အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အပိုင်း (၇၆) ထပ်မံတွေ့ဆုံခြင်း (၂)
မူလက တည်ငြိမ်အေးချမ်းပြီး ပေါ့ပါးလွတ်လပ်ကာ စိတ်လက်ကြည်သာနေခဲ့သော လုမင်ယွိသည် ရင်းနှီးနေသော မျက်နှာနှစ်ခုကို မြင်တွေ့လိုက်ရပြီးနောက်တွင် မျက်နှာအမူအရာမှာ တည်တင်းသွားပြီး မျက်ဝန်းအိမ်က အပြုံးရိပ်တို့သည် တောင်ပံပေါက်ပြီး ပျံသန်းသွားသကဲ့သို့ပင်။
လီဟောက်၏ မျက်ဝန်းအိမ်သည် လုမင်ယွိကို စူးစိုက်ကြည့်နေပြီး အသံမှာ အနည်းငယ် ရှတတဖြစ်နေလေသည်။ "ရှောင်ယွိ။ မတွေ့ရတာကြာပြီနော်”
လုမင်ယွိ၏ မျက်နှာအမူအရာမှာ အေးစက်နေ၏။ "ကျွန်မကို ရှောင်ယွိလို့မခေါ်နဲ့”
အသံတစ်သံသည် တစ်ချိန်တည်းတွင် ထွက်ပေါ်လာလေသည်။ "သူ့ကို ရှောင်ယွိလို့ မခေါ်နဲ့”
လူအများ၏ အကြည့်များသည် တစ်ပြိုင်နက်တည်း ဒုတိယမင်းသားထံသို့ ရောက်ရှိသွားပြီး မျက်နှာအမူအရာများမှာ တစ်ဦးနှင့်တစ်ဦး မတူညီဘဲ ထူးခြားဆန်းပြားနေလေသည်။
လီဟောက်၏ နှလုံးသားထဲတွင် သွေးများဆူပွက်လာပြီး ရင်းနှီးနေသော ဒေါသများမှာ ရင်ဘတ်ထဲတွင် လှိုင်းထနေကာ အသံမှာ အနည်းငယ် အေးစက်သွားလေသည်။ "ငါနဲ့ ရှောင်ယွိက သိကျွမ်းလာတာ နှစ်နှစ်ရှိပြီ။ အမြဲတမ်း ဒီလိုပဲခေါ်ခဲ့တာ။ သူက ကျွန်တော် ဒီလိုခေါ်တာကို မကြိုက်ရင်တောင်မှ အာ့ကောက ဝင်ပြီး လက်ညှိုးထိုးခိုင်းဖို့ အလှည့်မရောက်သေးဘူး”
ဒုတိယမင်းသားသည် မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး အေးအေးလူလူ ပြန်ပြောလိုက်၏။ "ဒီအရည်အချင်း ရှိမရှိဆိုတာက မင်း ပြောလို့ပြီးတဲ့ကိစ္စ မဟုတ်ဘူး။ စတုတ္ထသခင်မလေးလုကို မေးကြည့်လိုက်ရင် သိလိမ့်မယ်”
စကားလုံးအနည်းငယ်ထဲတွင် ပါဝင်နေသော နက်ရှိုင်းသည့် အဓိပ္ပာယ်ကြောင့် လီဟောက်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားလေသည်။
လီဟောက်သည် ရုတ်တရက် ခေါင်းလှည့်ကာ လုမင်ယွိကို ကြည့်လိုက်၏။
လုမင်ယွိကတော့ သူ့ကိုမကြည့်ဘဲ ဒုတိယမင်းသားကို စူးစိုက်ကြည့်နေလေသည်။
အဲ့ဒီနေ့က ကောင်းကောင်းမွန်မွန် သဘောတူထားပြီးသား။ ဆံထိုးတင်ပွဲ မတိုင်ခင်မှာ ငါ့ရှေ့ကို ဘယ်တော့မှ ထပ်ပေါ်မလာတော့ဘူးဆိုပြီးတော့။ ဒီနေ့တော့ "မမျှော်လင့်ဘဲ" ထပ်တွေ့ပြန်ပြီ။ ဒါက ငါ့မှာ အပြစ်ရှိတယ်ဆိုတဲ့စိတ်နဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး တစ်လှမ်းချင်း ချဉ်းကပ်လာတာပဲ။ ကြည့်လိုက်ရင်တော့ ရည်မွန်ခန့်ညားပြီး လသာကျောက်စိမ်းလို ကြည်လင်နေပေမယ့် တကယ်တော့ အတွင်းက မည်းနက်ပြီး ယုတ်မာကောက်ကျစ်တဲ့သူပဲ။
ဒုတိယမင်းသားသည် လုမင်ယွိ၏ မျက်ဝန်းအိမ်မှ ဒေါသရိပ်ကို မမြင်ချင်ယောင်ဆောင်ကာ သူမကို အနည်းငယ် ပြုံးပြလိုက်သည်။ "ကျွန်တော် ဒီနေ့ ကျောက်အိမ်တော်ကို လာလည်တာ။ ဒီမှာ စတုတ္ထသခင်မလေးလုနဲ့ ထပ်တွေ့လိမ့်မယ်လို့ မထင်ထားဘူး”
လုမင်ယွိသည် အေးစက်စွာ တစ်ချက်ပြုံးလိုက်ပြီး ညာဘက်လက်သီးကို ဆုပ်လိုက်၏။
နောက်တစ်ခွန်းလောက်များ ထပ်ပြောကြည့်စမ်းပါ။ သူမ သူ့ကို မထိုးမဖြစ် ထိုးပစ်လိုက်မယ်။
ဒုတိယမင်းသားသည် ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
ဤမြင်ကွင်းသည် ထက်ရှသော သစ်သားဆူးတစ်ချောင်းကဲ့သို့ပင် လီဟောက်၏ မျက်လုံးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။
လုမင်ယွိက အာ့ကောနဲ့ ဘယ်တုန်းက ဒီလောက်တောင် ရင်းနှီးသွားရတာလဲ။
လုမင်ယွိက လူကို ထိုးချင်တာက ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ထူးဆန်းတာက သူမက ဒေါသထွက်နေပေမယ့် ထိုးချင်တဲ့စိတ်ကို ချုပ်တည်းထားနိုင်သေးတာပဲ။ ဒီလိုမျိုး အထူးအခွင့်အရေးက အရင်တုန်းက သူ့အတွက်ချည်းပဲ...
စတုတ္ထမင်းသား၏ အကြည့်သည် ဟိုဟိုသည်သည် ဝေ့ဝဲသွားလာနေပြီး ပွဲကြည့်ရာတွင် အလွန်ပင် စိတ်ဝင်စားနေလေသည်။
ဤနှစ်လအတွင်း ဒုတိယမင်းသားနှင့် တတိယမင်းသားတို့သည် ရေနှင့်မီးကဲ့သို့ မတည့်ကြပေ။ တွေ့ဆုံတိုင်းတွင် ဓားလှံများ ထိပ်တိုက်တွေ့လုမတတ် တင်းမာနေလေသည်။ ယုံးကျားဧကရာဇ်၏ ထိန်းချုပ်မှုရှိနေသောကြောင့်သာ မျက်နှာပျက်စရာအထိ ဖြစ်ပွားခြင်း မရှိခဲ့ပေ။
သို့သော် ညီအစ်ကိုနှစ်ဦး မသင့်မမြတ် ဖြစ်နေသည့်အကြောင်းမှာ နန်းတော်တွင် လူတိုင်းသိနီးပါးပင် ဖြစ်နေလေပြီ။
သူသည် ချင်ဖေးထံမှ တစ်ကြိမ် လျို့လျို့ဝှက်ဝှက် ကြားဖူးခဲ့ကာ စေ့စပ်ပွဲကိစ္စကြောင့် ဖြစ်နိုင်သည်ဟု ဆိုလေသည်။ သူ၏စိတ်ထဲတွင် အစောကြီးကတည်းက ထင်ကြေး အမျိုးမျိုးရှိနေခဲ့ပြီး ယနေ့ ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ အတူတကွ နန်းတော်မှ ထွက်ခွာသည်ကို ကြားသိရသောအခါ မျက်နှာပြောင်တိုက်ကာ လိုက်လာခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ပွဲကောင်းတစ်ပွဲကို မြင်တွေ့လိုက်ရပေသည်။
...
ကျောက်ရွေ့သည် အခြေအနေမကောင်းသည်ကို မြင်လိုက်သည်တွင် ချောင်းတစ်ချက်ဟန့်ကာ ပြုံးပြီး ပြောလိုက်၏။ "ဩော်... စတုတ္ထသခင်မလေးလုက ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့နဲ့လည်း ရင်းနှီးနေတာကိုး။ ဒါဆို ကျွန်တော်မျိုးလည်း ပါးစပ်ညောင်းသက်သာသွားတာပေါ့။ ဟုတ်သားပဲ။ ဒီဘက်က စတုတ္ထမင်းသားပါ။ စတုတ္ထသခင်မလေးလုကတော့ မသိလောက်ဘူးမလား”
လုမင်ယွိသည် ကျောက်ရွေ့ကို အေးစက်စွာ တစ်ချက် စွေကြည့်လိုက်၏။
ကျောက်ရွေ့၏ ဦးရေပြားသည် ထုံကျဉ်သွားပြီး ယခင်က အကန်ခံခဲ့ရဖူးသော ညာဘက်ခြေထောက်သည် ရုတ်တရက် နာကျင်လာလေသည်။
စတုတ္ထမင်းသားသည်လည်း တိုက်ပွဲထဲသို့ ပါဝင်ပတ်သက်လိုစိတ် မရှိသဖြင့် ချက်ချင်းပင် ပြောလိုက်တော့သည်။ "စတုတ္ထသခင်မလေးလုရဲ့ ကျော်ကြားလှတဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ။ ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ တကယ်ပဲ နာမည်ကြားရတာထက် တွေ့ရတာက ပိုသာလွန်ပါတယ်”
လုမင်ယွိသည် မျက်လုံးအစုံက ဟိုကြည့်သည်ကြည့်ဖြစ်သော စတုတ္ထမင်းသားကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "ဩော်... အရှင်မင်းသားက ကျွန်မရဲ့ ဘယ်လိုကျော်ကြားလှတဲ့နာမည်ကို ကြားဖူးထားတာပါလဲ။ အင်အားကြီးမားတယ်လို့လား။ ဒါမှမဟုတ် မဆင်မခြင် စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး လက်သီးနဲ့ ထိုးဖို့ပဲသိတဲ့သူလို့လား”
စတုတ္ထမင်းသားသည် ဘာစကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။
သူက ဒီအတိုင်း ပွဲလာကြည့်တာလေ။ ဘယ်လိုဖြစ်ပြီး မြို့တံခါးမီးလောင်တာက ကန်ထဲက ငါးတွေကိုပါ ထိခိုက်ကုန်ရတာလဲ။
စတုတ္ထမင်းသားသည် ရှက်ကိုးရှက်ကန်းဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "စတုတ္ထသခင်မလေးလု အထင်လွဲနေပါပြီ။ ကျွန်တော်မျိုးမှာ ဒီလိုစိတ်မျိုး လုံးဝမရှိပါဘူး” ဤသို့ဆိုရင်း ကျောက်ယွီကို မျက်ရိပ်ပြလိုက်၏။
ကျောက်ယွီ၏ နှလုံးသားတစ်ခုလုံးသည် စတုတ္ထမင်းသားအပေါ်တွင် ရှိနေသဖြင့် မဆိုင်းမတွပင် စတုတ္ထမင်းသားအတွက် ကြားဝင်စေ့စပ်ပေးလေသည်။ "စတုတ္ထမင်းသားက စိတ်ထားအကောင်းဆုံးနဲ့ အနူးညံ့ဆုံးပဲ။ မိန်းကလေးတွေ အပေါ်မှာလည်း အရမ်းကို ယဉ်ကျေးသိမ်မွေ့တယ်။ ဘယ်တော့မှ လှောင်ပြောင်စနောက်တဲ့စကားမျိုး ပြောမှာမဟုတ်ဘူး။ လုစစ်ရှောင်ကျဲ (စတုတ္ထသခင်မလေးလု)။ နင် စတုတ္ထမင်းသားကို အထင်မလွဲပါနဲ့”
လုမင်ယွိသည် နှာခေါင်းမှ အသံတစ်ချက်ပြုလိုက်၏။
ဤမြင်ကွင်းသည် အလွန်ပင် ရှက်ကိုးရှက်ကန်းနိုင်ပြီး တင်းမာလှပေသည်။
ကျောက်ရွေ့သည် စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားနေမိသည်။ ဒီလိုမှန်းသိရင် မင်းသားတွေကို ခေါ်မလာခဲ့ပါဘူး။
အခုတော့ကောင်းရော။ ဒီအပြစ်တွေအားလုံးက ငါ့ခေါင်းပေါ်ကိုပဲ ရောက်လာတော့မှာပဲ။
ကျောက်ရွေ့သည် ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်လေသည်။ "စတုတ္ထသခင်မလေးလုက ဒီနေ့ ဧည့်သည်အဖြစ် ကြွလာတာ။ ကျွန်တော်မျိုးက နှုတ်ဆက်ရုံလေးပါပဲ။ နှုတ်ဆက်ပြီးသွားပြီဆိုတော့ သွားသင့်ပါပြီ။ နောက်နေ့ ကိုတဲ့အခါမှ စတုတ္ထသခင်မလေးလုနဲ့ စကားစမြည်ပြောဆိုပါ့မယ်”
လုမင်ယွိ၏ မျက်နှာအမူအရာမှာ ခပ်ပြတ်ပြတ်နိုင်ပြီး အသံကတော့ အေးစက်နေ၏။ "ဒါဆိုရင်တော့ ကျွန်မလည်း ကျောက်သခင်လေး၄နဲ့ အရှင်မင်းသားတို့ကို မလိုက်ပို့တော့ပါဘူး”
ကျောက်ရွေ့သည် နဖူးပေါ်က ချွေးကို သုတ်ပစ်ချင်စိတ်ကို အတင်းအကျပ်ထိန်းချုပ်ကာ မင်းသားများဘက်သို့ ပြုံးပြလိုက်ပြီး "မိန်းကလေးတွေ အချင်းချင်း စကားစမြည် ပြောဆိုနေကြတာ။ ကျွန်တော်မျိုးတို့ ဒီမှာရှိနေရင် အဆင်မပြေတာတွေ များတယ်။ သွားသင့်ပါပြီ”
စတုတ္ထမင်းသားသည် ချက်ချင်းပင် စကားကို ဆက်လိုက်သည်။ "ဟုတ်တယ်။ အစ်ကိုတော်ဝမ်းကွဲ။ ကျွန်တော်မျိုးတို့ သွားကြရအောင်”
ဤသို့ဆိုပြီးနောက် ကျောက်ရွေ့ကို ဆွဲကာ ထွက်သွားလေသည်။
ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ကတော့ သွားလိုသည်ဖြစ်စေ၊ မသွားလိုသည်ဖြစ်စေ သူနှင့်မဆိုင်ပေ။
ကျောက်ရွေ့သည် စိတ်ထဲတွင် ကြိတ်တွေးတောနေပြီး ခပ်လှမ်းလှမ်းသို့ ရောက်သွားသော်လည်း နောက်မှ ခြေသံမကြားရသဖြင့် မနေနိုင်မထိုင်နိုင် အကြိမ်ကြိမ် လှည့်ကြည့်နေမိသည်။
စတုတ္ထမင်းသားသည် လျင်မြန်စွာ အသံတိုးတိုးလေး ပြောလိုက်၏။ "တော်ပြီ။ မကြည့်နဲ့တော့။ အဲ့ဒီစတုတ္ထသခင်မလေးလုက မွေးရာပါ အင်အားကြီးတယ်။ အဲ့ဒီနေ့က ကျောင်းဖန်နန်းဆောင်ထဲမှာ စူးကျောင်းရုံနဲ့အတူ ထိုင်ခုံကို ပေါ့ပေါ့ပါးပါးလေး မပစ်လိုက်တာ။ စူးကျောင်းရုံဆို ကြောက်လန့်ပြီး နာမကျန်းဖြစ်သွားတာ”
ဒီလိုပညာရှင်မျိုးကိုတော့ မထိပါးရဲဘူး။ မထိပါးရဲဘူး။
ကျောက်ရွေ့သည် မိမိကိုယ်တိုင်လည်း နာကျင်စွာ အရိုက်အနှက်ခံခဲ့ရဖူးသော အတိတ်ကို ပြန်လည်အမှတ်ရသွားပြီး ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။ "သူက တခြားအမျိုးသမီးတွေနဲ့ မတူဘူး။ မီးလိုစိတ်ဓာတ်ပြင်းပြပြီး ချစ်ခြင်းမုန်းခြင်းက ထင်ရှားတယ်။ မနှစ်က ကျွန်တော် သူ့ကို ပထမဆုံးတွေ့တုန်းက သူရဲ့အလှတရားကြောင့် မှင်သက်သွားပြီး သူ့အနားကို နည်းနည်းကပ်သွားမိတာ။ ရလဒ်ကတော့ သူ့ခြေကန်ချက်တစ်ချက်နဲ့ မီတာအနည်းငယ်အကွာကို လွင့်စင်သွားပြီး ခုတင်ပေါ်မှာ လဝက်လောက် လဲလျောင်းခဲ့ရတယ်လေ”
စတုတ္ထမင်းသားသည်လည်း စုပ်သပ်လိုက်ကာ "တကယ့်ကို သက်ရှိကျားမတစ်ကောင်ပဲ”
အာ့ကောနဲ့ စန်းကောတို့ရဲ့ အကြိုက်ကလဲ တကယ်ကို ထူးခြားတာပဲ။ သတ္တိလည်း တကယ်ကောင်းတာပဲ။
ကျောက်ရွေ့သည် စတုတ္ထမင်းသား၏ အနည်းငယ် စိတ်ပျက်နေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ "မင်း နားလည်မှာမဟုတ်ဘူး”
မင်း တကယ်ကို နားလည်မှာမဟုတ်ဘူး။
အဲ့ဒီလိုမျိုး ချစ်ရဲမုန်းရဲပြီး စိတ်ရင်းအမှန်နဲ့နေတတ်တဲ့ လှလှပပ မိန်းမပျိုလေးက အန္တရာယ်လည်းများသလို ဆွဲဆောင်မှုလည်းရှိတယ်။ လူငယ်တစ်ယောက်အတွက်ဆိုရင် အသေ ဆွဲဆောင်နိုင်စွမ်းရှိတယ်လေ။
သူက သူမနဲ့ တကယ်ကို မထိုက်တန်ဘူး။ တကယ်လို့ အခွင့်အရေးတစ်ခုသာ ရခဲ့မယ်ဆိုရင် သူ အိမ်က စီစဉ်တဲ့စေ့စပ်ပွဲကို လိမ်လိမ်မာမာလေး နားထောင်ခဲ့မှာ မဟုတ်ဘူး။
စတုတ္ထမင်းသားသည် ကျောက်ရွေ့၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်သွားသော်လည်း မျက်နှာတွင် အထင်မကြီးသည့် အမူအရာဖြင့် ပြောလိုက်တော့သည်။ "လောကကြီးမှာ မိန်းမလှတွေမှ အများကြီးပါ။ မြို့တော်က နာမည်ကြီး မျိုးရိုးမြင့် အမျိုးသမီးတွေလည်း မနည်းဘူး။ ဘာဖြစ်လို့ သူတစ်ယောက်တည်းကိုမှ ဖြစ်ရမှာလဲ။ ငါသာဆိုရင်တော့ ထိန်းရလွယ်ပြီး ချော့ရလွယ်တဲ့ နည်းနည်းတုံးအတဲ့ တစ်ယောက်ကိုပဲ ယူလိုက်မယ်။ ခင်ပွန်းရဲ့အရှိန်အဝါ မကျတော့ဘူး။ အတွင်းဆောင် မငြိမ်မသက်ဖြစ်မှာကို ရှောင်ရှားရတာပေါ့”
စကားတစ်ခွန်းထွက်သွားသည်နှင့် နောင်တရသွားလေသည်။
အမှန်တကယ်ပင် ကျောက်ရွေ့၏ အကြည့်သည် ဓားသွားကဲ့သို့ပင် သူ့ထံသို့ လွင့်စင်လာလေသည်။
စတုတ္ထမင်းသားသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ပြုံးကာ ဖြေရှင်းလေတော့သည်။ "ကျွန်တော်က စကားအဖြစ် ပြောတာပါ။ ဘယ်သူ့ကိုမှ အရိပ်အမြွက်ပြတာမျိုး လုံးဝမရှိပါဘူး။ အစ်ကိုဝမ်းကွဲလေး အထင်မလွဲပါနဲ့နော်”
ဒီစကားသာ ကျောက်ယွီရဲ့နားထဲကို ရောက်သွားရင် ရှက်ပြီး ဒေါသမထွက်ရင်တောင် ထူးဆန်းနေဦးမယ်။
တကယ်လို့ ဖူယန်နယ်စား ဒါမှမဟုတ် မယ်တော်ကြီးကျောက်သာ သိသွားရင် ပိုပြီးဆိုးသွားလိမ့်မယ်။
ဤတစ်ဖက်တွင် စတုတ္ထမင်းသားသည် လက်နှစ်ဖက်ကို ယှက်ကာ ကျောက်ရွေ့ကို ချော့မော့နေလေသည်။
အခြားတစ်ဖက်တွင်တော့ ဒုတိယမင်းသားနှင့် လီဟောက်တို့ ညီအစ်ကိုနှစ်ဦးသည် လှုပ်ပင်မလှုပ်ဘဲ ရပ်နေကြလေသည်။ ခြေထောက်နှစ်ဖက်စလုံးသည် ကော်ဖြင့် ကပ်ထားသကဲ့သို့ပင်။ စကားလုံးမပါသော အားပြိုင်မှုတစ်ခုနှင့် ပိုတူနေတော့သည်။
လုမင်ယွိ၏ ချုပ်တည်းထားသော ဒေါသသည် နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာတော့၏။
ကျောက်ယွီ၏မျက်လုံးများက ဟိုဟိုသည်သည် ကူးသန်းသွားလာနေပြီး လုမင်ယွိ၏ မျက်နှာပေါ်သို့ ကျရောက်သွားကာ စဉ်းစားနေသည့်ဟန်ကလေး ဖြစ်သွားတော့သည်။
ဒါက ခွေးနှစ်ကောင်က အသားတစ်တုံးကို လုနေကြတာနဲ့ တူနေပြီမလား။
...
အပိုင်း (၇၇) ပြတ်သားခြင်း
လုမင်ယွိသည် ယခုအချိန်တွင် မိမိကိုယ်မိမိ အသားတစ်တုံးလို ခံစားနေရလေသည်။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လေသံထဲတွင်တော့ ချုပ်တည်းထားရသည့် ဒေါသမီးများ ထွက်ပေါ်နေလေသည်။ "အရှင်မင်းသားနှစ်ပါးမှာ ပြောစရာစကားများ ကျန်နေသေးလား”
ဒုတိယမင်းသားသည် မတတ်ဘဲ ပြုံးလိုက်ကာ "မင်း စိတ်မဆိုးပါနဲ့တော့။ မင်း ငါ့ကို သွားစေချင်တယ်ဆိုရင် အခုပဲ သွားပါ့မယ်။ မင်းရဲ့အရွယ်ရောက်ခြင်း ဆံထိုးတင်ပွဲနေ့ကျမှ ငါ လုအိမ်တော်ကို လာရောက်ကြည့်ရှုပါ့မယ်”
ဤသို့ဆိုပြီးနောက် တည်တည်ငြိမ်ငြိမ် ထွက်ခွာသွားလေသည်။
မျက်နှာပြောင်တိုက်ကာ နေရစ်ခဲ့ခြင်းမှာ လုမင်ယွိကို ထိုအပိုစကားတစ်ခွန်း ပြောဆိုခိုင်းဖို့ရန် ဖြစ်နေသကဲ့သို့ပင်။
အမှန်စင်စစ် ထိုသို့ မဟုတ်ပေ။
သူသည် တစ်လှမ်းချင်း ချဉ်းကပ်လာပြီး လုမင်ယွိ၏ ဒေါသကို မထိန်းနိုင်ခင်တွင် အမြဲတစေ နောက်ဆုတ်သွားတတ်သည်။ အတိုင်းအတာကို ထိန်းချုပ်နိုင်စွမ်းမှာ အံ့ဩလောက်အောင်ပင် ကောင်းမွန်လှပေသည်။
လုမင်ယွိသည် ဤသည်မှာ ဒုတိယမင်းသား၏ ပရိယာယ်ဖြစ်ကြောင်း သိရှိသော်လည်း စိတ်နှလုံးသည် မတတ်သာဘဲ အနည်းငယ် ပျော့ပြောင်းသွားပြီး ဒုတိယမင်းသား၏ ကျောပြင်ဘက်သို့ "ကောင်းပြီလေ” ဟု ဆိုလိုက်၏။
ဒုတိယမင်းသား၏ ခြေလှမ်းများ တစ်ချက်ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ လုမင်ယွိကို တောက်ပစွာ ပြုံးပြလိုက်လေသည်။
ဤအပြုံးသည် နွေဦးအရုဏ်ဦးကဲ့သို့ ဝင်းပပြီး တောတောင်တစ်ခုလုံး နွေပန်းများ ပွင့်လန်းနေသကဲ့သို့ပင်။
လုမင်ယွိသည် အမှတ်တမဲ့ တစ်ခါ ထပ်ပြီး ကြည့်လိုက်မိ၏။
လီဟောက်ကတော့ ယခုအချိန်တွင် မျက်နှာတစ်ခုလုံး အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။ "ရှောင်ယွိ။ မင်း... မင်း တကယ်ပဲ လီကျင့်ကို လက်ထပ်တော့မှာလား”
လုမင်ယွိသည် အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး လီဟောက်ကို ကြည့်လိုက်ကာ "ဟုတ်တယ်”
စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း တောင်တစ်လုံးပမာ လေးလံလှပြီး လီဟောက်၏ နှလုံးသားပေါ်သို့ လေးလံစွာ ကျရောက်သွားလေသည်။
လီဟောက်၏ တစ်ကိုယ်လုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးနှစ်လုံးမှာ သွေးများ ယိုစီးကျတော့မတတ် နီရဲသွားတော့၏။
ဘေးမှ ကျောက်ယွီသည်လည်း ပွဲကောင်းကြည့်လိုစိတ် မရှိတော့ဘဲ စိတ်ထဲတွင် ကြိတ်ပြီး စိုးရိမ်ပူပန်လာတော့သည်။ လီဟောက်ရဲ့ ဒီလိုမျိုး ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေရတဲ့ပုံစံကို မြင်ပြီးသွားရင် ဒီနေ့တော့ ဘာပြဿနာမှ မဖြစ်ပါစေနဲ့...
"ဘာဖြစ်လို့လဲ” လီဟောက်သည် စကားလုံးတစ်လုံးချင်းစီကို သွားကြားမှ ညှစ်ထုတ်လိုက်လေသည်။
ဘာဖြစ်လို့လဲ။
သူမရဲ့စိတ်ထဲမှာ သဘောကျနေတဲ့သူက သူ ဖြစ်နေရဲ့သားနဲ့ ဘာဖြစ်လို့ သူ့ကိုမလက်ထပ်ဘဲ လီကျင့်ကို လက်ထပ်ရတာလဲ။
တကယ်ပါ။ ဒါတွေအားလုံးက ဘာဖြစ်လို့လဲ။
လုမင်ယွိ၏ တောက်ပသောမျက်ဝန်းအိမ်သည် မျက်လုံးများ နီရဲနေသည့် လီဟောက်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။ "ဒါက ကျွန်မနဲ့ သူ့ကြားက ကိစ္စ။ ရှင့်နဲ့မဆိုင်ဘူး။ ပြီးတော့ ယောက်ျားနဲ့မိန်းမက မတူဘူး။ ရှင်နဲ့ကျွန်မကြားမှာ အကွာအဝေးတစ်ခု ထားသင့်တယ်။ တစ်ခါတစ်လေ တွေ့ဆုံမိရင်တောင်မှ ရှင်က ကျွန်မကို စတုတ္ထသခင်မလေးလုလို့ ခေါ်သင့်တယ်”
ရှင့်လိုလူက ကျွန်မကို ရှောင်ယွိလို့ခေါ်ဖို့ မထိုက်တန်ဘူး။
လီဟောက်၏ တစ်ကိုယ်လုံးသည် တောင့်တင်းသွားပြီး ပါးစပ်ဖွင့်လိုသော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်တော့ပေ။
သူ၏ ရင်ဘတ်ပေါ်တွင် တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ပင်။
သူ အသက်ရှူလို့ မရတော့ပေ။
လီဟောက်၏ ဤသို့ နာကျင်ခံစားနေရပုံကို ကြည့်ရင်း လုမင်ယွိ၏ စိတ်နှလုံးတွင် အတိုင်းမသိ ကြည်နူးသွားလေသည်။
အဲ့ဒီတုန်းက သူက နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းတဲ့ သူ့ရဲ့ညီမဝမ်းကွဲကို သူမရှေ့ကိုခေါ်လာပြီး ပြောခဲ့တယ်လေ။ "ရှောင်ယွိ။ ကိုယ် ညီမဝမ်းကွဲကို နန်းတော်ထဲခေါ်ပြီး ကြင်ယာတော်အဖြစ် တင်မြှောက်ချင်တယ်" တဲ့။ သူမလည်း အဲ့ဒီလိုပဲ အံ့အားသင့်ပြီး နာကျင်ခဲ့ရတာပဲ။
လီဟောက်။ ရှင်လည်း နောက်ဆုံးတော့ သစ္စာဖောက်ခံရတဲ့အရသာကို မြည်းစမ်းရပြီပေါ့။
သူမသည် လီကျင့်ကို လက်ထပ်ခြင်းတွင် ကောင်းကျိုးများစွာရှိကြောင်းကို ရုတ်တရက် သတိပြုမိသွားလေသည်။
ဥပမာ- အာ့စောင်(ဒုတိယမရီး) အဆင့်အတန်းနဲ့ လီဟောက်ရှေ့မှာ ပေါ်လာတာမျိုး။ တူတော်ရဲ့ဇနီးအဆင့်အတန်းနဲ့ စူးကျောင်းရုံကို ရင်ဆိုင်တာမျိုးပေါ့။ ပြီးတော့ အဆီတဝင်းဝင်းနဲ့ တုံးအပြီး အတွင်းစိတ်က မည်းနက်ယုတ်မာတဲ့ လီချန်။ သူတို့သားအမိသုံးယောက်။ တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး။
လုမင်ယွိ၏ စိတ်အစဉ်သည် ရုတ်တရက် တည်ငြိမ်သွားပြီး တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။ "လီဟောက်။ ဒါ ရှင့်နာမည်ကို ကျွန်မ နောက်ဆုံးတစ်ကြိမ် တိုက်ရိုက်ခေါ်တာပဲ။ ဒီနေ့ပြီးရင် ရှင်နဲ့ကျွန်မက သူစိမ်းတွေလိုပဲ။ အရင်ကကိစ္စတွေ ထပ်မပြောတော့ဘူး”
"ရှင့်မှာ ဘယ်လိုဒေါသနဲ့ မကျေနပ်မှုတွေရှိလဲ။ နန်းတော်ထဲပြန်ပြီး ရှင့်ရဲ့မယ်တော်အရင်းကို သွားတွေ့လိုက်ပါ။ သူ့ကို သွားမေးလိုက်။ ကျွန်မ လုမင်ယွိက ဘာဖြစ်လို့ ရှင့်တို့သားအမိကို ဒီလောက်တောင် မုန်းတီးရွံရှာနေရတာလဲဆိုတာကိုပေါ့”
ရင်းနှီးနေသော မျက်နှာလေးတွင် ပျော်ရွှင်တောက်ပသော အပြုံးများမရှိတော့ဘဲ အဆုံးမရှိသော အေးစက်မှုများသာ ကျန်ရှိနေတော့သည်။
လီဟောက်သည် နှလုံးသားတွင် နာကျင်မှုများဖြင့် မခံမရပ်နိုင်ဖြစ်ကာ မလှုပ်မယှက် ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားလေသည်။
...
ကျောက်ယွီမှာ နောက်ဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးနောက် လုမင်ယွိအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်၏။
လုမင်ယွိသည် တောင်ရှစ်လုံးလှုပ်သော်လည်း မတုန်လှုပ်ဘဲ ကျောက်ယွီ၏ အကဲခတ်မှုကို ခံယူနေလေသည်။
ကျောက်ယွီက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ တိုးတိုးလေး မေးလိုက်တော့၏။ "လုစစ်။ နင်နဲ့ ဒုတိယမင်းသား။ တတိယမင်းသားတို့က တကယ်တော့ ဘယ်လိုဖြစ်နေကြတာလဲ။ နင်က တကယ်တော့ ဘယ်တစ်ယောက်ကို သဘောကျတာလဲ”
လုမင်ယွိသည် ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။ "နင်ကကော ဘယ်လိုထင်လဲ”
ကျောက်ယွီသည်လည်း စိတ်ထဲတွင် အတွေးအခေါ်မရှိသော လူတုံးတစ်ဦးဖြစ်သည်တွင် လုမင်ယွိက ဤသို့မေးလိုက်သောအခါ အမှန်တကယ်ပင် အလေးအနက် စဉ်းစားနေလေသည်။ "နင်နဲ့ တတိယမင်းသားက အရင်သိကျွမ်းခဲ့တာဆိုတော့ ရှုပ်ထွေးမှုတွေတော့ ရှိသင့်တယ်။ မဟုတ်ရင် ခုနက တတိယမင်းသားက အဲ့ဒီလောက် နာကျင်ခံစားနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်နဲ့ ဒုတိယမင်းသားက စကားပြောဆို မျက်လုံးချင်းဆုံတဲ့အခါမှာ သာမန်လူတွေမှာမရှိတဲ့ နားလည်မှုမျိုး ရှိနေတယ်။ ပြီးတော့ နင်က ဒုတိယမင်းသားအပေါ်မှာ တတိယမင်းသားအပေါ်မှာထက် အများကြီးပိုကောင်းတယ်... အင်း... ငါ့အမြင်အရတော့ နင် ဒုတိယမင်းသားကို လက်ထပ်လိမ့်မယ်”
လုမင်ယွိသည် ဘာစကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။
ကျောက်ယွီသည် စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်တကြီး မေးလာ၏။ "ဘယ်လိုလဲ။ ငါ ပြောတာ မှန်တယ် မဟုတ်လား”
လုမင်ယွိသည် ရှုပ်ထွေးသော စိတ်အစဉ်ဖြင့် ကျောက်ယွီကို သတိပေးလိုက်၏။ "နင်က ဒီလိုမျိုး စိတ်ထဲမှာ ဘာမှမရှိဘဲ တွေးမိတာကို တွေးမိသလို ပြောတတ်တာက နန်းတော်ထဲက ချွေးမတော်ဖြစ်ဖို့တော့ သိပ်မသင့်တော်လောက်ဘူး”
ကျောက်ယွီ၏ အာရုံသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး လုမင်ယွိကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ "နင် ဒီစကားပြောတာ ဘာအဓိပ္ပာယ်လဲ”
သူမသည် ငယ်စဉ်ကတည်းက နန်းတော်သို့ ဝင်ထွက်သွားလာခဲ့ပြီး စတုတ္ထမင်းသားနှင့် ငယ်သူငယ်ချင်းများဖြစ်ကြကာ စတုတ္ထမင်းသားမှလွဲ၍ အခြားသူကို လက်မထပ်ဟု အစောကြီးကတည်းက သတ်မှတ်ထားခဲ့သည်။ လုမင်ယွိ၏ ဤစကားနှစ်ခွန်းသည် သူမ၏ နှလုံးသားကို ထိုးနှက်လိုက်သကဲ့သို့ပင်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးထားလိုက်ပြီး "ဘာမှမဟုတ်ပါဘူး။ စကားအဖြစ် ပြောလိုက်တာပါ”
ကျောက်ယွီ၏ ရှက်ရွံ့ဒေါသသည် အနည်းငယ် ပြေလျော့သွားပြီး နှုတ်ခမ်းကိုစူကာ "တော်ပြီ။ ငါက စိတ်သဘောထားကြီးတယ်။ နင်နဲ့ စိတ်ထဲမထားတော့ဘူး”
လုမင်ယွိသည် ပြုံးလိုက်ပြီး စိတ်ရင်းမပါဘဲ ကျောက်ယွီကို ချော့မော့ပြောဆိုလိုက်သည်။ "ဟုတ်ပါ့။ ဟုတ်ပါ့။ ကျောက်သခင်မလေး၅က စိတ်ထားကြီးမြတ်တာ လောကကြီးမှာ ရှားပါတယ်”
ကျောက်ယွီသည် ပြုံးကာဖြင့် လုမင်ယွိကို မျက်စောင်းထိုးလိုက်လေသည်။ "တော်ပြီ။ နင်လည်း ငါ့ကို လာမချော့နဲ့တော့။ နင် မပြောချင်ရင် ငါ မမေးတော့ဘူး။ ဘာပဲဖြစ်ဖြစ်။ နောက်လဝက်နေရင် နင့် ဆံထိုးတင်ပွဲပဲလေ။ ဆံထိုးတင်ပွဲပြီးသွားရင် လက်ထပ်ထိမ်းမြားခွင့်ပေးတဲ့ အမိန့်တော်က လုအိမ်တော်ကို ရောက်လာတော့မှာပဲ။ အဲ့ဒီအချိန်ကျရင် အရာအားလုံး ရှင်းသွားမှာပေါ့”
လုမင်ယွိ၏ စိတ်အစဉ်သည် ရှုပ်ထွေးနေပြီး ဖြစ်သလို အင်း ဟု တစ်လုံးသာ ဆိုလိုက်၏။
ဘယ်လိုပင် ကြည့်စေကာမူ လက်ထပ်တော့မည့် မိန်းကလေးတစ်ဦး၏ ရှက်သွေးဖြာမှု တစ်စိုးတစ်စဉ်မျှ မရှိပေ။
ကျောက်ယွီသည် စိတ်ထဲတွင် နောက်တစ်ကြိမ် တွေးတောနေမိသည်။ သို့သော် လုမင်ယွိ၏ စိတ်နေသဘောထားကို သူမလည်း ရင်းနှီးပြီးသားဖြစ်သည်။ လုမင်ယွိက စိတ်အခြေအနေ မကောင်းသည်ကို မြင်တွေ့ရသောအခါ မေးခွန်းကို လျှော့မေးခြင်းက ပိုကောင်းပေလိမ့်မည်။
...
လီဟောက်သည် ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ကို မစောင့်ဘဲ ဖူယန်နယ်စားအိမ်တော်မှ တိုက်ရိုက်ထွက်ခွာကာ နန်းတော်သို့ ပြန်လာခဲ့လေသည်။
သူသည် မျက်နှာသေဖြင့် ယိဟွားနန်းဆောင်သို့ လျင်မြန်စွာ သွားရောက်ခဲ့၏။
စူးကျောင်းရုံသည် တစ်လကျော်ခန့်က နာမကျန်းဖြစ်ကာ ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့ရပြီး အဝေးမှပင် ဆေးနံ့ပြင်းပြင်းကို ရရှိနိုင်လေသည်။
အိပ်ဆောင်အပြင်ဘက်တွင် စောင့်နေသည့် နန်းတွင်းအစေခံများက ရှေ့သို့တိုးကာ အရိုအသေပေးကြ၏။
လီဟောက်သည် မမြင်ချင်ယောင်ဆောင်ကာ တံခါးကို တန်းပြီဂ တွန်းဖွင့်လိုက်၏။
တံခါးတွန်းဖွင့်သံသည် ခုတင်ပေါ်တွင် လဲလျောင်းနေသော စူးကျောင်းရုံကို လန့်နိုးသွားစေလေသည်။ စူးကျောင်းရုံသည် မျက်လုံးဖွင့်လိုက်ပြီး သားဖြစ်သူ လာသည်ကို မြင်တွေ့ရသောအခါ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "အားဟောက်..."
"မူချင်း” လီဟောက်၏ မျက်ဝန်းအိမ်တွင် ဆူပွက်နေသော မီးတောက်များ တောက်လောင်နေပြီး အသံမှာ အနည်းငယ် တင်းမာနေလေသည်။ "သားတော်မှာ မေးစရာရှိတယ်”
စူးကျောင်းရုံ၏ ကိုယ်ခန္ဓာတွင် ကြီးမားသောရောဂါမရှိဘဲ စိတ်ရောဂါသာ ခံစားနေရခြင်းပင်။ လှပပြီး နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် ဖြူဖျော့နေပြီး အသံမှာ အားနည်းနေလေသည်။ "အားဟောက်။ သားဘာဖြစ်လာတာလဲ။ ဘယ်သူက သားကို စိတ်ဆိုးအောင်လုပ်လိုက်လို့လဲ”
လီဟောက်၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားပြီး မျက်ဝန်းအိမ်သည် တစ်ချက်ဝေ့ကြည့်လိုက်၏။
ခုတင်ဘေးတွင် စောင့်နေသော ဇီထန်သည် သခင်ဖြစ်သူ၏ အေးစက်ထက်ရှသော အကြည့်အောက်တွင် ကိုယ်ကိုကျုံ့လိုက်ပြီး တိတ်တဆိတ် နောက်ဆုတ်သွားလေသည်။
စူးကျောင်းရုံသည်လည်း အခြေအနေ တစ်ခုခုလွဲနေသည်ကို သတိပြုမိသွားပြီး အားယူကာ ထိုင်လိုက်ပြီး သားဖြစ်သူအား နူးညံ့စွာ မေးလိုက်သည်။ "အားဟောက်။ ထိုင်ပါဦး။ စိတ်ထဲမှာ ဘာမကျေနပ်တာရှိလဲ။ မူချင်းကို ပြောပြပါ။ မူချင်းက သားကို ဘာမှမကူညီနိုင်ရင်တောင်မှ အနည်းဆုံးတော့ သားအတွက် ဝေမျှခံစားပေးနိုင်တာပေါ့”
လီဟောက်သည် ချစ်ခင်ကြင်နာပြီး နူးညံ့သိမ်မွေ့သော မယ်တော်အရင်းကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ဒီနေ့ ကျွန်တော် ဖူယန်နယ်စားအိမ်တော်ကို သွားခဲ့တယ်။ ရှောင်ယွိကို တွေ့ခဲ့တယ်။ သူက ကျွန်တော့်ရှေ့မှာပဲ အာ့ကောနဲ့ တရင်းတနှီး နေပြခဲ့တယ်”
"ကျွန်တော့်ရဲ့နှလုံးသားက ဓားနဲ့မွှန်းသလို နာကျင်ရပါတယ်”
"သူက သားတော်ကို ပြောတယ်။ မူချင်းကို သွားမေးလိုက်ပါတဲ့။ သူက ကျွန်တော်တို့သားအမိကို ဒီလောက်တောင် မုန်းတီးရွံရှာနေရတဲ့အကြောင်းအရင်းကိုတဲ့။ မူချင်း သားတော် အခုရောက်လာပါပြီ။ ကျွန်တော့်ကို ပြောပြပါ။ မူချင်းက တကယ်ပဲ ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလဲ”
စူးကျောင်းရုံ “...”
အပိုင်း (၇၈) လျှို့ဝှက်ချက်
လီဟောက်၏ မျက်လုံးများသည် ဓားသွားကဲ့သို့ပင် စူးရှလှစွာဖြင့် စူးကျောင်းရုံကို တည့်တည့်မတ်မတ် စိုက်ကြည့်နေလေသည်။
စူးကျောင်းရုံ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး မျက်နှာမှာ နီတစ်လှည့် ဖြူတစ်လှည့် အကြိမ်ကြိမ် ပြောင်းလဲသွား၏။ သူမ၏ ပါးစပ်မှ ထွက်လာသော စကားမှာတော့…
"အားဟောက်။ မင်း ဘာတွေလျှောက်ပြောနေတာလဲ။ မူချင်းနဲ့ စတုတ္ထသခင်မလေးလုက ၂ခါပဲ တွေ့ဖူးတာပါ။ ပထမတစ်ခါက နန်းတွင်းစားသောက်ပွဲမှာ။ ဒုတိယတစ်ခါကတော့ လွန်ခဲ့တဲ့ တစ်လကျော်ကပေါ့”
"ဒါတွေအားလုံးကို မင်းလည်း သိနေတာပဲ။ မူချင်းနဲ့သူ့ကြားမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနိုင်မှာလဲ”
"သူ မူချင်းကို မုန်းနေတာက ကချေသည်ဘဝကလာတဲ့ ကျောင်းရုံတစ်ယောက်ဖြစ်တဲ့ မူချင်းကို အထင်မကြီးလို့။ မူချင်းရဲ့ချွေးမ မဖြစ်ချင်လို့ပဲဖြစ်မှာပေါ့”
"မင်းနဲ့ လီကျင့်က မင်းသားတွေပါပဲ။ ဒါပေမဲ့ လီကျင့်က မိဖုရားခေါင်ကြီးရဲ့ ဝမ်းကနေ မွေးဖွားလာတာ။ အရှင်မင်းကြီးရဲ့ တစ်ဦးတည်းသော မိဖုရားခေါင်က မွေးတဲ့ သားတော်ပဲ။ နန်းတွင်းက စာပေပညာရှင်အမတ်တွေက မိဖုရားခေါင်ကမွေးတာနဲ့ ကွေးဖေးကမွေးတာကို အလေးအနက်ထားဆုံးပဲ။ ဒါကြောင့် သူတို့အားလုံးက ဒုတိယမင်းသားကိုပဲ ထောက်ခံကြမှာပေါ့”
"လုမင်ယွိကလည်း မိုက်မဲတဲ့သူ မဟုတ်ဘူး။ သူက ဒုတိယမင်းသားနဲ့ ပလဲနံပသင့်အောင် ပေါင်းနိုင်မှတော့ မင်းကို လက်ထပ်ချင်တော့မှာ မဟုတ်ဘူးပေါ့။ သူက ကိုယ်တိုင် စည်းစိမ်ဥစ္စာနဲ့ အဆောင်အယောင်ကို မက်မောတယ်ဆိုတာကို ဝန်မခံချင်ဘဲ အပြစ်အားလုံးကို မူချင်း အပေါ်ပုံချလိုက်တာပဲ”
စူးကျောင်းရုံသည် စကားပြောနေရင်း မျက်ရည်များ ထပ်မံစီးကျလာပြန်သည်။
"အားဟောက်။ နန်းတော်ထဲက လူတိုင်းက မူချင်းကို အထင်သေးတယ်။ လုမင်ယွိကလည်း မူချင်းကို မထီမဲ့မြင်ပြုတယ်။ အခုတော့ ငါ့သားကပါ ကိုယ့်အမေအရင်းကို စိတ်ပျက်ရတော့မှာလား”
ယခင်အချိန်များသာဆိုလျှင် စူးကျောင်းရုံ ဤသို့ မျက်ရည်များကျကာ ငိုယိုရင်ဖွင့်သည်နှင့် လီဟောက်သည် စိတ်လှုပ်ရှားသွားမိမည်မှာ အမှန်ပင်။
ယခုအခါတွင်တော့ လီဟောက်၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိဘဲ သူ၏မျက်ဝန်းများသည် ပိုလို့ပင် နက်ရှိုင်းလာကာ နာကျင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
အချိန်အတော်ကြာမှ လီဟောက်သည် ပါးစပ်ဖွင့်၍ ဆိုလိုက်သည်။
"မူချင်း။ မူချင်း တကယ်ပဲ ကျွန်တော့်ကို လျှို့ဝှက်ထားတာရှိနေတာပဲ”
မျက်ရည်များကျကာ ငိုရှိုက်နေသော စူးကျောင်းရုံ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး မျက်ရည်စများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လီဟောက်ကို မော့ကြည့်လိုက်သည်။
လီဟောက်၏ မျက်ဝန်းများသည် အဆုံးအစမရှိသော ညနက်သဖွယ် နက်မှောင်နေပြီး သူ၏အသံထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေ၏။
"ကျွန်တော် စောစောကတည်းက တစ်ခုခုမှားနေပြီလို့ ခံစားမိနေခဲ့တာ။ အဲ့ဒီနေ့က ကျွန်တော် လုအိမ်တော်ကို သွားတော့ ရှောင်ယွိက ပါးစပ်ကနေ တန်းပြီး ကျွန်တော့်ကို မောင်းထုတ်တယ်။ ပြီးတော့ ကျွန်တော်နဲ့တောင် ရန်ဖြစ်သေးတယ်”
"နန်းတွင်းစားသောက်ပွဲမှာ ရှောင်ယွိက လူတိုင်းရဲ့ရှေ့မှာ မူချင်းကို အရှက်ခွဲခဲ့တယ်။ မူချင်းက ကျွန်တော့်ရှေ့မှာ ရှောင်ယွိကို လက်မထပ်ဖို့ အကြိမ်ကြိမ်အခါခါ ငိုယိုပြီး တောင်းပန်ခဲ့တယ်။ သူက မူချင်းနဲ့ ဝူတိကို သတ်လိမ့်မယ်လို့ ပြောခဲ့တယ်”
"လွန်ခဲ့တဲ့ တစ်လကျော်က မိဖုရားခေါင်ကြီးက ရှောင်ယွိကို နန်းတော်ထဲခေါ်တွေ့တယ်။ မူချင်းက ရှောင်ယွိကို တွေ့ချင်တယ်လို့ ဇွတ်တောင်းဆိုခဲ့တယ်။ အဲ့ဒီနေ့က ယိဟွားနန်းဆောင်ရဲ့ ဘေးနန်းဆောင်ထဲက မာကျောတဲ့ စားပွဲတစ်လုံးမှာ အပေါက် ၂ပေါက် ထပ်တိုးလာခဲ့တယ်။ မူချင်းလည်း အဲ့ဒီနေ့မှာပဲ နေမကောင်းဖြစ်သွားခဲ့တယ်”
"မူချင်း။ ကျွန်တော်က တုံးအတဲ့သူ ဖြစ်နေတာပဲ။ ကျွန်တော် စောစောကတည်းက တစ်ခုခုမှားနေပြီလို့ ခံစားမိနေခဲ့တာပါ။ ဒါပေမဲ့ ပါးစပ်ဖွင့်ပြီး မေးလိုက်တိုင်း မူချင်းက မရပ်မနား ငိုတော့တာပဲ။ ကျွန်တော်လည်း အတင်းအကျပ် မမေးမြန်းရက်တော့ဘဲ ဒီအတိုင်းပဲ လွှတ်ထားလိုက်မိတယ်”
"ဒီနေ့တော့ မူချင်း လျှို့ဝှက်ချက်တွေ အကုန်လုံးကို ထုတ်ပြောရလိမ့်မယ်”
"ကျွန်တော် ကိစ္စရဲ့ အဓိကအကြောင်းအရင်းကို သိရမှ ပြန်ပြီးအဖတ်ဆယ်နိုင်မဲ့ အခွင့်အရေးရှိလာမှာ။ မဟုတ်ရင်တော့ ကျွန်တော် ရှောင်ယွိကို တကယ်ပဲ လုံးဝဆုံးရှုံးရတော့မှာ..."
လီဟောက်သည် ရုတ်တရက် စကားဆက်မပြောနိုင်တော့ပေ။
သူ၏မျက်လုံးနှစ်ဖက်သည် နီရဲလာပြီး မျက်ဝန်းများထဲတွင် မျက်ရည်များ ဝေ့သီနေကာ အသံမှာလည်း တုန်ယင်လျက်ရှိသည်။
စူးကျောင်းရုံ၏ နှလုံးသားသည် ဓားဖြင့်မွှန်းသကဲ့သို့ နာကျင်သွားရသည်။
သူမ၏သားတော်သည် ကောင်းကင်နှင့်မြေကြီးကို ထောက်မထားနိုင်သော ယောက်ျားပီသသူ တစ်ယောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက သူမ၏ အဓိကအားကိုးရာဖြစ်ခဲ့သည်။ သူသည် ခိုင်မာပြတ်သားပြီး မည်သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရသည်ဖြစ်စေ ခါးကိုမတ်မတ်ထား၍ ရင်ဆိုင်လေ့ရှိသည်။
သူမသည် သားဖြစ်သူ ဤသို့ အားနည်းနာကျင်နေသည်ကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
သေနာမ လုမင်ယွိ။
သူက ဘယ်လိုလုပ်ပြီး သူမရဲ့သားကို ဒီလိုဆက်ဆံရက်ရတာလဲ။
စူးကျောင်းရုံသည် လက်ကိုဆန့်၍ လီဟောက်ကို ပွေ့ဖက်လိုက်ပြီး ငိုယိုကာ ဆိုလေသည်။
"အားဟောက်။ မင်း တကယ်ပဲ မူချင်းကို အထင်လွဲနေတာပါကွယ်။ မင်းက ငါ့ရဲ့သား။ ဒီဘဝမှာ ငါ့ရဲ့အားကိုးရာနဲ့ မျှော်လင့်ချက်ပဲ။ မူချင်း မင်းကို ချစ်လို့တောင်မဝသေးတာ။ ဘယ်လိုလုပ်ပြီး မင်းကို လျှို့ဝှက်ထားစရာ ကိစ္စရှိနိုင်မှာလဲ”
"ဒါက လုမင်ယွိက အရင်ဆုံးစိတ်ပြောင်းသွားလို့ ဖြစ်ရတာပဲ။ သူက ဒုတိယမင်းသားကို လက်ထပ်ချင်တယ်။ ဒါပေမဲ့ သစ္စာမရှိတဲ့သူဆိုတဲ့ နာမည်ဆိုးကို မခံချင်တော့ အပြစ်အားလုံးကို မူချင်းအပေါ် ပုံချလိုက်တာ”
"အားဟောက်။ မူချင်းက နေ့တိုင်း နန်းတော်ထဲမှာပဲ နေတာ။ ဒီနှစ်တွေမှာ နန်းတော်တံခါးအပြင်ကိုတောင် မထွက်ဖူးဘူး။ အရင်ကလည်း လုမင်ယွိကို မမြင်ဖူးဘူး။ မူချင်းက သူ့ကို ဘာများလုပ်နိုင်မှာတဲ့လဲ”
"မင်း သူ လိမ်တာကို မခံရနဲ့။ ဒီလောကမှာ မင်းကို စိတ်ရင်းအမှန်နဲ့ဆက်ဆံတဲ့သူက မင်းအမေအရင်းဖြစ်တဲ့ မူချင်းတစ်ယောက်ပဲရှိတယ်..."
မျက်ရည်စက်များသည် လီဟောက်၏ ပခုံးပေါ်သို့ ကျဆင်းသွားပြီး မကြာမီပင် နေရာကွက်တစ်ခုလုံး စိုစွတ်သွားတော့သည်။
မယ်တော်အရင်းသည် အသည်းကွဲမတတ် ငိုကြွေးလျက် သူ့ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ ထိုအဖြစ်သည် သစ်ပင်တစ်ပင်ကို နွယ်ပင်တစ်ပင်က ရစ်ပတ်ထားသကဲ့သို့ပင်။ လီဟောက်၏ နှလုံးသားသည် အလယ်မှ နှစ်ခြမ်းကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ခြမ်းမှာ သူ့ကို လုံးလုံးလျားလျား အားကိုးနေသော မယ်တော်နှင့် ညီတော်တို့ ဖြစ်သည်။
ကျန်တစ်ခြမ်းမှာတော့ "ကြည့်လေ။ ဒီလိုဖြစ်မယ်ဆိုတာ ငါသိပြီးသား" ဟု ပြောနေသကဲ့သို့ လှောင်ပြောင်သရော်သည့် လုမင်ယွိ၏ မျက်ဝန်းများပင်။
သူ၏ မျက်လုံးများသည် ကျိန်းစပ်ပူနွေးလာပြီး အချိန်အတော်ကြာအောင် ဝေ့သီနေခဲ့သော မျက်ရည်စက်များသည် နောက်ဆုံးတွင် မျက်လုံးများထဲက လျှံကျလာတော့သည်။
...
ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း ဖူယန်မြို့စားအိမ်တော်တွင် ကြာကြာမနေလိုက်ကြဘဲ တတိယမင်းသား ထွက်သွားပြီးနောက် ညီအစ်ကိုနှစ်ယောက်သည်လည်း အတူတကွ နန်းတော်သို့ ပြန်ခဲ့ကြသည်။
လမ်းတစ်လျှောက်လုံးတွင် စတုတ္ထမင်းသားသည် အစ်ကိုတော်ဖြစ်သူကို အခါအားလျော်စွာ ခိုးကြည့်နေလေသည်။
ဒုတိယမင်းသားမှာတော့ အလွန်တည်ငြိမ်လှပြီး စတုတ္ထမင်းသားက မျက်လုံးဖြင့် မည်သို့ပင် အရိပ်အမြွက်ပြပြီး မေးမြန်းနေစေကာမူ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့်သာ နေလေသည်။
စတုတ္ထမင်းသားသည် နောက်ဆုံးတွင် အရှုံးပေးလိုက်ရပြီး နန်းတော်တံခါးသို့ ဝင်ရောက်ပြီးနောက် ဒုတိယမင်းသားအနားသို့ တိုးကပ်သွားကာ လေသံတိုးတိုးဖြင့် မေးရတော့သည်။
"အာ့ကော။ တကယ်ပဲ စတုတ္ထသခင်မလေးလုကို လက်ထပ်တော့မှာလား”
ဒုတိယမင်းသား၏ ခြေလှမ်းများ ရပ်တန့်သွားပြီး စတုတ္ထမင်းသားဘက်သို့ လှည့်ကြည့်ကာ "ဘာမသင့်တော်လို့လဲ”
မသင့်တော်တာပေါ့။
မိန်းမတစ်ယောက်အတွက်နဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာက တော်တော်လေးကို မသင့်တော်တာပေါ့။
စတုတ္ထမင်းသားသည် မယ်တော်ဖြစ်သူ ချင်ဖေး၏ လိမ္မာပါးနပ်မှုကို အမွေဆက်ခံထားရာ ဤသို့ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်စကားမျိုးကို မပြောလိုပေ။ ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"မသင့်တော်တာတော့ မရှိပါဘူး။ စတုတ္ထသခင်မလေးလုက ခွန်အားလည်း အံ့မခန်းကောင်းတယ်။ ရုပ်ရည်ကလည်း မြို့တစ်မြို့ကိုတောင် ညို့ယူဖမ်းစားနိုင်လောက်အောင် လှတယ်။ ပြီးတော့ ရှင်းယန်ဝမ်ရဲ့ သမီးအရင်းလည်း ဖြစ်တယ်။ ဒီလောကမှာ အာ့ကောနဲ့ ထိုက်တန်တဲ့သူ တစ်ယောက်ရှိသေးတယ်ဆိုရင် အဲ့ဒါ စတုတ္ထသခင်မလေးလုပဲ ရှိတော့မှာပါ”
ဒုတိယမင်းသား၏ မျက်ဝန်းများတွင် အပြုံးရိပ်များ ပေါ်လာပြီး လက်ကိုဆန့်ကာ စတုတ္ထမင်းသား၏ ပခုံးကို ပုတ်လိုက်ပြီး ရင်းနှီးသော လေသံဖြင့် ဆိုလေသည်။
"စစ်တိ (စတုတ္ထညီတော်)က တကယ်ပဲ မျက်စိရှိတာပဲ”
စတုတ္ထမင်းသားသည် ပါးစပ်ကိုဖြဲကာ ဒုတိယမင်းသားနှင့် မျက်နှာချင်းဆိုင် ပြုံးလိုက်ကြသည်။
ထို့နောက် ဒုတိယမင်းသားသည် ကျောင်းဖန်နန်းဆောင်သို့ ခြေလှမ်းလှမ်းလိုက်သည်။
စတုတ္ထမင်းသားမှာတော့ ချက်ချင်းပင် ချင်ဖေး၏ နန်းဆောင်သို့ သွားလေသည်။
ချင်ဖေးသည် နေ့ခင်းဘက်တွင် အလုပ်အကိုင်မရှိသဖြင့် ပန်းထိုးပန်းချုပ်လုပ်ကာ အချိန်ဖြုန်းနေလေ့ရှိသည်။ စတုတ္ထမင်းသားက အလျင်စလို ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်ကိုမြင်လိုက်ရသည်တွင် ချင်ဖေးသည် ပြုံးရွှင်စွာဖြင့် ပန်းထိုးထည်ကို ချလိုက်ပြီး ပဝါကိုယူကာ စတုတ္ထမင်းသား၏ နဖူးပေါ်မှ ချွေးစက်များကို သုတ်ပေးလိုက်ပြီး "ဒါက ဘာဖြစ်လာတာလဲ။ ဘာတွေများ ဖြစ်လာလို့လဲ”
စတုတ္ထမင်းသား၏ မျက်လုံးနှစ်ဖက်သည် အရောင်တောက်နေပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"မယ်တော်။ ကိစ္စကြီးဖြစ်နေပြီ”
ချင်ဖေးသည် အနည်းငယ် အံ့ဩသွားပြီး "မင်း ကျောက်အိမ်တော်ကို သွားတာ မဟုတ်လား။ ကျောက်အိမ်တော်မှာ ဘယ်လိုကိစ္စကြီးမျိုး ရှိနိုင်မှာလဲ။ မဟုတ်မှလွဲရော မင်းနဲ့ ကျောက်ယွီဆိုတဲ့ ကောင်မလေးနဲ့ ရန်ဖြစ်လာတာလား” ထို့နောက် မိမိဘာသာ ဆက်ပြောပြန်သည်။ "တကယ်ပဲ ပြတ်သွားရင်လည်း ကောင်းတာပဲ။ အဲ့ဒါမှ မင်း ဖုဟွမ်ကို မင်းအတွက် ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခု ရွေးချယ်ပေးဖို့ တောင်းဆိုလို့ရမှာ။ ဘယ်အိမ်တော်က သခင်မလေးကိုပဲ လက်ထပ်ရလက်ထပ်ရ။ ကျောက်ယွီဆိုတဲ့ အသိဉာဏ်မရှိတဲ့ ကောင်မလေးကို လက်ထပ်ရတာထက်တော့ သာပါတယ်”
ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ ရှေ့တွင် ဟန်ဆောင်ပန်ဆောင်ပြုမူကာ ကျောက်ယွီသည် ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းသည်ဟု မကြာခဏ ချီးကျူးလေ့ရှိသည်။ တကယ်တမ်းတွင်တော့ ကျောက်ယွီသည် အကြံအစည်မရှိသော လူပေါတစ်ယောက်ဖြစ်သည်ဟု စိတ်ထဲတွင် မကြာခဏ ဝေဖန်လေ့ရှိသည်။
စတုတ္ထမင်းသားသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး "ယွီကျဲကျဲက စိတ်သဘောထား နည်းနည်းတော့ ရိုးသားလွန်းတာမှန်ပေမယ့် နောင်တစ်ချိန် လက်ထပ်ပြီးသွားရင် အချင်းချင်း အကောက်ကြံတာတွေ သက်သာတာပေါ့”
ချင်ဖေးသည် လူရှေ့တွင် နူးညံ့ပျော့ပျောင်းပြီး ဟာသဉာဏ်ရွှင်သော်လည်း နောက်ကွယ်တွင်တော့ လုံးဝမတူညီပေ။ မိုးမခပင်ကဲ့သို့ ကွေးညွတ်သော မျက်ခုံးများကို ပင့်တင်လိုက်ပြီး စကားလုံးများမှာ အလွန်စူးရှလှသည်။ "သူ့ဦးနှောက်နဲ့တော့ တကယ်ပဲ အကောက်ကြံစရာ မလိုလောက်ပါဘူး။ တွင်းနည်းနည်း တူးပေးလိုက်တာနဲ့ သူကိုယ်တိုင် ခုန်ဆင်းသွားမှာ”
"မင်းရဲ့ အဘွားတော်က သူ့မောင်ရဲ့ မိသားစုကို မျက်နှာသာပေးပြီး တူမတော်ကို မင်းသားကြင်ရာတော် ဖြစ်စေချင်နေတာ။ အကြီးဆုံးမင်းသားက စောစောကတည်းက လက်ထပ်ပြီးသွားပြီ။ ဒုတိယမင်းသားရဲ့ လက်ထပ်ပွဲကိုတော့ မိဖုရားခေါင်ကြီးက စီမံခန့်ခွဲမှာဆိုတော့ တခြားလူတွေကို ဝင်စွက်ဖက်ခွင့်ပေးမှာ မဟုတ်ဘူး။ တတိယမင်းသားရဲ့ မယ်တော်ကိုကျတော့ မင်းရဲ့အဘွားတော်က အထင်မကြီးဘူး။ နောက်ဆုံးတော့ မင်းကိုစတေးပြီး ကျောက်အိမ်တော်ကို မျက်နှာသာပေးရတော့တာပေါ့။ မဟုတ်ဘူးလား”
စတုတ္ထမင်းသားသည်လည်း လျှာစောင်းထက်လှသည့် မယ်တော်အရင်းကို ဘာမှမတတ်နိုင်ချေ။ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အကြောင်းအရာကို တည်တည်ငြိမ်ငြိမ်သာ ပြောင်းလဲလိုက်သည်။ "ဒီနေ့ အာ့ကောနဲ့ စန်းကောလည်း ကျောက်အိမ်တော်ကို သွားခဲ့တယ်။ ပြီးတော့ စတုတ္ထသခင်မလေးလုနဲ့လည်း တွေ့ခဲ့တယ်”
ချင်ဖေး၏ အာရုံသည် အမှန်တကယ်ပင် ပြောင်းလဲသွားသည်။
"ပြီးတော့ ဘယ်လိုဖြစ်လဲ”
စတုတ္ထမင်းသားသည် ယနေ့ ဖြစ်ပွားခဲ့သော ပြင်းထန်သည့်ပဋိပက္ခမြင်ကွင်းကို အရောင်အသွေးစုံလင်စွာဖြင့် သရုပ်ဖော်ပြလေသည်။
ချင်ဖေး၏ မျက်ဝန်းများတွင် အရောင်တစ်ချက် လက်သွားပြီး ရုတ်တရက် ရယ်မောလိုက်ကာ ဆိုလေသည်။
"ကောင်းတယ်။ တကယ်ကို ကောင်းလွန်းတယ်”
...