← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အပိုင်း (၈၂) လက်ထပ်ခွင့်တောင်းခြင်း-၂

ယုံးကျားဧကရာဇ်၏ စကားလုံးများသည် အလွန်ပြတ်သားလွန်းလှ၏။

လုလင်းသည် စိတ်လှုပ်ရှားသွားသလို ရှက်ရွံ့သွားမိကာ တစ်ဖန်သက်ပြင်းချလိုက်၏။ "ဒီလိုနေ့မျိုး ရောက်လာမှန်းသာ ကြိုသိခဲ့ရင် ကျွန်တော်မျိုးလဲ အဲဒီ့တုန်းက သူ့ကို စည်းကမ်းတွေ သေသေချာချာ သင်ပေးခဲ့ပါတယ်။ သူ့စိတ်သဘောအတိုင်း လွှတ်မထားဘဲ သိုင်းပညာနဲ့မြှားပစ်ပညာကို သင်ယူခွင့်မပေးသင့်ဘူး။ အခုတော့ တစ်ခွန်းတည်းပြောပြီး ကိုယ့်သဘောအတိုင်း လုပ်တတ်တဲ့ အကျင့်ဆိုးကို မွေးမြူပေးသလိုဖြစ်သွားခဲ့ပြီ"

"အခု သူလဲ အရွယ်ရောက်လာပြီဆိုတော့ သူ့ရဲ့စိတ်နေစိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲလို့ မရတော့ဘူး။ တချိန်မှာ သူက စကားအပြောမတတ်တာ ရှိလာခဲ့မယ်ဆိုရင် သူ့ရဲ့အဖေအရင်းအနေနဲ့ ကျွန်တော်က အရှင်မင်းကြီးဆီကို ကိုယ်တိုင်လာလာပြီးတော့ တောင်းပန်ပါမယ်"

ယုံးကျားဧကရာဇ်က နွေးထွေးစွာဖြင့် ပြောလိုက်၏။ "မင်းက အဲလောက်တောင် အစိုးရိမ်လွန်နေတာပဲ။ ဒီလက်ထပ်ပွဲကို သူကိုယ်တိုင် တောင်းဆိုခဲ့တာလေ။ သူကလဲ စတုတ္ထသခင်မလေးလုရဲ့ အကျင့်စရိုက်ကို သိရဲ့သားနဲ့ ဇွတ်တောင်ဆိုပြီး လက်ထပ်ချင်နေမှတော့ နောက်ပိုင်း သူတို့တွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သူတို့ရဲ့ကိစ္စဖြစ်သွားပြီ"

"ဒီ့အပြင် မိဖုရားခေါင်ကလဲ ကြင်နာပြီးတော့ သဘောထားကြီးတဲ့လူပါ။ ချွေးမတော်က တခါတလေ စည်းကမ်းလေး ချိုးဖောက်မိသွားတယ်ဆိုရင်တောင် မိဖုရားခေါင်က စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမှာပါ။ အလွယ်တကူ ပြစ်တင်ပြောဆိုတာမျိုး လုပ်မှာမဟုတ်ပါဘူး"

"စိတ်အေးအေးထားလိုက်ပါ!"

လုလင်း၏မျက်လုံးများသည် တစ်ဖန်နီရဲသွားကာ သူသည် ထရပ်လိုက်ပြီး လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပေး လိုက်တော့သည်။ "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်ကလဲ ပြုံးကာထရပ်လိုက်ပြီး လုလင်း၏ပုခုံးကို အသာအယာပုတ်ပေးလိုက်တော့သည်။ "နောက်ဆိုရင် ကျန်းတို့တွေက ခမည်းခမက်တွေ ဖြစ်သွားကြပြီ။ သီးသန့် တွေ့ဆုံကြတဲ့အခါ ရှင်ဘုရင်နဲ့မူးမတ်ကြားက ကျင့်ဝတ်တွေကို လိုက်နာဖို့မလိုပါဘူး။ ပေါ့ပေါ့ပါးပါး ပြောဆိုလို့ရပါတယ်"

လုလင်းကလဲ ထိန်းချုပ်မနေတော့ဘဲ ပါးစပ်ကို ဖွင့်ဟကာ ပြန်ဖြေလိုက်တော့သည်။

ထိုနေ့ နေ့လယ်ခင်းတွင် ယုံးကျားဧကရာဇ်သည် လုလင်းကို ဝမ်ဟွားခန်းမတွင် နေ့လယ်စာ သုံးဆောင်ဖို့ရန် ခေါ်ထားလိုက်၏။

ဤသတင်းသည် အနောက်နန်းဆောင်သို့ ပျံ့သွားသည့်အချိန်တွင် ချောင်မိဖုရားခေါင်ကလဲ စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချမိတော့သည်။

ကြည့်ရတာ ဒီတခါတော့ ဘာပြဿနာမှ မရှိတော့ဘူး ထင်တယ်။

...

ညနေခင်းဘက်တွင်တော့ ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ရောက်လာကာ ချောင်မိဖုရားခေါင်ကို စကားလာပြောလေသည်။ "ကျန်း ရှင်းယန်ဝမ်ကို မေးပြီးပြီ။ ဒီလက်ထပ်ပွဲကို သူလဲ ခေါင်းညိမ့်လိုက်ပြီ။ ဒီကိစ္စကို တတ်နိုင်သလောက် မြန်မြန်လက်ထပ်ခွင့် အမိန့်တော်ချမှတ်ဖို့ စဥ်းစားထားတယ်။

ရှုပ်ထွေးနေတဲ့ ချည်လုံးတစ်ခုကို ဓားထက်ထက်နဲ့ တစ်ချက်တည်း ဖြတ်ပစ်ရမယ်။

ကြီးစဥ်ငယ်လိုက်အရ ဒုတိယမင်းသားကို အရင်ဆုံး စေ့စပ်ပေးပြီးမှ တတိယမင်းသားကို စေ့စပ်ပေးရမယ်။ ညီအစ်ကိုနှစ်ယောက် ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်သွားရင် မပြောသင့်တဲ့ကိစ္စတွေကိုလည်း ထပ်ပြောတော့မှာ မဟုတ်တော့ဘူး။

ချောင်မိဖုရားခေါင်၏ မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် လင်းလက်သွားတော့သည်။ "အရှင်မင်းကြီး ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်ကလဲ စိတ်ကြည်လင်လို့နေ၏။ သူသည် သားဖြစ်သူအကြောင်း ထုတ်ပြောလာချိန်တွင် ဒေါသထွက်ခြင်း မရှိတော့ချေ။ သူက ပြုံးပြီးပြောလိုက်၏။ "ကျန့်ရဲ့ သားတော်တွေအတွက် လက်ထပ်ပွဲကိစ္စ ပူပန်ပေးရတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပဲလေ။ စိတ်ပူပန်တယ်လို့လည်း မဆိုသာပါဘူး"

ချောင်မိဖုရားခေါင်၏ ပျော်ရွှင်မှုသည် အံ့သြစရာ ကောင်းလောက်အောင် အင်အားကြီးမားပြီး အထိန်းအကွပ် မဲ့လွန်းလှသည့် အနာဂတ် ချွေးမလောင်းလေးအကြောင်း စဥ်းစားမိလိုက်ချိန်တွင် ရုတ်တရက်ဆိုသလို မှေးမှိန်သွားလေတော့သည်။ သူမမှာ မတတ်သာတော့ဘဲ သက်ပြင်း ချမိလေတော့သည်။ "စတုတ္ထသခင်မလေးလုက အရာရာ ကောင်းပါတယ်။ ဒါပေမဲ့ အကျင့်စရိုက်ကတော့ နည်းနည်းလေး ရိုင်းပြလွန်းတယ်။ နောက်ပိုင်း သူအိမ်တော်ကို လက်ထပ်ဝင်ရောက်လာရင် ချန်ချဲ့ နည်းနည်းလောက် ပိုပြီးတော့ သူ့ကို သေသေချာချာလေး ဆုံးမသွန်သင်ပေးရမှာပဲ"

ယောက္ခမတစ်ယောက်အနေနဲ့ ချွေးမကို ဆုံးမသွန်သင်တာက လောကသဘာဝပဲလေ။

ထို့ကြောင့် ချောင်မိဖုရားခေါင်သည် ထိုစကားကို ပြောလိုက်ချိန်တွင် လေသံမှာ အလွန်ပုံမှန်ဖြစ်နေလေသည်။

ယုံးကျားဧကရာဇ်က မျက်မှောင်ကြုတ်ကာ ချောင်မိဖုရားခေါင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

ချောင်မိဖုရားခေါင်ကလဲ တအံ့တသြဖြစ်သွားပြီး မြန်မြ န်စဥ်းစားလိုက်လေသည်။ သူမ ခုနတုန်းက ပြောခဲ့တဲ့စကားက မသင့်တော်တာ ဖြစ်သွားလို့လဲ။

ယုံးကျားဧကရာဇ်က လေးနက်သည့်အသံဖြင့် ယနေ့ ရှင်းယန်ဝမ်နှင့် ပြောဆိုခဲ့သည့်စကားများကို ပြန်ပြောပြလိုက်တော့သည်။ "... ရှင်းယန်ဝမ်မှာ ဒီသမီးတစ်ယောက်ပဲ ရှိတာ။ သူ့အသက်ထက်တောင်မှ ပိုပြီးတော့ချစ်တဲ့ ရတနာတစ်ခုလို တန်ဖိုးထားတယ်"

"သူက အစတုန်းက စတုတ္ထသခင်မလေးလုအတွက် အိမ်ပါသမက် ခေါ်ချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့သမီးဖြစ်သူကို စိတ်ဆင်းရဲဒုက္ခ မခံစားရစေချင်လို့လေ။ ဒီနေ့ ကျန်းက လက်ထပ်ပွဲအကြောင်းပြောတော့ ရှင်းယန်ဝမ်က စကားနှစ်ခွန်းမပြောဘဲ သဘောတူလိုက်ပေမဲ့ ကျန်းရှေ့မှာပဲ မျက်ရည်တွေ ကျလာခဲ့တယ်လေ"

"ဒီလောက် အိန္ဒြေသိက္ခာရှိပြီး အရပ်၇ပေနီးပါးမြင့်တဲ့ ယောက်ျားတစ်ယောက်က သာ့ဝေတိုင်းပြည်အတွက်လည်း တကယ့်ကို အစွမ်းထက်ဆုံး စစ်သူကြီးတစ်ယောက်ပဲ။ သူက သူ့သမီးဖြစ်သူရဲ့ လက်ထပ်ပွဲအတွက် စိတ်ပူနေတာလေ။ ကျန်းလဲစိတ်ထဲမှာ တော်တော်လေး မကောင်းဖြစ်သွားမိလို့ သူ့ကိုနှစ်သိမ့်ပေးဖို့တောင် ကြိုးစားခဲ့ရသေးတယ်"

"မိဖုရားခေါင်က ကြင်နာပြီး သဘောထားကြီးတဲ့ စိတ်နေသဘောထား ရှိတယ်လို့တောင်မှ ပြောခဲ့သေးတယ်။ တကယ်လို့ ချွေးမဖြစ်သူက နောက်ပိုင်းမှာ စည်မျဥ်းတွေကို တခါတလေလေး ချိုးဖောက်တယ်ဆိုရင်လည်း မိဖုရားခေါင်က သဘောထားကြီးမားပြီး ဒေါသထွက်မှာ မဟုတ်ဘဲ သူ့ကို အပြစ်တင်မှာ မဟုတ်ဘူးလို့လေ"

ချောင်မိဖုရားခေါင် "..."

ယုံးကျားဧကရာဇ်သည် တောင့်တင်းသွားသည့် ချောင်မိဖုရားခေါင်ကို ကြည့်လိုက်ပြီး ညင်သာစွာဖြင့် ပြောလိုက်၏။ "ဟွမ်ဟုပ်ကလဲ ဟွေ့အန်းအကြောင်းကို စဥ်းစားပြီးတော့ ရှင်းယန်ဝမ်ကို နည်းနည်းလောက် ပိုပြီးတော့ နားလည်ပေးသင့်ပါတယ်"

ချောင်မိဖုရားခေါင်သည် သူမ၏နှုတ်ခမ်းထောင့်လေးကို ကွေးညွတ်လိုက်ကာ တည်ငြိမ်သည့် အပြုံးတစ်ခုကိုသာ တုံ့ပြန်နိုင်တော့သည်။ "အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ နောင်တချိန် စတုတ္ထသခင်မလေးလုက အိမ်တော်ကို ရောက်လာရင် ချန်ချဲ့က သူ့ကို ကိုယ်သမီးအရင်းလိုပဲ ချစ်ခင်စောင့်ရှောက်မှာပါ"

ယုံးကျားဧကရာဇ်က ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်တော့သည်။

ချောင်မိဖုရားခေါင်သည်လည်း အားတင်းထားလိုက်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "အချိန်လဲ မစောတော့ဘူး။ ချန်ချဲ့ အခုပဲ တော်ဝင်စားဖိုဆောင်ကို အရှင်မင်းကြီး ကြိုက်တဲ့ဟင်းလျာတစ်ခု ပြင်ဆင်ခိုင်းလိုက်ပါ့မယ် ..."

"မလိုတော့ဘူး" ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို စကားဖြတ်ပြောလိုက်ကာ "ကျန်း ဒီနေတော့ မယ်တော်ကြီးနဲ့ ညစာသွားစားလိုက်မယ်"

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ကို ချွေးမတစ်ယောက်အနေဖြင့် ဘယ်တုန်းကမှ သဘောမကျခဲ့ချေ။ ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်နှင့် တခါတရံသီးသန့် ညစာကို သွားသုံးဆောင်တတ်သည်။

တစ်ယောက်တည်းဟု ပြောလျှင်တော့လည်း မသင့်တော်ချေ။ မယ်တော်ကြီးကျောက်က တခါတရံ သူမကို အဖော်ပြုပေးဖို့ရန်အတွက် ချင်ဖေးနှင့် စတုတ္ထမင်းသားတို့ကိုလည်း ဆင့်ခေါ်ထားတတ်သည်။ ထို့ကြောင့် လူသူကင်းမဲ့နေသည်ဟုတော့ ပြောလို့မရချေ။

ချောင်မိဖုရားခေါင်မှာ မတတ်သာတော့ဘဲ ယုံးကျားဧကရာဇ်ကို တလေးတစား ပို့ဆောင်ပေးရတော့၏။

ယုံကျားဧကရာဇ် ပြန်သွားပြီးနောက်တွင် ချောင်မိဖုရားခေါင်သည် စိတ်ပျက်သွားသည့် အမူအရာတစ်ခုဖြင့် ဇာမဏီပုလ္လင်ပေါ်တွင် ပြန်ထိုင်ချလိုက်ကာ ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီးစိတ်ဆင်းရဲလေလေ ဖြစ်သွားတော့သည်။

ယုံးကျားဧကရာဇ်၏ စကားအရဆိုလျှင် လုမင်ယွိက နောက်ပိုင်းအိမ်တော်သို့ ဝင်လာသည့်အခါ သူမဆိုသည့် ယောက္ခမသည် ပိုပြီး သည်းခံပြီးရင်း သည်းခံပေးရပေတော့မည်။ လုမင်ယွိက စည်းကမ်းကို ချိုးဖောက်ခဲ့လျှင်ပင် သူမသည် အပြစ်ပေးလို့ရနိုင်မည် မဟုတ်တော့ပေ။

ဒါက ချွေးမတစ်ယောက်ကို အိမ်တော်ကို ခေါ်ဝင်လာတာလား။ ဒါမှမဟုတ် ဘိုးဘေးတစ်ပါးကိုပဲ အိမ်တော်ကို ပင့်လာတာလားတောင် မသိတော့ဘူး။

"မယ်မယ်" ချိုင်လန်၏အသံသည် ထွက်လာပြီး ချောင်မိဖုရားခေါင်၏အတွေးများကို ဖြတ်တောက်ပစ်လိုက်၏။

ချောင်မိဖုရားခေါင်က သုန်မှုန်သွားကာ သူမ၏အသံကလဲ ခါတိုင်းထက်ပင် ဒေါသသံများ ပါလို့နေသည်။ "ဘာကိစ္စလဲ" ချိုင်လန်ကလဲ တရိုတသေဖြင့် လျှောက်တင်လိုက်၏။ "ဒုတိယမင်းသား ရောက်လာပြီး မယ်မယ်နဲ့ ညနေစာ စားချင်ပါတယ်တဲ့"

...

ခဏအကြာတွင် ဒုတိယမင်းသားက ပင်မဆောင်ထဲသို့ လှမ်းဝင်လာတော့၏။

ယုံးကျားဧကရာဇ်က ရှင်းယန်ဝမ်ကို ဆင့်ခေါ်ပြီး နေ့လယ်စာ အတူသုံးဆောင်ခဲ့သည့်ကိစ္စကို ဒုတိယမင်းသားလဲ သိရှိသွားသည်မှာ သိသာလေသည်။ ယခုအခါတွင် သူ၏ခြေလှမ်းများသည် ပေါ့ပါးသွက်လက်နေပြီး မျက်ဝန်းနက်နက်များထဲတွင်လည်း အပြုံးရိပ်များ ဝေဆာနေကာ ချောမောလှပသည့်မျက်နှာလေးသည် အရောင်အဝါများပင် ထွက်လာတော့မည့်အလား။

မူဟုပ်ဟု ခေါ်လိုက်သည့်အသံကပင် ပုံမှန်ထက်အများကြီး နူးညံ့နေလေတော့သည်။ "မူဟုပ် တစ်ယောက်တည်း ညစာသုံးဆောင်ရတာ နည်းနည်းလေး အထီးကျန်မှာစိုးလို့ ကျွန်တော်က မူဟုပ်နဲ့အတူတူ ညစာစားမလို့ပါ"

ချောင်မိဖုရားခေါင်မှာ ဝမ်းသာဝမ်းနည်း ဖြစ်ရလေတော့၏။ "မင်းက မူဟုပ်ကို အဖော်ပြုချင်တာလား။ ဒါမှမဟုတ် ချွေးမရွေးဖို့ ပြောနေတာလား"

ဒုတိယမင်းသားသည် ရှေ့သို့တက်လာပြီး ချောင်မိဖုရားခေါင်၏ လက်မောင်းလေးကို ကိုင်ကာ ပြုံးရွှင်စွာဖြင့် ပြောလာသည်။ "ချွေးမယူဖို့ လောနေတာလဲအမှန်ပဲ။ မူဟုပ်နဲ့အတူ ညစာသုံးဆောင်ချင်တဲ့စိတ်ကလဲ အမှန်ပါပဲ"

သားဖြစ်သူက မျက်နှာပြောင်တိုက်ကာ မြှောက်ပင့်နေသည်ကို ချောင်မိဖုရားခေါင်၏စိတ်ထဲတွင် အလွန်ကျေနပ်သွားပြီး သားဖြစ်သူ၏ ပြုစုမှုကိုခံယူကာ စားသောက်ခန်းမဆီသို့ သွားလိုက်လေသည်။

ကျောင်းဖန်နန်းဆောင်ရှိ တော်ဝင်စားတော်ပွဲသည် အလွန် ခမ်းနားကြီးကျယ်လှပြီး သားအမိနှစ်ယောက်သည် မတူညီသည့် စိတ်အခြေအနေများ ဖြစ်နေကြ၏။

ချောင်မိဖုရားခေါင်ကတော့ စားသောက်ချင်စိတ် မရှိချေ။ တစ်ဖက်တွင်တော့ ဒုတိယမင်းသားသည် ပုံမှန်ထက်ပိုပြီး စားသောက်ချင်စိတ် အပြည့်ဖြစ်နေကာ ချောင်မိဖုရားခေါင်အတွက် ဟင်းလျာများကိုလဲ မရပ်မနားထည့်ပေးနေသည်။

"မူဟုပ် များများစားနော်"

"ဒီပင်လယ်ငါးက ချိုပြီးတော့ လတ်ဆတ်နေတာပဲ။ မူဟုပ် မြည်းကြည့်ပါအုံး"

ဒီလောက် စိတ်အားတက်ကြွနေသည်တွင် ချောင်မိဖုရားခေါင်မှာ မရယ်ဘဲ မနေနိုင်ဖြစ်သွားကာ အများကြီး စားသုံးမိလိုက်တော့သည်။

ညစာ သုံးဆောင်ပြီးသွားသောအခါ ချောင်မိဖုရားခေါင်သည် အစာကြေ လမ်းလျှောက်တတ်သည့် အကျင့်လေးတစ်ခု ရှိလေသည်။ ဒုတိယမင်းသားကလဲ ချောင်မိဖုရားခေါင်ကို အဖော်ပြုကာ ကျောင်းဖန်နန်းဆောင်၏စင်္ကြန်ထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်လို့လာ၏။ နွေဦးရာသီ ညနေခင်း၏ လေပြေလေးက ဖြည်းညင်းစွာ တိုက်ခတ်လို့နေပြီး ချောင်မိဖုရားခေါင်၏ရင်ထဲက စိတ်ဓာတ်ကျနေသည့် ခံစားချက်ကို တစ်စတစ်စ လွင့်ပျယ်သွားစေတော့သည်။

ချောင်မိဖုရားခေါင်က ဒီနေ့ဖြစ်သွားသည့် အကြောင်းအရာများကို တိုးတိုးလေး ပြောပြလိုက်၏။ "... ရှင်းယန်ဝမ်က ခေါင်းညိမ့်ပြီးသွားပြီ။ မင်းရဲ့ဖုဟွမ်ကလဲ သိပ်မကြာခင် မင်တို့တွေ လက်ထပ်ဖို့ အမိန့်တော်တစ်ခု ထုတ်ပြန်ပေးလိမ့်မယ်။ ဒီမင်္ဂလာပွဲက တစ်ဝက်လောက် ပြီးသွားပြီလို့ပြောလို့ရတယ်"

"အားကျင့် မင်း တကယ်ပဲ ဆုံးဖြတ်ချက်ချပြီးသွားပြီလား။ လုမင်ယွိကို လက်ထပ်ရမှပဲ ဖြစ်မှာလား"

ဒုတိယမင်းသားသည် ခြေလှမ်းများကို ရပ်လိုက်ကာ ချောင်မိဖုရားခေါင်ကို ကြည့်လိုက်ပြီး "မူဟုပ် ကျွန်တော် ဒီကိစ္စကို အကြိမ်ပေါင်းများစွာ ပြောပြီးပါပြီ။ ထပ်ပြီးတော့ ပြောဖို့မလိုတော့ပါဘူး"

ချောင်မိဖုရားခေါင်သည် သက်ပြင်းရှည်ကြီးချလိုက်တော့၏။

"အရေးမကြီးတော့ပါဘူးလေ။ မင်းကိုယ်တိုင် သဘောကျနေတဲ့ ကောင်မလေးပဲ။ မင်းကိုယ်တိုင် တောင်းဆိုထားတဲ့ လက်ထပ်ပွဲပဲလေ"

"ရှင်းယန်ဝမ်က သူ့သမီးကို အရမ်းချစ်မြတ်နိုးတာ သူက မတရားခံစားရမှာကိုလည်း အရမ်းစိုးရိမ်နေတာ။ မင်းရဲ့ဖုဟွမ်ကတော့ နောက်ပိုင်းကြရင် သူ့ရဲ့ချွေးမလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ့မယ်လို့ ရှင်းယန်ဝမ်ကို ကတိပေးလိုက်ပြီ။ ငါကလဲ သူ့ကို နည်းနည်းလေးတောင်အပြစ်တင်ခွင့်မရှိဘူး"

"စတုတ္ထသခင်မလေးရဲ့ စိတ်နေစိတ်ထားက ... မပြောတာပဲ ကောင်းပါတယ်လေ။ မင်းက ငါ့ထက်ပိုပြီးတော့ သိပါတယ်။ အခုချိန်ကစပြီး မင်းဘဝကို ဘယ်လိုပဲ ဖြတ်သန်းရပါစေ တခြားသူတွေကို အပြစ်တင်လို့ မရတော့ဘူး"

ဒုတိယမင်းသားသည် လုံးဝ အံ့သြမသွားဘဲ ဒီအတိုင်းပြုံးကာ ခေါင်းညိမ့်ပြလိုက်၏။ "မူဟုပ် စိတ်ချပါ။ ကျွန်တော် သူ့ကို ကောင်းကောင်းဆက်ဆံမှာပါ"

ချောင်မိဖုရားခေါင် "..."

သူမက လုမင်ယွိကို စိုးရိမ်နေတာ မဟုတ်ဘူးလေ။ သားဖြစ်သူက ဘာသြဇာအာဏာမှမရှိဘဲ လုမင်ယွိအောက်မှာ ခေါင်းမဖော်နိုင် ဖြစ်သွားမှာကို စိုးရိမ်နေတာ သိရဲ့လား။

...

အပိုင်း (၈၃) ဆံထိုးတင်ပွဲ

လုမင်ယွိတို့ သားအဖ နှစ်ယောက်သည် ညနေစာအတူတူ စားလိုက်ပြီးနောက် စာကြည့်ဆောင်ထဲသို့သွားကာ စကားပြောဆိုလိုက်ကြသည်။

"ရှောင်ယွိ ဒီနေ့ အခြေအနေကို သမီး မမြင်လိုက်ရတာပဲ နှမြောဖို့ကောင်းတယ်" လုလင်း၏မျက်ခုံးများက ပျော်ရွှင်မှု အပြည့်ဖြစ်နေကာ မျက်နှာပေါ်တွင်လည်း ဂုဏ်ယူဝင့်ကြွားသည့် ရုပ်လေးဖြင့် စကားပြောလာ၏။ "အဖေက မျက်ရည်ကျပြလိုက်တာ အရှင်မင်းကြီးလည်း လန့်ဖြန့်သွားတာပဲ"

အရှင်မင်းကြီးက ကိုယ်တိုင် ကတိပေးလာခဲ့တာ။ သမီး တော်ဝင်မိသားစုနဲ့ လက်ထပ်ပြီးသွားရင် ဘယ်သူကမှ သမီးကို အနိုင်ကျင့်ရဲမှာလည်း မဟုတ်သလို ကြမ်းကြမ်းတမ်းတမ်းလည်း ပြုမူဆက်ဆံ ရဲမှာ မဟုတ်ဘူး။အရှင်မင်းကြီးက သမီးဘက်မှာ ရှိနေတော့ မိဖုရားခေါင်က သမီးကို အခက်တွေ့အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

လုမင်ယွိသည် ရင်ထဲထိသွားကာ တစ်ပြိုင်တည်းတွင် ရယ်မောစွာဖြင့် ပြောလိုက်လေသည်။ "အဖေ တကယ် ငိုခဲ့တာလား !"

"ဒါပေါ့" လုလင်းက သူ၏မျက်ခုံးထူထူကြီးကို ပင့်ပြလိုက်ကာ "အရှင်မင်းကြီးက ဉာဏ်ပညာကြီးပြီး စစ်ရေးစစ်ရာမှာလည်း ထူးချွန်တယ်။ လိမ်ညာလှည့်ဖျားဖို့ လွယ်တဲ့သူ မဟုတ်ဘူး။ အဖေက ဒီနေ့တော့ ကိုယ့်ရဲ့အရည်အချင်းကို အကုန်ထုတ်သုံးပြပြီးမှ အရှင်မင်းကြီးကို စိတ်လှုပ်ရှားပြီး သနားသွားအောင် လုပ်နိုင်ခဲ့တာ"

ဂုဏ်ယူဝင့်ကြွားနေသည့် အဖေဖြစ်သူကို လှမ်းကြည့်လိုက်ပြီး လုမင်ယွိ၏ ရင်ထဲတွင် မချိတင်ကဲ ဖြစ်သွားတော့သည်။ "အဖေ ဒီလိုသမီးမျိုးက တကယ်ကို သားသမီးဝတ္တရား မကျေပွန်တာပါ။ အမြဲတမ်း အဖေ့ကို စိုးရိမ်ရအောင် လုပ်နေမိတယ်"

လုလင်းသည် စိတ်မကောင်းဖြစ်သွားပြီး "ငါ့သမီးက ဉာဏ်ရည်ထက်မြတ်တယ်။ သိတတ်လိမ္မာတယ်။ မိဘကိုလည်း ရိုသေတယ်။ သူ့ကိုဘယ်သူမှ မကောင်းပြောပိုင်ခွင့် မရှိဘူး။ သမီးကိုယ်တိုင်ကိုတောင်မှ မပြောရဘူး"

လုမင်ယွိကလည်း ရယ်ချင်စိတ်ဖြစ်သွားပြီး ဝါးလုံးကွဲအော်ရယ်မိတော့သည်။

သမီးဖြစ်သူ၏ ပြုံးရွှင်နေသည့် မျက်နှာကို မြင်လိုက်ရသောအခါ လုလင်းသည်လည်း လှိုက်လှိုက်လှဲလှဲ ပြုံးရယ်မိလေသည်။ "ဟုတ်တယ်လေ။ လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဝမ်းသာစရာကိစ္စပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပျော်ရွှင်နေသင့်တာပေါ့။ ရန်သူတွေလာရင် ခုခံတိုက်ခိုက်မယ်။ ရေကြီးလာရင် မြေဖို့ပြီး ကာကွယ်ရမယ်။ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး"

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရပြီး ပျော့ပျောင်းစွာဖြင့် ပြောလိုက်လေသည်။ "အဖေ ပြောတာမှန်ပါတယ်"

ဒီလောကထဲမှာ ကျော်လွှားလို့မရတဲ့ အခက်အခဲဆိုတာ တကယ်တော့ မရှိပါဘူး။

အရင်ဘဝတုန်းကတော့ သူမ ဒီလိုအဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာကလည်း လီဟောက်ဆိုတဲ့ ခွေးလိုလူကို နှလုံးသား ပုံအပ်ခဲ့မိလို့ပဲ။ အချစ်ရေးမှာ စိတ်နှစ်ထားတဲ့သူက အမြဲတမ်း အထိခိုက်လွယ်ဆုံးသောသူပဲ။

သူမကသာ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ခံစားချက်ကို အလိုမလိုက်ဘူးဆိုရင် သူမကို ဘယ်သူမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။

ရှေ့က လျှောက်ရမယ့်လမ်းမှာ ဆူးငြောင့်ခလုတ်တွေ ရှိနေတယ်ဆိုရင်တောင် သူမက အေးအေးဆေးဆေးပဲ လျှောက်လှမ်းသွားနိုင်မှာပါ။

...

မျက်စိတစ်မှိတ်အတွင်းတွင် ရက်အနည်းငယ် ကုန်လွန်လာခဲ့လေသည်။

၅လပိုင်း ၆ရက်နေ့တွင်တော့ ရှင်းယန်ဝမ်၏ ချစ်လှစွာသောသမီး စတုတ္ထသခင်မလေးလု၏ ဆံထိုးတင်ပွဲ အခမ်းအနားကို ကျင်းပလေသည်။ များပြားလှစွာသော ဧည့်သည်တော်များကလည်း လုအိမ်တော်သို့ ရောက်လာကာ အခမ်းအနားကို တက်ရောက်လာကြသည်။ မြို့တော်တခုလုံးက အရာရှိအရာခံများ၏ ဇနီးများတစ်ဝက်နီးပါးပင် ရောက်ရှိလာကြသည်။

လုမင်ဖန်းသည် လုမင်ဟွားနှင့် လုမင်ယွဲ့တို့ကို ဦးဆောင်ကာ ဧည့်သည်များကို ဧည့်ခံနေရသဖြင့် ခြေထောက်များကပင် မြေပြင်နှင့် မထိနိုင်လောက်အောင် အလုပ်များနေတော့သည်။

အငယ်ဆုံးလေးဖြစ်သည့် လုရွှမ်းကလည်း ဒီနေ့တွင်တော့ အရေးကြီးဆုံးတာဝန်ကို လက်ခံထားရကာ အစ်ကိုဖြစ်သူများနှင့် ယောက်ဖဖြစ်သူများနှင့်အတူ ဧည့်သည်များကို ဧည့်ခံနေလေသည်။

ဟုတ်ပါသည်။ လုမင်ဟွား၏ သတို့သားလောင်း ကျိုးလီသည်လည်း ဒီနေ့တွင် တက်ရောက်လာခဲ့၏။ သူသည်လည်း ယောက်ဖဖြစ်သူ လုဖေးနှင့်အတူ ဧည့်သည်များကို နွေးနွေးထွေးထွေး ဧည့်ခံလို့နေသည်။

ကျိုးလီသည် ဆင်းရဲသည့် မိသားစုမှ ဆင်းသက်လာသော်ငြားလည်း စာပေပညာတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ရှင်းယန်ဝမ်၏ မွေးစားသမီးနှင့် စေ့စပ်ထားသူ ဖြစ်သဖြင့် လုအိမ်တော်သို့ လာရောက်ဂုဏ်ပြုကြသည့် စာပေပညာရှင်များ အမတ်များနှင့် စစ်သူကြီးများသည် လိမ္မာပါးနပ်လှသည့် ကျိုးလီကို အတော်လေးပင် ဂရုတစိုက် ရှိလှသည်။

လုရွှမ်းက လုဖေး၏အနားသို့ တိုးတိုးတိတ်တိတ် ကပ်သွားကာ တီးတိုးပြောလိုက်၏။ "အာ့ကော ကျဲဖူအလောင်းအလျာက ဒီနေ့တကယ် အလုပ်ကြိုးစားနေတာပဲ။ မသိတဲ့သူတွေကဆိုရင် သူကမှ လုအိမ်တော်ရဲ့ သခင်လေးလို့ ထင်နေဦးမယ် !"

မနက်ခင်းတစ်ပိုင်းမှာပင် ဧည့်သည်တော်အားလုံးနီးပါးနှင့် စကားပြောဆိုလုနီးပါး ရှိနေပြီဖြစ်၏။ ထူးချွန်လှသည့် ပညာရှိတစ်ဦးဖြစ်သည့်အလျောက် ရုပ်ရည်နှင့်အမူအရာမှာ အလွန်ကောင်းမွန် တင့်တယ်ကာ အခွင့်အရေး ရှာဖွေနေသည်ဟု ဆိုသော်ငြားလည်း အမြင်မရိုင်းလှချေ။

လုဖေးက လုရွှမ်း၏ ခေါင်းကို လမ်းပုတ်လိုက်ကာ ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ "လျှောက်မပြောနဲ့"

လုရွှမ်းကတော့ လေသံတိုးတိုးဖြင့် ညည်းညူလေသည်။ "ကျွန်တော် ပြောတာတွေကလည်း အမှန်တွေချည်းပဲလေ။ လျှောက်ပြောနေတာ တစ်ခုမှ မပါဘူး"

လုဖေးကတော့ ကြိတ်ပြီးသက်ပြင်းချ လိုက်တော့သည်။

ကျိုးလီသည် ရာထူးတိုးတက်လိုစိတ်မှာ အလွန်ပြင်းပြလှပြီး မိမိကိုယ်ကိုမိမိ အလွန်အထင်ကြီးသူလည်း ဖြစ်လေသည်။ ထိုအချက်ကပင် လူကို အနည်းငယ် မသက်မသာဖြစ်ရစေ၏။

သို့သော်ငြား စန်းမေ့မေ့ လုမင်ဟွား၏ နှလုံးသားတစ်ခုလုံးက ကျိုးလီအပေါ်တွင်သာ ရှိနေပြီး လက်ထပ်မည့်ရက်ကိုပင် သတ်မှတ်ပြီးဖြစ်သဖြင့် လုမင်ဟွား၏ မျက်နှာကို ထောက်ထားကာ ခဏလောက်တော့ သည်းခံပေးရုံသာ ရှိတော့သည်။

အမျိုးသမီးဘက်တွင် ပိုလို့ပင် စည်ကားလို့နေသည်။

ကွမ်းပင် နယ်စားကတော်နှင့် ဖူးရန်မြို့စားကတော်တို့သည် စောစောစီးစီး ရောက်လာကြပြီး ချောင်အိမ်တော်က အမျိုးသမီးများနှင့် ကျင်းအိမ်တော်က အမျိုးသမီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည်။

ဒီနေ့တွင်တော့ လုမင်ယွိသည် အဓိကဇာတ်လိုက်တစ်ယောက် ဖြစ်လေသည်။ အားလုံးက လုမင်ယွိ၏ အပျိုဆောင်သို့ အရင်ဆုံး သွားရောက်နှုတ်ဆက်ကြပြီး လှပချောမောကာ သူရဲကောင်းဆန်လွန်းလှသည့် စတုတ္ထသခင်မလေးလုကို အားရပါးရ ချီးကျူးစကားပြောကြ၏။

လုမင်ယွိကတော့ ဤကဲ့သို့အခြေအနေမျိုးကို ပြောဆိုဆက်ဆံဖို့ရန် လုံးဝစိတ်မရှည်သူ ဖြစ်သော်ငြားလည်း ဒီနေ့တွင်တော့ ထိုအရာကို သည်းခံရပေဦးမည်။ သူမကတော့ သင့်တင့်လျောက်ပတ်စွာ ပြုံးပြလိုက်ပြီး လူတိုင်း၏ချီးကျူးစကားများကို နားထောင်နေရတော့သည်။

"စတုတ္ထသခင်မလေးလုက ပန်းလေးတစ်ပွင့်လို လှတယ်လို့ ကြားဖူးတာကြာနေပြီ။ ဒီနေ့ လူကိုယ်တိုင် တွေ့ရမှပဲ တကယ်ကို အလှရှင်လေးတစ်ယောက် ဖြစ်နေတာပဲ"

"မဟုတ်လို့လား စတုတ္ထသခင်မလေးလုကို ကြည့်ပါဦး။ ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိလိုက်တာ ..."

ခစ်ခစ် !

သရော်လှောင်ပြောင်သံတစ်ခုက မလျော်ကန်စွာ ထွက်ပေါ်လာ၏။

လုမင်ယွိက တည်တည်ငြိမ်ငြိမ် လှမ်းကြည့်လိုက်သည်။

ဟုတ်ပါသည်။ ဤသို့သော အခြေအနေမျိုးတွင်ပင် အသံထွက် လှောင်ရယ်ဝံ့သူမှာ ကျင်းချန်အာကလွဲ၍ တခြားမရှိနိုင်ချေ။

ကျင်းချန်အာနှင့် လုမင်ယွိတို့၏ သဘောထား မတိုက်ဆိုင်မှုကလည်း တစ်ရက်နှစ်ရက် မဟုတ်တော့ချေ။

ကျင်းချန်အာသည် လုမင်ယွိကို မြင်လိုက်ရပြီး နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးလေတော့သည်။ လုမင်ယွိကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ရသည်က ပျော်ရွှင်မှုတစ်ခုပင် ဖြစ်နေတော့သည်။

ကံဆိုးချင်တော့ အများစုမှာ မိမိကိုယ်ကို အရှက်ရစေခြင်းသာပင်။

"ကျင်းချန်အာ ဘာဖြစ်လို့ ရယ်နေတာလဲ" လုမင်ယွိသည် အငြိုးအတေး ထားတတ်သူ လုံးဝ မဟုတ်ပေ။ သူမသည် နေရာတွင်ပင် အမြဲတမ်း လက်စားချေတတ်သူ ဖြစ်၏။ "ဖူယန်မြို့သားကတော် ပြောလိုက်တဲ့စကားက မှားတယ်လို့ ထင်နေလို့လား"

ဖူယန်မြို့စားကတော်၏ မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ဆိုးညစ်သွားကာ သူမသည် ကျင်းချန်အာကို လှမ်းကြည့်လာတော့သည်။

ကွမ်းပင်နယ်စားကတော်နှင့် တခြားမျိုးရိုးမြင့် အမျိုးသမီးများကလည်း လှမ်းကြည့်လာကြ၏။

လုမင်ယွိသည် ယဉ်ကျေးသိမ်မွေ့ကာ သိက္ခာရှိလှသည့် ဟူသည့်စကားနှင့် အတော်ပင် အလှမ်းဝေးသော်ငြားလည်း ယနေ့တွင် လူတိုင်းသည် လုအိမ်တော်သို့ လာရောက်ကြည့်ရှုကြပြီး မျက်နှာရစေမည့် စကားကောင်းတချို့ကို ပြောဆိုသင့်သည်မှာ အမှန်ပင်။

ဒီကျန်းချန်အာသည် အလွန်ပင် ရိုင်းစိုင်းလှပေသည်။

ကျင်းချန်အာသည် စက်ဆုပ်ဖွယ်ကောင်းပြီး ရဲရင့်သူတော့ မဟုတ်ချေ။ အားလုံးက သူမကို လှမ်းကြည့်လာချိန်တွင် သူမ၏မျက်နှာသည် ရုတ်တရက်ဆိုသလို နီရဲသွားတော့၏။ "လုမင်ယွိ နင် တစ်ဖက်လူကို နာမည်မဖျက်နဲ့။ ငါ ဘယ်တုန်းက ဖူယန်မြို့စားကတော်ကို လှောင်ပြောင်နေလို့လဲ။ ငါက နင့်ကိုပဲ ရယ်မောနေတာ။ နင်က ရိုင်းစိုင်းပြီး ယဉ်ကျေးမှုမရှိဘူး။ နင့်ရဲ့အရည်အချင်းကောင်းတွေကို အားကိုးပြီးတော့ တစ်ဖက်လူကို အမြဲတမ်း အနိုင်ကျင့်နေတာ။ နင်က ဘယ်နေရာမှာ ယဉ်ကျေးလို့လဲ။ ဘယ်နေရာမှာ သိမ်မွေ့နေလို့လဲ"

လုမင်ယွိကတော့ နည်းနည်းလေးမှ စိတ်မဆိုးချေ။ မည်သို့ဆိုစေ ကျင်းချန်အာ ပြောသည့် စကားကလည်း အမှန်တရားပင်။

ရှန်းလန်နှင့် ကျောက်ယွီတို့မှာ ဆက်ပြီးနားမထောင်နိုင်တော့ပေ။

ရှန်းလန်သည် လုမင်ယွိ၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး အနာဂတ် ယောင်းမလောင်းလည်း ဖြစ်သည်။ ကျောက်ယွီကတော့ လုမင်ယွိက အထူးတလည် ဖိတ်ကြားထားသည့် ဂုဏ်ပြုသူဖြစ်၏။ ကျင်းချန်အာက ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်များကို ပြုလာသော်လည်း လုမင်ယွိသည် အိမ်ရှင်ဖြစ်နေသည့်အတွက် ခါတိုင်းလိုပြန်လည် ချေပဖို့ရန် အဆင်မပြေချေ။

ရှန်းလန်နှင့် ကျောက်ယွီတို့ကတော့ ထိုသို့ ထိန်းချုပ်မှုမျိုး မရှိကြပေ။

"ကျင်းမေ့မေ့” ရှန်းလန်၏ အသံသည်နူးညံ့နေပြီး အလျင်စလို မရှိချေ။ "ဒီနေ့က ရှောင်ယွိရဲ့ ဆံထိုးတင်ပွဲ အခမ်းအနားလေ။ နင့်ရဲ့စိတ်ထဲမှာ ဘယ်လိုပဲ မကျေမနပ် ဖြစ်နေပါစေ။ နည်းနည်းလောက် သည်းခံပေးသင့်တာပေါ့"

ကျောက်ယွီကတော့ ပိုပြီး ဒဲ့တိုးဆန်စွာ ပြောလိုက်သည်။ "ကျင်းချန်အာ တကယ်လို့ နင်ဒီမှာ မနေချင်ဘူးဆိုရင်လည်း စောစောစီးစီး ပြန်သွားလိုက်ပါ။ ဒီနေ့ ဒီနေရာမှာ လူတွေအများကြီး ရောက်နေတယ်။ ဒီတော့ နင် တစ်ယောက်မရှိလည်း ဘာမှမဖြစ်ဘူး"

ကျင်းချန်အာ "..."

ဘေးတွင်ထိုင်နေသည့် မုန့်ယွင်လော်သည် ကျင်းချန်အာ၏ အင်္ကျီလက်ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး ရှက်ရွံ့ကာ ဒေါသထွက်နေသည့် ကျင်းချန်အာကို တိုးတိုးလေး နှစ်သိမ့်ပေးလိုက်၏။ "သူတို့ပြောတာလည်းမမှားဘူး။ ဒီနေ့စတုတ္ထသခင်မလေးလုရဲ့ အခမ်းအနားလေ။ တကယ်လို့ နင်ပြဿနာရှာချင်တယ်ဆိုရင်လည်း တခြားနေ့ကို ပြောင်းလိုက်သင့်တယ်"

သူမ၏အသံသည် မကျယ်လွန်းသော်ငြားလည်း အခန်းတစ်ဝက်လောက်တော့ ကြားနေရ၏။

ကျင်းချန်အာ၏ မျက်နှာမှာနီရဲသွားပြီးမှ ဖြုဆုတ်သွားလေတော့သည်။ သူမသည် ‌ထွက်သွားလိုက်ချင်သော်ငြားလည်း သူမ၏သူငယ်ချင်း မုန့်ယွင်လော်က သူမ၏အင်္ကျီလက်ကို တင်းနေအောင် လှမ်းဆွဲထားသဖြင့် သူမသည်လည်း ဒေါသထွက်ထွက်ဖြင့် ခေါင်းကို တစ်ဖက်သို့သာ လှည့်ထားလိုက်တော့သည်။

ချောင်ဝမ်ကတော့ ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး ပြုံးရင်း အခြေအနေကို ဖျန်ဖြေပေးဖို့ရန်အတွက် စကားအနည်းငယ် ပြောလာသည်။

ဒီနေ့တွင် ချောင်ဝမ်သည် ရိုးရိုးရှင်းရှင်း တင့်တယ်လှပသည့် နွေဦးဝတ်စုံလေးကို ဝတ်ဆင်ထားကာ တည်ငြိမ်အေးဆေးပြီး အိန္ဒြေရှိလှလေသည်။ ချောင်မိဖုရားခေါင်၏ စိတ်နေစိတ်ထားနှင့် အလွန်ပင်ဆင်တူလှသည်။

ဒီအခိုက်အတန့်တွင် အစေခံမလေးတစ်ယောက်က လာပြီးသတင်းပို့လေ၏။ "စတုတ္ထသခင်မလေး ဟွေ့အန်းကုန်းကျူ ရောက်လာပါတယ်"

ဘယ်လို။

ဟွေ့အန်းကုန်းကျူ ရောက်လာတယ်ဟုတ်လား !

အားလုံးသည် တအံ့တဩ ဖြစ်သွားကြပြီး အချင်းချင်း ကြည့်လိုက်မိကြ၏။

ဟွေ့အန်းကုန်းကျူသည် အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့၏ အကြီးဆုံးသမီးဖြစ်သည်။ သူမသည် တော်ဝင်အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားကာ ဆက်ဆံရ ခက်ခဲသည်ဟုလည်း နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ ပုံမှန်အားဖြင့် ဟွေ့အန်းကုန်းကျူ၏မျက်စိထဲသို့ ဝင်ဆန့်ကာ အနည်းငယ် ပြောဆိုနိုင်သူမှာ လက်ချိုး‌ရေလို့ရသည်။

ဟွေ့အန်းကုန်းကျူက ဘာဖြစ်လို့ လုအိမ်တော်ကို လာပြီးတော့ အခမ်းအနားကို လာပြီးတော့ ကြည့်ရှုတာလဲ။ ဟွေ့အန်းကုန်းကျူနဲ့ လုမိသားစုတို့ကြားမှာ ဆက်ဆံရေး တစ်ခုခုရှိတယ်လို့လည်း မကြားမိပါဘူး။

လူတိုင်း၏အကြည့် အမျိုးမျိုးအလယ်တွင် လုမင်ယွိက ထရပ်လိုက်ကာ သူမ၏မျက်ဝန်းများကလည်း မသိမသာ လင်းလက်သွားတော့သည်။ "ရှန်းကျဲကျဲ၊ ကျွန်မနဲ့အတူတူ ကုန်းကျူကို သွားကြိုရအောင်"

...

အပိုင်း( ၈၄) ဆံထိုးတင်ပွဲ ၂

လုမင်ယွိသည် အရင်ဘဝတွင် ဟွေ့အန်းကုန်းကျူနှင့် အကြိမ်ပေါင်းများစွာ ပြောဆိုဆက်ဆံခဲ့ဖူးသည်။

ဟွေ့အန်းကုန်းကျူသည် ဒေါသထွက်လွယ်ကာ စိတ်တိုတတ်ပြီး ဗိုလ်ကျကြီးစိုးတတ်သည့်အပြင် အနည်းငယ် သဘောထားကွဲလွဲရုံနှင့် မျက်နှာထားပြောင်း တတ်ပေသည်။

အိမ်သားများ အားလုံးကပင် ဒီအစ်မတော်ကြီးကို လေးစားမှု အနည်းငယ်တော့ ပြသကြရသည်။ အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့၏ ထောက်ခံမှုကို ရရှိထားသဖြင့် ဟွေ့အန်းကုန်းကျူကလည်း တော်တော်လေးကို ယုံကြည်ချက် ကြီးမားလှလေသည်။ မောင်တော်၊ ညီမတော်များအပေါ်တွင် ခက်ထန်ကြမ်းတမ်းစွာ ဆက်ဆံခြင်းမှာလည်း ဖြစ်နေကျပင်။

အကြီးဆုံးမင်းသား၏ ကြင်ရာတော် လျန်ကတော့ စိတ်သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်ပြီး ဟွေ့အန်းကုန်းကျူနှင့် ဘယ်သောအခါမှ ယှဉ်ပြိုင်ခြင်းမရှိခဲ့ ချေ။ ဒုတိယမင်းသား၏ ကြင်ရာတော် မုန့်ယွင့်လော်ကတော့ ဟွေ့အန်းကုန်းကျူနှင့် ယှဉ်ပြိုင်ချင် သော်ငြားလည်း သူမ၏ ယောက္ခမနှင့် ခင်ပွန်းသည်တို့က သူမဘက်တွင် ဘယ်တော့မှ မရပ်တည်ခဲ့ကြဘဲ သူမတစ်ယောက်တည်း ရပ်တည်ဖို့ရန်လည်း ခက်ခဲလေသည်။ စတုတ္ထမင်းသား ကြင်ရာတော် ကျောက်ယွီကတော့ ပိုလို့ပင် အသုံးမဝင်သေးချေ။

လုမင်ယွိ တစ်ယောက်ကသာ ဘယ်တုန်းကမှ အလျော့မပေးခဲ့ပေ။

ဟွေ့အန်းကုန်းကျူသည် အလွန်ဆက်ဆံရ ခက်ခဲသည့် ဒေါသကြီးသူ ဖြစ်ရာ သူမ၏ စိတ်နေသဘာထားကလည်း မီးကဲ့သို့ ပြင်းထန်လေသည်။

ဟွေ့အန်းကုန်းကျူသည် အနိုင်ကျင့် ဗိုလ်ကျတတ်သူ ဖြစ်ပြီး ဆက်ဆံရ ခက်ခဲသည့်အပြင် နှုတ်စလျှာစကလည်း ဓားသွားကဲ့သို့ ထက်ရှသေးသည်။

အစပိုင်းတွင်တော့ သူမသည် အနည်းငယ် ရှူံးနိမ့်ခဲ့ရသေး၏။ ‌‌

ဟွေ့အန်းကုန်းကျူသည် အရှိန်အဝါ ကြီးမားပြီး ရာထူးအဆင့်အတန်း အားသာချက်လည်း ရှိနေ၏။ အိမ်ထောင်ကျပြီးသွားသည့် သမီးတော် တစ်ပါးသည် အိမ်တော်သို့ ပြန်လာသည့် အခါတိုင်း လူအများအပါ်တွင် ဩဇာလွှမ်းမိုးနိုင်သည့် အထူးအခွင့်အရေး တစ်ချို့ကလည်း ရှိစမြဲပင်။ သူမသည် မည်မျှပင် တော်နေပါစေ ဟွေ့အန်းကုန်းကျူကိုတော့ လက်ပါလို့ မရနိုင်ပေ။

နောက်ပိုင်းတွင် ဒုတိယမင်းသားသည်စစ်မြေပြင်တွင် ကျဆုံးသွားခဲ့၏။ လီဟောက်သည် အိမ်ရှေ့စံအဖြင့် တင်မြှောက်ခံလိုက်ရချိန်တွင် သူမသည်လည်း အိမ်ရှေ့စံမင်းသမီး ဖြစ်လာခဲ့သည်။ မိဖုရားခေါင်က အပြင်းအထန် နေမကောင်း ဖြစ်သွားကာ ယုံးကျားဧကရာဇ်သည်လည်း နတ်ရွာစံသွားခဲ့သည်။ မောင် တောအရင်း၊ မယ်တော်နှင့် ခမည်းတော်တို့၏ ထောက်ခံမှုမရှိသဖြင့် ဟွေ့အန်းကုန်းကျူသည်လည်း သွားများမရှိတော့သည့် ကျားတစ်ကောင်သာ ဖြစ်လာတော့သည်။

နောက်ပိုင်းတွင် ချောင်မိဖုရားခေါင်သည် အနောက်နန်း ဆောင်ထဲတွင် (နာမကျန်းဖြစ်ပြီး) "ကွယ်လွန်" သွားခဲ့၏။ စူးကျောင်းရုံက မယ်တော်ကြီး စူးဖြစ်လာခဲ့ပြီး ဟွေ့အန်းကုန်းကျူ၏ ဒုက္ခရောက်ရမည့် နေ့ရက်များလည်း ရောက်ရှိလာတော့သည်။

နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရကာ အထင်သေးခံလာရသည့် မယ်တော်ကြီးစူးသည် တစ်ဖန် အာဏာရလာခဲ့ပြီး ကောက်ကျစ်စဉ်းလဲသည့် နည်းလမ်းများကို အသုံးချလေတော့သည်။ ချောင်မိဖုရားခေါင်၊ မုန့်ကွေ့ဖေး၊ ချင်ဖေးတို့သည် နန်းတော်ထဲတွင် တစ်ယောက်ပြီး တစ်ယောက် ဆုံးပါးသွားခဲ့ကြ၏။

ဟွေ့အန်းကုန်းကျူက မသေဆုံးခဲ့သော်ငြားလည်း မယ်တော်ကြီးကို အရိုအသေကင်းမဲ့ခြင်း မကောင်းသည့် စကားများဆိုခြင်း တို့ကြောင့် ကျင့်ရှင်း သီလရှင်ဘုရားကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး သားသတ်လွတ်စားကာ တရားဘာဝနာ ပွားများခဲ့ရသည်။ ထိုနောက်ပိုင်းတွင်တော့ သူမသည် လူထုရှေ့မှောက်သို့ ဘယ်တော့မှ ပေါ်မလာတော့ချေ။

...

"ကုန်းကျူက လုအိမ်တော်ကို ကြွရောက်လာတဲ့အတွက် မင်ယွိ တကယ်ပဲ ကျေးဇူးတင်မိပါတယ်" လုမင်ယွိက လက်နှစ်ဖက်ကို ယှက်ကာ ခန္ဓာကိုယ် ကိုင်းလိုက်ပြီး နှိမ့်ချခြင်းလည်းမရှိ မောက်မာထောင်လွှားခြင်း လည်းမရှိဘဲ အရိုအသေ ပေးလိုက်လေသည်။

အားလုံးကလည်း အတူတူလိုက်ပြီး အရိုအသေ ပေးလိုက်ကြ၏။

ဟွေ့အန်းကုန်းကျုက လုမင်ယွိ၏ မျက်နှာကိုလှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် လေသံဖြင့် ပြောလာခဲ့သည်။ "စတုတ္ထသခင်မလေးလု ယဉ်ကျေးနေဖို့ မလိုပါဘူး။ ထပါ !" ခဏအကြာတွင်တော့ သူမက ထပ် ပြောလာခဲ့သည်။ "ဒီနေ့က စတုတ္ထသခင်မလေးလုရဲ့ ဆံထိုးတင်ပွဲလေ။ မူဟုပ်က အခမ်းအနား တက်ရောက်ဖို့ ဒီမင်းသမီးကို အထူးတတည် စေလွှတ်ခဲ့တာလေ။ ဂုဏ်ပြုလက်ဆောင် ပေး ပေး ပါလို့လည်း ပြောခိုင်းလိုက်တယ်"

နန်းတွင်း အစေခံမလေး တစ်ယောက်သည် ရှေသို့တက်လာကာ ပိုးသေတ္တာနှစ်လုံးကို တရိုတသေ ဆက်သလာ၏။

လုမင်ယွိက ပိုးသေတ္တာလေးကို လှမ်းယူလိုက်ပြီး အားလုံး၏ရှေ့တွင် ဖွင့်လိုက်လေသည်။

ပထမပိုးသားသေတ္တာသည် မီးလင်းပုလဲတစ်လုံး ဖြစ်နေသည်။ ထိုပုလဲလုံးသည် ချိုးငှက်ဥ အရွယ်အစားရှိပြီး ကြည်လင်တောက်ပလွန်းနေကာ မျက်စိပင် မဖွင့်နိုင်လောက်အောင် စူးရှသည့် အလင်းရောင်များ ဖြာထွက်လို့နေ၏။ တချက်ကြည့်လိုက်ရုံဖြင့် အဖိုးတန်လှသည့် ရတနာတစ်ခု ဖြစ်သည်ကို သိနိုင်ပေသည်။

ဒုတိယ ပိုးသေတ္တာငယ်လေးထဲတွင်တော့ ရူယိ ကျောက်စိမ်းတစ်ခုရှိနေ၏။ အပန်းရောင်လေး တောက်ပနေကာ သာမန်ပစ္စည်းတစ်ခု မဟုတ်ချေ။

အားလုံး "..."

မြို့တော်ထဲက နာမည်ကြီး အိမ်တော်များ၏ သခင်မများ အားလုံးထဲတွင် မည်သူသည် ဆံထိုးတင်ပွဲ အခမ်းအနားတွင် ချောင်မိဖုရားခေါင်၏ ဤမျှကြီးမားလှသည့် ဆုလာဘ်ကို ရရှိခဲ့ဖူးပါသနည်း။

ချောင်ဝမ်သည် မနှစ်ကဆုလာဘ် ရရှိခဲ့ပြီး အကောင်းစားပိုးထည်နှင့် လှပသည့် လက်ဝတ်ရတနာ တစ်စုံသာ ဖြစ်လေသည်။ ယနေ့ဆုလာဘ်နှင့် နှိုင်းယှဉ်ကြည့်လျှင် များစွာကွာခြားလို့နေ၏။

ဒီထဲတွင်ပါဝင်နေသည့် နက်နဲသိမ်မွှေ့လှသည့် အဓိပ္ပာယ်များကို မိုက်မဲသူ မဟုတ်လျှင် မည်သူမဆိုသိနိုင် ပေသည်။

အားလုံးက လုမင်ယွိကို ကြည့်လိုက်ကြပြီးနောက် တစ်စုံတစ်ယောက်က ချောင်ဝမ်ကိုလှမ်းကြည့်လိုက်၏။

လုမင်ယွိကတော့ ပုံမှန်အတိုင်းဖြစ်နေကာ ပြုံးရင်း မိဖုရားခေါင်က သူမအပေါ်ထားသည့် စေတနာကို ကျေးဇူးတင်စကား ပြောလိုက်ပြီး အစေခံမလေးကို ထိုပိုးသေတ္တာနှစ်လုံးအား သိမ်းဆည်းခိုင်လိုက်၏။

ဘေးတွင်ရပ်နေသည့် ချောင်ဝမ်ကလည်း နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဆောင်ထားသော်ငြား သူမ၏ မျက်လုံးများကတော့ အံ့ဩမှုအပြည့် ဖြစ်နေတော့သည်။

ဒါက ဘယ်လိုဖြစ်တာလဲ။

ချောင်မိဖုရားခေါင်က လုမင်ယွိရဲ့ ဆံထိုးတင်ပွဲ အခမ်းအနားအတွက် ဒီလောက် ကြီးမားတဲ့လက်ဆောင်ကို ဘာဖြစ်လို့ ပေးလိုက်တာလဲ။ ဟွေ့အန်းကုန်းကျူကိုလည်း လူကိုယ်တိုင် အခမ်းအနား တက်ရောက်ဖို့ အမိန့်ပေးလိုက်သေးတယ်။ ထိတ်လန့်ဖွယ်ရာ သံသယတခုသည် စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့၏။

ချောင်ဝမ်၏ မျက်နှာလှလှလေးသည် မသိမသာ ဖြူဆွတ်သွားကာ သူမ၏ ညာဘက်လက်ကလည်း အင်္ကျီကိုတင်းနေအောင်ဆုပ်ကိုင် ထားမိတော့သည်။

ဟွေ့အန်းကုန်းကျူက ရုတ်တရက် ချောင်ဝမ်၏ ဖြူဆုတ်သွားသည့် မျက်နှာကို လှမ်းကြည့်လိုက်ပြီး သူမ၏ရင်ထဲတွင် အနည်းငယ် စိတ်မကောင်း သွားသလို ဖြစ်သွားလေသည်။

အာ့တိက ဝမ်းကွဲညီမတော် ချောင်ဝမ်နဲ့ လက်ထပ်လိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ချောင်ဝမ်သာဆိုရင် အချင်းချင်း ကောင်းကောင်းသိကြတဲ့ ဆွေမျိုးရင်းချာတွေ။ သူတို့ကြားက သံယောဇဉ်ကလည်း တခြားသူတွေထက် အများကြီးသာတယ်။ ဒါက အချင်းချင်း ပိုပြီးရင်းနှီးရစေမယ့် ပျော်ရွှင်စရာကိစ္စ တစ်ခုပဲ။

ဒါပေမဲ့ အာ့တိကတော့ ဒီလိုရိုင်းစိုင်းပြီး ကြောက်စရာကောင်းတဲ့ လုမင်ယွိကိုမှ လက်ထပ်ဖို့ ဆုံးဖြတ်ထားသတဲ့လေ !

ပိုပြီးတော့ ဒေါသထွက်စရာ ကောင်းတာက မူဟုပ်ကလည်းပဲ အာ့တိကို မနိုင်ဘူး။ အဲဒီအပြင် အစီအစဉ်တွေ ထုတ်ပြီး အစွမ်းကုန်တောင် ကူညီလိုက်သေးတယ်။ ဒီနေ့လည် မူဟုပ်က အကြိမ်ကြိမ်အခါခါ တိုက်တွန်းနေလို့သာ သူမကလည်း စိတ်မပါဘဲ လုမိသားစုကို ရောက်လာခဲ့ရတာ။

ဖုဟွမ်ကလည်း ဒီလက်ထပ်ပွဲကို ခေါင်းညိတ်ပြီး သွားပြီဆိုတော့ ပြောင်းလဲဖို့ရာ လုံးဝ အကြောင်းအရင်း ရှိတော့မှာမဟုတ်ဘူး။

သနားစရာကောင်းတဲ့ ဝမ်းကွဲညီမတော် ချောင်ဝမ်ကတော့ စိတ်ပျက်ရမယ့်သူ ဖြစ်လာတော့တာပဲ။

ဟွေ့အန်းကုန်းကျူသည် ထိုသို့စဉ်းစားလိုက်ပြီး လုမင်ယွိကို အနည်းငယ်ပိုပြီး ဒေါသထွက်လာတော့သည်။ သူမက လုမင်ယွိကို လှမ်းကြည့်လိုက်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ "ဆံထိုးတင်ပွဲ အခမ်းအနားက မစသေးဘူး။ ဒီတော့ ဒီမင်းသမီးက အတွင်းဆောင် ခန်းမထဲမှာ သွားစောင့်နေလိုက်မယ်။ စတုတ္ထသခင်မလေးလုကတော့ အရင်ဆုံးအခန်းကို ပြန်သွားလိုက်ပါအုံး !"

ဒါသည် သူမအနေဖြင့် လုမင်ယွိ၏ အပျို ဆောင်ထဲသို့ဝင်ဖို့ စိတ်ကူးမရှိကြောင်း ပေါ်ပေါ်တင်တင် ပြသလိုက်ခြင်းပင်။

ရှန်းလန်ကလည်း အတွင်းရေးတချို့ကို သိရှီထားသဖြင့် မနေနိုင်ဘဲ ကြိတ်ပြီးမျက်မှောင်ကြုတ် မိတော့သည်။ ဒုတိယမင်းသားက သိမ်မွေ့ပြီး စိတ်နေစိတ်ထား ကောင်းမွန်ပေမယ့် ဟွေ့အန်းကုန်းကျူကတော့ နည်းနည်းလေး တရားလွန်တာပဲ။ ရောက်လာပြီးတာတောင် တမင်တကာ ဘဝင်မြင့်ပြနေသေးတယ်။ သူက လုမင်ယွိကို သဘောမကျဘူးလို့ လူရှေ့မှာအားလုံးကို ပြောနေတာပဲ မဟုတ်ဘူးလား။

လုမင်ယွိကတော့ နည်းနည်းလေးမှ ရှက်ရွံသည့် အရိပ်အယောင် မပြဘဲနဲ့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ကာ ချီယွင်ကို သူမ၏ တာ့ကျဲ လုမင်ဖန်းအား သွားခါ်ခိုင်းလိုက် တော့သည်။

လုမင်ဖန်းသည် သတင်းကို ကြားလိုက်ပြီးနောက်တွင် အလျင်အမြန် ရောက်လာပြီး ပြုံးရွှင်စွာဖြင့် ဟွေ့အန်းကုန်းကျူကို အတွင်းခန်းဆောင်ထဲသို့ ဖိတ်ခေါ်သွားတော့၏။

ဟွေ့အန်းကုန်းကျူသည် မူလကတည်းက အရပ်မြင့်သူဖြစ်သဖြင့် ယခုအခါတွင် ခေါင်းကိုမော့ ရင်ကိုကော့ကာ လှည့်ထွက်သွားပြီး မျက်လုံးကိုမှ တစ်ချက်ပင် လှည့်မကြည့်လာချေ။

"မျက်လုံးထဲကို မထည့်တာ" ဟူသည့် အဓိပ္ပာယ်ကို အပြည့်အဝ ဖော်ဆောင်နေတော့သည်။

လုမင်ယွိက တည်ငြိမ်နေသည့် အမူအရာဖြင့် အပျိုဆောင်သို့ ပြန်လာခဲ့၏။ အားလုံးကလည်း ခဏလောက် ထိုင်လိုက်ကြပြီးနောက် အတွင်းခန်းဆောင်ထဲသို့ အတူတူသွားလိုက်ကြလေသည်။ သိပ်မကြာခင်တွင် လုမင်ယွိ၊ ရှန်းလန်နှင့် တခြားသူများသာ အပျိုဆောင်ထဲတွင် ကျန်ရစ်တော့သည်။

ကျောက်ယွီက အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲကာ ပြောလာတော့သည်။ "လုစစ်မေ့ မိဖုရားခေါင်ကြီးက ဘာဖြစ်လို့ နင့်ကိုဒီလို ရတနာမျိုး ရုတ်တရတ် ပေးသနားလာရတာလဲ"

လုမင်ယွိကလည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်လေသည်။ "ငါလည်း မသိဘူးလေ။ နောက်တစ်နေ့ နန်းတော်ထဲကို ဂါရဝပြုသွားတဲ့အခါ ငါ့ကိုယ်စား မိဖုရားခေါင်ကြီးကို မေးပေးပါလား"

ကျောက်ယွီ "..."

သူ ငါ့ကို အရူးများ မှတ်နေတာလား။

ကျောက်ယွီသည် ကြိတ်ပြီး မျက်စောင်းထိုးလိုက်ကာ ချောင်ဝမ်ကို တစ်ဖန်လှမ်းကြည့်လိုက်၏။ "ချောင်ကျဲကျဲ မိဖုရားခေါင်ကြီးက အစ်မရဲ့အဒေါ်အရင်းပဲလေ။ ကျဲကျဲကလည်း နန်းတော်ထဲကို မကြာခဏ သွားပြီးတော့ နှုတ်ဆက်တက်တာပဲ။ ချောင်မိဖုရားခေါင်ရဲ့ စိတ်သဘောထားကို ကျဲကျဲက သိမှာပေါ့ !"

ချောင်ဝမ်၏ လက်များသည် အနည်းငယ် တုန်ယင်သွားသော်ငြား သူမ၏အမူအရာကတော့ အများကြီးပိုပြီး တည်ငြိမ်လို့နေသည်။ သူမက ပြုံးကာ ပြန်ဖြေလိုက်၏။ "ကျောက်မေ့မေ့ကတော့ တကယ်ပဲ လူမှားပြီး လာမေးနေတာပဲ။ ငါ နန်းတော်ထဲ မသွားတာတောင် အတော်လေး ကြာသွားပြီ။ နောက်ပြီးတော့ မိဖုရားခေါင်ရဲ့ စိတ်နေသဘောထားကို နင်နဲ့ငါက ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်မှာလဲ"

ချောင်အိမ်တော်က သေသေချာချာ ပျိုးထောင်ထားတဲ့ သမီး ပီသပါပေတယ်။ ဒီလောက် အံ့သြထိတ်လန့်ပြီး ဝမ်းနည်းနေတာတောင် အိန္ဒြေမပြတ် ကိုယ့်ဟာကိုယ် အရှက်ရစရာ မဖြစ်အောင် ပြုမူနေနိုင်တယ်။

လုမင်ယွိသည် ချေင်ဝမ်ကို လှမ်းကြည့်လိုက်ကာ စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။

ငါကလည်း နင့်ရဲ့ချစ်ရသူကို လုယူချင်လို့ မဟုတ်ပါဘူး။

တကယ်တမ်းကျတော့ ငါ မဟုတ်ရင်တောင် နင်က ဒုတိယမင်းသားနဲ့ လက်ထက်နိုင်မှာ မဟုတ်ဘူးလေ။

ချောင်ဝမ်သည်လည်း မျက်လုံးများကို ပင့်လာသည်တွင် လုမင်ယွိ၏ အကြည့်များနှင့် တွေ့ဆုံသွားတော့သည်။ လုမင်ယွိ၏ အကြည့်သည် အနည်းငယ်ရှုပ်ထွေးလို့နေပြီး အနည်းငယ် တောင်းပန် နေသယောင်ပင်။

ထိုအကြည့်ကြောင့် ချောင်ဝမ်၏ ရင်ထဲတွင် တစ်ဖန် ပိုပြီး တုန်လှုပ်သွားတော့သည်။

ဒီနေရာက မိန်းကလေးများသည် တုံးအကြသူများ မဟုတ်ချေ။ ဒီအချိန်တွင်အားလုံးက နားလည်ကြသော်ငြားလည်း နားမလည်ချင် ဟန်ဆောင်နေကြခြင်းသာ ဖြစ်သည်။

ကျင်းချန်အာ တစ်ယောက်ကတော့ ဘာကိုစဉ်းစားမိသည် မသိချေ။ သူ့မျက်ဝန်းများထဲတွင် ရှက်ရွံမှုနှင့် ဝမ်းမြောက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။

မုန့်ယွင်လော်၏ စိတ်ထဲတွင်တော့ တော်တော်လေး ပြင်းထန်သည့် မနာလိုစိတ်များ လှိုင်းထလာလေသည်။

ထိုနေ့နန်းတွင်း စားသောက်ပွဲ အပြီးတွင် သူမသည် နန်းတော်ထဲသို့ ဂါရဝပြုရန် သွားရောက်ခဲ့ပြီး အဒေါ်ဖြစ်သူ မုန့်ကွေ့ဖေးနှင့် တွေ့ဆုံခဲ့၏။ မုန့်ကွေ့ဖေးက သူမကို အဓိပ္ပာယ်ပါသည့် အရိပ်အမြွက် တချို့ပေးခဲ့သည်။ သူမထင်ခဲ့မိသည်မှာ ... သူမသည် ဒုတိယမင်းသား၏ ကြင်ရာတော် တစ်ယောက် ဖြစ်လာတော့မည်ဟူ၍။

ဒုတိယမင်းသားက မိဖုရားခေါင်က မွေးတဲ့သား။ အဆင့်အတန်း မြင့်မြတ်တဲ့သူ။ ချဲ့ကားပြော နေစရာတောင် မလိုဘူး။ သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ ကျောက်စိမ်းလို ချောမောခန့်ငြားတယ်။ ဒီလောက်ချောမောလှတဲ့ လူငယ်လေး တစ်ယောက်ကို သူမကလည်း လက်ထပ်ဖို့အကြောင်း တိုးတိုးတိတ်တိတ် စဉ်းစားမိမှာပေါ့။ ဒါကလည်း ထုတ်ပြောဖို့ ရှက်စရာ ကောင်းတဲ့ကိစ္စမျိုးလည်း မဟုတ်ပါဘူး။

ထင်မှတ်မထားတာက သူမက စောင့်ပြီးရင်း စောင့်ဆိုင်းလာခဲ့ပေမယ့်လည်း နောက်ထပ် ဘာသတင်းမှ မကြားလာတော့တာပဲ။

ချောင်မိဖုရားခေါင် တကယ်တမ်း ရွေးထားတဲ့ချွေးမက လုမင်ယွိ ဖြစ်နေတာကိုး !

...

All Chapters