အခန်း (၆၂၇-၆၂၈)
Vol. 63 Ch. 627-628
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၇ + ၆၂၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
သူမ၏ ဓားကောက်သည် တိုက်ရိုက်ပင် ကျိုးပဲ့သွားရ၏။
တုပိုင်၏ လည်ပင်းထက်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် လက်ခနဲဖြစ်သွားပြီး ရွှေရောင်နဂါးအကြေးခွံများက ထူထပ်စွာ ဖုံးအုပ်သွားသည်။
တုပိုင်က အေးဆေးစွာ ပြောလိုက်၏။ “အရှင်မင်းသမီးရဲ့ ဓားကောက်က သာမန်ဆန်လွန်းနေပုံရတယ်။ တာ့နင်အင်ပါယာကို ရောက်ရင် ခင်ဗျားကို တကယ့် ရတနာပစ္စည်းတစ်ခု ကျွန်တော် လက်ဆောင်ပေးပါမယ်”
မင်းသမီး လီအာနာ အမှန်တကယ် ကြောင်အသွားရသည်။ ဓားပြီးလှံပြီး ဖြစ်နေသည်လား။ အဝါရောင်ကောင်က ဓားပြီးလှံပြီး ဖြစ်နေသည်လား။
တုပိုင်က ဆက်၍ ဆိုလိုက်သည်။ “ကဲ... အခု သဘောတူညီမှုတစ်ခုအကြောင်း ဆွေးနွေးကြရအောင်”
မင်းသမီး လီအာနာ စိတ်တည်ငြိမ်သွားပြီးနောက် သူမ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ မြင့်မြတ်မောက်မာသော မူလပုံသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွား၏။ မြို့စားမင်းသမီး လီအာနာက ဆိုလိုက်သည်။ “ပြောပါဦး... အရှေ့ဘက် တာ့နင်အင်ပါယာက မစ္စတာ ဂျူလီယန်”
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ ဘုရင်ကို ကျွန်တော် ကယ်တင်ပေးနိုင်တယ် ၊ သူ အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ လဲလှယ်မှုအနေနဲ့ ကျွန်တော် သံချပ်ကာ စစ်သင်္ဘော တစ်စင်း လိုချင်တယ်။ စစ်သင်္ဘောတင် မကဘူး ၊ သင်္ဘောပေါ်က သင်္ဘောသားတွေနဲ့ အမြောက်တပ်သားတွေ အကုန်လုံးကိုပါ လိုချင်တာ”
မြို့စားမင်းသမီး လီအာနာက အေးစက်စွာ တုံ့ပြန်လိုက်သည်။ “မဖြစ်နိုင်ဘူး။ နေမင်းကြီး အနောက်ဘက်က ထွက်လာရင်တောင် ၊ ပင်လယ်ရေတွေ အကုန် ခန်းခြောက်သွားရင်တောင် မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ သံချပ်ကာ စစ်သင်္ဘောကို ဘယ်သူ့ကိုမှ ပေးလို့မရဘူး။ ဒါက လုံးဝ အရောင်းအဝယ် လုပ်လို့မရတဲ့ အရာပဲ”
တုပိုင်က ဆိုလိုက်သည်။ “ခင်ဗျားတို့ ဘုရင်ရဲ့ အသက်နဲ့တောင်မှလား။ ကျွန်တော့်အကူအညီ မပါရင် ခင်ဗျားတို့ရဲ့ ဘုရင် ကွန်စတင်တိုင်းဟာ သေချာပေါက် သေဆုံးရလိမ့်မယ်။ အဲဒီအခါကျရင် သံချပ်ကာ စစ်သင်္ဘောရဲ့ စွမ်းအင်ဗဟိုချက် လျှို့ဝှက်ချက်တွေအကုန်လုံး ငရဲထဲ ပါသွားလိမ့်မယ်။ ပြီးရင် ခင်ဗျားတို့ရဲ့ သံချပ်ကာ စစ်သင်္ဘောတွေအကုန်လုံး လုံးဝ အသုံးမဝင်တော့ဘဲ ဖြစ်သွားမှာ။ ခင်ဗျားတို့ရဲ့ ဗိုက်ကင်းနိုင်ငံလည်း လုံးဝ ပျက်စီးသွားလိမ့်မယ်”
ထို့နောက် တုပိုင်က လှောင်ပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။ “အရှင်မင်းသမီး... သံချပ်ကာ စစ်သင်္ဘော တစ်စင်းတည်းနဲ့ ခင်ဗျားတို့ နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာကို လဲလှယ်ရမှာလေ။ ဒါ တရားမျှတမှု မရှိဘူးလား။ ဒါက ကမ္ဘာပေါ်မှာ တွက်ခြေအကိုက်ဆုံး အရောင်းအဝယ်ပဲ”
မင်းသမီး လီအာနာက ဆိုသည်။ “လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းသား ဂျူလီယန်... ရှင့်ကို အရှေ့တိုင်း ဗေဒင်ဆရာ တစ်ယောက်လို့ပဲ ထားလိုက်ဦးတော့။ ရှင်က ငါတို့ဘုရင်ကို ကယ်တင်နိုင်မယ်ဆိုတာ ငါက ဘာလို့ ယုံကြည်ရမှာလဲ။ ငါတို့ဘုရင်ကို ကယ်တင်ဖို့အတွက် မရေမတွက်နိုင်တဲ့ မှော်ဆရာတွေ ၊ ကုသသူတွေ ၊ အဂ္ဂိရတ်ဆရာတွေ ၊ ဝိညာဉ်ဆရာတွေနဲ့ လျှို့ဝှက်ပညာရှင်တွေကို ဖိတ်ခေါ်ခဲ့ပြီးပြီ။ အရှေ့ဘက် ပြည်ထောင်စုက လာတဲ့သူတွေဆိုရင် ငါးယောက်ထက် မနည်းဘူး။ ဒါပေမဲ့ အားလုံး ခြွင်းချက်မရှိ ကျရှုံးခဲ့ကြတယ်။ အရှေ့တိုင်းသား လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ရှင်က ငါတို့ဘုရင်ကို ကယ်တင်နိုင်မယ်ဆိုတာ ငါ လုံးဝ မယုံဘူး”
တုပိုင်အား အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေသည့် အသေးစိတ်အချက် တစ်ခုရှိသည်။ မင်းသမီး လီအာနာက အရှေ့တိုင်းအကြောင်း ပြောသည့်အခါ သူမက အရှေ့ဘက် ပြည်ထောင်စု အကြောင်းကိုသာ ရည်ညွှန်းနေခြင်းဖြစ်ပြီး တာ့နင်အင်ပါယာအကြောင်း ထည့်မပြောပေ။
ဤအချိန်တွင် ကမ္ဘာ့အမြင်၌ အရှေ့ဘက် ပြည်ထောင်စုသည် အရှေ့တိုင်း၏ အဓိက အင်အားကြီးနိုင်ငံ ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ တာ့နင်အင်ပါယာမှာမူ သူတို့မျက်လုံးထဲတွင် တစ်ဆယ့်ကိုးရာစုနှောင်းပိုင်းက မန်ချူးအင်ပါယာကဲ့သို့ ပုပ်သိုးဆွေးမြည့်နေပြီး ခေတ်နောက်ကျနေသော နိုင်ငံအဖြစ်သာ ရှိနေပေလိမ့်မည်။
တုပိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဒါပေါ့... သူတို့က ခင်ဗျားတို့ ဘုရင်ကို မကယ်တင်နိုင်ကြဘူးလေ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ဘုရင်က ဖျားနာနေတာမှ မဟုတ်တာ ၊ အဆိပ်မိနေတာလည်း မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ငရဲကလာတဲ့ မိစ္ဆာသတ္တဝါတစ်ကောင် ပုန်းအောင်းနေလို့ပဲ”
မင်းသမီး လီအာနာက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ရှင် နောက်နေတာလား။ ဒါမှမဟုတ် ပုံပြင်တွေ လာပြောနေတာလား။ ဒီကမ္ဘာပေါ်မှာ ငရဲဆိုတာ မရှိဘူး။ ကမ္ဘာမြေ အက်ကွဲကြောင်းရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာ ထူးဆန်းတဲ့ သတ္တဝါတွေ ရှိတယ်ဆိုတာ ငါသိပေမဲ့ အဲဒါတွေအကုန်လုံးကို စွမ်းအင်သဘောတရားအရ လေ့လာလို့ရတယ် ၊ သိပ္ပံပညာနဲ့တောင် ရှင်းပြလို့ ရတာ”
အနောက်ကမ္ဘာတွင် နည်းပညာယဉ်ကျေးမှုများ မြင့်တက်လာသည်နှင့်အမျှ ငရဲဘုံများနှင့် မိစ္ဆာများဆိုသည်မှာ ရယ်စရာကောင်းသော ဒဏ္ဍာရီများအဖြစ်သို့ ရောက်ရှိသွားပြီး မည်သူမျှ ယုံကြည်ကြတော့မည် မဟုတ်ပေ။
မြို့စားမင်းသမီး လီအာနာက ဆက်ပြောသည်။ “ရယ်စရာကောင်းတဲ့ အရှေ့တိုင်းသား မစ္စတာ တုပိုင်... ရှင် ပါရီမြို့ကို သွားပြီး ဝတ္ထုရေးသင့်တယ်။ ရှင့်ရဲ့ အရိုင်းဆန်တဲ့ တွေးခေါ်မှုတွေနဲ့ဆိုရင် ရှင့်ရဲ့လက်ရာတွေက သေချာပေါက် ရောင်းကောင်းပြီး အရမ်းချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာမှာ။ အခုလိုမျိုး ငါ့ရှေ့မှာ လုပ်ကြံဖန်တီးပြီး လျှောက်ပြောနေမယ့်အစားပေါ့”
တုပိုင်က လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး။ “ဟုတ်လား... ဒါဆိုရင် နောက်ထပ် ပြကွက်တစ်ခုကို သေချာ ကြည့်ပေးပါဦး”
သူသည် မင်းသမီး လီအာနာ၏ ချစ်သူအလောင်းနားတွင် ထိုင်ချလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “သိပ်လှတဲ့ အလှပဂေးလေးပဲ ၊ နှမြောစရာ ကောင်းလိုက်တာ။ သူမမှာ ခင်ဗျားကို ပြောစရာ စကားအချို့ ကျန်ခဲ့သေးတယ်လို့ ကျွန်တော် အခုလေးတင် သိလိုက်ရတယ်။ မပြောရသေးခင် သေသွားတာ သိပ်နှမြောစရာ ကောင်းတာပဲ”
ထို့နောက် တုပိုင်၏ မျက်လုံးများက အစိမ်းရောင် မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏လက်များတွင်လည်း ထူးဆန်းသော အလင်းရောင်များ ပေါ်ထွက်လာသည်။ ဆက်လက်၍ သူ၏ လက်ဖဝါးကို ဆံပင်နီရောင် အလှပဂေးလေး၏ အလောင်းနဖူးပြင်ပေါ်တွင် ဖိကပ်လိုက်လေသည်။
တုပိုင်၏ အသံမှာ အလွန် ထူးဆန်းသွားပြီး ကမ္ဘာ့အက်ကွဲကြောင်းထဲမှ ဝိညာဉ်မိစ္ဆာတစ်ကောင်၏ အသံနှင့် တူနေကာ ပြောလိုက်သည်။ “သေဆုံးသူ ဝိညာဉ်... ကျေးဇူးပြုပြီး ခေတ္တခဏ ပြန်လည်နိုးထလာပြီး သင့်ချစ်သူကို မှာကြားစရာရှိတာတွေ အကုန် ပြောပြလိုက်ပါ”
ထို့နောက် ထူးဆန်းပြီး ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ မင်းသမီး လီအာနာ၏ သေဆုံးသွားသော ချစ်သူမိန်းကလေးသည် မျက်လုံးများကို အမှန်တကယ် ပြန်ဖွင့်လာ၏။ သို့သော် သူမ၏ မျက်လုံးများမှာ ယခင်လို လှပမနေတော့ဘဲ ဖြူဖပ်ဖြူရော် တစ္ဆေမျက်လုံးများ ဖြစ်နေသည်။
သေဆုံးသူ မိန်းကလေးသည် မျက်လုံးဖွင့်လာရုံသာမက စကားပါ ပြောလာသည်။ “အချစ်ကလေး... ကျေးဇူးပြုပြီး ကျွန်မရဲ့ ကျူးလစ်ပန်းလေးကို အသေမခံပါနဲ့နော်”
အံ့သြဖွယ်ရာ စွမ်းရည် ၊ ခန့်မှန်းရခက်လွန်းလှသည့် အရာပင်။ အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းသော မြင်ကွင်း ၊ အလွန် ရင်သပ်ရှုမောဖွယ်ရာနှင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သေလူကို မျက်လုံးပြန်ဖွင့်လာအောင် လုပ်နိုင်ပြီး စကားပါ ပြန်ပြောနိုင်စေသည်လား။ သူ့ရှေ့မှ အရှေ့တိုင်းသား ဂျူလီယန် ဆိုသူသည် လူလော ၊ နတ်လော ၊ တစ္ဆေလော။
တုပိုင် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် သေလူကို အမှန်တကယ် မျက်လုံးဖွင့် စကားပြောနိုင်အောင် လုပ်ပေးနိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် သေဆုံးသောအခါ ဝိညာဉ် ကွဲကြေလွင့်ပါးသွားရန် လုပ်ငန်းစဉ်တစ်ခု လိုအပ်သောကြောင့် ဖြစ်၏။ ဤအချိန်တွင် တုပိုင်သည် ထိုဝိညာဉ်ကို ယာယီ စုစည်းလိုက်ပြီး အလောင်းကောင်ထဲသို့ ပြန်လည် ထိုးသွင်းလိုက်ခြင်း ဖြစ်သဖြင့် သူမ မျက်လုံးဖွင့် စကားပြောလာနိုင်ခြင်း ဖြစ်သည်။
သူ မည်သို့ လုပ်နိုင်သနည်း။ အဖြေမှာ ရှင်းလင်းလှပေသည်။ ဝိညာဉ်မိစ္ဆာကြောင့်ပင်။ ဝိညာဉ်မိစ္ဆာသည် အခြားကမ္ဘာ ၊ ငရဲနှင့် တုပိုင်တို့နေရာ သုံးခုကြားတွင် အပြန်အလှန် ကူးလူးသွားလာနိုင်သော တစ်ခုတည်းသော မိစ္ဆာသတ္တဝါဖြစ်သည်။ တုပိုင်၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်မိစ္ဆာ၏ စွမ်းအင် ရှိနေပြီဖြစ်သောကြောင့် တုပိုင်သည် ခန့်မှန်း၍မရနိုင်သော ကြောက်မက်ဖွယ် စွမ်းရည်အများအပြားကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။
မင်းသမီး လီအာနာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အကြီးအကျယ် တုန်လှုပ်သွားကာ တုပိုင်ကို ကြည့်၍ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ “ရှင်က လူလား... တစ္ဆေလား... ဒါမှမဟုတ်...”
တုပိုင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “လေးစားရပါသော မင်းသမီး လီအာနာ... အခု ခင်ဗျားတို့ ဘုရင်ကို ကျွန်တော် ကယ်တင်နိုင်မယ်ဆိုတာ ယုံကြည်ပါပြီလား။ ပြီးတော့ ခင်ဗျားတို့ ဘုရင်ကို ကယ်တင်နိုင်တဲ့သူက ကျွန်တော် တစ်ယောက်တည်းပဲ ရှိပါတယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ ၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ဘုရင် လုံးဝ သေဆုံးသွားဖို့အတွက် အချိန် တစ်ရက်တောင် မလိုတော့ဘူး”
မင်းသမီး လီအာနာသည် တုပိုင်အား တုန်လှုပ်ချောက်ချားစွာ ကြည့်နေလေသည်။ မြို့စားမင်းသမီး လီအာနာက ပြောလိုက်သည်။ “အချစ်ကလေး... စိတ်မပူပါနဲ့ ၊ မင်းရဲ့ ကျူးလစ်ပန်းလေးကို ကိုယ် စောင့်ရှောက်ထားပါ့မယ်”
ရုတ်တရက်ဆိုသလို သူမ၏ လှပသော ချစ်သူမိန်းကလေးသည် မျက်လုံးများ မှိတ်သွားပြီး ငြိမ်းချမ်းစွာ အနားယူသွားလေတော့သည်။ တုပိုင် စကားမပြောဘဲ မင်းသမီး လီအာနာကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမလည်း စကားမပြောဘဲ လှည့်ထွက်သွားကာ အခန်းထောင့်သို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
ရုတ်တရက်ဆိုသလို သူမ၏ ခါးနှင့် တင်ပါး အချိုးအစားက အလွန် ပေါ်လွင်လာပြီး ပြည့်ဖြိုးကားစွင့်နေသော တင်ပါးကြီးများသည် ဘောင်းဘီကျပ်ကျပ်ကို ကွဲထွက်တော့မတတ် ဖြစ်ပေါ်နေလေသည်။ အနောက်တိုင်း အမျိုးသမီးများ၏ အရင်းအနှီးက အမှန်တကယ် အံ့သြဖွယ်ရာ ကောင်းလှပေသည်။
သူမသည် ငွေရောင်မျက်နှာဖုံးတစ်ခုနှင့် အနက်ရောင် ဝတ်ရုံရှည်တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ “မစ္စတာ ဂျူလီယန် ၊ ကျေးဇူးပြုပြီး ဒါကို ဝတ်ဆင်လိုက်ပါ”
တုပိုင် မျက်နှာဖုံးနှင့် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်လိုက်သည်။ ရုတ်တရက်ဆိုသလို ညဘက် လည်ပတ်ထွက်သော သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ၊ သို့မဟုတ် အလွန် ရှုပ်ထွေးပွေလီသော ပါတီပွဲသို့ သွားမည့် မြင့်မြတ်သော လူတန်းစားတစ်ဦးကဲ့သို့ ဖြစ်သွားသည်။
မြို့စားမင်းသမီး လီအာနာက ပြောလိုက်သည်။ “လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင် ဂျူလီယန်... ရှင်က ငါ့ကို တကယ် တုန်လှုပ်သွားစေတာပဲ။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက် ငါတို့က မှော်ဆရာတွေ အများကြီးကို ဆက်တိုက် ရှာဖွေခဲ့ပြီးပြီ ၊ အဲဒီထဲက လူအတော်များများကလည်း အလွန် အံ့သြဖွယ်ကောင်းတဲ့ စွမ်းရည်ပြသမှုတွေ လုပ်ပြခဲ့ကြတာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘယ်သူမှ ငါတို့ရဲ့ အရှင်မင်းမြတ်ကို အောင်မြင်အောင် မကယ်တင်နိုင်ခဲ့ကြဘူး ၊ အားလုံး အသတ်ခံလိုက်ရတာချည်းပဲ။ ရှင် နားလည်မယ်လို့ ငါ မျှော်လင့်ပါတယ်”
တုပိုင်က ပြောလိုက်သည်။ “အကယ်၍ အရှင်မင်းမြတ်ကို မကယ်တင်နိုင်ရင် အသတ်ခံရမယ်ပေါ့ ၊ ဟုတ်လား။ လျှို့ဝှက်ချက် ထိန်းသိမ်းဖို့အတွက်လေ”
မြို့စားမင်းသမီး လီအာနာက ဆိုလိုက်သည်။ “ဟုတ်ပါတယ် ၊ တကယ်တော့ လျှို့ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကို သိတဲ့သူတွေက တော်ဝင်မိသားစုဝင်တွေတင် မကပါဘူး”
ဤအချက်ကား သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်မိသားစုဝင်များသည် ကမ္ဘာအနှံ့မှ ဘုရင်ကို ကယ်တင်ရန် နည်းလမ်းများ ရှာဖွေနေရသဖြင့် ဤလောကကြီးတွင် လုံခြုံသော နံရံဟူ၍ မရှိသလို လုံးဝ လျှို့ဝှက်ထားနိုင်ရန်လည်း မဖြစ်နိုင်ပေ။
မြို့စားမင်းသမီး လီအာနာက ဆက်ပြောသည်။ “ဘုရင်မင်းမြတ်ကို ကယ်တင်နေစဉ်မှာ ဘုန်းတော်ကြီးအချို့ကလည်း အခန်းအပြင်ဘက်ကနေ ဝိုင်းရံထားကြလိမ့်မယ်။ အကယ်၍ ရှင် ကျရှုံးသွားရင် ချက်ချင်း အသတ်ခံရလိမ့်မယ် ၊ မှာကြားစရာ စကားတောင် ပြောချိန်ရမှာ မဟုတ်ဘူး။ မစ္စတာ ဂျူလီယန်... ရှင် ဘုရင်မင်းမြတ်ကို ကယ်တင်ဖို့ ငါနဲ့ လိုက်ခဲ့ချင်တာ သေချာရဲ့လား”
တုပိုင်က တုံ့ပြန်လိုက်သည်။ “ဒါပေါ့... ကျေးဇူးပြုပြီး လမ်းပြပေးပါ”
မင်းသမီး လီအာနာသည် တုပိုင်ကို သင်္ဘောပေါ်မှ ခေါ်ဆောင်သွားပြီး ခေတ်သစ်ကမ္ဘာတွင် မရှိသော ဗိုက်ကင်းမြို့တော်ပေါ်သို့ ခြေချလိုက်သည်။ ယခု အချိန်သည် အမှောင်ကျနေပြီဖြစ်သော်လည်း လမ်းမပေါ်တွင် လူများဖြင့် ပြည့်နှက်နေပြီး လမ်းဘေးဝဲယာရှိ အဆောက်အအုံများမှာလည်း မီးရောင်များဖြင့် ထိန်လင်းနေသည်။ လူမျိုးပေါင်းစုံ ၊ လူဖြူ ၊ လူမည်း ၊ အသားညိုနှင့် အဝါရောင် လူမျိုးများ စုံလင်စွာ ရှိနေသေးသည်။ လမ်းမတစ်လျှောက်တွင် ဘာသာစကားမျိုးစုံဖြင့် ဧည့်သည်ခေါ်ယူနေကြသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးများလည်း နေရာအနှံ့ ရှိနေကြ၏။
မြို့စားမင်းသမီး လီအာနာက ပြောလိုက်သည်။ “ဗိုက်ကင်းနိုင်ငံတစ်ခုလုံးမှာ လူဦးရေ သုံးသိန်းပဲ ရှိတယ် ၊ အဲဒီထဲက တစ်သိန်းက ဒီမြို့တော်မှာ နေထိုင်ကြတာ။ ဒါပေမဲ့ ဒီအချိန်ဆိုရင် မြို့တော်တစ်ခုလုံးမှာ လူဦးရေ သုံးသိန်းကျော် ရှိနေပြီး နိုင်ငံခြားသား ဦးရေက နှစ်သိန်းကျော်တယ်။ ကမ္ဘာအနှံ့က ပူးပေါင်းကြံစည်သူတွေ ၊ ပြည်နှင်ဒဏ်ပေးခံရသူတွေ ၊ မီးနတ်ဘုရားဘာသာဝင်တွေ ၊ တော်ဝင်ရောမအင်ပါယာက အလိုရှိနေတဲ့ ရာဇဝတ်သားတွေ အားလုံး ဒီမြို့မှာ စုဝေးနေကြတာ”
တုပိုင် မေးလိုက်သည်။ “ဒါက ဥပဒေမဲ့ဇုန်လား”
မြို့စားမင်းသမီး လီအာနာက ပြောလိုက်သည်။ “ပြင်ပကမ္ဘာအတွက်တော့ ဥပဒေမဲ့ဇုန်ပါပဲ။ ဒီနေရာမှာ ဗိုက်ကင်းနိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာပြီး အခွန်နဲ့ ငွေကြေး ပေးဆောင်သရွေ့ နိုင်ငံတော်ရဲ့ ရေတပ်အုပ်စုက ရှင့်ရဲ့ အခိုင်မာဆုံး ဒိုင်းကာ ဖြစ်ပေးလိမ့်မယ်။ ဘယ်နိုင်ငံ ၊ ဘယ်အင်အားစုကမှ ရှင့်ကို ဖမ်းခေါ်သွားလို့ မရဘူး”
“လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင် ဂျူလီယန်... တစ်နေ့နေ့ကျရင် အရှေ့တိုင်းမှာ ရှင့်ရဲ့ လုပ်ငန်းဆောင်တာတွေ ကျရှုံးသွားခဲ့ရင် ကျွန်မတို့ ဗိုက်ကင်းမြို့တော်ကို လာရောက် ခိုလှုံနိုင်ပါတယ်။ ဒါပေမဲ့ ငွေအလုံအလောက် ယူလာဖို့တော့ မမေ့နဲ့ပေါ့။ ပိုက်ဆံရှိသရွေ့ ဒီနေရာက နတ်ပြည်ပါပဲ”
ဤနေရာသည် အမှန်တကယ် နတ်ပြည်ပင် ဖြစ်သည်။ လမ်းတစ်လမ်းတည်း လျှောက်ရုံမျှဖြင့် ဧည့်သည်ခေါ်နေသော အမျိုးသမီး တစ်ရာကျော်ကို တုပိုင် တွေ့ရှိခဲ့ရသည်။ သူမတို့အားလုံးနီးပါး အလွန် လှပကြပြီး လူမျိုးပေါင်းစုံ ပါဝင်သည်။ ထို့ပြင် သူသည် မျိုးစုံသော အစားအသောက်ကောင်းများကိုလည်း တွေ့မြင်ခဲ့ရသည်။
တာ့နင်အင်ပါယာ၏ ဝက်နို့စို့ကင် ၊ မီးနတ်ဘုရားဘာသာ၏ ကုလားအုတ်ကင်ပွဲတော် ၊ ဇာဘုရင်နိုင်ငံ၏ ဝက်ဝံလက်ဝါးဟင်းလျာ ၊ အရှေ့ယင်းအင်ပါယာ၏ ငါးအစိမ်းဟင်းလျာနှင့် ဗြိတိသျှအင်ပါယာ၏ ကြယ်ကြည့်မုန့်တို့ ဖြစ်သည်။ ဝိုင်ကောင်းများအနေဖြင့် လမ်းမီတာ တစ်ရာအတွင်း၌ပင် ဝိုင်အမျိုးအစား တစ်ရာကျော်၏ အနံ့ကို တုပိုင် ရလိုက်သည်။ ဤမြို့တွင် ငွေရှိပါက ကမ္ဘာပေါ်ရှိ အကောင်းဆုံး အစားအစာများကို စားသုံးနိုင်သလို ၊ အလှပဆုံး အမျိုးသမီးများနှင့် အိပ်စက်နိုင်ပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဝိုင်များကို နေ့စဉ် သောက်သုံးနိုင်ပေသည်။
တုပိုင်က မေးလိုက်သည်။ “အရှင်မင်းသမီး... ဒီလမ်းပေါ်မှာ ကျွန်တော် အမျိုးသမီးတစ်ယောက် ရှာပြီး ညအိပ်ချင်ရင် ဘယ်လောက်ကျမလဲ”
မြို့စားမင်းသမီး လီအာနာက ပြောလိုက်သည်။ “ငွေဒင်္ဂါး ငါးပြားပါ”
တုပိုင်က ဤနေရာ၏ ကုန်ကျစရိတ်ကို စုံစမ်းချင်ရုံသာ ဖြစ်သည်။ ယေဘုယျအားဖြင့် ဆိုရသော် အသားဈေးနှုန်း (အမျိုးသမီးဈေးနှုန်းကို တင်စားခြင်း) သည် မြို့တစ်မြို့၏ ကုန်ဈေးနှုန်းအဆင့်အတန်းကို တိုင်းတာရန် အခြေခံ စံနှုန်းဖြစ်သည်။ ငွေဒင်္ဂါး ငါးပြားဆိုသည်မှာ မီးနတ်ဘုရားဘာသာ၏ လက်ရွေးစင် ကြေးစားစစ်သည်တစ်ဦး၏ တစ်လစာ လစာဖြစ်ပြီး တာ့နင်အင်ပါယာ စစ်သည်တစ်ဦး၏ လေးလစာ လစာ ဖြစ်သည်။ ဈေးနှုန်းမှာ ကွေ့လင်မြို့ထက် အဆ နှစ်ဆယ် ၊ တာ့နင်အင်ပါယာထက် ဆယ်ဆ ပိုများသည်။ ဤဇိမ်ခံမြို့တော်၏ ကုန်ဈေးနှုန်းက တာ့နင်အင်ပါယာထက် ဆယ်ဆမက များပြားကြောင်း တွေ့မြင်နိုင်ပေသည်။
လီအာနာက ပြောလိုက်သည်။ “ရှင်တို့ အရှေ့တိုင်းသားတွေက အဆင့်အတန်း မမြင့်မားပေမဲ့ ကျွန်ဈေးနှုန်းကတော့ အရမ်း မြင့်ပါတယ်။ ဥပမာ ၊ ရှင်လို အလွန် ချောမောခန့်ညားပြီး သွယ်လျတဲ့ ၊ အင်္ဂလိပ်စကား နားလည်တဲ့ ယောက်ျားတစ်ယောက်ဆိုရင် ရွှေဒင်္ဂါး ရှစ်ရာလောက်နဲ့ ရောင်းလို့ရတယ်”
ရွှေဒင်္ဂါး ရှစ်ရာဆိုသည်မှာ ငွေဒင်္ဂါး ရှစ်ထောင်ဖြစ်ပြီး ယွမ်ငွေ သန်းပေါင်းများစွာနှင့် ညီမျှသည်။ ဤသို့ ဟိတ်ဟန်ကြီးသော မြို့ကြီးတွင် သူလို ချောမောသည့် အမျိုးသားတစ်ယောက်က အမှန်တကယ် တန်ဖိုးရှိကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။
ထို့နောက် တုပိုင်သည် ဤဇိမ်ခံမြို့တော်ကြီး၏ လမ်းမများပေါ်တွင် နောက်ထပ် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ မြင့်မြတ်သော လူတန်းစားများနှင့် သူဌေးများ အများအပြား၏ အနောက်တွင် သံလူသားတစ်ယောက် ရပ်နေသည်ကို တွေ့ရှိရသည်။ တိကျစွာ ဆိုရသော် ကိုယ်ခန္ဓာတစ်ခုလုံး သံချပ်ကာ ဖုံးအုပ်ထားသော စစ်သည်တစ်ဦး ဖြစ်သည်။ အရပ် နှစ်မီတာမြင့်ပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားသည်။ သံချပ်ကာသည်လည်း ခမ်းနားထည်ဝါပြီး အာဏာစက် ပြင်းထန်ပုံ ပေါက်သည်။ ခါးတွင် ဓားကောက်တစ်လက်အပြင် ကြီးမားသော တူကြီးတစ်ချောင်းကိုလည်း ချိတ်ဆွဲထားသေးသည်။
ဤသည်မှာ အံ့မခန်း တိုက်ခိုက်နိုင်စွမ်းရှိသော သံလူသား ဆာမူရိုင်းစစ်သည်ပင်။ နှစ်မီတာမြင့်သော ဤသံလူသား စစ်သည်တော်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ လမ်းလျှောက်ပြီး ခြေလှမ်းတိုင်းကို တိုင်းတာထားသကဲ့သို့ တိကျသည်။ သူတို့၏ မျက်လုံးများသည် သူတို့၏ သခင်များကို အမြဲ စိုက်ကြည့်နေပြီး အန္တရာယ် တစ်စုံတစ်ရာ ရှိလာသည်နှင့် ချက်ချင်း ခုန်အုပ်ကာကွယ်မည့် ပုံစံရှိသည်။
ရဲအရာရှိ လီအာနာက ပြောလိုက်သည်။ “ဒါတွေက ခွန်လွန်ကျွန်စစ်သည်တွေလေ။ ပြီးတော့ ရှင်တို့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ဂုဏ်ယူစရာတွေပေါ့။ လက်ဖက်ခြောက် ၊ ပိုးထည် ၊ ကြွေထည် ၊ မိစ္ဆာအဆီအနှစ်နဲ့ ခွန်လွန်ကျွန်စစ်သည်တွေစတဲ့ အရှေ့ဘက် ပြည်ထောင်စုက ကမ္ဘာကို နှစ်စဉ် ရောင်းချနေတဲ့ အဓိက ကုန်ပစ္စည်းတွေကနေ နက္ခတ်တာရာပမာ များပြားလှတဲ့ အကျိုးအမြတ်တွေကို ရရှိစေတာ”
ရုတ်တရက် တုပိုင်၏ စိတ်ခံစားမှုများ ရှုပ်ထွေးသွားရသည်။ အရှေ့ဘက် ပြည်ထောင်စု၏ ဘုရင်ငယ်လေးသည် အခြားကမ္ဘာတစ်ခု၌ တရုတ်ပြည်အတွက် လက်စားချေပေးနေခြင်းလား။ အနောက်ကမ္ဘာကို ဘိန်းပင် ရောင်းချနေပြီး ပို့ကုန်ကဏ္ဍ၏ အဓိက မဏ္ဍိုင်တစ်ခု ဖြစ်လာသည်။
တုပိုင်က မေးလိုက်သည်။ “ခွန်လွန်ကျွန်စစ်သည် တစ်ယောက်ရဲ့ ဝယ်ဈေးက ဘယ်လောက်လဲ”
လီအာနာက ပြောလိုက်သည်။ “ရွှေဒင်္ဂါး ငါးရာ... အလွန် ဈေးကြီးတဲ့ ဇိမ်ခံပစ္စည်းပဲ။ ဒါပေမဲ့ အနောက်ကမ္ဘာက မြင့်မြတ်တဲ့ လူတန်းစားတွေနဲ့ ဇိမ်ခံကုန်သည်တွေအတွက်တော့ မရှိမဖြစ် စံသတ်မှတ်ချက် တစ်ခုလို ဖြစ်နေပြီ။ အကယ်၍ ရှင့်နောက်မှာ ခွန်လွန်ကျွန်စစ်သည် တစ်ယောက်မှ မရှိရင် ရှင့်ရဲ့ အဆင့်အတန်းနဲ့ ကြွယ်ဝမှု မလုံလောက်သေးဘူးလို့ ဆိုလိုတာပဲ”
အံ့ဖွယ်ကောင်းလှပေသည်။ သက်တော်စောင့်များကိုပင် ဇိမ်ခံပစ္စည်းအဖြစ် ဈေးကွက်တင်ထားသေးသည်။ တုပိုင်က မေးလိုက်သည်။ “ဒါဆို အရှေ့ဘက် ပြည်ထောင်စုက အနောက်ကမ္ဘာကို နှစ်စဉ် ခွန်လွန်ကျွန်စစ်သည် ဘယ်နှစ်ယောက် ရောင်းချနေလဲ”
လီအာနာက ပြောလိုက်သည်။ “ငါးထောင်... တစ်နှစ်ကို ငါးထောင်။ တစ်ခါတုန်းက ထီးနန်းဆုံးရှုံးသွားတဲ့ ဘုရင်တစ်ပါးက အရှေ့ဘက် ပြည်ထောင်စုရဲ့ အရှင်မင်းသားဆီကနေ ခွန်လွန်ကျွန်စစ်သည် တစ်ထောင် ဝယ်ချင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူ လုံးဝ မတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူက ဈေးနှုန်း သုံးပုံတစ်ပုံနဲ့ ခွန်လွန်ကျွန်စစ်သည် တစ်ထောင်ကို ငှားရမ်းခဲ့ပြီး သူ့ရဲ့ ထီးနန်းကို တကယ် ပြန်လည်ရယူနိုင်ခဲ့တာ”
တုပိုင် ရုတ်တရက် အနည်းငယ် အံ့အားသင့်သွားသည်။ ဤခွန်လွန်ကျွန်စစ်သည်ဆိုသည်မှာ အလွန် အစွမ်းထက်သော စစ်သည်တော်များ ဖြစ်ကြ၏။ ထိုအရာကို အရှေ့ဘက် ပြည်ထောင်စုက ကုန်ပစ္စည်းအဖြစ် သဘောထားကာ တစ်နှစ်လျှင် ငါးထောင်ခန့် ရောင်းချနေခြင်း ဖြစ်သည်။
ထိုအရာက မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ဆိုလိုသည်မှာ သူတို့ထံ၌ ဤကဲ့သို့သော ခွန်လွန်ကျွန်စစ်သည်များကို တစ်နှစ်လျှင် အနည်းဆုံး သောင်းဂဏန်းခန့် ထုတ်လုပ်နေသည်ဟူသော သဘောပင်။
ထို့ပြင် အရှေ့သခင်လေးသည် အလွန် ကောက်ကျစ်စဉ်းလဲလှပေသည်။ ခွန်လွန်ကျွန်စစ်သည်များကို ဈေးကွက်တင်ပြီး မိုးထိအောင် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနေလေ၏။ ပြန်ရလိုက်သော ရွှေဒင်္ဂါးများဖြင့် ခွန်လွန်ကျွန်စစ်သည် အဆပေါင်းများစွာကို ပြန်လည်လေ့ကျင့်ပေးနိုင်ပေသည်။ သူသည် အနောက်ကမ္ဘာမှ မြင့်မြတ်သော လူတန်းစားများနှင့် ချမ်းသာသော ကုန်သည်များ၏ ငွေကြေးကို အသုံးပြုပြီး သူ၏ အစွမ်းထက်သော စစ်တပ်ကို ထုတ်လုပ်နေခြင်း ဖြစ်သည်။
တုပိုင်က မေးလိုက်သည်။ “အရှေ့ဘက် ပြည်ထောင်စုက အရှင်မင်းသားက အနောက်ကမ္ဘာရဲ့ ကြယ်ပွင့် ဖြစ်နေတာလား။ ဗိုက်ကင်းမြို့တော်ရဲ့ စူပါကစားသမားလား။ နံပါတ်တစ်လား”
မင်းသမီး လီအာနာက ပြန်လည်ဖြေကြားသည်။ “မဟုတ်ဘူး... မဟုတ်ဘူး။ အရှေ့ဘက် ပြည်ထောင်စုရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင်မင်းမြတ်က သူ့မျက်နှာကို ဘယ်တော့မှ အမြင်မခံဘူး ၊ ဗိုက်ကင်းမြို့တော်ကိုလည်း တစ်ခါမှ မလာဖူးဘူး။ သူ့မှာ အိန်ဂျယ်လို့ခေါ်တဲ့ ချစ်သူတစ်ယောက် ရှိတယ် ၊ ပြိုင်ဘက်ကင်း အလှပဂေးလေးပေါ့ ၊ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးလေးလိုပါပဲ။ သူ့ရဲ့ အလှက ကျွန်မကိုတောင် အိပ်မက်မက်စေတာ။ သူ့ကို မြင်လိုက်တဲ့ ဘယ်ယောက်ျားမဆို ခန္ဓာကိုယ်ကို ပြုစားခံလိုက်ရသလို ခြေလှမ်းမရွှေ့နိုင်တော့ဘူး။ ပြီးတော့ ဒီအိန်ဂျယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင်မင်းမြတ်ရဲ့ အာဏာကုန်လွှဲအပ်ခံထားရတဲ့ ကိုယ်စားလှယ်လေ။ သူက ဗိုက်ကင်းမြို့တော်ရဲ့ ဘုရင်မပဲ။”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၇ + ၆၂၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team