အမှုန်ကမ္ဘာများ ဖန်တီးခြင်း...
Vol. 72 Ch. 1012
" စည်းမျဉ်းတွေလား။ " လင်းယွမ်က တလင်းရှေးဟောင်းနိုင်ငံ၏ မြို့တော်ရှိရာသို့ ကြည့်ပြီး ပြုံးလိုက်သည်။ " ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံလုံးမှာ ဘိုးဘေးတွေအောက်မှာဆိုရင် အရာအားလုံးက ငါ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ ငါ့စကားက စည်းမျဉ်းပဲ။ "
ပြောပြီးသည်နှင့် လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ဝှေ့ရမ်းလိုက်သည်။ သွားတစ်ထောင်မြို့တော်မှ သွားတစ်ထောင်ဘုရင်က မျက်စိတ်တစ်မှိတ်အတွင်း သူ၏ ရှေ့တွင် ပေါ်လာသည်။
" မင်းဘာပြောချင်လဲ။ " လင်းယွမ်က သွားတစ်ထောင်ဘုရင်ကို ကြည့်ပြီး ပြောလိုက်သည်။
သွားတစ်ထောင်ဘုရင်က အလွန်ထိတ်လန့်နေသည်။ လွန်ခဲ့သော ခဏကပင် သူက တလင်းရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင်တစ်ယောက်အနေဖြင့် သွားတစ်ထောင်မြို့တော်တွင် စည်းစိမ်ချမ်းသာမှုကို ခံစားနေဆဲ ဖြစ်သည်။ သို့သော နောက်ခဏတွင် သူက ဤနေရာသို့ အတင်းအကျပ် တည်နေရာရွှေ့ပြောင်းခြင်းခံလိုက်ရသည်။
ထိုဖြစ်စဉ်တစ်လျှောက်လုံး သွားတစ်ထောင်ဘုရင်က ရုန်းထွက်နိုင်စွမ်းပင် လုံးဝမရှိပေ။ အတိအကျပြောရလျှင် သူက ဤနေရာသို့ ရောက်သည်အထိ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။
အသန်မာဆုံးနတ်ဘုရားအရှင်သခင်များပင် ထိုသို့လုပ်ရန်မလွယ်ကူပေ။ မည်သို့ပင်ဖြစ်စေ သူတို့က အဆင့်တူများသာ ဖြစ်ပြီး ထိုကဲ့သို့ နိယာမအခြေခံသည့် ဖိနှိပ်မှုမျိုး မထွက်ပေါ်လာသင့်ပေ။
" ဘယ်သူလဲ။ " သွားတစ်ထောင်ဘုရင်က လင်းယွမ်ကို သတိပြုမိသွားသည်။ လင်းယွမ်ကို မြင်လိုက်ရချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
နဂါးငွေ့တန်း နတ်ဘုရားအရှင်သခင်။
ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံတွင် မည်သူမှ မစော်ကားဝံ့သော နတ်ဘုရားအရှင်သခင်မှာ နဂါးငွေ့တန်းတစ်ယောက်တည်းသာရှိသည်။ တလင်းဘိုးဘေး၏ အမိန့်ကြောင့် သွားတစ်ထောင်ဘုရင်က နဂါးငွေ့တန်း၏ ပုံရိပ်များကို မြင်ဖူးထားသဖြင့် မှားစရာအကြောင်းမရှိပေ။
" သွားတစ်ထောင်ဘုရင်လား။ " မုန့်ရှီက စိတ်ပျက်သွားသည်။ သူ၏ ထွက်ပြေးမှုကြောင့် သွားတစ်ထောင်ဘုရင်ကိုယ်တိုင် လိုက်လာသည်ဟု ထင်မှတ်ကာ သူ၏မျှော်လင့်ချက်များက ပျောက်ကွယ်သွားတော့သည်။
သို့သော် မကြာမီ မုန့်ရှီက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားသည်။ သွားတစ်ထောင်ဘုရင်ကိုယ်တိုင်က ကြောက်လန့်နေပုံရပြီး သူက ဤနေရာကို ည်သို့ ရောက်လာသည်ကို သိပုံမရပေ။
" ဒါ စီနီယာကြောင့်လား။ " သွားတစ်ထောင်ဘုရင် ပေါ်လာခြင်းမှာ ထိုစီနီယာနှင့် ဆက်စပ်နေသည်ကို သူက ချက်ချင်း နားလည်လိုက်သည်။
" နတ်ဘုရားအရှင်သခင် ဘာပြောတာလဲ။ " သွားတစ်ထောင်ဘုရင်က အနည်းငယ် နားမလည်ဘဲ မေးလိုက်သည်။
" မင်းတွေ့လား။ " လင်းယွမ်က ပြုံး၍ မုန့်ရှီကို ကြည့်လိုက်သည်။
" ဗျာ..." မုန့်ရှီက နောက်ဆုံးတွင် နားလည်သွားသည်။ သူက ရိုသေစွာ ရပ်နေသော သွားတစ်ထောင်ဘုရင်ကို ကြည့်ပြီး လင်းယွမ်ကို ပြန်ကြည့်လိုက်သည်။
" ဒါဆို ဒီလူကို ငါခေါ်သွားမယ်။ " လင်းယွမ်က သွားတစ်ထောင်ဘုရင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ နတ်ဘုရားအရှင်သခင်။ လူတစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ သွားတစ်ထောင်နယ်မြေထဲက သက်ရှိအားလုံးကို ခေါ်သွားမယ်ဆိုရင်တောင် ဘာပြဿနာမှမရှိပါဘူး။ " သွားတစ်ထောင်ဘုရင်က ခဏကြောင်သွားပြီး မုန့်ရှီကို တစ်ချက်ကြည့်ကာ အမြန်ပင် ပြန်ဖြေလိုက်သည်။
" ဒါဆို သွားကြစို့။ " လင်းယွမ်က လက်ဝှေ့ရမ်းလိုက်ပြီး မုန့်ရှီကို ခေါ်ဆောင်သွားခဲ့သည်။
" နဂါးငွေ့တန်း ထွက်သွားပြီလား။ " သွားတစ်ထောင်ဘုရင်က ခေါင်းမော့ကြည့်လိုက်ပြီး လင်းယွမ် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် စိတ်သက်ရာရသွားသည်။
" နဂါးငွေ့တန်း ရှေးဟောင်းနိုင်ငံ ခြောက်ခုလုံးက အသိအမှတ်ပြုထားတဲ့ အနှိုင်းမဲ့နတ်ဘုရားအရှင်သခင်လား။ " သွားတစ်ထောင်ဘုရင်က တွေးလိုက်သည်။
" နဂါးငွေ့တန်းက သူ့ကို ဘာလို့ခေါ်သွားတာလဲမသိဘူး။ " သွားတစ်ထောင်ဘုရင်က နားမလည်နိုင်ဖြစ်နေသော်လည်း အများကြီးမစဉ်းစားတော့ဘဲ ထိုကိစ္စကို တလင်းရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ကို တင်ပြလိုက်သည်။
မကြာမီ ဧကရာဇ်က သူလုပ်ဆောင်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောခဲ့ပြီး နဂါးငွေ့တန်းက မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ သဘောတူရန် ပြောခဲ့သည်။
" ဘာတောင်းဆိုတာဖြစ်ဖြစ် သဘောတူရမှာလား။ " သွားတစ်ထောင်ဘုရင်က နဂါးငွေ့တန်း၏ ကြောက်စရာကောင်းမှုကို သတိပြုမိသွားသည်။ ဧကရာဇ်က ထိုသို့ပြောဝံ့ခြင်းမှာ ဘိုးဘေး၏ ခွင့်ပြုချက်ကြောင့် ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ပုံရိပ်ဆယ်ခုကျော်က ရောက်ရှိလာပြီး သူတို့က မုန့်ရှီကို လိုက်လံဖမ်းဆီးနေကြသော အင်အားကြီးသူများဖြစ်ကြသည်။ ထိုသူများက သွားတစ်ထောင်ဘုရင်ကို မြင်သည်နှင့် ရပ်ပြီး အရိုအသေပေးလိုက်ကြသည်။
" မင်းတို့ အခုလိုက်ဖမ်းနေတဲ့သူနာမည်က မုန့်ရှီဟုတ်လား။ " သွားတစ်ထောင်ဘုရင်က မေးလိုက်သည်။ သူက မုန့်ရှီကို မသိပေ။ သွားတစ်ထောင်နယ်မြေတွင် မုန့်ရှီကဲ့သို့ ပုရွက်ဆိတ်များ အလွန်များသည်။
" ဟုတ်ပါတယ်။ " လိုက်ဖမ်းသူများက သွားတစ်ထောင်ဘုရင်ကို ကြည့်လိုက်ကြသည်။
" ဆက်ပြီးလိုက်မဖမ်းတော့နဲ့။ " သွားတစ်ထောင်ဘုရင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " အနာဂတ်မှာ မင်းတို့ မုန့်ရှီနဲ့ ထပ်တွေ့ခဲ့ရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ။ "
လီယန်မြို့တော်။ လင်းယွမ်က မုန့်ရှီကို နဂါးငွေ့တန်းနန်းတော်သို့ ခေါ်လာခဲ့သည်။
" နဂါးငွေ့တန်းလား..." မုန့်ရှီက နန်းတော်ကြီးကို ကြည့်ပြီး လင်းယွမ် မည်သူဖြစ်သည်ကို သိသွားခဲ့သည်။
ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သော နဂါးငွေ့တန်းဖြစ်သည်။ သူမကြာသေးမီက ကျင့်ကြံခဲ့သော သိုင်းတာအိုကလည်း နဂါးငွေ့တန်း ဖန်တီးထားခြင်းဖြစ်သည်။
မကြာမီ စိတ်လှုပ်ရှားနေသော မုန့်ရှီက နန်းတော်၏ အတွင်းပိုင်းသို့ ရောက်ရှိသွားသည်။
" ငါဘယ်သူလဲဆိုတာ မင်းသိလောက်ပါပြီ။ " လင်းယွမ်က ထိုင်ပြီး မုန့်ရှီကို ကြည့်လိုက်သည်။
" နဂါးငွေ့တန်းနတ်ဘုရားအရှင်သခင်ကို ဂါရဝပြုပါတယ်။ " မုန့်ရှီက ဒူးထောက်လိုက်သည်။
" ထပါ။ " လင်းယွမ်က လက်ဝှေ့ရမ်းလိုက်ရာ မမြင်ရသော အားတစ်ခုက မုန့်ရှီကို ဖေးမသွားသည်။
" မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံချင်တယ်။ မင်းဆန္ဒရှိရဲ့လား။ " လင်းယွမ်က ပြုံး၍ မေးလိုက်သည်။
မုန့်ရှီ၏ အချိန်ပါရမီက အလွန်ရှားပါးသည်။ လင်းယွမ်၏ လမ်းညွှန်မှုသာမရှိလျှင် သူက လမ်းမှားသို့ ရောက်သွားနိုင်ပြီး ထိုပါရမီကလည်း အလဟဿဖြစ်သွားပေလိမ့်မည်။
" ကျွန်တော် ဆန္ဒရှိပါတယ်။ ကျွန်တော် မုန့်ရှီဆန္ဒရှိပါတယ်။ " မုန့်ရှီက ချက်ချင်း ဦးညွှတ်လိုက်သည်။ " ဆရာကို ဂါရဝပြုပါတယ်။ "
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက မုန့်ရှီ၏ သိုင်းတာအိုကျင့်ကြံမှုအတွက် လမ်းညွှန်မှုအချို့ ပေးလိုက်သည်။
" မင်းရဲ့ ပါရမီက အရမ်းကောင်းတယ်။ အချိန်နိယာမအပေါ် အာရုံစိုက်ပါ။ အချိန်မူလစိတ်ဝိညာဉ်ကို စုစည်းနိုင်အောင် ကြိုးစားပါ။ " လင်းယွမ်က ညွှန်ကြားလိုက်သည်။
ရွှေရောင်မြူခိုးရတနာနယ်မြေတွင် လင်းယွမ်က သူ၏ ကိုယ်ပွားအချို့ကို ဆက်တိုက်စေလွှတ်ပြီး ရှေးဟောင်းနိုင်ငံခြောက်ခုအတွင်းရှိ သိုင်းတာအိုပါရမီရှင်မချို့ကို ကိုယ်တိုင်ကျင့်ကြံပေးရန် လက်ခံခဲ့သည်။
ထိုလူငယ်များက အနာဂတ်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဓိကထောက်တိုင်များဖြစ်လာပြီး လင်းယွမ် သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို တည်ထောင်ချိန်တွင်လည်း အခြေခံအုတ်မြစ်များ ဖြစ်လာပေလိမ့်မည်။
" ချောက်နက်နဂါးနှလုံးသား။ " လင်းယွမ်က ချောက်နက်နဂါးနှလုံးသားကို ကြည့်ပြီး ကိုယ်ပွားတစ်ခုဖန်တီးကာ အမှုန်အဆင့် ကမ္ဘာတစ်ခုကို ဖွင့်လှစ်ရန် ကြိုးစားလိုက်သည်။
လင်းယွမ်က အမှုန်ကမ္ဘာတစ်ခုကို ဖွင့်လှစ်ချိန်တွင် အားစိုက်မှုများ မလိုခဲ့ပေ။ သူ၏ စွမ်းအားနှင့် အမှုန်ကမ္ဘာတစ်ခုကို ဖွင့်လှစ်ရန် မခက်ခဲပေ။ သို့သော် လင်းယွမ်က တစ်ထောင်မြောက် အမှုန်ကမ္ဘာကို ဖွင့်လှစ်ချိန်တွင် ခက်ခဲမှုအနည်းငယ်ကို ခံစားလိုက်ရသည်။ ကမ္ဘာတစ်ခုလျှင် စိတ်စွမ်းအားအနည်းငယ်သာ အသုံးပြုရသော်လည်း တစ်ထောင်ဆိုလျှင် သိသာထင်ရှားလာသည်။
အထူးသဖြင့် လင်းယွမ်က သူ၏ စိတ်စွမ်းအားအများစုကို ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံကို လေ့လာရန် အသုံးပြုနေခြင်းဖြစ်သည်။
" ၁၂၀၀၀၀ မြောက် အမှုန်ကမ္ဘာ။ " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။ ထိုကမ္ဘာများက မူလရင်းမြစ်ကို လေ့လာနေသော စိတ်စွမ်းအားမှလွဲ၍ ကျန်သော စိတ်စွမ်းအားအားလုံးကို အသုံးပြုထားပြီဖြစ်သည်။
" မကောင်းတော့ဘူး။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုကမ္ဘာတစ်သိန်းနှစ်သောင်းတွင် သိမ်မွေ့သော မညီမျှမှုတစ်ခု ပေါ်လာပြီး စမ်းသပ်နေသော ကိုယ်ပွားက ချက်ချင်း ပြိုကွဲသွားခဲ့သည်။
" ကျရှုံးသွားတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ အမှုန်ကမ္ဘာများကို ဖွင့်လှစ်ခြင်း ကျရှုံးသွားခြင်းမှာ စိတ်စွမ်းအားမလုံလောက်သောကြောင့် မဟုတ်ကြောင်း သူခံစားမိသည်။
" အမှုန်ကမ္ဘာတွေကို ထိန်းသိမ်းတာက စိတ်စွမ်းအားမကုန်သင့်ဘူး။ အမှုန်ကမ္ဘာတွေတည်ရှိနေတာက အသက်ရှူတာလိုမျိုး သဘာဝအတိုင်း ရှိနေရမှာပဲ။ " လင်းယွမ်က ချောက်နက်နဂါးနှလုံးသားကို ဆက်လက်လေ့လာလိုက်သည်။
အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာရှိ နန်းတော်တစ်ခုထဲတွင် ဘိုးဘေးခြောက်ယောက်ထိုင်နေကြသည်။ ထိုနေရာကို ဘိုးဘေးများသာ ဝင်ရောက်နိုင်ပြီး တစ်ခါတစ်ရံ သူတို့ ကျင့်ကြံမှုအကြောင်း ဆွေးနွေးလေ့ရှိသည်။
သို့သော် လင်းယွမ်ထွက်ပေါ်လာမှုကြောင့် ဘိုးဘေးခြောက်ယောက်က အမြဲတမ်းဆက်သွယ်နိုင်ရန်အတွက် ထိုနေရာတွင် ကိုယ်ပွားတစ်ခုစီ အမြဲတမ်းထားခဲ့ကြသည်။ ဘိုးဘေးတစ်ယောက်ချင်းစီ၏ အာရုံထဲတွင် အချိန်အတိုင်းအတာများ ဖြန့်ကျက်နေပြီး ၎င်းတို့က လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာများဖြစ်ကြသည်။
လင်းယွမ်၏ အနာဂတ်တွင် ရှောင်လွှဲ၍မရသော ထူးခြားချက်အချို့ ရှိနေသည်ကို တွေ့ရှိပြီးနောက်တွင် ဘိုးဘေးခြောက်ဦးသည် သူ၏ အချိန်အတိုင်းအတာများကို စောင့်ကြည့်ရန် သူတို့၏ စွမ်းအားအားလုံးကို အာရုံစိုက်ထားကြသည်။