အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း (၆၄) မမျှော်လင့်ဘဲတွေ့ဆုံခြင်း-၂
ရှန်းလန်သည် စကားပြောရင်းက လုမင်ယွိကို မျက်ရိပ်ပြလိုက်၏။
ရှောင်ယွိ စိတ်လျှော့ ! ရှေ့ကလူက ဒုတိယမင်းသားနော်။ နင် သေချာ စိတ်ကိုထိန်းထား ! မလုပ်နဲ့ !
လုမင်ယွိသည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက်လောက် ရှူသွင်းလိုက်ကာ နှာခေါင်းသံဖြင့် အင်းဟု ဖြေလိုက်လေသည်။
ရှန်းလန်မှာ စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် အလှပဆုံး အပြုံးလေးတစ်ခုကို အားတင်းကာ ပြုံးပြရင်း ဒုတိယမင်းသားကို နှုတ်ဆက်လိုက်တော့သည်။ လုမင်ယွိကတော့ ထားလိုက်ပါ။ သူ ဘယ်သူ့ကို မရိုက်နှက်တာနဲ့တင် တော်လှပါပြီ။
ရှန်းလန်က လုမင်ယွိကို ဆွဲကာထွက်သွားတော့၏။
လုမင်ယွိသည် အလွန် ဒေါသထွက်နေသည်မှာ သိသာပြီး လမ်းကို မြန်မြန်ဆန်ဆန် လျှောက်သွားတော့၏။
ရှန်းလန်ကလည်း ခြေလှမ်းများကို မြန်ဆန်အောင် လုပ်ကာ နောက်ဆုံးတွင်တော့ သူမသည် အပြေးတစ်ပိုင်း လျှောက်လာရတော့သည်။
ဒုတိယမင်းသားကတော့ ထိုနေရာတွင်ရပ်ရင်း မိန်းကလေးနှစ်ယောက် ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း ကြိတ်ပြီးပြုံးနေမိ၏။
ဘေးက ကုန်းကုန်းလေး ရှောင်ယွမ်သည် သခင်ဖြစ်သူ၏ အပြုံးကို မြင်လိုက်ရသောအခါ သူကလည်း ရယ်မောကာဖြင့် ပြောလိုက်၏။ "စတုတ္ထသခင်မလေးလုက အရှင်မင်းသားအပေါ် ဒီလောက် ဂရုစိုက်နေတာကို တွေ့ရတော့ အရှင်မင်းသားရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း နောက်ဆုံးတော့ အချည်နှီးမဖြစ်တော့ပါဘူး"
မင်းသား၏ကိုယ်ရံတော်များ "..."
ကုန်းကုန်းရဲ့ပါးစပ်က တကယ်ကို အလိမ်အညာပဲ။
စတုတ္ထသခင်မလေးလုက ခုနတုန်းက တုံ့ပြန်မှုကို ဂရုစိုက်တယ်တဲ့လား။ သူ့မှာ အရမ်းကို ဒေါသထွက်လွန်းလို့ တစ်စုံတစ်ယောက်ကို ထိုးနှက်ချင်စိတ် ပေါက်နေတာလေ ဟုတ်တယ်မလား။ ရှန်းသခင်မလေးက မြန်မြန် နှုတ်ဆက်သွားတာကလည်း သခင်မလေးလုက တစ်ခုခုလုပ်မိမှာ ဆိုးလို့ပဲလေ။ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာကို စိုးရိမ်နေလို့ မဟုတ်ဘူးလား !
မင်းရဲ့မျက်လုံးကို ဖွင့်ပြီးတော့မှ လိမ်ညာပြီးပြောစမ်းပါ။ ဘာမဆိုပြောရဲတာလည်း ရှောင်ယွမ်တစ်ယောက်ပဲရှိလိမ့်မယ်။
ဒုတိယမင်းသား၏ အသံထဲတွင် ပြုံးရိပ်လေး ပါလာခဲ့သည်။ "ရှောင်ယွမ်ရဲ့စကားက တကယ်အဓိပ္ပာယ်ရှိတာပဲ"
ရှောင်ယွမ်သည် သခင်ဖြစ်သူ၏ ချီးကျူးစကားကြောင့် တက်ကြွလာပြီး ချက်ချင်းဆိုသလို ပြုံးကာဆက်ပြောလိုက်သည်။ "သခင်မလေးတွေက အရှက်အကြောက် ကြီးတယ်လေ။ ဒီလောက် လူအများကြီးရှေ့မှာ အရှင်မင်းသားနဲ့ ဘယ်လိုလုပ်ပြီးတော့ တရင်းတနှီး ပြောရဲပါ့မလဲ။ ကျွန်တော့်အထင်တော့ အရှင်မင်းသားက လက်ဆောင်လေးတချို့ ပြင်ဆင်ပြီး ရှန်းမိသားစုရဲ့ အပန်းဖြေစံအိမ်ကို သွားပို့ပေးလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်။ စတုတ္ထသခင်မလေးလုက သေချာပေါက် အရမ်းဝမ်းသာသွားမှာပဲ"
ဒုတိယမင်းသားသည် ရှောင်ယွမ်ကို ကြည့်ကာ ထောက်ခံလိုက်လေသည်။ "ဒီအကြံမဆိုးဘူး"
ကိုယ်ရံတော်များ "..."
ရှောင်ယွမ်ကုန်းကုန်းက အရှင်မင်းသားရဲ့ လူယုံတော်ဖြစ်လာတာလဲ မဆန်းတော့ပါဘူး။ ဒီဖြောင့်မတ်မှန်ကန်လှတဲ့ ကိုယ်ရံတော်တွေက သူနဲ့မယှဉ်နိုင်ဘူးလေ။
...
လုမင်ယွိ၏ မျက်နှာသည် တင်းမာလို့နေပြီး ရှန်းမိသားစု၏ အပန်းဖြေစံအိမ်ထဲသို့ မြန်မြန်လျှောက်ကာ ဝင်သွားတော့သည်။
ရှန်းလန်မှာ တလမ်းလုံး အပြေးတစ်ပိုင်းဖြင့် လုမင်ယွိ၏ နောက်မှနေ၍ အနိုင်နိုင် လိုက်မှီအောင် လာခဲ့ရသည်။ စံအိမ်ထဲသို့ ဝင်လာချိန်တွင် သူမမှာ ချွေးများ ရွှဲနစ်နေပြီဖြစ်ကာ စကားပြောရာတွင်ပင် အသက်ရှူမမှန်တော့ချေ။ "ရှောင်ယွိ ငါ့ကို စောင့်ပါအုံး"
လုမင်ယွိက ခြေလှမ်းများကို ရပ်လိုက်ပြီး ရှန်းလန်ကို လှည့်ကြည့်ကာ ပြောလိုက်၏။ "ရှန်းကျဲ နင့်မှာ သိချင်တာတွေ အရမ်းများနေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ အခုစကား မပြောချင်သေးဘူး။ အရင်ဆုံး အခန်းထဲမှာ တစ်ယောက်တည်း ခဏလောက်နေပါရစေဦး"
ရှန်းလန်က နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ "ဟုတ်ပါပြီ။ နင် စိတ်တည်ငြိမ်သွားလို့ စကားပြောချင်တဲ့အချိန်ကျမှပဲ ငါ နင့်ကိုလာရှာမယ်"
လုမင်ယွိက မသိမသာ ခေါင်းငြိမ့်ပြလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ချီယွင်ကလည်း သူမ၏နောက်ကနေ၍ မြန်မြန်လိုက်သွားလိုက်၏။
တုန်းရွှယ်မှာ သူမ၏သခင်မလေးနားသို့ ကပ်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "သခင်မလေး စတုတ္ထသခင်မလေးလုနဲ့ ဒုတိယမင်းသားတို့ ကြားမှာပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေတယ်လို့ ကျွန်မ ဘာဖြစ်လို့ ထင်မိနေတာလဲမသိဘူး”
ပေါက်ကရ။ မျက်ကန်းတစ်ယောက်ကတောင်မှ ဒီအခြေအနေကို မြင်နိုင်နေတာပဲ။
နှလုံးသားက တောင့်တနေတော့ စိတ်ကို မချုပ်တည်း နိုင်ခဲ့ဘူးတဲ့လေ။
ကျွတ် ကျွတ်။ ရှောင်ယွိက ဘယ်တုန်းက ဒီမက်မွန်ပွင့်လေးကို ကြွေသွားမှန်း မသိလိုက်ပါလား။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက စိတ်ဓာတ်ကျနေတာကလည်း ဒုတိယမင်းသားကြောင့်ပဲ ဖြစ်ရမယ်။ ဒီနေ့ ‘မမျှော်လင့်ဘဲ’ တွေ့ဆုံတယ်ဆိုတာကလည်း ဒုတိယမင်းသားရဲ့ ကြိုးစားပမ်းစား အားထုတ်မှုတွေ အများကြီး ပါဝင်နေလောက်တယ်။
ရှန်းလန်သည် ထက်မြက်သူတစ်ယောက် ဖြစ်ပြီး အခြေအနေကို မြန်မြန်ဆန်ဆန် ခန့်မှန်းမိလိုက်လေသည်။
သူမက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "နင် ဒီနေ့လမ်းမှာ ဒုတိယမင်းသားနဲ့ တွေ့ခဲ့တယ်ဆိုတဲ့ အကြောင်းလျှောက်မပြောနဲ့။ ငါ့အမိန့်ကို ပြန်ပြောလိုက်။ ဒီနေ့ ငါတို့နဲ့အတူတူ သွားခဲ့ကြတဲ့ အစောင့်တွေနဲ့ အစေခံမလေးတွေအားလုံး စကားအများကြီး မပြောကြနဲ့လို့"
တုန်းရွှယ်ကလည်း ဟုတ်ဟု ပြန်ဖြေကာ ထွက်သွားလေသည်။
...
လုမင်ယွိသည် အခန်းထဲတွင် တစ်နာရီလောက် နေလိုက်ပြီးနောက် မွန်းတည့်ချိန်ရောက်မှ ထွက်လာခဲ့တော့သည်။
ရှန်းလန်က သူမကို လှမ်းကြည့်လိုက်၏။
မျက်နှာကတော့ တော်တော်လေး ပြန်ကြည့်လာပြီ။
ရှန်းလန်က အလျင်စလို မမေးဘဲ ပြုံးကာ ပြောလိုက်လေသည်။ "မနေ့တုန်းက လုပ်ထားတဲ့ တောကြက်ဟင်းရည် အများကြီး ကျန်နေသေးတယ်။ မီးဖိုဆောင်ကို ရှားပါးတောင်ထွက် မှိုနဲ့ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်ခိုင်းထားတယ်။ ပြီးတော့ ဟော့ပေါ့တစ်အိုးလည်း လုပ်ခိုင်းထားတယ်။ ဒါနဲ့ စံအိမ်မှာ သစ်သီးဝိုင်လည်းရှိတော့ ငါတို့နှစ်ယောက် နည်းနည်းလောက် သောက်ကြမလား"
လုမင်ယွိက ခေါင်းငြိမ့်ပြလိုက်၏။
သူငယ်ချင်းနှစ်ယောက်သည် ခြံဝင်းထဲက သစ်ပင်အောက်တွင် ထိုင်ချလိုက်ကြသည်။
အရသာရှိသည့် အစားအသောက်က လူတို့၏စိတ်နှလုံးကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင်စွမ်းရှိလေသည်။ လုမင်ယွိ၏ ရင်ထဲက မွန်းကျပ်မှုများသည် မွေးပျံ့နေသည့်ရနံ့ကို ရှူရှိုက်မိသွားပြီး အစား စားချင်စိတ် ဖြစ်သွားတော့၏။
ရှန်းလန်သည် သူမ၏ လျင်လျင်မြန်မြန် စားသောက်နေပုံနှင့် အရသာခံနေပုံကို မြင်လိုက်သည့်အခါမှ စိတ်အေးသွားလေတော့သည်။
အစားလည်း စားနိုင်တယ်။ စားချင်သောက်ချင်စိတ်ကလည်း ပုံမှန်ထက် ပိုများနေတယ်။ ကြည့်ရတာ ကြီးကြီးမားမား ပြဿနာတော့ မဟုတ်လောက်ဘူး။
သစ်သီးဝိုင်က အနည်းငယ် ချိုမြမြလေးရှိ၏။ လုမင်ယွိသည် ပုလင်းတစ်ဝက်လောက် သောက်လိုက်လေသည်။ သူမသည် သောက်လေလေ စိတ်ကပိုပြီး ကြည်လင်လာလေလေ ခံစားနေရသည်။ တစ်ဖက်တွင်တော့ ရှန်းလန်မှာ ယမကာ ခံနိုင်စွမ်းအကန့်အသတ်နှင့် ဖြစ်လေရာ သောက်ပြီး သိပ်မကြာခင်မှာပင် သူမ၏ ပါးပြင်သည် စွဲမက်ဖွယ်ရာ နီမြန်းသွားလေတော့သည်။
"ရှောင်ယွိ ပြီးခဲ့တဲ့နှစ်ရက်တုန်းက နန်းတော်ထဲမှာ ဒုတိယမင်းသားနဲ့ တွေ့ခဲ့တာလား" ရှန်းလန်က သူမ၏စိတ်ထဲက မေးခွန်းကို ထုတ်မေးလာခဲ့သည်။
လုမင်ယွိက အင်းဟု ခပ်တိုးတိုး ဖြေလိုက်ပြီး သစ်သီးဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်လေသည်။
ရှန်းလန် "..."
နှစ်ဦးသားသည် အချင်းချင်း သိလာကြသည်မှာ နှစ်ပေါင်းများစွာ ရှိလာပြီဖြစ်ပြီး တစ်ဦး၏ စိတ်နေစိတ်ထားကိုလည်း တစ်ဦးက အလွန်ရင်းနှီးလေသည်။
လုမင်ယွိ၏ စိတ်ပျက်နေသည့်ရုပ်ကို မြင်ရသည်တွင် ရှန်းလန်သည် ရုတ်တရက် သဘောကျသွားကာ ခပ်တိုးတိုးလေး ရယ်မောမိလိုက်လေသည်။
လုမင်ယွိက သူမ၏ သူငယ်ချင်းကို မျက်စောင်းဖြင့် လှမ်းကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ "ငါ စိတ်အခြေအနေက ဒီလောက်တောင် ဆိုးဝါးနေတာ နင်ကတော့ ငါ့ကို လာမနှစ်သိမ့်ပေးပဲနဲ့ အသံထွက်ပြီးတော့တောင် အော်ရယ်နေသေးတယ်။ ဒါက သူငယ်ချင်းကောင်းလား !"
ရှန်းလန်က သူမ၏ရယ်ချင်စိတ်ကို မျိုသိပ်ထားကာ ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "ဟုတ်ပါပြီ။ ငါအခုပဲ အရယ်ရပ်လိုက်ပါ့မယ်။ အခု နင် ငါ့ကို ပြောပြသင့်ပြီ။ နင်နဲ့ ဒုတိယမင်းသားကြားမှာ ဘာတွေဖြစ်ထားတာလဲ"
လုမင်ယွိ၏ အမူအရာသည် ရှုပ်ထွေးသွားကာ ထူးဆန်းလို့နေသည်။ သို့သော်ငြား အချစ်ဦးနှင့် တွေ့ဆုံနေရသည့် မိန်းမပျိုလေး တစ်ယောက်၏ အမူအရာနှင့် လုံးဝမသက်ဆိုင်သည်မှာတော့ သေချာလှသည်။ အတန်ကြာမှ သူမက စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်တော့၏။ "အရင်ဘဝက အကြွေးရှင်က အကြွေးလာတောင်းတာ"
ရှန်းလန်မှာ နှာခေါင်းရှုံ့မိကာ ရယ်မောလေတော့သည်။
လုမင်ယွိက ရှန်းလန်၏ သဘောကျနေသည့် အပြုံးကိုလှမ်းကြည့်ပြီး ကိုယ့်ဟာကိုယ် ပြစ်တင်နေသည့် လေသံတစ်ခုဖြင့် နှုတ်ခမ်းထောင့်လေးကို ပင့်ထားလိုက်ကာ "နင် မယုံဘူးဆိုတာ ငါ သိပါတယ်"
တကယ်တမ်းကျတော့လည်း သူမက အမှန်အတိုင်း ပြောနေတာပဲလေ။
ဒါပေမဲ့ အမှန်တရား ဆိုတာကြီးက အရမ်းကို အဓိပ္ပာယ်မဲ့နေတဲ့ ပုံစံမျိုးဖြစ်နေတာ။
ရှန်းလန်သည် အချိန်တော်တော်ကြာအောင် ရယ်မောလိုက်ပြီးမှ ရပ်တန့်လိုက်တော့၏။ "ရှောင်ယွိ ငါအရင်က ပြောခဲ့ဖူးတဲ့ စကားအတိုင်းပဲ။ နင် မပြောချင်ရင်လည်း ငါအတင်း မမေးပါဘူး။ နင်ပြောချင်တဲ့ အချိန်ကျရင်လည်း အဲဒီအချိန်ကျမှ ထုတ်ပြောရင်လည်း နောက်မကျပါဘူး"
လိုရင်းကို ပြောရမယ်ဆိုရင်တော့ ပေါက်ကရတွေနဲ့ အကြောင်းပြချက် မပေးပါနဲ့။
လုမင်ယွိသည် ဘာပြောနိုင်ပါဦးမည်နည်း။ သူမသည် ခေါင်းငြိမ့်ရုံသာ တတ်နိုင်တော့သည်။ "အခုလောလောဆယ်တော့ ငါ ရှင်းမပြတတ်သေးဘူး။ လိုရင်းကို ပြောရမယ်ဆိုရင် ငါ သူ့ကို လုံးဝမတွေ့ချင်ဘူး"
ရှန်းလန်က သူမ၏ နှုတ်ခမ်းလေးများကို စေ့ကာ ပြုံးလိုက်ပြီး "နင် သူ့ကို မတွေ့ချင်ဘူး။ ဒါပေမဲ့ သူတို့ကတော့ နင့်ကိုတွေ့ချင်သေးတယ်။ တော်ဝင်စံအိမ်ကို အပင်ပန်းခံပြီးလာခဲ့တာ။ တောင်ကြားမှာ ဘယ်လောက်တောင် အကြာကြီး ရပ်စောင့် နေလဲမသိဘူး။ နင်နဲ့မမျှော်လင့်ဘဲ တွေ့ဆုံရဖို့ အတွက်တဲ့လေ"
လုမင်ယွိ "..."
လုမင်ယွိသည် ခေါင်းကိုက်လာကာ နဖူးကိုအားနှင့် ပွတ်သပ်လိုက်တော့သည်။ "တခြားအကြောင်းပြောရအောင်ပါ"
ပြောချင်တဲ့ အကြောင်းသာပြော အဲဒီစိတ်ပျက်ဖို့ကောင်းတဲ့ အကြွေးရှင်အကြောင်းကိုတော့ မပြောနဲ့။
ရှန်းလန်ကလည်း အလွန် လိုက်လိုက်လျောလျော စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ သို့သော်ငြား လုမင်ယွိ၏ မျက်နှာပေါ်တွင် ခေါင်းကိုက်နေတယ် ဟူသည့် ရုပ်ကလေးကို တွေ့ရသည်မှာ အမှန်ပင် အသစ်အဆန်းနိုင်ပြီး စိတ်ဝင်စားစရာ ကောင်းနေတော့၏။
လုမင်ယွိ၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် သူမသည် တစ်စုံတစ်ယောက်ကို သဘောမကျလျှင် အရင်ဆုံးရိုက်နှက်ပြီးသား ဖြစ်နေပေလိမ့်မည်။ ဒီဒုတိယမင်းသားကတော့ လုမင်ယွိကို စိတ်ဓာတ်ကျသွားပြီး အတွင်းဒဏ်ရာ ရအောင်လုပ်နိုင်လေသည်။ သို့သော်ငြား သူမကတော့ မကြုံစဖူး သည်းခံနေခဲ့သေး၏။
"သခင်မလေးကို လျှောက်တင်ပါတယ်" တုန်းရွှယ်သည် ပြုံးကာသတင်းလာပို့ လေသည်။ "အရှင်မင်းသား ဒုတိယမင်းသားက သူ့ရဲ့အစေခံကိုလွှတ်ပြီး ပစ္စည်းတချို့ လာပို့ပေးပါတယ်။ စတုတ္ထသခင်မလေးလုက ကိုယ်တိုင်လာပြီးတော့ လက်ခံပေးဖို့ ပြောနေပါတယ်"
အင်း။ လှုပ်ရှားမှုကတော့ တကယ်မြန်ဆန်တာပဲ။ အရင်ဆုံး ‘မမျှော်လင့်ဘဲ’တွေ့တယ်။ နောက်တော့ လူလွှတ်ပြီးတော့ အိမ်တံခါးဝအထိ လက်ဆောင်တွေ လာပို့ပေးတယ်။ နောက်တဆင့်ကတော့ ကိုယ်တိုင်ကိုယ်ကျ လာတွေ့ဖို့ပဲ ကျန်တော့တယ်။
ရှန်းလန်က လုမင်ယွိကို လှမ်းကြည့်လိုက်၏။
လုမင်ယွိမှာ တစ်ဖန် စိတ်ဓာတ်ကျသလို ခံစားလိုက်ရကာ ပြောလိုက်တော့သည်။ " ရှောင်ယွမ်ကို ပြန်သွားဖို့ပြောလိုက် !"
သူက ဒုတိယမင်းသားရဲ့ အနီးကပ်အစေခံရဲ့ နာမည်ကိုတောင်မှ သိနေတယ်။
ရှန်းလန်သည် လုမင်ယွိကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်ကာ "နင် သေချာရဲ့လား"
ရှောင်ယွမ်ကို ပြန်လွှတ်လိုက်တော့ရော ဘာထူးမှာလဲ။ ဒုတိယမင်းသားက ပြန်ဖို့ ငြင်းဆန်နေတာလေ ! သူက ပြန်မသွားတဲ့အပြင် ရှေ့မှာတောင်မှ တဝဲလည်လည် လာလုပ်နေပြီး အကြွေးရှင်ကို အကြွေးမြန်မြန် ဆပ်သင့်တယ်လို့ လာလုပ်ပြနေတာပဲ။
လုမင်ယွိသည် သက်ပြင်းချလိုက်ကာ စိတ်ကိုပြောင်းလိုက်တော့၏။ "သူ့ကို ဝင်လာခိုင်းလိုက်"
...
အပိုင်း (၆၅) ဘယ်တော့မှ လက်လွှတ်မှာမဟုတ်
ရှောင်ယွမ်ကုန်းကုန်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ဝင်လာခဲ့၏။
ရှောင်ယွမ်သည် မျက်နှာဝိုင်းဝိုင်းလေးရှိကာ နုနယ်လှသည့် မျက်နှာပေါ်တွင် အပြုံးများအပြည့်ဖြစ်နေပြီး တော်တော်လေးကို နှစ်လိုဖွယ်ကောင်းလှ၏။ "ကျွန်တော်မျိုး စတုတ္ထသခင်မလေးလုနဲ့ သခင်မလေးရှန်းတို့ကို ဂါရဝပြုပါတယ်။
ရှန်းလန်ကလဲ ပြုံးကာပြန်ဖြေလိုက်သည်။ "ရှောင်ယွမ်ကုန်းကုန်း ဒီလောက်ယဥ်ကျေးနေစရာမလိုပါဘူး။ ကျေးဇူးပြုပြီးတော့ မြန်မြန်ထပါ။
ရှောင်ယွမ်သည် ဒုတိမင်းသား၏ အနီးကပ် အစေခံတစ်ယောက်ဖြစ်ပြီး ဒုတိယမင်းသား၏ တော်တော်လေး ယုံကြည်ခံရသူဖြစ်သည်။ အဆိုရှိသည့်အတိုင်းပင် ခွေးကို ရိုက်မည်ဆိုလျှင် ပိုင်ရှင်၏မျက်နှာကိုတော့ ကြည့်ရပေအုံးမည်။ ရှောင်ယွမ်သည် အမြင့်မရှိသော ကျွန်တစ်ယောက် ဖြစ်သော်ငြားလည်း သူ ရောက်ရှိရာနေရာတိုင်းတွင် မည်သူကမှ မထီမဲ့မြင်မပြုရဲချေ။
လုမင်ယွိ၏မျက်လုံးများက ရှောင်ယွမ်၏မျက်နှာပေါ်သို့ ကျရောက်သွား၏။
အရင်ဘဝတုန်းက ဒုတိယမင်းသားက စစ်ပွဲမှာ မတော်တဆ သေဆုံးသွားခဲ့ပြီး ရှောင်ယွမ်ကုန်းကုန်းကလဲ ကိုယ့်ဟာကို သခင်နဲ့အတူ မြှုပ်နှံခွင့်တောင်းခံခဲ့တယ်။ ဒီလိုသစ္စာရှိတဲ့ လူမျိုးကတော့ တကယ့်ကို ရှားပါးပါပေတယ်။
ရှောင်ယွမ်သည် ဒုတိယမင်းသား၏ မျက်နှာသာပေးခြင်းကို ခံရသည်မှာလည်း သူ့တွင် ထူးချွန်သည့်အရည်အချင်းများ ရှိနေခြင်းကြောင့်ပင်။
လုမင်ယွိ၏အကြည့်က မည်မျှပင် အေးစက်ပြီး တင်းမာနေပါစေ သူကတော့ အမြဲတစေ ပြုံးရွှင်သောမျက်နှာထားဖြင့် တုံ့ပြန်လေသည်။ "စတုတ္ထသခင်မလေးလု ဒီနေ့ ကျွန်တော်တို့တွေ တောင်ကြားလမ်းမှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတယ်။ အရှင်မင်းသား ဒုတိယမင်းသားက စိတ်ထဲမှာ အရမ်းကိုဝမ်းသာနေတာပါ။ သူက ကျွန်တော်မျိုးကို နန်းတော်က မုန့်ပဲသရေစာတွေနဲ့ အသီးခြောက်၊ အသားခြောက်တွေကို လာပို့ခိုင်းလိုက်တာပါ။ စတုတ္ထသခင်မလေးလု အရသာခံ စားသောက်ဖို့အတွက်ပါတဲ့။ ဒါနဲ့ အကောင်းစား သစ်သီးဝိုင်နှစ်ပုလင်းလဲ ပါပါသေးတယ်။ စတုတ္ထသခင်မလေးလု ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ!"
ကိုယ်ကိုလှည့်ပြီး လက်ဟန်ပြလိုက်သည်တွင် နောက်ထပ် ကုန်းကုန်းနှစ်ယောက်ကလဲ တလေးတစားဖြင့် လက်ဆောင်များကို ဆက်သကြလေသည်။
ဤလက်ဆောင်များသည် တန်ဖိုးကြီးလှသည်လည်း မဟုတ်သလို လေးလံလွန်းလှသည်လည်း မဟုတ်ချေ။ ရင်းနှီးသော မိတ်ဆွေများကဲ့သို့ အရသာရှိသည့် အစားအစာ၊ ပျော်စရာကောင်းသည့် အရာများရှိလာသည့်အခါ လူလွှတ်ပြီး ဝေမျှပေးလိုက်သကဲ့သို့ပင်။
လက်မခံပြန်လျှင်လည်း မိမိက စိတ်သဘောထား သေးသိမ်ရာကျပြီး အသေးအဖွဲကိစ္စကိုပင် အရေးလုပ်တတ်သူဟု ထင်မှတ်စရာ ဖြစ်နေမည်။ လက်ခံပြန်လိုက်လျှင်လည်း စိတ်ထဲတွင် အနည်းငယ်မွန်းကျပ်ရပြီး မကျေမနပ် ဖြစ်ရပြန်သည်။
မည်သို့ဆိုစေ တပါးသူ၏လက်ဆောင်ကို လက်ခံပြီးလျှင်တော့ လက်ဆောင်တစ်ခုခု သေချာပေါက် ပြန်ပေးရပေတော့မည်။ ဤသို့ အပြန်အလှန် လက်ဆောင်ပေးနေလျှင် အနာဂတ်တွင် တစ်ဦးနှင့်တစ်ဦး မည်သို့အကွာအဝေးတစ်ခု ထိန်းသိမ်းထားနိုင်ပါမည်နည်း။ နှစ်ယောက်သားက အချင်းချင်း မရင်းနှီးကြပါဟု မည်သို့ ပြောနိုင်ပါတော့မည်နည်း။
သူမသည် ယခင်က ဒုတိယမင်းသားကို ညင်သာသိမ်မွေ့ပြီး နှိမ့်ချသည့်လူ ရည်မွန်တစ်ယောက်ဟု မည်သို့များ ထင်ခဲ့မိပါသနည်း။
အမှန်တွင်တော့ ဇကာပေါက်ထက်ပင် အကြံအစည် များနေသေးသည်။ လုမင်ယွိသည် နှာခေါင်းရှုံ့ချင်စိတ်ကို ထိန်းချုပ်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ "ပို့လာမှတော့ ထားခဲ့လိုက်ပါ။ ကျွန်မကိုယ်စား ဒုတိယမင်းသားကိုလဲ စကားပါးပေးလိုက်ပါအုံး"
လက်ဆောင်ကို ဒီအတိုင်း လက်ခံလိုက်တာပဲ။ ရှောင်ယွမ်သည် စိတ်ထဲတွင် ကြိတ်ပြီးပျော်သွားကာ သူ့အပြုံးသည်လဲ ပိုပြီးနွေးထွေးလာလေတော့သည်။ "ဟုတ်ကဲ့။ ကျွန်တော်မျိုး စတုတ္ထသခင်မလေးလုရဲ့စကားကို အရှင်မင်းသားဆီ သေချာပေါက် လျှောက်တင်ပေးလိုက်ပါ့မယ်"
လုမင်ယွိက ခပ်အေးအေး ပြောလိုက်သည်။ "သူ့ကို ပြောလိုက်။ ကျွန်မ လုမင်ယွိက ပြောတဲ့စကားကို တည်တယ်။ ပြောပြီးသားစကားကိုလည်း ဘယ်တော့မှ မဖျက်ဘူး။ ဆံထိုးတင်ပွဲ အခမ်းအနားပြီးရင် သူ့ကိုအဖြေပြန်ပေးမယ်။ အဲဒီ့မတိုင်ခင် ကျွန်မကို လာမနှောက်ယှက်ပါနဲ့။ မတော်တဆ တွေ့ကြုံရတယ်ဆိုတဲ့ အခွင့်အရေးမျိုးလဲ မဖန်တီးပါနဲ့။ မဟုတ်ရင်တော့ ကျွန်မရဲ့လက်သီးက လူမရွေးတတ်ဘူးလို့"
ရှောင်ယွမ် "..."
ရှန်းလန် "..."
ရှောင်ယွမ်သည် အပါးနပ်ဆုံး နားလည်မှုအရှိဆုံး လူတစ်ယောက် ဖြစ်သော်ငြားလည်း ဒီအချိန်တွင်တော့ သူ၏ပြုံးချင်စိတ်ကို ခက်ခက်ခဲခဲ မျိုသိပ်ထားရလေသည်။
ရှန်းလန်မှာ ချောင်းဆိုးသွားကာ ပြုံးကာဖြင့် အခြေအနေကို ဖျန်ဖြေလေတော့၏။ "အရှင်မင်းသားရဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ တုန်းရွှယ် ရှောင်ယွမ်ကုန်းကုန်းအတွက် အန်ပေါင်းနှစ်အိတ် သွားယူလာခဲ့။ ပြီးတော့ မနေ့က ညီမလေးရှောင်ယွိ တောထဲမှာ အမဲလိုက်သွားတုန်းက တောကောင်တစ်ချို့ ရခဲ့တာရှိသေးတယ်။ မီးဖိုချောင်နားမှာ သန့်ရှင်းရေးလုပ်ပြီးသား။ ရှောင်ယွမ်ကုန်းကုန်းကို နည်းနည်းလောက် ပြန်ထည့်ပေးလိုက်။ အရှင်မင်းသားကိုလဲ အရသာ မြည်းစမ်းကြည့်စေချင်လို့ပါ"
နောက်တုံးတော့ ထုံးတမ်းအဆင်အလာများကို ပြီးမြောက်အောင် ပြုလုပ်ခဲ့ပြီးနောက်တွင် ရှောင်ယွမ်ကို ပြန်လွှတ်နိုင်ခဲ့လေသည်။
ရှောင်ယွမ်နှင့် တခြားကုန်းကုန်းနှစ်ယောက် ထွက်ခွာသွားပြီးနောက်တွင် ရှန်းလန်က လုမင်ယွိကို လှမ်းကြည့်လိုက်ကာ "ရှောင်ယွိ နင် ဒုတိယမင်းသားနဲ့ ဘာတွေ ပြောထားတာလဲ။ ဘာဖြစ်လို့ ဆံထိုးတင်ခြင်းအခမ်းအနားပြီးရင် သူ့ကိုအဖြေပြန်ပေးရမှာလဲ"
လိမ်ညာခြင်းက နာကျင်ရခြင်း မရှိချေ။
နာကျင်ရခြင်းမှာ တခါလိမ်ညာလိုက်လျှင် ထိုအလိမ်အညာကို ဖုံးကွယ်ဖို့ရန်အတွက် နောက်ထပ် လိမ်ညာမှုများ ပြုလုပ်ရခြင်းပင်။
ခပ်နွမ်းနွမ်း အပြုံးတစ်ခုသည် လုမင်ယွိ၏နှုတ်ခမ်းထောင့်တွင် ပေါ်ထွက်လာခဲ့၏။ သူမက ခပ်တိုးတိုး သက်ပြင်းချလိုက်ကာ "အတွင်းရေးကိစ္စတွေကို အများကြီး ပြောနေဖို့မလိုပါဘူး။ လိုရင်းကို ပြောရမယ်ဆိုရင် သူက ငါ့ကို လက်ထပ်ချင်တယ်။ ငါကလဲ လုံးဝကို လက်မထပ်ချင်ဘူး။ ဒါပေမဲ့ လစ်လျူရှုထားလို့လဲ မရပြန်ဘူး။ ဒီတော့ အရွယ်ရောက်ခြင်းအခမ်းအနားကို အကြောင်းပြပြီး နှစ်လလောက် အချိန်ဆွဲထားလိုက်တာ"
ကိုယ်ခန္ဓာနဲ့ အကြွေးဆပ်ရမယ်ဆိုတဲ့ ကိစ္စကြီးက တွေးလိုက်တိုင်း စိတ်ဓာတ်ကျစရာကြီးပဲလေ။
ရှန်းလန်သည် အခြေအနေတစ်ချို့ကို ခန့်မှန်းမိနေပြီဖြစ်သဖြင့် ဤစကားကို ကြားလိုက်ရသောအခါ အနည်းငယ် ရယ်ချင်စိတ်ပေါက်သွားပြီး နှစ်သိမ့်စကား ပြောလိုက်တော့သည်။ "နင် တကယ် မလိုလားဘူးဆိုရင်လည်း ငြင်းလိုက်ရုံပါပဲ။ မင်းသား ဖြစ်နေတယ်ဆိုရင်တောင် အတင်းအကြပ် လက်ထပ်ခိုင်းလို့ရတဲ့ အကြောင်းပြချက်မှ မရှိတာ။ ဒီတော့ နင်က သူ့ကို ဘာအကြွေး တင်နေလို့လဲ ပြန်ဆပ်လိုက်ပေါ့။ ကိုယ့်ရဲ့တစ်ဘဝစာ အရေးကြီးတဲ့ကိစ္စကိုပါ ပေးဆပ်ရမှာလား"
လုမင်ယွိသည် သူမ၏စိတ်ထဲတွင် ထပ်ပြီး သက်ပြင်းချလိုက်တော့သည်။
အဲလောက် ရိုးရှင်းရင်တော့ ကောင်းတာပေါ့။
...
တောင်ပေါ်က အပန်းဖြေစံအိမ်အတွင်းတွင် တည်းခိုရခြင်း၏ အကြီးမားဆုံးပျော်ရွှင်မှုမှာ တောင်တန်းများ အကြားလမ်းလျှောက်ရင်း နွေဦးရာသီ၏ အလှအပကို ခံစားခြင်းပင်။ ဒုတိယမင်းသားနှင့် မမျှော်လင့်ဘဲ တွေ့ဆုံပြီးနောက်တွင် လုမင်ယွိသည် တောင်တန်းများကြား လမ်းလျှောက်ရန် လုံးဝဆန္ဒမရှိတော့ချေ။
ရှန်းလန်က နားလည်စွာဖြင့် အကြံပြုလိုက်၏။ "တောယုန်နဲ့ တောင်ဆိတ်တွေက ဒီရာသီမှာ အထူးသဖြင့် ဆူဖြိုးနေတာလေ။ ငါတို့ တောထဲသွားပြီးတော့ အတူတူအမဲလိုက်ကြမယ်။ ဒီညပြန်လာရင် အသားကင်စားကြမယ်။ ဘယ်လိုလဲ"
စိုးရိမ်မှုကို ဖြေဖျောက်ဖို့ရန် တစ်ခုတည်းသောနည်းလမ်းမှာ အစားကောင်း အသောက်ကောင်းနှင့် သေရည်ကောင်းကလွဲလျှင် တခြားမရှိချေ။
လုမင်ယွိက ခေါင်းညိမ့်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါး သိုင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်၏။ ရှည်လျားသည့် ဆံနွယ်များကိုလည်း ကျစ်ဆံမြီးတစ်ချောင်း ဖြစ်အောင်ကျစ်ထားကာ ကျောပေါ်တွင် လေးနှင့် မြှားကိုလွယ်ပြီး ညာဘက်လက်တွင်တော့ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထား၏။ အလွန်ပင်လှပြီး ထက်မြက်သည့်ပုံစံလေး ဖြစ်နေတော့သည်။
အပြာနုရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ရှန်းလန်က ရင်ဘတ်ကိုဖိကာ သက်ပြင်းချလိုက်ပြီး "ရှောင်ယွိ နင် ဘာဖြစ်လို့ မိန်းကလေးတစ်ယောက်လို မွေးလာရတာလဲ။ တကယ်လို့ နင်သာ ယောက်ျားလေးတစ်ယောက်ဆိုရင် ဒီဘဝမှာ ငါနင့်ကိုပဲ လက်ထပ်တော့မှာ"
လုမင်ယွိမှာ သဘောကျသွားပြီး ပြုံးမိတော့သည်။ "ဒီစကားကို အာ့ကော မကြားစေနဲ့နော်။ မဟုတ်ရင် သူ အရမ်းကို စိတ်ဓာတ်ကျသွားလိမ့််မယ်"
လုဖေးအကြောင်း ပြောလာသည်တွင် ရှန်းလန်သည် ရင်ထဲ၌ ချိုမြိန်မှုကို ခံစားလိုက်ရပြီး သူမ၏နှုတ်ခမ်းသည်လည်း အပြုံးအသွင် ကွေးသွားလေတော့သည်။
တောင်အတွင်းပိုင်းသို့ အမဲလိုက်ထွက်ချိန်တွင် မိမိတို့၏ ကိုယ်ပိုင်ကိုယ်ရံတော်များကိုလည်း သေချာပေါက် ခေါ်သွားရပေမည်။
လုမင်ယွိနှင့် ရှန်းလန်တို့က ကိုယ်ရံတော်များဝိုင်းရံကာ စံအိမ်တော်ထဲမှ ထွက်လာခဲ့ပြီး ရှန်းလန်ကလဲ လေသံတိုးတိုးဖြင့် ရယ်စရာပြောလိုက်၏။ "ဒီတောင်ထဲမှာ လမ်းကတစ်ခုပဲရှိတာ။ စိတ်ရှိမယ်ဆိုရင် မမျှော်လင့်ဘဲ တွေ့ဆုံရတာက အဆန်းတော့ မဟုတ်ပါဘူး။ တောအုပ်ကြီးက ဒီလောက်တောင် ကျယ်တာကို ထပ်ပြီး မမျှော်လင့်ဘဲတွေ့ဆုံကြမှာတော့ မဟုတ်လောက်ပါဘူးနော်!"
လုမင်ယွိက သူငယ်ချင်းဖြစ်သူကို မျက်စောင်းလှမ်းထိုးလိုက်ကာ "ဒီဟာသက လုံးဝ ရယ်စရာမကောင်းဘူးနော်"
ရှန်းလန်ကလဲ ခပ်တိုးတိုး ရယ်မောလိုက်တော့၏။
ယုံကြည်မှုအပြည့်နှင့် ထက်မြက်လှသည့် လုမင်ယွိတစ်ယောက် အကြပ်ရိုက်နေသည်ကို မြင်ရသည်မှာ ရှားရှားပါးပါးပင်။ ဒုတိယမင်းသားကို တတ်နိုင်သမျှ ရှောင်ဖယ်နေပြီး နာမည်ကိုပင် မကြားချင်သည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။
သိပ်မကြာခင်တွင်တော့ ရှန်းလန်သည်လဲ ထပ်ပြီး မရယ်မောနိုင်တော့ချေ။
ရှန်းမိသားစု၏ အပန်းဖြေစံအိမ်မှ ထွက်လာပြီး တောထဲသို့ ဝင်လိုက်သည်နှင့်ချက်ချင်း သူတို့သည် မလှမ်းမကမ်းက အပြာရောင် သိုင်းဝတ်စုံဝတ်ဆင်ထားသည့် ချောမောလှပသည့် လူငယ်လေးကို တွေ့လိုက်ရတော့သည်။ အရပ်မြင့်မြင့် သန်မာတောင့်တင်းသည့် ကိုယ်ရံတော်တစ်အုပ် ဝိုင်းရံထားပြီး အပြာရောင်ဝတ် လူငယ်လေးသည် ပိုပြီးကျော့ရှင်းကာ ခံညားချောမောနေတော့သည်။
တိုက်ဆိုင်လိုက်တာ! ရှန်းလန်က လုမင်ယွိကို မြန်မြန် လှမ်းကြည့်လိုက်မိသည်။
ထင်ထားသည့်အတိုင်းပင်။ လုမင်ယွိ၏မျက်နှာသည် တစ်ဖန် ပိုပြီးမည်းမှောင်သွားတော့၏။ သူမသည် ညာဘက်လက်သီးကို တင်းနေအောင် ဆုတ်ထားလိုက်ပြီး အရိုးအဆစ်များ ထုံကျဥ်သွားသည့်အသံကိုပင် ကြားလိုက်ရသည်။ "ရှန်းကျဲ ဒီမှာ ခဏစောင့်။ သူ ဘာလုပ်မလဲဆိုတာကို ငါ သိချင်သေးတယ်"
ရှန်းလန်က သူမ၏ ရှိသမျှအားကိုသုံးကာ ရှေ့သို့ အပြေးအလွှား တက်သွားပြီး ဒုတိယမင်းသားကို ရိုက်နှက်ဖို့ရန်ပြင်နေသည့် လုမင်ယွိကို ဖမ်းဆွဲထားပြီး အလောတကြီး ပြောလိုက်တော့သည်။ "ရှောင်ယွိ နင် သေချာပေါက် စိတ်လျှော့ထားရမယ်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူက သာမန်လူတစ်ယောက် မဟုတ်ဘူးနော်။ ဒုတိယသခင်လေးကျင်းလို လူကို ရိုက်နှက်လို့ရတယ်။ ဒါက ဒုတိယမင်းသား။ ဘာပဲဖြစ်ဖြစ် နင်က လက်အောက်ခံမှူးမတ်ရဲ့ သမီးတစ်ယောက်ပဲ။ မင်းသားကို လက်ပါလိုက်ရင် လုအိမ်တော်အတွက် ဘေးအန္တရာယ် ဖိတ်ခေါ်သလို ဖြစ်မသွားဘူးလား။ နင် ကိုယ့်အတွက်ကို မတွေးရင်တောင် လုအိမ်တော်က လူတွေအားလုံးအတွက်တော့ ဦးစားပေးရမယ်"
နောက်ဆုံးစကားတစ်ခွန်းသည် လုမင်ယွိ၏ အနာကျင်ရဆုံးနေရာကို ထိမှန်သွားတော့သည်။
အမှန်တွင်တော့ လုအိမ်တော်အတွက် မဟုတ်လျှင်ပင် ဒုတိယမင်းသားနှင့် အမှန်တကယ် ရင်ဆိုင်ရပါက သူမ၏လက်သီးကို ဝေ့ယမ်းနိုင်ရမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ အကြွေးတင်နေသူမှာ သူမပင်။
အကြွေးရှင်၏ရှေ့တွင်တော့ ခေါင်းမော့နိုင်လိမ့််မည် မဟုတ်ချေ။
ဒုတိယမင်းသားကလဲ ထိုအချက်ကို ကောင်းစွာသတိထားမိသဖြင့် ရံဖန်ရံခါ ‘မမျှော်လင့်ဘဲ’ တွေ့ဆုံရဲနေခြင်းဖြစ်၏။
လုမင်ယွိသည် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်သီးကို မသက်မသာဖြင့် ဖြေလျော့လိုက်ရလေတော့သည်။
ရှန်းလန်က လေသံတိုးတိုးဖြင့် ဖျောင်းဖျရပြန်သည်။ "ငါတို့တွေ အချင်းချင်း တွေ့နေပြီဆိုမှတော့ သွားနှုတ်ဆက်လိုက်ကြရအောင်ပါ။ တစ်ဖက်လူကို ယဥ်ကျေးမှုမပျက်စေနဲ့"
လုမင်ယွိက အင်းဟု ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး အင်တင်တင်ဖြင့် ရှန်းလန်၏ ရှေ့သို့ဆွဲခေါ်သွားခြင်း ခံရတော့သည်။
သူတို့နှစ်ဦးက အရိုအသေ မပေးရသေးခင်မှာပင် ဒုတိယမင်းသားက အံ့အားသင့်သွားပြီး ဝမ်းသာသွားသည့်ရုပ်ဖြင့် အရင်ဆုံး ပြောလာခဲ့၏။ "စတုတ္ထသခင်မလေးလု ရှန်းသခင်မလေး တကယ့်ကို တိုက်ဆိုင်လွန်းပါတယ်။ မနေ့တုန်းကတော့ တောင်ကြားမှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပြီး ဒီနေ့တော့ တောထဲမှာ အမဲလိုက်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ထပ်တွေ့ရတယ်နော်"
လုမင်ယွိသည် အပြုံးမပါဘဲ ခပ်တိုးတိုး မဲ့ပြုံးပြုံးလိုက်ကာ "ဟုတ်တာပေါ့။ အရှင်မင်းသားနဲ့ ကျွန်မတို့တွေ တကယ်ပဲ ရေစက်ရှိတယ်ဆိုတာကို ပြနေတာပဲ"
...
အပိုင်း (၆၆) မပြယ်သော ရေစက်
ယခုမူကား နံနက်ခင်းနေခြည်နုနုသည် အရှေ့ဆီမှ စတင်ဖြာကျလျက်ရှိလေပြီ။ သိပ်သည်းလှသော သစ်ရွက် သစ်ခက်များကြားက တိုးထွက်လာသည့် နေရောင်ခြည်သည် လုမင်ယွိ၏ မျက်နှာပေါ်သို့ ပြိုးပြိုးပြက်ပြက် ကျရောက်နေ၏။ သူမ၏ ချောမောတင့်တယ်ကာ သူရဲကောင်းဆန်သည့် မျက်နှာလေးသည် ဒေါသရိပ်တို့ကြောင့် ပိုလို့ပင် သက်ဝင်လှုပ်ရှားနေသယောင် ထင်ရလေသည်။
ဒုတိယမင်းသား၏ နှလုံးသားအဖျားလေးကို တစ်စုံတစ်ယောက်က ညင်သာစွာ ဆွဲငင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် သူသည်လည်း ပြုံးလိုက်ရာ ပန်းပွင့်လေးများ ဖြည်းညင်းစွာ ပွင့်အာလာသည့်အလား သူ၏မျက်နှာသည် ကြည့်လို့မဝအောင် နှစ်လိုဖွယ်ဖြစ်နေတော့သည်။
"ဟုတ်တာပေါ့။ ကျွန်တော်နဲ့ စတုတ္ထသခင်မလေးလုက ရေစက်က တော်တော်နက်ရှိုင်းတာကိုး”
ဒီလို မျက်နှာပြောင်တိုက်တဲ့လူကို လက်နဲ့လည်း သွားရိုက်လို့မဖြစ်။ လူတွေအများကြီးရှိနေတော့ ပါးစပ်နဲ့လည်း စိတ်ရှိလက်ရှိ ဆဲပစ်လို့မရနဲ့ တကယ်ပဲ စိတ်တိုဖို့ကောင်းလိုက်တာ။
လုမင်ယွိသည် နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားလိုက်ပြီး သူမ၏ မျက်ဝန်းထဲမှ မလိုမုန်းတီးမှုကို မဖုံးမဖိ ထုတ်ဖော်ပြသထား၏။
ထို့ကြောင့် ရှန်းလန်ကပင် ကြားဝင်ကာ အခြေအနေကို ထိန်းပေးရပြန်သည်။
"ကျွန်မနဲ့ ရှောင်ယွိ တောထဲဝင်ပြီး နွေဦးအမဲလိုက်ပွဲ ဆင်နွှဲကြမလို့ပါ။ အရှင်မင်းသားနဲ့တော့ လမ်းမတူလောက်ဘူး ထင်တယ်။ ဒါကြောင့် အရှင်မင်းသားကို တောထဲအတူလိုက်ဖို့ မဖိတ်ခေါ်တော့ပါဘူးနော်”
ဒုတိယမင်းသားသည်လည်း ဇွတ်အတင်းမလိုက်ဘဲ ယဉ်ကျေးသိမ်မွေ့စွာပင် ပြုံးကာ ပြောလေသည်။
"ကောင်းပါပြီ”
ထို့နောက် လုမင်ယွိကို နှမြောတသဖြစ်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ "စတုတ္ထသခင်မလေးလုက ခွန်အားအရမ်းကောင်းပြီး မြားပစ်လည်း အရမ်းတော်တယ်လို့ ကြားသိရပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင် မျက်ဝါးထင်ထင် မမြင်တွေ့နိုင်တော့ဘူးပဲ”
လုမင်ယွိမှာမူ စကားတစ်ခွန်းမှပင် မဆိုနိုင်တော့ပေ။
ဒါကြောင့် ပြောတာပေါ့။ လူဆိုတာ ကိုယ့်လိပ်ပြာမလုံတဲ့အလုပ် ဘယ်တော့မှ မလုပ်သင့်ဘူးဆိုတာ။
ဒုတိယမင်းသား၏ အကြည့်များက သူမ၏ လေးနှင့်မြားထံသို့ ရောက်သွားသည်နှင့် သူမသည် စိတ်ထဲ၌ မလုံမလဲဖြစ်လာသည်ကို မထိန်းချုပ်နိုင်တော့ချေ။
သူမ သူ့ကို ပြောပြချင်နေမိသည်။
ထပ်မကြည့်နဲ့တော့။ ဒီနေ့ သူမရဲ့ကျောပေါ်မှာ လွယ်ထားတာက သာမန်လေးနဲ့မြားပဲ။ အရင်တစ်ခေါက် ရှင့်ကို သတ်ခဲ့တဲ့ လေးနဲ့မြားအစုံကိုတော့ ဖွက်ထားပြီးပြီ။ ဘယ်တော့မှ အပြင်ထုတ်သုံးတော့မှာ မဟုတ်ဘူး။
လုမင်ယွိသည် ဘာစကားမှထပ်မပြောဘဲ ခေါင်းကိုတစ်ဖက်သို့ လှည့်ထားလိုက်တော့၏။
ရှန်းလန်နှင့် ဒုတိယမင်းသားတို့သည် စကားအနည်းငယ် ပြောဆိုကာ နှုတ်ဆက်လိုက်ကြသည်။
လုမင်ယွိကတော့ ရှေ့ဆုံးမှ ဦးဆောင်ထွက်ခွာသွားတော့သည်။ အတော်ဝေးဝေးသို့ ရောက်သွားသည့်တိုင်အောင် သူမ၏နောက်ကျောသို့ စူးစိုက်ကြည့်နေသည့် တောက်ပသော မျက်ဝန်းတစ်စုံ၏ အကြည့်များကို ခံစားနေရဆဲပင်။
သူမ၏ စိတ်အစဉ်သည် မကြည်မလင်ဖြစ်လာကာ ခြေလှမ်းများကို ပိုအရှိန်မြှင့်လိုက်ပြီး သိပ်သည်းလှသော တောအုပ်ကြီးထဲသို့ လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် ခပ်သွက်သွက် လျှောက်လှမ်းသွားလိုက်တော့သည်။
ဒုတိယမင်းသားသည် ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေပြီးမှ သူ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ရှောင်ယွမ်က လိမ္မာပါးနပ်စွာဖြင့် စိတ်အားထက်သန်စွာ မေးလိုက်သည်။
"အရှင်မင်းသား။ တောထဲကို ဆက်ဝင်ကြဦးမှာလား”
ဒုတိယမင်းသားက သဘာဝကျကျလေသံဖြင့် ပြန်ဖြေလိုက်၏။ "မလိုတော့ဘူး။ အိမ်တော်ကိုပဲ ပြန်ကြစို့”
ရှောင်ယွမ်က အားရပါးရ ပြုံးလိုက်ပြီး "ဒါလည်း ဟုတ်တာပါပဲ။ တောအုပ်က ဒီလောက်ကျယ်တာ။ နောက်တစ်ခေါက် ထပ်တွေ့ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ စတုတ္ထသခင်မလေးလုကို တွေ့ခဲ့ရပြီဆိုတော့ တောင်တက်လမ်းမှာ အစောကြီးထပြီး ဒီလောက်ကြာကြာ စောင့်နေရကျိုးနပ်ပါတယ်။ အရှင်မင်းသားလည်း အစောကြီးထထားရတော့ ပင်ပန်းနေရောပေါ့။ ပြန်ပြီး နေ့တစ်ပိုင်းလောက် အနားယူလိုက်ပါ”
ထို့နောက် သူက အကြံဆိုးတစ်ခုကို ထပ်ပေးပြန်သည်။ "စတုတ္ထသခင်မလေးလုက မြားပစ်အရမ်းတော်တာဆိုတော့ ဒီနေ့ သားကောင်တွေ အများကြီးရမှာ သေချာတယ်။ ညနေစောင်းကျရင် ကျွန်တော်တို့ ရှန်းအိမ်တော်ရဲ့ အပြင်ဘက်ကို တစ်ခေါက်လောက် ထပ်သွားကြည့်ကြမလား။ ဘာပြောကောင်းမလဲ။ ရှန်းသခင်မလေးက အရှင်မင်းသားကို အထဲဝင်ပြီး အကင်စားဖို့ ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်တာပဲ”
ဒုတိယမင်းသားက ရှောင်ယွမ်ကို ချီးကျူးသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး "မင်းရဲ့အကြံက မဆိုးဘူးပဲ။ အိမ်တော်ပြန်ရောက်ရင် မင်းကို ကောင်းကောင်းဆုချမယ်”
ရှောင်ယွမ်က ချက်ချင်းပင် ပြုံးရွှင်စွာ ပြန်လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက သခင်အတွက် အပူပင်တွေကို မျှဝေခံစားပေးရမှာ ကျွန်တော်မျိုးရဲ့ တာဝန်ပဲလေ။ အရှင်မင်းသား အခုဆုမချပါနဲ့ဦး။ နောက်နောင် စတုတ္ထသခင်မလေးလုက တော်ကောက်ခံရပြီး သခင်မကြီး ဖြစ်လာတဲ့အခါကျမှ ကျွန်တော်မျိုးကို ဆုတော်များများ ချီးမြှင့်လည်း နောက်မကျပါဘူး”
ဒုတိယမင်းသားသည် အသံထွက်၍ ရယ်မောလိုက်ပြီး ခေါင်းအသာညိတ်ပြကာ "ကောင်းပြီ။ အဲ့ဒီနေ့ကျမှပဲ မင်းကို ဆုချီးမြှင့်တော့မယ်”
မင်းသား၏ ကိုယ်ရံတော်များအားလုံးခမျာ စကားတစ်ခွန်းမှပင် မဆိုနိုင်ကြတော့ချေ။
ရှောင်ယွမ်ကုန်းကုန်းက သခင်ရဲ့ ယုံကြည်အားကိုးမှုကို ရတာ အကြောင်းအရင်းရှိတာပဲ။
သူတို့ကဲ့သို့ ရိုးအသော ကိုယ်ရံတော်များအဖို့မူကား သူ့ကို ယှဉ်နိုင်မည်မဟုတ်သည်မှာ အသေအချာပင်။
...
ရှန်းလန်၏ မြားပစ်စွမ်းရည်မှာ သာမန်မျှသာဖြစ်ပြီး တစ်မနက်ခင်းလုံး မြားဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သော်လည်း ယုန်တစ်ကောင်သာ ရရှိခဲ့သည်။
ရှန်းလန်သည် ဆူဖြိုးသော ယုန်ကလေးကို ကြည့်ရင်း အလွန်ပျော်ရွှင်နေ၏။
"ဒီည တို့တွေ အသားကင်တဲ့ မီးဖိုတစ်ခုလုပ်ပြီး ယုန်သားကို ပါးပါးလေးတွေလှီး။ ဆားနဲ့ ဟင်းခတ်အမွှေးအကြိုင်လေးတွေဖြူးပြီး ကင်စားကြမယ်လေ”
မနက်ခင်းတစ်ပိုင်းမှာပင် လုမင်ယွိသည် သိုးတစ်ကောင်၊ ဒရယ်နှစ်ကောင်အပြင် ယုန်နှင့် တောကြက်အနည်းငယ်ကိုပါ အမဲလိုက်နိုင်ခဲ့သည်။ ဒုတိယမင်းသားကြောင့် ဖြစ်ပေါ်လာသော စိတ်အနှောင့်အယှက်များမှာလည်း လုံးဝပျောက်ကွယ်သွားတော့၏။
ရှန်းလန်၏ ကြွားဝါသံကို ကြားသောအခါ လုမင်ယွိသည် မရယ်ဘဲမနေနိုင်တော့ပေ။
"အိမ်တော်မှာ လူတွေ ဒီလောက်များတာကို နင့်ရဲ့ ယုန်တစ်ကောင်တည်းနဲ့ ဘယ်သူက စားလို့ဝမှာတဲ့လဲ”
သခင်နှစ်ယောက်သာ ရှိသော်လည်း အစေခံမိန်းမပျိုနှင့် အိမ်စေများမှာ ဆယ်ယောက်ထက်မနည်း ရှိပြီး သန်မာထွားကျိုင်း၍ အစားကြီးသော ကိုယ်ရံတော်များမှာ သုံးဆယ်ကျော်ပင် ရှိလေသည်။
ရှန်းလန်သည် အရွှန်းဖောက်ခံရသော်လည်း စိတ်မဆိုးဘဲ နှုတ်ခမ်းလေးကိုတွန့်ကာ ပြုံးလိုက်၏။
"နင် ရှိသေးတာပဲ မဟုတ်လား။ နင်က ဒီလောက်အများကြီး အမဲလိုက်ထားတာဆိုတော့ လူဘယ်လောက်များများ လောက်မှာပါ”
ခဏလောက် ရပ်ထားလိုက်ပြီးနောက် သူမက ရယ်မောကာ ပြန်လည်စနောက်လိုက်သည်။
"ငါ့အထင်တော့ နင် နောက်ထပ် နည်းနည်းလောက် ပိုပြီး အမဲလိုက်ထားသင့်တယ် ထင်တယ်။ ဘာလို့လဲဆိုတော့ အပြန်လမ်းမှာ ဒုတိယမင်းသားနဲ့ 'မထင်မှတ်ဘဲ' ထပ်တွေ့နိုင်တယ်လေ။ အဲ့ဒီအခါကျရင်တော့ ကျိုးကြောင်းသင့်လေးနဲ့ ဧည့်သည်တော်ကို အတူတူအသားကင်စားဖို့ ဖိတ်ခေါ်သင့်တာပေါ့”
လုမင်ယွိ “...”
ရှန်းလန်သည် လုမင်ယွိ၏ ချက်ချင်းဆိုသလို မှုန်ကုပ်သွားသော မျက်နှာကိုကြည့်ကာ တခစ်ခစ် ရယ်မောလေတော့သည်။
"နင်ကတော့ ရယ်နိုင်သေးတယ်နော်” လုမင်ယွိက သူငယ်ချင်းဖြစ်သူကို ရယ်ကျဲကျဲဖြင့် မျက်စောင်းထိုးလိုက်ပြီး "ငါက သူ့အကြောင်း မပြောချင်ဘူးဆိုတာ သိသိကြီးနဲ့ကို တမင်သက်သက် ပြောနေတာ။ နင်က တကယ်ပဲ ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်း ဟုတ်ရဲ့လား”
ရှန်းလန်သည် ပိုလို့ပင် အားရပါးရ ရယ်မောလိုက်ပြီး "ငါ အရင်ဆုံး အားရအောင် ရယ်ပြီးမှ နင့်ကို နှစ်သိမ့်ပေးမယ်လေ။ ခဏလေးစောင့်ဦး”
စဉ်းစားလေလေ ရယ်ချင်လေလေဖြစ်ကာ ဗိုက်ပင်နာလာသည်အထိ ရယ်မောနေတော့သည်။
လုမင်ယွိသည်လည်း သူမကို ဘာမှမတတ်နိုင်တော့ဘဲ မျက်စောင်းထိုးလိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းထွက်ကာ လေးကိုတင်ပြီး မြားကို ချိန်ထားလိုက်၏။ မြားတစ်စင်းသည် မြက်ခင်းတောထဲသို့ စူးခနဲ အသံနှင့်အတူ ပျံဝင်သွားသည်။ ဆူဖြိုးသော ယုန်တစ်ကောင်သည် ထွက်ပြေးချိန်မရလိုက်ဘဲ လည်ပင်းကို မြားစိုက်ဝင်ကာ ငြိမ်သက်သွားတော့၏။
ရှန်းလန်မှာ ဤသို့သော မြင်ကွင်းကြောင့် အံ့ဩမဆုံး ဖြစ်သွားတော့သည်။
"ရှောင်ယွိ။ နင့်ရဲ့မြားပစ်စွမ်းရည်က တကယ်ကို အံ့မခန်းပဲ!”
ထို့နောက် လုမင်ယွိအတွက် နှမြောတသဖြစ်စွာ ဆိုလေသည်။
"နှမြောစရာကောင်းတာက နင်က ယောက်ျားလေးတစ်ယောက် မဟုတ်တာပဲ။ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်လို့မရဘူး။ မဟုတ်ရင် နင့်ရဲ့ ခွန်အားနဲ့ သိုင်းပညာနဲ့ဆိုရင် ရဲရင့်ပြီး ပြိုင်ဘက်ကင်းတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်”
သာ့ဝေတိုင်းပြည်သည် စစ်ရေးစစ်ရာကို အလွန်တရာ အလေးထားသောကြောင့် အမျိုးသမီးများ၏ အဆင့်အတန်းသည် ယခင်မင်းဆက်များထက် များစွာမြင့်မားလာခဲ့သည်။ သို့သော်လည်း အမျိုးသမီးများသည် စစ်တပ်ထဲသို့ ဝင်ရောက်ခွင့်မရှိဟူသော စည်းမျဉ်းသည် လူတိုင်း၏စိတ်ထဲတွင် အမြစ်တွယ်နေသော သံမဏိစည်းကမ်းတစ်ခု ဖြစ်နေခဲ့သည်။
ရှင်းယန်ဝမ် လုလင်းတွင် လုမင်ယွိဟူသော သမီးအရင်းတစ်ယောက်သာ ရှိသည်။ သို့သော် ရှင်းယန်တပ်ကိုမူ သမီးဖြစ်သူလက်ထဲသို့ လွှဲပေးရန် မဖြစ်နိုင်သဖြင့် လုဖေးကိုသာ လက်ဆင့်ကမ်းပေးရလိမ့်မည်။
လုမင်ယွိသည် ခပ်ယဲ့ယဲ့သာ ပြုံးလိုက်ပြီး များများစားစားမပြောဘဲ လေးနှင့်မြားကို မြှောက်ကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်ပြန်သည်။ သိပ်သည်းလှသော တောအုပ်အတွင်း၌ ငှက်တစ်ကောင်၏ အော်မြည်သံ ထွက်ပေါ်လာပြီးနောက် လှလှပပ ရောင်စုံငှက်တစ်ကောင်သည် မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် ထိုးကျလာလေသည်။
...
ညနေစောင်းတွင်တော့ ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီပျိုးလာခဲ့ပြီ။
လုမင်ယွိနှင့် ရှန်းလန်တို့သည် စိတ်ကျေနပ်စွာဖြင့် တောထဲမှ ပြန်လည်ထွက်ခွာလာခဲ့ကြ၏။
ရှန်းလန်သည် အချိန်အများစုတွင် လုမင်ယွိ လေးပစ်မြားဆွဲသည်ကိုသာ ကြည့်နေခဲ့ရသော်လည်း တစ်မနက်ခင်းလုံး လိုက်ပါပြေးလွှားခဲ့ရသဖြင့် တောင်အဆင်းတွင် ခြေထောက်များပင် နွမ်းနယ်နေပြီဖြစ်သည်။ လုမင်ယွိကတော့ အေးဆေးတည်ငြိမ်လျက်ပင် ရှိနေသေးပြီး ရှန်းလန်၏ လက်မောင်းကို ဆွဲထိန်းထားရ၏။
ရှန်းလန်က လုမင်ယွိ၏ ကိုယ်ပေါ်သို့ မှီချလိုက်ပြီး လုမင်ယွိက သူမ၏ကိုယ်အလေးချိန်ကို ခွဲဝေထမ်းပေးသဖြင့် အတော်ပင် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။
ရှန်းလန်သည် နောက်တစ်ကြိမ် သက်ပြင်းချပြီး ပြောပြန်သည်။
"နင်သာ ယောက်ျားလေးတစ်ယောက်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”
လုမင်ယွိက ပြုံးရယ်ကာ စနောက်လိုက်တော့၏။ "ပြန်ရောက်ရင် ဒီစကားတွေကို အာ့ကောကို သွားပြောလိုက်မယ်။ ရှန်းကျဲ စိတ်ထဲမှာ တကယ်သဘောကျနေတဲ့သူက ငါပါလို့။ လုအိမ်တော်ကို လက်ထပ်ဝင်ရောက်လာတာက ငါနဲ့ မခွဲနိုင်လို့ပါလို့ သွားပြောလိုက်မယ်”
ထိုခေတ်အခါတွင် ယောက်ျားလေးများ အချင်းချင်း ချစ်ခင်စုံမက်ခြင်းနှင့် မိန်းကလေးများ အချင်းချင်း နှစ်သက်ခြင်းမှာ ထူးဆန်းသောအရာ မဟုတ်တော့ချေ။
အထူးသဖြင့် မျိုးရိုးကြီးမြင့်သော မှူးမတ်အိမ်တော်များ၏ အတွင်းဆောင်များတွင် ယောက်ျားများတွင် မယားငယ်၊ ကိုယ်လုပ်တော်များစွာ ရှိနေသဖြင့် မိန်းမပျိုများအတွက် အဖော်ရှားပါးလှသည်။ ထို့အပြင် အချို့စစ်သူကြီးများမှာ စစ်ထွက်လျှင် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာသည်အထိ အိမ်တော်သို့ ပြန်မလာနိုင်ကြပေ။ ထို့ကြောင့် အတွင်းဆောင်ထဲက ရှည်လျားသော နေ့ရက်များတွင် သခင်မငယ်များသည် အပျိုတော်များနှင့် အဖော်ပြု၍ အချိန်ဖြုန်းကြသည်မှာလည်း ရှိနေကျပင်။
ဤသို့သော တီးတိုးစကားများသည် အသိုင်းအဝိုင်းငယ်လေးများအတွင်း နှုတ်စကားဖြင့် ပျံ့နှံ့နေပြီး လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
ရှန်းလန်သည် မျက်နှာနီရဲသွားပြီး ရယ်မောကာ မကျေမနပ်ဟန်ဖြင့် လုမင်ယွိကို တစ်ချက်တွန်းလိုက်လေသည်။
လုမင်ယွိသည် ရှန်းလန်၏ လက်ကိုဆွဲကာ တောအုပ်ထဲမှ ထွက်လာပြီး ရှန်းအိမ်တော်သို့ ပြန်လာခဲ့သည်။
ရှန်းအိမ်တော်၏ အပြင်ဘက်အရောက် ရင်းနှီးနေသော သခင်နှင့်ကျွန်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ လုမင်ယွိ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်ကွေးသွားရတော့သည်။
သူမ ဘာလို့ နည်းနည်းလေးမှ အံ့ဩမနေရတာလဲ။
တကယ်ပဲ မပြယ်နိုင်တဲ့ ရေစက်ဆိုးပါပဲလား။
လုမင်ယွိသည် မျက်နှာသေဖြင့် ခြေလှမ်းများကို ရပ်ထားလိုက်တော့သည်။
မြို့ရိုးတစ်ခုနှယ် မျက်နှာပြောင်ကာ အရေထူလှသည့် မင်းသားတစ်ပါးသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီးနောက် ထိုးကြိတ်ချင်စရာကောင်းလှသော အံ့ဩဝမ်းသာဟန် လေသံဖြင့် ဆိုလေသည်။
"တိုက်ဆိုင်လိုက်တာ။ သခင်မလေးတို့နှစ်ယောက်နဲ့ ဒီမှာ ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
ရှန်းလန် “...”
လုမင်ယွိ “...”
...