← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အပိုင်း (၁၀၀) သမီးယောက္ခမ

ချောင်မိဖုရားခေါင်သည် သက်ပြင်းချလိုက်ကာ အားတင်းထားပြီး ပြုံးကာ ပြောလာသည်။ “ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မင်းရဲ့ အဘိုး၊ အဘွားတွေက မင်းကို အမြဲတမ်း ချစ်ကြတာပဲ။ သူတို့တွေနဲ့ မခေါ်ဘဲ မနေနဲ့အုံး”

လီကျင့်ကလဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ချောင်မိဖုရားခေါင်က ထပ်ပြုံးကာ ပြောလာသည်။ “လက်ဖွဲ့ပစ္စည်းကိစ္စတွေ ဘာတွေကိုတော့ မင်းစိတ်ပူနေဖို့ မလိုဘူး။ စတုတ္ထသခင်မလေးလုကို ကြင်ရာတော်အဖြစ် တော်ကောက်ဖို့ပဲ စောင့်နေလိုက်တော့”

လုမင်ယွိအကြောင်းကို ပြောမိသည်နှင့် လီကျင့်၏ မျက်ဝန်းများသည် အနည်းငယ် အရောင်တောက်သွားတော့သည်။ “ကျေးဇူးတင်ပါတယ် မူဟုပ်”

ချောင်မိဖုရားခေါင်သည်လဲ အတွေ့အကြုံရှိပြီးသားသူ ဖြစ်သဖြင့် သားဖြစ်သူ၏ မျက်ဝန်းထဲက ပျော်ရွှင်မှုကို မည်သို့ မမြင်ဘဲ ရှိပါမည်နည်း။ သူမက ပြုံးကာ သက်ပြင်းချပြီး ပြောလိုက်လေသည်။ “မင်းရဲ့ အဘွား ပြောတဲ့စကားတစ်ခွန်းကတော့ မှန်တယ်။ ဘယ်လောက်ပဲကောင်းကောင်း ကိုယ့်နှလုံးသားထဲက နှစ်သက်တာလောက်တော့ ဘယ်ကောင်းပါ့မလဲ။ မင်းက စတုတ္ထသခင်မလေးလုကို သဘောကျနေမှတော့ နောင်တစ်ချိန် သူ့ကို လက်ထပ်ပြီးရင် ကောင်းမွန်တဲ့ ဘဝလေးမှာ နေထိုင်ရမယ်”

အဲဒီစတုတ္ထသခင်မလေးလုဆိုတာကလဲ နူးညံ့ပျော့ပျောင်းတဲ့သူမှ မဟုတ်တာ။

ချောင်မိဖုရားခေါင်သည် ထိုစကားတစ်ခွန်းကိုတော့ ထုတ်မပြောခဲ့ချေ။ သို့သော်ငြား သူမ၏ မျက်လုံးထဲတွင်တော့ ထင်ရှားအောင် ပေါ်လွင်နေလေသည်။

လီကျင့်ကလဲ အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်ကာ “မူဟုပ် သားတော်အတွက် စိတ်ပူပေးစရာ မလိုပါဘူး။ သူက ဒေါသထွက်ပြီး လက်ပါတယ်ဆိုရင်တောင် တခြားသူကိုပဲ လုပ်မှာပါ။ သားတော်ကိုတော့ လက်ပါမှာ မဟုတ်ပါဘူး”

ချောင်မိဖုရားခေါင်သည် သူမ၏ ရင်ထဲက စိုးရိမ်စိတ်များကို ဖိနှိပ်ထားလိုက်ပြီး ပြုံးကာ ထောက်ခံလိုက်တော့သည်။ “ဒီလိုပဲ မျှော်လင့်ရတာပဲ”

လီကျင့်ကတော့ ပြုံးသာ ပြုံးနေလိုက်ကာ ဘာမှ မပြောတော့ချေ။

“မိဖုရားခေါင် မယ်မယ်ကို လျှောက်တင်ပါတယ်” ချိုင်လန်သည် ပြုံးကာ လာရောက် အစီရင်ခံလေသည်။ “မယ်တော်ကြီးက လူလွှတ်ပြီး သတင်းစကားပါးလိုက်ပါတယ်။ မိဖုရားခေါင်မယ်မယ်ကို ရှို့နဉ်နန်းဆောင်ကို တစ်ခေါက် ကြွခဲ့ပါအုံးတဲ့”

မယ်တော်ကြီးကျောက်သည် ပုံမှန်အားဖြင့် ချောင်မိဖုရားခေါင်ကို အရေးတယူ ဆက်ဆံလေ့မရှိချေ။ ယနေ့တွင်တော့ ရှားရှားပါးပါး ကိုယ်တိုင် ဆင့်ခေါ်သည်မှာ အရေးကြီးကိစ္စတစ်ခု ရှိသည်မှာ သေချာလေသည်။

ချောင်မိဖုရားခေါင်က ခဏလောက် စဉ်းစားလိုက်ပြီးမှ အကြောင်းအရာတစ်ချို့ကို ခန့်မှန်းမိလိုက်၏။

သူမက ပြုံးကာ ထရပ်လိုက်ပြီး “ပန်ကုံး အခုပဲ ရှို့နဉ်နန်းဆောင်ကို သွားလိုက်မယ်”

-

လက်ဖက်ရည်တစ်ခွက်သောက်စာအချိန် မကုန်ဆုံးသေးခင်မှာပင် ချောင်မိဖုရားခေါင်သည် ရှို့နဉ်နန်းဆောင်သို့ ဝင်ရောက်လာခဲ့ပြီး အပြုံးဖြင့် အရင်ဆုံး ဂါရဝပြု နှုတ်ဆက်လိုက်၏။ “အာရှီ(ချွေးမ) မူဟုပ်ကို ဂါရဝပြုပါတယ်”

မယ်တော်ကြီးကျောက်က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလာခဲ့သည်။ “မိဖုရားခေါင်ကြီး အရိုအသေပြုတာတွေ ထားလိုက်ပါ။ ထိုင်ပြီး စကားပြောကြရအောင်”

မယ်တော်ကြီးကျောက်သည် ဒီတစ်နှစ်တွင် အသက် ၅၈ နှစ်ရှိပြီဖြစ်ကာ အသက် ၆၀ ပြည့်ရန် နီးကပ်လာပြီဖြစ်လေသည်။ သို့သော်ငြား မယ်တော်ကြီးကျောက်သည် အလှအပကို အမြဲတမ်း ဂရုစိုက်သူဖြစ်သဖြင့် အနည်းငယ် ဖြူနေသည့် ဆံပင်များကိုပင် မဲနက်အောင် ဆိုးထားရမှ ကျေနပ်သူဖြစ်၏။ နေ့စဉ်နေ့တိုင်း သေသပ်လှပစွာ ပြင်ဆင်ထားသဖြင့် မျက်ဝန်းထောင့်နှင့် မျက်ခုံးအစွန်းတို့က အရေးအကြောင်းများကို မျက်နှာချေ အဖွေးသားဖြင့် ဖုံးကွယ်ထားလေသည်။

မဟာဆန်ပြီး ခန့်ညားထည်ဝါလှသည့် မယ်တော်ကြီးတစ်ပါး၏ အရှိန်အဝါအတိုင်းပင်။

အပေါ်ယံကြည့်ရုံမျှဖြင့် ရက်စက်တတ်သူတစ်ဦးနှင့် မတူလှချေ။

အမှန်တွင်တော့ မယ်တော်ကြီးကျောက်၏ နန်းတော်အတွင်းရော အပြင်ပါ နာမည်ဂုဏ်သတင်းမှာ ထင်သလောက် မကောင်းမွန်လှချေ။ လိမ္မာပါးနပ်ခြင်းလဲ မရှိ။ ထူးချွန်ထက်မြက်သည်ဟုလဲ မဆိုနိုင်ဘဲ မျက်နှာလိုက်တတ်သူတစ်ဦး ဖြစ်လေသည်။ ချင်ဖေးကိုသာ တစ်ဖက်သတ်မျက်နှာလိုက်ပြီး တရားဝင်ချွေးမဖြစ်သူ ချောင်မိဖုရားခေါင်ကိုတော့ အေးတိအေးစက် ဆက်ဆံခဲ့လေသည်။

တစ်ခါတစ်ရံ ကောင်းကင်အောက်က သမီးယောက္ခမအများစုမှာ ဤသို့ပင် ဖြစ်တန်ရာသည်ဟု စဉ်းစားမိ၏။ တိကျသည့် အကြောင်းပြချက်ကို မပြောနိုင်သော်ငြားလည်း ‘ငါက နင့်ကို ကြည့်မရ၊ နင်ကလဲ ငါ့ကို ကြည့်ရသည်မှာ ထင်သလောက် အဆင်မပြေ’ ဟူသည့် သဘောပင်။

ချောင်မိဖုရားခေါင်သည် ယောက္ခမဖြစ်သူ တစ်ယောက်၏ အေးစက်ပြီး မျက်နှာလိုက်မှုတို့ကို ကျင့်သားရနေပြီဖြစ်ရာ ကျေးဇူးတင်စကား ဆိုပြီးနောက် နေရာယူလိုက်တော့သည်။

မယ်တော်ကြီးကျောက်ကလဲ ဝေ့ဝိုက်ကာ ပြောဆိုမနေဘဲ တိုက်ရိုက်မေးမြန်းလိုက်၏။ “မင်းသား ၃ ပါးရဲ့ လက်ထပ်ပွဲကို မင်း ဘယ်လိုစီစဉ်ဖို့ ရည်ရွယ်ထားလဲ”

တကယ်ပဲ မင်းသားတွေရဲ့ လက်ထပ်ပွဲအကြောင်းကိုး။

ချောင်မိဖုရားခေါင်ကတော့ တလေးတစားဖြင့် ပြန်ဖြေလိုက်သည်။ “နန်းတွင်းရေးရာဌာနက လွန်ခဲ့တဲ့ ၂ နှစ်ကတဲက မင်းသားစံအိမ်တော်တွေကို ဆောက်လုပ်ပြီးပါပြီ။ အခု မင်းသားတွေ လက်ထပ်ပွဲကိစ္စ သတ်မှတ် ပြီးပြီဆိုတော့ အာရှီက နန်းတွင်းရေးရာဌာနကို မင်းသားစံအိမ်တော် ၃ခုကို ထပ်ပြီး ပြုပြင်မွမ်းမံဖို့ အမိန့်ပေးမယ်လို့ စဉ်းစားထားပါတယ်”

ဒါသည်လဲ ယခင်က ပြုလုပ်ခဲ့သည့် ထုံးတမ်းအစဉ်အလာအတိုင်းပင်။

ပထမမင်းသားသည် လက်မထပ်မီ ၁လအလိုတွင် နန်းတော်အပြင်ဖက်သို့ ပြောင်း‌ရွှေ့ကာ မင်းသားစံအိမ်တော်၌ နေထိုင်ခဲ့သည်။ မင်္ဂလာပွဲကြီး ကျင်းပပြီးသွားသည်နှင့် ပထမမင်းသားကြင်ရာတော်လျန်ရှီကို ကြိုဆိုကာ လက်ထပ်ခဲ့လေသည်။

ဒုတိယမင်းသားတို့ ညီအစ်ကို ၃ ဦး လက်ထပ်ထိမ်းမြားသည့်အခါတွင်လဲ မင်းသားစံအိမ်တော်၌ပင် မင်္ဂလာပွဲကြီးကို ကျင်းပမည်ကလဲ အစဉ်အလာအတိုင်းပင်။

မင်းသားစံအိမ်‌တော်များကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတဲက ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်၏။ နန်းတော်တံခါးမှ ထွက်ပြီး လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်လောက် မြင်းလှည်းလေး စီးလိုက်လျှင်ဖြင့် ရောက်ရှိသွားပေလိမ့်မည်။ မင်းသားစံအိမ်တော်များ၊ မင်းသမီးစံအိမ်တော် ၂ ခုနှင့် တခြားနီးစပ်သည့် တော်ဝင်မျိုးနွယ်စုများသည်လဲ နန်းတော်အနီးတစ်ဝိုက်တွင် နေထိုင်ကြလေသည်။

ချောင်မိဖုရားခေါင်က ညီအစ်ကို ၃ ဦးဟု တစ်ခွန်းတည်း ဆိုလိုက်သည်ကို မယ်တော်ကြီးကျောက်သည် အတော်ပင် ကျေနပ်သွားပြီး အသံကလဲ အနည်းငယ် နူးညံ့သွားတော့၏။ “ဒုတိယမင်းသားနဲ့ တတိယမင်းသားက လက်ထပ်ရမဲ့ အရွယ်တော့ ရောက်နေပြီ။ စတုတ္ထမင်းသားကတော့ ၂ နှစ်လောက် ငယ်သေးတော့ လက်ထပ်ရက်ကို ၁ နှစ်၊ ၂ နှစ်လောက်ကို နောက်ဆုတ်ထားရအုံးမယ်။ အလျင်စလိုတော့ လုပ်ဖို့ မလိုသေးပါဘူး။ ဒုတိယမင်းသားစံအိမ်‌တော်နဲ့ တတိယမင်သားစံအိမ်တော်ကိုပဲ အရင်ဆုံး သေသေချာချာ ပြင်ဆင်လိုက်ပါ”

မယ်တော်ကြီးကျောက်သည် ချွေးမဖြစ်သူကို မနှစ်သက်သော်ငြားလည်း မင်းသားများကတော့ သူမ၏ မြေးအရင်းများ ဖြစ်ကြလေသည်။ စတုတ္ထမင်းသားကို မျက်နှာလိုက်လေ့ရှိသော်ငြားလည်း ဒုတိယမင်းသားနှင့် တတိယမင်းသားတို့၏ လက်ထပ်ပွဲကိစ္စကိုလဲ အလေးအနက်ထားပေးသည်။

ချောင်မိဖုရားခေါင်ကတော့ ပြုံးကာ ပြန်ဖြေလိုက်၏။

မယ်တော်ကြီးကျောက်က လက်ဖွဲ့ပစ္စည်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် ထပ်မံမေးမြန်းပြန်သည်။

ချောင်မိဖုရားခေါင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။ “အာရှီလဲ လက်ဖွဲ့ပစ္စည်းကိစ္စကို သေသေချာချာ စဉ်းစားပြီးပါပြီ။ ပထမမင်းသားက ကွေ့ဖေးက မွေးတဲ့သားပါ။ အဲဒီနေ့က လျန်အိမ်တော်ကို လက်ဖွဲ့ပစ္စည်းသွားပို့တုန်းကလဲ လက်ဖွဲ့ပစ္စည်း စုစုပေါင်း တန်ဖိုး လျန်ငွေ ၁ သောင်းလောက် ရှိခဲ့ပါတယ်”

“အာရှီ စဉ်းစားထားတာကတော့ တတိယမင်းသားနဲ့ စတုတ္ထမင်းသားကို ပထမမင်းသားနဲ့ တန်းတူ ထားမလို့ပါ။ ဒုတိယမင်းသားက တရားဝင် ဇနီးက မွေးတဲ့သား ဖြစ်တဲ့အတွက် မိဖုရားငယ်တွေက မွေးတဲ့ မင်းသားတွေထက် ၃၀ ရာခိုင်နှုန်းလောက်တော့ ပိုမြင့်သင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အာရှီက ဒီစံနှုန်းအတိုင်း လက်ဖွဲ့ပစ္စည်းတွေကို ပြင်ဆင်ထားပါတယ်။ မူဟုပ်ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ”

တရားဝင်ဇနီးမှ မွေးဖွားသည့် သားသမီးနှင့် မိဖုရားငယ်မှ မွေးဖွားသည့် သားသမီးတို့ကြား ကွဲပြားခြားနားမှု ရှိခြင်းသည် ကောင်းကင်နှင့် မြေကြီးတို့၏ လောကနိယာမပင်။

ချောင်မိဖုရားခေါင်က အကြောင်းပြချက် ခိုင်လုံစွာဖြင့် ပြောလာခဲ့သည်။

မယ်တော်ကြီးကျောက်သည် နားထောင်ရင်း နားထဲတွင် အနည်းငယ် မအီမသာ ဖြစ်သွားတော့၏။ မိဖုရားငယ်က မွေးတာ၊ မောင်းမက မွေးတာတဲ့လား။ မောင်းမက မွေးတော့ ဘာဖြစ်လဲ။ ဟိုတုန်းက သူမလဲ ကျောက်အိမ်တော်က မောင်းမက မွေးတဲ့ သမီးအကြီးဆုံးပဲ။ ဒီအိမ်တော်ရဲ့ အိမ်တော်သခင်က ပထမဇနီးသေဆုံးသွားလို့ သူမလို မောင်းမက မွေးတဲ့ သမီးကိုပဲ ဒုတိယဇနီးအဖြစ် လက်ထပ်ခဲ့တာ။ ကံကောင်းတာက သေသွားတဲ့ ပထမဇနီးက သမီး ၂ ယောက်ပဲ မွေးသွားခဲ့တာ။ သူမကတော့ အိမ်တော်ကို ရောက်ပြီး ၂ နှစ် မပြည့်ခင်မှာဘဲ သားဖြစ်သူ လီယွမ်ကို မွေးဖွားခဲ့တယ်။ သူမက မောင်းမက မွေးတာ ဟုတ်တယ်။ ဒါပေမဲ့ သူမရဲ့ သားကတော့ လီအိမ်တော်ရဲ့ တရားဝင် အကြီးဆုံး သားပဲလေ။ လီယွမ် ၁၆ နှစ် အရွယ်မှာ ချောင်အိမ်တော်က တရားဝင်သမီးကို ဇနီးမယားအဖြစ် လက်ထပ်ခဲ့တာပဲ။

ယောက္ခမနှင့် ချွေးမ ၂ ယောက် မတည့်တာ ဘယ်အချိန်ကတဲက စခဲ့တာပါလိမ့်။ ဖြစ်နိုင်တာတော့ ချောင်အိမ်တော်က တရားဝင်သမီးရဲ့ မာနကြီးပြီး တည်ငြိမ်တဲ့ ပုံစံက နည်းနည်းလေး မျက်စိစပါးမွှေး စူးစရာကောင်းနေလို့ သူမလို ယောက္ခမက စိတ်ထဲမှာ သိပ်မကျေနပ်ခဲ့တာဘဲ နေမှာပါ။ သူမက အေးစက်စက် စကားလုံးတွေနဲ့ အပြစ်ရှာတော့ ချောင်ရှီကလဲ မခံချင်၊ ခံချင်နဲ့ ခံရတာပေါ့လေ။ စိတ်ထဲမှာ နာကြည်းမှုတွေတော့ ရှိနေမှာပဲ။ အထူးသဖြင့် ချောင်ရှီ အိမ်တော်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာပေါ့။ သူမကလဲ သူမရဲ့ တူမတော်ကို သနားတယ်။ စတုတ္ထမြေးလေးအပေါ်မှာလဲ ပိုပြီး မျက်နှာလိုက်မိတယ်။ ချွေးမဖြစ်သူ ချောင်ရှီက စိတ်ထဲမှာ မကျေနပ်တော့ သူမတို့ ယောက္ခမနဲ့ ချွေးမလဲ တဖြည်းဖြည်းပိုပြီး စိမ်းကားသွားခဲ့ကြတာပဲ။

ဒါပေမဲ့လဲ စိမ်းကားတာ၊ မစိမ်းကားတာကိုတော့ သူမကလဲ လုံးဝ ဂရုမစိုက်ပါဘူး။ ယောက္ခမ တစ်ယောက်အနေနဲ့ ချွေးမအပေါ်မှာ မွေးရာပါ အသာစီးရပြီးသားပဲလေ။ သူမက မယ်တော်ကြီးတစ်ပါး၊ ချောင်မိဖုရားခေါင်က သူမကို လေးစားရမယ်။ အလျော့ပေးရမယ်။ အရာရာကို သီးခံရမယ့် ဘဝပဲ ရှိတာပဲ။

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ “မိဖုရားခေါင်ကြီးက လက်ဖွဲ့ပစ္စည်းကို ဒီလို ပြင်ဆင်ထားတော့ မကြင်နာတတ်တဲ့ အမေတစ်ယောက်လို့ နာမည်ထွက်သွားမှာ မစိုးရိမ်ဘူးလား”

ချောင်မိဖုရားခေါင်က စိတ်ထဲတွင် သရော်လိုက်တော့သည်။

မယ်တော်ကြီးကျောက်က သူမ လုပ်သမျှ အရာမှန်သမျှကို အပြစ်မပြောတာ ရှားပါတယ်။

ချောင်မိဖုရားခေါင်ကလဲ တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေကြားလိုက်သည်။ “တကယ်လို့ လက်ဖွဲ့ပစ္စည်းတွေ အားလုံး အတူတူပဲထားပြီး တရားဝင် မွေးတာနဲ့ မောင်းမက မွေးတာကို တန်းတူထားလိုက်မယ်ဆိုရင် ဓလေ့ထုံးတမ်းကို အလေးထားတဲ့ အိမ်တော်တွေရဲ့အမြင်မှာ ဒါက ရယ်စရာကြီး ဖြစ်သွားပါလိမ့်မယ်”

မယ်တော်ကြီး၏ မျက်လုံးများသည် အနည်းငယ် အေးစက်သွားပြီး နှာခေါင်းမှ ဟွန့်ကနဲ အသံပြုလိုက်၏။ “အိုက်ကျား(ငါမယ်တော်ကြီး)က အသက်ကြီးပြီ။ ဘာရယ်စရာ ဟုတ်တာ မဟုတ်တာတွေကို နားမလည်တော့ဘူး။ အိုက်ကျားက မြေးတော်လေးကို သနားလို့ပါ။ သွေးသားအရင်း ညီအစ်ကို မောင်နှမတွေ ဖြစ်ပါလျက် အဆင့်အတန်း ခွဲခြားနေသေးတယ်။ တခြားသူတွေ သွေးထိုးစရာမလိုဘဲ ညီအစ်ကိုတွေကြားမှာ အရင်ဆုံး အက်ကြောင်းထင်ကုန်တော့မှာပဲ”

မယ်တော်ကြီးကျောက်က တမင်တကာ အပြစ်ရှာနေခြင်းဖြစ်ပြီး ပြောဆိုလိုက်သည့် စကားများကလဲ အတော်ပင် နားခါးလှလေသည်။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ထောင်းကနဲ ဒေါသထွက်သွားသော်ငြားလည်း သူမ၏ မျက်နှာပေါ်တွင်တော့ မပေါ်လွင်စေဘဲ ပြုံးကာ ပြန်ဖြေလိုက်၏။ “မူဟုပ် ဒီလိုပြောလာတော့ အာရှီကလဲ ဘယ်လို ပြောရမလဲ မသိတော့ဘူး။ တကယ်လို့ အစားအသောက် နေထိုင်စရိတ်လောက် ဆိုရင်တော့ အာရှီကလဲ တစ်ပြေးညီ တန်းတူ ထားမှာ သေချာပါတယ်။ ဒါပေမဲ့ လက်ဖွဲ့ပစ္စည်းကိစ္စကိုတော့ ဒီလို လုပ်လို့ မဖြစ်ပါဘူး။ မဟုတ်ရင် ညီလာခံထဲက တော်ဝင်ကွပ်ကဲရေးမှူးတွေက သတင်းကိုကြားပြီး တတိယမင်းသားနဲ့ စတုတ္ထမင်းသားကို ပြစ်တင်ရှုံ့ချတဲ့ စာလွှာတွေ တင်လာရင် အာရှီကလဲ ဘယ်လိုလုပ်ပြီး စိတ်ကောင်းနိုင်ပါ့မလဲ”

မယ်တော်ကြီးကျောက်သည် မျက်ခုံးများ လှုပ်ရှားသွားပြီး ချောင်မိဖုရားခေါင်ကို လေးနက်သည့်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။

ချောင်မိဖုရားခေါင်ကတော့ တည်တည်ငြိမ်ငြိမ်ထိုင်ပြီး မလှုပ်မယှက်ပင်။

တခြားကိစ္စတွေမှာ အလျှော့ပေးလို့ ရပေမဲ့ တရားဝင်သားရဲ့ ဂုဏ်သိက္ခာနှင့် ပတ်သက်လာရင်တော့ ဘယ်တော့မှ အလျှော့ပေးလို့ မဖြစ်ဘူး။

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်က လုံးဝ အလျှော့မပေးသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ဒေါသထွက်လာပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “အိုက်ကျား နည်းနည်းလေး ပင်ပန်းလာပြီ။ မိဖုရားခေါင်ကြီးက ဒီမှာ အိုက်ကျားကို လာပြီး အဖော်လုပ်ပေးစရာ မလိုတော့ဘူး။ အရင်ဆုံး ပြန်နှင့်ပါ”

ချောင်မိဖုရားခေါင်ကလဲ တရိုတသေ ထရပ်ကာ ထွက်ခွာလာတော့သည်။

ချောင်မိဖုရားခေါင် ပြန်သွားပြီးနောက်တွင်တော့ မယ်တော်ကြီးကျောက်သည် မကျေမနပ် နှာခေါင်းရှုံ့လေတော့၏။ “တကယ့်ကို အရှိန်အဝါကြီးမားတဲ့ မိဖုရားခေါင်ကြီးပေါ့လေ!”

သူမ၏ လေသံထဲက မကျေနပ်ချက်များသည် အပြင်သို့ လျှံထွက်လာတော့မတတ်ပင်။

...

အပိုင်း (၁၀၁) လက်ဖွဲ့ပစ္စည်း

မယ်တော်ကြီးကျောက်၏မျက်နှာပေါ်တွင် ဒေါသအပြည့် ဖြစ်နေသည့် အမူအရာကို တွေ့ရသောအခါ မယ်တော်ကြီးကျောက်ကို နှစ်ပေါင်းများစွာခစားလာခဲ့သည့် ဖန်းမားမားက တိုးညှင်းစွာဖြင့် လျှောက်တင်လေသည်။ "ထိုက်ဟုပ်ညန်ညန် (မယ်တော်ကြီး) က စတုတ္ထမင်းသားလေးကို မြှောက်စားချင်တယ်ဆိုရင် ပစ္စည်းလေး နည်းနည်းပါးပါး ပိုပြီး ဆုချလိုက်ရုံပါပဲ။ မိဖုရားခေါင်ကြီးကနေ တစ်ဆင့် သွားစရာဘာလိုလို့လဲ"

မယ်တော်ကြီးတစ်ယောက်အနေဖြင့် မိမိက မည်သည့်အရာကို လုပ်ချင်သည်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်၏မျက်နှာကို ကြည့်နေရန် မလိုအပ်ပေ။

သည်ဖန်းမားမားသည် မယ်တော်ကြီးကျောက်နှင့်အတူ လိုက်ပါလာသည့် အစေခံမလေး ဖြစ်ခဲ့၏။ သူမသည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ မယ်တော်ကြီးကျောက်ကို အမှုထမ်းလာခဲ့ကာ မယ်တော်ကြီးကျောက်အပေါ်တွင်လည်း အလွန် သစ္စာစောင့်သိလေသည်။

မယ်တော်ကြီးကျောက်သည် ဖန်းမားမားကို အလွန်ယုံကြည်သဖြင့် သီးသန့်စကားပြောဆိုရာတွင်လည်း မည်သည့်ထိန်းချုပ်မှုမှမရှိဘဲ နှာခေါင်းတစ်ချက် ရှုံ့ကာ ဆိုလေသည်။ "မိဖုရားခေါင်ကြီး ဒီလိုလုပ်တာက အိုက်ကျားကို တမင်သက်သက် ဖိနှိပ်ချင်နေတာ ထင်ရှားနေတာပဲ။ မင်းက ဒါတောင် မမြင်သေးဘူးလား။ သူ့စိတ်ထဲမှာ အိုက်ကျားအပေါ် နာကျည်းချက်တွေ ရှိနေတာလေ"

ဖန်းမားမားသည် မယ်တော်ကြီးကျောက်၏ဘက်တွင် လုံးလုံးလျားလျား ရပ်တည်ကာ ချက်ချင်း ပြန်ပြောလိုက်လေသည်။ "ချွေးမတစ်ယောက် ဖြစ်လာမှတော့ ကိစ္စတိုင်းမှာ ယောက္ခမကို ရိုသေလေးစားပြီး ယောက္ခမစကားကို နားထောင်ရမှာပေါ့။ ချွေးမက ယောက္ခမနဲ့ အပြိုင်ဖြစ်ရတဲ့ ထုံးစံဘယ်မှာရှိလို့လဲ"

"ကျွန်တော်မျိုး မအမြင်အရတော့ ထိုက်ဟုပ်ညန်ညန်က သဘောထားကြီးလို့ ဖြစ်နေတာပါ။ ဒါကြောင့်လည်း မိဖုရားခေါင်ကြီးကို ဒီလိုစိတ်နေစိတ်ထားမျိုး သွင်းပေးသလို ဖြစ်သွားတာ။ ထိုက်ဟုပ်ညန်ညန်က အချိန်တိုင်း သတိစကားလေး ပြောနေသင့်တယ်။ ဒါမှ မိဖုရားခေါင်ကလဲ ချွေးမတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကိုသိမှာ"

မယ်တော်ကြီးကျောက်သည် ထပ်ပြီးနှာခေါင်းရှုံ့လိုက်ကာ မျက်ဝန်းထဲက ဒေါသအရိပ်အယောင်များကတော့ ပျောက်ကွယ်မသွားသေးချေ။ ထိုအချိန်မှာပင် ချင်ဖေးသည် ဂါရဝပြုရန် ရောက်ရှိလာလေသည်။

ချင်ဖေးသည် ရှို့နဥ်နန်းဆောင်သို့ အမြဲတမ်း လာရောက်တတ်ပြီး မယ်တော်ကြီးကျောက်၏အနားတွင် မကြာခဏ အဖော်ပြုပေးတတ်၏။ မယ်တော်ကြီးကျောက်၏ စိတ်ထဲတွင်လည်း ချင်ဖေးသည် ချောင်မိဖုရားခေါင်ထက် ဆယ်ဆ၊ အဆတစ်ရာ ပိုပြီးနွေးထွေးကာ သားသမီးဝတ္တရား ကျေပွန်သည်ဟု ယူဆလေသည်။

"ချန်ချဲ့ ထိုက်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်" ချင်ဖေးသည် ပြုံးရွှင်စွာဖြင့် ဂါရဝပြုလိုက်ပြီးနောက် စိုးရိမ်တကြီး မေးမြန်းလိုက်၏။ "ထိုက်ဟုပ်ညန်ညန်ရဲ့မျက်နှာ သိပ်မကောင်းပါလား။ တစ်ယောက်ယောက်ကများ ထိုက်ဟုပ်ညန်ညန်ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လိုက်လို့များလား"

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်အပေါ် တွင် အေးစက်စက် နေတတ်သော်ငြားလည်း ချင်ဖေးကိုတော့ နောက်ထပ်ပုံစံတစ်မျိုးဖြင့် ဆက်ဆံလေသည်။ သူမသည် ချင်ဖေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးကာဖြင့် ဒေါသထွက်နေသည့်လေသံဖြင့် ပြောလိုက်၏။ "ဒီနေရာမှာ တခြားလူမှ မရှိတာ။ ထိုက်ဟုပ်ညန်ညန်လို့ ဘာလို့ခေါ်နေတာလဲ"

ချင်ဖေးက နှုတ်ခမ်းကို စေ့ကာပြုံးပြလိုက်ပြီး "ယိမူ (အဒေါ်) ဟု အခေါ်အဝေါ် ပြောင်းလဲလိုက်လေသည်။ မယ်တော်ကြီးကျောက်က ချင်ဖေးကို မျက်နှာသာပေးသည်ကလဲ အံ့သြစရာတော့ မဟုတ်ပေ။ ချင်ဖေး၏မွေးမိခင် ကျောက်ရှီသည် မယ်တော်ကြီးကျောက်နှင့် မိခင်တစ်ဦးထဲက မွေးဖွားလာသည့် ညီမတော်စပ်သူဖြစ်၏။ သွေးသားတော်စပ်မှုအရဆိုလျှင် ချင်ဖေးသည် ဖူယန်မြို့စားထက်ပင် သွေးပိုနီးသေးသည်။

မိခင်အရင်းက စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး မယ်တော်ကြီးကျောက်နှင့် ကျောက်ရှီတို့ ညီအစ်မနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်မှီခိုအားထားရင်း အတူတကွ ကြီးပြင်းလာခဲ့ကြပြီး အလွန်ချစ်ခင်ကြလေသည်။

နောက်ပိုင်းတွင် မယ်တော်ကြီးကျောက်က လီအိမ်တော်သို့ ဒုတိယဇနီးအဖြစ် လက်ထပ်ခဲ့ပြီး ကျောက်ရှီသည်လဲ ချင်အိမ်တော်သို့ လက်ထပ်ပြီး ဝင်ရောက်သွားခဲ့၏။ ကျောက်ရှီသည် ကံနည်းလှပြီး ငယ်ငယ်ရွယ်ရွယ်နှင့် နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့ရသည်။ ချင်ဖေးကိုတော့ မိခင်၏အိမ်တော်ဘက်သို့ ခေါ်ဆောင်ကာ ကြီးပြင်းစေခဲ့သည်။

မယ်တော်ကြီးကျောက်သည် အမြဲတမ်း ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး ချင်ရှီ (ချင်ဖေး) အရွယ်ရောက်လာသည့်အခါ သားဖြစ်သူလီယွမ်ကို ချင်ရှီအား မောင်းမတော်အဖြစ် လက်ထပ်စေခဲ့လေသည်။

ချင်ရှီသည် မောင်းမတော်တစ်ဦးသာ ဖြစ်သော်ငြားလည်း ဝတ်စားဆင်ယင်မှု အစားအသောက် အသုံးအစွဲ အရာရာတိုင်းက အကောင်းဆုံး ခံစားခဲ့ရ၏။ အဒေါ်အရင်းက ကျောထောက်နောက်ခံ ပေးထားသဖြင့် နေ့ရက်များကိုလည်း အေးဆေးစွာ ဖြတ်သန်းခဲ့ရသည်။

ယုံးကျားဧကရာဇ် နန်းတက်ပြီးနောက်တွင် ချင်ရှီသည် ကြင်ရာတော်အဖြစ် ခန့်အပ်ခံရပြီး သားဖြစ်သူမှာလည်း လီအိမ်တော်၏မောင်းမသားဘဝမှ စတုတ္ထမင်းသားအဖြစ် တရှိန်ထိုးမြင့်တက်သွားခဲ့သည်။

ချင်ဖေး၏နှလုံးသားသည်လဲ တနေ့ထက်တနေ့ ပိုပြီး လှုပ်ရှားလာလေတော့သည်။

မယ်တော်ကြီးကျောက်သည် ချင်ဖေး၏လက်ကို လှမ်းကိုင်ကာ ထိုင်ခိုင်းလိုက်ပြီးနောက် ချောင်မိဖုရားခေါင်အပေါ် မကျေနပ်မှုများ စတင်ပြောဆိုလေတော့သည်။ "... အဲဒီ့ချောင်မျိုးနွယ်က ပါးစပ်ဖွင့်လိုက်တာနဲ့ တရားဝင်မွေးတာနဲ့ မောင်းမကမွေးတာ ကွဲပြားတာကြီးပဲ။ အိုက်ကျား ပြောတဲ့စကားကို သူ လုံးဝ အလေးမထားဘူးလေ"

ချင်ဖေးကတော့ နည်းနည်းလေးမှ ဒေါသထွက်ဟန်မပြဘဲ မယ်တော်ကြီးကျောက်ကို ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်၏။ "ယိမူ စိတ်လျှော့ပါအုံး။ မိဖုရားခေါင်ကြီးက ဒီလိုပြောတာကလဲ သူ့အကြောင်းနဲ့သူ ရှိမှာပါ။ အားရွှမ်းက မောင်းမက မွေးတဲ့မင်းသားပဲလေ။ ဘယ်လိုလုပ်ပြီးတော့ တရားဝင်မင်းသားနဲ့ တန်းတူဖြစ်ဖို့ မျှော်လင့်ရဲမှာလဲ"

ခဏလောက် ပြောနေသည့်စကားကို ရပ်ထားလိုက်ပြီးမှ သူမက သက်ပြင်းဖွဖွ ချကာပြောလာသည်။ "ပြောရမယ်ဆိုရင် ကျွန်မကပဲ သားကို ဒုက္ခပေးမိတာပါ။ ဝမ်းကွဲအစ်ကိုနဲ့ မောင်နှမချင်း လက်ထပ်ပြီး အဒေါ်နားမှာ နေ့တိုင်း အဖော်ပြုခွင့်ရတာကိုပဲ ကျွန်မက ကျေနပ်ပါတယ်။ သနားစရာကောင်းတဲ့ အားရွှမ်းလေးပဲ မွေးကတည်းက မောင်းမတစ်ယောက်ရဲ့သား ဖြစ်လာခဲ့ပြီး တခြားသူတွေထက် နိမ့်ကျနေရတာ"

အပေါ်ယံအားဖြင့် နှစ်သိမ့်သယောင်ရှိသော်ငြားလည်း အမှန်တကယ်တွင်တော့ မီးမွှေးပေးနေခြင်းပင်။

မယ်တော်ကြီးကျောက်၏မျက်နှာသည် အနည်းငယ် ညိုမည်းသွားကာ "တရားဝင် မွေးထားတာပဲဖြစ်ဖြစ်။ မောင်းမက မွေးတာပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ အားလုံးက လီမျိုးနွယ်ရဲ့သားတွေပဲလေ။ အားလုံးမင်းသားတွေပဲ။ စိတ်ချထားလိုက်။ အိုက်ကျား ရှိနေသရွေ့ ဘယ်သူမှ အားရွှမ်းကို အနိုင်ကျင့်လို့ မရစေရဘူး"

ချင်ဖေး၏မျက်နှာတွင် ကြည်နူးမှုများအပြည့် ဖြစ်လာကာ မျက်ရည်များ ဝေ့သီလာတော့သည်။ "ကံကောင်းလို့သာ ယိမူက ကျွန်မတို့သားအမိကို သနားကြင်နာပေးလို့ပဲ။ မဟုတ်ရင်တော့ ကျွန်မတို့ဒီနန်းတော်ထဲမှာ ဘယ်လိုဆက်ပြီး အသက်ရှင်ရမလဲ ဆိုတာတောင် မသိတော့ပါဘူး"

မယ်တော်ကြီးကျောက်က စိတ်ပိုင်းဖြတ်ထားပြီးသဖြင့် ချင်ဖေး၏လက်ဖမိုးကို ဖွဖွလေး ပုတ်ပေးကာ ပြောလိုက်လေသည်။ "အိုက်ကျား ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ဒီအတိုင်းစောင့်ကြည့်နေလိုက်"

...

၁၀ရက်ကြာပြီးနောက်တွင် ...

နန်းတော်မှ လက်ဖွဲ့ပစ္စည်းများကို ရှင်းယန်ဝမ်အိမ်တော်၊ ကွမ်းပင်းနယ်စားအိမ်တော်နှင့် ဖူယန်မြို့စားအိမ်တော်သို့ ပို့ဆောင်ပေးခဲ့၏။

မင်းသားသုံးပါး၏ လက်ထပ်ပွဲကိစ္စများသည် မြို့တော်၏ ပွဲတော်ကြီးတစ်ခုအလား ဖြစ်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၏။ လက်ဖွဲ့ပစ္စည်း ပို့ဆောင်ခြင်းကဲ့သို့ စည်ကားလှသည့်မြင်ကွင်းကို စောင့်ကြည့်နေကြသည့်မျက်လုံးများက မည်မျှရှိနေသည်ကိုပင် မသိနိုင်တော့ချေ။ လက်ဖွဲ့ပစ္စည်း ပို့ဆောင်သည့်အဖွဲ့များကို ကြည့်ရုံမျှဖြင့် ရှင်းယန်ဝမ်အိမ်တော်သို့ သွားသောလူမှာ အများဆုံးဖြစ်ပြီး သယ်ဆောင်လာသော လက်ဖွဲ့ပစ္စည်းများကလဲ အများဆုံးဖြစ်ကြောင်း ထင်ရှားလှသည်။

ကွမ်းပင်းနယ်စားအိမ်တော်နှင့် ဖူယန်မြို့စားအိမ်တော်သို့ ပို့ဆောင်သည့် လက်ဖွဲ့ပစ္စည်းများကတော့ သိသိသာသာ နည်းပါးလေသည်။

ဤသည်မှာလည်း ရှောင်လွှဲ၍ မရနိုင်သော အခြေအနေပင်။ တရားဝင်သားနှင့် ကိုယ်လုပ်တော်တစ်ပါးမှ မွေးဖွားသည့်သားများကြားတွင် အနိမ့် အမြင့် ကွာခြားချက်ကတော့ ရှိစမြဲပင်။

မည်သူမှ မထင်မှတ်ထားသည်မှာ နန်းတော်က မကြာမှီမှာပင် လက်ဖွဲ့ပစ္စည်း ပို့ဆောင်သည့်အဖွဲ့ကို ထပ်မံစေလွှတ်ပြီး ဖူယန်မြို့စားအိမ်တော်သို့ စည်ကားသိုက်မြိုက်စွာ ထွက်ခွာသွားခြင်းကိုပင်။ နောက်မှ ပို့ဆောင်လာသည့် ထိုလက်ဖွဲ့ပစ္စည်းများသည် များပြားလှသည် မဟုတ်သော်ငြားလည်း ယခင်ပို့ဆောင်ထားသည်များနှင့် ပေါင်းလိုက်သောအခါ ရှင်းယန်ဝမ်အိမ်တော်သို့ ပို့ဆောင်သည့် လက်ဖွဲပစ္စည်းများထက်ပင် ပိုပြီးများပြားသွားတော့သည်။

ကြားရသည်မှာ ဤလက်ဖွဲ့ပစ္စည်းများကို နန်းတော်ထဲက မယ်တော်ကြီးမှ ဖူယန်မြို့စား ကျောက်အိမ်တော်သို့ အထူးတလည် လူလွှတ်ကာ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ပြီး စတုတ္ထမင်းသားအတွက် ထင်ထင်ရှားရှား မျက်နှာသာပေးကာ အားဖြည့်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။

စတုတ္ထမင်းသားသည် မျက်နှာပန်းလှသွားသော်ငြားလည်း ချောင်မိဖုရားခေါင်နှင့် ဒုတိယမင်းသားတို့ သားအမိမျက်နှာကိုတော့ မည်သည့်နေရာတွင် ထားရပါမည်နည်း။

ရှင်းယန်ဝမ် လုလင်းသည် ဤကိစ္စကို မကြာမီ သိရှိသွားပြီး မျက်နှာမှာ ချက်ချင်းဆိုသလို ဒေါသအရိပ်အယောင် ဖြစ်သွားလေတော့၏။ သူသည် လက်ဖွဲ့ပစ္စည်း နည်းခြင်း၊ များခြင်းကို ဂရုမစိုက်ပေ။ သို့သော်ငြား ဒုတိယမင်းသား၏ဂုဏ်သိက္ခာနှင့် လုအိမ်တော်၏မျက်နှာကို ထည့်မတွက်သည့် အပြုအမူကတော့ အမှန်တကယ်ပင် လူကို စိတ်အနှောက်အယှက် ဖြစ်ရစေလေသည်။

"ဒီမယ်တော်ကြီးကျောက်က တကယ်ကို စိတ်တိုစရာကောင်းတာပဲ" လုလင်းသည် ဒေါသတကြီးဖြင့် စားပွဲကို အားကုန်ရိုက်ချလိုက်ကာ ခိုင်ခံ့လှသည့်စားပွဲမှာ ယိမ်းထိုးသွားလေတော့သည်။ "ဒီလို လုပ်ဆောင်ရတဲ့ထုံးစံမျိုး ဘယ်မှာရှိလို့လဲ"

လုမင်ယွိကတော့ နည်းနည်းလေးမှ စိတ်မဆိုးပေ။

ယခင်ဘဝကလည်း မယ်တော်ကြီးကျောက်က ဤသို့ပင် ပြုလုပ်ခဲ့လေသည်။ ဤကိစ္စသည် အမှန်တကယ်တော့ ဒေါသထွက်ရန်ပင် မထိုက်တန်လှပေ။

လုမင်ယွိက တည်တည်ငြိမ်ငြိမ်ဖြင့် လုလင်းကို နှစ်သိမ့်စကား ပြောလိုက်၏။ "အဖေ စိတ်မဆိုးပါနဲ့။ မယ်တော်ကြီးနဲ့ မိဖုရားခေါင် မတည့်ကြတာ လူတိုင်း သိတာပဲလေ။ သူ ဒီလိုလုပ်တာ မိဖုရားခေါင်ကြီးကို တမင်သက်သက် မျက်နှာအိုးမည်းသုတ်နေတာပဲ။ သမီးတို့ လုအိမ်တော်နဲ့ ဘာမှမဆိုင်ပါဘူး"

လုလင်းသည် စားပွဲကို နောက်တကြိမ်ရိုက် ချလိုက်သည်တွင် စားပွဲမှာ ပြင်းထန်စွာ ယိမ်းထိုးသွားပြန်သည်။ "ဘယ်လိုလုပ်ပြီးတော့ မဆိုင်ရမှာလဲ။ သူက မိဖုရားခေါင်ကြီးကို မျက်နှာအိုးမည်းသုတ်တာက ဒုတိယမင်းသားကို သိက္ခာကျရစေတာပဲလေ။ အဲဒါက သမီးကို အရှက်ရစေတာပဲ။ လုအိမ်တော်လည်း အရှက်ရစေတာပဲ"

လုမင်ယွိ ...

ကောင်းပြီလေ!

ခန္ဓာကိုယ်ဖြင့် အကြွေးဆပ်ရခြင်းဟူသည့် အခြေအနေကြောင့် ဖြစ်နိုင်သည်။ သူမသည် လီကျင့်တို့သားအမိပေါ်တွင် မိသားစုဝင်ကဲ့သို့ သဘောထားနိုင်သည့် အခြေအနေ မရောက်ရှိသေးသဖြင့် ထိုမျှလောက် ခံစားချက် ပြင်းပြင်းထန်ထန် မရှိသည်ကလဲ သဘာဝပင်။ တစ်ဖက်ကမ်းက မီးလောင်နေသည်ကို စောင့်ကြည့်နေသကဲ့သို့ပင်။ နည်းနည်းလေးမှ နာကျင်ခြင်း အသဲယားခြင်းဟူသည့် သဘောလည်း မရှိချေ။

သမီးဖြစ်သူကို ချစ်ခင်မြတ်နိုးလွန်းလှသည့် လုလင်းကတော့ သူ့သမက်လောင်း လီကျင့်ကို မိသားစုဝင်အဖြစ် သဘောထားပြီး ဖြစ်လေ၏။ လုလင်းသည် အကာအကွယ်ပေးတတ်ဆုံး လူတစ်ယောက်ဖြစ်လေရာ ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေရသည့်အခါ အင်မတန် ဒေါသထွက်လေတော့သည်။

လုလင်းက ရုတ်တရက် ထရပ်လိုက်ပြီး အပြင်သို့ထွက်ရန် ပြင်ဆင်တော့၏။

လုမင်ယွိမှာ အလန့်တကြား ဖြစ်သွားကာ "အဖေ အဖေ ဘယ်သွားမလို့လဲ"

လုလင်းက သူ့မျက်ခုံးထူထူများကို ပင့်ပြလိုက်ပြီး "အခုပဲ နန်းတော်ထဲဝင်ပြီးတော့ အရှင်မင်းကြီးကို သွားတွေ့မလို့။ အရှင်မင်းကြီးက ဒီကိစ္စကို သိသွားရင် ဘယ်လိုတုံ့ပြန်မလဲ။ လုအိမ်တော်ကို ဘယ်လိုဖြေရှင်းချက် ပေးမလဲဆိုတာ ငါ သွားကြည့်အုံးမယ်"

လုမင်ယွိမှာ ငိုရခက်ရယ်ရခက် ဖြစ်သွားပြီး အဖေဖြစ်သူကို အလောတကြီး တားဆီးလိုက်ရတော့သည်။ "အဖေ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့အုံး။ အရင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါအုံး"

"အရှင်မင်းကြီးက အမြဲတမ်း မယ်တော်ကြီးအပေါ်မှာ ရိုသေကိုင်းရှိုင်းတာ။ သိသွားရင်တောင် မယ်တော်ကြီးကို ဘာမှလုပ်မှာ မဟုတ်ဘူး။ အဖေက နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို တွေ့တော့ရော ဘာထူးမှာလဲ"

."နောက်တစ်ချက်ကတော့ သမီးက အခုထိ လက်မထပ်ရသေးဘူးလေ။ ဒီလိုကိစ္စမျိုးကို လောလောဆယ် ဝင်မပါတာ အကောင်းဆုံးပဲ။ နောက်ပိုင်း လက်ထပ်ပြီးသွားလို့ တရားဝင်ဖြ စ်သွားတဲ့အခါကျမှ နန်းတော်ထဲက လူတွေနဲ့ယှဥ်ပြိုင်တိုက်ခိုက်လဲ နောက်မကျသေးပါဘူး"

အခုလောလောဆယ်မှာ သူမနဲ့ လီကျင့်တို့က လက်မထပ်ရသေးဘူးလေ။ နန်းတွင်းရေးရာကိစ္စတွေကို ဒီလိုအလျင်စလို ဘယ်လိုလုပ်ပြီး ဝင်စွက်ဖက်လို့ဖြစ်မှာလဲ။

စကားနည်းနည်းပါးပါးဖြင့် ဖျောင်းဖျလိုက်ပြီးနောက်တွင် လုလင်းသည်လဲ နောက်ဆုံးတော့ စိတ်လျှော့သွားလေတော့သည်။ "သမီး ပြောတာလဲ မှန်တာပဲ။ မေးခွန်းထုတ်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ အင်းပါ။ ဒါဆိုရင်လည်း နန်းတော်ထဲကို ကျေးဇူးတင်စကား သွားလျှောက်တာမျိုး ပြောင်းလိုက်ရင်တော့ ကောင်းမယ်"

လုမင်ယွိ "..."

...

အပိုင်း (၁၀၂) မုန်းတိုင်း (၁)

လုလင်းသည် “ကျေးဇူးတင်စကား” ဖော်ပြဖို့ရန် နန်းတွင်းသို့ ဝင်မည်ဟု ခေါင်းမာနေသည့်အပြင် လုမင်ယွိကလဲ သူ့ကို မတားနိုင်တော့သဖြင့် သတိပေးရလေတော့သည်။ “အဖေ အရှင်မင်းကြီးနဲ့ တွေ့တဲ့အခါ လက်ဖွဲပစ္စည်းအကြောင်းကို မပြောမိစေနဲ့နော်”

လုလင်းက ခေါင်းငြိမ့်လိုက်၏။ “စိတ်ချပါ။ တစ်လုံးမှ မပြောဘူး”

လုလင်းသည် ပြောသည့်အတိုင်း လုပ်တတ်သူ ဖြစ်လေသည်။ နန်းတွင်းသို့ ဝင်ရောက်ကာ ယုံးကျားဧကရာဇ်နှင့် တွေ့ဆုံချိန်တွင် လက်ဖွဲ့ပစ္စည်း နည်းခြင်း၊ များခြင်း အကြောင်းကို လုံးဝဖွင့်မပြောဘဲ ကျေးဇူးတင်စကားကိုသာ ဖွင့်ဟ လျှောက်တင်ခဲ့၏။

ယုံးကျားဧကရာဇ်က ပြုံးကာ လုလင်းကို တွဲထူပေးလိုက်သည်။ “ကျန်းက မင်းတို့အိမ်က သမီးကို ချွေးမအဖြစ် တော်စပ်ရတဲ့အတွက် အရမ်းဝမ်းသာနေတာ။ မင်းကလဲ အစွမ်းကုန် ပြုစုပျိုးထောင်ထားတဲ့ သမီး၊ နောင်တစ်ချိန်မှာ ကျန်းရဲ့ ချွေးမဖြစ်လာမှာပဲ။ ကျန်းကတောင် မင်းကို ကျေးဇူးတင်ရအုံးမှာ။ သမီးကောင်းတစ်ယောက် မွေးဖွားပေးခဲ့လို့လေ”

လုလင်းက ချက်ချင်း ပြုံးရယ်လိုက်၏။ “ကျွန်တော်မျိုးကလဲ အရှင်မင်းကြီးကို ကျေးဇူးတင်ရမှာပါ။ တရားဝင် မိဖုရားခေါင်က မွေးတဲ့သားတော်ကို ကျွန်တော်မျိုးအတွက် သားမက်အဖြစ် ပေးသနားလို့ပါ။ ဒီလို သားမက်ကောင်းမျိုးရတာ ကျွန်တော်မျိုးကတော့ အိပ်မက်ထဲမှာတောင် ပြုံးပြီး နိုးလာမိမှာပဲ”

ဘုရင်နှင် အမှုထမ်းတို့သည် အပြန်အလှန် ပြုံးပျော်သွားကြပြီး အလွန်သဟဇာတရှိကာ လိုက်လျောညီထွေရှိလှသည်ကို ပြောပြရန်ပင် မလိုတော့ချေ။

ထိုအခိုက်အတန့်မှာပင် လျိုကုံးကုံးသည် တရိုတသေ အသံဖြင့် လာရောက် လျှောက်တင်လေသည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ကွမ်းပင်းနယ်စားနဲ့ ဖူယန်မြို့စားတို့ တွေ့ဆုံခွင့် တောင်းခံနေပါတယ်”

အားလုံးက ကျေးဇူးတင်စကား ပြောရန်အတွက် နန်းတွင်းသို့ ဝင်လာကြခြင်းဖြစ်လေသည်။

အကြီးအကျယ် အမြတ်ထွက်သွားသည့် ဖူယန်မြို့စားကြီးကတော့ ရှိပါစေတော့။ စိတ်ဓာတ်မြင့်မားပြီး မာနကြီးသည့် ကွမ်းပင်းနယ်စားမှာ ယနေ့၏ အရှက်ရဖွယ် အခြေအနေကို ခံနိုင်ရည် ရှိ၊ မရှိတော့ မသိနိုင်ပေ။ မင်းသား ၃ ပါးသည် တစ်ပြိုင်ထဲ လက်ဖွဲ့ပစ္စည်း ပို့ဆောင်ကြပြီး မုန့်အိမ်တော်သို့ ပို့ဆောင်သည့် လက်ဖွဲ့ပစ္စည်းများမှာ အနည်းဆုံး ဖြစ်နေခဲ့သည်။

လုလင်း၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားကာ နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားတော့သည်။

ခဏအကြာတွင် ကွမ်းပင်းနယ်စားနှင့် ဖူယန်မြို့စားတို့သည် ဝမ်ဟွားနန်းဆောင်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာကြတော့သည်။

ဖူယန်မြို့စား၏ မျက်နှာသည် နီမြန်းနေကာ သူ့မျက်လုံးထဲတွင်လဲ ကျေနပ်ဂုဏ်ယူနေသည့် အရောင်များ လင်းလက်နေ၏။ သူသည် ခြေလှမ်း ၃ လှမ်းကို ၂ လှမ်းဖြင့် အလျင်အမြန် ရှေ့သို့ တိုးလာပြီး ပြုံးလျက် လက်နှစ်ဖက် ယှက်ကာ ဆိုလာလေသည်။ “ကျွန်တော်မျိုး ဒီနေ့ နန်းတော်ထဲဝင်လာတာ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အထူးတလည်လာရောက် လျှောက်တင်တာပါ။ သားသမီးချင်း လက်ဆက်ကြမှာဆိုတော့ ကျွန်တော်မျိုးလဲ နောက်ဆိုရင် အရှင်မင်းကြီးနဲ့ ဆွေမျိုးတော်စပ်ကြတော့မှာပါ”

ဖူယန်မြို့စားသည် ပျော်ရွှင်မြူးတူးနေပြီး ယုံးကျားဧကရာဇ်သည်လဲ ကျေနပ်အားရမိသဖြင့် ဖူယန်မြို့စား၏ ပုခုံးကို ပြုံးကာ လှမ်းပုတ်ပေးလိုက်၏။ “ကျန်းက ကျောက်ယွီ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတဲ့သူပါ။ အားရွှမ်းနဲ့ဆိုရင်လဲ ရုပ်ရည်ရော အရည်အချင်းရော လိုက်ဖက်ညီလွန်းတယ်။ ဒီစေ့စပ်ပွဲကို ကျန်းလဲ သိပ်ပြီးတော့ ကျေနပ်ပါတယ်”

ဖူယန်မြို့စားသည် ပြုံးဖြီးကာ ရယ်မောလိုက်ပြီး ရှင်းယန်ဝမ်နှင့် ကွမ်းပင်းနယ်စားတို့ကို တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ တစ်ချက် စောင်းကာ လှမ်းကြည့်လိုက်လေသည်။

နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီး စစ်သူကြီးများထဲတွင် တတိယနေရာ၌သာ မကျေမနပ်ဖြင့် နေခဲ့ရသဖြင့် ဖူယန်မြို့စား၏ စိတ်ထဲတွင် အမြဲတမ်းဆိုသလို မကျေမနပ် ဖြစ်ခဲ့ရသည်။ ယနေ့တွင်တော့ နောက်ဆုံး၌ လုံးလုံးလျားလျား အလှည့်အပြောင်း ဖြစ်ခဲ့ပြီး မျက်နှာပန်းလှခဲ့လေသည်။

လုလင်းကတော့ မျက်နှာထား မပြောင်းလဲဘဲ နေလိုက်၏။

ကွမ်းပင်းနယ်စား၏ စိတ်ထဲတွင်တော့ ဒေါသမီးများမှာ တဟုန်းဟုန်း တောက်လောင်နေတော့သည်။

မင်းသား ၃ပါးက အတူတကွ လက်ဖွဲ့ပစ္စည်းပို့ဆောင်ရာတွင် တရားဝင်မင်းသားက အနည်းငယ် ပိုများပြီး မိဖုရားငယ်က မွေးသည့် မင်းသားများက အနည်းငယ် နည်းသည် ဆိုလျှင်လဲ လက်ခံနိုင်သေးသည်။ ကျောက်အိမ်တော်က အဘယ်ကြောင့်များ လက်ဖွဲ့ပစ္စည်းကို နောက်တစ်ခါ ထပ်အပို့ခံရပါသနည်း။ ဤသို့ ဝေ့လည်ကြောင်ပတ် လုပ်ဆောင်နေသည်မှာ‌ နောက်ဆုံးတွင်တော့ မုန့်အိမ်တော်ကသာ အနစ်နာဆုံး ဖြစ်ရသည် မဟုတ်ပါလား။ တော်ဝင် မိသားစုကလဲ လူကို ဤသို့ အနိုင်ကျင့်သည်ကတော့ မဖြစ်တန်ရာပင်။

ကွမ်းပင်းနယ်စားသည် စိတ်ထဲမှ ဒေါသမီးကို ဖိနှိပ်လိုက်ပြီး လက်နှစ်ဖက်ယှက်ကာ ရှေ့သို့ တက်ပြီး ကျေးဇူးတင်စကား ပြောလေသည်။

ယုံးကျားဧကရာဇ်သည်လဲ ပြုံးကာ ကွမ်းပင်းနယ်စားကို တွဲထူပေးလိုက်ပြီး မုန့်အိမ်တော်၏ သမီးကို အနည်းငယ် ချီးကျူးစကားပြောပေးလိုက်၏။ ကွမ်းပင်းနယ်စားကလဲ ထရပ်ကာ ပြောလေသည်။ “ကျွန်တော်မျိုးမှာ နောက်ထပ် ကိစ္စတစ်ခု အရှင်မင်းကြီးနဲ့ တိုင်ပင်ချင်ပါသေးတယ်။ စတုတ္ထမင်းသားက အသက်နည်းနည်းငယ်သေးတော့ အနည်းဆုံး ၁ နှစ်၊ ၂ နှစ်လောက်တော့ မင်္ဂလာပွဲကြီး ကျင်းပဖို့ စောင့်ရပါအုံးမယ်။ ဒုတိယမင်းသားနဲ့ တတိယမင်းသားက ဒီတစ်နှစ် ၁၆ နှစ်ပြည့်ပြီး သိပ်မကြာခင် မင်္ဂလာပွဲကြီး ကျင်းပနိုင်ပါပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို တောင်းဆိုချင်တာကတော့ မင်္ဂလာရက်ကို တစ်ရက်ထဲ မသတ်မှတ်ဖို့ပါပဲ”

ယုံးကျားဧကရာဇ်က တစ်ချက်လောက် မှင်သက်အံ့ဩသွားပြီးမှ အမှတ်တမဲ့ ပြန်ဖြေလိုက်လေသည်။ “ညီအစ်ကို ၂ ယောက် တစ်ရက်ထဲ ဇနီးကို ကြိုဆို လက်ထပ်တာက စည်လဲစည်ကားတယ်။ မင်္ဂလာလဲ ရှိတာပဲလေ။ ဘာဖြစ်လို့ မင်းက မလိုလားရတာလဲ”

လုလင်းသည် စိတ်ထဲတွင် ကွမ်းပင်းနယ်စားကို လက်မထောင်ပြလိုက်၏။

ထင်ထားသည့်အတိုင်းပင်။ ကွမ်းပင်းနယ်စားက ရိုးသားသည့် မျက်နှာထားဖြင့် ရှင်းပြလာသည်ကို ကြားလိုက်ရ၏။ “ကျွန်တော်မျိုး ဒီလို တွေးမိလို့ပါ။ ဒုတိယမင်းသားက တရားဝင်မိဖုရားခေါင်က မွေးတဲ့ သားတော်။ လက်ထပ်ပွဲရဲ့ အဆင့်အတန်းနဲ့ ဓလေ့ထုံးတမ်းက တတိယမင်းသားထက်ပိုပြီးတော့ မြင့်မားသင့်ပါတယ်”

“ဒါပေမဲ့ ကျွန်တော်မျိုးက သမီးကို လက်ထပ်ပေးတာ။ သမီးကို ခမ်းခမ်းနားနား၊ စည်စည်ကားကားနဲ့ လက်ထပ်စေချင်လို့ပါ။ တခြားသူတွေနဲ့ နှိုင်းယှဉ်ခံရပြီး လက်ညှိုးထိုး ပြောဆိုတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဒါကလဲ ကျွန်တော်မျိုးရဲ့ ဖခင်တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ စေတနာပါပဲ။ အရှင်မင်းကြီးက ခွင့်ပြုပေးတော်မူပါ”

လုလင်းသည်လဲ အချိန်ကောင်းကို လက်လွှတ်မခံဘဲ လက်နှစ်ဖက်ယှက်ကာ ထောက်ခံလိုက်လေသည်။ “ကွမ်းပင်းနယ်စား ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုးလဲ ဒီလိုပဲ ထင်တယ်။ သမီးကို လက်ထပ်ပေးတာက မင်္ဂလာပွဲကြီးတစ်ခုပဲလေ။ တခြားသူတွေနဲ့ အပြိုင်ဖြစ်တာမျိုး ဒါမှမဟုတ် တခြားသူတွေရဲ့ ပါးစပ်ဖျားမှာ ပြောစရာ၊ ပြက်ရယ်ပြုစရာ ဖြစ်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ မင်္ဂလာရက်ကို တစ်ရက်ထဲ မရွေးတာက အကောင်းဆုံးပါပဲ”

ယုံးကျားဧကရာဇ် “...”

လက်ဖွဲ့ပစ္စည်းအကြောင်းကို ဘယ်သူကမှ ဖွင့်ဟပြီး မပြောခဲ့သော်ငြားလည်း စကားလုံးတိုင်းကတော့ တခြားသော ရည်ရွယ်ချက်များ ပါဝင်နေလေသည်။

ယုံးကျားဧကရာဇ်ကဲ့သို့ လျှို့ဝှက်နက်နဲပြီး အရေထူသူကပင် သူ့မျက်နှာကြီးက ပူလောင်လာသည်ဟု ခံစားလိုက်ရလေသည်။ မယ်တော်ကြီးကျောက်၏ လုပ်ဆောင်ခဲ့သော ဤကိစ္စကြောင့် သူကဲ့သို့ သားသမီးဝတ္တရား ကျေပွန်ကာ ရိုသေကိုင်းရှိုင်းသည့် သားတစ်ယောက်ပင်လျှင် အနာဂတ် ဆွေမျိုးများ ရှေ့တွင် မျက်နှာ မပြဝံ့အောင် ဖြစ်ရတော့သည်။

ဖူယန်မြို့စားသည်လဲ တုံးအသူတော့ မဟုတ်ချေ။ စကားသံကို ကြားသည်နှင့် အခြေအနေ မကောင်းမှန်း သိလိုက်လေသည်။ ချက်ချင်းပင် ပြုံးကာ ပြောလာခဲ့၏။ “ရှင်းယန်ဝမ်နဲ့ ကွမ်းပင်းနယ်စားတို့က ကျွန်တော်မျိုး ပြောတာကို တစ်ချက်လောက် နားထာင်ပေးပါအုံး။ မင်းသားတွေရဲ့ မင်္ဂလာပွဲကြီးက နန်းတော်ရဲ့ အရေးအကြီးဆုံး မင်္ဂလာကိစ္စတစ်ခုပါ။ မင်္ဂလာရက်ကို ဘယ်နေ့သတ်မှတ်မှာလဲ။ မင်္ဂလာပွဲကို ဘယ်လိုကျင်းပမှာလဲဆိုတာက ဓလေ့ထုံးတမ်း ဌာနမှာ စည်းမျဉ်းတွေ ရှိပြီးသားပါ။ အနောက် နန်းဆောင်က မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့မှာလဲ သေချာပေါက် စဉ်းစားထားတာတွေ ရှိမှာပဲ။ အရှင်မင်းကြီးကလဲ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ကို တိုင်ပင်ပြီးမှ ဆုံးဖြတ်မှာပါ”

သူသည် ပါးစပ်ကို ဖွင့်လိုက်သည်နှင့် မယ်တော်ကြီးကျောက်ကို ဒိုင်းသဖွယ် အသုံးချလေတော့သည်။

ကွမ်းပင်းနယ်စားက ဖူယန်မြို့စား၏ “မယ်တော်ကြီး၏ ခွေးခြေထောက်” ပုံစံမျိုးကို အမြဲတမ်း အထင်သေးလာခဲ့ရာ မဲ့ပြုံး ပြုံးကာ ဖြေကြားလိုက်တော့သည်။ “ဖူယန်မြို့စား ပြောတာလဲ ကျိုးကြောင်းမဲ့တာတော့ မဟုတ်ပါဘူး။ ဒုတိယမင်းသားက တရားဝင် မိဖုရားခေါင်က မွေးတာဆိုတော့ မိဖုရားခေါင်ကြီးကလဲ အလေးထားဆုံး ဖြစ်မှာပါ။ မယ်တော်ကြီးကလဲ စတုတ္ထမင်းသားကို ချစ်ခင် သနားတော်မူတာဆိုတော့ စတုတ္ထမင်းသားကို ဘယ်လိုမှ နစ်နာအောင် လုပ်မှာ မဟုတ်ပါဘူး။ တတိယမင်းသားကိုတော့ အရှင်မင်းကြီးက နည်းနည်းပါးပါး ကြင်နာသနားပေးရမှာပေါ့”

ယုံးကျားဧကရာဇ်က ချောင်းတစ်ချက် ဟန့်လိုက်တော့သည်။ “ဒါကတော့ ပြောစရာ မလိုပါဘူး။ အားလုံးက ကျန်းရဲ့ သား‌တော်တွေပဲလေ။ ကိုယ်တော်က သူတို့အားလုံးအပေါ်မှာ တန်းတူညီမျှ သဘောထားပါတယ်။ ဘယ်တော့ကမှလဲ ခွဲခြားတာမျိုး မရှိခဲ့ပါဘူး”

လုလင်းသည် ယုံးကျားဧကရာဇ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး “အရှင်မင်းကြီးက မင်းသားလေးတွကို ချစ်တဲ့စိတ်က လောကကြီးထဲက ဖခင်တိုင်းနဲ့ တစ်ပုံစံထဲပါပဲ။ တရားဝင် သားဖြစ်ဖြစ်၊ မောင်းမက မွေးတဲ့ သားပဲ ဖြစ်ဖြစ် အားလုံးက ကိုယ့်သားသမီးတွေပဲ မဟုတ်လား”

ယုံးကျားဧကရာဇ် “...”

တော်ပါပြီ။ သူ ပါးစပ်ပိတ်ထားလိုက်တာပဲ အကောင်းဆုံးဖြစ်မှာပါ!

...

ရှင်းယန်ဝမ် အပါအဝင် လူ ၃ ဦးသည် ကျေးဇူးတင်စကား လျှောက်တင်ပြီးနောက် နန်းတော်မှ ထွက်ခွာကာ အိမ်သို့ ပြန်သွားကြလေတော့သည်။

ယုံးကျားဧကရာဇ်သည်လဲ လျှောက်တင်လွှာများကို ကြည့်ရှုရန် စိတ်မပါတော့ဘဲ ခြေလှမ်းကျဲကြီးဖြင့် ကျောင်းဖန်နန်းဆောင်သို့ အရင်ဆုံး ကြွချီသွားပြီး မကျေမနပ်မျက်နှာထားဖြင့် ချောင်မိဖုရားခေါင်ကို ပြစ်တင်လေတော့သည်။ “...ဟွမ်ဟုပ်က နောက်ဆုံးတော့ လက်ဖွဲ့ပစ္စည်းတွေကို ဘယ်လို ပြင်ဆင်လိုက်တာလဲ။ တချို့က များပြီး တချို့က နည်းနေတယ်။ ဒါက ခမည်းခမက်လောင်းတွေကို စိတ်ထဲမှာ မကျေမနပ် ဖြစ်ရစေပြီး နန်းတော်ထဲကို အတူတူ ဝင်လာရစေတယ်တဲ့လား။ ကျန်းကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲ”

ချောင်မိဖုရားခေါင်သည်လဲ အလွန် ဒေါသထွက်သွားလေတော့သည်။ အပြစ်ဝန်ခံခြင်း မပြုသည့်အပြင် အေးစက်စွာ ရယ်မောလိုက်တော့၏။ “... ချန်ချဲ့ကလဲ အရှင်မင်းကြီးကို ပြန်မေးချင်လိုက်တာ။ ချန်ချဲ့ရဲ့ သားက တော်ဝင်မိဖုရားခေါင်က မွေးတာ။ မောင်းမကမွေးတဲ့ မင်းသားတွေထက် ဝေစုပိုများတာ မှားလို့လား။ တကယ်လို့ တစ်တန်းထဲ ထားရမယ်ဆိုရင်တော့ ချန်ချဲ့က အရှင်မင်းကြီးကို ပြန်မေးချင်ပါသေးတယ်။ ဟိုတုန်းက အရှင်မင်းကြီးက လီအိမ်တော်ရဲ့ အမွေအနှစ်ကို ဆက်ခံတုန်းက ဘာကို အခြေခံပြီးတော့ ဆက်ခံခဲ့တာလဲ”

ယုံးကျားဧကရာဇ်သည် အထိမခံသည့်နေရာကို ထိမိသွားသဖြင့် ဒေါသကြောင့် နားထင်ကြောများပင် ထောင်တက်လာလေတော့သည်။

ဤနှစ်များအတွင်းတွင် ချောင်မိဖုရားခေါင်သည် ပညာရှိပြီး သဘောထားကြီးမားသည့် ဇနီးတစ်ဦး ဖြစ်ခဲ့ကာ မုန့်ကွေ့ဖေးကိုလဲ သီးခံနိုင်ခဲ့သလို ချင်ဖေးကိုလဲ သီးခံနိုင်ခဲ့လေသည်။ စူးကျောင်းရုံကို အထင်သေးသော်ငြားလည်း ပါးစပ်မှ စကားအနည်းငယ် ကြမ်းတမ်းခဲ့ပြီး စားသောက် နေထိုင်မှုတွင်တော့ နှိပ်စက်ခြင်း မပြုမူခဲ့ချေ။

ယုံးကျားဧကရာဇ်က ပထမမင်းသားကို မျက်နှာလိုက်သည့် အခါတွင်လဲ ချောင်မိဖုရားခေါင်သည် စကားများများ မပြောဆိုခဲ့ချေ။

မထင်မှတ်ဘဲ ယနေ့တွင်တော့ ဒုတိယမင်းသား၏ လက်ထပ်ပွဲကိစ္စအတွက် ချောင်မိဖုရားခေါင်သည် ဤသို့ ခက်ထန် မာကြောလာပြီး စကားပြောရာတွင် နည်းနည်းလေးမှ ညှာတာမှုမရှိဘဲ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ယုံးကျားဧကရာဇ်က ဒေါသတကြီး စိုက်ကြည့်လိုက်ကာ “ချောင်ရှီ မင်း ကျန်းကို ဒီလို ပြောဝံ့ရသလား!”

ချောင်မိဖုရားခေါင်ကလဲ ခါးကို မတ်မတ်ထားလိုက်ကာ ယုံးကျားဧကရာဇ်နှင့် မျက်နှာချင်းဆိုင် ပြန်စိုက်ကြည့်လိုက်သည်။ “ချန်ချဲ့ ပြောတာ မှားသလား၊ မှန်သလား အရှင်မင်းကြီး စိတ်ထဲမှာ အသိဆုံးပါ။ ဒီကိစ္စမှာ အစကနေ အဆုံးအထိ ချန်ချဲ့မှာ ဘာအမှားမှ မရှိခဲ့ဘူး။ မှားတဲ့သူက ဘယ်သူလဲ။ အရှင်မင်းကြီးက အဲဒီသူဆီကိုပဲ သွားသင့်တာပေါ့။ အရှင်မင်းကြီးက ကျောင်းဖန်နန်းဆောင်ကို ပြေးလာပြီး ဒေါသထွက်တယ်။ အကြောင်းမရှိ ပြစ်တင်စွပ်စွဲနေတာကိုတော့ ချန်ချဲ့အနေနဲ့ ကျေကျေနပ်နပ် လက်ခံပေးဖို့ ခွင့်လွှတ်ပေးပါလို့ပဲ ပြောပါရစေ”

“မင်း ...“ ယုံးကျားဧကရာဇ်သည် ဒေါသချောင်းချောင်း ထွက်လာလေတော့သည်။ “မိုက်ရိုင်းလိုက်တာ။ မင်းက မယ်တော်ကြီး မှားတယ်လို့ ပြောရဲတယ်ပေါ့။ ဒါက သားသမီးဝတ္တရား မကျေပွန်တာပဲ”

ချောင်မိဖုရားခေါင်ကလဲ အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ “ချန်ချဲ့ ဘယ်အခြေအနေထိ လုပ်ပေးရမှ သားသမီးဝတ္တရား ကျေပွန်တယ်လို့ ခေါ်မှာလဲကို မသိတော့ဘူး။ မူဟုပ်က ဘယ်အခြေအနေအထိ မျက်နှာလိုက်ချင်နေမှန်းလဲ ချန်ချဲ့ မသိပါဘူး။ အရှင်မင်းကြီးက နောက်ဆုံးတော့ ဘယ်လိုဖြစ်မှ ကျေနပ်မှာလဲ ဆိုတာကို ချန်ချဲ့ မသိနိုင်တော့ဘူး။ အရှင်မင်းကြီးကပဲ ရှင်းရှင်းလင်းလင်း ပြောပြပါလား။ ဒါမှ ချန်ချဲ့လဲ ထုံထိုင်းပြီး အမှားလုပ်မိတာတောင် ကိုယ့်ဟာကိုယ် မသိလိုက်ရတာမျိုး မဖြစ်တော့မှာ”

ယုံးကျားဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် လှန်တက်သွားလေတော့သည်။

ဇနီးမောင်နှံအဖြစ် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည်တွင် ချောင်မိဖုရားခေါင်သည် ပညာရှိပြီး သဘောထားကြီးကာ နေရာတကာတွင် အလျှော့ပေး သီးခံခဲ့လေသည်။

ယနေ့ကဲ့သို့ ထိပ်တိုက် တွေ့ဆုံခြင်းကတော့ ပထမဦးဆုံးအကြိမ် ဖြစ်လေတော့သည်။

...

All Chapters