အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အပိုင်း (၉၄) ကျေးဇူးတင်စကားပြောဆိုခြင်း
ဝမ်ဟွားခန်းမအတွင်းတွင် ...
ဒုတိယမင်းသား တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့သည် အတူတူရောက်လာကြပြီး တပြိုင်တည်း အရိုအသေပေးကြကာ ကျေးဇူးတင်စကား ပြောကြလေသည်။
"ဖုဟွမ်က သားတော်တို့ရဲ့ လက်ထပ်ပွဲအတွက် ပင်ပန်းခဲ့ရပါပြီ။ ဖုဟွမ်ရဲ့ စေတနာမေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်" ဒုတိယမင်းသားသည် မျက်မှောင်ကို ဖြေလျှော့ထားပြီး နွေဦးလေပြေကဲ့သို့ ပြုံးလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ဆန္ဒပြည့်ဝသွားသဖြင့် နွေဦးလေပြေကဲ့သို့ ပျော်ရွှင်နေသည့် ဒုတိယသားတော်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် ယခင်ကရှိခဲ့သည့် စိတ်အနှောက်အယှက် မကျေနပ်ချက်များသည် ယခုအခါတွင် ပျောက်ကွယ်သွားလေတော့သည်။ "ငါလဲ နောက်ဆုံးတော့ မင်းရဲ့အပြုံးမျက်နှာကို မြင်ရတော့မှာပဲ"
သားတွေအားလုံးက တကယ်တမ်းကြတော့ ကြွေးရှင်တွေပါပဲ။ ဖခင်တစ်ယောက်အနေနဲ့ သားတွေရဲ့လက်ထပ်ပွဲအတွက် စိတ်ပူပေးရတာကလဲ ကျိုးကြောင်းဆီလျော်ပါပေရဲ့။
ဒုတိယမင်းသားကလဲ ပြုံးပျော်စွာ ပြောလိုက်၏။ "ဖုဟွမ်က သားတော် ရယ်မောတာ မြင်ချင်တယ်ဆိုတော့ နောက်ပိုင်းကျရင် သားတော်က နေ့တိုင်း ဖုဟွမ်မြင်အောင် ပြုံးရယ်ပြပါမယ်"
ယုံးကျားဧကရာဇ်သည် သဘောကျသွားကာ ရယ်မောပြီး စိတ်ထဲတွင်တော့ ကြိတ်ပြီး သက်ပြင်းချလိုက်တော့၏။
ဒီကောင်စုတ်လေး> အရင်တုန်းက ငါ့ရှေ့မှာအမြဲတမ်း ရိုသေဟန်ဆောင်ပြီး မျက်နှာကို တင်းထားတာ။ အခုတော့ ဆန္ဒပြည့်ဝသွားမှပဲ သူ့အဖေရင်းဖြစ်တဲ့ငါ့ကို ပြုံးပြရဲတော့တယ်။
စတုတ္ထမင်းသား မျက်နှာတွင်ပျော်ရွှင်မှုတို့ ပြည့်နှက်နေလေသည်။ ဖုဟွမ်က သားတော်အတွက် လက်ဆက်ခွင့်အမိန့်တော် စောစောစီးစီး ချမှတ်ပေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"
ယုံးကျားဧကရာဇ်သည် ပြုံးရွှင်စွာဖြင့် စတုတ္ထမင်းသားကို စနောက်ကျီစယ်လိုက်၏။ "မင်း မလောပေမဲ့ မင်းရဲ့အဘွားတော်ကတော့ လောနေပြီ။ ငါ့ရှေ့မှာ အကြိမ်ပေါင်းများစွာ တိုက်တွန်းနေခဲ့တာ။ ငါလဲ စဉ်းစားကြည့်လိုက်တယ်လေ မင်းတို့ညီအစ်ကို သုံးယောက်စလုံးကို တခါတည်း လက်ဆက်ခွင့်ပေးလိုက်တာပဲ ကောင်းပါတယ်လို့ပေါ့"
မယ်တော်ကြီးကျောက်သည် မိဘအိမ်တော်ကို မျက်နှာသာပေးသည်မှာ တရက် နှစ်ရက် မဟုတ်တော့ပေ။
ချင်ရှီသည် မယ်တော်ကြီးကျောက်၏တူမတော် ဖြစ်သည်။ သူမသည် ကလေးဘဝကတည်းက မိခင်အရင်းကို ဆုံးရှုံးခဲ့ပြီး သူတစ်ပါးအိမ်တွင် မှီခိုနေထိုင်ခဲ့ရသည်။ မယ်တော်ကြီးကျောက်သည် ဤတူမတော်ကို သနားသဖြင့် သားတော်အတွက် မြတ်နိုးရသည့်ကိုယ်လုပ်တော်အဖြစ် လက်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
ယုံးကျားဧကရာဇ်က နဂါးပုလ္လင်ပေါ်ထိုင်ပြီးနောက်တွင် အတွင်းဆောင်မှ အမျိုးသမီးများသည် အဆင့်အတန်း အသီးသီးတိုးမြှင့်ခဲ့ကြရ၏။ ချင်ရှီသည် ချင်ဖေးဖြစ်လာပြီး ကိုယ်လုပ်တော်က မွေးသောသားမှာ စတုတ္ထမင်းသား ဖြစ်လာခဲ့သည်။ မယ်တော်ကြီးကျောက်၏ မျက်နှာသာပေးမှုဖြင့် စတုတ္ထမင်းသားသည်လဲ အချစ်ခင်ခံရဆုံးသူတစ်ဦး ဖြစ်လာခဲ့လေသည်။
မယ်တော်ကြီးကျောက်က စတုတ္ထမင်းသား၏ လက်ဆက်ပွဲကို အစောကြီးကတည်းက စီစဉ်ထားခဲ့ပြီးသားဖြစ်သည်။ မိဘအိမ်တော်မှ တူမတော် ကျောက်ယွီသည် စတုတ္ထမင်းသားထက် လအနည်းငယ်ကြီးပြီး အသက်အရွယ်ကလဲ သင့်တော်နေသဖြင့် ဒါကပိုပြီးရင်းနှီးစေမည့် မင်္ဂလာပွဲတစ်ခုပင် ဖြစ်လိမ့်မည်။
အတိတ်ကတော့ စတုတ္ထမင်းသားက အသက်ငယ်ရွယ်သေးသဖြင့် မယ်တော်ကြီးကျောက်က ဖွင့်ပြောဖို့ရန် မသင့်တော်ခဲ့ချေ။
ယခုနှစ်တွင် ယုံးကျားဧကရာဇ် မြို့တော်သို့ ပြန်ရောက်လာပြီးနောက် မယ်တော်ကြီးကျောက်သည် ၅ကြိမ်၆ကြိမ်ထက်မနည်း တိုက်တွန်းခဲ့လေသည်။ ယုံးကျားဧကရာဇ်သည် မိဘကို ရိုသေသည့်သားတစ်ယောက် ဖြစ်သည့်အပြင် ကျောက်ယွီသည်လဲ သူ့မျက်စိအောက်မှ ကြီးပြင်းလာခဲ့သူဖြစ်၏။ အနည်းငယ် တုံးအ,သည်ကလွဲလျှင် တခြားကြီးကြီးမားမား အပြစ်အနာအဆာများ မရှိချေ။ ယုံးကျားဧကရာဇ်သည် တော်ဝင်အမိန့်တော်ကို တပြိုင်တည်း ချမှတ်ပေးလိုက်တော့သည်။
စတုတ္ထမင်းသားကတော့ ဤမင်္ဂလာပွဲနှင့်ပတ်သက်ပြီး အလွန်ပျော်ရွှင်နေကာ မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်၏။ "ဒါဆိုရင် ကျွန်တော်က အာ့ကောနဲ့ စန်းကောတို့နဲ့အတူတူ လက်ထပ်ရမှာလား"
ယုံးကျားဧကရာဇ်ကလဲ အသံထွက်ကာ ရယ်မောလေတော့၏။ "ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းရဲ့အာ့ကောနဲ့ စန်းကောတို့က အလွန်ဆုံး နောက်ထပ်တစ်နှစ်ကြာမှ မင်္ဂလာဆောင်ကြမှာ။ မင်းကတော့ အနည်းဆုံး ၁နှစ်ခွဲလောက် စောင့်ရအုံးမယ်"
စတုတ္ထမင်းသားသည် တမင်တကာ စိတ်ပျက်သွားဟန် ပြုလုပ်ပြလိုက်ပြီး ယုံးကျားဧကရာဇ်ကလဲ လှိုက်လှိုက်လှဲလှဲ ရယ်မောတော့သည်။
ညီညွတ်မျှတလှသည့် အခြေအနေထဲတွင် တတိယမင်းသား လီဟောက်ကတော့ အထူးတလည် တိတ်ဆိတ်ငြိမ်သက် နေသယောင်ပင်။
ယုံးကျားဧကရာဇ်သည် သူ့အပြုံးကို ဖိနှိပ်ထားလိုက်ကာ ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ကို အရင်ဆုံး ပြောလိုက်၏။ "မင်းတို့နှစ်ယောက် အရင်ဆုံး ပြန်သွားလိုက်အုံး။ ငါ အားဟောက်နဲ့ သီးသန့်စကားပြောစရာရှိတယ်"
စတုတ္ထမင်သားသည်လဲ အခြေအနေကို သိသွားပြီး ဘာမှ ထပ်မမေးတော့ချေ။
ဒုတိယမင်းသားကတော့ ဘာမှမပြောဘဲ အနည်းငယ် ပြုံးပြရုံသာပြုံးပြလိုက်ပြီး လီဟောက်ကို လှမ်းကြည့်လိုက်လေသည်။
လီဟောက် "..."
လီဟောက်၏မျက်ဝန်းနက်နက်ထဲတွင် ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွား၏။ သူသည် အမှတ်တမဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကာ လုမင်ယွိ၏အေးစက်လှသည့်မျက်နှာနှင့် အကြင်နာမဲ့လှသည့် စကားများကလဲ သူ့စိတ်ထဲတွင် တဖျတ်ဖျတ်ပြန်ပေါ်လာပြီး သူ့ရင်ထဲက ဒေါသမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတော့သည်။
စိတ်ထဲတွင် အထီးကျန်မှုတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
ယုံးကျားဧကရာဇ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဒုတိယမင်းသားကို သတိပေးသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ဒုတိယမင်းသားကတော့ အေးအေးဆေးဆေး ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ နှုတ်ဆက်ထွက်သွားလေတော့သည်။ စတုတ္ထမင်းသားနှင့် ဒုတိယမင်းသားတို့သည် ဝမ်ဟွားခန်းမထဲမှ အတူတကွ ထွက်ခွာသွားကြတော့သည်။ စတုတ္ထမင်းသားက ဒုတိယမင်းသားအနားသို့ ကပ်လာကာ လေသံတိုးတိုးဖြင့် ရယ်မောပြီးပြောလိုက်၏။ "အာ့ကော ခုနတုန်းက ကျွန်တော် အစ်ကို့အတွက် ချွေးတောင်ပြန်သွားတယ်။ စန်းကောက ဒီကိစ္စကို လက်မခံနိုင်မှာ တကယ်စိုးရိမ်သွားခဲ့တာ ..."
ဒုတိယမင်းသားက မျက်ခုံးပင့်ပြလိုက်၏။
စတုတ္ထမင်းသားကလဲ အလွန်အကင်းပါးသူ ဖြစ်လေသည်။ ချက်ချင်းဆိုသလို သူ့လေသံကို ပြန်လျှော့ကာ ပြောလိုက်လေသည်။ "ဖုဟွမ်က အမိန့်တော် ထုတ်ပြန်ပြီးပြီဆိုတော့ မင်္ဂလာပွဲကလဲ ဆုံးဖြတ်ပြီးသွားပါပြီ။ တကယ်တော့ စန်းကောရဲ့မင်္ဂလာပွဲကလဲ တကယ်ကောင်းပါတယ်"
ဒုတိယမင်းသား၏မျက်ဝန်းများသည် ဖျတ်ခနဲ အရောင်လက်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ "ကွမ်းပင်နယ်စားရဲ့ သမီးအရင်းဆိုတော့ သေချာပေါက် ကောင်းတာပေါ့"
ဒါက စူးကျောင်းရုံ အပင်ပန်းခံပြီး တောင်းဆိုထားတဲ့ စေ့စပ်ပွဲပဲလေ။ နောက်ဆိုရင် ဒီသားမိနှစ်ယောက်ကို ဖြည်းဖြည်းချင်း အတွေ့အကြုံလေးတွေ ပေးရမယ်။
...
"အားဟောက် ဒီကို လာပါအုံး"
ယုံးကျားဧကရာဇ်က လေးနက်သည့်လေသံဖြင့် အမိန့်ပေးလိုက်သည်။
လီဟောက်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ယုံကျားဧကရာဇ်၏ ၆ပေအကွာတွင် ရပ်လိုက်လေသည်။
ယုံးကျားဧကရာဇ်က လီဟောက်၏ သေးသွယ်ချောမောလှသည့် မျက်နှာကို လှမ်းကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "ငါက မင်းကို မချစ်လို့ မဟုတ်ပါဘူး။ အဲဒီ့နေ့တုန်းက မင်းက စတုတ္ထသခင်မလေးလုနဲ့ လက်ထပ်ချင်တယ်လို့ တောင်းဆိုလာတယ်။ ငါကလဲ မင်းအတွက် ဝမ်းသာခဲ့ရပါတယ်"
"ဒါပေမဲ့ မင်းနဲ့ မင်းရဲ့အာ့ကောတို့က မိန်းကလေးတစ်ယောက်တည်းကို သဘောကျနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ"
"ရှင်းယန်ဝမ်ကလဲ အိမ်ပါသမက်ခေါ်မယ်ဆိုတဲ့ကိစ္စနဲ့ ငါ့ရဲ့မင်္ဂလာပွဲ ကမ်းလှမ်းတာကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့တာ။ ငါက မျက်နှာပျက်ရတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းတို့ညီအစ်ကိုနှစ်ယောက်က မိန်းကလေးတစ်ယောက်အတွက်နဲ့ အပြန်အလှန် ရန်ဖြစ်နေကြတာကို တွေ့ရတော့ ငါ တကယ်ဒေါသထွက်မိတယ်"
အဲဒီ့တုန်းက "အဲဒီတုန်းက ငါက မင်းတို့ညီအစ်ကို နှစ်ယောက်စလုံးကို ရိုက်နှက်ပြီး ဒဏ်ရာကို ပြန်လည်လည်ကုသခိုင်းပြီး ကိုယ့်ဟာကို ပြန်လည်သုံးသပ်ခိုင်းခဲ့တယ်။ မင်းအတွက် ဇနီးကောင်းတစ်ယောက် ရွေးချယ်ပေးဖို့ ငါကလဲ စဉ်းစားထားပြီးသားပါ။ မင်းရဲ့အာ့ကောက ငါ့ဆီကို ထပ်လာပြီး စတုတ္ထသခင်မလေးလုက ဒီမင်္ဂလာပွဲကို သဘောတူသွားပြီလို့ ပြောလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူးလေ"
"ငါလဲ ရှင်းယန်ဝမ်ကို မေးခဲ့ပါသေးတယ်။ ရှင်းယန်ဝမ်ကလဲ သဘောတူခဲ့တယ်။ ငါက ရှင်ဘုရင်တစ်ပါး အဖေတစ်ယောက် ဒီတော့ ငါကလဲသား ဖြစ်သူရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရမှာပေါ့။ ငါကိုယ်တိုင်လဲ မင်းအပေါ်မှာ တာဝန်မကျေခဲ့ဘူးလို့ ကိုယ့်ဟာကိုပြန်ပြီးတော့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။ စူးကျောင်းရုံက မင်းအတွက် ကွမ်းပင်းနယ်စားရဲ့သမီးအရင်းနဲ့ လက်ဆက်ပေးစေချင်တယ်လို့ ပြောလာတယ်။ ဒီလိုနဲ့ ငါလဲ သဘောတူပေးလိုက်တယ်"
"မုန့်အိမ်တော်ကသမီးက မင်း အပေါ်နစ်နာတာတွေ လုပ်ခဲ့လို့လား"
လီဟောက်သည် နှုတ်ခမ်းကို တင်းနေအောင်စေ့ထားပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ "မုန့်သခင်မလေးရဲ့ မိသားစုနောက်ခံရော ရုပ်ရည်သွင်ပြင်ကပါ အကောင်းဆုံးပါပဲ။ ဒီမင်္ဂလာပွဲက သားတော်ကို နည်းနည်းလေးမှ မနစ်နာစေပါဘူး"
ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာသည် ညိုမည်းသွားပြီး သူ့အသံသည်လဲ အနည်းငယ် အေးစက်သွားတော့သည်။ "မင်းက မင်းကို မနစ်နာစေရဘူးဆိုရင် ဒီလိုသေတော့မဲ့ပုံစံမျိုးကို ဘယ်သူ့ကို ပြနေတာလဲ"
လီဟောက်သည် ထိုအခိုက်အတန့်တွင် ပြောစရာစကား ဆွံ့အသွားတော့သည်။
ယုံးကျားဧကရာဇ်၏အသံက လီဟောက်၏နားထဲတွင် ထပ်ပြီးထွက်ပေါ်လာခဲ့သည်။ "ဒီနေ့ ငါက ဖခင်တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်အောင်လုပ်ပြီး မင်းကို ကောင်းကောင်းဆုံးမပေးရမယ်"
"စေ့စပ်ပွဲ မသတ်မှတ်ရသေးခင်မှာ မင်းမှာ ဒီလိုမျိုးစိတ်ရှိနေပြီး မင်းရဲ့အာ့ကောနဲ့ ဘယ်လိုပဲ ယှဥ်ပြိုင်ယှဥ်ပြိုင် ဒါက မင်းတို့ရဲ့ကိစ္စပဲ။ ငါက မျက်စိမှိတ်ထားပေးလို့ရတယ်။ အခု မင်းရဲ့အာ့ကောက ရှေ့ကို တစ်လှမ်းသာသွားပြီ။ လုမိသားစုကို သားအဖကလဲ ခေါင်းညိမ့်သဘောတူလာအောင် လုပ်ပြီးသွားပြီ"
"မင်း ရှုံးသွားပြီဆိုရင်လည်း အရှုံးကို ဝန်ခံရမှာပေါ့"
မဟုတ်ဘူး။ သူ ဒုတိယမင်းသားကို မရှုံးခဲ့ဘူး။
သူရှုံးသွားခဲ့တာက ... အဖြေထုတ်လို့မရနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။
လီဟောက်သည် ရင်ထဲတွင် အထီးကျန်စိတ်တစ်ခုကို ခံစားလိုက်ရပြီး အေးစက်စက် လေပြေညင်းကလဲ ရုတ်တရက် တိုက်ခတ်လာလေသည်။ သူ၏အတွင်းအင်္ဂါများသည် ထိုအေးစက်လှသည့်လေ၏ ဖြတ်သန်းတိုက်ခတ် ခံလိုက်ရပြီးနောက် အနွေးဓာတ်တစ်စုံတစ်ရာမှ မကျန်ရစ်ခဲ့ချေ။
ယုံးကျားဧကရာဇ်သည် သံမဏိသွေး ဧကရာဇ်တစ်ပါးဖြစ်ပြီး စစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ပြီးနောက် သေရေးရှင်ရေးကိစ္စများကိုလည်း မြင်တွေ့နေကြဖြစ်၏။ သူသည် စိတ်ကိုတင်းထားလိုက်ကာ သူ၏သားအရင်းကိုပင် အေးစက်ပြီး ပြတ်သားလှသည့် သဘောထားတစ်ခုဖြင့် ပြောလိုက်လေသည်။ "ဒီလိုမျိုး လူတကာ ရွံရှာစရာကောင်းတဲ့ ဝမ်းနည်းစရာရုပ်မျိုးကို ထပ်ပြီးမပြနဲ့တော့။ မဟုတ်ရင် ငါက မင်းကို အရင်ဆုံး အထင်သေးမိတဲ့သူ ဖြစ်လိမ့်မယ်"
လီဟောက်၏ မည်းနက်နေသည့် မျက်လုံးများသည် မှေးမှိန်သွားပြီး အားတင်းကာ ပြန်ဖြေလိုက်တော့သည်။ "ဖုဟွမ် ဆုံးမတာ မှန်ပါတယ်"
ယုံးကျားဧကရာဇ်ကတော့ နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ "နန်းတော်ထဲ နန်းတော်အပြင်မှာ မျက်လုံးဘယ်နှစ်လုံးက စောင့်ကြည့်နေမလဲမသိဘူး။ လက်ဆက်ခွင့်အမိန့်တော် ချမှတ်တာလို မင်္ဂလာကြီးကိစ္စတစ်ခုမှာ မင်းက ပြုံးနေတဲ့မျက်နှာတောင် မပြဘူး။ လူတိုင်းကို ဘာမှမမြင်တဲ့သူလို့များ မှတ်နေတာလား"
"ဒီမျက်နှာထားကို ချက်ချင်း သိမ်းထားလိုက်စမ်း။ ခဏနေကျရင် နန်းတွင်းစားသောက်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ သွားတက်ချည်။ ဒါမှလည်း မင်းက ဒီမင်္ဂလာပွဲအတွက် ပျော်ရွှင်နေတယ်ဆိုတာကို အားလုံးမြင်နိုင်မှာ"
"အထူးသဖြင့် မုန့်ကွေ့ဖေးပဲ။ သူက မုန့်ယွင်လော်ကို အမြဲတမ်း ချစ်ခင်မြတ်နိုးလာတာ။ မင်းရဲ့ဒီပုံစံကိုသာ သူ မြင်သွားရင် ဘယ်လိုလုပ်ပြီးတော့ စိတ်မဆိုးပဲနေမှာလဲ။ နောက်ကွယ်မှာ ကွမ်းပင်းနယ်စားကတော်ကို နည်းနည်းလောက် တီးတိုးပြောလိုက်ရင် မုန့်အိမ်တော်ရဲ့စိတ်ထဲမှာလည်း မကျေနပ်ချက်တွေဖြစ်လာပြီး လက်တောင် မထပ်ရသေးခင် စိတ်ဝမ်းကွဲတာတွေ ဖြစ်လာလိမ့်မယ်"
"မင်းလို ချင်တာ ဒါလား"
နောက်ဆုံးစကားသည် နားကွဲမတတ်ပင်။
လီဟောက်၏ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချလိုက်သည်နှင့် ပိုတူနေတော့သည်။
လီဟောက်၏ခန္ဓာကိုယ်သည် တစ်ချက်တုန်လှုပ်သွားပြီး သူ့မျက်လုံးများက ရုတ်တရက် တည်ငြိမ်ပြီး ကြည်လင်လာကာ လက်နှစ်ဖက်ကို ယှက်ပြီးပြောလာသည်။ "ဖုဟွမ် ပြောတာ မှန်ပါတယ်။ သားတော် ခေါင်းရှုပ်သွားပြီး အာ့ကောအပေါ် မကျေနပ်မှုလေး ဖြစ်ပေါ်လာမိတာပါ"
"ဖုဟွမ်က ဆုံးမပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သားတော် နားလည်သွားပါပြီ"
...
အပိုင်း (၉၅) နားလည်သဘောပေါက်ခြင်း
"မင်းတကယ်ပဲ သဘောပေါက်သွားပြီလား" ယုံးကျားဧကရာဇ်သည် မျက်လုံးထဲတွင် အရောင်တစ်ချက်လက်သွားပြီး ထပ်မံမေးမြန်းလိုက်၏။
လီဟောက်က ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ သူ့ကျောပြင်ကို မတ်ထားလိုက်ပြီး သူ၏ချောမောလှသည့်မျက်နှာတွင် ယခင်က အရှိန်အဝါများ ပြန်လည်ထွက်ပေါ်လာတော့သည်။ "ဟုတ်ကဲ့။ သားတော် နားလည်သဘောပေါက်သွားပါပြီ"
ကျွန်တော် နားလည်သွားပါပြီ။
ဒီလောကကြီးမှာ အမှန်အမှားဆိုတာ မရှိဘူး။ အနိုင်အရှုံးပဲ ရှိတယ်။
ကျွန်တော် နားလည်သွားပါပြီ။
ကျွန်တော်က လုံလောက်အောင် ခွန်အားမကြီးတဲ့အတွက် ကျွန်တော့်ချစ်ရတဲ့မိန်းကလေး လုယူခံလိုက်ရတယ်။ ဒေါသထွက်ခွင့်၊ မကျေနပ်ခွင့်တောင် မရှိခဲ့ဘူး။
ကျွန်တော် နားလည်သွားပါပြီ။
အမြင့်မြတ်ဆုံးအာဏာကို လက်ဝယ်ပိုင်ဆိုင်နိုင်မှသာ လိုချင်တဲ့အရာတိုင်းကို ရနိုင်မှာ။
အခုတော့ ခေါင်းငုံ့ပြီး အရှုံးပေးရုံပဲ တတ်နိုင်တယ်။
ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ကံကြမ္မာကို လက်ခံမှာ မဟုတ်ဘူး။ တနေ့ကြရင် နောက်ဆုံးအချိန်တစ်ခုမှာ လူသန်းပေါင်းများစွာရဲ့အထက်က နဂါးပုလ္လင်ပေါ်မှာ ထိုင်နိုင်လိမ့်မယ်။ အဲဒီ့အချိန်ကြရင် အားလုံးက ကျွန်တော့်ကို ဦးညွှတ်ရလိမ့်မယ်။
ကျွန်တော်လိုချင်တဲ့အရာတိုင်းကို ကိုယ်တိုင်ရယူရမယ်။ ဘယ်သူမှ တားမြစ်လို့ ရမှာမဟုတ်ဘူး။
ယုံးကျားဧကရာဇ်သည် လီဟောက်ကို ခဏလောက် သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ "ဟုတ်ပါပြီ။ မင်း အရင်ဆုံး ပြန်သွားလိုက်တော့"
လီဟောက်ကလဲ တရိုတသေ ပြန်ဖြေလိုက်ပြီးနောက် လှည့်ကာထွက်သွားတော့သည်။
ဝမ်ဟွားခန်းမမှ ထွက်ခွာလာပြီးနောက်တွင် စူးရှလှသည့် နေရောင်ခြည်သည် မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။
လီဟောက်သည် ခဏလောက် ရပ်တန့်လိုက်ပြီး ခေါင်းကိုမော့လိုက်၏။ နေရောင်ခြည်၏အနွေးဓာတ်ဖြင့် စိတိထဲက မှိုင်းညို့နေသည့်ခံစားချက်ကို ဆေးကြောဖယ်ရှားလိုက်သယောင်ပင်။ ခဏအကြာတွင် သူသည် ဖြည်းဖြည်း ချင်းဆက်လျှောက်လာခဲ့၏။
"စန်းကော"
စာသင်ဆောင်ဘက်ကလဲ သင်ခန်းစာများ ယခုလေးတင်မှ ပြီးဆုံးသွားပြီဖြစ်သည်။ ပဥ္စမမင်းသားလီချန်သည် အပေါ်ထပ် စာသင်ဆောင်မှနေ၍ လုံးလုံးတစ်တစ်ကလေး ပြေးဆင်းလာသည်တွင် လီဟောက်နှင့် တည့်တည့်တိုးသွားတော့သည်။
လီချန်သည် အလွန်ဝမ်းသာအားရဖြင့် အနားသို့ရောက်လာကာ ပြုံးပြီးပြောလိုက်၏။ "ဖုဟွမ်က လက်ဆက်ခွင့်အမိန့်တော် ချမှတ်လိုက်ပြီလို့ ကြားတယ်။ ဒါက တကယ်ပျော်စရာ ကိစ္စကြီးပဲ။ သခင်မလေးမုန့်က ကျွန်တော့်ရဲ့ စန်းစောင် ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး"
လီဟောက်၏နှုတ်ခမ်းပါးလေးသည် ကွေးတက်သွားပြီး ပြုံးပြလိုက်၏။ "မင်းလဲ မုန့်သခင်မလေးကို တွေ့ဖူးတာလား"
လီချန်က ပြုံးရွှင်စွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။ "ကွေ့ဖေးက မုန့်သခင်မလေးကို နန်းတော်ထဲ မကြာခဏ ဆင့်ခေါ်တတ်တယ်လေ။ ကျွန်တော်လဲ သူ့ကို အရင်ကတွေ့ဖူးတယ်။ မုန့်သခင်မလေးက စိတ်သဘောထား ကြင်နာတယ်။ မျိုးရိုးကလဲ ထူးချွန်တယ်။ လှလည်းလှတယ်။ စန်းကောက ဒီလောက်ကောင်းတဲ့ ဇနီးတစ်ယောက် ရထားတာ တကယ်ကောင်းတာပဲ"
ထို့နောက်တွင်တော့ သူက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့သဘောကတော့ မုန့်သခင်မလေးက လုမင်ယွိထက် အများကြီးပိုသာပါတယ်"
လီဟောက်သည် အနည်းငယ်ပြုံးလိုက်ပြီးနောက် ပုံမှန်အတိုင်း ပြန်ပြောလိုက်၏။ "သြော်? မင်းကရော စတုတ္ထသခင်မလေးလုနဲ့ တွေ့ခဲ့ဖူးလို့လား"
"ကျွန်တော် သူနဲ့ တခါလောက် တွေ့ဖူးတယ်" လီချန်သည် သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ကာ သူ့အသံထဲတွင်လည်း ဒေါသရိပ်တစ်ခု ပါဝင်လို့နေသည်။"အဲဒီ့နေ့တုန်းက သူ နန်းတော်ထဲကို အခစားဝင်တော့ မူချင်းကလဲ သူ့ကို တွေ့ခဲ့တယ်လေ။ ကျွန်တော် ယိဟွားနန်းဆောင်အပြင်ဘက်မှာ သူနဲ့တွေ့ ခဲ့တယ်။ ကျွန်တော်က ကောင်းကောင်းမွန်မွန်နဲ့ သူ့ကို နှုတ်ဆက်တာကို သူကတော့ ကျွန်တော့်ကိုတောင် လစ်လျူရှုထားလိုက်သေးတယ်လေ။ ဒီအတိုင်းပဲ ထွက်သွားခဲ့တာ"
"မဟုတ်ဘူး။ သူက ကျွန်တော့်ကို ဂရုမစိုက်တဲ့ပုံမျိုးမဟုတ်ဘူး ဒီအတိုင်း ကျွန်တော့်ကို ဒေါသထွက်နေတဲ့ အကြည့်တစ်ခုနဲ့ လှမ်းကြည့်လာတာ။ သူ့မျက်လုံးတွေကလဲ လူတစ်ယောက်ကို သတ်ချင်နေတဲ့ပုံစံမျိုးပဲ။ ကျွန်တော့မှာ လန့်ဖြန့်လွန်းလို့ ချွေးစေးတွေတောင် ပြန်သွားခဲ့တယ်"
လီဟောက်သည် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လီချန်ကိုကြည့်လိုက်၏။ "မင်းအရင်က သူ့ကို တခါမှမှ မတွေ့ဘူးဘဲနဲ့ သူက ဘာဖြစ်လို့ မင်းအပေါ် မကောင်းရမှာလဲ"
လီချန်ကလဲ လုံးဝကို မတရားသလို ခံစားလိုက်ရကာ ပြောလိုက်သည်။ "ကျွန်တော်လဲ ဘယ်လိုဖြစ်တာလဲ မသိဘူးလေ"
မူချင်းရော။ ဝူတိရော။ သူနဲ့ တခါမှ မတွေ့ခဲ့ကြဖူးပဲ။
သူက သူတို့တွေကို တကယ်ကို မုန်းတီးနေတာပဲ။
သူလဲ လျှို့ဝှက်ချက်ကို အခုထိ မသိရသေးဘူး။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ တနေ့ကျရင်တော့ သိလာမှာပါ။
-
လီဟောက်သည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ "ငါ အခု ယိဟွားနန်းဆောင်ကို သွားမလို့ မင်းလဲ အတူတူလိုက်ချင်လား"
လီချန်က ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။ "သွားမှာပေါ့။ သွားချင်တယ်။ ဒီနေ့ ဖုဟွမ်က စန်းကောအတွက် မင်္ဂလာပွဲအပ်နှင်းပေးခဲ့တာဆိုတော့ မူချင်းလဲ သေချာပေါက် အရမ်းပျော်နေမှာ။ ဒီနေ့ည နန်းတော်ထဲမှာလည်း စားသောက်ပွဲတစ်ခု ရှိတယ်။ နေ့လယ်စာကိုတော့ မူချင်းနဲ့အတူတူ စားမယ်လို့ ကျွန်တော် စဥ်းစားထားတာ"
ဝူတိမှာလဲ နည်းနည်းလေးတုံးအပေမဲ့ သူ့မှာလဲ အားသာချက်တွေ ရှိပါတယ်။ အမေဖြစ်သူကို ရိုသေတယ်။ အစ်ကိုဖြစ်သူရဲ့စကားကိုလည်း နားထောင်တယ်။
လီဟောက်၏မျက်လုံးများသည် အနည်းငယ် ပျော့ပျောင်းသွားပြီး သူက လက်လှမ်းလိုက်ကာ လီချန်၏ပုခုံးကို အသာအယာ လှမ်းပုတ်လိုက်၏။ ညီအစ်ကိုနှစ်ယောက်သည် ယိဟွားနန်းဆောင်သို့ အတူတူ သွားလိုက်လေသည်။
စူးကျောင်းရုံတစ်ယောက်ကတော့ သားတော်နှစ်ပါး အတူတူလာသည်ကို မြင်လိုက်ရသည်တွင် စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားပြီး မြန်မြန်ရှေ့သို့ လှမ်းလာကာ ကြိုဆိုလိုက်တော့သည်။ "မူချင်းလဲ အခုပဲ လူလွှတ်ပြီးတော့ မင်းကိုခေါ်ခိုင်းတော့မလို့"
‘မင်း’ဟူသည့်စကားမှာ လီဟောက်ကို ဆိုလိုခြင်းဖြစ်သည်မှာ သေချာလေသည်။
လီချန်ကတော့ ယခင်ကကဲ့သို့ပင် သဘာဝကျကျ လစ်လျူရှုခံလိုက်ရခြင်း ဖြစ်၏။
လီဟောက်က ပျော်ရွှင်မှုများဖြင့် ပြုံးပြနေသည့် အမေဖြစ်သူကို ကြည့်လိုက်ပြီး သူ၏အတွေးများသည်လဲ အပြန်ပြန်အလှန်လှန် လှုပ်ရှားသွားလာနေသော်ငြားလည်း သူကတော့ ဒီအတိုင်း ပြောလိုက်တော့၏။ "ဒီရက်ပိုင်း သားတော် မူချင်းရဲ့စကားကို နားမထောင်ဘဲ မူချင်းကို စိတ်ပူပန်စေခဲ့တဲ့အတွက် တကယ်ပဲ တာဝန်မကျေခဲ့ပါဘူး"
စူးကျောင်းရုံသည် ဤကဲ့သို့ နွေးထွေးပြီး ဂရုစိုက်သည့်စကားကို မကြားရသည်မှာ တော်တော်လေး ကြာမြင့်နေပြီဖြစ်၏။ သူမ၏ရင်ထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားပြီး မျက်လုံးများကလဲ နီရဲလာတော့သည်။ "အားဟောက် မူချင်းရဲ့ရင်ထဲမှာတော့ သားက ဇနီးကောင်းတစ်ယောက်ကို လက်ထပ်ပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို နေနိုင်ဖို့ပဲ မျှော်လင့်တာပါ။ မူချင်းတို့ သားအမိကြားမှာ နားလည်မှုလွဲတာ တစ်ချို့ရှိခဲ့ပေမဲ့လည်း မူချင်းက သားကို ဘယ်တော့မှ အပြစ်မတင်ပါဘူး"
လီဟောက်ကလဲ လေသံတိုးတိုးဖြင့် ပြောလာသည်။ "မူချင်းရဲ့စိတ်ကို သားတော် နားလည်ပါတယ်။ မူချင်း စိတ်ချပါ။ ကျွန်တော် သေသေချာချာ စဥ်းစားပြီးသွားပါပြီ။ နောက်ဆိုရင် လုမင်ယွိအကြောင်းကို ထပ်မပြောတော့ပါဘူး။ သူက ကျွန်တော့်ရဲ့ အာ့စောင် ဖြစ်လာလိမ့်မယ်။ ကျွန်တော့်ရဲ့ဇနီးကတော့ မုန့်အိမ်တော်ကသမီးပါ"
သိပ်ကောင်းတယ်!
ကောင်းပါတယ်။ သားလေးက နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီ။
စူးကျောင်းရုံသည် အလွန်ဝမ်းသာသွားပြီး လက်ကိုင်ပုဝါတစ်ထည်ဖြင့် သူမ၏မျက်လုံးထောင့်က မျက်ရည်များကို မြန်မြန်သုတ်ပစ်လိုက်လေသည်။ ထို့နောက်တွင်တော့ သူမက ပြုံးကာ ပြောလိုက်၏။ "ဒီလောက်မင်္ဂလာရှိတဲ့နေ့မှာ ဒီအကြောင်းတွေ မပြောကြရအောင်။ အခုပဲ လူလွှတ်ပြီးတော့ စားတော်ပွဲ ပြင်ဆင်ခိုင်းလိုက်မယ်"
လီဟောက်ကလဲ ပြုံးကာခေါင်းညိမ့်ပြလိုက်၏။
စူးကျောင်းရုံသည် လီဟောက်၏လက်မောင်းကို အမြတ်တနိုး လှမ်းကိုင်လိုက်ပြီးနောက် အတွင်းသို့ လျှောက်သွားတော့သည်။
လီချန်ကလဲ နှုတ်ဆိတ်စွာဖြင့် နောက်မှလိုက်ပါလာ၏။
-
ယခုအချိန်တွင် ဒုတိယမင်းသားသည် ကျောင်းဖန်နန်းဆောင်အတွင်းတွင် ချောင်မိဖရားခေါင်နှင့် နေ့လယ်စာသုံးဆောင်နေလေသည်။
ကိစ္စများအားလုံး ပြီးမြောက်သွားသဖြင့် ချောင်မိဖရားခေါင်၏ စိတ်ထဲတွင်လည်း အေးချမ်းသွားပြီဖြစ်၏။ သူမသည် လုမင်ယွိ၏ ဒေါသကြီးသည့် စိတ်နေသဘောထားနှင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အစွမ်းတို့ကို မစဥ်းစားမိအောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး အရာရာကို အကောင်းဘက်မှသာ စဥ်းစားလိုက်တော့သည်။
"အားကျင့် ရက်အနည်းငယ်လောက်နေရင် မူဟုပ်က လုအိမ်တော်ကို လက်ဖွဲ့ပစ္စည်းတွေ သွားပို့ခိုင်းလိုက်တော့မယ်။ လက်ထပ်စာချုပ်ကိုလဲ လက်မှတ်ထိုးမယ်။ ပြီးရင်တော့ မင်္ဂလာပွဲရက်ကို သတ်မှတ်နိုင်သလောက် မြန်မြန်သတ်မှတ်လိုက်မယ်"
ချောင်မိဖရားခေါင်က ပြုံးကာဖြင့်ပြောလိုက်၏။ "မင်းရဲ့ဖုဟွမ်က ယန်နဲ့ချူကို စစ်တိုက်ဖို့ စီစဥ်နေတယ်။ ဘယ်အချိန် မြို့တော်ကထွက်ခွာရမလဲဆိုတာ ပြောလို့မရဘူး။ မင်းအတွက် စောစောစီးစီး လက်ထပ်ပွဲကျင်းပပေးပြီး ချွေးမကို အိမ်တော်ကို ခေါ်လာနိုင်ရင် မူဟုပ်ရဲ့စိတ်ထဲက ဒီကိစ္စကြီးကလဲ လုံးဝပြီးမြောက်သွားမှာပဲ"
ဒုတိယမင်းသား၏မျက်လုံးများတော့ ပျော်ရွှင်မှုများဖြင့် တောက်ပလို့နေသည်။ "မူဟုပ် ပြောတာမှန်ပါတယ်" သူက ချောင်မိဖရားခေါင်အတွက် ဟင်းရည်တစ်ပန်းကန်ကို အရင်ဆုံး ထည့်ပေးလိုက်သည်။ "မူဟုပ် ပင်ပန်းခဲ့ရတဲ့အတွက် ဟင်းချို များများသောက်ပြီး ခန္ဓာကိုယ်ကို အားဖြည့်လိုက်ပါ"
သားဖြစ်သူက အလွန်ပျော်ရွှင်ဝမ်းမြောက်နေသဖြင့် နွေးနွေးထွေးထွေး စကားပြောဆိုနေသည်ကို နွေ့ရသည်တွင် ချောင်မိဖရားခေါင်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ "ဟုတ်ပါပြီ။ မူဟုပ်ရဲ့သားတော်က ထည့်ပေးတဲ့ဟင်းရည်က တကယ်ပဲ ထူးထူးခြားခြား အရသာ ရှိနေတော့မှာပဲ။ မူဟုပ်ကလဲ များများသောက်ပါမယ်"
သူမသာ အနည်းငယ် သဘောထားသေးသိမ်သည့်သူဆိုလျှင် ယခုအချိန်တွင် သားဖြစ်သူကို ဆူပူဆုံးမ နေလောက်ပြီဖြစ်သည်။ ဥပမာ လိုချင်တာမရတော့ နေ့တိုင်းမျက်နှာက စူပုတ်နေပြီး လိုချင်တာလဲရသွားရော အခုမှ ကောင်းကောင်းကန်းကန်း ပြောဆိုနေတော့တာပဲ" ဟူ၍။
ချောင်မိဖရားခေါင်သည် သူမ၏ကလေးများကို အချစ်ဆုံးဖြစ်လေသည်။ သားတော်ဖြစ်စေ သမီးတော်ဖြစ်စေ ငယ်စဥ်ကတည်းက အလိုလိုက်ပြီး ကြီးပြင်းလာခဲ့ကြသည်တွင် သူမက မည်သို့များ ပြောဆိုရက်ပါမည်နည်း။
ချောင်မိဖရားခေါင်က သားဖြစ်သူ ထည့်ပေးထားသည့် ဟင်းချိုရည်ကို ကြည်နူးစွာဖြ င့်သောက်သုံးလိုက်တော့သည်။
ဒုတိယမင်းသားကလဲ ချောင်မိဖရားခေါင်၏ အစားအသောက်များကို ကိုယ်တိုင်ကိုယ်ကျ ဝီရိယရှိရှိဖြင့် ပြုစုနေ၏။ ချောင်မိဖရားခေါင် ဗိုက်ပြည့်သွားပြီးမှသာ လေသံတိုးတိုးဖြင့် စကားနည်းနည်းပါးပါး ပြောလာသည်။
ချောင်မိဖရားခေါင်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ "ဒီနေ့ည နန်းတော်ထဲမှာ စားသောက်ပွဲကျင်းပပြီး မင်းနဲ့ တတိယမင်းသား၊ စတုတ္ထမင်းသားတို့ရဲ့ စေ့စပ်ပွဲအတွက် ဂုဏ်ပြုမှာလေ။ မင်းက မတက်ရောက်ဘူးဆိုရင်တော့ မသင့်တော်ဘူး!"
ဒုတိယမင်းသားက ချောင်မိဖရားခေါင်ကိုတွဲ ထူပေးလိုက်ပြီး အတွင်းခန်းသို့သွားကာ ထိုင်ခိုင်းလိုက်ပြီးမှ ကိုယ်တိုင် လက်ဖက်ရည်တစ်ခွက် ဆက်သကာ ချောင်မိဖရားခေါင်၏လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
သင်းပျံ့ပျံ လက်ဖက်ရည်နံ့လေးက ပါးစပ်ထဲသို့ ဝင်ရောက်လာသည်နှင့် ချောင်မိဖရားခေါင်၏ စိတ်နှလုံးသည်လဲ အနည်းငယ် ပျော့ပျောင်းသွားတော့သည်။
ဒုတိယမင်းသားကလဲ တစ်ဖန်လေသံတိုးတိုးဖြင့် တောင်းပန် တိုးလျှိုးတော့သည်။ "မူဟုပ်လည်း ငယ်ရွယ်တဲ့အချိန်ကို ဖြတ်သန်းခဲ့တာပဲလေ။ သားတော်ရဲ့ ဒီပြင်းပြတဲ့စိတ်ကို မူဟုပ်နား လည်ပေးနိုင်မှာပါ"
ချောင်မိဖရားခေါင်၏နှလုံးသားမှာ အနည်းငယ် ပိုပြီးပျော့ပျောင်းသွားကာ သူမကတော့ တွေဝေစွာဖြင့် ပြောလိုက်၏။ "မူဟုပ်က အရေးမကြီးပါဘူး။ မင်းရဲ့ဖုဟွမ်စိတ်ထဲမှာ မပျော်မရွှင် ဖြစ်သွားမှာကိုပဲ စိုးရိမ်မိတာ"
ဒုတိယမင်းသားသည် မျက်နှာကို ဖြေလျှော့ထားလိုက်ပြီး ပြုံးကာဖြင့် ပြောလိုက်၏။ "ဖုဟွမ်က စိတ်သဘောထားကြီးပါတယ်။ ဒီလိုအသေးအဖွဲကိစ္စတွေအတွက်နဲ့ ကျွန်တော့်ကို ဒေါသထွက်မှာ မဟုတ်ပါဘူး။ မူဟုပ်က မပျော်မရွှင် ဖြစ်မှာကိုပဲ ကျွန်တော်က စိုးရိမ်တာ"
ချောင်မိဖရားခေါင်သည် သဘောကျသွားပြီး ပြုံးကာဖြင့် ပြစ်တင်ပြောဆိုတော့၏။ "မင်းဟာလေ ဘယ်တုန်းက ဒီလောက်တောင် စကားချိုချိုလေးတွေ ပြောတတ်သွားတာလဲ။ ဟုတ်ပါပြီ။ တကယ်လို့ သွားချင်တယ်ဆိုရင်လည်း သွားလိုက်! မင်းရဲ့ဖုဟွမ် မေးလာရင် ငါ မင်းအတွက် ဖုံးကွယ်ထားပေးလိုက်မယ်"
ဒုတိယမင်းသားသည် တွန့်ချိုးနေသည့်မျက်မှောင်ကို ဖြေလျော့ထားလိုက်ကာ ပြုံးပြီးပြောလာတော့သည်။ "မူဟုပ်ကို ကျေးဇူးတင်ပါတယ်"
...
အပိုင်း (၉၆) မိသားစုညစာစားပွဲ
တဖြည်းဖြည်း မှောင်ရီပျိုးလာသည်နှင့်အမျှ လှပသည့်မြင်ကွင်းနှင့် ဆည်းဆာရောင်ခြည်တို့သည် ကောင်းကင်ယံတခွင် အနီရင့်ရင့်အရောင်ဖြင့် ဆေးဆိုးထားလေသည်။
ရှင်းယန်ဝမ်အိမ်တော် အပြင်ဘက်တွင် မြင်းလှည်းတစ်စီးသည် ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ လုဖေးသည် မြင်းပေါ်က ကျွမ်းကျင်စွာ ခုန်ဆင်းလိုက်ပြီး သူ၏စေ့စပ်ထားသူ ရှန်းလန်ကို မြင်းလှည်းပေါ်မှ ဆင်းနိုင်ရန် တံခါးကို ဂရုတစိုက်ဖွင့်ပေးလိုက်ကာ လက်ကမ်းပေးလိုက်လေသည်။ သူ၏လက်သည် ရှန်းလန်၏လက်ပေါ်သို့ ကျရောက်သွားချိန်တွင် ပူလောင်သည့်အငွေ့အသက်လေးက နူးညံ့ပါးလွှာသည့် နွေဦးဝတ်စုံကိုပင် ထွင်းဖောက်ဝင်ရောက်သွားသယော င်ထင်မှတ်ရ၏။
ရှန်းလန်၏မျက်နှာလှလှလေးသည် နီမြန်းသွားကာ သူမ၏သတို့သားလောင်းကို ရှက်ရွံ့စွာဖြင့် ခိုးကြည့်လိုက်လေသည်။
လုဖေးကတော့ သွားများပေါ်သည်အထိ ပြုံးကာ အသံတိတ် ရယ်မောလိုက်၏။
ဒီအရူးနှစ်ယောက်ကို ကြည့်စမ်းပါအုံး။
အိမ်တော်တံခါးမကြီးတွင် ရပ်စောင့်ကာ ကြိုဆိုနေသည့် လုမင်ယွိသည် အားပါပါ တစ်ချက်ချောင်းဟန့်လိုက်၏။ ထင်ထားသည့်အတိုင်းပင်။ ရှန်းလန်ကလဲ လန့်ဖြန့်သွားပြီး အမှတ်တမဲ့ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားတော့သည်။ မော့ကြည့်လိုက်ချိန်တွင်တော့ သူငယ်ချင်းဖြစ်သူ လုမင်ယွိ၏ နောက်ပြောင်ချင်နေသည့် အပြုံးလေးကို တွေ့လိုက်ရလေသည်။
ရှန်းလန်သည်လဲ ပြုံးကာ လုမင်ယွိကို မျက်စောင်းထိုးလေတော့၏။
လုမင်ယွိက ပြုံးကာ ရှေ့သို့တက်လာပြီး ရှန်းလန်၏လက်ကို လှမ်းတွဲလိုက်၏။ "ငါ့လို လူကောင်ကြီး တစ်ယောက်လုံး ဒီမှာရပ်နေတာကို ချောင်းသာမဟန့်လိုက်ရင် နင်က ငါ့ကို မြင်မှာတောင် မဟုတ်ဘူး"
ရှန်းလန်က နီရဲနေသည့်မျက်နှာဖြင့် ပြန်လည်ချေပတော့သည်။ "နင်ကတော့ ငါ့ကိုနောက်ဖို့ပဲ သိတယ်။ ဒုတိယမင်းသားနဲ့တွေ့ရင် နင်လဲ ဒီလိုပုံစံဖြစ်နေမှာပဲ မဟုတ်ဘူးလား"
လုမင်ယွိ "..."
ယနေ့တွင် မင်္ဂလာပွဲအပ်နှင်းသည့် တော်ဝင်အမိန့်တော် လုအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ ဒုတိယမင်းသားသည် သူမ၏စေ့စပ်ထားသည့် သတို့သားလောင်းတစ်ယောက် ဖြစ်လာခဲ့၏။ ရှန်းလန်က နောက်ပြောင်ကျီစယ်ခြင်းက ရှောင်လွှဲမရနိုင်သောကိစ္စပင်။ သူမအနေဖြင့် ပိုပြီးရှက်ရွံ့နေသလို ပြုမူသင့်သည် မဟုတ်ပါလား။
တော်ပါပြီလေ။ ရှက်သွေးဖြာနေတဲ့ ပုံစံမျိုးကတော့ ငါ့အတွက် တကယ်ခက်ခဲလွန်းတယ်။
သို့နှင့် လုမင်ယွိကတော့ အသံထွက်ကာ ရယ်မောလိုက်တော့၏။ "ဒုတိယမင်းသားက ဒီနေ့ည လာမှာမှ မဟုတ်တာ"
ထိုစကားကလဲ အမှန်ပင်။ ရှန်းလန်သည် နောက်ပြောင်ကျီစယ်လိုက်ပြီးနောက် လုမင်ယွိနှင့်အတူ တရင်းတနှီး လက်ချင်းချိတ်ကာ လုအိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့၏။
လုဖေးသည် လုမင်ယွိက သူ့သတို့သမီးလောင်းလေးကို လက်ချိတ်ထားသည်ကို လှမ်းကြည့်ရင်း စိတ်ထဲတွင်တော့ တိတ်တိတ်လေး တွေးနေမိတော့သည်။ နောက်ထပ် တစ်လ၊ နှစ်လလောက်ပဲ စောင့်လိုက်ပါ။ ရှန်းလန်ကို ပေါ်ပေါ်တင်တင် လက်ချင်းချိတ်နိုင်မဲ့သူက သူပဲ ဖြစ်လာလိမ့်မယ်။
သူ မနာလိုမဖြစ်ပါဘူး!
လုံးဝသဘောထား မသေးဘူး!
လုမင်ယွိကလဲ နောက်စေ့တွင် မျက်လုံးများပါနေသည့်အလား မြန်မြန်နောက်သို့ လှမ်းကြည့်လိုက်လေသည်။ ထိုအခိုက်တွင် လုဖေး၏ မသိမ်းဆည်းထားနိုင်ခဲ့သည့် မနာလိုဖြစ်နေသည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် သူမက ရယ်မောကာ ပြောလိုက်တော့၏။
"အာ့ကော ငါက အာ့ကောရဲ့လက်ထဲက ရှန်းကျဲကျဲကို လုယူသွားတော့ အခု ငါ့ကို ရိုက်ချင်နေပြီ မဟုတ်လား"
လုဖေးကလဲ ဝန်ခံမည်မဟုတ်ပေ။ "မဟုတ်တာပဲ"
လုမင်ယွိကတော့ ပြုံးကာကျီစယ်လိုက်၏။ "ဟုတ်တယ်ဆိုရင်လည်း သည်းခံလိုက်ပါ။ ရှန်းကျဲကျဲက အိမ်တော်ကို ရောက်လာရင် ငါက လုချင်ရင်တောင် လုလို့ရတော့မှာ မဟုတ်ဘူး။ အာ့ကော နောက်ထပ် တစ်လ၊ နှစ်လလောက်ပဲ သည်းခံလိုက်ပါ!"
လုဖေးမှာ ဆို့နစ်သွားသည့်ရုပ် ဖြစ်သွားလေတော့သည်။ ရှန်းလန်သည်လဲ အလွန်သဘောကျသွားပြီး ခန္ဓာကိုယ်လေးကို လှုပ်ရှားကာ ရယ်မောလေတော့သည်။
...
ခဏအကြာတွင် လုမင်ဖန်းနှင့် ကျန်းကျုံးတို့ ဇနီးမောင်နှံသည်လဲ သားနှစ်ယောက်ဖြစ်သည့် သာ့ပေါင်နှင့်ရှော င်းပေါင်တို့ကိုခေါ်ကာ လုအိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ဇနီးမောင်နှံနှစ်ဦးက ဂုဏ်ပြုစကား မပြောရသေးခင်မှာပင် သန်မာပြီး တက်ကြွလှသည့်သာ့ပေါင်က ပြေးထွက်လာကာ လုမင်ယွိကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြီးနောက် ခပ်သြသြအသံလေးဖြင့် အော်ဟစ်ကာ ပြောလိုက်၏။ "စစ်ယီ စစ်ယီက ဒုတိယမင်းသားနဲ့ လက်ထပ်မှာကို သားမလိုချင်ဘူး"
လုမင်ယွိမှာ အံ့အားသင့်သွားကာ ရယ်မောလိုက်ပြီး သာ့ပေါင်၏ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်၏။ "ဘာဖြစ်လို့လဲ။ သားက ဒုတိယမင်းသားကို မကြိုက်လို့လား"
သာ့ပေါင်က သူ၏စစ်ယီကို တင်းကြပ်စွာပွေ့ဖက်ထားရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "စစ်ယီက ဘယ်သူနဲ့မှ လက်မထပ်ပါနဲ့။ သားကြီးလာရင် စစ်ယီကို ဇနီးအဖြစ်လက်ထပ်မှာ"
အားလုံးကလဲ တသောသောဖြင့် ရယ်မောကြလေတော့သည်။
ရှောင်းပေါင်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ အပြေးအလွှား ရောက်လာပြီး လုမင်ယွိ၏ ကျန်သည့်လက်တစ်ဖက်ကို ပွေ့ဖက်ထားလိုက်ကာ "သားက စစ်ယီကို လက်ထပ်မှာ"
ညီအစ်ကိုနှစ်ယောက် ၏စိတ်ထဲတွင်တော့ ခွန်းအားကြီးပြီး သိုင်းပညာကျွမ်းကျင်ကာ မြှားပစ်၊ သစ်ပင်တက် ကျွမ်းကျင်သည့် စတုတ္ထသခင်မလေးလုသည် လောကထဲတွင် ချစ်စဖွယ်အကောင်းဆုံး မိန်းကလေး ဖြစ်နေသည်ပင်။ ဒီလောက်တော်သည့် စစ်ယီကို တခြားသူနှင့် မည်သို့ လက်ထပ်ခွင့် ပြုနိုင်ပါမည်နည်း။ သူတို့ညီအစ်ကိုကြီး ပြင်းလာသည်အထိ စောင့်သင့်သည် မဟုတ်ပါလား။
ကလေးများ၏ အပြစ်ကင်းစင်သည့် စကားများကြောင့် လူတိုင်းမှာ ဗိုက်နှိပ်ကာ ရယ်မောကြလေတော့သည်။
လုမင်ယွိသည်လဲ အရယ်မရပ်နိုင်ဖြစ်နေပြီး ရှောင်းပေါင်၏ ခေါင်းလေးကို ပွတ်သပ်ကာ ချော့မော့လိုက်တော့၏။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ စစ်ယီက ဘယ်သူနဲ့မှ လက်မထပ်တော့ဘူးနော်။ ရှောင်းပေါင်ကြီးလာရင် စစ်ယီက ရှောင်းပေါင်ရဲ့ဇနီးလေး လုပ်မယ်"
သာ့ပေါင်ကလဲ မကျေမနပ်ဖြစ်သွားကာ "ရှောင်းပေါင်က ဇနီးဆိုတာ ဘာမှန်းတောင် မသိသေးဘူး။ စစ်ယီက သားကိုလက်ထပ်ရမှာ"
လုမင်ယွိကလဲ ပြုံးကာမေးလိုက်၏။ "သာ့ပေါင်က ဇနီးယူတယ်ဆိုတာ ဘာလဲသိလို့လား"
သာ့ပေါင်သည် ဂုဏ်ယူစွာဖြင့် ရင်ကိုကော့ကာ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။ "သိတာပေါ့။ ဖေဖေနဲ့ မေမေလိုပဲ ညတိုင်း အိပ်ယာတစ်ခုတည်းထဲမှာ အတူတူအိပ် ... အ! "
အမေဖြစ်သူ လုမင်ဖန်းမှာ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ရှေ့သို့တိုးကာ သူမ၏အဆော့သန်လှသည့်သား ဖြစ်သူ၏နားရွက်ကို ဆွဲလိမ်လိုက်တော့သည်။ "နောက်တခါ ပေါက်ကရ ပြောရဲရင် ပြောကြည့်စမ်း။ မင်းကို ရိုက်ပစ်မယ်!"
လုမင်ဖန်းသည် ယဥ်ကျေးသိမ်မွေ့ဟန် ရှိသော်ငြားလည်း သူမ၏သိုင်းပညာကတော့ တော်တော်လေး ကောင်းမွန်လေသည်။ တကယ်တမ်း လက်ပါလာလျှင် သက်တော်စောင့် သုံး၊ လေးယောက်ပေါင်းလျှင်ပင် သူမကို ယှဥ်နိုင်မည် မဟုတ်ချေ။ သူမ၏ခွန်အားမှာလည်း မသေးလှဘဲ သားနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီဖြင့် ဆွဲခေါ်လာခဲ့တော့၏။
သားများကို အလိုလိုက်ဆုံးဖြစ်သည့် ကျန်းကျုံးကလဲ အလောတကြီး ရှေ့သို့တက်လာကာ ကလေးများကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်တော့သည်။
ရယ်မောသံများကြောင့် ပတ်ဝန်းကျင်သည် ပိုပြီး စည်ကားလာလေတော့သည်။
လုမင်ဖန်းက လုမင်ယွိ၏လက်ကို ဆုပ်ကိုင်ရင်း သေသေချာချာလေး ကြည့်ရှုလိုက်ပြီးမှ ကျေနပ်သွားသည့်အပြုံးဖြင့် ပြောလာခဲ့သည်။ "တော်ဝင်အမိန့်နဲ့ မင်္ဂလာပွဲအပ်နှင်းခံရတာက တကယ်ဂုဏ်ယူစရာပဲ။ ငါ နင့်အတွက် တကယ်ဝမ်းသာပါတယ်"
ဒီလက်ထပ်ပွဲက တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံတယ်လေ။
တိုက်ရိုက်ဆက်ခံ သူတစ်ယောက်ဖြစ်တဲ့ ဒုတိယမင်းသားမှာ မျိုးရိုးမြင့်အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားတယ်။ ချောမောခံ့ညားတာကလဲ ပြိုင်စံရှားပဲ။ ပိုပြီးတော့ ရှားပါးတာက ဒုတိယမင်းသားက လုမင်ယွိကို လက်ထပ်ဖို့ စိတ်ရင်းနဲ့အဆိုပြုခဲ့တာလေ။ ဒီစိတ်ရင်းတစ်ခုနဲ့တင် လုမင်ဖန်းကလဲ လုမင်ယွိအတွက် ဝမ်းသာပေးရတာပေါ့။
လုမင်ယွိကလဲ အသာအယာ ပြုံးလိုက်ကာ "ဟုတ်တယ်။ ငါလဲ စိတ်ထဲမှာ တကယ်ဝမ်းသာပါတယ်"
ဒီအခိုက်အတန့်တွင် လုမိသားစု၏ တတိယသမက်လောင်း ကျိုးလီသည်လဲ ရောက်ရှိလာခဲ့သည်။
ကျိုးလီသည် ဟန်လင်းကျောင်းတော်တွင် ပညာသင်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ရုံးဆင်းသည်နှင့်ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်၏။ လုအိမ်တော်သို့ ရောက်လာချိန်တွင် အားလုံးက ပျော်ပျော်ရွှင်ရွှင် စကားပြောဆို ရယ်မောနေကြသည်ကို တွေ့လိုက်ရ၏။
ကျိုးလီက အပြုံးတစ်ခုဖြင့် ရှေ့သို့တက်လာကာ လက်နှစ်ဖက်ကိုယှက်ပြီး လုမင်ယွိကို နှုတ်ဆက်လိုက်သည်။ "စတုတ္ထသခင်မလေးလု ပျော်ရွှင်စရာမင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်"
ကျိုးလီသည် လုအိမ်တော်သို့ မကြာခဏ ရောက်လာတတ်ပြီး ရက်ခြားဆိုသလို အလည်အပတ် လာတတ်သည်။ သူသည် လုမိသားစုက မောင်နှမများနှင့် ရင်းနှီးပြီးသားဖြစ်၏။ သူက သူတို့တွေကိုလဲ သာ့ကျဲ၊ အာ့ကော၊ ဝူမေ့၊ လျို့တိဟူ၍ မျက်နှာပြောင်ပြောင်ဖြင့်ပင် ခေါ်ဝေါ်လေ့ရှိသေးသည်။
သို့သော်ငြား လုမင်ယွိ၏ရှေ့သို့ ရောက်လာပြီး ထက်မြက်တောက်ပပြီး အေးစက်တည် ငြိမ်သည့်မျက်ဝန်းတစ်စုံကို ရင်ဆိုင်လိုက်ရချိန်တွင်တော့ "စစ်မေ့" ဟူသည့် အခေါ်အဝေါ်သည် သူ၏နှုတ်မှ ထွက်ကျလာခြင်း မရှိတော့ချေ...
စိတ်ခံစားချက် ကောင်းမွန်နေသောကြောင့် ဖြစ်လိမ့်မည်။ လုမင်ယွိကလဲ ယခင်နေ့များထက် အများကြီး ပိုပြီးနူးညံ့သိမ်မွေ့နေကာ ကျိုးလီကို ပြုံးပြလိုက်၏။ "ကျေးဇူးတင်ပါတယ် စန်းကျဲဖူ"
ကျိုးလီသည် ချက်ချင်းပင် မျက်နှာသာပေးခံလိုက်ရသဖြင့် မျက်ရည်များပင် ဝဲတက်လာတော့မတတ် ဖြစ်သွားတော့၏။
မျက်နှာပြောင်ပြောင်နဲ့ အကြိမ်ပေါင်းများစွာ ရောက်လာခဲ့ပြီးမှ အချိန်တိုင်းမှာလည်း မျက်နှာချိုသွေးပြီး ပြုံးပြခဲ့ပြီးတဲ့နောက်ဆုံးမှာတော့ အနာဂတ်ခယ်မလေးရဲ့အပြုံးကိုရရှိခဲ့ပြီလေ။
သူ့အတွက် လွယ်ကူလှသည်တော့ မဟုတ်ပါလား။
သားသမီးများ စုံလင်စွာရှိနေသည်ကို မြင်ရသဖြင့် လုလင်း၏စိတ်သည်လဲ အလွန်ကြည်လင်နေကာ ပြုံးရယ်ကာဖြင့် ပြောလာသည်။ "ဒီနေ့ တော်ဝင်အမိန့်တော်အရ ရှောင်ယွိအတွက် လက်ထပ်ပွဲအပ်နှင်းပေးတဲ့ နေ့ကောင်းလေးတစ်ခုပဲ။ ငါတို့မိသားစုတွေလဲ ကောင်းကောင်းမွန်မွန် ပျော်ပွဲရွှင်ပွဲလေး လုပ်ကြရအောင်"
"ဒီနေ့ညတော့ ယောက်ျားမိန်းမ ခွဲမထိုင်ကြတော့ဘူး။ စားပွဲဝိုင်း အကြီးကြီးတစ်ခုထဲမှာပဲ မိသားစုတစ်စု တစ်စည်းထဲထိုင်ကြမယ်။ ဒါမှ ပိုပြီးတော့ စည်းစည်းကားကားနဲ့ ရင်းနှီးမှာ"
သားသမီးများကလဲ တစ်ညီတစ်ညွှတ် ထောက်ခံလိုက်ကြပြီး လုလင်းကို ဝန်းရံကာ ထမင်းစားခန်းသို့ သွားခဲ့ကြလေသည်။
လုမိသားစု၏ထမင်းစားခန်းသည် အလွန်ကျယ်ဝန်းပြီး စားပွဲ ငါးဝိုင်း၊ ခြောက်ဝိုင်းလောက် ခင်းကျင်းနိုင်သည်အထိ ကျယ်ဝန်းလှသည်။ ယနေ့ညတွင်တော့ အမှန်တကယ်ပင် စားပွဲဝိုင်းကြီးတစ်ခုထဲကို ခင်းကျင်းထားကာ အစေခံမလေးများက သစ်သီး၊ မုန့်ပဲသရေစာနှင့် လက်ဖက်ရည်များကိုလည်း ရွှင်လန်းတက်ကြွစွာဖြင့် တည်ခင်းဧည့်ခံပေးကြသည်။
လုမင်ယွိက မုန့်တစ်ဖဲ့ကိုယူပြီး တစ်ကိုက်ကိုက်လိုက်ပြီးနောက် မျိုချရန် ပြင်နေချိန်မှာပင် အိမ်တော်ထိန်းလုကျားသည် ဝမ်းသာအားရမျက်နှာဖြင့် အလောတကြီး ဝင်လာကာ "သခင်ကြီး လျှောက်တင်ပါတယ်။ ဒုတိယမင်းသား ကြွရောက်လာပါတယ်"
လုမင်ယွိ "..."
အားလုံး "..."
လုမင်ယွိသည် ပါးစပ်ထဲကမုန့်မှာ သီးမလိုပင် ဖြစ်သွားပြီး ချောင်းတစ်ချက်ဆိုးကာ မုန့်ကို မျိုချလိုက်တော့သည်။
လုလင်းကလဲ ချက်ချင်းဆိုသလို သတိဝင်လာပြီး ပြုံးကာဖြင့် ပြောလိုက်၏။ "အိမ်တော်တံခါးမကြီးကို မြန်မြန်ဖွင့်ပြီးတော့ ကြိုဆိုလိုက်"
မင်္ဂလာပွဲအပ်နှင်းသည့်အမိန့်တော် ရောက်ရှိလာပြီဖြစ်သဖြင့် ဒုတိယမင်းသားသည် သမက်လောင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။ လုအိမ်တော်၏ မိသားစုညစာစားပွဲကို တက်ရောက်ခြင်းကလဲ အထူးအဆန်းကိစ္စ မဟုတ်ပေ။
လုမင်ဖန်းနှင့် တခြားသူများကလဲ တပြိုင်တည်း ထောက်ခံလိုက်ကြသည်။ လုမင်ယွိကတော့ သူ့ကို တားဆီးရန်လဲ အကြောင်းမရှိချေ။ သူမက နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အဖေဖြစ်သူနှင့်အတူ တံခါးမကြီးဆီသို့ လိုက်ထွက်လာတော့သည်။
တံခါးမကြီးကို ဖွင့်ထားပြီး စင်္ကြန်အောက်တွင်ချိတ်ဆွဲထားသည့် မီးပုံးများကလဲ ညင်သာစွာ ယိမ်းနွဲ့လို့နေသည်။
စိမ်းပြာရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်လေးတစ်ယောက်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရပ်လို့နေ၏။ ထိုမျက်ဝန်းနက်နက်များထဲတွင် မက်မွန်ပန်းလေးများ ပွင့်လန်းနေသကဲ့သို့ပင်။
လုမင်ယွိသည် ခံစားချက်များ ရောထွေးကာ အဝေးမှနေ၍ ထိုလူငယ်လေးကို ကြည့်နေမိသည်။
လူငယ်လေးသည် လက်နှစ်ဖက်ကိုယှက်ကာ သိမ်မွေ့ပြီး သာယာငြိမ့်ညောင်းလှသည့် အသံတစ်ခုဖြင့် နှုတ်ဆက်လာခဲ့၏။ "ဒီနေ့ည လုအိမ်တော်ရဲ့ မိသားစုညစာစားပွဲကို ကျွန်တော် ရုတ်တရက် ရောက်လာတဲ့အတွက် ယွဲ့ဖု (ယောက္ခမတော်) စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
လုမင်ယွိ "..."
အားလုံး "..."
...