပဲ...”
"အရမ်းကံကောင်းတယ်...” နောက်တစ်ယောက်က သဘောတူဟန်ဖြင့် ပြောလိုက်သည်။
ထို နတ်သမီးကဲ့သို့ လှပသော မိန်းကလေးက သူတို့သခင်လေးရီ၏ မိဘများအား တွေ့ရန် ယခုပင် ပြောခဲ့သည်။ ထို အရှက်မဲ့သော ပုံစံမှာလည်း ထိုနတ်သမီးကဲ့သို့ လှပသော မိန်းကလေးအား ဆွဲဆောင်နိုင်သည်ကို တွေ့ရကာ အံ့သြတကြီး ဖြစ်ကြရလေသည်။
ဟွာဂျီယူနှင့် ရီဖူရှင်းတို့က မိတ်ဆုံစားပွဲသို့ အတူတူ လမ်းလျှောက် လာနေကြသည်။ ဟွာဂျီယူက မေးလိုက်သည်... “နင်တို့ မိသားစုတွေအားလုံးက နှစ်သစ်ကူးအတွက် ဒီမှာ ဆုံကြတာလား...”
"ဟုတ်တယ်... ဒါငါတို့ ရိုးရာပဲ...” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ မကြာခင် သူတို့က စားပွဲနားသို့ ရောက်လာသည်။ အခန်းထဲမှ လူအတော်များများမှာ ရီဖူရှင်းက ဤကဲ့သို့သော အချိန်တွင် လှပချောမွေ့သော မိန်းကလေးတစ်ဦးအား ခေါ်လာသည်ကို အံ့အားသင့်သွားကြသည်။
"ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းကလေးလဲ...” ရီမိုကား သူ၏ဝမ်းကွဲအစ်ကိုအား အလွန် အထင်ကြီး လေးစားသွားသည်။
ရီရွန်၏မျက်လုံးများ ဝိုင်းစက်သွားသည်။ သူမက ဟွာဂျီယူအား ကြည့်လိုက်သည်။ ထို့နောက် ဖန်းရှင်းဇွီအား ကြည့်လိုက်သည်။ အသစ်ရောက်လာသော မိန်းကလေးမှာ ပို၍ လှပသည်ကို သူမက ဝန်ခံရမည် ဖြစ်သည်။
ဖန်းရှင်းဇွီကား ယခုကဲ့သို့ အလွန် အဓိပ္ပာယ်ပါသော။ အရေးပါသော အချိန်အခါတွင် ဟွာဂျီယူ ရောက်ရှိလာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူမကား အလွန် စိတ်ပျက်သွားကာ ခေါင်းငုံ့လိုက်သည်။ ထို့နောက် အင်္ကျီစအား ဆုပ်ကိုင်ကာ အားငယ်သလို ခံစားနေရသည်။
"ဖူရှင်း မိန်းကလေးနဲ့ မိတ်ဆက်ပေးဦးလေ...” ရီရွန်က ပြောလိုက်သည်။
"ဒါက ဟွာဂျီယူ...ပါ...” ရီဖူရှင်းက စတင် မိတ်ဆက်လိုက်သည်... “သူမက ကျွန်တော့်ရဲ့... အာ... ကျွန်တော့် ဆရာရဲ့ သမီး...”
"ဆရာရဲ့ သမီး..."
လူတိုင်းက ပြုံးမိကြကာ သူတို့၏ မျက်လုံးများတွင် တစ်စုံတစ်ခုအား နားလည်သွားကြောင်း ပြနေသည်။ ဟွာဂျီယူလည်း အသားအရေများ ပူနွေးလာသလို ဖြစ်ကာ စိတ်များပင် လှုပ်ရှားလာသော်လည်း ထိုခံစားချက်အား ငြင်းပယ်ရန် မကြိုးစားတော့ပေ။ သူမကား ပို၍ပင် ပျော်ရွှင်မိသည်။
"မင်းတို့က ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ... လာ... ထိုင်ကြ...” ရီဘေချွန်က မကြာခင်ပင် ထိုမိန်းကလေးအား မည်သူဖြစ်သည်ကို မှတ်မိသွားသည်။ ရာသီကုန်စာမေးပွဲ ပြီးကတည်းက သူ၏သားနှင့် ထိုမိန်းကလေးမှာ တစ်ခုခု ပတ်သက်နေပြီ ဖြစ်ကြောင်း ခံစားမိသည်။ သို့သော်လည်း သူ၏သားမှာ ဤမျှ အချိန်တိုအတွင်းမှာ သူမအား အိမ်သို့ အောင်အောင်မြင်မြင် ခေါ်ယူလာနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ရီမိုက ရီဖူရှင်း၏ဘေးတွင် ဟွာဂျီယူ ထိုင်လို့ရအောင် သူ၏နေရာမှ ထပေးလိုက်သည်။ မိတ်ဆက်ပေးပြီးနောက် ဟွာဂျီယူက ချိုသာသော အမူအရာဖြင့် ရီမိသားစုဝင်များအား တစ်ယောက်ပြီး တစ်ယောက် လိုက်လံနှုတ်ဆက်၏။
ရီဖူရှင်းကား အံ့သားသင့်ရသည်။ သူမကား သူ့ကို သည်မျှ ကောင်းကောင်းမွန်မွန် မည်သည့် အချိန်ကမှ မဆက်ဆံဖူးပေ။
"ဟေး... ရီဖူရှင်း... သူမ ဒီကိုလာဖို့ ဘယ်လို လိမ်လိုက်တာလဲ...” ရီရှာကျင်းက သူမ၏အစ်ကိုအား မေးလိုက်သည်။
"ငါ့ရဲ့ အရမ်း ကြည့်ကောင်းတဲ့ ရုပ်ရည်ပေါ့...” ရီဖူရှင်းက သူမအား ပြုံးလျက် ပြန်ပြောလိုက်သည်။ ရီရှာကျင်းက နှာခေါင်းရှုံ့လိုက်သည်။ သူက မည်မျှပင် ရုပ်ချောမော နေပါစေ သူ၏ဘေးမှ မိန်းကလေးနှင့်ကား လုံးဝ မလိုက်ဖက်ပေ။ ရီရှာကျင်းကား ဟွာဂျီယူကဲ့သို့ လှပသော မိန်းကလေးမျိုး ရှိလိမ့်မည်ဟု မည်သည့်အခါကမှ မထင်မိခဲ့ပေ။ သူမကား နတ်သမီးတစ်ပါးနှင့် နှိုင်းယှဉ်လျှင်ပင် လွန်မည်ဟု သူမ မထင်ပေ။
နေရာတွင် ထိုင်ပြီးနောက် ဟွာဂျီယူကား ထူးထူးခြားခြား ဘာမှ မရှိဘဲ တိတ်ဆိတ်စွာပင် ထိုင်နေသည်။ သို့သော်လည်း သူမ ရောက်လာပြီးမှ အခြေအနေကား လုံးဝ ပြောင်းလဲသွား၏။ မကြာမီ ဖန်းရှင်းဇွီက သူမ၏အဖေအား အသာအယာ ပြောလိုက်သည်...” အဖေ... သမီးဝပြီ... အိမ်ပြန်ရအောင်...”
"ကောင်းပြီ...” ဖန်းရူဟိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖန်းမိသားစုမှာ နှုတ်ဆက်ကာ ထွက်သွားကြသည်။ ဖန်းရှင်းဇွီ၏ မျက်လုံးများက ထိုကောင်လေးနှင့် ကောင်မလေးတို့နှင့် မဆုံမိအောင် ရှောင်ဖယ်နေသည်ကို ရီရွန် သတိထားမိသည်။ ထို့ကြောင့် ဖန်းရှင်းဇွီက စေ့စပ်ရန် အဆိုကို အဘယ်ကြောင့် ငြင်းပယ်ရသည်ကို သူမက ရိပ်မိလိုက်သည်။
"အဖေ... အမေ... ဂျီယူကို မြို့ထဲ လိုက်ပြလိုက်ဦးမယ်...” ရီဖူရှင်းက ပြောလိုက်သည်။
"ဒါပေါ့... သွားကြ... သွားကြ... သူမကို ဂရုစိုက်လိုက်...” ရီဘေချွန်က ပြန်ပြောလိုက်သည်။
"အင်း..." ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် အိမ်မှ အတူတူ ထွက်လာကြသည်။
အရောင်စုံ မီးအလှ ကစားခြင်းများ။ သာယာသော ရှုခင်းများ။ ပျော်ပွဲရွှင်ပွဲများမှာ မြို့အနှံ့တွေ့ရသည်။ လှပသာယာသော နေရာများထဲတွင် ချင်းကျူ ရေကန်ကား အလှဆုံးနေရာထဲမှ တစ်ခုဖြစ်သည်။ မိသားစုများ။ အတွဲများမှာ ကန်ထဲတွင် ဖောင်ငယ်ကိုယ်စီဖြင့် လှပသော ညချမ်း အချိန်အခါတွင် သာယာသော ပတ်ဝန်းကျင် အလှအပများအား ပျော်ရွှင်စွာ ခံစားနေကြသည်။ ကမ်းခြေမှ စားသောက်ဆိုင်များမှာလည်း လူများ ပြည့်ကျပ်နေကြသည်။ သူတို့အားလုံးမှာ လှပသော မြင်ကွင်းများအား စားသောက်လျက် ကြည့်ရှုနေကြ၏။
"ဒီမှာ အရမ်းလှတာပဲ...” ဟွာဂျီယူနှင့် ရီဖူရှင်းတို့က ချင်းကျူ ရေကန်သို့ ရောက်လာကြသည်။ ထိုပတ်ဝန်းကျင်အား လျှောက်ကြည့်ပြီးနောက် သူမ၏လှပသော မျက်ဝန်းများတွင် ပျော်ရွှင်မှုကြောင့် တလက်လက်တောက်ပနေသည်။
"ဒါတွေက မင်းလောက် မလှသေးပါဘူး...” ရီဖူရှင်းက ပြောလိုက်သည်။ ဟွာဂျီယူက အလိုမကျဟန်ဖြင့် တစ်ချက် ပြန်ကြည့်လိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်ကား ထိုသို့ မြှောက်လိုက်သည်ကို အလွန် သဘောကျနေသည်။ သည်ကဲ့သို့သော ထူးခြားသော ပျော်ရွှင်မှုမျိုး တစ်ခါမှ မခံစားဖူးပေ။
ဤအရာမှာကား သိသာစွာပင် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အချစ်ကို ပထမဦးဆုံး နိုးထခြင်း ဖြစ်ပေလိမ့်မည်။
ဟွာဂျီယူကား ထိုနေရာအနှံ့ လမ်းလျှောက်နေသည်။ ထိုနေရာတွင် ဖျော်ဖြေမှု အများအပြားအားလည်း တွေ့ရသည်။ မီးပုံးပျံများ။ မျက်လှည့်များ။ မီးကွင်းကစားခြင်းများ... စသည်များအား အများအပြား တွေ့ရသည်။ သူမ၏မျက်နှာပေါ်မှ ချစ်စရာကောင်းသော အပြုံးကြောင့် ထိုရက်ပိုင်းအတွင်း သူခံစားခဲ့ရသော စိတ်ဓာတ်ကျခြင်းများ။ သတိရခြင်းများမှာ အားလုံး အရည်ပျော်သွားပြီ ဖြစ်သည်။ သူမနှင့် အတူမရှိနိုင်လျှင် သူကား လုံးဝ စိတ်မအေးနိုင်သည်ကို နောက်ဆုံးတွင် သူသိလိုက်ပြီဖြစ်၏။ သူတို့ကား သုံးလကာလမျှသော အချိန်လောက်သာ အတူတူ ရှိခဲ့ကြသော်လည်း သူတို့ မသိလိုက်မီတွင်ပင် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်များ တွယ်ငြိနေကြပြီ ဖြစ်သည်။
ကမ်းစပ်တွင် လျှောက်လည်သူ အများအပြားက ရေထဲသို့ မီးပုံးငယ်လေးများ လွှတ်နေသည်ကို သူမ မြင်ရသည်။ သူမက တစ်ခုဝယ်လိုက်သည်။ ထို့နောက် မီးအိမ်ငယ်အား ရေထဲသို့ ချကာ မျက်လုံးအား မှိတ်လျက် ဆုတောင်းလိုက်သည်။
"ပြီးပြီ...” သူမက မျက်လုံးများအား ဖွင့်လျက် ရီဖူရှင်းကို ပြောလိုက်သည်။
"နင့်ဆုတောင်းက ဘာလဲ...” ရီဖူရှင်းက မေးလိုက်သည်။
"ငါနင့်ကို မပြောဘူး...” ဟွာဂျီယူက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် သူမက ကောင်းကင်အား မော်ကြည့်လိုက်သည်။ ကောင်းကင်တွင်ကား ရောင်စုံ မီးရှူးမီးပန်းများကြောင့် အလွန်လှပနေသည်။ သူမက အသာအယာ ရေရွတ်လိုက်သည်... “ငါတို့ တစ်ခုခု တော်စပ်နေပြီလား...”
"အာ...” ရီဖူရှင်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုသို့ မေးလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူက မျက်လုံးပြူးလျက် မေးလိုက်သည်... “ဘယ်လို တော်စပ်မှုလဲ...”
ဟွာဂျီယူက ရီဖူရှင်းအစား ကောင်းကင်အား ကြည့်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ရီဖူရှင်းက နူးညံ့သော လက်တစ်ဖက်က သူ၏လက်မောင်းအား လာရောက် ထိတွေ့သည်ကို ခံစားလိုက်ရသည်။
ရီဖူရှင်းကလည်း ထိုလက်အား သွားရောက် ဆုပ်ကိုင်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထိုလက်ကလေး၏ နူးညံ့မှုအား ခံစားရင်း ရီဖူရှင်းက တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
ဟွာဂျီယူက ရှက်ရွံ့စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်... “ဒီလို ပတ်သက်မှုမျိုး...”
ရီဖူရှင်းက မျက်လုံးများအား ပိတ်ထားလိုက်သည်။ ထို့နောက် ပြန်ဖွင့်လိုက်သည်။ သူတို့က ထိုမီးအလှများအား တခြား အတွဲများကဲ့သို့ပင် လက်များအား ဆုပ်ကိုင်လျက် အတူတူ ခံစားကြသည်။
မြေခွေးမမှာ သည်မျှ ချစ်စရာ ကောင်းသည်ကို ရီဖူရှင်းက ပထမဦးဆုံးအကြိမ် သိရှိ နားလည်လိုက်သည်။
ထိုအရာကား အချိန်များအားလုံး ရပ်တန့်သွားသလို...။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက် သွားသကဲ့သို့...။ သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြတော့ပေ။ သို့သော်လည်း ဟွာဂျီယူ၏ အပြုံးမှာ ထိုကောင်းကင်မှ မီးရှူးမီးပန်းများထက် တောက်ပလိမ့်မည်ဟု ရီဖူရှင်း ယုံကြည်သည်။
***