အခန်း (၆၂၉-၆၃၀)
Vol. 63 Ch. 629-630
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၉ + ၆၃၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
စိတ်ဝင်စားစရာကောင်းလှပေသည်။ အရှေ့ဘက် ပြည်ထောင်စု၏ ဧကရာဇ်ငယ်လေးက သူ၏ ချစ်သူကို ဗိုက်ကင်းဘုရင်မြို့တော်၌ နေထိုင်ခွင့် ပြုထားသည်လား။ သူမသည် ချစ်သူ ဖြစ်သကဲ့သို့ ကုန်သွယ်ရေးဝန်ကြီးနှင့် အရှေ့ဘက် ပြည်ထောင်စု၏ နိုင်ငံခြားရေးသံအမတ်လည်း ဖြစ်နေသည်။
အရှေ့ဘက် ပြည်ထောင်စုသည် တာ့နင်အင်ပါယာထက် များစွာ သာလွန်တိုးတက်နေပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အမြင်ရှိသည်ဟု ဆိုရပေမည်။
မြို့စားမင်းသမီး လီအာနာက အေးစက်စွာ ပြောလိုက်၏။
“ပြောရရင် ရှင်တို့ အရှေ့တိုင်းသားတွေက အရှေ့ဘက် ပြည်ထောင်စုရဲ့ အရှင်မင်းသားကို ကျေးဇူးတင်သင့်တယ်။ သူ့ရဲ့ တည်ရှိမှုကြောင့်သာ ရှင်တို့ အဝါရောင်လူမျိုးတွေရဲ့ အဆင့်အတန်းက ဆက်တိုက် မြင့်တက်လာနေတာ ၊ မဟုတ်ရင် အရင်တုန်းက ရှင်တို့ရဲ့ အဆင့်အတန်းက အနက်ရောင် တိရစ္ဆာန်တွေနဲ့ အတူတူပဲ ၊ လူဝံတွေထက် နည်းနည်းလေးပဲ သာတာ”
တုပိုင်က ပြန်လည်မေးမြန်းလိုက်သည်။ “အရှေ့ဘက် ပြည်ထောင်စုရဲ့ ဗိုက်ကင်းမြို့တော် နှစ်စဉ် ကုန်သွယ်မှုပမာဏက ဘယ်လောက်ရှိလဲ”
လီအာနာက ချက်ချင်းပင် ပြန်ဖြေလိုက်၏။ “အစစ်အမှန် ကိန်းဂဏန်းကတော့ လျှို့ဝှက်ချက်ပါ ၊ ဒါပေါ့ ကျွန်မ ရှင်ကို ပြောပြလို့ မရဘူး။ ဒါပေမဲ့ ကောလာဟလ သတင်းတွေအရ အရှေ့ဘက် ပြည်ထောင်စုရဲ့ သခင်လေးက ဗိုက်ကင်းမြို့တော် ကုန်သွယ်မှုကနေ နှစ်စဉ် ရရှိတဲ့ ငွေပမာဏကို ပြောပြနိုင်ပါတယ်။ ရွှေဒင်္ဂါး တစ်ဆယ့်ငါးသန်း”
တုပိုင် ခေါင်းနားပန်းကြီးသွားရလေ၏။ ရွှေဒင်္ဂါး တစ်ဆယ့်ငါးသန်း ၊ ငွေဒင်္ဂါး သန်းတစ်ရာ့နှစ်ဆယ် ၊ ငွေသား ကိုးဆယ့်ခြောက်သန်း။
မြို့စားမင်းသမီး လီအာနာက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အစစ်အမှန် ကိန်းဂဏန်းက ဒီထက် ပိုများတယ်ဆိုတာ ကျွန်မ ပြောနိုင်တယ်”
တုပိုင် အမှန်တကယ် တုန်လှုပ်သွားရ၏။ ဆိုလိုသည်မှာ အရှေ့ဘက် ပြည်ထောင်စု သခင်လေး၏ နှစ်စဉ် ဝင်ငွေသည် တာ့နင်အင်ပါယာ၏ အခွန်ငွေထက် အဆပေါင်းများစွာ ပိုများနေလေ၏။
မင်းသမီး လီအာနာက လှောင်ပြောင်သလို ပြောလိုက်၏။
“လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာ ဂျူလီယန် ၊ ရှင်က အရှေ့ဘက် ပြည်ထောင်စုရဲ့ အရှင်မင်းသားကို အရမ်း စိတ်ဝင်စားနေပုံပဲ ၊ သူနဲ့ ရန်သူ ဖြစ်ချင်နေတာလား။ ဒီအကြံကို စွန့်လွှတ်လိုက်ဖို့ ကျွန်မ အကြံပေးချင်ပါတယ်။ အနောက်ကမ္ဘာက ဘုရင်တွေ အရှေ့ဘက် ပြည်ထောင်စုရဲ့ အရှင်မင်းသားကို ဘယ်လိုခေါ်ကြလဲ သိလား။ ဘုရားသခင်ရဲ့ တရားမဝင် သားတော်တဲ့။ ဒီစကားကို ကျွန်မတို့ရဲ့ တော်ဝင်ရောမဧကရာဇ် အရှင်မင်းမြတ် ကိုယ်တိုင် ပြောခဲ့တာ ၊ ဒါကြောင့် ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဘုရားသခင်ရဲ့ တရားမဝင် သားတော်ဆိုတဲ့ နာမည်ပြောင် ရှိနေတာ။ သူ့ချစ်သူ အိန်ဂျယ် ၊ အဲဒီ ပြိုင်ဘက်ကင်း အလှပဂေးလေးဆိုရင် အနောက်ကမ္ဘာက ဘယ်နိုင်ငံရဲ့ နန်းတော်ကိုမဆို လွယ်လွယ်ကူကူ ဝင်ထွက်နိုင်တယ် ၊ တော်ဝင်ရောမမဟာမိတ် အင်ပါယာရဲ့ နန်းတွင်းကိုတောင် လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် ရှိတယ်”
တုပိုင် ထိုမေးခွန်းကို တိုက်ရိုက် မဖြေဘဲ စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။ “ဒီနေရာက လေထုက သိပ်မကောင်းလှဘူးပဲ”
မြို့စားမင်းသမီး လီအာနာက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် ၊ ပြည့်တန်ဆာတွေရဲ့ ရေမွှေးနံ့ ၊ အစားအသောက်နံ့ ၊ ဝိုင်နံ့ ၊ ရေမြောင်းနံ့ ၊ ကျွန်တွေရဲ့ အနံ့ ၊ မစင်အနံ့တွေပေါ့။ ဒါက ဧရာမမြို့တော်ကြီးလေ ၊ ဒီအနံ့အသက်က ဗိုက်ကင်းဘုရင်မြို့တော်ရဲ့ ဂုဏ်ယူစရာပဲ”
တုပိုင် မော့ကြည့်လိုက်ရာ မီတာ သုံးဆယ်ကျော် မြင့်မားပြီး ခမ်းနားထည်ဝါသော ၊ ဇိမ်ကျပြီး ခန့်ညားသော နန်းတော်ကြီး တစ်ခုကို တွေ့လိုက်ရသည်။
တုပိုင် မေးလိုက်၏။ “ကျွန်တော်တို့ နန်းတော်ကို ရောက်ပြီလား”
မြို့စားမင်းသမီး လီအာနာက ခေါင်းခါလိုက်သည်။ “အိုး ၊ မဟုတ်ဘူး ၊ ဒါက ပရဒိသုမျှော်စင်ပါ။ ဒါက ဗိုက်ကင်းမြို့တော်ရဲ့ ကုန်သွယ်ရေးစင်တာ ဖြစ်သလို နန်းတော်ထက် မြင့်တဲ့ တစ်ခုတည်းသော အဆောက်အအုံပဲ။ ဗိုက်ကင်းနိုင်ငံမှာ ငွေကြေးကုန်သွယ်မှုက အမြင့်ဆုံးဆိုတာကို ကိုယ်စားပြုတာပါ”
နောက်ထပ် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် တုပိုင်ကျွန်း၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်ရှိလာခဲ့၏။
ချက်ချင်းပင် အခြားကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရသည်။ စည်ကားသော လမ်းမများ မရှိတော့ပေ ၊ ဆူညံသော မြို့ပြသည်လည်းမရှိတော့ပေ ၊ စားသောက်ပွဲများ မရှိတော့ပေ။
အစားထိုး ဝင်ရောက်လာသည်မှာ အေးစက်ပြီး ခမ်းနားထည်ဝါသော အဆောက်အအုံ အစုအဝေးကြီး ဖြစ်လေသည်။
ကျယ်ဝန်းသော ကျောက်ခင်းလမ်းမကြီးများ ၊ ရက်စက်ကြမ်းကြုတ်ပုံပေါ်သော ရုပ်တုမျိုးစုံ ၊ ကင်းလှည့်နေသော စစ်သည်အဖွဲ့များကို မြင်နေရသည်။
သေသပ်လှပခြင်း မရှိ ၊ တောက်ပခြင်း မရှိသော်လည်း ကြီးမားခမ်းနားလှပေသည်။
မင်းသမီး လီအာနာသည် တုပိုင်အား ဗိုက်ကင်းနိုင်ငံ၏ နန်းတော်သို့ ခေါ်ဆောင်သွား၏။ နန်းတော်ကြီးကို မီတာရာပေါင်းများစွာ မြင့်မားသော ကမ်းပါးယံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။ ဤနေရာရှိ လေထုကဲ့သို့ပင် အေးစက်နေသည်။ နန်းတော်အားလုံးသည် ကျောက်သားအရောင်အတိုင်း ဖြစ်ပြီး မှိုင်းညို့ကာ ထက်ရှနေပုံရသည်။
ဧကရာချီ ကျယ်ဝန်းသော နန်းတော် အစုအဝေးကြီးသည် ကမ်းပါးယံပေါ်တွင် ပေါ်ထွန်းနေပြီး တစ်မူထူးခြားသော အနုပညာအလှကို ဖော်ဆောင်နေလေသည်။
ဗိုက်ကင်းမြို့တော်၏ အခြားတစ်ဖက်ခြမ်းရှိ စားသောက်ပွဲများ ၊ ဇိမ်ခံပစ္စည်းများနှင့် စက္ကူယပ်တောင်ကိုင်ကာ မူးယစ်နေခြင်းများ အားလုံးသည် ပြင်ပလူများအတွက်သာ ဖြစ်သည်။ ဤဘက်ခြမ်းတွင်မူ ခန့်ညားလေးနက်ပြီး ဗိုက်ကင်းနိုင်ငံ၏ အနှစ်သာရ အစစ်အမှန် ဖြစ်လေသည်။
ရှည်လျားသော ကျောက်တံတားကြီးတစ်ခုကို ဖြတ်ကျော်ပြီးနောက် နန်းတော်သို့ ရောက်ရှိလာသည်။ ကျောက်တံတား မတိုင်မီတွင် တုပိုင်အား တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးပြီးမှ နန်းတော်ထဲသို့ ဝင်ခွင့်ပြု၏။
နန်းတော်ထဲသို့ ရောက်ပြီးနောက်... နန်းတော်သည် အလွန် ကြီးမားသော်လည်း အကြမ်းဆန်သည့် သတ္တုတူးဖော်ရေး ပုံစံကို ထိန်းသိမ်းထားကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။
ပရိဘောဂအားလုံးကို သစ်လုံးများဖြင့် ပြုလုပ်ထားပြီး အလွန် ခိုင်ခံ့သော်လည်း လှပသော ဒီဇိုင်းများ မပါသလို ရွှေကွပ်ထားခြင်းလည်း မရှိပေ။ နံရံများသည် ကျောက်သားအရောင်အတိုင်း ဖြစ်ပြီး မည်သည့် ပန်းပုလက်ရာနှင့် အလှဆင်မှုမျှ မရှိချေ။
ကြမ်းပြင်ပေါ်ရှိ ကော်ဇောသည် လှပသော ပါရှန်ကော်ဇော မဟုတ်ဘဲ ဝက်ဝံသားရေ ၊ ဝံပုလွေသားရေများသာ ဖြစ်လေသည်။ ပင်မခန်းမဆောင်ကြီးထဲတွင် မီးလင်းဖို အများအပြား ရှိပြီး အားလုံးသည် မီးတောက်လောင်နေကြသည်။
သို့သော်လည်း ဤနေရာရှိ အပူချိန်မှာ အလွန် နိမ့်ကျနေဆဲဖြစ်ပြီး သုံးဒီဂရီ စင်တီဂရိတ် ဝန်းကျင်သာ ရှိလေ၏။
မကြာမီ တုပိုင်သည် ဗိုက်ကင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား ကွန်စတင်တိုင်း (နှစ်) နှင့် တွေ့ဆုံလိုက်ရသည်။
သူသည် အသက် သုံးဆယ်ဝန်းကျင်ခန့်ရှိ ချောမောပြီး ထွားကြိုင်းသော လူငယ်တစ်ဦးဖြစ်ကာ သိမ်းငှက်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများ ၊ အလွန် မြင့်မားသော နှာတံနှင့် မျက်နှာတစ်ခုလုံးသည် ကျောက်စိမ်းဖြင့် ထုလုပ်ထားသကဲ့သို့ ထောင့်ချိုးများဖြင့် ပြည့်နှက်နေသည်။
ရက်စက်ကြမ်းကြုတ်၏။ ကျက်သရေရှိ၏။ အန္တရာယ်များလှ၏။
မင်းသား ကွန်စတင်တိုင်း (နှစ်) က မေးလိုက်သည်။
“လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းသား ဂျူလီယန် ၊ မင်း ငါ့အဖေကို ကယ်တင်နိုင်သလား”
သူသည် ရှေးဟောင်း ဆဲလ်တစ် ဘာသာစကားကို ပြောဆိုသည်။ သူသည် အင်္ဂလိပ်နှင့် ပြင်သစ်စကားကို သေချာပေါက် ပြောတတ်သော်လည်း သူ၏ မောက်မာမှုနှင့် ခါးသီးမှုကို ပြသရန်အတွက် ဆဲလ်တစ် ဘာသာစကားကိုသာ ပြောဆိုခြင်း ဖြစ်လေသည်။
တုပိုင်က ပြန်ဖြေလိုက်၏။
“ရပါတယ် ၊ အရှင်မင်းသား”
သူသည် ဆဲလ်တစ် ဘာသာစကားဖြင့် ပြန်ဖြေလိုက်သော်လည်း ရှေးဟောင်း ဆဲလ်တစ် ဘာသာစကားဖြင့်သာ ဖြစ်သည်။
မှန်ပေသည်။ တုပိုင် ကိုယ်တိုင် ပြောတတ်ခြင်း မဟုတ်ဘဲ စနစ်က ပြောဆိုသည်ကို လိုက်လံ ပြောဆိုခြင်းသာ ဖြစ်ချေသည်။
မင်းသား ကွန်စတင်တိုင်း (နှစ်) က ဆက်ပြောလိုက်သည်။
“ဒီည ငါ့နန်းတော်ကို အရှေ့တိုင်းသားတစ်ယောက် လာပြီး ငါ့အဖေကို ကယ်တင်နိုင်တယ်လို့ ပြောသွားတာ တိုက်ဆိုင်လိုက်တာ။ ငါ့အဖေက တစ္ဆေပူးခံထားရတာလို့လည်း သူက ပြောသေးတယ်။ ငါ ဘယ်သူ့ကို ယုံကြည်သင့်တယ်လို့ မင်း ထင်လဲ”
တိုက်ဆိုင်စွာပင် တုပိုင်အတွက် ပြိုင်ဘက်တစ်ယောက် ရှိနေ၏။
တုပိုင်က မေးလိုက်၏။ “အဲဒီပြိုင်ဘက်ကို ကျွန်တော် တွေ့ခွင့်ရမလား”
မင်းသား ကွန်စတင်တိုင်းက ပြန်ဖြေသည်။ “သူ့ကို အလွန် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ခေါ်လာတာ။ အဲဒီပုဂ္ဂိုလ်က ငါ့ဗိုက်ကင်းနိုင်ငံရဲ့ အမြင့်ဆုံး ဧည့်သည်တော်ပဲ ၊ ဒါကြောင့် သူ့ရဲ့ သဘောထားကို ငါ မေးချင်တယ်။ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူ့ကို တွေ့ခွင့်မရှိသေးဘူး”
ထို့နောက် မင်းသား ကွန်စတင်တိုင်း (နှစ်) ကိုယ်တိုင် ထိုဧည့်သည်တော်ကြီး၏ သဘောထားကို သွားရောက် မေးမြန်းလေသည်။
မင်းသား ကွန်စတင်တိုင်း (နှစ်) က ပြန်ပြောလိုက်၏။
“အဲဒီ ဧည့်သည်တော်ကြီးက လူစိမ်းတွေနဲ့ မတွေ့ချင်ဘူးတဲ့။ ဒါပေမဲ့... သူ ခေါ်လာတဲ့ ဆရာသခင်ကတော့ မင်းကို တွေ့နိုင်တယ်”
ခဏအကြာတွင်။
တုပိုင်သည် သူ၏ ပြိုင်ဘက်နှင့် တွေ့ဆုံလိုက်ရသည်။
ထိုသူမှာ ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး မသေမျိုးနတ်တစ်ပါး၏ ဟန်ပန်အပြည့်ရှိနေလေသည်။
သူ၏ မျက်နှာသည် ခန့်ညားပြီး ကျက်သရေရှိလှ၏။ အသားအရေမှာလည်း ချောမွေ့နေပြီး အရေးအကြောင်းဟူ၍ တစ်ချက်မျှပင် မရှိချေ။ သို့သော် သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာမူ ဖြူဖွေးသန့်စင်နေသည်။
သူ၏ ကိုယ်သင်းနံ့နှင့် စိတ်နေသဘောထား တစ်ခုလုံးသည် လောကီအာရုံများမှ ကင်းလွတ်နေသည့်ပုံစံ ပေါက်နေပြီး လူအများက သူ့ကိုမြင်လျှင် အစစ်အမှန် ဆရာသခင်တစ်ပါးဟု ထင်မှတ်ကာ လေးစားကြည်ညိုသွားကြပေလိမ့်မည်။
အဘိုးအိုက မေးလိုက်၏။
“ကျုပ်က ပြောင်လင်းကျွန်းသခင်ပါ ၊ မိတ်ဆွေငယ်ကရော ဘယ်သူများလဲ”
ကမ္ဘာမြေကြီးသည် ကျဉ်းမြောင်းလှချေသည်။ ဆရာသခင်သည် ပြောင်လင်းကျွန်းသခင် ဖြစ်နေလေ၏။
ရှောင်မူကျစ်၏ ဆရာသခင်ပင်ဖြစ်သည်။ ရှောင်မူကျစ်သည် ယခုအချိန်ထက်ထိ တုပိုင်အတွက် လျို့ဝှက်ဆန်းကြယ်နေသည့် သူဖြစ်သည်။
သူသည် ကျီသခင်ကို အဆိပ်ခတ်ပြီး သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ခိုးယူခဲ့သည်။ တုပိုင်နှင့် ကျီသခင် နှစ်ယောက်လုံးကို သူ့လက်ခုပ်ထဲထည့်ကာ ကစားခဲ့သူ ဖြစ်လေသည်။
သူ၏ ဆရာသခင်ဖြစ်သော ပြောင်လင်းကျွန်းသခင်တွင် နောက်ထပ် ဘွဲ့ထူးဂုဏ်ထူးတစ်ခု ရှိသေး၏။ ထိုဘွဲ့မှာ ဆေးနတ်ဘုရားပင်ဖြစ်သည်။
ထို့ပြင် ဗိုက်ကင်းဘုရင်ကို လာရောက်ကယ်တင်သူမှာ သူပင် ဖြစ်နေခဲ့သည်။ သို့သော် ဗိုက်ကင်းဘုရင်သည် အဆိပ်မိနေခြင်း သို့မဟုတ် ရောဂါဖြစ်နေခြင်း မဟုတ်ဘဲ ဝိညာဉ်ပူးကပ်ခြင်း ခံထားရသည်ကို သူလည်း မြင်ပုံရသည်။
သူ၏ အရည်အချင်းမှာ အမှန်တကယ်ပင် မသေးလှချေ။
မည်သူက သူ့အား ခေါ်ဆောင်လာသနည်း။ အရှေ့ဘက်ပြည်ထောင်စုမှ ဘုရင်ငယ်လေး၏ ချစ်သူ ၊ အနောက်ကမ္ဘာတစ်ခုလုံး၏ စူပါစတားနှင့် ဗိုက်ကင်းမြို့တော်၏ နံပါတ်တစ် နာမည်ကျော်ဖြစ်သူ အိန်ဂျယ်ပင် ဖြစ်လောက်သည်။
ထိုသို့ဆိုလျှင် သူ ဗိုက်ကင်းဘုရင်ကို ကယ်တင်ပေးရသည့် တန်ကြေးကား အဘယ်နည်း။ တုပိုင် အမြင်ကိုပြောရလျှင် သံချပ်ကာသင်္ဘောတစ်စင်းပင် ဖြစ်လောက်သည်။
ပြောင်လင်းကျွန်းသခင်၏ ပုံစံကို ကြည့်ရသည်မှာ လုံးဝကို ပြတ်သားနေပြီး ယုံကြည်ချက်အပြည့် ရှိနေပုံရသည်။
ဗိုက်ကင်းမင်းသား ကွန်စတင်တိုင်း (နှစ်) က ပြောလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်လုံးက ကျုပ်ဖခင်ကို ကယ်တင်နိုင်တယ်လို့ ပြောကြတယ်။ တောင်းဆိုတဲ့ တန်ကြေးကလည်း အတူတူပဲ။ နှစ်ယောက်လုံးက သံချပ်ကာသင်္ဘောကို လိုချင်ကြတာ။ ကျုပ်အနေနဲ့ ဘယ်သူ့ကို ယုံကြည်သင့်လဲ”
ပြောင်လင်းကျွန်းသခင်က ချက်ချင်းပင် ပြောလိုက်၏။
“ဒါဆိုရင် သုည ၊ ရလဒ် ဂိမ်း ကို ကစားကြတာပေါ့”
ဤခေတ်တွင် ဤကဲ့သို့သော ဝေါဟာရမျိုးပင် ရှိနေသည်လား။ ပြောင်လင်းကျွန်းသခင်က ဆက်ပြောလိုက်သည်။
“မစ္စတာဂျူလီယန်... ကျုပ်တို့နှစ်ယောက်လုံး ဗိုက်ကင်းဘုရင်ကို ကယ်ချင်ကြတယ်။ နှစ်ယောက်လုံးလည်း သံချပ်ကာသင်္ဘောကို လိုချင်ကြတယ်။ ဒီတော့ ဒီနေရာကနေ တစ်ယောက်ပဲ အရှင်ထွက်သွားရမယ်ဆိုရင်ရော ဘယ်လိုလဲ။ တစ်ယောက်က ဘုရင်မင်းမြတ်ကို ကယ်တင်နိုင်ပြီး ၊ နောက်တစ်ယောက်က ဒီနေရာမှာပဲ သေဆုံးရမယ်။ ဘယ်လိုသဘောရလဲ”
တုပိုင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ “ကောင်းပြီလေ။ နိုင်တဲ့သူက သံချပိကာသင်္ဘောကို ရမယ်။ ရှုံးတဲ့သူက အသက်ပေးရမယ်”
ဗိုက်ကင်းမင်းသား ကွန်စတင်တိုင်း (နှစ်) က ဝင်ပြောလိုက်သည်။ “ခင်ဗျားတို့ဘာသာ ဆုံးဖြတ်ကြပါ။ ကျုပ်ကတော့ တရားမျှတတဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးမယ်။ ဖခမည်းတော်ကို ကယ်တင်နိုင်တဲ့သူက သံချပ်ကာသင်္ဘောကို ရရှိပြီး ဗိုက်ကင်းနိုင်ငံရဲ့ မိတ်ဆွေဖြစ်လာမယ်။ ရှုံးနိမ့်တဲ့သူကတော့ ဒီနေရာမှာပဲ သေဆုံးရလိမ့်မယ်”
တုပိုင်က မေးလိုက်၏။ “ဒါဆို ဘယ်သူ အရင်စမလဲ”
ပြောင်လင်းကျွန်းသခင်က ပြောလိုက်သည်။ “အလွယ်ကူဆုံး နည်းလမ်းကို သုံးကြတာပေါ့”
သူသည် လက်သီးကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်၏။
“ကျုပ်လက်ထဲမှာ ကျောက်မျက်ရတနာ ရှိတယ်။ တစ်တုံးလား ၊ နှစ်တုံးလား။ လူကြီးမင်းဂျူလီယန် ခန့်မှန်းပါဦး။ ခင်ဗျား မှန်အောင် ခန့်မှန်းနိုင်ရင် ဘုရင်ကြီးကို အရင်ကယ်တင်ခွင့်ရမယ်။ မှားသွားရင်တော့ ကျုပ် အရင်ကယ်မယ်”
ဘုရင်ကြီးကို အရင်ဆုံး ကုသခွင့်ရသူသည် ဧကန်မုချ အသာစီးရသွားမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်လင်းကျွန်းသခင်သည် အနိုင်ရလိုစိတ် ပြင်းပြနေပြီး ဘုရင်ကို ကယ်တင်နိုင်မည်ဟုလည်း ယုံကြည်ချက်အပြည့် ရှိနေသောကြောင့်ပင်။ သူသာ ကယ်တင်၍ အောင်မြင်သွားပါက တုပိုင်အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
တုပိုင်က ဖြေလိုက်၏။
“နှစ်တုံး”
ထိုခဏမှာပင် ကျွန်းသခင်၏ လက်ထဲရှိ ကျောက်မျက်နှစ်တုံးသည် ချက်ချင်းပင် တစ်တုံးတည်းအဖြစ် ပေါင်းစပ်သွားတော့သည်။
“စိတ်မကောင်းပါဘူး လူကြီးမင်းဂျူလီယန်။ ခင်ဗျား ခန့်မှန်းတာ မှားသွားပြီ”
ပြောင်လင်းကျွန်းသခင်က ပြောရင်း လက်ဝါးကို ဖြန့်ပြလိုက်ရာ ကျောက်မျက်ရတနာ တစ်တုံးတည်းသာ ရှိနေလေသည်။
တုပိုင် ပခုံးတွန့်လိုက်ပြီး ပြောလိုက်၏။
“ဒါဆိုလည်း... စီနီယာပဲ အရင်ကြွပါ”
ပြောင်လင်းကျွန်းသခင်သည် တုပိုင်ကို ကျက်သရေရှိစွာ ဦးညွှတ်လိုက်သော်လည်း သူ့အကြည့်များကမူ တုပိုင်အား လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေလေသည်။
မင်းသား ကွန်စတင်တိုင်း (နှစ်) သည် သော့ကို ထုတ်လိုက်ပြီး ထူထဲလေးလံသော တံခါးကြီးကို ဖွင့်လိုက်၏။
“ဂျိန်း... ဂျိန်း...”
အခန်းပွင့်သွားသည်နှင့် အတွင်း၌ ဖယောင်းတိုင် ရာပေါင်းများစွာကို ထွန်းညှိထားသည်ကို တွေ့လိုက်ရပြီး ကျက်သရေရှိသော အဘိုးအိုတစ်ဦးသည် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။
သူ၏ အသက်ရှူသံမှာ ဖျော့တော့နေပြီး နှလုံးခုန်သံမှာလည်း အားနည်းလွန်းလှသည်။ မျက်နှာတစ်ခုလုံးသည်လည်း မည်းမှောင်အုံ့မှိုင်းနေ၏။
သူ အသက်ရှင်နေသေးသော်လည်း သေလုမျောပါး ဖြစ်နေပြီဖြစ်လေသည်။ သူသည် ဤကဲ့သို့ သတိမေ့မြောနေသည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။
အကယ်၍ သူသာ အသက်မရှင်တော့ပါက ဗိုက်ကင်းနိုင်ငံ၏ သံချပ်ကာသင်္ဘော စွမ်းအင်ဗဟိုချက် လျှို့ဝှက်ချက်များသည်လည်း ငရဲသို့ ပါသွားပေလိမ့်မည်။ သံချပ်ကာရေတပ်ဖွဲ့တစ်ခုလုံးသည် သံတိုသံစများ ဖြစ်သွားမည်ဖြစ်ပြီး ဗိုက်ကင်းနိုင်ငံသည်လည်း လုံးဝပျက်သုဉ်းသွားရပေမည်။
သံချပ်ကာရေတပ်ဖွဲ့သည် ဗိုက်ကင်းနိုင်ငံအတွက် အရာအားလုံးပင် ဖြစ်လေသည်။ ဘုန်းတော်ကြီး အကြီးအကဲ ကိုးဦးသည် ဘုရင်ကြီးကို ဝန်းရံထားပြီး သူတို့၏ စွမ်းအားများကို အသည်းအသန် အသုံးပြုကာ ဘုရင်ကြီး၏ နောက်ဆုံးလက်ကျန် အသက်စွမ်းအားကို ထိန်းထားပေးနေရသည်။
ပြောင်လင်းကျွန်းသခင် ဝင်လာပြီးနောက် ဘုန်းတော်ကြီး ကိုးဦးသည် သူ့ကို အရိုအသေပြုကာ အားလုံးဆုတ်ခွာပေးလိုက်ကြသည်။
တံခါး ပိတ်သွားလေပြီး တုပိုင်လည်း အပြင်၌ ကျန်ရစ်ခဲ့ရသည်။ သူ့ကို အားကောင်းသော စွမ်းအားအချို့က ချိန်ရွယ်ပြီး ပိတ်လှောင်ထားသည်ကို တုပိုင် ရှင်းလင်းစွာ ခံစားမိနေ၏။
ပြောင်လင်းကျွန်းသခင်သာ ဗိုက်ကင်းဘုရင်ကို အောင်မြင်စွာ ကယ်တင်နိုင်လိုက်သည်နှင့် တပြိုင်နက် သူတို့သည် တုပိုင်ကို ချက်ချင်း သတ်ဖြတ်ကြပေလိမ့်မည်။
**--**--**--**--**--**--**--**
ပြောင်လင်းကျွန်းသခင်သည် အခန်းထဲသို့ ရောက်သည်နှင့် မှော်အစီအရင်တစ်ခုကို စတင် ပြင်ဆင်လိုက်သည်။
ပုံစံမျိုးစုံရှိသော သလင်းကျောက်များနှင့် ဦးခေါင်းခွံများကို ကြယ်ငါးပွင့် အစီအရင်ပုံစံခင်းကျင်းကာ ဘုရင်ကြီးကို ဝန်းရံထားလိုက်၏။
ဗိုက်ကင်းဘုရင်၏ မည်းမှောင်နေသော မျက်နှာကို ကြည့်ရင်း ပြောင်လင်းကျွန်းသခင်သည် မထီမဲ့မြင် ပြုံးလိုက်ကာ စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
‘လွန်ခဲ့တဲ့ ဆယ်နှစ်က စိုက်ပျိုးခဲ့တဲ့ မျိုးစေ့တွေက ဒီနေ့တော့ ရိတ်သိမ်းရမယ့် ရာသီကို ရောက်လာခဲ့ပြီပဲ’
သူ့အနေဖြင့် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ပြုလုပ်ခဲ့သော ဝိညာဉ်ပူးကပ်ခြင်းသည် အရှေ့ဘက်ပြည်ထောင်စု၏ လက်ရာပင် ဖြစ်သောကြောင့်ပင်။
ရည်ရွယ်ချက်က ရိုးရှင်းလှသည်။ ဗိုက်ကင်းနိုင်ငံ၏ သံချပ်ကာရေတပ်ဖွဲ့ကို လိုချင်၍ ဖြစ်လေသည်။
ပြောင်လင်းကျွန်းသခင် အနေဖြင့် သူ့ကို လာပြိုင်သော လူငယ်လေးက မည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း ထိုလူငယ်လေး သေရတော့မည်ဆိုတာကိုတော့ သူသိ၏။
ဘုရင်ကြီးကို ကယ်တင်မည်က ခက်ခဲသည်လား။ သေချာပေါက် လွယ်ကူပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤကိစ္စကို စတင်ခဲ့သူများ ဖြစ်နေ၍ပင်။ အဆိပ်ခေတ်သူထံ၌ ဖြေဆေးရှိနေသကဲ့သို့ပင် ရိုးရှင်းလှသည်။
ပြောင်လင်းကျွန်းသခင်သည် သူ့ရင်ဘတ်ထဲမှ တံဆိပ်တော်တစ်ခုကို ထုတ်ယူလိုက်ရာ ထူးဆန်းပြီး နက်နဲသော စွမ်းအားများ ထွက်ပေါ်လာသည်။
အကယ်၍ တုပိုင်သာ ရှိနေခဲ့ပါက ထိုအရာသည် မိစ္ဆာစွမ်းအားဖြစ်ကြောင်း အလွယ်တကူ အနံ့ခံမိပေလိမ့်မည်။
ဤမိစ္ဆာတံဆိပ်တော်သည် ဤကမ္ဘာမှ ပစ္စည်းမဟုတ်ချေ။
အရှေ့ဘက်ပြည်ထောင်စုက ဤပစ္စည်းကို အဘယ်ကြောင့် ပိုင်ဆိုင်ထားသနည်းဆိုသည်ကို မသိရပေ။ ယခုအခါ၌မူ ပြောင်လင်းကျွန်းသခင်၏ လက်ထဲသို့ ရောက်ရှိနေခဲ့ပြီ။
ပြောင်လင်းကျွန်းသခင်သည် မိစ္ဆာတံဆိပ်တော်ကို ဘုရင်ကြီး၏ နဖူးပေါ်တွင် တင်လိုက်ပြီး တည်ငြိမ်စွာ ရွတ်ဆိုလိုက်၏။
“မြေမှုန့်က မြေမှုန့်ဆီသို့... ငရဲက မိစ္ဆာဆိုးတွေ... ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး မင်းတို့ရဲ့ ငရဲကို ပြန်ကြလော့”
ထိုခဏ၌ပင် ထူးဆန်းသော မုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာလေ၏။ အခန်းတွင်းရှိ ဖယောင်းတိုင် မီးရောင်များအားလုံး ချက်ချင်းပင် ထူးဆန်းသော အစိမ်းရောင်သို့ ပြောင်းလဲသွားကြ၏။
ကျွန်းသခင်လက်ထဲရှိ မိစ္ဆာတံဆိပ်တော်မှလည်း ထူးဆန်းသော အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထူးဆန်းသော မိစ္ဆာအငွေ့အသက်များသည် အခန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
“အား... အား...”
နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
ဗိုက်ကင်းဘုရင်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ဆိုးတစ်ခု၏ အလင်းရောင်အရိပ်သည် အမှန်တကယ်ပင် အရှင်လတ်လတ် ဆွဲထုတ်ခံလိုက်ရသည်။ ပြောင်လင်းကျွန်းသခင် တကယ်ပဲ အောင်မြင်တော့မည်။
သူသာ အောင်မြင်သွားလျှင် အရှေ့ဘက်ပြည်ထောင်စု၏ ပူးပေါင်းကြံစည်မှုကြီး အောင်မြင်သွားမည်ဖြစ်ပြီး သံချပ်ကာသင်္ဘောကိစ္စလည်း ပျက်ပြားသွားပေလိမ့်မည်။
ဘုရင်ကြီး၏ ကိုယ်ထဲတွင် ပူးကပ်နေသော ဝိညာဉ်ဆိုးသည် ပြောင်လင်းကျွန်းသခင်လက်ထဲရှိ မိစ္ဆာတံဆိပ်တော်၏ စွမ်းအားကို လုံးဝ မခုခံနိုင်ပေ။ ထိုဝိညာဉ်ဆိုးသည် အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုများဖြင့် အသည်းအသန် ရုန်းကန်နေသော်လည်း ဘုရင်ကြီး၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ကွာကျလာနေပြီဖြစ်သည်။ ပြောင်လင်းကျွန်းသခင် ချက်ချင်းပင် အောင်မြင်တော့မည်ဖြစ်လေ၏။
သို့သော် ထိုအချိန်၌ အပြင်ဘက်ရှိ တုပိုင်သည် မျက်လုံးကို မှိတ်လိုက်ပြီး စိတ်ထဲမှ မထီမဲ့မြင် ပြုံးလိုက်လေသည်။
‘နိုင်ချင်တာလား... အဲဒီလောက် မလွယ်ပါဘူး’
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ မျက်လုံးများသည် မီးတောက်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး စစ်မှန်သော ဝိညာဉ်မိစ္ဆာတစ်ကောင်၏ ဆန္ဒကို ထုတ်လွှတ်လိုက်၏။
ပြောင်လင်းကျွန်းသခင်၏ တံဆိပ်တော်မှ မိစ္ဆာစွမ်းအင်သည် ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရသည်။ ဘုရင်ကြီး၏ ကိုယ်ထဲမှ ထွက်ခွာလုနီးပါးဖြစ်နေသော ဝိညာဉ်ဆိုးသည် ရုတ်တရက် အတင်းပြန်ဝင်သွားတော့သည်။
“မဟုတ်ဘူး... မဖြစ်ရဘူး...”
ပြောင်လင်းကျွန်းသခင် စိတ်ထဲမှ အော်ဟစ်လိုက်၏။
“မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး...”
ပြောင်လင်းကျွန်းသခင်သည် ရူးသွပ်မတတ် အော်ဟစ်ရင်း လက်ထဲရှိ မိစ္ဆာတံဆိပ်တော်ထဲသို့ သူ၏ ရွှမ်းချီအတွင်းအားများကို အသည်းအသန် ထည့်သွင်းလိုက်သည်။
“ဝူး... ဝူး... ဝူး...”
အခန်းတစ်ခုလုံးတွင် သရဲတစ္ဆေနှင့် ဝံပုလွေများ၏ အူသံများ ပဲ့တင်ထပ်သွားသည်။ ဖယောင်းတိုင်မီးများအားလုံး ကြောက်မက်ဖွယ်ကောင်းသော သရဲမီးတောက်များအဖြစ် ပြောင်းလဲသွားကြ၏။
ပြောင်လင်းကျွန်းသခင်သည် သူ၏ အင်အားအကုန်လုံးကို ထုတ်သုံးလိုက်လေ၏။
သို့သော် ထိုအရာသည် အချည်းနှီးသာ ဖြစ်သွားသည်။ သူသည် မိစ္ဆာတံဆိပ်တော်ကို ပိုင်ဆိုင်ထားရုံသာ ဖြစ်သော်လည်း ၊ တုပိုင်ကမူ စစ်မှန်သော ဝိညာဉ်မိစ္ဆာတစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ပြောင်လင်းကျွန်းသခင်၏ သိုင်းပညာသည် တုပိုင်ထက် အဆပေါင်းများစွာ သာလွန်သော်လည်း ၊ သန့်စင်သော မိစ္ဆာစွမ်းအားချင်း ယှဉ်ပြိုင်ရာတွင်မူ မိစ္ဆာတံဆိပ်တော်တစ်ခုတည်းဖြင့် တုပိုင်၏ မိစ္ဆာစွမ်းအားကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။
သူ အသည်းအသန် ကြိုးစားနေသည်။ အစွမ်းကုန် အားထုတ်နေသည်။ ချီးထွက်မတတ် ညစ်နေသည်။ သို့သော် အရာမထင်ပေ။
ဝိညာဉ်ဆိုးသည် ဗိုက်ကင်းဘုရင်၏ ခန္ဓာကိုယ်ထဲတွင် မြဲမြံစွာ ပုန်းခိုနေဆဲဖြစ်လေ၏။ ပြောင်လင်းကျွန်းသခင် ယုံပင်မယုံနိုင် ဖြစ်နေရသည်။ ဤကိစ္စသည် လွယ်ကူနေသင့်သည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ပူးကပ်အောင် လုပ်ခဲ့သည်မှာ လွန်ခဲ့သော ၁၀ နှစ်က အရှေ့ဘက်ပြည်ထောင်စု၏ လက်ချက်ပင် ဖြစ်သည်။ ယခု ပြန်လည်ဖယ်ရှားခြင်းမှာ လွယ်ကူနေသင့်ပေသည်။ အဘယ်ကြောင့် မရသနည်း။ မည်သို့ဖြစ်ပြီး ဤသို့ဖြစ်သွားရသနည်း။
ယခင်က ပြောင်လင်းကျွန်းသခင်သည် ဗိုက်ကင်းဘုရင်ကို လွယ်ကူစွာ ကယ်တင်နိုင်မည်ဟု အမှန်တကယ် ယုံကြည်မှုအပြည့် ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်တော် အကျိုးနည်းစွာပင် ကယ်မရဖြစ်နေသည်။
“ဘုန်း...”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၉ + ၆၃၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team