ပြင်းထန်သောအဆိပ်
Vol. 74 Ch. 1025
“မင်းက ငါ့ရဲ့ ပုံရိပ်ယောင်ကို မြင်သွားတာလား...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် ပုံရိပ်ယောင်ကို အသုံးပြု၍ နှောင့်ယှက်နေခဲ့ခြင်းဖြစ်ပြီး ယီထျန်းယွမ်ကို လှည့်စားရန်အတွက် စကားများကိုပါ ဆက်တိုက် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် အစစ်အမှန်နှင့် တူလှသည်။
သူ၏ ပုံရိပ်ယောင် ဖန်တီးမှုမှာ ယူချင်းလင်၏ မြှူဆွယ်ခြင်းနှင့် မတူညီချေ။ တစ်ဖက်လူ၏ စိတ်အတွင်းပိုင်းအထိ ဝင်ရောက်ရန် မလိုဘဲ ရှေ့မှောက်၌ ပုံရိပ်ယောင်တစ်ခုကိုသာ ဖန်တီး၍ ပြိုင်ဘက်ကို လှည့်စားခြင်း ဖြစ်သည်။
သေချာပေါက်ပင် ထိုပုံရိပ်ယောင်မှာ မည်သည့် တိုက်ခိုက်ရေးစွမ်းအားမျှ မရှိချေ။ ထို့ကြောင့်ပင် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် ပုံရိပ်ယောင်ကို တိုက်ခိုက်ခိုင်းခြင်း မပြုခဲ့ခြင်း ဖြစ်သည်။
“ဒီလောက် အဆင့်အတန်းနိမ့်တဲ့ ပုံရိပ်ယောင်ကို တစ်ချက်ကြည့်ရုံနဲ့တင် သိနိုင်တာပေါ့... ဘာအငွေ့အသက်မှ မရှိတဲ့အရာက တကယ်ကို အတုအယောင်မှန်း သိသာလွန်းပါတယ်... တကယ်လို့ ဒီလိုနည်းနဲ့ ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတယ်ဆိုရင်တော့ မင်း တော်တော်လေး ရိုးအနေတာပဲ... မင်းက ဒီနေရာကို ဘယ်လိုနေရာလို့ ထင်နေတာလဲ... လူတိုင်း ဝင်လာလို့ရတဲ့ နေရာလို့ ထင်နေတာလား...”
ယီထျန်းယွမ်က ခေါင်းခါလျက် ဆိုလိုက်သည်။ ကောင်းကင်မျက်လုံးကို အသုံးမပြုလျှင်ပင် အနည်းငယ် အာရုံခံကြည့်လိုက်ရုံဖြင့် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ အငွေ့အသက်မှာ အလွန်ပင် အားနည်းနေသဖြင့် ပြဿနာရှိကြောင်း သိသာလှသည်။
အကယ်၍ ဤမျှနှင့် လှည့်စားခံရမည်ဆိုပါက ပြိုင်ဘက်၏ စွမ်းအားကို ကြောက်ရွံ့နေခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေချိန်မျိုးတွင် ဤပုံရိပ်ယောင်မှာ လှည့်စားရန်အတွက် အလွန်ပင် အသုံးဝင်လှသည်။
“အရည်အချင်းတော့ ရှိသားပဲ... ဒါပေမဲ့ သိပ်ပြီး မောက်မာမနေနဲ့ဦး...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်က ရှက်ရွံ့ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဟုတ်လား... ဒါဆိုရင် တကယ့်ပုံရိပ်ယောင်ဆိုတာ ဘာလဲဆိုတာကို ခံစားကြည့်လိုက်စမ်း...”
ယီထျန်းယွမ်၏ ပုံရိပ်မှာ ဝေဝါးသွားပြီးနောက် သူနှင့် တစ်ပုံစံတည်းတူသော ပုံရိပ်ယောင် သုံးခုမှာ ပတ်ဝန်းကျင်၌ ပေါ်ထွက်လာခဲ့သည်။
“ပုံရိပ်ယောင် သုံးခုလား... ပုံရိပ်ယောင် သုံးခုဖြစ်နေရင်ကော ဘာထူးမှာလဲ... ဒါက ပုံရိပ်ယောင်ပဲလေ... တိုက်ခိုက်နိုင်စွမ်း ရှိမှာကျလို့...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်က ဆက်လက်၍ ကဲ့ရဲ့လိုသော်လည်း ပုံရိပ်ယောင် သုံးခုမှာ သူ၏ထံသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။ ပုံရိပ်ယောင် တစ်ခုချင်းစီမှာ အလွန်ပင် လျင်မြန်ဖြတ်လတ်လှပြီး မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်ကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်။
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာမူ အနည်းငယ်မျှ မကြောက်ရွံ့ချေ။ သူသည် မတ်တပ်ရပ်လျက်သာ ရှိနေပြီး မရှောင်တိမ်းခဲ့ချေ။ ဤပုံရိပ်ယောင်များမှာ တိုက်ခိုက်နိုင်စွမ်း မရှိဟု သူက ယူဆထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်အထိ တိုက်ခိုက်နိုင်စွမ်းရှိသော ပုံရိပ်ယောင်မျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ခြင်းကြောင့်ပင်။ ထို့ကြောင့် ၎င်းတို့ကို ကျားသေများအဖြစ်သာ သူက သတ်မှတ်ထားသည်။
“ဖြန်း... ဖြန်း... ဖြန်း...”
“ဘုန်း... ဘုန်း... ဘုန်း...”
ပုံရိပ်ယောင် သုံးခုမှာ သူ၏ မျက်နှာကို ပါးရိုက်လိုက်ရုံသာမက ခြေထောက်ဖြင့်ပါ အဆက်မပြတ် ကန်ထုတ်လိုက်သည်။ မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာ နာကျင်စွာ ညည်းညူလျက် လွင့်စင်သွားခဲ့ရပြီး သွေးများ အန်ထုတ်ကာ မြေပြင်ပေါ်၌ လူးလိမ့်သွားတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာ ထိတ်လန့်သွားခဲ့ရသည်။ ယီထျန်းယွမ်၏ တိုက်ခိုက်မှုမှာ အမှန်တကယ်ပင် ထိရောက်မှု ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သူတစ်ဦးတည်းသာမက အကြီးအကဲ ငါးဦးလုံးလည်း အံ့ဩသွားကြသည်။ တိုက်ခိုက်နိုင်စွမ်းရှိသော ပုံရိပ်ယောင်မျိုးကို ၎င်းတို့လည်း အတော်လေး တွေ့ရခဲလှသည်။ အကယ်၍ ရှိခဲ့လျှင်ပင် ၎င်းမှာ အဆင့်မြင့်သော ကျင့်စဉ်တစ်ခု ဖြစ်ရပေလိမ့်မည်။
“ငါတို့ ခန့်မှန်းတာ မှားသွားပုံရတယ်... သူ့မှာ တစ်စုံတစ်ရာသော အခွင့်အရေးကောင်းတွေ ရှိနေပုံပဲ... ဒါမှမဟုတ် တော်တဲ့ ဆရာတစ်ယောက်ယောက် ရှိနေတာလား...”
“ဟုတ်တယ်... ဒီအတတ်ပညာတစ်ခုတည်းနဲ့တင် သူ့ရဲ့ အခြေခံက မဆိုးဘူးဆိုတာ သိသာတယ်... ဒီအဆင့်အထိ ရောက်ဖို့ဆိုရင် သန်မာတဲ့ ဆရာတစ်ယောက် မရှိဘဲ မဖြစ်နိုင်ဘူး မဟုတ်လား...”
“ဒါမှမဟုတ် အခွင့်အရေးတစ်ခုခုလည်း ဖြစ်နိုင်တာပဲ... ပြင်ပလောကမှာ အခွင့်အရေးတွေက အများကြီးပဲလေ... တစ်စုံတစ်ယောက်ရဲ့ အမွေအနှစ်ကို ရထားတာလည်း ဖြစ်နိုင်တာပဲ...”
အကြီးအကဲ ငါးဦးလုံးက ထိုအချက်ကို သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ ယီထျန်းယွမ်၏ ပြသလိုက်သော အစွမ်းကြောင့် လူတိုင်းက သူ့ကို အထင်ကြီးလာခဲ့ကြသည်။ အနည်းဆုံးတော့ ယခင်ကကဲ့သို့ လက်သီးသက်သက်ဖြင့် တိုက်ခိုက်ခြင်းထက် ပို၍ စိတ်ဝင်စားစရာ ကောင်းလှသည်။
နျန်ချီယွီ၏ မျက်ဝန်းများမှာလည်း ဝင်းလက်သွားခဲ့သည်။ ယီထျန်းယွမ်၏ အရည်အချင်းမှာ မနိမ့်ကျကြောင်း ၎င်းတို့ သိရှိထားကြသဖြင့် ဤပွဲကိုလည်း သေချာပေါက် အနိုင်ရလိမ့်မည်ဟု မျှော်လင့်နေကြသည်။
သို့သော် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ နတ်ဘုရားနိုင်ငံဖြစ်သော လုံရှယ်နတ်ဘုရားနိုင်ငံမှ နယ်မြေရှင်မှာမူ အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ... အစွမ်းကုန် ထုတ်သုံးစမ်း...”
ထိုအချိန်၌ ဘေးနားရှိ လုံရှယ်နယ်မြေရှင်သည် မတ်တပ်ရပ်လျက် မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်ကို အော်ဟစ်လိုက်သည်။
မြေပြင်မှ ပြန်လည် ထရပ်လိုက်သော မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီးနောက် ယီထျန်းယွမ်ကို စိုက်ကြည့်လိုက်သည်။ သူသည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ့အား အေးစက်စွာ ကြည့်လျက် ပြောလိုက်သည်။
“ငါ့ရဲ့ အစွမ်းကုန် ထုတ်သုံးဖို့အတွက် မင်းမှာ အရည်အချင်း ရှိသွားပြီပဲ...”
သူ၏ ထူးဆန်းသော မျက်ဝန်းအစုံမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် မြွေအကြေးခွံများ စတင် ပေါ်ထွက်လာသည်။ မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော မြွေဟောက်ကြီးတစ်ကောင်နှင့် တူလာပြီး ထူထဲသော အကြေးခွံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အရေးကြီးဆုံးအချက်မှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ အဆိပ်များမှာ ပတ်ဝန်းကျင်သို့ စတင် ပျံ့နှံ့လာခြင်းပင်။
ထိုအဆိပ်များ ကျရောက်ရာ မြေပြင်မှာ စတင် တိုက်စားခြင်း ခံရပြီး အစိမ်းပုပ်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ အလွန်ပင် ရွံစရာကောင်းလှသည်။ ထိုအစိမ်းရောင် မြေပြင်ပေါ်မှ အစိမ်းရောင် အဆိပ်ငွေ့များမှာ ပတ်ဝန်းကျင်သို့ စတင် ပျံ့နှံ့လာခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အဆိပ်များမှာ ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမည်ဖြစ်ပြီး ယီထျန်းယွမ်အနေဖြင့်လည်း ရှောင်တိမ်းရန် နေရာ ရှိတော့မည် မဟုတ်ချေ။
“ရှူး...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် ယီထျန်းယွမ် တိုက်ခိုက်လာသည်ကို မစောင့်တော့ဘဲ အဆိပ်များကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ယီထျန်းယွမ်ထံသို့ တိုးဝင်သွားခဲ့သည်။ မြွေအသွင်သို့ ပြောင်းလဲသွားသည့်အခါ သူ၏ အရှိန်မှာ များစွာ တိုးတက်လာခဲ့သည်။ ကောင်းကင်ယံ၌ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခုအလား လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယီထျန်းယွမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ပလွတ်... ပလွတ်...”
မြွေလျှာထုတ်သံမှာ ယီထျန်းယွမ်၏ နားနား၌ ထွက်ပေါ်လာခဲ့သည်။ မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် သူ၏ဘေးသို့ ရောက်ရှိလာခဲ့ပြီး မြွေပါးစပ်ကို ဟကာ ကိုက်ရန် ကြိုးစားလိုက်သည်။ ရှည်လျားသော မြွေခန္ဓာကိုယ်မှာလည်း သူ၏ကိုယ်ပေါ်သို့ ရစ်ပတ်ရန် ကြိုးစားနေခဲ့သည်။
ထိုခဏ၌ ယီထျန်းယွမ်၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့ပြီး ထိုရစ်ပတ်မှုမှ ရှောင်တိမ်းလိုက်သည်။ သူသည် နောက်သို့ လှည့်၍ မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်ကို ကန်ထုတ်လိုက်သော်လည်း ကန်လိုက်သော နေရာမှာ အလွန်ပင် ချောကျိနေသဖြင့် အားစိုက်ထုတ်၍ မရဘဲ လျှောထွက်သွားခဲ့သည်။
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာမူ သူ ကန်လိုက်သော ခြေထောက်ကို အခွင့်ကောင်းယူ၍ ချက်ချင်းပင် ရစ်ပတ်လိုက်သည်။ လက်ထဲရှိ ကျာပွတ်မှာလည်း အတူတူ ရစ်ပတ်လာခဲ့ပြီး သူ့ကို ဤနေရာ၌ပင် ချုပ်နှောင်ထားရန် ကြိုးစားတော့သည်။
“ဖယ်စမ်း...”
ယီထျန်းယွမ်၏ အကြည့်မှာ အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးမားလာကာ ဧရာမ မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိတ်လန့်ဖွယ် မီးလျှံများမှာလည်း ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။ ထိပ်တန်း မိစ္ဆာမီးလျှံ နှစ်မျိုးကို ပေါင်းစပ်ထားသော အနက်ရောင်မီးလျှံမှာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်စွမ်း ရှိသည်။
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်မှာ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားခဲ့ရသော်လည်း ထိုမီးလျှံများကြောင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့မှာ လောင်ကျွမ်းသွားခဲ့ပြီး အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင် အရည်များမှာ မီးလောင်မှုကို ဟန့်တားပေးနိုင်သော အစွမ်းရှိပုံရသည်။
“မိစ္ဆာမီးလျှံ...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်သည် နောက်သို့ ဆုတ်ခွာသွားပြီးနောက် သူ့အား ကြည့်ကာ အကျယ်ကြီး ရယ်မောလိုက်သည်။
“အရည်အချင်းတော့ ရှိသားပဲ... ဒါပေမဲ့ မင်းကတော့ သေပြီ... ငါ့ရဲ့ အဆိပ်တွေ မင်းကိုယ်ထဲကို အများကြီး ဝင်သွားပြီလေ...”
မိစ္ဆာနတ်ဘုရား အသွင်ပြောင်းထားသော ယီထျန်းယွမ်၏ ခြေထောက်နှင့် ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် အဆိပ်များမှာ စတင် ကူးစက်နေခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ အဆိပ်များမှာ တဖြည်းဖြည်းနှင့် တိုက်စားနေခြင်းပင်။
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ အားအကိုးရဆုံး အစွမ်းမှာ ပြင်းထန်သော အဆိပ်ပင် ဖြစ်သည်။ ကောင်းကင်အရှင် တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အဆိပ်ခတ်၍ သတ်နိုင်စွမ်း ရှိသည်။ အကယ်၍ သေဆုံးအောင် မလုပ်နိုင်လျှင်ပင် တိုက်ခိုက်ရေးစွမ်းအားကို များစွာ လျော့ကျစေနိုင်သလို အချိန်ဆွဲလေလေ ပြိုင်ဘက်အတွက် ပို၍ ဆိုးရွားလေလေ ဖြစ်ပေလိမ့်မည်။
“တောက်... ဒီအဆိပ်တွေက တကယ်ကို ကိုင်တွယ်ရ ခက်တာပဲ...”
နျန်ချီယွီတို့သည် သွားကို တင်းတင်းကြိတ်လိုက်ကြသည်။ ကျင့်ကြံသူ အများစုမှာ ပြင်းထန်သော အဆိပ်ကို အလွန်ပင် ကြောက်ရွံ့ကြသည်။ အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားနိုင်သဖြင့် မည်သူမျှ ရင်မဆိုင်ချင်သော ပြိုင်ဘက်မျိုး ဖြစ်သည်။
လုံရှယ်နယ်မြေရှင်ကမူ ပြုံးလိုက်သည်။ ဤသည်မှာ သူ လိုချင်သော ရလဒ်ပင် ဖြစ်သည်။ မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင် အစွမ်းကုန် ထုတ်သုံးလာသည့်အခါ မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။
“ဒီအဆိပ်တွေက မဆိုးပေမဲ့ ငါ့အတွက်တော့ သာမန်ပါပဲ...”
ယီထျန်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ နှစ်ထပ် မိစ္ဆာမီးလျှံများမှာ ရူးသွပ်စွာ ထွက်ပေါ်လာခဲ့ပြီး တိုက်စားနေသော အဆိပ်များကို အကုန်လုံး လောင်ကျွမ်းပစ်လိုက်တော့သည်။
အခန်း ၁၀၂၅ ပြီးပါပြီ။