← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း (၁၀၃) မုန်တိုင်း...၂

ယုံးကျားဧကရာဇ်သည် ရှက်ရွံ့ ဒေါသထွက်ပြီး လက်ကို ခါရမ်းကာ ထွက်ခွာသွားလေတော့သည်။

တိုတောင်းလှသည့် ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ချောင်မိဖုရားခေါင်၏ သတ္တိနှင့်ခွန်အားတို့မှာ ကုန်ခမ်းသွားလေတော့သည်။ ယုံကျားဧကရာဇ်က ဒေါသတကြီး ထွက်သွားပြီးနောက်တွင် ချောင်မိဖုရားခေါင်သည် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာကာ သူမ၏မျက်လုံးထဲတွင်လည်း ခါးသီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်သွားလေတော့သည်။

ချိုင်လန်သည် ရင်တထိတ်ထိတ်ဖြင့် လက်ဖက်ရည်တစ်ခွက်ကို ဆက်သလာပြီး စိုးရိမ်တကြီးလေသံဖြင့် လျှောက်တင်လိုက်၏။ "မိဖုရားခေါင်မယ်မယ် အရှင်မင်းကြီး ခုနတုန်းက အမျက်တော် တော်တော်လေး ပြင်းထန်တာနော် ... "

"ဟုတ်တယ်လေ။ မယ်တော်ကြီးကို ဒေါသထွက်ရမှာ မလုပ်ရက်တော့ ပန်ကုံးကို မိဖုရားခေါင်ကြီးကိုပဲ အသုံးချပြီး ဒေါသဖြစ်ရတော့မှာပေါ့ ဟုတ်တယ်မလား"

ချောင်မိဖုရားခေါင်သည် မျက်ဝန်းထဲတွင် ခါးသီးမှုများ ပိုမိုပြင်းထန်လာတော့သည်။ "ပန်ကုံး တစ်နှစ်ပြီးတစ်နှစ် သည်းခံခဲ့ရတာ။ သမီးတော် လက်ထပ်တဲ့အထိ။ သားတော်စေ့စပ်တဲ့အထိပဲ။ တကယ်ကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး"

ချိုင်လန်၏မျက်လုံးများကလဲ ရုတ်ချည်းဆိုသလို နီရဲသွားလေတော့သည်။ သူမသည် မိဖုရားခေါင်ကြီးကို ခစားလာခဲ့သည်မှာ ၁၀နှစ်ရှိလာခဲ့ပြီဖြစ်၏။ မိဖုရားခေါင်ကြီးသည် မည်မျှ မတရားခံရပြီး စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသည်ကို သူမထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိသူ မရှိချေ။

မိဖုရားခေါင်ကြီးကသာ အရှင်မင်းကြီး၏ ပဏမဇနီးသည်ဖြစ်ပြီး နန်းလယ်မိဖုရားခေါင်ကြီးလဲ ဖြစ်လေသည်။ သို့သော်ငြား ဤအနောက်နန်းဆောင်ထဲတွင်တော့ မုန့်ကွေ့ဖေးကဲ့သို့ မျက်နှာသာပေးခံရခြင်းလည်း မရှိ။ ချင်ဖေးကဲ့သို့ အေးချမ်းလွတ်လပ်စွာ နေထိုင်ရခြင်းလည်း မရှိချေ။ ပင်ပန်းဆင်းရဲရသည်ကို ထားပါတော့။ ကောင်းကျိုးတစ်စက်မှပင် မရရှိခဲ့ချေ။

လက်ဖွဲ့ပစ္စည်းပို့သည့်ကိစ္စတွင် မယ်တော်ကြီးက ကျိုးကြောင်းဆင်ခြင်မှု မရှိသည်မှာ ထင်ရှားလေသည်။ အရှင်မင်းကြီးကတော့ မိဖုရားခေါင်ကြီးကိုသာ တစ်ခွန်းပြီးတစ်ခွန်း အပြစ်တင်လို့နေသည်။

ချောင်မိဖုရားခေါင်သည် နီရဲနေသည့်မျက်လုံးများ ဖြစ်နေသည့် ချိုင်လန်ကို ကြည့်ရင်း နှာခေါင်းထဲတွင် အနည်းငယ် မွှန်ထူသွားပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်ပြီးမှ ပြောလိုက်၏။ "ဒီနေ့ကိစ္စကို အပြင်မပေါက်ကြားစေနဲ့။ ဒုတိယမင်းသား မေးရင်သာ လျှောက်မပြောနဲ့"

ချိုင်လန်က အသံတိုးတိုးဖြင့် "ဟုတ်ကဲ့" ဟု ဖြေကြားလိုက်၏။

စကားသံ မဆုံးသေးခင်မှာပင် လီကျင့်က ရောက်လို့လာခဲ့သည်။

လီကျင့်၏ချောမေလှသည့်မျက်နှာသည် အနည်းငယ် ညှို့မှိုင်းလို့နေ၏။ ချောင်မိဖုရားခေါင်က ပါးစပ်ဖွင့်ပြီး ဖုံးကွယ်ဖို့ရန်ပင် မစောင့်ဆိုင်းတော့ဘဲ သူက လေးနက်သည့် အသံတစ်ခုဖြ င့်ပြောလာခဲ့သည်။ "ဖုဟွမ်က မူဟုပ်ကို အပြစ်တင်ဖို့ လာသွားတာလား"

ချောင်မိဖုရားခေါင်က ငြင်းဆိုသည်ကို မစောင့်ဆိုင်းဘဲ သူက ထပ်ပြီးပြောလာသည်။ "ဒီနေ့ အဘွားတော် လုပ်လိုက်တဲ့ကိစ္စကြောင့် စစ်တိကို မျက်နှာသာပေး မြှောက်စားပြီး ကျွန်တော်နဲ့ မူဟုပ်ကိုတော့ မျက်နှာပျက်ရစေတယ်။ လုအိမ်တော်ကိုလည်း မကျေမနပ် ဖြစ်စေတယ်။ ရှင်းယန်ဝမ်ရဲ့ စရိုက်အတိုင်းဆိုရင် နန်းတော်ထဲကို ကျေးဇူးတင်စကားလာလျှောက်တုန်းက စကားနည်းနည်းပါးပါးတော့ ပြောသွားမှာပဲ။ ဖုယွမ်က အဘွားတော်ကို အပြစ်မတင်ရက်တော့ မူဟုပ်အပေါ်ကိုပဲ ဒေါသပုံချတော့တာပေါ့"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်သည် ရှက်သလို ဝမ်းနည်းနာကျင်သွားသဖြင့် နေရာတွင်ပင် မျက်ရည်ကျလုနီးပါး ဖြစ်လာတော့သည်။

လီကျင့်က ရှေ့သိုတစ်လှမ်းတိုးကာ ချောင်မိဖုရားခေါင်၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး အားအနည်းငယ် ထည့်ကာပြောလိုက်၏။ "မူဟုပ် မတရားခံရတာတွေကို ကျွန်တော် အားလုံးသိပါတယ်။ တနေ့ကျရင် ကျွန်တော် မူဟုပ်အတွက် တရားမျှတမှုအားလုံးကို ပြန်ရယူပေးမှာပါ"

ချောင်မိဖုရားခေါင်၏စိတ်ထဲက ထိုနားကျည်းမှုများသည် သားဖြစ်သူက ဤသို့ပြောလာချိန်တွင်တော့ ထက်ဝက်မက ပျောက်ကွယ်သွားလေတော့သည်။

သူမက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အားကျင့် ဒီနှစ်တွေ တလျှောက်လုံး မင်းရဲ့ဖုဟွမ်က မူဟုပ်ကို မနှစ်သက်ဘူး။ မင်းရဲ့အဘွားတော်ကလဲ မူဟုပ်ကို အရေးမလုပ်ဘူး။ မတရားခံရတာတွေက ကျင့်သားရနေပါပြီ။ ဒါပေမဲ့ သူတို့တွေ မင်းကိုတော့ ဒီလိုဆက်ဆံလို့ မရဘူး"

"မင်းက မင်း ဖုယွမ်ရဲ့တစ်ဦးတည်းသော တရားဝင်သားတော်။ ဘယ်သူကမှ မင်းကို အထင်သေးလို့ မရဘူး။ မင်းရဲ့အဘွားတော်က ဘယ်သူ့ကို မြှောက်စားချင်လဲ မူဟုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူက မင်းရဲ့မျက်နှာကို ဒီလိုအိုးမည်းသုတ်ပြီး လုအိမ်တော်ကို အရှက်ရအောင်တော့ လုပ်လို့မရဘူး"

"မင်းရဲ့ဖုဟွမ် ဘယ်လောက်ပဲ ဒေါသထွက်ထွက် မူဟုပ်က နောက်ဆုတ်အလျှော့ပေးလို့ မဖြစ်ဘူး"

အမျိုးသမီးတို့၏သဘာဝသည် နူးညံ့သိမ်မွေ့သော်ငြားလည်း မိခင်တစ်ဦး ဖြစ်လာသည့်အခါတွင်တော့ ခိုင်မာပြတ်သားသွားလေသည်။

အမြဲတမ်း သိမ်မွေ့နူးညံ့လှသည့် ချောင်မိဖုရားခေါင်သည် ဒီတစ်ကြိမ်တွင်တော့ နောက်ဆုံး ခါးကိုမတ်ကာ ယုံးကျားဧကရာဇ်နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခဲ့လေသည်။

လီကျင့်၏ရင်ထဲတွင် အနည်းငယ် ပူနွေးသွားသလို ခံစားလိုက်ရပြီး သူက လေသံတိုးတိုးဖြင့် ပြတ်သားစွာပြောလာ၏။ "မူဟုပ် ဒီလိုတွေးနိုင်တာ အကောင်းဆုံးပဲ" ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူက ညင်သာစွာဖြင့် ထပ်ပြီးပြောလာသည်။ နောက်ဆိုရင် မူဟုပ် ဖူဟွမ်ကို အားကိုးစရာမလိုတော့ပါဘူး။ ကျွန်တော်က မူဟုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးပြုစုမှာပါ"

ဤလောကထဲတွင် ကုသရန် အခက်ခဲဆုံးရောဂါမှာ မျက်နှာလိုက်ခြင်းပင်။

မယ်တော်ကြီးကျောက်က ချင်ဖေးတို့သားအမိကို မျက်နှာလိုက်ပြီး ယုံးကျားဧကရာဇ်က မုန့်ကွေ့ဖေးနှင့် ပထမမင်းသားကို မျက်နှာလိုက်သည်။ ချောင်မိဖုရားခေါင်သည် နန်းလယ်မိဘုရားခေါင်ကြီး ဖြစ်သော်ငြားလည်း သူမ၏အခြေအနေကတော့ ကောင်းမွန်လှသည် မဟုတ်ချေ။

ချောင်မိဖုရား၏နှာခေါင်းထဲတွင် တစ်ချက်လောက် မွှန်ထူသွားကာ ရှိုက်သံမထွက်စေရန် ကြိုးစားကာ ခေါင်းညိမ့်ပြလိုက်၏။ "ကောင်းပြီ"

...

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကြောင့် ဒေါသအလွန်ထွက်သွားပြီး ဆို့နစ်သွားကာ ဘာမှမစဥ်းစားနိုင်တော့ဘဲ ရှို့နဥ်နန်းဆောင်သို့ သွားလေတော့၏။

နန်းဆောင်အတွင်းသို့ ခြေချလိုက်သည်နှင့် ရယ်မောသံများ ကြားလိုက်ရလေသည်။

ထိုရယ်မောသံများသည် ယုံးကျားဧကရာဇ်၏ ဒေါသမီးများ တောက်လောင်နေသည့် နားထဲတွင် မီးထဲကို လောင်စာထည့်သလို ဖြစ်သွားလေတော့သည်။

တံခါးနားတွင် စောင့်ကြပ်နေသည့် နန်းတွင်းအပျိုတော်လေးက ရှေ့သို့တက်လာကာ ဂါရဝပြုရန် ရည်ရွယ်လိုက်သော်ငြားလည်း ယုံးကျားဧကရာဇ်၏ မျက်နှာပေါ်က ဒေါသ အရိပ်အယောင်များကြောင့် ကြောက်လန့်သွားကာ မလှုပ်ရှားဝံ့တော့ပေ။ ယုံကျားဧကရာဇ်သည် ကြောက်ရွံ့တုန်လှုပ်နေသည့် နန်းတွင်းသူကို တစ်ချက်မှမကြည့်ဘဲ အခန်းတွင်းသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်သွားလေတော့သည်။

မယ်တော်ကြီးကျောက်က ဇာမဏီသလွန်ပေါ်တွင် ထိုင်ကာ ချင်ဖေးနှင့် ပျော်ရွှင်စွာ စကားပြောဆိုနေ၏။ စတုတ္ထမင်းသားသည် မယ်တော်ကြီးကျောက်၏ တခြားဘက်တွင် ထိုင်နေပြီး ချောမောလှသည့် မျက်နှာထက်တွင်လည်း အပြုံးများဖြင့် ပြည့်နှက်လို့နေသည်။

အဘွားနှင့် မြေးတော်များ မျိုးဆက်သုံးဆက်တို့သည် တနေရာတည်းတွင် ထိုင်လျက် စကားပြောရယ်မောလိုက်ဖြင့် ပတ်ဝန်ကျင်လေထုမှာ သာယာပြီး ပျော်ရွှင်ဖွယ်ကောင်းသည်ကိုတော့ ပြောရန်ပင် မလိုတော့ချေ။

စတုတ္ထမင်းသားသည် မျက်စိလျင်သူဖြစ်ပြီး ယုံးကျားဧကရာဇ်၏အရိပ်ကို အရင်ဆုံး လှမ်းမြင်လိုက်ပြီးနောက် ချက်ချင်းပင် ပြုံးကာ ထရပ်လိုက်သည်။ "ဖုဟွမ် ..."

စကားသံ ထွက်သွားသည်နှင့် အခြေအနေမကောင်းသည်ကို သတိပြုမိလိုက်၏။

ယုံးကျားဧကရာဇ်၏မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီး သူ့မျက်လုံးထဲတွင်လည်း ဖုံးကွယ်မရနိုင်သည့် ဒေါသမီးများ တောက်လောင်နေလေသည်။ "လီရှန်း မင်း ဒီနေ့ စိတ်ကြည်နေပုံ ရတယ်နော်!"

အဖေဖြစ်သူက အမည်အပြည့်အစုံကို ခေါ်လိုက်ခြင်းသည် အဓိပ္ပါယ် တစ်မျိုးတည်းသာ ရှိလေသည်။ ကောင်းမွန်စွာ မတုံ့ပြန်နိုင်ပါက အိမ်တော်စည်းကမ်းဖြင့် အပြစ်ပေးခံရတော့မည်။

စတုတ္ထမင်းသားသည် အလိုလို ခေါင်းငုံ့ကာ အမှားဝန်ခံလိုက်၏။ "ဖုဟွမ် ကျေးဇူးပြုပြီးတော့ စိတ်လျော့ပေးပါ"

ချင်ဖေးကလဲ ရယ်မောနေသည်ကို ရပ်လိုက်ကာ သတိလေးဖြင့် ထရပ်လိုက်၏။ "အရှင်မင်းကြီး ..."

ယုံးကျားဧကရာဇ်က အေးစက်စက် ရယ်မောလိုက်ပြီး ဒေါသမျက်စောင်းသည် ချင်ဖေးထံသို့ လှည့်သွားလေတော့သည်။ "ကျန်း ကြည့်ရတာ မင်းလဲ စိတ်တွေ အရမ်းကြည်နေတဲ့ပုံပဲ။ ဘာလို့လဲဟေ!"

ချင်ဖေးသည် ယုံကျားဧကရာဇ်၏ ဒေါသတကြီး စိုက်ကြည့်ခြင်းခံလိုက်ရသဖြင့် စိတ်ထဲတွင် ရုတ်တရက် အေးခဲသွားကာ မြန်မြန်ခေါင်းငုံ့ကာ အပြစ်ဝန်ခံလိုက်လေသည်။ "ချန်ချဲ့ ဘာအမှားများ လုပ်မိလို့ အရှင်မင်းကြီးကို ဒီလောက်အမျက်ထွက်ရစေမှန်း မသိပါဘူး။ အရှင်မင်းကြီး သင်ကြားပြသပေးပါ။ ချန်ချဲ့ မဖြစ်မနေ ပြုပြင်ပါ့မယ်"

ယုံကျားဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။ "မင်း နေ့တိုင်း ရှို့နဥ်နန်းဆောင်ကို လာတယ်။ မူဟုပ်ကို အလုပ်အကျွေးပြုပြီး ပျော်ရွှင်အောင် ထားပေးတယ်။ ကျန်းက မင်းကို ဆုချလို့တောင် မလောက်ဘူး။ ကြောက်လန့်နေဖို့ မလိုပါဘူး"

ထိုစကားသည် ချင်ဖေးက ချိုသာသည့် စကားလုံးများဖြင့် မယ်တော်ကြီးကျောက်ကို လှည့်ဖျားနေသည်ဟု ပြစ်တင်နေခြင်းပင်။

ယုံးကျားဧကရာဇ်၏ ဒေါသအလုံးစုံသည် မိခင်အရင်းဖြစ်သူကို ပုံမချနိုင်သည့်အခါ ချင်ဖေးတို့ သားအမိထံသို့ လှည့်သွားသည် မဟုတ်ပါလား။

ချင်ဖေးသည် မည်သို့ ဆက်ပြီး တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်ပါမည်နည်း။ သို့နှင့် သူမသည် ဒူးထောက်ချ လိုက်လေတော့သည်။ စတုတ္ထမင်းသားကလဲ အတူတူလိုက်ပြီး ဒူးထောက်လိုက်၏။

မူလက ရွှင်လန်းနေသည့် မယ်တော်ကြီးကျောက်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ဒေါသထွက်ပြီး စားပွဲကိုအားဖြင့် ရိုက်ချလိုက်ကာ ပြောလိုက်၏။ "ဒီကိစ္စကို အိုက်ကျားလုပ်တာ။ လက်ဖွဲ့ပစ္စည်းပို့တဲ့ကိစ္စက အစအဆုံး အိုက်ကျားတစ်ယောက်တည်းရဲ့ အကြံပဲ။ ချင်ဖေးနဲ့ စတုတ္ထမင်းသားက အစကတည်းက လုံးဝမသိတာ"

"အရှင်မင်းကြီးက ဒေါသထွက်ချင်တယ်ဆိုရင် အိုက်ကျားဆီကိုပဲ လာခဲ့"

ကျိုးကြောင်းမဲ့လွန်းလှသည့် မိခင်အိုကြီးနှင့် ရင်ဆိုင်ရချိန်တွင် ရှင်ဘုရင်ကပင် ခေါင်းကိုက်ရလေသည်။

ယုံးကျားဧကရာဇ်က မျက်မှောင်ကြုတ်ကာ မယ်တော်ကြီးကျောက်ကိုကြည့်လိုက်ပြီး "မူဟုပ်က ဘယ်လိုဖြစ်ပြီး ဒီလိုဆိုးဝါးတဲ့ အကြံမျိုးကို ရုတ်တရက် စဥ်းစားမိသွားတာလဲ"

မယ်တော်ကြီးကျောက်သည်လဲ ဒေါသထွက်ကာ ထရပ်လေတော့သည်။ "ဘာဆိုးဝါးတဲ့စိတ်ကူးလဲ! ဒါက သားတစ်ယောက်က အမေကို ပြောရမဲ့စကားလား။ ငါက ချောင်ရှီကို လက်ဖွဲ့ပစ္စည်းကိစ္စ မေးကြည့်ပြီးပြီ။ ချောင်ရှီက ပါးစပ်ဖွင့်လိုက်တာနဲ့ တရားဝင်သားဖြစ်တာနဲ့ မောင်းမကမွေးတဲ့သားဖြစ်တာနဲ့ ပြောနေတာ။ ငါသိတာပေါ့။ သူက ချောင်အိမ်တော်ရဲ့ တရားဝင်သမီး သူ့စိတ်ထဲမှာ ငါ့ကို မောင်းမကနေ မွေးတဲ့ယောက္ခမကို အထင်မကြီးတာလေ"

"အဘွားတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ငွေသုံးပြီး မြေးအတွက် လက်ဖွဲ့ပစ္စည်း နည်းနည်းပါးပါးထည့် ပေးလိုက်တာ ဘာမှားလို့လဲ။ မင်း ပြောစမ်းပါအုံး။ ငါ နားထောင်ကြည့်မလို့ပါ!"

ယုံးကျားဧကရာဇ်မှာ ပိုလို့ပင် မျက်မှောင်ကြုတ်သွားတော့သည်။ "မူဟုပ်က လက်ဖွဲ့ပစ္စည်း ထပ်ထည့်ချင်ရင်တောင် မိဖုရားခေါင်ကြီးဆီကို တစ်ခွန်းပြောသင့်တာပေါ့။ ဒီလို နှစ်ခါခွဲ့ပြီး သွားပို့တော့ နန်းတော်နှစ်ခု မတည့်ဘူးဆိုတာ လူတိုင်းကို ထင်ထင်ရှားရှား ပြလိုက်တာပဲ မဟုတ်ဘူးလား"

မယ်တော်ကြီးကျောက်က နှာခေါင်းရှုံ့လိုက်ကာ "မတည့်လဲ မတည့်လို့ပေါ့။ ဘယ်သူက နန်းတော်ထဲကိုဝင်ပြီး ဝေဖန်စကား လာပြောရဲမှာလဲ"

ယုံးကျားဧကရာဇ်မှာ ပိုလို့ပင် ခေါင်းကိုက်သွားလေတော့သည်။ "ဒါဆို မူဟုပ်က ဘာဖြစ်လို့ သုံးစုလုံးကို မထည့်ပေးလိုက်တာလဲ။ ဒါမှ မြေးတော်တွေ အားလုံးက မူဟုပ်ရဲ့ကောင်းကြောင်းကို ပြောကြမှာပေါ့"

မယ်တော်ကြီးကျောက်က ခေါင်းကို ပိုပြီးမော့ထားလိုက်ကာ "ငါက အဘွား မြေးမှ မဟုတ်တာ။ ငါ ကြိုက်တဲ့သူကို ပေးမှာပဲ။ သူတို့အားလုံးက ငါ့ကောင်းကြောင်းကို ပြောတာကိုလည်း ငါ အထင်မကြီးဘူး။ ငါက မကောင်းဘူးပဲထား။ သူတို့က သားသမိးဝတ္တရား မကျေဘဲ ဖီဆန်ရဲလို့လား"

ယုံးကျားဧကရာဇ် "..."

ဤမျှရန်လိုပြီး ဗိုလ်ကျစိုးမိုးတတ်သည့် မယ်တော်ကြီးကျောက်နှင့် ကျိုးကြောင်းသင့်ပြောဆိုရန် လုံးဝမဖြစ်နိုင်တော့ချေ။

ယုံကျားဧကရာဇ်သည် ဒေါသတကြီးဖြင့် မျက်လုံးက ချင်ဖေးတို့ သားအမိထံသို့ ဝေ့သွားလေတော့သည်။ "ဒီအသုံးမကျတဲ့အကြံက ချင်ဖေးက မူဟုပ်ကို သွေးထိုးလှုံ့ဆော်လို့ စဥ်းစားမိတာ ဖြစ်မှာပေါ့။ မူဟုပ်နဲ့ ဟွမ်ဟုပ်ကြားမှာ သွေးခွဲရဲတယ်ပေါ့။ ကျန်း မင်းကို ခွင့်မလွှတ်ဘူး"

"အခု ချက်ချင်း မင်းရဲ့အဆောင်ကိုပြန်တော့။ ကျန်းရဲ့ခွင့်ပြုချက်မရှိဘဲ အဆောင်ကနေ မထွက်ရဘူး"

ချင်ဖေးမှာ ငိုယိုလွန်းသဖြင့် မေ့လဲမတတ်ပင် ဖြစ်သွားတော့သည်။

စတုတ္ထမင်းသားသည်လဲ မိခင်ဖြစ်သူအတွက် အသနားခံ ကြံရွယ်လိုက်သော်ငြား ယုံးကျားဧကရာဇ်က ဒေါသတကြီး ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ "လီရှန်း မင်းလဲ ရှို့နဥ်နန်းဆောင်ကနေ ထွက်သွားတော့။ နန်းဆောင်ကို ပြန်ပြီး ကိုယ့်အမှားကို ပြန်သုံးသပ်"

...

အပိုင်း (၁၀၄) မုန်တိုင်း-၃

ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ အရင်ဆုံးသွားခဲ့ပြီးနောက် ရှို့နဥ်နန်းဆောင်သို့ သွားရောက်ခဲ့လေသည်။ ထို့နောက် ချက်ချင်းပင် ချင်ဖေးတို့ သားအမိနှစ်ယောက်သည် နန်းဆောင်သို့ ပြန်လွှတ်ခံရကာ အကျယ်ချုပ်ချခံလိုက်ရပြီး မိမိကိုယ်ကို ပြန်လည်စမ်းစစ်ရန် အပြစ်ပေးခြင်းလည်း ခံလိုက်ရသည်။

နန်းတော်ထဲတွင် သတင်းစုံကြသူများကတော့ ယုံးကျားဧကရာဇ်သည် လက်ဖွဲ့ပစ္စည်းကိစ္စကြောင့် အမျက်ထွက်ခဲ့သည်ကို သိကြလေသည်။

ပထမမင်းသားကတော့ တော်တော်လေး သားသမီးဝတ္တရား ကျေပွန်သူဖြစ်ကာ ချက်ချင်းဆိုသလို နန်းတော်တွင်းသို့ ဝင်ရောက်လာပြီး ယုံးကျားဧကရာဇ်ကို နှစ်သိမ့်ပေးရန် ရည်ရွယ်ခဲ့၏။ သို့သော်ငြား မုန့်ကွေ့ဖေးက တားမြစ်ထားလိုက်လေသည်။

မုန့်ကွေ့ဖေးကတော့ ဘာမှမသက်ဆိုင်သဖြင့် သူမက နန်းတွင်းအစေခံမလေးများကို အရောင်ရင့်ရင့် ဒန်းပန်းများကို ထောင်းခိုင်းပြီး သူမ၏လက်သည်းများကိုလဲ နီရဲတောက်ပနေအောင် ဆိုးထားလေသည်။

သူမ၏ သွယ်လျလျ လက်ချောင်းများကို ကြည့်ရှု့ရင်း မုန့်ကွေ့ဖေးက ဖြည်းညင်းစွာဖြင့် ပြောလိုက်၏။ "ဒါက မင်းနဲ့ ဘာမှမဆိုင်တဲ့ဟာကို ဘာဖြစ်လို့ အလျင်လိုနေတာလဲ။ ပြီးတော့ မင်းရဲ့ဖုဟွမ်က အခု ဒေါသထွက်နေတော့ ဘယ်သူကမှ သူ့ကို ဖျောင်းဖျလို့ရမှာ မဟုတ်ဘူး။ မင်း သွားတော့လည်း အလကားဆူခံရပြီး အပြစ်တင်ခံရမှာပဲ။ ဘာဖြစ်လို့ အတင်းရှေ့ကို တိုးချင်နေရတာလဲ"

ပထမမင်းသားသည် မျက်မှောင်ကြုတ်သွားပြီး ထိုအမူအရာမှာ ယုံကျားဧကရာဇ်နှင့် အလွန်ဆင်တူနေတော့သည်။ "ဖုဟွမ်က ဒေါသထွက်ပြီး မပျော်မရွှင်ဖြစ်နေတာ။ သားတစ်ယောက်အနေနဲ့ သူ့ရဲ့စိတ်သောကကို မမျှဝေပေးနိုင်ဘူးဆိုရင်တောင် ဖုဟွမ်ရဲ့စိတ်ထဲက ဒေါသတွေကို ဖွင့်ထုတ်ခိုင်းခဲ့တာလည်း ကောင်းတာပါပဲ"

စကားဆုံးသည်နှင့် လှည့်ထွက်ရန်ပြင်လိုက်၏။

မုန့်ကွေ့ဖေးက လှမ်းကြည့်ကာ ပြောလိုက်သည်။ "ရပ်လိုက်!"

ပထမမင်းသား၏ ခြေလှမ်းများကလဲ ခဏလောက် ရပ်တန့်သွားသည်။

မုန့်ကွေ့ဖေး၏အသံထဲတွင် အေးစက်မှုများ ပါဝင်လို့နေသည်။ "မင်းရဲ့အဘွားတော်က မျက်နှာလိုက်တာ။ ဒီလောက် ကျိုးကြောင်းမဲ့တဲ့ကိစ္စကိုတောင်မှ လုပ်နိုင်တယ်။ ချင်ဖေးတို့ သားအမိကလဲ မင်းရဲ့အဘွားတော်ဆီကနေ အကျိုးအမြတ်တွေ အများကြီးရပြီးသား။ ပုံမှန်နေ့တွေမှာ မင်းရဲ့ဖုဟွမ်က မင်းရဲ့အဘွားတော်မျက်နှာကို ထောက်ထားပြီး အရေးမလုပ်ဘဲ နေလိုက်တာပဲ ရှိတယ်"

"ဒီနေ့ မင်း ဖုဟွမ်က ဒေါသတကြီး ဖြစ်နေတာ။ မင်းရဲ့အဘွားတော်ရဲ့ ဒီလုပ်ရပ်ကြောင့်ပဲ။ တစ်ချက်နည်းနဲ့ လုအိမ်တော်ကိုရော မုန့်အိမ်တော်ကိုပါ စိတ်ဆိုးအောင် လုပ်လိုက်တာ"

"ရှင်းယန်ဝမ်က သမီးကို အသက်လောက်ချစ်တာ။ နန်းတော်ထဲဝင်ပြီး သမီးအတွက် အားမဖြည့်ပေးပဲနေမလား။ မင်းဦးလေးကလဲ ယွင်လော်ကို အရမ်းချစ်တာ။ ဒါပေမဲ့ မုန့်အိမ်တော်ကို ပို့တဲ့လက်ဖွဲ့ပစ္စည်းတွေက အနည်းဆုံး ဖြစ်နေတယ်။ မုန့်အိမ်တော် မျက်နှာပျက်ရတာကို မင်းလို လူတစ်ယောက်အနေနဲ့ ကိုယ့်ဦးလေးနဲ့ ကိုယ့်ဝမ်းကွဲညီမကို မသနားဘူးလား"

မုန့်ကွေ့ဖေးသည် အမှန်တွင်တော့ ဒေါသများအပြည့် ဖြစ်နေ၏။ ယခင်က အေးဆေးတည်ငြိမ်နေသည့်ပုံစံသည် အများစုမှာ ဟန်ဆောင်ထားခြင်းပင်။ ဤအချိန်တွင် စိတ်လှုပ်ရှားစရာ အချိန်ကိုက်ရောက်လာသောအခါ စားပွဲကို ဝုန်းခနဲ ရိုက်ချလိုက်လေတော့သည်။

စစ်သူကြီးမျိုးနွယ်မှ ဆင်းသက်လာသည့် မုန့်ကွေးဖေးသည် ငယ်စဥ်ကတည်းက သိုင်းပညာကို အနည်းအကျဥ်း တတ်ကျွမ်းခဲ့၏။ ဒီနှစ်များအတွင်းတွင် ချမ်းသာကြွယ်ဝစွာ နေထိုင်ခဲ့ရသဖြင့် သိုင်းပညာကို အသုံးမပြုတော့သော်ငြားလည်း အခြေခံကတော့ ရှိနေသေးသည်။

လက်ဝါးရိုက်ချက်တစ်ခုတည်းနှင့်တင် လက်ဖက်ရည်စားပွဲသည် တုန်ခါသွားလေတော့သည်။

မုန့်ကွေ့ဖေးက ရုတ်တရက် ထရပ်လိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသများ တောက်လောင်လို့နေ၏။ "မင်းရဲ့ အဲဒီ့အဘွားတော်မျက်လုံးထဲမှာ သူ့မိဘအိမ်ကလွဲပြီး တခြားဘယ်သူမှရှိတာ မဟုတ်ဘူး။ ဟိုတုန်းက မင်း စေ့စပ်တုန်းက သူ ဘာမှ ဝင်ပေးခဲ့တာ မရှိဘူး။ စတုတ္ထမင်းသားအလှည့်ကျမှ သူ့ရဲ့ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက ပစ္စည်းကောင်းတွေကိုတောင် ထုတ်ပေးခဲ့သေးတယ်"

ပစ္စည်း နည်းခြင်း၊ များခြင်းက အရေးမကြီးလှချေ။

သို့သော်ငြား စိတ်ထဲက သည်မကျေနပ်ချက်ကိုတော့ ဖြေရှင်းရန် အမှန်တကယ် ခက်ခဲလှလေသည်။

အားလုံးက တော်ဝင်မင်းသားများ ဖြစ်ကြလျက်နှင့် မယ်တော်ကြီးကျောက်ကတော့ စတုတ္ထမင်းသားကို ဤသိုမြှောက်စားနေခြင်းမှာ အမှန်တကယ် လူကို ဒေါသထွက်ရစေတော့သည်။

မုန့်ကွေ့ဖေးက ဒေါသထွက်လာသည်နှင့်ချက်ချင်း ပထမမင်းသားသည်လဲ အမေဖြစ်သူထံသို့ လျှောက်သွားကာ လေသံတိုးတိုးဖြင့် နှစ်သိမ့်ပေးတော့သည်။ "မူဖေး စိတ်မဆိုးပါနဲ့။ အဘွားတော်က အစကတည်းက ဒီလိုအကျင့်စရိုက်မျိုးပဲလေ။ ကျွန်တော်လဲ ကျင့်သားရနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဖုဟွမ်က ကျွန်တော့်ကို အချစ်ဆုံးပဲ။ အဘွားတော်က စစ်တိကို ဘယ်လောက်ပဲ မြှောက်စားပါစေ ကျွန်တော်ကိုတော့ ကျော်လွန်သွားမှာ မဟုတ်ပါဘူး"

စတုတ္ထမင်းသား မဆိုထားနှင့် ဒုတိယမင်းသားနှင့် တတိယမင်းသားပင်လျှင် ဖုဟွမ်၏မျက်နှာသာပေးခြင်းကို သူ့လောက် ရရှိကြလိမ့်မည် မဟုတ်ပေ။

ဖခင်၏မျက်နှာသာပေးခြင်း ခံထားရသည့် သားတစ်ယောက်၏ ယုံကြည်မှုက လဲကွဲပြားလှသည်။

မုန့်ကွေ့ဖေး၏ဒေါသသည် အနည်းငယ် ပြေလျော့သွားပြီး သူမက ပထမမင်းသား၏အင်္ကျီကို သပ်ရပ်အောင် ပြုပြင်ပေးလိုက်ကာ "မင်း ပြောတာလဲ မှန်ပါတယ်။ မူဖေးကလဲ ဒီမကျေနပ်ချက်ကို မျိုသိပ်မထားနိုင်လို့ပါ"

ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူမက ထပ်ပြောလာ၏။ "တကယ်လို့ ဝမ်ဟွားနန်းဆောင်ကို သွားချင်တယ်ဆိုရင်လည်း မိုးချုပ်မှသွား။ ဟိုရောက်ရင် လက်ဖွဲ့ပစ္စည်းကိစ္စကို တစ်ခွန်မှမဟနဲ့။ မင်းရဲ့အဘွားတော် ဒါမှမဟုတ် မိဖုရားခေါင်ကြီးရဲ့ အမှားအယွင်းတွေကိုလည်း လုံးဝမပြောရဘူး။ မင်းရဲ့ဖုဟွမ်နဲ့ အတူတူ အဖော်လုပ်ပေးပြီး ပျော်စရာစကားတွေကိုပဲ စိတ်ပြေလက်ပျောက် ပြောပေးလိုက်"

နှစ်၂၀တိုင်တိုင် မျက်နှာသာပေးခံရခြင်းမှာ ငယ်စဥ်က ချစ်ခင်မှုအပေါ်တွင်သာ မှီခိုနေ၍တော့ မလုံလောက်ပေ။ မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်၏ စိတ်နေသဘောထားကို ကောင်းစွာ နားလည်ထားပြီး ပထမမင်းသားကို အသေးစိတ် သင်ကြားပြသပေးလေသည်။

ပထမမင်းသားက ခေါင်းညိမ့်ကာ လက်ခံလိုက်၏။

မုန့်ကွေ့ဖေးက ပြောလိုက်သည်။ "မင်း ရောက်လာမှတော့ ဒီည မူဖေးနဲ့အတူတူ ညစာစားသွားလိုက်"

ပထမမင်းသားကလဲ အလွန်ဝမ်းသာစွာဖြင့် ဖြေကြားလိုက်သည်။ "ကောင်းပါပြီ။ ကျွန်တော် အခုပဲ နန်းတော်အပြင်ကို လူလွှတ်လိုက်မယ်။ လျန်ရှီကိုပါ နန်းတော်ထဲကို တခါတည်း ခေါ်ခိုင်းလိုက်မယ်"

မုန့်ကွေ့ဖေး “...”

မုန့်ကွေ့ဖေးသည် အနည်းငယ် ခေါင်းကိုက်သလို ခံစားလိုက်ရပြီး ဒေါသဖြင့် ပြောလေတော့သည်။ "ငါတို့သားအမိပဲ အတူတူ ညစာစားကြမှာ။ သူ့ကို လာခိုင်း ပြီးဘာလုပ်မလို့လဲ။ သူ့ကို ခေါ်စရာမလိုတော့ပါဘူး"

"မူဖေး" ပထမမင်းသားသည်လဲ အနည်းငယ် ကူကယ်ရာ မဲ့သွားလေတော့သည်။ "လျန်ရှီက သားတော်ရဲ့ဇနီးပါ။ ဖုဟွမ်က စစ်ထွက်တာနဲ့ သားတော်လဲ လိုက်ပါပြီး စစ်ထွက်ရတော့မှာ။ လျန်ရှီက သားတော်ကိုယ်စား မူဖေးကို လုပ်ကျွေးပြုစုရမှာလေ။ လျန်ရှီက စိတ်ထားနူးညံ့တယ်။ ပြီးတော့ ပညာရှိပြီး ဂရုစိုက်တတ်တယ်။ မူဖေးက ဘာလို့ သူ့ကို သဘောမကျရတာလဲ"

ဒီအတွက်တော့ ဘာအကြောင်းပြချက်မှ မရှိဘူး!

သမီးယောက္ခမဆိုတာ သဘာဝအလျောက် ရန်သူတွေပဲလေ။ အပြန်အလှန် သဘောမကျကြတာ ပုံမှန်ပဲ။

ထို့အပြင် မုန့်ကွေ့ဖေးသည် သူမ၏စိတ်ထဲတွင်တော့ ဘိန်မိသားစုအပေါ် အထင်သေးခြင်းမရှိဘဲ ဒီအတိုင်း လျန်ရှီအပေါ်တွင်သာ အနည်းငယ် ဝေဖန်ပြစ်တင်ခြင်းသာ ရှိလေသည်။ သူမက ပြောလိုက်၏။ "လျန်ရှီက မင်း ရှေ့မှာပဲ ဟန်ဆောင်ကောင်းတာ။ သူက တကယ်ပဲ လိမ်မာသိတတ်ပြီး ဂရုစိုက်တတ်မယ်ဆိုရင် မူဖေးက ဘယ်လိုလုပ်ပြီး သူ့ကို မကြိုက်ဘဲနေမှာလဲ။ ရိုသေတာ ရင်းနှီးတာတွေက ဒီအတိုင်း ဟန်ဆောင်လုပ်ပြနေတာ။ သူ့စိတ်ထဲမှာ ငါ့ကို ဘယ်လို တွေးနေတယ်ဆိုတာတောင် မသိဘူး"

ပထမမင်းသားသည် ဖျန်ဖြေပေးရန် ရည်ရွယ်လိုက်သော်ငြားလည်း မုန့်ကွေ့ဖေးက သူ့ကို မျက်စောင်းဖြင့် ကြည့်လိုက်လေသည်။ "မင်း လျန်ရှီအကြောင်း ထပ်ပြောမယ်ဆိုရင် ချက်ချင်းပြန်သွားတော့။ မင်း ညစာကို အဖော်လုပ်ပြီးမစားပေးလဲ အရေးမကြီးဘူး"

ပထမမင်းသားမှာ သူ့နှာခေါင်းကို ထိကိုင်လိုက်ကာ နှုတ်ဆိတ်နေလိုက်တော့သည်။

မုန့်ကွေ့ဖေးသည် ထိုအခါကိမှ ပြုံးသွားပြီး သားဖြစ်သူ၏လက်ကို တရင်းတနှီး ဆွဲကိုင်ကာ ထမင်းစားဆောင်သို့ သွားလေတော့သည်။ ညစာသုံးဆောင်ပြီးနောက် ပထမမင်းသားသည် ဝမ်ဟွားနန်းဆောင်သို့ သွားရောက်ခဲ့ပြီး မုန့်ကွေ့ဖေး၏မှာ ကြားချက်အတိုင်း ယုံးကျားဧကရာဇ်နှင့်အတူ သတိကြီးကြီးဖြင့် ပျော်ရွှင်စရာ အကြောင်းအရာများကိုသာ ပြောဆိုပြီး အဖော်ပြုပေးလိုက်လေသည်။

...

ယိဟွားနန်းဆောင်တွင် လီဟောက်နှင့် လီချန်တို့ ညီအစ်ကိုနှစ်ယောက်သည် စူးကျောင်းရုံနှင့်အတူ ညစာသုံးဆောင်နေကြ၏။

သားဖြစ်သူ စေ့စပ်ခြင်းသည် မင်္ဂလာကိစ္စဖြစ်သော်ငြားလည်း ဒီလက်ဖွဲ့ပစ္စည်းကိစ္စကတော့ အလွန်စိတ်ညစ်ငြူးဖွယ် ကောင်းလှသည်။ စူးကျောင်းရုံသည် ဒီအတိုင်း နည်းနည်းပါးပါးသာ စားသောက်လိုက်ပြီး တူကိုချကာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။

လီချန်က စိုးရိမ်တကြီး မေးလာသည်။ "မူချင်း ဘာဖြစ်လို့ ဆက်မစားတော့တာလဲ။ ဒီည ဟင်းလျာတွေက အကြိုက်မတွေ့လို့လား"

စူးကျောင်းရုံက ဝမ်းနည်းစွာဖြင့် ပြောလေ၏။ "ဒီနေ့ကိစ္စ တွေးမိတာနဲ့ ဘယ်လိုလုပ်ပြီး ထမင်းစားချင်စိတ် ရှိတော့မှာလဲ"

လီချန်က အမေဖြစ်သူကို နှစ်သိမ့်ပေးရန် ရည်ရွယ်လိုက်ချိန်မှာပင် လီဟောက်၏ ခပ်ဖျော့ဖျော့အသံကလဲ နားထဲသို့ ဝင်ရောက်လာသည်။ "ဒီနေ့ကိစ္စက ကျွန်တော့်အတွက်တော့ ကောင်းတဲ့ကိစ္စပါပဲ"

လစ်လျူရှုခံရပြီး အရှက်ရသည်မှာ အဘယ်သို့ ကောင်းသည့်ကိစ္စ ဖြစ်ပါမည်နည်း။

လီချန်က တချက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး စူးကျောင်းရုံနှင့်အတူ လီဟောက်ကို တပြိုင်တည်း လှမ်းကြည့်လိုက်ကြလေသည်။

လင်းထိန်နေသည့် ဖယောင်းတိုင်မီးရောင်အောက်တွင် လီဟောက်၏ ချောမောသည့်မျက်နှာသည် တည်ငြိမ်နေပြီး သူ့မျက်လုံးများကလဲ နက်ရှိုင်းလို့နေ၏။ "အဘွားတော်က စစ်တိကို မျက်နှာသာပေးတယ်။ ဒါကလဲ တရက် နှစ်ရက်ကိစ္စမှ မဟုတ်တာ။ အရင်တုန်းကဆိုရင် ဖုဟွမ်က မမြင်ချင်ယောင်ဆောင်ထားပြီး မသိချင်ယောင်ဆောင်ထားတာ။ ဘယ်သူကမှ အဘွားတော်ရဲ့အမှားကို မပြောဆိုရဲခဲ့ကြဘူး"

"ဒီတခေါက် အဘွားတော်က အမှားလုပ်လိုက်တယ်။ ဖူယန်မြို့စားအိမ်တော်ကို လက်ဖွဲ့ပစ္စည်း ထပ်ပို့ပေးလိုက်တယ်။ အဘွားတော်က ဒါကို စစ်တိအတွက် အားဖြည့်ပေးတာ။ ကျောက်အိမ်တော်ကို မျက်နှာသာပေးတာ။ မိဖုရားခေါင်ကြီးကို မျက်နှာပျက်အောင် လုပ်တာလို့ ထင်နေပေမဲ့ တကယ်တမ်း စိတ်ဆိုးသွားစေတာက လုအိမ်တော်နဲ့ မုန့်အိမ်တော်။ ဒေါသထွက်သွားစေတာက ဖုဟွမ်ဆိုတာကို မသိလိုက်ဘူး"

"ဖုဟွမ်က ကျောင်းဖန်နန်းဆောင်ကို သွားပြီး မိဖုရားခေါင်ကြီးကို မကျေမလည် ပြောဆိုခဲ့တယ်။.ပြီးတော့ ရှို့နဥ်နန်းဆောင်ကိုသွားပြီး ချင်ဖေးတို့ သားအမိကို အပြစ်ပေးခဲ့တယ်။ နောက်ဆိုရင် အဘွားတော်က စစ်တိကို ထပ်ပြီးမျက်နှာလိုက်ချင်ရင်တောင် အခြေအနေကို ချင့်ချိန်ရတော့မယ်။ ဒါက ကျွန်တော့်အတွက် ကောင်းတဲ့ကိစ္စပဲပေါ့"

"နောက်တစ်ချက်က ဖုဟွမ်ကလဲ ကျွန်တော် မတရားခံရတာတွေကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်သွားတယ်။ နောက်ဆိုရင် ကျွန်တော့်ကို ပိုပြီးသနားကြင်နာလိမ့်မယ်။ ဒါကကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"

မင်းက ဒီလိုလည်း တွေးနိုင်သေးတာကိုး။

ဒါက ... ကိုယ့်ဟာကို လှည့်စားနေတာ မဟုတ်ဘူးလား!

လီချန်က ပါးစပ်ကို ဖွင့်လိုက်သော်ငြားလည်း နောက်ဆုံးတော့ ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး ဘာမှမပြောလိုက်တော့ချေ။

စူးကျောက်ရုံသည်လဲ ထိုမျှလွယ်လွယ်ကူကူ အရူးလုပ်လို့ရသည် မဟုတ်ပေ။ ချက်ချင်းပင် မျက်လုံးများက နီရဲသွားကာ "အားဟောက် သူတို့က မူချင်းကို ဘယ်လိုပဲ အရှက်ခွဲခွဲ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီနေ့လက်ဖွဲ့ပစ္စည်းပို့တဲ့အခါ မင်းက ဒုတိယမင်းသားထက် တစ်ဆင့်နိမ့်ကျနေပြီးသား။ မင်းရဲ့အဘွားက ဝင်ပါလိုက်တာနဲ့ စတုတ္ထမင်းသားကတောင် မင်း ထက်သာသွားပြီ။ သူတို့ ငါတို့သားအမိက အင်အားနည်းပြီး နန်းတော်ထဲမှာ အားကိုးရာမဲ့နေလို့ အနိုင်ကျင့်ကြတာပဲ"

ပြောရင်းဆိုရင်း မျက်ရည်များ ကျဆင်းလာတော့သည်။

လီဟောက်က အမေဖြစ်သူ မျက်ရည်သုတ်ဖို့ရန် လက်ကိုင်ပုဝါတစ်ထည် လှမ်းပေးလိုက်ပြီး ပါးစပ်မှ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ဒါကလည်း အစကတည်း ကအမှန်တရားပဲလေ။ မူချင်းလဲ ကျင့်သားရနေပြီ မဟုတ်လား"

စူးကျောင်းရုံ “...”

...

အပိုင်း (၁၀၅) မုန်တိုင်း(၄)

စူးကျောင်းရုံသည် လက်ကိုင်ပုဝါကို တင်းနေအောင် ဆုပ်ထားပြီး သူမ၏ မျက်ရည်ကို ဖြည်းဖြည်းချင်း သုတ်လိုက်ကာ သူမ၏ ရင်ထဲတွင်တော့ ရှင်းမပြတတ်သည့် ထိတ်လန့်သွားသော အရိပ်အယောင်တစ်ခု ဖြစ်သွားလေတော့သည်။

မင်္ဂလာပွဲအပ်နှင်းပေးသည့် တော်ဝင်အမိန့်တော်ထွက်လာသော နေ့ကတဲက လီဟောက်သည် တစ်ခုခု မူမမှန် ဖြစ်နေလေသည်။

သူ၏ အပြောအဆို အမူအရာများက ယခင်အတိုင်းပင် ဖြစ်နေသည်။ သို့သော်ငြား မျက်ဝန်းထဲက ရံဖန်ရံခါ ထွက်ပေါ်လာသည့် အေးစက်စက် အငွေ့အသက်ကတော့ သူမဟူသည့် မွေးမိခင်အရင်းကိုပင် အနည်းငယ် တုန်လှုပ်ရစေသည်။ ခုနက ထိုစကား ၂ ခွန်းသည်လဲ တော်တော်လေးကို နားခါးလှ၏။

စူးကျောင်းရုံသည် သူမ၏ မျက်ရည်များကို သုတ်လိုက်ကာ သားဖြစ်သူကို တစ်ဖန်ကြည့်လိုက်ပြီး သူကတော့ ယခင်နေ့ရက်များ ကဲ့သို့ပင် စိတ်ရှည်လက်ရှည် ရှိနေဆဲပင်။

အင်း ခုနတုန်းက အတွေးလွန်သွားတာများလား။

သူမရဲ့သားက အမြဲတမ်း မိဘအပေါ်မှာ အသိတတ်ဆုံးပါပဲ။

စူးကျောင်းရုံသည် စိတ်ကို ပြန်လည်တင်းထားလိုက်ကာ ပြောလိုက်၏။ “ထားလိုက်ပါတော့။ အခြေအနေက ဒီလို ဖြစ်လာပြီဆိုမှတော့ ဒီအကြောင်းကို ထပ်တွေးနေလို့လဲ အသုံးမဝင်တော့ဘူး။ အားဟောက် ပြောတဲ့စကားကလဲ ကျိုးကြောင်းသင့်ပါတယ်။ ဒီနေ့ ကွမ်းပင်းနယ်စားက နန်းတော်ထဲကို တကူးတက ဝင်လာတာ။ သူ တစ်ခုခု ပြောခဲ့တာ သေချာတယ်။ မဟုတ်ရင် မင်းရဲ့ ဖုဟွမ်က ဒီလောက်အထိ ဒေါသထွက်နေမှာ မဟုတ်ဘူး”

ထိုသို့ ပြောလိုက်ပြီးနောက် စူးကျောင်းရုံသည် တစ်ဖ န်ကျေနပ်ပီတိ ဖြစ်လာပြန်သည်။ “မုန့်အိမ်တော်နဲ့ မင်္ဂလာပွဲကိစ္စက တကယ့်ကို ကောင်းမွန်တဲ့ကိစ္စတစ်ခုပဲ။ နောက်ဆိုရင် မင်းက မုန့်အိမ်တော်ကို ကောင်းကောင်းစည်းရုံးထား။ ကွမ်းပင်းနယ်စားက မင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးရင် မင်းလဲ နေရာတကာမှာ အထင်သေးအမြင်သေး ခံရတော့မှာ မဟုတ်ဘူး”

လီဟောက်သည် ပီတိဖြာနေသည့် မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်ပြီး လေသံပျော့ပျော့ဖြင့် သတိပေးလိုက်သည်။ “ကွမ်းပင်းနယ်စားဆိုတဲ့ စကားလုံး ၄လုံးကို မူချင်းက နည်းနိုင်သမျှ နည်းနည်းပဲ ပြောတာ ပိုကောင်းလိမ့်မယ်”

စူးကျောင်းရုံ “...”

စူးကျောင်းရုံ၏ မျက်နှာသည် နီနေရာမှ တစ်ချက်ဖြူသွားပြီး ရှက်ရွံ့ခြင်းနှင့် အရှက်ရခြင်းတို့ တစ်ပြိုင်ထဲ ဝင်ရောက်လာလေသည်။

သူမသည် လီဟောက်ကို မွေးဖွားပြီးနောက်မှသာ မယားငယ်တစ်ယောက်အဖြစ် မြှောက်စားခြင်းခံရသည်။ သူမနှင့် ကွမ်းပင်းနယ်စားတို့၏ ထိုစဉ်က ဖြစ်ခဲ့သည့် ကိစ္စအနည်းငယ်ကို လီအိမ်တော်၏ အတွင်းဆောင်ထဲက သိရှိသူက မနည်းလှချေ။ ထိုအကြောင်းကြောင့်ပင် သူမသည် မည်မျှ အရှက်ခွဲခြင်းခံခဲ့ရသည်ပင် မသိပေ။

ငယ်စဉ်က လီဟောက်သည်ပင် ထိုကောလဟလများကို မကြာခဏ ကြားခဲ့ရသည်။ နောက်ပိုင်းတွင်တော့ လီယွမ်ထံတွင် ငိုယိုကာ ရင်ဖွင့်ခဲ့ပြီး လီယွမ်ကိုယ်တိုင် ရှေ့ထွက်ကာ ထိုကောလဟလများကို ဖိနှိပ်ပေးခဲ့သည်။

လီဟောက်သည် သိသင့်သည့်အရာ၊ မသိသင့်သည့်အရာများ အားလုံးကို သိသွားခဲ့၏။ ထို့အပြင် သူသည် အသက်အရွယ် ကြီးပြင်းလာသည်နှင့်အမျှ မိမိ၏ မျိုးရိုးဇာစ်မြစ်မှာ အမှန်တကယ်ပင် လူအများကဲ့ရဲ့စရာ ဖြစ်နေသည်ကို တစ်နေ့ထက် တစ်နေ့ ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။

လီချန်က လီဟောက်ထက် အသက် ၆ နှစ်ငယ်သည်။ သူ့ကို မွေးဖွားလာချိန်တွင် အတွင်းဆောင်ထဲက ဘယ်သူကမှ ထိုအဖြစ်ဟောင်းများ အကြောင်းကို ထုတ်မပြောကြတော့ပေ။ ထို့ကြောင့် လီချန်က ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမသိခဲ့ပေ။

လီချန်သည်ဘာမှ မဖြစ်သည့် မျက်နှာထားဖြစ်နေပြီး အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်ပြီးနောက် အမူအရာ အလွယ်တကူ ပြောင်းလဲကာ ထူးထူးဆန်းဆန်း ဖြစ်နေသည့် စူးကျောင်းရုံကို လှမ်းကြည့်လိုက်ကာ မနေနိုင်ဘဲ မေးလေတော့သည်။ “မူချင်း၊ စန်းကော ဘာအကြောင်းတွေ ပြောနေကြတာလဲ”

“ဘာမှ မဟုတ်ပါဘူး” စူးကျောင်းရုံက အလောတကြီး ဖြေလိုက်လေသည်။ “မင်းက ကလေးပဲ ရှိသေးတယ်။ ဘာမှ နားလည်တာ မဟုတ်ဘူး။ စကား အများကြီး မပြောနဲ့”

လီဟောက်သည် ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်ကာ စိတ်ပျက်ဖွယ်ရာကိစ္စများကို ညီတော်အရင်းကို ပြောပြလိုစိတ်မရှိသဖြင့် အဆီအသားမျှတသည့် အသားတစ်တုံးကို ညှပ်ယူပြီး လီချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

လီချန်မှာ အနည်းငယ် ရှုပ်ထွေးသွားကာ ခေါင်းငုံ့ပြီး နှုတ်ဆိတ်လျက်ပင် ဆက်ပြီးစားသောက်နေလိုက်တော့သည်။

လီဟောက်က စူးကျောင်းရုံကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ဖုဟွမ်က အရမ်းဒေါသထွက်နေတာ။ သူ ဘယ်အချိန်ကျမှ စိတ်ပြေမလဲ မသိဘူး။ ဒီရက်ပိုင်းအတွင်းမှာတော့ မူချင်းက နည်းနည်းလေး ရှောင်နေလိုက်ပါ”

ယုံးကျားဧကရာဇ် အမြတ်ထွက်နေစဉ်တွင် သူ့ထံသို့ အနားကပ်ဝံ့သူမှာ မုန့်ကွေ့ဖေးနှင့် ပထမမင်းသားတို့သာ ရှိသည်။ ကျန်လူများ ဖြစ်ကြသည့် ချောင်မိဖုရားခေါင်နှင့် ဒုတိယမင်းသားအပါအဝင် ဘယ်သူကမှ ယုံးကျားဧကရာဇ်၏ အမျက်ဒေါသကို တည်ငြိမ်အောင် မလုပ်ပေးနိုင်ပေ။

စူးကျောင်းရုံကလဲ ဝမ်းနည်းစွာဖြင့် ပြန်ဖြေလိုက်လေသည်။

-

လုအိမ်တော်

လုလင်းကတော့ စိတ်အခြေအနေ ကောင်းမွန်လို့ နေ၏။ သူသည် ညနေခင်းဖက်တွင် ထမင်း ၃ ပန်းကန် စားလိုက်ပြီး အရက် ၁ အိုးကိုလဲ သောက်သုံးလိုက်သည်။

လုမင်ယွိနှင့် လုလင်းတို့သည် စာကြည့်ဆောင်သို့ သွားလိုက်ကြကာ ယနေ့ နန်းတော်သို့ သွားခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အပြည့်အစုံကို အသေးစိတ် ပြောကြလေသည်။

လုလင်းက သေသေချာချာလေး ပြောပြလိုက်ပြီးနောက် မျက်ခုံးကို ပင့်ကာ ပြုံးကာဖြင့် ပြောလိုက်၏။ “ဖူယန်မြို့စားက အစပိုင်းမှာတော့ ကိုယ့်ဟာကိုယ် ကျေနပ်နေသေးတယ်။ ငါနဲ့ ကွမ်းပင်းနယ်စားတို့ ပေါင်းပြီး စကားနည်းနည်းလေး ပြောလိုက်တာ ချွေးတွေတောင် ပျံချင်ချင် ဖြစ်သွားတယ်လေ။ အရှင်မင်းကြီးရဲ့ မျက်နှာတော်ကလဲ တော်တော်လေးကို ဆိုးရွားသွားတာ။ ခန့်မှန်းရသလောက်တော့ ဒီနေ့ အနောက်နန်းဆောင်မှာလဲ ငြိမ်သက်မှာ မဟုတ်လောက်ဘူး”

လုမင်ယွိ၏ မျက်လုံးများသည် အနည်းငယ် လင်းလက်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ “အပြစ်ပေးခံရတဲ့သူတွေက ချင်ဖေးနဲ့ စတုတ္ထမင်းသားတို့ ဖြစ်သွားတာပေါ့။ အနစ်နာခံခဲ့ရတဲ့သူက မိဖုရားခေါင်ကြီးနဲ့ ဒုတိယမင်းသား၊ မယ်တော်ကြီးကတော့ သေချာပေါက် ဘေးကင်းလုံခြုံနေမှာပဲ” စူးကျောင်းရုံတို့ သားအမိကိုတော့ နစ်နာတာ၊ မနစ်နာတာ သူမ လုံးဝ ဂရုမစိုက်ပါဘူး။

လုမင်ယွိသည် အလွန် အခိုင်အမာဖြင့် ပြောလိုက်လေသည်။

လုလင်းမှာ မနေနိုင်တော့ဘဲ သမီးဖြစ်သူကို လှမ်းကြည့်လိုက်၏။ “သမီးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာနေရတာလဲ” လုမင်ယွိ ပြန်ဖြေလာမှာ မစောင့်ဘဲ သူက တစ်ဖန် ရယ်မောကာ ပြောလိုက်သည်။ “ဒုတိယမင်းသားက သမီးကို အနောက်နန်းဆောင်က လူတွေရဲ့ စရိုက်သဘာဝအကြောင်း ပြောထားတာပဲ ဖြစ်ရမယ်”

ဟုတ်မှာပေါ့။ တတိယမင်းသား ပြောထားတာလဲဖြစ်နိုင်တာပဲ။

လုလင်း၏ စိတ်ထဲတွင်တော့ တိတ်တိတ်ကလေး ထပ်ပြောလိုက်လေသည်။

ဒါပေမဲ့ အခု သူ့သမီးက ဒုတိယမင်းသားနဲ့ စေ့စပ်ကြောင်းလမ်းပြီးမှတော့ တတိယမင်းသားနဲ့ အတိတ်က ကိစ္စကို မပြောတာပဲ ကောင်းပါတယ်။ အနာဂတ်မှာ ယောက္ခမနဲ့ မရီးတော် ဖြစ်လာမဲ့ သူတွေကြားမှာ အတိတ်က ဇာတ်လမ်းဟောင်း ရှိခဲ့တယ်ဆိုတာ တော်ဝင်မိသားစုမှာ မပြောနဲ့။ ပြဇာတ်စာအုပ်တွေထဲမှာတောင် ဒီလို မရေးရဲကြဘူး။

အဖေဖြစ်သူကို သမီးထက် ပိုသိသူ မရှိပေ။

လုမင်ယွိက တစ်ခုခုကို တွေးရင်း ရယ်ချင်သလိုလို၊ ကူကယ်ရာမဲ့သွားသလိုလို ပုံစံဖြစ်နေသည့် အဖေဖြစ်သူကို လှမ်းကြည့်လိုက်ကာ “အဖေ ဘာတွေ လျှောက်တွေးနေပြန်ပြီလဲ”

လုလင်းက မည်သို့ ဝန်ခံနိုင်ပါမည်နည်း။ သူကလဲ ချက်ချင်းဆိုသလို စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ “ငါ တွေးနေတာ။ အနောက်နန်းဆောင်မှာ ပေါ့ပျက်ပျက်နဲ့ မျက်နှာလိုက်တတ်တဲ့ မယ်တော်ကြီးတစ်ယောက်ရှိတယ်။ မျက်နှာသာပေးခံရပြီး ထင်တိုင်းကြဲနေတဲ့ မုန့်ကွေ့ဖေး ရှိတယ်။ မင်းရဲ့ အနာဂတ် ယောက္ခမ ချောင်မိဖုရားခေါင်ရှိတယ်။ ပြီးတော့ ချင်ဖေးနဲ့ စူးကျောင်းရုံတို့လဲ ရှိသေးတယ်။ မိန်းမ ၃ ယောက် အတူတူ ရှိနေရင် ပြဇာတ်တစ်ပုဒ်ကဖို့ လုံလောက်နေပြီ။ နောက်ပိုင်းမှာ သမီး ဒုတိယမင်းသားနဲ့ လက်ထပ်တဲ့အခါ လူအများကြီးကို ရင်ဆိုင် ဖြေရှင်းရမှာကို တွေးကြည့်လိုက်တာနဲ့တင် အဖေ သမီးအတွက် ရင်နာလှပြီ”

“သူတို့တင် ဘယ်ကမလဲ” လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “နောက်ပြီးတော့ ကိုင်တွယ်ရခက်ပြီး ခေါင်းမာတဲ့ ဟွေ့အန်းကုံးကျူနဲ့ မျက်နှာသာပေးခံရတဲ့ ကျင့်အန်းကုံးကျူတို့လဲ ရှိသေးတယ်။ နောက်ပိုင်းကျရင် ယောက်မတွေ အားလုံးနဲ့လဲ ဆက်ဆံရအုံးမှာ”

နန်းတော်ထဲက လူများအားလုံးသည် တစ်ယောက်ကမှ အလျှော့ပေးကြမည့်သူများ မဟုတ်ကြပေ။

အရင်ဘဝတုန်းကတော့ သူမက နူးညံ့သိမ်မွေ့တဲ့ ယောက္ခမရဲ့ ရှေ့မှာ တိုက်ပွဲဝင်ခဲ့တယ်။ ကိုယ်တစ်ယောက်ထဲရဲ့ အစွမ်းနဲ့ပဲ အရပ် ၈ မျက်နှာက အခက်အခဲတွေကို တားဆီးပေးခဲ့တယ်။

ဒီဘဝမှာတော့ သူမ နန်းတော်ထဲ ဝင်တဲ့အခါ ဘယ်တော့မှ ထပ်ပြီး မိုက်မဲမှာ မဟုတ်တော့ဘူး။ ပြီးတော့ သူမကလဲ လူတိုင်းရဲ့ စိတ်နေသဘောထား၊ စရိုက်နဲ့ အားနည်းချက်တွေကို လက်ဖဝါးထဲထည့်ပြီး ကြည့်နေရသလို သိနေတာပဲ။ တကယ်လို့ ရင်ဆိုင်ရမယ်ဆိုရင်တောင် နည်းနည်းလေးမှ ကြောက်စရာ မကောင်းပါဘူး။

လုလင်းသည် ဒီအကြောင်းများကိုတော့ မသိရှိချေ။ သမီးဖြစ်သူ၏ အနာဂတ်အခြေအနေကိုသာ စိုးရိမ်ပူပန်နေပြီး သက်ပြင်းချကာ ပြောလိုက်၏။ “ငါတို့ လုအိမ်တော်က လူများတယ်ဆိုပေမဲ့ တစ်စိတ်တစ်ဝှမ်းထဲ ရှိကြတယ်။ ချစ်ချစ်ခင်ခင်နဲ့ ညီညီညွတ်ညွတ်နေကြတယ်။ အနောက်နန်းဆောင်ထဲမှာတော့ လူတိုင်းက ကိုယ့်တွက်ကိန်းနဲ့ကိုယ်ချည်းချည်းပဲ။ တစ်ယောက်မှ ပေါင်းသင်းဆက်ဆံလို့ လွယ်တာ မဟုတ်ဘူး”

ရှောင်ယွိ ဒီစေ့စပ်ပွဲက သမီးကိုယ်တိုင် ခေါင်းငြိမ့်သဘောတူခဲ့တာ။ သမီးသဘောကျတဲ့ လူငယ်လေးဆီကို လက်ထပ်မဲ့ ကိစ္စလဲ အဖေက တားမှာ မဟုတ်ဘူး။ အဖေ့ရဲ့ စိတ်ရင်းအတိုင်း ပြောရရင်တော့ သမီး ဒီနောက်ကျိနေတဲ့ ရေအိုင်ထဲကို ခြေစုံပစ်ဝင်သွားမှာကိုပဲ အဖေက တကယ် နှမြောမိတာ”

လုမင်ယွိ၏ မျက်လုံးများသည် ပျော့ပျောင်းနူးညံ့သွားကာ တိုးညှင်းစွာဖြင့် ပြောလိုက်လေသည်။ “အဖေ သမီးအတွက် စိတ်မပူပါနဲ့။ သမီး လက်ထပ်ရဲတယ် ဆိုကတဲက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပါ”

ဖယောင်းတိုင်မီးသည် တလက်လက် တောက်ပနေပြီး လုမင်ယွိ၏ မျက်လုံးများကလဲ ပိုလို့ပင် အရောင်တောက်ပနေတော့သည်။

ကြီးမားသည့် ခွန်အားနှင့် မကြောက်မရွံ့တတ်သည့် သတ္တိတို့ အပြည့်ပင်။

လုလင်းသည် သူ့ရင်ထဲတွင် ဂုဏ်ယူသွားသည့် ခံစားချက်လေးတစ်ခု ပေါ်ပေါက်လာခဲ့၏။ “သမီး ပြောတာ မှန်တယ်။ စစ်တပ်တွေ ချီတက်လာရင် ခုခံတိုက်ခိုက်ခံရလိမ့်မယ်။ ရေစီးလာရင်တော့ မြေကြီးနဲ့ တားဆီးရမယ်။ ဘယ်အချိန်ပဲ ရောက်ရောက် တစ်ခုတော့ မှတ်ထား။ ဘာတစ်ခုမှ အရှုံးမခံနဲ့”

လုမင်ယွိသည် မျက်ခုံးတစ်ဖက် ပင့်ပြလိုက်ပြီး ပြုံးကာ သူမ၏ လက်သီးကို တင်းနေအောင် ဆုပ်ပြထားလိုက်ပြီးနောက် လုလင်းကို ထုတ်ပြလိုက်လေသည်။ “အဖေ ဒီမှာကြည့် သမီးက အရှုံးခံမဲ့ လူနဲ့ တူနေလို့လား”

ထိုစကားကလဲ အမှန်ပင်။

ရှောင်ယွိရဲ့ အံ့ဩစရာကောင်းတဲ့ ခွန်အားနဲ့ သိုင်းပညာကို ကြည့်မယ်ဆိုရင် သူ့ကို အနိုင်ယူနိုင်တဲ့သူ ဒီလောကမှာ လုံးဝ မရှိသလောက်ပဲ။ အနောက်နန်းဆောင်ကလဲ အချင်းချင်း နှုတ်‌ရေးနဲ့ စကားများတာနဲ့ စကားစစ်ထိုးတာလောက်ပဲ ရှိမှာ။ ဘယ်လောက်ပဲ တော်တတ်နေပါစေအုံးတော့ နှုတ်ရေးနဲ့ပဲ အနိုင်ကျင့်ခံရမှာပဲ ဖြစ်နိုင်ခြေများတယ်။

တကယ်လို့ ရှောင်ယွိကသာ တကယ် လက်ပါခဲ့မယ်ဆိုရင် တစ်ကြိမ်ကို လက်သီးတစ်ချက်ပဲ သုံးရမှာ။

လုလင်းသည် ပျော်ရွှင်စွာ တွေးတောလိုက်ပြီး အဓိပ္ပာယ်ပါသည့် စကားတစ်ချို့ကိုလဲ ပြောလိုက်လေသည်။ “တခြားသူတွေကိုတော့ အနိုင်ကျင့်မနေနဲ့အုံး။ တကယ်လို့ အရမ်းဒေါသထွက်နေတာ မဟုတ်ရင် အလွယ်တကူ လက်မပါမိစေနဲ့”

ယောက်မတွေအပေါ် လက်ပါတာက ဘာမှ မဖြစ်ပေမဲ့ ကိုယ့်ရဲ့ အထက်အကြီးအကဲ လူကြီးသူမတွေအပေါ် လက်ပါတာတော့ လုံးဝ မကောင်းဘူးလေ။

လုမင်ယွိသည် အဖေ ပြောချင်သည့်စကားကို ချက်ချင်းသိသွားကာ မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ “အဖေက သမီးကို အရမ်းအထင်သေးတာပဲ။ သမီးက စိတ်သဘောထားကြီးရဲ့သူတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ တစ်နေ့လုံး ရိုက်နှက်နေတာမျိုး မဟုတ်ပါဘူး”

လုလင်းကလဲ အသာအယာ သက်ပြင်းချလိုက်ကာ “တကယ်လို့ လက်ပါခဲ့ရင်လဲ ကိစ္စမရှိပါဘူး။ အဖေက သမီးဖက်ကပဲ ရပ်တည်ပေးမှာ”

လုမင်ယွိသည် ဝါးလုံးကွဲရယ်မောလေတော့သည်။ “အဖေ အဖေက သမီးကို အလိုလိုက်ပြီးတော့ ပျက်စီးအောင် လုပ်နေတာပဲ”

လုမင်ယွိသည် ကွယ်လွန်သွားပြီမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် သူ့ဇနီးသည်နှင့် ရုပ်ရည်ချင်း တစ်ပုံစံထဲ တူညီလှပြီး သူမ၏ အပြုံးကလဲ ပိုလို့ပင် တောက်ပနေသေးသည်။

လုလင်းသည် ကွယ်လွန်သွားပြီဖြစ်သည့် သူ၏ချစ်လှစွာသော ဇနီးအကြောင်းကို စဉ်းစားမိလိုက်ပြီးနောက် သူ့အသံက ပိုလို့ပင် နူးညံ့ညင်သာသွားတော့၏။ “အဖေကတော့ အဖေ့ရဲ့ သမီးကို အလိုလိုက်ရတာကိုပဲ ပျော်နေတာ”

...

All Chapters