အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အပိုင်း (၉၁) လက်ဆက်ခွင့်အမိန့်တော် (၂)
ကွမ်းပင်းနယ်စားအိမ်တော်
အလားတူပင် လက်ဆက်ခွင့်အမိန့်တော်ကို လက်ခံရရှိခဲ့သော်လည်း ကွမ်းပင်းနယ်စားကတော်၏ စိတ်ထဲတွင်မူ ထိုမျှမကြည်လင်လှပေ။
"ဒီစေ့စပ်ပွဲကို ဟိုရယ်(နယ်စား)က ဘယ်လိုလုပ်ပြီး သဘောတူလိုက်ရတာလဲ”
ကွမ်းပင်းနယ်စားကတော်သည် အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ်ပြည့်ဖြိုးကာ မျက်လုံးထောင့်များတွင် ကျီးခြေရာများ ထင်နေပြီဖြစ်သော်လည်း နှစ်လိုဖွယ် အရိပ်အယောင်လေးကတော့ ကျန်ရစ်နေသေးသည်။
ယခုအခါတွင် ကွမ်းပင်းနယ်စားကတော်သည် မျက်မှောင်ကြုတ်လျက် လေသံထဲတွင် မကျေနပ်မှုများ ပါဝင်နေသည်။
"ယွင်လော်က ကျွန်မတို့ရဲ့ တစ်ဦးတည်းသောသမီးလေး။ ဒုတိယမင်းသားနဲ့ လက်မထပ်နိုင်ရင် စတုတ္ထမင်းသားနဲ့ လက်ထပ်ရင်လည်း ဖြစ်တာပဲ။ ဘာဖြစ်လို့ တတိယမင်းသားနဲ့ ပေးစားရတာလဲ”
ဒုတိယမင်းသားမှာ မိဖုရားခေါင်ကမွေးသော သားတော်ဖြစ်ပြီး စတုတ္ထမင်းသားကတော့ မယ်တော်ကြီးကျောက်၏ အချစ်ဆုံးဖြစ်သည်။
တတိယမင်းသားကိုယ်တိုင်ကတော့ မဆိုးလှပေ။
သို့သော် တတိယမင်းသား၏ မယ်တော်အရင်း စူးကျောင်းရုံကတော့ အမှန်ပင် မျက်နှာသာပေး၍ မရနိုင်ပေ။
ကွမ်းပင်းနယ်စားကတော်သည် စူးကျောင်းရုံကို စဉ်းစားမိသည်နှင့် စိတ်ထဲတွင် စက်ဆုပ်ရွံရှာသွားသည်။
"အဲ့ဒီ စူးကျောင်းရုံက ယုတ်ညံ့တဲ့ ကချေသည်တစ်ယောက်ပဲ။ ကံကောင်းလို့ သားတော်တစ်ပါး မွေးခဲ့လို့သာ ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခံရပြီး နောက်ပိုင်းမှာ ကျောင်းရုံဖြစ်လာခဲ့တာ။ အရိုးထဲမှာ ဘယ်လို အဆင့်အတန်းမျိုးလဲဆိုတာ ဘယ်သူမဆို ရှင်းရှင်းလင်းလင်းသိတယ်။ ကျွန်မတို့ရဲ့ ယွင်လော်က အဲ့ဒီလို မျက်နှာသာပေးလို့မရတဲ့ စက်ဆုပ်စရာကောင်းတဲ့မိန်းမကို ဘယ်လိုလုပ်ပြီး ပြုစုစောင့်ရှောက်ရမှာလဲ”
စကားပြောနေရင်း ကွမ်းပင်းနယ်စားကတော်သည် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကွမ်းပင်းနယ်စားကို တစ်ချက်စွေကြည့်လိုက်သည်။
ကွမ်းပင်းနယ်စားသည် ရှက်ရွံ့စွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ကာ "စကားပြောရင်ပြောပေါ့။ ငါ့ကို ဘာကြည့်နေတာလဲ”
ကွမ်းပင်းနယ်စားကတော်သည် အေးစက်စွာ ထပ်မံရယ်မောလိုက်သည်။
"ပြောဆို ပြောမှာပေါ့။ အဲ့ဒီတုန်းက စူးရှီက အရှင်မင်းကြီးရဲ့ အိပ်ယာပေါ်ကို ဘယ်လိုရောက်သွားခဲ့လဲ။ အဲ့ဒီဟောင်းနွမ်းဆွေးမြေ့ပြီး ညစ်ပတ်တဲ့ကိစ္စတွေကို ဘယ်သူမှ မသိဘူးများ ထင်နေလား”
"တစ်စုံတစ်ယောက်က ငွေအများကြီးသုံးပြီး လှပတဲ့ကချေသည်ကို ဝယ်ပြီး ရှင့်ဝမ်းကွဲအစ်ကိုတော်ကို ပို့ပေးချင်တော့ မုန့်အိမ်တော်ကို လမ်းကြောင်းရှာပြီး အကူအညီ လာတောင်းခဲ့တယ်။ ရှင်က စူးရှီရဲ့နူးညံ့လှပတဲ့ရုပ်ရည်ကို မြင်ပြီး ကာမစိတ်ဝင်သွားတော့ အရင်ဆုံး ညအနည်းငယ် အိပ်လိုက်တယ်”
"ဒါက တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ရုပ်ရည်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့မိန်းမက ဘယ်ယောက်ျား ဘယ်နှစ်ယောက်ကို ပြုစုစောင့်ရှောက်ခဲ့ဖူးလဲ မသိဘူး။ ရှင် အိပ်ချင်ရင်အိပ်ပေါ့။ ပြီးတော့မှ အရှင်မင်းကြီးရဲ့ အိပ်ယာပေါ်ကို ပို့လိုက်တာက အရှင်မင်းကြီးကို အပျော်ကစားစရာတစ်ခု ပေးလိုက်သလိုပါပဲ”
"ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ။ သူက အရှင်မင်းကြီးကို ပြုစုစောင့်ရှောက်ပြီးနောက်မှာ ကိုယ်ဝန်ရှိသွားခဲ့တယ်။ ပြီးတော့ တစ်ကြိမ်တည်းနဲ့ ဖြူဖွေးသန်မာတဲ့ သားတော်တစ်ပါးကို မွေးဖွားခဲ့တယ်။ ကံကောင်းလို့သာ သူက ဓမ္မတာလာပြီးမှ အရှင်မင်းကြီးကို ပြုစုစောင့်ရှောက်ဖို့ ပို့ခဲ့တာ။ မဟုတ်ရင် ရှင် ပါးစပ်ဘယ်နှစ်ပေါက်ရှိရှိ ရှင်းပြလို့ကုန်မှာ မဟုတ်ဘူး”
"အရှင်မင်းကြီးက သားတော်ရဲ့မျက်နှာကို ထောက်ထားပြီးမှ သူ့ကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခဲ့တာ။ နောက်ပိုင်းမှာ သူက သားတော်တစ်ပါး ထပ်မွေးခဲ့တယ်။ လီအိမ်တော်မှာ သားတော် 5 ယောက်ရှိတာ။ ၂ယောက်က သူ့ဝမ်းက နေထွက်လာခဲ့တာပဲ”
"ပိုပြီးမထင်မှတ်ထားတာက နှစ်အနည်းငယ်ကြာတော့ အရှင်မင်းကြီးက စစ်တပ်ထူထောင်ပြီး ကိုယ်တိုင်မင်းလုပ်ပြီး နန်းပုလ္လင်ပေါ်ထိုင်ခဲ့တယ်။ အရင်တုန်းက ရုပ်ရည်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့ကချေသည်က တစ်မဟုတ်ချင်းပဲ နန်းတွင်းကြင်ရာတော်ဖြစ်လာခဲ့တယ်”
"ကျောင်းရုံရဲ့နေရာက နိမ့်ကျပေမယ့် စူးရှီကိုယ်တိုင် စိတ်ထဲမှာတော့ နစ်နာတယ်လို့ ထင်နေမှာပဲ။ မကြာခဏ နှာခေါင်းရှုံ့ပြီး မျက်ရည်သုတ်နေတတ်တယ်။ သူ ဒီနေ့ဒီအချိန်မှာ ဒီလိုအခြေအနေမျိုး ရောက်နေတာက ဘယ်လောက်တောင် ကံကောင်းလို့လဲဆိုတာကိုတောင် မစဉ်းစားမိဘူး။ လီဟောက်ကိုသာ မမွေးခဲ့ရင် သူ ဘယ်နှစ်ခါလက်လွှဲပြီး လူတကာကို ပေးစားခံရမလဲ။ ဘယ်နေရာ ရောက်နေမလဲဆိုတာတောင် မသိနိုင်ဘူး”
ကွမ်းပင်းနယ်စားကတော်သည် ပြောလေလေ ဒေါသထွက်လေဖြစ်ပြီး စားပွဲကို အားနှင့် တစ်ချက်ရိုက်ချလိုက်သည်။
"အရှင်မင်းကြီးက လက်ဆက်ခွင့်မပေးခင်မှာ ဟိုရယ်ကို မေးခဲ့မှာပဲ။ ဟိုရယ်က မျက်နှာပြောင်တိုက်ပြီး စေ့စပ်ပွဲကို သဘောတူခဲ့ရတယ်လို့။ တကယ်ပဲ ယွင်လော်အတွက် ကောင်းတဲ့ယောက္ခမတစ်ယောက်ကို ရှာပေးခဲ့တာပဲ”
ကွမ်းပင်းနယ်စားကတော့ ဘာမှပြန်မပြောနိုင်တော့ပေ။
ကွမ်းပင်းနယ်စား၏ မျက်နှာသည် မြို့ရိုးကဲ့သို့ ထူထဲသော်လည်း ဤသို့အတိတ်ဟောင်းကို ဖော်ထုတ်ခံလိုက်ရသောအခါ အနည်းငယ် ရှက်ရမ်းရမ်းသွားသည်။
"မင်း ပြောတာကတော့ လွယ်တာပေါ့။ အရှင်မင်းကြီးက ကိုယ်တိုင် ပါးစပ်ဖွင့်ပြီးမေးတာကို ငါက ဘယ်လိုငြင်းရမှာလဲ”
"စူးကျောင်းရုံရဲ့ အတိတ်ကိစ္စတွေကို ဆက်မပြောနဲ့တော့။ အကုန်လုံး ပြီးသွားတဲ့ကိစ္စတွေပဲ။ အရှင်မင်းကြီးတောင်မှ ထပ်မပြောတော့ဘူး။ မင်းကတော့ ကောင်းသားပဲ။ ကြုံတိုင်း ထုတ်ပြောပြီး ငါ့ကို တစ်ချက်တစ်ချက် ဆွပေးနေတာပဲ။ မင်းလည်း ကိုယ့်ပါးစပ်ကို ကောင်းကောင်း ထိန်းသင့်တယ်။ ဒါကလည်း ဘာဂုဏ်ယူစရာကိစ္စမှ မဟုတ်ဘူး။ တကယ်ပဲ သတင်းထွက်သွားရင် အရှင်မင်းကြီး မျက်နှာတော်မကောင်းဖြစ်ပြီး ငါ့အပေါ်မှာ အမျက်ဒေါသ မထွက်ဘဲနေပါ့မလား”
"နောက်ပြီးတော့ စူးကျောင်းရုံက မကောင်းပေမယ့် တတိယမင်းသား လီဟောက်ကတော့ တကယ်ကို ထူးချွန်တယ်။ ရုပ်ရည်အမူအရာ ထူးချွန်တယ်။ စာပေပညာက အကြီးဆုံးမင်းသားနဲ့ စတုတ္ထမင်းသားထက် သာတယ်။ သိုင်းပညာက ဒုတိယမင်းသားထက်သာတယ်။ ပြီးတော့ စိတ်ဓာတ်ကလည်း ခိုင်မာတယ်။ ဒီလိုမျိုးသမက်ကို မင်း မကျေနပ်သေးဘူးလား။ မင်းက ယွင်လော်ကို ဘယ်လိုခင်ပွန်းမျိုးနဲ့ လက်ထပ်စေချင်သေးတာလဲ”
လီဟောက်အကြောင်းကို ပြောမိသည်နှင့် ခုနကပင် ဒေါသအပြည့်ဖြစ်နေသော ကွမ်းပင်းနယ်စားကတော်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြေလျော့သွားသည်။
"လီဟောက်ကတော့ တကယ်မဆိုးပါဘူး”
ကွမ်းပင်းနယ်စားသည် တစ်ပန်းပြန်သာသွားပြီး ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
"မဆိုးရုံတင်မကဘူး။ မယ်တော်အရင်းကြောင့်သာ မဟုတ်ရင် သူက အခုထက်ပိုပြီးထူးချွန်ပြီး ပိုပြီးတောက်ပနေမှာပဲ။ အရှင်မင်းကြီးက ပါးစပ်က မပြောပေမယ့် တကယ်တော့ စိတ်ထဲမှာ တတိယမင်းသားကို အရမ်းချစ်ခင်တယ်”
"ကျွန်မတို့ယွင်လော်က မျိုးရိုးရော ရုပ်ရည်ရော အကောင်းဆုံးပဲ။ မွေးကတည်းက နန်းတော်ထဲကို မင်းသားကတော်အဖြစ် လက်ထပ်ဝင်ရောက်ရမှာပဲ။ နောင်တစ်ချိန်မှာ နယ်စားတစ်ပါးရဲ့ ကြင်ရာတော်ဖြစ်လာရင်လည်း တစ်ဘဝလုံး ဂုဏ်သရေရှိပြီး ချမ်းသာကြွယ်ဝမှာပဲ”
"ညီမက နန်းတော်ထဲမှာ ကြင်ရာတော် လုပ်နေတယ်။ အကြီးဆုံးမင်းသားကလည်း အချစ်ခင်ဆုံးခံရတယ်။ ချောင်မိဖုရားခေါင်က စောစောကတည်းက ညီမနဲ့ ကျွန်မတို့ မုန့်အိမ်တော်ကို အသားထဲက ဆူးတစ်ချောင်းလို မြင်နေတာ။ ဒုတိယမင်းသားကတော်ရဲ့နေရာကို ချောင်မိဖုရားခေါင်က ကိုယ်တိုင်ပါးစပ်ဖွင့်ပြီး မပြောသရွေ့ စဉ်းတောင်မစဉ်းစားနဲ့”
"စတုတ္ထမင်းသားရဲ့လက်ထပ်ပွဲကို မယ်တော်ကြီးက စောစောကတည်းက ကျောက်အိမ်တော်ရဲ့သမီးကို သဘောကျနေတာ။ ကျွန်မတို့လည်း မယှဉ်ပြိုင်နိုင်ဘူး”
"နောက်ဆုံးတော့ တတိယမင်းသားပဲ ကျန်တော့တာပေါ့”
ကွမ်းပင်းနယ်စားကတော်သည် နှုတ်ခမ်းကိုစေ့ထားပြီး အချိန်အတော်ကြာမှသာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ထားလိုက်ပါတော့။ ကိစ္စက ဒီအခြေအနေရောက်နေပြီ။ ဒီစေ့စပ်ပွဲကို ငြင်းလို့လည်း မဖြစ်ဘူး။ တတိယမင်းသားက အရာရာကောင်းပါတယ်။ ဒါပေမဲ့ စူးကျောင်းရုံကတော့ တကယ်ပဲ ပြောစရာမရှိအောင် ဆိုးတယ်”
"ပြီးတော့ ပဉ္စမမင်းသားက သာမန်ဖြစ်ပြီး ထုံထိုင်းသေးတယ်။ နေရာတကာမှာ တတိယမင်းသားကို အားကိုးနေရတယ်။ နောင်တစ်ချိန် ယွင်လော်က တတိယမင်းသားနဲ့ လက်ထပ်ပြီးရင် စူးကျောင်းရုံကိုလည်း ရင်ဆိုင်ရမယ်။ ပဉ္စမမင်းသားကိုလည်း ကြည့်ရှုစောင့်ရှောက်ရဦးမယ်”
စကားဆုံးသည်နှင့် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။
ကွမ်းပင်းနယ်စားသည် အရေးမကြီးသလို ဆိုလိုက်သည်။
"ညီအစ်ကိုနှစ်ယောက် အချင်းချင်း ကြည့်ရှုစောင့်ရှောက်တာကမှ ကောင်းတဲ့ကိစ္စပဲ။ မောင်နှမအရင်းအချာကို တခြားလူတွေက လိုချင်လို့တောင် မရဘူး။ မင်းကတော့ စိတ်ပျက်နေပြန်ပြီ”
ဒါကြောင့် ပြောတာပေါ့။ ယောက်ျားတွေ စဉ်းစားတာနဲ့ မိန်းမတွေစဉ်းစားတာက ဘယ်တော့မှ မတူဘူးဆိုတာ။
ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူ၏ နောင်ရေးအတွက် ပင်ပန်းဆင်းရဲရမည်ကို စိုးရိမ်ပူပန်နေသည်။
ကွမ်းပင်းနယ်စားသည် လုံးဝနားမလည်နိုင်ဘဲ ပါးစပ်ဖွင့်လိုက်သည်နှင့် မောင်နှမ သံယောဇဉ်အကြောင်းကိုသာ ပြောဆိုနေသည်။ မိန်းကလေးတစ်ယောက်အတွက်တော့ မောင်၊ ညီမ သို့မဟုတ် ယောက်မဆိုသည်မှာ အဆုံးအစမရှိသော ပြဿနာများကို ကိုယ်စားပြုပြီး နည်းလေကောင်းလေပင်။
ကွမ်းပင်းနယ်စားကတော်သည် သူနှင့်ဆက်ပြီး အပိုစကား ပြောမနေလိုတော့ဘဲ "ကျွန်မ ယွင်လော်ကို သွားကြည့်လိုက်ဦးမယ်" ဟုတစ်ခွန်းဆိုကာ လှည့်ထွက်သွားတော့သည်။
ကွမ်းပင်းနယ်စားသည် စိတ်မထိန်းနိုင်ဘဲ လက်ကိုဆန့်တန်းကာ ကွမ်းပင်းနယ်စားကတော်ကို ဆွဲကိုင်လိုက်သည်။
"စကားပြောနေတုန်းကို မင်းက ဘယ်သွားမလို့လဲ”
"လက်လွှတ်စမ်းပါ”
အသက်အရွယ် ကြီးရင့်ပြီဖြစ်သော လင်မယားနှစ်ဦးသည် အချင်းချင်း အလွန်ရင်းနှီးနေပြီဖြစ်ရာ ကွမ်းပင်းနယ်စားကတော်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကစပြီး ကွမ်းပင်းနယ်စားနှင့် အတူမအိပ်တော့ဘဲ ပုံမှန်အားဖြင့် လက်ကိုထိမိလျှင်ပင် မနှစ်သက်တော့ပေ။
ကွမ်းပင်းနယ်စားသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး အသက်ကြီးပြီဖြစ်သော ဇနီးသည်၏လက်ကို အတင်းဆွဲထားကာ မလွှတ်ဘဲ "ဘာလဲ။ အခုတော့ အနားမှာရှိတဲ့ လှပတဲ့အပျိုတော်လေးတွေကိုပဲ ဂရုစိုက်ပြီး ကိုယ့်ခင်ပွန်းကိုတောင် တစ်ချက် မကြည့်ချင်တော့ဘူးလား”
ကွမ်းပင်းနယ်စားကတော်သည် အေးစက်စွာ ပြုံးလိုက်ပြီး ပြန်လည်တုံ့ပြန်လိုက်သည်။
"ရှင်က စာကြည့်ခန်းထဲက ကောင်လေးတွေကို မချောတော့ဘူးလို့ထင်ရင် ကျွန်မ လူလွှတ်ပြီး နောက်ထပ် ဆယ်ယောက် ရှစ်ယောက်လောက် သွားဝယ်ခိုင်းလိုက်မယ်။ ဘယ်လိုချောမောတဲ့ လူပျိုလေးမျိုးမဆို ရနိုင်တယ်”
ကွမ်းပင်းနယ်စားကတော့ ဘာမှပြန်မပြောနိုင်တော့ပေ။
ကွမ်းပင်းနယ်စား စကားမဆိုမီတွင်ပင် ကွမ်းပင်းနယ်စားကတော်သည် လက်ကို ပြန်ရုတ်သိမ်းကာ ကျက်သရေရှိစွာ ထွက်ခွာသွားခဲ့လေပြီ။
ကွမ်းပင်းနယ်စားသည် ဇနီးသည်၏ နောက်ကျောကို စိုက်ကြည့်ရင်း ကြာလာသောအခါ အဓိပ္ပာယ်မရှိတော့ဟု ခံစားရပြီး မထိန်းနိုင်ဘဲ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိသည်။
ငယ်ရွယ်စဉ်က ချစ်ခင်ကြင်နာသော လင်မယားဖြစ်ခဲ့သော်လည်း ဘယ်အချိန်ကစ၍ တဖြည်းဖြည်း စိတ်ဝေးသွားပြီး အပေါ်ယံသာ ပေါင်းသင်းသည့်အခြေအနေသို့ ရောက်ရှိသွားသည်ကို မသိတော့ပေ။
လင်မယားနှစ်ဦးတွင် သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး သားနှစ်ယောက်ကတော့ စောစောကတည်းက လက်ထပ်ပြီးကြလေပြီ။ ယခုအခါတွင် မြေးယောက်ျားလေးများက မြေးမိန်းမများပင် ရှိနေကြလေပြီ။ လင်မယားနှစ်ဦး မျက်နှာသာ ထိန်းသိမ်းထားပြီး နောက်ကွယ်တွင် မည်သို့ဖြစ်နေသည်မှာလည်း အရေးမကြီးတော့ပေ။
ကွမ်းပင်းနယ်စားကတော်တွင်တော့ ထိုမျှလောက် သက်ပြင်းချစရာများ မရှိပေ။
ဤမျှနှစ်ပေါင်းများစွာအတွင်း သူမ၏ နူးညံ့ချိုမြိန်မှုတို့သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ကွမ်းပင်းနယ်စားနှင့်အတူ သက်ပြင်းရှည်ကြီးချရန် အချိန်မရှိတော့ပေ။
ကွမ်းပင်းနယ်စားကတော်သည် မုန့်ယွင်လော်၏ အိပ်ဆောင်သို့ သွားလေတော့သည်။
မုန့်ယွင်လော်၏ မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းနေပြီး ဝမ်းသာသလို ဒေါသထွက်သလိုလည်း ဖြစ်နေလေတော့သည်။
...
အပိုင်း (၉၂) လက်ဆက်ခွင့်အမိန့်တော် (၃)
တံခါးဖွင့်သံသည် မုန့်ယွင်လော်၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။
မုန့်ယွင်လော်သည် သတိပြန်ဝင်လာပြီး ချွဲနွဲ့စွာဖြင့် အော်ဟစ်လိုက်သည်။ "အမေ”
ကွမ်းပင်းနယ်စားကတော်သည် စိတ်ထဲမှ အတွေးများအားလုံးကို မျိုသိပ်လိုက်ပြီး မျက်မှောင်ကို ဖြေလျှော့ကာ သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လျက် ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။ "ယွင်လော်။ ဒီနေ့ အမေတို့ မုန့်အိမ်တော်က လက်ဆက်ခွင့်အမိန့်တော်ကို လက်ခံရရှိလာပြီ။ သမီးရဲ့တစ်ဘဝစာကိစ္စက နောက်ဆုံးတော့ သတ်မှတ်ပြီးသွားပြီ။ ဒီနေ့ကစပြီး သမီးအေးအေးဆေးဆေးနဲ့ လက်ထပ်ဖို့ပဲစောင့်တော့။ အိမ်တော်အပြင်ကို လျှောက်မပြေးနဲ့တော့”
မုန့်ယွင်လော်သည် အနည်းငယ် မကျေမနပ်ဖြစ်သွားကာ "နေ့တိုင်းအိမ်တော်ထဲမှာပဲနေရရင် ပျင်းလွန်းလို့ သေသွားမှာပဲ”
ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူကို အမြဲတမ်းချစ်ခင်ပြီး အရာရာတိုင်းနီးပါး အလိုလိုက်လေ့ရှိသည်။ ယခုအခါတွင်တော့ မျက်နှာကို တင်းထားလိုက်ပြီး ပြောလိုက်၏။ "အရင်တုန်းက ဇွတ်တရွတ်နိုင်တာ ထားတော့။ အခုစေ့စပ်ပြီးသွားပြီ။ နန်းတော်ထဲကို မင်းသားကြင်ရာတော်အဖြစ် လက်ထပ်ဝင်ရောက်ရတော့မှာ။ ဘယ်လိုလုပ်ပြီး ထပ်ပြီးဇွတ်တရွတ်နိုင်လို့ ရတော့မှာလဲ။ စည်းကမ်းတွေကို ကောင်းကောင်း သင်ယူရတော့မယ်”
မုန့်ယွင်လော်သည် အမေအရင်း ဤသို့မျက်နှာအေးစက်နေသည်ကို တစ်ခါမျှမမြင်ခဲ့ဖူးရာ စိတ်ထဲတွင် ဝမ်းနည်းသွားလေတော့၏။ "အမေ”
"ဒီစေ့စပ်ပွဲကို ကျွန်မကိုယ်တိုင် သဘောကျတာမှ မဟုတ်တာ။ တတိယမင်းသားကတော့ မဆိုးပါဘူး။ ဒါပေမဲ့ အဲ့ဒီ စူးကျောင်းရုံက ပညာအရည်အချင်းလည်းမရှိ။ မျိုးရိုးလည်းမရှိ။ ကိစ္စရှိရင် ငိုယိုနေတတ်တယ်။ နန်းတော်ထဲမှာ လူတိုင်းက သူ့ကို အထင်မကြီးကြဘူး။ ပြီးတော့ ပဉ္စမမင်းသားက သာမန်ပြီး မိုက်မဲတယ်။ ဘာကိစ္စရှိရှိ တတိယမင်းသားကိုပဲ အားကိုးနေရတယ်။ ကျွန်မက ဒီလိုမျိုးယောက္ခမနဲ့ မတ်လေးကို မလိုချင်ဘူး..."
"ပါးစပ်ပိတ်စမ်း”
ကွမ်းပင်းနယ်စားကတော်သည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး လေးနက်သည့်လေသံဖြင့် အော်ငေါက်လိုက်သည်။ "အရင်တုန်းက လျှောက်ပြောတာထားတော့။ အခု လက်ဆက်ခွင့် အမိန့်တော်တောင် လက်ခံရပြီးပြီ။ နင်က ဘယ်လိုလုပ်ပြီး အနာဂတ်ယောက္ခမနဲ့ မတ်လောင်းကို မကောင်းပြောရတာလဲ”
မုန့်ယွင်လော်သည် မယုံနိုင်စွာဖြင့် အမေအရင်းကို ကြည့်လိုက်သည်။ "အမေ။ အမေက စူးကျောင်းရုံကို အမုန်းဆုံး မဟုတ်လား။ အရင်တုန်းက ကျွန်မရှေ့မှာ သူ့မကောင်းကြောင်းတွေ အမြဲပြောနေကြတာ”
ကွမ်းပင်းနယ်စားကတော်သည် မျက်နှာကို တင်းထားလျက် ဆိုလိုက်သည်။ "နင်လည်းသိတာပဲ။ အဲ့ဒါက အရင်တုန်းကလေ။ အခုနဲ့အရင်က တူလို့လား။ သူက နင့်ရဲ့ယောက္ခမလောင်း။ နင် အထင်မကြီးရင်တောင် ကောင်းကောင်း ပြုစုစောင့်ရှောက်ရမှာပဲ။ မဟုတ်ရင် မိဘကို မရိုသေဘူးဆိုတဲ့နာမည်ဆိုးက နင့်ကို ဖိသတ်နိုင်တယ်”
"လီဟောက်က မိဘကိုရိုသေတဲ့နေရာမှာ နာမည်ကြီးတယ်။ နောင်တစ်ချိန် နင် သူနဲ့လက်ထပ်ပြီးရင် ကိုယ့်ခင်ပွန်းနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရမယ်။ မဟုတ်ရင် အချိန်မကြာခင်မှာ လင်မယား စိတ်ဝမ်းကွဲသွားလိမ့်မယ်”
"ဒီစကားတွေက နားဝင်မချိုပေမယ့် အမှန်တရားတွေချည်းပဲ။ ယောက်ျားတစ်ယောက် အတွက်တော့ အမေအရင်းက တစ်ယောက်ပဲ ရှိတယ်။ ဇနီးကတော့ အသစ်ထပ်ယူလို့ရတယ်။ ဒါမှမဟုတ် ဘေးမှာထားပြီး ကိုယ်လုပ်တော်တွေ အားရပါးရ မြှောက်လို့ရတယ်။ ဘယ်ဟာက အရေးကြီးတယ်။ ဘယ်ဟာက ပေါ့တယ်ဆိုတာက ရှင်းရှင်းလင်းလင်း မြင်သာနေတာပဲ”
"ပဉ္စမမင်းသားက အသက်ငယ်သေးတယ်။ ဘာကိစ္စရှိရှိ သူ့အစ်ကိုတော်ကိုပဲ သွားတောင်းဆိုတတ်တာ။ နင့်ကို သိပ်ပြီး စိတ်အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး။ နင်သာ အေးအေးဆေးဆေး နေချင်တယ်။ လင်မယား သဟဇာတဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး စူးကျောင်းရုံကို ပျော်ရွှင်အောင် လုပ်ပေးလိုက်ရင် ပြီးတာပဲ”
ဤအရာများ အားလုံးသည် ကွမ်းပင်းနယ်စားကတော် ဆယ်စုနှစ်ပေါင်းများစွာအတွင်း နားလည်သဘောပေါက်ခဲ့သော ရွှေစကား၊ ငွေစကားများပင်။
ယောက္ခမနှင့် ချွေးမတို့ အချင်းများကြသည်နှင့် ချွေးမကသာ နစ်နာရသည်က များသည်။ မည်သည့်ယောက်ျားက မိခင်ဘက်မလိုက်ဘဲ ရှိမည်နည်း။ ယောက္ခမက ကြားထဲမှ လှုံ့ဆော်ကုန်းတိုက်ပါက အချိန်ကြာလာသည်နှင့်အမျှ မည်မျှပင် ချစ်ခင်ကြင်နာသော လင်မယားပင်ဖြစ်စေ ရန်သူများ ဖြစ်သွားကြရသည်။
ငယ်ရွယ်ပြီး စိတ်ကြီးဝင်နေသော မုန့်ယွင်လော်သည် အဘယ်မှာ နားဝင်နိုင်မည်နည်း။
မုန့်ယွင်လော်သည် ဟန်ဆောင်ပန်ဆောင် ခေါင်းညိတ်လိုက်သည်။ "အမေ ပြောတာတွေ အားလုံးမှတ်ထားလိုက်ပါပြီ”
ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူ၏ ပါးစပ်နှင့်စိတ် မတူညီသည်ကို အဘယ်မှာ မမြင်နိုင်ဘဲ ရှိမည်နည်း။ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဒီလိုနေ့မျိုး ရောက်လာမယ်မှန်းသာ ကြိုသိခဲ့ရင် အရင်တုန်းက သမီးရှေ့မှာ စူးကျောင်းရုံရဲ့ မကောင်းကြောင်းတွေ အများကြီးကို မပြောခဲ့သင့်ဘူး။ အခု နောင်တရလည်း နောက်ကျသွားပြီ။ ကံကောင်းလို့ လက်မထပ်ခင်အထိ လအနည်းငယ် အချိန်ကျန်သေးတယ်။ ဖြည်းဖြည်းချင်း ထိန်းကျောင်းဆုံးမရမှာပဲ။
...
ရှင်းယန်ဝမ်အိမ်တော်
လုလင်းသည် မျက်နှာတွင် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေပြီး အမိန့်ပေးလိုက်လေသည်။ "စားဖိုဆောင်ကို အရက်ကောင်း၊ အစားကောင်းတွေ ပြင်ဆင်ခိုင်းလိုက်။ လူလွှတ်ပြီး မင်ဖန်းကို အိမ်တော်ပြန်ခေါ်ခဲ့။ ဟုတ်သားပဲ။ ဟန်လင်းကျောင်းတော်ကိုသွားပြီး ကျိုးလီကို သတင်းစကား ပါးလိုက်ဦး။ ငါတို့တစ်မိသားစုလုံး စုစည်းပြီး ပျော်ပျော်ပါးပါးနဲ့ ဂုဏ်ပြုပွဲ လုပ်ကြတာပေါ့”
လုကျားသည် ပြုံးရွှင်စွာဖြင့် အမိန့်ကိုနာခံကာ ထွက်ခွာသွားပြီး အကြီးဆုံးသခင်မလေးနှင့် တတိယသမက်လောင်းကို သွားကြိုရန် လူလွှတ်လိုက်သည်။
လုမင်ယွဲ့သည် လုဖေးကို မျက်စပစ်ပြလိုက်ပြီး ချစ်စဖွယ်ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။ "အာ့ကောက ရှန်းကျဲကျဲကို လွမ်းနေတာလား”
တစ်မိသားစုလုံး ဟူသော စကားလုံးသုံးလုံးသည် ကြားရသူ၏ စိတ်နှလုံးကို နွေးထွေးသွားစေသည်။
လုဖေးသည်လည်း ဝန်ခံရန်မရှက်ဘဲ ပါးစပ်ကိုဖြဲကာ ရယ်မောလိုက်သည်။ "ဟုတ်တယ်”
လုရွှမ်းကတော့ အလုအယက် ရယ်မောလိုက်ကာ ပြောလာ၏။ "အာ့ကောက ရှန်းအိမ်တော်ကို သွားဖို့ရှက်နေရင် ကျွန်တော် ကိုယ်စားသွားပေးမယ်။ ကျွန်တော် ရှန်းအိမ်တော်ကိုသွားပြီး အာ့စောင်ကို သွားခေါ်လိုက်မယ်”
စကားမဆုံးမီတွင်ပင် နောက်စေ့ကို တစ်ချက်အရိုက်ခံလိုက်ရတော့သည်။
ဤရင်းနှီးသော ထောင့်ချိုးနှင့် အားအင်ကို ခေါင်းမမော့ဘဲနှင့်ပင် မည်သူဖြစ်သည်ကို သိနိုင်လေသည်။
"စစ်ကျဲ။ နောက်တစ်ခါ ကျွန်တော့်ကိုရိုက်ရင် နေရာပြောင်းပြီး ရိုက်လို့မရဘူးလား”
လုရွှမ်းသည် နစ်နာဟန်ဖြင့် တောင်းပန်လေသည်။
လုမင်ယွိသည် မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "နင့်ရဲ့ခေါင်းကြီးက ငါ့မျက်စိရှေ့မှာ ယိမ်းထိုးနေတော့ ရိုက်ရတာ အရမ်းလွယ်တယ်လေ”
လူတိုင်းသည် တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြလေသည်။
လုလင်းက ခဏလောက် စဉ်းစားပြီးနောက် ပြုံးရွှင်စွာဆိုလိုက်သည်။ "အမိန့်တော်နဲ့ လက်ဆက်ခွင့်ပေးတာက တကယ်ပဲ မင်္ဂလာကြီးတစ်ခုပဲ။ ဓလေ့ထုံးစံအရဆိုရင် လက်မထပ်ရသေးတဲ့ချွေးမက အိမ်ကို လာလည်တာက တကယ်ပဲ စည်းကမ်းနဲ့ မကိုက်ညီဘူး။ ဒါပေမဲ့ လုအိမ်တော်က ဂရုမစိုက်ဘူး။ ရှန်းအိမ်တော်ကလည်း သဘောတူတယ်ဆိုရင် ဘယ်သူမှ လျှောက်ပြောမှာ မဟုတ်ဘူး”
"လုဖေး။ မင်းကိုယ်တိုင် ရှန်းအိမ်တော်ကို တစ်ခေါက်သွားပြီး ရှန်းသခင်မလေးကို လုအိမ်တော်ကို လာလည်ဖို့ ခေါ်ခဲ့”
လုဖေးသည် ချက်ချင်းဆိုသလို မျက်ခုံးများတွင် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
ထိုအလွန်အမင်း ပျော်ရွှင်နေသော ပုံစံသည် လူတိုင်းကို ထပ်မံပြီး ရယ်မောစေခဲ့ပြန်သည်။
ဝမ်းမြောက်မှုများအလယ်တွင် လုမင်ယွိသည်ကား အတည်ငြိမ်ဆုံးနှင့် အအေးစက်ဆုံးသူ ဖြစ်နေလေသည်။ သူမ လက်ခံရရှိသည်မှာ တစ်ဘဝစာကိစ္စကို ဆုံးဖြတ်ပေးမည့် အမိန့်တော်မဟုတ်ဘဲ နန်းတော်ထဲမှ သာမန်ဆုလာဘ်တစ်ခုကဲ့သို့ပင်။
လုမင်ဟွားသည် အလွန်အကင်းပါးသူဖြစ်ရာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "စစ်မေ့။ ညီမလေး မပျော်ဘူးလား”
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ကာ "ဘယ်လိုလုပ်ပြီး မပျော်ဘဲနေမှာလဲ။ ဒုတိယမင်းသားကြင်ရာတော် ဖြစ်နိုင်တာကို ငါ့စိတ်ထဲမှာ ပြောမပြနိုင်အောင် ဝမ်းသာနေတာ”
စကားပြောနေရင်း သူမသည် ဝမ်းမြောက်သော အပြုံးတစ်ခုကိုပင် ပြုံးပြလိုက်သေးသည်။
လုမင်ဟွားသည် အနည်းငယ် မှားယွင်းနေသည်ဟု အမြဲခံစားနေရသည်။
သို့သော်လည်း ယနေ့သည် မင်္ဂလာရှိသော နေ့ကောင်းနေ့မြတ်ဖြစ်သဖြင့် များများစားစား ပြောဆိုရန် မသင့်တော်ပေ။ လုမင်ဟွားသည် တစ်ခွန်းမေးပြီးနောက် ပါးစပ်ပိတ်လိုက်ရတော့သည်။
...
ယခုအချိန်တွင် နန်းတော်ထဲ၌လည်း ပျော်ရွှင်စည်ကားလျက်ရှိသည်။
ချင်ဖေးသည် မျက်နှာတွင် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေပြီး ကျောင်းဖန်နန်းဆောင်သို့ သွားကာ ချောင်မိဖုရားခေါင်ကို ဂုဏ်ပြုစကားဆိုလေသည်။ "ဒုတိယမင်းသားက ဒီလောက်ကောင်းတဲ့ စေ့စပ်ပွဲတစ်ခုကို သတ်မှတ်လိုက်နိုင်တော့ ကျွန်မ မိဖုရားခေါင်ကြီးကို အထူးတလည်လာပြီး ဂုဏ်ပြုတာပါ”
ချောင်မိဖုရားခေါင်သည် စိတ်ထဲမှ ကိစ္စတစ်ခု ပြီးမြောက်သွားသဖြင့် ယခုအခါတွင် မျက်မှောင်ကို ဖြေလျှော့ကာ နွေဦးလေပြေကဲ့သို့ ပြုံးလိုက်လေသည်။ "ပန်ကုံးလည်း မင်းကို ဂုဏ်ပြုရမှာပဲ။ ကျောက်သခင်မလေး၅ ကလည်း ပန်ကုံးရဲ့ မျက်စိအောက်မှာ ကြီးပြင်းလာခဲ့တာပဲ။ တက်ကြွပြီး ချစ်စရာကောင်းတဲ့စရိုက် ရှိတယ်။ စတုတ္ထမင်းသားနဲ့က တကယ်ပဲ ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ အတွဲပဲ”
ချင်ဖေးသည် ဝမ်းမြောက်စွာ ပြုံးလိုက်လေသည်။ "မယ်မယ်မိဖုရားကြီးကို မဖုံးကွယ်ပါဘူး။ ချဲ့လည်း ကျောက်ယွီဆိုတဲ့ကောင်မလေးကို အမြဲတမ်း ချစ်ခင်ခဲ့တာပါ။ မထင်မှတ်ထားတာက အရှင်မင်းကြီးက ဒီလောက်မြန်မြန် လက်ဆက်ခွင့်အမိန့်တော် ချမှတ်လိမ့်မယ်လို့။ ကြည့်ရတာ ကျွန်မလည်း ကံကောင်းတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်”
"ပြောရရင် စတုတ္ထသခင်မလေးလုက စစ်သူကြီးမျိုးနွယ်က သမီးပဲ။ သူရဲကောင်းဆန်ပြီး တက်ကြွတယ်။ စိတ်သဘောထားကလည်း ပွင့်လင်းဖြောင့်မတ်တယ်။ မယ်မယ်မိဖုရားခေါင်က ဒီလိုမျိုး ချွေးမတော်တစ်ယောက်ကို ရရှိထားတော့ စိတ်ထဲမှာ ဘယ်လောက်တောင် ဝမ်းသာနေမလဲ မသိဘူး”
စကားပြောနေရင်း ချင်ဖေးသည် ပဝါဖြင့် ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။
စိတ်ထဲတွင်တော့ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေလေသည်။
ချောင်မိဖုရားခေါင်သည် စာပေမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့တည်ငြိမ်လှကာ နှစ်သက်သည်မှာလည်း ချောင်ဝမ်ကဲ့သို့သော ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်သော သခင်မလေးမျိုးပင်ဖြစ်သည်။ သို့သော်လည်း ချွေးမတော် အလောင်းအလျာမှာတော့ ခွန်အားအလွန်ကြီးမားပြီး ရဲတင်းကာ မထီမဲ့မြင်ပြုတတ်သော လုမင်ယွိ ဖြစ်နေလေသည်။
ဟက် ဟက်။ နောင်ဆိုရင် ကြည့်လို့ကောင်းတဲ့ပွဲတွေ အများကြီးရှိတော့မှာပဲ။
ချောင်မိဖုရားခေါင်သည် ချင်ဖေး၏ မျက်လုံးအောက်ခြေမှ လှောင်ပြောင်သရော်မှုကို အဘယ်မှာ မမြင်နိုင်ဘဲ ရှိမည်နည်း။
သူမသည် နှစ်ပေါင်းများစွာ မျိုးရိုးအကြီးအကဲ၏ဇနီးအဖြစ် နေထိုင်ခဲ့ပြီး ရှစ်နှစ်တိုင်တိုင် ဇာမဏီပုလ္လင်ပေါ်တွင် ထိုင်ခဲ့ရာ အနိုင်ကျင့်ရန်လွယ်ကူသူ မဟုတ်ပေ။ သူမသည် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဆိုလိုက်လေသည်။ "ပန်ကုံးစိတ်ထဲမှာ တကယ်ပဲ အရမ်းဝမ်းသာနေတာ။ ရှင်းယန်ဝမ်က သာ့ဝေတိုင်းပြည်ရဲ့ ပထမဆုံး နာမည်ကြီးစစ်သူကြီးပဲ။ စတုတ္ထသခင်မလေးလုက အပြုအမူမှာ သူ့ဖခင်ရဲ့ဟန်ပန်အတိုင်းပဲ။ ဒီလိုမျိုး ထူးချွန်တဲ့မိန်းကလေးမှပဲ ဒုတိယမင်းသား ကြင်ရာတော်အဖြစ် ထိုက်တန်တာ”
အမှန်ပင်။ ချင်ဖေး၏ အပြုံးသည် ချက်ချင်းဆိုသလို အနည်းငယ် အားတင်းပြုံးနေရသကဲ့သို့ ဖြစ်သွားသည်။
ဟုတ်ပေသည်။ လုမင်ယွိသည် ထင်ရာစိုင်းသော်လည်း မျိုးရိုး၊ ရုပ်ရည်၊ သိုင်းပညာ အရာရာပြည့်စုံပြီး လုအိမ်တော်ကို နောက်ခံအဖြစ် ရှိနေသည်။ ဒုတိယမင်းသားသည် လုအိမ်တော်ကို အထောက်အပံ့အဖြစ် ရရှိသွားပါက စစ်တပ်အတွင်းတွင် အင်အားကြီးမားလာမည်မှာ အသေအချာပင်။
ဒုတိယမင်းသား အောင်မြင်သွားလျှင် ကျန်ကိုယ်လုပ်တော်ကမွေးသော မင်းသားများကတော့ ရှုံးနိမ့်ရုံသာ ရှိတော့မည် မဟုတ်ပါလား။
...
အပိုင်း (၉၃) လက်ထပ်ခွင့်အမိန့်တော်-၄
"မယ်မယ်မိဖုရားခေါင်ကို လျှောက်တင်ပါတယ်။ စူးကျောင်းရုံက ဂုဏ်ပြုစကား လာရောက်ပြောကြားပါတယ်တဲ့" နန်းတွင်းအစေခံမလေးသည် ရိုသေစွာလျှောက်တင်လာခဲ့၏။
ချောင်မိဖုရားခေါင်ကလဲ အသာအယာ ခေါင်းညိမ့်ပြလိုက်ကာ "စူးကျောင်းရုံကို ဝင်လာခိုင်းလိုက်ပါ!"
ခဏအကြာတွင် ဝမ်းမြောက်ရွှင်လန်းနေသည့် စူးကျောင်းရုံသည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
စူးကျောင်းရုံ၏အလှသည် သံသယဖြစ်ဖွယ်မရှိပေ။ အနောက်နန်းဆောင်ထဲက မိဖုရားငယ်များအကြားတွင် စူးကျောင်းရုံသည် အလှဆုံးဖြစ်လေသည်။ ယုံးကျားဧကရာဇ်သည်လဲ စူးကျောင်းရုံကို အတိုင်းအတာတစ်ခုအထိတော့ ချစ်ခင်နှစ်သက်၏။ သို့မဟုတ်ပါက စူးကျောင်းရုံ၏ ကချေသည်ဘဝဖြင့် သားတော်မွေးပြီးနောက် သားဖြစ်သူကို စွန့်ခွာမသွားခဲ့ရသည်ကပင် ကံကောင်းပြီဟု ဆိုရမည် ဖြစ်သည်။ သူမသည် ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခံရမည့် အခြေအနေမှာ မည်သို့ရှိလာနိုင်ပါမည်နည်း။
ချောင်မိဖုရားခေါင်က စူးကျောင်းရုံကို အမှန်ပင် အထင်သေးလေသည်။
သို့သော်ငြား စူးကျောင်းရုံသည် မင်းသားနှစ်ပါးကို မွေးဖွားခဲ့၏။ သူမသည် အနောက်နန်းဆောင်ထဲတွင် ခေါင်းငုံ့ကာနေထိုင်ခဲ့ပြီး ငိုယိုတတ်သည်ကလွဲလျှင် တခြားကြီးမားသည့် အားနည်းချက်များလည်း မရှိချေ။ ချောင်မိဖုရားခေါင်သည် ပုံမှန်အားဖြင့် ဒီလူကိုမရှိသကဲ့သို့ သဘောထားလေ့ရှိလေသည်။
ယနေ့တွင်တော့ စူးကျောင်းရုံက နွေဦးလေပြေကဲ့သို့ ပျော်ရွှင်နေသည့် မျက်နှာထားဖြင့် ဂုဏ်ပြုစကားဆိုရန် ရောက်ရှိလာပြီး နှုတ်မှလည်း ကောင်းမွန်သောစကားများကို ဆိုနေလေသည်။ ချောင်မိဖုရားခေါင်က ခပ်ယဲ့ယဲ့ ပြုံးကာပြောလိုက်၏။ "တတိယမင်းသားရဲ့ စေ့စပ်ပွဲကလဲ တကယ် ဖြစ်မြောက်သွားပြီ။ ပန်ကုံးကလဲ စူးကျောင်းရုံကို ဂုဏ်ပြုစကားဆိုရမှာပဲ"
မဆိုးရုံသာမကဘဲ ထင်မှတ်မထားလောက်အောင် ကောင်းမွန်နေခဲ့တာလေ။
ချင်ဖေးသည် စိတ်ထဲတွင် အနည်းငယ် မခံချိမခံသာ ဖြစ်သွားပြီး ပြုံးကာပြောလိုက်၏။ "ဟုတ်ပါတယ်။ ချဲ့လဲ တကယ်မထင်ထားဘူး။ အရှင်မင်းကြီးက တတိယမင်းသားကို မုန့်မိသားစုရဲ့ တရားဝင်သမီးအရင်းနဲ့ လက်ဆက်ခွင့် ပေးလိမ့်မယ်လို့လေ"
ချောင်မိဖုရားသည်လဲ ထိုကိစ္စကို မျှော်လင့်မထားချေ။
အဲဒီ့တုန်းက သူမက မုန့်ယွင်လော်ကို ချွေးမအဖြစ်တောင် သဘောကျခဲ့ဖူးသေးတယ်။
ကံကောင်းလို့သာပေါ့။ သူမက သတိကြီးကြီးထားတတ်တဲ့သူဖြစ်ပြီး ဟွေ့အန်းကုန်းကျူကိုတောင် မပြောခဲ့ဖူးသလို ယုံးကျားဧကရာဇ်ရှေ့မှာလည်း တစ်ခွန်းမှ မဟခဲ့ဖူးဘူး။ မဟုတ်ရင်တော့ တကယ်ပဲ ရှက်စရာဖြစ်သွားတော့မှာ။
စူးကျောင်းရုံက သားတော်အတွက် မုန့်ယွင်လော်ကို တောင်းရမ်းပေးတဲ့ကိစ္စကိုတော့ လူကို အထင်ကြီးသွားစေတာပဲ။
စူးကျောင်းရုံသည် နှစ်ပေါင်းများစွာ စိတ်ဓာတ်ကျနေခဲ့သည့် အခြေအနေကို ဘေးချိတ်ထားလိုက်ကာ ပြုံးရွှင်စွာဖြင့် ပြောလာ၏။ "မယ်မယ်မိဖုရားခေါင်နဲ့ ချင်ဖေးတို့ရှေ့မှာ ချဲ့က ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒီစေ့စပ်ပွဲကို ချဲ့ကိုယ်တိုင် အရှင်မင်းကြီးဆီသွားပြီးတော့ တောင်းဆိုခဲ့တာပါ။
သွားတဲ့အချိန်တုန်းက ချဲ့စိတ်ထဲမှာလည်း အရမ်းကို တုန်လှုပ်နေခဲ့တာ။ မထင်မှတ်ထားဘဲ အရှင်မင်းကြီးကလဲ မြန်မြန်ဆန်ဆန်ပဲ သဘောတူပေးခဲ့တယ်လေ။ မနေ့ကမွန်းလွဲပိုင်းမှာပဲ ကွမ်းပင်းနယ်စားကို မေးပြီးတော့ ဒီနေ့ပဲ လက်ထပ်ခွင့်အမိန့်တော်ကို ချမှတ်လိုက်တာ"
ချင်ဖေးသည် စူးကျောင်းရုံ၏ နွေဦးလေပြေကဲ့သို့ ပျော်ရွှင်နေသည့်မျက်နှာကို မမြင်လိုတော့သဖြင့် အပြုံးတစ်ဝက်မျက်နှာထားနှင့် စူးကျောင်းရုံကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ "ကွမ်းပင်းနယ်စားက ဒီလောက်မြန်မြ န်သဘောတူလိုက်တာက တတိယမင်းသားကို အရမ်းသဘောကျလို့ပဲ ဖြစ်ရမယ်"
ချောင်မိဖုရားခေါင်ကလဲ တည်တည်ငြိမ်ငြိမ် အမူအရာမပျက်ဘဲ ဆက်ပြောလာသည်။ "အဲဒီ့တုန်းက အခြေအမြစ်မရှိ လျှောက်ပြောနေကြတဲ့ ကောလဟလတွေက တကယ်တော့ အတည်ယူလို့မရပါဘူး။ တတိယမင်းသားက ဒီလောက်ထူးချွန်တာပဲ။ ကွမ်းပင်းနယ်စားက ဒီလိုကောင်းမွန်တဲ့ သမက်တစ်ယောက်ကို ရထားတာဆိုတော့ ဘယ်လိုလုပ်ပြီး မပျော်ဘဲနေပါ့မလဲ"
စူးကျောင်းရုံ "..."
စူးကျောင်းရုံသည် သူမ၏အပြုံးကို ထိန်းမထားနိုင်တော့သလိုပင် ဖြစ်သွားပြီး ဒေါသများအပြည့် ဖြစ်သွားတော့၏။
အဲဒီ့တုန်းက သူမက ရုပ်ရည်နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ကချေသည်တစ်ယောက်ပဲ။ ရုပ်ရည်လှပတဲ့အတွက် အသက်၁၄နှစ်အရွယ်ကတည်းက မျိုးရိုးမြင့်ဧည့်သည်တွေကို ပြုစုဧည့်ခံပေးခဲ့ရတယ်။ လူတစ်ယောက်က ငွေအမြောက်အမြား ပေးဝယ်ပြီး မုန့်အိမ်တော်ကို ပို့လိုက်တဲ့အချိန်မှာ သူမက နောက်ဆိုရင် မုန့်အိမ်တော်အတွင်းဆောင်မှာပဲ နေရတော့မယ်လို့ထင်ပြီး ရှက်ရှက်နဲ့ပဲ မျက်စပစ်ပြခဲ့တာ။
ကွမ်းပင်းနယ်စားမုန့်ဟွေက ကာမဂုဏ်မက်မောတဲ့သူဖြစ်ပြီး သူမနဲ့စနောက်ကျီစယ်ရင်း ရက်အနည်းငယ်အတွင်းမှာပဲ သူမရဲ့အိပ်ယာပေါ်ကို ရောက်လာခဲ့တယ်လေ။
သူမလဲ သစ်ပင်အကြီးကြီးကို တွယ်တက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး နောင်တစ်ချိန်မှာ သွားလာစရာနေရာ မရှိမှာ စိုးရိမ်နေစရာမလိုအောင် ကြိုးစားခဲ့ရတယ်။
မုန့်ဟွေ့ဆိုတဲ့ အဲဒီ့အယုတ်တမာကောင်က အိပ်ယာပေါ်မှာ ချိုမြိန်တဲ့စကားတွေကို တနင့်တပိုးကြီးပြောပြီး သူမကို အမျိုးမျိုး ပြုစုစောင့်ရှောက်ခိုင်းခဲ့တယ်။ အဲဒီ့နောက်မှာတော့ တစ်မဟုတ်ချင်းပဲ သူမကို တခြားသူနဲ့ ပေးစားခဲ့ချင်တယ်လေ။
ကံကောင်းလို့သာ သူမက လီယွမ်ကို တစ်ခါလောက် ပြုစုစောင့်ရှောက်ပြီး ကိုယ်ဝန်ရှိသွားပြီးတဲ့နောက် သားတော်ကို မွေးဖွားနိုင်ခဲဲ့တာ။ သားတော်ကို မွေးခဲ့ပြီးတဲ့နောက်မှာ ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရတယ်။ နောက်ဆုံးတော့ လီမိသားစု နောက်ဖေးခြံဝန်းထဲမှာ နေရာတစ်ခု ရလာခဲ့တယ်လေ။
သူမနဲ့ မုန့်ဟွေ့ရဲ့ကိစ္စကို သိတဲ့သူမများပေမဲ့ အဲဒီ့ထဲမှာသိတဲ့သူကတော့ တစ်ချို့ရှိသေးတယ်။ မျက်စိရှေ့က ချောင်မိဖုရားခေါင်နဲ့ ချင်ဖေးကတော့ သိကြတဲ့သူတွေပဲ။ အဲဒီ့တုန်းက လီအိမ်တော်ရဲ့ အနောက်ဘက်ခြံဝန်းထဲမှာ မကောင်းတဲ့ကောလဟလတွေ အများကြီး ပြန့်ခဲ့တာပေါ့။ တစ်ချို့ကတောင်မှ လီဟောက်က လီအိမ်တော်ရဲ့ သွေးသားအရင်း မဟုတ်ဘူးလို့ ဆိုးဆိုးဝါးဝါး ပြစ်တင်ပြောဆိုခဲ့ကြသေးတယ်။
သူမမှာ လီယွမ်ရှေ့မှာ ဒူးထောက်ပြီး စိတ်ရင်းအမှန်ကို ဖွင့်ဟပြောဆိုရင်း ငိုယိုပြီး မေ့မြောလုနီးပါးပဲ။ လီယွမ်ကတော့ သဘောထားကြီးပြီး စိတ်ထဲမှာမထားဘဲ ဘယ်သူ့ကိုမှ လျှောက်မပြောဖို့ဘဲ တင်းတင်းကြပ်ကြပ် အမိန့်ချမှတ်ထားလိုက်တယ်။
သားတော်က တစ်နေ့ထက်တနေ့ ကြီးပြင်းလာပြီး ရုပ်ရည်အမူအရာကလဲ အဖေအရင်းနဲ့ တူလာခဲ့တယ်။ လီယွမ်လဲ လီဟောက်ဆိုတဲ့သားတော်ကို အမြဲတမ်း ချစ်ခင်ပေးခဲ့တယ်။
အချိန်ကြာလာတော့ အဲဒီ့အခြေအမြစ်မရှိတဲ့ ဆိုးဝါးတဲ့ကော လဟလတွေလည်း ပျောက်ကွယ်သွားခဲ့တယ်လေ။ ဒီနှစ်တွေမှာ လီယွမ်က ပုလ္လင်ပေါ်မှာထိုင်ပြီး ဘုန်းတန်ခိုးတွေ တနေ့ထက်တနေ့ ကြီးမားလာတော့ ဒီအသေးစားကိစ္စကိုလည်း ဘယ်သူမှ ထပ်မပြောရဲတော့ဘူး။
ဘာပဲဖြစ်ဖြစ်ပါ။ သူမလို ကျောင်းရုံတစ်ယောက်က အရေးမကြီးပေမဲ့ ဧကရာဇ်ရဲ့မျက်နှာနဲ့ ဘုန်းတန်ခိုးကိုတော့ ဘယ်သူမှ မေးခွန်းထုတ်ခွင့် မရှိဘူးလေ။ ဘယ်သူက လီဟောက်ရဲ့သွေးသားကို သံသယဝင်ရဲတော့မှာလဲ။ ဒါက ယုံးကျားဧကရာဇ်ရဲ့ခေါင်းကို အစိမ်းရောင် ဆိုးပေးလိုက်တာပဲ မဟုတ်ဘူးလား။
ဒီအချိန်မှာတော့ ချင်ဖေးနဲ့ ချောင်မိဖုရားခေါင်တို့က အပေးအယူမျှမျှနဲ့ ဇွတ်ပြောနေကြပြီး သူမရဲ့အတိတ်က ရှက်ရွံ့စရာကောင်းတာတွေကို တမင်သက်သက် ဖော်ထုတ်နေကြတယ်လေ။
...
စူးကျောင်းရုံသည် မွန်းကြပ်လှသည့်ခံစားချက်ကို မျိုသိပ်ထားလိုက်ကာ အပြုံးဖြင့် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "ချဲ့ ဒီနေ့ ဂုဏ်ပြုစကား ပြောဆိုဖို့လာတာပါ။ နောက်တစ်ခုကတော့ မိဖုရားခေါင်မယ်မယ်ကို မေးချင်တာလဲရှိလို့ပါ။ အမိန့်တော်နဲ့ လက်ထပ်ခွင့် ပေးပြီးပြီဆိုတော့ နောက်ဆက်တွဲမင်္ဂလာပွဲကို ဘယ်လိုကျင်းပမလဲလို့ပေါ့"
ချင်ဖေးသည်လဲ ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်စိတ်ဝင်စားနေသဖြင့် ပြုံးကာချက်ချင်းဆိုသလို ထောက်ခံလိုက်လေသည်။ "ဟုတ်ပါတယ်။ ချဲ့လဲ ဒီကိစ္စကိုပဲ စဥ်းစားနေတာ။ လက်ထပ်ခွင့် အပ်နှင်းပြီးသွားပြီဆိုပေမဲ့ ရှိသင့်ရှိထိုက်တဲ့ စေ့စပ်ပွဲအဆင့်ဆင့်ကိုတော့ လစ်လျူရှုထားလို့ မရဘူးလေ"
ချောင်မိဖုရားခေါင်က အသာအယာ ခေါင်းညိမ့်ပြလိုက်ကာ "အကြီးဆုံးမင်းသားရဲ့ အရင်က အစဥ်အလာအတိုင်းပဲ ကျင်းပလိုက်ကြတာပေါ့"
ထိုအချိန်က အကြီးဆုံးမင်းသားသည် အရင်ဆုံး လက်ထပ်ခွင့်အမိန့်တော် ရရှိခဲ့ပြီးနောက် စေ့စပ်လက်ဆောင်များကို ပေးအပ်ကာ လက်ထပ်စာချုပ်ချုပ်ဆိုပြီး လက်ထပ်မဲ့ရက်ကို သတ်မှတ်လေသည်။ ထို့နောက်တွင်တော့ လျန်ရှီကို ကြိုဆိုကာလက်ထပ်ခဲ့၏။ သို့သော်ငြား ထိုကိစ္စများအားလုံးကို မုန့်ကွေ့ဖေးကသာ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မဟုတ်မှလွဲရော ချောင်မိဖုရားခေါင်က တတိယမင်းသားနဲ့ စတုတ္ထမင်းသားတို့ရဲ့ လက်ထပ်ပွဲကို သူတို့အပေါ်ပုံချလိုက်မှာတော့ မဟုတ်ပါဘူးနော်။
ချင်ဖေး၏စိတ်ထဲတွင် ကြိတ်ပြီးဝမ်းသာသွားတော့သည်။
ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ နှစ်သက်မှုကို ရရှိထားပြီး နန်းတော်အပြင်ဘက်တွင်လည်း ဖူယန်မြို့စားအိမ်တော်က အားပေးထောက်ခံလေသည်။ လူအင်အားရော ငွေအင်အားရောပါရှိသဖြင့် စေ့စပ်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်မည်မှာ သေချာသည်။
စူးကျောင်းရုံကတော့ အနည်းငယ် ပျာယာခပ်သွားတော့၏။
သူမသည် ချင်ဖေးနှင့် မယှဥ်နိုင်ချေ။ လက်ထဲတွင် ကိုယ်ပိုင်ငွေအနည်းငယ်သာရှိပြီး နန်းတော်အပြင်ဘက်တွင်လည်း အားကိုးစရာ မည်သူမှမရှိချေ။ ချောင်မိဖုရားခေါင်ကသာ ဂရုမစိုက်ဘဲ နေမည်ဆိုလျှင် သူမမှာ မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်နည်း။
စူးကျောင်းရုံသည် သူမ၏ဒေါသကို မထိန်းနိုင်တော့ဘဲ အလျင်စလို ပြောလိုက်တော့သည်။ "ချဲ့က စကားလုံးတွေကိုတောင်မှ နည်းနည်းလေးပဲ သိတာပါ။ ဒီကိစ္စတွေကို ဘယ်လိုလုပ်ပြီးတော့ သိနိုင်ပါ့မလဲ။ ချဲ့က အားဟောက်ရဲ့လက်ထပ်ပွဲကို မိဖုရားခေါင်မယ်မယ်က ပိုပြီးတော့ ဂရုစိုက်ပေးဖို့ တောင်းဆိုချင်လို့ပါ"
ချောင်မိဘုရားခေါင်ကတော့ ချက်ချင်းသဘောမတူလိုက်သော်ငြား ချင်ဖေးဘက်သို့ အရင်ဆုံး လှမ်းကြည့်လိုက်လေသည်။ ချင်ဖေးသည်လဲ စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး ချက်ချင်းဆိုသလို ထုတ်ပြောလာခဲ့၏။ "ဟုတ်ပါတယ်။ ချဲ့လဲ ဒီကိစ္စကြီးမျိုးကို တစ်ခါမှ မစဥ်းစားခဲ့ဖူးပါဘူး။ မိဖုရားခေါင်မယ်မယ်ကပဲ စီမံခန့်ခွဲပေးဖို့ တောင်းဆိုပါတယ်"
ချောင်မိဖုရားခေါင်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ "တတိယမင်းသားနဲ့ စတုတ္ထမင်းသားတို့က မင်းတို့တွေ မွေးထားတဲ့သားတွေဖြစ်သလို ပန်ကုံးရဲ့သားတွေဆိုလဲ ဟုတ်တာပဲလေ။ လက်ထပ်တာလို ကိစ္စကြီးတွေကိုတော့ ပန်ကုံးက ဘယ်လိုလုပ်ပြီး မေးမြန်းစုံစမ်းထားတာ မလုပ်ဘဲနေပါ့မလဲ။ မင်းတို့တွေ စိတ်အေးအေး ထားလိုက်ကြပါ!"
ချင်ဖေးနှင့် စူးကျောင်းရုံတို့သည် တပြိုင်တည်း ဦးညွှတ်လိုက်ကြပြီး အရိုအသေပေးကာ မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ကြောင်း ပြောကြားလေတော့သည်။
ချောင်မိဖုရားခေါင်၏မျက်လုံးများသည် ဖျတ်ခနဲ အရောင်လင်းလက်သွားပြီး သူမက နွေးထွေးစွာပြောလိုက်၏။ "ထကြပါ ပန်ကုံးက မိဖုရားခေါင်ပဲလေ။ ဒါတွေကလဲ ပန်ကုံးရဲ့တာဝန်ပါ။ ဘာဖြစ်လို့ မင်းတို့တွေက ကျေးဇူးတင်စရာလိုမှာလဲ"
လွန်ခဲ့သည့်၂နှစ်က အကြီးဆုံးမင်းသားသည် လက်ထပ်ခဲ့ပြီး ထိုလက်ထပ်ပွဲကိုလည်း မုန့်ကွေ့ဖေးက ယုံးကျားဧကရာဇ်၏ သဘောတူညီချက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ စီစဥ်ကျင်းပပေးခဲ့သည်။ ဒီကိစ္စသည်လည်း ချောင်မိဖုရားခေါင်ကို အတော်ပင် မျက်နှာပျက်စေခဲ့ရသည်။ ဤသည်မှာ ယုံးကျားဧကရာဇ်က သဘောတူခဲ့ခြင်းဖြစ်သဖြင့် သူမသည်လဲ ဘာမှမတတ်နိုင်ခဲ့ချေ။
ဒီတစ်ကြိမ်တွင်တော့ သူမသည် မိဖုရားခေါင်တစ်ပါး၏ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာကို တစ်ဦးတစ်ယောက်က လုယူသွားမည်ကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ချောင်မိဖုရားခေါင်ကလဲ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ဒီလောက် ပျော်စရာကောင်းတဲ့ မင်္ဂလာကိစ္စကြီးက နန်းတော်ထဲမှာလည်း ပျော်ပျော်ပါးပါး စည်စည်ကားကား ဆင်နွှဲသင့်တာပေါ့။ ပန်ကုံးအခုပဲ တော်ဝင်စားဖိုဆောင်ကို အမိန့်ပေးပြီး နန်းတွင်းစားသောက်ပွဲတစ်ခု ပြင်ဆင်ခိုင်းလိုက်မယ်"
ထို့နောက်တွင်တော့ သူမက ပြုံးရွှင်စွာဖြင့် ချင်ဖေးကို ပြောလိုက်လေသည်။ "မင်းကတော့ ပန်ကုံးရဲ့ကိုယ်စား ရှို့ယွင်နန်းဆောင်ကို တခါလောက်သွားပြီး မယ်တော်ကြီးကိုလည်း အတူတူလာပြီး ပျော်ပွဲရွှင်ပွဲဆင်နွှဲပေးဖို့ ဖိတ်ခေါ်လိုက်ပါအုံး"
ချင်ဖေးကလဲ ပြုံးကာဖြင့် ပြန်ဖြေလာခဲ့သည်။
စူးကျောင်းရုံသည် ဤသို့သောမျက်နှာသာပေးသည့် အလုပ်မျိုးတွင် ဘယ်တော့ကမှ အခွင့်အရေး မရခဲ့ချေ။
မယ်တော်ကြီးကျောက်က ချောင်မိဖုရားခေါင်ကိုပင် မနှစ်သက်လေရာ စူးကျောင်းရုံကဲ့သို့ ကချေသည်ဘဝက လာသည့်သူကိုတော့ ထည့်ပြောရန်ပင် မလိုပေ။
စူးကျောင်းရုံသည် ယနေ့တွင် စိတ်အခြေအနေ အလွန် ကောင်းမွန်နေသဖြင့် ထိုအသေးအဖွဲကိစ္စများကို စိတ်ထဲတွင် မထားတော့ပေ။
စူးကျောင်းရုံ၏အမြင်တွင်တော့ လုမင်ယွိသည် လက်စားချေဖို့ရန်အတွက် ဒုတိယမင်းသားကို ဆွဲထားခြင်းသာ ဖြစ်လိမ့်မည်။ ကံအားလျော်စွာ သူမသည် ခြေမြန်လက်မြန်ဖြင့် မုန့်ယွင်လော်ကို ချွေးမတော်အဖြစ် လုယူနိုင်လောက်အောင် ဉာဏ်ကောင်းခဲ့ပေသည်။
ဤစေ့စပ်ပွဲ ပြီးမြောက်သွားပါက ကွမ်းပင်းနယ်စားကို နန်းတော်အပြင်ဘက်တွင် ဆွဲဆောင်ထားနိုင်ပြီး နန်းတော်အတွင်းတွင်တော့ မုန့်ကွေ့ဖေးနှင့် ပူးပေါင်းနိုင်လိမ့်မည်။ သူမသည် လုမင်ယွိကို ထပ်မံကြောက်ရွံ့နေစရာ မလိုတော့ပေ။
...