← Chapters

ရွံစရာကောင်းတယ်

Vol. 74 Ch. 1021

ရွံစရာကောင်းတယ်

Vol. 74 Ch. 1021

စာစဉ် ၇၄ ကြော်ငြာ

ဆန်းကြယ်စနစ်သခင် စာစဉ် ၇၄ မှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်ပေါ်လာမလဲ...

‘ငါ့အပေါ်ခင်မင်ရင် ငါက ကြင်နာမှုတွေပြန်ပေးသလို ငါ့အပေါ် ယုတ်မာရင်တော့ ငါက နာကြင်မှုတွေပြန်ပေးဖို့ လက်တွန့်နေမှာမဟုတ်ဘူး...’ဆိုတဲ့ ယီထျန်းယွမ်...

နတ်ဘုရားနယ်မြေတွေရဲ့ အဆုံးအဖြတ် တိုက်ပွဲစင်မြင့်ထက်မှာ အမှားအယွင်းမခံတဲ့ ရင်ဆိုင်မှုတွေ စတင်လာပါပြီ။

- သူတစ်ပါးရဲ့ မှတ်ဉာဏ်ကို ခိုးကြည့်ပြီး မြှူဆွယ်တတ်တဲ့ မိန်းမလှလေးတစ်ဦး၊ သူ့ရဲ့ ကံကြမ္မာဟာ ယီထျန်းယွမ်ရဲ့ လက်ထဲမှာ ဘယ်လို အဆုံးသတ်သွားမလဲ...

- ပြင်းထန်တဲ့ အဆိပ်တွေနဲ့ ပုံရိပ်ယောင် အတတ်ပညာတွေကို အသုံးချတတ်တဲ့ "မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်" ကကော ယီထျန်းယွမ်ကို တားဆီးနိုင်ပါ့မလား...

- သူ့ရဲ့ မိတ်ဆွေကို သေလုနီးပါးဖြစ်အောင် နှိပ်စက်ခဲ့တဲ့ ပါရမီရှင်တစ်ဦးကို ယီထျန်းယွမ်က ဘယ်လို ပြန်လည် ပညာပေးမလဲဆိုတာ...

ဒီလို ဒီလို သွေးပျက်စရာ ကောင်းလောက်အောင် ပြတ်သားပြီး အညှာတာကင်းတဲ့ ယီထျန်းယွမ်ရဲ့ တိုက်ပွဲတွေကို စာစဉ် ၇၄ မှာ စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

....

ယီထျန်းယွမ်သည် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ စကားများကို အလွန်ပင် ရယ်စရာကောင်းသည်ဟု ထင်မြင်မိသည်။ သူသည် ဤကဲ့သို့သော တိုက်ခိုက်ခြင်းမျိုးကို အကြောက်ဆုံး မဟုတ်ချေ။ တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝမှုနှင့် ပတ်သက်လျှင် သူသည် မည်သူ့ကိုမျှ ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု ခံစားနေရသည်။

သူ၏ အရိုးသက်တမ်းမှာ နုနယ်သေးသော်လည်း လူ့ဘုံလောက၌ အောက်ခြေအဆင့်မှစ၍ တစ်ဆင့်ချင်း တိုက်ခိုက်လာခဲ့သူ ဖြစ်သည်။ တစ်လျှောက်လုံး လက်တွေ့တိုက်ပွဲများဖြင့်သာ ဖြတ်သန်းခဲ့ရပြီး အပျော်တမ်း စမ်းသပ်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ချေ။ ကွင်းအတွင်းသို့ ရောက်သည်နှင့် သေရေးရှင်ရေး တိုက်ပွဲများသာဖြစ်ပြီး အရှုံးပေးရန် အခွင့်အရေးမျိုးလည်း မရှိခဲ့ချေ။

“မှန်တယ်... တိုက်ခိုက်ခြင်းပဲ...”

မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ မြွေမျက်လုံးအစုံမှာ သတ်ဖြတ်လိုသော အေးစက်မှုများ ဝင်းလက်နေသည်။

“ဒါကမှ တကယ့်ပါရမီရှင်တွေရဲ့ စင်မြင့်ပဲ... တစ်ချိန်လုံး အရိုက်ခံနေရရုံနဲ့တော့ ဘာမှ ဖြစ်မလာဘူး... အချိန်ကျရင် မင်းက ငါ့ရှေ့မှာ ပစ်မှတ်တစ်ခုလိုပဲ ဖြစ်နေမှာ... ငါ မင်းကို စိတ်ကြိုက် နှိပ်စက်ပြမယ်...”

“ဒါဆိုရင်လည်း အတော်လေး မျှော်လင့်မိပါတယ်... တစ်ယောက်ယောက်က ငါ့ကို နှိပ်စက်ပေးမှာကို ငါ အမြဲတမ်း မျှော်လင့်နေတာပဲ...”

ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး သူ့ကို ဂရုမစိုက်တော့ချေ။

မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် အေးစက်သော အကြည့်များဖြင့် သူ၏ ကျောပြင်ကို စိုက်ကြည့်ကာ မြွေလျှာကို အနည်းငယ် ထုတ်လိုက်သည်။ သူသည် လူသားပုံသဏ္ဌာန်ရှိသော မြွေတစ်ကောင်နှင့် အလွန်ပင် တူလှသည်။ မူလကပင် သူသည် မြွေသွေးဗီဇကို ပိုင်ဆိုင်ထားပြီး သာမန်မြွေမျိုးလည်း မဟုတ်ဘဲ အဆိပ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်သည်။

အချို့သောအရာများကို တိုက်ခိုက်သည့်အခါမှသာ အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် အဆိပ်မှာ မည်မျှပင် ကြောက်စရာကောင်းစေကာမူ ဒုတိယအဆင့်တွင် အသုံးမဝင်ချေ။ မိုးကြိုးများကို အဆိပ်ခတ်၍ မရနိုင်သည် မဟုတ်ပါလော။

အချို့သောအရာများတွင် ၎င်းတို့ မကျွမ်းကျင်သော်လည်း တိုက်ခိုက်ခြင်းနှင့် ပတ်သက်လာလျှင်မူ မည်သူ့ကိုမျှ ရှုံးနိမ့်မည် မဟုတ်ချေ။ ၎င်းတို့အတွက် တိုက်ခိုက်ခြင်းကသာ မိမိကိုယ်ကိုယ် သက်သေပြရန် အကောင်းဆုံးနေရာ ဖြစ်သည်။

မည်မျှပင် ထူးချွန်သော ပါရမီရှင် ဖြစ်ပါစေဦးတော့၊ ၎င်းတို့၏ လက်ထဲ၌ သေဆုံးသွားမည်ဆိုပါက ပါရမီရှင် မဟုတ်တော့ဘဲ အသုံးမကျသူသာ ဖြစ်သွားပေလိမ့်မည်။

ယီထျန်းယွမ် အတွင်းသို့ ဝင်လိုက်သည်နှင့် မုရုန်ရှောင်းက သူ၏ ပခုံးကို ပြင်းထန်စွာ ပုတ်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

“အစ်ကိုထျန်းယွမ်... မင်း တကယ်ကို အစွမ်းထက်တာပဲ... နဝမအဆင့်ကိုတောင် တောင့်ခံနိုင်ခဲ့တာလား... နဝမအဆင့်အထိ ကျော်ဖြတ်နိုင်တာ နှစ်ယောက်တည်းပဲ ရှိတာနော်...”

“ကံကောင်းလို့ပါ...”

ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။

“ကံကောင်းတာတွေ လာမပြောနဲ့... ငါ့မှာကျတော့ ဘာလို့ အဲဒီလို ကံမျိုး မရှိရတာလဲ...”

မုရုန်ရှောင်းက နှုတ်ခမ်းကို ဆူကာ ပြောလိုက်သည်။

“အခုဆိုရင် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုကိုလည်း ထပ်ရဦးမှာပဲ... တကယ့်ကို အားကျစရာပဲ...”

“ဒါကတော့ မဆိုးပါဘူး...”

၎င်းနောက် လင်ယွမ်ဖုန်းသည်လည်း လာရောက်၍ ဂုဏ်ပြုစကား ဆိုလိုက်သည်။ ယီထျန်းယွမ် နဝမအဆင့်ကို ကျော်ဖြတ်နိုင်ခြင်းအပေါ် သူက အလွန်ပင် လေးစားနေခဲ့သည်။

၎င်းတို့နှင့် အနည်းငယ် စကားပြောဆိုပြီးနောက် သူသည် မည်သည့်လက်နက်ကိုမျှ မရွေးချယ်ခဲ့ဘဲ အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်ရှိသော ကာကွယ်ရေး ပစ္စည်းတစ်ခုကိုသာ ရွေးချယ်လိုက်သည်။ လက်နက်များနှင့် ပတ်သက်၍ သူသည် အလွန်အမင်း စိတ်မလှုပ်ရှားဘဲ ရတနာများကိုသာ ဦးစားပေးသည်။

အားလုံး ရွေးချယ်ပြီးသည့်အခါ နတ်ဘုရားနန်းတော်မှာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ အခြေအနေမှာ တဖြည်းဖြည်း တင်းမာလာခဲ့သည်။ လူအမြောက်အများ၏ အကြည့်မှာ ယီထျန်းယွမ်ထံသို့ စိုက်ရောက်နေခဲ့ကြပြီး အကယ်၍ ၎င်းတို့သာ ယီထျန်းယွမ်ကို အနိုင်ယူနိုင်မည်ဆိုပါက ဤသည်မှာ မိမိတို့အတွက် ကြီးမားသော အခွင့်အရေး ဖြစ်လာပေလိမ့်မည်။

နဝမအဆင့်ကို ကျော်ဖြတ်ထားသော ယီထျန်းယွမ်ကို အနိုင်ယူနိုင်ခြင်းက ၎င်းတို့ကို သေချာပေါက် ဂုဏ်တက်စေလိမ့်မည်။ ထျန်ချင်းမြေကမ္ဘာအရှင်ကိုမူ ၎င်းတို့ မတွေးရဲကြချေ။

ယီထျန်းယွမ်က ရင်ဆိုင်ရန် ပိုမိုလွယ်ကူပုံရသည်။ ထျန်ချင်းမြေကမ္ဘာအရှင်မှာမူ နဝမအဆင့် စမ်းသပ်မှုကို ရေသောက်သကဲ့သို့ အေးဆေးစွာ ကျော်ဖြတ်နိုင်ခဲ့သဖြင့် မည်သည့်ဖိအားမျှ မရှိခဲ့ချေ။

ယီထျန်းယွမ်သည် ပတ်ဝန်းကျင်မှ အကြည့်များကို သတိပြုမိသော်လည်း အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

အကြီးအကဲ ကောက်ဟွမ်သည် လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။ အကြီးအကဲ ငါးဦးလုံးမှာ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးလိုက်ကြပြီးနောက် ၎င်းတို့၏ မျက်ဝန်းများတွင် တစ်စုံတစ်ခုကို ကြံစည်နေသော အကြည့်များ ပေါ်ထွက်လာသည်။

“ငါတို့ အကြီးအကဲ ငါးဦးရဲ့ ဆွေးနွေးချက်အရ တတိယအဆင့်ကတော့ တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်... ဒါက တစ်လျှောက်လုံး မပြောင်းလဲတဲ့ လုပ်ထုံးလုပ်နည်းပါပဲ... အဓိကအချက်ကတော့ ဒီတစ်ကြိမ်မှာ နဝမအဆင့်ကို ကျော်ဖြတ်နိုင်တဲ့သူ နှစ်ယောက် ရှိနေတာပဲ... တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်က သူတို့နဲ့ တွေ့ဆုံပြီး သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို အနိုင်ယူနိုင်မယ်ဆိုရင်တော့ ကြိုက်တဲ့ နတ်ဘုရားနိုင်ငံကို စိတ်ကြိုက် ရွေးချယ်ခွင့် ရမှာဖြစ်သလို ထိုးဖောက်နတ်ဘုရားမြေ ဆုလာဘ်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်...”

အကြီးအကဲ ကောက်ဟွမ်က ဤအကြောင်းအရာကို ကြေညာလိုက်သည့်အခါ ကျန်ရှိနေသော ပြိုင်ပွဲဝင် တစ်ရာကျော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြရပြီး ၎င်းတို့၏ အကြည့်မှာ ယီထျန်းယွမ်နှင့် ထျန်ချင်းမြေကမ္ဘာအရှင်တို့အပေါ်သို့ ထပ်မံ၍ စုပြုံရောက်ရှိလာခဲ့သည်။ ထိုအထဲတွင် ယီထျန်းယွမ်ထံသို့ စိုက်ကြည့်သူမှာ ပို၍ များပြားနေခဲ့ပြီး ၎င်းတို့က ယီထျန်းယွမ်ကို ပိုမို၍ အနိုင်ယူရန် လွယ်ကူလိမ့်မည်ဟု ယူဆနေကြသည်။

“တကယ်ပဲ ကောင်းကင်က ကူညီလိုက်တာပဲ... တကယ်လို့ သူ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ စွမ်းအားကို ပိုပြီး သက်သေပြနိုင်မှာပဲ...”

မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်က အေးစက်စွာ ကြည့်လျက် ဤသည်မှာ အခွင့်အရေးတစ်ခုဟု ယူဆလိုက်သည်။

သူတစ်ဦးတည်းသာ ဤသို့ တွေးတောနေခြင်း မဟုတ်ဘဲ ယွမ်ထျန်းယိုသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ကာ ၎င်းတို့အားလုံးက ယီထျန်းယွမ်ကို မည်သို့ လုပ်ကြံရမည်နည်းဟု စဉ်းစားနေကြသည်။ တိုက်ပွဲအတွင်း၌ မည်သို့သော တိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်နိုင်သဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်လျှင်ပင် အကောင်းဆုံးသော တိုက်ကွက် ဖြစ်လာပေလိမ့်မည်။

“ကြည့်ရတာ မင်းကတော့ လူကြိုက်အများဆုံး ဖြစ်နေပြီပဲ... လူတိုင်းက မင်းကို အနိုင်ယူချင်နေကြတာ...”

မုရုန်ရှောင်းက ဘေးမှနေ၍ စနောက်လိုက်သည်။

“တကယ်လို့ ငါနဲ့ တွေ့မယ်ဆိုရင်တော့ ထျန်းယွမ်အစ်ကိုက ငါ့ကို လွှတ်ပေးပြီး အရှုံးပေးလိုက်ပါဦး... ဒါဆိုရင် ငါက နတ်ဘုရားနိုင်ငံ ငါးခုထဲကို အေးအေးဆေးဆေး ဝင်လို့ရသွားမှာပေါ့...”

“တကယ်လို့ မင်းနဲ့ တွေ့မယ်ဆိုရင်တော့ ငါ မင်းကို သေချာပေါက် လွှတ်ပေးမှာပါ...”

ယီထျန်းယွမ်က ရယ်မောလျက် ဆိုလိုက်သည်။

“ဒါက မင်းပြောတာနော်... ငါနဲ့ တွေ့ရင် ချက်ချင်း အရှုံးပေးဖို့ မမေ့နဲ့ဦး...”

မုရုန်ရှောင်းက ပြုံးလျက် ဆိုလိုက်သည်။

“ပြဿနာမရှိပါဘူး...”

ယီထျန်းယွမ်က ရယ်မောလိုက်သည်။ ဤပါးနပ်လှသော အကြီးအကဲများက ဤကဲ့သို့ စီစဉ်လိမ့်မည် မဟုတ်ကြောင်း သူ သိရှိထားသည်။

“ဒါဆိုရင် မင်းတို့ရဲ့ နောက်လာမယ့် ပြိုင်ဘက်တွေကို စတင် စီစဉ်ပေးပါမယ်...”

အကြီးအကဲ ကောက်ဟွမ်က လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အလင်းတန်း တစ်ရာ့ငါးဆယ်ကျော်မှာ ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး ၎င်းတို့၏ လက်ထဲသို့ အသီးသီး ရောက်ရှိသွားခဲ့သည်။

တစ်ဦးချင်းစီ၏ လက်ထဲတွင် နံပါတ်များ ရေးထိုးထားသော နံပါတ်ပြားတစ်ခုစီ ရှိနေခဲ့သည်။

“မင်းတို့ရဲ့ ပြိုင်ဘက်တွေကတော့ နံပါတ်ပြားပေါ်က နံပါတ်အတိုင်းပဲ ဖြစ်ပါတယ်...”

အကြီးအကဲ ကောက်ဟွမ်က ရှင်းပြလိုက်သည်။

ယီထျန်းယွမ်သည် မိမိလက်ထဲရှိ နံပါတ်ပြားကို ကြည့်လိုက်ရာ ငါးဆယ့်ကိုး ဟူသော နံပါတ်ကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် သူ မော့ကြည့်လိုက်သည့်အခါ မိမိ၏ ပြိုင်ဘက်မှာ အလွန်ပင် ရင်းနှီးနေသော ယူချင်းလင် ဖြစ်နေခဲ့သည်။

ပထမဆုံးသော ပြိုင်ဘက်မှာပင် ဟော့ယုနတ်ဘုရားနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သော ယူချင်းလင် ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ယူချင်းလင်သည်လည်း ဤဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းများတွင် ဝမ်းသာမှုနှင့်အတူ ခိုင်မာသော အမူအရာများ ရှိနေခဲ့သည်။ သူမအနေဖြင့် မိမိအတွက် အခွင့်အရေး ရောက်ရှိလာပြီဟု ခံစားနေရသည်။

“သခင်လေးထျန်းယွမ်... တကယ်လို့ သခင်လေးသာ အရှုံးပေးမယ်ဆိုရင် ကျွန်မက သခင်လေးခိုင်းသမျှကို လုပ်ဆောင်ပေးပါမယ်... သခင်လေးဘာလုပ်ချင်လဲ ပြောလိုက်ပါ... ကျွန်မက နှစ်ပေါင်း တစ်ထောင်တိတိ အလုပ်အကျွေး ပြုပါမယ်... အဲ့ဒီနှစ်တစ်ထောင်အတွင်းမှာ သခင်လေးဘာလုပ်ချင်လဲ ပြောလိုက်ရုံပါပဲ...”

သူမ၏ မျက်ဝန်းများတွင် ဆွဲဆောင်မှုများ ပြည့်နှက်နေခဲ့ပြီး အရိုးရှင်းဆုံးသော အခြေအနေများဖြင့် သူ့ကို မြှူဆွယ်နေခဲ့သည်။

“ငါ့ကို နှစ်တစ်ထောင် အလုပ်အကျွေး ပြုမှာလား...”

ယီထျန်းယွမ်က ရယ်မောလိုက်သည်။

“ဟုတ်ပါတယ်... တကယ်လို့ သခင်လေးထျန်းယွမ် မကျေနပ်သေးဘူးဆိုရင်လည်း အချိန်ကို ထပ်တိုးပေးလို့ ရပါသေးတယ်... အဲ့ဒီကာလအတွင်းမှာ ကျွန်မအပေါ် မင်း ဘာလုပ်ချင်လဲ ဆိုတာကတော့ မင်းရဲ့ ဆန္ဒပါပဲ...”

သူမ၏ မျက်ဝန်းများမှာ အရည်လုမတတ် ဖြစ်နေခဲ့ပြီး အလွန်ပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။

“မရှိပါဘူး... ကြည့်ရတာ မင်းက ငါ့ရဲ့ ဆိုလိုရင်းကို မှားယွင်းနေပုံရတယ်... ငါ ပြောချင်တာက နှစ်တစ်ထောင်ဆိုတဲ့ အချိန်က အလွန် ကြာလွန်းပါတယ်... မင်း ငါ့ကို တစ်ရက်လောက် အလုပ်အကျွေး ပြုရင်တောင် ငါ အော့အန်ချင်လာလိမ့်မယ်...”

ယီထျန်းယွမ်က သူမကို အေးစက်စွာ ကြည့်လျက် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

“မင်းကို ငါ့ဘေးမှာ နှစ်တစ်ထောင် ထားလိုက်ရင် ငါ ကျင့်ကြံစရာတောင် လိုတော့မှာ မဟုတ်ဘူး... ဘယ်သူ့ကို အလုပ်အကျွေး ပြုချင်လဲ ဆိုတာကတော့ မင်းရဲ့ ဆန္ဒပါပဲ... ငါ့ကို အဲ့ဒီလို ရွံစရာကောင်းတဲ့ အကြည့်တွေနဲ့ လာမကြည့်နဲ့...”

“မင်း...”

ယူချင်းလင်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ သူမအနေဖြင့် မိမိကိုယ်ကိုယ် အရှက်မရှိ တစ်စုံတစ်ဦး၏ ဘေးနား၌ နှစ်တစ်ထောင် နေထိုင်မည်ဟု ပြောဆိုခြင်းမှာ ကြီးမားသော ပေးဆပ်မှုပင် ဖြစ်သည်။ သို့သော် ယီထျန်းယွမ်က သူမ၏ ကမ်းလှမ်းမှုကို လက်မခံသည့်အပြင် သူမကိုပင် ရွံစရာကောင်းသည်ဟု ပြောဆိုလိုက်ရာ အလွန်ပင် လှပသော သူမအနေဖြင့် မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

“ကောင်းပြီလေ... ငါ ဘာပဲဖြစ်ဖြစ် မင်းကို သေချာပေါက် ဟန့်တားပြမယ်...”

သူမက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

အခန်း ၁၀၂၁ ပြီးပါပြီ။

All Chapters