ဆက် ရွေးခြင်း
Vol. 32 Ch. 346
ထန်ထျန်းက အဆင့်တက်ခြင်း အားလုံးကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် လက်ထဲရှိ ကျင့်စဉ်အလင်းလုံးကို သိမ်းဆည်းလိုက်သည့်တိုင်အောင် အပြင်ဘက်ရှိ လူအားလုံးမှာ သတိမဝင်လာကြသေးပေ။
သူတို့မှာ သူတို့မျက်စိရှေ့၌ မြင်တွေ့လိုက်ရသည့် အရာကို အမှန်တကယ်ပင် မယုံကြည်နိုင် ဖြစ်နေကြရ၏။
ဒါက ဘာကြီးလဲ။
လက်ဖက်ရည် သောက်ချိန် တစ်ဝက်စာအတွင်းမှာတင် အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် တစ်ခုကို အသေးစား အောင်မြင်မှု အဆင့်အထိ နားလည်သွားတာလား။
ဤကဲ့သို့သော ကိစ္စမျိုးကို အခြားသူများကို သွားပြောလျှင် လူများက သင့်ကို စိတ်ကူးယဉ် ရောဂါသည်ဟုသာ သတ်မှတ်ကြလိမ့်မည်။ အကြောင်းမှာ ၎င်းက ယုတ္တိမတန်လောက်အောင်ပင် အံ့ဖွယ် ဖြစ်နေသောကြောင့်ပင်။
ဒါကို သေမျိုး နယ်ပယ်က ကလေးကစားစရာ ကျင့်စဉ်များဟု ထင်နေသလား။
ရှေးယခင်မှ ယခုတိုင် မှတ်တမ်းအားလုံးကို ပြန်ကြည့်လျှင်ပင် ထန်ထျန်းကဲ့သို့ အခြေအနေမျိုးကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
သူနှင့် နီးစပ်သည့်သူကိုပင် ရှာတွေ့ရန် ခက်ခဲလှသည်။
"ဒါက မဖြစ်နိုင်ဘူး"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သံမှာ သိသိသာသာ ထိတ်လန့်တုန်လှုပ်မှုများ ပါဝင်နေသည်။
"ဘယ်သူမှ ဒီလိုမျိုး မလုပ်နိုင်ဘူး၊ ဘယ်လောက်ပဲ ပါရမီရှိတဲ့သူ ဖြစ်ဖြစ် မလုပ်နိုင်ဘူး"
"အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်က မူလကတည်းက အရမ်းရှုပ်ထွေးတာ။ အဲဒီလောက် အချိန်လေးအတွင်းမှာ နားလည်ဖို့ နေနေသာသာ တစ်ခေါက်တောင် ကုန်အောင် ဖတ်လို့ရမှာ မဟုတ်ဘူး"
"သေချာပေါက် တခြား အကြောင်းရင်း တစ်ခုခု ရှိရမယ်"
သူက မျက်စိရှေ့မှ ဖြစ်ရပ်ကို မည်သို့မျှ မယုံကြည်နိုင်ပေ။
အခြားသူများလည်း သူ့ကို လှည့်ကြည့်လိုက်မိကြသည်။
ဟုတ်ပါသည်၊ အံ့ဖွယ်ဖြစ်သည်ဆိုလျှင်ပင် ဤမျှအထိ ချဲ့ကားလွန်းခြင်း မရှိသင့်ပေ။
သို့သော် ဉာဏ်အလင်းပွင့် စင်မြင့်၏ လှုပ်ရှားမှုမှာ အတုအယောင် မဟုတ်ပေ။ လှိုင်းတွန့်များ ရှိနေသည်ဆိုကတည်းက ထန်ထျန်းမှာ ကျင့်စဉ်ကို အသေးစား အောင်မြင်မှု အဆင့်အထိ အမှန်တကယ် နားလည်သွားခြင်းပင်။
ဒါမှမဟုတ်...
"ဒီကျင့်စဉ်ကို ထန်ထျန်းက ကြို ကျင့်ကြံထားဖူးတာ ဖြစ်မယ်"
"လုံးဝ တူချင်မှ တူမယ်၊ ဒါပေမဲ့ သေချာပေါက် အရမ်းဆင်တူနေလို့သာ ဒီလောက် အချိန်တိုအတွင်းမှာ အသေးစား အောင်မြင်မှု အဆင့်ကို ရောက်သွားတာ ဖြစ်ရမယ်"
"ငါ့အမြင်မှာတော့ ဒါကပဲ တစ်ခုတည်းသော ရှင်းပြချက်ပဲ"
တပည့်တစ်ဦးက မျက်မှောင်ကြုတ်ကာ အလေးအနက် ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။
သူ၏ ပြောစကား မှာ အခြားသူများ၏ ထောက်ခံမှုကို လျင်မြန်စွာ ရရှိသွား၏။
"မှန်တယ်၊ အကယ်၍ ထန်ထျန်း အရင်က ကျင့်ထားတဲ့ ကျင့်စဉ်တစ်ခုခုက အခုကျင့်စဉ်ရဲ့ ရှေ့အပိုင်း ဖြစ်နေမယ်၊ ဒါမှမဟုတ် ပြန်ပြင်ထားတဲ့ အပိုင်း ဖြစ်နေမယ်ဆိုရင် ဒီလိုမျိုး ဖြစ်နိုင်တယ်"
"ဟုတ်တယ်၊ ဒါက တစ်ခါကျင့်ပြီးသားကို ဒုတိယအကြိမ် ပြန်ကျင့်သလို ဖြစ်နေတာမို့ သဘာဝအတိုင်း ချောချောမွေ့မွေ့ ဖြစ်သွားတာပဲ"
"ငါလည်း သတိရသွားပြီ၊ အရင်ကလည်း ထန်ထျန်းလိုမျိုး လူတစ်ယောက် ရှိဖူးတယ်။ ဒါပေမဲ့ သူက အဆင့်နိမ့် အင်မော်တယ်ကျင့်စဉ်ကို ရွေးခဲ့တာမို့ အခုလောက် ဟိုးလေးတကျော် မဖြစ်ခဲ့တာ"
လူတိုင်းက ကိုယ်စီကိုယ်စီ ပြောရင်း ဤကိစ္စအတွက် အဖြေကို ရှာတွေ့သွားသည်ဟု ယူဆလိုက်ကြသည်။
"ဒါကြောင့် ထန်ထျန်း ကျင့်စဉ်ရွေးတုန်းက အဲဒီလောက် မြန်မြန် ပြန်ထွက်လာတာကိုး၊ ရင်းနှီးနေတဲ့ အရာကို တွေ့သွားတာ ဖြစ်မယ်"
"ဒါပေမဲ့ သူ ဘာလို့ ဒီလို လုပ်ရတာလဲ။ အရမ်းဆင်တူတဲ့ ကျင့်စဉ်ကို ကျင့်တာက အသုံးဝင်မှု သိပ်မရှိဘူးလေ"
"ဟားဟား.. ဘာလို့လဲ ဟုတ်လား။ သတင်းကြီးကြီး ဖြစ်အောင် လုပ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ရချင်လို့ပေါ့"
"ဒါပေမဲ့ သူက လောဘကြီးသွားတယ်၊ ကစားတာ လွန်သွားပြီ။ အမွှေးတိုင် တစ်တိုင်ခွဲလောက် အချိန်ယူပြီး နားလည်ခဲ့ရင် လူတွေက သိပ်သတိထားမိမှာ မဟုတ်ဘူး"
"လက်ဖက်ရည် တစ်ဝက်စာဆိုတာကတော့... အတုကြီး ဖြစ်လွန်းတယ်..."
လူအမျိုးမျိုး စကားအဖုံဖုံ ပြောနေကြပြီး အချို့တပည့်များမှာ နှာခေါင်းရှုံ့ကာ အထင်အမြင်သေးသည့် အမူအရာကိုပင် ဖုံးကွယ်မထားကြပေ။
ဤနေရာတွင် ရပ်နေနိုင်သူများမှာ ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။
အခြားသူက သူ့ထက် ပိုတော်နေသည်ကို သူတို့ ဂရုမစိုက်သော်လည်း နာမည်ကြီးချင်၍ တမင်သက်သက် လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်ကိုမူ အလွန်ပင် ရွံရှာကြ၏။
ယခုအခါ ထန်ထျန်းမှာ ထိုကဲ့သို့သော လူစားမျိုးဟု သူတို့ ယူဆလိုက်ကြပြီ ဖြစ်သည်။
သို့သော် အချို့သူများမှာမူ ထန်ထျန်းဘက်မှ အမြဲ ရပ်တည်နေဆဲပင်။
"မဟုတ်နိုင်ပါဘူး၊ ထန်ထျန်းက အဲဒီလို လူမျိုး မဟုတ်တာ သေချာတယ်"
ယန်ရှောင်းဟွာက ခေါင်းခါရင်း ပြောလိုက်သည်။
အချို့က ပြန်လည် ချေပချင်သော်လည်း ပြောလိုက်သူမှာ ဂိုဏ်းပေါင်းစုံ မဟာမိတ် ၏ ကိုယ်စားလှယ် သုံးဦးထဲမှ တစ်ဦး ဖြစ်နေသဖြင့် ပြဿနာ မတက်ချင်သောကြောင့် ငြိမ်နေလိုက်ကြသည်။
သို့သော် ဂရုမစိုက်သူလည်း ရှိနေသေးသည်။
"မင်းက သူ့ကို အရမ်းသိလှပြီပေါ့ ဟုတ်လား"
"မင်းတို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်ကလည်း သူနဲ့ တစ်ခါပဲ အရောင်းအဝယ် လုပ်ဖူးတာပါ"
"မင်းတို့ အခြေအနေက အခုတလော ခက်ခဲနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ကိုယ့်သိက္ခာကိုယ် ထိန်း ဦး။ ထန်ထျန်း တစ်ယောက်တည်းကြောင့်နဲ့ မင်းတို့ရဲ့ အခြေခံ စည်းမျဉ်းတွေကို အပျက်မခံပါနဲ့"
ပြောလိုက်သူမှာ စစ်နတ်ဘုရားနန်းတော်မှ ဟွမ်ထောင် ဖြစ်သည်။
သူ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ယန်ရှောင်းဟွာက မကြောက်မရွံ့ဘဲ အေးစက်စွာ တုံ့ပြန်လိုက်၏။ "ဂိုဏ်းပေါင်းစုံ မဟာမိတ်က ဘာလုပ်လုပ် မင်း ဒီမှာ ဝင်ပြီး ဆရာလုပ်ဖို့ မလိုဘူး"
"ဩော်... ငါ မေ့သွားတယ်၊ မင်းတို့ စစ်နတ်ဘုရားနန်းတော်နဲ့ ထန်ထျန်းကြားမှာ ရန်စတွေ အများကြီး ရှိတာပဲ"
"ငါ ကြားတာတော့ မင်းတို့ရဲ့ ဒု-နန်းတော်သခင် ကိုယ်တိုင်တောင် ထွက်လာပြီး ထန်ထျန်းကို ဖမ်းဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုတာပဲ"
"ဒါပေမဲ့ ထူးဆန်းတယ်နော်... အင်မော်တယ် အရှင် တောင် ကိုယ်တိုင် လှုပ်ရှားခဲ့တာကို ထန်ထျန်းက ဘာလို့ ဒီမှာ အေးအေးဆေးဆေး ရှိနေရတာလဲ"
ဤစကားကို ကြားသောအခါ တပည့်များစွာမှာ တိုးတိုးတိတ်တိတ် ရယ်လိုက်ကြသည်။
စစ်နတ်ဘုရားနန်းတော်က ထန်ထျန်းကိစ္စကြောင့် လူအများ၏ နောက်ကွယ်၌ ပြောဆိုခြင်းကို အတော်လေး ခံနေရခြင်း ဖြစ်၏။
အင်မော်တယ် အရှင် ကိုယ်တိုင် လှုပ်ရှားခဲ့သော်လည်း သာမန် အင်မော်တယ် လေးကိုပင် မဖမ်းနိုင်ခဲ့သည်မှာ အချိန်အတော်ကြာ လှောင်ပြောင်စရာ ကိစ္စ ဖြစ်နေပေလိမ့်မည်။
မှန်ပါသည်၊ ထိုစဉ်က ထန်ထျန်းမှာ ကောင်းကင်အင်မော်တယ် အဆင့်သာ ရှိသေးသည်။
ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် စကားသံများကို ကြားရသောအခါ ဟွမ်ထောင်မှာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာ ပုပ်သိုးသွား၏။
ဤကိစ္စကြောင့် သူတို့ စစ်နတ်ဘုရားနန်းတော်၏ သိက္ခာမှာ အမှန်တကယ် ကျဆင်းသွားခဲ့ရသည်။
သို့သော် ထိုစဉ်က ထန်ထျန်းကို မဖမ်းနိုင်ခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ မိုမိသားစု ကြောင့် ဖြစ်သည်။
ဟွမ်ထောင်မှာ သူနှင့် မလှမ်းမကမ်းရှိ မိုရှု ကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သို့သော် မိုရှုက ချက်ချင်းပင် ခံစားမိသွားပြီး သူ့ကို ခပ်ဖွဖွ ပြုံးပြလိုက်သည်။ မည်သည့် အဓိပ္ပာယ်မှန်း မသိသော်လည်း ဟွမ်ထောင်မှာ ပို၍ပင် ဒေါသထွက်သွားရ၏။
"တော်ပြီ... ဘာမှ ဆက်မပြောကြနဲ့တော့"
ထိုအချိန်တွင် ရွှမ်ယွင်မျှော်စင် မှ ချီဟယ်ရွှမ်းက ဝင်ပြောလိုက်သည်။ "ထန်ထျန်း အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ကို နားလည်တဲ့ ဖြစ်စဉ်မှာ သေချာပေါက် လှည့်ကွက်တစ်ခု ရှိနေရမယ်"
"သူ ဆက်ပြီး နားလည်အောင် လုပ်ရဲမလား၊ နောက်ထပ် ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ပြီးမှ ပြောကြတာပေါ့"
မနေ့က ရတနာ လေ့လာ ပွဲ ပြီးကတည်းက ချီဟယ်ရွှမ်းမှာ ထန်ထျန်းကို ကြည့်မရဖြစ်နေခြင်း ဖြစ်၏။
အကြောင်းမှာ ထိုပွဲက သူ နာမည်ရရမည့် ပွဲဖြစ်သော်လည်း နောက်ဆုံးတွင် ထန်ထျန်းက အကုန်လုံးကို လုယူသွားခဲ့သောကြောင့် ဖြစ်သည်။
ဤထုန်းရှန့်တောင်ပေါ်တွင် ချီဟယ်ရွှမ်းက သူ့ထက် ငွေကြေး ပိုမို ချမ်းသာကြွယ်ဝသူများကို အလွန်ပင် မုန်းတီးလှသည်။
သူက ဝင်ဖျန်ဖြေ ပေးလိုက်သဖြင့် လူတိုင်းမှာ ငြင်းခုံခြင်းကို ရပ်လိုက်ပြီး အကြည့်များကို ဉာဏ်အလင်းပွင့် စင်မြင့်ပေါ်သို့ ပြန်လည် စုစည်းလိုက်ကြသည်။
ထိုအချိန်တွင် ထန်ထျန်းမှာ အလင်းအကာအကွယ်ထဲ၌ ရပ်နေဆဲ ဖြစ်၏။
ထန်ထျန်းလည်း စဉ်းစားမရ ဖြစ်နေသည်။ ငါက အဆင့်တက်တာတွေ အကုန်လုပ်ပြီးသွားပြီလေ၊ ဒီအကာအကွယ်က ဘာလို့ မကွဲသေးတာလဲ။
သူက အပြင်ဘက်မှ အခြေအနေကို မမြင်ရသဖြင့် အကာအကွယ်ကို မော့ကြည့်ကာ လက်ဖြင့် ခေါက်လိုက်သည်။
"ဟေး... ဘယ်သူ ရှိလဲ"
သို့သော် နောက်တစ်ခဏတွင် "ရှပ်" ခနဲ အသံနှင့်အတူ အလင်းအကာအကွယ်မှာ ချက်ချင်း ပျောက်ကွယ်သွား၏။
အပြင်ဘက် မြင်ကွင်းမှာ ပြန်လည် မြင်တွေ့လာရသည်။
လူတိုင်း၏ ထူးဆန်းသော အကြည့်များနှင့် အချို့မှာ အထင်အမြင်သေးသည့် အကြည့်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ ထန်ထျန်းမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ငါက လက်ဖက်ရည် တစ်ခွက်စာ အချိန်တောင် မပြည့်ခင်မှာ နားလည်သွားတာကို လူတိုင်းက အံ့ဩသင့်တာ မဟုတ်ဘူးလား။
ဒါက ဘာအခြေအနေလဲ။
ထန်ထျန်းမှာ ခေါင်းခါလိုက်ပြီး သူတို့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဖြစ်စေ သူ၏ ယနေ့ ရည်မှန်းချက်မှာ ကျင့်စဉ်များသာ ဖြစ်သည်။
အကြီးအကဲ ဝေ့၏ အသံမှာလည်း အချိန်ကိုက်ပင် ထွက်ပေါ်လာသည်။
"ထန်ထျန်း... မင်း ကျင့်စဉ်ကို ဆက်ပြီး နားလည်အောင် လုပ်ဦးမလား၊ ဒါမှမဟုတ် နောက်ထပ် ကျင့်စဉ်တစ်ခုကို ယူပြီး ထွက်သွားတော့မလား"
ထန်ထျန်းက ပြန်ပြောလိုက်၏။ "သေချာတာပေါ့၊ ကျွန်တော် ဆက်ပြီး နားလည်အောင် လုပ်ဦးမှာပါ"
အကြီးအကဲ ဝေ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်တော့ နောက်တစ်ခါမှာ သေသေချာချာ ရွေးချယ်ဖို့ လိုလိမ့်မယ်"
"မှတ်ထားပါ၊ မင်းနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် ကျင့်စဉ်ကိုပဲ ရွေးချယ်ပါ။"
"ဒီတစ်ကြိမ်မှာတော့ ငါ မင်းဘေးမှာ ရှိနေမယ်၊ တစ်ခုခုဆို ငါ့ကို တိုက်ရိုက် မေးနိုင်တယ်"
ဤအကြီးအကဲမှာ တပည့်များအပေါ် အမှန်တကယ်ပင် စေတနာ ထားသူ ဖြစ်၏။
ထန်ထျန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် အကြီးအကဲ ဝေ့က လက်ကို ဝေ့ယမ်းလိုက်ရာ အဆုံးမရှိ ကျယ်ပြောလှသော ကျင့်စဉ်မျှော်စင်ကြီးမှာ ထန်ထျန်းရှေ့၌ တစ်ဖန် ပေါ်လာပြန်သည်။
ထန်ထျန်းက မော့ကြည့်လိုက်ရာ သူ အစောပိုင်းက ရွေးချယ်ခဲ့သော ကျင့်စဉ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။
ရွေးချယ်စရာ စာရင်းထဲမှာ မရှိတော့ပေ။
အကြီးအကဲ ဝေ့၏ ပုံရိပ်ယောင်မှာ သူပြောသည့်အတိုင်း ထန်ထျန်း၏ ဘေးနားတွင် ရပ်နေသည်။
သူက အကြံဉာဏ် ပေးရန် အဆင်သင့်ပင်။
သို့သော် ထန်ထျန်းကမူ ခေါင်းပေါ်ရှိ အတောက်ပဆုံး အလင်းလုံးထဲမှ တစ်ခုကို အမှတ်တမဲ့ပင် လှမ်းဖမ်းလိုက်၏။
"ဒါပဲ ယူမယ်"