မှော်စာလုံးလမ်းစဉ်...
Vol. 72 Ch. 1017
" နတ်ဆိုးစွမ်းအား..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ရာ သူ၏ လက်ထိပ်တွင် အနက်ရောင်စွမ်းအားတစ်ခု ရစ်ဝဲနေသည်။
သူနိုးလာစဉ်က သူ၏ စိတ်ကို တိုက်စားနေသော နတ်ဆိုးစွမ်းအားများကို ဖယ်ရှားခဲ့သော်လည်း အနည်းငယ်ကို ချန်ထားခဲ့သည်။ သူက ၎င်းကို သေချာလေ့လာရန် ဆုံးဖြတ်ခဲ့သည်။
လင်းယွမ်က သူ၏ လက်ထိပ်မှ စွမ်းအားကို ဂရုတစိုက် ကြည့်လိုက်သည်။ ၎င်းက အဆက်မပြတ် လိမ်ယှက်နေပြီး သူ၏ ခန္ဓာကိုယ်ကို ဆက်လက်တိုက်စားရန် ကြိုးစားနေသော်လည်း သူ၏ လက်ထိပ်တွင်သာ ထိန်းချုပ်ခံထားရသည်။
" ဒါက မရိုးရှင်းဘူး။ " လင်းယွမ်၏ အတွေးများက ပြောင်းလဲသွားပြီး လက်ထဲမှ နတ်ဆိုးစွမ်းအားကို ဖယ်ထုတ်ကာ ခဏစဉ်းစားလိုက်သည်။
သူ၏ လေ့လာမှုများအရ နတ်ဆိုးစွမ်းအားဆိုသည်မှာ အလွန်မြင့်မားသော စွမ်းအားပုံစံတစ်ခုဖြစ်ပေလိမ့်မည်။ ၎င်း၏ ထူးဆန်းသော သဘာဝကြောင့်သာ ထိုကမ္ဘာရှိ သက်ရှိများက ၎င်းကို နတ်ဆိုးဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
" ဒီကမ္ဘာက... ရင်းမြစ်ကမ္ဘာတစ်ခုဖြစ်တဲ့အတွက် အလွှာဆယ့်သုံး အချိန်သက်ရှိတွေ ရှိနေသင့်တယ်။ ဒါပေမယ့် သူတို့တွေ ဘယ်ရောက်ကုန်တာလဲ။ နတ်ဆိုးနတ်ဘုရားကပဲ သူတို့ကို တားဆီးထားတာလား။ " လင်းယွမ်က တွေးလိုက်သည်။
ရင်းမြစ်ကမ္ဘာက အလွန်အဆင့်မြင့်ပြီး ဖရိုဖရဲဟင်းလင်းပြင်နှင့်ပင် ယှဉ်နိုင်သည်။ အချိန်တစ်ခုကြာလျှင် အချိန်သက်ရှိများ ထွက်ပေါ်လာရန် ဖြစ်နိုင်ခြေအလွန်များသည်။ ချင်းယွမ်ကျမ်းစာတိုက်ရှိ မှတ်တမ်းများအရ လွတ်မြောက်ခြင်းအဆင့်သုံးဆင့်၏ အထက်ရှိ ထာဝရတည်မြဲခြင်းအဆင့်က အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် ညီမျှနေသည်။
၎င်းမှာ ဤကမ္ဘာတွင် အချိန်သက်ရှိများ အမှန်တကယ် တည်ရှိနေကြောင်း ဆိုလိုခြင်းဖြစ်သည်။ သို့သော် ယခုအချိန်ထိ နတ်ဆိုးများ သောင်းကျန်းနေသော်လည်း အချိန်သက်ရှိများက ဝင်ရောက်စွက်ဖက်ခြင်းမရှိကြပေ။
" အဲ့ဒါကြောင့် အလွှာဆယ့်နှစ်ကို စရောက်တုန်း ဒုတိယရင်းမြစ်ကမ္ဘာကို လေ့လာတုန်းက ဂိတ်တံခါးက သတိပေးခဲ့တာကိုး။ စိတ်စွမ်းအားကို တိုက်စားနိုင်တဲ့ ဒီလိုနတ်ဆိုးစွမ်းအားမျိုးကို အလွှာဆယ့်နှစ်ကို ရောက်ခါစစွမ်းအားနဲ့ တောင့်ခံနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
စိတ်စွမ်းအားကို တိုက်စားခြင်းက ဆိုးရွားသော နောက်ဆက်တွဲများရှိနိုင်ပြီး အခြားဒိုင်မန်းရှင်းများတွင် ရှိသော သူ၏ မူလခန္ဓာကိုယ်များကိုပါ ထိခိုက်စေနိုင်သည်။ ဒိုင်မန်းရှင်းများ မတူညီခြင်းက ကြောင်းကျိုးဆက်နွယ်မှုများကို တားဆီးပေးနိုင်သော်လည်း စိတ်စွမ်းအားတိုက်စားမှုက မှတ်ဉာဏ်နှင့် သက်ဆိုင်နေသဖြင့် လင်းယွမ်က ၎င်းကို မှတ်မိနေသရွေ့ ထိခိုက်နေပေလိမ့်မည်။
" အခုတော့ နတ်ဆိုးတွေ ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း အရေးကြီးဆုံးက ငါ့ရဲ့ စွမ်းအားတွေ အမြန်ဆုံး တိုးတက်ဖို့ပဲ။ "
မည်သည့်အန္တရာယ်ကို ရင်ဆိုင်ရသည်ဖြစ်စေ ခွန်အားကသာ အဓိကဖြစ်သည်။ လင်းယွမ်၏ နည်းလမ်းများနှင့် သူက အထွတ်အထိပ်သို့ ပြန်ရောက်လျှင် ဤကမ္ဘာတွင် နတ်ဆိုးနတ်ဘုရားက ဝင်ရောက်မစွက်ဖက်သရွေ့ သူ့အတွက် အန္တရာယ်ရှိမည်မဟုတ်ပေ။
လင်းယွမ်က ချင်းယွမ်ကျမ်းစာတိုက်၏ စောင့်ရှောက်သူအဖြစ် တာဝန်ယူနေပြီး အဓိကအားဖြင့် ရှေးဟောင်းကျမ်းစာများနှင့် ကျောက်စိမ်းစာလိပ်များကို စုစည်းရန် တာဝန်ရှိသည်။ ထိုကဲ့သို့သော ရာထူးမျိုးက အလွန်ပင်အေးဆေးလှသည်။
ယေဘုယျအားဖြင့် ထိုအလုပ်မှာ ဂိုဏ်းအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့ပြီး လုံလောက်သော စွမ်းဆောင်မှုများ ပြုလုပ်ခဲ့သူများအတွက်သာ ဖြစ်သည်။
သူ၏ စွမ်းအားများကို ပြန်လည်ရရှိရန် ကြိုးစားနေချိန်တွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို အဓိကလေ့လာနေသည်။ ထိုခန္ဓာကိုယ်၏ အလားအလာက အလွန်အားကောင်းပြီး အချိန်သက်ရှိတစ်ယောက်၏ တိုက်ရိုက်မျိုးဆက်နှင့်ပင် တူနေသည်။
ပထမရင်းမြစ်ကမ္ဘာတွင် ရှေးဟောင်းနိုင်ငံခြောက်ခုမှ သက်ရှိအားလုံး၏ ခန္ဓာကိုယ်ထဲတွင် ဘိုးဘေးခြောက်ယောက်၏ သွေးများစီးဆင်းနေသော်လည်း အလွန်နည်းပြီး မရှိသလောက်ပင်ဖြစ်သည်။ သို့သော် ဤရင်းမြစ်ကမ္ဘာတွင်မူ ခန္ဓာကိုယ်၏ အလားအလာက ကြောက်စရာကောင်းလောက်အောင် မြင့်မားသည်။
" ကမ္ဘာအသွင်မပြောင်းလဲခင် ဒီရင်းမြစ်ကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်က မှော်စာလုံးတွေပဲ။ နိယာမတွေနဲ့ မဟာတာအိုအပါအဝင် အရားအားလုံးကို မှော်စာလုံးတွေအဖြစ် ဖော်ပြခဲ့ကြတာပဲ။ " လင်းယွမ်က အသွင်မပြောင်းခင် ကျန်ရှိခဲ့သော ကျောက်စိမ်းစာလိပ်များကို ကြည့်ပြီး စဉ်းစားနေသည်။
မဟာတာအို၏ နိယာမများက မူလက ပုံသဏ္ဍန်မရှိပေ။ သာမန်လူများ မမြင်နိုင် မထိတွေ့နိုင်သလို ကျင့်ကြံသူများပင်လျှင် ခံစားချပ်နှင့်သာ ထိတွေ့နိုင်သည်။ သို့သော် ပုံသဏ္ဍန်မရှိသော နိယာမများကို မြင်သာသော မှော်စာလုံးများဖြင့် ဖော်ပြလိုက်ခြင်းကြောင့် ကမ္ဘာကြီး အသွင်မပြောင်းခင်က ရင်းမြစ်ကမ္ဘာတွင် ကျင့်ကြံသူအရေအတွက် ကြောက်စရာကောင်းလောက်အောင် များပြားခဲ့သည်။
ကျင့်ကြံသူအများအပြားရှိနေခြင်းကြောင့် ပိုမိုအစွမ်းထက်သူများ ထွက်ပေါ်လာရန် အခွင့်အလမ်းမှာ သဘာဝအတိုင်း တိုးလာခဲ့သည်။ ချင်းယွမ်ဂိုဏ်းမှာ အသွင်မပြောင်းခင်က ထိုနယ်မြေ၏ အကြီးဆုံးဂိုဏ်းဖြစ်ပြီး လွတ်မြောက်ခြင်းအဆင့်များ စောင့်ကြပ်ခဲ့ကြသည်။
လွတ်မြောက်ခြင်းအဆင့်၏ ပထမအဆင့်က ဖရိုဖရဲဟင်းလင်းပြင်မှ မဟာသူတော်စင်အဆင့်နှင့် ညီမျှသည်။ သို့သော် အသွင်ပြောင်းလဲမှုနှင့် နတ်ဆိုးများ၏ အကြိမ်ကြိမ်တိုက်ခိုက်မှုများကို ကြုံတွေ့ပြီးနောက် ချင်းယွမ်ဂိုဏ်း၏ အမြင့်ဆုံးစွမ်းအားမှာ အသက်ရှည်ခြင်းအဆင့် ဆဋ္ဌမအဆင့်သာ ရှိသောကြောင့် ဖရိုဖရဲအဆင့်သာ ရှိတော့သည်။
ချင်းယွမ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်၏ အကူအညီဖြင့်သာ လွတ်မြောက်ခြင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်သည်။ ထို့ကြောင့်သာ ချင်းယွမ်ဂိုဏ်းက နတ်ဆိုးများ၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
မဟာနတ်ဆိုးများက အသက်ရှည်ခြင်းအဆင့် ဆဋ္ဌမအဆင့်ရှိပြီး အချိုကဏ္ဍများတွင် ထိုအဆင့်ကိုပင် ကျော်လွန်နေသည်။
" ကမ္ဘာကြီးအသွင်ပြောင်းပြီးတဲ့နောက်မှာ နတ်ဆိုးစွမ်းအားတွေ ဖုံးလွှမ်းသွားတယ်။ မဟာတာအိုရဲ့ နိယာမတွေလည်း ပျောက်ကွယ်သွားတယ်။ မှော်စာလုံးအမွေအနှစ်တွေ ရှိနေသေးပေမယ့် ဝေဝါးနေတဲ့ နိယာမတွေကို ဖော်ပြဖို့ ခက်ခဲသွားတာပဲ။ "
လင်းယွမ်က ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအားများကို အာရုံခံလိုက်ရာ သူ၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။ " မှော်စာလုံးတွေလား။ "
လင်းယွမ်၏ လက်ဖဝါပေါ်တွင် စွမ်းအားများ ရောယှက်သွားပြီး ရွှေဟူသော စာလုံးထွက်ပေါ်လာသည်။ ထိုရွှေဟူသော စာလုံးက ဤကမ္ဘာ၏ အနှစ်သာရဖြစ်ပြီး ရွှေမှော်စာလုံးက ရွှေနိယာမများအကြောင်း အပြည့်အဝ ဖော်ပြထားသည်။
" အံ့ဩစရာပဲ။ " လင်းယွမ်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
မှော်စာလုံးများအကြောင်းပြောရလျှင် ပထမရင်းမြစ်ကမ္ဘာရှိ ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံ၏ ရတနာတိုက်မှ ဖရိုဖရဲလျို့ဝှက်သင်္ကေတများကလည်း အခြေခံအားဖြင့် မှော်စာလုံးများသာဖြစ်သည်။
ဤကမ္ဘာရှိ မှော်စာလုံးအမွေအနှစ်များက အရာအားလုံးကို ဖော်ပြနိုင်ပြီး ဒြပ်မဲ့သောအရာကို ဒြပ်ရှိသော အရာအဖြစ် ပြောင်းလဲပေးနိုင်သည်။ ထို့ကြောင့် နားလည်ရန် ခက်ခဲမှုကို လျှော့ချပေးပြီး အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများကို ပေးစွမ်းပေးနိုင်သည်။
" ဒီမှော်စာလုံးတွေကို အခြေခံထားရင် ခန္ဓာကိုယ်အမှုန်တွေထဲက ကမ္ဘာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ငါသိသွားပြီ။ " လင်းယွမ်၏ အတွေးများက လျင်မြန်စွာ လှုပ်ရှားသွားသည်။
ပထမရင်းမြစ်ကမ္ဘာရှိ သူ၏ မူလခန္ဓာကိုယ်က ချောက်နက်နဂါးကို အတုယူပြီး သူ၏ ခန္ဓာကိုယ်အမှုန်တစ်ခုစီတွင် ကမ္ဘာငယ်လေးများ ဖန်တီးရန် ကြိုးစားနေခြင်းဖြစ်သည်။
" အဲ့ဒီချောက်နက်နဂါးက အမှုန်ကမ္ဘာတွေကို တပြိုင်နက် ထိန်းသိမ်းထားနိုင်တာဟာ သူက မူလသက်ရှိဖြစ်နေလို့ပဲ။ အဲ့ဒါက ရင်းမြစ်ကမ္ဘာက ပေးတဲ့ လက်ဆောင်ပဲ။ "
" ဒါပေမယ့် ငါ့မှာတော့ အဲ့လိုစွမ်းရည်မျိုးမရှိဘူး။ ဒါကြောင့် ကမ္ဘာငယ်လေးတွေကို ထိန်းသိမ်းဖို့ စိတ်စွမ်းအားကိုပဲ အားကိုးရတယ်။ ဒါပေမယ့် စိတ်စွမ်းအားက အကန့်အသတ်ရှိပြီး အမှုန်ကမ္ဘာတွေက အကန့်အသတ်မရှိဘူး။ "
မှော်စာလုံးအမွေအနှစ်များက အမှုန်ကမ္ဘာအားလုံးကို တစ်ပြိုင်နက်ထိန်းသိမ်းရန် လင်းယွမ်အတွက် မျှော်လင့်ချက်ဖြစ်လာစေသည်။ ကမ္ဘာငယ်လေးတစ်ခုစီ၏ မျက်နှာပြင်ပေါ်တွင် နိယာမမှော်စာလုံးများကို ထွင်းထုလိုက်ခြင်းဖြင့် ကမ္ဘာငယ်များကို တည်ငြိမ်စေပြီး နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာငယ်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
" လောလောဆယ်တော့ ဒီနည်းလမ်းက အရိုးရှင်းဆုံးနဲ့ မျှော်လင့်ချက်အရှိဆုံးပဲ။ " လင်းယွမ်က တွေးလိုက်သည်။ ပထမရင်းမြစ်ကမ္ဘာမှ သူ၏ မူလခန္ဓာကိုယ်က အကြိမ်ကြိမ် လေ့လာနေသော်လည်း ထိုထက်ကောင်းသော နည်းလမ်းမတွေ့သေးပေ။
" မှော်စာလုံးအမွေအနှစ်က ဘယ်ကျင့်ကြံခြင်းစနစ်နဲ့မဆို ကိုက်ညီတယ်။ မှော်စာလုံးတွေကို သုံးပြီး နိယာမတွေကို ပုံတူကူးနိုင်သလို ကမ္ဘာရဲ့ တုန့်ပြန်မှုကို ရရှိနိုင်တဲ့အတွက် ဒါက အကောင်းဆုံးနည်းလမ်းပဲ။ "
" ဒီကမ္ဘာမှာ ကမ္ဘာငယ်လေးတွေ ဖန်တီးဖို့ ကြိုးစားကြည့်ရမယ်။ "
ဤရုပ်ခန္ဓာ၏ အလားအလာက အလွန်မြင့်မားသဖြင့် ကမ္ဘာငယ်လေးများ၏ ဖွံ့ဖြိုးမှုကို လက်ခံနိုင်စွမ်းရှိသည်။ အကယ်၍ မအောင်မြင်ခဲ့လျှင် လင်းယွမ်က သူ၏ အသက်ကို ကာကွယ်ရန်နှင့် ပြန်လည်ရှင်သန်နိုင်ရန် နည်းလမ်းများကို စီစဉ်ထားနိုင်သည်။
ဒုတိယအချက်အနေဖြင့် ကမ္ဘာငယ်လေးများကို အားနည်းရာမှ အားကောင်းရာသို့ အဆင့်ဆင့် တည်ဆောက်ခြင်းက ကမ္ဘာတစ်ခုချင်းစီ၏ လည်ပတ်ပုံကို ပိုမိုသိရှိစေပြီး လင်းယွမ်၏ ကျင့်ကြံခြင်းအတွက် များစွာ အကျိုးရှိစေပေလိမ့်မည်။
ကမ္ဘာကြီးက ကြီးမားသော အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး နတ်ဆိုးစွမ်းအားများ ဖုံးလွှမ်းနေသဖြင့် ကျင့်ကြံရန် ပတ်ဝန်းကျင်ဆိုးရွားခြင်းမှာ အခြားသူများအတွက်သာ မှန်ကန်လေသည်။
လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသဖြင့် မဟာတာအို၏ နိယာမများ ရှိနေသရွေ့ မှော်စာလုံးများကို ချောမွေ့စွာ ကျင့်ကြံနိုင်သည်။
အကယ်၍ ဤရင်းမြစ်ကမ္ဘာ၏ နိယာမများကို နတ်ဆိုးစွမ်းအားများက အလုံးစုံဖိနှိပ်ထားလျှင်တောင် လင်းယွမ်က အခြားဒိုင်မန်းရှင်းများမှတစ်ဆင့် နိယာမများကို အာရုံခံနိုင်လေသည်။