အခန်း (၆၂၁-၆၂၂)
Vol. 63 Ch. 621-622
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၁ + ၆၂၂
မူရင်းစာရေးဆရာ။ Silent Cake And Pastries
ဘာသာပြန်။ Author Chang’e 🌕
True Immortal Team
(သတိပြုရန် - နည်းနည်းစုံစမ်းပြီးနောက် လိင်မိစ္ဆာမဟုတ်ဘူးဗျ။ တရုတ် --> အင်္ဂလိပ် ဘာသာပြန်မယ် ပြဿနာအနည်းငယ်ရှိပြီး ၊ လိင်မိစ္ဆာအစား ၊ ဝိညာဉ်မိစ္ဆာဖြစ်ရမာရယ်။ ဆိုတော့ကာ ဝိညာဉ်မိစ္ဆာဆိုပြီး ပြောင်းသုံးပါမယ်ဗျို့။)
ထိုသူလျှိုလေးဦးသည် တုပိုင်တို့ ကမ္ဘာအတွက် တကယ့်ကို ပြဿနာကြီးတစ်ခုပင်ဖြစ်လေ၏။
တုပိုင်က တည်ငြိမ်စွာပင် မေးလိုက်သည်။ "ဒါဆို... မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။"
ဝိညာဉ်မိစ္ဆာက အေးစက်စွာ ပြန်ဖြေလေသည်။ "မေးနေစရာ လိုသေးလား။ မင်းတို့ လူသားတွေ အကုန်လုံးကို သတ်ဖြတ်ပြီး ဒီကမ္ဘာဂြိုဟ်ရဲ့ သခင် ဖြစ်လာဖို့ပေါ့..."
တုပိုင်က ထပ်မံမေးမြန်းလိုက်ပြန်သည်။ "မင်းတို့ ဝိညာဉ်မိစ္ဆာတွေက သခင်ဖြစ်လာမှာလား။"
ဝိညာဉ်မိစ္ဆာက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း ဆိုလိုက်သည်။ "မင်း ဘာမှ နားမလည်ပါဘူးကွာ... ငါတို့ ဝိညာဉ်မိစ္ဆာတွေက... မြှုပ်နှံစရာ ပစ္စည်းသက်သက်ပဲ။"
ထို့နောက် သူက ဆက်လက်၍ အေးစက်စွာ ပြောကြားလိုက်သည်။ "ကဲ... စကားပြောတာတွေ တော်ပြီ။ မင်း သေလို့ ရပြီ ၊ မင်း သေလို့ ရပြီ..."
ဝိညာဉ်မိစ္ဆာက ကျေနပ်အားရစွာ ရယ်မောလိုက်လေသည်။ "ငါတို့အတွက် ငရဲတံခါး ဖွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဝိညာဉ်မိစ္ဆာတွေ မင်းတို့ကမ္ဘာထဲကို နေရာအနှံ့ ဝင်ရောက်နိုင်ပြီလေ..."
ထိုခဏ၌ပင် ဝိညာဉ်မိစ္ဆာ လေးကောင်သည် သူတို့၏ ချွန်ထက်သော လက်သည်းများကို ထုတ်ဖော်လိုက်ကြပြီး တုပိုင်၏ ဦးခေါင်းထက်သို့ ဖိနှိပ်လိုက်ကြသည်။ အနည်းငယ်မျှ အားစိုက်လိုက်ရုံဖြင့် တုပိုင်၏ ခန္ဓာကိုယ်မှာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရမည့် အခြေအနေဖြစ်သည်။
"သေလိုက်တော့..."
"အီး... ဟီး... ၊ ဟားဟား... တုံးအတဲ့ လူသား ၊ ရယ်စရာကောင်းတဲ့ တာဝန်ရှင် ကောင်းကင်သခင်လေး..."
ထိုအချိန်တွင် တုပိုင်၏ မျက်နှာထက်၌ သရဲတစ်ကောင်ကဲ့သို့ ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။
"မဟုတ်ဘူး... သေရမှာက မင်းတို့ပဲ။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားလေတော့သည်။
"ဝုန်းးးးးး..."
ချက်ချင်းသလိုပင် ကြောက်မက်ဖွယ် ငရဲမီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ မီတာဆယ်ချီ ၊ မီတာရာချီသော ငရဲမီးတောက်ကြီးများသည် တဟုန်းဟုန်း တောက်လောင်လာတော့သည်။
မျက်စိတစ်မှိတ် အတွင်း၌ပင်... တုပိုင်ကို ဝိုင်းရံထားသော မရေမတွက်နိုင်သည့် မိစ္ဆာကောင်လေးများ အားလုံး ကြေမွပျက်စီးသွားကြရသည်။ ဝိညာဉ်မိစ္ဆာ ငါးကောင်အနက် လေးကောင်မှာမူ လုံးဝ ပျောက်ကွယ်သွားရသည်။
ဝူယာကျစ်အဖြစ် ဟန်ဆောင်ထားသော ဝိညာဉ်မိစ္ဆာ တစ်ကောင်တည်းသာလျှင် ငရဲမီးတောက် ပေါက်ကွဲသည့်အချိန်၌ မီတာရာပေါင်းများစွာ အနောက်သို့ လွင့်စဉ်ထွက်သွားခဲ့သည်။ ထို့ကြောင့်... သူ မသေသေးပေ။
"ဝုန်းးး... ဝုန်းးး... ဝုန်းးး..."
ငရဲမီးတောက်များက ဆက်လက်၍ ပြင်းထန်စွာ တောက်လောင်နေဆဲပင်။ ကြီးမားသော ငရဲမီးတောက်ကြီးသည် ငရဲတံခါးအသစ်တစ်ခုအဖြစ် ပြန်လည် ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ် ငရဲတံခါးတွင်မူ အက်ကြောင်း မရှိတော့ချေ။ လုံးဝ ပိတ်ထားပြီး အကောင်းပကတိ ဖြစ်သွားသည်။
ဝိညာဉ်မိစ္ဆာသည် တုပိုင်ကို မယုံနိုင်စွာ စိုက်ကြည့်ရင်း အက်ကွဲသံကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက ငရဲတံခါးကို ပိတ်လိုက်ပြီလေ။ ငရဲမီးတောက်တွေကိုလည်း မင်း လုံးဝ ဝါးမြိုလိုက်ပြီ မဟုတ်လား..."
တုပိုင်က တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။
"အကယ်၍ ငါသာ ငရဲမီးတောက်တွေကို အကုန်လုံး ဝါးမြိုပြီး ဒန်တျန်ထဲ ထည့်လိုက်ရင် လုံးဝ ပြီးသွားပြီပေါ့။ ဒန်တျန်ထဲ ရောက်သွားရင် ငရဲမီးတောက်ကို ပြန်ထုတ်ဖို့အတွက် ငါ့ရဲ့ အတွင်းအား ရွှမ်းချီတွေကို လောင်ကျွမ်းပစ်ရမယ်။ အဲဒီ ငရဲမီးတောက် နည်းနည်းလေးနဲ့ ငရဲတံခါးတစ်ခုလုံးကို ပြန်လည် မီးမွှေးနိုင်မှာ မဟုတ်ဘူး။"
"ဒါပေမဲ့... ငါက အလွန်ကြီးမားတဲ့ လောဘစိတ်ကို တွန်းလှန်ပြီး ငရဲမီးတောက်တွေကို ဒန်တျန်ထဲ မသိမ်းဆည်းဘဲ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေစေခဲ့တယ်။ နောက်ဆုံးမှာ ရှစ်ဆယ် ၊ ကိုးဆယ် ရာခိုင်နှုန်းလောက်ပဲ ကျန်တော့ပေမဲ့ ငရဲတံခါးကို ပြန်လည် မီးမွှေးဖို့ လုံလောက်နေပါသေးတယ်။ မင်းတို့အားလုံးကို မီးရှို့သတ်ဖို့လည်း လုံလောက်နေသေးတယ်။"
ဝိညာဉ်မိစ္ဆာက ဒေါသတကြီး စူးရှစွာ အော်ဟစ်လိုက်သည်။
"ငါတို့ရဲ့ ပြဇာတ်က ပြီးပြည့်စုံနေတာကို ၊ မင်း ဘယ်လိုလုပ် ရိပ်မိသွားတာလဲ... မင်း ဘယ်လိုလုပ် ရိပ်မိသွားတာလဲ။ မင်းက လူသား မဟုတ်တော့ဘူး ၊ ဒါကြောင့် ငါတို့ မင်းစိတ်ကို မဖတ်နိုင်တော့ဘူး။ ဒါပေမဲ့ ငါတို့ မင်းကို သိုင်းကျမ်း သင်ပေးတုန်းက မင်းရဲ့ စိတ်ဝိညာဉ်က အကာအကွယ်မဲ့နေခဲ့တာ။ တကယ်လို့ မင်းသာ ငါတို့ကို ရိပ်မိခဲ့ရင် ဘယ်လိုလုပ် မင်းရဲ့ စိတ်ဝိညာဉ် အကာအကွယ်တွေ အကုန်လုံးကို ဖယ်ရှားပေးနိုင်မှာလဲ။ မင်းစိတ်ထဲမှာ သံသယ ရှိနေသရွေ့ မင်းရဲ့ စိတ်ဝိညာဉ် အကာအကွယ်ကို လုံးဝ ဖယ်ရှားလို့ မရနိုင်ဘူး။ ပြီးတော့ အဲဒီတုန်းက ငါ မင်းရဲ့ စိတ်ဝိညာဉ်နယ်ပယ်ကို စစ်ဆေးကြည့်တော့ လုံးဝ ဗလာဖြစ်နေတယ်။ ငါတို့ကို လုံးဝ သံသယ မဝင်ခဲ့ဘူး"
တုပိုင်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
"ဟုတ်တယ် ၊ အဲဒါ အမှန်ပဲ။ အဲဒီတုန်းက ငါ မင်းတို့ကို မရိပ်မိသေးပေမဲ့ တစ်ခုခု မှားနေတယ်ဆိုတာကိုတော့ အလိုလို ခံစားမိနေတယ်။ ဒီလောကကြီးမှာ ဒီလို အလကားရတဲ့ မုန့်ဟင်းခါး မရှိဘူး ၊ ငါ့ပါးစပ်ထဲ တန်းကျလာတာမျိုး မရှိဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါ ပြန်လည် မွေးဖွားနိုင်ဖို့အတွက် ငါ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွင်းနက်ကြီးကို ဖြည့်ဖို့ စွမ်းအားကြီးမားတဲ့ စွမ်းအင် လိုအပ်နေခဲ့တယ်။ ငါ့စိတ်ထဲက သံသယစိတ်က ငါ့စိတ်ဝိညာဉ်ကို အကာအကွယ်မဲ့ ဖြစ်အောင် လုံးဝ မလုပ်ပေးနိုင်ခဲ့ဘူး။ အဲဒီလိုဆိုရင် မင်းတို့ရဲ့ စွမ်းအင်တွေကို ချောချောမွေ့မွေ့ ဝါးမြိုပြီး ပြန်လည် မရှင်သန်နိုင်ဘူးလေ။"
တုပိုင်က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ဆက်ပြောသည်။
"ဒါပေမဲ့ မင်းတို့ တစ်ခု မေ့နေကြတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်နှစ်ခု ရှိတယ်။ နောက်ထပ် ဝိညာဉ်တစ်ခုက ဒီခန္ဓာကိုယ်ပိုင်ရှင် အစစ်ရဲ့ ဝိညာဉ်ပဲ။ သူ့နာမည်က တုရှန်။ ငါ သူ့ခန္ဓာကိုယ်ကို ရယူလိုက်ပြီးကတည်းက သူက လုံးဝ လမ်းလျှောက်နေတဲ့ အလောင်းကောင် ဖြစ်သွားခဲ့တာ။ သူ့ဝိညာဉ်က... ဗလာဖြစ်နေပြီး အကာအကွယ်မဲ့နေတယ်။"
ဝိညာဉ်မိစ္ဆာက အက်ကွဲသံကြီးဖြင့် ရေရွတ်လိုက်သည်။
"ငါ နားလည်ပြီ... အဲဒီအချိန်တုန်းက မင်းက ဒီဗလာဖြစ်နေတဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ကို လွှမ်းမိုးခွင့် ပေးလိုက်တာကိုး။ ဒါကြောင့် ငါတို့ရဲ့ စိတ်စစ်ဆေးမှုမှာ ဘာဟာကွက်မှ မတွေ့ခဲ့ရတာပေါ့။ ဒါကြောင့် မင်းက ငါတို့ရဲ့ စွမ်းအင်တွေကို အောင်မြင်စွာ ဝါးမြိုနိုင်ခဲ့တာ။ တိတိကျကျ ပြောရရင် ငါတို့ ပေးလိုက်တဲ့ စွမ်းအင်တွေကို လက်ခံရယူပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည် အသက်သွင်းလိုက်နိုင်တာပေါ့။"
တုပိုင်က ဆက်လက် ရှင်းပြသည်။
"မင်းတို့ရဲ့ စွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက်မှာ ငါက ဂိုဏ်းချုပ်ကြီးလေးယောက် ပျောက်ကွယ်သွားတဲ့အပေါ် ဝမ်းနည်းပူဆွေးနေတုန်းပဲ။ ဒါပေမဲ့ ငါ့ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သံသယဝင်စေတဲ့ အချက်တစ်ချက် ရှိတယ်။ ငါ့ခေါင်းပေါ်က ဦးချိုတွေက နဂါးဂျို မဟုတ်ဘဲ မိစ္ဆာဂျိုနဲ့ တူနေတယ်ဆိုတဲ့ အချက်ပဲ။ ခဏလေးပဲ ပေါ်လာပေမဲ့ပေါ့။"
ထို့နောက် သူက လေးနက်စွာ ဆက်ပြောပြန်သည်။
"ပြီးတော့... ငါ မင်းတို့ကို တကယ် ရိပ်မိသွားစေတဲ့ အချက်က ငရဲတံခါးဆီ သွားနေတုန်းကပဲ။ ငါ မင်းရဲ့ နှလုံးခုန်သံကို ကြားလိုက်ရတယ်။ စီနီယာဝူယာက ဟင်းလင်းပြင်အက်ကြောင်းထဲမှာ ဝိညာဉ်ပုံစံနဲ့ပဲ ရှိနေတာလေ ၊ ခန္ဓာကိုယ်မှ မရှိတာ။ ဘယ်ကနေ နှလုံးခုန်သံ ထွက်လာမှာလဲ။ ဒါပေမဲ့ ငါလည်း အံ့သြသွားတာပဲ ၊ မင်းတို့ ဝိညာဉ်မိစ္ဆာတွေက အရိပ် မဟုတ်ဘူးလား။ ဘယ်လိုလုပ် နှလုံးခုန်သံ ရှိနေတာလဲ။"
ဝိညာဉ်မိစ္ဆာက တုန်ယင်စွာဖြင့် ပြန်ပြောသည်။
"ငါတို့က သက်ရှိတွေလေ။ ဒါပေါ့ ငါတို့မှာ နှလုံးနဲ့ နှလုံးခုန်သံ ရှိတာပေါ့။ ငါတို့ စောင့်ဆိုင်းလာတာ နှစ်ပေါင်းတစ်ထောင် ရှိပြီ။ နောက်ဆုံးတော့ ငရဲတံခါးကို အောင်မြင်စွာ ဖွင့်နိုင်တော့မယ်ဆိုတော့ ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ခက်ခဲလွန်းတယ်။ ဒါကြောင့် နှလုံးခုန်သံကို မင်း ကြားသွားရတာ။ ဒီဟာကွက်လေးကြောင့် မင်း ငါတို့ကို ရိပ်မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လူသားတွေ... မင်းတို့က တကယ် ကောက်ကျစ်စဉ်းလဲတာပဲ"
တုပိုင်က ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
"ငါ့ရဲ့ အားနည်းချက်ကြောင့် မင်းတို့က ရန်သူကို လျှော့တွက်လိုက်မိတာပါ။ ကျေးဇူးပါပဲ။ ပေမင်ဓားဂိုဏ်းချုပ်ကြီး ငါးယောက် ပျောက်ကွယ်သွားပြီ ဆိုပေမဲ့ ငါက မင်းတို့ရဲ့ စွမ်းအားတွေကို ဝါးမြိုပြီး နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်သွားပြီ။ ကျေးဇူးပါပဲ။"
တုပိုင် လှောင်ပြုံး ပြုံးလိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ ဝိညာဉ်မိစ္ဆာတွေက ကမ္ဘာပေါ်မှာ အဉာဏ်အကောင်းဆုံးနဲ့ အကောက်ကျစ်ဆုံး သတ္တဝါတွေ မဟုတ်ဘူးလား။ ဘာလို့ ငါ့လက်ထဲမှာ ရှုံးနိမ့်သွားရတာလဲ။"
ဝိညာဉ်မိစ္ဆာက ရူးသွပ်စွာ စူးရှအော်ဟစ်လိုက်တော့သည်။
"အား... အား... အား..."
သူတို့သည် ကမ္ဘာပေါ်တွင် အကောက်ကျစ်ဆုံး သတ္တဝါများ ဖြစ်ကြပြီး ထိုအချက်ကို အလွန် ဂုဏ်ယူကြသူများ ဖြစ်သည်။ ယခုအခါ တုပိုင်က ဉာဏ်ကစားကာ နိုင်သွားသည့်အတွက် သူ့ကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့သည်။
ဝိညာဉ်မိစ္ဆာက တုပိုင်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ "မင်း ငါတို့ကို ရိပ်မိပြီး ငါတို့ကို အခွင့်ကောင်းယူလိုက်တယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ ဘာဖြစ်လဲ... ငါက မင်းထက် အများကြီး ပိုစွမ်းသေးတယ်။ ငါ မင်းကို အလွယ်တကူ သတ်နိုင်သေးတယ်"
ထို့နောက် ဝိညာဉ်မိစ္ဆာ၏ ခန္ဓာကိုယ်သည် စတင် ကြီးထွားလာလေသည်။ မီတာအနည်းငယ်မျှ မြင့်မားလာပြီး လက်သည်းငါးချောင်းကလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ချွန်ထက်လာလေ၏။
ဝိညာဉ်မိစ္ဆာက တုပိုင်ကို လက်ညှိုးထိုးပြီး ကြုံးဝါးလိုက်သည်။ "သတ္တိရှိရင် ငရဲမီးတောက်ထဲမှာ တစ်သက်လုံး နေလိုက် ၊ ထွက်မလာနဲ့။ ငါ မင်းကို သတ်နိုင်သေးတယ်။ ငါ မင်းကို သတ်နိုင်သေးတယ်"
ဤသည်မှာ အမှန်ပင်ဖြစ်သည်။ ဝိညာဉ်မိစ္ဆာ တစ်ကောင်တည်း ကျန်တော့သည် ဆိုလျှင်ပင် အလွန် စွမ်းအားကြီးမားနေဆဲဖြစ်ပြီး တုပိုင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
သို့သော် တုပိုင်သည် ငရဲတံခါးရှိ ငရဲမီးတောက်ထဲသို့ ဝင်မသွားဘဲ ဤကြီးမားသော ဝိညာဉ်မိစ္ဆာကြီးကို အေးစက်စွာ ကြည့်နေလိုက်သည်။
ဝိညာဉ်မိစ္ဆာက ဟိန်းဟောက်ကာ တုပိုင်ထံသို့ ပြေးဝင်လာသည်။ "သေလိုက်တော့ ၊ ငါ မင်းကို ဆုတ်ဖြဲပစ်နိုင်သေးတယ်"
တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။ "မဟုတ်ဘူး... မင်းမှာ အခွင့်အရေး မရှိတော့ဘူး။"
ဝိညာဉ်မိစ္ဆာ ကြောင်သွားသည်။ တုပိုင်က ဆက်ပြောသည်။ "စီနီယာဝူယာ... ဒီဝိညာဉ်မိစ္ဆာက ကျွန်တော့်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရပြီ။ ကောက်ကျစ်စဉ်းလဲမှုမှာ သူ ကျွန်တော့်ကို ရှုံးသွားပြီ။ ဒါကြောင့် သူ့စိတ်တွေ တုန်လှုပ်နေပြီ။ သူ့စိတ်ဝိညာဉ် အားအနည်းဆုံး အချိန်မှာ စီနီယာ သူ့ဆီကနေ ရုန်းထွက်လို့ ရပါပြီ။"
စကားသံ ဆုံးသည်နှင့် ကြီးမားသော ဝိညာဉ်မိစ္ဆာကြီး ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် စတင် ဆုတ်ပြဲလာကာ ကွဲထွက်သွားမည့်ပုံ ပေါက်လာသည်။
ဝိညာဉ်မိစ္ဆာ စူးရှစွာ အော်ဟစ်လိုက်သည်။ "မင်း... မင်း ဘယ်လို သိတာလဲ"
တုပိုင်က ရှင်းပြလိုက်သည်။ "စီနီယာဝူယာက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ မဟုတ်ဘူး ၊ သူ့ဝိညာဉ်ကို မင်း သိမ်းပိုက်ထားတာ။"
ထိုအချိန်တွင် ဝိညာဉ်မိစ္ဆာ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် တကယ်ပင် စတင် ဆုတ်ပြဲလာလေသည်။
"အား... အား... အား..."
သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သုံးကာ အသည်းအသန် ရုန်းကန်ရန် ကြိုးစားသော်လည်း တုပိုင်နှင့် ဉာဏ်ကစားပွဲတွင် ရှုံးနိမ့်ခဲ့ရသဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ လုံးဝ တုန်လှုပ်နေပြီဖြစ်ကာ စီနီယာဝူယာ၏ ဝိညာဉ်ကို ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ချေ။
စီနီယာဝူယာ၏ ဝိညာဉ်သည် မူလက အားနည်းသော်လည်း ဝိညာဉ်မိစ္ဆာ၏ ထိန်းချုပ်မှုကို ခံရပြီးနောက် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။ သို့သော် တုပိုင် ပေါ်လာပြီး ဤဝိညာဉ်မိစ္ဆာများကို အနိုင်ယူလိုက်သည့်အတွက် သူ၏ စိတ်ဓာတ်ခွန်အားများ မြင့်တက်လာခဲ့သည်။
ထို့နောက် သူ အသည်းအသန် ရုန်းထွက်လိုက်လေသည်။
"အား... အား... မလုပ်နဲ့... မလုပ်နဲ့..."
ဝိညာဉ်မိစ္ဆာ၏ အော်ဟစ်သံများကြားတွင် စီနီယာဝူယာ ရုန်းထွက်လာနိုင်ခဲ့သည်။ သူ၏ ဝိညာဉ် အလင်းနှင့် အရိပ်သည် ဝိညာဉ်မိစ္ဆာထံမှ လွတ်မြောက်လာခဲ့သည်။ သူသည် ဝိညာဉ်မိစ္ဆာ၏ ထိန်းချုပ်မှုနှင့် သိမ်းပိုက်မှုမှ လုံးဝ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
တစ်ဆယ့်နှစ်ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်က အော်ဟစ်သတိပေးလိုက်သည်။
"တုပိုင်... မြန်မြန်လုပ်... ဒီ ဟင်းလင်းပြင်အက်ကြောင်းထဲမှာ ငရဲမီးတောက် တစ်ခု ငြိမ်းသွားတိုင်း အက်ကြောင်းအသေးလေး တစ်ခု ပေါ်လာတတ်တယ်။ အဲဒီကနေ မင်း မြေပြင်ကမ္ဘာကို ပြန်သွားလို့ ရတယ်။ ခုနတုန်းက ဝိညာဉ်မိစ္ဆာက တာဝန်ပိုင်ရှင်ဆိုတာ သက်သေပြဖို့အတွက် မင်းကို ငရဲမီးတောက် တစ်ခု ဝါးမြိုခိုင်းလိုက်လို့ နောက်ထပ် အက်ကြောင်းတစ်ခု ပေါ်လာတာ။ ဒါပေမဲ့ မင်း မြန်မြန်လုပ်မှ ရမယ် ၊ ဒီအက်ကြောင်းက မကြာခင် ပိတ်တော့မှာ"
ဝိညာဉ်မိစ္ဆာက စူးရှစွာ အော်ဟစ်လိုက်သည်။ "ငါ ရှိနေသရွေ့ သူ စိတ်တောင် မကူးနဲ့"
စီနီယာဝူယာက အေးစက်စွာ ပြောလိုက်ပြီး ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
"ဟုတ်လား... မသေချာပါဘူး။"
"ဝုန်းးးး..."
ဝူယာကျစ်နှင့် ဝိညာဉ်မိစ္ဆာတို့ ရူးသွပ်စွာ တိုက်ခိုက်ကြလေတော့သည်။ တိုက်ခိုက်နေရင်းမှာပင် ဝူယာကျစ်က အသည်းအသန်ဖြင့် အော်ပြောလိုက်သည်။
"တုပိုင် မြန်မြန်လုပ် ၊ အပြင်ကမ္ဘာထွက်ပေါက်က ပိတ်တော့မယ်။ ငါ့ကို ယုံ ၊ ငါ မင်းအတွက် ဝိညာဉ်မိစ္ဆာကို တားထားပေးမယ်"
တုပိုင် လင်းပိုဝေပု သိုင်းကွက်ကို သုံးကာ ရူးသွပ်စွာ ပြေးထွက်သွားလိုက်သည်။ ဝိညာဉ်မိစ္ဆာနှင့် စီနီယာဝူယာတို့ ရူးသွပ်စွာ တိုက်ခိုက်နေကြရာ ထိုနေရာရှိ အလင်းနှင့် အရိပ်များသည် လုံးဝ သေမင်းဇုန် ဖြစ်သွားခဲ့သည်။ နှစ်ယောက်လုံးသည် အလွန်တရာကိုမှ အစွမ်းထက်ကြသည်။
"ရွှမ်းးးး..."
သို့သော် စီနီယာဝူယာ၏ ကာကွယ်မှုအောက်တွင် တုပိုင်သည် ဝိညာဉ်မိစ္ဆာ၏ စွမ်းအားနယ်ပယ်ကို တိုက်ရိုက် ဖြတ်သန်းသွားနိုင်လိုက်လေသည်။ တုပိုင် ရူးသွပ်စွာ ဆက်ပြေးသွားလိုက်လေ၏။
လွန်ခဲ့သော နာရီအနည်းငယ်က ငရဲမီးတောက်ကို ဝါးမြိုခဲ့သည့် နေရာဆီသို့ သူ ပြေးဝင်သွားလိုက်သည်။ သူ၏ နောက်တွင် စီနီယာဝူယာနှင့် ဝိညာဉ်မိစ္ဆာတို့ မြေကြီးတုန်ခါမတတ် ဆက်လက် တိုက်ခိုက်နေကြဆဲဖြစ်လေ၏။
တုပိုင်သည် လင်းပိုဝေပုသိုင်းကွက်ဖြင့် ရူးသွပ်စွာ ပြေးလွှားရင်း ဟင်းလင်းပြင်အက်ကြောင်း အလယ်ရှိ အမှောင်တံတားထံ ပြန်ရောက်ရှိလာကာ သွေးရောင်လွှမ်းကာ တွန့်လိမ်နေသော သေမင်းဥမင်လိုဏ်ခေါင်းအတိုင်း ရူးသွပ်စွာ ပြေးလေတော့သည်။
ဤနေရာသည် ရွံရှာဖွယ် ကောင်းလှသည်။ နေရာတိုင်းတွင် တွန့်လိမ်နေသော သွေးနီရောင်များ ရှိနေပြီး ကောင်းကင်နှင့် မြေကြီးကြား နေရာတိုင်းတွင် သွေးများ ယိုစီးကျနေသကဲ့သို့ပင် ဖြစ်သည်။
လီပေါင်း ရာနှင့်ချီ၍ပြေးလွှားပြီး နောက်ဆုံးတွင် ယခင်က ငရဲမီးတောက်ကို ဝါးမြိုခဲ့သည့် နေရာသို့ တုပိုင် ရောက်ရှိလာခဲ့သည်။ ဤနေရာသည် ယခင်က လုံးဝ အမှောင်ကျနေခဲ့သော်လည်း ယခုမူ သွေးရောင်များ ပြန်လည် လွှမ်းမိုးနေပြီ ဖြစ်သည်။
ဤနေရာ၌ အမှန်တကယ်ပင် အက်ကြောင်းတစ်ခု ရှိနေသည်။ အချင်းဝက် မီတာဝက်အောက်သာ ရှိသော အက်ကြောင်းတစ်ခု ဖြစ်သည်။ မူလက ဤနေရာတွင် ငရဲမီးတောက် လောင်ကျွမ်းနေခဲ့သော်လည်း တုပိုင် ဝါးမြိုလိုက်ပြီးနောက် အက်ကြောင်းတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အက်ကြောင်းတစ်ခုလုံးသည် အမှောင်ဝဲကတော့ တစ်ခုကဲ့သို့ပင်။ ဤအက်ကြောင်းသည် မြေပြင်ကမ္ဘာကို ပေါက်သည်။
တုပိုင် ပြေးဝင်သွားတော့မည်။ သို့သော် ထိုအချိန်၌ ဝူယာကျစ်၏ အသံ သူ၏ အနောက်မှ ထွက်ပေါ်လာသည်။
"တုပိုင်... နေဦး..."
တုပိုင် လှည့်ကြည့်လိုက်သည်။ ရုတ်တရက် ဝူယာကျစ်၏ အလွန် ပါးလွှာသော ဝိညာဉ်အလင်းနှင့် အရိပ်ကို တွေ့လိုက်ရသည်။ ပြိုလဲလုနီးပါး ဖြစ်နေပြီး အချိန်မရွေး ကြေမွပျက်စီးသွားနိုင်သည့် အခြေအနေ ဖြစ်သည်။
ထို့ပြင် သူ၏ လက်ထဲတွင် ကြည်လင်တောက်ပနေသော သွေးအမြုတေ တစ်ခု ရှိနေသည်။ အရည်ကဲ့သို့ ၊ အစိုင်အခဲကဲ့သို့ ပုံစံဖြင့် စီးဆင်းနေလေ၏။
ဝူယာကျစ်က ပြောလိုက်သည်။
"ဒါက ဝိညာဉ်မိစ္ဆာရဲ့ သွေးအမြုတေ ပဲ။ အလွန် တန်ဖိုးကြီးတယ်။ ငါ... ငါ အစွမ်းကုန် ကြိုးစားပြီး ဝိညာဉ်မိစ္ဆာနဲ့အတူ သေလိုက်ပြီ။ သူ သေသွားပြီ။ ငါ့မှာ စွမ်းအင် နည်းနည်းလေး ကျန်သေးတယ်။ ဒီဟာတွေ အကုန်လုံး မင်းအတွက်ပဲ..."
စကားဆုံးသည်နှင့် ဝိညာဉ်မိစ္ဆာ၏ သွေးဖြင့် ပြုလုပ်ထားသော သွေးအမြုတေသည် တုပိုင်လက်ထဲသို့ ကျရောက်လာသည်။ တစ်ချိန်တည်းမှာပင် စီနီယာဝူယာ၏ ကျန်ရှိနေသော အလင်းနှင့် အရိပ်သည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ အရှိန်ဖြင့် ဝင်ရောက်လာသည်။
"ဝုန်းးး... ဝုန်းးး... ဝုန်းးး... ဝုန်းးး..."
ပြိုင်ဘက်ကင်း ကြီးမားသော စွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ၊ သူ၏ သွေးကြောများနှင့် ဒန်တျန်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။ သူ၏ ကျင့်ကြံခြင်းအဆင့် ရူးသွပ်စွာ ထိုးတက်သွားသည်ကို သူ ခံစားလိုက်ရသည်။
မကြုံစဖူး တိုးတက်မှု ၊ မကြုံစဖူး ရူးသွပ်ဖွယ်ရာ ထိုးဖောက်ကျော်လွှားမှု။ သမိုင်းဝင် ထိုးဖောက်ကျော်လွှားမှု တစ်ခုပင်။ ထို့ကြောင့် တုပိုင်သည် သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှတောင် တက်သွားမှန်း မသိတော့ချေ။
တစ်ချိန်တည်းမှာပင် မြေပြင်ကမ္ဘာသို့သွားရာ အက်ကြောင်းသည် ပို၍ ပို၍ သေးငယ်လာပြီး လုံးဝ ပိတ်တော့မည့်ဆဲဆဲ ဖြစ်နေသည်။
တုပိုင်၏ ခန္ဓာကိုယ်သည် ကြီးမားသော အရှိန်အဟုန်ဖြင့် ဝဲကတော့နှင့်တူသော ဤအက်ကြောင်းထဲသို့ တိုးဝင်သွားကာ မြေပြင်ကမ္ဘာသို့ ပြန်လည် ရောက်ရှိသွားလေတော့၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်အက်ကြောင်းထဲမှ အစအနမကျန် ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် တုပိုင်၏ ဒန်တျန်သည် ရူးသွပ်စွာ ကျယ်ပြန့်နေဆဲ ၊ ကြီးမားလာနေဆဲဖြစ်ကာ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ရူးသွပ်စွာ တိုးတက်နေဆဲပင် ဖြစ်သည်။
ဝဲကတော့သဏ္ဍာန် အက်ကွဲကြောင်းအတွင်းသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားသည့် ထိုအခိုက်အတန့်တွင် တုပိုင်တစ်ယောက် အသိစိတ်အာရုံ လုံးဝလွတ်သွားခဲ့ရသည်။ ကမ္ဘာ့အက်ကွဲကြောင်းထဲမှ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်းသည် အာကာသအချိန်ခရီးသွားခြင်းတစ်မျိုးဟု ယူဆနိုင်သည်။ လူသားတစ်ယောက်၏ ဝိညာဉ်အသိစိတ်သည် ဤဖြစ်စဉ်မျိုးကို သတိကပ်လျက်နှင့် ဖြတ်သန်းနိုင်စွမ်း မရှိချေ။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ။ တုပိုင် တိတ်ဆိတ်စွာပင် ပြန်လည်နိုးထလာလေ၏။ သူသည် အေးလွန်းလှသဖြင့် နိုးထလာရခြင်းဖြစ်သည်။ သူ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သောအခါ အရိုးခိုက်မတတ် အေးစက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
ဤနေရာသည် မည်သည့်နေရာနည်း။ သူ အမှန်တကယ်ပင် အေးခဲ၍ သေဆုံးတော့မည်လား။ ထို့နောက် သူရောက်ရှိနေသောနေရာသည် အလွန်တရာ လှပသော နေရာတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။
အဆုံးအစမဲ့ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးတွင် ဖျော့တော့တော့ အပြာရောင် သန်းနေ၏။ ကောင်းကင်ကြီးသည်လည်း တိမ်စိုင်တစ်စက်မျှမရှိဘဲ ပြာလဲ့နေသည်။ ပင်လယ်နှင့် ကောင်းကင်တို့ အမှန်တကယ် ဆုံတွေ့နေသည့် နေရာတစ်ခုပင်။
အဝေးတစ်နေရာတွင် ရေခဲဖုံးလွှမ်းနေသော ရေခဲတောင်ကြီးများနှင့် ရေခဲမြစ်များကို တွေ့မြင်နေရပြီး ပင်လယ်ပြင်ထက်တွင် ကြီးကြီးငယ်ငယ် ရေခဲတောင်များ ၊ ရေခဲတုံးများ နေရာအနှံ့ မျောပါနေကြသည်။
ဤသည်... သူ မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။
ရေခဲတုံးများ ၊ ရေခဲမြစ်များနှင့် ရေခဲတောင်များ ရေတွက်မရအောင် ရှိနေသည်။ အန္တာတိကတိုက်နှင့် နီးနေသလော။ သို့တည်းမဟုတ် မြောက်ဝင်ရိုးစွန်းလော။
မကြာမီမှာပင် တုပိုင်သည် ဤနေရာသည် မြောက်ဘက်ရေခဲသမုဒ္ဒရာ ဖြစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ယခုအချိန်သည် ဆောင်းဦးရာသီ ကုန်ဆုံးခါနီးအချိန် ဖြစ်ရာ အန္တာတိကတိုက်တွင် နွေရာသီဖြစ်နေမည်ဖြစ်သည်။ ယခု ဤနေရာတွင် အပူချိန်သည် ရေခဲမှတ်အောက်သို့ ရောက်လုနီးပါး အေးစက်နေပြီး ပင်လယ်ပြင်တစ်ခုလုံးလည်း တဖြည်းဖြည်း စတင်ခဲလာနေပြီဖြစ်သည်။
အလွန်ဆိုးရွားလှသည်။ ကမ္ဘာ့အက်ကွဲကြောင်းထဲမှ ထွက်လာသော်လည် မြောက်ဘက်ရေခဲသမုဒ္ဒရာသို့ ရောက်ရှိလာရသည်။ သူ မည်သို့ ပြန်ရပါမည်နည်း။
တုပိုင်၏ သိုင်းပညာမှာ အလွန်ကောင်းမွန်လှပြီး ရေနက်လှိုင်းတံပိုးများထက်တွင် ခြေလှမ်းအသာအယာဖြင့် လျှောက်လှမ်းနိုင်သည်။ သို့သော် ဤကမ္ဘာလောကရှိ အစွမ်းအထက်ဆုံး သိုင်းပညာရှင်များသည်ပင် ရေပေါ်၌ လီပေါင်း ရာချီခန့် လျှောက်လှမ်းပြီးလျှင် ရွှမ်းချီအတွင်းအား ကုန်ဆုံးသွားမည်ဖြစ်ကာ ပင်လယ်ထဲသို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အတွင်းအားကို အသုံးပြု၍ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ထားခြင်းသာ ဖြစ်သည်။ ထို့ပြင် ဤနေရာရှိ အပူချိန်သည် အလွန်နိမ့်ကျလှသဖြင့် လူကို ခဲသေသွားစေနိုင်သည်။ တုပိုင်၏ သွေးသားခန္ဓာကိုယ်သည် အအေးဒဏ်ကြောင့် ခဲမသွားနိုင်သော်လည်း အအေးဒဏ်ကို ခုခံရန်အတွက် အတွင်းအားကို ထုတ်သုံးနေရပေမည်။
မျောပါနေသော ရေခဲတုံးတစ်ခုကို ရှာတွေ့သောအခါ တုပိုင်သည် ပေါ့ပါးစွာဖြင့် ခုန်တက်လိုက်၏။ အလိုအလျောက်ပင် ထိုင်ချချင်စိတ် ပေါက်သွားသော်လည်း သူ၏ ခန္ဓာကိုယ်တွင် အဝတ်အစားတစ်စမျှ မရှိသည်ကို သတိပြုမိလိုက်သဖြင့် ထိုင်လိုက်လျှင် အဆင်ပြေမည်မဟုတ်ပေ။ ထို့ကြောင့် တုပိုင်သည် ရေခဲတုံးငယ်လေးပေါ်တွင် မတ်တတ်ရပ်ရင်း တိုက်ခတ်လာသော လေအေးများကို အံတုနေရသည်။
အရိုးခိုက်မတတ် အေးစက်သော လေပြင်းများက ဓားဖြင့် မွှန်းသကဲ့သို့ နာကျင်စေသည်။ ယခုတစ်ကြိမ် ကမ္ဘာ့အက်ကွဲကြောင်း ခရီးစဉ်သည် အမှန်တကယ်ပင် သေကွင်းသေကွက် ဖြစ်ခဲ့သည်။
ထိုအချိန်တွင် တုပိုင် နားလည်လိုက်သည်။ သူ အမှောင်ထုဒြပ်စင်ကို သောက်သုံးကာ လီရူဟိုင်ကို သတ်ဖြတ်လိုက်သည့် အချိန်ကတည်းက တစ်ချိန်ချိန်တွင် သူ၏ အသက်စွမ်းအင်များ ရုတ်တရက် ဆုံးရှုံးသွားမည်မှာ သေချာနေခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့်ပင် အိပ်မက်စနစ်က သူ့အား ပေမင်ဓားဂိုဏ်းသို့ သွားရောက်ရန် အဆက်မပြတ် တိုက်တွန်းနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်ကတည်းက အိပ်မက်စနစ်၏ စီမံကိန်းတွင် တုပိုင်သည် ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ရမည်ဟု ပါရှိပြီးဖြစ်သည်။ မူလက သူတို့ ထင်မှတ်ထားသည်မှာ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ငါးဦး၏ ဝိညာဉ်များသည် ငရဲအက်ကွဲကြောင်းထဲတွင် ရှိနေမည်ဖြစ်ပြီး ထိုဂိုဏ်းချုပ်ကြီး ငါးဦး၏ စွမ်းအင်ဖြင့်သာ တုပိုင်၏ ခန္ဓာကိုယ်မှ စွမ်းအင်ကွက်လပ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ကာ အသက်စွမ်းအင်ကို ပြန်လည်ရရှိစေနိုင်မည်ဟု တွက်ဆထားကြခြင်း ဖြစ်သည်။
သို့သော် အိပ်မက်စနစ် လုံးဝ ထင်မှတ်မထားခဲ့သည့် အရာမှာ ပေမင်ဓားဂိုဏ်းချုပ်ဟောင်း ငါးဦးသည် ကမ္ဘာ့အက်ကွဲကြောင်းထဲတွင် ဝိညာဉ်ကွဲလုနီးပါး ဖြစ်နေခဲ့ကြပြီး တုပိုင် တွေ့ကြုံခဲ့ရသည်မှာ ကောက်ကျစ်စဉ်းလဲကာ စွမ်းအားကြီးမားသော ဝိညာဉ်မိစ္ဆာငါးကောင် ဖြစ်နေခြင်းပင်။
အနည်းငယ် လွဲချော်သွားရုံမျှဖြင့် တုပိုင်တစ်ယောက် ထိုနေရာတွင်ပင် လုံးဝ သေဆုံးသွားနိုင်သည်။
သို့သော် နောက်ဆုံးတွင်တော့ ကံဆိုးမိုးမှောင်ကျရာမှ ကောင်းကျိုးတစ်ခု ဖြစ်လာခဲ့သည်။ ပထမဦးဆုံးအနေဖြင့် ဝိညာဉ်မိစ္ဆာငါးကောင်ထံမှ ဝင်ရောက်လာသော စွမ်းအင်များက တုပိုင်၏ ခန္ဓာကိုယ်ကို အသက်ပြန်ရှင်စေခဲ့သည်။ ဒုတိယအနေဖြင့် တစ်ဆယ့်နှစ်ဆက်မြောက် ပေမင်ဂိုဏ်းချုပ်ကြီးသည် နောက်ဆုံးအချိန်တွင် သူ၏ လက်ကျန်စွမ်းအင်အားလုံးကို တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် ပေမင်မဟာအတတ်သည်ရော မည်သို့နည်း။
သဘောတရားအရ ပြောရလျှင် ပေမင်မဟာအတတ်သည် ပေမင်ဂိုဏ်းချုပ်၏ ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည်။
တုပိုင် မျက်လုံးများကို မှိတ်လိုက်ရာ တစ်ဆယ့်နှစ်ဆက်မြောက် ပေမင်ဂိုဏ်းချုပ်ကြီး ဝူယာကျစ်၏ အသံကို ကြားယောင်လာသည်။
"တာဝန်ရှင်ကောင်းကင်သခင် တုပိုင်... ကျုပ်ရယ် ၊ အော်ယန်နု နဲ့ ကျူးထျန်ဟန်တို့ ပေမင်မဟာအတတ်ကို ပြန်လည်ဖန်တီးဖို့ အချိန်အကြာကြီး ယူခဲ့ရတယ်။ ဒါ့အပြင် ကျုပ်တို့ဟာ ပေမင်မဟာအတတ် စွမ်းအင်ကျမ်းလိပ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ဖို့အတွက် အစွမ်းထက်တဲ့ စွမ်းအင်အများအပြားကို ထုတ်လွှတ်ခဲ့ရသေးတယ်။ အကျိုးဆက်အနေနဲ့ ကျုပ်တို့က ဟင်းလင်းပြင်နယ်ပယ်ထဲမှာ ပိတ်မိသွားခဲ့ပြီး အဲဒီအချိန်ကျမှ ဝိညာဉ်မိစ္ဆာတွေက အားနည်နေတဲ့ကျုပ်တို့ကို အခွင့်ကောင်း ယူသွားခဲ့တာ..."
"ပြီးတော့ ပေမင်မဟာအတတ် စွမ်းအင်ကျမ်းလိပ်ကို ဝိညာဉ်မိစ္ဆာတစ်ကောင်က ယူဆောင်သွားတယ်။ အခု အဲဒီ ဝိညာဉ်မိစ္ဆာက ကျုပ်တို့ရဲ့ ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်ပြီးနေလောက်ပြီ..."
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၁ + ၆၂၂ ပြီး။
မူရင်းစာရေးဆရာ။ Silent Cake And Pastries
ဘာသာပြန်။ Author Chang’e 🌕
True Immortal Team