အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အပိုင်း (၉၇) ယောက္ခထီးနှင့် သမက်လောင်း
လက်တောင်မထပ်ရသေးဘဲနဲ့ ဘာယွဲ့ဖုလဲ။
လုမင်ယွိသည် မနေနိုင်ဘဲ လီကျင့်ကို မျက်စောင်းထိုးလိုက်တော့၏။
လီကျင့်ကတော့ လုံးဝ အလေးအနက်မထားဘဲ နွေဦးလေပြေလေးကဲ့သို့ နူးညံ့စွာ ပြုံးနေဆဲပင်။
တစ်ဖက်တွင်တော့ လုမင်ဖန်းတို့ မောင်နှမများသည် လီကျင့်၏ ချောမောခံ့ညားလှသည့် ရုပ်ရည်ကြောင့် တခါ မှင်သက်အံ့သြသွားခဲ့ကြပြီး သူ၏ ထိုမျှလောက် နွေးထွေးပျူငှာသည့် အမူအရာကို မြင်တွေ့သွားသောအခါ လုမင်ယွိအတွက် အတိုင်းမသိအောင် ဝမ်းသာသွားကြလေတော့သည်။
လုလင်းကတော့ အသံထွက်ကာ ရယ်မောလိုက်ပြီး သူ့သမက်လောင်းလေးကို ပိုလို့ပင် အမြင်ကြည်လင်သွားလေတော့သည်။
သို့သော်ငြား ယဥ်ကျေးရမည့် နေရာတွင်တော့ ယဥ်ကျေးရပေအုံးမည်။ "လက်မထပ်ရသေးပဲနဲ့ အရှင်မင်းသား အခေါ်အဝေါ် ပြောင်းတာ နည်းနည်းလေး စောလွန်းနေပါပြီ"
လီကျင့်ကတော့ ပြုံးကာ ပြောလာခဲ့သည်။ "စောစောဖြစ်ဖြစ် နောက်ကျမှပဲဖြစ်ဖြစ် ပြောင်းလဲခေါ်ဆိုရမှာပဲလေ။ နည်းနည်းစောတော့လည်း ဘာမှမဖြစ်ပါဘူး။ ယွဲ့ဖုကသာ အခေါ်အဝေါ် ပြောင်းတဲ့အတွက် လက်ဆောင်တစ်ခု ချီးမြှင့်ပေးမယ်ဆိုရင်တော့ ကျွန်တော်ကလဲ ငြင်းဆန်မှာ မဟုတ်ပါဘူး"
ထိုစကားက နှစ်လိုဖွယ်ကောင်းသလို ရင်းနှီးမှုကိုလဲ ပြသနေ၏။
လုလင်းသည် မည်သည့်အခါမှ စည်းကမ်းတင်းကြပ်သည့် လူတစ်တစ်ယောက် မဟုတ်ချေ။ သူ၏သမက်လောင်းလျာလေးက သူနှင့် ပိုပြီးရင်းနှီးလာသည်ကို တွေ့ရသည့်အခါ ပိုလို့ပင် ဝမ်းသာနေမိသည်။ သူကလဲ ရွှင်ရွှင်လန်းလန်း ပြုံးကာဖြင့် ပြောလိုက်၏။ "ကောင်းပြီလေ အခုချက်ချင်းပဲ လက်ဆောင် အကြီးကြီးတစ်ခု ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
အားလုံးကလဲ အတူတူ ရယ်မောလိုက်ကြလေသည်။
လုမင်ယွိ "..."
ဟုတ်နေပါပြီ။ အားလုံးက ဒီလောက်တောင် ပျော်နေကြတာဆိုတော့ သူမတစ်ယောက်တည်း မျက်နှာကြီး စူပုတ်နေလို့လည်း မကောင်းတော့ဘူး။
လုမင်ယွိခမျာ အင်တင်တင်ဖြင့် အားတင်းကာ ပြုံးရလေတော့သည်။
လီကျင့်သည် ထိုအဖြစ်ကို မျက်လုံးထဲတွင် မြင်တွေ့လိုက်ရပြီး စိတ်ထဲတွင် ကြိတ်ပြီးပြုံးမိတော့သည်။
စတုတ္ထသခင်မလေးလုကို ဟန်ဆောင် အပြုံးပြုံးအောင် လုပ်နိုင်ခြင်းက သာမန်လူတစ်ယောက် လုပ်နိုင်စွမ်းသည့်ကိစ္စ မဟုတ်ပေ။
လီကျင့်သည် လူတိုင်း၏ကြိုဆိုမှုအောက်တွင် ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ လုမင်ယွိနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်၏။ လုမင်ယွိ၏စိတ်ထဲတွင် ထူးထူးဆန်းဆန်း တစ်ခုခုတော့ လွဲနေသည်ဟု ထင်နေမိသည်။ သို့သော်ငြား ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံရချိန်တွင် သူမသည် ဘယ်တုန်းကမှ အရှုံးမပေးခဲ့ဖူးချေ။ အလိုလို တုံ့ပြန်အမူအရ ပြန်ပြီးစိုက်ကြည့်လိုက်လေသည်။
လီကျင့်သည်လဲ သူမ၏တက်ကြွနေသည့်ပုံစံကို အလွန်သဘောကျဟန်တူပြီး တစ်ဖန် ပြုံးရယ်လိုက်တော့၏။
အပြုံးတစ်ခုသည် သူ၏မျက်ခုံးများကြားတွင် ခုန်ပေါက်နေပြီး သူ၏မျက်ဝန်းများထဲတွင်လည်း စမ်းရေလေး စီးဆင်းနေသကဲ့သို့ပင်။ မျက်နှာအတွင်းသို့ ပျံ့နှံ့လာသည့် ရိုးသားလှသော ပျော်ရွှင်မှုသည် အလွန်အမင်း ကူးစက်နိုင်စွမ်းရှိလေသည်။
လုမင်ယွိသည် စိတ်ထဲတွင် ပျော့ပျောင်းသွားပြီး ဘာမှမပြောဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပေးလိုက်တော့၏။ လီကျင့်ကလဲ ချက်ချင်းဆိုသလို လုမင်ယွိ၏ဘေးတွင် ဝင်ရပ်လိုက်တော့သည်။
လုမင်ဖန်းနှင့် တခြားသူများကတော့ တိတ်တိတ်ကလေး မျက်စပစ်ပြကာ ခိုးပြီးရယ်နေကြတော့သည်။
လုလင်းကတော့ ထိုအဖြစ်ကို မမြင်ချင် ဟန်ဆောင်ထားလိုက်ပြီး ရှေ့က ဦးဆောင်လာခဲ့လိုက်၏။ ချက်ချင်းဆိုသလို လုမင်ဖန်းနှင့် တခြားသူများကလဲ နောက်မှ လိုက်ပါလာခဲ့ကြ၏။ အားလုံးက တမင်တကာဖြစ်စေ မတော်တဆဖြစ်စေ ခြေလှမ်းများကို အနည်းငယ် အရှိန်မြှင့်လိုက်ကြလေသည်။
လီကျင့်ကတော့ အလွန်ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
လုမင်ယွိကလဲ လျှောက်နေသည့်ခြေလှမ်းများကို အရှိန်လျှော့လိုက်ရပြီး လီကျင့်နှင့် ဘေးချင်းယှဥ်ကာ လျှောက်လာရလေသည်။
အချိန်ကလဲ မည်းမှောင်နေပြီဖြစ်ပြီး အေးမြမြ ညလေညင်းလေးသည် မျက်နှာကို လာရောက်တိုက်ခတ်သည်တွင် လုမင်ယွိ၏ဆံနွယ်တစ်စသည် လွင့်ပျံသွားတော့၏။ ကံဆိုးချင်တော့ ထိုဆံနွယ်တစ်စသည် လီကျင့်၏မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။
လုမင်ယွိလဲ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားကာ လက်ဖြင့်ဆံနွယ်များကို ပြန်လည်သပ်တင်ကာ နားနောက်တွင် ညှပ်ထားလိုက်လေသည်။
သူမသည် လီကျင့်က အနည်းငယ် မကျေမနပ်ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း လှည့်ကြည့်လိုက်ချိန်တွင် လီကျင့်၏ ပန်းရောင်သမ်းနေသော နူးညံ့သည့်မျက်ဝန်းတစ်စုံကို တွေလိုက်ရလေသည်။
"ရှင် နန်းတော်ထဲမှာမနေဘဲ ဘာဖြစ်လို့ လုအိမ်တော်ကို ရောက်လာတာလဲ" လုမင်ယွိက လေသံတိုးတိုးဖြင့် မေးလိုက်၏။
လီကျင့်ကလဲ အလိုက်သင့်ပင် တိုးတိုးလေး ပြန်ဖြေလာသည်။ "မင်းကို တွေ့ချင်လို့လာခဲ့တာပေါ့"
ရိုးရှင်းသည့် စကားလုံးလေး အနည်းငယ်မျှသာ ဖြစ်သော်ငြားလည်း ချိုမြိန်သည့် စကားလုံးများနှင့် ထာဝရချစ်ခြင်းမေတ္တာနှင့် ပတ်သက်သည့် ကတိစကားများထက်ပင် သာလွန်နေသေးသည်။
မင်းကို တွေ့ချင်လို့ ဒီကိုရောက်လာခဲ့တာ။ နန်းတော်ထဲမှာလည်း နန်းတော်စားပွဲတစ်ခု ရှိတယ်။ တော်ဝင်မိသားစုတွေ စုံစုံညီညီ တက်ရောက်ကြတယ်။ ဒါပေမဲ့ ကိုယ်ကတော့ မင်းကို သတိရလို့ လုအိမ်တော်ကို လာခဲ့တာ။
လုမင်ယွိ၏စိတ်ထဲတွင် အမည်မဖော်နိုင်သည့် လှိုင်းဂယက်လေးတစ်ခု ဖြစ်ပေါ်သွားလေတော့သည်။ သူမက လီကျင့်၏အင်္ကျီကို လှမ်းဆွဲလိုက်ကာ ရန်လိုစွာဖြင့် မေးလိုက်၏။ "ကျွန်မ ရှင့်ကို သတ်ခဲ့တာလေ။ ရှင်က ကျွန်မကို မသတ်ဘဲနဲ့ ဘာဖြစ်လို့ အဲဒီ့လို ကြက်သီးထစရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာလဲ"
ကံဆိုးချင်တော့ သူမသည် ထိုအကြောင်းကို စိတ်ထဲတွင်သာ တွေးတောနိုင်လေသည်။
ဘယ်လောက်ပဲ အသိတရားမဲ့နေပါစေ ဒီလိုကိစ္စမျိုးကိုတော့လည်း လုပ်နိုင်မှာ မဟုတ်ဘူးလေ။ သူ့အပေါ် တင်ထားတဲ့အကြွေးတွေကို ကျန်တဲ့တဘဝလုံး ဖြည်းဖြည်းချင်းစီ ပြန်ပြီးတော့ဆပ်ရမှာပေါ့။ အကြွေးရှင်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ်ပြီးတော့ ခေါင်းမော့ပြီး ရပ်နိုင်မှာလဲ။
လီကျင့်သည် လုမင်ယွိ၏ ကူကယ်ရာမဲ့သွားသည့် အဖြစ်လေးကို ဖျတ်ခနဲ သတိထားမိသွားဟန်တူသည်။
သူက စကားဆက်မပြောတော့ဘဲ ဖြည်းဖြည်းလေးနှင့် တိတ်ဆိတ်စွာ ဆက်လျှောက်လာခဲ့သည်။ နန်းတော် ညစာစားပွဲကို တမင်တကာ စွန့်လွှတ်ကာ လုအိမ်တော်သို့ ရောက်လာခဲ့ရခြင်းမှာ သူမနှင့်အတူ ဒီခရီးလေးကို ယှဥ်တွဲလျှောက်ဖို့ရန်အတွက်သာ ဖြစ်သည့်အလားပင်။
...
လုအိမ်တော်၏မိသားစု ညစာစားပွဲတွင် လုလင်းသည် အငြင်းပွားစရာမရှိဘဲ အကြီးအကဲနေရာတွင် ထိုင်ရပေမည်။
သူသည် ဒုတိယမင်းသားကို အကြီးအကဲနေရာတွ င်ထိုင်ရန် ဖိတ်ခေါ်ချင်သော်ငြားလည်း ဒုတိယမင်းသားကတော့ ခေါင်းမာမာဖြ င့်ငြင်းဆန်ခဲ့၏။ "ကျွန်တော်က ဒီနေ့လု အိမ်တော်ကို သမက်လောင်းအဖြစ်နဲ့ ရောက်လာတာပါ။ ယွဲ့ဖုရဲ့ အထက်နေရာမှာ ဘယ်လိုလုပ်ပြီးတော့ ထိုင်လို့ဖြစ်ပါ့မလဲ။ ယွဲ့ဖုကို အကြီးအကဲနေရာမှာထိုင်ဖို့ တောင်းဆိုပါတယ်"
ယွဲ့ဖုဟု တစ်ခွန်းပြီးတစ်ခွန်း ခေါ်နေသဖြင့် လုလင်း၏စိတ်ထဲတွင် အလွန်ကျေနပ် အားရနေတော့သည်။
လုမင်ဖန်းနှင့် ကျန်းကျုံးတို့ကလဲ အတူတူ ထိုင်လိုက်ကြပြီး သားနှစ်ယောက်ဖြစ်သည့် သာ့ပေါင်နှင့် ရှောင်းပေါင်တို့သည်လည်း မိဘများ၏ပေါင်ပေါ်တွင် အသီးသီး ထိုင်လိုက်ကြသည်။ လုဖေးနှင့် ရှန်းလန်တို့သည်လဲ အတူယှဥ်တွဲကာ ထိုင်နေကြပြီး ကျိုးလီ၏ဘေးတွင်တော့ နူးညံ့ညင်သာသည့် လုမင်ဟွားက ရှိနေသည်။
ထို့ကြောင့် လီကျင့်သည်လဲ သဘာဝကျကျပင် လုမင်ယွိ၏ဘေး၌ ဝင်ထိုင်လိုက်တော့၏။
လုရွှမ်းသည် စုံတွဲများကို ကြည့်ရင်း အလွန်အားကျနေတော့သည်။ "ကျွန်တော်ကရော ဘယ်တော့မှ ဇနီးတစ်ယောက် လောက်ရမှာလဲ!"
လုမင်ယွဲ့က ပြုံးကာ မျက်စောင်းထိုးလိုက်ပြိး "နင်က အသက်ဘယ်လောက် ရှိသေးလို့ ဇနီးယူဖို့ ဒီလောက်တောင်လောနေတာလဲ။ အနည်းဆုံး ၅နှစ်၊ ၆နှစ်လောက်တော့ စောင့်ရအုံးမှာ"
လုရွှမ်းက ပြုံးစိစိဖြင့် ပြန်ပြောလိုက်လေသည်။ "ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဝူကျဲလက်ထပ်ပြီးမှ ကျွန်တော့်အလှည့် ရောက်မှာပေါ့"
လုမင်ယွဲ့သည် အသက်၁၂နှစ်သာရှိသေးပြီး အချစ်ကို စတင်ခံစားရမည့်အရွယ်ပင် မရောက်သေးချေ။ ထိမ်းမြားလက်ထပ်ခြင်းအကြောင်း ပြောလိုက်သည့်အခါတွင် အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ ပြောင်ပြကာ ပြောလေသည်။ "နင်ကတော့ ဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပေါ့!"
အားလုံးကလဲ တပြိုင်တည်းရယ်မောလိုက်ကြ၏။
လုအိမ်တော်၏ မိသားစုညစာစားပွဲသည် ပေါ့ပေါ့ပါးပါးလေးနှင့် စည်ကားသိုက်မြိုက်လှလေသည်။ မိသားစုများသည် အလွန်ရင်းနှီးချစ်ခင်ကြကာ ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု ရှိနေသည်ကို ပြသလို့နေ၏။
ဘေးတွင်ထိုင်နေသည့်မိန်းကလေးသည် အစကအနည်း ငယ်တင်းမာပြီး သတိလေးဖြင့်ရှိနေ၏။ မသိလိုက်မသိဘာသာပင် သူမသည် ပေါ့ပါးသွားပြီး မျက်ဝန်းထောင့်နှင့် မျက်ခွံအစွန်းလေးများတွင် အပြုံးရိပ်လေး ပေါ်ထွက်လာကာ မျက်နှာပေါ်တွင်လည်း အပြုံးများ စွန်းထင်းလို့နေ၏။ မျက်ဝန်းများထဲတွင်လည်း အလင်းရောင်များ တောက်ပနေတော့သည်။
လီကျင့်က သူမကို တိတ်တိတ်လေး ငေးကြည့်နေမိပြီး သူ၏ရင်ထဲတွင် နူးညံ့သည့်ခံစားချက်လေးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
လုမင်ယွိ၏ ဒီလိုပုံစံကို သူတစ်ခါမှ မမြင်ဖူးသလောက်ပဲ။
သူ ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့အရာက တအားကြံ့ခိုင်ပြီး မာနကြီးတဲ့ လုမိဖုရားခေါင်ပဲ။
ချစ်ရတဲ့ယောက်ျားရဲ့ သစ္စာဖောက်ခံလိုက်ရတော့ သူ့နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်မတတ် နာကျင်ခံစားရပေမဲ့ မျက်ရည်လေးတစ်စက်တောင် မကျခဲ့ဘူး။ မယ်တော်ကြီးစူးနဲ့ စူးကွေ့ဖေးတို့နှစ်ယောက်က စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ပရိယာယ်တွေနဲ့ သူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တဲ့အခါမှာလည်း သူကတော့ အေးက်စက်ပြုံးပြီး ပြန်တုံ့ပြန်ခဲ့တယ်။ စိတ်ဓာတ်ယုတ်ညံ့တဲ့လီချန်က သူ့ကို ညစ်ညမ်းတဲ့နည်းလမ်းတွေနဲ့ စော်ကားဖို့ ကြိုးစားတဲ့အခါမှာလည်း သူကတော့ တိတ်တိတ်လေး အားအင်စုစည်းပြီး လီချန်ကို တစ်ချက်တည်းနဲ့ ကန်ပစ်ခဲ့တယ်။
အဆိပ်သင့်ပြီး သေလုမျောပါး ဖြစ်နေတဲ့အချိန်မှာတောင် သူက မယ်တော်ကြီးစူးကို ဓားနဲ့ထိုးသတ်ပြီးမှ ဂုဏ်ယူစွာနဲ့ အသက်စွန့်သွားခဲ့တာ။
သူ့ရဲ့ခေါင်းမာပြီး မာနကြီးတဲ့ပုံစံကို သူ မြင်ဖူးခဲ့တယ်။ သူ့ရဲ့တယူသန်ပြီး အေးစက်ခက်ထန်တဲ့ပုံစံကိုလည်း မြင်ခဲ့ဖူးတယ်။ တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်မှာ ဘယ်သူမှ မသိတဲ့နောင်တနှင့် ဝမ်းနည်းမှုတွေကိုတောင် သူ မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ မျက်ဝန်းတွေထဲမှာ အပြုံးတွေနဲ့ ပေါ့ပါးပျော်ရွှင်နေတဲ့သူ့ကိုတော့ တခါမှ မမြင်ခဲ့ဖူးဘူး။
လုမင်ယွိသည် ရုတ်တရက် ခေါင်းကိုအလှည့်တွင် သူမ၏မျက်ဝန်းများတွင် မပျယ်သေးသည့်အပြုံးရိပ်များ ရှိနေလေသည်။ "ရှင် ကျွန်မကို ဘာဖြစ်လို့ ဒီလောက်တောင် စိုက်ကြည့်နေတာလဲ"
ဘာဖြစ်လို့လဲဆိုတော့ မင်းက ဒီလိုပုံစံနဲ့ အရမ်းလှလို့လေ။
လီကျင့်ကတော့ ပြုံးရုံသာပြုံးပြီး အကြည့်ကို ရုတ်သိမ်းလိုက်တော့သည်။
လူအများရှေ့မှာပင် သူသာ မဖွယ်မရာစကားဆိုမိပါက လုမင်ယွိ၏စိတ်နေစိတ်ထားအရ ဒေါသထွက်ဖို့ သေချာသလောက်ပင်။ သူသည် ယနေ့တွင် လုအိမ်တော်၏တံခါးကို ကျော်ဖြတ်နိုင်ခဲ့ပြီး သူမ၏ဘေးတွင် ထိုင်ခွင့်ရခဲ့သည်။
ယခင်ကထက်စာလျှင် ခြေလှမ်းအကြီးကြီးတစ်ခု တိုးနိုင်ခဲ့ပြီဖြစ်၏။
သူသည် နည်းနည်းလေးမှ အလျင်မလိုဘဲ သူ့တွင်လည်း သည်းခံနိုင်စွမ်းနှင့် အချိန်များစွာ ရှိနေသေးသည်။
...
လီကျင့်သည် အလွန်စိတ်ပျော်ရွှင်နေသော်ငြား ကျန်းသာ့ပေါင်နှင့် ကျန်းရှောင်းပေါင်တို့ကတော့ စိတ်အခြေအနေ သိပ်မကောင်းလှပေ။ လုမင်ဖန်းနှင့် လုမင်ယွိတို့သည် တူတူထိုင်နေကြပြီး ညီအစ်ကိုနှစ်ယောက်က မိဘများ၏ပေါင်ပေါ်တွင် ထိုင်နေကြကာ လှည့်ကြည့်လိုက်သည်နှင့် လီကျင့်ကို မြင်နေရလေသည်။
ညီအစ်ကိုနှစ်ယောက်သည် လေးနက်နေသည့် မျက်နှာထားများဖြင့် သူတို့၏အနာဂတ် စတုတ္ထဦးလေးအလောင်းအလျာကို ကြည့်နေကြတော့သည်။
လီကျင့်ကလဲ ဆိုးဆိုးညစ်ညစ် မျက်လုံးအကြည့်များဖြင့် ကြည့်နေကြသည့် ထိုကလေးနှစ်ယောက်ကို အစောကြီးကတည်းက သတိထားမိပြီးသားပင်။
"မင်းတို့နှစ်ယောက်ကို ကျန်းသာ့ပေါင်နဲ့ ကျန်းရှောင်းပေါင်လို့ ခေါ်တာလား" လီကျင့်သည် ပြုံးကာဖြင့် ညီအစ်ကိုနှစ်ယောက်ကို စနောက်လိုက်၏။
ကျန်းရှောင်းပေါင်ကတော့ စကားမပီသသော်ငြားလည်း ကျန်းသာ့ပေါင်သည် စကားပြောရာတွင် အလွန်ပီသလေသည်။ "ကျွန်တော်တို့နာမည်ကို ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"
လီကျင့်က မျက်ခုံးပင့်ပြလိုက်ကာ ပြုံးလိုက်သည်။ "မင်းတို့နာမည်တွေကို သိရုံတင်မကဘူး။ မင်းတို့က မင်းတို့ရဲ့စစ်ယီကို အရမ်းချစ်တယ်ဆိုတာကိုလည်း သိထားတယ်။ မင်းတို့နှစ်ယောက်က မင်းတို့ရဲ့ အနာဂတ်စစ်ယီဖု (စတုတ္ထဦးလေး)ကို တွေ့လိုက်ရတော့ မပျော်ဘူးလေ ဟုတ်တယ်မလား"
ကျန်းရှောင်းပေါင်သည် မှင်သက်အံ့သြသွားပြီး စိတ်ရှုပ်ထွေးသွားကာ လုံးဝ နားမလည်တော့ချေ။
ကျန်းသာ့ပေါင်ကတော့ နားလည်သွားပြီး ချက်ချင်းဆိုသလို လွှတ်ခနဲ ထုတ်ပြောလိုက်လေသည်။ "ဟုတ်တယ်။ ကျွန်တော်နဲ့ စစ်ယီက သဘောတူထားပြီးသား။ ကျွန်တော် ကြီးလာရင် စစ်ယီကို ဇနီးအဖြစ် လက်ထပ်မယ်လို့လေ။ စစ်ယီက ကျွန်တော့်ကို စောစောကတည်းက သဘောတူထားပြီးသား"
လီကျင့် "..."
...
အပိုင်း (၉၈) ညစာစားပွဲ
လုမင်ယွိသည် နှုတ်ခမ်းထောင့်များကို ကွေးညွှတ်ထားလိုက်လေသည်။
လီကျင့်ကတော့ တလေးတနက်ဖြင့် ပြောလိုက်၏။ "သာ့ပေါင် မင်းက ဒီတစ်နှစ်၄နှစ် မင်းရဲ့စစ်ယီက မင်းထက်၁၁နှစ်ကြီးတယ်။ မင်း ဇနီးယူနိုင်တဲ့အရွယ်ရောက်ဖို့ အနည်းဆုံး ၁၂နှစ်လောက် လိုသေးတယ်။ အဲဒီ့အချိန်ကြရင် မင်းရဲ့စစ်ယီက အသက်၃၀နီးပါး ဖြစ်နေပြီ။ မင်းက နုပျိုလှပတဲ့ဇနီး လေးကို မလိုချင်ဘူးလား"
ကျန်းသာ့ပေါင်သည် လက်ချိုးရေတွက်နေသော်ငြားလည်း ၃၀ဆိုသည်မှာ မည်မျှကြီးသည်ကို နားမလည်နိုင်ဘဲ လူကြီးတစ်ယောက်ကဲ့သို့ သက်ပြင်းချလိုက်ကာ "ကောင်းပြီလေ! ကျွန်တော်က စစ်ယီကို မင်းဆီ ပေးလိုက်ပါမယ်"
လုမင်ယွိသည် ကြားရသည်မှာ စိတ်တိုချင်စရာကောင်းသလို ရယ်လဲရယ်ချင်နေသဖြင့် တူဖြစ်သူကို မျက်စောင်းထိုးကာ ပြောလိုက်တော့၏။ "ပုံမှန်ဆိုရင် စစ်ယီကို အချစ်ဆုံးလို့ပြောပြီးတော့ အခုကျတော့ ငါ့ကို လိမ်နေတာပဲ"
ကျန်းသာ့ပေါင်သည် ကူကယ်ရာမဲ့စွာ သူ၏ပြည့်ဖောင်းဖောင်း လက်ကလေးကို ဖြန့်ပြလိုက်ပြီး "သားက ဒုတိယမင်းသားနဲ့ ယှဥ်နိုင်မှာမှ မဟုတ်တာ။ ဘယ်လိုလုပ်ရမှာလဲ"
လူအုပ်ကြီးက တဝါးဝါးဖြင့် ရယ်မောလေတော့သည်။
လုမင်ဖန်းက ကျန်းသာ့ပေါင်၏နားကို ဆွဲလိမ်လိုက်ကာ ပါးစပ်ပိတ်ခိုင်းလေတော့သည်။ ကျန်းသာ့ပေါင်မှာ မကျေမနပ်နှင့် စကားဆက်ပြောချင်နေသေး၏။ ကျန်းကျုံးက ချက်ချင်းဆိုသလို ဆူဖြိုးနေသည့် ကြက်ပေါင်တစ်ချောင်းကိုယူကာ သူ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေတော့သည်။
ဝိုး! မွှေးလိုက်တာ!
ကျန်းသာ့ပေါင်၏အာရုံသည် ချက်ချင်းဆိုသလို ကြက်ပေါင်ဆီသို့ ရောက်သွားပြီး အရသာရှိရှိဖြင့် စတင်ကိုက်စားလေတော့သည်။
အားလုံးကလဲ တစ်ဖန် ရယ်မောလိုက်ကြတော့၏။
စားပွဲဝိုင်းက အငွေ့အသက်လေးသည် ပေါ့ပါးပျော်ရွှင်ဖွယ်ကောင်းပြီး မကြာမှီတွင် ယောက်ျားများသည် အရက်ခွက်များကို အပြန်အလှန် တိုက်ကြလေတော့သည်။
လုလင်းသည် အရက်သောက်ခြင်းကို အကြိုက်ဆုံးဖြစ်၏။ စစ်စခန်းထဲတွင်ပင် အရက်ကောင်းများကို သူ၏တဲထဲ၌ ခိုးဝှက်ထားလေ့ရှိသည်။ ယနေ့ညတွင် သားသမီးများ စုံလင်စွာရှိနေပြီး ချွေးမလောင်းလျာလေးနှင့် သမက်လောင်းလျာလေးတို့ကို ကြည့်လိုက်လျှင် တစ်ယောက်ထက်တစ်ယောက် ပိုပြီးထူးချွန်ကြလေသည်။
လုလင်းသည် အလွန်ကျေနပ်အားရသွားပြီး အရက်သောက်ချင်စိတ်ကလဲ ပြင်းပြနေတော့သည်။
လီကျင့်ကတော့ ပြုံးရုံသာပြုံးလိုက်ပြီး အရက်ခွက်ကိုမြှောက်ကာ ယောက္ခထီးလောင်းကို အရိုအသေပေးလိုက်တော့သည်။
လုလင်းကလဲ ပြုံးကာဖြင့် ပြောလိုက်၏။ "ကျုပ် ဒီတစ်ခွက် သောက်လိုက်မယ်။ အရှင်မင်းသားကတော့ နည်းနည်းလေး သောက်လဲ ဘာမှမဖြစ်ပါဘူး"
လီကျင့်၏ အရက်သောက်နိုင်စွမ်းသည် သာမန်မျှသာဖြစ်သော်ငြားလည်း ယနေ့ညကဲ့သို့အခြေအနေတွင် အရက်နည်းနည်းသာ သောက်၍တော့မဖြစ်ချေ။ လီကျင့်သည် စကားတစ်ခွန်းမှ မပြောဘဲ ခွက်ထဲက အရက်ကောင်းကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
လုဖေးကလဲ ပြုံးကာ သူ့အရက်ခွက်ကိုမြှောက်လိုက်ပြီး "ကျွန်တော် အရှင်မင်းသားကို ဂုဏ်ပြုပါတယ်။
ယောက်ဖလောင်းက အရက်တိုက်လာသည်ကို မသောက်ဘဲနေလို့တော့ မဖြစ်ပေ။
လုဖေးသည် လုရွှမ်းကို မျက်ရိပ်ပြလိုက်၏။ လုရွှမ်းကလဲ ချက်ချင်းဆိုသလို နားလည်သွားကာ ပြုံးပြီးအရက်ခွက်ကို ကိုင်မြှောက်ကာ ထရပ်လိုက်လေသည်။ "အရှင်မင်းသား ကျွန်တာ်ကတော့ ငယ်ပါသေးတယ်။ ယီဖုက ကျွန်တော့်ကို အရက်ပေးမသောက်သေးဘူး။ ကျွန်တော်က အရှင်မင်းသားကို အသီးအရက်နဲ့ပဲ ဂုဏ်ပြုပါ့မယ်"
ယောက်ဖလောင်းက အရက်တိုက်လာသည်ကို သောက်ရပေအုံးမည်။
လီကျင့်သည် အမူအရာပြောင်းလဲမသွားဘဲ အရက်ကိုသောက်လိုက်၏။
ကျန်းကျုံးနှင့် ကျိုးလီတို့သည်လဲ နောက်ကျ ကျန်ရစ်ခဲ့၍မဖြစ်သဖြင့် အသီးသီးကလဲ အရက်ခွက်ကို ကိုင်မြှောက်လိုက်ကြသည်။ ကျိုးလီသည် ဘဝမြင့်ဟန်ဆောင် မနေသော်ငြားလည်း အလွန်ပေါ့ပေါ့ပါးပါးတော့ ဖြစ်မနေချေ။ မျက်စိရှေ့ကပုဂ္ဂိုလ်မှာ တရားဝင်တိုက်ရိုက်ဆက်ခံသူ ဒုတိယမင်းသားဖြစ်ပြီး ယောက်ဖများ ဖြစ်လာသည့်အခါတွင်လည်း သူတို့၏ရာထူးခရီးလမ်းအတွက် အလွန်အကျိုးရှိပေလိမ့်မည်။
အထူးသဖြင့် ကျိုးလီသည် စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာနေပြီး သူ့အပြုံးသည် အလွန်ဖော်ရွေလို့နေသည်။
လီကျင့်က ကျန်းကျုံးအပေါ်တွင် အလွန် ရင်းနှီးဖော်ရွေသော်ငြားလည်း ကျိုးလီအပေါ်တွင်တော့ အေးစက်တည်ငြိမ်လှသည်။
လုမင်ယွိသည် လီကျင့်က တစ်ခွက်ပြီးတစ်ခွက် မရပ်မနား သောက်နေသည်ကိုကြည့်ရင်း နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ဘဲ အသံတိုးတိုးဖြင့် သတိပေးလိုက်ရတော့၏။ "ရှင့်ရဲ့ အရက်သောက်နိုင်စွမ်းက သာမန်ပဲ။ နည်းနည်းပဲ သောက်တာပိုကောင်းမယ်!"
ယခင်ဘဝက သူမနှင့် လီကျင့်တို့သည် သိပ်ပြီး အဆက်အဆံ မရှိခဲ့ကြချေ။ သို့သော်ငြား လီကျင့်၏ အရက်သောက်နိုင်စွမ်းသည် သာမန်ဖြစ်သည်ကတော့ လျှို့ဝှက်ချက်မဟုတ်ဘဲ သိသူကလဲ မနည်းလှပေ။
လီကျင့်က လှည့်ကြည့်လာပြီး သူ၏ချောမောလှသည့် မျက်နှာလေးမှာ အရက်ရှိန်ကြောင့် နီမြန်းနေကာ မျက်ဝန်းနက်နက်များထဲတွင် တောက်ပသည့် အလင်းရောင်များ စီးဆင်းလို့နေ၏။ "မင်းက ငါ မူးသွားမှာ စိုးရိမ်နေတာလား။ ဒါမှမဟုတ် ငါ အရက်မူးတာကို အကြောင်းပြပြီး မပြန်ဘဲနေမှာကို စိုးရိမ်နေတာလား"
လုမင်ယွိကတော့ မျက်စောင်းထိုးကာ ပြောလိုက်၏။ "ဒါပေါ့။ ရှင် မပြန်ဘဲနေမှာကို စိုးရိမ်တာပေါ့"
လီကျင့် "..."
လုမင်ယွိသည် နောက်ဆုံးတော့ အောင်နိုင်သူဖြစ်သွားကာ စိတ်လက်ပေါ့ပါးသွားလေတော့သည်။
သူမသည် နည်းနည်းလေးမှ ရှက်ရွံ့ခြင်းမရှိဘဲ ချက်ချင်းဆိုသလို ပြောလိုက်လေသည်။ "အဖေ၊ သာ့ကျဲဖူ၊ အာ့ကောနဲ့ စန်းကျဲဖူ သောက်ချင်သလောက် သောက်လို့ရတယ်။ အရှင်မင်းသားကိုတော့ ထပ်မတိုက်နဲ့တော့"
ကျန်းကျုံးနှင့် တခြားသူများကလဲ ပြုံးကာတုံ့ ပြန်လိုက်ကြပြီး သူတို့၏အရက်ခွက်ကို ချထားလိုက်ကြလေသည်။
လုလင်းကတော့ အရက်ရှိန်ကိုအကြောင်းပြပြီး အရက်ခွက်ကို ထပ်မံမြှောက်တင်လိုက်ကာ "အရှင်မင်းသား ကျွန်တော် အရှင်မင်းသားကို တစ်ခွက်လောက် တိုက်ချင်ပါတယ်။ ဒီနေ့ကစပြီး ကျွန်တော်တို့က မိသားစုတစ်ခုတည်း ဖြစ်သွားကြပြီ။ ကျွန်တော်က ဖခင်တစ်ယောက်အနေနဲ့ သမီးလေး ဘေးကင်းလုံခြုံဖို့ တသက်လုံး ပျော်ရွှင်စေချင်တာပဲရှိတာပါ"
"ရှောင်ယွိရဲ့စိတ်က ပြင်းထန်ပြီး ဒေါသကြီးတယ်။ နောက်ပိုင်းကျရင် အရှင်မင်းသားကပဲ နည်းနည်းလောက် သည်းခံပေးပါအုံး"
လုမင်ယွိသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ငိုရခက်ရယ်ရခက် ဖြစ်သွားကာ ဖခင်ဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး "အဖေ! သမီးက ဘယ်မှာ အဲလောက်ဒေါသကြီးလို့လဲ!"
လီကျင့်က ထရပ်လိုက်ကာ တလေးတနက်ဖြင့် ပြန်ဖြေလိုက်၏။ "စိတ်ချပါ ယွဲ့ဖု။ သူ ဘယ်လို စိတ်နေစိတ်ထား ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ကြိုက်တာကလဲ ဒီလိုလုမင်ယွိပါပဲ။ နောက်ပိုင်း ကျွန်တော် သူ့ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပြီး ဒီဘဝမှာ သူ့ကိုဘယ်တော့မှ စိတ်မပျက်စေရပါဘူး"
ဒီစကားလုံးများထဲက ရိုးသားမှုနှင့် စိတ်ရင်းကို မည်သူမဆို ကြားနိုင်ပေသည်။
လုလင်းသည် ကျေနပ်အားရသောမျက်နှာဖြင့် ပြုံးလျှက် ခွက်ထဲကအရက်ကို မော့သောက်လိုက်တော့သည်။
လုမင်ယွိ၏ စိတ်ထဲတွင်တော့ ရှင်းမပြတတ်အောင် ရှုပ်ထွေးနက်နဲသွားတော့၏။ ရုတ်တရက်ဆိုသလို စားချင်စိတ် ပျောက်ဆုံးသွားပြီး သူမ၏လက်ထဲကတူကို ညင်ညင်သာသာလေး ချထားလိုက်လေတော့သည်။
...
လုအိမ်တော်၏ မိသားစုညစာစားပွဲသည် သန်းခေါင်ယံအချိန်ရောက်မှသာ ပြီးဆုံးသွားတော့သည်။
လုမင်ဖန်းတို့ ဇနီးမောင်နှံသည် ကလေးများနှင့်အတူ လုအိမ်တော်၏ အတွင်းဘက်ဆောင်တွင် တည်းခိုလိုက်ကြ၏။ ကျိုးလီကလဲ အရက်မူးနေသဖြင့် လုဖေး၏အဆောင်သို့သွားကာ အနားယူလိုက်သည်။ ရှန်းလန်သည် လပ်မထပ်ရသေးသော မိန်းကလေးဖြစ်နေသဖြင့် အပြင်တွင် တည်းခိုဖို့ရန် မသင့်တော်သောကြောင့် လုဖေးက ရှန်းလန်ကိုအိမ်တော်သို့ ကိုယ်တိုင်ပြန်ပို့ပေးလိုက်သည်။
လုမင်ယွိကတော့ လီကျင့်ကို အိမ်တော်အပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးလေသည်။
လင်းထိန်နေသည့် လမင်းကြီးသည် ကောင်းကင်ယံတွင်တည်ရှိနေပြီး ငွေရောင်အလင်းတန်းများက မြေပြင်ပေါ်သို့ ဖြာကျလို့နေသည်။
တောက်ပနေသည့် လရောင်အောက်တွင် လီကျင့်၏မျက်နှာမှာ အရက်သောက်ထားသဖြင့် နီမြန်းနေပြီး သူ၏မျက်လုံးများကလဲ ပုံမှန်ကဲ့သို့ ကြည်လင်နေခြင်း မရှိချေ။
လုမင်ယွိသည် တမင်ဖြစ်စေ မတော်တဆဖြစ်စေ အနည်းငယ် ခပ်လှမ်းလှမ်းမှ လျှောက်လာခဲ့ပြီး မျက်ရိပ်ပြလိုက်သည်တွင် သူမနောက်က အစေခံနှင့် သက်တော်စောင့်များသည် တိုးတိုးတိတ်တိတ် မီတာအနည်းငယ်အကွာသို့ ထွက်ခွာသွားကြတော့သည်။ သူမနှင့် လီကျင့်သည် မျက်နှာချင်းဆိုင်ရပ်ပြီး မျက်လုံးချင်းဆုံမိလိုက်ကြ၏။
သူတို့နှစ်ဦးသည် တချိန်တည်းလိုလိုမှာပင် စကားဆိုလိုက်ကြလေသည်။ "လီကျင့် ကျွန်မအကြောင်းတွေကို ရှင်က ဘာဖြစ်လို့ ဒီလောက်ရှင်းရှင်းလင်းလင်း သိနေရတာလဲ"
"မနေ့ညတုန်းက လီဟောက်က ညမှောင်တော့ နန်းတော်ကနေ ထွက်သွားခဲ့တယ်လေ။ သူ လုအိမ်တော်ကိုလာပြီး မင်းနဲ့တွေ့ခဲ့တာ မဟုတ်လား"
ထို့နောက်တွင်တော့ နှစ်ဦးစလုံး ဆွံ့အသွားကြတော့သည်။
လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး တော်တော်လေးကို မကျေမနပ်သည့် အကြည့်များဖြင့် လီကျင့်ကို ကြည့်လိုက်ကာ "ရှင် ကျွန်မကို စောင့်ကြည့်ဖို့ လူ လွတ်ထားတာလား"
လီကျင့်ကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "အဲလိုတော့မဟုတ်ဘူး။ လီဟောက်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတာ။ သူ နန်းတော်ကနေ ထွက်သွားတာနဲ့ မကျေမနပ် မင်းကို လာတွေ့မှာပဲလို့ ခန့်မှန်းမိတယ်လေ"
ထို့နောက်တွင်တော့ သူသည် စိုးရိမ်နေသည့်လေသံဖြင့် ပြောလာခဲ့၏။ "သူ့ကြောင့် ဒေါသထွက်မနေပါနဲ့တော့"
ကြည့်ရတာတော့ လှပတဲ့ရှုခင်းနဲ့ လမင်းကြီးတစ်ခုလို ထင်ရပေမဲ့ တကယ်တမ်းကြတော့ ဆိုးညစ်တဲ့အတွေးတွေ အပြည့်ဖြစ်နေတာပဲ။
ဒါက မနေ့ညက သူမနဲ့လီဟောက် ဘာတွေပြောခဲ့တယ်ဆိုတာကို စုံစမ်းချင်နေတာပဲ။
လုမင်ယွိသည် သူ့ကိုတစ်ချက် လှမ်းကြည့်လိုက်ပြီးမှ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "စိတ်ချပါ။ ကျွန်မ ဒေါသထွက်တဲ့အခါလဲ ချုပ်တီးပြီး သည်းခံနေမှာ မဟုတ်ဘူး။ ကိုယ့်ဟာကို ထိခိုက်အောင်လည်း လုပ်မှာမဟုတ်ဘူး။ ဘယ်သူက ကျွန်မကို ဒေါသထွက်အောင်လုပ်သလဲ အဲဒီ့လူကို တစ်ခါတည်း ရိုက်နှက်ပစ်လိုက်မှာ"
လီကျင့် "..."
ကောင်းပြီလေ။ ထပ်ပြီး မေးစရာမလိုတော့ပါဘူး။
မနေ့ညတုန်းက လီဟောက်ရဲ့မျက်နှာတစ်ခုလုံး သွေးတွေအပြည့် ဖြစ်နေတာပဲ။ လုမင်ယွိကိုယ်တိုင် လက်စွမ်းပြခဲ့တာပဲ ဖြစ်ရမယ်။ လုမင်ယွိက သစ္စာဖောက်ပြီး စွန့်ပစ်ခဲ့တဲ့ ခင်ပွန်းဟောင်းအပေါ် တကယ့်ကို နည်းနည်းလေးမှ စိတ်မပျော့ခဲ့ဘူးပဲ။
ကံကောင်းတာက လုမင်ယွိက လက်ဆလွန်အောင် မလုပ်ခဲ့ဘူး။ တစ်ညကုန်လွန်သွားတော့ လီဟောက်က နှာခေါင်းလေး နည်းနည်းနီနေတာကလွဲရင် ဘာမှထူးထူးခြားခြား မဖြစ်သွားဘူး။
လီကျင့်သည် အလွန်ကျေနပ်သွားပြီး သူ့မျက်လုံးထဲတွင်လည်း အပြုံးရိပ်လေး သမ်းလာလေသည်။ "မင်း ပြောချင်တဲ့စကားကို ငါ နားလည်ပါတယ်။ နောက်ပိုင်း ငါ မင်းကို ဘယ်တော့မှ ဒေါသထွက်အောင် မလုပ်တော့ပါဘူး"
လုမင်ယွိ၏မျက်ဝန်းများသည် ဖျတ်ခနဲလင်းလက်သွားပြီး မသိမသာ မေးလိုက်လေသည်။ "ကျွန်မ ခုဏတုန်းက ရှင့်ကို မေးထားတဲ့ဟာလေ ရှင် ပြန်မဖြေသေးဘူး။ ကျွန်မရဲ့အကြောင်းတွေကို တကယ်ပဲ ရှင်ဘယ်လိုလုပ်ပြီး သိနေတာလဲ"
လီကျင့်က ပြုံးကာခေါင်းကို အနည်းငယ်ငုံ့ထားလိုက်တော့၏။
လုမင်ယွိသည်လဲ အမှတ်တမဲ့ အနားသို့ တိုးကပ်သွားလေသည်။ နှစ်ဦးသားသည် ပိုပိုပြီးနီးကပ်လာကာ လီကျင့်က သူမ၏နားထဲသို့ တိုးတိုးလေး ပြောလိုက်၏။ "ကိုယ်တို့တွေ လက်ထပ်ပြီးသွားရင် မင်းကို ပြောပြမယ်"
လုမင်ယွိ "..."
လုမင်ယွိသည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်တွင် လီကျင့်၏နဖူးနှင့် တိုက်မိသွားပြီး အေးစက်စက်လေတစ်ချက်ကို ရှူသွင်းလိုက်မိတော့သည်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ တိုက်မိသဖြင့် နီရဲသွားသည့်နဖူးကို လက်ဖြင့်အုပ်ထားလိုက်ပြီး "မင်းဟာလေ ရက်စက်လှချည်လား" ဟူသည့်အကြည့်ဖြင့် လုမင်ယွိကို ကြည့်လာတော့သည်။
လုမင်ယွိကလဲ ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ကာ "တခြားလူသာဆိုရင် ကျွန်မကို ဒီလိုမျိုးနောက်ရဲရင် သူ့ကို သွားတွေ အကုန်ကျွတ်သွားအောင် ရိုက်ပစ်လိုက်ပြီးပြီ"
ကြွေးရှင်နဲ့ တွေ့နေရတော့ သူမကလဲ မသိစိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတော့ ယုံကြည်မှုလဲ မရှိတော့ဘူးပေါ့။
လီကျင့်ကလဲ ဒီတစ်ချက်ကို သိနေလို့ တစ်လှမ်းချင်းတစ်လှမ်း ချင်းကပ်လာပြီး သူမရဲ့သည်းခံနိုင်စွမ်း အတိုင်းအတာကို ထပ်ခါထပ်ခါ စမ်းသပ်နေတော့တာပဲ။
...
အပိုင်း (၉၉) အဟန့်အတား
လုမင်ယွိသည် အဖြေမရသည့်အဆုံးတွင်တော့ ချက်ချင်းဆိုသလို ကျောခိုင်းပစ်လိုက်ကာ “အရမ်းနောက်ကျနေပြီ။ အရှင်မင်းသား နန်းတော်ကို စောစောပြန်သင့်ပြီ။ ကျွန်မ လိုက်မပို့တော့ဘူး”
ထိုသို့ ပြောလိုက်ပြီးနောက် လှည့်ကာထွက်သွားတော့သည်။
လီကျင့်ကလဲ စိတ်မဆိုးသည့်အပြင် မြင်းပေါ်သို့တက်ကာ ညလေညှင်းထဲတွင် ဖြည်းညင်းစွာ နန်းတော်သို့ ပြန်ခဲ့လေတော့သည်။
ထိုနေ့ညမှာပင် တချို့သူတို့သည် အောင်နိုင်သူ၏ မာနဖြင့် ပြည့်နှက်နေသော်ငြား တချို့သူကတော့ စိတ်ဓာတ်ကျဆင်းလျက်ရှိပြီး တချို့မှာမူ မျက်ရည်များဖြင့် မျက်နှာသစ်နေကြရလေသည်။
ချောင်အိမ်တော်၏ အတွင်းဆောင်ထဲတွင် ချောင်ဝမ်သည် သူမ၏ အိပ်ခန်းထဲတွင် တိတ်တဆိတ် မျက်ရည်ကျလို့နေ၏။
အစေခံမလေးကျင်းအာသည် အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်၏။ “သခင်မလေး မငိုပါနဲ့တော့။ လက်ထပ်ခွင့် အပ်နှင်းတဲ့ တော်ဝင်အမိန့်စာကလဲ လုအိမ်တော်ကို ရောက်သွားပါပြီ။ အရှင်မင်းသားလီကျင့်နဲ့ စတုတ္ထသခင်မလေးလုတို့ကြားက မင်္ဂလာပွဲကလဲ နောက်ဆုံးတော့ သေချာသွားပြီ။ ပြောင်းလဲလို့ မရတော့ပါဘူး။ သခင်မလေး ဝမ်းနည်းနေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကိစ္စကလဲ ဖြစ်ပြီးသွားပြီ။ ဘယ်လောက်ပဲ တွေးတွေး အကျိုးမရှိတော့ပါဘူး”
ချောင်ဝမ်သည် မျိုးရိုးမြင့် သခင်မလေးတစ်ဦးဖြစ်သည့်အလျောက် ထိန်းထိန်းသိမ်းသိမ်းနေထိုင်သူ ဖြစ်ရာ မည်မျှပင် ဝမ်းနည်းကြေကွဲ နေသည်ဖြစ်စေ အသံထွက်ပြီး ကျယ်လောင်စွာတော့ ငိုကြွေးမည် မဟုတ်ပေ။
သူမသည် ဤသို့ပင် တိတ်ဆိတ်စွာ ထိုင်ရင်း ငေးမောတွေဝေနေကာ နီရဲနေသည့် မျက်ဝန်းများထဲတွင် မျက်ရည်များသည် တိတ်တဆိတ် ကျဆင်းနေတော့သည်။
ကျင်းအာသည် အချိန်အတော်ကြာအောင် နှစ်သိမ့်လာခဲ့ပြီး လည်ပင်းမှာ ခြောက်ကပ်လာသည့်တိုင် ချောင်ဝမ်ကတော့ မျက်ရည်များကို သုတ်ကာ အိပ်ရာဝင်သွားတော့သည်။
ဒီတစ်ညတွင် မည်သို့များ အိပ်ပျော်နိုင်ပါမည်နည်း။
ချောင်ဝမ် မဆိုထားနှင့် ချောင်သခင်မကြီးပင်လျှင် စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။
“ဒီနှစ်အတွင်းမှာ မိဖုရားခေါင်က ဝမ်အာကို အမြဲတမ်း သဘောကျခဲ့တာ။ ဝမ်အာကို နန်းတော်ထဲ ခဏခဏ ခေါ်တွေ့ခဲ့တယ်” ချောင်သခင်မကြီးသည် ချောင်ကောလောင်ကို မကျေမနပ်ဖြင့် တိုးတိုးလေး ပြောလိုက်၏။ “ဝမ်အာနဲ့ လီကျင့်က အသက်အရွယ်တူတယ်။ အကြိုက်လဲ တူတယ်။ ပြီးတော့ ဝမ်းကွဲမောင်နှမတွေလဲ ဖြစ်တယ်။ မိဖုရားခေါင်က ဝမ်အာကို ဒုတိယမင်းသားကြင်ရာတော်လို့ သဘောထားတယ်လို့ ကျွန်မက အမြဲတမ်း ထင်ထားခဲ့တာ”
လုမင်ယွိ တစ်ယောက် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ အဆိုးဆုံးမှာ ယခင်က ချောင်မိဖုရားခေါင်သည် အရိပ်အမြွက်နည်းနည်းလေးမှ မပြသခဲ့ခြင်းပင်။ ချောင်အိမ်တော်က လူများအားလုံးသည် ချောင်ဝမ်က လီကျင့်နှင့် လက်ထပ်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း ယနေ့တွင်တော့ ယုံးကျားဧကရာဇ်သည် လက်ထပ်ပွဲ အပ်နှင်းသည့် တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ခဲ့လေသည်။
မည်သူမှ ဝေဖန်ပြောဆိုခြင်း မပြုဝံ့သော်ငြားလည်း ချောင်သခင်မကြီးကတော့ ပါးရိုက်ခံလိုက်ရသကဲ့သို့ ရှက်ရွံ့နေမိ၏။
ချောင်ကောလောင်၏ စိတ်သည်လဲ ထိုမျှလောက် မကြည်လင်လှပေ။ သူသည် စကားမဆုံးနိုင်အောင် ပြောနိုင်သည့် ချောင်သခင်မကြီးကို တစ်ချက်ကြည့်လိုက်ကာ “တော်တော့ ဒီလိုစကားမျိုး နောက်ထပ် မပြောနဲ့တော့။ တော်ဝင်မိသားစုကိစ္စကို မှူးမတ်တွေက ဘယ်လိုလုပ်ပြီးတော့ ဝေဖန်ပြောဆိုလို့ ရမှာလဲ”
ချောင်သခင်မကြီးကတော့ မကျေမနပ်ဖြစ်သွားကာ “ဇာမဏီ ပုလ္လင်ပေါ်မှာ ထိုင်နေတာက ကျွန်မတို့ရဲ့ သမီးလေ။ နဂါးပုလ္လင်ပေါ်မှာ ထိုင်နေတဲ့သူက အရှင်မင်းကြီး ကျွန်မတို့ ချောင်အိမ်တော်ရဲ့ သားမက်တော်ပဲ။ လီကျင့်က ရှင်နဲ့ ကျွန်မတို့ရဲ့ မြေးအရင်းပါပဲ။ သူ့ရဲ့ လက်ထပ်ထိမ်းမြားခြင်းကိစ္စကို ကျွန်မက ဘာဖြစ်လို့ ပြောလို့ မရ ရမှာလဲ”
ချောင်ကောလောင်၏ မျက်နှာသည် အေးစက်သွားကာ သူ့အသံသည် လေးနက်သွားလေတော့သည်။ “ဘုရင်နဲ့ မှူးမတ်တွေကြားမှာ ကွာခြားချက်တွေ ရှိတယ်။ ကျောင်းဖန်နန်းဆောင်ထဲမှာ နေနေတဲ့သူက သာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင်ပဲ။ ရွှေနန်းတော်ထဲမှာ ရှိနေတာက သာ့ဝေတိုင်းပြည်ရဲ့ အရှင်ဘုရင်။ ဒုတိယမင်းသားကိုတွေ့ရင် ငါ့လို ဝန်ကြီးချုပ်ကတောင်မှ အရိုအသေပေးရတယ်”
“အခု အရင်ကနဲ့ မတူတော့ဘူး။ တကယ်လို့ မင်းသာ ဒီအမှန်တရားကို နားမလည်ဘူးဆိုရင် နောက်ဆို နန်းတော်ထဲ မဝင်နဲ့တော့!”
ချောင်သခင်မကြီးသည် အလွန် ဒေါသထွက်သဖြင့် ချောင်ကောလောင်ကို လက်ဖြင့် အားနှင့် ရိုက်လိုက်ကာ “ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ကျွန်မက အသက်ကြီးလို့ မေ့တတ်နေပြီ။ ဘာမှ မသိတော့ဘူး။ ရှင်ကပဲ စာကြည့်ဆောင်ကို သွားလိုက်ပါ။ ကျွန်မကြောင့် ဒုက္ခမရောက်အောင် အမှားအမှန် မခွဲနိုင်တဲ့လူအဖြစ် ရောက်မသွားအောင် အဲဒီကိုပဲ သွားလိုက်ပါ”
ချောင်ကောလောင်သည် ထိုရိုက်ချက်ကြောင့် အလွန်ဒေါသထွက်လာပြီး ထရပ်ကာ ဘာတစ်ခွန်းမှ မပြောဘဲ စာကြည့်ခန်းဖက်သို့ ထွက်သွားလေတော့သည်။
-
နောက်တစ်နေ့တွင် ချောင်သခင်မကြီးသည် နန်းတော်သို့ ဝင်ရောက်လာခဲ့လေသည်။
မင်းဆက်အသစ်တွင် စည်းမျဉ်းစည်းကမ်းများကလဲ မများပြားလှပေ။ အကယ်၍ နန်းတော်သို့ ဝင်လိုပါက အရင်ဆုံး တောင်းခံလွှာကို တင်သွင်းရမည်ဖြစ်ကာ ချောင်မိဖုရားခေါင်၏ ခွင့်ပြုချက်ရလျှင်တော့ နန်းတော်ထဲသို့ ဝင်ရောက် ခစားနိုင်သည်။
ချောင်သခင်မကြီးသည် ချောင်မိဖုရားခေါင်၏ မိခင်အရင်းဖြစ်လေသည်။ သူမကတော့ ခွင့်ပြုလွှာကို တောင်းခံရန် မလိုဘဲ နန်းတော်ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်သည်။
ချောင်မိဖုရားခေါင်သည် နန်းတွင်းသူလေး၏ လျှောက်တင်သံကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး နန်းတော်တံခါးဝသို့ ကိုယ်တိုင် ထွက်ကြိုလိုက်လေ၏။ ချောင်သခင်မကြီးကတော့ ယဉ်ကျေးမှုကို အလွန် လိုက်နာသူဖြစ်သဖြင့် အရင်ဆုံး အရိုအသေ ပေးလိုက်တော့သည်။ “မိဖုရားခေါင်မယ်မယ်ကို ဂါရဝပြုပါတယ်”
ချောင်မိဖုရားခေါင်က ချောင်သခင်မကြီးကို လက်ကမ်းကာ တွဲထူပေးလိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။ “အမေရယ် ယဉ်ကျေးလွန်းနေပြန်ပါပြီ။ မြန်မြန် နန်းဆောင်ထဲကို ဝင်ပြီး စကားပြောကြရအောင်ပါ”
ယခင်ကကဲ့သို့ပင် ရင်းနှီးဖော်ရွေစွာဖြင့် ချောင်သခင်မကြီးကို ကျောင်းဖန်နန်းဆောင်ထဲသို့ တွဲခေါ်လာခဲ့၏။
ချောင်သခင်မကြီးသည် စိတ်ထဲတွင် မွန်းကြပ်လို့ နေလေသည်။ ထိုင်ချလိုက်ပြီးနောက်တွင် သူမက ပါးစပ်ကို ဖွင့်ဟကာ ဂုဏ်ပြုစကား ဆိုလိုက်တော့၏။ “မနေ့တုန်းက အရှင်မင်းကြီးက လုသခင်မလေးကို အရှင်မင်းသားနဲ့ လက်ထပ်ပေးဖို့ အမိန့်တော်တစ်ခု ထုတ်ပြန်ပေးခဲ့တယ်။ ကျွန်တော်မျိုးမ ဒီမင်္ဂလာသတင်းကို ကြားရတော့ အရမ်းဝမ်းသာမိပါတယ်။ ဒီနေ့ နန်းတော်ထဲကို ဝင်လာတာကလဲ မိဖုရားခေါင်မယ်မယ်နဲ့ အရှင်မင်းသားတို့ကို အထူးတလည် ဂုဏ်ပြုပေးဖို့ပါပဲ”
ဂုဏ်ပြုစကားဟု ဆိုသော်ငြားလည်း စကားလုံးများကတော့ အနည်းငယ် တင်းမာလို့နေသည်။
ချောင်မိဖုရားခေါင်သည် တစ်ဖန် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်ကာ ချိုင်လန်ကို မျက်ရိပ်ပြလိုက်၏။
ချိုင်လန်ကလဲ မသိမသာ ခေါင်းငြိမ့်ပြလိုက်ပြီး နန်းတွင်းသူများကိုခေါ်ကာ ထွက်ခွာသွားလေတော့သည်။
အပြင်လူများ မရှိတော့သည့်အခါမှသာ ချောင်မိဖုရားခေါင်က ပျော့ပျောင်းစွာဖြင့် တိုးတိုးလေး ပြောလာခဲ့သည်။ “အမေရယ် စိတ်မဆိုးသေးပါနဲ့။ ကျွန်မ ပြောတာကို အရင် နားထောင်ပါအုံး။ အမေ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကို ကျွန်မ သိပါတယ်။ အားကျင့်ရဲ့ မင်္ဂလာကိစ္စက တကယ်တော့လဲ အတွင်းရေး လျှို့ဝှက်ချက်တချို့ ရှိနေပါသေးတယ်”
ချောင်သခင်မကြီးသည် စကားဖြတ်ပြောရန် ပြင်လိုက်သော်ငြားလည်း မနေ့က ချောင်ကောလောင်၏ မှာကြားချက်ကို သတိရသွားပြီး ပါးစပ်ဖျားပေါ်သို့ ရောက်လာသည့် စကားများကို ပြန်လည်မျိုချထားလိုက်တော့သည်။
ချောင်မိဖုရားခေါင်က ဆက်ပြီး ပြောလာခဲ့၏။ “ကျွန်မ ဝမ်အာကို အမြဲတမ်း သဘောကျခဲ့တာပါ။ ဒါပေမဲ့ အားကျင့် သဘောကျတာက စတုတ္ထသခင်မလေးလု ဖြစ်နေတယ်။ ဒါက သူ့ရဲ့ တစ်ဘဝစာလုံး ကိစ္စဖြစ်နေတော့ ကျွန်မက ဘယ်လိုလုပ်ပြီး သူ့ကို အတင်းအကြပ် လုပ်ခိုင်းလို့ ရမှာလဲ”
“အစတုန်းကတော့ အခွင့်အရေးတစ်ခု ရှာပြီး ဒီကိစ္စကို အမေ့ကို အရင်ပြောပြဖို့ စဉ်းစားထားခဲ့ပါသေးတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ဒီလောက် မြန်မြန်ဆန်ဆန် အမိန့်ချမှတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။ ဒါကြောင့်မလို့ ကျွန်မလဲ တစ်လှမ်းနောက်ကျသွားပြီး အမေ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့မိတာပါ”
ပြောရမည်ဆိုလျှင် ချောင်မိဖုရားခေါင်သည် မည်သည့်အခါကမှ စေ့စပ်ကြောင်းလမ်းရန် စကားမစဖူးခဲ့သလို နှုတ်ဖြင့်လဲ ကတိပေးခဲ့ခြင်းမျိုးလဲ မရှိချေ။
ဘာကိုမှ မရှင်းပြလျှင်ပင် ဖြစ်နိုင်လေသည်။
ချောင်သခင်မကြီးသည် ဂုဏ်သိက္ခာရှိပြီး ယဉ်ကျေးလှကာ မျက်လုံးများထဲတွင်လဲ အနည်းငယ် တောင်းပန်နေသည့် အကြည့်ဖြင့် ကြည့်နေသည့် ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်၏။ သူမသည် စိတ်ထဲတွင် မကျေနပ်မှုများ၊ ဒေါသများ အပြည့် ဖြစ်နေပြီး ရုတ်တရက်ဆိုသလို အထီးကျန်သွားသလို ခံစားလိုက်ရတော့သည်။
တော်ပါပြီလေ!
အခြေအနေက ဒီအထိ ရောက်နေမှတော့ ဘာမှလဲ ဆက်မပြောသင့်တော့ပါဘူး။ တကယ့် သားအမိအရင်းတွေ ဖြစ်နေပေမဲ့ အခုတော့ ရာထူးအဆင့်အတန်းက ကွာခြားသွားပြီ။ သူ့ကို အပြစ်တင်လို့လဲ မရတော့ဘူး။ လီကျင့်ကိုလဲ အပြစ်ပြောလို့ မရပြန်ဘူး။
လီကျင့်က ချောင်ဝမ်ကို မကြိုက်တာဘဲ အပြစ်တင်ရမှာလား။
“မယ်မယ်က ဒီလို စကားမျိုး ဘာလို့ ပြောရတာလဲ” ချောင်သခင်မကြီးသည် စိတ်ကို အားတင်းထားကာ ပြန်ဖြေလိုက်၏။ “ကျွန်တော်မျိုးမ ဒီနေ့ နန်းတော်ထဲဝင်လာတာက ဂုဏ်ပြုစကားပြောဖို့ပါ။ တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး”
“စတုတ္ထသခင်မလေးလုက စစ်သူကြီးမျိုးရိုးက ဆင်းသက်လာပြီး သူ့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အရည်အချင်းကလဲ ပထမတန်းစားထဲကပဲ။ သူနဲ့ အရှင်မင်းသားတို့ကလဲ ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ စုံတွဲတွေပါပဲ”
“နောက်ပိုင်းမှာ ရှင်းယန်ဝမ်ရဲ့ အကူအညီနဲ့ဆိုရင် အရှင်မင်းသားက နန်းတော်ထဲမှာလဲ အထောက်အကူ အများကြီး ရှိလာပါလိမ့်မယ်”
ချောင်သခင်မကြီးသည် အသက်မကြီးသေးသလို ခေါင်းလဲ မနှောက်သေးချေ။ အခြေအနေကို နားလည်သွားသည့် အခါတွင် စကားပြောဆိုရာ၌လဲ အလွန် နားထောင်လို့ ကောင်းသွားတော့သည်။ “ဘယ်လောက်ပဲ ကောင်းကောင်း။ ကိုယ်သဘောကျတဲ့သူလောင် မကောင်းပါဘူး။ အရှင်မင်းသားက စတုတ္ထသခင်မလေးလုကို နှစ်သက်တယ်ဆိုတာကလဲ အရေးအကြီးဆုံးပါပဲ”
“ဝမ်အာက ကျွန်တော်မျိုးမတို့ရဲ့ ချောင်မိသားစုရဲ့ သမီးအရင်း၊ မြို့တော်ထဲမှာလဲ နာမည်ကောင်းရှိပါတယ်။ စေ့စပ်ကြောင်းလမ်းဖို့ လာတဲ့သူတွေ မနည်းပါဘူး။ ဝမ်အာနဲ့ ထိမ်းမြားခြင်းကိစ္စ သေချာသွားရင် ကျွန်တော်မျိုးမ နန်းတော်ထဲ ဝင်လာပြီးတော့ မယ်မယ်ကို သတင်းကောင်း ပါးပါ့မယ်”
ချောင်မိဖုရားခေါင်ကလဲ ကြည်လင်စွာ ပြုံးကာ ပြောလိုက်၏။ “ကောင်းပါပြီ။ အချိန်ကျရင် ကျွန်မက ဝမ်အာအတွက် လက်ဆောင်ကောင်းကောင်းလေးတွေ လက်ဖွဲ့ပစ္စည်းအဖြစ် ထည့်ပေးလိုက်ပါ့မယ်”
ချောင်သခင်မကြီးသည် နန်းတော်သို့ ရှားရှားပါးပါး ဝင်ရောက်လာသဖြင့် ချောင်မိဖုရားခေါင်ကလဲ နေ့လယ်စာစားဖို့ရန် ခေါ်ထားလိုက်လေတော့သည်။
နန်းတွင်းအစည်းအဝေး ပြီးဆုံးသွားသည့်နောက် လီကျင့်သည်လဲ ကျောင်းဖန်နန်းဆောင်သို့ ရောက်လာပြီး ချောင်သခင်မကြီးကို တွေ့ရချိန်တွင် အလွန် တရင်းတနှီးဖြင့် “အဘွား” ဟု နှုတ်ဆက်လိုက်၏။
ချောင်သခင်မကြီးသည် သူမ၏ ထက်မြက်လှသည့် မြေးဖြစ်သူကို အမြဲတမ်း သဘောကျလာခဲ့ပြီး ရင်းနှီးချစ်ခင်စွာဖြင့် ပြုံးကာ ပြောလိုက်၏။ “အရှင်မင်းသားက စေ့စပ်လိုက်ပြီဆိုတော့ သိပ်မကြာခင် ဇနီးယူပြီး ထိမ်းမြားလက်ထပ်ပွဲကြီး ကျင်းပပြီးရင် မင်းသားအိမ်တော်ကို ပြောင်းရွှေ့နေထိုင်ရတော့မှာပဲ။ နောက်ဆိုရင် ချောင်မိသားစုနဲ့ အဆက်အဆံလုပ်ဖို့ ပိုပြီး အဆင်ပြေသွားမှာပါ”
လီကျင့်ကလဲ ပြုံးကာဖြင့် ပြန်ဖြေလိုက်၏။
နေ့လယ်စာ စားပြီးသွားသောအခါ လီကျင့်က ချောင်သခင်မကြီးကို နန်းတော်အပြင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ပို့ဆောင်ပေးလိုက်သည်။ ပြန်ရောက်လာသည့်အခါ ချောင်မိဖုရားခေါင်ကလဲ ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး “အားကျင့် မင်းအဘွားကတော့ စိတ်ထဲမှာ မပျော်မရွှင် ဖြစ်နေတယ်။ မင်းရဲ့ အဘိုးစိတ်ထဲမှာလဲ စိတ်ဝမ်းကွဲတာ ဖြစ်လာလောက်တယ်”
သူမ၏ စိတ်ထဲတွင်တော့ သူမ၏ ကလေးများက အရေးအကြီးဆုံး ဖြစ်လေသည်။ သို့သော်ငြား သားတော်၏ ထိမ်းမြားခြင်း ကိစ္စကြောင့် မိဘများနှင့် စိတ်ဝမ်းကွဲရသည်ကလဲ စိတ်ထဲတွင်တော့ မကောင်းလှပေ။
လီကျင့်ကတော့ ပြောလိုက်၏။ “မူဟုပ်ကလဲ အစကတဲက ကျွန်တော့်ကို ချောင်အိမ်တော်က ညီမနဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ခဲ့တာမှ မဟုတ်တာ။ ဒီလို အဖြေမျိုး ထွက်လာမယ်ဆိုတာ စောစောကတဲက တွေးထားသင့်တာပဲ မဟုတ်ဘူးလား။ အခုမှ ဘာဖြစ်လို့ သက်ပြင်းချနေတာလဲ”
ချောင်မိဖုရားခေါင်မှာ ဆွံ့အမိတော့သည်။
လီကျင့်ကတော့ ထပ်ပြီး ပြောလိုက်၏။ “လောကကြီးထဲမှာ ဒွိဟဖြစ်စရာ ကိစ္စတွေ အများကြီးပဲ။ အဘိုးနဲ့ အဘွားတို့ စိတ်ထဲမှာ မသက်မသာ ဖြစ်တာကလဲ ရှောင်လွဲလို့ မရပါဘူး။ နောက်ပိုင်း ကျွန်တော် ချောင်အိမ်တော်ကို ခဏခဏ သွားလည်လိုက်ရင်လဲ ပြီးတာပါပဲ”
...