← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အပိုင်း (၆၁) အိပ်မက်ဆိုး

ထိုနေ့ညတွင် လုမင်ယွိသည် အလွန်မသက်မသာဖြင့် အိပ်ပျော်သွားပြီး သူမ၏ အိပ်မက်မှာလည်း တစ်ညလုံး ထူးဆန်းစရာများ အပြည့်ဖြစ်နေခဲ့သည်။

သူမသည် အရင်ဘဝက စစ်မြေပြင်အပြင်ဘက် သစ်တောနက်ကြီးထဲသို့ ပြန်ရောက်နေသည်ဟု အိပ်မက်မက်ခဲ့သည်။

မြို့တံခါးရှေ့က တိုက်ခိုက်သံများက ကျယ်လောင်လွန်းလှပြီး မြို့တံခါးကို ထိုးဖောက် ဝင်ရောက်တော့မည်ကို မြင်ရသည့် ဒုတိယမင်းသားက စစ်ရထားပေါ်က ခုန်ဆင်းလိုက်ကာ မြင်းတစ်ကောင်ကိုစီးနှင်းလိုက်ပြီး လက်ကိုမြှောက်ရင်း စစ်သည်ရဲမက်များကို အော်ကာအားပေးလိုက်၏။ စစ်သည်ရဲမက်များကလည်း စိတ်ဓာတ်တက်ကြွလာခဲ့သည်။

သူမက သူမ၏လေးကို တိတ်တိတ်လေး ဆွဲလိုက်ပြီး မြှားရှည်သည် လေထဲသို့ တိုးဝင်သွားကာ ဒုတိယမင်းသားကို ထိမှန်သွားတော့သည်။

ဒုတိယမင်းသားသည် ချက်ချင်းပင် အသက်ပျောက်သွားပြီး မြင်းပေါ်က ပြုတ်ကျသွားတော့၏။ စစ်သည်ရဲမက်များကလည်း ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုကြွေးနေကြပြီး မြို့တံခါး အပြင်ဘက်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည် ... အားလုံးကတော့ မြို့ထဲက ရန်တိုင်းပြည်၏ မြှားပစ်ကျွမ်းကျင်သူတစ်ဦးက ဒုတိယမင်းသားကို တစ်ချက်တည်း ပစ်သတ်လိုက်သည်ဟု ခန့်မှန်းခဲ့ကြ၏။

အမှန်တွင် လုပ်ကြံသူသည် မီတာသုံးရာအကွာမှ တောနက်ထဲတွင် ပုန်းခိုနေသည်ကိုတော့ မည်သူမှ မထင်ထားခဲ့ကြချေ။

သူမသည် သစ်ပင်ပေါ်က မြန်မြန်ခုန်ဆင်းလိုက်ပြီး သူမ၏လက်ထဲက လေးနှစ်မြှားကို ကြိုတင်တူးထားသည့် တွင်းနဲ့ကြီးထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အဝေးသို့ထွက်ပြေး တိမ်းရှောင်သွားခဲ့သည် ...

ထူးဆန်းသည်မှာ သူမသည် မည်မျှပင်လျင်မြန်စွာ ဝေးကွာအောင် ပြေးလွှားနေဆီကမူ ထိုတောနက်ကြီးထဲမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။ ပြေးနေရင်းက မူလချောင်းမြောင်း တိုက်ခိုက်ခဲ့သည့်နေရာသို့ ပြန်ရောက်သွားတတ်သည်။

သူမသည်ချွေးစေးများ ဖုန်းလွှမ်းနေပြီး ပိုပိုပြီး စိုးရိမ်တကြီးဖြစ်လာကာ သူမ၏နှလုံးခုန်သံကလည်း တဖြည်းဖြည်းပိုပြီး မြန်ဆန်လာခဲ့သည်။

အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ အားအင်ကုန်ခမ်းကာ မြေကြီးပေါ်သို့ လှဲကျသွားတော့၏။ ဖြစ်ချင်တော့ လေးနှင့်မြားကို မြုပ်ထားသည့် နေရာပေါ်သို့ အတိအကျ လှဲကျသွားခဲ့ခြင်းပင်။

သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး နှလုံးခုန်သံကလည်း ပြင်းထန်လာတော့သည်။ ခဏအကြာတွင် မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူမဘေးတွင် လူတစ်ယောက် ရှိနေသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။

ထိုလူသည် လည်ချောင်းတွင် သွေးသံရဲရဲ အပေါက်ကြီး တစ်ပေါက်ဖြစ်နေကာ အသက်မရှူတော့ဘဲ ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးများက သူမကို တည့်တည့် စိုက်ကြည့်လို့နေသည်။

ထိုသူမှာ သူမမြှားချက်ဖြင့် ပစ်သတ်ခံလိုက်ရသည့် ဒုတိယမင်းသားပင်။

သူမ၏ မျက်လုံးအိမ်များသည် ရုတ်တရက် ကြုံ့သွားပြီး ရုတ်တရက် ကမန်းကတမ်း လူးလဲထကာ နောက်ပင် လှည့်မကြည့်ဘဲ ဆက်ပြေးထွက်ခဲ့ရ၏။

သူမသည် အလွန်မြန်မြန်ဆန်ဆန် ပြေးလွှားနေသဖြင့် နားထဲတွင်လည်း တရွှီရွှီ လေသံများကို ကြားနေရသည်။

သူမှနောက်တွင် အပြေးအလွှား လိုက်ပါလာသည့် ဒုတိယမင်းသားကလည်း နောက်မှနေ၍ ဆက်တိုက်ဆိုသလို ချဥ်းနင်းလိုက်ပါလာ၏။ အသံကလည်း သူမ၏နားထဲတွင် ဝိုးတဝါးလေး တိုးဝင်လာခဲ့သည်။ "လုမင်ယွိ ငါတို့တွေ ဘာရန်ငြိုးမှမရှိဘဲ ဘာဖြစ်လို့ ငါ့ကို သတ်ချင်ရတာလဲ"

သူမသည် ထိုစကားကို မကြားချင်ဘဲ ဆက်တိုက်ဆိုသလို ထွက်ပြေးနေခဲ့သည်။ ထိုအသံကလည်း တစ္ဆေတစ်ကောင်နဲ့ တူနေလေသည်။

လုမင်ယွိ ဘာဖြစ်လို့ ငါ့ကို သတ်ချင်ရတာလဲ။

...

လုမင်ယွိသည် ရုတ်တရက် အိပ်ရာပေါ်မှ ထထိုင်လိုက်တော့သည်။

သူမ၏မျက်နှာပေါ်တွင် ချွေးစေးများ အပြည့်ဖြစ်နေကာ သူမ၏လက်ဖဝါးကလည်း စိုရွှဲလို့နေပြီး ကျောပြင်က ချွေးအေးများသည် အင်္ကျီတစ်ထည်လုံး စိုရွှဲသွားပြီး ခန္ဓာကိုယ်တွင်ကပ်နေကာ အလွန်မသက်မသာ ခံစားလိုက်ရတော့သည်။ ပိုပြီးမသက်မသာ ဖြစ်ရသည့်အချက်မှာ နောင်တတရားနှင့် အပြစ်ရှိသည့် ခံစားချက်တို့က လွှမ်းမိုးနေခြင်းပင်။

အရင်တုန်းက လီဟောက်ကြောင့် အသိစိတ်လွတ်သွားပြီး ဒီလိုအမှားတစ်ခုကို တကယ်လုပ်ခဲ့မိတာပဲ။

သူမကြောင့်သာမဟုတ်ရင် အရင်ဘဝမှာ ဒုတိယမင်းသားလည်း သေဆုံးခဲ့ရမှာ မဟုတ်ဘူး။ အကြီးဆုံးမင်းသားကလည်း စစ်မြေပြင်မှာ အသတ်ခံရမှာ မဟုတ်ဘူး။ ထီးနန်းကလည်း ဒုတိယမင်းသားရဲ့ အပိုင်ပဲ ဖြစ်သင့်တာ ...

လီဟောက်က အကွက်ကျကျ ကြံစည်ပြီး ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တာ ထီးနန်းကိုသုံးနှစ်ကြာ ခံစားပြီးတဲ့နောက်မှာ ရောဂါဟောင်း ပြန်ထပြီးတော့ ဆုံးပါသွားခဲ့တယ်။ သူမကတော့ လီဟောက်ထက် နှစ်နည်းနည်း ပိုပိုကြာကြာ အသက်ရှင်နိုင်ခဲ့ပြီး နောက်ဆုံးတော့လည်း အဆိပ်ခပ်ခံပြီး သေဆုံးသွားခဲ့ရတယ်။

တကယ်တမ်းကျတော့ ကောင်းကင်ဘုံမှာ မျက်စိရှိတယ်လို့ ပြောရမှာပဲ။

သူမသည် ခေါင်းကို ငုံ့ကာ ဒူးနှစ်ဖက်ကြားတွင် နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်တော့သည်။

ယောက်ျားလေးများသည် သွေးထွက်သော်ငြားလည်း မျက်ရည်မကျတတ်ကြချေ။ သူမသည် ယောက်ျားတစ်ယောက် မဟုတ်သော်ငြား သူမ၏စိတ်နေ သဘောထားကတော့ ယောက်ျားတစ်ယောက်ထက် ပိုပြီးမာကြောလေသည်။ လီဟောက်က သူမကို သစ္စာဖောက်ခဲ့ပြီး နန်းတော်ထဲသို့ စူးကွေ့ဖေးကို ခေါ်ဝင်လာသည့် အချိန်တွင် သူမသည် ရင်ကွဲခဲ့ရသော်ငြား မျက်ရည်တစ်စက်မှ မကျခဲ့ချေ။

ဒီအချိန်တွင်တော့ မျက်ရည်တစ်စက်သည် သူမ၏ မျက်ဝန်းထောင့်မှနေ၍ တိတ်တိတ်ကလေး စီးကျလာတော့သည်။

သူမသည် ညဘက်တွင် အစေခံမလေးများကို ညအိပ်စောင့်ခိုင်းလေ့ မရှိသဖြင့် အိပ်ခန်းထဲတွင် သူမတစ်ယောက်တည်း ရှိနေ၏။ ယခုအချိန်တွင် သူမ၏ ရုပ်ပျက်ဆင်းပျက် နောင်တရနေမှုကို မည်သူမှ မမြင်ခဲ့ချေ။

အချိန်တစ်ခု ကြာသွားပြီး နောက်တွင်တော့ တံခါးခေါက်သံ အကြိမ်ပေါင်းများစွာ ကြားလည်းရပြီး ချီယွင်၏ ရင်းနှီးနေသည့်အသံက တံခါးအပြင်ဘက်မှနေ၍ ထွက်လာခဲ့၏။ "သခင်မလေး ငါးချက်တီးပါပြီ။ အိပ်ရာထချိန် ရောက်ပါပြီ"

လုမင်ယွိသည် ပုံမှန်နေ့ရက်များတွင် ငါးနာရီ၌ အိပ်ရာထတက်ပြီး သိုင်းလေ့ကျင့်ကွင်းသို့သွားကာ တစ်နာရီလောက် ဓားသိုင်းသွားရောက် လေ့ကျင့်တတ်ပြီးနောက် ရေချိုးအဝတ်အစားလဲပြီးနောက်တွင် မနက်စာ စားတတ်သည်။ ဒီအကျင့်က နှစ်ပေါင်းများစွာ တစ်ရက်မှ မပျက်ခဲ့ချေ။

ချီယွင်က ခဏလောက် စောင့်ဆိုင်းနေလိုက်သော်ငြား ဘာတုံ့ပြန်မှုမှ မကြားလာရသဖြင့် အနည်းငယ် ထူးဆန်းသွားသလို ခံစားလိုက်ရလေသည်။ သူမက လက်ကိုလှမ်းကာ တံခါးကို ဆက်ပြီးခေါက်လိုက်၏။

အကယ်၍ သခင်မလေးက ပြန်မဖြေလာလျှင်တော့ သူမသည် တံခါးကို တွန်းဖွင့်ကာ သခင်မလေးကို နှိုးရပေမည်။

"ရေနွေးပြင်ခိုင်းထားလိုက်။ ငါ ရေချိုးပြီး အဝတ်အစားလဲချင်တယ်" ဒီတကြိမ်တွင် တံခါးအတွင်းမှ တုံ့ပြန်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား သခင်မလေး၏အသံက ထူးဆန်းစွာပင် တိမ်ဝင်လို့နေသည်။

သခင်မလေး ငိုထားသလိုပဲလား။

ထိုအတွေးကစိတ်ထဲသို့ ဖြတ်ပြေးလာသည်နှင့် ချက်ချင်း ချီယွင်သည် ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိလေခြင်းဟု ခံစားလိုက်ရ၏။

သခင်မလေးကို ဘယ်သူက မျက်ရည်ကျအောင် လုပ်နိုင်မှာလဲ။

သူမက တကယ်ကို အားလပ်နေလို့ လျှောက်တွေးနေမိတာပဲ။

...

လုမင်ယွိသည် စည်ပိုင်း အကြီးကြီးထဲတွင် နာရီဝက်လောက် ထိုင်နေလိုက်၏။

ရေနွေးနွေးက သူမကိုဝို င်းရံထားပြီး ရေနွေးငွေ့များကလည်း သူမရင်ထဲက အမှောင်ထုကို အနည်းငယ် မောင်းထုတ်ပေးခဲ့သည်။ သူမသည် မျက်လုံးထောင့်တွင်လည်း အနီရောင်က လွှမ်းမိုးလို့နေ၏။ ချီယွင်ရှေ့တွင် တစ်ဖန် ပြန်ထွက်ပေါ်လာ ချိန်တွင်တော့ တက်ကြွလန်းဆန်းနေသည့် လုမင်ယွိပင် ဖြစ်လေသည်။

"သခင်မလေး သိုင်းလေ့ကျင့်ကွင်းကို သွားဦးမှာလား" ချီယွင်က ပြုံးကာဖြင့် ပေါ့ပေါ့ပါးပါး မေးလာခဲ့သည်။

လုမင်ယွိက ခေါင်းခါပြလိုက်ကာ "မသွားတော့ဘူး"

ထူးဆန်းသည့် ခံစားချက်က တစ်ဖန်ပေါ်ထွက်လာပြန်သည်။

ချီယွင်က သူမ၏သခင်မလေးကို လှမ်းကြည့်လိုက်ပြီး မနေနိုင်ဘဲ ရေရွတ်မိတော့၏။ "သခင်မလေး ပြီးခဲ့တဲ့ဒီ၂ရက်အတွင်း နည်းနည်းလေး ထူးဆန်းနေတယ်နော်"

လုမင်ယွိက သူမ၏နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ကာ ဘာမှ ပြန်မပြောချေ။ ချီယွင်ကလည်း ဆက်မပြောတော့ပေ။

ဒီအခိုက်အတန့်တွင် အစေခံမလေးတစ်ယောက်သည် မြန်မြန်လျှောက်ကာ ဝင်လာပြီး လက်ထဲကဖိတ်စာကို တလေးတစားဖြင့် လှမ်းပေးလာ၏။ "သခင်မလေး သခင်မလေးရှန်းက လူလွှတ်ပြီးတော့ ဖိတ်စာပို့လာပါတယ်"

အပျိုဆောင်ထဲက ရင်းနှီးပြီးသား သူငယ်ချင်းတွေဆိုရင် တွေ့ချင်တဲ့ အချိန်ကျရင် ဒီအတိုင်း လူလွှတ်ပြီးတော့ ပြောလိုက်ရုံပါပဲ။

ဒါပေမဲ့ ရှန်းလန်ကတော့ ပန်းပွင့်လေးနဲ့ စာရွက်ကို ကိုယ်တိုင်လုပ်ပြီး ဖိတ်စာတစ်စောင် ရေးသားပေးလာတယ်။ လက်ထဲမှာလည်း ကပ်ထားတဲ့ ပန်းပွင့်လှလှလေးတစ်ခု။ ပန်းပွင့်ရဲ့ သင်းပြန့်ပြန့်မွှေးရနံ့နဲ့ မှင်နံ့တို့က လူတွေကို စိတ်ရောကိုယ်ပါ ကြည်လင်ရစေတာပဲ။

-နွေဦးရာသီက ရှည်လျားသာယာပြီး နွေဦးရှုခင်းသည်လည်း လှပလို့နေသည်။ အပန်းဖြေ စံအိမ်တွင် ရက်အနည်းငယ် သွားရောက်နေထိုင် လိုပါသဖြင့် စတုတ္ထသခင်မလေးလုကို ကျွန်မနှင့် အတူတူသွားကာ နွေဦးအလှကို ခံစားရန် ဖိတ်ခေါ်အပ်ပါသည်။ တဲ့။

လုမင်ယွိသည် စာကိုတစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး လေးလံမှောင်မိုက်နေသည့် စိတ်ခံစားချက်မှာ ပြေလျော့သွားခဲ့ကာ သူမ၏ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။ "စုတ်တံနဲ့မှင် သွားယူလာခဲ့။ ငါလည်း ပြန်စာတစ်စောင် ရေးလိုက်မယ်"

စိတ်အခြေအနေ မကောင်းရင် ရှန်းအိမ်တော်ရဲ့ အပန်းဖြေစံအိမ်ကို ရက်နည်းနည်းလောက်သွားပြီး အနားယူလိုက်တာလည်း ကောင်းပါတယ်။

လုမင်ယွိသည် စာရွက်ဖြူဖြူလေး တစ်စောင်ကို ပေါ့ပေါ့ပါးပါး လှမ်းယူလိုက်ပြီး စုတ်တံနှင့်မှင်ကို ချထားလိုက်ကာ "ကောင်းပြီ" ဟု စာလုံးအကြီးကြီးတစ်လုံးကို ရေးသားထားလိုက်သည်။

ချီယွင် "..."

လုမင်ယွိက ချီယွင်ကို ပြန်စာပေးလိုက်၏။ "ဒီစာကို ရှန်းအိမ်တော်ကို ချက်ချင်းပို့ပေး။ ပြီးတော့ ငါ့အတွက် အဝတ်အစား တချို့လည်း ပြင်ဆင်ထားပေး"

ချီယွင်က ပြန်ဖြေလိုက်ကာ ဖိတ်စာကိုလက်ခံလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် မနေနိုင်ဘဲ ရေရွတ်လိုက်လေသည်။ "ရှန်းသခင်မလေးကို ကြည့်လိုက်ပါအုံး။ ဒီဖိတ်စာက ဘယ်လောက်တောင်မှ သေသပ်ပြီးတော့ လှပလိုက်သလဲ။ သခင်မလေးက ဘာဖြစ်လို့ သေသေချာချာလေး ပြန်မရေးတာလဲ။ ဒီလိုအကြောင်းပြန်စာမျိုး ရှန်းအိမ်တော်ကို ရောက်သွားရင်ရင်တော့ ရှန်းသခင်မလေးက ဝါးလုံးကွဲအောင် ရယ်မောနေတော့မှာပဲ"

လုမင်ယွိကလည်း နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ကာ ပြုံးပြလိုက်ပြီး သူမ၏မျက်ဝန်းထဲတွင်လည်း ကျီစယ်သွားသည့် အရိပ်အ‌ယောင်လေးတစ်ခု ဖြတ်ပြေးသွားလေသည်။ "သူက ငါရှေ့မှာ စာပေကျွမ်းကျင်ကြောင်း လာပြချင်နေတာကိုး။ သူ့ကိုဒီအတိုင်းပဲ ရယ်ခွင့်ပေးထား လိုက်ရမှာပေါ့"

သခင်မလေးက နောက်ဆုံးတော့ မျက်နှာထွက်ပြပြီး ပျော်ပျော်ရှင်ရွှင် ပြုံးနေပြီလေ။

ချီယွင်၏ ရင်ထဲတွင် အေးချမ်းသွားလေတော့သည်။ သူမကလည်း ပြုံးပြီး နည်းနည်းပါးပါး ရယ်စရာ ပြောလိုက်ပြီးနောက် ပြန်ထွက်သွားတော့၏။ သူမက ရှန်းအိမ်တော်သို့ အစေခံမလေး တစ်ယောက်ကိုလွှတ်ကာ စာသွားပို့ခိုင်းလိုက်ပြီး သူမကတော့ သခင်မလေး၏ အဝတ်အစားများကို ထုတ်ပိုးပေးရင်း အလုပ်များသွားတော့သည်။

သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် သိုင်းဝတ်စုံလေးတွေကို ထည့်သွားပေးရမယ်။ နွေဦးရဲ့ရှုခင်းတွေကို ခံစားမှာဆိုတော့ အရောင်တောက်တောက် နွေဦးဝတ်စုံလေး တချို့ကိုလည်းပဲ ပြင်ဆင်ပေးရမယ်။ နောက်ပြီးဝတ်စားနေကျ လက်ဝတ်ရတနာ တချို့ကိုလည်း ထည့်ပေးရမယ်။

နာရီဝက် မပြည့်ခင်မှာပင် အားလုံးက အဆင်သင့် ဖြစ်သွားတော့သည်။

လုမင်ယွိသည် သူမ သုံးနေကျ ပေါင်ယွိဓားကို ယူဆောင်သွားပြီ လေးနှင့်မြှားကိုလည်း လက်လှမ်းလိုက်လေသည်။ သူမ၏လက်က ကျွဲချိုလေးကို ထိလိုက်သည်နှင့်ချက်ချင်း ရေနွေးပူဖြင့် အလောင်းခံ လိုက်ရသလို မသိမသာ တုန်ယင်သွားလေတော့သည်။

လုလင်းက အကောင်းဆုံး လက်မှုပညာရှင်များကို တိုးတိုးတိတ်တိတ် ရှာဖွေကာ အကောင်းဆုံး ပစ္စည်းများကိုသုံးပြီး ဤကျွဲချိုလေးကို ပြုလုပ်ဖို့ရန်အတွက် နှစ်ဝင်လောက် အချိန်ပေးခဲ့ရသည်။ ပုံစံက မထူးခြားသော်ငြားလည်း အမှန်တွင်တော့ ခိုင်မာပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

သူမ တစ်ယောက်တည်းကသာ ဤလေးကြိုးကို ဆွဲနိုင်လေသည်။

မြှားကျည်တောက်ထဲက မြှားအချောင်း၅၀ကိုလည်း လက်မှုပညာရှင်က လျှို့ဝှက်နည်းများကိုသုံးကာ ပြုလုပ်ပေးထားပြီး မြှားခေါင်းသည် ခပ်ဖျော့ဖျော့ အေးစက်စက် အလင်းရောင်ကို ထုတ်လွှင့်လို့နေသည်။

သူမသည် လေးနှင့်မြှားကိုသုံးပြီး ဒုတိယမင်းသားကို သတ်ခဲ့ခြင်းဖြစ်၏။

လုမင်ယွိ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များ ဖြတ်ပြေးသွားကာ သူမသည် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီးနောက် လက်ကို ပြန်ရုပ်သိမ်းလိုက်တော့၏။

သူမက ကိုယ်ကိုလှည့်တာ ချီယွင်ကို အမိန့်ပေးလိုက်လေသည်။ "သိုင်းလေ့ကျင့်ကွင်းကို သွားပြီးတော့ သာမန်လေးနဲ့မြှားတစ်စုံကို သွားယူလာခဲ့" သူမသည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်၏။ "ဒီကျွဲချိုလေးကိုတော့ သိမ်းထားလိုက်တော့။ အဲဒါကို ထပ်ပြီးထုတ်မလာနဲ့တော့"

ချီယွင်သည် တအံ့တဩ ဖြစ်သွားကာ စကားပြောချင် သော်ငြားလည်း လုမင်ယွိ၏ ရုတ်ချည်းတင်းမာသွားသည့် မျက်လုံးများကိုကြည့်ရင်း ဘာမှထပ်မပြောနိုင်တော့ဘဲ လေသံတိုးတိုးဖြင့်သာ "ဟုတ်ကဲ့" ဟုသာ ပြန်ဖြေလိုက်ရတော့သည်။

...

အပိုင်း (၆၂) အပန်းဖြေခြင်း

ရှန်းအိမ်တော်။

ရှန်းလန်သည် လက်ထဲက ဖိတ်စာကိုကြည့်ရင်း ဝါးလုံးကွဲ ရယ်မောင်းမိတော့သည်။

‘ကောင်းပြီ’လေတဲ့။

ရိုးရှင်းပြီးလှပလွန်းသည့် စာတိုလေးပေါ်တွင် စာလုံးတစ်လုံးကိုသာ ရေးသားထားလေသည်။ စာလုံးသည် သိပ်မလှသော်ငြားလည်း ခန့်ညားထည်ဝါပြီး တိကျကာ ရှင်းလင်းပြတ်သားလှသည်။ အမှန်ပင် လုမင်ယွိ၏ ဟန်ပန်အတိုင်းပင်။

ချောမောလှပသည့် အစေခံမလေး တုန်းရွှယ်ကလည်း ရယ်မောကာ စနောက်ပြောဆိုလိုက်၏။ "စာလုံးက လူကို ဖော်ပြတယ်ဆိုတာ တကယ်ပဲ မမှားဘူးနော်။ စတုတ္ထသခင်မလေးလုက ပွင့်လင်းသည် ရိုးသားတဲ့ စိတ်နေသဘောထားရှိတယ်။ သူ့ရဲ့ပြန်စာကတောင်မှ စိတ်ဝင်စားဖို့ ကောင်းနေတယ်"

ရှန်းလန်ကလည်း သူမ၏နှုတ်ခမ်းကို စေ့ထားကာ ပြုံးလိုက်တော့သည်။

တုန်းရွှယ်က ခပ်တိုးတိုးလေး ရယ်မောကာ ပြောလိုက်၏။ "နောက်ဆိုရင် သခင်မလေးက လုမိသားစုထဲကို လက်ထပ်ပြီးတော့ ဝင်ရတော့မှာ။ စတုတ္ထသခင်မလေးလုရဲ့ ယောင်းမ ဖြစ်သွားတော့မှာ။ ဒီလိုဆိုရင် ပေါင်းသင်းဆက်ဆံရတာ ပိုပြီးတော့ကောင်းသွားမှာပဲ"

နှစ်ယောက်သားက အစကတည်းကလည်း ရင်းနှီးတဲ့သူငယ်ချင်းတွေ စိတ်နေစိတ်ထားကလည်း တူကြတယ်။ နောက်ပိုင်း သမီးယောင်းမ ဖြစ်သွားတဲ့အခါ အချင်းချင်းပိုပြီး ရင်းနှီးသွားကြမှာလည်း သဘာဝပဲပေါ့လေ။

ရှန်းလန်၏ နုနယ်သည့် မျက်နှာလေးသည် ပျော်ရွှင်မှု ရှက်ရွံ့မှုကြောင့် နီမြန်းသွားကာ သူမကတုန်းရွှယ်ကို ဆူပူမာန်မဲလိုက်တော့သည်။ "နင်ကဘယ်လိုလုပ်ပြီးတော့ ကိုယ့်ရဲ့သခင်မလေးကို ရယ်စရာလုပ်ရဲရတာလဲ။ မြင်းလှည်းပြင်ခိုင်းဖို့ မြန်မြန်မသွားသေးဘူးလား"

တုန်းရွှယ်ကလည်း ပြုံးစိစိဖြင့် အမိန့်ကိုနာခံကာ ထွက်သွားတော့သည်။

ရှန်းလန်က သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်ကာ သူမ၏သတို့သားလောင်း လုဖေးအကြောင်းကို စဉ်းစားလိုက်ပြီး သဟဇာတဖြစ်ပြီး နွေးထွေးလှသည့် လုအိမ်တော်အကြောင်းကို တွေ့ရင်း စိတ်ထဲ၌ ချိုမြိန်သည့်ခံစားချက်လေး ဖြစ်ပေါ်သွားတော့သည်။

တစ်နာရီ ကြာသွားပြီးသောအခါ လုမင်ယွိသည် မြင်းစီးကာ ရှန်းအိမ်သို့ ရောက်လာတော့သည်။

သူငယ်ချင်းနှစ်ယောက် တွေ့ဆုံလိုက်ကြပြီး အချင်းချင်း အကဲခတ်လိုက်ကြပြီးနောက် တပြိုင်တည်း ပြောလိုက်ကြလေသည်။ "ရှန်းကျဲ အရမ်းလှလာတာပဲ"

"ရှောင်ယွိ ဘာဖြစ်လို့ အဲ့လောက်တောင် ပင်ပန်းနေတဲ့ပုံ ပေါက်နေတာလဲ !"

မဟုတ်လို့လား။ ရှန်းလန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆောင်ထားကာ သူမ၏ အသားအရည်လေးကလည်း ပန်းဆီ ရောင်သန်းနေပြီး နွေဦးရာသီတွင် ပွင့်လင်းနေသည့် ပန်းပွင့်များလို လန်းဆန်းတောက်ပလို့နေသည်။

တစ်ဖက်တွင်တော့ လုမင်ယွိသည် ကြိုးကြိုးစားစား ပြင်ဆင်ထားရသော်ငြားလည်း အတွေးပေါင်းများစွာ ပြည့်နှက်နေပြီး သူမ၏အမူအရာထဲတွင် မှောင်မိုက်နေသည့် အရိပ်အယောင်တစ်ခုက ကျန်ရစ်လို့နေ၏။

"ရှောင်ယွိ" ရှန်းလန်သည် သူမ၏အပြုံးကို ရပ်ထားလိုက်ကာ ရှေ့သို့လှမ်းသွားလိုက်ပြီး လုမင်ယွိ၏ လက်ကိုလှမ်းကိုင်လိုက်၏။ သူမ၏ စကားလုံးများ ထဲတွင်လည်း စိုးရိမ်စိတ်အပြည့် ဖြစ်နေတော့သည်။ "နင့်ကို မတွေ့ရသေးတာ ရက်ပိုင်းလေးပဲ ရှိပါသေးတယ်။ ဘာဖြစ်လို့ပုံစံက ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ။ လုမိသားစုမှာ တစ်ခုခုဖြစ်လို့လား"

ဒီလောက်တောင် သိသာနေတာလား။

လုမင်ယွိသည် မှန်ကြည့်လို့စိတ်ကို ထိန်းချုပ်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်တော့သည်။ "အိမ်ထဲမှာ အသေးအဖွဲ့ကိစ္စတွေ အများကြီးပဲလေ။ ဒီရက်ပိုင်းအတွင်း အလုပ်လေး နည်းနည်းများသွားလို့ပါ။ ဒါကြောင့်မလို့ အသားအရေက အရင်ကလောက် မကောင်းတော့ဘူး။ ရှန်းကျဲ စိတ်မပူပါနဲ့"

ရှန်းလန်သည်လည်း ဒီလောက်သိသာ ထင်ရှားသည့် အပေါ်ယံစကားလုံးကို မကြားဘဲ အဘယ်မှာရှိပါမည်နည်း။

လုမင်ယွီသည် ယောက်ျားများထက် ပိုပြီးပွင့်လင်းကာ စိတ်ဓာတ်မာကျောသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းတွင် အိမ်တော်ကို စီမံခန့်ခွဲရာတွင်လည်း လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့သည်။ အနည်းငယ် မကျေမနပ် ကိစ္စရှိလာသည်တွင်လည်း နေရာတွင်ပင် ပေါက်ကွဲတက်ကာ နောက်တစ်နေ့အထိ အချိန်ဆွဲထားခြင်း မရှိချေ။ လုမင်ယွိကို ဒီလောက်တောင်မှ စိတ်ပျက်ရစေတဲ့ အကြောင်းအရာက အသေးအဖွဲ့ကိစ္စတော့ လုံးဝမဟုတ်လောက်ဘူး။

"နင် မပြောချင်ရင်လည်း ငါ မမေးတော့ပါဘူး" ရှန်းလန်က တိုးညှင်းစွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ဘာကိစ္စပဲရှိရှိ နင့်မိသားစုက နင့်ကို အားပေးနေမှာပါ။ ငါလည်း နင့်ဘေးမှာ ရှိပါတယ်"

ရိုးရိုးရှင်းရှင်း စကားလို့များသည် နွေးထွေးသော စမ်းချောင်းလေးတစ်ခုအဖြစ် စုစည်းသွားကာ နှလုံးသားထဲသို့ တသွင်သွင် စီးဆင်းသွားလေသည်။

လုမင်ယွိသည် မျက်လုံးများကိုပင့်ကာ ရှန်းလန်ကို လှမ်းကြည့်လိုက်၏။ ခဏအကြာတွင်တော့ သူမသည် သက်ပြင်းချလိုက်တော့သည်။ "ဟုတ်ပါပြီ။ ငါ့မှာ အရမ်းကို စိတ်ရှုပ်ရပြီး စိတ်ပျက်ရစေတဲ့ ကိစ္စတစ်ခုရှိတယ်။။ ဒါပေမဲ့ ဒီကိစ္စက အရမ်းအရေးကြီးပြီး ငါ့ရဲ့ကျန်တဲ့ဘဝ တစ်ဘဝစာလုံးနဲ့ သက်ဆိုင်နေတယ်။ အခုလောလောဆယ် ဆုံးဖြတ်ချက် ချလို့မရသေးဘူး"

"ဒီကိစ္စကို သေသေချာချာလေး စဉ်းစားပြီးမှပဲ နင့်ကို ပြောပြပါမယ်"

ရှမ်းလန်သည် မျက်ခုံးများကို ဖြေလျော့ထားလိုက်ကာ တိုးညှင်းစွာဖြင့် ပြောလိုက်၏။ "ဟုတ်ပြီလေ။ နင် တစ်ခုခု ပြောချင်တဲ့အချိန်ရှိရင် ငါ နားထောင်ပေးပါ့မယ်" ခဏအကြာတွင်တော့ သူမက ပြုံးကာ ပြောလိုက်၏။ "နင်ဒီလောက် စိတ်ရှုပ်နေတာ ရှန်းအိမ်တော်ရဲ့ အပန်းဖြေစံအိမ်မှာ ရက်နည်းနည်းလောက် သွားပြီးတော့ အပန်းဖြေလိုက်ပါလား"

"ပြောမရဘူးလေ။ ရက်ပိုင်းအတွင်း ရုတ်တရက် ရှင်းလင်းသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ နင့်ကို စိုးရိမ်ရတဲ့ ကိစ္စတွေလည်း အလိုလို ဖြေရှင်းသွားနိုင်လောက်တယ်"

ဒီကိစ္စက ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ဖြေရှင်းလို့ရမှာလဲ။

အလွန်ဆုံး လုပ်နိုင်တဲ့အရာက အံကိုကြိတ် ရက်ရက်စက်စက်နဲ့ မီးတွင်းထဲခုန်ချလိုက်ရုံပဲပေါ့။

လုမင်ယွိသည် လေထဲတွင် ခါးသီးစွာပြုံးလိုက်ရင်း သူမ၏ စိတ်ဓာတ်ကျနေသည့် ခံစားချက်ကလည်း အများကြီး သက်သာသွားတော့သည်

_

ရှန်းအိမ်တော်၏ အပန်းဖြေစံအိမ်သည် မြို့အနောက်ဘက် ဆင်ခြေဖုံးနားက တောင်ကြားလမ်း အလယ်တွင်တည်ရှိသည်။

တောင်စောင်းက ပြေပြစ်ပြီး ရှုခင်းကလည်း အလွန်သာယာလှသည်။

ယခင် ဒီမိသားစု၏ အိမ်တော်သခင်သည် ဤတောင်ပေါ်တွင် အပန်းဖြေစံအိမ်တစ်ခုကို တည်ဆောက်ထားခဲ့သည်။ နွေရာသီတွင် ရှုခင်းကြည့်ရင်း အမဲလိုက်နိုင်သလို နွေရာသီအတွက် အပန်းဖြေရန်လည်း ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်။ နောက်ပိုင်းတွင် ယုံးကျားဧကရာဇ်က အလံထူကာ မိမိကိုယ်ကိုမိမိ ထူထောင်ပြီး မင်းဆက်အသစ် တည်ဆောက်ခဲ့၏။ ဤနေရာသည်လည်း တော်ဝင်အပန်းဖြေ စံအိမ်တစ်ခု ဖြစ်လာခဲ့တော့သည်။

သာ့‌ဝေတိုင်းပြည်၏ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိ များသည်လည်း ဤနေရာတွင် အပန်းဖြေစံအိမ်များ အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြသည်။ ရာထူးပိုမြင့်လေလေ တော်ဝင်အပန်းဖြေစံအိမ်နှင့် ပိုပြီးနီးလေလေပင်။

တစ်ဖက်တွင်တော့ ရှန်းမိသားစုသည် ရာထူးမမြင့်သော်ငြားလည်း လက်ဦးမှုရယူနိုင်ခဲ့သဖြင့် အပန်းဖြေစံအိမ်၏ တည်နေရာမှာ အလွန်ကောင်းမွန်ကာ တော်ဝင်အပန်းဖြေ စံအိမ်နှင့်လည်း တစ်မိုင်မျှသာကွာဝေးသည့် တောင်တန်းလေးတစ်ခုသာ ခြားလေသည်။

လုအိမ်တော်ကတော့ သာ့ဝေတိုင်းပြည်ကို လမ်းခုလတ်တွင် တန်ဆာခံခဲ့ပြီး ရှန်းယန်အိမ်တော်ကိုပင် ယုံးကျားဧကရာဇ်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်၏။ ဤနေရာတွင် အပန်းဖြေစံအိမ် မရှိသည်ကလည်း သဘာဝပင်။ ဒီအကြောင်းကြောင့်ပင် ရှန်းလန်က လုမင်ယွိကို ပြီးခဲ့သည့်၂နှစ်အတွင်း ရှန်းမိသားစု၏ အပန်းဖြေစံအိမ်တွင် လာရောက်လည်ပတ်ဖို့ရန် မကြာခဏ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။

တောင်ပေါ်က အပန်းဖြေစံအိမ်လေးသည် ကြီးကြီးမားမားမဟုတ်ဘဲ ခြံဝင်း လေး၊ ငါးဆင့်ရှိသည့် အိမ်တော်ကြီးများနှင့် မယှဥ်နိုင်ပေ။

ရှန်းအိမ်တော်၏ အပန်းဖြေစံအိမ်ကတော့ ခြံဝင်း နှစ်ဆင့်သာရှိပြီး အတွင်းထဲတွင် အခန်းပေါင်း ၁၀ခန်းကျော် ရှိသည်။

အပန်းဖြေစံအိမ်ထဲတွင် ဥယျာဉ်ဆောက်လုပ်ထားခြင်းမရှိဘဲ တံခါးကို ဖွင့်လိုက်သည်နှင့် စိမ်းစိုလှသည့် တောင်တန်းနှင့် သစ်ပင်များကို တွေ့မြင်နိုင်ကာ ကြည်လင်နေသည့် ကျေးငှက်သံများကိုလည်း ကြားနိုင်သေးသည်။ တောင်တန်းတလျှောက် လျှောက်သွားလိုက်လျှင် စိမ့်စမ်းတစ်ခုကို တွေ့ရပြီး မျောက်၊ ရှဉ့်၊ ငှက်၊ တောယုန် အစရှိသည့် တိရစ္ဆာန်များကလည်း မကြာခဏ ဖြတ်ပြေးသွားသည်ကို တွေ့ရတတ်သည်။

လတ်လတ်ဆတ်ဆတ် တောင်လေလေးကို ရှုရှိုက်လိုက်ရင်း ရင်ထဲတွင် မည်မျှပင် မွန်းကျပ်နေစေကာမူ အပန်းဖြေသွားသလို ခံစားရစေသည်။

လုမင်ယွိနှင့်ရှန်းလန်တို့သည် နေ့တစ်ဝက်လောက် ခရီးနှင်လာခဲ့ပြီး တောင်ပေါ် အပန်းဖြေစခန်းသို့ ရောက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်၏။

ချီယွင်နှင့် တုန်းရွှယ်တို့က အပျိုတော် အစေခံမလေးများကို ဦးဆောင်ကာ နေရာချထားလိုက်ကြပြီ။

လုမင်ယွိနှင့် ရှန်းလန်တို့ကတော့ လက်ချင်းချိတ်ကာ ခြံဝင်းထဲသို့ တစ်ချက်လောက် လျှောက်ကြည့်လိုက်ကြ၏။

ရှန်းလန်က မကြာခဏဆိုသလို ခေါင်းကိုလှည့်ကြည့်တတ်ပြီး လုမင်ယွိ၏ မျက်ခုံးလေးများက တဖြည်းဖြည်း ပြေလျော့သွားကာ သူမ၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် တော်တော်လေး ဝမ်းသာသွားပြီး ပေါ့ပေါ့ပါးပါးသာ မေးလိုက်၏။ "ဒီနေ့ည ငါတို့တွေ ဘာစားကြမလဲ"

လုမင်ယွိက ပြုံးကာ ရှန်းလန်ကို လှမ်းကြည့်လိုက်သည်။ "တောင်ထဲမှာဆိုတော့ မှိုက အလတ်ဆတ်စပ်ဆုံးပဲ။ ဟင်းရည်လေးလုပ်ဖို့ တောကြက်နှစ်ကောင်လောက် အမဲသွားလိုက်လိုက်မယ်။ ဟင်းရည်တစ်အိုးနဲ့ ဖက်ထုပ်လေး နည်းနည်းပါးပါး လုပ်စားကြတာပေါ့။ လတ်ဆတ်ပြီး မွှေးပျံနေမှာပဲ။ ဘယ်လိုလဲ"

ရှန်းလန်ကလည်း တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ "နင့်သဘောအတိုင်းပဲလေ"

လုမင်ယွိသည် ပြုံးပြလိုက်လေသည်။

အပန်းဖြေစံအိမ်သို့ ရောက်လာချိန်တိုင်း ရှန်းလန်က လတ်လတ်ဆတ်ဆတ် တောကောင်များကို စားချင်သည်။ အထူးသဖြင့် တောကြက် မှိုဖက်ထုပ် ဟင်းရည်ကတော့ ဘယ်အချိန်စားစား မရိုးနိုင် ချေ။ ထိုအချိန်တွင် အကြိမ်တိုင်း အမဲလိုက်သွားရသူမှာလည်း သူမပင် ဖြစ်ပေသည်။

တဖြည်းဖြည်း မှောင်လာပြီဖြစ်သဖြင့် လုမင်ယွိကလည်း အချိန်ဆွဲမနေတော့ဘဲ လေးနှင့်မြှားကိုယူကာ တောထဲသို့ ဝင်လာခဲ့လိုက်၏။ တစ်နာရီ မပြည့်သေးခင်မှာပင် အရောင်အသွေး စုံလင်လှသည့် တောကြက်တချို့နှင့်အတူ ပြန်လာခဲ့၏။

ရှန်းလန်က မွှေးကြိုင်ကာ အရသာရှိလှသည့် မှိုနှင့် တောကြက် ဖက်ထုပ်ဟင်းရည် နှစ်ပန်းကန် စားသောက်လိုက်ပြီး လုမင်ယွိကတော့ သုံးပန်းကန်စားသောက်ခဲ့သည်။ ဝဝလင်လင် စားသောက်ပြီး သွားသောအခါ ရေချိုး အဝတ်အစားလဲကြပြီးနောက် အိပ်ပျော်သွားကြတော့သည်။

တောင်ပေါ်က လတ်လတ်ဆတ်ဆတ် လေကြောင့်များလား။ သို့မဟုတ် ကျေးငှက်သံများနှင့် လေတိုးသံများက အိမ်မွေ့ချသံလို ဖြစ်နေခြင်းကြောင်းလားတော့ မသိချေ။ လုမင်ယွိသည် ထိုနေ့ည၌ အိမ်မက်ဆိုး မမက်ဘဲ အချိန်တိုအတွင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ နောက်တနေ့မနက်ခင်း စောစောတွင် သူမ၏အသားအရည်သည် အမှန်ပင် နီမြန်းကာလှပလို့နေ၏။ မျက်ခုံးများ ကြားတွင်လည်း တောက်ပပြီးနှစ်လိုဖွယ် အရိပ်အ ယောင်များ တစ်ဖန်ပေါ်ထွက်လာခဲ့သည်။

ရှန်းလန်ကပြုံးကာ မိမိကိုယ်ကိုမိမိ ချီကျူးလိုက်တော့၏။ "နင့်ကို အပန်းဖြေစံအိမ်ကို စိတ်ဖြေဖို့ ခေါ်လာတာ အကျိုးရှိသွားတာပဲ။ ကြည့်စမ်း တစ်ရက်ပဲ ရှိသေးတယ်။ နင်ရဲ့ပုံလေးက အရမ်းကိုလှလာပြီ။ ဒါတွေ အားလုံးက ငါ့ကျေးဇူးနော် !"

လုမင်ယွိကလည်း ထပ်တိုးတိုး ရယ်မောလိုက်၏။ "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဒါတွေအားလုံးက ငါ့ကိုချစ်ပေးတဲ့ ရှန်းကျဲရဲ့ ကျေးဇူးပဲ"

မနက်စာ စားပြီးသွားသောအခါ နှစ်ယောက်သားသည် တောင်ထဲသို့ အတူတူ လမ်းလျှောက်ထွက်ခဲ့ကြ၏။

ဒီတောင်ပေါ်တွင် အကောင်းဆုံးနေရာကို တော်ဝင်အပန်းဖြေစံအိမ်က ရယူထားပြီးဖြစ်ကာ အရွယ်အစား အမျိုးမျိုးရှိသည့် တခြားအပန်းဖြေစံအိမ် ဆယ်အိမ်ကျော်လည်း ရှိလေသည်။ တောင်လမ်းလေးကိုတော့ လူ လေးငါးယောက်လောက် ယှဉ်ပြီး သွားလို့ရနိုင်သည်အထိ ပြန့်ပြန့်ပြူပြူးလေး ခင်းထားပေးသည်။

အစေခံမလေးများနှင့် အစောင့်များကလည်း ရှေ့နောက်နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့ကလမ်းဖွင့်ပေးပြီး နောက်တစ်ဖွဲ့က နောက်မှ လိုက်ပါလာကြသည်။ သခင်မများကို ကာကွယ်နေသလို နှစ်ဦးသား စကားပြောဆိုနေသည်ကိုလည်း အနှောင့်အယှက် မဖြစ်စေချေ။

လုမင်ယွိက ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်၏။ "အဖေက ပြောတယ်။ တရားဝင်စေ့စပ်ပြီးတာနဲ့ ဖူဖာဘုရားကျောင်းက ဆရာတော်ကြီးကို နေ့ကောင်းရက်သာ တွက်ချက်ခိုင်းပြီး ရှန်းအိမ်တော်ကို ပို့ပေးမယ်တဲ့။ အနီးဆုံးရက် တစ်ရက်ကိုရွေးပြီး အာ့ကောက အစ်မကို စောစောစီးစီး လက်ထက်တာက အကောင်းဆုံးပဲတဲ့လေ"

သာ့ ဝေတိုင်းပြည်တွင် တိုက်ပွဲအကြီးကြီးတစ်ခုကို ဆင်နွှဲရအုံးမည်ဖြစ်ရာ လုလင်းနှင့် လုဖေးတို့ သားအဖနှစ်ဦးသည် မြို့တော်ထဲတွင် အမြဲတမ်း နေထိုင်နိုင်မည်မဟုတ်ပေ။ စစ်တပ်ကို ဦးဆောင်ပြီး စစ်ချီထွက်သွားသည်နှင့် မည်သည့်အချိန်တွင် ပြန်ရောက်လာမည်ကို မသိသဖြင့် စောစောစီးစီး လက်ထပ်ခြင်းကလည်း ဖြစ်သင့်ပေသည်။

ရှန်းလန်၏ပါးပြင်သည် မသိမသာနီရဲသွားပြီး သူမက တိုးတိုးလေး ပြန်ဖြေလိုက်၏။ "အဖေနဲ့အမေတို့ကလည်း ဒီကိစ္စကို တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးသွားကြပါပြီ။ ဆောင်းဦးရာသီက အေးမြမြလေးဆိုတော့ လက်ထပ်ပွဲအတွက် အသင့်တော်ဆုံးပဲတဲ့"

လုမင်ယွိကလည်း သဘောပေါက်သွားကာ ပြုံးကာတိုးတိုးလေး ပြောလိုက်၏။

"ပြန်ရောက်သွားတဲ့အချိန်ကျရင် အာ့ကောကို ပြောပြရမယ်။ သူကတော့ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးဖြီးပြီး ပျော်နေတော့မှာ သေချာတယ်"

ဒီအခိုက်မှာပင် အရှေ့ဘက်၌ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပွားသွားခဲ့လေတော့သည်။

...

အပိုင်း (၆၃) မတော်တဆတွေ့ဆုံခြင်း-၁

ရှန်းလန်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်ကာ "ရှေ့မှာ ဘာဖြစ်တာလဲ"

ရှေ့ကဦးဆောင်နေသည့် အစောင့်သည် ထောင့်တစ်နေရာတွင် ရပ်သွားပြီး နောက်ထပ်အဖွဲ့တစ်ခုနှင့် တွေ့ဆုံနေသည်မှာ သိသာသည်။

သူတို့သည် မျက်နှာချင်းဆိုင် တွေ့ဆုံလာကြလျှင် ဘယ်သူကမှ အလွယ်တကူ နောက်ဆုတ်မပေးချင်ကြပေ။ ဒီအချိန်တွင် မည်သည့်အိမ်ထောင်စုက ရာထူးပိုမြင့်သည် သို့မဟုတ် မည်သူ၏လက်သီးက ပိုပြီးသန်မာသည်ကိုသာ ကြည့်ရတော့မည်။

လုမင်ယွိက တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးမှ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ "ဘယ်သူတွေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်"

တောင်ပေါ်တွင် အပန်းဖြေစံအိမ် များစွာရှိပြီး ထိုစံအိမ်များ အားလုံးကလည်း အရာရှိများ အာဏာရှိသူများသာ ဖြစ်လေသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ကြီးရှန်းသည် ရာထူးကြီးသည့် အရာရှိတစ်ယောက်ဟု မဆိုနိုင်ပေ။

ရှန်းလန်သည် တခြားသူများနှင့် အငြင်းမပွားလိုဘဲ လုမင်ယွိကလဲ သူမ၏ စိတ်သဘောထားအတိုင်း လူများကို ရိုက်နှက်မိမှာစိုးရိမ်သဖြင့် သူမကလည်း ပြုံးကာ ပြောလိုက်၏။ "ငါ နင်နဲ့ လိုက်ခဲ့မယ်"

အကယ်၍ ပြဿနာတစ်ခုခု အမှန်တကယ်ဖြစ်ပွားခဲ့လျှင် လုမင်ယွိကို တားဆီးနိုင်မည့်သူမှာ သူမတစ်ယောက်တည်းသာ ရှိပေမည်။

လုမင်ယွိက ရှေ့သို့လျှောက်သွားရင်း ပြုံးကာပြောလိုက်၏။ "ရှန်းကျဲ စိတ်ချပါ။ ငါ လူတွေကို အလွယ်တကူ မရိုက်ပါဘူး။ အခု ငါက အရင်တုန်းကငါ မဟုတ်တော့ပါဘူး"

ရှန်းလန်ကလည်း အသံထွက်ကာ ရယ်မောလိုက်ပြီး သူမကို လှမ်းစလိုက်လေသည်။ "နင် ပြောတဲ့စကားကို ငါ မယုံနိုင်ပါဘူး။ မနှစ်တုန်းက စံအိမ်ကိုလာတုန်းကလည်း ကျင်းအိမ်တော်က ဒုတိယသခင်လေးနဲ့ တွေ့ခဲ့တာ မှတ်မိသေးလား။ သူက နင့်အလှကို သဘောကျပြီး စနောက်မိတာလေးနဲ့တင် အဲဒီသခင်လေးကို နင် ဝက်ခေါင်းဖြစ်သွားအောင် ထိုးကြိတ်ခဲ့တာလေ"

ကျင်းအိမ်တော်က ဒုတိယသခင်လေးကျင်းသည် ကျင်းချန်အာ၏ တူအရင်းဖြစ်ပြီး သူမထက် တစ်နှစ်သာငယ်လေသည်။ လူပျိုဖော် ‌ဝင်စအရွယ် ယောက်ျားလေးတယောက် အနေဖြင့် အလှအပကို တပ်မက်ခြင်းကလည်း အဆန်းမဟုတ်ပေ။ သို့သော်ငြား ကံဆိုးချင်တော့ နောက်ပြောင်ကျီစယ်တတ်သည့် လူငယ်လေးများ၏ စနောက်ခံရသည်ကို အမုန်းဆုံးဖြစ်သည့် စတုတ္ထသခင်မလေးလုနှင့် တွေ့ဆုံသွားတော့သည်။ လက်သီးချက်အနည်းငယ် ခံစားလိုက်ရပြီးနောက်တွင် ဒုတိယသခင်လေးကျင်းမှာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားခဲ့ရ၏။

ကျင်းချန်အာမှာ ဒေါသထွက်လွန်းပြီး မုန်းတီးရလွန်းသဖြင့် ရှန်းမိသားစုခြံဝင်းထဲတွင် ပြဿနာ လာရှာလေတော့သည်။ သို့သော်ငြား လုမင်ယွိ၏ ရိုင်းရိုင်းစိုင်းစိုင်း ပြန်တုန့်ပြန်ခြင်းကိုလည်း ခံခဲ့ရ၏။

ထိုအဖြစ်အပျက်အကြောင့်ပင် ကျင်းချန်အာနှင့် လုမင်ယွိတို့သည် ရန်ငြိုးဖွဲ့ခဲ့ကြပြီး တွေ့တိုင်း မျက်စောင်းတခဲခဲ ဖြစ်နေရတော့သည်။

ဤစိတ်ဝင်စားစရာ ကောင်းသည့် အကြောင်းအရာကို ထုတ်ပြောလာသည်တွင် လုမင်ယွိကလည်း မျက်ခုံးများကို ပင့်ကာ ရယ်မောလေတော့၏။

ထို့နောက်တွင်တော့ ထိုအပြုံးမှာ နှုတ်ခမ်းထောင့်တွင် ချက်ချင်းဆိုသလို အေးခဲသွားတော့သည်။

သူမသည် လျှောက်နေသည့် ခြေလှမ်းကို ရပ်တန့်လိုက်မိတော့၏။

...

ရှန်းလန်သည်လည်း တအံ့တဩဖြစ်သွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကာ "ဘာဖြစ်လို့လဲ"

လုမင်ယွိက မလှမ်းမကမ်းက ချောမောခန့်ညားသည့် လူငယ်လေးကို ကြည့်ကာ သူမ၏နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားပြီး စကားလုံးတချို့ကို ဖျစ်ညစ်ကာ ထုတ်ပြောလိုက်တော့သည်။ "ဘာမှမဟုတ်ပါဘူး"

ဒါကဘာမှ မဟုတ်ပါဘူးလေ။

သူမသည် ရန်သူတော်တစ်ယောက်နှင့် တွေ့ဆုံရသလို ဖြစ်နေသည်မှာ ရှင်းလင်းလို့နေသည်။

ရှန်းလန်က လုမင်ယွိ၏ အကြည့်နောက်သို့ လှမ်းကြည့်လိုက်၏။

သူမ၏မြင်ကွင်းထဲသို့ ဝင်လာသည်မှာ လူငယ်လေးတစ်ယောက်၏ ပုံရိပ်ဖြစ်နေသည်။

ထိုလူငယ်လေးသည် မိုးပြာရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့် သွယ်လျလျနှင့် မှင်ရည်လို မည်းနက်နေသည့် ဆံနွယ်များ ပိုင်ဆိုင်ထားကာ မျက်နှာကလည်း ကျောက်စိမ်းလေးလို ချောမောလှပလို့ နေသည်။ သူ၏ချောမော လှပသည့်မျက်နှာမှာ နေရောင်ခြည်ထဲတွင် မျက်စိကျိန်းလုမတတ်ပင်။

ရှန်းလန်မှာ မနေနိုင်တော့ဘဲ နောက်တစ်ချက် ထပ်ကြည့်လိုက်ပြီးမှ လေသံတိုးတိုးလေးဖြင့် ချီးကျူးစကား ပြောလိုက်၏။ "တကယ်ကို ချောမောတဲ့ လူငယ်လေး တစ်ယောက်ပါလား ! ငါချောမောတဲ့ လူငယ်တွေ အများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ဒီလူငယ်လေးနဲ့ မယှဥ်နိုင်ဘူး။ ဒါနဲ့ ရှောင်ယွိ ဒီလောက်ချောမောခန့်ညားတဲ့ လူငယ်လေးကို ဘယ်တုန်းက သိသွားတာလဲ။ နင် အဲဒီအကြောင်းကို ဘာဖြစ်လို့ ငါ့ကိုတစ်ခါမှ မပြောပြခဲ့ဖူးတာလဲ"

လုမက်ယွိ၏ မျက်နှာပေါ်တွင် အပြုံးတစ်စက်မှမရှိဘဲ သူမ၏ နှုတ်ခမ်းတောင့်ကလည်း တင်းနေအောင်စေ့ထားကာ ဘာမှပြောမလာချေ။

ကျောက်စိမ်းလို သခင်လေးသည် ကျက်သရေရှိစွာဖြင့် လမ်းလျှောက်လာခဲ့ပြီး သူ၏နက်မှောင်နေသည့် မျက်ဝန်းများနှင့် တွန့်ကွေးနေသည့် နှုတ်ခမ်းများဖြင့် သာယာငြိမ့်ညောင်းသည့် လေသံလေးဖြင့် ပြောလာခဲ့သည်။ "စတုတ္ထသခင်မလေးလုကို မမျှော်လင့်ဘဲ ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"

လုမင်ယွိက သူမ၏ ညာဘက်လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ကာ ရောက်လာသူကို လက်သီးဖြင့် ထိုးနှက်ချင်စိတ်ကို မျိုသိပ်ထားရပြီး မျက်နှာသေဖြင့် ပြန်ပြောလိုက်လေသည်။ "ဟုတ်ပါ့။ တကယ်တိုက်ဆိုင်တာပဲ"

တိုက်ဆိုင်လိုက်တာ !

ဂုဏ်သရေရှိတဲ့ မင်းသားတစ်ပါးက နန်းတော်ထဲမှာ နေရမယ့်အစား တော်ဝင်အပန်းဖြေဥယျာဉ်ကို ရောက်လာခဲ့တယ်။ သူက ဒီတောင်ပေါ်မှာ မမျှော်လင့်ဘဲနဲ့ ကျွန်မနဲ့ အမှတ်တမဲ့ လာတွေ့ခဲ့တယ်တဲ့လေ။ တကယ်ကို အပင်ပန်းခံပြီး ကြိုးစားထားတာပဲ။

ရှန်းလန်၏မျက်လုံးများက လုမင်ယွိနှင့် မိုးပြာရောင် ဝတ်ဆင်ထားသည့် ချောမောလှပသည့် လူငယ်လေး၏ မျက်နှာကြားတွင် ကူးလူးသွားလာနေပြီး သူမ၏မျက်လုံးထဲတွင်လည်း စိတ်ဝင်စားမှုနှင့် သိချင်စိတ်များ အပြည့်ဖြစ်နေတော့သည်။ "ရှောင်ယွိ ဒါက ဘယ်အိမ်တော်က သခင်လေးလည်း မသိဘူးနော်"

လုမင်ယွိက ပါးစပ်မဟရသေးခင်မှာပင် မိုးပြာရောင် ဝတ်ဆင်ထားသည့် လူငယ်လေးက ရှန်းလန်ကို ပြုံးကာကြည့်လာပြီး "ကျွန်တော်ရဲ့မျိုးနွယ်က လီပါ။ ကျွန်တော်က မိသားစုထဲမှာ ဒုတိယသားပါ"

လီမိသားစုရဲ့ဒုတိယသား။

ရှန်းလန်သည် စိတ်ထဲတွင် ရေရွတ်လိုက်လေသည်။

မြို့တော်ထဲက အဆင့်မြင့် အရာရှိတွေကြားမှာ လီမျိုးနွယ် အိမ်ထောင်စုတွေ အများကြီးပဲလေ။ ဒီနေရာမှာတော့ ရာဇဝတ်မှုဝန်ကြီးဌာနက လီအမတ်တဦးတည်းပဲ ရှိတာပဲ။ လီအမတ်မှာလည်း သားတစ်ယောက်ပဲ ရှိတာလေ။ ဒုတိယသားမရှိပါဘူး ...

ဒီလီအိမ်တော်က ဒုတိယသခင်လေးက ဘယ်ကနေ ရောက်လာတာလဲ။

"ရှန်းကျဲ" လုမင်ယွိ၏ အသံသည် ထူးထူးခြားခြား တင်းမာပြီး ဒေါသထွက်နေတော့၏။ "ဒါက ဒုတိယမင်းသားပါ"

ရှန်းလန် "..."

ရှေ့က ချောမောလှပတဲ့ လူငယ်လေးက တကယ်တမ်းကျတော့ လက်ရှိဧကရာဇ်ရဲ့ တစ်ဦးတည်းသောသား လီကျင့် ဖြစ်နေတာကိုး။

ရှန်းလန်သည် ပြုံးကာ အလျင်စလို အရိုအသေပေးလိုက်၏။ "ဒုတိယမင်းသားကို ဂါရဝပြုပါတယ်"

ဒုတိယမင်းသားသည် မင်းသား၏ အရောင်အဝါ နည်းနည်းလေးမှ ခံမထားဘဲ အလွန်နိမ့်ချ ယဉ်ကျေးစွာဖြင့် ပြောလိုက်၏။ "ရှန်းသခင်မလေး မြန်မြန်ထပါ"

ထူးဆန်းလိုက်တာ။ ဒုတိယမင်းသားက သူမနဲ့လည်း တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါနဲ့များ ဘယ်လိုလုပ်ပြီးတော့ သူမရဲ့မျိုးရိုးနာမည်က ‘ရှန်း’ မှန်း သိနေတာလဲ။

ရှန်းလန်သည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး သူ့ကို တလေးတစား ကျေးဇူးတင် စကားပြောလိုက်ပြီးနောက် ထရပ်လိုက်လေသည်။

သူမ၏ဘေးက လုမင်ယွိကတော့ မလှုပ်မယှက်ရှိနေကာ အရိုအသေပေးခြင်းလည်း မပြုသလို စကားလည်းမပြောချေ။ တစ်ခုခု မှားယွင်းနေသည်ကို သိလိုက်ရသဖြင့် ရှန်းလန်ကလည်း လုမင်ယွိ၏အင်္ကျီလက်ကို အသာအယာစောင့်ဆွဲလိုက်တော့သည်။

လုမင်ယွိသည် ဒေါသအပြည့်ဖြစ်နေတော့၏။ သူမကခေါင်းကို လှည့်ကာ ရှန်းလန်ကို လှမ်းကြည့်လိုက်ပြီးနောက် သူမ၏အသံထဲတွင်လည်း ဒေါသရိပ်များ ပါဝင်နေတော့၏။ "ရှန်းကျဲ ဘာဖြစ်လို့ ငါ့ရဲ့အင်္ကျီလက်ကိုဆွဲနေတာလဲ"

ရှန်းလန် " ... "

ရှန်းလန်က အောင့်သက်သက် ရယ်မောလိုက်ကာ ကျက်သရေရှိပြီး တည်ငြိမ်လှသည့် ဒုတိယမင်းသားကို မြန်မြန် လှမ်းကြည့်လိုက်လေသည်။

ဒုတိယမင်းသားကလည်း အမှန်ပ င်စိတ်သဘောထားကောင်းမွန်‌‌နေ၏။ လုမင်ယွိသည် အလွန် ရိုင်းစိုင်းနေသော်ငြားလည်း ဒုတိယမင်းသားကတော့ လုံးဝဒေါသထွက်မနေချေ။ သူသည် ဒေါသမထွက်သည့်အပြင် လုမင်ယွိကိုလဲ နူးညံ့သိမ်မွေ့ပြီး အလိုလိုက်နေသည့် အကြည့်များဖြင့် ကြည့်နေသေးသည်။

မျက်လုံးထဲတွင် မီးပွားများ ပွင့်ထွက်လာတော့ မယောင်ဖြစ်နေသည့် လုမင်ယွိကတော့ ထူးထူးခြားခြား ချစ်စဖွယ်ကောင်းနေပြန်၏။

အရှင်မင်းသား ဒုတိယမင်းသား ကိုယ့်ဟာကိုယ် ဂရုစိုက်ပါအုံး။ ပြီးခဲ့တဲ့ တခေါက်တုန်းက လုမင်ယွိကို ဒေါသ အရမ်းထွက်အောင်လုပ်ခဲ့တဲ့ ကျင်းအာ့လန်ကလေ အိမ်ထဲမှာသုံးလနီးပါး ပုန်းအောင်းခဲ့ပြီးမှ အပြင်ထွက်ရဲခဲ့တာ။

အရှင်မင်းသားက မင်းသားတစ်ပါး ဖြစ်နေတယ်ဆိုပြီး လုပ်ချင်တာ လုပ်လို့ရမယ်လို့ မထင်ပါနဲ့။ လုမင်ယွိ ဒေါသထွက်လာရင် အရှင်မင်းသား ဘယ်သူဖြစ်ဖြစ် အရေးမပါတော့ဘူး။

သို့သော်ငြား ရှန်းလန်ကို အံ့ဩရစေသည်က လုမင်ယွိသည် လက်သီးကို တင်းနေအောင် ဆုပ်ထားပြီးနောက် ထိုလက်များကို ပြန်ဖြည်လိုက်လေသည်။ သူမက မျက်နှာသည်ဖြင့် ဦးညွှတ်ကာ အရိုအသေပေးလိုက်၏။ "ဒုတိယမင်းသားကို ဂါရဝပြုပါတယ်"

ဒုတိယမင်းသားက လုမင်ယွိကို ကြည့်လိုက်ကာ အနည်းငယ် ပြုံးလိုက်သည်။ "စတုတ္ထသခင်မလေးလု အဆင်ပြေရဲ့လား"

လုမင်ယွိ၏ မျက်နှာပေါ်တွင် ဘာအမူအရာမှ မရှိချေ။ "ကျွန်မ အရမ်းအဆင်ပြေပါတယ်။ အရှင်မင်းသား စိုးရိမ်ပေးဖို့ မလိုပါဘူး"

ဒုတိယမင်းသားက ကောင်းမွန်သည့် စိတ်သဘောထားတစ်ခုဖြင့် စကားကို ဆက်ပြောလိုက်လေသည်။ "အဲ့လိုပြောလို့ ကျွန်တော်တို့တွေ တစ်နေ့တုန်းက နန်းတော်ထဲမှာ တွေ့ခဲ့ကြသေးတယ်နော်။ မျှော်လင့်မထားဘဲ ၂ရက်ပဲ ကြာသေးတယ်။ ကျွန်တော်တို့တွေ ဒီမှာ ထပ်တွေ့ပြန်ပြီ။ ကြည့်ရတာ စတုတ္ထသခင်မလေးလုနဲ့ ကျွန်တော်က တော်တော်လေး ရေစက်ပါတဲ့ပုံပဲ"

လုမင်ယွိ၏ ညာဘက်လက်သီးမှာ တစ်ဖန်တင်းနေအောင် ဆုပ်သွားတော့သည်။

ရှန်းလန်သည် ထိုအခြေအနေကို မြင်လိုက်ရသည်တွင် အလန့်တကြား ဖြစ်သွားတော့၏။

သာ့ဝေတိုင်းပြည်၏ အမြင့်မြတ်ဆုံးသော မင်းသားတစ်ပါးသည် ရှေ့တွင် ရောက်ရှိလို့နေသည်။ တကယ်လို့ လုမင်ယွိကသာ ဒေါသဖြင့် ဒုတိယမင်းသားကို ရိုက်နှက်ခဲ့လျှင် ဖြေရှင်းစရာ နည်းလမ်း ရှိတော့မည် မဟုတ်ပေ။ ရှောက်ယွိ။ ရှောင်ယွိ။ စိတ်လိုက်မှန်ပါ မလုပ်ပါနဲ့နော်။

ကောင်းကင်ဘုံကသာ ရှန်းလန်၏ စိတ်ထဲက ဆုတောင်းသံကို ကြားနိုင်ပေလိမ့်မည်။

လုမင်ယွိက သူမ၏ ညာဘက်လက်သီးကို ဖြည်းဖြည်းချင်း ပြန်ဖြည်လိုက်ပြီး တင်းမာနေသည့် လေသံတစ်ခုဖြင့် ပြောလိုက်၏။ "ဒုတိယမင်းသားက ကဗျာစာပေတွေကို အများကြီး ဖတ်ဖူးတယ်လို့ ကျွန်မကြားဖူးတယ်။ သူက သိမ်မွေ့ပြီး လူကြီးလူကောင်း ဆန်တယ်တဲ့။ လက်မထပ်ရသေးတဲ့ မိန်းကလေးတယောက်ကို ရေစက်ရှိတယ်ဆိုတဲ့ စကားမျိုးပြောတာက ရိုင်းပြစော်ကားရာ မရောက်နေဘူးလား"

ဒုတိယမင်းသား၏ မျက်လုံးထဲတွင်တော့ အပြုံးလေးတစ်ခု ရှိနေပြီး သူ့မျက်နှာပေါ်တွင် နွေဦးလေပြေလေး တိုက်ခတ်လာသလိုပင်။ "စတုတ္ထသခင်မလေးလု ပြောတဲ့စကားက တကယ်ပဲ မှန်ပါတယ်။ ကျွန်တော် နည်းနည်းလေး ရိုင်းပြသွားမိတယ်။ ဒါပေမဲ့ နှလုံးသားက တောင့်တနေတော့ စိတ်ကို မချုပ်တည်းနိုင်ခဲ့ဘူး။ စတုတ္ထသခင်မလေးလုက နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

လုမင်ယွိ "..."

ရှန်းလန် "..."

ရှန်းလန်သည် လုမင်ယွိ၏ မျက်လုံးများထဲက တစ်ဖွားဖွား ထွက်လာသည့် မီးတောက်များနှင့် အကြောစိမ်းများ ထွက်လာသည်အထိ တင်းနေအောင်ဆုပ်ထားသည့် ညာဘက်လက်ကို အမိအရ မြင်လိုက်လေ၏။

ဘာမှ စဉ်းစားမနေတော့ဘဲ သူမက လက်ကိုဆန့်ကာ လုမင်ယွိ၏ ညာဘက်လက်သီးကို လှမ်းကိုင်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်တော့သည်။ "အရေးကြီးကိစ္စ ရှိနေသေးတာကို ခုမှပဲ ရုတ်တရက် သတိရသွားတယ်။ အခု ချက်ချင်းပြန်မှ ဖြစ်မယ်။ ရှောင်ယွိ ငါနဲ့အတူတူ အပန်းဖြေ စံအိမ်ကို လိုက်ခဲ့နော်။ အရှင်မင်းသားက ဒီနေရာမှာအပန်းဖြေ လမ်းလျှောက်နေတာ။ ဒီတော့ ကျွန်မတို့တွေ ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး"

...

All Chapters