အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အပိုင်း (၇၉) သားအမိ
ချင်ဖေးသည် အားရပါးရ ရယ်မောလိုက်လေတော့သည်။
စတုတ္ထမင်းသားသည် ကြောင်အသွားပြီး မျက်ဝန်းများတွင် ဝံ့ကြွားပျော်ရွှင်မှုတို့ ခုန်ပေါက်နေသော ချင်ဖေးကို ကြည့်ကာ "မူဖေး။ ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေရတာလဲ”
ချင်ဖေးသည် ပြုံးရွှင်စွာဖြင့် လက်ညှိုးကို ဆန့်တန်းကာ စတုတ္ထမင်းသား၏ နဖူးကို ညင်သာစွာ တို့ထိလိုက်ပြီး "မင်းနော်။ ဒီလောက်လေးတောင် နားမလည်ဘူးလား”
"လီကျင့်နဲ့ လီဟောက်က မိန်းမတစ်ယောက်အတွက်နဲ့ ညီအစ်ကိုတွေ ရန်သူဖြစ်ကြပြီ။ နောက်တစ်ချိန် လုမင်ယွိက နန်းတော်ထဲကို ချွေးမတော်အဖြစ် လက်ထပ်ဝင်ရောက်လာရင် ကြည့်လို့ကောင်းတဲ့ပွဲတွေ အများကြီးရှိသေးတယ်။ ချောင်မိဖုရားခေါင်နဲ့ စူးကျောင်းရုံတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာလိမ့်မယ်။ မင်းရဲ့ဖုဟွမ်ကလည်း ဒီကိစ္စကြောင့် မင်းရဲ့အာ့ကောနဲ့ စန်းကောအပေါ်မှာ အမျက်ဒေါသထွက်လိမ့်မယ်”
"ဒါက မင်းအတွက် ပျော်စရာမကောင်းဘူးလား”
စတုတ္ထမင်းသား၏ နှလုံးသည် တဒုန်းဒုန်းခုန်လာပြီး အကြောင်းရင်းမသိ စိတ်မလုံမလဲဖြစ်ကာ ထိတ်လန့်သွားသည်။
"မူဖေး..."
ချင်ဖေးသည် မျက်နှာအမူအရာ ရုတ်ခြည်းပြောင်းလဲသွားသော စတုတ္ထမင်းသားကို လေးနက်ကာ အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး "ဒီမှာ တခြားလူ မရှိဘူး။ တို့သားအမိနှစ်ယောက်တည်းပဲ ရှိတာ။ ဘယ်လိုစကားမျိုးမဆို ပြောလို့ရတာပဲ။ မင်းကလည်း မင်း ဖုဟွမ်ရဲ့ သားတော်တစ်ပါးပဲ။ အဲ့ဒီရာထူးကို ဘာဖြစ်လို့ မစဉ်းစားနိုင်ရမှာလဲ”
"မင်း ဖုဟွမ်က မင်းရဲ့ သားကောကို မျက်နှာသာပေးတယ်။ မင်း အာ့ကောက မိဖုရားခေါင်ကမွေးတဲ့သား။ မင်းစန်းကောကတော့ သူ့မူချင်းကြောင့် အနှိမ်ခံနေရပေမယ့် တကယ်တော့ သူက စာပေရော စစ်ရေးရော နှစ်မျိုးလုံးမှာ ထူးချွန်ပြောင်မြောက်တဲ့သူပဲ”
"မင်းက အသက်ငယ်သေးတော့ ဒါတွေအားလုံးကို သူတို့နဲ့ မယှဉ်ပြိုင်နိုင်ဘူး။ ကံကောင်းတာက မင်းရဲ့အဘွားတော်က မင်းကို အချစ်ဆုံးပဲ။ ဒါကြောင့် မင်းရဲ့ဘဝကလည်း ခက်ခဲမနေပါဘူး။ မင်းက ဘေးမှာပဲ ခဏပုန်းနေပြီး သူတို့တွေ အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်နေကြတာကို ကြည့်နေလိုက်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်လေလေ မင်းအတွက် ပိုကောင်းလေပဲ”
"ခရုနဲ့ စင်ရော်ငှက်ရန်ဖြစ်တော့ တံငါသည်က အမြတ်ထွက်တယ်ဆိုတဲ့ သဘောတရားကို ငါ မသင်ပေးဘဲနဲ့တောင် မင်း နားလည်သင့်တယ်”
ဒုန်း! ဒုန်း! ဒုန်း!
စတုတ္ထမင်းသား၏ နှလုံးသည် ဗုံတီးသကဲ့သို့ ပြင်းထန်စွာ ခုန်ပေါက်လာပြီး ရုတ်တရက် ထရပ်လိုက်ကာ "မူဖေး။ ဆက်မပြောပါနဲ့တော့”
ချင်ဖေးသည် မျက်နှာအမူအရာ ပြောင်းလဲသွားသော သားဖြစ်သူကို ကြည့်ကာ ခပ်ယဲ့ယဲ့ဆိုလိုက်သည်။
"မင်းဒီနှစ် ၁၄နှစ်ပြည့်ပြီ။ ငယ်တော့တဲ့အရွယ်လည်း မဟုတ်တော့ဘူး။ တချို့ကိစ္စတွေကို ငါကိုယ်တိုင် မပြောရင်တောင် မင်းကိုယ်တိုင် သေသေချာချာ စဉ်းစားသင့်နေပြီ”
"တကယ်တော့ ငါက ကျောက်အိမ်တော်ကို မကြိုက်ဘူး။ ကျောက်ယွီဆိုတဲ့ ကောင်မလေးကို ပိုတောင်မကြိုက်သေးတယ်။ ဒါပေမဲ့ မင်းအဘွားတော်ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီလက်ထပ်ပွဲကို ငါလက်ခံရမှာပဲ”
"ဖူယန်မြို့စားက စစ်တိုက်တဲ့နေရာမှာ သာမန်ပဲ။ ရှင်းယန်ဝမ်တို့၊ ကွမ်းပင်းနယ်စားတို့နဲ့ ယှဉ်ရင် အများကြီးကွာတယ်။ ဒါပေမဲ့ သူက အရှင်မင်းကြီးရဲ့ သွေးရင်းဝမ်းကွဲညီလေ။ အရှင်မင်းကြီးနဲ့ အတူတူကြီးပြင်းလာခဲ့တာဆိုတော့ သံယောဇဉ်က သာမန်လူတွေနဲ့မတူဘူး”
"ပြီးတော့ ဖူယန်မြို့စားက စိတ်သဘောထားလည်း လိမ္မာပါးနပ်တယ်။ အပြုအမူလည်း ပျော့ပျောင်းတယ်။ ဒီလိုယောက္ခမမျိုးရှိတာက မင်းအတွက် အထောက်အကူအများကြီး ဖြစ်လိမ့်မယ်။ ဒါကြောင့် မင်း ကျောက်အိမ်တော်ကို သွားတာကို ငါဘယ်တော့မှ မတားဘူး။ နောက်တစ်ချိန်မှာ မင်းက ကျောက်ယွီကိုပဲ လက်ထပ်ရနိုင်ခြေ အရမ်းများတာဆိုတော့ အားနေတဲ့အချိန် သူ့ကို နည်းနည်းလောက် မြှောက်ပင့်ပေးလိုက်တာကလည်း အရေးမကြီးပါဘူး..."
စတုတ္ထမင်းသား၏ ဦးနှောက်သည် တဝီဝီမြည်လာပြီး မျက်နှာမှာလည်း မကောင်းတော့ပေ။
"မူဖေး။ ကျွန်တော် နည်းနည်းခေါင်းကိုက်လို့ အရင်ပြန်တော့မယ်”
စကားဆုံးသည်နှင့် မိခင်အရင်းကို လှည့်မကြည့်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
ချင်ဖေးသည် ထွက်ပြေးသွားသကဲ့သို့ ဖြစ်နေသော သားဖြစ်သူကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
ကြည့်ရတာ ဒီနေ့ သူမ ပေးလိုက်တဲ့ဆေးက နည်းနည်းပြင်းသွားပြီး သားလေးကို လန့်သွားစေခဲ့ပြီထင်တယ်။
ဒါပေမဲ့ သူလဲ တနေ့တခြား ကြီးပြင်းလာပြီးဆိုတော့ အမှန်ကို မြင်တတ်သင့်လေပြီ။ ထီးနန်းအရိုက်အရာက တစ်ခုတည်းရှိပေမဲ့ မင်းသားကတော့ ငါးပါးရှိနေတယ်။ အသုံးမကျတဲ့ မင်းသား၅ကို ဖယ်လိုက်ရင် မင်းသားလေးပါးလုံးမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိကြတယ်လေ။
ဒါကလဲ တရားဝင်သားကြီးကပဲ ဆက်ခံနိုင်တဲ့ မျိုးရိုးစဉ်ဆက် အမွေဆက်ခံတာနဲ့ မတူဘူး။ နန်းမွေဆက်ခံတာကတော့ မိဖုရားခေါင်ရဲ့ သားတော်ကို တင်မြှောက်နိုင်သလို အရည်အချင်းရှိသူကိုလည်း တင်မြှောက်နိုင်တယ်။ ယုံးကျားဧကရာဇ်က အခုချိန်မှာ အရွယ်ကောင်းနေသေးတယ်။ ရှည်လျားတဲ့ဘဝကိုလဲ လျှောက်နိုင်သေးတယ်လေ။
နောက်ဆုံးအချိန်အထိ ရယ်မောနိုင်သူကပဲ တကယ်အနိုင်ရသူ ဖြစ်မှာ။
...
ကျောင်းဖန်နန်းဆောင်အတွင်းတွင်...
ချောင်မိဖုရားခေါင်သည် နန်းတွင်းသူအားလုံးကို ထွက်သွားခိုင်းပြီးနောက် ဒုတိယမင်းသား၏ ရှေ့မှောက်သို့ လျှောက်လှမ်းလာကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်း ဒီနေ့ ကျောက်အိမ်တော်ကို သွားတော့ စတုတ္ထသခင်မလေးလုနဲ့ တွေ့ခဲ့တယ် ဟုတ်လား”
ဒုတိယမင်းသား၏ မျက်ဝန်းများတွင် နူးနူးညံ့ညံ့ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ပြုံးရွှင်စွာဖြင့် အင်း ဟုတစ်လုံးသာ ဆိုလိုက်သည်။
ချောင်မိဖုရားခေါင်သည် ထိုအဖြစ်ကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲ၌ မချိတင်ကဲ ပြုံးလိုက်မိသည်။
တကယ့်ကို ရေစက်ဆိုးပါပဲ။
ဒုတိယမင်းသားသည် လုမင်ယွိကိုသာ နှလုံးသားနှင့်ရင်းပြီး စိတ်စွဲလန်းနေသည်။ သူမသည် သားဖြစ်သူကို မလွန်ဆန်နိုင်သဖြင့် သူ၏သဘောအတိုင်းသာ လိုက်လျောပေးရတော့သည်။
လွန်ခဲ့သည့် တစ်လကျော်က ဒုတိယမင်းသားသည် နန်းတော်မှ တိတ်တဆိတ် ထွက်ခွာကာ တော်ဝင်အပန်းဖြေ စံအိမ်တော်သို့ သွားခဲ့သည်မှာ မည်သူ့ကို တွေ့ဆုံရန်ဖြစ်သည်ကို သူမ၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိရှိသော်လည်း မျက်စိမှိတ်ပေးထားခဲ့ခြင်းသာ ဖြစ်သည်။
ချောင်မိဖုရားခေါင်တွင် ကောင်းကွက်တစ်ခုရှိသည်မှာ ဤကိစ္စကို လက်ခံလိုက်သည်နှင့် ဤလက်ထပ်ပွဲ၏ အကျိုးကျေးဇူးများကိုသာ အတတ်နိုင်ဆုံး စဉ်းစားလေ့ရှိခြင်းပင်။ ထို့နောက်တွင် လုမင်ယွိအကြောင်းကို မကောင်းပြောဆိုခြင်း တစ်ခွန်းတစ်ပါဒမျှ မရှိတော့ချေ။
ယခုအချိန်တွင်ပင် သူမသည် ပြုံးရွှင်စွာဖြင့် စနောက်လိုက်သေးသည်။
"မင်းကတော့ စိတ်အားထက်သန်နေပေမယ့် စတုတ္ထသခင်မလေးလုက မင်းကို အဖက်လုပ်ချင်မှ လုပ်မှာနော်”
ဒုတိယမင်းသား၏ မျက်ဝန်းများတွင် အပြုံးရိပ်များ ပို၍နက်ရှိုင်းလာသည်။
"ကျွန်တော် မူဟုပ်ဆီလာခဲ့တာက သူ့စိတ်ပြောင်းသွားပြီ။ ကျွန်တော့်ရဲ့ဇနီးအဖြစ် လက်ထပ်ဖို့ သဘောတူလိုက်ပြီဆိုတဲ့အကြောင်းကို မူဟုပ်ကို လာလျှောက်တင်တာပါပဲ”
ချောင်မိဖုရားခေါင်သည် ခေါင်းမာပြီး မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော လုမင်ယွိကို စဉ်းစားမိသောအခါ ခေါင်းအနည်းငယ် ကိုက်လာသော်လည်း မျက်နှာတွင်တော့ ထိုအမူအရာကို မပြသပေ။
"ဪ။ ဒါကတော့ သတင်းကောင်းတစ်ခုပဲ”
ခဏလောက်စဉ်းစားပြီးနောက် သူမသည် ထရပ်လိုက်ပြီး "ဒီကိစ္စကို ငါ မင်းဖုဟွမ်နဲ့ သွားပြောရမယ်”
သားဖြစ်သူ၏ တစ်ဘဝတာကိစ္စအတွက် မိခင်အရင်းဖြစ်သူ သူမအနေဖြင့် အစွမ်းကုန် ကြိုးစားပေးရပေမည်။
ဒုတိယမင်းသားသည် သိသိသာသာ ပိန်လှီဖျော့တော့သွားသော ချောင်မိဖုရားခေါင်ကို စူးစိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"မူဟုပ်ကို ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းတွေမှာ မူဟုပ်က သားတော်အတွက် စိုးရိမ်ပူပန်ပြီး ပင်ပန်းနေရတယ်။ သားတော်က မူဟုပ်အပေါ်မှာ တာဝန်မကျေခဲ့ပါဘူး”
ကျာပွတ်ဒဏ် တစ်ချက်ခံရပြီးနောက်တွင်ပင် လုမင်ယွိကို လက်ထပ်ရန် ဇွတ်တောင်းဆိုခဲ့သေးသည်။
ချောင်မိဖုရားခေါင်သည် သားဖြစ်သူ၏ ဇွဲကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ရပြီး နောက်ဆုံးတွင် သူ၏ဆန္ဒအတိုင်း လိုက်လျောပေးခဲ့ရသည်။ ဤကာလအတွင်း ချောင်မိဖုရားခေါင်၏ နေ့ရက်များသည် အမှန်တကယ်ပင် မတည်ငြိမ်ဘဲ ခက်ခဲခဲ့ရသည်။
သားဖြစ်သူ၏ ဤသို့ ဂရုတစိုက်ပြောဆိုသော စကားကို ကြားရသောအခါ ချောင်မိဖုရားခေါင်၏ စိတ်ထဲမှ ဝမ်းနည်းမှုနှင့် မကျေနပ်မှု အားလုံးသည် မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ချောင်မိဖုရားခေါင်သည် မျက်မှောင်ကို ဖြေလျှော့လိုက်ပြီး ရယ်မောကာ ဆိုလိုက်သည်။
"မင်းက စောစောစီးစီး ဇနီးမယားယူ။ သားသမီးမွေးပြီး ငါ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်ရင် ရပါပြီ”
ဒုတိယမင်းသားသည် အပြုံးများ ဝေဆာနေသော ချောင်မိဖုရားခေါင်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြန်လည်လျှောက်တင်လိုက်သည်။
"မူဟုပ် စိတ်ချပါ။ ကျွန်တော် မူဟုပ်ကို ကောင်းကောင်းပြုစုစောင့်ရှောက်မှာပါ”
မူဟုပ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားမှာပါ။
မူဟုပ်ကို စူးကျောင်းရုံလက်ချက်နဲ့ နောက်တစ်ခါ အသေခံရမှာကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။
ချောင်မိဖုရားခေါင်သည် သားဖြစ်သူ၏ ရှုပ်ထွေးနက်မှောင်သော စိတ်အတွေးများကို မသိရှိပေ။ ထိုစကားကို ကြားရသောအခါ ချောင်မိဖုရားခေါင်သည် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ရယ်မောလိုက်ပြီး စိတ်ထဲမှ မကျေမနပ်ဖြစ်မှုလေးများလည်း လွင့်ပြယ်သွားတော့သည်။
ဒါပါပဲ။ သားဖြစ်သူကကြိုက်တယ်ဆိုမှတော့ လုမင်ယွိကို လက်ထပ်ချင်ရင် လက်ထပ်ပါစေတော့။
...
ချောင်မိဖုရားခေါင်သည် ဆုံးဖြတ်ချက်ချပြီးနောက် ထိုနေ့ညနေတွင်ပင် ဝမ်ဟွားခန်းမဆောင်သို့ လူလွှတ်ကာ သတင်းစကားပါးလိုက်သည်။
ယုံးကျားဧကရာဇ်သည် တိုင်းရေးပြည်ရာများဖြင့် အလုပ်များပြီးနောက် ယန်ရှီနန်းဆောင်သို့သွားကာ မုန့်ကွေ့ဖေးနှင့်အတူ ညစာသုံးဆောင်ရန် ပြင်ဆင်နေလေသည်။
ထိုအချိန်တွင် လျိုကုန်းကုန်းသည် လာရောက်လျှောက်တင်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မိဖုရားခေါင်ကြီးက သတင်းစကား ပါးလိုက်ပါတယ်။ အရှင်မင်းကြီးကို ကျောင်းဖန်နန်းဆောင်ကို တစ်ခေါက်ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ မိဖုရားခေါင်ကြီးက အရှင်မင်းကြီးနဲ့ တိုင်ပင်စရာ အရေးကြီးကိစ္စ ရှိပါတယ်တဲ့”
ဝမ်ဟွားခန်းမဆောင်သည် ယုံးကျားဧကရာဇ် တိုင်းရေးပြည်ရာများ စီမံခန့်ခွဲရာနေရာဖြစ်ပြီး အနောက်နန်းဆောင်မှ ကြင်ယာတော်များ ဝင်ရောက်ခွင့်မရှိပေ။
ချောင်မိဖုရားခေါင်သည် အပြောအဆိုအမူအရာတွင် သတိကြီးစွာထားပြီး ယုံးကျားဧကရာဇ်က မခေါ်မချင်း ဝမ်ဟွားခန်းမဆောင်သို့ မိမိသဘောဖြင့် မည်သည့်အခါမျှ မလာရောက်ပေ။
နောက်ဆုံးတစ်ကြိမ် ဝမ်ဟွားခန်းမဆောင်သို့ အတင်းဝင်ရောက်ခဲ့သည်မှာ ယုံးကျားဧကရာဇ်က ဒေါသတကြီးဖြင့် သားတော်ကို ကျာပွတ်ဒဏ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ချောင်မိဖုရားခေါင်သည် ထိုတစ်ကြိမ်သာ မိမိကိုယ်ကို မထိန်းနိုင်ဖြစ်ခဲ့သည်။
ယုံးကျားဧကရာဇ်သည် ခဏလောက် တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။ ငါ့အမိန့်ကို ပြန်ဆင့်လိုက်။ ကျောင်းဖန်နန်းဆောင်ကို ကြွချီမယ်”
ချောင်မိဖုရားခေါင်သည် အရည်အချင်းပြည့်ဝသော ဇနီးကောင်းတစ်ယောက် ဖြစ်သည်။ နှစ်ပေါင်းများစွာ အတူပေါင်းသင်းခဲ့သော ဇနီးမောင်နှံ ဖြစ်သည့်အလျောက် ယုံးကျားဧကရာဇ်သည် တည်ငြိမ်ပြီး သည်းခံခွင့်လွှတ်တတ်သော ဇနီးဖြစ်သူအပေါ် အစဉ်အမြဲ လေးစားမှုရှိခဲ့သည်။
လစဉ် လဆန်း ၁ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ယုံးကျားဧကရာဇ်သည် မြို့တော်တွင် ရှိနေပါက ကျောင်းဖန်နန်းဆောင်တွင် မဖြစ်မနေ ညအိပ်လေ့ရှိသည်။ ထိုသို့ဖြင့် ချောင်မိဖုရားခေါင်ကို ဂုဏ်သိက္ခာနှင့် မျက်နှာသာ အပြည့်အဝပေးခဲ့သည်။
သို့သော် ကျန်ရက်များတွင်တော့ အများစုမှာ ယန်ရှီနန်းဆောင်တွင်သာ ရှိနေလေ့ရှိသည်။
ချင်ဖေးသည် အဒေါ်ဖြစ်သူ၏ သမီးဖြစ်ပြီး နားလည်မှုရှိကာ စိတ်သဘောထား ကောင်းသူဖြစ်သောကြောင့် ယုံးကျားဧကရာဇ်သည် အခါအားလျော်စွာ သွားရောက်လည်ပတ်လေ့ရှိသည်။
အလှအပအရဆိုလျှင် စူးကျောင်းရုံသည် အနောက်နန်းဆောင်တွင် အလှဆုံးဖြစ်သည်။ သို့သော် စူးကျောင်းရုံသည် နူးညံ့သိမ်မွေ့ပြီး ငိုတတ်လွန်းသောကြောင့် ယုံးကျားဧကရာဇ်သည် ထိုသို့သော စရိုက်ကို အမှန်တကယ် မနှစ်သက်ရာ တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်မျှသာ သွားရောက်လေ့ရှိသည်။
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ကြွချီတော်မူလာသည်တွင် ချောင်မိဖုရားခေါင်သည် ခန္ဓာကိုယ်ကို ညွှတ်ကာ အရိုအသေပေး ကြိုဆိုလေသည်။ သူမ၏ အမူအရာမှာ ပြည့်စုံပြီး အပြုံးမှာလည်း တည်ငြိမ်နူးညံ့လှသည်။
"ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
အရိုအသေပြုပုံမှာ အပြစ်ဆိုဖွယ်မရှိအောင် ပြည့်စုံလှသော်လည်း လင်မယားကြား ရှိသင့်သော ရင်းနှီးမှုမျိုးမူ ကင်းမဲ့နေလေသည်။
ယုံးကျားဧကရာဇ်သည် လက်ကိုဆန့်ကာ ချောင်မိဖုရားခေါင်ကို ထူမပေးလိုက်ပြီး နူးညံ့သော လေသံဖြင့် ပြုံးကာ ဆိုလိုက်သည်။
"အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။ မိဖုရားက ကျန်းနဲ့ တိုင်ပင်စရာရှိတယ်လို့ ပြောတယ်မဟုတ်လား။ ဘယ်လိုကိစ္စမျိုးလဲ”
...
အပိုင်း (၈၀) လင်မယား
ယုံးကျားဧကရာဇ်၏ အသားအရောင်မှာ အနည်းငယ်ညိုပြီး မျက်နှာတော်မှာ လေးထောင့်ကျသည်။ ချောမောခန့်ညားသည်ဟု မဆိုသာပေ။ သူရဲကောင်းဆန်ကာ ချောမောသော ရှင်းယန်ဝမ်ကိုလည်း မမီသကဲ့သို့ ကျက်သရေရှိခန့်ညားသော ကွမ်းပင်းနယ်စားကိုလည်း မယှဉ်သာချေ။ ဖူယန်မြို့စားပင်လျှင် ယုံးကျားဧကရာဇ်ထက် များစွာပို၍ ချောမောလေသည်။
သို့သော်လည်း ယုံးကျားဧကရာဇ်သည် အရပ်အမောင်းမြင့်မားပြီး အမြင့်မြတ်ဆုံးသော ဘုရင့်အာဏာကို လက်ဝယ်ပိုင်ဆိုင်ထားရာ လူအများကို အထက်စီးမှ ရှုမြင်နိုင်သည့် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါဟန်ပန် ရှိလေသည်။
ယခုအခါတွင် ယုံးကျားဧကရာဇ်၏ မျက်နှာတော်သည် နူးညံ့သိမ်မွေ့ပြီး မျက်ဝန်းများတွင် အပြုံးရိပ်များ ဝေဆာလျက်ရှိသည်။
ချောင်မိဖုရားခေါင်၏ စိတ်နှလုံးသည် အနည်းငယ် နွေးထွေးသွားပြီး နူးညံ့သော လေသံဖြင့် ပြုံးကာ ဆိုလိုက်သည်။
"ချန်ချဲ့ အရှင်မင်းကြီးကို ပင့်ဖိတ်တာက ဒုတိယမင်းသားရဲ့ လက်ထပ်ပွဲကိစ္စကို တိုင်ပင်ဆွေးနွေးချင်လို့ပါပဲ”
ဒုတိယမင်းသားအကြောင်းကို ပြောမိသည်နှင့် ယုံးကျားဧကရာဇ်၏ မျက်မှောင်တော်များမှာ တစ်ချက်လှုပ်ခတ်သွားပြီး အပြုံးသည်လည်း အလိုအလျောက်ပင် အနည်းငယ် မှေးမှိန်သွားသည်။
"ဪ။ မိဖုရားက ဘယ်အိမ်တော်က သခင်မလေးကို သဘောကျနေလို့လဲ”
ချောင်မိဖုရားခေါင်၏ စိတ်က အနည်းငယ် လေးလံသွားလေသည်။
ယုံးကျားဧကရာဇ်သည် အကြီးဆုံးမင်းသားကို မျက်နှာသာပေးသည်မှာ လူတိုင်းသိသော ကိစ္စဖြစ်သည်။ ဒုတိယမင်းသားသည် မိဖုရားခေါင်မှမွေးသော မင်းသားဖြစ်သော်လည်း ယုံးကျားဧကရာဇ်၏ နှစ်သက်မှုကို မရရှိခဲ့ပေ။ ဤကိစ္စကိုလည်း လူတိုင်းက စိတ်ထဲ၌ သိရှိကြသော်လည်း ထုတ်ဖော်မပြောကြချေ။
စိုးရိမ်စရာကောင်းသည်မှာ ဒုတိယမင်းသားသည် မြို့တော်သို့ ပြန်ရောက်လာပြီးနောက် အပြောအဆိုအမူအရာမှာ ယခင်နှင့် လုံးဝမတူတော့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယုံးကျားဧကရာဇ်ကို နေရာတိုင်းတွင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သားအဖနှစ်ယောက်၏ ဆက်ဆံရေးမှာလည်း ပိုလို့ပင် စိမ်းကားတင်းမာလာခဲ့လေသည်...
ချောင်မိဖုရားခေါင်သည် စိတ်ထဲမှ လေးလံသော အတွေးများကို ဖိနှိပ်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"အရှင်မင်းကြီးကို မဖုံးကွယ်ဝံ့ပါဘူး။ ချန်ချဲ့ သဘောကျနေတာက ရှင်းယန်ဝမ်ရဲ့ ချစ်သမီး။ လုအိမ်တော်က စတုတ္ထသခင်မလေးပါပဲ”
ယုံးကျားဧကရာဇ် “...”
ယုံးကျားဧကရာဇ်သည် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို တစ်ချက်ကြည့်လိုက်ပြီး "မိဖုရားခေါင်က တည်ငြိမ်ယဉ်ကျေးပြီး စာပေကျမ်းဂန်တွေနှံ့စပ်တဲ့ သခင်မလေးတွေကိုပဲ သဘောကျတာ။ လုလင်းရဲ့သမီးကို သဘောကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”
"အဲ့ဒီအကောင်စုတ်က ငါ့ကို နားချလို့မရတော့ မင်းကိုလာပြီး ငါ့ဆီမှာ သနားခံခိုင်းတာ ပဲဖြစ်ရမယ်။ ငါ့ကို လက်ဆက်ခွင့်အမိန့်တော် ချမှတ်ပေးဖို့အတွက်ပေါ့”
"ငါ ဒီနေ့ မင်းကို အမှန်အတိုင်းပြောလိုက်မယ်။ ငါ ရှင်းယန်ဝမ်ကို မေးပြီးပြီ။ ရှင်းယန်ဝမ်က သူ့သမီးကို နန်းတော်ထဲ ချွေးမတော်အဖြစ် လက်ထပ်ပေးဖို့ လုံးဝသဘောမတူဘူး။ သူ့သမီးအတွက် အိမ်ပါသားမက် ခေါ်ပေးချင်နေတာ”
"ငါ့ရဲ့မျက်နှာကြီးတောင်မှ ပေါက်ကွဲထွက်တော့မတတ်ပဲ။ သူက လုမင်ယွိကို လက်ထပ်ချင်တယ်လို့ ပြောရဲသေးတယ်။ ဟမ့်”
ယုံးကျားဧကရာဇ်သည် စဉ်းစားလေလေ ဒေါသထွက်လေ။ ပြောလေလေ စိတ်တိုလေ ဖြစ်လာသည်။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ဂလောက် ခနဲဖြစ်သွားပြီး ချက်ချင်းပင် ဖွင့်ဟကာ ရှင်းပြရတော့သည်။
"အရှင်မင်းကြီး စိတ်လျှော့ပါ။ ချန်ချဲ့ စကားကို အရင်နားထောင်ပေးပါ။ ချန်ချဲ့လည်း သူ့ကို အကြိမ်ပေါင်းများစွာ တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူက လုအိမ်တော်က သခင်မလေးကိုပဲ လက်ထပ်မယ်လို့ တစ်ဇွတ်ထိုးလုပ်နေတော့ ချန်ချဲ့လည်း သူ့ကို မလွန်ဆန်နိုင်တော့ပါဘူး”
"လွန်ခဲ့တဲ့ တစ်လကျော်က ချန်ချဲ့ စတုတ္ထသခင်မလေးလုကို နန်းတော်ထဲ ခေါ်တွေ့ခဲ့ပါတယ်။ ဒုတိယမင်းသားက စတုတ္ထသခင်မလေးလုနဲ့ တစ်ခါတွေ့ခဲ့ဖူးပါတယ်။ ပြီးတော့ နောက်ပိုင်းမှာ ဒုတိယမင်းသားက မင်းသားစံအိမ်တော်ကို သွားခဲ့ပြီး စတုတ္ထသခင်မလေးလုနဲ့ ထပ်တွေ့ခဲ့ပြန်ပါတယ်”
"စတုတ္ထသခင်မလေးလုက သူ့ရဲ့စိတ်ရင်းအမှန်ကြောင့် စိတ်လှုပ်ရှားသွားပြီး စိတ်ပြောင်းသွားခဲ့ပါပြီ”
"မဟုတ်ရင် ချန်ချဲ့လည်း ဒီနေ့ ဒီစကားကို မျက်နှာပူပူနဲ့ လာပြောရဲမှာ မဟုတ်ပါဘူး”
ဘာရယ်...
ယုံးကျားဧကရာဇ်၏ ဒေါသသည် ကောင်းကင်ယံတွင် လွင့်မျောနေပြီး မျက်နှာတော်တွင် ခဲသွားကာ မျက်ဝန်းများတွင် အံ့ဩမှုများ ပေါ်လာသည်။
"ဒါတကယ်လား”
ချောင်မိဖုရားခေါင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"တကယ်အမှန်ပါပဲ။ မဟုတ်ရင် ချန်ချဲ့ ဘယ်လိုလုပ်ပြီး မျက်နှာပူပူနဲ့ အရှင်မင်းကြီးကို ဒီစကားတွေ လာလျှောက်တင်ရဲမှာလဲ”
ယုံးကျားဧကရာဇ်သည် နောက်ထပ်စကားမဆိုတော့ပေ။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။ အကြိမ်ပေါင်း တစ်ဆယ်ကျော်မျှ လမ်းလျှောက်ခဲ့သည်။
ချောင်မိဖုရားခေါင်သည်လည်း စကားမဆိုဘဲ ယုံးကျားဧကရာဇ် စိတ်တည်ငြိမ်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ယုံးကျားဧကရာဇ်သည် နောက်ဆုံးတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချောင်မိဖုရားခေါင်ကို ကြည့်ကာ။
"ဒီကိစ္စကို ငါကိုယ်တိုင် ရှင်းယန်ဝမ်ကို မေးရဦးမယ်။ ရှင်းယန်ဝမ်က ခေါင်းညိတ်ရင် ငါ လက်ဆက်ခွင့်အမိန့်တော် ချမှတ်ပေးမယ်။ ရှင်းယန်ဝမ်က သဘောမတူဘူးဆိုရင်တော့ ငါ့လက်အောက်ငယ်သားကို သူ့သမီးနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းတဲ့ကိစ္စမျိုးကို ငါ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
ယုံးကျားဧကရာဇ်၏ တိုင်းပြည်သည် စီးချင်းထိုးရင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်းဖြစ်သည်တွင် သူသည် နာမည်ကြီးစစ်သူကြီးများကို ချစ်မြတ်နိုးသောစိတ်မှာ မည်သူနှင့်မှ မတူအောင် ပြင်းထန်လှသည်။ နောက်ကွယ်တွင်လဲ သူနှင့် ရှင်းယန်ဝမ်တို့သည် အလွန်သဘောထားတိုက်ဆိုင်ကြသည်။
အရှင်နှင့်ကျွန်ကြားတွင် ကွာခြားမှုရှိသဖြင့် ရာထူးကိုမေ့ထားကာ သူငယ်ချင်းကဲ့သို့ ဆက်ဆံရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ရှင်းယန်ဝမ်သည် သူ၏စိတ်ထဲတွင် အရေးပါသောနေရာတွင် ရှိပြီး ကွမ်းပင်းနယ်စား၊ ဖူယန်မြို့စားတို့ထက် အားနည်းခြင်း အလျဉ်းမရှိပေ။
ချောင်မိဖုရားခေါင်၏ စိတ်ထဲမှ ကြီးမားသော ကျောက်တုံးကြီးသည် ပြုတ်ကျသွားပြီး ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ဒါကတော့ သေချာတာပေါ့။ ဒါက ဆွေမျိုးတော်စပ်တာလေ။ ရန်သူဖွဲ့တာမှ မဟုတ်တာ။ သူတို့ဘက်က တကယ်ပဲ သဘောမတူဘူးဆိုရင် ချန်ချဲ့တို့ဘက်ကလည်း ချွေးမကို အတင်းအဓမ္မ လက်ထပ်ယူမှာ မဟုတ်ပါဘူး”
ဤသည်မှာလည်း မင်းဆက်သစ်၊ ဧကရာဇ်သစ်၏ အားနည်းချက်တစ်ခုပင် ဖြစ်သည်။ မျိုးရိုးကြီးတစ်ခု၏ အကြီးအကဲမှ ဧကရာဇ်ဖြစ်လာသည်အထိ ယုံးကျားဧကရာဇ်သည် ရာထူးအပြောင်းအလဲနှင့် အသားကျအောင် ကြိုးစားနေဆဲဖြစ်သည်။ တစ်ခွန်းတည်းသာပြောပြီး မည်သူ့ကိုမျှ မငြင်းဆန်နိုင်သော ဧကရာဇ်တစ်ပါး၏ စရိုက်ကိုလည်း မွေးမြူနိုင်ခြင်း မရှိသေးပေ။
ချွေးမခေါ်သည့်ကိစ္စတွင်ပင် ယခင်က အလေ့အထအတိုင်းပင်ဖြစ်သည်။ လက်ထပ်ခွင့်မတောင်းမီ အနာဂတ်ဆွေမျိုးများ၏ သဘောတူညီချက်ကို အရင်ဆုံး မေးမြန်းရပေမည်။
မဟုတ်ပါက ယုံးကျားဧကရာဇ်သည် တိုက်ရိုက်အမိန့်တော်ဖြင့် လက်ဆက်ခွင့်ပေးလိုက်လျှင် လုအိမ်တော်က လက်ထပ်ပွဲကို ငြင်းဆန်ရဲမည်တဲ့လား။
...
အရေးကြီးသော ကိစ္စများ ပြောဆိုပြီးစီးသွားသဖြင့် ချောင်မိဖုရားခေါင်၏ စိတ်အစဉ်သည် အလွန်ကြည်လင်နေပြီး ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
"အရှင်မင်းကြီးက တိုင်းရေးပြည်ရာတွေနဲ့ အလုပ်များပြီး ပင်ပန်းနေရောပေါ့။ ချန်ချဲ့ အခုပဲ တော်ဝင်စားဖိုဆောင်ကို စားတော်ပွဲပြင်ဆင်ခိုင်းလိုက်ပါ့မယ်”
ယုံးကျားဧကရာဇ်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး "မလိုတော့ပါဘူး။ ငါ့မှာ ကိစ္စရှိသေးတယ်။ ဒီည ကျောင်းဖန်နန်းဆောင်မှာ ညစာမသုံးဆောင်တော့ဘူး”
ချောင်မိဖုရားခေါင်၏ အပြုံးသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် လျင်မြန်စွာပင် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်ကာ။
"ဒါဆိုရင် ချန်ချဲ့ အရှင်မင်းကြီးကို လိုက်ပို့ပါရစေ”
ယုံးကျားဧကရာဇ်သည် လျင်မြန်စွာ ထွက်ခွာသွားလေသည်။
ယုံးကျားဧကရာဇ် ထွက်သွားပြီးနောက် ချောင်မိဖုရားခေါင်၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားသည်။
ချိုင်လန်သည် တိတ်တဆိတ် လာရောက်လျှောက်တင်လေသည်။
"မယ်မယ် အရှင်မင်းကြီးက ကျောင်းဖန်နန်းဆောင်က ထွက်သွားပြီးနောက် ဝမ်ဟွားခန်းမဆောင်ကို မပြန်ဘဲ ယန်ရှီနန်းဆောင်ဘက်ကို သွားပါတယ်”
တကယ်ပဲ ယန်ရှီနန်းဆောင်ကို သွားပြန်ပြီ။
မုန့်ကွေ့ဖေးက ယုံးကျားဧကရာဇ်ရဲ့ နှလုံးသည်းပွတ်လိုလူပဲ။ ဒီနှစ်တွေမှာ မျက်နှာသာပေးခံရတာ မလျော့ကျသွားဘူး။ ငါလို မိဖုရားခေါင်တစ်ယောက်ကလည်း သူ့ကို ဘာမှမတတ်နိုင်ဘူး။
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး စိတ်ထဲမှ မချိတင်ကဲခံစားချက်နှင့် မနာလိုစိတ်ကို အကုန်လုံး မျိုချလိုက်ကာ ခပ်ယဲ့ယဲ့ဆိုလိုက်သည်။
"သိပြီ။ ပန်ကုံး နည်းနည်းဗိုက်ဆာနေပြီ။ စားတော်ပွဲပြင်ခိုင်းလိုက်တော့”
အဲ့ဒီတုန်းက ဒီလက်ထပ်ပွဲကို လီယွမ်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ယောက္ခမကိုယ်တိုင်က စီစဉ်ပေးခဲ့တာပဲ။ လီအိမ်တော်နဲ့ ချောင်အိမ်တော် လက်ဆက်တာက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတယ်။ အိမ်ထောင်ကျပြီးမှပဲ ခင်ပွန်းသည်လီယွမ်ရဲ့ စိတ်ထဲမှာ ချစ်ရတဲ့ကောင်မလေးတစ်ယောက် ရှိပြီးသားဆိုတာကို သိခဲ့ရတယ်။ မုန့်အိမ်တော်က လီအိမ်တော်ထက် မျိုးရိုးနိမ့်ကျပေမယ့် စစ်သူကြီးမျိုးရိုးပဲ။ မုန့်အိမ်တော်က အကြီးဆုံးသခင်မလေးနဲ့ လီယွမ်က ငယ်သူငယ်ချင်းတွေ။ အရမ်းချစ်ခင်ကြတယ်။ ဒါပေမဲ့ လီယွမ်က ချောင်အိမ်တော်ရဲ့ သမီးအရင်းကို ဇနီးအဖြစ်လက်ထပ်ခဲ့ရတော့ စိတ်ထဲက ချစ်သူကို ဝမ်းနည်းစွာနဲ့ပဲ လက်လွှတ်ခဲ့ရတယ်။ မထင်မှတ်ထားတာက မုန့်ကျောင်းနျန်က လီယွမ်အပေါ်မှာ အရမ်းချစ်ခင်စွဲလန်းနေပြီး တခြားလူကို လုံးဝလက်မထပ်ချင်ဘူး။ လီယွမ်နဲ့ တိတ်တဆိတ် တွေ့ဆုံနေတုန်းမှာ "မတော်တဆ" လူ သိသွားခဲ့တယ်။ အဲ့ဒီတုန်းက မုန့်စစ်သူကြီးက သမီးဖြစ်သူကြောင့် ဒေါသထွက်လွန်းလို့ အသက်တစ်ဝက်လောက် လျော့သွားခဲ့တယ်။ မုန့်ကျောင်းနျန်ရဲ့ ဆန္ဒအတိုင်းပဲ လိုက်လျောပေးခဲ့ရတယ်။ မကြာခင်မှာပဲ လီယွမ်က မုန့်ရှီကို ကွေ့ချဲ့ (အိမ်ရှေ့စံရဲ့ ကြင်ရာတော်ငယ် ရာထူး)အဖြစ် လက်ခံယူခဲ့တယ်။ မုန့်ရှီက အိမ်တော်ကို ရောက်လာပြီး ၇လအကြာမှာ သားဦးလီယိကို မွေးဖွားခဲ့တယ်။ အတွင်းရေး သိတဲ့သူတွေကတော့ မချိတင်ကဲ ဖြစ်ကြရတာပေါ့။ မုန့်အိမ်တော်ရဲ့ သမီးအရင်းက ဒီလိုမျိုး မျိုးရိုးဂုဏ်သိက္ခာကျဆင်းစေတဲ့ အလုပ်မျိုးကို လုပ်ရက်တယ်ပေါ့။ ကွေ့ချဲ့ဆိုတာလည်း ကိုယ်လုပ်တော်ပဲ။ တရားဝင်ဇနီးထက် အမြဲတမ်း တစ်ဆင့်နိမ့်ကျနေရမှာပဲ။ ဒီဘဝမှာတော့ ဘယ်တော့မှ ပြန်လည်နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး။
သူမလို တရားဝင်ဇနီးတစ်ယောက်ရဲ့ စိတ်ထဲက ခံစားချက်ကို ဘယ်သူမှမသိကြဘူး။ ခင်ပွန်းသည်က သူမအပေါ်မှာ စိမ်းကားပြီး အေးစက်တယ်။ သူ့စိတ်ထဲမှာ မုန့်ရှီပဲ အပြည့်ရှိနေတာ။ မုန့်ရှီ အိမ်တော်ကို ရောက်လာပြီးကတည်းက ခင်ပွန်းသည်က နေ့တိုင်းနီးပါး မုန့်ရှီရဲ့အဆောင်ကိုပဲ သွားတယ်။ လဆန်းတစ်ရက်နေ့နဲ့ ဆယ့်ငါးရက်နေ့မှပဲ သူမအဆောင်ကို လာတယ်။
မုန့်ရှီက ကိုယ်လုပ်တော်ကမွေးတဲ့ သားဦးကို မွေးဖွားပြီးနောက်မှာ လီယွမ်က ဝမ်းသာလွန်းလို့ ရတနာတစ်ခုလို တန်ဖိုးထားခဲ့တယ်။ သူမလို တရားဝင်ဇနီးကတော့ နှစ်နှစ်ကြာမှ မိဖုရားခေါင်ကမွေးတဲ့သားတော်ကို မွေးဖွားခဲ့တယ်။ ခင်ပွန်းသည်က မိဖုရားခေါင်က မွေးတဲ့သားတော်အပေါ်မှာ ကိုယ်လုပ်တော်ကမွေးတဲ့ သားဦးလောက် မချစ်ခင်ဘူး။
သူမရဲ့သားတော်ကလဲ ကျောက်စိမ်းရုပ်တုလို ချောမောပါတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ တစ်ခေါက်ဖတ်ရုံနဲ့ အကုန်အလွတ်ရတယ်။ ဉာဏ်ပညာထက်မြက်တာ ဘယ်သူ မှမယှဉ်နိုင်ဘူး။ ဒါပေမဲ့ ခင်ပွန်းသည်ရဲ့ မျက်စိထဲမှာတော့ သန်မာဖျတ်လတ်တဲ့ သားဦးကိုပဲ မြင်တယ်။ စာဖတ်ရတာကြိုက်ပြီး သိုင်းပညာစွမ်းရည် သာမန်ပဲရှိတဲ့ မိဖုရားခေါင်က မွေးတဲ့သားတော်အပေါ်မှာတော့ အေးစက်စက်ပဲ။
နောက်ပိုင်းမှာ လီယွမ်က ရှုပ်ထွေးတဲ့ခေတ်ကြီးထဲမှာ ကိုယ်တိုင်အလံထူပြီး မင်းဆက်အသစ် တည်ထောင်ခဲ့တယ်။ နယ်မြေကလည်း တစ်ဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တယ်။ အခုတော့ သာ့ဝေ၊ ယန်၊ ချူ သုံးပြည်ထောင်ခေတ်ဖြစ်နေပြီး သာ့ဝေက စစ်အင်အား အပြင်းထန်ဆုံး။ ယန်နဲ့ချူ ပူးပေါင်းထားတာတောင် အနိုင်နိုင် တောင့်ခံနေရတယ်။
သာ့ဝေမှာ နာမည်ကြီးအမတ်တွေ၊ စစ်သူကြီးကောင်းတွေ အများအပြား ပေါ်ထွက်လာပြီး ကမ္ဘာကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်နိုင်မယ့် အရှိန်အဝါကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ လီအိမ်တော်ရဲ့ အကြီးအကဲအနေနဲ့ လီယွမ်က ကိုယ်လုပ်တော်က မွေးတဲ့သားဦးကို မျက်နှာသာပေးတာ အများဆုံးဖြစ်ပေမယ့် အိမ်တော်ရဲ့အမွေကို သားဦးကို ပေးမှာမဟုတ်ဘူး။
ဒါပေမဲ့ ရှင်ဘုရင်ဖြစ်တဲ့ ယုံးကျားဧကရာဇ်ကတော့ စိတ်ထဲမှာ နှစ်သက်တဲ့သားဦးကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ရင် ဘယ်သူက တားဆီးနိုင်မှာလဲ။
အိမ်ရှေ့စံကို အခုထိ မတင်မြှောက်သေးတာက ယုံးကျားဧကရာဇ်က အခုထိ စိတ်မပိုင်းဖြတ်ရသေးလို့ပဲပေါ့။
...
အပိုင်း (၈၁) လက်ထပ်ခွင့်တောင်းခြင်း (၁)
ညဉ့်နက်သန်းခေါင်ယံသို့ ချဉ်းကပ်လာပြီး ကောင်းကင်သည် မှောင်မိုက်နေလေပြီ။
လုအိမ်တော်ရှိ လူအားလုံးသည် ညစာသုံးဆောင်ပြီးနောက် မိမိတို့၏ အဆောင်များသို့ ပြန်၍ အနားယူကြလေပြီ။ လုမင်ယွိတစ်ယောက်တည်းသာ စာကြည့်ခန်းထဲတွင် သူမ၏ ဖခင်အရင်း ပြန်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေခဲ့ရာ ညဉ့်သန်းခေါင်ယံအချိန်သို့ပင် ရောက်ရှိလာခဲ့လေသည်။
လုလင်းသည် လီပေါင်းတစ်ရာကျော်ဝေးသော စစ်စခန်းမှ အိမ်တော်သို့ မြင်းဖြင့် အမြန်ဆုံးပြန်လာခဲ့သည်။ သူ၏ နဖူးပြင်တွင် ချွေးမည်မျှ စို့ခဲ့သည်ကို မသိနိုင်တော့ချေ။ လေပြင်းများကြောင့် ချွေးစက်တို့သည် ခြောက်သွေ့သွားပြီး ချွေးကွက်အနည်းငယ်သာ ကျန်ရစ်တော့သည်။
"ရှောင်ယွိ”
လုလင်းသည် စာကြည့်ခန်းထဲသို့ ဝင်သည်နှင့် အလျင်စလို ပါးစပ်ဖွင့်၍ မေးလိုက်သည်။
"ဘာတွေ ဖြစ်လာတာလဲ”
အရေးကြီးသော ကိစ္စမရှိပါက လုမင်ယွိသည် စစ်စခန်းသို့ လူလွှတ်ကာ သတင်းစကားပါးလိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို အနည်းငယ်တွန့်လိုက်ပြီး "အဖေ အရင်ထိုင်ပါဦး။ ရေနွေးကြမ်းလေးသောက်ပြီး အာစွတ်လိုက်ပါဦး”
သူမကိုယ်တိုင် ဖခင်ဖြစ်သူ၏ လက်နားသို့ ရေနွေးကြမ်းခွက်ကို ကိုင်ဆောင်ပေးပြီးနောက် ပြင်ဆင်ထားသော ရေနွေးနွေးဖြင့် ပဝါကိုညှစ်ကာ လုလင်း၏ နဖူးပေါ်မှ ချွေးကွက်များကို သုတ်ပေးလိုက်၏။
သားအဖနှစ်ယောက်သည် အလွန်ချစ်ခင်ရင်းနှီးကြသည်။ သို့သော် လုမင်ယွိသည် နူးညံ့သိမ်မွေ့သော စရိုက်မျိုး တစ်ခါမျှမရှိခဲ့ဘဲ သူမ၏ အပြောအဆိုအမူအရာမှာ ယောက်ျားများထက်ပင် ပို၍ ပြတ်သားလှသည်။
ယခုအခါတွင် ဤသို့ နူးညံ့သိမ်မွေ့ကာ ဂရုတစိုက်ရှိပြီး မိဘကိုရိုသေသော အမူအရာကို မြင်တွေ့ရသောအခါ လုလင်းသည် စိတ်လှုပ်ရှားသွားသည့်အပြင် မျက်ရည်များပင် ဝေ့တက်လာခဲ့သည်။
"ရှောင်ယွိ။ မကြောက်နဲ့နော်။ သမီး ကောင်းကင်ပြိုလောက်တဲ့ အမှားကြီးလုပ်ခဲ့ရင်တောင် အဖေက သမီးကို ကာကွယ်ပေးမှာပါ”
လုမင်ယွိ: “……”
ဒီခဏလေးအတွင်းမှာ အဖေက ဘယ်လောက်တောင် အဓိပ္ပါယ်မဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ စဉ်းစားလိုက်မိလဲမသိဘူး။
လုမင်ယွိသည် ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချကာ ဆိုလိုက်သည်။ "အဖေ လျှောက်တွေးမနေပါနဲ့။ သမီး ဘာအမှားမှ မလုပ်ထားပါဘူး။ ဒီနေ့ စစ်စခန်းကို လူလွှတ်ပြီး သတင်းပို့ခိုင်းတာက တကယ်ပဲ အဖေနဲ့ တိုင်ပင်စရာကိစ္စရှိလို့ပါ”
ခဏလောက် ရပ်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။
"သမီးရဲ့ တစ်ဘဝစာကိစ္စပါ”
အမှားမလုပ်ထားရင် ပြီးတာပဲ။
လုလင်းသည် သက်ပြင်းချလိုက်ပြီး "သမီး ဒုတိယမင်းသားကို လက်ထပ်ချင်နေပြီလား”
လုမင်ယွိ: “……”
လုမင်ယွိ၏မျက်နှာပေါ်က ဖော်ပြလို့မတတ်သည့် အမူအရာကို ကြည့်ရင်း လုလင်းသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "ဒီရက်ပိုင်းတွေမှာ ဒုတိယမင်းသားက ငါ့ဆီကို မကြာခဏ စကားလာပြောတယ်။ ငါ့အပေါ်မှာလည်း အရမ်းရင်းနှီးဖော်ရွေတယ်။ ငါလည်း အစကတည်းက ခန့်မှန်းမိပြီးသားပါ”
သမက်လောင်းလေးက ယောက္ခမကို မျက်နှာလုပ်နေတာပေါ့။
ဘယ်သူကရော ငယ်ရွယ်တဲ့အချိန်ကနေ ဖြတ်သန်းမလာခဲ့ဖူးလို့လဲ။
လုမင်ယွိ၏ မျက်နှာသည် အနည်းငယ် မှောင်ကျသွားတော့သည်။
အကြွေးရှိရင် ပြန်ဆပ်ရတယ်။ လူသတ်ရင် အသက်ပြန်ပေးရတယ်။ သူမက ဒုတိယမင်းသားအပေါ် အသက်တစ်ချောင်း အကြွေးတင်နေတယ်။ ကိုယ်နဲ့ပြန်ပေးဆပ်ပြီး သူ့ကိုလက်ထပ်ပြီးရင် သူ့ကို နန်းတက်နိုင်ဖို့ အစွမ်းကုန်ကူညီပေးသင့်တယ်။ နောက်တစ်ချိန်မှာ ဒုတိယမင်းသားက ဘယ်လိုမိန်းမလှလေးကိုပဲ ကိုယ်လုပ်တော် မြှောက်ချင်မြှောက်ချင် သူမက တားမှာမဟုတ်ဘူး။ ဒီစကားတွေကို သူမ ဒုတိယမင်းသားကို မပြောရသေးဘူး။ စဉ်းစားကြည့်ရင် ဒုတိယမင်းသားစိတ်ထဲမှာလည်း ဒီလိုပဲတွေးနေမှာပဲ။ သူမကို သတ်ပြီး အသက်ပြန်တောင်းတာနဲ့ လုအိမ်တော်နဲ့ ရန်သူဖြစ်သွားမယ့်အစား လုအိမ်တော်နဲ့ ဆွေမျိုးတော်စပ်ပြီး လုအိမ်တော်ကို အထောက်အပံ့ အဖြစ်အသုံးချပြီး ခန့်ခန့်ထည်ထည်နဲ့ အိမ်ရှေ့စံအဖြစ် တင်မြှောက်ခံပြီး နန်းတက်တာက ပိုကောင်းတာပေါ့။ တကယ်တော့ ဒုတိယမင်းသားက ဒီလောက်တောင် ပြည့်စုံအောင် လုပ်စရာမလိုပါဘူး။ လူတိုင်းက သူ သူမ အပေါ်မှာ အရမ်းချစ်နေတယ်လို့ ထင်အောင်လုပ်စရာမလိုဘူး။
လုလင်းသည် အနည်းငယ် တည်ငြိမ်နေသော လုမင်ယွိ၏ မျက်နှာကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။ "ကြည့်စမ်းပါဦး။ ဒီလိုမျိုး ဝမ်းသာစရာကိစ္စကို သမီးက ဘာဖြစ်လို့ မျက်နှာကြီးတင်းပြီး လုပ်နေရတာလဲ။ အဖေ့ရှေ့မှာ ဖုံးကွယ်ပြီး ရှက်ဟန်ဆောင်နေစရာ မလိုဘူး။ စိတ်ရှိလက်ရှိသာ ပျော်နေလိုက်”
လုမင်ယွိသည် အပြုံးများဝေဆာနေသော ဖခင်အရင်းကို ကြည့်ကာ စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေသည်။
"အဖေ။ ဒီလက်ထပ်ပွဲကို အဖေတကယ်ပဲ သဘောတူရဲ့လား”
လုလင်းသည် စဉ်းစားမနေဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။
"သမီး သဘောတူရင် အဖေလည်း သဘောတူတယ်။ မိဖုရားခေါင်ကမွေးတဲ့ ဒုတိယမင်းသားကို လက်ထပ်တာမပြောနဲ့။ သမီးက ကိုယ်လုပ်တော်ကမွေးတဲ့ မင်းသားတစ်ပါးကို လက်ထပ်ချင်တယ်ဆိုရင်တောင် အဖေ ထောက်ခံမှာပဲ။ အိမ်ပါသမက် ခေါ်ချင်တယ်ဆိုရင်လည်း အဖေအတူတူပဲ သဘောတူတယ်”
"ရှောင်ယွိ။ သမီးပျော်နေရင် ဘာမဆိုကောင်းပါတယ်”
လုမင်ယွိ၏ မျက်လုံးများသည် ရုတ်တရက် ပူနွေးလာပြီး မျက်ရည်များ ရုတ်ခြည်းလျှံကျလာတော့သည်။
လုလင်းသည် ပဝါတစ်ထည်ကို ယူကာ သမီးဖြစ်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး တစ်ဖက်မှလည်း မနာလိုသည့်လေသံဖြင့် ဆိုလေသည်။
"သမီး ဒီလောက်ကြီးလာတဲ့အထိ သမီး ငိုတာကို တစ်ခါမှ အဖေ မမြင်ဖူးဘူး။ ဒီနေ့တော့ ဒုတိယမင်းသားအတွက်နဲ့ ဒီလောက်တောင် ဝမ်းသာလွန်းလို့ မျက်ရည်ကျရတယ်ပေါ့”
သူ၏လေသံထဲမှ မနာလိုမှုသည် နှစ်လီအကွာအထိပင် ပျံ့လွင့်သွားနိုင်လောက်သည်။
လုမင်ယွိသည် မူလက မျက်ရည်ကျနေသော်လည်း ယခုအခါတွင် ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
ထိုအခါမှ လုလင်းသည် မျက်နှာကို ဖြေလျှော့ကာ ပြုံးလိုက်ပြီး "ရယ်တာ မှန်တယ်။ ဒီလိုဝမ်းသာစရာကိစ္စမျိုးကို ပျော်ပျော်ရွှင်ရွှင်ပဲ နေသင့်တယ်”
လုမင်ယွိသည် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး ပဝါဖြင့် မျက်ရည်စများကို သန့်စင်အောင် သုတ်လိုက်သည်။ "အဖေ ပြောတာမှန်တယ်။ သမီး မငိုတော့ပါဘူး။ ဧကရာဇ်မင်းကြီးက လက်ဆက်ခွင့်အမိန့်တော် မချမှတ်ခင်မှာ အဖေ့ကို ဝမ်ဟွားခန်းမဆောင်ကို ထပ်ခေါ်ပြီး ကိုယ်တိုင်မေးမြန်းဦးမှာပဲ”
"အဲ့ဒီအခါကျရင် အဖေက သမီး ဒုတိယမင်းသားကို လက်ထပ်ချင်တယ်လို့ ပြောလိုက်ပါ”
လုလင်းသည် ပြုံးရွှင်စွာဖြင့် ကတိပေးလိုက်သည်။
"စိတ်ချပါ။ အဖေ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိပါတယ်”
...
နှစ်ရက်ကြာပြီးနောက် နန်းတွင်းညီလာခံကြီး ကျင်းပသည့်နေ့သို့ ထပ်မံရောက်ရှိလာခဲ့သည်။
ညီလာခံကြီး ပြီးဆုံးသွားသောအခါ ယုံးကျားဧကရာဇ်သည် ရှင်းယန်ဝမ်ကို အခစားဝင်ရန် ဆင့်ခေါ်တော်မူလေသည်။
လုလင်းသည် ဝမ်ဟွားခန်းမဆောင်သို့ ဝင်ရောက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးရန် ပြင်ဆင်နေစဉ်တွင် ယုံးကျားဧကရာဇ်သည် ဝမ်းမြောက်စွာဖြင့် ထရပ်ကာ ရှေ့သို့လျှောက်လာပြီး လုလင်း၏ လက်မောင်းကို ဆွဲကိုင်ကာ ဆိုလိုက်သည်။
"အရမ်း ယဉ်ကျေးနေစရာ မလိုဘူး။ ထိုင်ပြီး စကားပြောကြတာပေါ့”
သူ၏အမူအရာမှာ အနာဂတ်တွင် ဆွေမျိုးတော်စပ်တော့မည့်သူများ တွေ့ဆုံသည့်ဟန်ပင်။
လုလင်းသည် ဧကရာဇ်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် ယုံးကျားဧကရာဇ်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ယုံးကျားဧကရာဇ်သည် ဤတစ်ကြိမ်တွင်တော့ တွေဝေခြင်း၊ ချီတုံချတုံဖြစ်ခြင်း မရှိတော့ဘဲ ပြုံးရွှင်စွာဖြင့် ဆိုလေသည်။
"ရှင်းယန်ဝမ်။ ဒီနေ့ ကျန်း မင်းကို ခေါ်တွေ့တာက မင်းရဲ့ချစ်သမီးကို ကျန်းရဲ့ဒုတိယသားတော်နဲ့ လက်ဆက်ပေးဖို့ သဘောတူသလားဆိုတာကို ကိုယ်တိုင်မေးချင်လို့ပါ”
လုလင်း၏ မျက်နှာတွင် အပြစ်ရှိသလို အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"အရှင်မင်းကြီး။ ကျွန်တော်မျိုးမှာ အစကတော့ ကိုယ်ကျိုးစီးပွားအတွက် စဉ်းစားမိတာလေး ရှိပါတယ်။ သမီးကို လက်မထပ်စေချင်ဘူး။ သူ့ကို လုအိမ်တော်မှာပဲ ထားပြီး ကျွန်တော်မျိုးအနားမှာ အမြဲတမ်း အဖော်ပြုစေချင်ခဲ့တာပါ”
"အရှင်မင်းကြီးက စိတ်ရင်းအမှန်နဲ့ ဒုတိယမင်းသားအတွက် ကျွန်တော်မျိုးရဲ့သမီးကို တောင်းရမ်းပေးတာကို ကျွန်တော်မျိုး စိတ်ထဲမှာ အရမ်းကို လှုပ်ရှားမိပါတယ်။ ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေနိုင်မှာလဲ”
ဟုတ်တယ်မလား။
ဒါမှ လက်ထပ်ခွင့်တောင်းတဲ့ ပုံစံဖြစ်မှာပေါ့။
ယုံးကျားဧကရာဇ်၏ ရက်ပေါင်းများစွာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သော စိတ်အစဉ်သည် ရုတ်ချည်း ကြည်လင်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ "ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်! မင်းက ဒီလိုပြောမှတော့ ကျန်းလည်း ဒုတိယမင်းသားနဲ့ စတုတ္ထသခင်မလေးလုကို လက်ဆက်ပေးဖို့ အမိန့်တော် ချမှတ်လိုက်တော့မယ်”
"ကျန်းရဲ့ဒုတိယသားတော်ကို မင်းလည်း အကြိမ်ပေါင်းမနည်း တွေ့ဖူးမှာပါ။ မျိုးရိုးအရဆိုရင် သူက ကျန်းရဲ့ မိဖုရားခေါင်ကမွေးတဲ့ သားတော်ပဲ။ ရုပ်ရည်အရဆိုရင် ကျန်းရဲ့သားတော်တွေထဲမှာ သူက အချောဆုံးပဲ။ စာပေပညာအရဆိုရင် သူက ဉာဏ်ပညာထက်မြက်ပြီး တစ်ခေါက်ဖတ်ရုံနဲ့ အကုန်အလွတ်ရတယ်။ တစ်ခုတည်းသော အားနည်းချက်ကတော့ သိုင်းပညာစွမ်းရည် သာမန်ပဲရှိပြီး စစ်တပ်ကို ဦးဆောင်တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်တာပဲ”
"စတုတ္ထသခင်မလေးလုက မွေးရာပါ ခွန်အားကောင်းပြီး သိုင်းပညာလည်း အံ့မခန်းတော်တယ်လို့ ကြားရတယ်။ ဒီလိုဆိုတော့ သူတို့နှစ်ယောက်က အချင်းချင်း အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး မွေးကတည်းက ဖူးစာပါလာတဲ့ အတွဲပဲ”
ထိုသို့ပြောပြီးနောက် သူသည် ဟက်ဟက်ပက်ပက် ထပ်မံ ရယ်မောလိုက်ပြန်သည်။
သူ၏စိတ်အစဉ်သည် အလွန်ကြည်လင်ပြီး အလွန်ပျော်ရွှင်နေသည်မှာ ထင်ရှားလှသည်။
လုလင်းသည်လည်း ခဏလောက် ရယ်မောလိုက်ပြီးနောက် ဘာကို စဉ်းစားမိသည်မသိပေ။ ရုတ်တရက် သူ၏ကျားမျက်လုံးများ နီရဲလာပြီး မျက်ရည်စက်များ ကျဆင်းလာတော့သည်။
ယုံးကျားဧကရာဇ်သည် အနည်းငယ် အံ့ဩသွားပြီး အပြုံးကို ရုပ်သိမ်းကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"ဒီလိုမျိုး ဝမ်းသာစရာကိစ္စကို မင်းက ဘာဖြစ်လို့ ငိုနေရတာလဲ”
ဒီပုံစံက ဝမ်းသာလွန်းလို့ မျက်ရည်ကျတဲ့ပုံစံနဲ့ သိပ်မတူဘူးပဲ။
လုလင်းသည် လက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး သူ၏အသံမှာ အနည်းငယ် ရှတတဖြစ်နေသည်။
"နောက်ထပ် ရက်အနည်းငယ်ကြာရင် ရှောင်ယွိရဲ့ ဆံထိုးတင်ပွဲပဲ။ ကျွန်တော်မျိုးရဲ့သမီးက ကြီးပြင်းအရွယ်ရောက်ပြီး လက်ထပ်ထွက်သွားတော့မယ်။ သူများရဲ့ဇနီး။ သူများရဲ့ချွေးမ ဖြစ်တော့မယ်ဆိုတာကို စဉ်းစားလိုက်တိုင်း နှလုံးအသည်းကို လှီးထုတ်ခံရသလိုပါပဲ”
ယုံးကျားဧကရာဇ်သည် စကားမဆိုနိုင်တော့ပေ။
သမီးကို အိမ်ထောင်ချပေးခြင်းနှင့် ချွေးမတင်ခြင်းမှာ အမှန်တကယ်ပင် မတူညီပေ။
ယုံးကျားဧကရာဇ်သည် သမီးတော်ကြီး ဟွေ့အန်းကုန်းကျူ လက်ထပ်စဉ်က အဖြစ်အပျက်ကို ပြန်လည်သတိရသွားပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
"ကျန်းရဲ့သမီးတော်ကြီး လက်ထပ်တုန်းကလည်း ကျန်း စိတ်ထဲမှာ ချဉ်တူးတူးနဲ့ နေလို့မကောင်းဘူးဖြစ်ခဲ့တယ်”
ကံကောင်းသည်မှာ နန်းတွင်းမင်းသမီးများသည် အဆင့်အတန်း မြင့်မားသဖြင့် လက်ထပ်ပြီးနောက် မင်းသမီးစံအိမ်တော်တွင် နေထိုင်နိုင်ပြီး ယောက္ခမများကို ပြုစုစောင့်ရှောက်ရန်မလို။ ဆက်ဆံရ ခက်ခဲလှသည့် ယောက္ခမ သို့မဟုတ် ခယ်မများနှင့် ရင်ဆိုင်ရန် မလိုခြင်းပင်ဖြစ်သည်။
သို့မဟုတ်လျှင် သူသည် သမီးဖြစ်သူ စည်းကမ်းများသင်ယူကာ ဒုက္ခခံရမည်ကို မည်သို့ စိတ်ချနိုင်မည်နည်း။
လုလင်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး "ကျွန်တော်မျိုး နည်းနည်း စကားစလွန်သွားမိရင် ခွင့်လွှတ်ပါ။ ရင်ထဲကလာတဲ့ စကားတချို့ကို ပြောချင်လို့ပါ။ ရှောင်ယွိက ဒုတိယမင်းသားနဲ့ လက်ထပ်နိုင်တာက သူ့ရဲ့ကုသိုလ်ကံကောင်းလို့ပါ။ လုအိမ်တော်ရဲ့ ကံကောင်းခြင်းလည်း ဖြစ်ပါတယ်”
"ကျွန်တော်မျိုး စိုးရိမ်တာတစ်ခုကတော့ ရှောင်ယွိက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတော့ ပွင့်လင်းပြီး ဇွတ်တရွတ်နိုင်တယ်။ အပြုအမူလည်း နည်းနည်း ကြမ်းတမ်းတယ်။ ဘယ်တော့ အလျှော့ပေးရမှန်း မသိဘူး။ ဒီလိုနဲ့ နောင်တစ်ချိန်မှာ နန်းတော်ထဲကို ချွေးမတော်အဖြစ် လက်ထပ်ဝင်ရောက်လာရင် စည်းကမ်းတွေကလည်း များပြားလှတယ်။ ရှောင်ယွိရဲ့စရိုက်နဲ့ဆိုရင် သူ ရင်ဆိုင်နိုင်မှာ မဟုတ်မှာကို စိုးရိမ်မိတယ်။ ကျွန်တော်မျိုးက သူ့ကို ဒုက္ခနည်းနည်းလေးတောင် မခံစားစေချင်ဘူး”
"ကျွန်တော်မျိုး ခုနက စိတ်မထိန်းနိုင် ဖြစ်သွားတာကို ခွင့်လွှတ်ပါ။ ဖခင်တစ်ယောက်ရဲ့ မေတ္တာစိတ်ကို နားလည်ပေးပါလို့ အရှင်မင်းကြီးကို တောင်းပန်ပါတယ်”
ယုံးကျားဧကရာဇ်သည် မျက်နှာထားတည်တည်ဖြင့် ကတိပေးလိုက်သည်။
"ရှင်းယန်ဝမ်။ အရမ်း စိုးရိမ်နေစရာ မလိုပါဘူး။ နောက်တစ်ချိန်မှာ စတုတ္ထသခင်မလေးလုက ဒုတိယမင်းသားကြင်ရာတော် ဖြစ်လာရင် ဘယ်သူက သူ့ကို အနိုင်ကျင့်ရဲလဲ။ ကျန်း သူ့ဘက်က ရပ်တည်ပေးမယ်”
...