အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အပိုင်း (၇၃) ကျဲဖူ (ခဲအို)
သိုင်းလေ့ကျင့်ကွင်း ဟုတ်လား။
ကျိုးလီသည် မှင်သက်သွားပြီး လုမင်ဟွားကို အမှတ်တမဲ့ လှည့်ကြည့်လိုက်မိ၏။
ကျိုးလီ၏ မျက်လုံးထဲတွင် သူ၏စေ့စပ်ထားသော ဇနီးလောင်း လုမင်ဟွားသည် ရုပ်ရည်လှပပြီး နူးညံ့သိမ်မွေ့ကာ ရေအလျဉ်ကဲ့သို့ အေးချမ်းလှသည်။ မည်သို့ပင်ကြည့်စေကာမူ ဓားလှံလက်နက်တို့နှင့် ကစားသူတစ်ဦးနှင့် မည်သို့မျှ မတူလှပေ။
သို့သော် လုမင်ဟွားကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့်အလား "ကောင်းပြီလေ။ ကျွန်မ အခုပဲသွားလိုက်မယ်” ဟု ဆိုပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် သူ့ကို တစ်ချက်ကြည့်ကာ "လုအိမ်တော်ရဲ့ သိုင်းလေ့ကျင့်ကွင်းက မြို့တော်မှာ နာမည်ကြီးတယ်လေ။ ကျိုးသခင်လေးလည်း ဒီနေ့ ဗဟုသုတတိုးသွားမှာပေါ့”
ကျိုးလီ “...”
ထိုသို့သော နူးညံ့ကြင်နာမှုတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းနက်တစ်စုံကို ရင်ဆိုင်လိုက်ရသောအခါ ကျိုးလီ၏ နှလုံးသားသည် အရည်ပျော်ကျသွားလုမတတ် ဖြစ်သွားပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ သဘောတူလိုက်မိတော့သည်။
ထို့နောက်တွင်တော့ နူးညံ့သိမ်မွေ့လှသော သူ၏စေ့စပ်ထားသော ဇနီးလောင်းသည် သူ့ကို သိုင်းလေ့ကျင့်ကွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။
ယခုအချိန်တွင် ကိုယ်ရံတော်တပ်သားများ၏ လေ့ကျင့်မှုမှာ ပြီးဆုံးသွားပြီဖြစ်ပြီး သိုင်းလေ့ကျင့်ကွင်းထဲတွင် ရှိနေသူများမှာ လုမောင်နှမများသာ ဖြစ်ကြလေသည်။
လုမင်ယွိသည် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ဓားသွားမှာ ထက်ရှပြင်းထန်လှသည်။ လုမင်ယွဲ့နှင့် လုရွှမ်းတို့နှစ်ဦး ပူးပေါင်း၍ တိုက်ခိုက်သော်လည်း အကွက် ၅၀ ပင် မခုခံနိုင်ခဲ့ပေ။ မကြာမီပင် အရှေ့သို့ ရှောင်တိမ်းလိုက် အနောက်သို့ ပြေးလွှားလိုက်ဖြင့် အကျိုးနည်းစွာ ထွက်ပြေးနေရလေသည်။
လုမင်ယွိသည် အားနည်းချက်တစ်ခုကို မြင်တွေ့လိုက်ရပြီး အားကုန်သုံးကာ ခြေတစ်ချက်ဖြင့် လုရွှမ်းကို ကန်ထုတ်လိုက်လေသည်။
လုရွှမ်းသည် လေထဲတွင် တစ်ပတ်လှည့်ပြီးမှ မြေပြင်သို့ ကျသွားကာ အရှက်တကွဲ တစ်ပတ်လူးလိမ့်သွားပြီးနောက် လျင်မြန်စွာ ပြန်လည်ထရပ်လိုက်သည်။ ထွက်ပြေးလိုသော်လည်း မပြေးဝံ့ဘဲ မျက်နှာတွင် ဖုန်များပေကျံလျက်ပင် ဆက်ပြီး အရိုက်အနှက်ခံရန် ရှေ့သို့တိုးလာခဲ့သည်။
လုမင်ယွိသည် နည်းနည်းလေးမှ ညှာတာမှုမရှိဘဲ လုရွှမ်းကို ဆူပူကြိမ်းမောင်းနေလေသည်။ "ဒီရက်ပိုင်း သိုင်းလေ့ကျင့်တာ ပျင်းနေတယ် မဟုတ်လား။ ခြေလှမ်းတွေက ပေါ့ပျက်ပျက်နဲ့။ လက်ထဲမှာလည်း အားမရှိဘူး။ တစ်ရက်လောက်မကြည့်တာနဲ့ မရတော့ဘူး”
လုရွှမ်းသည် မျက်နှာရှုံ့မဲ့လျက် မိမိကိုယ်ကို ခုခံရန် ကြိုးစားလေသည်။ "စစ်ကျဲရယ်။ ငါ ဘယ်မှာ ပျင်းရဲမှာလဲ။ နေ့တိုင်း နည်းနည်းလေး နောက်ကျပြီးမှထတာပဲရှိတာ... အား!"
လုရွှမ်းသည် နောက်တစ်ကြိမ် အကန်ခံလိုက်ရပြီး နာကျင်မှုကြောင့် နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားလေသည်။
ကျိုးလီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ "မင်းတို့ နေ့တိုင်း ဒီလိုပဲ သိုင်းလေ့ကျင့်ကြတာလား”
သူသည် ငယ်စဉ်ကတည်းက စာပေပညာကိုသာ သင်ကြားခဲ့ပြီး သိုင်းပညာကို တစ်ခါမျှ မလေ့ကျင့်ခဲ့ဖူးပေ။ ယခုအချိန်တွင် လုမောင်နှမများ၏ တိုက်ခိုက်နေပုံကို မြင်တွေ့ရသောအခါ မျက်စိများပင် ပြာဝေသွားပြီး စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားလေသည်။
လုမင်ဟွားသည် အသားကျနေပြီဖြစ်သဖြင့် ပြုံးလျက် "ဟုတ်တယ်။ လျို့တိက ဉာဏ်ကောင်းပြီး လိမ္မာပါးနပ်ပေမယ့် ဉာဏ်များပြီး ပျင်းရိတတ်တယ်။ စစ်မေ့တစ်ယောက်ပဲ သူ့ကို ထိန်းနိုင်တာ”
ကျိုးလီသည် သိုင်းလေ့ကျင့်ကွင်းကို ထပ်မံကြည့်လိုက်သောအခါ ချစ်စဖွယ်ကောင်းသော ပဉ္စမသခင်မလေးလုသည်လည်း အရိုက်အနှက်ခံရပြီး အော်ဟစ်ဆူညံနေသည်ကို တွေ့လိုက်ရသဖြင့် မနေနိုင်မထိုင်နိုင် မှတ်ချက်ပြုလိုက်မိသည်။ "စတုတ္ထသခင်မလေးကတော့ နည်းနည်းလေးတောင် စိတ်မပျော့ဘူးပဲ”
လုမင်ဟွားကတော့ "သိုင်းပညာသင်တယ်ဆိုတာက ဒီလိုပါပဲ။ စိတ်ဓာတ် မမာကျောရင် သိုင်းပညာတစ်ခုလုံးကို ဘယ်လိုလုပ်ပြီး တတ်မြောက်နိုင်မှာလဲ”
ကျိုးလီသည် မျက်ခုံးမျက်လုံးများ လှပပြီး နူးညံ့သိမ်မွေ့သော သူ၏စေ့စပ်ထားသော ဇနီးလောင်းကို ကြည့်ရင်း အခိုက်တန့် စကားမပြောနိုင် ဖြစ်သွားလေသည်။
လုမင်ဟွားသည် နူးညံ့စွာ တိုးတိုးလေးဆိုလေသည်။ "ကျွန်မရဲ့သိုင်းပညာက သာမန်ပါပဲ။ စာဖတ်ရတာကို ပိုသဘောကျတယ်။ ယိဖုက ကျွန်မကို ဘယ်လိုခင်ပွန်းလောင်းမျိုးနဲ့ လက်ထပ်ချင်လဲလို့ မေးတော့ ကျွန်မက ယိဖုကို ပြောလိုက်တယ်။ ကျွန်မက ဒီနှစ်ရဲ့ ထန်ဟွားလောင်းကို သဘောကျမိတယ်လို့”
ကျိုးလီသည် ထိုစကားကိုကြားလိုက်သည်တွင် စိတ်နှလုံးတွင် ပူရှိန်းရှန်းဖြစ်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် လက်လှမ်းကာ လုမင်ဟွား၏ လက်ကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်၏။
"စန်းကျဲ..." လုမင်ယွိ၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ "အစ်မလည်း လာခဲ့လေ”
လုမင်ဟွားသည် ပြုံးကာ သဘောတူလိုက်ပြီး လက်နက်စင်ဘက်သို့ လှည့်သွားကာ သူမ အမြဲသုံးနေကျ ကျာပွတ်ရှည်ကို ယူလိုက်၏။
ကျိုးလီ၏ လက်သည် လေထဲတွင် အချည်းနှီးဖြစ်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြန်ရုတ်သိမ်းလိုက်ရလေသည်။
လုမင်ဟွားကတော့ လုံးဝ သတိမထားမိဘဲ သိုင်းလေ့ကျင့်ကွင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး ကျာပွတ်ရှည်ကို ဝှေ့ယမ်းကာ တိုက်ပွဲထဲသို့ ဝင်ရောက်သွားလေသည်။ လုမင်ဟွား ဝင်ရောက်လာသည်နှင့် လုမင်ယွဲ့နှင့် လုရွှမ်းတို့သည် နောက်ဆုံးတွင် အနည်းငယ် အသက်ရှူချောင်သွားတော့သည်။
လုမင်ဟွားက မိမိ၏သိုင်းပညာသည် သာမန်မျှသာဖြစ်သည်ဟု ဆိုသော်လည်း ထိုသည်မှာ နှိမ့်ချပြောဆိုခြင်း မဟုတ်ပေ။ လုမောင်နှမ ၆ ယောက်ထဲတွင် သူမ၏ လက်စွမ်းသည် အသက်အငယ်ဆုံးဖြစ်သော လုရွှမ်းနှင့် အတူတူလောက်သာ ရှိလေသည်။ သို့သော် သာမန်ကိုယ်ရံတော်တပ်သားများနှင့် နှိုင်းယှဉ်လျှင်တော့ အများကြီး ပိုပြီးသာလွန်ပေသည်။
သာမန်အားဖြင့် သန်မာသော ယောက်ျားနှစ်သုံးယောက်သည် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
သူမသည် ရှစ်နှစ်အရွယ်မှစ၍ ကျာပွတ်ရှည်ကို လေ့ကျင့်ခဲ့ရာ စုစုပေါင်း ရှစ်နှစ်တိုင်တိုင် လေ့ကျင့်ခဲ့ပြီးဖြစ်သဖြင့် ကျာပွတ်ပညာတွင် ကျွမ်းကျင်လှပေသည်။ ကျာပွတ်ရှည်သည် သူမ၏ လက်ထဲတွင် လျင်မြန်ဖျတ်လတ်သော မြွေတစ်ကောင်ကဲ့သို့ ကူးလူးပျံသန်းနေလေသည်။ ထို့အပြင် ကျာပွတ်ရှည်ကို ဝှေ့ယမ်းလိုက်သောအခါ ကျာပွတ်အရိပ်များသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရှိန်အဝါကြီးမားလှသည်ကို တွေ့မြင်ရပေမည်။
ကျိုးလီ “...”
ကျိုးလီ၏ စိတ်အစဉ်သည် ရုတ်တရက် အလွန်ရှုပ်ထွေးသွားတော့သည်။
ဒါ... လက်ထပ်ပြီးတဲ့နောက်မှာ စကားများရန်ဖြစ်ကြရင် လုမင်ဟွားက သူ့ကို ကျာပွတ်နဲ့ ရိုက်လွှတ်လိုက်လို့ မြေပေါ်မှာ သွားတွေ လိုက်ကောက်နေရမှာ မဟုတ်လား။
...
"ကျိုးသခင်လေး..." ရင်းနှီးနေသောအသံတစ်သံသည် နားနားတွင် ထွက်ပေါ်လာလေသည်။
ကျိုးလီသည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး အလိုလိုပင် အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ "စတုတ္ထသခင်မလေးလု ဘယ်လိုဖြစ်ပြီး ရုတ်တရက် ရောက်လာတာလဲ”
လုမင်ယွိသည် ပေါ့ပေါ့ပါးပါးပင်။ "စန်းကျဲက ဝူမေ့နဲ့ လျို့တိကို အကွက်ပြပေးနေတော့ ကျွန်မလည်း ကျိုးသခင်လေးနဲ့ စကားစမြည်ပြောဖို့ အချိန်ရသွားတာပေါ့”
အဘယ်ကြောင့်မှန်းမသိ။ ကျိုးလီသည် သူ့ခယ်မလောင်းကို မြင်လိုက်သည်နှင့် အလိုလို စိတ်မလုံမလဲဖြစ်လာပြီး ကျောပြင်တွင် ချွေးစေးများပင် ထွက်လာလေသည်။ မျက်နှာတွင်တော့ ကျဲဖူတစ်ယောက်၏ ရင်းနှီးမှုနှင့် အဆင့်အတန်းကို ပြသနေရသေးသည်။ "စတုတ္ထသခင်မလေးမှာ ပြောစရာစကားရှိရင် ပြောသာပြောပါ”
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို ကွေးတင်ထားလိုက်ပြီး ကျိုးလီ၏ စိုးရိမ်ကြောင့်ကြစိတ်နှင့် စိတ်မလုံမလဲဖြစ်နေမှုကို ထွင်းဖောက်မြင်နိုင်သည့်အလား။ "ကျိုးသခင်လေး စိတ်မပူပါနဲ့။ စေ့စပ်ပွဲကလည်း အတည်ဖြစ်သွားပြီ။ စန်းကျဲက ကျိုးအိမ်တော်ကို လက်ထပ်သွားရင် ကျွန်မလည်း ရှင့်ကို စန်းကျဲဖူလို့ ခေါ်ရတော့မှာပဲ။ နောင်တစ်ချိန်မှာ မိသားစုဝင်တွေ ဖြစ်သွားကြမှာပါ”
အိမ်ထောင်မပြုရသေးသော မိန်းကလေးတစ်ဦး၏ မျက်ဝန်းအိမ်သည် ဤမျှလောက် တောက်ပထက်ရှနေသည်ပင်။
ကျိုးလီသည် မိမိကိုယ်ကို အားတင်ကာ တည်ငြိမ်အောင်ထားလိုက်ပြီဂ တင့်တယ်သည့် အမူအရာကို ထိန်းသိမ်းထားလေသည်။ "စတုတ္ထသခင်မလေး ပြောတာ မှန်ပါတယ်။ ကျွန်တော်က တတိယသခင်မလေးကို စိတ်ရင်းအမှန်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ နောင်တစ်ချိန်မှာ သူ့ကို ဘယ်တော့မှ စိတ်ဆင်းရဲအောင်။ အနိုင်ကျင့်တာမျိုး လုပ်မှာမဟုတ်ပါဘူး”
လုမင်ယွိသည် ပြုံးတစ်ချက် မပြုံးတစ်ချက်ဖြင့် ပြောလေ၏။ "မြင်း ကောင်း မကောင်း ခရီးဝေးမှသိနိုင်ပြီး လူကောင်းမကောင်းတော့ အချိန်ကြာမှ သိနိုင်တယ်လေ။ နောင်တစ်ချိန်မှာ ဘယ်လို ဖြစ်လာမလဲဆိုတာက တဖြည်းဖြည်းနဲ့ သိလာမှာပေါ့”
"ပြောရရင် ကျွန်မတို့ မောင်နှမ ၆ ယောက်က စိတ်နေစိတ်ထားတွေ မတူကြဘူး။ စန်းကျဲက နားလည်တတ်ပြီး စိတ်ထားနူးညံ့တယ်။ ကျွန်မကတော့ မတူဘူး။ ဒေါသကြီးပြီး စိတ်တိုလွယ်တယ်။ မွေးရာပါ စိတ်ဆိုးတတ်တဲ့သူမျိုးပေါ့။ ဘယ်သူက ကျွန်မကို လာစရင် ကျွန်မက အဲ့ဒီနေရာမှာပဲ ချက်ချင်းပေါက်ကွဲပစ်လိုက်ရမှ”
"ဟုတ်သားပဲ။ မိသားစုဝင်တွေ ဖြစ်တော့မှာပဲဟာ။ တချို့ကိစ္စတွေလည်း ကျွန်မ မဖုံးကွယ်ထားတော့ပါဘူး။ ကျွန်မက မွေးရာပါ အားကြီးတယ်။ ဒီနေ့ ကျိုးသခင်လေးက သိုင်းလေ့ကျင့်ကွင်းကို ရောက်လာတာနဲ့ အတော်ပဲ။ ကြည့်ပြီး ဗဟုသုတတိုးအောင် လုပ်လိုက်ပေါ့”
မျက်ဝန်းအိမ်သည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျိုးလီ၏ လက်ထဲမှ ယပ်တောင်ပေါ်သို့ ကျရောက်သွားလေသည်။
ထိုယပ်တောင်သည် အကောင်းစားသစ်သားဖြင့် ပြုလုပ်ထားပြီး အလွန်ပင် လက်ရာမြောက်လှပေသည်။
ကျိုးလီသည် အလွန်အမင်း နှမြောတသ ဖြစ်နေသော်လည်း မပေး၍လည်း မသင့်တော်သဖြင့် ယပ်တောင်ကို ပေးလိုက်ရတော့သည်။ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဒီသိုင်းပညာရှင်တွေကတော့ ဒီလိုပဲ စိတ်လိုက်မာန်ပါနဲ့ မဆင်မခြင် လုပ်တတ်ကြတာပဲ။ ကောင်းကောင်းမွန်မွန်ရှိတဲ့ ယပ်တောင်ကို ကိုယ့်ရဲ့စွမ်းရည်ကိုပြဖို့ နှစ်ပိုင်းချိုးပစ်ရမှ ကျေနပ်ကြတာ။
လုမင်ယွိသည် ယပ်တောင်ကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်လိုက်ပြီး ကျိုးလီ၏ မျက်စိရှေ့သို့ တည့်တည့်မြှောက်ပြလိုက်၏။
သူမသည် လက်ကို အားထည့်လိုက်ရာ ယပ်တောင်မှ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာလေသည်။ လက်ကို အနည်းငယ် ပြန်ဖြေလိုက်သောအခါ သစ်သားယပ်တောင်၏ အမှုန်အစများမှာ လက်ဖဝါးမှ လျှောကျလာလေ၏။ လေပြေတစ်ချက်က အဘယ်မှန်းမသိ တိုက်ခတ်လာပြီး သစ်သားအမှုန်များကို လွင့်စင်သွားစေလေသည်။ ထိုမြင်ကွင်းသည်ကား လေထဲတွင် ယိမ်းထိုးလွင့်မျောနေသော ကျိုးလီ၏ နှလုံးသားတစ်စုံနှင့် တူလှပေတော့သည်။
ကျိုးလီ “...”
လုမင်ယွိသည် ယပ်တောင်တစ်ခုလုံးကို အမှုန်အစများဖြစ်သွားအောင် ဖြည်းညင်းစွာ ပြုလုပ်ပြီးနောက် မျက်နှာအမူအရာ တောင့်တင်းနေသည့် ကျိုးလီကို အနည်းငယ် ပြုံးပြလိုက်သည်။ "ဒီနေ့တော့ အားနာစရာ ဖြစ်သွားပြီ”
ကျိုးလီ “...”
ကျိုးလီ၏ ဦးရေပြားသည် ထုံကျဉ်သွားပြီး မျက်စိရှေ့မှ ဤအံ့ဖွယ်အင်အားကြီးမားသော ကြောက်မက်ဖွယ်ကောင်းသည့် မိန်းမပျိုလေးနှင့် ဝေးရာသို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားလိုစိတ်များ ဖြစ်ပေါ်လာလေသည်။ သို့သော် သူမ၏ မျက်ဝန်းအစုံဖြင့် တစ်ချက်စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ လှုပ်ပင်မလှုပ်ဝံ့တော့ပေ။
လုမင်ယွိသည် ဆက်ပြုံးနေလိုက်ပြီး "ကျွန်မက စန်းကျဲထက် တစ်နှစ်ပဲငယ်ပြီး သံယောဇဉ်က နက်ရှိုင်းတယ်။ နောက်ဆို စန်းကျဲက ကျိုးအိမ်တော်ကို လက်ထပ်သွားရင် ကျွန်မ မကြာခဏ လာလည်မှာပဲ။ အဲ့ဒီအချိန်ကျရင် ကျဲဖူက ကျွန်မကို အရမ်းလာလည်လွန်းတယ်လို့ မငြိုငြင်ပါနဲ့နော်”
ဤသို့ ရင်းနှီးစွာဖြင့် ကျဲဖူ ဟု အခေါ်အဝေါ် ပြောင်းလိုက်လေသည်။
ကျိုးလီ၏ ကျောပြင်တွင် ချွေးစေးများ စီးကျလာသော်လည်း နေရာမှာပင် အမူအရာမပျက် တည်ငြိမ်စွာ ရပ်နေနိုင်သေးသည်။ "ဘယ်ဟုတ်ပါ့မလဲ ခင်ဗျာ။ စတုတ္ထသခင်မလေးက ကျိုးအိမ်တော်ကို ဧည့်သည်အဖြစ် ကြွလာတာကို ကျွန်တော်က ကြိုဆိုလို့မဆုံးပါဘူး”
လုမင်ယွိ၏ မျက်ဝန်းအိမ်သည် ကျိုးလီ၏ အနည်းငယ်တုန်ယင်နေသော ခြေထောက်ကို ကျော်လွန်ကြည့်လိုက်ပြီးနောက် တစ်ချက် ပြုံးလိုက်ပြန်သည်။ "ခုနက ကျွန်မက ကျဲဖူရှေ့မှာ လက်စွမ်းပြချင်စိတ်တွေ များပြီး ကျဲဖူရဲ့ ယပ်တောင်ကိုတောင် ဖျက်ဆီးမိသွားတယ်။ တကယ်ကို အားနာစရာပဲ”
ကျိုးလီသည် ချက်ချင်း ပြောရတော့၏။ "သာမန်ယပ်တောင် တစ်ချောင်းပါပဲ။ ဘာမှအရေးမကြီးပါဘူး။ စတုတ္ထသခင်မလေးသာ ကြိုက်တယ်ဆိုရင် နောက်နေ့ ကျွန်တော် လူလွှတ်ပြီး ယပ်တောင်အနည်းငယ် ပို့ပေးလိုက်ပါ့မယ်”
လုမင်ယွိသည် ကြည်နူးစွာ ပြုံးလိုက်သည်။ "ဒီလိုဆိုလည်း ကောင်းတာပေါ့။ ကျဲဖူက ပြောထားတာ မဟုတ်လား။ စန်းကျဲကို လာတွေ့ဖို့ မကြာခဏလာမယ်ဆို။ ကျွန်မလည်း ကျဲဖူနဲ့ စကားပြောပြီး ရင်းနှီးချင်သေးတာ”
ကျိုးလီ “...”
….
အပိုင်း (၇၄) ကြိုတင်ပြင်ဆင်ခြင်း
"စစ်ကျဲ။ အစ်မ ကျဲဖူ မကြိုက်ဘူးလား”
ကျိုးလီသည် ခဏလောက်နေပြီးနောက် နှုတ်ဆက်ထွက်ခွာသွားလေသည်။ ပါးနပ်လှသည့် ပဉ္စမညီမလေးသည် တိတ်တဆိတ် ကပ်လာပြီး အသံတိုးတိုးဖြင့် ကပ်ပြောလေ၏။
လုမင်ယွိသည် ပြုံးလျက် လုမင်ယွဲ့ကို တစ်ချက်စွေကြည့်လိုက်၏။ "ဘယ်သူပြောလို့လဲ။ ငါကတော့ အနာဂတ်ရဲ့ စန်းကျဲဖူကို တော်တော်မျက်စိထဲတွေ့ပါတယ်”
လုမင်ယွဲ့သည် လျှာတစ်ချက်ထုတ်ကာ မျက်နှာပြောင်ပြလိုက်၏။ "စစ်ကျဲက ငါ့ကို လိမ်မနေနဲ့တော့။ စစ်ကျဲက သာ့ကျဲရဲ့ ခင်ပွန်းကို ဘယ်လိုဆက်ဆံလဲဆိုတာ ငါ မမြင်ဖူးတာမှ မဟုတ်တာ”
စစ်ကျဲက ကျိုးလီကို ရှိန်သွားအောင် ခြောက်လှန့်နေတာ တစ်ခါလေးတောင် မရပ်ခဲ့ဘူးလေ။ ဒီနေ့လဲ လက်တစ်ဖက်ထဲနဲ့ ယပ်တောင်ကို ချေမွပစ်ခဲ့သေးတယ်။ အနာဂတ် စန်းကျဲဖူရဲ့ မျက်နှာချောချောလေးမှာ ကြောက်လန့်လွန်းလို့ ဖြူဖျော့သွားပြီး အရှက်တကွဲ ထွက်ပြေးသွားရသလိုပဲ။
လုမင်ယွိသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ "ငါပြောတာကို နင်မယုံရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက အနာဂတ် စန်းကျဲဖူကို အရမ်းလေးစားပါတယ်”
လုမင်ယွဲ့၏ မျက်လုံးအစုံသည် တစ်ပတ်လည်သွားပြီး အသံတိုးတိုးဖြင့် ပြုံးလိုက်ကာ "ဒီစကားကို ငါ ယုံတာ မယုံတာက အရေးမကြီးပါဘူး။ အရေးကြီးတာက စန်းကျဲက ယုံဖို့ပဲလိုတာ။ ငါ ကြည့်ရတာတော့ စန်းကျဲက ကျဲဖူကို လိုက်ပို့တဲ့အချိန်မှာ ခွဲခွာရမှာကို နှမြောနေပုံပဲ”
ဟုတ်ပေသည်။ မျက်စိရှိသူတိုင်း လုမင်ဟွားသည် ကျိုးလီကို မည်မျှနှစ်သက်ကြောင်းကို မြင်တွေ့နိုင်လေသည်။
လုမင်ယွိသည် မတတ်သာဘဲ သက်ပြင်းတစ်ချက်ချလိုက်မိ၏။
လုမင်ဟွားကိုသာ ထောက်ထားစရာမရှိရင် ငါက ကျိုးလီကို လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလား။
ယခုအခြေအနေတွင်တော့ အခါကိုလျော်စွာ သတိပေးနှိုးဆော်နေရုံသာ တတ်နိုင်တော့သည်။ လုမိသားစု မပြိုလဲသရွေ့ ကျိုးလီသည် သစ္စာဖောက်ဖျက်ခြင်းကို ပြုလုပ်မည်မဟုတ်သလို ပြုလုပ်ဝံ့မည်လည်း မဟုတ်ပေ။
စကားပြောဆိုနေစဉ်မှာပင် လုမင်ဟွားသည် ရောက်ရှိလာလေသည်။
လုမင်ယွိနှင့် လုမင်ယွဲ့တို့သည် အပေးအယူမျှစွာဖြင့် တစ်ပြိုင်နက်တည်း ပါးစပ်ပိတ်လိုက်ကြ၏။
လုမင်ဟွားသည် ယနေ့တွင် မျက်နှာတွင် နွေဦးရာသီကဲ့သို့ လန်းဆန်းတက်ကြွနေပြီး နှုတ်ခမ်းကိုစေ့ကာ ပြုံးလျက် "နေ့လယ်တောင် ရောက်တော့မယ်။ ငါတို့အတူတူ နေ့လယ်စာ သွားစားကြရအောင်”
လုမင်ယွိသည် ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး လုမင်ဟွားနှင့် လက်ချင်းတွဲကာ စားသောက်ခန်းမသို့ သွားရောက်ခဲ့ကြသည်။ နေ့လယ်စာ စားပြီးနောက်တွင်တော့ လုမင်ဟွား၏ အိပ်ဆောင်သို့သွားကာ တိုးတိုးတိတ်တိတ် စကားစမြည် ပြောဆိုကြလေသည်။
"စစ်မေ့။ နင် ကျိုးလီကို မကြိုက်ဘူး မဟုတ်လား” လုမင်ဟွားသည်လည်း တုံးအသူတစ်ယောက် မဟုတ်သည့်အလျောက် လုမင်ယွိ၏ ကျိုးလီအပေါ်ထားရှိသော ပစ်ပယ်မှုနှင့် အေးစက်မှုကို အစောကြီးကတည်းက သတိပြုမိခဲ့ပြီးဖြစ်လေသည်။
လုမင်ယွိသည်လည်း အမှန်ကို ဝန်ခံမည် မဟုတ်ပေ။ "ဘယ်ဟုတ်ပါ့မလဲ။ သူက ငါ့ရဲ့အနာဂတ် စန်းကျဲဖူလေ။ နောင်တစ်ချိန်မှာ အစ်မက သူ့ကိုလက်ထပ်သွားရင် ငါတို့က မိသားစုဝင်တွေ ဖြစ်သွားကြမှာပဲ။ ငါက သူ့ကို ဘယ်လိုလုပ်ပြီး မုန်းမှာလဲ”
လုမင်ဟွားသည် နှုတ်ဖြင့်သာ လိမ်ညာနေသော စစ်မေ့ကို တစ်ချက်ကြည့်လိုက်၏။
သူမသည် ကျိုးလီကို အိမ်တော်အပြင်သို့ လိုက်ပို့စဉ်က ကျိုးလီ၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှသည်ကို တွေ့ရသဖြင့် စကားစပ်၍ မေးမြန်းခဲ့သည်။ ကျိုးလီက ဘာမှမပြောသော်လည်း သူမက စစ်မေ့အကြောင်းကို စပြောလိုက်သည်နှင့် ကျိုးလီ၏ ချောမောသောမျက်နှာလေးမှာ ပို၍ပင် ဖြူဖျော့သွားလေသည်။
လုမင်ယွိသည် လုမင်ဟွား၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး "စန်းကျဲ။ အစ်မကြိုက်တာက ဘာထက်မဆို ပိုအရေးကြီးတယ်”
လုမင်ဟွား၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာပြီး ခေါင်းကို လုမင်ယွိ၏ ပခုံးပေါ်တွင် မှီလိုက်ကာ အသံတိုးတိုးဖြင့် "စစ်မေ့။ ကျေးဇူးတင်ပါတယ်”
သူမ သိပါတယ်။ နင်က သူမရဲ့စိတ်ထားက အရမ်းပျော့ညံ့လို့ ကျိုးမိသားစုက အနိုင်ကျင့်မှာကို စိုးရိမ်နေတာ မဟုတ်လား။
သူမ သိပါတယ်။ နင်က သူမအတွက် အားပေးရပ်တည်ပေးချင်လို့ တမင်သက်သက် ကျိုးလီကို ခြောက်လှန့်နေတာ မဟုတ်လား။
သူမ သိပါတယ်။ နင်လုပ်သမျှကိုလုံးက သူမအတွက်ပဲဆိုတာ။
လုမင်ယွိ၏ စိတ်နှလုံးတွင် အနည်းငယ် နာကျင်သွားပြီး လက်လှမ်းကာ လုမင်ဟွားကို ပွေ့ဖက်လိုက်သည်။ "ငါတို့က ညီအစ်မတွေပဲ။ ကျေးဇူးတင်စကားပြောဖို့ ဘာလိုလို့လဲ။ အစ်မ မှတ်ထားရမှာက အစ်မက လုအိမ်တော်ရဲ့ သမီးတစ်ယောက် ဆိုတာကိုပဲ။ နောင်တစ်ချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် လုအိမ်တော်ရဲ့ တံခါးက အစ်မအတွက် အမြဲတမ်း ဖွင့်ထားတယ်။ ကျိုးအိမ်တော်မှာ နေရတာမကောင်းရင် ဒါမှမဟုတ် တစ်ယောက်ယောက်က အစ်မကို အနိုင်ကျင့်ရင် ချက်ချင်းပြန်လာခဲ့”
အတိတ်ဘဝကလို နေရာတကာမှာ သည်းခံပြီး မွန်းကျပ်မနေနဲ့တော့။
ကျိုးလီကို ကျာပွတ်နဲ့ တစ်ချက်တည်းနဲ့ သေလုမျောပါးရိုက်နိုင်ရဲ့သားနဲ့ ဒေါသကိုမျိုသိပ်ပြီး သည်းခံနေခဲ့တာ။
လုမင်ဟွားသည် ရှိုက်ကြီးတငင်ဖြင့် အင်း ဟု တစ်လုံးသာ ဆိုလိုက်၏။
...
နေ့လယ်ပိုင်းသို့ ရောက်သောအခါ လုမင်ဖန်းသည် သားနှစ်ယောက်ကို ခေါ်ဆောင်ကာ လုအိမ်တော်သို့ ပြန်လာခဲ့လေသည်။
ငါးလပိုင်း ၂၀ရက် သည် လုမင်ယွိ၏ မွေးနေ့ဖြစ်သည်။ ယခုနှစ်တွင် လုမင်ယွိသည် ၁၅ နှစ်ပြည့်မည်ဖြစ်ပြီး ဆံထိုးတင်ပွဲသည်လည်း မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ကာ လဝက်ကျော်ခန့်သာ လိုတော့လေသည်။
လုအိမ်တော်တွင် အိမ်တော်သခင်မမရှိသဖြင့် အတွင်းဆောင်ကိစ္စများကို တစ်လျှောက်လုံး လုမင်ယွိကသာ တာဝန်ယူခဲ့ရသည်။ သို့သော် မိမိ၏ ဆံထိုးတင်ပွဲကို မိမိကိုယ်တိုင် စီစဉ်ခိုင်း၍လည်း မဖြစ်ပေ။
လုမင်ဖန်းသည် အိမ်တော်သို့ အထူးတလည် ပြန်လာခြင်းမှာ လုမင်ယွိ၏ ဆံထိုးတင်ပွဲကို စီစဉ်ရန်အတွက်ပင် ဖြစ်သည်။
ညနေစောင်းတွင် လုလင်းနှင့် သူ၏သားတော်များ အိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြပြီး စစ်စခန်းမှ ကျန်းကျုံးသည်လည်း သတင်းကြားသည်နှင့် တစ်ပါတည်း လုအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ လူအများ စုံညီကြသဖြင့် အလွန်ပင် စည်ကားလှပေသည်။ ညစာစားပြီးနောက်တွင် လုမင်ဖန်းသည် လုလင်းကို "ယိဖု။ စစ်မေ့ရဲ့ ဆံထိုးတင်ပွဲကို သမီးကိုပဲ တာဝန်ပေးပါတော့”
လုလင်းသည် စေ့စပ်သေချာပြီး နူးညံ့သိမ်မွေ့သော သမီးကြီးကို အလွန်ပင် ယုံကြည်ကိုကိုးသဖြင့် ပြုံးကာ ပြောလိုက်၏။ "ဒီလောက် အရေးကြီးတဲ့ကိစ္စကို နင့်ကိုအပ်မှပဲ ငါစိတ်ချနိုင်မှာပေါ့”
လုမင်ဖန်းသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။
ဤကိစ္စကို သူမသည် အစောကြီးကတည်းက စဉ်းစားထားခဲ့ပြီးဖြစ်ရာ သင့်တင့်လျောက်ပတ်စွာဖြင့် ပြောလိုက်၏။ "သမီး ယောက္ခမနဲ့ ဒီကိစ္စကို ပြောပြီးသွားပါပြီ။ ဒီနေ့ကစပြီး သမီး လုအိမ်တော်မှာပဲ လာနေပါ့မယ်”
"စစ်မေ့ရဲ့ ဆံထိုးတင်ပွဲကို ခမ်းနားထည်ဝါပြီး စည်ကားအောင် ကျင်းပရမယ်။ သမီးတို့ လုအိမ်တော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေဟောင်းတွေ အားလုံးကို လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားရမယ်။ စားပွဲဝိုင်း အဝိုင်း ၂၀ လောက်တည်ခင်းရင် လုံလောက်လောက်ပါပြီ။ အချိန်လည်း လိုသေးတော့ အေးအေးဆေးဆေး ပြင်ဆင်လို့ရပါတယ်”
"အရေးအကြီးဆုံးကတော့ ဘယ်သူ့ကို အခမ်းအနားမှူးအဖြစ် ဖိတ်ကြားမလဲ။ ဘယ်သူ့ကို အပျိုရံအဖြစ် ဖိတ်ကြားမလဲဆိုတာပါပဲ။ ယိဖုစိတ်ထဲမှာ စဉ်းစားထားတာရှိလား”
ဓလေ့ထုံးတမ်းအရဆိုလျှင် အခမ်းအနားမှူးကို ဂုဏ်သိက္ခာကြီးမားသော အမျိုးသမီးအကြီးအကဲများက တာဝန်ယူလေ့ရှိသည်။ သို့သော် လုလင်းတွင် ဆွေမျိုးရင်းချာမရှိသလို လုမင်ယွိ၏ မိခင်အရင်းမှာလည်း စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး မောင်နှမများလည်း မရှိပေ။ လုမင်ယွိတွင် အဖေဖက်က အဒေါ် မရှိသလို အမေဖက်ကအဒေါ်လည်း မရှိပေ။
လုလင်းက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်ရာ မကြာမီပင် သင့်တော်သောသူတစ်ဦးကို စဉ်းစားမိသွားလေသည်။ "ရှန်းသခင်မကြီးကိုပဲ အခမ်းအနားမှူးအဖြစ် ဖိတ်လိုက်ကြတာပေါ့”
ရှန်းနှင့် လုမိသားစုနှစ်ခုသည် စေ့စပ်ကြောင်းလမ်းထားပြီးဖြစ်သဖြင့် ရာထူးအဆင့်အတန်းအရ ရှန်းသခင်မကြီးသည် အလွန်ပင် သင့်တော်လှပေသည်။
ရှန်းသခင်မကြီးသည် လှပပြီး ကျက်သရေရှိကာ အမူအရာမှာ ထူးချွန်ပြောင်မြောက်လှသော်လည်း ပုံမှန်ကိုဖြင့် တိတ်တဆိတ် နေထိုင်လေ့ရှိသည်။ ဤမြို့တော်တစ်ခုလုံးရှိ မြင့်မြတ်သော အမျိုးသမီးများထဲတွင် ရှန်းသခင်မကြီးနှင့် နှိုင်းယှဉ်နိုင်သူမှာ လက်ချိုးရေလို့ ရလောက်အောင်ပင် ရှားပါးလှပေသည်။
လုမင်ဖန်းသည်လည်း အကြိမ်ကြိမ် ချီးကျူးစကား ပြောလိုက်၏။ "ယိဖုရဲ့စိတ်ကူးက ကောင်းလိုက်တာ။ ဒီကိစ္စအတွက် ယိဖုကိုယ်တိုင် သွားစရာ မလိုပါဘူး။ သမီးပဲ ရှန်းအိမ်တော်ကို တစ်ခေါက်သွားလိုက်ပါ့မယ်”
လုလင်းသည် ခေါင်းညိတ်လိုက်ပြီး စဉ်းစားကာ "အပျိုရံအဖြစ် ဘယ်သူ့ကို ဖိတ်ရင်ကောင်းမလဲ”
ဓလေ့ထုံးတမ်းအရဆိုလျှင် စေ့စပ်ထားသော မိန်းမပျိုတစ်ဦးသည် လူရှေ့သူရှေ့သို့ ထွက်ရန်မသင့်တော်ပေ။ ထို့ကြောင့် ရှန်းလန်နှင့် လုမင်ဟွားတို့ နှစ်ဦးစလုံးသည် အပျိုရံအဖြစ် ဆောင်ရွက်ရန် မသင့်တော်ပေ။
လုမင်ဖန်းသည်လည်း အနည်းငယ် တွန့်ဆုတ်သွားလေသည်။ "စစ်မေ့က ပုံမှန်ဆိုရင် ရှန်းလန်နဲ့ အခင်ဆုံးပဲ။ ရှန်းလန်ကလွဲရင် တခြားအိမ်က မိန်းကလေးတွေအကြောင်းကို စစ်မေ့ပြောတာ သိပ်မကြားဖူးဘူး”
မိသားစုဝင်များ၏ အမြင်တွင် လုမင်ယွိသည် ကောင်းသည်ထက် ကောင်းပြီး မကောင်းသည့်အချက် တစ်ချက်မျှမရှိပေ။
သို့သော် မျှတစွာပြောရလျှင် လုမင်ယွိ၏ စိတ်နေသဘောထားကြောင့် သူမကို မကြောက်ဘဲ ရင်းနှီးစွာ ပေါင်းသင်းဝံ့သူမှာလည်း အမှန်တကယ်ပင် များများစားစား မရှိပေ။
လုလင်းသည် ရယ်မောလိုက်သည်။ "ရှောင်ယွိက အမြဲတမ်း ကိုယ်ပိုင်စိတ်ကူးရှိတဲ့သူပဲ။ နင် သူ့ကို တိုက်ရိုက်ပဲ သွားမေးလိုက်။ သူ့စိတ်ထဲမှာ ဘယ်သူ့ကို သဘောကျလဲဆိုတာ ကြည့်လိုက်ပေါ့”
လုမင်ဖန်းသည် ပြုံးလျက် သဘောတူလိုက်ပြီး လုမင်ယွိကို သွားရောက်မေးမြန်းလေတော့သည်။
ဆံထိုးတင်ပွဲအကြောင်းကို ပြောလိုက်သည်နှင့် လုမင်ယွိ၏ ဦးနှောက်ထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး သူမ၏ အပြုံးသည် အနည်းငယ် တုံ့ဆိုင်းသွားလေသည်။
လုမင်ဖန်းသည် အနည်းငယ် ထူးခြားမှုကို ထက်မြက်စွာ သတိပြုမိသွားသည်။ "ရှောင်ယွိ။ နင် ဘာဖြစ်လို့ ရုတ်တရက် စကားမပြောတော့တာလဲ။ စိတ်ညစ်စရာ တစ်ခုခုရှိလို့လား”
လုမင်ယွိသည် အရေးမကြီးသလို ရှောင်လွှဲလိုက်၏။ "မရှိပါဘူး။ ငါ သိကျွမ်းတဲ့ နာမည်ကြီး မျိုးရိုးမြင့်သခင်မလေးတွေ ဒီလောက်များတာ။ ဘယ်သူ့ကို ငါ့ရဲ့အပျိုရံအဖြစ် ဖိတ်ခေါ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာပါ”
၁၅ နှစ်အရွယ် မိန်းမပျိုတစ်ဦးတွင် ပြောမထွက်နိုင်သော စကားများ ရှိနေခြင်းသည်လည်း ထူးဆန်းသောအရာ မဟုတ်ပေ။
လုမင်ဖန်းသည် နားလည်မှုရှိစွာဖြင့် ဆက်မမေးမြန်းတော့ဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ "ရှန်းလန်ကလွဲရင် နင် ဘယ်သူနဲ့ခင်လဲ။ ဘယ်သူ့ကို ဖိတ်ချင်လဲ ဖိတ်လိုက်ပေါ့။ ကျင်းအိမ်တော်က မိန်းကလေး။ ကွမ်းပင်းနယ်စားအိမ်တော်က မုန့်သခင်မလေး။ ဖူယန်နယ်စားအိမ်တော်က ကျောက်သခင်မလေး။ ဒါမှမဟုတ် ချောင်ကောလောင်အိမ်တော်က ချောင်သခင်မလေးပေါ့။ ငါ မှတ်မိသလောက်တော့ နင်က သူတို့နဲ့ ပုံမှန် အဆက်အသွယ်ရှိတယ်လေ”
မြို့တော်၏ အထက်တန်းလွှာ အမျိုးသမီးအသိုင်းအဝိုင်းတွင် ဤအနည်းငယ်သာ ရှိလေသည်။
လုမင်ယွိသည် စဉ်းစားလိုက်ပြီးနောက် "ကျောက်ယွီကိုပဲ ဖိတ်လိုက်ပါတော့”
ကျင်းချန်အာက သူ့တူ အရိုက်ခံရတဲ့ကိစ္စကြောင့် သူမနဲ့ မျက်နှာပျက်ခဲ့ကြတယ်။
မုန့်ယွင်လော်နဲ့က အတိတ်ဘဝကတည်းက ရန်ငြိုးရှိခဲ့တယ်။
ချောင်ဝမ်ကတော့ မဆိုးပါဘူး... ဒါပေမဲ့ ချောင်ဝမ်က ဒုတိယမင်းသားကို တစ်ဖက်သတ် စွဲလန်းနေတာ။ မသင်္ကာစရာတွေကို ရှောင်ရှားတာ ပိုကောင်းတယ်။ စဉ်းစားပြီးရင်း စဉ်းစားကြည့်လိုက်တော့လဲ ကျောက်ယွီကိုပဲ ဖိတ်တာကောင်းပါတယ်။
ကျောက်ယွီက ဘာသိဘာသာနဲ့ အပေါ်ယံဆန်ပေမဲ့ စိတ်ထားတော့ မဆိုးပါဘူး။ အတိတ်ဘဝတုန်းက သမီးယောက်မတွေအဖြစ် နှစ်အနည်းငယ်နေခဲ့ကြတော့ ရင်းနှီးပြီးသားပါပဲ။
လုမင်ဖန်းသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ ဒါဆို ပဉ္စမသခင်မလေးကျောက်ကိုပဲ ဖိတ်လိုက်ကြတာပေါ့”
...
အပိုင်း (၇၅)ထပ်မံတွေ့ဆုံခြင်း (၁)
လုမင်ယွိသည် ဖူယန်နယ်စားအိမ်တော်သို့ စာလွှာတစ်စောင် ပို့လိုက်ပြီးနောက် နောက်တစ်နေ့တွင် အိမ်တိုင်ရာရောက် သွားရောက်လည်ပတ်ခဲ့လေသည်။
ကျောက်မိသားစုသည် မျိုးရိုးစဉ်ဆက် မြင့်မြတ်သော မျိုးနွယ်စုကြီးတစ်ခုဖြစ်ပြီး ထိုစဉ်က လီမိသားစုနှင့် လက်ဆက်ထိမ်းမြားကာ အချင်းချင်း စောင့်ရှောက်ကူညီခဲ့ကြလေသည်။ နောက်ပိုင်းတွင် ယုံးကျားဧကရာဇ် လီယွမ်သည် မိမိကိုယ်တိုင် အလံထောင်ကာ ရပ်တည်ခဲ့ချိန်တွင် မုန့်မိသားစုက ပထမဆုံး ထောက်ခံခဲ့ပြီး ကျောက်မိသားစုကတော့ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ဤခြေတစ်လှမ်းနောက်ကျမှုကြောင့် ကျောက်မိသားစုသည် နေရာတိုင်းတွင် မုန့်မိသားစု၏ ဖိနှိပ်မှုကို ခံခဲ့ရလေသည်။ ကံအားလျော်စွာ မယ်တော်ကြီးကျောက် ရှိနေသဖြင့် ယုံးကျားဧကရာဇ်သည် မိမိ၏ ဝမ်းကွဲညီတော်အပေါ်တွင် ကပ်စေးမနဲဘဲ ဖူယန်နယ်စားအဖြစ် ချီးမြှင့်ခဲ့လေသည်။
စစ်သူကြီးများနှင့် ဂုဏ်ထူးဆောင် မြင့်မြတ်သောမျိုးနွယ်စုများထဲတွင် ရှင်းယန်ဝမ်နှင့် ကွမ်းပင်းနယ်စားတို့က ဦးဆောင်နေပြီး ဖူယန်နယ်စားကတော့ အောင့်သက်သက်ဖြင့် တတိယနေရာတွင် ရပ်တည်နေခဲ့ရလေသည်။
အမှန်စင်စစ် ဖူယန်နယ်စားတစ်ဦးတည်းသာ အောင့်သက်သက် ခံစားနေရခြင်း ဖြစ်သည်။ အခြားသူများ၏ အမြင်တွင်တော့ မယ်တော်ကြီးကျောက်၏ ကျေးဇူးကိုသာ မှီခိုနေရသည် မဟုတ်ပါလား။ ဘာအရည်အချင်းမှမရှိဘဲ နှုတ်ရေးဖြင့်သာ လှည့်ပတ်တတ်ပြီး ကောက်ကျစ်စဉ်းလဲတတ်သူတစ်ဦးက အဘယ်ကြောင့် ဖူယန်နယ်စား ဖြစ်နိုင်မည်နည်း။
ဖူယန်နယ်စားတွင် သား ၃ ယောက်နှင့် သမီး ၂ ယောက်ရှိပြီး ကျောက်ယွီမှာ တရားဝင်ဇနီးမှမွေးသော အငယ်ဆုံးသမီးဖြစ်ကာ အိမ်တော်တွင် အလွန်အမင်း အချစ်ခံရလေသည်။
လုမင်ယွိနှင့် ကျောက်ယွီတို့သည် ပုံမှန်အားဖြင့် သိပ်မရင်းနှီးသော်လည်း အဆက်အသွယ် ရှိကြလေသည်။
ယနေ့ လုမင်ယွိ အိမ်တိုင်ရာရောက်လာသောအခါ ပန်းရောင်ဝတ်စုံနှင့် ချစ်စဖွယ်ကောင်းလှသော ကျောက်ယွီသည် ပြုံးလျက် ကြိုဆိုလေသည်။ "ဒီနေ့ ဘယ်လေကတိုက်လို့ နင် ဒီအထိတောင် ရောက်လာတာလဲ”
ထိုသို့ပြောရင်း မနာလိုသည့်အရိပ်အယောင်ကို မဖုံးကွယ်နိုင်ဘဲ အရပ်မြင့်ပြီး ကျော့ရှင်းလှပသော လုမင်ယွိကို တစ်ချက်စွေကြည့်လိုက်၏။ "ရက်လေး နည်းနည်း မတွေ့တာနဲ့ နင်နည်းနည်းလားက် အရပ်ရှည်လာပြန်ပြီလို့ ငါ ဘာလို့ထင်နေရတာလဲ”
အရပ်အမောင်းသည် ကျောက်ယွီ၏ စိတ်ထဲမှ ထာဝရနာကျင်မှုပင်။
လုမင်ယွိသည် ကျောက်ယွီထက် ခေါင်းတစ်လုံးခန့် မြင့်မားပြီး အနီရောင်ဝတ်စုံနှင့် တည်ငြိမ်အေးချမ်းကာ ထူးချွန်ပြောင်မြောက်သော အရှိန်အဝါရှိလေသည်။ ကျောက်ယွီသည် လုမင်ယွိ၏ ရှေ့မှောက်သို့ ရောက်သွားသည်နှင့် ဖွံ့ဖြိုးမှုမပြည့်ဝသေးသော ကလေးငယ်တစ်ဦးနှင့် တူလှပေသည်။
တကယ်ကို ဒေါသထွက်စရာကောင်းလိုက်တာ။
လုမင်ယွိကတော့ မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ဒီရက်ပိုင်းမတွေ့တာနဲ့ နင်ကတော့ အရင်အတိုင်းပဲ အရပ်က နည်းနည်းလေးတောင် ရှည်မလာဘူး”
ကျောက်ယွီ “...”
ကျောက်ယွီသည် ဒေါသထွက်ကာ ရယ်မောလိုက်ပြီး လက်လှမ်းကာ လုမင်ယွိ၏ လက်မောင်းကို ဆွဲလိမ်လိုက်သည်။ "မုန်းစရာကောင်းလိုက်တာ။ ငါ့ဒဏ်ရာပေါ်ကို ဆားလာလာ ဖြူးနေတာပဲ။ ငါ့ကို ဒီလိုဆက်ပြီး စိတ်တိုအောင်လုပ်နေရင် နင့်ဆံထိုးတင်ပွဲနေ့ကျရင် ငါ နင့်ရဲ့အပျိုရံ မလုပ်ပေးတော့ဘူးနော်”
ဤမျှလားက်သော အားသည် လုမင်ယွိအတွက်တော့ နာကျင်ခြင်း။ ယားယံခြင်းပင် မရှိပေ။
လုမင်ယွိက ပြုံးလျက် ချော့မော့ပြောဆိုလိုက်သည်။ "ငါ မှားပါတယ်။ နင့်အားနည်းချက်ကို မဖော်ထုတ်သင့်ပါဘူး။ ပဥ္စမ သခင်မလေးကျောက်က စိတ်ထားကြီးမြတ်တော့ စိတ်ထဲမထားပါနဲ့တော့နော်။ ငါ့ဆံထိုးတင်ပွဲနေ့ကျရင် နင် စောစောလေး လာရမယ်။ နင်ရှိနေမှ ဆံထိုးတင်ပွဲက အထူးတလည် ခမ်းနားစည်ကားမှာ”
ထိုစကားကတော့ မှန်ပေသည်။
ကျောက်ယွီသည် ဂုဏ်ယူစွာဖြင့် မေးစေ့ကို ပင့်ထားလိုက်သည်။ "နင့်ရဲ့ စိတ်ရင်းအမှန်ကို ထောက်ထားပြီး ငါ ဒီတစ်ခါတော့ နင့်ကို ခွင့်လွှတ်လိုက်မယ်။ ဆံထိုးတင်ပွဲနေ့ကျရင် ငါ အကောင်းဆုံး ဝတ်စားဆင်ယင်ပြီး ပြင်ဆင်လာမှာ။ တကယ်လို့ နင့်ထက်ပိုပြီး ထင်ပေါ်သွားရင်တော့ နင် စိတ်မဆိုးနဲ့နော်”
ကျောက်ယွီသည် ဆိုးသွမ်းသူ မဟုတ်သလို စိတ်ကောက်ကျစ်စဉ်းလဲမှုလည်း များများစားစား မရှိပေ။ သို့သော် ပါးစပ်ကတော့ စကားပြောရာတွင် အနည်းငယ် မနှစ်မြို့ဖွယ်ကောင်းလေသည်။
အမှန်စင်စစ် လုမင်ယွိ၏ ရှေ့မှောက်တွင် နှုတ်ရေးဖြင့် အသာစီးရနိုင်သူမှာ တစ်ယောက်မျှမရှိသေးပေ။
လုမင်ယွိက ပြုံးလျက် ကျောက်ယွီကို တစ်ချက်လှမ်းကြည့်လိုက်ကာ "နင်က ထင်ပေါ်ချင်တယ်ဆိုရင်တောင်မှ လူတွေက နင့်ကို မြင်နိုင်မှဖြစ်မှာပေါ့”
ကျောက်ယွီသည် ဒေါသထွက်သွားပြီး မျက်လုံးပင် လန်တက်သွားလေသည်။
လုမင်ယွိကလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
ခဏလောက် စနောက်ရယ်မောပြီးနောက် အစေခံမလေး တစ်ယောက်က သတင်းလာပို့လေသည်။ "သခင်မလေး၅ကို အစီရင်ခံပါတယ်။ သခင်လေး၄လည်း အိမ်တော်မှာ ရှိနေပါတယ်။ လုစတုတ္ထသခင်မလေး ရောက်နေတယ်ကြားတော့ အထူးတလည် လာရောက်တွေ့ဆုံချင်ပါတယ်တဲ့”
စတုတ္ထသခင်လေးကျောက်၏ နာမည်မှာ ရွေ့ဟူသော စကားလုံးတစ်လုံးတည်းသာ ဖြစ်သည်။ သူသည် ကျောက်ယွီထက် တစ်နှစ်ကြီးပြီး မြို့တော်တွင် နာမည်ကြီး မျက်နှာများသူတစ်ဦး ဖြစ်လေသည်။ တစ်နှစ်ကျော်ခန့်က လုမင်ယွိသည် ကျောက်အိမ်တော်သို့ ဧည့်သည်အဖြစ်လာရောက်စဉ် ကျောက်ရွေ့နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့လေသည်။
ကျောက်ရွေ့သည် အလှတရားကို စွဲမက်သွားပြီး ပါးစပ်ဖွင့်ကာ ရင်းနှီးချင်ကြောင်း ပြောဆိုခဲ့သည်တွင် လုမင်ယွိ၏ ခြေတစ်ချက်ဖြင့် မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားခဲ့ပြီး ခုတင်ပေါ်တွင် ၇-၈ ရက်ခန့် လဲလျောင်းနေခဲ့ရပြီးမှ ထနိုင်ခဲ့လေသည်။
ကျောက်ရွေ့သည် ကာမစိတ်ရှိသော်လည်း ကာမလိုက်စားရန် သတ္တိမရှိသော မျက်နှာများသူ တစ်ယောက်ဖြစ်ရာ ထိုတစ်ကြိမ်နောက်ပိုင်းတွင် လုမင်ယွိနှင့်အတူ မီတာအနည်းငယ်အတွင်းသို့ပင် မနေရဲတော့ချေ။
သို့သော် လုမင်ယွိ အိမ်တော်သို့လာရောက်တိုင်း သူသည် မျက်နှာပြရန် မလွဲမသွေလာရောက်ပြီး လုမင်ယွိကို တစ်ချက်တွေ့မြင်ပြီးမှသာ ထွက်ခွာသွားလေ့ရှိသည်။
ကျောက်ယွီသည်လည်း မိမိ၏အစ်ကိုဖြစ်သူ၏ ဤအကျင့်ကို သိရှိသဖြင့် ရယ်ချင်သလို ဒေါသလည်းထွက်နေလေသည်။ "ဒီအစ်ကို၄ကလည်း တကယ်ပါပဲ။ စေ့စပ်ထားတဲ့သူတောင်ရှိနေပြီ။ ဒီလိုမျိုး..."
လုမင်ယွိကို မမေ့နိုင်မလျော့နိုင်ဖြစ်နေတုန်းပဲ။
ကျောက်ယွီသည် ဤစကားကို အတင်းအကျပ် မျိုချလိုက်ရလေသည်။
လုမင်ယွိကတော့ အရေးမကြီးသည့်အလား ဖြစ်သလို ပြုံးလျက် "စတုတ္ထသခင်လေးကျောက်က ငါ့ကို တွေ့ချင်တယ်ဆိုရင် သူ့ကို လာခိုင်းလိုက်ပေါ့”
လက်သီးတစ်ချက်တည်းနဲ့ လဲကျသွားမယ့် ကြောက်ရွံ့တတ်တဲ့လူစားမျိုး။ တွေ့ရင်တောင်မှ အနားမကပ်ရဲဘဲ အများဆုံး ငါ့ကို တစ်ချက်ပိုကြည့်ရုံပဲ။ ကျောက်ယွီကို မျက်နှာသာပေးလိုက်တယ်လို့ပဲ သဘောထားလိုက်တာပေါ့။
ကျောက်ယွီနှင့် ကျောက်ရွေ့တို့သည် အသက်အရွယ်တူညီကြပြီး အခင်မင်ဆုံးဖြစ်ကြသည်။ ပါးစပ်က ညည်းညူနေသော်လည်း စိတ်ထဲတွင်တော့ မိမိ၏အစ်ကိုဖြစ်သူကို ချစ်ခင်လေသည်။ တစ်ဖက်တွင် သဘောတူလိုက်ရင်း တစ်ဖက်တွင်တော့ စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူနေမိသည်။
လုမင်ယွိဆိုတဲ့ ကျားရဲမကို အစ်ကို၄က လာရဲသေးတယ်နော်။
လက်ဖက်ရည်တစ်ခွက် သောက်ချိန်ပင်မကြာမီ ကျောက်ရွေ့သည် ရောက်ရှိလာခဲ့လေသည်။
အတူတကွ ရောက်ရှိလာသူများကတော့ ဒုတိယမင်းသား၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ ဖြစ်ကြလေသည်။
...
ကျောက်မိသားစုသည် ယုံးကျားဧကရာဇ်၏ မိခင်ဘက်မှ ဆွေမျိုးများဖြစ်ကြပြီး အမြဲတစေ ရင်းနှီးကြလေသည်။ ကျောက်ရွေ့နှင့် ကျောက်ယွီမောင်နှမနှစ်ဦးသည် ငယ်စဉ်ကတည်းက လီအိမ်တော်သို့ ဝင်ထွက်သွားလာခဲ့ကြပြီး မင်းသားညီနောင်ဝမ်းကွဲများနှင့် အလွန်ပင် ရင်းနှီးကြလေသည်။
ယုံးကျားဧကရာဇ်သည် မင်းဆက်သစ်ထူထောင်ပြီးနောက်တွင် လီမိသားစုဝင်များသည် တော်ဝင်မိသားစုဝင်များအဖြစ်သို့ တစ်မဟုတ်ချင်း တိုးမြှင့်ခံရပြီး ရာထူးအဆင့်အတန်းသည်လည်း ရုတ်တရက် မြင့်မားသွားခဲ့လေသည်။ သို့သော် ကျောက်မိသားစုနှင့်တော့ ရင်းနှီးစွာ ဆက်လက်ဆက်ဆံခဲ့ကြသည်။
ကျောက်ရွေ့သည် ချစ်ခင်ယုယမှုဖြင့် ကြီးပြင်းလာခဲ့ပြီး စာပေပညာတွင်လည်း မထူးချွန်သလို စစ်ရေးပညာတွင်လည်း မကျွမ်းကျင်ပေ။ မျက်နှာတစ်ခုတည်းသာ အနည်းငယ် ကြည့်ကောင်းလေသည်။ ဖူယန်နယ်စားသည် မျက်နှာပြောင်တိုက်ကာ သားဖြစ်သူအတွက် ရာထူးတစ်ခုကို တောင်းဆိုခဲ့ရာ ယခုအခါတွင်တော့ နန်းတွင်းကိုယ်ရံတော်တစ်ဦး ဖြစ်နေလေပြီ။
သို့သော် ကျောက်ရွေ့သည် တာဝန်ထမ်းဆောင်ရာတွင် အလွန်ပင် ပေါ့ပျက်ပျက်နိုင်လှပြီး တစ်ရက်ခြားတစ်ခါ နန်းတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရလေသည်။ ယနေ့သည် အနားယူရက်နှင့် တိုက်ဆိုင်နေသဖြင့် နံနက်စောစောကတည်းက မင်းသားများဖြစ်ကြသည့် ဝမ်းကွဲအစ်ကိုတော်များနှင့် ညီတော်များသည် အတူတကွ ကျောက်အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။
ထူးဆန်းလိုက်တာ။ ဘာလို့ အသံတစ်ချက်မပေးဘဲ အကုန်လုံး ရောက်ချလာရတာလဲ။
ပြီးတော့ ဒုတိယမင်းသားနဲ့ တတိယမင်းသားကြားက တင်းမာနေတဲ့လေထုကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။
တစ်ခါတစ်ရဲ့ မျက်လုံးချင်း ဆုံမိရင်တောင်မှ အေးစက်စက် ရယ်မောသံများနှင့် ရင်ဆိုင်ထိပ်တိုက်တွေ့လိုသော မီးတောက်များသာ ထွက်ပေါ်နေလေသည်။
ကျောက်ရွေ့သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
သူသည် နန်းတော်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ရာ သတင်းအချက်အလက်များ လျင်မြန်စွာရရှိပြီး အတွင်းသတင်းအချို့ကိုလည်း အရိပ်အမြွက် သိရှိထားလေသည်။ အရှင်မင်းကြီး မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ဒုတိယမင်းသားနှင့် တတိယမင်းသားတို့သည် မသင့်မမြတ် ဖြစ်နေကြသည်။ နန်းတော်ရှေ့မှောက်တွင်ပင် လက်ပါခဲ့ကြသေးသည်။
အကြောင်းရင်းကိုတော့ သူ သိပ်မသိရှိပေ။
ကံကောင်းစွာဖြင့် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး စိတ်ထားကောင်းသော စတုတ္ထမင်းသား ရှိနေသေးသည်။
စတုတ္ထမင်းသား၏ မယ်တော်ချင်ဖေးသည် ဖူယန်နယ်စား၏ ညီမဝမ်းကွဲတော် ဖြစ်လေသည်။ ဆွေမျိုးတော်စပ်မှုအရဆိုလျှင် ကျန်မင်းသားများထက် ပိုရင်းနှီးသော အဆင့်တစ်ခုတွင် ရှိနေလေသည်။ ထို့အပြင် မယ်တော်ကြီးကျောက်သည် ကျောက်ယွီကို စတုတ္ထမင်းသားနှင့် လက်ထပ်ပေးရန် ဆန္ဒရှိနေလေသည်။
ကျောက်ရွေ့သည် စတုတ္ထမင်းသားကို ယောက်ဖလောင်းအဖြစ် အစောကြီးကတည်းကပင် သတ်မှတ်ထားပြီး အတူတကွ စကားစမြည်ပြောဆိုရာတွင်လည်း အထူးတလည် ရင်းနှီးလေသည်။
စတုတ္ထမင်းသားနှင့် ကျောက်ရွေ့တို့သည် စကားလက်ဆုံကျနေကြပြီး ဒုတိယမင်းသားနှင့် လီဟောက်တို့ကတော့ ဘေးတွင် ထိုင်နေကြသည်။ တစ်ဦးမှာ အမူအရာတည်ငြိမ်နေပြီး တစ်ဦးကတော့ မျက်နှာတည်တင်းနေလေသည်။
အမူအရာတည်ငြိမ်နေသူမှာ ဒုတိယမင်းသားဖြစ်ပြီး မျက်နှာတည်တင်းနေသူကတော့ လီဟောက်ပင်။
အစေခံလေးတစ်ဦးသည် တိတ်ဆိတ်စွာ လျှောက်လှမ်းလာပြီး ကျောက်ရွေ့၏ နားနားတွင် စကားအနည်းငယ်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။
ကျောက်ရွေ့၏ မျက်လုံးများ အရောင်တောက်ပသွားပြီး အလိုလို ထရပ်လိုက်သည်။ "စတုတ္ထသခင်မလေးလု တကယ်ပဲ ရောက်လာတာလား” ထို့နောက် ချက်ချင်းပင် ဝမ်းကွဲမင်းသားများဘက်သို့ လှည့်ကာ ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "အရှင်မင်းသားတို့ ဒီမှာ ခဏစောင့်နေတော်မူပါ။ ကျွန်တော်မျိုး ခဏလေးသွားပြီး ပြန်လာခဲ့ပါ့မယ်”
မမျှော်လင့်ဘဲ ဒုတိယမင်းသားသည်လည်း မတ်တပ်ထရပ်လိုက်သည်။ "ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”
လီဟောက်သည် ခြေတစ်လှမ်း နောက်ကျသွားပြီး မျက်ဝန်းအိမ်တွင် မီးတောက်များ ပို၍မြင့်တက်လာကာ ခပ်ပြတ်ပြတ်ဆိုလိုက်သည်။ "ငါလည်း သွားမယ်”
အတွင်းသတင်းအချို့ကို သိရှိထားသော စတုတ္ထမင်းသားသည် မျက်ဝန်းအိမ်တွင် စပ်စုလိုစိတ်များ တောက်ပနေပြီး ပြုံးစစဖြင့် "ဒီစတုတ္ထသခင်မလေးလုကိုတော့ ကျွန်တော်လဲ နာမည်ပဲကြားဖူးပြီး လူကိုတော့ မမြင်ဖူးသေးဘူး။ ဒီနေ့တော့ သွားတွေ့လိုက်ရတာပေါ့”
ကျောက်ရွေ့ “...”
ကျောက်ရွေ့သည် မည်မျှပင် ဉာဏ်ထိုင်းနေစေကာမူ ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိသွားလေပြီ။
ကျောက်ရွေ့၏ အကြည့်သည် ဒုတိယမင်းသားနှင့် လီဟောက်တို့၏ မျက်နှာပေါ်တွင် ဝေ့ဝဲသွားလာနေလေ၏။
ဒုတိယမင်းသားသည် အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး လီဟောက်ကတော့ မျက်နှာတည်တင်းနေဆဲပင်။
ကျောက်ရွေ့၏ ဦးနှောက်ထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး ရုတ်တရက် အကြံတစ်ခု ပေါ်လာလေသည်။ နေဦး... ဒီညီအစ်ကိုနှစ်ယောက် ရန်ဖြစ်ကြတာက စတုတ္ထသခင်မလေးလုကြောင့်တော့ မဟုတ်လားက်ပါဘူးနော်...
ဤသို့ဖြင့် စိတ်အခြေအနေ အမျိုးမျိုးဖြစ်နေကြသည့် လူတစ်စုသည် လုမင်ယွိ၏ရှေ့မှောက်သို့ ဤသို့ပင် အတူတကွ ရောက်ရှိလာခဲ့ကြလေတော့သည်။
လုမင်ယွိ “...”
...