← Chapters

ကျင့်ကြံခြင်းအဆင့်များ...

Vol. 72 Ch. 1016

ကျင့်ကြံခြင်းအဆင့်များ...

Vol. 72 Ch. 1016

နတ်ဆိုးလမ်းစဉ်ထဲသို့ မဝင်ဘဲ နတ်ဆိုးများကို နတ်ဆိုးများကို အမြစ်ဖြတ်သုတ်သင်ရန် မဖြစ်နိုင်ပေ။ သ်ု့သော နတ်ဆိုးလမ်းစဉ်ထဲသို့ ဝင်ရောက်သွားလျှင်လည်း နတ်ဆိုးတစ်ကောင် ဖြစ်လာပေလိမ့်မည်။ ၎င်းမှာ ဤကမ္ဘာရှိ သက်ရှိများ ရင်ဆိုင်နေရသော မျှော်လင့်ချက်မဲ့သည့် အခြေအနေဖြစ်သည်။

ယနေ့အထိ နတ်ဆိုးများကို ဖျက်ဆီးရန် ရှာဖွေတွေ့ရှိထားသည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ကို အလုံးစုံ ဝါးမြိုပစ်ရန်သာ ဖြစ်သည်။ သို့သော် နတ်ဆိုးများက အဆုံးမဲ့သော နတ်ဆိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သူတို့ကို ဝါးမြိုခြင်းက နတ်ဆိုးလမ်းစဉ်ထဲသို့ ဝင်ရောက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

" လီချင်းက လုံးဝ သေသွားပြီပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ဂိုဏ်းချုပ်က တွန့်ဆုတ်ခြင်းမရှိ တိုက်ခိုက်ခဲ့သည်ကို သူသိသည်။ ချင်းယွမ်ဂိုဏ်း၏ စီနီယာအကိုကြီးတစ်ယောက်အနေဖြင့် လီချင်းက အသက်ရှင်လွတ်မြောက်နိုင်မည့် နည်းလမ်းများ ရှိမည်မှာ သေချာသည်။ သို့သော် ထိုနည်းလမ်းများက ဂိုဏ်းအတွင်း၌သာ ရှိပြီး ဂိုဏ်းချုပ်က သတင်လှုပ်ရှားလိုက်သည့် ခဏတွင် အသက်ကယ်နည်းလမ်းများကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

လက်ရှိတွင် လီချင်းက နတ်ဆိုးလမ်းစဉ်သို့ စတင်ဝင်ရောက်ခါစဖြစ်သောကြောင့် အင်မော်တယ်စွမ်းရည်မျိုး မပိုင်ဆိုင်သေးပေ။ထို့ကြောင့်လည်း ဂိုဏ်းချုပ်က တွေဝေခြင်းမရှိဘဲ လီချင်းကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

ချင်းယွမ်ဂိုဏ်းချုပ်က လှည့်ထွက်သွားပြီး လင်းယွမ်ကို ခန်းမထဲသို့ ပြန်ခေါ်လာသည်။

" ဒီတစ်ခါ လီချင်းရဲ့ကိစ္စနဲ့ ပက်သက်ပြီး မင်းကို ကျေးဇူးတင်ရမှာပဲ။ " ချင်းယွမ်ဂိုဏ်းချုပ်က စိတ်မကောင်းဖြစ်နေသော်လည်း အကယ်၍ လီချင်းသာ နတ်ဆိုးလမ်းစဉ်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားခဲ့လျှင် ချင်းယွမ်ဂိုဏ်းက ကြီးမားသော ဆုံးရှုံးမှုကို ရင်ဆိုင်ရပေလိမ့်မည်။

" ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းအတွက် စွမ်းဆောင်မှုတစ်ခုပဲ။ မင်း ဘာဆုလာဘ်လိုချင်လဲ။ " ချင်းယွမ်ဂိုဏ်းချုပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဆုလာဘ်လား။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " ဂိုဏ်းချုပ် ကျွန်တော်က နတ်ဆိုးစွမ်းအားရဲ့ တိုက်စားမှုကို ခံထားရတာပါ။ ကံကောင်းပြီး အသက်ရှင်ခဲ့ပေမယ့် အပြည့်အဝ ပြန်ကောင်းဖို့ တော်တော်ခက်ပါတယ်။ ဒါကြောင့် ချင်းယွမ်ကျမ်းစာတိုက်မှာ အလုပ်လုပ်ချင်ပါတယ်။ "

" မှန်တာပေါ့။ " ချင်းယွမ်ဂိုဏ်းချုပ်က ခေါင်းညိမ့်လိုက်သည်။

နတ်ဆိုးစွမ်းအား၏ သက်ရောက်မှုကို ခံထားရခြင်းမှာ အသက်ရှင်ခြင်းကပင် အံ့ဖွယ်တစ်ခုဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ လင်းယွမ်က ချင်းယွမ်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး လီချင်း၏ အေကြာင်းကိုလည်း သတင်းပို့ခဲ့သည်။ ထု့ကြာင့် ဂိုဏ်းချုပ်အနေဖြင့် သူ့ကို မတရားဆက်ဆံမည်မဟုတ်ပေ။

" ကောင်းပြီ။ ဒီနေ့ကစပြီး မင်း ချင်းယွမ်ကျမ်းစာတိုက်မှာ အလုပ်လုပ်ရမယ်။ ကျမ်းစာတိုက်ရဲ့ ခန်းမအားလုံးကိုလည်း စိတ်ကြိုက်ဝင်ထွက်ခွင့်ပြုလိုက်မယ်။ " ဂိုဏ်းချုပ်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ " လင်းယွမ်က ပြောလိုက်သည်။

ချင်းယွမ်ကျမ်းစာတိုက်တွင် ဂိုဏ်းစတင်တည်ထောင်ချိန်ကတည်းက ရှိခဲ့သော လျို့ဝှက်ပညာရပ်များနှင့် ကမ္ဘာကြီး အသွင်မပြောင်းလဲမီက ရှိခဲ့သော ပညာရပ်များကို သိမ်းဆည်းထားသည်။ လင်းယွမ်အတွက် ကျမ်းစာတိုက်ကို လွတ်လပ်စွာ ဝင်ထွက်နိုင်ခြင်းမှာ ထိုကမ္ဘာကို နားလည်ရန် များစွာအကျိုးရှိပေလိမ့်မည်။

" ဒါပေမယ့် မင်းသတိထားရမယ့် အချက်တစ်ချက်ရှိသေးတယ်။ " ဂိုဏ်းချုပ်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။ " လီချင်း နတ်ဆိုးဖြစ်သွားတဲ့အကြောင်းကို အပြင်ကို မပေါက်ကြားစေနဲ့။ "

လီချင်းကို သတ်လိုက်ခြင်းက အခြားတပည့်များနှင့် အကြီးအကဲများ မသိစေရန် တိတ်ဆိတ်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

မကြာမီ လင်းယွမ်က ခန်းမမှ ထွက်လာပြီး ကျမ်းစာတိုက်သို့ ရောက်ရှိသွားသည်။ ကျမ်းစာတိုက်တွင် ခန်းမရှစ်ခုရှိပြီး ရှေးဟောင်းကျမ်းစာများနှင့် စာအုပ်များစွာ ရှိသည်။ ချင်းယွမ်ဂိုဏ်း၏ တပည့်များအတွက် ကျမ်းစာတိုက်သို့ ဝင်ရန် ကန့်သတ်ချက်များ ရှိသည်။

သို့သော် ကျမ်းစာတိုက်၏ တာဝန်ရှိသူတစ်ယောက်အနေဖြင့် လင်းယွမ်က ကျမ်းစာအားလုံးကို လွတ်လပ်စွာ ဖတ်ရှုနိုင်သည်။

" မင်း ဂိုဏ်းချုပ်ကို တင်ပြလိုက်တဲ့သတင်းက တော်တော်အရေးပါတဲ့ပုံပဲ။ " အကြီးအကဲဖန်းက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

ကျမ်းစာတိုက်တွင် တာဝန်ထမ်းဆောင်ခွင့်ရခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ထိုနေရာက ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိပြီး ဂိုဏ်း၏ ဂိတ်တံခါး မကျိုးပျက်သရွေ့ အန္တရာယ်မရှိ​ပေ။ ထိုနေရာတွင် အလုပ်လုပ်ခြင်းက အလွန်ပင်သက်သာလှသည်။

" ကျွန်တော်အသက်ကို ကယ်ခဲ့တဲ့အတွက် အကြီးအကဲဖန်းကို ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" မင်းအသက်ရှင်တာက ငါနဲ့မဆိုင်ပါဘူး။ ငါတောင်မင်းကို လက်လျှော့တော့မလို့ပဲ။ " အကြီးအကဲဖန်းက ရယ်ပြီး ပြောလိုက်သည်။

" ဒါနဲ့ မင်း ဂိုဏ်းချုပ်ကို ဘာတင်ပြလိုက်တာလဲ။ ငါကို ပြောပြလို့ရမလား။ " အကြီးအကဲဖန်းက အနည်းငယ် သိလိုစိတ်နှင့် မေးလိုက်သည်။

" အကြီးအကဲဖန်း ဂိုဏ်းချုပ်ကိုသာ မေးကြည့်လိုက်ပါ။ အဲ့ဒါဆို သိရမှာပေါ့။ " လင်းယွမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။ ဂိုဏ်းချုပ်က လီချင်းကိစ္စကို လျို့ဝှက်ထားရန် မှာထားသဖြင့် လင်းယွမ်က ပြောမည်မဟုတ်ပေ။

" ထားလိုက်ပါတော့။ ဒီကိစ္စက ငါနဲ့မဆိုင်ဘူးထင်တယ်။ " အကြီးအကဲဖန်းက ခေါင်းခါလိုက်သည်။

" ဒါဆိုလည်း ကျမ်းစာတိုက်မှာပဲနေတော့။ ပျင်းရင် ငါနဲ့စကားလာပြောပေါ့။ " အကြီးအကဲဖန်းက ထွက်ခွာသွားသည်။ သူက နတ်ဆိုးများကြောင့် ဒဏ်ရာရလာသော တပည့်များကို ကုသပေးရန် များစွာ အလုပ်ရှုပ်နေသူဖြစ်သည်။

" ချင်းယွမ်ကျမ်းစာတိုက်။ " လင်းယွမ်က ကျမ်းစာတိုက်ထဲသို့ ဝင်လာပြီး ကျောက်စိမ်းစာလိပ်များကို လေ့လာလိုက်သည်။ သူက ကမ္ဘာကြီး အသွင်းမပြောင်းခင်နှင့် ပြောင်းပြီးနောက် မှတ်တမ်းများကို အဓိကရှာဖွေလိုက်သည်။

" အသွင်မပြောင်းခင် ဒီကမ္ဘာက ကျင့်ကြံသူတွေကို အသက်သန့်စင်ခြင်း အဆင့်ကိုးဆင့်၊ အသက်ရှည်ခြင်းအဆင့်ခြောက်ဆင့်၊ လွတ်မြောက်ခြင်းအဆင့်သုံးဆင့်နဲ့ ထာဝရတည်ရှိခြင်းအဆင့်တစ်ဆင့်ဆိုပြီး ရှိတယ်။ " လင်းယွမ်က အချက်အလက်များစွာကို လျင်မြန်စွာ လေ့လာလိုက်သည်။

အဆင့်တစ်ခုစီ၏ စွမ်းအားများအရ အသက်သန့်စင်ခြင်းအဆင့်ကိုးဆင့်က ဖရိုဖရဲဟင်းလင်းပြင်၏ အလွှာတစ်မှ အလွှာဆယ့်တစ်အထိနှင့် ညီမျှသည်။ အသက်ရှည်ခြင်းအဆင့် ခြောက်ဆင့်က အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှ ဖရိုဖရဲအဆင့်ထိဖြစ်သည်။

ထိုအဆင့်ရှိ ကျင့်ကြံသူများက ထာဝရအသက်ရှည်ခြင်းကို ပိုင်ဆိုင်ကြပြီး အချိန်မြစ်၏ ကန့်သတ်ချက်များမှ လွတ်မြောက်လာသူများဖြစ်သည်။

လွတ်မြောက်ခြင်းအဆင့် သုံးဆင့်က မဟာသူတော်စင်၊ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှင့် အနှိုင်းမဲ့မဟာသူတော်စင်တို့နှင့် ညီမျှသည်။ ထာဝရတည်ရှိခြင်းအဆင့်က အလွှာဆယ့်သုံး အချိန်သက်ရှိအဆင့် ဖြစ်ပေလိမ့်မည်။

" အသွင်ပြောင်းလဲမှုဖြစ်ပေါ်ပြီးတဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေ ပေါ်လာခဲ့တယ်။ နတ်ဆိုးတွေကို နတ်ဆိုးစိတ်ဝိညာဉ်၊ မဟာနတ်ဆိုး၊ မူလနတ်ဆိုးနဲ့ နတ်ဆိုးနတ်ဘုရားဆိုပြီး ခွဲခြားထားတယ်။ "

" နတ်ဆိုးစိတ်ဝိညာဉ်အဆင့်က အသက်သန့်စင်ခြင်းအဆင့်ကိုးဆင့်နဲ့ ညီမျှတယ်။ မဟာနတ်ဆိုးတွေကတော့ အသက်ရှည်ခြင်းအဆင့်ခြောက်ဆင့်နဲ့ ညီမျှတယ်။ "

" မူလနတ်ဆိုးတွေရဲ့စွမ်းအား အကန့်အသတ်ကို ဘယ်သူမှမသိကြဘူး။ ဒါပေမယ့် သူတို့ပေါ်လာတိုင်း သက်ရှိတွေအတွက် အနက်ရှိုင်းဆုံး မျှော်လင့်ချက်မဲ့မှုတွေ ယူဆောင်လာတယ်။ "

" နတ်ဆိုးနတ်ဘုရားတွေ... သူတို့က တစ်ခါမှ မပေါ်လာဖူးဘူး။ ဒါပေမယ့် အသွင်ပြောင်းလဲမှုစတင်ချိန် ကျင့်ကြံသူတွေ အထွတ်အထိပ် အခြေအနေမှာတောင် နတ်ဆိုးနတ်ဘုရားတွေရဲ့ လှုပ်ရှားမှုကြောင့် အသန်မာဆုံး ကျင့်ကြံသူတွေ ဝါးမြိုခံခဲ့ရဖူးတယ်။ "

" နောက်ပိုင်း ကျင့်ကြံသူတွေရဲ့ ခန့်မှန်းချက်အရ နတ်ဆိုးနတ်ဘုရားတွေဆိုတာ အသွင်ပြောင်းလဲမှုရဲ့ အရင်းအမြစ်ဖြစ်သလို ကမ္ဘာမှာရှိတဲ့ နတ်ဆိုးစွမ်းအားအားလုံးရဲ့ အရင်းအမြစ်ဖြစ်တယ်။ "

" နတ်ဆိုးစွမ်းအားဆိုတာ နတ်ဆိုးနတ်ဘုရားတွေရဲ့ အသက်ရှူသံက လာတာပဲ။ အဆုံးမဲ့နတ်ဆိုးတွေက နတ်ဆိုးနတ်ဘုရားတွေရဲ့ အနှစ်သာရကြောင့် ဖြစ်တည်လာတာပဲ။ "

လင်းယွမ်က ကျမ်းစာများကို ပို၍ ဖတ်ရှုလေ ပို၍ အံ့ဩမိလေဖြစ်သည်။

နတ်ဆိုးနတ်ဘုရားများက စွမ်းအားချင်းယှဉ်လျှင် ထာဝရတည်ရှိခြင်းအဆင့်နှင့် ညီမျှပေလိမ့်မည်။ ထို့ကြောင့် ၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်ပေလိမ့်မည်။ သို့သော် အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်က ဘယ်လိုလုပ်နတ်ဆိုးဖြစ်သွားနိုင်မှာလဲ။

လင်းယွမ်က ၎င်းကို ယုံကြည်ရန် ခက်ခဲနေသည်။ အသွင်ပြောင်းလဲမှုပြီးနောက် နတ်ဆိုးများနှင့် ကျင့်ကြံသူများ အဆက်မပြတ် တိုက်ခိုက်ခဲ့ကြပြီး နတ်ဆိုးများအကြောင်း အချက်အလက်များစွာကို သိရှိခဲ့ရသည်။

နတ်ဆိုးများအားလုံးက ပင်ကိုယ်ဗီဇအတိုင်းသာ လှုပ်ရှားကြပြီး ခံစားချက်မရှိဘဲ လူသေများကဲ့သို့ ဖြစ်နေသည်။ ၎င်းကလည်း ဤကမ္ဘာရှိ သက်ရှိများ အသက်ရှင်နိုင်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ အကြောင်းမှာ နတ်ဆိုးများက အမြစ်ဖြတ်သုတ်သင်မည့်အတွေးမျိုးမရှိပေ။

သူတို့က ဤကမ္ဘာတွင် လွတ်လပ်စွာ လှည့်လည်နေကြပြီး ကျင့်ကြံသူများကို တွေ့မှသာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ ကျင့်ကြံသူများနှင့် ဝေးရာတွင် ရှိနေလျှင် သူတို့က ဆက်လက်သွားလာနေကြမည်ဖြစ်သည်။ သို့သော် နတ်ဆိုးစွမ်းအားများ ပျံ့နှံ့လာသည်နှင့်အမျှ နတ်ဆိုးများက ပိုများလာပြီး တစ်နေ့တွင် ဤကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားပေလိမ့်မည်။ ထိုအချိန်တွင် ဤကမ္ဘာမှ သက်ရှိအားလုံး မျိုးသုဉ်းသွားကြပေလိမ့်မည်။

All Chapters