အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အပိုင်း (၁၁၂) သင်ခန်းစာပေးခြင်း (၂)
"အိုက်ယား မင်းဘာဖြစ်လို့ စကားမပြောတော့တာလဲ" ယုံးကျားဧကရာဇ်သည် ဒေါသများ ပြေလျော့သွားလေသည်။ သူ၏စိတ်အခြေအနေသည်လဲ အများကြီး ပျော့ပျောင်းသွားတော့၏။ သူက ငေးငိုင်နေသည့် ပထမမင်းသားဘက်သို့ လှည့်ကြည့်လိုက်၏။
ပထမမင်းသားသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဂရုတစိုက်ဖြင့် ပြန်ဖြေလိုက်လေသည်။ "သားတော်... သားတော်က ဖုဟွမ် ဒီလောက်ဒေါသထွက်တာကို တခါမှ မမြင်ဖူးလို့ပါ"
ယုံးကျားဧကရာဇ်ကတော့ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။ "မင်းတို့နှစ်ယောက်စလုံးက ငါ့ရဲ့သားတော်တွေပဲလေ။ ငါကလဲ ကိုယ့်ဟာကို အဖေကောင်းတစ်ယောက်လို့ မှတ်ယူထားတာ။ မင်းတို့တွေ တနေ့တခြား ကြီးပြင်းလာတာနဲ့အမျှ ကိုယ်ပိုင်အတွေးတွေ ရှိလာတာက အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက မင်းတို့ညီအစ်ကိုတွေ အချင်းချင်း သံယောဇဥ် ပြတ်တာကိုတော့ လုံးဝမမြင်ချင်ဘူး"
ဤစကားသံက ဒီအတိုင်းပင် ခက်ခဲနက်နဲလွန်းနေတော့သည်။
ပထမမင်းသား၏စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး သူက မျက်နှာပေါ်တွင် အပြုံးတစ်ခုဆောင်လျက် ပြန်ဖြေလိုက်၏။ "ဖုဟွမ် စိုးရိမ်လွန်နေတာပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေက အမြဲတမ်း သဟဇာတရှိပြီး ချစ်ချစ်ခင်ခင် ရှိကြပါတယ်"
ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို လေးနက်စွာဖြင့် တစ်ချက်ကြည့်လိုက်ကာ "မင်းက ငါရဲ့သားအကြီးဆုံး။ ငါ မင်းကို ဘယ်လို ဆက်ဆံတယ်ဆိုတာ မင်း အသိဆုံးပါ။ အားလုံးကလဲ ဒါကိုမြင်နိုင်တယ်။ မင်းကလဲ အစ်ကိုအကြီးဆုံးလို ပြုမူပြရမယ်။ မင်းရဲ့ညီအစ်ကိုတွေအတွက် စံပြဖြစ်အောင် လုပ်ရမယ်"
ပထမမင်းသား၏ အမူအယာသည် တည်ငြိမ်သွားလေတော့၏။ "သားတော် ဖုဟွမ်ရဲ့အမိန့်အတိုင်း လိုက်နာပါမယ်"
တစ်ဖက်တွင်တော့ စတုတ္ထမင်းသားသည် နီရဲနေသည့် မျက်လုံးများဖြင့် ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာခဲ့၏။
အချိန်က မွန်းတည့်ချိန် နီးလုပြီဖြစ်သည်။ နေမင်းကြီကလဲ ထူးထူးခြားခြား စူးရှတောက်ပလို့နေ၏။ စတုတ္ထမင်းသားသည် ခေါင်းကို မော့လိုက်သည်နှင့်ချက်ချင်း သူ့မျက်လုံးများက ပူပြင်းလှသည့် နေရောင်ခြည်ကြောင့် စူးရှသွားကာ ချက်ချင်းခေါင်းကို ပြန်ငုံ့ထားရတော့သည်။
နေရာတကာ ခေါင်းငုံ့နေရတဲ့ စိတ်ပျက်စရာဘဝကြီးပဲ။
စတုတ္ထမင်းသားသည် မိမိကိုယ်တိုင်အတွက် စိတ်ထဲတွင် ကြိတ်ပြီး ဝမ်းနည်းလိုက်ကာ သက်ပြင်းချလိုက်ပြီး ချန်ချန်းနန်းဆောင်သို့ အရင်ဆုံးသွားလိုက်သည်။
လီကျင့်ကတော့ အစောကြီးကတည်းက သတင်းကို ရရှိထားပြီးသားဖြစ်ကာ တံခါးနားတွင် သူ့ကို စောင့်ကြိုလို့နေ၏။
စတုတ္ထမင်းသား၏ ခြေလှမ်းများသည် တောင့်တင်းကာ နှေးကွေးလို့နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် အချိန်အကြာကြီး ဒူးထောက်ရသဖြင့် ထုံထိုင်းနာကျင်နေသည် ဖြစ်ကြောင်းကို သိနိုင်လေသည်။
လီကျင့်က လက်လှမ်းကာ စတုတ္ထမင်းသားကို လှမ်းတွဲပေးလိုက်၏။
ဒီလိုမသိသာလှသည့် အပြုအမူလေးက စတုတ္ထမင်းသား၏နှ လုံးသားကို နွေးထွေးသွားစေတော့သည်။ "အာ့ကော ကျွန်တော် ကျေးဇူးတင်လို့ မဆုံးပါဘူး"
လီကျင့်ကလဲ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ကာ “ညီအစ်ကိုတွေကြားမှာ ဘာလို့ ဒီစကားတွေ ပြောနေတာလဲ။ အဲဒီ့နေ့က တင်တောင်းပစ္စည်းပို့တဲ့ကိစ္စကလဲ အဘွားတော်ရဲ့စိတ်ကူးပဲလေ။ မင်းလဲ ဒီကိစ္စကိုမှ မသိတာ။ တကယ်လို့ မင်း သိခဲ့မယ်ဆိုရင်လည်း အဘွားတော်ကို သေချာပေါက် တားမှာသေချာတယ်"
လီကျင့်က ပိုပြီးသဘောထားကြီးပြလေလေ စတုတ္ထမင်းသားမှာ ပိုလို့ပင် ရှက်ရွံ့လာလေလေဖြစ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "အဘွားတော်က တကယ်တော့ အရိပ်အမြွက်တော့ ပြောပါသေးတယ်။ ကျွန်တော်က လောဘကြီးလွန်းပြီး မျက်နှာပွင့်လန်းချင်ဇောနဲ့ မသိချင်ယောင်ဆောင်လိုက်မိတာပါ"
"အစ်ကို ကျွန်တော် ဒီနေရာကို ရောက်လာတာကလဲ ပထမအချက် အာ့ကောကို တောင်းပန်ဖို့ပါ။ ဒုတိယအချက်ကတော့ နောက်ဆိုရင် ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်ဘူးလို့ အာ့ကောကို ပြောပြချင်လို့ပါ"
"အာ့ကောက ကျွန်တော့်ထက် ပိုကြီးတယ်။ ပြီးတော့ တရားဝင်မိဖုရားက မွေးတဲ့သား။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အာ့ကောကို ကျော်တက်သွားမျိုး မဖြစ်သင့်ပါဘူး"
လီကျင့် "..."
စတုတ္ထမင်းသားက သက်ပြင်းချလိုက်လေသည်။ "အခုတော့ ကျွန်တော် တကယ် နောင်တရနေပါပြီ။ လူတွေက တကယ်ပဲ လောဘမကြီးသင့်တာပါ။ လောဘစိတ် လွှမ်းမိုးခံလိုက်ရတာနဲ့ ကိုယ်တိုင်တောင် မစဥ်းစားနိုင်တဲ့အရာတွေကို လုပ်မိသွားလိမ့်မယ်။ ဖုဟွမ်က ကျွန်တော့်ကို အပြစ်ပေးပြီး ဆုံးမခဲ့တာပါ။ ကျွန်တော်လဲ ဆူပူပြစ်တင်ခံရသင့်ပါတယ်"
စတုတ္ထမင်းသားသည် စိတ်ရင်းအတိုင်း တောင်းပန်လာခဲ့ပြီး လီကျင့်သည်လဲ ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် စိတ်မကောင်းဖြစ်သွားလေတော့သည်။
အရင်ဘဝတုန်းက သာ့ကောက စစ်မြေပြင်မှာ ကျဆုံးသွားတယ်။ သူကလဲ စစ်မြေပြင်မှာပဲ သေဆုံးသွားခဲ့တယ်။ တတိယမင်းသား လီဟောက်က အိမ်ရှေ့စံဖြစ်သွားပြီး စူးကျောင်းရုံကလဲ နေရာရသွားတာနဲ့ သူ့ရဲ့ ကောက်ကျစ်ယုတ်မာတဲ့မျက်နှာကို ဖော်ပြခဲ့တာပဲ။
ချောင်မိဖုရားခေါင်၊ မုန့်ကွေ့ဖေးနဲ့ ချင်ဖေးတို့ကတော့ တစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်သွားခဲ့တယ်။ ဟွေ့အန်းကုန်းကျူကိုလဲ သီလရှင်ကျောင်းကို ပို့လိုက်ကြတယ်။ စတုတ္ထမင်းသားကတော့ လက်ဝေခံနယ်စားတစ်ယောက်အဖြစ် ခန့်အပ်ခံခဲ့ရပေမဲ့ နယ်မြေက ဝေးလံခေါင်ဖျားလွန်းတဲ့ တောင်ပိုင်းနယ်စပ်ဒေသမှာ။
အခက်အခဲကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးတဲ့ စတုတ္ထမင်းသားက စိုစွတ် ပူအိုက် ပိုးမွှားပေါများပြီး ဆင်းရဲမွဲတေတဲ့ တောင်ပိုင်းနယ်စပ်ဒေသမှာ ဘယ်လိုမှ အသားကျအောင် မနေနိုင်ခဲ့ဘူး။ နယ်စားအဖြစ် ခန့်အပ်ခံရပြီး တစ်နှစ်အကြာမှာပဲ ရောဂါကြီးတစ်ခုနဲ့ သေဆုံးသွားခဲ့တယ်။
ဒီကိစ္စမှာတော့ ဘယ်သူကမှ တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲနဲ့ တကယ်ပဲ ဒီအတိုင်း နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့တာ။
သူရဲ့အဆုံးမရှိတဲ့ဒေါသတွေနဲ့ မကျေနပ်ချက်မှုတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတယ်။ ပုလ္လင်လုပွဲဆိုတာကတော့ ဒီလိုပဲ ရက်စက်တာပဲ။ အနိုင်ရတဲ့သူ ကဧကရာဇ်ဖြစ်ပြီး ရှုံးနိမ့်တဲ့သူကတော့ မရဏတိုင်းပြည်ကို သွားရတာပဲ။
အခု သာ့ဝေတိုင်းပြည်က တိုင်းပြည်တစ်ခုလုံးကို မစုစည်းရသေးဘူး။ ယုံးကျားဧကရာဇ်ကလဲ ကျန်းမာရေး ကောင်းမွန်နေသေးတယ်။ ညီအစ်ကိုတွေဆီမှာ သေးငယ်တဲ့ အကြံအစည်လေးတွေ ရှိကြပြီး နောက်ကွယ်မှာ အချင်းချင်း ပြိုင်ဆိုင်နေကြရင်တောင် သူတို့တွေက အပေါ်ယံမှာတော့ အဆင်ပြေနေကြသေးတာပဲ။
"ငါတို့က ညီအစ်ကိုတွေပဲလေ။ ဒီကိစ္စကို ထပ်မပြောကြရအောင်" လီကျင့်က စိုးရိမ်တကြီး ပြောလိုက်၏။ "မင်း အချိန်အကြာကြီး ဒူးထောက်ထားတယ်လို့ ကြားထားတယ်။ မင်းရဲ့ဒူးတွေ သေချာပေါက် ယောင်ကိုင်းနေတော့မှာပဲ။ ငါ နန်းတွင်းသမားတော်ကို လူလွတ်ပြီးတော့ တစ်ချက်လောက် လာကြည့်ခိုင်းလိုက်မယ်"
စတုတ္ထမင်းသားသည် အလွန်ကျေးဇူးတင်သွားလေတော့သည်။ "ကျေးဇူးတင်ပါတယ် အာ့ကော။ ဒါပေမဲ့ ကျွန်တော် ကျင့်ရန်နန်းဆောင်ကို သွားပြီးတော့ စန်းကောကို တောင်းပန်ရအုံးမယ်"
လီကျင့်ကလဲ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "ဒါက ဘာခက်တာမှတ်လို့ လူလွှတ်ပြီး လီဟောက်ကိုလဲ ဒီကိုလာခဲ့ဖို့ ပြောလိုက်မယ်လေ။ ဒီနေ့ နေ့လယ်စာကို အားလုံး ငါ့ဆီမှာပဲ စားကြတာပေါ့"
ယုံးကျားဧကရာဇ်သည် သားတော်များက ညီညွှတ်မျှတနေသည်ကို သဘောကျလေသည်။ ဒါသည် ရိုးရှင်းသည် မဟုတ်ပါလား။
စတုတ္ထမင်းသားသည် ချက်ချင်းနားလည်လိုက်ပြီး ခေါင်းညိမ့် သဘောတူလိုက်တော့၏။
သိပ်မကြာမှီတွင် သမားတော်ကလဲ ရောက်လို့လာသည်။ စတုတ္ထမင်းသား၏ဒူးမှာ နီရဲယောင်ကိုင်းလို့နေကာ တော်တော်လေးကို အမြင်အားဖြင့် ဆိုးရွားလွန်းလှသော်ငြားလည်း အမှန်တွင်တော့ အပေါ်ယံ အရေပြားဒဏ်ရာသာ ဖြစ်လေသည်။ ဒဏ်ကြေးလိမ်းဆေး အနည်းငယ် လိမ်းလိုက်ရုံဖြင့် လုံလောက်သွားသည်။
အေးမြမြလိမ်းဆေးကို ဒူးပေါ်တွင် လိမ်းလိုက်သည်နှင့် စတုတ္ထမင်းသားသည် လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိ၏။
လီကျင့်က သဘောကျသွားသည့် ရုပ်ဖြစ်သွားကာ "အဲလောက်တောင် နာတာလား"
စတုတ္ထမင်းသားက ရှုံ့မဲ့နေသည့်မျက်နှာဖြင့် သက်ပြင်းချပစ်လိုက်ကာ "ကျွန်တော် ကလေးဘဝကတည်းက ဒီလောက်အကြာကြီး တစ်ခါမှ ဒူးမထောက်ခဲ့ဖူးဘူးလေ"
စတုတ္ထမင်းသားသည် ချောမောခန့်ငြားပြီး စကားပြောလဲ ပြေပြစ်လေသည်။ ဒီအချိန်တွင် သူသည် မျက်မှောင်ကြုတ်ကာ သနားစဖွယ် သက်ပြင်းချလိုက်၏။ လီကျင့်မှာလဲ မနေသာတော့ဘဲ လက်ကိုလှမ်းကာ စတုတ္ထမင်းသား၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့သည်။ "နောက်ဆိုရင် သတိထား။ ပြဿနာမရှာမိစေနဲ့"
သူ့အသက် ၁၀နှစ်ပြည့်ပြီးကတည်းက သူ၏ဒုတိယအစ်ကိုသည် သူ့ကို ဤကဲ့သို့ တစ်ခါမှမဆက်ဆံတော့ချေ။
စတုတ္ထမင်းသား၏ရင်ထဲတွင် အနည်းငယ် နွေးထွေးသွားပြီး သူကလဲ ခေါင်းညိမ့်သဘောတူလိုက်၏။ "အာ့ကော စိတ်မပူပါနဲ့။ ကျွန်တော် သင်ခန်းစာရသွားပါပြီ။ ပြီးတော့ နောက်ဆိုရင်လည်း ဒီလိုထပ်မလုပ်ရဲတော့ပါဘူး"
...
အမွေးတိုင်တစ်တိုင်စာအချိန် ကုန်ဆုံးသွားပြီးနောက် လီဟောက်သည်လဲ ချန်ချန်းနန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
ပဥ္စမမင်းသား လီချန်သည်လည်း အတူတူ လိုက်ပါလာခဲ့၏။
စတုတ္ထမင်းသားက လီဟောက်ကို တလေးတနက် တောင်းပန်လိုက်လေသည်။ လီဟောက်ကတော့ ထိုကိစ္စကို ဂရုမစိုက်ဟန်ဖြင့် ပြုံးကာပြောလိုက်၏။ "ဒီလို အသေးအဖွဲကိစ္စလေးကလဲ ပြီးသွားပါပြီ။ ပြောစရာမလိုပါဘူး"
သူ့စိတ်ထဲတွင် ဂရုစိုက်သည်ဖြစ်စေ ဂရုမစိုက်သည်ဖြစ်စေ သူ့မျက်နှာပေါ်တွင်တော့ အလွန်သဘောထားကြီးမားဟန် ပြသလို့နေ၏။
စတုတ္ထမင်းသားသည် အလွန်ကျေးဇူးတင်စိတ် ဖြစ်သွားကာ မျက်ရည်များပင် ဝဲလာတော့၏။
လီချန်က ဝင်ပြောလိုက်လေသည်။ "အခု တောင်းပန်လို့ ပြီးသွားပြီဆိုတော့ အစားအသောက် ပြင်ခိုင်းလိုက်တော့လေ။ ကျွန်တော် ဗိုက်ဆာနေပြီ"
အားလုံးကလဲ ရယ်မောလိုက်ကြတော့သည်။
လီကျင့်သည်လဲ ပြုံးကာ အစားအသောက် ပြင်ဆင်ရန် အမိန့်ပေးလိုက်တော့သည်။ လီဟောက်ကတော့ မမေ့မလျော့ မေးမြန်းလိုက်၏။ "သာ့ကောကိုပါ တခါတည်း လာဖို့ဖိတ်ခေါ်အုံးမလား"
လီကျင့်ကလဲ ခေါင်းညိမ့်ပြသည်။ "မင်းနဲ့ငါ အတွေးတူနေတာပဲ။ ငါလဲ အခုပဲ လူလွတ်ပြီးတော့ သာ့ကောကို သွားဖိတ်ခိုင်းထားပြီးပြီ။ ဒါပေမဲ့ သာ့ကောက ဝမ်ဟွားနန်းဆောင်ထဲကို ရောက်နေတယ်။ ဖုဟွမ်နဲ့ စားပြီးသွားလောက်ပြီ ထင်တယ်။ ခဏလောက်တော့ စောင့်ကြည့်ကြတာပေါ့"
လီဟောက်က ဝမ်းသာအား ရခေါင်းညိမ့်လိုက်၏။
စတုတ္ထမင်းသား "..."
အရင်တုန်းက အာ့ကောနဲ့ စန်းကောတို့က လုမင်ယွိကြောင့် ရန်သူတွေလိုတောင် ဖြစ်သွားကြတာ။ သူတို့တွေ တွေ့လိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အေးစက်စက် မျက်နှာထားတွေနဲ့ သူတို့ရဲ့မျက်လုံးတွေထဲကလဲ ဓားပျံတွေ ထွက်နေသလိုပဲ။
ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက် ပြန်အဆင်ပြေသွားကြတာလဲ။
သူ ၅ရက်ပဲ အကျယ်ချုပ်ခံလိုက်ရတာလေ။ ဒါနဲ့များ အရာအားလုံးက ပြောင်းလဲသွားတယ်လို့ ဘာလို့ ခံစားရတာလဲ။
စတုတ္ထမင်းသားသည် လီဟောက်ကို ကြည့်လိုက်ပြီးနောက် လီကျင့်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။
လီကျင့်ကလဲ အပြုံးတစ်ခုဖြင့် ကြည့်လာလေသည်။ "စစ်တိ မင်း ဘာဖြစ်လို့ ငါ့ကို ဒီလိုကြည့်နေတာလဲ။ မင်း ငါနဲ့ မတွေ့ရတာ ရက်ပိုင်းလေးရှိသွားတော့ ငါ့ရဲ့ရုပ်ရည်များ ပြောင်းလဲသွားလို့လား"
လီဟောက်၏မျက်လုံးများက ဖျတ်ခနဲ လက်သွားကာ သူကလဲ ပြုံးပြီး ရယ်ရယ်မောမော ပြောလိုက်၏။ "စစ်တိ အံ့သြမနေပါနဲ့။ အာ့ကောက ဒီရက်ပိုင်းမှာ အရမ်းကို ပျော်ရွှင်ကြည်နူးနေတာ။ ညီတော်ကို တွေ့လို့ မပြောနဲ့။ လမ်းဘေးက ခွေးတွေကိုတွေ့ရင်တောင် ပြုံးပြနေအုံးမှာ"
စတုတ္ထမင်းသားသည် ဒေါသထွက်ရမလို ရယ်ရမလိုပင် ဖြစ်သွားတော့သည်။ "စန်းကော ဒီလိုပြောတာတော့များ သွားပါပြီ။ ကျွန်တော့်ကို လမ်းဘေးခွေးနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်ရတာလဲ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ စန်းကောကပဲ စကားမှားသွားတာပါ"
လီဟောက်က ပြုံးကာ ပြောလိုက်လေသည်။ "ခဏနေ စန်းကောက မင်းကို အရက်နှစ်ခွက်နဲ့ တောင်းပန်ပါ့မယ်"
စတုတ္ထမင်းသားသည်လဲ စိတ်ထဲတွင် ကြိတ်ပြီးအံ့သြသွားတော့သည်။
အာ့ကော စိတ်အခြေအနေ ကောင်းတာကတော့ ဖြစ်သင့်တာပဲလေ။ အချစ်ရေးမှာ အနိုင်ရထားတာဆိုတော့ ပျော်ရွှင်နေမှာပေါ့။ ဒါပေမဲ့ စန်းကောက ချစ်ရတဲ့မိန်းကလေးကို ဆုံးရှုံးလိုက်ရတာတောင် ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ဖြေဆည်နိုင်သွားတာလား ... ဟန်ဆောင်နေတယ်ဆိုရင်တောင်မှ ဒီလိုဟန်ဆောင်နိုင်အုံးမှ ဖြစ်မှာလေ!
မဖြစ်ဘူး။ ငါ နောက်ကျကျန်ခဲ့လိုတော့ မဖြစ်ဘူး။
စတုတ္ထမင်းသားသည် စိတ်ကို အားတင်းလိုက်ကာ အစ်ကိုတော်များနှင့် ရယ်ရယ်မောမော စကားပြောဆိုလိုက်လေသည်။
လီချန်ကတော့ ထိုအခိုက်တွင် ဘာမှမပြောနိုင်ခဲ့ချေ။ သူက ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီးနောက် ဘာမှမပြောဘဲ ခေါင်းငုံ့ထားလေတော့၏။
ထားလိုက်ပါတော့။ သူကတော့ နေ့လယ်စာ စားဖို့ပဲ စောင့်နေပါတော့မယ်။
...
အပိုင်း (၁၁၃) ညီအစ်ကိုများ
သိပ်မကြာခင်မှာပင် ပထမမင်းသားလဲ ရောက်ရှိလို့ လာခဲ့သည်။
ညီအစ်ကိုများက အတူတူ ယှဉ်ပြီးရပ်လိုက်ကြကာ သူ့ကို ကြိုဆိုနှုတ်ဆက်ကြ၏။
ပထမမင်းသားကတော့ လက်တွေ့ကျသူဖြစ်သည်။ သူသည် ဖခမည်းတော်၏ အချစ်ရဆုံး အကြီးဆုံးသားဖြစ်ကာ သူ့ညီအစ်ကိုများကြားတွင်လဲ အကြီးဆုံးအစ်ကိုဖြစ်သည်။ ညီအစ်ကိုများက သူ့ကို နည်းနည်းလေးတော့ ရိုသေလေးစားသင့်ပေသည်။
“ကျွန်တော်က သာ့ကော ဝမ်ဟွားနန်းဆောင်မှာပဲ နေမယ်လို့ ထင်ထားတာ။ ဒီလောက် မြန်မြန်ရောက်လာမယ်လို့ ထင်မထားမိဘူး” လီကျင့်က ပြုံးလိုက်ပြီး သရော်လှောင်ပြောင်နေသည့် အရိပ်အယောင်တစ်စွန်းတစ်စမျှ မရှိချေ။
ပထမမင်းသားက မျက်ခုံးကိုပင့်ကာ ပြုံးပြီး ပြောလာသည်။ “အစတုန်းကတော့ ဖုဟွမ်နဲ့အတူနေပြီး နေ့လယ်စာ စားမလို့ပါပဲ။ ဒါပေမဲ့ မင်းက လူလွှတ်ပြီးတော့ ငါ့ကို လာပြောလို့လေ။ ငါလဲ ငါ့ရဲ့ ညီလေးတွေနဲ့အတူ ထမင်းတစ်နပ်တော့ စားချင်တာပေါ့။ ငါတို့ညီအစ်ကို ၅ ယောက် ဒီနေ့လို ဆုံကြတာ မရှိသလောက်ဘဲလေ။ ဒီတော့ ဆုံတုန်းလေး ပျော်ပျော်ပါးပါး လုပ်ကြတာပေါ့”
ပထမမင်းသားသည် ချက်ချင်းပင် နေရာယူလိုက်ပြီး စတုတ္ထမင်းသား၏ ဒူးခေါင်းအခြေအနေကို အရင်ဆုံး ဂရုတစိုက် မေးလိုက်လေသည်။
စတုတ္ထမင်းသားမှ အနည်းငယ် မျက်နှာပူသွားတော့၏။ “ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး။ အကြာကြီး ဒူးထောက်လိုက်ရလို့ နည်းနည်းလေး ပွန်းပဲ့သွားရုံပဲ ရှိတာပါ။ ဒဏ်ကြေလိမ်းဆေးနဲ့ ရက်နည်းနည်းလောက် လိမ်းလိုက်ရင် ပျောက်သွားမှာပါ”
ပထမမင်းသားက ပြုံးကာ စတုတ္ထမင်းသား၏ ပုခုံးကို လှမ်းပုတ်ပေးလိုက်၏။ “ဒါဆိုရင်တော့ ဟုတ်ပါပြီ”
ထို့နောက်တွင်တော့ လူက လီကျင့်နှင့် လီဟောက်တို့ကို ပြောလိုက်၏။ “တင်တောင်းပစ္စည်းပို့တဲ့ကိစ္စက ဖုဟွမ်နဲ့ အဘွားတော်တို့ကို စိတ်မချမ်းမြေ့ ဖြစ်စေခဲ့ရတယ်။ အဘွားတော်တောင် နေမကောင်း ဖြစ်သွားတယ်။ မင်းတို့ ၂ ယောက် စိတ်ထဲမှာ ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေနေ နောက်ဆိုရင် ဒီအကြောင်းကိုတော့ ထပ်မပြောကြနဲ့တော့။ ညီအစ်ကိုဆိုတာ ခြေတွေလက်တွေ လိုပဲလေ။ အသေးအဖွဲကိစ္စလေးတွေကြောင့် ညီအစ်ကိုသံယောဇဉ်ကို အထိခိုက် မခံကြပါနဲ့”
ပထမမင်းသားသည် အနည်းငယ် မာနကြီးပြီး လွှမ်းမိုးတတ်သူ ဖြစ်သော်ငြားလည်း အစ်ကိုကြီးတစ်ယောက်၏ အရှိန်အဝါကိုတော့ အထိုက်အလျောက်အထိ ပိုင်ဆိုင်ထားလေသည်။
လီဟောက်က ပြုံးကာဖြင့် ချက်ချင်း ပြန်ဖြေလိုက်၏။
လီကျင့်လဲ ပြုံးကာ အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီး “သာ့ကော ပြောတာ မှန်ပါတယ်”
တကယ်တော့လဲ ပထမမင်းသားကို လူဆိုးတစ်ယောက်လို့ သတ်မှတ်လို့မရပါဘူး။ သူက ယုံးကျားဧကရာဇ်ရဲ့ အလိုလိုက်ခံထားရတော့ နည်းနည်းလေး ဘဝင်မြင့်ပြီး ပီတိဖြာနေတာလောက်ပါပဲ။ တနည်းပြောရရင် အလိုလိုက်ခံရတဲ့ ဘယ်သူမဆို နည်းနည်းတော့ မာနကြီးပြီး ထောင်လွှားကြမှာ ပုံမှန်ပဲလေ။
ဒါပေါ့လေ။ ဖြစ်နိုင်တာက အရင်ဘဝတုန်းက သာ့ကောနဲ့ သူက သေတာ အရမ်းစောသွားကြလို့ပဲ။ ဖုဟွမ်က ကိုယ်လုပ်တော်က မွေးတဲ့ သားအကြီးဆုံးနဲ့ တရားဝင်မိဖုရားက မွေးတဲ့ သားကြားမှာ ရွေးရခက်ပြီး ချီတုံချတုံ ဖြစ်ရမဲ့ အချိန်ကိုတောင် မစောင့်နိုင်ဘဲ ညီအစ်ကို ၂ယောက်က တစ်ယောက်ပြီး တစ်ယောက် စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တာ။ နောက်ဆုံးတော့လဲ လီဟောက်က အလွယ်တကူပဲ မက်မွန်သီးကို ခူးသွားပြီး အိမ်ရှေ့စံ ဖြစ်သွားခဲ့တာပေါ့။
အတိတ်ဘဝက အကြောင်းအရာတွေကိုလဲ ဒီလောက် အများကြီး ပြန်စဉ်းစားဖို့ မလိုတော့ပါဘူး။
ဒီဘဝမှာတော့ နောက်ဆုံး ဘယ်သူရယ်မောပြီး ကျန်ရစ်နိုင်ခဲ့မလဲ ဆိုတာက ကိုယ့်အရည်အချင်းနဲ့ ကိုယ့်အစွမ်းပေါ်ပဲ မူတည်သွားပြီ။
လီကျင့်က ပြောရဆိုရ လွယ်ကူနေသဖြင့် ပထမမင်းသားမှာ အနည်းငယ်ပင် အံ့အားသင့်သွားလေသည်။
ညီတော်တွေက သူ့လို အစ်ကိုတစ်ယောက် အပေါ်မှာ ပါးစပ်ကသာ လက်ခံကြပြီး စိတ်ထဲမှာတော့ မကျေနပ်ကြပါဘူး။ အထူးသဖြင့် ဒုတိယမင်းသားပေါ့။... တရားဝင် မိဖုရားက မွေးလာတဲ့သူတစ်ယောက်အနေနဲ့ တရားဝင်သားတစ်ယောက် အနေနဲ့ မာနရှိတာပဲလေ။ သူတို့ ၂ ယောက်က ငယ်ငယ်ကတဲက အားပြိုင်ပြီး ရန်ဖြစ်လာကြတာ။ တစ်ယောက်နဲ့ တစ်ယောက် မျက်စိထဲမှာ ကြည့်မရကြဘူး။ သူက ဒုတိယမင်းသားကို အမြဲတမ်း ဖိနှိပ်ထားချင်သလို ဒုတိယမင်းသားကလဲ အမြဲတမ်း စကားနဲ့ပြန်ပြီးတော့ တုံ့ပြန်တိုက်ခိုက်တတ်တယ်။ ဒီနေ့ ဒုတိယမင်းသားက ဘယ်လိုဖြစ်ပြီး စိတ်နေစိတ်ထား ပြောင်းလဲသလို ဖြစ်နေရတာလဲ။
လီကျင့်ကတော့ ပထမမင်းသား၏ မျက်လုံးထဲက အံ့ဩရိပ်ကို မမြင်ချင်ယောင်ဆောင်ထားလိုက်ပြီး ဒီအတိုင်း ပြုံးကာ အားလုံးကို စားသောက်ဖို့ရန် လှုံ့ဆော်လိုက်လေသည်။
နေ့လယ်စာ စားနေချိန် အတောအတွင်း ညီအစ်ကို ၅ ယောက်သည် ရယ်ရယ်မောမော စကားပြောဆိုကြပြီး အင်မတန် ရင်းနှီးဖော်ရွေကာ ညီညွတ်မျှတနေကြတော့သည်။
...
“... အရှင်မင်းသားအားလုံး အတူတူထိုင်ပြီးတော့ စကားပြောလိုက် ရယ်မောလိုက်နဲ့ပါပဲ။ နည်းနည်းလေးတောင်မှ စိတ်ဝမ်းကွဲတာမျိုး မရှိပါဘူး” လျိုကုန်းကုန်းက ပြုံးကာ လျှောက်တင်လာခဲ့သည်။ “ပထမမင်းသားက နည်းနည်းပါးပါး သောက်ကြဖို့ အကြံပြုတော့ ဒုတိယမင်းသား၊ တတိယမင်းသားနဲ့ စတုတ္ထမင်းသားတို့အားလုံး နည်းနည်းစီ သောက်လိုက် ကြပါတယ်။ ပဉ္စမမင်းသားကတော့ အသက်နည်းနည်း ငယ်နေသေးလို့ သေရည်မသောက်နိုင်ပေမဲ့ ထမင်းကတော့ ပုံမှန်ထပ် တစ်ပန်းကန် ပိုစားလိုက်ပါတယ်”
ယုံးကျားဧကရာဇ်သည် ထိုစကားကို ကြားလိုက်ရသောအခါ ရက်ပေါင်းများစွာ ညစ်ညူးနေသည့် သူ့စိတ်အခြေအနေသည် နောက်ဆုံးတော့ ကြည်လင်သွားလေတော့သည်။ အပြုံးတစ်ခုသည် သူ့မျက်လုံးပေါ်တွင် ဖျပ်ကနဲ လင်းလက်လာခဲ့ပြီး “ဒီကောင်စုတ်တွေ နေ့ခင်းကြောင်တောင် ဘယ်လိုလုပ်ပြီး သေရည်သောက်ရဲကြတာလဲ”
လျိုကုန်းကုန်းကလဲ အလွန် လိမ္မာပါးနပ်သူ တစ်ဦးဖြစ်ကာ ယုံးကျားဧကရာဇ်၏ ကျေနပ်ပီတိဖြစ်နေသည့် အခြေအနေကို အဘယ်မှာ မမြင်နိုင်ဘဲ ရှိပါမည်နည်း။ သူက ပြုံးကာဖြင့် ပြောလိုက်လေသည်။ “ကျွန်တော်မျိုး ရဲတင်းပြီး ပြောပါရစေ။ ညီအစ်ကိုတွေကလဲ ခြေတွေလက်တွေလိုပါပဲ။ အရိုးကျိုးသွားရင်တောင် အရွတ်တွေက ဆက်နေတုန်းပါပဲ။ စိတ်ထဲမှာ နည်းနည်းလေး မကျေမနပ်ဖြစ်တာမျိုး ရှိခဲ့ရင်တောင် သေရည်လေး ၃၊ ၄ ခွက် ဝင်သွားတာနဲ့ အကုန်လုံး ပြေပျောက်သွားတာ ချည်းပါပဲ။ အရှင်မင်းသားတွေက ဒီလိုမျိုး သဟဇာတဖြစ်ပြီး ချစ်ချစ်ခင်ခင် ရှိနေကြတာကို ကျွန်တော်မျိုးလဲ မြင်ရတာ ဝမ်းသာမိပါတယ်”
ဤစကားလုံးများကတော့ ကြားရသည်မှာ နားဝင်ချိုလွန်းလှပေသည်။
ယုံးကျားဧကရာဇ်သည် အလွန် ဝမ်းသာရွှင်လန်းသွားပြီး လျိုကုန်းကုန်းကို ဆုလာဘ်များစွာ ချီးမြှင့်လိုက်လေတော့သည်။
လျိုကုန်းကုန်းမှာ မမျှော်လင့်ဘဲ ဆုလာဘ်အနည်းငယ် ရရှိခဲ့သည့်အတွက် သူ့စိတ်ထဲတွင်လဲ ဝမ်းသာသွားလေတော့သည်။
သူသည် နန်းဆောင်ထဲက ထွက်လာချိန်တွင် ကုန်းကုန်းငယ်လေး တစ်ယောက်ကိုခေါ်ကာ တီးတိုးစကား ပြောလိုက်၏။ ကုန်းကုန်းငယ်လေးကလဲ ခေါင်းငြိမ့်ကာ ကျောင်းဖန်နန်းဆောင်ဆီသို့ တိုးတိုးတိတ်တိတ် ထွက်သွားလေတော့သည်။
ဤ ကုန်းကုန်းငယ်လေးက ချောင်မိဖုရားခေါင်ကို ဘာပြောခဲ့သည်တော့ မသိချေ။
ထိုနေ့ ညနေခင်းတွင် ချောင်မိဖုရားခေါင်သည် ဝမ်ဟွားနန်းဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး ယုံးကျားဧကရာဇ်ကို တွေ့ဆုံဖို့ရန် တောင်းဆိုခဲ့၏။
အမှန်တွင်တော့ ယုံးကျားဧကရာဇ်ကလဲ ထိုနေ့က ချောင်မိဖုရားခေါင်နှင့် အငြင်းပွားခဲ့သည့်ကိစ္စကို နောင်တရနေမိပြီးသားပင်။ ချောင်မိဖုရားခေါင်က အရင်ဆုံး လာရှာကာ ငြိမ်းချမ်းရေးယူလာသဖြင့် ယုံးကျားဧကရာဇ်ကလဲ အခွင့်အရေးရတုန်း ချက်ချင်းဆိုသလို တစ်လှမ်းဆုတ်ပေးလိုက်တော့သည်။
“ချန်ချဲ့ ဒီနေ့ အရှင်မင်းကြီးကို လာတောင်းပန်တာပါ” ချောင်မိဖုရားခေါင်က မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် ရုပ်ကလေးတစ်ခုဖြင့် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။ “အဲဒီနေ့တုန်းက ချန်ချဲ့ မပျော်မရွှင်ဖြစ်သွားပြီး အရှင်မင်းကြီးနဲ့ စကားအနည်းအကျဉ်း ငြင်းခုန်ခဲ့မိပါတယ်။ အရှင်မင်းကြီးလဲ အရမ်းဒေါသထွက်သွားရပြီး နန်းဆောင်ထဲကနေ လှည့်ထွက်သွားခဲ့တယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ချန်ချဲ့လဲ အဲဒီအကြောင်းကို စဉ်းစားတိုင်း ရှက်ရွံ့ခဲ့မိပါတယ်”
“အရှင်မင်းကြီးက နိုင်ငံ့အရေးကိစ္စတွေနဲ့ အလုပ်များနေခဲ့ရတာ။ စစ်ပွဲအတွက် စစ်ရိက္ခာတွေ ပြင်ဆင်ဖို့၊ စစ်တပ်ကို လေ့ကျင့်ဖို့၊ စစ်သည်တွေကို ခေါ်ယူဖို့လဲ လုပ်နေရသေးတယ်။ အရာအားလုံးကို လိုက်ပြီး ဂရုစိုက်ဖို့ အရမ်းကို အလုပ်များလွန်းနေပါပြီ။ ချန်ချဲ့ကတော့ အနောက်နန်းဆောင်က အတွင်းရေးကိစ္စတွေကိုတောင်မှ ဂရုမစိုက်နိုင်ခဲ့ဘူး။ အရှင်မင်းကြီးကို စိုးရိမ်ပူပန်အောင် လုပ်မိတာ ချန်ချဲ့ရဲ့ အမှားပါပဲ”
“အရှင်မင်းကြီးက ဒီတစ်ကြိမ်တော့ ချန်ချဲ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ယုံးကျားဧကရာဇ်သည် မျက်ခုံများကို ဖြေလျော့ထားလိုက်ကာ ချောင်မိဖုရားခေါင်ကို ကိုယ်တိုင်ပင် တွဲထူပေးလိုက်လေသည်။ “ဟွမ်ဟုပ် ထပါ။ အဲဒီနေ့က ကိစ္စကလဲ မင်းတစ်ယောက်ထဲ အမှားလို့ မဟုတ်ပါဘူး။ ကျန်းကလဲ အရမ်းစိတ်လောသွားပြီး ပါးစပ်က မင်းကို တန်းပြီး အပြစ်တင်လိုက်မိတာပါ။ မင်းရဲ့ စိတ်ထဲမှာ မကျေမနပ် ဖြစ်ပြီး ကျန်းကို စကားနည်းနည်း ပြန်ခံပြောမိတာပါပဲ။ ကျန်းကလဲ မျက်နှာကို မငဲ့နိုင်တာနဲ့ ဒေါသတကြီး ထွက်သွားမိတယ်”
ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူက ထပ်ပြောလိုက်လေသည်။ “ကိစ္စက ဒီလိုဖြစ်ပြီးသွားမှတော့ ထပ်ပြောနေလို့လဲ မထူးတော့ပါဘူး။ မူဟုပ်က အသက်ကြီလာပြီ။ တစ်ခါတစ်လေ အမှားအယွင်းလေးတော့ လုပ်မိတတ်တာပဲ။ ကျန်းက သားတစ်ယောက်အနေနဲ့ နားလည်ပေးပြီး တာဝန်ယူပေးရမှာပေါ့။ ဟွမ်ဟုပ်ကလဲ နည်းနည်းလောက်တော့ သီးခံပေးလိုက်ပါ”
ချောင်မိဖုရားခေါင်ကလဲ နွေးထွေးစွာဖြင့် ပြန်ဖြေလိုက်၏။ “အရှင်မင်းကြီးရဲ့ စကားက လေးနက်လွန်းပါတယ်။ ချွေးမတစ်ယောက်အနေနဲ့ ချန်ချဲ့က ကိုယ့်ရဲ့ယောက္ခမကို လိမ္မာသိတတ်ရမှာလဲ သဘာဝပါပဲ။ ချန်ချဲ့က ဘယ်လိုလုပ်ပြီးတော့ သီးခံရတယ်လို့ ပြောလို့ရမှာလဲ”
ဒါပေမဲ့ စိတ်ထဲမှာတော့ အရမ်းကို စက်ဆုပ်ရွံရှာနေမိတာပဲ။
မယ်တော်ကြီးတစ်ယောက်က တစ်နေ့တစ်ခြား ပိုပြီး စိတ်လိုလက်ရ ရှိလာပြီး အရမ်းကိုလဲ ဘက်လိုက်တတ်လာတယ်။ ဒါတွေ အားလုံးကလဲ ယုံးကျားဧကရာဇ်က အလိုလိုက် အလျှော့ပေးထားလို့ ဖြစ်တာလေ။ သူမကတော့ တရိုတသေနဲ့ အလျှော့ပေးနေရပြီး မကျေနပ်ချက်လေး တစ်စုံတစ်လေမှ ထုတ်မပြနိုင်တာပဲ။ စိတ်တိုစရာ ကောင်းနေပြီ။
မဟုတ်ရင်လဲ ဒါက မိဘကို မသိတတ်ရာ ကျသွားမယ်။ မိဘအပေါ် သိတတ်လွန်းတဲ့ ယုံးကျားဧကရာဇ်ကို ဒေါသထွက်သွားအောင် လုပ်မိသလို ဖြစ်သွားအုံးမယ်။ မိဖုရားခေါင်တစ်ယောက်အနေနဲ့ အပေါ်ယံမှာတော့ လှပတင့်တယ်နေပြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေရတာတွေကိုတော့ ကိုယ်တိုင်ပဲ သိပါတယ်လေ။
...
ထိုနေ့ညက ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် နေခဲ့လေသည်။
အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် မူလအတိုင်း ပြန်လည်သင့်မြတ်သွားကြလေ၏။ မင်းသားများကလဲ ညီညွတ်မျှတကြပြီး ချစ်ခင် ကြင်နာကြသည်။ နန်းတော်ထဲက အငွေ့အသက်မှာ မကြုံစဖူး သဟဇာတဖြစ်လို့ နေတော့သည်။
သို့သော်ငြား ချင်ဖေး၏ နေ့ရက်များကတော့ မလွယ်ကူလှပေ။
စတုတ္ထမင်းသားသည် နန်းတွင်းညီလာခံသို့ တက်ရောက်ရချိန်တွင် ချင်ဖေးက နေ့စဉ်နေ့တိုင်း ရှို့နဉ်နန်းဆောင်သို့ သွားရောက်ကာ မယ်တော်ကြီးကျောက်ကို အဖော်ပြုပေးနေရသည်။ ယုံးကျားဧကရာဇ်ကလဲ မယ်တော်ကြီးကျောက်ကို မကြာခဏလာရောက် ဂါရဝပြုခြင်း ရှိတတ်သော်ငြားလည်း ချင်ဖေးအပေါ်တွင်တော့ အလွန် အေးစက်လှလေသည်။
ချင်ဖေးက ပြုံးကာ မည်မျှပင် ကြင်နာသနားမှုကို ဖော်ပြပါစေ။ ယုံးကျားဧကရာဇ်ကတော့ သံကဲ့သို့ အေးစက်လှသည့် နှလုံးသားတစ်ခု ဖြစ်နေပြီး သနားညှတာမှု နည်းနည်းလေးမှ ပြမလာချေ။
ယခင်က အကျယ်ချုပ်ခံထားရသည့် အချိန်နှင့်ပေါင်းလိုက်လျှင် ယုံးကျားဧကရာဇ်သည် ချင်ဖေး၏ နန်းဆောင်သို့ ခြေမချသည်မှာ တစ်လနီးပါးပင် ရှိနေပြီဖြစ်သည်။
ချင်ဖေး၏ နှလုံးသားသည်လဲ ဆေးခါးကြီးတစ်ခုလို ခါးသက်နေတော့၏။ မယ်တော်ကြီးကျောက်ရှေ့တွင်လဲ သူမသည် ဘာတစ်ခုကိုမှ မထုတ်ပြရဲချေ။ သူမသည် မယ်တော်ကြီးကျောက် ပျော်ရွှင်စေဖို့ရန်အတွက် နေ့တိုင်းဆိုသလို ကြိုးစား အားထုတ်နေရတော့၏။
မယ်တော်ကြီးကျောက်ကတော့ ယုံးကျားဧကရာဇ်ရှေ့တွင် မကြာခဏဆိုသလို ရေရွတ်တတ်သေးသည်။ “အရှင်မင်းကြီး အားတဲ့အချိန်ကျရင်လဲ ချင်ဖေးရဲ့ နန်းဆောင်ကို သွားထိုင်လိုက်ပါအုံး”
ယုံးကျားဧကရာဇ်ကတော့ ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏။ “ကျန်းက မူဟုပ်ကို လာပြီး ဂါရဝပြုတိုင်း ချင်ဖေးက အမြဲတမ်း ရှိနေတာပဲလေ။ မတွေ့ရတာမှ မဟုတ်တာ။ ချင်ဖေးရဲ့ နန်းဆောင်ကို သွားနေစရာ လိုသေးလို့လား”
တွေ့တာက ဘာအသုံးဝင်ရမှာလဲ။ သွားအိပ်မှ ဖြစ်မှာပေါ့။ မယ်တော်ကြီးကျောက်သည် ချင်ဖေးကို မည်မျှပင် ဘက်လိုက်သည်ဖြစ်စေ။ ဤကဲ့သို့သော စကားမျိုးကိုတော့ နှုတ်မှထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိချေ။
မယ်တော်ကြီးကျောက်သည် ချင်ဖေးကို နောက်ကွယ်တွင် တိုးတိုးတိတ်တိတ် ကြိမ်းမောင်းလေတော့သည်။ “မင်းကလဲ တကယ်ပဲ။ အရှင်မင်းကြီးကို ကောင်းကောင်းမွန်မွန် တောင်းပန် ချော့မော့ရင် ပြီးတာပဲ။ ယောက်ျားတွေဆိုတာ ဒီလိုမျိုးပဲလေ”
ချင်ဖေးကလဲ ရှက်ရွံ့စွာ မျက်နှာများ နီရဲသွားတော့သည်။
၂ရက်ခန့် ကြာပြီးသွားသောအခါ ယုံးကျားဧကရာဇ်သည် ရှို့နဉ်နန်းဆောင်သို့ ထပ်မံရောက်ရှိလာခဲ့၏။
မယ်တော်ကြီးကျောက်က ချင်ဖေးကို မျက်ရိပ်ပြလိုက်သည်တွင် ချင်ဖေးကလဲ ပြုံးကာ ယုံးကျားဧကရာဇ်ရှေ့သို့ လျှောက်လာပြီး အရိုအသေပြုလိုက်၏။ “ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ယုံးကျားဧကရာဇ်က သူမကို ပေါ့ပေါ့ပါးပါးသာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ယခင်ကကဲ့သို့ လက်လှမ်းကာ တွဲထူပေးခြင်း မရှိချေ။ “ချင်ဖေး အဆင်ပြေအောင် နေပါ”
ထိုသို့ ပြောလိုက်ပြီးနောက် ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်နှင့်သာ စကားပြောဆိုပြီး ချင်ဖေးကို လုံးဝ လျစ်လျူရှုထားလိုက်လေသည်။
ချင်ဖေးတစ်ယောက်ကတော့ ရှက်ရွံ့စွာဖြင့် ငြင်းခံလိုက်ရလေတော့၏။
...
အပိုင်း (၁၁၄) ပြန်လည်သင့်မြတ်ခြင်း
မယ်တော်ကြီးကျောက်သည် ရုတ်တရက် ထုတ်ပြောလာခဲ့၏။ "အိုက်ကျား အဝတ်အစား သွားလဲလိုက်အုံးမယ်။ ချင်ဖေး အရှင်မင်းကြီးကို အဖော်လုပ်ပြီးတော့ စကားပြောပေးလိုက်အုံး"
မယ်တော်ကြီးကျောက်သည် ရည်ရွယ်ချက်ကောင်းမွန်ပြီး ချင်ဖေးအတွက် အခွင့်အရေးများကို တမင်တကာ ဖန်တီးပေးလိုက်၏။
ချင်ဖေးသည်လဲ အခြေအနေကို နားလည်သွားပြီး ရှက်ရွံ့ခြင်းကင်းစွာရှေ့ သို့တက်လာကာ တိုးညှင်းစွာဖြင့် ပြောလိုက်၏။."အရှင်မင်ကြီး ချန်ချဲ့ကို စိတ်ဆိုးနေတုန်းလား။ ချန်ချဲ့ ပြီးခဲ့တဲ့ တခေါက် ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး မှားမှန်းသိပါပြီ။ အရှင်မင်းကြီးက ကျေးဇူးပြုပြီးတော့ ချန်ချဲ့ကို စိတ်မဆိုးပါနဲ့တော့နော်"
ယုံးကျားဧကရာဇ်သည် ချင်ဖေးကို လှမ်းကြည့်လိုက်ပြီး သူ့လေသံထဲတွင် နွေးထွေးမှု သိပ်မပါဘဲ ပြောလာခဲ့၏။ "မူဟုပ်က မင်းကို သဘောကျတယ်။ မင်း ကမူဟုပ်ရဲ့ တူမတော်ဆိုတာကို ကျန်း မှတ်မိနေပါသေးတယ်။ ကျန်းကလဲ မင်းကို မျက်နှာသာ ပိုပြီးပေးခဲ့တယ်။ မင်းကတော့ ကျန်းရဲ့သည်းခံခွင့်လွှတ်မှုနဲ့ မယ်တော်ကြီးကျောက်ရဲ့ ဘက်လိုက်မှုကို အခွင့်ကောင်းယူပြီး မကြာခဏဆိုသလို မူဟုပ်ရဲ့ရှေ့မှာ အမြဲတမ်း လှုံ့ဆော်ပေးနေခဲ့တယ်။ မူဟုပ်ရဲ့ကိုယ်ပိုင်ငွေတွေကိုတောင်မှ ကြံစည်နေသေးတယ်"
"ချင်ဖေး ကျန်း မင်းကို အပြစ်မပေးတာ မူဟုပ်ကြောင့်ပဲ။ မဟုတ်ရင် မင်း ဘာဖြစ်လို့များ ကျန်းရဲ့ရှေ့မှာလာပြီးတော့ လှုပ်ရှားပြနေနိုင်အုံးမှာလဲ"
ဧကရာဇ်တပါးထံမှ ထွက်လာသည့်ဖိအားသည် ရှင်းမပြတတ်သည့် ကျောက်တုံးကြီးတစ်တုံးလို ဖိနှိပ်နေသကဲ့သို့ပင်။
ချင်ဖေး၏မျက်နှာမှာ ဖြူဆုတ်သွားပြီး ချက်ချင်းဆိုသလို အသာအယာ ဒူးထောက်ချလိုက်လေတော့သည်။ "အရှင်မင်းကြီး စိတ်လျှော့ပြီးတော့ ချန်ချဲ့ပြောတာကို နားထောင်ပေးပါ။ မယ်တော်ကြီးက ချန်ချဲ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါတယ်။ ချန်ချဲ့ကလဲ ကျေးဇူးတင်လို့တောင် မဆုံးပါဘူး။ ဘယ်လိုလုပ်ပြီးတော့ မယ်တော်ကြီးအပေါ်မှာ ကြံစည်ရဲရမှာလဲ။ ကျေးဇူးပြုပြီးတော့ ရှင်းရှင်းလင်းလင်း လေးနားလည်ပေးတော်မူပါ ..."
"ဟုတ်တယ် မဟုတ်ဘူးဆိုတာ မင်းရဲ့စိတ်ထဲမှာ အသိဆုံးပဲ" ယုံးကျားဧကရာဇ်က ချင်ဖေးကို အေးစက်စက် ဖြတ်ပြောလိုက်၏။ “လူတွေမှာ အရိပ်ရှိကြတယ်။ လေတွေမှာ အသံရှိတယ်။ လုပ်ခဲ့တဲ့အရာ အားလုံးမှာလည်းပဲ သဲလွန်စတွေဆိုတာ ရှိပြီးသား"
"ကျန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး အဆုံးအထိ မသွားခဲ့ဘူး။ ဒါပေမဲ့ ကျန်းက မင်းကို သိက္ခာဆည်ထားပေးပြီးသား"
"မင်းလုပ်ရမဲ့အရာက မူဟုပ်ကို ကောင်းကောင်းပြုစုစောင့်ရှောက်ဖို့ပဲ။ တကယ်လို့ မင်းက ကျန်းနဲ့မူဟုပ်ကြားက သားအမိဆက်ဆံရေးကို ထပ်ပြီး လှုံ့ဆော်ခဲ့မယ်ဆိုရင် မင်းကို ချမ်းသာပေးမှာ မဟုတ်တော့ဘူး!"
ချင်ဖေးသည် တုန်လှုပ်သွားပြီး သူမ၏မျက်ဝန်းများကလဲ မျက်ရည်များအပြည့် ဖြစ်သွားတော့သည်။ "အရှင်မင်းကြီးက ချန်ချဲ့ကို ဘာဖြစ်လို့ မယုံနိုင်ရတာလဲ။ ချန်ချဲ့ ဘာတစ်ခုမှ လိမ်ညာထားတာ မရှိဘူးလို့ ကြိမ်ဆိုရဲပါတယ်။ မဟုတ်ရင် မိုးကြိုးပစ်ခံရပါစေ"
ယုံးကျားဧကရာဇ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "မင်းကတော့ စကားပြောတဲ့နေရာမှာ အတော်ဆုံးပဲ။ အဲလိုမှ မဟုတ်ရင် မူဟုပ်က မင်းကို အဲလောက်သဘောကျလာအောင် ချော့မော့နိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျန်းကတော့ အခု မင်း ပြောသမျှ စကားလုံးတစ်လုံးကိုမှ မယုံဘူး"
ချင်ဖေး "..."
ချင်ဖေးသည် နောက်ဆုံးတော့ မတတ်သာတော့ဘဲ မျက်နှာကို အုပ်ကာ စတင်ငိုကြွေးလေတော့သည်။
ဒီနှစ်များအတွင်းတွင် မယ်တော်ကြီးကျောက်၏ အားပေးထောက်ခံမှုဖြင့် သူမသည် အနောက်နန်းဆောင်ထဲတွင် အလွန် မျက်နှာသာ ရခဲ့လေသည်။ ယုံးကျားဧကရာဇ်ကလဲ သူမကို ဂရုစိုက်ပြီး ကြည့်ရှုစောင့်ရှောက်ကာ သနားကြင်နာပေးခဲ့သည်။
တနေ့တွင်တော့ ယုံးကျားဧကရာဇ်က ဤကဲ့သို့ အေးစက်လှသည့် စကားလုံးများနှင့် သူမကို ဆက်ဆံလာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ဖူးချေ။
ယုံကျားဧကရာဇ်၏အသံသည် နားထဲသို့ ဝင်ရောက်လာခဲ့၏။ "မင်းရဲ့မျက်ရည်တွေကို သုတ်ပြီး ထလိုက်တော့။ ခဏနေ မူဟုပ် ပြန်လာတော့မယ်။ ကောင်းကောင်းမွန်မွန် ပြုမူ။ မူဟုပ်ကို စိတ်ပူရအောင် မလုပ်နဲ့"
ချင်ဖေးသည် ငိုရှိုက်ကာဖြင့် လက်ကိုင်ပုဝါလေးနှင့် မျက်ရည်များကို သုတ်လိုက်တော့သည်။
ယုံးကျားဧကရာဇ်က ဘာမှမပြောတော့ချေ။ ချင်ဖေးကလဲ ရှေ့သို့တက်လာပြီး စကားပြောဖို့ရ န်မဝံ့ရဲတော့ပေ။ ထို့ကြောင့် သူမကလဲ ခေါင်းကိုငုံ့ကာ ထိုနေရာတွင် နှုတ်ဆိတ်ပြီး ရပ်နေလေတော့သည်။
မကြာခင်မှာပင် မယ်တော်ကြီးကျောက်သည် ပြန်ရောက်လာခဲ့၏။
မယ်တော်ကြီးကျောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ချင်ဖေး၏ နီရဲနေသည့်မျက်လုံးပေါ်သို့ အကြည့်များကျ ရောက်သွားတော့သည်။ "ချင်ဖေး ဘာဖြစ်တာလဲ"
ယုံးကျားဧကရာဇ်ကလဲ လှမ်းကြည့်လာပြီး သူ့မျက်လုံးထဲတွင်တော့ သတိပေးချက်များ ပါလို့နေလေသည်။
ချင်ဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားကာ သူမက အလိုလို ပြုံးပြလိုက်ပြီး "မယ်တော်ကြီးကို လျှောက်တင်ပါတယ်။ ခုနတုန်းက ချန်ချဲ့ အရှင်မင်းကြီးနဲ့စကားပြောရင်း စိတ်လှုပ်ရှားသွားလို့ မျက်လုံးတွေ နီသွားမိတာပါ"
ဒီတော့ ဒါက အဆင်ပြေသွားတာလား။ မပြေသေးတာလား။
မယ်တော်ကြီးကျောက်သည် အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်၏။
ချင်ဖေးက ရှက်ရွံ့ပြုံးလေး ထပ်ပြုံးပြလာသည်။ "အရှင်မင်ကြီးက ချန်ချဲ့ကို နှစ်သိမ့်ပေးပါတယ်။ သိပ်မကြာခင်တုန်းက တိုင်းပြည်အရေးတွေနဲ့ အရမ်းအလုပ်များနေလို့ အားလပ်ချိန်ရတာနဲ့ ချန်ချဲ့ကို တော်ဝင်အပန်းဖြေစံအိမ်ကို ရက်နည်းနည်းလောက် အပူရှောင်ဖို့ခေါ်သွားမယ်လို့ ပြောပါတယ်!"
ထိုအခါမှ မယ်တော်ကြီးကျောက်သည်လဲ စိတ်အေးသွားကာ ပြုံးကာပြောလာတော့သည်။ "ရာသီဥတုက ပူလာတဲ့အချိန်ဆိုရင် တောင်ကြားလေးတွေထဲမှာ အပူရှောင်တာ တကယ်သက်သာစေတယ်။ အရင်တုန်းက နွေရာသီရောက်လာရင် ငါတို့တွေ အပန်းဖြေစံအိမ်တော်ကို သွားကြတာပဲလေ"
ယုံးကျားကလဲ ပြုံးကာပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ အဲဒီ့အချိန်ကျရင် ကျန်းက မူဟုပ်ကို အတူတူ လိုက်ပို့ပေးပါ့မယ်။ ရက်နည်းနည်းလောက်နေပြီးမှ နန်းတော်ကို ပြန်လာကြတာပေါ့" ထို့နောက်တွင်တော့ သူက ချင်ဖေးကိုပြောလိုက်၏။ "မင်းသွားပြီးတော့ အစားအသောက် ပြင်ဆင်ခိုင်းလိုက်တော့။ ဒီနေ့ ကျန်း မယ်တော်ကြီးနဲ့ အတူတူညစာသုံးဆောင်မယ်"
ချင်ဖေးသည် နူးညံ့စွာဖြင့် ပြန်ဖြေလာပြီး ချက်ချင်းဆိုသလို ထရပ်ကာ စားတော်ပွဲပြင်ရန် ထွက်ခွာသွားတော့သည်။
မယ်တော်ကြီးကျောက်၏အမြင်တွင်တော့ ဒါသည် ယခင်ကကဲ့သို့ ပြန်လည်သင့်မြတ်သွားခြင်းပင်။
မယ်တော်ကြီးကျောက်သည် ပျော်ရွှင်သွားပြီး မျက်ခုံးများကို ဖြေလျော့ထားလိုက်ကာ ပျော်ရွှင်စွာဖြင့် ရယ်မောလေတော့သည်။
ချင်ဖေးသည်လည်း ပြုံးနေ၏။ သို့သော်ငြား သူမ၏စိတ်ထဲတွင်တော့ ဆေးခါးကြီးထက်ပင် ပိုလို့ ခါးသက်နေသေး၏။
...
ချောင်မိဖုရားခေါင်သည် အတွင်းရေးဌာန ကတာဝန်ခံကိုဆင့်ခေါ်ပြီး မင်းသားများ လက်ထပ်ပွဲအတွက် အသုံးပြုရန် မင်းသားအိမ်တော် အနည်းငယ်ကို ပြင်ဆင်ခိုင်းထားလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ ချောင်မိဖုရားခေါင်သည် တရားဝင်မိဖုရားမှ မွေးသည့်သားနှင့် ကိုယ်လုပ်တော်မှ မွေးသည့်သားဟူ၍ ခွဲခြားခြင်းမျိုးမရှိတော့ဘဲ အားလုံးကို တန်းတူညီတူ အသုံးအဆောင်များ စီစဥ်ခိုင်းလိုက်လေသည်။
အပြစ်ရှာရသည်ကို အကြိုက်ဆုံးဖြစ်သည့် မယ်တော်ကြီးကျောက်ကလဲ အတိတ်က အမှားများကို သင်ယူလေ့လာခဲ့ပြီးနောက် ဒီတစ်ကြိမ်တွင်တော့ စကားအများကြီး မပြောတော့ချေ။ မည်သို့ဆိုစေ သူမက ထောက်ပံ့ပေးချင်လျှင်ပင် နောက်ကွယ်မှ ဒီအတိုင်း တိတ်တဆိတ် ပေးလိုက်ရုံပင်။ အားလုံးကို သိသွားရစေပြီး ယုံးကျားဧကရာဇ်ကို စိတ်မချမ်းမြေ့အော င်ထပ်လုပ်ရန်မလိုချေ။
မင်းသားအိမ်တော်များကို ကြိုတင်ဆောက်လုပ်ပြီးသားဖြစ်ပြီး အားလုံးကလဲ တနေရာတည်းတွင် တည်ရှိကြသည်။ ဟွေ့အန်းကုန်းကျူ၏ အိမ်တော်ကလဲ မင်းသားများအိမ်တော်နှင့် ကပ်လျက်ပင်။ မကြာမှီအရွယ်ရောက်တော့မည့် ကျင့်အန်းကုန်းကျူ၏ အိမ်တော်သည်လည်း ဟွေ့အန်းကုန်းကျူး၏အိမ်တော်နှင့် ကပ်လျက်တွင် ရှိနေသည်။
မုန့်ကွေ့ဖေးက ယုံးကျားဧကရာဇ်ကို အကြံပြုလိုက်၏။ "ကျင့်အန်းကလဲ မကြာခင် အရွယ်ရောက်တော့မှာ။ အရွယ်ရောက်ပွဲပြီးတာနဲ့သူ့အတွက် ကြင်ရာတော် ရွေးချယ်ပေးရတော့မယ်။ မင်းသားအိမ်တော်တွေ ပြင်ဆင်နေတုန်းမှာ ကျင့်အန်းကုန်းကျူရဲ့ အိမ်တော်ကိုလည်း တခါတည်း ပြင်ဆင်လိုက်ရင် မကောင်းဘူးလား။ နောက်ဆိုရင် ကျင့်အန်းက နန်းတော်ထဲကထွက်ပြီး စိတ်ပြေလက်ပျောက် နည်းနည်းပါးပါး သွားနေချင်လဲရတာပေါ့"
ယုံးကျားဧကရာဇ်ကလဲ သဘောတူလိုက်၏။ "ကုန်းကျူအိမ်တော်ကို ပြင်ဆင်တဲ့ကိစ္စ ကျန်း မိဖုရားခေါင်ကို ပြောလိုက်ရုံပါပဲ"
မုန့်ကွေ့ဖေးက ပြုံးကာပြောလိုက်သည်။ "အရှင်မင်းကြီးကလဲ မိဖုရားခေါင်ကြီးကို နည်းနည်းလေး ပိုပြီးတွေးပေးပါအုံး။ ပြင်ဆင်ပေးစရာ မင်းသားအိမ်တော် ၃ခုတောင်ရှိတယ်။ နန်းတော်ထဲမှာလည်း နန်းတွင်းရေးရာကိစ္စတွေ ရှိသေးတယ်။ မိဖုရားခေါင်ကြီးက အရမ်းကို အလုပ်များနေပြီးပါပြီ။ အရှင်မင်းကြီးက ဒီလိုကိစ္စကို မိဖုရားခေါင်ကို ဘာဖြစ်လို့ ဆက်ပြီးတာဝန်ပေးရမှာလဲ။ ဘာပဲဖြစ်ဖြစ်လေ ချန်ချဲ့မှာလည်း ဘာမှလုပ်စရာမှမရှိတာ။ ဒီတော့ ချန်ချဲ့ကိုပဲ သမီးတော်အတွက် စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်ပါ။ မိဖုရားခေါင်ကြီးအတွက်တော့ ဝန်ထုပ်ဝန်ပိုးလျှော့ ချပေးရာလဲ ရောက်တာပေါ့"
မိဖုရားခေါင်ကြီးသည် နန်းတွင်းရေးကိစ္စများကို တာဝန်ယူပေးရပြီး အတွင်းရေးဌာနက အရာရှိများကလဲ မိဖုရားခေါင်၏အမိန့်တော်ကို တိုက်ရိုက်နာခံရလေသည်။
မုန့်ကွေ့ဖေး၏ပါးစပ်က ထွက်လာသည့် ဤစကားမှာ သဘာဝကျကျပင် စည်းမျဥ်းစည်းကမ်းများကို ကျော်လွန်နေပြီဖြစ်၏။
ယုံးကျားဧကရာဇ်မှာ ချီတုံချတုံ ဖြစ်သွားတော့သည်။ သူနဲ့ ချောင်မိဖုရားခေါင်ကြီးက အခုမှ ပြန်ပြီးအဆင်ပြေသွားတာလေ ...
"အရှင်မင်းကြီး!" မုန့်ကွေ့ဖေးသည် မိန်းမငယ်လေးလို ချွဲနွဲ့စွာဖြင့် ပြုမူလိုက်ကာ "အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ ချန်ချဲ့စကားကို သဘောတူလိုက်ပါနော်!"
ရလဒ်အနေဖြင့် နှလုံးသားထဲတွင်ရှိသည့် ကွေ့ဖေးသည် လှုံ့ဆော်လိုက်သည်နှင့် ယုံးကျားဧကရာဇ်သည်လဲ စဥ်းစားဆင်ခြင်ဉာဏ်အားလုံး ဦးနှောက်၏အနောက်ဘက်သို့ ရောက်ရှိသွားကာ ချက်ချင်းပင် သဘောတူလိုက်တော့သည်။ "ဟုတ်ပါပြီ"
နောက်တနေ့တွင် ယုံးကျားဧကရာဇ်သည် လျိုကုန်းကုန်းကို အမိန့်ပေးကာ ကျောင်းဖန်နန်းဆောင်သို့ စေလွှတ်လိုက်ပြီး ထိုကိစ္စအား ချောင်မိဖုရားခေါင်ကို ပြောကြားခိုင်းလိုက်သည်။
ချောင်မိဖုရားခေါင်၏ အမူအယာမှာ ခါတိုင်းလိုပင်ရှိနေပြီး ပေါ့ပေါ့ပါးပါး ပြုံးကာပြောလိုက်၏။ "ပန်ကုံး သိပါပြီ။ လျိုကုန်းကုန်း ပန်ကုံးကိုသာ အရှင်မင်းကြီးကို ကျေးဇူးတင်စကားလျှော က်တင်ပေးပါအုံး။ ပန်ကုံးကို သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့"
နောက်ဆုံးစကားတစ်ခွန်းကတော့ သရော်လှောင်ပြောင်သည့် အငွေ့အသက်များ ထုတ်ဖော်လို့နေ၏။
လျိုကုန်းကုန်းကလဲ တရိုတသေဖြင့် ပြန်ဖြေလိုက်ပြီး စိတ်ထဲတွင်တော့ အနည်းငယ် ဝမ်းနည်းသွားလေတော့သည်။
သူ့လို ကျွန်တစ်ယောက်ကတောင်မှ ချောင်မိဖုရားခေါင်လို အလယ်နန်းဆောင်ရဲ့ မိဖုရားခေါင်ကြီးက တကယ့်ကို အားငယ်စရာကောင်းပြီး မကျေမနပ် ဖြစ်စရာကောင်းတယ်လို့ ခံစားရတာ။ ဒါပေမဲ့ ချောင်မိဖုရားခေါင်ကတော့ ဘာတတ်နိုင်အုံးမှာလဲ။
နန်းတော်ထဲမှာ ယုံးကျားဧကရာဇ်က ကောင်းကင်ကြီးပဲလေ။
မိဖုရားခေါင်ရဲ့ အခွင့်အာဏာဆိုတာကလဲ အရှင်မင်းကြီးက နေဆင်းသက်လာတာ။
ယုံးကျားဧကရာဇ်က ချောင်မိဖုရားခေါင်ကို ပေးအပ်ထားသည်မှာလည်း တရားဝင်ဇနီးတစ်ယောက် အပေါ်ထားရှိသည့် လေးစားမှုမျှသာဖြစ်ပြီး ထိုမျှသာပင်။ ယုံးကျားဧကရာဇ်၏ အချစ်စိတ်များ အားလုံးကတော့ မုန့်ကွေ့ဖေးကိုသာ ပေးအပ်ထားလေ၏။
ချင်ဖေးက မယ်တော်ကြီးကျောက်ရဲ့ ထောက်ပံ့မှုကိုရထားလို့ နေ့ရက်တွေက ကောင်းမွန်မယ်လို့တော့ မထင်လိုက်နဲ့။ မုန့်ကွေ့ဖေးရဲ့ရှေ့ကို ရောက်သွားရင် မျက်နှာချိုသွေးပြီး မြှောက်ပင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ စူးကျောင်းရုံကိုတော့ ထည့်ပြောစရာတောင် မလိုဘူး။ မုန့်ကွေ့ဖေးကိုတွေ့ရင် လေတောင် မလည်ရဲဘူးလေ။
မုန့်ကွေ့ဖေးကလဲ နန်းတွင်းရေးကိစ္စတွေကို လုယူဖို့ ကြိုးစားနေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မုန့်ကွေ့ဖေးကလဲ ပထမမင်းသားနဲ့ ကျင့်အန်းကုန်းကျူကိစ္စနဲ့ ပတ်သက်လာရင် အရာအားလုံးကို သူ့လက်ထဲမှာပဲထားချင်ပြီး ချောင်မိဖုရားခေါင်ကို ဝင်ရောက်စွက်ဖက်ခွင့် မပေးချင်ဘူး။
အဲဒီ့တုန်းကလဲ ပထမမင်းသားရဲ့ လက်ထပ်ပွဲကိုတောင် မုန့်ကွေ့ဖေးကိုယ်တိုင် ကြီးကြပ်ပေးခဲ့တာ။ ဒီလို စိတ်တိုစရာကောင်းတဲ့ကိစ္စကိုတောင် ချောင်မိဖုရားခေါင်က သည်းခံနိုင်ခဲ့တာပဲ။ ကုန်းကျူအိမ်တော်တစ်ခု ပြင်ဆင်တာက ဘာများပြောပလောက်လို့လဲ။
လျိုကုန်းကုန်း ထွက်ခွာသွားပြီးနောက်တွင် ချိုင်လန်မှာ ဒေါသတကြီးဖြင့် ပြောလေတော့သည်။ "မယ်မယ်က စိတ်ထားကောင်းလွန်းလို့ ကွေ့ဖေးကို အရေးမလုပ်တာပါ။ ကွေ့ဖေးကတော့ သူ အသာစီး ရသွားပြီလို့ ကိုယ့်ဟာကို ထင်နေမှာပဲ!"
ချောင်မိဖုရားခေါင်က နှုတ်ခမ်းထောင့်များကို တွန့်ချိုးထားလိုက်သော်ငြားလည်း သူမ၏မျက်လုံးများထဲတွင်တော့ အပြုံးရိပ်များ ရှိမနေချေ။ "သူ့သဘောအတိုင်း နေပါစေ။ အခုလောလောဆယ် အရေးကြီးဆုံးက မင်းသားအိမ်တော်တွေကို ပြင်ဆင်ပြီး မင်းသားတွေရဲ့လက်ထပ်ပွဲကို ပြင်ဆင်ပေးဖို့ပဲ။ ပန်ကုံးတစ်ယောက်တည်းနဲ့လည်း တကယ်မလုပ်နိုင်ပါဘူး။ မုန့်ကွေ့ဖေးက ပန်ကုံးအတွက် ဝန်ထုပ်ဝန်ပိုး လျှော့ချပေးတာလဲ ကောင်းတာပါပဲလေ"
...