← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အပိုင်း (၇၀) ခြောက်လှန့်ခြင်း (၁)

လုဖေးသည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရင်း လုမင်ယွိကို အမူအရာမပျက် မျက်ရိပ်ပြလိုက်လေသည်။

ကျိုးမိသားစုကို တစ်ခါလောက် ခြောက်လှန့်လိုက်ရုံနဲ့ လုံလောက်ပါပြီ။ သိပ်ပြီးအတိုင်းအဆမမဲ့ မလုပ်ပါနဲ့တော့။

လုမင်ယွိကလည်း ငါ ကောင်းကောင်းသိပါတယ် ဟူသော အကြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။

ကျိုးမိသားစုကို ခြောက်လှန့်မည့်အကြောင်းကို လုမင်ယွိသည် မနေ့ညက ဖခင်နှင့် အစ်ကိုဖြစ်သူတို့ကို ပြောပြထားခဲ့ပြီး ဖြစ်လေသည်။ "...လုအိမ်တော်က နည်းနည်းလောက် အရိပ်အမြွက်ပြလိုက်တာနဲ့ ကျိုးမိသားစုက ပျော်ပျော်ကြီး စေ့စပ်ကြောင်းလမ်းဖို့ ရောက်ချလာတာပဲ။ ဟုတ်ပါတယ်။ မျိုးရိုးမြင့်တဲ့သူကို တွယ်ကပ်ချင်တာက လူ့သဘာဝပဲလေ။ ကျိုးမိသားစုကို အခွင့်အရေးသမားတွေလို့ အပြစ်တင်လို့တော့ မရပါဘူး”

"ဒါပေမဲ့ စန်းကျဲရဲ့ စိတ်နေသဘောထားက နူးညံ့ပြီး စိတ်လည်းကောင်းတယ်။ နောင်တစ်ချိန်မှာ ကျိုးအိမ်တော်ကို လက်ထပ်သွားရင် ကျိုးမိသားစုကို မထိန်းချုပ်နိုင်မှာ စိုးရိမ်မိတယ်။ ဒီတော့ သမီးကပဲ လူဆိုးလုပ်ပြီး ကျိုးမိသားစုကို အရင်ဆုံး ခြောက်လှန့်ထားလိုက်မယ်။ ဒါမှ ကျိုးမိသားစုက လုအိမ်တော်ကို အလွယ်တကူ ထိပါးလို့မရဘူးဆိုတာ သိသွားမှာ။ အနာဂတ်မှာ စန်းကျဲကို ဆက်ဆံတဲ့အခါ လုအိမ်တော်ကို ပြန်တွေး။ သမီးကို ပြန်တွေးပြီး ငြိမ်သွားလိမ့်မယ်”

လုလင်းသည်လည်း အကြံကောင်းတစ်ခုပဲဟု ယူဆကာ ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ။ ဒါပေမဲ့ နင်က မိန်းကလေးတစ်ယောက်ပဲ။ ဒီလိုကိစ္စတွေအတွက် နင် စိတ်ပူစရာမလိုပါဘူး”

လုဖေးက စကားကို အလျင်စလို ဖြတ်ပြောလိုက်၏။ " ခြောက်လှန့်တဲ့ကိစ္စကို ကျွန်တော့်ကိုပဲ တာဝန်ပေးပါ”

"သမီးပဲ လုပ်ပါမယ်” လုမင်ယွိသည် မျက်ခုံးမျက်လုံးမလှုပ်ရှားဘဲ လေသံကို အနည်းငယ် လေးနက်နေသည့်လေသံဖြင့် ပြောလိုက်၏။ "အဖေက စစ်တပ်ကိုဦးဆောင်ပြီး စစ်တိုက်ရမှာ။ အစ်ကိုကလည်း တစ်နှစ်ပတ်လုံး စစ်စခန်းမှာပဲနေရမှာ။ အဖေတို့မှာ ဘယ်လောက်ပဲ သြဇာအာဏာရှိရှိ။ အဝေးကြီးမှာရှိနေတာပဲလေ။ သမီးက အချိန်မရွေး ကျိုးအိမ်တော်ကိုသွားပြီး စန်းကျဲအတွက် အားပေးရပ်တည်ပေးနိုင်သလောက် အဆင်ပြေမှာ မဟုတ်ဘူး”

ဤစကားမှာလည်း မှန်ပေသည်။

အလွန်ဆုံး တစ်နှစ် သို့မဟုတ် ခြောက်လခန့် အနားယူပြီးလျှင် သူတို့သားအဖသည် ယန်နှင့် ချူနိုင်ငံတို့ကို တိုက်ခိုက်ရန် စစ်တပ်ကို နောက်တစ်ကြိမ် ဦးဆောင်ရပေဦးမည်။ ဤစစ်ပွဲသည် မည်သည့်အချိန်၊ မည်သည့်လတွင် ပြီးဆုံးမည်ကို မည်သူမျှ မသိနိုင်ပေ။ လုမင်ဟွားသာ ခင်ပွန်းအိမ်တွင် အနိုင်ကျင့်ခံရပြီး စိတ်ဆင်းရဲစရာများနှင့် ကြုံတွေ့ရပါက သူတို့သားအဖမှာ လက်လှမ်းမမီ ဖြစ်နေပေလိမ့်မည်။

ရှောင်ယွိသည် နောင်တွင် သမက်လောင်းကို အိမ်သို့ ခေါ်ဆောင်ရမည်ဖြစ်ပြီး လုအိမ်တော်၏ အိမ်တော်သခင်မလည်း ဖြစ်လာပေမည်။ လက်ထပ်ပြီးသား အစ်မအတွက် အားပေးရပ်တည် ပေးခြင်းသည်လည်း သူမ၏ တာဝန်တစ်ရပ်ပင် ဖြစ်သည်။

လုလင်းသည် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ် သဘောတူလိုက်လေသည်။

လုဖေးမှာ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော်လည်း ယနေ့ ကျိုးမိသားစုဝင်များ လုမင်ယွိကြောင့် ကြက်သေသေသွားသည်အထိ ကြောက်ရွံ့နေကြသည်ကို ကိုယ်တိုင်မြင်တွေ့ရသောအခါ စိတ်ထဲတွင် အလွန်ရယ်ချင်နေမိသည်။ သည်လို အကြည့်အနည်းငယ်ဖြင့်ပင် ထိုမျှလောက် ကြောက်လန့်သွားကြသည်။ ကျိုးမိသားစုဝင်များ၏ သတ္တိမှာ အမှန်တကယ်ပင် သေးငယ်လှချည်ရဲ့။

အမှန်တကယ်တော့ သည်ကိစ္စအတွက် ကျိုးမိသားစုဝင်များကို သတ္တိနည်းသည်ဟု အပြစ်တင်လို့ မရပေ။

လုဖေးသည် မိမိ၏ညီမငယ်နှင့် အမြဲတစေ တွေ့မြင်နေကျဖြစ်သောကြောင့် လုမင်ယွိကို ကြောက်စရာကောင်းသည်ဟု မထင်မိပေ။ သို့သော် ပထမဆုံးအကြိမ် တွေ့ဆုံဖူးသော ကျိုးမိသားစုဝင်များအတွက်တော့ ဤစတုတ္ထသခင်မလေးလု၏ မျက်ဝန်းအိမ်သည် အေးစက်နေပြီး လူသတ်ငွေ့ငွေ့များ ပါဝင်နေကာ သူမ၏ အရှိန်အဝါမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

လောက အတွေ့အကြုံမရှိသော ကျိုးသခင်မကြီးမှာ ချက်ချင်းပင် ကြောက်လန့်ကာ လမ်းမလျှောက်နိုင်တော့သည်အထိ ဖြစ်သွားတော့သည်။

လုမင်ယွိက စိတ်ထဲတွင် မဲ့ပြုံးပြုံးလိုက်၏။

ဒီကျိုးသခင်မကြီးကတော့ တကယ့်ကို မကောင်းတဲ့စိတ်ဓာတ်ရှိပေမဲ့ မကောင်းမှုလုပ်ဖို့ သတ္တိမရှိတဲ့ လူစားမျိုးပဲ။ အတိတ်ဘဝတုန်းက လုမင်ဟွားကို အကြိမ်တစ်ထောင်မက ချော့မော့ဖျားယောင်းခဲ့ပြီး ငါလို မိဖုရားခေါင်တစ်ယောက် အာဏာဆုံးရှုံးသွားတော့ သတ္တိတွေက ကြီးမားလာပြီး လုမင်ဟွားရဲ့ သားသမီးတွေကို ခေါ်သွား။ ချွေးမကို အေးစက်စက်ဆက်ဆံပြီး နှိပ်စက်ခဲ့တာပဲ။

အောင်သွယ်တော်သည်ပင် ဆက်မကြည့်နိုင်တော့ဘဲ လက်လှမ်းကာ ကျိုးသခင်မကြီးကို ထူမလိုက်ပြီး အမူအရာမပျက်ဘဲ ကျိုးသခင်မကြီးအား တစ်ချက်ဆွဲညှစ်လိုက်၏။

ကျိုးသခင်မကြီးသည် တစ်ချက်တုန်သွားပြီး နောက်ဆုံးတွင် သတိပြန်ဝင်လာကာ တုန်တုန်ယင်ယင်ဖြင့် လုအိမ်တော်ထဲသို့ ခြေလှမ်းဝင်လိုက်လေသည်။

...

ပင်မခန်းမဆောင်သည် သိပ်မဝေးလှဘဲ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် ရောက်ရှိသွားလေသည်။

လုမင်ယွိနှင့် လုဖေးတို့သည် ကျိုးမိသားစုဝင်များကို ပင်မခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားကြ၏။

စစ်သူကြီးဝတ်စုံကို ဆင်မြန်းထားသော လုလင်းသည် ထိုင်ခုံပေါ်တွင် ထိုင်နေရင်း လှုပ်ပင်မလှုပ်ချေ။ "ကျိုးထန်းဟွားတို့ မိသားစုသုံးယောက်လုံး စုံစုံညီညီ ရောက်ရှိလာကြတာကို ဒီဝမ်ရယ်က အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်”

လုလင်းသည် ပုံမှန်အားဖြင့် အရာရှိကြီးတစ်ဦးကဲ့သို့ မာန်မာနထား၍ မဆက်ဆံတတ်ပေ။ ယနေ့ ဤသို့ ပြုမူနေခြင်းမှာလည်း လုမင်ယွိက ညကတည်းက အထူးတလည် မှာကြားထားသောကြောင့်ပင်။ "အဖေ။ မနက်ဖြန်ကျရင် အဖေက ရှင်းယန်ဝမ်ရဲ့ သြဇာအာဏာကို ထုတ်သုံးပြီး ကျိုးမိသားစုကို ခြောက်လှန့်ပေးရမယ်။ စန်းကျဲက ကျိုးအိမ်တော်ကို လက်ထပ်သွားမှာ။ ကျိုးမိသားစုက စန်းကျဲကို နိုင်လိုမင်းထက် မပြုနိုင်စေရဘူး”

"မနက်ဖြန်ကျရင် အဖေ့အပေါ်မှာပဲ မူတည်နေပြီနော်”

လုလင်းသည် ကြည်နူးစွာ ပြုံးလိုက်၏။ "စိတ်ချပါ။ အဖေက နင့်ကို ဘယ်တုန်းက စိတ်ပျက်အောင် လုပ်ခဲ့ဖူးလို့လဲ”

ကြောက်မက်ဖွယ်ရာ ဝမ်ရယ်က ဆင်းရဲသားဆွေမျိုးပေါက်ဖော်ကို ခြိမ်းခြောက် ခြောက်လှန့်သည့် ဇာတ်လမ်းဇာတ်ကွက်တစ်ခုသာ မဟုတ်ပါလား။

လုလင်းသည် ပုံမှန်အားဖြင့် အိမ်တော်တွင် တော်ဝင်ဝတ်စုံကို မဝတ်ဆင်တတ်သော်လည်း ယနေ့တွင်မူ နံနက်စောစောကတည်းက ဝတ်ဆင်ထားလေသည်။ ယခုအချိန်တွင် သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး လေသံမှာ ခပ်ပြတ်ပြတ်နိုင်လှကာ ဒီဝမ်ရယ် ဟူသော နာမ်စားကိုသာ သုံးနှုန်းနေသဖြင့် သူ၏ ခန့်ညားထည်ဝါမှုကို ပြောပြရန်ပင်မလိုတော့ပေ။

လုမင်ယွိ၏ အရှိန်အဝါသည် မည်မျှပင် ပြင်းထန်နေစေကာမူ သူမသည် မိန်းကလေးတစ်ဦးသာပင်။

လုလင်းမှာမူ ထိုသို့မဟုတ်ပေ။ သူသည် စစ်တပ်ကို အုပ်ချုပ်သော စစ်သူကြီးဖြစ်ပြီး စစ်မြေပြင်မှ သေမင်းလည်း ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ်ရာ သြဇာအာဏာကို ထုတ်ဖော်လိုက်သောအခါ လူကို စိတ်နှလုံး တုန်လှုပ်ချောက်ချားရစေလေသည်။

ဘဝတစ်လျှောက်တွင် အများဆုံး မြို့ဝန်အဆင့်ကိုသာ တွေ့ဖူးသော ကျိုးသခင်ကြီးသည် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ထိုင်ရဲပင်မထိုင်ဝံ့ဘဲ အဆက်မပြတ် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးနေလေသည်။

ကျိုးသခင်မကြီးသည်လည်း အတူတကွ အရိုအသေပေးလိုက်၏။ အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့်လား မသိပေ။ ကျိုးသခင်မကြီးသည် ထရပ်လိုက်သောအခါ သူမ၏စကပ်အနားကို တက်နင်းမိပြီး ယိုင်သွားလေတော့သည်။

အောင်သွယ်တော်မှာ ခြေမြန်လက်မြန်ဖြင့် ကျိုးသခင်မကြီးကို လှမ်းထူလိုက်ရ၏။

ကျိုးသခင်မကြီး၏ မျက်နှာသည် နီမြန်းသွားပြီး နဖူးတွင် ချွေးစေးများပင် ထွက်လာတော့သည်။

ကံကောင်းစွာဖြင့် လုမိသားစုဝင်များထဲမှ မည်သူမျှ လှောင်ပြောင်ရယ်မောခြင်း မပြုကြပေ။

သို့သော် ကျိုးလီ၏ စိတ်ထဲတွင်မူ မည်သို့ခံစားနေရမည်ကို ပြောပြရန်ပင်မလိုတော့ပေ။ ယနေ့ စေ့စပ်ကြောင်းလမ်းရန် အိမ်တိုင်ရာရောက် လာရောက်ခဲ့ရာတွင် မိဘနှစ်ပါးမှာ ဤမျှလောက် အဆင့်အတန်း မရှိလှသောကြောင့် သူကဲ့သို့သော ပညာရှင်သစ်တစ်ဦးပင် အနည်းငယ် အရောင်မှိန်သွားရလေသည်။

"ကျွန်တော်မျိုး ကျိုးလီ။ ရှင်းယန်ဝမ်ရယ်ကို ဂါရဝပြုပါတယ်ခင်ဗျာ” ကျိုးလီသည် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပြုလိုက်၏။

ကျိုးလီသည် ပထမတန်းစား ထန်းဟွားဘွဲ့ရတစ်ဦး ဖြစ်သည့်အလျောက် စာမေးပွဲဖြေဆိုရန်မလိုဘဲ တိုက်ရိုက်ပင် ဟန်လင်းကျောင်းတော်သို့ ဝင်ရောက်ကာ ပညာရှင်လောင်းတစ်ဦး ဖြစ်လာခဲ့သည်။ ရာထူးအဆင့် မည်မျှပင်နိမ့်ပါစေ သူသည် တရားဝင် နန်းတွင်းအရာရှိတစ်ဦး ဖြစ်နေလေပြီ။

သို့သော် သာ့ဝေတိုင်းပြည်တွင် စစ်ဘက်အရာရှိများက အရပ်ဘက်အရာရှိများကို လွှမ်းမိုးထားလေသည်။ ကျိုးလီကဲ့သို့သော သတ္တမတန်းအဆင့် အရပ်ဘက် အရာရှိငယ်တစ်ဦးသည် စစ်တပ်အင်အားကြီးမားပြီး ဧကရာဇ်မင်း၏ ယုံကြည်အားကိုးမှုကို အပြည့်အဝရရှိထားသော ရှင်းယန်ဝမ်၏ရှေ့မှောက်တွင် မော်ကြည့်ရန်ပင် အရည်အချင်း မရှိပေ။

"အရင်ဆုံး နေရာမှာထိုင်ပြီး စကားပြောကြတာပေါ့” လုလင်းသည် ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်၏။

ကျိုးမိသားစုဝင်များသည် ခေါင်းညိတ်ကာ နေရာတွင် ဝင်ထိုင်လိုက်ကြ၏။

လုလင်းက အိမ်ရှင်နေရာတွင် ထိုင်နေပြီး ကျိုးမိသားစုသုံးဦးမှာ ဧည့်သည်နေရာတွင် ထိုင်နေကြသည်။ သူတို့၏ မျက်နှာချင်းဆိုင်တွင်တော့ လုမောင်နှမများ ထိုင်နေကြလေသည်။

လုမင်ဟွားမှလွဲ၍ မောင်နှမ ၅ ယောက်စလုံးသည် ကျိုးလီ၏ မျက်နှာချင်းဆိုင်တွင် တညီတညွတ်တည်း ထိုင်နေကြသည်။ ထို့အပြင် အစ်မကြီး၏ ခင်ပွန်းဖြစ်သူ ကျန်းကျုံးပါ ပေါင်းထည့်လိုက်သောအခါ စုစုပေါင်း ၆ ယောက်ဖြစ်သွားလေသည်။ မျက်လုံး ၆ စုံသည် ကျိုးလီကို တပြိုင်နက်တည်း ကြည့်နေကြ၏။ ကျိုးလီကို အတွင်းမှအပြင် အပေါ်မှအောက်သို့ ထွင်းဖောက်မြင်နိုင်လုမတတ် ရှင်းရှင်းလင်းလင်း ကြည့်ရှုနေကြသကဲ့သို့ပင်။

ထိုအထဲတွင် မျက်ဝန်းတစ်စုံမှာမူ အထူးသဖြင့် အေးစက်ထက်ရှနေပြီး ထိုသူမှာ စတုတ္ထသခင်မလေးလုပင် ဖြစ်တော့သည်။

ကျိုးလီ “...”

အဲ့ဒီနေ့က ရွှေနန်းတော်ခန်းမထဲဝင်ပြီး နန်းတွင်းစာမေးပွဲ ဖြေတုန်းကတောင် ဒီလောက်စိတ်လှုပ်ရှားခဲ့တာ မဟုတ်ဘူး။

ဤသို့သော အခြေအနေအောက်တွင် ပတ်ဝန်းကျင်လေထုသည်လည်း ပေါ့ပါးလန်းဆန်းနိုင်မည် မဟုတ်ပေ။

အောင်သွယ်တော်ကျောက်သည် စိတ်ထဲတွင် ‘မကောင်းတော့ဘူး’ ဟု တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

ကျိုးမိသားစုက ပြောထားတာ မဟုတ်လား။ လုမိသားစုက အရိပ်အမြွက် ပြထားပြီးသား။ ကျိုးမိသားစုက အိမ်တိုင်ရာရောက် စေ့စပ်ကြောင်းလမ်းတာနဲ့ သဘောမတူစရာ အကြောင်းမရှိဘူးဆို။ ဘာဖြစ်လို့ ဒီနေ့ ဒီလိုအခြေအနေမျိုး ဖန်တီးထားရတာလဲ။

အောင်သွယ်တော်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးကာ ပါးစပ်ဖွင့်လိုက်တော့၏။ "ကျွန်တော်မျိုးမက ဒီနေ့ ကျိုးမိသားစုရဲ့ တောင်းဆိုချက်အရ အိမ်တိုင်ရာရောက်လာပြီး သတ္တိရှိရှိနဲ့ စကားအနည်းငယ် ပြောကြားပါရစေ။ ပြောတာတွေက သင့်တော်သည်ဖြစ်စေ။ မသင့်တော်သည်ဖြစ်စေ။ ဝမ်ရယ်အနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်”

လုလင်းသည် အေးစက်ကြောက်မက်ဖွယ်ရာ ဝမ်ရယ် အဖြစ်သို့ လုံးဝ အသွင်ပြောင်းသွားပြီဖြစ်ပြီး အထူးသဖြင့် တည်ကြည်ခန့်ညားနေကာ မျက်ခွံပင်မလှုပ်ချေ။ "ပြောစရာရှိရင် ပြောသာပြောလိုက်ပါ”

အောင်သွယ်တော် “...”

ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး စေ့စပ်ကြောင်းလမ်းစကား ပြောနိုင်တော့မှာလဲ။

အောင်သွယ်တော်သည် စိတ်ထဲတွင် တိတ်တဆိတ် စိုးရိမ်ပူပန်လာပြီး ကျိုးလီထံသို့ မျက်လုံးလှန်ကြည့်လိုက်၏။

ကျိုးလီသည်လည်း ထိတ်လန့်မှုကြောင့် စိတ်နှလုံး တုန်လှုပ်နေပြီး စိတ်ရှုပ်ထွေးနေကာ ပုံမှန်ကဲ့သို့ ထက်မြက်မှု မရှိတော့ပေ။ အောင်သွယ်တော်၏ အကြည့်ကိုပင် တစ်ခဏမျှ သတိမပြုမိလိုက်ပေ။

အောင်သွယ်တော်သည် မတတ်သာစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ဟုတ်ပါပြီ။ သူမဘက်က အစွမ်းကုန် ကြိုးစားရုံပဲရှိတော့တာပေါ့။

အောင်သွယ်တော်သည် စိတ်ကိုစုစည်းလိုက်ပြီး အရင်ဆုံး ကျိုးလီကို အသေးစိတ် ချီးကျူးခန်းဖွင့်လေတော့သည်။ ကံကောင်းစွာဖြင့် ကျိုးလီသည် အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်ပြီး မျိုးရိုးက သာမန်ဖြစ်သည်မှလွဲလျှင် ကျန်အရာအားလုံးမှာ အထင်ကြီးလောက်စရာကောင်းလှပေသည်။

ကျိုးလီကို ချီးကျူးပြီးနောက် လှပပြီး အရည်အချင်းပြည့်ဝကာ နူးညံ့သိမ်မွေ့သော လုတတိယသခင်မလေးကို စိတ်အားထက်သန်စွာ ချီးကျူးပြီးနောက် စေ့စပ်ကြောင်းလမ်းလိုသော ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်တော့သည်။

မြို့တော်တွင် အကျော်ကြားဆုံး အောင်သွယ်တော်ဟု ဆိုထိုက်ပေသည်။ လုလင်း၏ ထိုမျှလောက် တည်ကြည်အေးစက်နေသော မျက်နှာကို ရင်ဆိုင်နေရသော်လည်း ပြုံးနိုင်သေးပြီး နှုတ်လျှာလည်း အလွန်သွက်လက်ကာ မရပ်မနား စကားပြောဆိုနိုင်စွမ်းရှိပြီး တစ်ယောက်တည်းဖြင့် နာရီဝက်ခန့်ကြာအောင် စကားပြောသွားလေသည်။

လုလင်းသည် အစမှအဆုံးထိ ဘာစကားတစ်ခွန်းမှ မပြောဘဲ အင်း ဟု အသံအနည်းငယ်သာ ပြုလိုက်၏။

အောင်သွယ်တော်သည် တစ်ထိုင်တည်း ပြောဆိုပြီးသွားသောအခါ လည်ချောင်းပင် ခြောက်ကပ်သွားတော့၏။ လက်ဘေးက လက်ဖက်ရည်ခွက်ကိုယူကာ အနည်းငယ် သောက်လိုက်ပြီးနောက် စိတ်အားထက်သန်စွာ ပြုံးပြီး မေးမြန်းလိုက်လေသည်။ "ကျိုးမိသားစုက စိတ်ရင်းအမှန်နဲ့ အိမ်တိုင်ရာရောက် စေ့စပ်ကြောင်းလမ်းဖို့ လာရောက်ခဲ့တာပါ။ ဝမ်ရယ်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲနော်”

...

အပိုင်း (၇၁) ခြောက်လှန့်ခြင်း (၂)

လုလင်းသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခပ်ပြတ်ပြတ်ဆိုလေသည်။ "လက်ထပ်ထိမ်းမြားခြင်းဆိုတာ သာမန်ကိစ္စလေးတစ်ခု မဟုတ်ဘူး။ ဒီဝမ်ရယ်အနေနဲ့ အချိန်တစ်ခုပေးပြီး သေသေချာချာ စဉ်းစားသုံးသပ်ဖို့ လိုသေးတယ်”

ယောက်ျားလေးဘက်မှ အိမ်တိုင်ရာရောက် စေ့စပ်ကြောင်းလမ်းလာသောအခါ မိန်းကလေးဘက်မှ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူခြင်းသည်လည်း ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်။

အောင်သွယ်တော်ကျောက်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်ကာ မျက်နှာအပြည့် အပြုံးဖြင့် ကောင်းသောစကားတို့ကို ဆိုလေသည်။

ကျိုးသခင်ကြီးသည် လက်ကို ခိုးပြီးမြောက် နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်၏။ ကျိုးသခင်မကြီးမှာတော့ သားဖြစ်သူကို မျှော်လင့်တကြီး ကြည့်နေပြီး "ငါတို့ ဘယ်တော့ပြန်ကြမှာလဲ" ဟူသော စကားလုံးများသည် သူမ၏ မျက်နှာပေါ်တွင် ရေးထားသကဲ့သို့ပင်။

ကျိုးလီကတော့ ထွက်သွားရန် ဆန္ဒမရှိသေးပေ။

ထိုနေ့က မြင်းစီးပြီး စီတန်းလှည့်လည်ခဲ့စဉ်က ရုတ်တရက် မြင်တွေ့လိုက်ရသော မြင်ကွင်းလေးတစ်ခု။ ထိုနူးညံ့သိမ်မွေ့ပြီး လှပသော မိန်းမပျိုလေးသည် သူ့မျက်ဝန်းအိမ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ့နှလုံးသားထဲတွင်လည်း စွဲထင်သွားခဲ့လေသည်။

သူ့ကို ပိုပြီး စိတ်လှုပ်ရှားရစေသည်မှာ ရှင်းယန်ဝမ်အိမ်တော်မှ အိမ်တော်ထိန်းလုက လျင်မြန်စွာ ရောက်ရှိလာခဲ့ခြင်းပင်။ စကားထဲတွင် အရိပ်အမြွက်ပြသွားသော အဓိပ္ပာယ်မှာ အလွန်ပင် ထင်ရှားလှပေသည်။

ရှင်းယန်ဝမ်၏ မွေးစားသမီး၊ တတိယသခင်မလေးလု။

ဪ... အဲ့ဒီလက်ဖက်ရည်ဆိုင်ပေါ်က လှပတဲ့မိန်းမပျိုလေးက ဒီလောက်တောင် ထင်ရှားကျော်ကြားတဲ့ မျိုးရိုးနောက်ခံရှိနေတာကိုး။

ရှင်းယန်ဝမ် လုလင်းတွင် သမီးအရင်းတစ်ဦးတည်းသာ ရှိပြီး မွေးစားသားသမီးများကို မိမိ၏ သားသမီးအရင်းများကဲ့သို့ပင် ရှုမြင်ဆက်ဆံလေသည်။ ဤစေ့စပ်ပွဲကို လက်ခံလိုက်ပါက တစ်ဖက်တွင် သူသည် သူသဘောကျနှစ်သက်ရသော မိန်းကလေးကို လက်ထပ်နိုင်မည်ဖြစ်ပြီး နောက်တစ်ဖက်တွင်တော့ ကျိုးမိသားစုအတွက်ရော သူကိုယ်တိုင်အတွက်ပါ ကောင်းသောကိစ္စတစ်ရပ် ဖြစ်ပေလိမ့်မည်။ နောင်တွင် လုမိသားစု၏ မြှောက်စားပေးမှုဖြင့် သူ့ ရာထူးတိုးတက်ရာလမ်းသည်လည်း ပိုပြီး ချောမွေ့သွားပေလိမ့်မည်။

ယနေ့ အိမ်တိုင်ရာရောက် စေ့စပ်ကြောင်းလမ်းရာတွင် လုမိသားစုက လူရှိန်အောင် ခြောက်လှန့်ခဲ့သည်။ ဒါသည်လည်း အရေးကြီးသော ကိစ္စတစ်ရပ် မဟုတ်ပေ။ တတိယသခင်မလေးလုကို လက်ထပ်ရနိုင်သမျှ ကာလပတ်လုံး အနည်းငယ် ခေါင်းငုံ့ပေးရခြင်းသည် အဘယ်မှာ အရေးပါသော ကိစ္စဖြစ်နိုင်မည်နည်း။

ကျိုးလီသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ရှင်းယန်ဝမ်ဘက်သို့ လက်နှစ်ဖက်ယှက်ကာ အနည်းငယ် အရိုအသေပြုလိုက်၏။ "ကျွန်တော့်မှာ လျှောက်တင်စရာ ရှိပါတယ်။ ရှင်းယန်ဝမ်ရယ်အနေနဲ့ ခွင့်ပြုသဘောတူပေးပါရန် တောင်းဆိုပါတယ်ခင်ဗျာ”

လုလင်း၏ မျက်ဝန်းအိမ်သည် သူ့ဆီသို့ ဝေ့ကြည့်လာသည်။ "ပြောစရာရှိရင် ပြောသာပြောပါ”

လုမင်ယွိသည်လည်း ကျိုးလီကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။

သားအဖနှစ်ယောက်၏ ထက်ရှလှသည့် အကြည့်များအောက်တွင် ကျိုးလီသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သေးသည်မှာ စိတ်ဓာတ်ခိုင်မာသည်ဟု ဆိုနိုင်ပေသည်။

"ကျိုးမိသားစုက စာပေနဲ့ လယ်ယာလုပ်ငန်းကို အားပြုတဲ့ မိသားစုဖြစ်ပြီး အခြေအနေက သာမန်ပါပဲ။ လုအိမ်တော်နဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး” ကျိုးလီ၏ မျက်နှာတွင် ရိုးသားဖြောင့်မတ်သော အမူအရာများ ပြည့်နှက်နေ၏။ "ကျွန်တော်က ကံကောင်းစွာနဲ့ ထန်ဟွားဘွဲ့ရခဲ့လို့သာ တတိယသခင်မလေးလုကို လက်ထပ်ခွင့်တောင်းဖို့ သတ္တိရှိလာခဲ့တာပါ”

"ကျွန်တော် ဒီနေရာမှာပဲ သစ္စာဆိုပါတယ်။ နောင်တစ်ချိန်မှာ လုအိမ်တော်ရဲ့ သမက်ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဇနီးကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ဆက်ဆံပြီး သူ့ကို နည်းနည်းလေးတောင် စိတ်မဆင်းရဲစေရပါဘူး..."

လုမင်ယွိသည် မရပ်မနား ပြောဆိုနေသော ကျိုးလီ၏စကားကို ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။ "ရှင် ကိုယ်လုပ်တော် ယူမှာလား”

ကျိုးလီ “...”

ကျိုးလီသည် ထိုမေးခွန်းကြောင့် မှင်သက်သွားလုနီးပါး ဖြစ်သွားလေသည်။

ကံကောင်းစွာဖြင့် သူ့တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှပြီး တစ်ခဏတာ အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာပင် "ဘယ်ဟုတ်ပါ့မလဲ ခင်ဗျာ”

လုမင်ယွိ၏ မျက်ဝန်းအိမ်တွင် သရော်ပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ဆက်လက်ပြောလိုက်တော့သည်။ "အထက်အရာရှိ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကပေးတဲ့ လှပတဲ့မောင်းမတွေကိုလည်း ရှင်ငြင်းပယ်နိုင်ရဲ့လား။ ပန်းတွေအပြည့်ရှိတဲ့ ဆောင်ကြာမြိုင်တွေမှာ သွားပြီး ပျော်ပါးသောက်စားတဲ့အခါ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ဆောင်ကြာမြိုင်မယ် တစ်ယောက်က တစ်သက်လုံး မှီခိုအားထားချင်တယ်ဆိုရင်ကော ရှင် ယူမှာလား။ မယူဘူးလား”

ကျိုးလီ “...”

ထိုတောက်ပပြီး လူကို ဖိအားပေးနိုင်လောက်သော မျက်ဝန်းနက်များသည် သူ့စိတ်ထဲမှ အကြံအစည်အားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။ ခပ်ပြတ်ပြတ်နိုင်သော်လည်း ထက်ရှသော မေးခွန်းထုတ်မှုများကိုမူ ခုခံရန် ခက်ခဲလှပေသည်။

ကျိုးလီသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ အကြည့်လွှဲလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ "နောင်တစ်ချိန်မှာ ကျွန်တော် ကိုယ့်ရဲ့ဇနီးအပေါ်မှာ သစ္စာရှိရှိနဲ့ နေထိုင်ပြီး တခြားအမျိုးသမီးတွေနဲ့ ပတ်သက်မှာ မဟုတ်ပါဘူး”

လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး ခပ်ပြတ်ပြတ်ဆိုလေသည်။ "ဒါ ရှင့်ပါးစပ်ကနေ ကိုယ်တိုင် ပြောခဲ့တဲ့စကားနော်။ မမေ့လိုက်နဲ့ဦး”

အမှန်အတိုင်းဆိုရလျှင် လုမင်ယွိ၏ ရုတ်တရက် ဤသို့ မေးခွန်းထုတ်လိုက်ခြင်းသည် အာဏာကို အသုံးပြု၍ လူကို အနိုင်ကျင့်သည့်သဘော သက်ရောက်နေလေသည်။

သို့သော် လုလင်းသည် စကားတစ်ခွန်းမှမဆိုဘဲ သမီးဖြစ်သူ၏ ယဉ်ကျေးမှု မရှိသလောက်ဖြစ်သော အပြုအမူကို မမြင်ချင်ယောင်ဆောင်နေလိုက်၏။ လုမောင်နှမများနှင့် အစ်မကြီး၏ ခင်ပွန်းဖြစ်သူတို့သည်လည်း ကျားရဲများကဲ့သို့ စူးစိုက်ကြည့်နေကြပြီး လုမင်ယွိဘက်တွင် ရပ်တည်နေကြသည်မှာ ထင်ရှားလှပေသည်။

ကျိုးလီသည် ယခုအချိန်တွင် တွန့်ဆုတ်နေ၍မဖြစ်ကြောင်း သိရှိသဖြင့် မဆိုင်းမတွပင် "ဟုတ်ကဲ့။ ကျွန်တော် ကျိုးလီ ပြောခဲ့တဲ့စကားကို တစ်သက်လုံး စိတ်ထဲမှာ စွဲမှတ်ထားပြီး ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”

မည်သို့ပင်ဖြစ်စေ။ ဤတစ်ခဏတွင် ကျိုးလီ၏ လုမင်ဟွားအား လက်ထပ်လိုသော စိတ်ဆန္ဒမှာ ပြင်းပြပြီး ရိုးသားလှပေသည်။

လုမင်ယွိသည် ကျိုးလီကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။ "မေ့သွားလည်း ကိစ္စမရှိပါဘူး။ ရှင့်ကို သတိပေးမယ့်သူ ရှိမှာပါ”

ကျိုးသခင်ကြီးနှင့် ကျိုးသခင်မကြီးတို့သည် ကြောက်ရွံ့နေကြပြီး စကားတစ်ခွန်းမှ မဟရဲကြပေ။

အောင်သွယ်တော်ကျောက်သည် မတတ်သာတော့ဘဲ နောက်တစ်ကြိမ် ကြားဝင်စေ့စပ်ပေးရပြီး ပြုံးပြုံးရွှင်ရွှင် ပြောရတော့သည်။ "ကျိုးထန်ဟွားလန်က စာပေနက္ခတ်ကြယ်မင်းအဖြစ် သက်ဆင်းလာသူ ဖြစ်တဲ့အပြင် အချစ်နဲ့သစ္စာကို တန်ဖိုးထားတဲ့ လူငယ်လေးတစ်ယောက်ပါပဲ”

ဤသို့ပြောရင်း ကျိုးလီကို မျက်ရိပ်ပြလိုက်၏။

ကျိုးလီသည် စိတ်ကိုတည်ငြိမ်အောင်ထားကာ လက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လေသည်။ "ဒီနေ့ အိမ်တိုင်ရာရောက်လာပြီး အနှောင့်အယှက်ပေးမိတာ များသွားပါပြီ။ ကျွန်တော် အခုပဲ ပြန်ပါတော့မယ်”

ဓလေ့ထုံးတမ်းအရဆိုလျှင် စေ့စပ်ပွဲကို သဘောတူညီပါက လုမိသားစုသည် ကျိုးမိသားစုအား နေ့လယ်စာအတွက် ဖိတ်ခေါ်ထားသင့်ပေသည်။ အကယ်၍ ဤအတိုင်းသာ ကျိုးမိသားစုအား ပြန်လွှတ်လိုက်ပါက လုမိသားစုသည် မာနကြီးလွန်းသည်ဟု ထင်ရပေမည်။ ကျိုးမိသားစုသည်လည်း နောက်တစ်ကြိမ် အိမ်တိုင်ရာရောက်လာရန် သတ္တိရှိတော့မည်မဟုတ်ပေ။

လုလင်းသည် အမူအရာမပျက်ဘဲ လုမင်ယွိအား တစ်ချက်ကြည့်လိုက်၏။ လုမင်ယွိသည် စိတ်ထဲတွင် မည်မျှပင် မကျေမနပ်ဖြစ်နေစေကာမူ အနည်းငယ် ခေါင်းညိတ်လိုက်၏။

စန်းကျဲကို ထောက်ထားသောအားဖြင့် သူမ၏ အနာဂတ်ခင်ပွန်းအိမ်ကို အနည်းငယ် မျက်နှာသာပေးရပေမည်။

လုလင်းသည် ပါးစပ်ဖွင့်ကာ ကျိုးမိသားစုအား နေ့လယ်စာအတွက် ဖိတ်ခေါ်လိုက်လေသည်။

ကျိုးလီ၏ အားတင်ကာ ဆွဲတင်ထားရသည့် နှလုံးသားသည် နောက်ဆုံးတွင် ဖြည်းညင်းစွာ ပြန်လည်ကျဆင်းသွားပြီး သူ့ မျက်ဝန်းအိမ်တွင် ပျော်ရွှင်မှုအရောင်များ တောက်ပလာလေသည်။

...

လုမင်ဟွားသည် အပျိုဆောင်ထဲတွင်သာ တစ်လျှောက်လုံး နေထိုင်ခဲ့ပြီး ကျိုးမိသားစု နေ့လယ်စာစားပြီး ထွက်သွားသည်အထိ မျက်နှာပြခြင်း မရှိခဲ့ပေ။

လုမင်ယွိသည် တံခါးတွန်းဖွင့်ကာ ဝင်လာချိန်တွင် မိမိ၏ အစ်မဖြစ်သူသည် မျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ နီမြန်းနေသည်ကို တွေ့လိုက်ရ၏။ မေးစရာမလိုချေ။ ခင်ပွန်းလောင်းအကြောင်းကို တွေးနေသည်မှာ သေချာပေသည်။

ယောက္ခမလောင်းအကြောင်းကို တွေးမိသောအခါ လုမင်ယွိသည် စိတ်မသက်မသာ ဖြစ်သွားလေသည်။ သို့သော် ပြောသင့်သောစကားများကို မနေ့ကတည်းက ပြောပြီးဖြစ်ရာ လုမင်ဟွားကို ဆွဲဆောင်၍မရနိုင်တော့သည့်အတွက် မပြောဘဲနေခြင်းက ပိုကောင်းပေလိမ့်မည်။

"စစ်မေ့..." လုမင်ဟွားသည် ရှက်ကိုးရှက်ကန်းဖြင့် ပါးစပ်ဖွင့်လိုက်၏။ "ဒီနေ့ ကျိုးမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ လာတော့ ယိဖုက သဘောတူလိုက်လားဟင်”

လုမင်ယွိသည် ပြုံးလိုက်သည်။ "ချက်ချင်းသဘောတူရတယ်လို့ ဘယ်ရှိမှာလဲ။ အဖေက ကျိုးမိသားစုကို နေ့လယ်စာအတွက် ဖိတ်ထားပြီး အောင်သွယ်တော်ကို နောက်ရက်နည်းနည်းကြာမှ လုအိမ်တော်ကို အဖြေလာနားထောင်ဖို့ ပြောလိုက်တယ်”

လုမိသားစုသည် စေ့စပ်ကြောင်းလမ်းရန် ရှန်းမိသားစုသို့ သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီးမှ ရှန်းမိသားစုက ခေါင်းညိတ်သဘောတူခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးဘက်မှ ဖြစ်သည့်အလျောက် မည်မျှပင် သဘောတူညီနေစေကာမူ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူသင့်ပေသည်။

လုမင်ဟွားသည် မျက်နှာနီမြန်းစွာဖြင့် အင်း ဟု တစ်လုံးသာ ဆိုလိုက်၏။

လုမင်ယွိသည် အေးအေးဆေးဆေးပင်။ "စန်းကျဲ။ ငါ ကျိုးမိသားစုကို ရှန်သွားအောင် ခြောက်လှန့်ထားလိုက်တယ်။ ကျိုးထန်ဟွားလန်က ငါ့ရှေ့မှာ ပြောသွားတယ်။ နောင်တစ်ချိန်မှာ လက်ထပ်ပြီး ဇနီးမယားယူရင် ကိုယ်လုပ်တော် တော်ကောက်မှာ မဟုတ်ဘူး။ အပြင်က မိန်းကလေးတွေနဲ့လည်း ပတ်သက်မှာ မဟုတ်ဘူးတဲ့”

"သူ့ပါးစပ်ကနေ ကိုယ်တိုင်ပြောခဲ့တဲ့စကားကို ဒီနေ့ လူတိုင်းကြားခဲ့ကြတယ်။ နောင်တစ်ချိန်မှာ သူက အစ်မကို နည်းနည်းလေးတောင် စိတ်ဆင်းရဲအောင် လုပ်ရဲလုပ်ကြည့်ပါစေ။ ငါ သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး”

နောက်ဆုံးစကားလုံးငါးလုံးကို ပေါ့ပေါ့ပါးပါး ပြောလိုက်ချင်းပင်။

သို့သော် လုမင်ဟွားသည် ထိုစကား၏ အလေးချိန်ကို သိရှိပေသည်။

လုမောင်နှမ ၆ ယောက်စလုံးသည် သွေးသားတော်စပ်ခြင်းမရှိဟု ဆိုရသော်လည်း အချင်းချင်းကြားက သံယောဇဉ်ကတော့ အလွန်ပင် နက်ရှိုင်းလှပေသည်။

လုမင်ယွိသည် မောင်နှမ ၆ ယောက်၏ အဓိကအားကိုးရာပင်။

လုမင်ဟွား၏ နှာခေါင်းထိပ်တွင် အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သွားပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာကာ လုမင်ယွိ၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်ပြီး အသံအနည်းငယ် တုန်ယင်စွာဖြင့် ပြောလေ၏။ "စစ်မေ့။ နင် ငါ့အပေါ်မှာ ဒီလောက်ကောင်းတာ။ ငါ... ငါ တကယ်ကို ဘာပြောရမှန်းမသိတော့ဘူး”

လုမင်ယွိသည် လုမင်ဟွား၏ အနည်းငယ် ပိန်လှီသော ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။ "အစ်မ ဘာမှ ပြောစရာမလိုပါဘူး။ စန်းကျဲ။ နောင်တစ်ချိန်မှာ ကျိုးအိမ်တော်ကို လက်ထပ်သွားရင် ကောင်းကောင်းမွန်မွန်နေထိုင်ပြီး ပျော်ရွှင်တည်ငြိမ်တဲ့ ဘဝတစ်ခုကို တစ်သက်လုံး ဖြတ်သန်းသွားပါ။ ဒါက ငါ့အတွက် အပျော်ရွှင်ဆုံးနဲ့ အကျေနပ်ဆုံးကိစ္စပါပဲ”

လက်ထပ်ချင်ရင် လက်ထပ်လိုက်ပါတော့။

ကျိုးမိသားစုတစ်ခုလုံးက ဆိုးရွားရက်စက်တဲ့ လူဆိုးတွေလို့တော့ မဆိုနိုင်ပါဘူး။ အတိတ်ဘဝတုန်းကလည်း သိပ်ပြီး လွန်လွန်ကျူးကျူး လုပ်ရဲခဲ့တာ မဟုတ်ဘူး။ ပြောရရင် ကျိုးမိသားစုက အခွင့်အရေးသမားတွေချည်းပဲ။

ဒီလောကကြီးမှာ ဘယ်သူက အခွင့်အရေး မယူတတ်လို့လဲ။

သူမနှင့် ဒုတိယမင်းသားတို့၏ ရှုပ်ထွေးသော ဆက်ဆံရေးကြောင့် တော်ဝင်မိသားစုထဲသို့ မင်းသား၏ ကြင်ယာတော်အဖြစ် လက်ထပ်ဝင်ရောက်ရန် ကံကြမ္မာက အဆုံးအဖြတ်ပေးထားပြီး ဖြစ်လေသည်။ နောင်တွင် သူမသည် နန်းတော်တံခါးကို ဖြတ်ကျော်ကာ သာ့ဝေတိုင်းပြည်၏ မိဖုရားခေါင် ဖြစ်လာရဦးမည်။

ဒီလိုဖြစ်မှတော့ ငါ့ရဲ့မူလစိတ်ဓာတ်ကို ထိန်းသိမ်းပြီး အာဏာကို လက်ထဲမှာ မြဲမြဲကိုင်ထားရမယ်။ ဒါက ဘယ်လိုချိုသာတဲ့စကားတွေ၊ ပင်လယ်ရေလို မခန်းခြောက်တဲ့ သစ္စာတိုင်တည်ချက်တွေထက်မဆို ပိုပြီး စိတ်ချရတယ်။

သူမက နောက်တွင်ရှိနေသရွေ့တော့ ကျိုးမိသားစုဝင်များသည် လုမင်ဟွားအား မထီမဲ့မြင်ပြုဝံ့မည် မဟုတ်သည်မှာ အသေအချာပင်။

…

အပိုင်း (၇၂) ခြောက်လှန့်ခြင်း (၃)

ကျိုးမိသားစု၏ လယ်ယာမြေတို့သည် မြို့တော်၏ ဆင်ခြေဖုံးအရပ်တွင် တည်ရှိပြီး နေအိမ်ကတော့ မြို့ပြင်တွင် တည်ရှိလေသည်။

ကျိုးလီသည် ထန်ဟွားဘွဲ့ရပြီးနောက်တွင် ကျိုးသခင်ကြီးသည် မြို့တွင်းတွင် အိမ်တစ်လုံးဝယ်ယူရန် ကြံစည်နေခဲ့လေသည်။ သို့သော် မြို့တွင်းရှိ မြေဈေးမှာ အလွန်ကြီးမြင့်လှရာ နှစ်ဆောင်တွဲအိမ်တစ်လုံးပင်လျှင် ငွေ ၅၀၀။ ၆၀၀ လျန်ခန့် တန်ကြေးရှိလေသည်။ သုံးဆောင်တွဲ ခြံဝင်းကျယ်ကြီးတစ်လုံးကတော့ အနည်းဆုံး ငွေ ၂၀၀၀ လျန်ခန့် ရှိပေလိမ့်မည်။

ကျိုးမိသားစု၏ ငွေကြေးအင်အားဖြင့် နှစ်ဆောင်တွဲ အိမ်တစ်လုံးဝယ်ရန်ပင် အနည်းငယ် ခက်ခဲနေပြီး ထိုထက်ကြီးမားသော အိမ်ကြီးကိုတော့ မျှော်မှန်းကြည့်ရင်း သက်ပြင်းချရုံသာ တတ်နိုင်လေသည်။

ယနေ့ ရှင်းယန်ဝမ်အိမ်တော်မှ ထွက်ခွာလာပြီးနောက် ကျိုးသခင်ကြီးသည် မြင်းလှည်းထဲတွင် သက်ပြင်းချလျက် "ရှင်းယန်ဝမ်အိမ်တော်က တကယ်ကို ကျယ်ဝန်းတာပဲ”

ထိုနေရာသည်ကား မြို့တော်၏ အကောင်းဆုံးနေရာတွင် တည်ရှိသော ငါးဆောင်တွဲ ခြံဝင်းကျယ်ကြီး ဖြစ်သည်ပင်။ စစ်ရေးလေ့ကျင့်ကွင်းတစ်ခုတည်းတွင်ပင် သက်တော်စောင့် ရာပေါင်းများစွာကို တစ်ပြိုင်နက် လေ့ကျင့်နိုင်သည်ဖြစ်ရာ မကျယ်ဝန်းဘဲ အဘယ်မှာ ရှိမည်နည်း။

ကျိုးသခင်မကြီးသည် ယနေ့မြင်တွေ့ခဲ့ရသမျှကို ပြန်လည်တွေးတောရင်း မနေနိုင်မထိုင်နိုင် သက်ပြင်းချလိုက်မိသည်။ "ငါ့ဘဝတစ်လျှောက်လုံး အားလီက ရှင်းယန်ဝမ်အိမ်တော်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ဒါပေမဲ့ စိတ်မကောင်းစရာက အားလီကို သဘောကျတာက တတိယသခင်မလေး ဖြစ်နေတာပဲ။ ရှင်းယန်ဝမ်ရဲ့ သမီးအရင်းသာဆိုရင် ပိုကောင်းမှာ”

ကျိုးလီသည် ဘာစကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။

ကျိုးလီသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး မိခင်ဖြစ်သူအား စကားမပြောနိုင်တော့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ "ဒီလိုစကားမျိုးတွေ နောက်ဆို လျှောက်မပြောနဲ့တော့။ စတုတ္ထသခင်မလေးလုက ကျွန်တော့်ကို စိတ်မဝင်စားတာကို မပြောနဲ့ဦး။ စိတ်ဝင်စားရင်တောင်မှ ကျွန်တော် မယူရဲဘူး”

"အမေပဲ စဉ်းစားကြည့်လေ။ အဲ့ဒီလို ချွေးမတစ်ယောက်ရရင် အမေ ထိန်းနိုင်မှာတဲ့လား”

မျက်ဝန်းအိမ်တွင် အေးစက်တည်ငြိမ်သော အရှိန်အဝါများ လွှမ်းခြုံနေသော စတုတ္ထသခင်မလေးလုကို ပြန်လည်တွေးမိသောအခါ ကျိုးသခင်မကြီးသည် မနေနိုင်မထိုင်နိုင် တုန်လှုပ်သွားပြီး ဇက်ပုသွားကာ စကားတစ်ခွန်းမှ မဟရဲတော့ပေ။

ကျိုးသခင်ကြီးသည် ဇနီးဖြစ်သူအား မျက်စောင်းထိုးလိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောတော့သည်။ "မင်းကလည်း သိပ်လောဘကြီးတာပဲ။ ရှင်းယန်ဝမ်မှာ ဒီသမီးတစ်ယောက်ပဲရှိတာ။ ဆင်းရဲနွမ်းပါးတဲ့ အိမ်ငယ်လေးကို ချွေးမတော်ဖို့ လက်ထပ်လွှတ်ပါ့မလား။ စတုတ္ထသခင်မလေးလုက နန်းတော်ထဲဝင်ပြီး မင်းသားရဲ့ ကြင်ယာတော် ဖြစ်လာနိုင်တာပဲ”

"မင်းရဲ့ပါးစပ်ကို သေချာထိန်းထား။ လျှောက်မပြောနဲ့။ သားအတွက် ပြဿနာတွေ မရှာပေးနဲ့”

ကျိုးသခင်မကြီးသည် အဆက်မပြတ် ဆူပူကြိမ်းမောင်းခံရသဖြင့် စကားများများ မပြောရဲတော့ပေ။

ကျိုးသခင်ကြီးသည် သားဖြစ်သူကို အသံတိုးတိုးဖြင့် "အားလီ။ ဒီစေ့စပ်ပွဲက တကယ်ပဲ အောင်မြင်နိုင်ပါ့မလား”

ကျိုးလီသည် ဖခင်ဖြစ်သူအား ပြုံးလျက် နှစ်သိမ့်လေသည်။ "လုမိသားစုက စိတ်မဝင်စားဘူးဆိုရင် ဒီနေ့ ကျွန်တော်တို့ကို နေ့လယ်စာအတွက် ဖိတ်ခေါ်ထားမှာ မဟုတ်ဘူး။ စိတ်ချပါ။ နောက်ရက်နည်းနည်းကြာရင် အောင်သွယ်တော်ကို လုအိမ်တော်ကို နောက်တစ်ခေါက် သွားခိုင်းလိုက်ပါ။ ၃-၄ ခေါက်လောက်သွားပြီးရင် လုမိသားစုက သဘောတူလာမှာပါ”

ကျိုးသခင်ကြီး၏ မျက်မှောင်ကြုတ်မှုများ ပြေလျော့သွားပြီး ကြည်နူးစွာ ပြုံးလိုက်ကာ ကျိုးသခင်မကြီးအား မှာကြားရန်လည်း မမေ့ပေ။ "နောင်တစ်ချိန်မှာ တတိယသခင်မလေးလု အိမ်ရောက်လာရင် မင်း ချွေးမကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်”

ကျိုးသခင်မကြီးသည် ညည်းညူလိုက်သည်။ "ဒါကို ရှင် ပြောစရာလိုလို့လား”

မျိုးရိုးမြင့်မားသော အိမ်တော်ကြီးမှ သမီးတစ်ယောက်ကို ချွေးမတော်စပ်ရသည်ဖြစ်ရာ သူမအနေဖြင့် ယောက္ခမမာနကို မည်သို့ထားရဲမည်နည်း။ ပြုံးပြုံးရွှင်ရွှင်ဆက်ဆံပြီး ချော့မော့ပြောဆိုရုံသာ ရှိတော့သည်။

...

အောင်သွယ်တော်ကျောက်သည် လဝက်အတွင်း လုအိမ်တော်သို့ နောက်ထပ်နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့လေသည်။ စတုတ္ထအကြိမ်မြောက် အိမ်တိုင်ရာရောက်လာသောအခါမှသာ လုမိသားစုသည် စေ့စပ်ပွဲကို သဘောတူညီခဲ့လေ၏။

ကျိုးသခင်ကြီးနှင့် ကျိုးသခင်မကြီးတို့သည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေပြီး လက်ထပ်စာချုပ်ချုပ်ဆိုရန် ချက်ချင်းပင် စီစဉ်ကြလေသည်။

ဤလဝက်အတွင်း လုမိသားစုနှင့် ရှန်းမိသားစုတို့သည် လက်ဆောင်ပဏ္ဏာများ ပေးပို့ပြီး လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်သည်။ ဘုန်းကြီးများ တွက်ချက်ပေးထားသော ကောင်းသောရက် သုံးရက်ရှိပြီး ရှန်းမိသားစုထံသို့ ပေးပို့ခဲ့ကြသည်။ ရှန်းလန်၏ ရှက်ကိုးရှက်ကန်း တောင်းဆိုမှုကြောင့် ရှန်းအမတ်ကြီးနှင့် ရှန်းသခင်မကြီးတို့သည် ဆယ်လပိုင်းငါးရက်နေ့ကို ရွေးချယ်ခဲ့ကြ၏။

ဆောင်းဦးရာသီသည် သာယာကြည်လင်ပြီး လက်ထပ်ထိမ်းမြားရန် အသင့်တော်ဆုံးသော အချိန်ပင်။

ကျိုးမိသားစုသည်လည်း ချွေးမလောင်းကို အိမ်သို့အမြန်ဆုံး ခေါ်ဆောင်လိုကြသည်။

ကျိုးလီသည် စာပေပညာသင်ကြားကာ စာမေးပွဲဖြေဆိုရန်အတွက် သူ၏စေ့စပ်ပွဲကို တစ်ဆယ့်ရှစ်နှစ်အရွယ်အထိ ရွှေ့ဆိုင်းခဲ့ရသည်။ အကယ်၍ နောက်နှစ်မှ လက်ထပ်မည်ဆိုလျှင် ၁၉နှစ်ပင် ရှိပေလိမ့်မည်။ ကျိုးသခင်မကြီးသည် ငွေအမြောက်အမြားကို ကတိပြုခဲ့သဖြင့် အောင်သွယ်တော်ကျောက်သည်လည်း လုအိမ်တော်သို့ အထူးတလည် အကြိမ်ကြိမ် သွားရောက်ခဲ့လေသည်။ နောက်ဆုံးတွင် လက်ထပ်ပွဲရက်ကို ၁၂လပိုင်းတွင် သတ်မှတ်နိုင်ခဲ့လေသည်။

စေ့စပ်ပွဲကို အတည်ပြုပြီးသည်နှင့် ကျိုးလီသည် လုအိမ်တော်၏ သမက်လောင်းအဖြစ် တရားဝင် အိမ်တိုင်ရာရောက် လာရောက်နိုင်ပြီ ဖြစ်လေသည်။

ကျိုးလီသည်လည်း နောက်ဆုံးတွင် သူ၏စေ့စပ်ထားသော ဇနီးလောင်း လုမင်ဟွားနှင့် တွေ့ဆုံခွင့်ရခဲ့လေသည်။

ပညာရှင်များ စီတန်းလှည့်လည်ခဲ့သော ထိုနေ့ပြီးနောက် ဤသည်မှာ သူတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

လုမင်ဟွားသည် ပန်းရောင်ဖျော့ဖျော့ နွေဦးဝတ်စုံတစ်စုံကို ဆင်မြန်းထားရာ သူမ၏ လှပသောမျက်နှာလေးသည် ပိုလို့ပင် တောက်ပသောအလှကို ဆောင်နေလေသည်။ မျက်နှာပေါ်တွင် အနီရောင်လွှလွှလေးသည် ညင်သာစွာ ပျံ့နှံ့နေပြီး သုံးလပိုင်းတွင် ဖူးပွင့်သော မက်မွန်ပန်းကဲ့သို့ပင် ရှက်သွေးဖြာကာ ချစ်စဖွယ်ကောင်းလှပေသည်။

ကျိုးလီသည် သူ၏စေ့စပ်ထားသော ဇနီးလောင်းကို စူးစိုက်ကြည့်ရင်း စိတ်နှလုံးထဲတွင် ပူပြင်းလာတော့သည်။ သည်းမခံနိုင်တော့ဘဲ ရှေ့သို့တစ်လှမ်းတိုးကာ ချစ်ခင်မြတ်နိုးစွာဖြင့် ပြောလိုက်၏။ "ဟွားမေ့မေ့။ ကိုယ် မင်းကို နောက်ဆုံးတော့ တွေ့ရပြီ”

အိမ်တိုင်ရာရောက် စေ့စပ်ကြောင်းလမ်းသည့်နေ့မှစ၍ ယခုအထိ တစ်လကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျိုးလီသည် အနည်းဆုံး လုအိမ်တော်သို့ ၄-၅ ကြိမ်ခန့် လာရောက်ခဲ့ပြီးဖြစ်သော်လည်း လုမင်ဟွားကတော့ အမြဲတစေ ရှောင်ဖယ်နေခဲ့သည်။

ဓလေ့ထုံးတမ်းအရဆိုလျှင် လက်ထပ်ရန်စောင့်ဆိုင်းနေသော မိန်းမပျိုတစ်ဦးသည် အမှန်တကယ်ပင် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သင့်ပေသည်။ သို့သော် သာ့ဝေတိုင်းပြည်၏ ဓလေ့မှာ ပွင့်လင်းလှပြီး စေ့စပ်ထားသော စုံတွဲများ အတူတကွ အပြင်ထွက်လည်ပတ်ခြင်းသည်လည်း သာမန်ကိစ္စတစ်ခုပင် ဖြစ်သည်။

လုမင်ဟွားက ကျိုးလီကို မတွေ့ချင်၍မဟုတ်ဘဲ လုမင်ယွိက သူမအား တားဆီးထားခြင်းဖြစ်ပြီး ယနေ့မှသာ ကျိုးလီနှင့် တွေ့ဆုံရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား လုမင်ယွိသည် စိတ်မချနိုင်သေးဘဲ အနီးအနားတွင် ရပ်နေကာ ကျိုးလီကို အခါအားလျော်စွာ စွေကြည့်နေလေသည်။

ထိုအမူအရာမှာ ဝံပုလွေရန်က ကာကွယ်နေသည်နှင့် များစွာမခြားလှပေ။

လုမင်ဟွားသည် မျက်နှာနီမြန်းစွာဖြင့် အသံတိုးတိုးဖြင့် "ကျွန်မတို့နှစ်ယောက်က လက်မထပ်ရသေးဘူးလေ။ ကျိုးသခင်လေးက ကျွန်မကို တတိယသခင်မလေးလုလို့ပဲ ခေါ်ပါဦး”

ကျိုးလီသည် မျိုးရိုးကောင်းသော အိမ်ထောင်တစ်ခုကို တွယ်ကပ်လိုသော်လည်း လုမင်ဟွားအား အမှန်တကယ်ပင် သဘောကျမိခဲ့သည်။ လူငယ်တစ်ဦး၏ စိတ်နှလုံးသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေရာ မနေနိုင်မထိုင်နိုင် နောက်တစ်လှမ်း ထပ်မံတိုးလိုက်မိ၏။

လုမင်ယွိက ကျိုးလီကို တစ်ချက်စွေကြည့်လိုက်၏။

ကျိုးလီသည် အနည်းငယ် မျက်နှာပူသွားကာ နောက်သို့ဆုတ်လိုက်ပြီး လုမင်ဟွားကို စိတ်အားထက်သန်သော အကြည့်များဖြင့် ဆက်လက်ကြည့်ရှုနေလေသည်။ "နွေဦးရာသီရဲ့ ရှုခင်းက အရမ်းလှတယ်။ ကိုယ် ဟွားမေ့မေ့ကို တစ်မနက်လောက် အတူတူအပြင်ထွက်လည်ဖို့ ဖိတ်ခေါ်ချင်တယ်”

လုမင်ဟွားသည် အနည်းငယ် တွန့်ဆုတ်သွားပြီး လုမင်ယွိကိုတစ်ချက်ကြည့်လိုက်၏။

လုမင်ယွိ၏ မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။

လုမင်ဟွားသည် နှုတ်ခမ်းကို အနည်းငယ်စေ့လိုက်ပြီး ကျိုးလီကို အသံတိုးတိုးဖြင့် ပြောရတော့သည်။ "စေ့စပ်ထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်ထွက်လည်တာက အဆင်မပြေတာတွေ များတယ်။ ဒီတိုင်းပဲထားလိုက်ပါတော့”

လုမင်ဟွား၏ ဤသို့ တည်ငြိမ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်သော အပြုအမူသည် အမှန်တကယ်တွင် စာပေပညာရှင်များ၏ အလှအပဆိုင်ရာ အမြင်နှင့် ပို၍ကိုက်ညီလှပေသည်။

ကျိုးလီသည် ငြင်းပယ်ခံလိုက်ရသော်လည်း စိတ်ဆိုးခြင်းမရှိဘဲ စိတ်ထဲတွင် ပိုလို့ပင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာလေသည်။ သူသည် နူးညံ့စွာ ပြုံးကာ ပြောလေ၏။ "ဒါဆို နောက်ပိုင်းကျရင် ကိုယ် လုအိမ်တော်ကို မင်းကိုလာတွေ့ဖို့ မကြာခဏလာခဲ့မယ်”

လုမင်ဟွားသည် မျက်နှာနီမြန်းစွာဖြင့် 'အင်း' ဟု တစ်လုံးသာ ဆိုလိုက်ပြီး လုမင်ယွိကို မြန်မြန်လေး တစ်ချက်ကြည့်လိုက်၏။

မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ စေ့စပ်ပွဲသည် အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ စေ့စပ်ထားသော ကြင်သူစုံတွဲကို ရင်းနှီးခွင့်မပေးဘဲ အမြဲတစေ တားဆီးထား၍လည်း မဖြစ်ပေ။

လုမင်ယွိသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး တွေ့ကရာ အကြောင်းပြချက်တစ်ခုရှာကာ ထွက်သွားလေသည်။

လုမင်ယွိ ထွက်သွားသည်နှင့် ကျိုးလီသည် တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး အသက်ရှူရသည်ကပင် ပိုချောင်သွားလေသည်။ သူသည် လုမင်ဟွားကို ကြည့်ရင်း အသံတိုးတိုးဖြင့် ပြုံးကာ ပြောလိုက်၏။ "ပြောရရင် တကယ်ကို ထူးဆန်းတယ်။ ကိုယ်က အရင်က စတုတ္ထသခင်မလေးကို တစ်ခါမှမမြင်ဖူးဘူး။ သူ့ကို အပြစ်လုပ်ခဲ့တာလည်း မရှိဘူး။ ဒါပေမဲ့ သူက နေရာတကာမှာ ကိုယ့်ကို မျက်စိစပါးမွှေးစူးနေတယ်။ ဟိုတခေါက် အိမ်လာလည်တုန်းကလည်း အတော်လေးကို ရှိန်သွားအောင် ခြောက်လှန့်ခဲ့တာပဲ”

ဟုတ်ပေသည်။ လုမင်ယွိသည် အမှန်တကယ်ပင် ကျိုးလီကို မနှစ်သက်ပေ။

ထိုစဉ်က လုမင်ဖန်းနှင့် ကျန်းကျုံးတို့ စေ့စပ်စဉ်က လုမင်ယွိသည် ပြုံးရွှင်စွာဖြင့် 'ကျဲဖူ' ဟု တစ်ခွန်းပြီးတစ်ခွန်း ခေါ်ဆိုခဲ့သည်။ ဤနှစ်များအတွင်း ကျန်းကျုံးသည် လုအိမ်တော်သို့ မကြာခဏ လာရောက်တည်းခိုလေ့ရှိပြီး လုမင်ယွိသည်လည်း ဤအစ်မကြီး၏ ခင်ပွန်းအပေါ်တွင် အတော်လေး ရင်းနှီးချစ်ခင်လေသည်။

သို့သော် ကျိုးလီအပေါ်တွင်မူ လုမင်ယွိ၏ အေးစက်မှုနှင့် မလိုမုန်းထားမှုတို့မှာ ထင်ရှားစွာ မြင်တွေ့နိုင်လေသည်။

လုမင်ယွိ၏ စိတ်နေသဘောထားမှာ ဤသို့ပင်။ ချစ်ခြင်းမုန်းခြင်းမှာ ထင်ရှားပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မျက်နှာပေါ်တွင် ပေါ်လွင်နေကာ ဖုံးကွယ်ထားခြင်းမရှိသလို ဟန်ဆောင်ပေါ င်းသင်းခြင်းလည်း မပြုပေ။

"ကျွန်မရဲ့စိတ်ထားက နူးညံ့တော့ စစ်မေ့က ကျွန်မ အနိုင်ကျင့်ခံရမှာကို စိုးရိမ်လို့ ရှင့်ကို တမင်သက်သက် ခက်ခဲအောင်လုပ်ပြီး ကျိုးမိသားစုကို ရှိန်သွားအောင် ခြောက်လှန့်တာပါ။ တကယ်တော့ စစ်မေ့က အပြင်ပန်းမှာ အေးစက်ပေမယ့် အတွင်းစိတ်က နွေးထွေးပြီး စိတ်ထားအကောင်းဆုံးပါပဲ” လုမင်ဟွားသည် အသံတိုးတိုးဖြင့် ဆိုလေသည်။

ဘာပဲဖြစ်ဖြစ်လေ။ သူကတော့ ဆောင်းလေလို အေးစက်ပြီး ရက်စက်တာကိုပဲ ခံစားလိုက်ရတာပဲ။

ကျိုးလီသည် စိတ်ထဲတွင် ညည်းညူနေရင်း လုမင်ဟွား၏ စကားအတိုင်း ပြုံးကာ ပြောလိုက်တော့သည်။ "စတုတ္ထသခင်မလေးက စေတနာကောင်းနဲ့ လုပ်တာဆိုတာ ကိုယ်နားလည်ပါတယ်။ စိတ်ထဲမထားပါဘူး”

ခဏလောက် ရပ်တန့်ပြီးနောက် အသံတိုးတိုးဖြင့် "ဟွားမေ့မေ့။ စိတ်ချပါ... ကိုယ်က မင်းကို ဇနီးမယားအဖြစ် လက်ထပ်ဖို့ စိတ်ရင်းအမှန်နဲ့ တောင်းဆိုခဲ့တာပါ။ နောင်တစ်ချိန်မှာ ကိုယ်တို့ လက်ထပ်ပြီးရင် ကိုယ် မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ”

လုမင်ဟွား၏ ပါးပြင်သည် တိမ်နီကဲ့သို့ နီမြန်းနေပြီး စိတ်ထဲတွင်တော့ ပျားရည်ကဲ့သို့ ချိုမြိန်နေလေသည်။

နှစ်ဦးသား တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြစဉ် လုမင်ယွိ၏ အနီးကပ်အစေခံမလေး ချီယွင်သည် ပြုံးရွှင်စွာဖြင့် ရောက်လာတော့သည်။ "စတုတ္ထသခင်မလေးက တတိယသခင်မလေးနဲ့ ကျိုးသခင်လေးကို စစ်ရေးလေ့ကျင့်ကွင်းကို အတူတူသွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်”

...

All Chapters