အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အပိုင်း (၆၇) မရှင်းလင်းသည့် နှောင်ကြိုး
ယခုအခါတွင် ညနေစောင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးတွင် နေဝင်ဆည်းဆာရောင်ခြည်တို့ဖြင့် ပြည့်နှက်လျက်ရှိလေသည်။ အရပ်မြင့်မြင့်နှင့် ကျောက်စိမ်းရုပ်တုသဖွယ် ချောမောကာ ယဉ်ကျေးသိမ်မွေ့လှသည့် ဒုတိယမင်းသားသည် နေဝင်ရီတရောအချိန်၌ ပိုလို့ပင် ကြည့်ကောင်းနေသော်လည်း တစ်ချိန်တည်းမှာပင် ထိုးကြိတ်ချင်စရာကောင်းလောက်အောင် အမြင်ကတ်စရာလည်း ဖြစ်နေလေ၏။
လုမင်ယွိသည်းခံနိုင်စွမ်း မရှိတော့သည့်အဆုံး ရှန်းလန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ရှန်းကျဲ။ နင် အရင် အိမ်တော်ထဲကို ဝင်နှင့်။ ငါ ဒုတိယမင်းသားနဲ့ သီးသန့်စကားပြောစရာရှိလို့”
ရှန်းလန်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
"စိတ်ကိုထိန်းနော်။ သူ့ကို သွားမထိုးလိုက်နဲ့ဦးနော်”
ထိုစကားသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဒုတိယမင်းသား၏ နားထဲသို့ တည့်တည့်မတ်မတ်ပင် ဝင်ရောက်သွားလေသည်။
ဒုတိယမင်းသား “...”
လုမင်ယွိသည် ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး ခေါင်းညိတ်ကာ လက်ခံလိုက်ရတော့သည်။
ရှန်းလန်သည် ကိုယ်ရံတော်များနှင့် အစေခံမိန်းမပျိုများကို ဦးဆောင်ကာ အိမ်တော်ထဲသို့ ဝင်ရောက်သွားလေသည်။
မည်သူတစ်ဦးတစ်ယောက်ကမှ အမိန့်ပေးစေခိုင်းခြင်းမရှိဘဲ မင်းသား၏ ကိုယ်ရံတော်များအားလုံးသည် တိတ်တဆိတ်ပင် လူစုခွဲထွက်သွားကြသည်။ ထိုနေရာတွင် လုမင်ယွိနှင့် ဒုတိယမင်းသားတို့သာ မျက်နှာချင်းဆိုင် ရပ်လျက် ကျန်ရစ်ခဲ့သည်။ ထို့အပြင် သစ္စာရှိလှသော ချီယွင်နှင့် နန်းတွင်းအစေခံ ရှောင်ယွမ်ကုန်းကုန်းတို့လည်း ရှိနေကြ၏။
လုမင်ယွိက မည်သည့်ခံစားချက်မှမပါသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အရှင်မင်းသား။ ခဏလောက် သီးသန့်စကားပြောခွင့်ပြုပါ”
ထိုသို့ပြောပြီးနောက် သူမသည် တောအုပ်အတွင်းရှိ လူသွားလမ်းကျဉ်းလေးဆီသို့ ခြေလှမ်းလှမ်းလိုက်လေသည်။
ဒုတိယမင်းသားသည်လည်း အလျင်စလိုမရှိဘဲ သူမ၏နောက်သို့ လိုက်ပါသွားလိုက်၏။
ချီယွင်နှင့် ရှောင်ယွမ်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မိမိတို့၏ သခင်များနောက်သို့ အသီးသီး လိုက်ပါသွားကြကာ မီတာအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ကြသည်။
လုမင်ယွိသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ ဒုတိယမင်းသားနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ဒုတိယမင်းသား၏ မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးလျက်ရှိပြီး လုမင်ယွိ၏ စူးရှသော အကြည့်များကို မည်သို့မျှ မတုံ့ပြန်ဘဲ ငြိမ်သက်စွာ ရပ်နေလေသည်။
"လီကျင့်” လုမင်ယွိ၏အသံသည် လေးနက်တည်ကြည်လျက်ရှိ၏။ "ဟုတ်ပါတယ်။ ကျွန်မ ရှင့်အပေါ်မှာ မတရားတာ လုပ်ခဲ့ဖူးတယ်။ လူသတ်ရင် အသက်ပြန်ပေးရတယ်။ အကြွေးယူရင် ငွေပြန်ဆပ်ရတယ်ပြောတာ လောကရဲ့ နိယာမတရားပဲ”
"ရှင်က ကျွန်မကို ကိုယ်နဲ့ ပြန်ပေးဆပ်ခိုင်းတယ်။ ရှင့်ကို လက်ထပ်လိုက်တာနဲ့ အရင်က အကြွေးတွေ အကုန်လုံးကို ကျေအေပေးမယ်လို့ ပြောတယ်။ ကျွန်မလည်း ကောင်းကောင်းစဉ်းစားပါ့မယ်လို့ ရှင့်ကို ကတိပေးခဲ့ပြီးပြီ။ ဒါနဲ့များ ဘာဖြစ်လို့ ကျွန်မရှေ့မှာ အကြိမ်ကြိမ်အခါခါ ပေါ်လာနေရတာလဲ”
အကြွေးရှင်က ကိုယ့်နောက်ကို တကောက်ကောက်လိုက်ပြီး အကြွေးတောင်းနေတဲ့ ခံစားချက်က ဘယ်လောက်တောင် ဆိုးလဲ ရှင် သိရဲ့လား။
နောက်ဆုံး စကားတစ်ခွန်းကိုတော့ လုမင်ယွိက ပါးစပ်မှ ထုတ်ဖော်ပြောပြောခြင်းမရှိသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် အထင်အရှား ပေါ်လွင်နေလေသည်။
ဒုတိယမင်းသားသည် ဒေါသအပြည့်နှင့်ဖြစ်နေသော လုမင်ယွိကို ကြည့်ကာ နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး "လုမင်ယွိ။ မင်းက ငါ ဒီလောက်တောင် အားသွန်ခွန်စိုက် ကြိုးစားနေတာက မင်း ငါ့အသက်တစ်ချောင်း အကြွေးတင်နေသေးတယ်ပြောတာကို သတိပေးဖို့ သက်သက်လို့ ထင်နေတာလား”
လုမင်ယွိက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး "မဟုတ်လို့လား”
ဒုတိယမင်းသား၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရောင်အဝါများ လက်ခနဲ ဖြတ်ပြေးသွားပြီး လုမင်ယွိကို စူးစိုက်ကြည့်ကာ အချိန်အတော်ကြာအောင် စကားမပြောဘဲ နေလေသည်။
သူ၏အကြည့်များသည် သိပ်သည်းနူးညံ့သော မိုးစက်မိုးပေါက်များကဲ့သို့ လုမင်ယွိ၏ စိတ်နှလုံးထဲမှ ဒေါသမီးကို တိတ်တဆိတ် ငြှိမ်းသတ်လိုက်သကဲ့သို့ပင်။
လုမင်ယွိ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူမသည် အချစ်ရေးအချစ်ရာကို မသိနားမလည်သည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။
ဘဝဟောင်းတွင် သူမသည် လီဟောက်ကို စိတ်နှလုံးပေးအပ်ကာ ချစ်ခဲ့ဖူးပြီး လီဟောက်နှင့်အတူ အလွန်ချစ်ခင်ကြည်နူးဖွယ်ကောင်းသော အချိန်များကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။ ယောက်ျားတစ်ယောက်က မိမိချစ်မြတ်နိုးရသော မိန်းကလေးတစ်ယောက်ကို စူးစိုက်ကြည့်သည့်အခါ မည်သို့သော ပုံစံမျိုးရှိသည်ကို သူမ ကောင်းစွာသိလေသည်။
လေထုသည် ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ပင်။
လုမင်ယွိသည် ဒုတိယမင်းသားနှင့် ဆက်ပြီး မျက်နှာချင်းမဆိုင်လိုတော့ဘဲ အရင်ဆုံး အကြည့်လွှဲလိုက်တော့သည်။
ဒုတိယမင်းသား၏ အကြည့်များကတော့ သူ့ရှေ့မှောက်ရှိ မိန်းမပျိုလေးထံတွင်သာ မခွာစတမ်း စူးစိုက်တည်ရှိနေဆဲ။ သူသည် သူမ၏ ချောမောတင့်တယ်ကာ သူရဲကောင်းဆန်သော မျက်နှာလေးကို ကြည့်နေမိ၏။ သူမ၏ နက်မှောင်သော မျက်ခုံး၊ နီထွေးသော နှုတ်ခမ်း၊ ဖြူစင်သော ပါးပြင်ပေါ်ရှိ နူးညံ့သော မွှေးညှင်းနုလေးများကို ကြည့်နေလေသည်။
"ကျွန်မကို ဒီလိုမျိုး ထပ်မကြည့်နဲ့တော့”
လုမင်ယွိက ဒေါသတကြီးဖြင့် မျက်စောင်းထိုးလိုက်ရာ သူမ၏အမူအရာသည် အပြင်ပန်းအားဖြင့် ကြမ်းတမ်းသော်လည်း အတွင်းစိတ်မှာမူ အနည်းငယ် လှုပ်ရှားနေသည့်ဟန် ပေါက်နေ၏။
"ထပ်ကြည့်ရင် ကျွန်မ ရှင့်ကို ရိုက်မိတော့မယ်နော်”
ဒုတိယမင်းသားသည် အသံတိတ်ပြုံးလိုက်ပြီး နာခံစွာ ခေါင်းညိတ်ပြကာ "ကောင်းပါပြီ။ ငါ မင်းကို မကြည့်တော့ပါဘူး”
ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း သူ၏မျက်ဝန်းများကတော့ သူမကိုသာ ကြည့်နေဆဲဖြစ်ပြီး မျက်ခုံးများပင့်ကာ နှုတ်ခမ်းထောင့်များတွင် အပြုံးရိပ်များ ပြည့်နက်နေလေသည်။
သူ့ကိုသတ်ခဲ့တာ သူမပဲလေ။
သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံစံနဲ့ မျက်နှာမှာ အပြုံးတွေဝေဆာပြီး သူမကို စူးစိုက်ကြည့်နေနိုင်ရတာလဲ။
လုမင်ယွိသည် ခဏမျှတိတ်ဆိတ်သွားပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"လီကျင့်။ ကျွန်မ ရှင့်အပေါ်မှာ တောင်းပန်ပါတယ်”
ဒုတိယမင်းသားသည် လုမင်ယွိကို လေးနက်စွာ စူးစိုက်ကြည့်နေ၏။
သူမသည် ပွင့်လင်းဖြောင့်မတ်သော မိန်းကလေးတစ်ယောက် ဖြစ်သည်ကို သူ သိသည်။ သူမ၏ စိတ်ဓာတ်သည် မီးကဲ့သို့ ပြင်းထန်ပြီး ချစ်ခြင်း မုန်းခြင်းကို ပွင့်လင်းစွာ ထုတ်ဖော်တတ်သူ ဖြစ်သည်။
သူ မလုပ်ခဲ့သောအရာကို သူမ ဘယ်တော့မှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
"ဟုတ်တယ်။ မင်း ငါ့အပေါ်မှာ တကယ်ကို မတရားခဲ့ဘူး” ဒုတိယမင်းသားက မျက်နှာထားတည်တည်ဖြင့် စကားဆက်လိုက်သည်။ "ဒါကြောင့် ဒီအကြွေးကို မင်းမဆပ်လို့ လုံးဝမဖြစ်ဘူး”
လုမင်ယွိသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ "ရှင့်မှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေလဲ ကျွန်မ အခုထိ မသိသေးဘူး။ ရှင်ကတော့ ကျွန်မအကြောင်းကို တော်တော်လေး ရင်းနှီးနေပုံပဲ။ ကျွန်မ လုပ်ခဲ့တဲ့အရာကို ကျွန်မ ဝန်ခံပါတယ်။ ရှင့်ကို ပြန်ပေးဆပ်ရမယ့် အရာအားလုံးကိုလည်း ကျွန်မ ပြန်ပေးဆပ်မှာပါ”
ခဏလောက်ရပ်ပြီးနောက် သူမသည် မျက်လုံးများကို ပင့်လာသည်တွင် သူမ၏အကြည့်များသည် ပိုလို့ပင် တောက်ပစူးရှလာလေသည်။
"ဒါပေမဲ့ အပြစ်ရှိရင် အပြစ်ပေးခံရမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မဆီကိုပဲ တိုက်ရိုက်လာခဲ့ပါ။ လုအိမ်တော်က လူတွေကိုတော့ လာမထိပါးနဲ့”
ဒုတိယမင်းသားသည် စဉ်းစားမနေဘဲ ချက်ချင်းခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ "ဒါကတော့ သေချာတာပေါ့”
လုမင်ယွိက ဆက်ပြောလိုက်သည်။ "ရှင် ပြန်ရောက်တာနဲ့ အရှင်မင်းကြီးဆီကို သွားတွေ့ပြီး လက်ဆက်ခွင့်ပေးဖို့ အမိန့်တော် တောင်းခံနိုင်ပါတယ်။ ကျွန်မ ဆံထိုးတင်ပွဲပြီးတာနဲ့ လက်ဆက်ခွင့်အမိန့်တော် ချမှတ်နိုင်ပါပြီ”
ဒါသည် သူမ၏ ပင်ကိုစရိုက်ပင်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမသည် ရှုပ်ထွေးနေသော ကြိုးထုံးကို ဓားထက်ထက်ဖြင့် ဖြတ်ချလိုက်သည့်အလား တွေဝေခြင်း၊ တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ပြတ်သားလှပေသည်။
ဒုတိယမင်းသား၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ပိုပြီးနက်ရှိုင်းလာလေသည်။ "ကောင်းပြီလေ”
သူ၏အပြုံးတစ်ချက်သည် လူကို ယစ်မူးစေသော နွေဦးလေပြေအလားပင်။
လုမင်ယွိသည် စိတ်မထိန်းနိုင်ဘဲ တစ်ချက်ပိုကြည့်မိလိုက်ပြီးနောက် အကြည့်ကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းကာ ဆက်ပြောလိုက်သည်။ "ဒီကိစ္စကို ရှင်နဲ့ကျွန်မပဲ သိမယ်။ လောကမှာ တတိယလူတစ်ယောက် ဘယ်တော့မှ သိစေရမှာ မဟုတ်ဘူး။ လက်ဆက်ခွင့် အမိန့်တော်မချမှတ်ခင်အထိ ရှင် ကျွန်မကို လာမတွေ့ပါနဲ့တော့”
ဒါကို ခေါင်းဖြတ်အသတ်မခံရခင် နောက်ဆုံးအချိန်လေးလို့ပဲ သဘောထားလိုက်တော့မယ်။
ဒုတိယမင်းသားသည် အလွန်အမင်း ဝမ်းနည်းကြေကွဲနေသော မျက်နှာထားဖြစ်နေသည့် လုမင်ယွိကို ကြည့်ကာ မရယ်ဘဲမနေနိုင်တော့ပေ။ "ငါ့ကို ရင်ဆိုင်ရတာက ဒီလောက်တောင် နာကျင်စရာကောင်းနေလို့လား”
လုမင်ယွိက စိတ်မရှည်စွာဖြင့် မျက်စောင်းထိုးလိုက်ပြီး "ရှင်ရော အကြွေးတောင်းတဲ့မျက်နှာကို နေ့တိုင်းကြည့်ချင်လို့လား”
ဒုတိယမင်းသားသည် ထိုမျက်စောင်းတစ်ချက်ကြောင့် တစ်ကိုယ်လုံး လန်းဆန်းသွားပြီး မထိန်းနိုင်ဘဲ ထပ်မံရယ်မောလိုက်ရာ ဖြူဖွေးသော သွားတန်းလေးများ ပေါ်လာတော့သည်။
ရယ်နေတယ်။ ရယ်နေတယ်။ ရယ်တတ်တာပဲ သိတယ်။ ရှင်တစ်ယောက်တည်းကပဲ ရယ်လိုက်ရင် ချောနေတာ ကျနေတာပဲ။
လုမင်ယွိသည် လက်ဖြင့် နဖူးကို ပွတ်သပ်လိုက်ပြီး လေးနက်စွာ ထပ်မံသတိပေးလိုက်သည်။ "ဒီကိစ္စကို လောလောဆယ် လူမသိစေနဲ့ဦး။ ကျွန်မကို အေးအေးဆေးဆေးနဲ့ ရက်နည်းနည်းလောက် နေခွင့်ပေးပါဦး”
ဒုတိယမင်းသားသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး မျက်နှာထား တည်တည်ဖြင့် ကတိပေးလိုက်သည်။
ပြောသင့်ပြောထိုက်သော စကားများအားလုံး ပြောပြီးသွားပြီဖြစ်သည်။ လုမင်ယွိသည် ပါးစပ်ဖွင့်ကာ ဧည့်သည်ကို နှင်ထုတ်လေတော့သည်။
"ရှင် အရင်ပြန်တော့။ ကျွန်မ ရှန်းကျဲနဲ့ အသားကင်စားတော့မယ်”
ဒုတိယမင်းသားက မျှော်လင့်တကြီး မျက်နှာထားဖြင့် "တကယ်တော့ ကိုယ်လည်း အသားကင်စားရတာ ကြိုက်တယ်..."
"ကျွန်မ လူလွှတ်ပြီး မင်းသားစံအိမ်တော်ကို သားကောင်တချို့ ပို့ပေးလိုက်ပါ့မယ်” လုမင်ယွိက ဒုတိယမင်းသား၏ စကားကို အားမနာတမ်း ဖြတ်ပြောလိုက်တော့သည်။ "ရှင် ဘယ်လောက်စားချင်လဲ စား။ မိုးလင်းတဲ့အထိစားနေလည်း ဘယ်သူမှ ရှင့်ကို လာမတားဘူး”
အဓိကကတော့ သူမ၏ မျက်စိရှေ့တွင် လာမရှုပ်ဖို့ရန်သာ။
...
ဒုတိယမင်းသားသည် အလျှော့ပေးခြင်း၏ သဘောတရားကို ကောင်းစွာနားလည်သူဖြစ်ကာ လုမင်ယွိ၏ သည်းခံနိုင်စွမ်း အဆုံးစွန်သို့ မရောက်ခင် သူမ မျက်နှာလွှဲ၍ ရန်သူကဲ့သို့ မဆက်ဆံခင်တွင် ထွက်ခွာသွားလေတော့သည်။
ဒုတိယမင်းသား ထွက်သွားပြီးနောက် လုမင်ယွိသည် စိတ်ရောကိုယ်ပါ လန်းဆန်းသွားပြီး သူမ၏ အမြင်အာရုံများသည်လည်း ရုတ်ချည်း ကြည်လင်တောက်ပလာသကဲ့သို့ ခံစားလိုက်ရတော့သည်။
ထိုအခါမှ ချီယွင်သည် အနားသို့ လျှောက်လှမ်းလာပြီး "သခင်မလေး။ ကောင်းကင်ကြီးတောင် မှောင်တော့မယ်။ ရှန်းသခင်မလေး စောင့်နေရတာ စိတ်မရှည်တော့လောက်ဘူး”
လုမင်ယွိက အင်း ဟု တစ်လုံးသာပြောကာ ချီယွင်နှင့်အတူ ရှန်းအိမ်တော်ထဲသို့ ဝင်လာခဲ့လိုက်တော့သည်။
အချိန်အတော်ကြာ စောင့်ဆိုင်းလာခဲ့သည့် ရှန်းလန်သည် ရှေ့သို့လျှောက်လာပြီး လုမင်ယွိ၏ တည်ငြိမ်နေသော မျက်နှာကို လှမ်းကြည့်လိုက်ကာ "ရှောင်ယွိ။ ဒုတိယမင်းသား ပြန်သွားပြီလား”
လုမင်ယွိက ခေါင်းအသာညိတ်ပြလိုက်ပြီး "ပြန်သွားပြီ။ ခဏနေရင် လူလွှတ်ပြီး မင်းသားစံအိမ်တော်ကို သားကောင်တချို့ ပို့ပေးလိုက်မယ်”
ရှန်းလန်က လေသံတိုးတိုးဖြင့် ရယ်မောကာ မေးလိုက်သည်။
"သူ့ကို ဘာမှမလုပ်ခဲ့ဘူး မဟုတ်လား”
လုမင်ယွိ “...”
လုမင်ယွိသည် ဒေါသထွက်ချင်သလို ရယ်လည်းရယ်ချင်လာပြီး ရှန်းလန်ကို မျက်စောင်းထိုးလိုက်ကာ "နင့်မျက်စိထဲမှာ ငါက စိတ်မကြည်တာနဲ့ လူကိုရိုက်တတ်တဲ့ စရိုက်မျိုးလား”
ရှန်းလန်သည် အလေးအနက် စဉ်းစားလိုက်ပြီးနောက် အားရပါးရ ခေါင်းညိတ်ပြကာ "ဟုတ်တယ်”
လုမင်ယွိ “...”
လုမင်ယွိသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရှေ့သို့ပြေးတက်ကာ ရှန်းလန်ကို တစ်ချက်တည်း ပွေ့ချီကာ လှည့်ပတ်လိုက်သည်။ ရှန်းလန်၏ ခြေထောက်နှစ်ဖက်သည် မြေပြင်မှ လွတ်ထွက်သွားပြီး အံ့ဩသွားပြီး ရယ်မောနေတော့သည်။ သူငယ်ချင်းနှစ်ယောက်သည် အတန်ကြာအောင် ရယ်မောစနောက်ပြီးနောက် အတူတကွ အသားကင်စားရန် ထွက်ခွာသွားကြလေသည်။
ထိုနေ့နောက်ပိုင်းတွင် ဒုတိယမင်းသားသည် အမှန်တကယ်ပင် ထပ်မံပေါ်မလာတော့ချေ။
လုမင်ယွိသည် စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်တော်တွင် ငါးရက်၊ ခြောက်ရက်လောက် အပန်းဖြေလိုက်လေသည်။
သည်နေ့တွင်တော့ လုအိမ်တော်မှ လူလွှတ်ကာ သတင်းစကားပါးလိုက်သည့်အခါမှ လုမင်ယွိသည် မိမိမေ့လျော့နေသော အရေးကြီးသည့် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။
"ဘာပြောလိုက်တယ်။ နောက်တစ်ခေါက် ထပ်ပြောစမ်းပါ”
လုအိမ်တော်၏ အိမ်တော်ထိန်းကြီးက မျက်နှာအပြည့် အပြုံးများဖြင့်။
"သခင်ကြီးက ကျွန်တော့်ကို သတင်းလာပို့ခိုင်းလိုက်ပါတယ်။ မနက်ဖြန် ကျိုးအိမ်တော်က အောင်သွယ်တော်ကို လွှတ်ပြီး သခင်မလေးကို လာတောင်းရမ်းမှာမို့ ဒီနေ့ အိမ်တော်ကို ပြန်လာခဲ့ပါတဲ့”
...
အပိုင်း (၆၈) ရှုပ်ထွေးပွေလီခြင်း
ဘာရယ်...
ကျိုးမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ တကယ်ကြီး အိမ်ကို လာတော့မယ် ဟုတ်လား။
သည်ရက်ပိုင်းအတွင်း သူမသည် ဒုတိယမင်းသားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်ရှုပ်ထွေးနေခဲ့သဖြင့် သည်လိုအရေးကြီးကိစ္စကိုပင် မေ့လျော့နေခဲ့လေသည်။
လုမင်ယွိသည် အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိလေ၏။ "ဘာလို့ ဒီလောက်မြန်နေရတာလဲ”
အိမ်တော်ထိန်း လုကျားသည်လည်း အနည်းငယ် အံ့အားသင့်သွားပုံရလေသည်။ "သခင်မလေးက ကျိုးမိသားစုအကြောင်းကို သိနေတာလား”
ကျိုးမိသားစုနှင့် စေ့စပ်ကြောင်းလမ်းမည့်ကိစ္စမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သခင်မလေးသည် တောင်ပေါ်စံအိမ်တွင်သာ အမြဲနေထိုင်ခဲ့သည်တွင် မည်သို့သိနိုင်မည်နည်း။
လုမင်ယွိက သည်အတိုင်း ကြုံရာ အကြောင်းပြချက်တစ်ခုကို ပြောလိုက်လေသည်။ "အဖေက ကျွန်မကို ပြောဖူးတယ်။ စန်းကျဲအတွက် ပညာရှင်သစ်တစ်ယောက်ကို ရွေးပေးမယ်တဲ့။ အိမ်တော်ထိန်းက ကျိုးမိသားစုလို့ ပြောလိုက်တာနဲ့ ကျွန်မ ခန့်မှန်းမိလိုက်တာပါ”
"အချိန်ကို ပြန်တွက်ကြည့်ရင် ပညာရှင်တွေ မြို့လှည့်တဲ့နေ့ကစပြီး ခုနစ်ရက်ပဲ ရှိသေးတာလေ။ ဘာဖြစ်လို့ ဒီလောက်မြန်မြန် စေ့စပ်ပွဲစီစဉ်ရတာလဲ”
လုကျားသည်လည်း အများကြီးမတွေးဘဲ ပြုံးကာ ရှင်းပြလေသည်။ "ပညာရှင်တွေ မြို့လှည့်တဲ့နေ့မှာပဲ တတိယသခင်မလေးက ထန်ဟွားလန်အသစ်ကို သဘောကျသွားခဲ့တာပါ။ စစ်သူကြီး သိသွားတဲ့အခါမှာ ကျွန်တော်မျိုးကို ထန်ဟွားလန်ရဲ့ မျိုးရိုးနောက်ခံကို တိတ်တဆိတ် စုံစမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ကျွန်တော် တစ်ရက်တည်းနဲ့ ကျိုးမိသားစုအကြောင်းကို သေသေချာချာ စုံစမ်းနိုင်ခဲ့ပါတယ်”
ဤသို့ပြောပြီးနောက် လုကျားသည် မဖုံးမဖိနိုင်သော ဂုဏ်ယူမှုဖြင့် ခါးကိုမတ်လိုက်ပြီး "ကျိုးထန်ဟွားလန်က သာမန်မျိုးရိုးကနေ ဆင်းသက်လာတာဖြစ်ပြီး စာပေနဲ့ လယ်ယာလုပ်ငန်းကို အားပြုတဲ့ မိသားစုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ ကျိုးထန်ဟွားလန်က ဒီနှစ်မှာ ၁၈နှစ်ရှိပြီဖြစ်ပြီးတော့ လက်မထပ်ရသေးပါဘူး။ ကျွန်တော်ကိုယ်တိုင် ကျိုးမိသားစုကို သွားပြီး ကျိုးသခင်ကြီးနဲ့ သခင်မကြီးတို့ကို တွေ့ဆုံခဲ့ပါတယ်”
"စစ်သူကြီးက သူ့ရဲ့ချစ်သမီးလေးကို လက်ထပ်ပေးဖို့ ဆန္ဒရှိမှန်း ကြားလိုက်ရတဲ့အခါမှာတော့ ဝမ်းသာအားရဖြစ်ပြီး အောင်သွယ်တော်ကို ချက်ချင်းသွားပင့်ခိုင်းပါတယ်။ အောင်သွယ်တော်က လုအိမ်တော်ကို တစ်ခေါက် ရောက်လာပြီးသွားပါပြီ။ မနက်ဖြန်မှာ တရားဝင်လာပြီး စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုပါလိမ့်မယ်”
"စစ်သူကြီးကိုယ်တိုင်လည်း ကျွန်တော် ဒီကိစ္စကို ကောင်းကောင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်”
လုမင်ယွိသည် မိမိကိုယ်မိမိ ကျေနပ်ဂုဏ်ယူနေသော လုကျားကို မျက်နှာသေဖြင့် တစ်ချက်စွေကြည့်လိုက်လေ၏။ "အခုချက်ချင်း လူလွှတ်ပြီး အဝတ်အစားတွေ သိမ်းခိုင်းလိုက်မယ်။ အိမ်တော်ကို ချက်ချင်းပြန်မယ်”
ဘာပဲဖြစ်ဖြစ် တရားဝင် စေ့စပ်တာမှ မဟုတ်သေးတာပဲ။ စေ့စပ်ပြီးရင်တောင်မှ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလို့ ရတာပဲ မဟုတ်လား။
...
လုမင်ယွိသည် မကြာမီပင် အိမ်တော်သို့ပြန်ရန် ခရီးစတင်ခဲ့လေသည်။
ရှန်းလန်သည်လည်း အလုပ်မရှိသည်နှင့် အဝတ်အစားများ ပြင်ဆင်စေကာ အတူတကွ ခရီးထွက်ခွာလာခဲ့၏။
"နင့်အစ်မ စေ့စပ်တော့မှာက ဝမ်းသာစရာ သတင်းကောင်းတစ်ခုလေ။ နင်က ဘာလို့ မျက်မှောင်ကြီးကြုတ်ပြီး မပျော်မရွှင် ဖြစ်နေရတာလဲ” ရှန်းလန်၏ အာရုံခံစားနိုင်စွမ်းမှာ ထက်မြက်လှပြီး တစ်ခုခု လွဲနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
လုမင်ယွိက များများစားစား မပြောလိုဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်၏။ "ဒီစေ့စပ်ပွဲက မြန်လွန်းနေတယ်လို့ ငါ ခံစားနေရတာ။ တစ်ခုခုမှားယွင်းနေမှာကို စိုးရိမ်လို့ပါ”
ရှန်းလန်သည် အနာဂတ် လုအိမ်တော်၏ ချွေးမလောင်း ဖြစ်သည့်အလျောက် လုအိမ်တော်၏ ကိစ္စများကို အထူးပင် အလေးထားတတ်ပြီး ထိုစကားကို ကြားသောအခါ ခဏလောက် စဉ်းစားပြီးနောက် "အိမ်တော် ပြန်ရောက်တဲ့အခါ နင်အရင်ဆုံး သေသေချာချာ မေးကြည့်လိုက်ပေါ့။ တကယ်လို့ တစ်ခု ခုမှားနေတယ်လို့ ခံစားရရင် စေ့စပ်တာကို ဖျက်သိမ်းဖို့ အချိန်မီပါသေးတယ်”
လက်ထပ်စာချုပ် မချုပ်ဆိုသေးသမျှ ကာလပတ်လုံး နှုတ်ဖြင့် စေ့စပ်ကြောင်းလမ်းစကားဆိုခြင်းက သိပ်ကြီးကျယ်လှသည့် ကိစ္စ မဟုတ်ပေ။
လုမင်ယွိက ခေါင်းညိတ်လိုက်၏။
ယခင်ကသာဆိုလျှင် ရှန်းလန်သည် လုအိမ်တော်သို့ မလွဲမသွေ လိုက်ပါလာပေလိမ့်မည်။ သို့သော် ယခုအခါ ရှန်းနှင့် လုမိသားစုနှစ်ခုတို့သည် စေ့စပ်ကြောင်းလမ်း ထားပြီးဖြစ်သဖြင့် ရှန်းလန်အတွက် အနာဂတ်ခင်ပွန်းလောင်း၏ အိမ်သို့ သွားရောက်ရန်မှာ မသင့်တော်တော့ပေ။
လုမင်ယွိသည် ရှန်းလန်ကို ရှန်းအိမ်တော်သို့ အရင်ဆုံး လိုက်ပို့ပြီးနောက် မြင်းစီးကာ လုအိမ်တော်သို့ ပြန်လာခဲ့လေသည်။
ယခုအချိန်တွင် မွန်းလွဲပိုင်းသို့ပင် ရောက်ရှိနေလေပြီ။
လုလင်းနှင့် လုဖေးတို့သည် စစ်စခန်းသို့ သွားရောက်နေကြပြီး လုမင်ဟွားတစ်ယောက်တည်းသာ သူမ၏ အိပ်ဆောင်အတွင်း တစ်ယောက်တည်း ထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငြိမ်သက်စွာ ငေးမောနေ၏။ တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် သူမ၏ ချစ်စဖွယ်မျက်နှာလေးသည် ရုတ်တရက် နီမြန်းသွားပြီး မျက်ဝန်းနက်များထဲတွင် ရှက်သွေးဖြန်းကာ ပျော်ရွှင်မှုအရောင်များ တလက်လက်တောက်ပနေလေသည်။
ဒေါက်။ ဒေါက်။ ဒေါက်။ ရုတ်တရက် ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် လုမင်ဟွားသည် သတိပြန်ဝင်လာတော့သည်။
လုမင်ဟွားသည် နေရာမှထကာ တံခါးသွားဖွင့်လိုက်လေ၏။
လုမင်ယွိ၏ ရင်းနှီးနေသော မျက်နှာလေးသည် မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ရှောင်ယွိ..." လုမင်ဟွားသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး လုမင်ယွိကို တည့်တည့်မကြည့်ဝံ့ဘဲ "နင် ရှန်းစံအိမ်မှာ ကောင်းကောင်း နေနေတာကို ဘာလို့ ရုတ်တရက်ကြီး ပြန်လာရတာလဲ”
"မနက်ဖြန်ဆို ကျိုးမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ လာတော့မှာလေ။ ကျွန်မ ပြန်လာရမှာပေါ့”
လုမင်ယွိ၏ အသံသည် ခပ်ပြတ်ပြတ်နိုင်လှပြီး နောက်ပြောင်လိုစိတ်၊ ကျီစယ်လိုစိတ် စိုးစဉ်းမျှမပါဘဲ စိတ်မချမ်းမြေ့မှုနှင့်ပင် နီးစပ်နေသည့်ဟန် ပေါက်နေလေ၏။
လုမင်ဟွားသည် အနည်းငယ် တွေဝေသွားပြီး လုမင်ယွိကို မော့ကြည့်လိုက်၏။
လုမင်ယွိ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး သူမ၏ မျက်လုံးများထဲတွင် အပြုံးအရိပ်အယောင်ပင် မတွေ့ရပေ။
သူမသည် လုမင်ဟွားအား တည့်တည့်စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။ "စန်းကျဲ။ ကျွန်မကို မိဖုရားခေါင်ကြီးက နန်းတော်ထဲ ဆင့်ခေါ်တဲ့နေ့က စာမေးပွဲအောင်တဲ့ ပညာရှင်အသစ်တွေ မြင်းစီးပြီး စီတန်းလှည့်လည်တဲ့နေ့နဲ့ တိုက်ဆိုင်နေခဲ့တာနော်။ ဒီတော့ အစ်မလည်း ကျိုးထန်ဟွားလန်ကို တစ်ခေါက်ပဲ တွေ့ဖူးမှာပေါ့။ ဒီတစ်ခေါက်တွေ့ရုံနဲ့ သူက အစ်မ ဘဝတစ်သက်တာအတွက် ကြင်ဖော် အမှန်ဖြစ်မယ်လို့ သေချာသွားပြီလား”
လုမင်ယွိ၏ စကားထဲတွင် အရွှန်းဖောက်သည့် အရိပ်အယောင် တစ်စိုးတစ်စဉ်းမျှ မပါရှိသောကြောင့် လုမင်ဟွားသည်လည်း ရှက်သွေးဖြာနေခြင်းကို ဘေးဖယ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ပြောလေသည်။ "ရှောင်ယွိရယ်။ လက်ထပ်တယ်ဆိုတာ တစ်ဘဝလုံးစာ ကိစ္စကြီးပါ။ အစ်မရဲ့ တစ်ဘဝစာကိစ္စကို အစ်မ သေသေချာချာ စဉ်းစားပြီးသားပါ”
"အဲဒီနေ့က လက်ဖက်ရည်ဆိုင်မှာ အစ်မ သူ့ကို မြင်လိုက်တော့ စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်သွားခဲ့တာ။ သူကလည်း အစ်မကို မော့ကြည့်ပြီး ပြုံးပြခဲ့တယ်”
"အစ်မ သိတယ်။ သူ့စိတ်ထဲမှာလည်း အစ်မကို သဘောကျနေတယ်ဆိုတာ”
"ယိဖုက လူလွှတ်ပြီး ကျိုးမိသားစုရဲ့ အခြေအနေကို စုံစမ်းခိုင်းခဲ့တယ်။ အိမ်တော်ထိန်းလုလည်း ကျိုးမိသားစုကို တစ်ခေါက်သွားခဲ့ပြီးပြီ။ ကျိုးမိသားစုက သာမန်အခြေအနေပဲရှိပြီး ဒီစေ့စပ်ပွဲကို သိပ်ကိုလိုလားကြတယ်”
"အစ်မက ချမ်းသာကြွယ်ဝမှုကို မတောင့်တဘူး။ ဂုဏ်ပကာသနကိုလည်း မမက်မောဘူး။ ကိုယ်သဘောကျရတဲ့ ခင်ပွန်းလောင်းနဲ့ လက်ထပ်ပြီး အေးအတူပူအမျှနဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးကိုပဲ ဖြတ်သန်းသွားချင်တာပါ”
သည်စကား ထွက်လာသည်တွင် လုမင်ဟွား၏ မျက်ဝန်းနက်များထဲမှ တောက်ပသည့် အရောင်များ ထွက်ပေါ်လာလေသည်။
လုမင်ယွိသည် စိတ်ထဲမှ တိတ်တိတ်ကလေး ခါးသက်စွာ ရယ်လိုက်မိ၏။
ဟုတ်တယ်လေ။ လုမင်ဟွားက ကျိုးမိသားစုကို လက်ထပ်လိုက်တဲ့ အစပိုင်းမှာတော့ ကျိုးမိသားစုက သူ့ကို တကယ်ပဲ အရမ်းကောင်းခဲ့ကြတာပဲ။
ဒါပေမဲ့ မြင်းကောင်းမကောင်း ခရီးဝေးမှသိနိုင်ပြီး လူကောင်းမကောင်းတော့ အချိန်ကြာမှ သိနိုင်တယ်ဆိုသလိုပဲ။ အရှင်မင်းကြီးကိုယ်တိုင်က လုမိသားစုကို ဖိနှိပ်ဖို့ ကြိုးစားလာတဲ့အခါ သူမလို မိဖုရားခေါင်တစ်ယောက် အာဏာဆုံးရှုံးသွားတဲ့အခါ ရှင်ဘုရင်အသစ် နန်းတက်လာတဲ့အခါမှာ ကျိုးမိသားစုရဲ့ သဘောထားတွေ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
ကျိုးမိသားစုမှာ လုမင်ဟွားကို သတ်ရဲတဲ့ သတ္တိမရှိခဲ့ပေမဲ့ အေးစက်တဲ့စကားလုံးတွေနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကတော့ မနည်းမနောပါပဲ။
လုမင်ဟွား ခံစားခဲ့ရသော ဒုက္ခများကို ပြန်တွေးမိတိုင်း လုမင်ယွိသည် ကျိုးမိသားစုဝင်အားလုံးကို အားရပါးရ ထိုးကြိတ်ပစ်ချင်စိတ်များ ပေါက်လာလေသည်။
"စန်းကျဲ။ မျိုးရိုးနိမ့်တဲ့သူကို လက်ထပ်လိုက်တာက ကောင်းတဲ့ကိစ္စချည်းပဲတော့ မဟုတ်ဘူး” လုမင်ယွိသည် လုမင်ဟွားအား စိတ်ပြောင်းလဲလာစေရန် ကြိုးစား နားချတော့သည်။ "တန်းတူရည်တူမရှိရင် လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာလည်း အသားမကျတဲ့အရာတွေ အများကြီးရှိလာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ နောင်တရရင် နောက်ကျသွားလိမ့်မယ်”
"တကယ်တော့ အစ်မရဲ့ မျိုးရိုးကလည်း မမြင့်ပါဘူး” လုမင်ဟွားသည် အသံတိုးတိုးဖြင့် ဝင်ပြောလေသည်။ "အစ်မရဲ့ ဖခင်အရင်းက ယိဖုရဲ့ လက်အောက်က အဆင့်နိမ့် စစ်သူကြီးတစ်ယောက်ပဲလေ။ ဒီလိုပြောရရင် ကျိုးထန်ဟွားကတောင် အစ်မထက် သာပါသေးတယ်”
လုမင်ယွိသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူကာ ဆက်ဖျောင်းဖျလေသည်။ "ကျိုးထန်ဟွားက အသက်၁၈နှစ်နဲ့ ထန်ဟွားဘွဲ့ရခဲ့တာဆိုတော့ သူ့ရဲ့ပညာအရည်အချင်းက မဆိုးဘူးလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ စာရိတ္တကောင်း မကောင်းဆိုတာက ပညာအရည်အချင်း မြင့်မမြင့်နဲ့ မသက်ဆိုင်ဘူး။ ကျိုးထန်ဟွားလန်မှာ လူမသိတဲ့ မကောင်းတဲ့အကျင့်တွေ အများကြီး ရှိနေနိုင်တယ်”
လုမင်ဟွားက အသံကိုနှိမ့်က "နင်က ကျိုးထန်ဟွားလန်ကို တစ်ခါမှမမြင်ဖူးဘဲနဲ့ သူ့မှာ မကောင်းတဲ့အကျင့်ရှိတယ်လို့ ဘယ်လိုလုပ်ပြီး သေချာပြောနိုင်မှာလဲ။ ကိုယ့်ရဲ့ခန့်မှန်းချက်တစ်ခုတည်းနဲ့ လူတစ်ကိုယ်လုံးကို အပြစ်တင်လို့တော့ မရဘူးလေ”
လုမင်ယွိသည် နားထင်ကိုဖိနှိပ်ရင်း ဆက်ပြောလေသည်။ "ကျိုးထန်ဟွားလန်က အသက်လည်း မငယ်တော့ဘူး။ အခုထိ စေ့စပ်ထားတာ မရှိဘူး။ ဒါက သူ စာမေးပွဲအောင်ပြီးတော့ မျိုးရိုးကောင်းတဲ့ မိသားစုနဲ့ စေ့စပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ထင်ရှားနေတာပဲ”
"ဟုတ်တယ်လေ။ ကျိုးမိသားစုက ဒီစေ့စပ်ပွဲကို သဘောတူတာက လုမိသားစုရဲ့ မျိုးရိုးဂုဏ်ကြောင့် တစ်ဝက်လောက်ပါမှာပေါ့” လုမင်ဟွားသည် အသံတိုးတိုးဖြင့် "ဒါတွေအားလုံးက ယိဖုရဲ့ ကျေးဇူးတွေကြောင့်ပါ”
လုမင်ယွိသည် စကားဆက်မပြောနိုင်တော့ပေ။
နှစ်ဦးသား မျက်လုံးချင်း ဆုံကြည့်လိုက်ကြ၏။
လုမင်ယွိ၏ မျက်လုံးများထဲတွင် မီးပွားများ ထွက်နေသကဲ့သို့ပင်။
လုမင်ဟွားသည် အနည်းငယ် မလုံမလဲဖြစ်ကာ ခေါင်းကို ငုံ့ချလိုက်သည်။ ခဏအကြာတွင်မှ ခေါင်းကိုပြန်မော့ကာ သတ္တိမွေးပြီး ပြောလာလေသည်။ "ရှောင်ယွိ။ နင် ငါ့အပေါ်ကောင်းတာတွေ အားလုံးကို ငါ့စိတ်ထဲမှာ သိပါတယ်။ နင်က ငါ့ကို ခင်ပွန်းလောင်း မှားရွေးမိပြီး နောင်တစ်ချိန်မှာ ဒုက္ခရောက်မှာကို စိုးရိမ်နေတာ မဟုတ်လား”
"ဒါပေမဲ့ လက်ထပ်ပြီး အိမ်ထောင်ပြုတယ်ဆိုတာက မိန်းကလေးတစ်ယောက်အတွက် စွန့်စားခန်းတစ်ခုလိုပါပဲ။ နောက်ဆုံးအချိန် မရောက်မချင်း ကိုယ်လက်ထပ်လိုက်တဲ့သူက ကောင်းသလား။ မကောင်းဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူးလေ”
"အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို အစ်မ မသိဘူး။ ဒါပေမဲ့ အခု လက်ရှိအချိန်မှာတော့ အစ်မ အရမ်းကို ပျော်ရွှင်ကြည်နူးနေမိတယ်”
"အစ်မက ကိုယ်သဘောကျရတဲ့ ခင်ပွန်းလောင်းနဲ့ လက်ထပ်ပြီး နောင်တစ်ချိန်မှာ လိမ္မာယဉ်ကျေးတဲ့ ကလေးတစ်စုံလောက်မွေးပြီး အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းသွားချင်တယ်။ ဒါက အနာဂတ်အတွက် အစ်မရဲ့ အကြီးမားဆုံးသော မျှော်လင့်ချက်ပဲ”
"ငါတို့က ညီအစ်မအရင်းတွေ မဟုတ်ပေမဲ့ ငါတို့ရဲ့သံယောဇဉ်က ညီအစ်မအရင်းတွေလိုပဲ နက်ရှိုင်းပါတယ်။ ရှောင်ယွိ။ နင်က အစ်မကို နားလည်ပြီး ထောက်ခံပေးမှာပဲနော်။ ဟုတ်တယ်မလား”
လုမင်ယွိ “...”
...
အပိုင်း (၆၉) ကျိုးလီ
လုမင်ယွိ၏ စိတ်ထဲတွင် ကိန်းအောင်းနေသော မွန်းကျပ်မှုနှင့် ဒေါသတို့သည် လုမင်ဟွား၏ မျှော်လင့်တကြီး တောင်းပန်နေဟန် အကြည့်တို့အောက်တွင် တဖြည်းဖြည်း လွင့်ပြယ်သွားလေသည်။
ငါက နောက်ပိုင်းဖြစ်လာမယ့် အရာအားလုံးကို သိနေတာလေ။ ဒါကြောင့်မို့လို့ စန်းကျဲကို ကျိုးမိသားစုဆိုတဲ့ မီးပုံထဲ နောက်တစ်ခါ ခုန်မချစေချင်ဘူး။
သို့သော် အဘယ်အရာကိုမျှ မသိရှာသော လုမင်ဟွားသည် သူမ၏ စိတ်နှင့် မျက်ဝန်းအိမ်က သန့်စင်ကြည်လင်ပြီး ယဉ်ကျေးသိမ်မွေ့သော ပညာရှင်သစ်လေး၏ ပုံရိပ်များဖြင့် ပြည့်နှက်နေကာ သူမ သဘောကျနှစ်သက်ရသော ခင်ပွန်းလောင်းနှင့် လက်ထပ်ရန်သာ တစ်ထိုင်တည်း ကြံစည်နေလေ၏။
သူမသည် အတိတ်ဘဝက အကြောင်းအရာများကို ထုတ်ဖော်ပြောဆို၍ မဖြစ်ပေ။
ထိုအချက်ကပင် သူမပြောသမျှ အရာအားလုံးသည် ခန့်မှန်းချက် မျှသာ ဖြစ်သည်ဟု အဓိပ္ပာယ် သက်ရောက်နေလေသည်။ သူမအနေဖြင့် ထို ခန့်မှန်းချက်များကို အခြေခံကာ လုမင်ဟွားကို သူမ၏ချစ်သူနှင့် လက်ထပ်ခြင်းကို မည်သို့ တားဆီးနိုင်မည်နည်း။
ပြန်လည်မွေးဖွားလာတယ်ဆိုတာက အစကနေ ပြန်စဖို့ အခွင့်အရေးတစ်ခုကို ရရှိလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒါပေမဲ့ အစကနေ ပြန်စတယ်ဆိုတာကလည်း ကိုယ်ဖြစ်ချင်တိုင်းဖြစ်ပြီး အရာအားလုံး အဆင်ပြေချောမွေ့နေမယ်လို့ ဆိုလိုတာမှ မဟုတ်တာ။
သူမသည် နန်းတော်ထဲသို့ နောက်တစ်ကြိမ် ထပ်မဝင်ချင်တော့ပေ။ မင်းသား၏ ကြင်ယာတော်အဖြစ်လည်း ထပ်မခံယူချင်တော့သလို ရွှံ့နွံတောထဲသို့လည်း ခြေချခြင်း မပြုလိုတော့ပေ။ သို့သော် ဒုတိယမင်းသား၏ ပေါ်ထွက်လာခြင်းက အရာအားလုံးကို ရှုပ်ထွေးသွားစေခဲ့၏။ သူမသည် စန်းကျဲအတွက် အခြားသော စေ့စပ်ပွဲတစ်ခုကို ရွေးချယ်စေချင်ခဲ့သည်။ သို့သော် လုမင်ဟွားကတော့ အတိတ်ဘဝကကဲ့သို့ပင် ကျိုးလီအပေါ်တွင် မြင်မြင်ချင်း စွဲလန်းသွားခဲ့ပြီး လက်ထပ်ရန် ခေါင်းမာစွာ တောင်းဆိုနေလေသည်။
"ရှောင်ယွိ..." လုမင်ဟွားသည် နှစ်လှမ်းခန့် ရှေ့တိုးလာပြီး လုမင်ယွိ၏ လက်ကို အားပါးတရ ဆုပ်ကိုင်လိုက်ကာ သူမ၏ အကြည့်များသည် ပိုလို့ပင် စိတ်အားထက်သန်လာလေသည်။ "နင်က ကျိုးထန်းဟွားလန်ကို တစ်ခါမှ မမြင်ဖူးတော့ သူ့အပေါ်မှာ အမြင်စောင်းနေတာနေမှာ။ မနက်ဖြန် ကျိုးမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ အိမ်ကိုလာတဲ့အခါ ကျိုးထန်းဟွားလန်လည်း လုအိမ်တော်ကို လိုက်လာမှာ။ နင်ကိုယ်တိုင် သူ့ကို ကြည့်လို့ရတယ်”
"နင် သူ့ကို တွေ့ပြီးသွားရင် သူက ဘယ်လောက်တောင် ကောင်းတဲ့သူလဲဆိုတာ သိသွားလိမ့်မယ်”
လုမင်ယွိသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် အသံတိုးတိုးဖြင့် သက်ပြင်းချလိုက်လေသည်။ "ကောင်းပြီလေ။ မနက်ဖြန် ကျွန်မ ကျိုးထန်းဟွားလန်ကို တွေ့ကြည့်လိုက်မယ်”
ထိုစကားလုံး အနည်းငယ်ကို ကြားလိုက်ရသောအခါ လုမင်ဟွားသည် ရုတ်တရက် သက်ပြင်းချနိုင်သွားပြီး သူမ၏ မျက်ခုံးနှင့် မျက်လုံးများကြားတွင် ပျော်ရွှင်မှုအရောင်များ တောက်ပသွားလေသည်။ "ရှောင်ယွိ။ ကျေးဇူးတင်ပါတယ်”
လုမင်ယွိ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး လုမင်ဟွား၏ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ "စန်းကျဲ။ ခုနက ကျွန်မလေသံက နည်းနည်းပြင်းသွားတယ်။ စိတ်ထဲမထားပါနဲ့နော်”
လုမင်ဟွားသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။ "ငါတို့ညီအစ်မနှစ်ယောက်ကြားမှာ ဒီလိုစကားတွေပြောတာက စိမ်းကားရာ မကျဘူးလား။ တခြားသူသာဆိုရင် ငါ့စေ့စပ်ပွဲအတွက် ဒီလောက်ထိ စိတ်ပူပြီး ဒေါသထွက်နေမှာ မဟုတ်ဘူး”
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ချိုးလိုက်ပြီး ဆက်ပြီး စကားမဆိုတော့ပေ။
ညနေစောင်းတွင် လုလင်းနှင့် လုဖေးတို့သည် စစ်စခန်းမှ အတူတကွ ပြန်လာကြလေသည်။
လုလင်းသည် မျက်နှာတွင် သွေးရောင်လွှမ်းနေသော သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "နင့်မျက်နှာကြည့်ရတာ တော်တော်လန်းဆန်းနေပုံပဲ။ ဒီရက်ပိုင်း ရှန်းစံအိမ်မှာ တော်တော်လေး စိတ်ချမ်းသာခဲ့ပုံပဲ”
လုမင်ယွိသည် ပြုံးလျက် "ဟုတ်ကဲ့" ဟု တစ်လုံးသာ ပြန်ဖြေလိုက်၏။
လုဖေးသည် စိတ်ထဲတွင် သူ၏စေ့စပ်ထားသော ကြင်ယာလောင်းကို သတိရနေသဖြင့် မျက်နှာပြောင်တိုက်ကာ "စစ်မေ့။ ရှန်းညီမလေးက ဒီရက်ပိုင်းအတွင်း အစ်ကို့အကြောင်းကို ပြောသေးလား”
လုမင်ယွိသည် ကျီစယ်နောက်ပြောင်ကာ ပြောလိုက်တော့သည်။ "တစ်နေ့ကို အနည်းဆုံး ၃-၄ ကြိမ်လောက်တော့ ပြောတာပေါ့။ ငါ ရှန်းကျဲကို ပြောထားတယ်။ နောက်ပိုင်း လက်ထပ်ရက် တောင်းတဲ့အခါ ရှန်းအမတ်ကြီးနဲ့ ရှန်းသခင်မကြီးကို အနီးဆုံးရက်တစ်ရက် ရွေးခိုင်းလိုက်မယ်လို့။ ဒါမှ အစ်ကိုက ရှန်းကျဲကို အိမ်တော်ကို အမြန်ဆုံး ခေါ်လာနိုင်မှာပေါ့”
လုဖေး၏ မျက်နှာညိုညိုတွင် ပျော်ရွှင်မှုကြောင့် နီမြန်းသော အရောင်များ ပေါ်ထွက်လာလေသည်။
လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း အတိုင်းမသိ ပျော်ရွှင်ကြည်နူးမိလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ လုဖေးက သူချစ်ရတဲ့သူကို ဇနီးမယားအဖြစ် လက်ထပ်နိုင်ခဲ့ပြီ။ ဒီဘဝမှာ နောင်တကင်းကင်းနဲ့ တစ်ယောက်တည်း အထီးကျန်တော့မှာ မဟုတ်တော့ဘူး။
ကျိုးလီကိုတော့...
လုမင်ယွိ၏ မျက်ဝန်းအိမ်သည် အနည်းငယ် နက်ရှိုင်းသွားပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
လုအိမ်တော်ရဲ့ သမက်ဖြစ်ချင်နေမှတော့ နောက်တစ်ခေါက် စန်းကျဲနဲ့ ထပ်လက်ထပ်ခိုင်းလိုက်ရုံပေါ့။ လုအိမ်တော် မပြိုလဲသရွေ့တော့ ကျိုးလီက စန်းကျဲကို မကောင်းပြုရဲမှာ မဟုတ်ဘူး။ နောက်ပိုင်းကျရင် ငါကပဲ စန်းကျဲအတွက် အားကိုးရာဖြစ်အောင် ရပ်တည်ပေးရမှာပေါ့။
ဤသို့တွေးလိုက်သောအခါ စိတ်ထဲတွင် အမှန်တကယ်ပင် ပေါ့ပါးသွားလေသည်။
လုမင်ယွိသည် လုလင်းကို ပြုံးပြကာ ပြောလိုက်၏။ "အဖေ။ မနက်ဖြန် ကျိုးမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ လာတဲ့အခါ အဖေနဲ့ အစ်ကိုနှစ်ယောက်လုံး အိမ်တော်မှာပဲ နေပေးပါ။ ကျွန်မ အစ်မကြီးနဲ့ ယောက္ခမဆီကိုလည်း လူလွှတ်ပြီး သူတို့ကိုပါ တစ်ပါတည်းလာဖို့ အကြောင်းကြားလိုက်မယ်”
မိသားစုတစ်စုလုံး စုံစုံညီညီရှိနေခြင်းသည် ဤစေ့စပ်ပွဲအပေါ် လုမိသားစု၏ အလေးထားမှုကို ပြသနိုင်ပေလိမ့်မည်။
လုလင်းသည် မဆိုင်းမတွပင် ခေါင်းညိတ်လိုက်၏။
သို့သော် လုမင်ယွိ၏ စိတ်ထဲတွင် တွေးနေသည့်အရာမှာ သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်ကိုမူ သူ မသိခဲ့ပေ။
ကောင်းတယ်။ ကျိုးမိသားစုကို အရင်ဆုံး အရှိန်တက်အောင် ခြောက်လှန့်ထားရမယ်။
...
နောက်တစ်နေ့။
နေမင်းသည် ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေပြီး တောက်ပသော နေရောင်ခြည်သည် ရှင်းယန်ဝမ်အိမ်တော်၏ ဆိုင်းဘုတ်ပေါ်သို့ ကျရောက်နေကာ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေလေ၏။
အစိမ်းရောင်ဖျော့ဖျော့ တော်ဝင်အရာထမ်းဝတ်စုံကို ဆင်မြန်းထားသော ကျိုးထန်းဟွားလန်သည် ရှင်းယန်ဝမ်အိမ်တော်၏ တံခါးအပြင်ဘက်တွင် ရပ်နေရင်း ရှင်းယန်ဝမ်အိမ်တော်၏ ကျယ်ဝန်းခန့်ညားသော ပင်မတံခါးမကြီးကို ကျော်လွန်ပြီး ကြည့်ရှုလိုက်သည်တွင် သူ၏စိတ်နှလုံးသည် လှုပ်ရှားတက်ကြွမှုများဖြင့် ပြည့်နှက်နေလေသည်။ သူ၏ချောမောသော မျက်နှာသည်လည်း အလင်းရောင်များ ထွက်ပေါ်နေသကဲ့သို့ပင်။
ကျိုးသခင်ကြီးနှင့် ကျိုးသခင်မကြီးတို့သည် သားဖြစ်သူထက်ပင် ပိုလို့ပင် စိတ်လှုပ်ရှားနေကြ၏။
သူတို့၏သားသည် ထန်းဟွားဘွဲ့ရပြီးနောက် ဤမျှကောင်းမွန်သော စေ့စပ်ပွဲတစ်ခုကို ရရှိလိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်ခဲ့ကြပေ။
သာ့ဝေတိုင်းပြည်၏ စစ်ရေးအောင်မြင်မှုများစွာ ရရှိထားပြီး ပထမဆုံးသော စစ်သူကြီး။ တစ်ဦးတည်းသော မျိုးရိုးမတူဘဲ ဝမ်ဘွဲ့ချီးမြှင့်ခံရသူ ရှင်းယန်ဝမ်။ ဤသို့သော မျိုးရိုးဂုဏ်မှာ ယခင်ကဆိုလျှင် ကျိုးမိသားစုအဖို့ စဉ်းစားပင် မစဉ်းစားဝံ့ခဲ့သော အရာဖြစ်လေသည်။
တစ်ခုတည်းသော စိတ်မကောင်းစရာမှာ ထိုလုသခင်မလေးသည် မွေးစားသမီးတစ်ဦးသာ ဖြစ်နေခြင်းပင်။ သို့သော် ပြောရမည်ဆိုလျှင် ရှင်းယန်ဝမ်တွင် ကိုယ်ဝန်ဆောင်မွေးဖွားခဲ့သော သမီးတစ်ဦးတည်းသာ ရှိသည်။ မွေးစားသားသမီး စုစုပေါင်း ၅ ဦးရှိပြီး အားလုံးကို သားသမီးအရင်းများကဲ့သို့ပင် မှတ်ယူဆက်ဆံလေသည်။
ရှင်းယန်ဝမ်၏ မွေးစားသမီးကို ချွေးမတော်စပ်နိုင်ခြင်းသည်လည်း ကျိုးမိသားစုအတွက် ဘဝပေါင်းများစွာက ပြုခဲ့သော ကုသိုလ်ကံပင် ဖြစ်ပေလိမ့်မည်။
"အားလီ..." လောကကြီးတွင် အတွေ့အကြုံများစွာ မရှိလှသော ကျိုးသခင်မကြီးသည် စိတ်လှုပ်ရှားမှုများ ပြင်းထန်နေပြီး အနည်းငယ် စိုးရိမ်ကြောင့်ကြစွာဖြင့် "နောက်ခဏနေရင် လုအိမ်တော်ထဲ ရောက်တဲ့အခါ ငါ ဘာတွေပြောရမလဲဟင်”
ရုပ်ရည်ချောမောသော သားတစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့သည့် ကျိုးသခင်မကြီး၏ ရုပ်ရည်မှာ မဆိုးလှဘဲ ငယ်စဉ်က လှပသည့်အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် မည်သို့ပင်ဖြစ်စေ မျိုးရိုးနိမ့်ပါးသော မိသားစုဖြစ်သည့်အလျောက် ယခင်က အများဆုံး ပေါင်းသင်းဆက်ဆံခဲ့ရသူများမှာ စာပေပညာရှင်လောင်းများ၏ မိခင်များနှင့် ကျွီရန်ဘွဲ့ရသူများ၏ ဇနီးများသာ ဖြစ်လေသည်။
ယနေ့ ရှင်းယန်ဝမ်အိမ်တော်၏ တံခါးဝတွင် ဤသို့ရပ်လိုက်သည်တွင် ကျိုးသခင်မကြီး၏ ခြေထောက်နှစ်ဖက်လုံးမှာ ပျော့ခွေလာပြီး စကားပြောရာတွင်ပင် အနည်းငယ် တုန်ယင်နေလေသည်။
ကျိုးလီက မိခင်ဖြစ်သူကို နှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး "အမေ။ စိတ်မပူပါနဲ့”
ကျိုးသခင်ကြီးသည် ကျိုးသခင်မကြီးထက် အနည်းငယ် သာလွန်သေးပြီး ခါးကိုမတ်ကာ "ငါတို့က ဒီနေ့ စေ့စပ်ကြောင်းလမ်းဖို့ လာကြတာ။ ခမည်းခမက်လောင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံလိုက်ရုံပဲ”
အသက် ၄၀ ကျော်အရွယ်ရှိ အောင်သွယ်တော်ကျောက်သည် ပျော်ရွှင်မှုကို ဖော်ဆောင်သော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် အနီရောင်ပိုးပန်းပွင့်ကြီးတစ်ပွင့်ကို ပန်ဆင်ထားလေသည်။ ထိုစကားကိုကြားလိုက်ရသောအခါ ပြုံးလျက် ခေါင်းလှည့်ကာ "ကျိုးသခင်မကြီး။ စိတ်မပူပါနဲ့။ စကားမှားသွားမှာစိုးရင် ခဏနေရင် စကားနည်းနည်းပဲပြောပေါ့။ ကျွန်မ အားလုံး တာဝန်ယူပါတယ်”
ဟုတ်သားပဲ။ ငွေအများကြီးပေးပြီး ငှားလာတဲ့ အောင်သွယ်တော် ရှိနေတာပဲ။ ငါ ပါးစပ်နည်းနည်းပဲ ဖွင့်လိုက်ရင် ရပြီ။
ကျိုးသခင်မကြီးသည် စိတ်ထဲတွင် မိမိကိုယ်မိမိ အားပေးလိုက်၏။
ကျိုးလီသည် ပြည်နယ်အဆင့်နှင့် နန်းတွင်းအဆင့် စာမေးပွဲများကို ဖြေဆိုခဲ့ဖူးသူဖြစ်ရာ ယခုအချိန်တွင်မူ တည်ငြိမ်နေနိုင်သေးသည်။
ကျိုးမိသားစုက အလည်လာခွင့်တောင်းသော စာလွှာကို ပေးပို့လိုက်ပြီးနောက် လုအိမ်တော်၏ ပင်မတံခါးမကြီးသည် လျင်မြန်စွာ ပွင့်လာလေသည်။
လာရောက်ကြိုဆိုသူများမှာ အသားညိုညိုနှင့် ချောမောသော လူငယ်တစ်ဦးနှင့် မီးကဲ့သို့သော အနီရောင်ဝတ်စုံနှင့် လှပသော မိန်းမပျိုတစ်ဦးတို့ ဖြစ်ကြ၏။
လူငယ်လေး၏ ကိုယ်ဟန်မှာ မြင့်မားပြီး မျက်နှာမှာ ချောမောကာ မျက်ဝန်းအစုံမှာ မီးရှူးတိုင်ကဲ့သို့ပင်။
မိန်းမပျိုလေး၏ ကိုယ်ဟန်မှာ ကျော့ရှင်းလှပပြီး အေးစက်တည်ငြိမ်သော အလှတရားနှင့်အတူ သူရဲကောင်းဆန်သော အရှိန်အဝါတို့ ထွက်ပေါ်နေ၏။ သူမ၏ မျက်ဝန်းအစုံမှာ တောက်ပ ထက်ရှနေပြီး ဓားသွားကဲ့သို့ပင် ကျိုးမိသားစုဝင်များထံသို့ ဝေ့ဝဲကြည့်ရှုလိုက်လေသည်။ နောက်ဆုံးတွင် ကျိုးလီ၏ ချောမောသော မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။
ကျိုးလီသည် အကြောင်းပြချက်မရှိဘဲ အလိုလို စိတ်မလုံမလဲ ဖြစ်လာပြီး အနည်းငယ်ပင် အသက်ရှူကြပ်သွားတော့သည်။
ကျိုးသခင်ကြီးနှင့် ကျိုးသခင်မကြီးတို့မှာမူ ပြောစရာပင်မလိုတော့ချေ။ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးက သည်လိုအေးစက်စွာ တစ်ချက် လှမ်းကြည့်လာသည်တွင် ခြေထောက်များပင် ပျော့ခွေလုမတတ် ဖြစ်သွားကြ၏။ ခြေလှမ်း လှမ်းရန်မဆိုထားနှင့်။ ပါးစပ်ဖွင့်၍ စကားပြောရန်ပင် မဝံ့ကြတော့ပေ။
အတွေ့အကြုံများစွာရှိသော အောင်သွယ်တော်ကျောက်ပင်လျှင် ရင်ထဲတွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။ ဒီမိန်းကလေးကတော့ ကောလာဟလတွေထဲက အင်အားကြီးမားပြီး ဒေါသကြီးတဲ့ လုစတုတ္ထသခင်မလေးပဲ ဖြစ်ရမယ်။
"ရှင့်နာမည်က ကျိုးလီလား” လုမင်ယွိသည် တည်တည်ငြိမ်ငြိမ် ပါးစပ်ဖွင့်လိုက်၏။
ကျိုးလီသည် စိတ်ကို တည်ငြိမ်အောင်ထားကာ လက်နှစ်ဖက်ယှက်ကာ ပြောလာသည်။ "ဟုတ်ကဲ့။ ကျွန်တော်ပါပဲ။ ဒီနေ့ ရုတ်တရက် အိမ်တော်ကို လာရောက်တွေ့ဆုံရတာကြောင့် အားနာမိပါတယ်။ ရှင်းယန်ဝမ်ရယ် အိမ်တော်မှာ ရှိနေပါသလားခင်ဗျာ”
လုမင်ယွိသည် မသိမသာ ခေါင်းညိတ်လိုက်သည်။ "ကျွန်မအဖေက ပင်မဆောင်မှာ စောင့်နေပါတယ်။ ကျွန်မနဲ့ အစ်ကိုက လာကြိုတာပါ။ ကျိုးသခင်လေးတို့ မိသားစုသုံးယောက် ကျွန်မတို့မောင်နှမနဲ့အတူ အိမ်တော်ထဲကို ကြွပါ”
စကားပြောဆိုပုံမှာ ယဉ်ကျေးသည်ဟု ဆိုနိုင်သော်လည်း ထိုထက်ရှသော မျက်ဝန်းနက်များနှင့် ခပ်ပြတ်ပြတ်အမူအရာတို့နှင့် တွဲဖက်လိုက်သောအခါ လူကို အလိုလို စိတ်မလုံမလဲဖြစ်စေပြီး ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေလေသည်။
ကျိုးလီသည် ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုပြီး ရှေ့သို့ ခြေလှမ်းလှမ်းလိုက်၏။ ကျိုးသခင်ကြီးသည်လည်း သတ္တိမွေးကာ ရှေ့သို့ တိုးလာလေသည်။ ကျိုးသခင်မကြီးကို တစ်ချက် ပြန်ကြည့်လိုက်သောအခါ နေရာမှာပင် ရပ်နေပြီး ခြေတစ်လှမ်းမျှပင် မလှမ်းနိုင်တော့ပေ။
လူအားလုံး “...”
...