အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အပိုင်း (၁၀၉)နှစ်ဦးတည်း သီးသန့်
လုမင်ယွိသည် နောက်ဆုံးတွင် လီကျင့်ဆိုသော ဤလူသားမှာ အမှန်တကယ်ပင် ရင်ဆိုင်ရခက်ခဲသူဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိသွားတော့သည်။
လက်မပါနိုင်သည့် အခြေအနေမျိုးတွင် သူမသည် ဤကဲ့သို့ ဝမ်းတွင်းမည်းပြီး မျက်နှာပြောင်တိုက်ကာ တဖြည်းဖြည်း ချဉ်းကပ်လာသော လီကျင့်ကို ရင်ဆိုင်ရန် နည်းလမ်းကောင်းမှာ မရှိသလောက်ပင်။
လုမင်ယွိ၏ မျက်ဝန်းထဲမှ ရင်းနှီးနေကျ မီးတောက်ငယ်လေးများကို ကြည့်ရင်း လီကျင့်က ပြုံးကာ ပြောလိုက်သည်။ “ကိုယ် မင်းတို့ လုအိမ်တော်ကို အရင်တစ်ခေါက် လာတုန်းက ညဘက်ကြီး ဖြစ်နေတယ်။ ဒီနေ့တော့ စတုတ္ထသခင်မလေးကိုပဲ ဒုက္ခပေးရတော့မယ်။ ကိုယ့်ကို လုအိမ်တော်ထဲကို တစ်ပတ်လောက် သေသေချာချာ လိုက်ပြပေးနိုင်မလား”
ထိုသို့ပြောရင်း သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လုမင်ယွိ၏လက်ကို လှမ်းကိုင်လိုက်လေသည်။
လက်နှစ်ဖက် ထိတွေ့မိသည့် တခဏတွင် လုမင်ယွိသည် အနည်းငယ် တုန်ယင်သွားပြီး အလိုအလျောက် တုံ့ပြန်အရ နောက်ဆုတ်မိသွားတော့သည်။
လီကျင့်က ရှေ့သို့ တစ်လှမ်း ထပ်တိုးလိုက်ပြန်ပြီး လုမင်ယွိ၏လက်ကို ဖြည်းညင်း မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ လုမင်ယွိသည် ထပ်ပြီး မရှောင်တိမ်းလိုက်တော့ချေ။
သူမသည် အကြည့်ကို အောက်သို့ လွှဲချလိုက်ပြီး ဆုပ်ကိုင်ထားသော လက်တစ်စုံကို ဝေ့ကြည့်လိုက်မိသည်။ သူမသည် ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့သူဖြစ်ရာ လက်ချောင်းများက သွယ်လျပြီး သန်မာကာ လက်ဖဝါးထဲတွင်လည်း အသားမာအချို့ ရှိနေလေသည်။
လီကျင့်၏လက်သည် သူမ၏လက်ထက် သိသိသာသာ ပိုကြီးမားပြီး ဖြူဖွေးကာ ကြည့်ကောင်းလှ၏။ သူ့လက်က သူမ၏လက်ကို နွေးထွေးစွာ လွှမ်းခြုံထားလေသည်။
အမှန်တကယ်တွင် သူသည် အပေါ်ယံတွင် မြင်ရသကဲ့သို့ တည်ငြိမ်အေးဆေးနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့လက်ဖဝါးသည် အနည်းငယ် စိုစွတ်ပူနွေးနေသောကြောင့်ပင်။ ထိုသည်မှာ လူတစ်ယောက် စိတ်လှုပ်ရှား တုန်လှုပ်နေသည့်အခါတွင် ဖြစ်ပေါ်လာတတ်သော အခြေခံအကျဆုံး ပင်ကိုတုံ့ပြန်မှုပင်။
လုမင်ယွိသည် မော့ကြည့်လိုက်ပြီး နက်ရှိုင်းသော အကြည့်များရှိသည့် လီကျင့်နှင့် အကြည့်ချင်း ဆုံလိုက်၏။
“ရှင် ဘာလို့ စိတ်လှုပ်ရှားနေတာလဲ”
လုမင်ယွိ၏ စိတ်ထဲမှ မလိုလားမှု အခိုးအငွေ့လေးများသည် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားလေသည်။ သူမက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး အသံထဲတွင် အသာစီးရသွားဟန်ဖြင့် စနောက်လိုသည့် လေသံတစ်ခု ပါဝင်လို့နေ၏။ “ဘာလဲ။ ပေါ့ပေါ့ဆဆ စော်ကားမိလို့ ကျွန်မ စိတ်မကြည်မသာဖြစ်ပြီး ရှင့်ကို ထထိုးမှာ ကြောက်နေတာလား”
လီကျင့်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလေသည်။ “အကုန်လုံးတော့ မဟုတ်ပါဘူး”
ထိုထက်ပိုသည်မှာ အိပ်မက်များ အမှန်တကယ် ဖြစ်တည်လာသည့်အတွက် ယောင်ယမ်းမိခြင်းနှင့် အမှန်တကယ် မဟုတ်သလို ခံစားနေရခြင်းတို့ ဖြစ်လေသည်။
လုမင်ယွိသည် ဟန်ဆောင်ပြီး ရှက်ကိုးရှက်ကန်း လုပ်တတ်သော စိတ်သဘောထားမျိုး မရှိပေ။ လက်ကို ဆုပ်ကိုင်ပြီးမှတော့ ဆုပ်ကိုင်ပြီးသွားပြီဖြစ်သဖြင့် လီကျင့်ကို ဆွဲကာ အိမ်တော်ထဲသို့ ဝင်ရင်း ပြောလိုက်၏။ “ကျွန်မ ရှင့်ကို လုအိမ်တော်ထဲ လှည့်ပတ်ပြမယ်”
လီကျင့်သည် ပြုံးကာ အင်း ဟု ညည်းလိုက်ပြီး သူ့လက်ကို အနည်းငယ် အားထည့်ကာ သူမ၏လက်ကို ပိုပြီး တင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်လေသည်။
အတိတ်က အဖြစ်အပျက်ဟောင်းများကို ထပ်မံ စဉ်းစားနေရန် မလိုအပ်တော့ပေ။ မျက်စိရှေ့မှ ယခုလက်ရှိ အခိုက်အတန့်သည်သာလျှင် အမှန်ကန်ဆုံးနှင့် ရင်ထဲလှုပ်ရှားနိုင်ဆုံး ဖြစ်ပေတော့သည်။
လုအိမ်တော်က ကိုယ်ရံတော်များသည်လည်း အလွန် အလိုက်သိတတ်ပြီး ချစ်ခင်ဖွယ်ကောင်းလှသည်ဟု ဆိုရမည်ပင်။ လုမင်ယွိက လီကျင့်ကို ဆွဲခေါ်ကာ လုအိမ်တော်ထဲတွင် ဖြည်းညင်းစွာ လှည့်လည်သွားလာနေချိန် သူတို့ရောက်ရှိသွားသော နေရာတိုင်း၌ ကိုယ်ရံတော်တစ်ယောက်တစ်လေ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
ဒီလောက်များတဲ့လူတွေ ဘယ်သွားပုန်းနေကြလဲ မသိဘူး။
လီကျင့်သည် ထိုသို့ တွေးမိရင်း ရုတ်တရက် ပြုံးလိုက်မိသည်။
လုမင်ယွိက သူ့ကို တစ်ချက်စောင်းကြည့်ပြီး “ဘာရယ်တာလဲ”
လီကျင့်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ “မင်း ငယ်ငယ်က မိသားစုရဲ့ အချစ်ကို ခံခဲ့ရတယ်ဆိုတာ ကိုယ်သိတယ်။ ဒါပေမဲ့ ဒီနေ့မှပဲ လူတိုင်းက မင်းကို ဘယ်လောက်တောင် အလိုလိုက်ထားတယ်ဆိုတာ သိရတော့တယ်”
အနာဂတ် ယောက္ခမလောင်းကို ထည့်မပြောလျှင်ပင် လုဖေး မောင်နှမတစ်စုနှင့် လူတိုင်းက သူမကို အလိုလိုက်ကြသည်။ လုအိမ်တော် အထက်အောက်မှ သည်လောက် များပြားသော ကိုယ်ရံတော်များနှင့် အိမ်တော်စောင့်များသည်လည်း အလားတူပင် မိမိတို့၏ သခင်မလေးကို အလိုလိုက်ကြလေသည်။
လုမင်ယွိက ဂရုမစိုက်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည် “ဪ။ ရှင်က ကျွန်မအကြောင်းတွေ အကုန် မသိဘူးလား။ ဒီနေ့မှ ဘယ်လိုလုပ် သိရတာလဲ”
လီကျင့်၏ မျက်ဝန်းများက တစ်ချက် လက်သွားပြီး ဖြည်းညင်းစွာ ပြုံးလိုက်ကာ “မင်း ကိုယ့်ဆီက စကားလာမနှိုက်နဲ့။ ကိုယ် ပြောပြီးသားလေ။ တချို့ကိစ္စတွေက မင်္ဂလာဆောင်ပြီးမှ မင်းကို ပြောပြမယ်လို့။ အခု မင်းမေးရင်တောင် ကိုယ် တစ်လုံးမှ ပြောမှာမဟုတ်ဘူး”
လုမင်ယွိသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းလှည့်လာသည်တွင် သူမ၏ အကြည့်များက တောက်ပလင်းလက်လို့ နေလေသည်။
လီကျင့် “...”
သူမ... ဒါက စိတ်ဆိုးဒေါသထွက်အောင် ဆွခံလိုက်ရလို့ ရှက်ပြီးဒေါသထွက်ပြီး သူ့ကို ထိုးတော့မလို့လား။
ထို့နောက်တွင် လုမင်ယွိသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူတို့နှစ်ဦးသည် မူလကတည်းက နီးကပ်နေကြရာ ယခု လုမင်ယွိက မိမိသဘောဖြင့် တိုးကပ်လာသဖြင့် ရင်ခွင်ထဲသို့ တိုးဝင်လာသကဲ့သို့ပင် ဖြစ်နေလေသည်။ မိန်းမပျိုလေးတစ်ဦးထံမှ သင်းပျံ့သော ကိုယ်သင်းရနံ့သည် သူ့ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
“လီကျင့်” သူမသည် သူ့မျက်လုံးများကို စူးစိုက်ကြည့်ရင်း နူးညံ့သော အသံဖြင့် “ငါတို့က စေ့စပ်ထားတဲ့ လင်မယားလောင်းတွေ ဖြစ်နေပြီပဲ။ ကျွန်မ ရှင့်ကို လက်ထပ်ဖို့ သဘောတူပြီးမှတော့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ဘာလို့ မင်္ဂလာဆောင်ပြီးတဲ့အထိ စောင့်နေရမှာလဲ။ အခုပဲ ကျွန်မကို ပြောပြလိုက်ပါလား။ နော်”
နီထွေးရွှန်းစိုနေသည့် နှုတ်ခမ်းလွှာတို့သည် နူးညံ့ညင်သာသော စကားလုံးများကို ထုတ်ဖော်ပြောဆိုနေလေသည်။
ကျော့ရှင်းသော ကိုယ်ဟန်လေးကလည်း သူ့ခန္ဓာကိုယ်နှင့် ထိကပ်သွားလုနီးပါးပင်။
ဆူပွက်နေသော သွေးများ၏ တစ်ဝက်သည် ဦးနှောက်ဆီသို့ တိုးတက်သွားပြီး ကျန်တစ်ဝက်သည် အောက်ဘက်ဆီသို့ စီးဆင်းသွားလေသည်။
လီကျင့်၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားတော့သည်။
သူသည် အနည်းငယ် အကျပ်ရိုက်သွားဟန်ဖြင့် လက်ကို ဖြုတ်ချလိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ “မင်း... မင်း အရင်... အနားမလာနဲ့ဦး”
လုမင်ယွိကတော့ လီကျင့်ကို တစ်ကြိမ် အောင်မြင်စွာ စနောက်နိုင်လိုက်သည့်အတွက် မထိန်းနိုင်ဘဲ ကျေနပ်စွာ ရယ်မောလိုက်မိသည်။
ဝေဆာစွာ ပွင့်လန်းနေသော ပန်းပွင့်များသည် သူမ၏ အပြုံးမျက်နှာလောက်ပင် မလှပနိုင်ပေ။ အဝေးမှ ကျေးငှက်တို့၏ တေးသီသံများသည် သူမ၏ ရယ်မောသံလောက် ကြည်လင်သာယာခြင်း မရှိပေ။
ကံဆိုးသည်မှာ လီကျင့်သည် ထိုအချိန်တွင် သူမ၏ အပြုံးမျက်နှာကို ခံစားရန် အချိန်မရခဲ့ပေ။ သူသည် အကျပ်ရိုက်စွာဖြင့် လှည့်ထွက်လိုက်ပြီး စိမ်းစိုနေသော သစ်ပင်များကို မျက်နှာမူကာ စိတ်ကို ငြိမ်သက်အောင် ကြိုးစားနေရသည်။ လုမင်ယွိတစ်ယောက်ကတော့ ပိုလို့ပင် ပျော်ရွှင်စွာ ရယ်မောနေလေတော့သည်။
...
အချိန်အတော်ကြာမှ လီကျင့်သည် နောက်ပြန်လှည့်လာနိုင်ခဲ့သည်။ သူ့မျက်နှာပေါ်မှ ထူးခြားသော နီရဲမှုတို့သည် ပျောက်ကွယ်သွားခဲ့ပြီး နေ့စဉ်မြင်တွေ့နေကျ နူးညံ့သိမ်မွေ့သော မင်းသားတစ်ပါး၏ အရှိန်အဝါသို့ ပြန်လည် ရောက်ရှိသွားလေသည်။
လုမင်ယွိသည် အကြောင်းရင်းမသိဘဲ ခစ်ခနဲ တစ်ချက် ထပ်ပြီး ရယ်မောမိပြန်သည်။
အချစ်ရေးအချစ်ရာကို နားမလည်တဲ့ ကလေးကလား ကောင်လေး လည်း မဟုတ်ဘဲနဲ့။ ဒီလိုမျိုး နည်းနည်းလေး ဆွလိုက်တာတောင် မခံနိုင်တဲ့ပုံစံက တကယ်ကို ရယ်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတာပဲ။
သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည့် အချိန်မှစပြီး လုမင်ယွိသည် နေရာတိုင်းတွင် အရေးနိမ့်ခဲ့ရသဖြင့် စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေခဲ့ရသည်။ ယနေ့တွင်မူ တစ်ကြိမ်တစ်ခါ အပြည့်အဝ အသာစီး ရရှိလိုက်သည့်အတွက် သူမ၏ စိတ်ထဲတွင် မည်မျှ ပျော်ရွှင်နေသည်ကို ပြောပြ၍ပင် နိုင်မည်မဟုတ်ပေ။
လုမင်ယွိသည် ပျော်ရွှင်လွန်း၍ မထိန်းနိုင်အောင် ဖြစ်နေစဉ် လီကျင့်က လက်မှိုင်ချသော မျက်နှာလေး ဖြစ်နေတော့သည်။ “အဲဒီလောက်တောင် ရယ်စရာကောင်းနေလို့လား”
လုမင်ယွိက ပွင့်လင်းစွာ ခေါင်းညိတ်ပြပြီး “ဟုတ်တယ်။ ဒီလောက်ပဲ ရယ်စရာကောင်းတာ”
ပြောပြီးသည်နှင့် တစ်ဖန် ထပ်မံ ရယ်မောပြန်သည်။
လီကျင့်သည် သူ့မကို မနိုင်ပါလားဟု ကြည့်နေမိတော့သည်။ ယခုအချိန်တွင် ကြေးမုံမရှိသောကြောင့် သူ့မျက်ဝန်းအိမ်ထဲတွင် အလိုလိုက်မှုနှင့် အချစ်များဖြင့် အပြည့်ဖြစ်နေသည်ကို သူကိုယ်တိုင် မသိခဲ့ပေ။
လုမင်ယွိသည် အားရအောင် ရယ်မောပြီးမှ ရပ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် လက်ကို ဆန့်တန်းလိုက်ကာ “လာလေ။ ကျွန်မ ရှင့်ကို ဆက်ပြီး လိုက်ပြမယ်” ထိုအမူအရာနှင့် လေသံသည် မာနကြီးသော ဘုရင်မတစ်ဦးက သစ္စာရှိသော နောက်လိုက်တစ်ဦးကို ခေါ်ငင်နေသည့်နှယ်။
သည်လောက်ကောင်းမွန်သော ရင်းနှီးခွင့်ရသည့် အခွင့်အရေးသည် စူးရှလှသည့် ဆူးများ ပါဝင်နေသည့်တိုင် လီကျင့်အနေဖြင့် ငြင်းပယ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
သူသည် ပြုံးလျက် ရှေ့သို့တိုးကာ မိမိ၏လက်ကို လုမင်ယွိ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ လုမင်ယွိ၏လက်က သူ့လက်ကို ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။
လုမင်ယွိ၏လက်သည် လီကျင့်၏လက်ထက် အတော်လေး သေးငယ်သည်။ သို့သော် သူမ၏ လက်ချောင်းများက ထူးကဲစွာ သွယ်လျနေပြီး အားအင်လည်း ရှိသည်။ အနည်းငယ်မျှ အားထည့်လိုက်ရုံဖြင့် လီကျင့်၏လက်ကို သူမ၏ လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်လေသည်။
လီကျင့်တွင် မိမိကိုယ်မိမိ ပြန်လည်သရော်ရယ်မောနိုင်သော သတ္တိရှိပေသည်။ “မင်းရဲ့ မွေးရာပါအစွမ်းက အံ့ဩဖို့ကောင်းတာပဲ။ နည်းနည်းလေး အားထည့်လိုက်တာနဲ့ ကိုယ့်လက်က လှုပ်လို့တောင် မရတော့ဘူး။ နောက်နေ့ မင်္ဂလာဆောင်ပြီးရင်တော့ ကိုယ် မင်းကို နည်းနည်းလေးတောင် မဆွရဲတော့ဘူး”
လုမင်ယွိက သူ့ကို ပြုံးတစ်ချက် မပြုံးတစ်ချက်ဖြင့် စောင်းငဲ့ကြည့်ကာ “ဒီလိုမှန်းသိနေသားပဲ။ ရှင် ဘာလို့ ကျွန်မကို ယူရဲသေးတာလဲ”
လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး “ကိုယ်တောင် မကြောက်ဘူး။ မင်းက ဘာကြောက်နေတာလဲ”
ဒီ လီကျင့်ကတော့ တကယ်ပဲ။ ပါးစပ်က ခုံးခွံထက်တောင် ပိုလုံတယ်။
လုမင်ယွိသည်လည်း ထပ်ပြီး စုံစမ်းမေးမြန်းခြင်း မပြုတော့ဘဲ လီကျင့်ကို ဆွဲခေါ်ကာ ဆက်လက် လှည့်လည်သွားလာလေသည်။
လုအိမ်တော်သည် အမှန်တကယ်တွင် မသေးငယ်လှပေ။ သူတို့နှစ်ဦးသည် သည်လို ဖြည်းညင်းစွာ လှည့်လည်သွားလာကြရာ နေ့တစ်ဝက်နီးပါး ကြာမြင့်သွား၏။ သူတို့နှစ်ဦးသည် အတိတ်ကိစ္စများကို ထုတ်မပြောရန် အလိုက်တသိ နားလည်ထားကြပြီး ဟိုဟိုသည်သည် စကားစမြည် ပြောဆိုကြရာ အတော်ပင် သဟဇာတ ဖြစ်လှသည်။
နားနေဆောင်တစ်ခု၏ အနားသို့ ရောက်သောအခါ လုမင်ယွိက လီကျင့်ကို ခဏလောက် ထိုင်နားခိုင်းလိုက်၏။
နေ့တစ်ဝက်နီးပါး ဆုပ်ကိုင်ထားခဲ့သော လက်များသည် ယခုအခါမှ လွှတ်ပေးလိုက်ကြသည်။
လုမင်ယွိ၏ လက်ဖဝါးသည် ခြောက်သွေ့သန့်ရှင်းနေပြီး လီကျင့်၏ လက်ဖဝါးမှာတော့ တစ်ဖန် စိုစွတ်ပူနွေးလာပြန်သည်။
လီကျင့်သည် ယနေ့တွင် မျက်နှာပျက်ခဲ့ရသည့်အတွက် ဖြစ်ချင်ရာဖြစ် ဟူသော သဘောမျိုးဖြင့် လက်ဖဝါးကို ဖြန့်ကာ လုမင်ယွိကို ပြလိုက်ပြီး “ကြည့်ပါဦး”
လုမင်ယွိက ပြုံးလျက် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ပြောတော့သည်။ “ရှင် စိတ်လှုပ်ရှားပြီး ချွေးထွက်တာကို ကျွန်မကို လာအပြစ်တင်မလို့လား”
သူမကိုယ်တိုင်ပင် သတိမထားလိုက်မိချေ။ ဤနေ့တစ်ဝက်တာ ကာလအတွင်းမှာပင် လီကျင့်အပေါ် ပြောဆိုဆက်ဆံသော သူမ၏ လေသံသည် အလွန်တရာ ပေါ့ပါးလွတ်လပ်သွားခဲ့သည်။ ယခင်က ရှိခဲ့သော သတိကြီးမှု၊ ကာကွယ်မှုနှင့် မသိစိတ်က တင်းမာမှုများ အားလုံးသည် ဖြည်းညင်းစွာ ပြေလျော့သွားခဲ့လေသည်။
လီကျင့်၏ စိတ်ထဲတွင် အလွန်တရာ ပျော်ရွှင်သွားပြီး သက်ပြင်းတစ်ချက်ကို တမင်သက်သက် ချလိုက်ကာ “ကိုယ်က မင်းကို ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲ။ ကိုယ့်ကိုယ်ကိုပဲ အသုံးမကျလို့ အပြစ်တင်ရမှာပေါ့။ မင်းကို တွေ့လိုက်တာနဲ့ ရင်ထဲမှာ သမင်တစ်ကောင် ခုန်ပေါက်နေသလိုပဲ”
ဘာကို ရင်ထဲမှာ သမင်တစ်ကောင် ခုန်ပေါက်နေတာလဲ။
လုမင်ယွိသည် နောက်တစ်ကြိမ် ရယ်မောမိပြန်တော့သည်။
အငွေ့အသက်များက အလွန် သာယာပျော်ရွှင်နေချိန်တွင် နန်းတော်ထဲမှ စိတ်ညစ်ဖွယ်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်းသည် အမှန်တကယ်တွင် သိပ်မသင့်တော်လှပေ။
သို့သော် ဤသည်မှာလည်း လီကျင့် လာရောက်ရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခု ဖြစ်နေသည်။ လီကျင့်သည် နောက်ဆုံးတွင် နှုတ်ဖွင့်ကာ အနောက်နန်းဆောင်ထဲမှ ရှုပ်ထွေးနေသော ကိစ္စရပ်များကို ပြောပြလိုက်တော့သည်။ “... မူဟုပ်နဲ့ ဖုဟွမ်တို့ အငြင်းအခုံ ဖြစ်ကြပြီး အဆင်မပြေဘဲ ပြီးဆုံးသွားကြတယ်။ ချင်ဖေးနဲ့ စတုတ္ထမင်းသားတို့ အကျယ်ချုပ်အပြစ်ပေးခံရတော့ အဘွားတော်က စိတ်မကောင်းဖြစ်ပြီး ဖုဟွမ်ကို တစ်ခါ ဆူပူကြိမ်းမောင်းသေးတယ်။ ဖုဟွမ်က စိတ်ဆိုးလွန်းလို့ ဒီနေ့ နန်းတွင်းအစည်းအဝေးတောင် မတက်တော့ဘူး”
...
အပိုင်း (၁၁၀) ကသိကအောက်ဖြစ်အောင် လုပ်ခြင်း။
ဤလောကတစ်ခွင်၌ ယုံးကျားဧကရာဇ်ကို အမျက်ဒေါသထွက်စေသော်လည်း မတတ်နိုင်အောင် ဖြစ်စေသည့် တစ်ဦးတည်းသောသူမှာ သူ့ မွေးသမိခင် မယ်တော်ကြီးကျောက်သာလျှင် ဖြစ်လေသည်။
မယ်တော်ကြီးကျောက်သည် တစ်ချိန်က ကျောက်မိသားစု၏ ကိုယ်လုပ်တော်မှ မွေးသော သမီးအကြီးဆုံးဖြစ်ခဲ့သည်။ ရုပ်ရည်နှင့် ပညာအရည်အချင်းတို့မှာ မည်သည့်အရာမှ မလျော့နည်းသော်လည်း ကိုယ်လုပ်တော်မမှ မွေးဖွားသူဖြစ်သောကြောင့် မိမိထက် အသက် ၁၀ နှစ်တိတိ ကြီးသော လီမိသားစု၏ အကြီးအကဲထံသို့ ဒုတိယဇနီးအဖြစ် လက်ထပ်ခဲ့ရလေသည်။
မယ်တော်ကြီးကျောက်၏ ဝမ်းဗိုက်သည် အစွမ်းပြနိုင်ခဲ့ပြီး တရားဝင်သားရတနာတစ်ဦးကို တစ်ကြိမ်တည်းဖြင့် မွေးဖွားနိုင်ခဲ့ကာ လီမိသားစု၏ အတွင်းအိမ်တော်တွင် ခြေကုပ်ကို လျင်မြန်စွာ ရယူနိုင်ခဲ့သည်။ လီယွမ် (ယုံးကျားဧကရာဇ်) သည် ငယ်စဉ်ကတည်းက အသိဉာဏ်ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာကာ ပြတ်သားသူဖြစ်သည့်အပြင် မိခင်အပေါ်၌လည်း အလွန်တရာ သိတတ်လိမ္မာသူ ဖြစ်၏။
လီယွမ်သည် နဂါးပလ္လင်ထက်သို့ တက်ရောက်သောအခါ သူ့မွေးသမိခင်သည်လည်း မယ်တော်ကြီးကျောက်အဖြစ်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။ မယ်တော်ကြီး ဖြစ်လာခဲ့သော ကျောက်ရှီ၏ မူလမျိုးရိုးဇာတိနှင့် အမြင်ကျဉ်းမြောင်းမှုတို့မှ ဖြစ်ပေါ်လာသော ချို့ယွင်းချက်များသည် မကြာမီမှာပင် အထင်အရှား ပေါ်လွင်လာခဲ့လေသည်။
မယ်တော်ကြီးကျောက်သည် နန်းတွင်းရေးရာများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသော်လည်း မိမိ၏ မွေးရပ်မိသားစုကို ဘက်လိုက်ကာ ချင်ဖေးနှင့် သူမ၏သားတော်ကို ဘက်လိုက်လွန်းသည်မှာ ချိုင်းအောက်သို့ပင် ရောက်လုနီးပါး ဖြစ်နေလေပြီ။
ယုံးကျားဧကရာဇ်သည် မိခင်ဖြစ်သူ့ မိုက်မဲသော လုပ်ရပ်များကြောင့် အမျက်ထွက်ခဲ့ပြီး ချင်ဖေးနှင့် သားအဖနှစ်ဦးကို ဒေါသတကြီး အပြစ်ပေးခဲ့သည်။ မယ်တော်ကြီးကျောက် သတိဝင်လာသည့် အချိန်တွင်တော့ ချင်ဖေးနှင့် စတုတ္ထမင်းသားတို့သည် နန်းဆောင်သို့ ပြန်သွားရန် နှင်ထုတ်ခံလိုက်ရပြီး ဖြစ်နေ၏။ မယ်တော်ကြီးကျောက်သည်လည်း အမျက်ထွက်ကာ သားတော်ဖြစ်သူကို တစ်ကြိမ်တစ်ခါမျှ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလေတော့သည်။
ယုံးကျားဧကရာဇ်သည် မည်မျှပင် တတ်စွမ်းနိုင်ပြီး တန်ခိုးကြီးသည်ဖြစ်စေ မိမိ၏ မွေးသမိခင်နှင့်တော့ အငြင်းအခုံ မပြုလုပ်နိုင်ခဲ့ပေ။ တစ်ညလုံး အမျက်ထွက်နေခဲ့ပြီး ယနေ့တွင် နံနက်ခင်း စည်းဝေးပွဲကိုပင် တိုက်ရိုက် ဖျက်သိမ်းလိုက်လေသည်။
လုမင်ယွိသည် ပြုံးသလိုလို မပြုံးသလိုလိုနှင့် လီကျင့်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။ “အရှင်မင်းကြီး စိတ်မကြည်မလင် ဖြစ်နေတာကို ရှင်က သားတော်တစ်ယောက်အနေနဲ့ ဘေးမှာ နေပြီး နှစ်သိမ့်အားပေးရမှာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး လုအိမ်တော်ကို ရောက်လာရတာလဲ”
မျက်နှာလို မျက်နှာရလုပ်ရမယ့် နေရာ မှားနေပြီလေ။
လီကျင့်က မတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်ပြီး “ကိုယ်နဲ့ ဖုဟွမ်ကြားက အခြေအနေကို မင်း အသိဆုံးပဲ။ ဘာလို့ ဒီလိုစကားတွေ ပြောပြီး ကိုယ့်ကို လာထိုးနှက်နေရတာလဲ”
လုမင်ယွိသည် အပျော့ဆွဲကိုသာ ခံပြီး အမာဆွဲကို မခံနိုင်သော စိတ်ဓာတ်ပိုင်ရှင် ဖြစ်လေသည်။ အကယ်၍ လီကျင့်သာ အမျက်ထွက်ပြီး စိတ်မကျေမနပ် ဖြစ်သွားပါက သူမသည် သေချာပေါက် ထိပ်တိုက် တုံ့ပြန်မိပေမည်။ ယခုအခါ လီကျင့်က ဘာမှ မတတ်နိုင်သောဟန်ဖြင့် အနည်းငယ် အလိုလိုက်ဟန်ပါသော အပြုံးကို ပြသလာသည့်အခါ လုမင်ယွိသည် ပြောင်းပြန်အဖြစ် အနည်းငယ် မျက်နှာပူသွားရလေသည်။
“တောင်းပန်ပါတယ်” လုမင်ယွိက တောင်းပန်လိုက်ရတော့သည်။ “ကျွန်မ ခုနက စကားမှားသွားတယ်။ ရှင့်စိတ်ထဲ မထားပါနဲ့”
လီကျင့်၏ မျက်ဝန်းနက်နက်များထဲတွင် အပြုံးရိပ်တစ်ချက် ဖြတ်ပြေးသွားတော့သည်။ “ကိုယ် စိတ်မဆိုးပါဘူး။ မင်း ပြောတာကလည်း အမှန်တရားပဲလေ။ ငါတို့ ညီအစ်ကိုငါးယောက်ထဲမှာ ဖုဟွမ် အချစ်ဆုံးက အစ်ကိုကြီးပဲ။ စစ်တိက အဘွားတော်ရဲ့ ထောက်ပံ့မှုကို ရထားတော့ ဖုဟွမ်က စစ်တိအပေါ်မှာလည်း မဆိုးပါဘူး။ စန်းတိက စာပေရော စစ်ရေးရော နှစ်မျိုးလုံးမှာ ထူးချွန်ပြီး စိတ်ဓာတ်ကလည်း ခိုင်မာတော့ ဖုဟွမ်က စိတ်ထဲမှာတော့ နှစ်သက်ပါတယ်”
“ဖုဟွမ်က ကိုယ့်အပေါ်မှာတော့... အလေးမထားဘူးလို့ ပြောလို့မရဘူး။ ဒါပေမဲ့ အလေးထားရုံလေးပါပဲ”
ဤခေတ်အခါ၌ လူတိုင်းသည် တရားဝင်ဇနီးမှ မွေးသော သားကိုသာ အလေးထားကြလေသည်။ ယုံးကျားဧကရာဇ်သည် သားအကြီးဆုံးကို မည်မျှပင် ဘက်လိုက်စေကာမူ မိမိ၏ တရားဝင်သားတော်ကိုတော့ လျစ်လျူရှုခဲ့ခြင်း မရှိပေ။ သို့သော် အလေးထားခြင်းနှင့် နှစ်သက်ခြင်းသည်ကား မတူညီသည့်ကိစ္စနှစ်ခုပင်။
လီကျင့်သည် ယုံးကျားဧကရာဇ်၏ ချစ်ခင်နှစ်သက်ခြင်းကို မရရှိသည်မှာ အမှန်တရားတစ်ခုပင်။
ယနေ့ကဲ့သို့ပင် ပထမမင်းသားသည် နံနက်စောစောကတည်းက ဝမ်ဟွား ခန်းမဆောင်သို့ ဝင်ရောက်သွားခဲ့သည်။ ကျန်ရှိသော မင်းသားများမှာတော့ ဝမ်ဟွား ခန်းမဆောင်၏ တံခါးဝကိုပင် နင်းခွင့်မရခဲ့ကြပေ။
အကယ်၍ ယခင်ဘဝတွင်သာဆိုလျှင် လီကျင့်သည် သေချာပေါက် စိတ်ဓာတ်ကျဆင်းကာ ဖြေမဆည်နိုင် ဖြစ်မိပေမည်။
သည်ဘဝတွင်တော့ သူသည် သည်အမှန်တရားကို တည်ငြိမ်စွာ လက်ခံနိုင်ခဲ့လေပြီ။
လုမင်ယွိသည် တည်ငြိမ်သော မျက်နှာထားရှိသည့် လီကျင့်ကို စူးစိုက်ကြည့်ရင်း “လီကျင့်၊ ရှင်က ဘယ်လိုလူစားမျိုးလဲ”
သူမသည် ပတ်ဝန်းကျင်မှ လူအားလုံးကို ထွင်းဖောက်မြင်နိုင်သော်လည်း လီကျင့်တစ်ယောက်တည်းကိုသာ ထွင်းဖောက်၍ မမြင်နိုင်ခဲ့ပေ။ သူသည် နက်ရှိုင်းသော ရေအိုင်ကြီးတစ်ခုနှင့် တူလှသည်။ အပေါ်ယံတွင် ကြည်လင်တောက်ပနေသော်လည်း အမှန်တကယ်တွင်တော့ နက်ရှိုင်းလွန်းကာ တိုင်းတာရန် ခက်ခဲလှလေသည်။
လီကျင့်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့လက်ကို တစ်ဖန် ဆန့်တန်းကာ စေ့စပ်ထားသော သတို့သမီးလောင်း၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း “ကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာကိုတော့ မင်း ဖြည်းဖြည်းချင်း ကြည့်သွားရင် သိလာမှာပါ”
...
လီကျင့်သည် လုအိမ်တော်တွင် နေ့တစ်ဝက်လောက် အချိန်ဖြုန်းခဲ့ပြီး မျက်နှာပြောင်တိုက်ကာ နေ့လယ်စာကို စားသုံးပြီးမှသာ နန်းတော်သို့ ပြန်သွားလေသည်။
သူသည် အရင်ဆုံး ကျောင်းဖန်နန်းဆောင်သို့ သွားလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် တစ်ညလုံး ကောင်းကောင်းမွန်မွန် မအိပ်စက်နိုင်ခဲ့ပေ။ မျက်နှာချေများကပင် သူမ၏ မျက်ဝန်းအောက်မှ အမည်းရောင် အရိပ်များကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ သူမ၏ မျက်နှာရောင်အဆင်းသည် ရှောင်လွှဲမရနိုင်ဘဲ အနည်းငယ် ပင်ပန်းနွမ်းနယ်လို့နေသည်။ တောက်ပလန်းဆန်းနေသည့် သားတော်ကို မြင်တွေ့ရမှသာ ချောင်မိဖုရားခေါင်၏ မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး “ငါတောင် ထင်နေတာ။ မင်းက လုအိမ်တော်ကနေ ညနေစောင်းမှ ပြန်လာတော့မယ်လို့”
စကားလုံးများထဲတွင် စနောက်လိုသော အငွေ့အသက်အချို့ ပေါ်လွင်နေသည်။
လီကျင့်က ပြုံးလိုက်ပြီး “ကျွန်တော်ကတော့ လုအိမ်တော်မှာ နေချင်တာပေါ့။ ရှောင်ယွိက ကျွန်တော့်ကို နန်းတော်ပြန်ဖို့ အတင်း နှင်ထုတ်နေတာနဲ့ ကျွန်တော်လည်း ပြန်လာရတာပေါ့”
စကားလုံးများထဲမှ ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့သည် ထင်ရှားစွာ ပေါ်လွင်နေ၏။
သားတော်၏ သည်လို ပျော်ရွှင်နေသောပုံရိပ်ကို မြင်တွေ့ရသောအခါ ချောင်မိဖုရားခေါင်၏ ညှို့မှိုင်းနေသော စိတ်အစဉ်သည်လည်း များစွာ ပြေလျော့သွားခဲ့ပြီး ပြုံးကာ ပြောလိုက်တော့၏။ “ဘာပဲဖြစ်ဖြစ် တင်တောင်းလက်ဖွဲ့တွေလည်း ပေးပြီးသွားပြီပဲ။ မင်း အားနေရင်လည်း ယောက္ခမလောင်းအိမ်ကို ခဏခဏ သွားလာနေတာက အရေးမကြီးပါဘူး”
သာ့ဝေတိုင်းပြည်၏ ဓလေ့ထုံးစံများက ပွင့်လင်းလှသည်။ စေ့စပ်ကြောင်းလမ်းထားသော သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့သည် မကြာခဏ တွေ့ဆုံနိုင်ခွင့် ရှိလေသည်။
ချောင်မိဖုရားခေါင်သည် အစပိုင်းတွင် သည်လက်ထပ်ပွဲကို မနှစ်သက်ခဲ့သော်လည်း သားတော်ဖြစ်သူကို မလွန်ဆန်နိုင်ခဲ့ပေ။ ယခုအခါ စေ့စပ်ကြောင်းလမ်း ပြီးစီးသွားပြီဖြစ်သဖြင့် ချောင်မိဖုရားခေါင်သည်လည်း သားတော်ဖြစ်သူနှင့် ယောက္ခမအိမ်တော်တို့ ရင်းနှီးနေသည်ကို မြင်တွေ့လိုပေသည်။
ရှင်းယန်ဝမ်က နန်းတွင်း၌ အထောက်အပံ့တစ်ခုအဖြစ် ရှိနေပါက လီကျင့်၏ အနာဂတ်လမ်းခရီးသည်လည်း ပိုပြီး ချောမွေ့လာနိုင်ပေသည်။
ဤသို့ တွေးမိသောအခါ ချောင်မိဖုရားခေါင်သည် ပိုပြီး ခံစားချက် ကောင်းမွန်လာခဲ့၏။
လီကျင့်က ပါးစပ်ဖွင့်ကာ မေးမြန်းလာသည့်တိုင်အောင်ပင်။ “မူဟုပ်၊ နေ့တစ်ဝက်တောင် ကျော်သွားပြီ။ ဖုဟွမ်ဘက်က သတင်းထူးသေးလား”
ချောင်မိဖုရားခေါင်၏ အပြုံးသည် တစ်ချက် ရပ်တန့်သွားပြီး ခပ်ယဲ့ယဲ့လေး ပြောလသည်။ “ပထမမင်းသားက ဝမ်ဟွား ခန်းမဆောင်ကို ဝင်သွားပြီး မင်းရဲ့ ဖုဟွမ်ကို ဘယ်လို နှစ်သိမ့်လိုက်လဲတော့ မသိဘူး။ မင်းရဲ့ ဖုဟွမ်က မွန်းတည့်ချိန်မှာ ယန်ရှီ နန်းဆောင်ကို ကြွသွားတယ်။ စိတ်ခံစားချက်တွေ အတော်လေး ပြန်ကောင်းသွားလောက်ပြီ ထင်ပါတယ်”
ချစ်ခင်ရသော သားအကြီးဆုံးက နှစ်သိမ့်ပေးပြီး ချစ်မြတ်နိုးရသော မိန်းမပျိုက အတူရှိနေပေးသည့်အတွက် ယုံးကျားဧကရာဇ်၏ အမျက်ဒေါသသည် ကြာမြင့်စွာကတည်းက ပြေပျောက်သွားလောက်ပြီ ဖြစ်၏။
ဤအနောက်နန်းဆောင်ထဲတွင် ယုံးကျားဧကရာဇ် အမျက်ဒေါသ အကြီးအကျယ် ထွက်နေချိန်၌ နှစ်သိမ့်ပေးနိုင်စွမ်းရှိသူမှာ မုန့်ကွေ့ဖေးနှင့် သူမ၏ သားတော်တို့သာ ရှိလေသည်။
ဤကဲ့သို့သော ကိစ္စရပ်များတွင် တရားမျှတမှုဟူ၍ ပြောစရာ အကြောင်းမရှိပေ။
လီကျင့်သည်လည်း ချောင်မိဖုရားခေါင်ကို မည်သို့ နှစ်သိမ့်အားပေးရမည်ကို မသိဘဲ အသံတိုးတိုးဖြင့်သာ ပြောလိုက်တော့၏။ “မူဟုပ်၊ ခေါင်းထဲမှာ ခံစားမနေပါနဲ့တော့”
ချောင်မိဖုရားခေါင်က ခါးသီးစွာ ပြုံးလိုက်ကာ “ဒီလောက်နှစ်တွေ အကြာကြီး သည်းခံလာခဲ့ပြီးမှတော့ ငါသာ ခံစားနေရမယ်ဆိုရင် အသက်ရှင်နေစရာတောင် အကြောင်းမရှိတော့ဘူး။ အားကျင့်၊ မင်းရဲ့ ဖုဟွမ်ကိုတော့ ငါ မျှော်လင့်လို့ မရတော့ဘူး။ အခု ငါ မျှော်လင့်တာက မင်းတစ်ယောက်တည်း ဘေးကင်းလုံခြုံပြီး အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ပဲ”
ဘေးကင်းလုံခြုံပြီး အဆင်ပြေပြေ ဖြတ်သန်းနိုဖို့။ ရိုးရှင်းလှသော စကားလေးလုံးမျှသာ။ ပြောရန် လွယ်ကူသလောက် လက်တွေ့လုပ်ဆောင်ရန်ကတော့ ခက်ခဲလိုက်လေခြင်း။
လီကျင့်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ့ မျက်ဝန်းအလင်းရောင်သည် အနည်းငယ် မှောင်ကျသွားသည်။
အငွေ့အသက်များသည် ရုတ်တရက်ဆိုသလို လေးလံသွားခဲ့၏။
ချောင်မိဖုရားခေါင်က အသံတိုးတိုးဖြင့် ထပ်ပြောလာခဲ့သည်။ “ငါ ကြောက်တာက နောက်ရက်နည်းနည်းလောက်နေရင် မင်းရဲ့ အဘွားတော် ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး”
မယ်တော်ကြီးကျောက်၏ စိတ်နေစိတ်ထားအရ ပြဿနာ တစ်စုံတစ်ရာ မရှာဘဲ နေခြင်းသည် မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်လေသည်။
...
ချောင်မိဖုရားခေါင်၏ ခန့်မှန်းချက်သည် အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိခဲ့ပေ။
ယုံးကျားဧကရာဇ်၏ အမျက်ဒေါသသည် ပြေပျောက်သွားခဲ့သော်လည်း မယ်တော်ကြီးကျောက်ကတော့ နာမကျန်း ဖြစ်သွားလေသည်။
ယုံးကျားဧကရာဇ်သည် တိုင်းပြည့်အရေးများကို ချက်ချင်း ဘေးချထားလိုက်ပြီး ရှို့နဉ်နန်းဆောင်သို့ သွားရောက်ကာ ပြုစုစောင့်ရှောက်လေသည်။ နန်းတွင်းဆေးဌာနက ဆေးပညာအတော်ဆုံးဖြစ်သော သမားတော်ကြီးကျိုးသည်လည်း မယ်တော်ကြီးကျောက်ကို ကုသရန်အတွက် ရှို့နဉ် နန်းဆောင်သို့ အခေါ်ခံလိုက်ရသည်။
ယုံးကျားဧကရာဇ်သည် ညှိုးနွမ်းမှောင်မိုက်နေပြီး အားအင်မရှိသော မယ်တော်ကြီးကျောက်ကို ကြည့်ရင်း ရင်ထဲမှ နာကျင်ရသလို စိုးရိမ်ပူပန်သွားရကာ “သမားတော်ကြီးကျိုး၊ မယ်တော်ကြီး ဘာဖြစ်သွားတာလဲ။ မနေ့ကတောင် ကောင်းကောင်းရှိသေးတာကို။ ဘယ်လိုလုပ်ပြီး ဒီနေ့ ရုတ်တရက် နေမကောင်း ဖြစ်သွားရတာလဲ”
သမားတော်ကျိုးက လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးပြီး လျှောက်တင်လေ၏။ “အရှင်မင်းကြီးကို ပြန်လျှောက်ပါတယ်။ မယ်တော်ကြီးက စိတ်ထဲမှာ ဒေါသတွေ ချုပ်တည်းထားလို့ ဖြစ်လာတဲ့ ဝေဒနာပါ။ ကျွန်တော်မျိုး ဆေးအနည်းငယ် ဖော်စပ်ပေးလိုက်ပါ့မယ်။ မယ်တော်ကြီး ရက်အနည်းငယ်လောက် သောက်သုံးလိုက်ရင် သက်သာသွားပါလိမ့်မယ်”
စိတ်ထဲတွင် ဒေါသများ ချုပ်တည်းထားခြင်းတဲ့။ ဤသည်မှာ ယဉ်ကျေးသော အသုံးအနှုန်းဖြစ်ပြီး အမှန်တကယ်တွင်တော့ ဒေါသထွက်လွန်း၍ နေမကောင်း ဖြစ်သွားခြင်းသာ ဖြစ်လေသည်။
ယုံးကျားဧကရာဇ်သည် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး မတတ်နိုင်ဟန်ဖြင့် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ကာ “မူဟုပ် ဘယ်လောက်ပဲ စိတ်ဆိုးနေဆိုးနေ ကိုယ့်ခန္ဓာကိုယ်ကိုတော့ နှိပ်စက်လို့ မဖြစ်ဘူးလေ”
မယ်တော်ကြီးကျောက်သည် ဟွန်းခနဲ နှာမှုခေါင်းရှုံ့လိုက်ပြီး အတွင်းဘက်သို့ လှည့်ကာ သားတော်ဖြစ်သူကို လှည့်ပင် မကြည့်တော့ပေ။
ယုံးကျားဧကရာဇ်၏ ဦးခေါင်းသည် အမှန်တကယ်ပင် ကိုက်ခဲလာလေပြီ။
သူသည် လက်ကို ဆန့်တန်းကာ မိမိ၏ နားထင်နှစ်ဖက်ကို နှိပ်နယ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားရင်း အသံကို နှိမ့်ချလျက် မယ်တော်ကြီးကျောက်ကို အချိန်အတော်ကြာအောင် ချော့မော့ပြောဆိုရတော့သည်။ ယုံးကျားဧကရာဇ်က အလျှော့ပေးလိုက်သည့်တိုင် မယ်တော်ကြီးကျောက်ကတော့ စိတ်ကောက်ကာ လှည့်ပင် မကြည့်ပေ။ “မူဟုပ် စိတ်မဆိုးပါနဲ့တော့။ အလွန်ဆုံး ၁၀ရက်ပဲ။ ကျန်း ချင်ဖေးနဲ့ စတုတ္ထသားတော်ကို နန်းဆောင်ကနေ ထွက်ခွင့်ပေးလိုက်မယ်”
မယ်တော်ကြီးကျောက်သည် ရင်ဝကို ဖိကာ "အိုက်ယိုး" "အိုက်ယိုး" ဟု အော်ဟစ်လေသည်။
ယုံးကျားဧကရာဇ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး နောက်တစ်ကြိမ် အလျှော့ပေးလိုက်ရသည်၊ “ငါးရက်။ ဒီထက်တော့ ပိုမလျှော့နိုင်တော့ဘူး”
ထိုအခါမှ မယ်တော်ကြီးကျောက်သည် ရပ်တန့်လိုက်လေသည်။
မယ်တော်ကြီးကျောက် နေမကောင်းဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ အနောက်နန်းဆောင်မှ လူအများ၏ တုံ့ပြန်မှုများကတော့ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။
ချောင်မိဖုရားခေါင်: ယောက္ခမတော်က သူ့သားကို နိုင်တဲ့နည်းကတော့ နှစ်၂၀လုံးလုံး တစ်ပုံစံတည်းပဲ။
မုန့်ကွေ့ဖေး: ထွီ။ တောက်... တကယ် စက်ဆုပ်ဖို့ကောင်းတဲ့ အဘွားကြီး။
စူးကျောင်းရုံ: ဒါမှ သူမ အိပ်မက်မက်နေတဲ့ ဘဝမျိုး။
နန်းဆောင်တွင် ပိတ်လှောင်ကာ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်နေရသော ချင်ဖေးကတော့ မျက်ရည်များ ဝဲလာသည်အထိ စိတ်လှုပ်ရှားသွားပြီး: ယိမူက သူမဘက်က ရပ်တည်ပေးလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီတစ်ခါ ဘယ်လောက်ကြာကြာ အကျယ်ချုပ်ခံရမလဲ မသိဘူး။
...
အပိုင်း (၁၁၁) သင်ခန်းစာပေးခြင်း (၁)
မယ်တော်ကြီးကျောက်သည် ပြဿနာရှာလိုက်သည်နှင့်ချက်ချင်း ချင်ဖေးတို့သားအမိနှစ်ယောက် အကျယ်ချုပ်ခံထားရသည့်အမိန့်သည် ၅ရက်အတွင်းမှာပင် ဖြေလျှော့ပေးခြင်းခံလိုက်ရလေသည်။
အနည်းငယ် စိတ်ဓာတ်ကျနေသည့် စတုတ္ထမင်းသားမှာ ချင်ဖေးနှင့်အတူ ရှို့နဉ်နန်းဆောင်သို့သွားကာ ကျေးဇူးတင်စကား ပြောဆိုခဲ့ရသည်။
ချင်ဖေးက လက်နှစ်ဖက်ကို ထပ်ကာဦးညွတ်ပြီး သူမ၏မျက်နှာပေါ်တွင်လည်း ကျေးဇူးတင်သည့်အ ရောင်အဝါအပြည့် ဖြစ်နေ၏။ "ကျွန်မတို့ သားအမိနှစ်ယောက်အတွက် စကားပြောပေးလို့ မူဟုပ်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်မတို့ သားအမိနှစ်ယောက် ဘယ်အချိန်အထိ အကျယ်ချုပ်ခံနေရမလဲတောင် မသိပါဘူး"
စတုတ္ထမင်းသားကလဲ ဒူးထောက်ကာ သုံးကြိမ် ဦးချလိုက်၏။ "အဘွားတော်ကို ကျေးဇူးတင်ပါတယ်"
"နေမကောင်း" ဖြစ်နေဆဲဖြစ်သည့် မယ်တော်ကြီးကျောက်သည် ချင်ဖေးတို့ သားအမိနှစ်ယောက်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် အားအင်များ ပြန်လည်ပြည့်ဝလာသည့်ဟန်ဖြင့် နန်းတွင်းအပျိုတော်များကို သူမအား ကုတင်ပေါ်က ထူပေးရန် အမိန့်ပေးလေသည်။ ချင်ဖေးတို့ သားအမိနှစ်ယောက်ကို အသေးစိတ် သေသေချာချာလေး စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် အပြစ်တင်ဟန်ဖြင့် ပြောဆိုလိုက်၏။ "မင်းတို့ သားအမိနှစ်ယောက်ကိုလည်း ကြည့်ပါအုံး။ ဒါလေးက ရက်လေးနည်းနည်းပဲ ရှိပါသေးတယ်။ ပိန်သွားလိုက်တာ။ ဘာလဲ တော်ဝင်စားဖိုဆောင်က မျက်စိမရှိတဲ့ကောင်တွေက မင်းတို့ရဲ့စားစရာတွေကို လျှော့ပစ်လို့လား"
မယ်တော်ကြီးကျောက်၏ ကျိုးကြောင်းဆင်ခြင်မဲ့ကာ ဘက်လိုက်တတ်မှုသည် ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့အတွက်တော့ အမှန်တကယ် စိတ်မချမ်းမြေ့ဖွယ်ရာပင်။ သို့သော်ငြား ဘက်လိုက်ခြင်းခံနေရသည့် ချင်ဖေးတို့ သားအမိနှစ်ဦးအတွက်တော့ မယ်တော်ကြီးကျောက်သည် သူတို့သားအမိနှစ်ဦးကို အကာအကွယ်ပေးထားသည့် သစ်ပင်ကြီးတစ်ပင်လို ဖြစ်နေတော့၏။
ချင်ဖေးက ရှေ့သို့ ခြေနှစ်လှမ်း တိုးလာကာ မယ်တော်ကြီးကျောက်၏လက်ကို လှမ်းကိုင်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ယိမူ အထင်လွဲနေပါပြီ။ စားဖိုဆောင်က နေ့တိုင်း ပို့ပေးတဲ့အစားအသောက်တွေက ပူပူနွေးနွေးလေးတွေပါ။ ပြီးတော့ အရသာရှိပြီး စုံစုံလင်လင်လဲ ပါပါတယ်။ ဒါပေမဲ့ ကျွန်မက အစ်ကိုတော် ဒေါသတကြီးဖြစ်သွားတဲ့ပုံကို ပြန်တွေးမိတိုင်း ရှက်မိလို့ပါ"
"ဒီနှစ်တွေမှာ ယိမူနဲ့အစ်ကိုတော်တို့ရဲ့ သနားကြင်နာမှုကို အားကိုးပြီး ကျွန်မတို့သားအမိက ဒီလိုကောင်းမွန်တဲ့ဘဝလေးကို နေထိုင်ခဲ့ရတာပါ။ ကျွန်မက ယိမူကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးရင် အစ်ကိုတော်လဲ ဘယ်တော့မှ စိတ်အနှောက်အယှက် ဖြစ်ရမှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ"
"ဒါပေမဲ့ အစ်ကိုတော်က ကျွန်မကို အထင်လွဲသွားပြီး ယိမူကိုပါ တပါတည်း ဒေါသထွက်သွားစေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကျွန်မကြောင့်သာ တိုင်းပြည်ရဲ့ မယ်တော်ကြီးနဲ့ သားတော်ကြားက သံယောဇဥ်ကို ပျက်ပြားစေခဲ့ရင် ကျွန်မ တကယ်ရှက်လွန်းလို့ ယိမူကို မျက်နှာတောင်လာပြရဲမှာ မဟုတ်ပါဘူး"
ချင်ဖေးသည် ပြောရင်းဆိုရင်း မျက်ရည်များ စီးကျလာလေသည်။
စတုတ္ထမင်းသား၏မျက်လုံးများကလဲ နီရဲလို့နေ၏။ "အဘွားတော် ဒီရက်ပိုင်းအဆောင်ပိတ်ပြီး ကိုယ့်ဟာကို ပြန်သုံးသပ်မိတော့ မြေးတော်လဲ အများကြီး စဥ်းစားခဲ့မိပါတယ်။ အဘွားတော်က မြေးတော်ကို ချစ်ခင်ပြီး မျက်နှာပွင့်လန်းစေချင်တယ်။ ဒါက အဘွားတော်ရဲ့စေတနာပါ။ မြေးတော်စိတ်ထဲမှာလည်း တကယ်ဝမ်းသာရပါတယ်။ ဒါပေမဲ့ ဒီကိစ္စက တကယ်တော့ ထုံးတမ်းအစဥ်အလာနဲ့ မကိုက်ညီခဲ့ပါဘူး။ ဖုဟွမ် စိတ်ဆိုးတာကလဲ ဖြစ်သင့်ပါတယ်။ မြေးတော်လဲ တကယ် အပြစ်ပေးခံရသင့်ပါတယ်"
"ဒီအမှားတွေ အားလုံးကလဲ မြေးတော်ရဲ့ အမှားတွေချည်းပါပဲ"
"အဘွားတော်က ဒီကိစ္စကြောင့်နဲ့တော့ ဖုဟွမ်နဲ့ အဆင်မပြေတာမျိုး မဖြစ်ပါနဲ့တော့။ မဟုတ်ရင် မြေးတော်က တကယ်ပဲ အဘွားတော်ကို မျက်နှာပြရဲမှာ မဟုတ်တော့ပါဘူး"
မယ်တော်ကြီးကျောက်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ရင်ထဲတွင် အလွန်နာကျင်သွားပြီး လက်ကိုဆန့်တန်းကာ စတုတ္ထမင်းသား၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ "လိမ်မာလိုက်တဲ့ကလေး။ ဒီကိစ္စက အိုက်ကျားရဲ့စိတ်ကူးပဲ။ မင်းနဲ့ ဘာမှမဆိုင်ဘူး။ တင်တောင်းလက်ဖွဲ့ပစ္စည်းတွေကလဲ ပို့ပြီးသွားပြီပဲ။ ဘယ်သူက နန်းတော်ထဲကို ပြန်သယ်လာလို့ရအုံးမှာလဲ။ ဘာပဲဖြစ်ဖြစ် လုပ်လဲ လုပ်ပြီးသွားပြီ။ ဘယ်သူ့မှလည်း အဘွားတော်ကို ဘာမှ လာလုပ်လို့ မရပါဘူး"
"ဟုတ်ပါပြီ မင်းတို့ သားအမိနှစ်ယောက် မျက်ရည်တွေ သုတ်လိုက်တော့။ လုပ်စရာရှိတာ သွားလုပ်လိုက်ကြတော့။ အိုက်ကျားရှိနေသရွေ့ မင်းတို့ကို ဘယ်သူမှ လာအနိုင်ကျင့်မှာ မဟုတ်ဘူး"
...
ချင်ဖေးကတော့ မယ်တော်ကြီးကျောက်ကိုအဖော်ပြုပေးရန် နေရစ်ခဲ့လေသည်။
စတုတ္ထမင်းသားသည် မျက်ရည်များကို သုတ်ကာ ဝမ်ဟွားနန်းဆောင်သို့ အပြစ်ဝန်ခံရန် ထွက်သွားလေတော့သည်။ ယုံးကျားဧကရာဇ်သည် ချောင်ကောလောင်၊ တခြားအရပ်ဘက် အရာရှိများနှင့်အတူ တိုင်းပြည်ရေးရာများကို ဆွေးနွေးတိုင်ပင်လို့နေသည်။ စတုတ္ထမင်းသားက ဝမ်ဟွားခန်းမအပြင်ဘက်တွင် ဒူးထောက်နေ၏။ ဤသို့ ဒူးထောက်လိုက်ရသည်မှာ တစ်နာရီပင် ကျော်သွားခဲ့သည်။
စတုတ္ထမင်းသားသည် မိဖုရားငယ်တပါးမှ မွေးဖွားလာခဲ့သော်ငြားလည်း သူသည် ကလေးဘဝကတည်းက ကောင်းကောင်းဝတ်၊ ကောင်းကောင်းစားကာ အလိုလိုက်ခံခဲ့ရပြီး ဘယ်တုန်းကမှ အမှန်တကယ် မခံစားခဲ့ရဖူးချေ။ ယခုအချိန်တွင်တော့ လင်းထိန်နေသည့် နေရောင်အောက်တွင် ဒူးထောက်နေရသဖြင့် ဒူးများက နာကျင်ကိုက်ခဲကာ ထုံကျင်လို့နေပြီး နေပူဒဏ်ကြောင့် ခေါင်းပင် မူးဝေလာတော့သည်။
သို့သော်ငြား သူသည် မလှုပ်ရှားရဲဘဲ နာနာခံခံဖြင့် ဒူးထောက်နေလိုက်တော့၏။
"စစ်တိ" အနည်းငယ် အံ့သြနေသည့် အသံတစ်သံက ထွက်ပေါ်လာပြီး မကြာမှီတွင် ရင်းနှီးသည့် မျက်နှာတစ်ခုက သူ့ရှေ့မှာပေါ်လာခဲ့သည်။ "မင်း ဒီမှာ ဘာဖြစ်လို့ ဒူးထောက်နေတာလဲ"
စတုတ္ထမင်းသားက မော့ကြည့်လိုက်ကာ "သာ့ကော"
စတုတ္ထမင်းသားရှေ့တွင် ပေါ်ထွက်လာသူမှာ အကြီးဆုံးမင်းသား ဖြစ်လေသည်။
အကြီးဆုံးမင်းသားက စတုတ္ထမင်းသားကို ဆွဲထူပေးလိုက်၏။ "မင်း ဒီမှာ ဒူးထောက်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ"
စတုတ္ထမင်းသားကလဲ လေသံတိုးတိုးဖြင့် ပြန်ဖြေလေသည်။ "ကျွန်တော်လဲ မသိတော့ပါဘူး။ ၂နာရီတော့ မပြည့်သေးဘူး ထင်ပါတယ်။ ကျွန်တော် ဒီနေ့ ဖုဟွမ်ကို လာတောင်းပန်တာပါ။ ဖုဟွမ်က အခုထိ ဒေါသမပြေသေးတော့ ကျွန်တော်လဲ ဒီမှာပဲ ဒူးထောက်နေလိုက်တယ်"
ပထမမင်းသားသည် မသိမသာ မျက်မှောင်ကြုတ်ထားလိုက်၏။ "မင်းက ဘာဖြစ်လို့ ဒီမှာ ဒူးထောက်နေရတာလဲ။ ထပါ။ ငါ မင်းကို ဝမ်ဟွားနန်းဆောင်ထဲကို ခေါ်သွားပေးမယ်"
စတုတ္ထမင်းသားကတော့ လှုပ်ရှားဖို့ရန် ငြင်းဆန်လို့နေသည်။ "သာ့ကော။ သာ့ကော ဝင်သွားချင်တယ်ဆိုရင်လည်း ဝင်သွားလိုက်ပါ! ဖုဟွမ်က ကျွန်တော့်ကို မခေါ်သေးဘူး။ ဒီတော့ ကျွန်တော် ဒူးထောက်ရအုံးမယ်"
တောင်းပန်တဲ့အချိန်မှာတော့ တောင်းပန်တာနဲ့ တူအောင် သေချာလုပ်ရမှာပေါ့။
အကြီးဆုံးမင်းသားသည် မတတ်သာတော့ဘဲ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "ဒါဆိုရင် ငါ အရင်ဆုံး ဝင်သွားပြီးတော့ မင်းအတွက် ပြောဆိုပေးမယ်"
စတုတ္ထမင်းသားက သူ့ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "သာ့ကောကို ကျေးဇူးတင်ပါတယ်"
"စစ်တိရယ် မင်းကလဲ ဘာတွေပြောနေတာလဲ" အကြီးဆုံးမင်းသားသည် ပြိုင်ဆိုင်လိုစိတ် ပြင်းပြပြီး ရည်မှန်းချက် ကြီးမားသူလဲဖြစ်၏။ သို့သော်ငြား သူသည် ညီတော်များအပေါ်တွင်တော့ အတော်အတန် ကြည့်ရှုစောင့်ရှောက်တတ်သူလဲ ဖြစ်သည်။
ပထမမင်းသားသည် ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်သွားလိုက်ပြီး ယုံးကျားဧကရာဇ်ကို သွားရောက်တွေ့ဆုံခဲ့၏။ ထို့နောက်တွင်တော့ သူကစ တုတ္ထမင်းသားအတွက် ချက်ချင်း အသနားခံကာ ပြောဆိုတော့သည်။ "ဖုဟွမ် စစ်တိက နန်းတော်အပြင်ဘက်မှာ ဒူးထောက်နေတာ တော်တော်လေး ကြာနေပါပြီ။ သူ ဒီလိုပဲ ဆက်ပြီး ဒူးထောက်နေမယ်ဆိုရင် မူးလဲသွားမှာ စိုးရပါတယ်။ ဖုဟွမ် စစ်တိကို တွေ့ခွင့်ပေးလိုက်တာ ပိုကောင်းပါတယ်!"
ယုံးကျားဧကရာဇ်က ပထမမင်းသားကို လှမ်းကြည့်လိုက်၏။ "တကယ်လို့ သူ ဒူးထောက်ချင်တယ်ဆိုရင်လည်း ဒူးထောက်ပါစေပေါ့။ တကယ်လို့ မင်းက စိတ်မကောင်းဘူးဆိုရင် အပြင်ထွက်ပြီး သူနဲ့အတူတူ ဒူးထောက်နေလိုက်"
ပထမမင်းသား "..."
ယုံကြည်ချက်ရှိလွန်းလှသည့် ပထမမင်းသားမှာ အနည်းငယ် ရှက်ရွံ့သွားကာ ဘာမှထပ်မပြောရဲတော့ချေ။
နောက်ထပ်နာရီဝက် ကြာမြင့်ပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် သူ၏အတွင်းဆောင် ကုန်းကုန်းကို စတုတ္ထမင်းသားအား ခန်းမထဲသို့ ဝင်ခွင့်ပြုရန် အမိန့်ပေးခိုင်းလိုက်၏။
စတုတ္ထမင်းသား၏ ဖြူဖွေးပြီး နူးညံ့လှသည့်မျက်နှာလေးသည် နေရောင်ကြောင့် နီရဲလို့နေကာ သူ့နဖူးပေါ်တွင်လည်း ချွေးသီး ချွေးပေါက်များဖြင့် ဖုံးလွှမ်းလို့နေတော့သည်။ အချိန်အကြာကြီး ထောက်ထားရသဖြင့် ဒူးများကလဲ ထုံထိုင်းနေကာ လမ်းလျှောက်သည့် အချိန်မှာပင် အလွန်တောင့်တင်းနေတော့သည်။
နန်းဆောင်ထဲသို့ ဝင်လာပြီးနောက်တွင် စတုတ္ထမင်းသားသည် ဖုတ်ခနဲ တစ်ဖန် ဒူးပြန်ထောက်ချလိုက်ပြီး သုံးကြိမ်ဦးချလိုက်၏။ "ဖုဟွမ် သားတော် မှားမှန်းသိပါပြီ"
ယုံးကျားဧကရာဇ်က စတုတ္ထမင်းသားကို အေးစက်စက် လှမ်းကြည့်လိုက်ကာ "ဘယ်နေရာမှာ မှားတာလဲ"
စတုတ္ထမင်းသားသည် ခေါင်းငုံ့ကာ သူ့အမှားကို ဝန်ခံလိုက်လေသည်။ "သားတော် မှားတာက ဖုဟွမ်နဲ့ အဘွားတော်တို့အကြားမှာ အဆင်မပြေ ဖြစ်သွားစေခဲ့တယ်။ သားတော် လောဘကြီးလွန်းတာ မှားပါတယ်။ မျက်နှာပွင့်လန်းချင်ဇောနဲ့ အာ့ကောနဲ့ စန်းကောတို့ရဲ့မျက်နှာကို မထောက်ထားမိတာ မှားပါတယ်"
ယုံးကျားဧကရာဇ်က အေးစက်စက် ရယ်မောကာ ပြောလိုက်၏။ "မင်း ဒါကို နားလည်နိုင်ရင် ကောင်းတာပေါ့"
"မင်းရဲ့အဘွားတော်ရဲ့ စိတ်ဓာတ်ကိုလည်း ငါ ကောင်းကောင်းသိပါတယ်။ သူက မင်းကို မျက်နှာသာပေးတယ်။ ဒါပေမဲ့ မင်းရဲ့မယ်တော်ကသာ လှုံ့ဆော်ပြီး မီးမွှေးတာမျိုးမဟုတ်ရင် မင်းကလဲ လိမ်မာယောင်ဆောင်ပြီး သနားစရာကောင်းအောင်မနေရင် သူက တင်တောင်းလက်ဖွဲ့တွေကို ထပ်ဖြည့်ပေးဖို့ အကြံမျိုးတွေးမိမှာ မဟုတ်ဘူးလေ"
"မင်းရဲ့အဘွားတော်က မင်းတို့ သားအမိနှစ်ယောက်ရဲ့ ထောင်ချောက်ထဲကို ကျသွားတာကို သူကိုယ်တိုင်တောင် မသိဘဲနဲ့ မင်းတို့ကိုပဲ တစ်ယူသန် ကာကွယ်ပေးနေခဲ့တာ။ ဒီကိစ္စကြောင့်လည်း နေမကောင်းဖြစ်တဲ့ထိဖြစ်ပြီး ငါ့ကိုတောင် စိတ်ကောက်နေသေးတယ်"
"ငါလဲ အလျှော့မပေးလို့ မရခဲ့ဘူး။ မင်းတို့သားအမိကို အကျယ်ချုပ်၅ရက်ပဲ အပြစ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါ ဒီနေ့ မင်းကို ပြောထားမယ်။ ငါ့စိတ်ထဲမှာ ဒီအကြောင်းကို မှတ်ထားလိုက်ပြီ။ နောက်တစ်ခါ ဒီလိုကိစ္စမျိုး ထပ်ဖြစ်ရင် ဘယ်တော့မှ အလွယ်တကူ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"မင်းတို့သားအမိနှစ်ယောက် နောက်တစ်ခါ မယ်တော်ကြီးရဲ့ကို ယ်ပိုင်ငွေတွေကို ထပ်ပြီးကြံစည်ရဲရင် ကြံစည်ကြည့်။ ငါ မင်းတို့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး"
နောက်ဆုံးစကားသည် အေးစက်မှုများဖြင့် ပြည့်နှက်နေတော့သည်။
"စတုတ္ထမင်းသားသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းပင် မဖော်ဝံ့တော့ချေ။ "ဖုဟွမ် ကျေးဇူးပြုပြီးတော့ စိတ်ပြေတော်မူပါ။ သားတော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
"မလုပ်ရဲတော့ရင်တော့ အကောင်းဆုံးပဲ။ မင်းရဲ့ပိုင်ဆိုင်မှုဆိုရင် မင်း ယူသွားလို့ရတယ်။ တကယ်လို့ မင်းဟာ မဟုတ်ဘူးဆိုရင်တော့ မင်းလက်ကို လှမ်းရဲရင် လှမ်းရဲကြည့်။ အဲဒီ့လက်ကို ဖြတ်တောက်ပစ်မယ်!" ယုံးကျားဧကရာဇ်သည် ရက်ပေါင်းများစွာ ချုပ်တီးထားခဲ့ရပြီး ဒီအချိန်တွင်တော့ ဒေါသများကို ဖွင့်ချလိုက်တော့၏။
စတုတ္ထမင်းသားသည် အပြင်းအထန် ဆူပူကြိမ်းမောင်းခံခဲ့ရပြီး သူ့မှာ ခေါင်းလေးကိုငုံ့ကာ အမှားကို ဝန်ခံရတော့သည်။ "သားတော် မှားမှန်းသိပါပြီ။ အခုချိန်ကစပြီး သားတော်ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို သေချာပေါက် သတိထားပါ့မယ်။ အဘွားတော်ရှေ့မှာလည်း ဘာမှလျှောက်မပြောတော့ပါဘူး"
"နောက်တစ်ခု။ မင်းရဲ့အာ့ကောနဲ့ စန်းကောဆီကို သွားပြီး မင်းကိုယ်တိုင် အမှား ဝန်ခံတောင်းပန်လိုက်။ ဒီကိစ္စကြောင့်နဲ့ ညီအစ်ကိုတွေကြားမှာ သံယောဇဥ်ပြတ်ပြီး စိတ်ဝမ်းကွဲတာတွေ ဖြစ်လာတာမျိုး မဖြစ်စေနဲ့"
ယုံးကျားဧကရာဇ်သည် ဒေါသမပြေသေးချေ။ "မင်း ဒီမှာ ဘာလုပ်နေသေးတာလဲ။ မြန်မြန်သွားတော့လေ!"
စတုတ္ထမင်းသားသည် လက်ခုံဖြင့်မျက်ရည်များကို သုတ်လိုက်ပြီး ကျေးဇူးတင်စကားပြောကာ နှုတ်ဆက်ခဲ့ပြီးနောက် တောင့်တင်းနေသည့် ခြေထောက်များဖြင့် လျှောက်ကာ ထွက်ခွာသွားလေတော့သည်။
ပထမမင်းသားသည် ဒီမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ စိတ်ထဲတွင် မည်သို့ခံစားရသည်ကို ဖော်မပြတတ်အောင်ပင် ဖြစ်သွားတော့သည်။
ယုံးကျားဧကရာဇ်သည် အမြဲတမ်း အချစ်ဆုံးဖြစ်သည့် သူ့အပေါ်တွင် ဒေါသထွက်ခဲ့သည်မှာလည်း လုံးဝမရှိသလောက်ပင်။ သူသည် ယုံးကျားဧကရာဇ်က မိမိ၏သားတော်တပါးကို ဤသို့ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းနေသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် တွေ့လိုက်ရခြင်းပင်။
ဒီအခိုက်အတန့်တွင် ပထမမင်းသားသည် ရုတ်တရက်ဆိုသလို ရှင်းရှင်းလင်းလင်း နားလည်သွားလေတော့၏။ သူ့ကို အင်မတန်ချစ်မြတ်နိုးသည့် သူ့ဖခင်အရင်းသည် လှပသည့် မိန်းမပျိုတစ်ဦး၏ပေါင်ပေါ်တွင် အိပ်စက်ကာ နိုးထလာလျှင်တော့ လောကကြီးကို အုပ်စိုးထားသည့် သာ့ဝေတိုင်းပြည်၏ ဧကရာဇ် ဖြစ်လေသည်။ စကားတစ်ခွန်းတည်းနှင့် လူကို အသက်ရှင်စေနိုင်သလို စကားတစ်ခွန်းတည်းနှင့် လူကို သေစေနိုင်စွမ်းလည်းရှိလေသည်။
...