ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 74 Ch. 1024
ဟော့ယုနယ်မြေရှင်သည် လိမ်မာစွာဖြင့် နှုတ်ဆိတ်သွားတော့သည်။ သူသည် ဒေါသကြောင့် အသိစိတ်များ ဝေဝါးနေခဲ့သူ ဖြစ်သည်။ အားလုံးထက် မျှော်လင့်ချက်အရှိဆုံးသူမှာ ပြိုင်ပွဲမှ ထွက်ခွာသွားရပြီဖြစ်ရာ သူ မည်သို့လျှင် စိတ်မရူးသွပ်ဘဲ နေပါမည်နည်း။
ယူချင်းလင်မှာ ငှားရမ်းထားသော အပြင်လူ ဖြစ်သော်လည်း သူမသည် ဟော့ယုနတ်ဘုရားနိုင်ငံ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုထားသူလည်း ဖြစ်သည်။ သူမကို ပိုမိုမြင့်မားသော အဆင့်များအထိ ရောက်ရှိစေကာ ဟော့ယုနတ်ဘုရားနိုင်ငံအတွက် ဂုဏ်သတင်း အနည်းငယ်ဖြစ်စေ၊ မျက်နှာပန်း လှစေရန်ဖြစ်စေ သူ မျှော်လင့်နေခဲ့သည်။ အပြင်လူ ဖြစ်နေလျှင်ပင် အနည်းဆုံးတော့ သူမက ၎င်းတို့ကို ကိုယ်စားပြုထားသည် မဟုတ်ပါလော။
ယခုမူ ထိုသူမှာ လုံးဝ အသုံးမကျသူ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မျက်ဝန်းအစုံမှာ ဖောက်ထုတ်ခံလိုက်ရသလို ကျင့်စဉ်မှာလည်း ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ပထမဆုံးပွဲမှာတင် ရှုံးနိမ့်သွားခြင်းက သူ့အား မည်သို့လျှင် ဒေါသ မထွက်စေဘဲ နေပါမည်နည်း။
သို့သော် မည်မျှပင် ဒေါသထွက်နေပါစေ၊ အနာဂတ်တွင် အဆင့် ၂ နတ်ဘုရားနိုင်ငံ၏ အရေးပါသူတစ်ဦး ဖြစ်လာမည့်သူကိုမူ သူ အနည်းငယ်မျှပင် ရန်မစရဲချေ။ သူသည် နယ်မြေရှင်တစ်ဦး ဖြစ်နေလျှင်ပင် အကျိုးမရှိချေ။ အဘယ်ကြောင့်ဆိုသော် ယီထျန်းယွမ်သာ ဆက်လက်၍ ပျိုးထောင်ခြင်း ခံရမည်ဆိုပါက သူ့ကို ကျော်တက်သွားရန်မှာ မခက်ခဲလှသောကြောင့် ဖြစ်သည်။
ယီထျန်းယွမ်သည် ယူချင်းလင်ကို ဖြေရှင်းပြီးနောက် ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။ လူတိုင်းမှာ တည်ငြိမ်သော အမူအရာများဖြင့် ကြည့်နေကြပြီး သူ၏ လုပ်ရပ်အပေါ် ထူးဆန်းသည်ဟု မထင်ကြချေ။ သူ၏ လုပ်ရပ်မှာ ညှာတာလွန်းလှသည်ဟုပင် ဆိုရပေလိမ့်မည်။ အခြားသူသာဆိုပါက ယူချင်းလင်ကို တိုက်ရိုက်ပင် သတ်ဖြတ်လိုက်ပေလိမ့်မည်။
သေချာပေါက်ပင် ယီထျန်းယွမ်သည် အမြဲတမ်း "ကြင်နာတတ်သူ" ဖြစ်သည်။ တစ်ဖက်လူကို အသုံးမကျသူ ဖြစ်အောင် လုပ်ဆောင်ပြီးနောက် ထိုသူ့အား ကြောက်ရွံ့မှုများအတွင်း ထာဝရ ရှင်သန်စေခဲ့သူ ဖြစ်သည်။ သူမကို သတ်ဖြတ်လိုက်ပါက အတွေ့အကြုံ အမှတ်များစွာ ရရှိမည် ဖြစ်သော်လည်း သူ့အား လာရောက်ရန်စသော ရန်သူများကိုမူ သူပြန်ပေးမည်မှာ အမြဲတမ်း နာကြင်မှုပင် ဖြစ်သည်။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးသူ အမြောက်အများကို တွေ့ရှိရသည်။ မုရုန်ရှောင်းနှင့် လင်ယွမ်ဖုန်းတို့မှာ အဆင်ပြေစွာ နောက်တစ်ဆင့် တက်သွားခဲ့ကြသည်။ ၎င်းတို့မှာ မူလကပင် သန်မာသူများ ဖြစ်ကြသဖြင့် နောက်တစ်ဆင့် တက်ခြင်းမှာ အံ့ဩစရာ မဟုတ်ချေ။
ပထမဆုံး တိုက်ပွဲပြီးဆုံးသွားသည့်အခါ လူဦးရေ ထက်ဝက်မှာ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည်။
“ပထမဆုံး တိုက်ပွဲကတော့ လုံးဝ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်... မင်းတို့ကို အနားယူဖို့ သုံးရက် အချိန်ပေးပါမယ်... အဲဒီနောက်မှာ နောက်ထပ် တိုက်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်...”
အကြီးအကဲ ကောက်ဟွမ်က ကြေညာလိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အလင်းတန်း ခုနစ်ဆယ်ကျော်မှာ ၎င်းတို့ဆီသို့ ကျရောက်လာခဲ့ပြန်သည်။ နံပါတ်ပြားအသစ်တစ်ခုမှာ ၎င်းတို့၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြန်သည်။
ယီထျန်းယွမ်သည် မိမိလက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော နံပါတ်ပြားမှာ နံပါတ် ၁၈ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အာရုံခံကြည့်လိုက်ပြီးနောက် သူ မော့ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော မြွေမျက်လုံးအစုံကို မြင်တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ နှုတ်ခမ်းထောင့်တွင် နက်ရှိုင်းသော အပြုံးတစ်ခု ရှိနေခဲ့ပြီး မိမိကိုယ်ကိုယ် အောင်နိုင်သူအဖြစ် ကြိုတင် မြင်ယောင်နေပုံရသည်။ ယီထျန်းယွမ်၏ စောစောက ရက်စက်လှသော စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရလျှင်ပင် တစ်ဖက်လူမှာ အနည်းငယ်မျှ ကြောက်ရွံ့ပုံ မပေါ်ချေ။
“မင်းနဲ့ ဒီလောက် မြန်မြန် တွေ့မယ်လို့ မထင်ထားခဲ့ဘူး...”
ယီထျန်းယွမ်သည် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်ကို ကြည့်လျက် ပြောလိုက်သည်။ သူ၏ နောက်ထပ် ပြိုင်ဘက်မှာ သေချာပေါက်ပင် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင် ဖြစ်သည်။
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ ယူချင်းလင်က ယီထျန်းယွမ်ကို မကိုင်တွယ်နိုင်ခြင်းမှာ သူက မကိုင်တွယ်နိုင်ခြင်းဟု မဆိုနိုင်ချေ။ သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေခဲ့သည်။ အကယ်၍ ဤမျှ ယုံကြည်မှုပင် မရှိပါက ပထမဆုကို မည်သို့လျှင် မျှော်မှန်းနိုင်ပါမည်နည်း။
“နောက် သုံးရက်ဆိုရင် မင်းရဲ့ သေနေ့ပဲ...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် သူ၏ဘေးမှ ဖြတ်လျှောက်သွားစဉ် ဤစကားကို အေးစက်စွာ ပြောကြားခဲ့သူ ဖြစ်သည်။
“အမှန်အတိုင်း ပြောရရင် မင်းရဲ့ အဲဒီ မျက်လုံးအစုံကိုလည်း ငါ အတော်လေး ရွံနေတာ...”
ယီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏ မြွေမျက်လုံးများအတွင်းမှ ထိတ်လန့်ဖွယ် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
“ငါ့မျက်လုံးတွေကို ဖောက်ထုတ်ချင်တယ်ဆိုရင်တော့ မင်းရဲ့ လက်မှာ အဲဒီလောက် အရည်အချင်း ရှိမရှိ ဆိုတာကိုပဲ ကြည့်လိုက်ကြတာပေါ့...”
တိုက်ပွဲ မစတင်သေးသော်လည်း ၎င်းတို့ကြားတွင် ပွတ်တိုက်မှု အချို့ ရှိနေခဲ့သည်။ ၎င်းတို့ကို ဤသို့ စီစဉ်ပေးခြင်းမှာ အကြီးအကဲများ၏ ဆန္ဒဖြစ်ကြောင်း ထင်ရှားလှသည်။ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းမှာ အကြီးအကဲများ၏ မျက်စိအောက်တွင်သာ ရှိနေခဲ့သည်။
အကယ်၍ အသုံးမကျသော ပြိုင်ဘက်နှင့်သာ စီစဉ်ပေးမည်ဆိုပါက ကြည့်ကောင်းမည် မဟုတ်ချေ။ ဥပမာအားဖြင့် ထျန်ချင်းမြေကမ္ဘာအရှင်ဘက်တွင်မူ အမြဲတမ်း စိတ်ဝင်စားစရာ မရှိလှချေ။ သူမအတွက် စီစဉ်ပေးသော ပြိုင်ဘက်များမှာ သာမန်မျှသာ ဖြစ်ကြသည်။
၎င်းတို့၏ အမြင်တွင် ထျန်ချင်းမြေကမ္ဘာအရှင်မှာ ယီထျန်းယွမ်ထက် ပိုမို သန်မာသူ ဖြစ်သည်။ အကယ်၍ မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်တို့နှင့်သာ စီစဉ်ပေးလိုက်ပါက သေချာပေါက်ပင် မျက်စိတစ်မှိတ်အတွင်း အနိုင်ယူခြင်း ခံရပေလိမ့်မည်။
ယီထျန်းယွမ်နှင့် ရင်ဆိုင်ရမည်ဆိုပါက ပို၍ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။ အမှန်အတိုင်း ပြောရလျှင် အကြီးအကဲ ငါးဦးလုံး၏ အမြင်တွင် ယီထျန်းယွမ်၏ စွမ်းအားမှာ ထျန်ချင်းမြေကမ္ဘာအရှင်ထက် များစွာ နိမ့်ကျနေသည်ဟု ယူဆထားကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးလုံးမှာ နဝမအဆင့် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့သူများ ဖြစ်ကြသော်လည်း ယီထျန်းယွမ်မှာ မနည်းတောင့်ခံ၍ ကျော်ဖြတ်ခဲ့သူ ဖြစ်သည်ဟု ၎င်းတို့က ယူဆထားကြသည်။ ထို့ပြင် ယီထျန်းယွမ်တွင် ထျန်ချင်းမြေကမ္ဘာအရှင်ကဲ့သို့ ထူးခြားသော စွမ်းရည်များလည်း မရှိချေ။ သူသည် အောက်ခြေမှ လာသူတစ်ဦးဖြစ်ပြီး သာမန်နည်းလမ်းများဖြင့်သာ ခုခံခဲ့သူဖြစ်သဖြင့် ၎င်းတို့ကို အံ့ဩစေမည့် စွမ်းရည်မျိုး မပြသနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် ယီထျန်းယွမ်တွင် စွမ်းရည်များစွာ ရှိနေကြောင်း ၎င်းတို့ မသိရှိကြချေ။ သူသည် ထုတ်မသုံးသေးခြင်းသာ ဖြစ်သည်။ လက်သီးတစ်ချက်ဖြင့် ဖြေရှင်းနိုင်သော ကိစ္စကို ခြေထောက်ဖြင့် ကန်စရာ မလိုချေ။
ကျန်ရှိနေသော အချိန်များတွင် သူသည် အေးဆေးစွာ နားယူနေလိုက်သည်။
“ငါ ရင်ဆိုင်ရမှာက အဲဒီ မိန်းမလျာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး...”
မုရုန်ရှောင်းက နှုတ်ခမ်းကို ဆူလျက် မကျေမနပ် ပြောဆိုလာခဲ့သည်။
“မိန်းမလျာလား...”
ယီထျန်းယွမ်သည် သူမလက်ထဲရှိ နံပါတ်ပြားကို ကြည့်လိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည့်အခါ ၎င်းမှာ စန်းရွှေမြေကမ္ဘာအရှင် ဖြစ်နေခဲ့သည်။ ထိုသူမှာ အမှန်တကယ်ပင် ယောက်ျားမဟုတ် မိန်းမမဟုတ် ပုံစံမျိုး ဖြစ်နေသည်။
“ဟုတ်တယ်လေ... သူပဲပေါ့... သူနဲ့ တွေ့မယ်လို့ မထင်ထားဘူး...”
မုရုန်ရှောင်းက ပြုံးလျက် ဆိုလိုက်သည်။
“ဒါပေမဲ့ သူ့ကို ကိုင်တွယ်ရတာက ကွက်တိပဲ... ငါ့ရဲ့ စွမ်းအားနဲ့ သူ့ရဲ့ စွမ်းအားက သိပ်ပြီး ပဋိပက္ခ မရှိသလို သူ့ကို အနည်းငယ်တောင် ဖိနှိပ်ထားနိုင်သေးတယ်...”
သစ်သားစွမ်းအားမှာ ရေစွမ်းအားကို ဖိနှိပ်ထားနိုင်ခြင်း မဟုတ်လျှင်ပင် အနည်းဆုံးတော့ မီးစွမ်းအားနှင့် တွေ့ဆုံခြင်း မဟုတ်ချေ။
“ပေါ့ပေါ့တန်တန် မလုပ်နဲ့ဦး... သူ့ကို ကြည့်ရတာ ကိုင်တွယ်ရ သိပ်လွယ်မယ့်ပုံ မပေါ်ဘူး...”
ယီထျန်းယွမ်သည် ဘေးနားတွင် တရားထိုင်နေသော စန်းရွှေမြေကမ္ဘာအရှင်ကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်မျက်လုံးဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုသူ၏ စွမ်းအားမှာ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မည့် အနေအထားမျိုး မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။
“ဒါကတော့ သေချာတာပေါ့... စန်းရွှေမြေကမ္ဘာအရှင်မှာ အရည်အချင်း အချို့ ရှိသေးတာပဲ... ပြင်ပလောကမှာလည်း သူက နာမည်ကြီးသူတစ်ဦးပဲလေ...”
မုရုန်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း သူမ၏ လှပသော မျက်ဝန်းများတွင် သတိထားရမည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
ယခုအချိန်အထိ ကျန်ရှိနေသော သူများထဲတွင် စွမ်းအား နိမ့်ကျသူဟူ၍ တစ်ဦးမျှ မရှိချေ။
သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ၎င်းတို့သည် တိုက်ခိုက်ရေးကွင်းအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြကာ မိမိတို့၏ ပြိုင်ဘက်များနှင့် ရင်ဆိုင်လိုက်ကြသည်။
ယီထျန်းယွမ် ရင်ဆိုင်နေရသူမှာ သေချာပေါက်ပင် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင် ဖြစ်သည်။ ၎င်းမှာ အစောပိုင်းကတည်းက သူ့ကို လာရောက်ရန်စခဲ့သော ပြိုင်ဘက် ဖြစ်သည်။ ယခုအခါ တိုက်ခိုက်ရေးကွင်းအတွင်း၌ ထိပ်တိုက်ရင်ဆိုင်လိုက်ရပြီ ဖြစ်ရာ ထူးဆန်းသော မြွေမျက်လုံးအစုံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
“ငါ့ကို အရမ်း စိတ်ပျက်အောင် မလုပ်ပါနဲ့ဦး...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ မျက်ဝန်းအစုံမှ ထူးဆန်းသော အလင်းတန်းများ ဝင်းလက်သွားပြီးနောက် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျာပွတ်ရှည်တစ်ခု လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုကျာပွတ်မှာ မြွေငယ်လေးတစ်ကောင်အလား လှုပ်ရှားနေပြီး သူ၏ ခြေထောက်တွင် ရစ်ပတ်ထားလိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် မြွေတစ်ကောင်နှင့် တူလှသည်။
“ဒီစကားက ငါ ပြောရမှာပါ... တကယ်လို့ အရမ်း လွယ်ကူနေမယ်ဆိုရင် စိန်ခေါ်မှု မရှိသလို ဖြစ်နေမှာပေါ့...”
ယီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မောက်မာလိုက်တာ...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် လက်ရှိ ကျာပွတ်ကို ဆွဲယူလိုက်ပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ ဖြန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းတစ်ခု ထင်ကျန်ရစ်စေသည်။
“ငါ့ရဲ့ လက်ထဲမှာ မင်း တစ်ကွက်လောက် တောင့်ခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့...”
ရုတ်တရက်ဆိုသလို ယီထျန်းယွမ်သည် လျင်မြန်စွာ လှည့်လိုက်ပြီး နောက်ဘက်သို့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ ပုံရိပ်တစ်ခုမှာ လွင့်စင်သွားခဲ့တော့သည်။
ထိုပုံရိပ်မှာ မီတာ ဆယ်ဂဏန်းခန့် နောက်သို့ လွင့်စင်သွားပြီးမှ မနည်း တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ မြွေအကြေးခွံများ ဖုံးလွှမ်းနေသော လက်မောင်းနှစ်ဖက်မှာမူ အနည်းငယ် ချိုင့်ဝင်သွားခဲ့ပြီး လက်မောင်းပင် ကျိုးလုနီးပါး ဖြစ်သွားခဲ့ရသည်။
“အခုရော... မင်းရဲ့ တစ်ကွက်ကို ငါ တောင့်ခံနိုင်ရဲ့လား...”
ယီထျန်းယွမ်က ရှေ့ရှိ ပုံရိပ်ကို တည်ငြိမ်စွာ ကြည့်လျက် ပြောလိုက်သည်။
သူ၏ ရှေ့တွင် ရှိနေသည်မှာ မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်ပင် ဖြစ်သည်။ မူလက သူ၏ နောက်ဘက်တွင် ရှိနေသော မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာမူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရာ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့သည်။
တိုက်ပွဲ စတင်ရုံမျှသာ ရှိသေးသော်လည်း တစ်ဖက်လူ မသိအောင် ပုံရိပ်ယောင်ကို အသုံးပြုနိုင်ခြင်းက ပတ်ဝန်းကျင်ရှိ ပြိုင်ပွဲဝင်များကို ထိတ်လန့်သွားစေသည်။ တစ်ဖက်လူက မည်သို့သော အခြေအနေမျိုးတွင် ပုံရိပ်ယောင်ကို အသုံးပြုလိုက်သနည်းဆိုသည်ကို ၎င်းတို့ မသိရှိကြချေ။
အရေးအကြီးဆုံးအချက်မှာ ယီထျန်းယွမ်က ထိုထောင်ချောက်အတွင်းသို့ မကျရောက်ခဲ့ဘဲ တစ်ဖက်လူကို ပြင်းထန်စွာ ကန်ထုတ်လိုက်ခြင်း ဖြစ်ပြီး ကွင်းအပြင်ဘက်သို့ပင် ရောက်လုနီးပါး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
အခန်း ၁၀၂၄ ပြီးပါပြီ။