← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အပိုင်း (၈၈) အဆုံးသတ်မရတဲ့အခက်အခဲ

"အားဟောက် ဒီနေ့ မူချင်း ဝမ်ဟွားခန်းမဆောင်ကိုသွားပြီး မင်းရဲ့ဖုဟွမ်ကို မင်းအတွက် လက်ထပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ မင်းရဲ့ဖုဟွမ်ကလဲ သဘောတူလိုက်ပြီ"

ကျင့်ရန်နန်းဆောင်၏ စာကြည့်ခန်းထဲတွင် လီဟောက်သည် စာကြည့်စားပွဲရှေ့တွင်ထိုင်ကာ ချောမောသည့်မျက်နှာထက်တွင် ညှိုးငယ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ဝမ်းနည်းမှုများကလဲ နက်ရှိုင်းသည့် ရေကန်ကြီးတစ်ခုလို မည်းမှောင်နေတော့သည်။

စူးကျောင်းရုံသည် ပုံမှ န်ငိုယိုနေကြ သနားစရာကောင်းသည့် အမူအရာကို ဖယ်ရှားလိုက်ပြီး ချောမောလှပကာ နူးညံ့သိမ်မွေ့သည့် မျက်နှာထက်တွင် ဝမ်းမြောက်မှုတို့နှင့် ပြည့်နှက်နေကာ ရယ်မောသံသည်ပင်လျှင် ပုံမှန်ထက် အများကြီးပိုပြီး ပျော်ရွှင်နေတော့သည်။ "မင်းရဲ့ဖုဟွမ်က ပြောတယ်။ မနက်ဖြန်ပဲ မင်း အတွက်လက်ထပ်ခွင့်အမိန့်တော်ကို ချမှတ်ပေးမယ်တဲ့"

"အားဟောက် ဒါက ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခုပဲ။ မူချင်းက မင်းအတွက် အပင်ပန်းခံပြီးတော့ တောင်းဆိုပေးခဲ့တာနော်"

လီဟောက်သည် အသံတစ်ချက်မထွက်သလို မလှုပ်မယှက်ပင်။

စူးကျောင်းရုံသည် မိမိဘာသာမိမိ စကားဆက်ပြောနေတော့၏။ "ရှင်းယန်ဝမ်က ရဲရင့်ပြီး စစ်တိုက်ရာမှာ ကျွမ်းကျင်တယ်။ သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကြီး စစ်သူကြီးတစ်ယောက်ပဲ။ ကွမ်းပင်းနယ်စားကတော့ မင်း ဖုဟွမ်နဲ့အတူ စစ်တပ်ကိုထူထောင်ပြီး တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ပေးခဲ့တဲ့သူ ယုံကြည်မှု၊ ရင်းနှင်းမှုအရဆိုရင် ရှင်းယန်ဝမ်ထက်တောင်မှ သာသေးတယ်"

"မုန့်ယွင်လော်က ကွမ်းပင်းနယ်စားရဲ့ သမီးအရင်းပဲ။ နန်းတော်ထဲကို မကြာခဏ ဝင်ထွက်နေတော့ မင်းလဲတွေ့ ဖူးမှာပါ။ သူက လှပပြီးဆွဲဆောင်မှုရှိတယ်။ လုမင်ယွိထက် နည်းနည်းမှ မနိမ့်ကျဘူး"

"ပြီးတော့ မုန့်ယွင်လော်ရဲ့စရိုက်ကလဲ ဟိုကြမ်းတမ်းခက်ထန်လှတဲ့လုမင်ယွိထက် အများကြီး ပိုကောင်းတယ်။ သူက အကြီးဆုံးမင်းသားထက် အသက်နည်းနည်းပိုငယ်တော့ အသက်အရွယ်အရ မကိုက်ညီဘူးလေ။ မဟုတ်ရင် အစောကြီးကတည်းက မုန့်ကွေ့ဖေးရဲ့ ချွေးမတော် ဖြစ်နေလောက်ပြီ။ ဘယ်မှာ မင်းအလှည့် ရောက်လာပါ့မလဲ"

"ပြောရမယ်ဆိုရင် ဒါက မင်း ကံကောင်းတာပဲလေ။ မုန့်အိမ်တော်ရဲ့ သမီးကို လက်ဆက်ပြီး နောက်တစ်နှစ်ကျရင် ကွမ်းပင်းနယ်စားနဲ့ များများရင်းနှီးအောင် လုပ်ထားပေါ့။ အကြီးဆုံးမင်းသားက ကွမ်းပင်းနယ်စားရဲ့ တူတော်အရင်းပဲ။ မင်းက နောင်တစ်ချိန်ကြရင် ကွမ်းပင်းနယ်စားရဲ့ သားမက်ဖြစ်လာမှာ။ ကွမ်းပင်းနယ်စားကလဲ မိုက်မဲတဲ့သူ မဟုတ်ပါဘူး။ အရေးကြီးတာနဲ့ အရေးမကြီးတာ၊ ကိုယ့်လူနဲ့သူစိမ်းကို ဘယ်လိုလုပ်ပြီး မခွဲခြားပဲနေပါ့မလဲ"

"မင်းက မုန့်အိမ်တော်ကို မင်းဘက်က ထောက်ခံလာအောင် ဆွဲဆောင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ စစ်တပ်ကို ဦးဆောင်ပြီး စစ်ပွဲတွေကို တိုက်ခိုက် အောင်မြင်မှုရယူတဲ့အခါမှာလည်း ကူညီမဲ့သူ ရှိလာမှာပဲ"

စူးကျောင်းရုံသည် ပြောလေလေ ပိုပြီးပျော်ရွှင်လာလေလေ ဖြစ်နေပြီး ပါးစပ်ပင် မစေ့နိုင်အောင် ရယ်မောနေလေသည်။ ဒီလက်ထပ်ပွဲကိုလည်း အလွန်အမင်း သဘောကျနေသည်မှာ ထင်ရှားလှ၏။ "နောင်တစ်ချိန် မင်း သူ့ကို လက်ထပ်ပြီး အိမ်တော်ကို ခေါ်လာတဲ့အခါကျရင် မင်းလဲ မူချင်းရဲ့သဘောထားက မှန်တယ်ဆိုတာကို သိလာလိမ့်မယ်။"

လီဟောက်၏နှုတ်ခမ်းများသည် အလွန်တင်းကျပ်စွာ စေ့ထားပြီး မည်းနက်နေသည့် မျက်လုံးများထဲတွင် ပြင်းထန်သည့်နာကျင်မှုများ ဖြတ်ပြေးသွားလေသည်။

စူးကျောင်းရုံသည် မျက်စိနှင့် တပ်အပ်တွေ့လိုက်ရသည်တွင် သားဖြစ်သူကို သနားမိသလို အနည်းငယ်လည်း ဒေါသထွက်မိပြန်တော့သည်။

အဲဒီ့လုမင်ယွိက ဘာတွေကောင်းနေလို့လဲ။ သူ့ကို ဘာဖြစ်လို့ ဒီလောက်တမ်းတနေရတာလဲ။

ဟမ့်။ သူမရဲ့ဘဝဟောင်းက အမုန်းတရား၊ ဒီဘဝမှာ ဒူးထောက်ခဲ့ရတဲ့ အရှက်တကွဲကိစ္စတွေကို သေချာပေါက် မှတ်ထားတယ်! တနေ့ကျရင် ဒီကိစ္စကို လုမင်ယွိနဲ့ အတိုးရောအရင်းပါ စာရင်းရှင်းရလိမ့်မယ်။

စူးကျောင်းရုံသည် သူမ၏စိတ်ကို တင်းထားလိုက်ပြီး သားဖြစ်သူ၏မျက်ဝန်းထဲက နာကျင်မှုကို မမြင်ချင်ဟန်ဆောင်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "အချိန်လည်း မစောတော့ဘူး။ မင်း အနားယူတော့။ မနက်ဖြန်ကျရင် မင်းရဲ့ဖုဟွမ်က လက်ထပ်ခွင့်အမိန့်တော်ကိုချပြီး မင်းရဲ့တစ်ဘဝစာကိစ္စကို သတ်မှတ်ပြီးသွားရင် မူချင်းလဲ စိတ်အေးရပါပြီ"

စူးကျောင်းရုံက မည်သို့ပင် ပြောနေစေကာမူ လီဟောက်ကတော့ တစ်ခွန်းမှမဆိုဘဲ ငြိမ်သက်နေဆဲ။

စူးကျောင်းရုံသည် စိတ်ထဲတွင် မည်မျှပင် ဒေါသထွက်နေသော်ငြား သည်းခံထားလိုက်၏။ သားဖြစ်သူကို ကောင်းကောင်းမွန်မွန် အနားယူရန် နူးညံ့စွာမှာ ကြားခဲ့ပြီးနောက် ခြေလှမ်းလှမ်းကာ ထွက်သွားလေတော့သည်။

-

စူးကျောင်းရုံ ထွက်ခွာသွားသည်နှင့်ချက်ချင်း စာကြည့်ခန်းသည် လုံးဝကို တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။

လီဟောက်သည် တစ်ယောက်တည်း အချိန်အတော်ကြာအောင် ထိုင်နေပြီးမှ ထရပ်လိုက်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်လေသည်။

လမင်းကြီးသည် ကောင်းကင်းယံတွင် လင်းထိန်လျက်ရှိကာ အေးမြမြ လေပြေလေညင်းလေးက တိုက်ခတ်လို့နေသည်။

နွေဦးရာသီ၏ညလေသည် ပန်းပင်များနှင့် မြက်ပင်များ၏ သင်းပျံ့ပျံ့ရနံ့များနှင့်အတူ ဖြေးညင်းစွာ တိုက်ခတ်လို့လာသည်။

ဤသို့သော သာယာလှပသည့် ညချမ်းတွင် လီဟောက်၏နှလုံးသားကတော့ ရေခဲရေထဲတွင် စိမ်ထားရသကဲ့သို့ အေးစက်ကာ ခါးသီးလို့နေ၏။

သူ့ဦးနှောက်ထဲတွင် မိခင်အရင်းဖြစ်သူ စူးကျောင်းရုံ၏ နူးညံ့သိမ်မွေ့စွာ ငိုကြွေးနေသည့်မျက်နှာ၊ ညီတော်လီချန်၏ တွေဝေကာ အားကိုးတကြီး ဖြစ်နေသည့်မျက်နှာတို့က ဖြတ်ပြေးသွားပြီးနောက် သူရဲကောင်းဆန်ဆန် တက်ကြွနေသည့် မျက်နှာတစ်ခုပေါ်တွင် ရပ်တန့်သွားလေတော့သည်။

လီဟောက်၏မျက်ဝန်းများတွင် မျက်ရည်စများ ဖြတ်ပြေးသွားတော့၏။

သူသည် မည်သို့မှ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ရုတ်ချည်းဆိုသလို လှည့်ထွက်ကာ တံခါးကို တွန်းဖွင့်လိုက်တော့သည်။

တံခါးအပြင်ဘက်တွင် စောင့်နေသည့် ရှောင်နျန်ကုန်းကုန်းသည် လန့်ဖြန့်သွားပြီး အလျင်အမြန် ရှေ့သို့တိုးလာကာ "အရှင်မင်းသား ဘယ်သွားမလို့လဲ"

လီဟောက်သည် ရှေ့သို့မြန်မြန်လျှောက်သွားပြီး နောက်ပင်လှည်မကြည့်ဘဲ စကားတစ်ခွန်းကိုသာ ချန်ရစ်ခဲ့၏။ "လိုက်မလာနဲ့"

ထို့နောက်တွင်တော့ ခြေလှမ်းကျဲကြီးများဖြင့် အဝေးသို့ ထွက်ခွာသွားတော့သည်။

ရှောင်နျန်သည်လဲ နောက်က ထပ်မလိုက်ရဲတော့ဘဲ စိတ်ထဲတွင်ကြိတ်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်သာ ချလိုက်မိတော့သည်။

ဒီရက်ပိုင်းမှာ အရှင်မင်းသားရဲ့စိတ်က တော်တော်လေးကို အခြေအနေဆိုးနေတာပဲ။ အကြောင်းအရင်းကိုတော့ သူလို အနီးကပ်အစေခံတစ်ယောက်က နည်းနည်းပါးပါး သိပါတယ်။ စိတ်ထဲမှာလဲ ကြိတ်ပြီးတော့လည်း နှမြောတသဖြစ်မိပါရဲ့။

စတုတ္ထသခင်မလေးလုက ဘယ်လောက်တောင် ကောင်းတဲ့သခင်မလေးလဲ။ အစတုန်းကတော့ အရှင်မင်းသားနဲ့ ချစ်ခင်စုံမက်ကြပြီး အရှင်မင်းကြီးက လက်ဆက်ခွင့် အမိန့်တော်ချလိုက်တာနဲ့ ကောင်းမွန်တဲ့ ဖူးစာတစ်ခုဖြစ်လာမှာ ထင်မှတ်မထားဘဲနဲ့ ချစ်သူနှစ်ဦးက ဒီအခြေအနေကို ရောက်သွားခဲ့ရတယ်လို့။

ဒီထဲမှာ တစ်ဝက်လောက်ကလဲ စူးကျောင်းရုံရဲ့ "ကျေးဇူး" တွေပဲ။

စူးကျောင်းရုံအကြောင်း စဥ်းစားလိုက်သည်တွင် ရှောင်နျန်သည် မနေနိုင်ဘဲ သက်ပြင်းချမိတော့သည်။

ဒီလို မယ်တော်အရင်းတစ်ယောက်နဲ့ လာတွေ့တာ အရှင်မင်းသားက တကယ်ကံဆိုးတာပဲ။

နန်းတော်၏စည်းကမ်းအရ ည၉နာရီကျော်သည်နှင့် နန်းတော်တံခါးများကိုသော့ခတ်ထားပြီး ပုံမှန်အားဖြင့် ပြန်လည်ဖွင့်လှစ်ခြင်း မရှိတော့ပေ။

နန်းတော်တံခါးများကို စောင့်ကြပ်နေသည့် နန်းစောင့်တပ်သည် ညပိုင်းမောင်းခေါက်သံကို ကြားသည်နှင့် နန်းတွင်းတံခါးများကို တွန်းကာ ပိတ်လိုက်ပြီး။ သော့ခတ်ရန် ပြင်ဆင်နေစဥ်မှာပင် မြင်းခွာသံကို ကြားလိုက်ရ၏။

နန်းစောင့်တပ်ခေါင်းဆောင်သည် လန့်ဖြန့်သွားကာ မြန်မြန်လေး လှည့်ကြည့်လိုက်၏။ တတိယမင်းသားသည် မြင်းတစ်ကောင်ကို စီးရင်းက နန်းတော်တံခါးအနီးသို့ ရောက်ရှိလာပြီး ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်လေသည်။ "တံခါးဖွင့်!"

နန်းစောင့်တံခါးစောင့်သည် အနည်းငယ် ချီတုံချတုံဖြစ်သွားကာ "နန်းတော်တံခါးကို ပိတ်သင့်ပါပြီ။ အရှင်မင်းသား အခုထွက်သွားချင်တယ်ဆိုရင် ကျွန်တော်မျိုး မတားဆီးနိုင်ပါဘူး။ ဒါပေမဲ့ တံခါးပိတ်ပြီးသွားရင်တော့ အရှင်မင်းကြီးရဲ့အမိန့်တော်မရှိဘဲ နန်းတော်တံခါးကို ပြန်ဖွင့်လို့မရပါဘူး.-"

အပြင်ထွက်ဖို့လွယ်သလောက် နန်းတော်ထဲပြန်ဝင်ဖို့ တော့ခက်ခဲတယ်လေ။

လီဟောက်ကလဲ ဘာအမူအရာမှ မပြဘဲ ပြောလိုက်သည်။ "တံခါးဖွင့်!"

ချိတ်ဆွဲထားသည့် လေကာမီးအိမ်လေးသည် တိုက်ခတ်နေသည့်လေထဲတွင် ယိမ်းထိုးလို့နေ၏။ မှောင်တစ်လှည့် လင်းတစ်လှည့် ဖြစ်နေသည့် အလင်းရောင်အောက်တွင် လီဟောက်၏အမူအရာမှာ သုန်မှုန်ကာ အေးစက်နေတော့သည်။

နန်းစောင့်တံခါးစောင့်သည် နောက်ထပ် စကားမဆိုရဲတော့ဘဲ အစောင့်တပ်သားနှစ်ဦးကိုခေါ်ကာ ထူထဲလှသည့် ကြက်သွေးရောင် နန်းတော်တံခါးကြီးကို ဖွင့်ပေးလိုက်၏။

လီဟောက်သည် မြင်းရိုင်းကို စီးနင်းကာ နန်းတော်တံခါးမှ ထွက်ခွာသွားပြီး မကြာမီပင် သူ့အရိပ်သည် ညအမှောင်ထဲ၌ ပျောက်ကွယ်သွားလေတော့သည်။

နန်းစောင့်တပ်ခေါင်းဆောင်က နန်းတော်တံခါးကို ပြန်ပိတ်ခိုင်းလိုက်ပြီး ထူထဲလှသည့် ကြေးသော့ကြီးကို လျင်မြန်စွာ ခတ်လိုက်တော့၏။ အစောင့်တပ်သားတစ်ဦးက လေသံတိုးတိုးလေးဖြင့် ငြီးငြူကာ ပြောလိုက်သည်။ ""ဒီလောက်တောင် ညဥ့်နက်နေပြီ။ တတိယမင်းသားက ဘာဖြစ်လို့ နန်းတော်အပြင်ဘက်ကို ပြေးထွက်သွားရတာလဲ"

နန်းစောင့်တပ်ခေါင်းဆောင်က မျက်စောင်းထိုးကာ လှမ်းကြည့်လိုက်ပြီး "သခင်တွေရဲ့ကိစ္စကို ငါတို့လိုလူတွေက ဘယ်မှာ အတင်းပြောခွင့်ရှိလို့လဲ။ ပါးစပ်မြန်မြန်ပိတ်ထားစမ်း"

-

အလုပ်များပြားလှသည့် တနေ့တာအပြီးတွင် လုအိမ်တော်က လူများအားလုံးကလဲ အိပ်စက်အနားယူနေကြပြီ ဖြစ်၏။

လုမင်ယွိသည် အိပ်ယာပေါ်တွင် လဲလျောင်းနေသော်ငြားလည်း အိပ်ချင်စိတ် နည်းနည်းလေးမှ မရှိချေ။

ညဥ့်နက်သန်းခေါင်းယံ တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် အတိတ်နှင့် အနာဂတ်ကိစ္စများသည် စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာလေတော့သည်။

အရင်ဘဝတုန်းက ဆံထိုးတင်ပွဲအခမ်းအနားကလဲ ဒီနေ့လိုပဲ စည်းကားခဲ့တယ်။ ဒါပေမဲ့ အဲဒီ့အချိန်တုန်းက စူးကျောင်းရုံက လူလွှတ်ပြီးတော့ လက်ဆောင်ပဏ္ဍာတွေ ပို့ပေးခဲ့တာ။ လီဟောက်က နေ့ခင်းဘက်မှာပေါ်မလာပေမဲ့ ညဘက်ရောက်မှ နန်းတော်ထဲကနေ တိတ်ဆတိတ် ခိုးထွက်လာပြီး သူမကို လာတွေ့ခဲ့တာ။

"ရှောင်ယွိ နောက်ဆုံးတော့ မင်း အရွယ်ရောက်တဲ့အထိ ကိုယ် စောင့်နိုင်ခဲ့ပြီ"

တိကျပြတ်သား ထင်ရှားလွန်းတဲ့မျက်ခုံး။ ကြယ်ရောင်လိုမျက်လုံးတွေနဲ့ ချောမောနေတဲ့လူရွယ်လေးရဲ့ မျက်လုံးတွေထဲမှာ ဝမ်းသာခြင်းတွေ ပြည့်နှက်နေပြီး လရောင်အောက်မှာ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ပြောလာခဲ့တာ။

"ကိုယ် ဖုဟွမ်ကို တောင်းဆိုပြီးသွားပြီ။ ဖုဟွမ်က မကြာခင်မှာ အမိန့်တော်ချမှတ်ပြီး ကိုယ်တို့နှစ်ယောက်ကို လက်ဆက်ပေးတော့မှာ"

"ကိုယ်တို့ မကြာခင်လက်ထပ်ပြီးရင် ဇနီးမောင်နှံ ဖြစ်လာတော့မယ်။ နေ့တိုင်း အတူတူရှိပြီး မနက်ရောညပါ အတူတူဖြတ်သန်းကြမယ်"

"ရှောင်ယွိ ကိုယ် တကယ်ဝမ်းသာတာပဲ။ မင်းရော ပျော်ရဲ့လား"

ငယ်ရွယ်သေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမကလဲ အဲဒီ့ယစ်မူးဖွယ်ရာကောင်းတဲ့ အကြည့်တွေအောက်မှာ နစ်မြှုပ်သွားခဲ့ပြီး နူးညံ့မှုတွေ အပြည့်ပြုံးရွှင်ပြီး အင်းလို့ တစ်လုံးတည်းပဲ ပြန်ဖြေခဲ့ဖူးတယ်။

သူက သူမရဲ့လက်ကို ကိုင်ထားပြီး တလေးတနက်နဲ့တောင် ကတိပေးလိုက်သေးတယ်။ "ရှောင်ယွိ ကိုယ် ကောင်းကင်ဘုံကို တိုင်တည်ပြီးတော့ ကျိန်ဆိုတယ်။ အခုချိန်ကစပြီး မင်းတစ်ယောက်တည်းကိုပဲ နှလုံးသားအပြည့်နဲ့ဆက်ဆံပြီး ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ တကယ်လို့ ဒီသစ္စာစကားကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် အသေဆိုးနဲ့သေရပါစေ"

အဟက်!

အသေဆိုးနဲ့သေရပါစေတဲ့လား။ ကောင်းလိုက်တဲ့ အသေဆိုးနဲ့ သေသွားတာ။

လုမင်ယွိသည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်တော့၏။

ရုတ်တရက် တံခါးခေါက်သံတစ်ချက် ထွက်လာပြီး တံခါးခေါက်သံကလဲ တော်တော်လေးကို အလျင်လိုနေသည်။

လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ကာ အိပ်ယာမှထပြီး တံခါးကိုဖွင့်လိုက်၏။ "ချီယွင် အဲလောက် နောက်ကျနေပြီ ဘာကိစ္စလဲ"

ချီယွင်၏အမူအရာမှာ အနည်းငယ်ထူး ဆန်းနေပြီး လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "သခင်မလေး တံခါးစောင့်က ကိုယ်တိုင်လာပြီးတော့ သတင်းပို့ပါတယ်။ တတိယမင်းသား ရောက်လာပြီး သခင်မလေးကို တွေ့ချင်ပါတယ်တဲ့။ သခင်မလေးက မတွေ့ဘူးဆိုရင် အရှင်မင်းသားက လုအိမ်တော်ရဲ့အပြင်ဘက်မှာ ဆက်ပြီးစောင့်ဆိုင်းနေပါမယ်တဲ့။ တံခါးစောင့်ကလဲ လစ်လျူရှုမထားရဲ တခြားသူတွေကိုလဲ အသိမပေးရဲလို့ သတင်းလာပို့တာပါ။ သခင်မလေး တွေ့မှာလား မတွေ့ဘူးလား"

လီဟောက်တကယ်ပဲ ထပ်ရောက်လာပြန်ပြီ။

အမုန်းတရား အသစ်နှင့် အဟောင်းတို့သည် သူမ၏စိတ်ထဲတွင် လှိုင်းထန်လာလေတော့သည်။

လုမင်ယွိက အေးတိအေးစက် ပြုံးလိုက်တော့၏။ "သူက လာရဲမှတော့ ငါက သူ့ကို ဘာဖြစ်လို့ မတွေ့ရဲရမှာလဲ။ အခုပဲသွားပြီးတော့ သူ့ကို အိမ်ထဲကို ခေါ်လာလိုက်။ သူ ဘာလုပ်ချင်လဲဆိုတာကို ငါ ကြည့်ရသေးတာပေါ့!"

...

အပိုင်း (၈၉) ညဖက်တွေ့ဆုံခြင်း

လုမင်ယွိသည် သူမ၏ အဝတ်အစားများကို မြန်မြန်လဲဝတ်လိုက်ပြီး ခြံဝန်းထဲသို့ လျှောက်လာခဲ့လိုက်သည်။

နက်မှောင်လှသည့် ဆံနွယ်များကို ဖြီးတင်ချိန် မရလိုက်သဖြင့် ပုခုံးထက်တွင် ဒီအတိုင်း ဖြန့်ချထားလိုက်သည်။ ရွှန်းလဲ့နေသည့် လရောင်သည် ရှည်လျားနက်မှောင်နေသည့် ဆံနွယ်ပေါ်သို့ ကျရောက်နေပြီး အလင်းရောင် အမျှင်တန်းလေးများ ထွက်ပေါ်နေ၏။ အေးစက်တည်ငြိမ်သည့် မျက်ဝန်းများသည်လဲ နေ့ခင်းထက် များစွာပိုပြီး နူးညံ့နေတော့သည်။

အလျင်စလို ခြေသံက ရုတ်တရက် ရပ်တန့်သွားလေသည်။

လုမင်ယွိက မျက်လုံးများကို ပင့်ကာ ရောက်လာသူကို ကြည့်လိုက်၏။

လီဟောက်သည် ခြံဝန်းတံခါးရှေ့တွင် မလှုပ်မယှက် ရပ်လို့နေသည်။

သူတို့ ၂ ယောက်သည် မီတာအနည်းငယ် အကွာမှ အချိန်အတော်ကြာအောင် အချင်းချင်း စိုက်ကြည့်နေလိုက်ကြသည်။

ချီယွင်ကတော့ တိတ်တိတ်လေး ပြန်ဆုတ်သွားကာ အနီးအနားတွင် ကင်းလှည့်နေကြသည့် အစောင့်များကိုလဲ အတူတကွ ခေါ်ဆောင်သွားလိုက်သည်။ သခင်မလေးရဲ့ သိုင်းပညာစွမ်းရည်နဲ့ဆိုရင် ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး။

အချိန်မည်မျှကြာသွားသည် မသိချေ။ လီဟောက်သည် ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာခဲ့၏။ ၃ မီတာ အကွာတွင် ရပ်လိုက်ပြီး သူ၏ မျက်လုံးများသည် လုမင်ယွိကို တည့်တည့်မတ်မတ် စိုက်ကြည့်ကာ အသံကလဲ အနည်းငယ် ညှိုးငယ်ပြီး တိမ်ဝင်လို့ နေသည်။ “ရှောင်ယွိ မင်း ငါ့ကို တွေ့ချင်သေးတယ်နော်။ ကြည့်ရတာ မင်းစိတ်ထဲမှာ ငါ အမြဲတမ်း ရှိနေတဲ့ ပုံပဲ”

“မင်း ဘာဖြစ်လို့ ငါ့ကို လက်မထပ်ချင်ရတာလဲဆိုတာ တကယ် နားမလည်ဘူး”

“တခြားလူတွေရဲ့ မျက်လုံးထဲမှာတော့ အာ့ကောရဲ့ မျိုးရိုးက ငါ့ထက်သာတယ်။ မင်းက အာ့ကောကို ရွေးချယ်ထားတာက ပုံမှန်ပဲလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ သိတယ်။ မင်းက အဲလိုမျိုး အဆင့်အတန်းမြင့်မြတ်တာတွေ စည်းစိမ်ဥစ္စာတွေကို မက်မောတဲ့သူ လုံးဝ မဟုတ်ဘူး။ တစ်ခုခု အကြောင်းတော့ ရှိရမယ်။ မင်း ငါ့အပေါ် မုန်းတီးစိတ် ဝင်သွားပြီး ငါ့ကို ထပ်မတွေ့ချင်တော့တဲ့ အကြောင်းအရင်းပေါ့”

“ရှောင်ယွိ ငါ ဘယ်နေရာမှာ မှားသွားလဲ။ ပြောပြပါ။ ပြောင်းလဲနိုင်ပါတယ်။ ငါ့ကို စိတ်မကောက်ပါနဲ့တော့နော်။ ဟုတ်ပြီလား”

ချောမောပြီး အမြတ်တနိုးဖြစ်နေသည့် လူငယ်လေးသည် နှလုံးသားထဲတွင် ရင်ကွဲကာ ဝမ်းနည်းနေသည့် အကြည့်များဖြင့် ခပ်တိုးတိုး တောင်းပန်တိုးလျှိုးလို့နေသည်။

သံမဏိနှလုံးသားပင် ဖြစ်နေကာမူ ဤအခိုက်အတန့်တွင်တော့ စိတ်ထဲတွင် မလှုပ်ရှားဘဲ မနေနိုင်ပေ။

လုမင်ယွိ၏ ပါးစပ်က ထွက်လာသည့် စကားတစ်ခွန်းသည် လီဟောက်၏ ချိုမြိန်နေသည့် ချစ်ခြင်းကို ကွဲအက်သွားစေတော့သည်။ “လီဟောက် ရှင် စူးကျောင်းရုံကို မေးပြီးပြီလား”

လီဟောက်၏ အမူအရာမှာ တောင့်တင်းသွားတော့၏။

လုမင်ယွိ၏ မျက်ဝန်းများက လှောင်ပြောင်သရော်မှုများ ဖြတ်ပြေးသွားကာ သူမ၏ အသံသည်လဲ ရေခဲတမျှ အေးစက်လို့ နေသည်။ “ရှင် သူ့ကို မေးခဲ့ပြီးပြီ။ ရှင့်အမေကလဲ ရှင့်ကို ဒီလိုပြောလာခဲ့လိမ့်မယ်။ သူ နန်းတော်ထဲက တစ်ခါမှ မထွက်ခဲ့တော့ ကျွန်မနဲ့ တစ်ခါမှ တွေ့ဖူးမှာ မဟုတ်ဘူး။ သူက ဘယ်လိုလုပ်ပြီးတော့ ကျွန်မနဲ့ ရန်ငြိုးရှိမှာလဲ လို့လေ”

“ကျွန်မက သူ့ကို ကချေသည်တစ်ယောက်မလို့ အထင်သေးပြီး သူ့ကို ရှုံ့ချလိမ့်မယ်လို့ ပြောလာလိမ့်မယ်။ အဆင့်နိမ့်တဲ့ မိခင်ရင်းတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ပါးဖြစ်တဲ့ ရှင့်ကိုလဲ ကျွန်မက အထင်သေး နှိမ့်ချလိမ့်မယ်။ သူက ထပ်ပြီး ပြောလိမ့်ဦးမယ်။ ကျွန်မက အယောင်ဆောင်တွေကို မက်မောတယ်။ မိဖုရားခေါင်က မွေးတဲ့ ဒုတိယမင်းသားကို လက်ထပ်ချင်တယ်။ ဒါပေမဲ့ နာမည်ဆိုး မခံချင်တော့ အပြစ်တွေအားလုံးကို သူ့အပေါ် ပုံချလိုက်တယ်လို့လေ”

“ရှင့်ရဲ့ အမေက နူးညံ့ပြီး သနားစရာကောင်းတယ်။ မနားတမ်း ငိုကြွေးနေတယ်။ ရှင့်လို မိဘကို လိမ္မာသိတတ်တဲ့ သားတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ထပ်ပြီး အတင်းအကြပ် မေးမြန်းနိုင်တော့မှာလဲ။ ယုံတာ မယုံတာ ဘာပဲဖြစ်ဖြစ် ရှင် ဒီစကားကို လက်ခံရမှာပဲလေ”

“ကျွန်မ ပြောတဲ့ စကား မှန်တယ် မဟုတ်လား!”

လီဟောက် “...”

ထိုထက်ရှလှပြီး သရော်လှောင်ပြောင်နေသည့် မျက်ဝန်းများ အောက်တွင် လီဟောက်သည် သူ၏ ခန္ဓာကိုယ်ထဲက သွေးမှာ ပွက်ပွက်ဆူလာသည်ဟု ခံစားလိုက်ရကာ သူ၏ နားအနောက်ဖက်တွင်လဲ ပူလောင်သွားသည့် ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။ သူသည် ရှက်ရွံ့သွားသည်လား၊ ဒေါသထွက်သွားသည်လားပင် မဝေခွဲနိုင်တော့ချေ။

သူမက တကယ်ပဲ မှန်အောင် ခန့်မှန်းနိုင်ခဲ့တာပဲ!

“တကယ်တမ်းကျတော့ အမှန်တရားက ဘာပဲ ဖြစ်နေဖြစ်နေ အရေးမကြီးပါဘူး” လုမင်ယွိ၏ ‌အေးစက်နေသည့် အသံသည် သူ့နားထဲသို့ တစ်ဖန် ဝင်ရောက်လာ၏။ “အရေးကြီးတာက ရှင်နဲ့ ကျွန်မတို့တွေ အကြင်လင်မယား ဖြစ်လာဖို့ ဖြစ်နိုင်ခြေ လုံးဝ မရှိဘူး”

“ရှင်က လက်လျှော့ဖို့ ဆန္ဒမရှိဘဲ တော်ဝင်အမိန့်တော် မအပ်နှင်းခင်မှာ ကျွန်မနဲ့ ထပ်ပြီးတော့ တွေ့ချင်တယ်။ ဒီနေ့ည ကျွန်မ ရှင့်ကို လာတွေ့ပြီး ရှင်နဲ့လဲ အပြီးတိုင် ပြတ်စဲလိုက်ပြီ”

“ရှင်နဲ့ ကျွန်မတို့ရဲ့ အတိတ်က ကိစ္စတွေကိုလဲ ဖြတ်တောက်ပစ်လိုက်ပြီး ဘာမှ ရှုပ်ထွေးနေစရာတွေ မရှိတော့ဘူး။ သိပ်မကြာခင် ကျွန်မလဲ ရှင့်ရဲ့ အာ့စောင်ဖြစ်လာတော့မှာ”

“ရှင်ကလဲ အရှက်ခွဲခံရမှာကို မကြောက်ဘူး။ ကျွန်မကတော့ လူတွေ ရယ်ခံရမှာကို မကြောက်ဘူး။ ဒါပေမဲ့ ရှင်က ရှင့်ရဲ့ အာ့ကော မျက်နှာကိုတော့ ထည့်ပြီး စဉ်းစားပေးရအုံးမယ်။ ရှင် ကျွန်မကို လေးစားရမယ်။ ကျွန်မနဲ့ ခပ်ကင်းကင်း နေရမယ်။ လူတွေ ရယ်မောစရာ မဖြစ်ရလေအောင် ဆက်ပြီးတော့ တွယ်ကပ် မနေနဲ့တော့”

လီဟောက်၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ်အခါခါ တုန်ယင်သွားပြီး သူ၏ ချောမောလှသည့် မျက်နှာကလဲ ဖြူဆုတ်သွားကာ သူ့နှုတ်ခမ်းများပင် အရောင်အသွေး မဲ့သွားလေတော့သည်။

လီဟောက်ကို ဤပုံစံတွေ့လိုက်ရသည်တွင် လုမင်ယွိသည် နည်းနည်းလေးမှ နောင်တရစိတ် မဖြစ်သည့်အပြင် ပျော်ရွှင်မှု အပြည့် ကျေနပ်သွားလေတော့သည်။ “လီဟောက် ကျွန်မ အခုအချိန်မှာ စိတ်လေး နည်းနည်းရှည်နေတုန်း ရှင် ပြောစရာ ရှိတယ်ဆိုရင် ပြောပါ! ဒီနေ့ည ပြီးသွားရင်တော့ ရှင်နဲ့ ကျွန်မတို့တွေက သူစိမ်းတွေလိုပဲ။ ကျွန်မတို့တွေ ထပ်ပြီး ဆက်ဆံစရာ မလိုတော့ဘူး”

လီဟောက်သည် သူ့မျက်လုံးများကို မှိတ်လိုက်ကာ သူ့ရင်ဘတ်သည်လဲ အကြိမ်အနည်းငယ် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီးနောက်တွင် သူသည် ပါးစပ်ကို ဖွင့်ဟကာ ပြောလေသည်။ “လုမင်ယွိ ဒီလျှို့ဝှက်ချက်ကို တစ်ရက် မဖြေရှင်းနိုင်သ၍ ငါ တစ်ရက်မှ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ ငါ့ကို ပြောပြပါ။ နောက်ဆုံးတော့ ဘာဖြစ်လို့လဲ”

လုမင်ယွိက သူမ၏ နှုတ်ခမ်းကို တွန့်ချိုးလိုက်သော်ငြားလည်း သူမ၏ မျက်ဝန်းနက်နက်ထဲတွင်တော့ အပြုံးရိပ်လေး လုံးဝ မရှိနေချေ။ “ရှင် စိတ်အေးနိုင်တာ၊ စိတ် မအေးနိုင်တာ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး။ ရှင့်ရဲ့ အမေက ဒီကိစ္စကို ဖုံးကွယ်ပြီးတော့ ထုတ်မပြောရဲတာ။ ကျွန်မက ဘာဖြစ်လို့ ရှင့်ကို ပြောပြရမှာလဲ”

လီဟောက် “...”

လီဟောက်သည် သူ့လက်သီးကို တင်းနေအောင် ဆုပ်ထားပြီး သူ့မျက်လုံးများကလဲ ကြောက်မက်ဖွယ်ရာ ကောင်းအောင် နီရဲသွားကာ သူ၏ ချောမောလှပသည့် မျက်နှာမှာ မသိမသာ ရှုံ့မဲ့သွားလေတော့သည်။ လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် သားရိုင်းတစ်ကောင်လို အသည်းအသန် ရုန်းကန်နေသော်ငြား မလွတ်မြောက်နိုင်သေး သယောင်ပင်။

လုမင်ယွိကတော့ လုံးဝ မကြောက်ဘဲ မျက်ခုံးများကိုပင့်ကာ သရော်ပြီး ပြောလိုက်လေသည်။ “ဘာလဲ ရှင် အရမ်း ဒေါသထွက်လွန်းလို့ ကျွန်မနဲ့ တိုက်ခိုက်ချင်နေပြီလား!”

လီဟောက်၏ မျက်လုံးများမှာ နီရဲသွားပြီး စကားတစ်ခွန်းကို ဖျစ်ညှစ်ကာ ထုတ်လိုက်တော့၏။ “မင်းဟာ ဘယ်လိုလုပ်ပြီးတော့ အဲလောက်တောင် ရက်စက်နိုင်ရတာလဲ!”

ထိုတိုတောင်းလှသည့် စကားတစ်ခွန်းသည် လုမင်ယွိ၏ စိတ်နှလုံးထဲတွင် မြှုပ်နှံထားသည့် ဒေါသကို ရုတ်တရက် ထိုးဆွပေးလိုက်လေသည်။

ဒါက ဘာရက်စက်တာတဲ့လဲ။

ဟိုတုန်းက သူကပဲ သစ္စာဖောက်ခဲ့ပြီး သူလုပ်သမျှ အရာအားလုံးကိုမှ တကယ်ရက်စက်တယ်လို့ ခေါ်တာ!

လုမင်ယွိ၏ မျက်လုံးများထဲတွင် မီးတောက်များ ပေါက်ဖွားလာပြီး သူမသည် မြန်မြန်ဆန်ဆန်ဆိုသလို လှုပ်ရှားလိုက်တော့၏။

မူလကတဲက လုမင်ယွိထက် သိုင်းပညာနိမ့်ပါးသည့် လီဟောက်သည် စိတ်အာရုံလွင့်ပြယ်နေပြီး အကာအကွယ်မဲ့ ဖြစ်နေသည်တွင် နှာခေါင်းကို လက်သီးဖြင့် တစ်ချက်ထိုးခံလိုက်ရလေတော့သည်။ နှာခေါင်းသွေးစီးကြောင်း ၂ ခုသည် ချက်ခြင်းဆိုသလို စီးကျလာပြီး မျက်ရည်များကလဲ သူ့မျက်လုံးများထဲမှ ထိန်းမရအောင် စီးကျလာတော့၏။ နာကျင်မှုသည် သီးမခံနိုင်လောက်အောင် ဖြစ်ရပြီး အလွန် သနားစဖွယ် ဖြစ်သွားတော့သည်။

လီဟောက်က သူ့လက်ဖြင့် နှာခေါင်းကို မအုပ်ရသေးခင်မှာပင် လုမင်ယွိက ပျံဝဲလာကာ ခြေတစ်ဖက်ဖြင့် သူ၏ ဘယ်ဖက် ခြေထောက်ကို ကန်ပစ်လိုက်တော့၏။

လီဟောက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး မြေကြီးပေါ်သို့ လဲကျတော့မလို ဖြစ်သွားတော့၏။

“ထွက်သွား!”

လုမင်ယွိသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင်လဲ ဒေါသမီးများ တောက်လောင်လို့နေသည်။ “ဒီနေရာကနေ ချက်ချင်းထွက်သွား! ရှင် နောက်ဆိုရင် လုအိမ်တော်ကို လုံးဝ လာခွင့်မရှိဘူး!”

သွေးများက နှာခေါင်းမှ တစ်စက်စက် စီးကျနေပြီး မေးစေ့မှနေ၍ အောက်သို့ စီးကျသွားကာ သိပ်မကြာခင် သူ၏ အဝတ်အစားများကလဲ အနီ‌ရောင်များ စွန်းထင်းသွားတော့၏။

လီဟောက်သည် သူ့နှာခေါင်းရိုးကို အုပ်ထားလိုက်ပြီး နာကျင်လွန်းရသဖြင့် စကားပင် မပြောနိုင်တော့ချေ။ “မင်း...”

“ရှင် မသွားသေးဘူးလား” လုမင်ယွိသည် နှုတ်ခမ်းကိုမဲ့သွားကာ အနားသို့ ချဉ်းကပ်လာပြီး သူမ၏ ညာဖက်လက်သီးကိုလဲ တင်းနေအောင် ဆုပ်ထားလေသည်။ “ရှင် မသွားရင် ဒီနေ့ည ပြန်ရဖို့ မစဉ်းစားနဲ့တော့”

ပန်းပင်များ၏ ရှေ့၊ လရောင်အောက်တွင် လူငယ်စုံတွဲတစ်တွဲသည် အချင်းချင်း ကြည့်နေကြလေသည်။ မိန်းကလေးက သူမ၏ ပါးစပ်ကို ဖွင့်ဟကာ ပြောလိုက်၏။ “ဒီနေ့ည ပြန်ဖို့ မစဉ်းစားနဲ့တော့” မည်မျှ လှပသည့် မြင်ကွင်းဖြစ်ပါသနည်း။

လုမင်ယွိ ပြောလိုက်သည့် စကားကတော့ ထိုအဓိပ္ပာယ်မဟုတ်သည်မှာ ထင်ရှားလေသည်။

လီဟောက်သည် နှဖူးပေါ်တွင် သွေးကြောစိမ်းများ ထောင်တက်လာတော့၏။ သူက လုမင်ယွိကို တင်းမာစွာ တစ်ချက်ကြည့်လိုက်ပြီး သူ့နှာခေါင်းကို အုပ်ကာ လှည့်ထွက်သွားလေတော့သည်။ လုမင်ယွိ၏ ခုနက လက်သီးချက်သည် အလွန် ပြင်းထန်ပြီး သူ့နှာခေါင်းရိုး ကျိုးသွားသလားပင် မသိတော့ချေ။ နာကျင်မှုကတော့ မချိမဆံ့လောက်အောင်ပင်။

ဒီတစ်ကြိမ်တွင်‌တော့ သူသည် နောက်ပြန်လှည့်မကြည့်တော့ချေ။

ဒီနေ့ည လုမင်ယွိ၏ ရက်စက်မှုသည် နောက်ဆုံးတော့ သူ၏ စိတ်ထဲက ချိုမြိန်မှုများ အားလုံးကို ဖြတ်တောက်ပစ်လိုက်ပြီး အနာတရများအပြည့်နှင့် ဝမ်းနည်းကြေကွဲမှုသာ ကျန်ရစ်ခဲ့တော့သည်။

-

လီဟောက်၏ ပုံရိပ်သည် မြန်မြန်ဆန်ဆန် အဝေးသို့ ရောက်သွားပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားတော့၏။

လုမင်ယွိ၏ ရင်ထဲက ဒေါသများကတော့ ပျောက်ကွယ်မသွားနိုင်သေးချေ။

သူမ၏ အရင်ဘဝက ခံစားခဲ့ရသည့် သစ္စာဖောက်မှုနှင့် နာကျင်မှုများက ရင်ထဲတွင် တမြိုက်မြိုက် လောင်ကျွမ်းလို့နေသည်။ သူမသည် နောက်က အမီပြေးလိုက်သွားကာ လီဟောက်ကို ဓားတစ်ချက်ဖြင့် ထိုးသတ်ချင်စိတ်ပင် ဖြစ်နေတော့၏။ ကံအားလျော်စွာ ဤစိတ်ကူးသည် တစ်ချက်သာ ဖြတ်ပြေးသွားပြီးနောက် မြန်မြန်ဆန်ဆန်ပင် ဖိနှိပ်ထားနိုင်ခဲ့သည်။

ရန်ငြိုးကို သွေးနဲ့ပဲ ရှင်းရမယ်။ ဒါပေမဲ့ အခုတော့ အချိန်မကျသေးဘူး။

လုမင်ယွိသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်လေတော့၏။

ချီယွင်၏ ရင်းနှီးနေသည့် ခြေလှမ်းသံများ ထွက်ပေါ်လာသည်။ “သခင်မလေး တတိယမင်းသားကို တိုက်ခိုက်ခဲ့တာလား”

လုမင်ယွိက လှည့်မကြည့်ဘဲ အင်း ဟုသာ တိုးတိုး ပြန်ဖြေလိုက်၏။

ချီယွင်မှာ သက်ပြင်းချသွားဟန်တူကာ မြန်မြန် ပြောလိုက်၏။ “ရိုက်ပြီးသွားရင်လဲ ပြီးတာပါပဲ။ သခင်မလေး မနစ်နာရင် ဟုတ်ပါပြီ” ထို့နောက်တွင်တော့ သူမက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ဒီည ကိစ္စကို ကျွန်တော်မျိုးမက အောက်က လူတွေကို မှာကြားထားလိုက်ပါ့မယ်။ ဘယ်သူမှ လျှောက်ပြောလို့ မရအောင်ပါ”

အတွင်းရေးကိစ္စက မည်သို့ပင် ဖြစ်နေပါစေ လုမင်ယွိနှင့် လီဟောက်တို့ ယနေ့ည တွေ့ဆုံခဲ့သည့် ကိစ္စကတော့ အမှန်တရား ဖြစ်လေသည်။ ထိုစကားပျံ့နှံ့သွားသည်နှင့် လုမင်ယွိ၏ ကောင်းမွန်လှသည့် နာမည်ဂုဏ်သတင်းကလဲ ပျက်စီးသွားမည့် အပြင် ဒုတိယမင်းသားကလဲ နားလည်မှု လွဲသွားနိုင်သည်။

လုမင်ယွိက အင်း ဟု တစ်ဖန် တိုးတိုးလေး ပြောလိုက်၏။

ချီယွင်သည် စိုးရိမ်သွားပြီး လေသံတိုးတိုးဖြင့် နှစ်သိမ့်လာသည်။ “အခုလဲ နောက်ကျနေပါပြီ။ သခင်မလေးလဲ ပင်ပန်းနေရောပေါ့။ အခန်းထဲပြန်ပြီးတော့ နားသင့်ပါပြီ!”

လုမင်ယွိသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး ကိုယ်ကို လှည့်ကာ အခန်းသို့ ပြန်မည် ပြင်လိုက်စဉ်တွင် နောက်ထပ် ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။ “ရှောင်ယွိ”

လုမင်ယွိသည် ရှုပ်ထွေးနေသည့် မျက်လုံးများဖြင့် ရောက်လာသူကို လှမ်းကြည့်လိုက်၏။ “အဖေ ဒီလောက် ညဉ့်နက်နေပြီ မအိပ်သေးဘူးလား”

...

အပိုင်း (၉၀) မင်္ဂလာပွဲချီးမြှင့်ခြင်း.-၁

ခြေလှမ်းကျဲကြီးများနှင့် မြန်မြန်ဆန်ဆန် ရောက်လာသူမှာ လုလင်းကလွဲလျှင် တခြားမည်သူ ရှိပါအုံးမည်နည်း။

လုလင်းသည် စစ်ဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထား၏။ သူသည် သတင်းကို အစောကြီးကတည်းက ရရှိထားဟန်တူသော်ငြားလည်း အမှောင်ထဲတွင် ပုန်းကွယ်နေခြင်းသာ ဖြစ်ဟန်တူသည်။ လီဟောက် ထွက်ခွာသွားပြီးမှသာ လုလင်းက ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လုလင်းသည် အရင်ဆုံး သမီးဖြစ်သူကို အသေးစိတ် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သမီးဖြစ်သူက ဒေါသထွက်နေသည်ကလွဲလျှင် တခြား မည်သည့်ထူးခြားမှုမှ မရှိသည်ကို သေသေချာချာလေး အတည်ပြုပြီးသွားမှ သက်ပြင်းချလိုက်တော့သည်။ "တတိယမင်းသားက ညသန်းခေါင်ကြီး လုအိမ်တော်ကိုလာတော့ တံခါးစောင့်ကလဲ အဖေ့ဆီကို အစောကြီးကတည်းက လူလွှတ်ပြီး သတင်းပို့ထားတယ်။ အဖေလဲ စဥ်းစားလိုက်တယ်လေ သမီးတို့နှစ်ယောက် ပြောစရာတွေ ရှိနေမှာပဲဆိုပြီး ဒီလိုနဲ့အမှောင်ထဲမှာပဲ အရင်ဆုံး စောင့်နေလိုက်တာ"

ချစ်ရသူက တခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်။ အချစ်ကြီးပြီး ဝမ်းနည်းနေတဲ့ကောင်လေးက ကောင်မလေးအိမ်ကို တိတ်တဆိတ် ခိုးဝင်ပြီး မျက်ရည်တွေနဲ့ ကောင်မလေးကို ခိုးပြေးဖို့တောင်းဆိုတယ်။ ဒါပေမဲ့ ကောင်မလေးကတော့ စိတ်ပြောင်းသွားပြီး နှလုံးသားက သံမဏိလို အေးစက်နေပြီး ကောင်ကလေးကလဲ အသည်းတွေကြေကွဲပြီး စိတ်ဓာတ်ကျကျနဲ့ပဲ ထွက်ခွာသွားခဲ့ရတယ်။ ချစ်ရတဲ့ကောင်မလေးကို ဆုံးရှုံးလိုက်ရတော့ ကောင်လေးရဲ့ နှလုံးသားတံခါးကလဲ လုံးဝကိုပိတ်သွားပြီး ဒီဘဝမှာ ဘယ်မိန်းကလေးကိုမှ ထပ်ချစ်တော့မှာ မဟုတ်လောက်ဘူး...

"အဖေ အဖေ ဘာတွေလျှောက် တွေးနေပြန်ပြီလဲ" လုမင်ယွိသည် ငိုရခက်ရယ်ရခက် ဖြစ်သွားပြီး အဖေဖြစ်သူကို မျက်စောင်းတစ်ချက် လှမ်းကြည့်လိုက်၏။

လုလင်းသည် အဆုံးမရှိသည့် အတွေးများထဲမှ ပြန်လည်သတိဝင်လာကာ လည်ချောင်းရှင်းပြီး မိမိကိုယ်တိုင် ချဲ့ကားလွန်းလှသည့် ဇာတ်လမ်းလေးတစ်ပုဒ်ကို စိတ်ကူးယဥ်နေခဲ့သည့်အကြောင်း အတင်းအကျပ် ငြင်းဆန်နေတော့သည်။ "မလုပ်ပါဘူး။ ဘာမှလျှောက်မတွေးဘူး"

အမှန်တွင်တော့ အဖြစ်မှန်သည် လုလင်းစဥ်းစားသည်ထက်ပင် ပိုပြီးတရားလွန်ကာ ထူးဆန်းလှပေသည်။

လုမင်ယွိကတော့ စိတ်ထဲတွင် တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်ကာ အားတင်းရင်း ပြောလိုက်တော့၏။ "ဒီနေ့ည ဖြစ်ခဲ့တဲ့ကိစ္စတွေကို သူများတွေကို လျှောက်မပြောနဲ့နော်"

"ဒါပေါ့" လုလင်းကလဲ တွေဝေမနေဘဲ ချက်ချင်းပြန်ဖြေလာသည်။ "သမီးက ဒုတိယသားနဲ့ လက်ထပ်တော့မှာကို တတိယမင်းသားနဲ့ ထပ်ပြီး ရှုပ်ရှုပ်ထွေးထွေး လုပ်နေတယ်လို့ ပျံ့နှံ့သွားတယ်ဆိုရင် တကယ်ပဲ ကြားလို့မကောင်းဘူး"

လုမင်ယွိ "..."

လုမင်ယွိ၏မျက်လုံးများထဲတွင် မီးပွင့်များ တဖျတ်ဖျတ် လက်လာတော့သည်။

လုလင်းကတော့ စိတ်ပျက်ပျက်ဖြင့် သူ့နဖူးကို ပြန်ရိုက်လိုက်ကာ "ဒါတွေအားလုံး ဒီပါးစပ်ကြောင့်ပဲ။ စိတ်ထဲရှိသမျှ အားလုံးထုတ်ပြောနေတယ်"

လုမင်ယွိသည် မည်မျှပင် စိတ်မကြည်မလင်ဖြစ်နေပါစေ အဖေဖြစ်သူ၏ ဟာသဉာဏ်ရွှင်ရွှင် ချဲ့ကားပြောနေသည့်စကားကြောင့် မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။ သူမ၏ရင်ထဲက သုန်မှုန်နေသည့်ခံစားချက်အများစုသည်လည်း သူ့အပြုံးနှင့်အတူ ပျောက်ကွယ်သွားတော့၏။

ရယ်မောနိုင်ရင် ပြီးတာပါပဲ။

ထိုအခါမှ လုလင်းသည် အမှန်တကယ် စိတ်အေးသွားကာ ပျော့ပျော့ပျောင်းပျောင်းဖြင့် သတိပေးလေတော့သည်။ "အရမ်းနောက်ကျနေပြီ။ ပြန်သွားပြီး နားလိုက်ပါအုံး! ကောင်းကောင်းလေးအိပ်လိုက်။ သမီးကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာ မပျော်မရွှင်ဖြစ်စေတဲ့ကိစ္စတွေအားလုံးလည်း ပြီးသွားလိမ့်မယ်"

လုမင်ယွိက ခေါင်းညိမ့်ပြလိုက်ကာ "အဖေ အဖေလဲ စောစောအိပ်သင့်ပါပြီ"

လုလင်း ထွက်သွားပြီးနောက်တွင် လုမင်ယွိသည် ထိုနေရာတွင် ခဏလောက် ရပ်နေလိုက်ပြီးနောက် အိပ်ဆောင်သို့ ပြန်လှည့်ဝင်ကာ အဝတ်အစားလဲပြီး အိပ်စက်လိုက်တော့သည်။

သူမသည် အိမ်မက်များ ဆက်တိုက်မက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း ထင်မထားဘဲ ခေါင်းချလိုက်သည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

တညလုံး ဘာအိမ်မက်မှမမက်ဘဲ အလွန်ချိုမြိန်စွာအိပ်စက်နိုင်ခဲ့၏။

...

၃ရက်ကြာပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် ဒုတိယမင်းသား၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့အတွက် မင်္ဂလာပွဲအမိန့်တော်ကို ထုတ်ပြန်ခဲ့လေသည်။

မင်္ဂလာပွဲအပ်နှင်းပေးသည့် တော်ဝင်အမိန့်တော်ကို ကွမ်းပင်းနယ်စားအိမ်တော်၊ ဖူယန်မြို့စားအိမ်တော်သို့ အသီးသီးပို့ဆောင်ပေးလိုက်၏။

ဒီရလာဒ်ကလဲ တော်တော်လေးတော့ အံ့သြစရာကောင်းသည်။ သေသေချာချာလေး စဥ်းစားကြည့်မည်ဆိုလျှင် ကျိုးကြောင်းဆီလျော်မှုက ရှိနေပြန်သည်။

ရှင်းယန်ဝမ်၊ ကွမ်းပင်းနယ်စားနှင့် ဖူယန်မြို့စားတို့သည် အင်အားကြီးမားသော စစ်တပ်များပိုင်ဆိုင်ထားသည့် စစ်သူကြီးများ ဖြစ်ကြသည်။ တစ်ဦးမှာ ယခင်မင်းဆက်မှ စစ်သူကြီးတစ်ဦးဖြစ်ပြီး လမ်းခုလတ်တွင် သာ့ဝေတိုင်းပြည်သို့သစ္စာခံကာ မရေမတွက်နိုင်သည့်စစ်ပွဲများကို အောင်နိုင်ထားခဲ့သူဖြစ်၏။ တစ်ဦးကတော့ စစ်တပ်ထူထောင်သည့်နေမှစပြီး ဧကရာဇ်နောက်သို့ လိုက်ပါလာကာ နန်းတက်ရာတွင် ကူညီပေးခဲ့သူဖြစ်သည်။ နောက်ဆုံးတစ်ဦးကတော့ စစ်သူကြီးလဲဖြစ်၊ မယ်တော်ကြီး၏တူတော်လဲဖြစ်သည့်အပြင် ဧကရာဇ်၏ဝမ်းကွဲညီတော်လဲ ဖြစ်လေသည်။

ယုံးကျားဧကရာဇ်သည် လုအိမ်တော်၊ မုန့်အိမ်တော်နှင့် ကျောက်အိမ်တော်တို့က သမီးများကို ချွေးမတော်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာလည်း ကျိုးကြောင်းဆီလျော်လှပေသည်။

ဟုတ်ပါသည်။ ဒါကတော့ စစ်သူကြီးများ၏အတွေးပင်။

အရပ်ဘက်အရာရှိများက ဒီအကြောင်းကိုကြား လိုက်ရချိန်တွင်တော့ သူတို့သည် မတူညီသည့်သဘောထားတစ်ခုဖြင့် တွေးမြင်ကြ၏။

အကြီးဆုံးမင်းသားကြင်ရာတော်သည် တော်ဝင်နန်းစောင့်တပ် စစ်သူကြီးလျန်၏ ချစ်လှစွာသောသမီးဖြစ်ပြီး ဒုတိယမင်းသားကြင်ရာတော်၊ တတိယမင်းသားကြင်ရာတော်နှင့် စတုတ္ထမင်းသားကြင်ရာတော်တို့သည်လည်း ဂုဏ်သရေရှိစစ်သူကြီးအိမ်များမှ ဆင်းသက်လာကြသူများဖြစ်ကြသည်။

ဧကရာဇ်သည် ဤကဲ့သို့ စစ်သူကြီးများကို အလေးထားပြီး အရပ်ဘက်မှူးမတ်များကို အထင်သေးခြင်းက အရပ်ဘက်အရာရှိများအတွက် အမှန်ပင် ထုတ်ပြောလို့မရနိုင်သည့် မကျေနပ်မှုနှင့် အရှက်ရမှုပင်။

ပထမဦးဆုံး ထိခိုက်နစ်နာသူမှာ ချောင်ကောလောင်ပင်။

တခြားသူများက နန်းတော်နှင့် တော်ဝင်မိသားစုနှင့် မတော်စပ်နိုင်လျှင်လည်းထားပါတော့။ ချောင်ကောလောင်၏ ချစ်ရသည့်သမီးမှာ အလယ်နန်းဆောင်၏ မိဖရားခေါင်ဖြစ်ပြီး ဒုတိယမင်းသားသည်လဲ ချောင်ကောလောင်၏ မြေးအရင်းဖြစ်လေသည်။ သူသည်လဲ ထုံးတမ်းအစဥ်အလာအရ အနာဂတ်အိမ်ရှေ့စံ ဖြစ်လာပေမည်။

အနာဂတ်၏ အိမ်ရှေ့စံမင်းသမီးရာထူးကို လုမျိုးနွယ်၏လက်ထဲသို့ မည်သို့များ ရောက်ရှိသွားရပါသနည်း။

ချောင်ဝမ်သည် မိဖရားခေါင်ကြီး၏နှစ်သက်မှုကို ရရှိထားသည် မဟုတ်ပါလား။

ဒုတိယမင်းသားကြင်ရာတော်မှာ အဘယ်ကြောင့် ချောင်ဝမ် မဟုတ်ခဲ့ပါသနည်း။

ချောင်ကောလောင်သည် အလွန်အကင်းပါးသူဖြစ်ပြီး အရပ်ဘက်မှူးမတ်များ၏ အဓိပ္ပါယ်ပါပါ အကြည့်များဖြင့် အကြိမ်ကြိမ်အခါခါ ကြည့်ရှုခြင်းခံနေရသော်ငြားလည်း မျက်နှာအမူအရာကတော့ ပုံမှန်အတိုင်းရှိနေဆဲပင်။ စိတ်ထဲတွင် မည်သို့ပင်စဥ်းစားနေသည်ဖြစ်စေ မည်သူကမှ သိနိုင်မည် မဟုတ်ပေ။

...

ဖူယန်မြို့စားအိမ်တော် ...

ဖူယန်မြို့စားသည် မင်္ဂလာပွဲအပ်နှင်းသည့်အမိန့်တော်ကို လက်ခံရရှိပြီးနောက် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ပါးပြင်များနီရဲကာ မျက်လုံးများ တောက်ပနေသည့် ကျောက်ယွီကို ခေါ်ယူပြီး ပြုံးရွှင်စွာဖြင့် အမှာစကား ခြွေလေတော့သည်။ "တော်ဝင်အမိန့်တော်ကတော့ ရောက်လာပြီ။ သမီးက စတုတ္ထမင်းသားကြင်ရာတော် အလောင်းအလျာဖြစ်သွားပြီ။ နောက်ဆိုရင် အပြင်လျှော့ထွက်ပြီး အိမ်ထဲမှာပဲ အေးအေးဆေးဆေးနေတော့။ နန်းတော်ထဲလဲ မသွားနဲ့တော့။ လူတွေ အတင်းပြောတာ လှောင်ပြောင်တာတွေ မခံရအောင်လို့"

သာ့ဝေတိုင်းပြည်၏ဓလေ့ထုံးစံမှာ ပွင့်လင်းလွတ်လပ်ပြီး သခင်မလေးများသည် မြင်းစီးကာ နွေဦးအမဲလိုက်ခြင်းမှာလည်း သာမန်ကိစ္စပင်ဖြစ်လေသည်။

သို့သော်ငြား ရှေ့ဆက်ပြီး အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေရတော့မည်။

ဝမ်းသာမှုထဲတွင် နစ်မြှုပ်နေသည့်ကျောက်ယွီက ပါးစပ်မှ လွှတ်ခနဲပြောလိုက်၏။ "သမီးက မယ်တော်ကြီးကို အဖော်ပြုပေးပြီး စကားပြောဖော်လုပ်ပေးဖို့ နန်းတော်ထဲကို မကြာခဏ သွားနေရတာလေ။ မသွားတော့ရင် မယ်တော်ကြီးက အထီးကျန်နေတော့မှာ မဟုတ်လား"

ဖူယန်မြို့စားကလဲ သူ၏ဖူးသစ်စသမီးလေးကို လှမ်းကြည့်လိုက်ကာ "သမီးက မယ်တော်ကြီးကို အဖော်ပြုပေးဖို့ နန်းတော်ထဲသွားတာလား။ ဒါမှမဟုတ် စတုတ္ထမင်းသားနဲ့ တွေ့ချင်လို့လား"

ကျောက်ယွီ "..."

ကျောက်ယွီသည် သူမ၏စိတ်ထဲတွင် ရှိနေသည့်အရာကို ထုတ်ပြောခံလိုက်ရချိန်တွင် မျက်နှာမှာနီမြန်းသွားကာ ဒေါသတကြီးဖြင့် ခြေဆောင့်လေတော့သည်။ "အဖေ!"

ဖူယန်မြို့စားကလဲ အားမနာတမ်း တိုက်ရိုက်ပင် ပြောလိုက်၏။ "အရင်တုန်းက ပိုပြီးလုံ့လဝီရိယ ရှိရှိနေတာက အဆင်ပြေတယ်။ အခု မင်္ဂလာပွဲအပ်နှင်းတဲ့ တော်ဝင်အမိန့်တော်လဲ ထုတ်ပြန်ပြီးပြီ။ စတုတ္ထမင်းသားနဲ့ သမီးရဲ့လက်ထပ်ပွဲလဲ သတ်မှတ်ပြီးသွားပြီ။ သမီးက ဘာကို အဲလောက်လောနေသေးတာလဲ"

ကျောက်ယွီသည် မည်မျှပင်ရဲတင်းပါစေ သူမသည် အပျိုဆောင်ထဲက မထွက်ရသေးသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသေးသည်။ သူမသည် ဖခင်အရင်း၏ ဆူပူကြိမ်းမောင်းခံလိုက်ရသဖြင့် အလွန် ရှက်ရွံ့သွားတော့၏။ ခေါင်းမာမာဖြင့်ပင် သူမကိုယ်တိုင်အတွက် နောက်ဆုံးသိက္ခာကို ထိန်းသိမ်းထားလိုက်သည်။ "အဖေ အထင်လွဲနေပြီ။ သမီး နန်းတော်ထဲ ဝင်ချင်တယ်ဆိုတာက စတုတ္ထမင်းသားကို တွေ့ချင်လို့ မဟုတ်ပါဘူး။ ချင်ဖေးမယ်မယ်နဲ့ များများတွေ့ပြီး ချင်ဖေးရဲ့နှစ်သက်မှုကို ရယူချင်လို့ပါ"

ဖူယန်မြို့စားက ပြုံးကာ ကျောက်ယွီ၏နဖူးကို လှမ်းတောက်လိုက်၏။ "အလိုက်တဲ့ကလေးမ ချင်ဖေးက သူကိုယ်တိုင်က တော်တော်လေး ဟန်ဆောင်ကောင်းတယ်လို့ ထင်နေတာ။ တကယ်တော့ သူက သမီးကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ သမီးအဖေစိတ်ထဲမှာ သေသေချာချာလေး သိနေတယ်"

"သမီးက ဒါကို တောင်မမြင်နိုင်ဘူး ဟုတ်တယ်မလား"

ကျောက်ယွီ "..."

ကျောက်ယွီသည် သူမဖခင်အရင်း၏ စကားကြောင့် နင်သွားပြီး အသက်ရှူရပ်သွားတော့မလိုပင် ဖြစ်သွားတော့သည်။

သူမသည် အမှန်ပင် သိပ်မထက်မြက်သော်ငြားလည်း ထိုမျှလောက်အထိ တုံးအသူတော့ မဟုတ်သေးချေ။ မည်သူက သူမကိုမကြိုက်သည်။ မည်သူကတော့ သူမကိုကြိုနှစ်သက်သည်ကိုလည်း အချိန်ကြာလာသည်နှင့်အမျှ သူမလဲ မသိဘဲမနေပေ။

နန်းတော်ထဲသို့ ဝင်သွားသည့်အချိန်တိုင်း ချင်ဖေးသည် သူမအပေါ်တွင် အများအားဖြင့် နူးညံ့ပျူငှာသော်ငြားလည်း အမှန်တွင်တော့ မျက်လုံးများထဲတွင် အမြဲတမ်း စိုးရိမ်စိတ်နှင့် စိတ်တိုင်းမကျသည့် အရိပ်အယောင်များကို ပြသလို့နေသည်။

သို့သော်ငြား သူမ၏နှလုံးသားထဲတွင် စတုတ္ထမင်းသားသာရှိနေသဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီးလည်း တရားလွန်မတွေးချင်တော့ပေ။

ယခုအချိန်တွင် ဖူယန်မြို့စားသည် ရုတ်တရက်ကြီး ဆိုင်းမဆင့်ဗုံမဆင့် ဤအလွှာကို ထုတ်ပြောလာခဲ့သဖြင့် ကျိုးယွီမှာ ရှက်ရွံ့ကာ ဒေါသထွက်သွားပြီး သူ့ဖခင်အရင်းကို မျက်စောင်းလှမ်းထိုးလေတော့သည်။ "သေးတော့ရော ဘာဖြစ်လဲ!. ဘာဖြစ်ဖြစ် သမီးက လီရှန်းကိုပဲ လက်ထပ်မှာ!"

မျှော်လင့်မထားဘဲ ဖူယန်မြို့စားကတော့ လုံးဝဒေါသမထွက်ချေ။ ထိုအစား သူက မျက်ခုံးကိုပင် ပင့်ကာပြုံးလိုက်သေးသည်။ "ယွီအာ သမီး ဒီလိုစဥ်းစားတာ မှန်တယ်"

"မယ်တော်ကြီးနဲ့ အဖေတို့ ဒီမှာရှိနေတာပဲ။ အဖေက သမီးကို ထောက်ပံ့ပေးမှာ။ နန်းတော်ထဲမှာ ဘယ်သူကမှ သမီးကို အထင်သေးပြီး အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ ချင်ဖေးက သဘောကျတာဖြစ်ဖြစ် သဘောမကျတာပဲဖြစ်ဖြစ် သူက သမီးကိုတော့ ချွေးမတော်အနေနဲ့ လက်ခံရမှာပဲ"

"ချင်ဖေးက အကျိုးစီးပွားကို အလေးထားတဲ့သူ။ ကျောက်မိသားစု မပြိုလဲသရွေ့ သူက သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေမှာပဲ။ သူ့စိတ်ထဲမှာ ဘာပဲတွေးတွေး အရေးမကြီးဘူး။ အပြင်ပန်းမှာ သူ့ရဲ့ချွေးမကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေသရွေ့ ဒီလောက်ဆိုရင် လုံလောက်တယ်"

ပြောရမည်ဆိုလျှင် ချင်ဖေးသည်လဲ ဖူယန်မြို့စား၏ ဝမ်းကွဲအရင်းအချာ ဖြစ်လေသည်။

ချင်ဖေး၏မိခင်သည်လဲ ကျောက်မိသားစု၏သမီးတစ်ယောက် ဖြစ်သည်။ သို့သော်ငြား ကျောက်ဒုတိယသမီးသည် စောစောစီးစီး ကွယ်လွန်သွားခဲ့ပြီး မကွယ်လွန်မီတွင် သူမ၏တစ်ဦးတည်းသောသမီးကို မိဘအိမ်သို့ ပြန်ပို့ပေးခဲ့သည်။ ချင်ဖေးသည် အသက်၆နှစ်အရွယ်မှစပြီး ကျောက်အိမ်တော်တွင် နေထိုင်ခဲ့ပြီးနောက် ကျောက်အိမ်တော်တွင်ပင် ကြီးပြင်းခဲ့လေသည်။

ဖူယန်မြို့စားသည်လဲ ကလေးဘဝက ဝမ်းကွဲညီမကို မကြာခဏ အနိုင်ကျင့်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ဝမ်းကွဲညီမသည် နန်းတော်ထဲသို့ဝင်ရောက်ကာ ချင်ဖေးဖြစ်လာပြီး အရာအားလုံးတွင် မယ်တော်ကြီးကျောက်၏ အားပေးထောက်ခံမှုကို အားကိုးခဲ့ရသည်။ ဖူယန်မြို့စားအိမ်တော်သည်လဲ ချင်ဖေး၏အဖေဘက်က မိဘတစ်ဝက်ဟု ဆိုနိုင်ပေသည်။

ချင်ဖေးကို သတ္တိများ ဆယ်ဆပေးလျှင်ပင် သူမက ကျောက်ယွီကို နှိပ်စက်ရဲလိမ့်မည် မဟုတ်ပေ။

...

All Chapters