← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အပိုင်း (၁၁၅) သတင်းစကားပါးခြင်း

ကျင့်အန်းကုန်းကျူ၏ အရွယ်ရောက်ပွဲအခမ်းအနားကို နန်းတော်ထဲတွင် ကျင်းပမည်ဖြစ်သည်။ ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေးက မွေးသည့် သားနှင့်သမီး နှစ်ယောက်စလုံးကို အလွန်ချစ်မြတ်နိုးလေသည်။ အကြီးဆုံးမင်းသားသည် ယုံးကျားဧကရာဇ်၏ အချစ်ဆုံး သားတော်ဖြစ်ပြီး ကျင့်အန်းကုန်းကျူသည်လဲ ယုံးကျားဧကရာဇ်၏ အချစ်ရဆုံးသော သမီးတော် ဖြစ်သည်။

မင်းသမီးတစ်ပါး အရွယ်ရောက်ပွဲ အခမ်းအနား ကျင်းပချိန်တွင် အခမ်းအနား တက်ရောက်ရန် နန်းတော်ထဲသို့ ဝင်ရောက်ခွင့်ရှိသူများမှာ တော်ဝင်မိသားစုဝင်များ သို့မဟုတ် အဆင့်မြင့် အထက်အရာရှိကြီးများ၏ဇနီးများ ဖြစ်လေသည်။ မုန့်ကွေ့ဖေးက ဧကရာဇ်ကို အကြံပြုလိုက်သည်။ "အရှင်မင်းကြီး မင်းသားတွေနဲ့ မင်းသားကြင်ရာတော်လောင်းတွေကိုလဲ သတ်မှတ်ပြီးသွားပြီဆိုတော့ ချန်ချဲ့အထင် ... သူတို့တွေက နောက်ဆိုရင် ကျင့်အန်းရဲ့ယောက်မတွေ ဖြစ်လာမှာလေ။ ကျင့်အန်း အရွယ်ရောက်ပွဲကို သူတို့တွေကိုလဲ နန်းတော်ထဲ တက်ရောက်ခွင့်ပေးလိုက်ရင် စည်လဲစည်သွားသလို ရင်းနှီးမှုလဲရတာပေါ့"

ဒီအကြံကလဲ မဆိုးလှပေ။ ယုံကျားဧကရာဇ်ကလဲ ရယ်မောကာ ချီးကျုးစကား ပြောလိုက်လေသည်။

မုန့်ကွေ့ဖေးကတော့ သူမ၏နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ပြုံးလိုက်၏။ "အရှင်မင်းကြီး ချန်ချဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တယ်လို့ အပြစ်မတင်ရင် တော်ပါပြီ"

ယုံးကျားဧကရာဇ်က သူ၏ချစ်လှစွာသော အမျိုးသမီးကို ပွေ့ဖက်ထားလိုက်ကာ လေသံတိုးတိုးဖြင့် ရယ်မောလိုက်လေသည်။ "ကျန်းက ကျင့်အန်းကို ချစ်တဲ့စိတ်က မင်းနဲ့ တထပ်တည်းကျပါတယ်" ခဏလောက် စဥ်းစားလိုက်ပြီးမှ သူသည် တစ်ဖန် ပြုံးရယ်ကာပြောလာသည်။ "ဒီလိုအသေးအဖွဲကိစ္စလေးကို စိတ်ရှုပ်ခံစရာ မလိုပါဘူး။ အဲဒီ့ကိစ္စကို အားကျင့်ရဲ့အစ်ကိုတွေကိုပဲ တာဝန်ပေးထားလိုက်ပါ။ သူတို့ကိုယ်တိုင် ယောက္ခမတွေအိမ်ကို တခေါက်စီသွားကြပါစေ"

လက်မထပ်ရသေးသည့်စုံတွဲများသည် သံယောဇဥ်များ တိုးပွားစေရန်အတွက် မကြာခဏ တွေ့ဆုံသင့်လေသည်။

မုန့်ကွေ့ဖေးကတော့ ထိုကိစ္စကို ဂရုမစိုက်ချေ။

မည်သို့ဆိုစေ သူမ၏သားဖြစ်သူက လက်ထပ်ပြီးသွားပြီဖြစ်သည်။ ယခုအချိန်တွင် သူမ စိုးရိမ်တကြီး ဖြစ်ရဆုံးမှာ အကြီးဆုံးမင်းသား ကြင်ရာတော်လျန်က ကိုယ်ဝန်မရှိသေးချင်ပင်။

"အရှင်မင်းကြီး လျန်ရှီ နန်းတော်ထဲဝင်လာတာ ၂နှစ်ကျော်သွားပြီ" မုန့်ကွေ့ဖေးက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "လျန်ရှီမှာ ခုထိကို ယ်ဝန်မရသေးဘူး။ ဒါကြောင့် ... အားယိအတွက် ကိုယ်လုပ်တော်တစ်ယောက်လောက် ထပ်ထည့်ပေးလိုက်ရင် ကောင်းမလားလို့"

ယုံးကျားဧကရာဇ်ကတော့ ပေါ့ပေါ့ပါးပါး ပြုံးရယ်ကာ ပြောလိုက်၏။ "အားယိက ကျန်းနဲ့အတူ စစ်တိုက်ထွက်နေတာ ခဏခဏဆိုတော့ လျန်ရှီနဲ့ လက်ထပ်ပြီးကတည်းက ဆုံရတာထက် ခွဲနေရတာက ပိုများတယ်လေ။ မင်း အရင်ဆုံး မလောပါနဲ့အုံး။ နောက်ထပ် တစ်နှစ်၊ ခြောက်လလောက် စောင့်ကြည့်လိုက်အုံး။ လျန်ရှီမှာ တကယ်လို့ သတင်းကောင်း မရှိသေးဘူးဆိုမှ ကိုယ်လုပ်တော်တစ်ယောက် ထပ်ထည့်လဲ နောက်မကျပါဘူး"

မုန့်ကွေ့ဖေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ "အရှင်မင်းကြီးက စစ်တပ်ကို ထပ်ပြီးဦးဆောင်သွားရအုံးမှာ။ အားယိကလဲ စစ်တိုက်ထွက်ရအုံးမှာ။ ဒီလိုနှောင့်နှေးနေရင် တစ်နှစ်၊ ခြောက်လမက ကြာသွားနိုင်တယ်"

ယုံးကျားဧကရာဇ်က မုန့်ကွေ့ဖေးကို တစ်ချက်လှမ်းကြည့်လိုက်၏။ "မင်းက အားယိကို ချစ်တယ်။ ဒါဆိုရင် စစ်သူကြီးလျန်ကရော သူ့သမီးကို မချစ်လို့လား။ မင်းလဲ သိသားပဲ။ ကျန်းက စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ထွက်ရမယ်။ မြို့တော်ရဲ့လုံခြုံရေးက စစ်သူကြီးလျန်ရဲ့ လက်ထဲကို အကုန်အပ်သွားရမှာ"

"မင်းက အားယိအတွက် ကိုယ်လုပ်တော်တစ်ယောက် ထပ်ထည့်ပေးလိုက်ရင် စစ်သူကြီးလျန်က ဘယ်လိုတွေးမှာလဲ"

မုန့်ကွေ့ဖေးက နှုတ်ခမ်းကို ကွေးတင်ထားလိုက်ကာ "သူက အရှင်မင်းကြီးရဲ့ တချိန်တုန်းက ကိုယ်ရံတော်ပဲလေ။ အရှင်မင်းကြီးသာမရှိရင် သူ့မှာဘယ်ကသာ ဒီလိုဂုဏ်အရှိန်အဝါတွေ ရလာမှာလဲ။ သူ့လို့လူကများ အားယိကို ဝေဖန်ရဲလို့လား"

ယုံးကျားဧကရာဇ်မှာ အနည်းငယ် မရွှင်မပျ ဖြစ်သွားတော့သည်။ "ဟိုတုန်းက ကျန်း စစ်တိုက်ထွက်တဲ့အချိန်မှာ သူက ကျန်းကို အသက်စွန့်ပြီး ကာကွယ်ပေးခဲ့တယ်။ ကျန်းအတွက် မြှားကိုတောင်မှ ကာကွယ်ပေးခဲ့သေးတယ်။ သူသာမရှိရင် ကျန်းစစ်မြေပြင်မှာ အစောကတည်းက သေနေလောက်ပြီ။ ကျန်း သူ့ကို နန်းစောင့်တပ်စစ်သူကြီးရာထူး ပေးခဲ့တာကလဲ သူက ကျန်းအပေါ်မှာ သစ္စာအရှိဆုံးဖြစ်နေလို့ပဲ။ လျန်မိသားစုနဲ့ လက်ဆက်ဖို့ ချီးမြှင့်ခဲ့တာကလဲ ကျန်းရဲ့သဘောထားပဲ"

"တကယ်လို့ မင်းက ဒီလက်ထပ်ပွဲကို မကျေနပ်ဘူးဆိုရင် ကျန်းဆီကိုပဲ လာခဲ့"

မုန့်ကွေဖေးမှာ မတတ်သာတော့ဘဲ နှုတ်ဆိတ်နေရတော့သည်။

ဒီစကားများသည် တနည်းနည်းဖြင့် ပထမမင်းသားကြင်ရာတော်၏နားထဲသို့ ရောက်ရှိသွားလေတော့သည်။ ပထမမင်းသားကြင်ရာတော်မှာ အင်မတန် မကျေမလည် ဖြစ်သွားတော့၏။ သမီးယောက္ခမ နှစ်ယောက်သည် တနေ့တခြား စိတ်ဝမ်းကွဲလာခဲ့ကြသည်ကိုတော့ လက်ရှိတွင် ထုတ်မပြောနိုင်သေးချေ။

...

လီကျင့်တို့ ညီအစ်ကိုသည် ယုံးကျားဧကရာဇ်၏ စေခိုင်းချက်ဖြင့် မိမိတို့၏ယောက္ခမအိမ်တော်ဆီသို့ သတင်းစကားပို့ဆောင်ရန် ထွက်ခွာလာခဲ့လေသည်။

စတုတ္ထမင်းသားက ဖူယန်မြို့စားအိမ်တော်သို့ သွားရောင်ချင်းကလဲ ပုံမှန်ကိစ္စတစ်ခုပင်။ ကျောက်ယွီသည် စေ့စပ်ထားသည့် သတို့သားလောင်းကို မြင်လိုက်သည်နှင့်ချက်ချင်း မျက်ခုံးများ ပင့်တက်သွားသည်အထိ ဝမ်းသာအားရဖြစ်သွားကာ သွက်သွက်လက်လက် ခြေလှမ်းများဖြင့် ရှေ့သို့လျှောက်လာပြီး ပြောဆိုလေသည်။ "အရှင်မင်းသား ဒီနေ့ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ရောက်လာတာလဲ"

အရှိန်က မြန်ဆန်လွန်းသဖြင့် ကျောက်ရွေ့မှာ တားဆီးရန်ပင် အချိန်မရလိုက်ချေ။

ညီမဖြစ်သူ၏ ချစ်ရသူကို တွေ့လိုက်ရပြီးနောက် ပျော်ရွှင်မြူးတူးနေသည့် ရိုးအအပုံစံလေးကို မြင်ရသည်တွင် ကျောက်ရွေ့မှာ မနေနိုင်ဘဲ မျက်စောင်းထိုးမိလေတော့သည်။ မိန်းကလေးဖြစ်ပြီး နည်းနည်းပါးပါးလေး ထိန်းထိန်းသိမ်းသိမ်းရှိမယ်လို့ မသိဘူး။

စတုတ္ထမင်းသားကလဲ ကျောက်ယွီ၏ ဘယ်တော့မှ ဖုံးကွယ်မထားတတ်သည့် ပျော်ရွှင်မှုကို အမှန်ပင် သဘောကျနှစ်သက်ပြီး ပြုံးကာပြောလိုက်၏။ "ရက်အနည်းငယ်နေရင် ဒုတိယညီမတော်ရဲ့ အရွယ်ရောက်ပွဲအခမ်းအနား ကျင်းပတော့မှာလေ။ ဒီနေ့ လာပြီးတော့ အကြောင်းကြားပေးတာ။ အဲဒီ့နေ့ကျရင် အခမ်းအနားတက်ဖို့ ငါက မင်းကို လာခေါ်ပေးမယ်"

ကျောက်ယွီသည် နန်းတော်ထဲသို့ဝင်ကာ ပျော်ပွဲရွှင်ပွဲများ ပါဝင်ဆင်နွှဲရသည်ကို အနှစ်သက်ဆုံး ဖြစ်သဖြင့် ချက်ချင်းဆိုသလို ပြုံးကာ သဘောတူလိုက်တော့သည်။

ကျောက်ယွီသည် စတုတ္ထမင်းသားထက် တစ်နှစ်ကြီးသော်ငြားလည်း အမှန်တွင်တော့ တစ်ယောက်က ၁၂လပိုင်းတွင် မွေးဖွားပြီး ကျန်တစ်ယောက်ကိုတော့ နောက်တနှစ် ဒုတိယလတွင် မွေးဖွားခြင်းဖြစ်ပြီး နှစ်ဦးသားမှာ နှစ်လသာကွာခြားလေသည်။ ဝမ်းကွဲမောင်နှမနှစ်ယောက်သည် ငယ်စဥ်ကတည်းက အတူတူကြီး ပြင်းလာခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကာ သံယောဇဥ်လဲရှိကြသည်။

သူတို့နှစ်ဦး အတူတကွရှိနေချိန်တွင် ပြောစရာစကားများကလဲ မဆုံးနိုင်အောင်ပင်။

ကျောက်ရွေ့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး "စတုတ္ထမင်းသားက ကျောက်အိမ်တော်ကို သတင်းလာပို့တာဆိုတော့ ... ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့လဲ ယောက္ခမလောင်းရဲ့ အိမ်တော်တွေကို သွားကြတာလား"

စတုတ္ထမင်းသားက ကျောက်ရွေ့ကို ကျီစယ်ဟန်ဖြင့် လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ဟုတ်တယ်။ စန်းကောက ကွမ်းပင်နယ်စားအိမ်တော်ကိုသွားလိုက်တယ်။ အာ့ကောကတော့ ရှင်းယန်ဝမ်အိမ်တော်ကို သွားလိုက်တယ်။ ဝမ်းကွဲအစ်ကို စတုတ္ထသခင်မလေးလုက ကျွန်တော်ရဲ့မရီးလောင်း ဖြစ်သွားပြီနော်။ ကျွန်တော်အစ်ကို့ကို အကြံပေးချင်တာက ... နောက်ဆိုရင် သူ့ကိုသွားပြီးတော့ မတမ်းတနဲ့တော့"

ကျောက်ရွေ့ကလဲ တော်တော်လေးကို အရေထူထူဖြစ်ကာ မျက်နှာပြောင်တိုက်ပြီး ပြောလိုက်လေသည်။ "ငါကလဲ စေ့စပ်ထားတဲ့သူ ရှိပြီးသားပါ။ နှစ်ကုန်ကျရင် မင်္ဂလာဆောင်တော့မှာ။ စတုတ္ထသခင်မလေးလုကိုတွေ့ရင် ငါက တစ်ချက်လောက် ပိုကြည့်လိုက်မိတာပဲ ရှိတာပါ။ ဒါကို ဘယ်လိုလုပ်ပြီးတော့ တမ်းတတယ်လို့ ခေါ်လို့ရမှာလဲ"

စတုတ္ထမင်းသားမှာ သူ့ကိုအသံလျှော့ဖို့ သတိပေးရတော့သည်။

ကျောက်ရွေ့က ရှက်ကိုးရှက်ကန်းဖြင့် သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးမှ သက်ပြင်းတစ်ချက်ချလိုက်၏။ "မင်း ပြောတာ မှန်ပါတယ်။ နောက်ဆိုရင် ငါ သူ့ကို မတွေ့တာ ပိုကောင်းမယ်ထင်တယ်"

စတုတ္ထသခင်မလေးလုကလဲ စေ့စပ်ပြီးသွားပြီ။ သိပ်မကြာခင်မှာ ဒုတိယမင်းသားကြင်ရာတော် ဖြစ်လာတော့မှာ။ ငါလဲ မဖြစ်သင့်တဲ့အတွေးတွေကို ဖယ်ရှားထားသင့်ပါပြီလေ။

ကျောက်ယွီသည် အစ်ကိုဖြစ်သူက မျက်စိနောက်သွားသည်ဟု ထင်မိသဖြင့် စတုတ္ထမင်းသား၏ အင်္ကျီလက်မောင်းကို ဆွဲကာ ဥယျာဥ်ထဲသို့ စကားပြောရန် ထွက်ခွာသွားတော့သည်။

ကျောက်ရွေ့ကတော့ နောက်တစ်ကြိမ် မျက်စောင်းထိုးပြီး ဇွဲမလျော့တမ်းနောက်မှ လိုက်ပါသွားတော့သည်။

ဒီငတုံးမလေးကတော့ မင်္ဂလာတောင် မဆောင်ရသေးဘူး ထိန်းထိန်းသိမ်းသိမ်း လုပ်စမ်းပါ။ ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်းလေး ရှိစမ်းပါ။ နားလည်ရဲ့လား။

...

ကွမ်းပင်းနယ်စားအိမ်တော်

ကွမ်းပင်းနယ်စားကတော့ စစ်စခန်းသို့ရောက်ရှိနေပြီး သူ့ဇနီးကသာ ပင်မခန်းထဲတွင် တတိယမင်းသားနှင့် တွေ့ဆုံလေသည်။

"လီဟောက်က ကွမ်းပင်နယ်စားကတော်ကို ဂါရဝပြုပါတယ်" လီဟောက်သည် လက်နှစ်ဖက်ကို ယှက်ကာ လူငယ်တို့၏ နှိမ့်ချသည့်ဟန်ပန်ဖြင့် အရိုအသေ ပေးလိုက်၏။

လီဟောက်သည် အရပ်မြင့်ကာ ချောမောခံ့ညားပြီး ကိုယ်နေဟန်ထားကလဲ မားမတ်ကာ နှစ်လိုဖွယ်ရုပ်လေးတစ်ခု ပိုင်ဆိုင်ထားလေသည်။

ကွမ်းပင်နယ်စားကတော်သည် စူးကျောင်းရုံကို မည်မျှပင် မုန်းတီးပါစေ သူမသည် လီဟောက်ကို တွေ့လိုက်ရသည့်အချိန်တွင်တော့ ပျော်ရွှင်သွားရုံကလွဲပြီး မတတ်နိုင်တော့ပေ။ သူမက ပြုံးကာ ပြောလိုက်၏။ "အရှင်မင်းသား ဒီလိုအရိုအသေပေးတော့ ကျွန်မတကယ်ပဲ မသက်မသာ ဖြစ်ရပါတယ်"

လီဟောက်က ထရပ်လိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။ "ယောက္ခမလောင်းကိုတွေ့တာ အငယ်တစ်ယောက်အနေနဲ့ အရိုအသေပေးတဲ့နည်းအတိုင်း လုပ်ရမှာပေါ့"

ထို့နောက် သူသည် လာရင်းအကြောင်းကို ရှင်းလင်းစွာ ပြောပြလိုက်လေသည်။

တင်တောင်းပစ္စည်းပို့သည့်ကိစ္စကြောင့် ကွမ်းပင်နယ်စားကတော်၏စိတ်ထဲတွင် အတော်ပင် မကျေမနပ်ဖြစ်နေခဲ့သော်ငြားလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှလဲ မတတ်နိုင်ချေ။ ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူ မုန့်ယွင်လော်ကို အိမ်ထဲတွင်သာ နေခိုင်းပြီး စည်းမျဥ်းစည်းကမ်းအမျိုးမျိုးကိုသင်ကြားပေးနေလေသည်။

ယနေ့တွင် လီဟောက်က အိမ်သို့ တကူးတက လာရောက်လည်ပတ်သည့်အတွက် အခြေအနေနှင့် ကျိုးကြောင်းဆီလျော်မှုအရ မုန့်ယွင်လော်ကို ထွက်တွေ့ခွင့် ပေးသင့်ပေသည်။

ကွမ်းပင်းနယ်စားကတော်က ပြုံးကာ အမိန့်ပေးလိုက်ပြီး မကြာမီတွင် မုန့်ယွင်လော်လဲ ရောက်ရှိလာခဲ့သည်။

မုန့်ယွင်လော်သည် ဖြူနုလှပပြီး နှစ်လိုဖွယ်ရှိကာ တောက်ပသည့် အရောင်များကို နှစ်သက်လေသည်။ ယနေ့တွင်တော့ သူမသည် ပန်းနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထား၏။ တောက်ပစွာလင်းလက်နေသည့် ပန်းနုရောင်လေးသည် စိတ်ထဲသို့ ဝင်ရောက်လာသည်နှင့် လီဟောက်၏မျက်လုံးများမှာ စူးခနဲဖြစ်သွားသလို ခံစားလိုက်ရတော့သည်။

လီဟောက်၏ဦးနှောက်ထဲတွင် အနီရောင်ပုံရိပ်တစ်ခုသည် ဖြတ်ပြေးသွားပြီး နှလုံးသားမှာ ဆူးဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ နာကျင်သွားတော့သည်။

သို့သော်ငြား သူ့မျက်နှာထက်တွင်တော့ အမူအယာက နည်းနည်းလေးမှ ပြောင်းလဲမသွားခဲ့ချေ။ သူသည် စေ့စပ်ထားသည့် သတို့သမီးလောင်းကို ပြုံးကာကြည့်လိုက်ပြီး သူ့အကြည့်ထဲတွင်လည်း အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်မှုနှင့် တန်ဖိုးထားမှုတို့ ပါဝင်လို့နေ၏။

မုန့်ယွင်လော်သည် အစကတော့ ဒီလက်ထပ်ပွဲအပေါ်တွင် သိပ်ပြီး စိတ်မပါလှချေ။ ယခုအချိန်တွင် လီဟောက်၏ ပြုံးရိပ်သမ်းကာ နက်မှောင်နေသည့်မျက်ဝန်းနှင့် အကြည့်ချင်း ဆုံမိသည်တွင် မုန့်ယွင်လော်၏ နှလုံးသားလေးသည် ဗြောင်းဆန်သွားကာ ပါးပြင်သည်လည်း ရုတ်တရက် နီရဲသွာလေတော့သည်။

မုန့်ယွင်လော်က ရှေ့သိုလျှောက်လာပြီး အရိုအသေပေးလိုက်၏။ "အရှင်မင်းသားကို ဂါရဝပြုပါတယ်"

လီဟောက်က လက်လှမ်းကာ အသာလေးတွဲပေးလိုက်သည်။ သူ၏လက်ချောင်းဖျားများက မုန့်ယွင်လော်၏အင်္ကျီလက်စကို ထိမိလိုက်သည်နှင့် ချက်ချင်းဆိုသလို ပြန်ရုတ်သိမ်းထားလိုက်၏။ "မုန့်သခင်မလေး အားနာစရာမလိုပါဘူး"

မုန့်ယွင်လော်သည် မျက်လုံးကိုပင့်ကာ လီဟောက်ကို ကြည့်လိုက်ပြီး သူမ၏ပါးပြင်ကလဲ ပိုလို့ပင် နီရဲလာလေသည်။ "အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်"

"နောက်တရက်၊ နှစ်ရက်လောက်နေရင် ဒုတိယညီမတော်ရဲ့ အရွယ်ရောက်ပွဲ အခမ်းအနားရှိတယ်” လီဟောက်က အနည်းငယ် တိုးညှင်းသည့်လေသံဖြင့် ပြောလိုက်သည်။ "ဒီနေ့ ရောက်လာတာကတော့ မင်းကို နန်းတော်ထဲကို အခမ်းအနားလာတက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ။ အဲဒီ့နေ့မှာ အားရဲ့လား မသိဘူး"

မုန့်ယွင်လော်ကလဲ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်တော့သည်။ "အားတာပေါ့။ ကျွန်မ သေချာပေါက်သွားမှာပါ"

လီဟောက်က မျက်မှောင်ကြုတ်ကာ ပြုံးပြီးပြောလိုက်လေသည်။ "ကိုယ် မင်းကို လာကြိုပေးရမလား"

မုန့်ယွင်လော်၏မျက်ဝန်းများသည် တလက်လက် တောက်ပသွားပြီး သူမသည် စဥ်းစားမနေတော့ဘဲ ခေါင်းညိမ့်ပြလိုက်၏။ "ကောင်းပါပြီ"

ကွမ်းပင်းနယ်စားကတော်၏ နှုတ်ခမ်းထောင့်များကတော့ မသိမသာ ကွေးတက်သွားလေတော့သည်။

အရူးမလေး။ မင်္ဂလာတော င်မဆောင်ရသေးဘဲနဲ့ အိန္ဒြေဆယ်စမ်းပါ။ အိန္ဒြေလေး နည်းနည်းပိုဆယ်စမ်းပါ။.နားလည်ရဲ့လား။

....

အပိုင်း (၁၁၆) သတင်းစကား ပေးပို့ခြင်း (၂)

လုအိမ်တော်။

လီကျင့် ရောက်ရှိလာသည်နှင့် လုမောင်နှမများက အလိုက်တသိပင် ရှောင်ဖယ်ပေးကြကာ လက်မထပ်ရသေးသည့် စုံတွဲအား သီးသန့်ဆုံတွေ့ခွင့် ပေးလိုက်ကြ၏။

"ရှင်က ဘာလို့ လာပြန်တာတုန်း"

နားထောင်ရသည်မှာ အနည်းငယ် စိတ်ပျက်နေသည့် လေသံမျိုးပင်။

လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "ကိုယ် ဒီနေ့လာတာက ဖုဟွမ်ရဲ့ အမိန့်တော်နဲ့ လာတာပါ"

လုမင်ယွိ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အကြောင်းအရာတစ်ခုကို သတိရသွားကာ မေးလိုက်သည်။ "ကျင့်အန်းကုန်းကျူရဲ့ အရွယ်ရောက်ဆံထိုးတင်မင်္ဂလာပွဲ အတွက်များလား"

လီကျင့်က ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ မုန့်ကွေ့ဖေးက ဒုတိယညီမတော်ရဲ့ အရွယ်ရောက် ဆံထိုးတင်မင်္ဂလာပွဲကို စည်စည်ကားကား ဖြစ်စေချင်လို့ ဖုဟွမ်ကို လျှောက်တင်ပြီး နန်းတော်ထဲကို မဝင်ရသေးတဲ့ မင်းသားကြင်ရာတော် သုံးယောက်ကို အခမ်းအနား လာတက်ဖို့ ဖိတ်ခိုင်းတာ"

လက်ဆက်ရန် အမိန့်တော် ချမှတ်ပြီးဖြစ်သည့်အပြင် တင်တောင်းလက်ဆောင်များလည်း ပေးပို့ပြီးလေပြီ။ ဤထိမ်းမြားခြင်းကို ပြောင်းလဲနိုင်စရာ အကြောင်း လုံးဝမရှိတော့ပေ။ သာ့ဝေတိုင်းပြည်၏ ဓလေ့ထုံးတမ်းအရ အနာဂတ်တွင် ယောက်မတော်စပ်မည့်သူ၏ အရွယ်ရောက်ဆံထိုးတင်မင်္ဂလာပွဲကို အနာဂတ် ခယ်မတော်စပ်မည့်သူက တက်ရောက် ကြည့်ရှုခြင်းသည်လည်း သာမန် အဖြစ်အပျက်တစ်ခု ဖြစ်၏။

လုမင်ယွိက အသာညိတ်ခေါင်းလိုက်ပြီး ပြောလိုက်၏။ "ကောင်းပါပြီ။ နောက်ရက်နည်းနည်းကြာရင် ကျွန်မ နန်းတော်ထဲ ဝင်ခဲ့ပါ့မယ်"

လီကျင့်က ချက်ချင်းပင် ပြုံးကာ ပြောလိုက်၏။ "ကိုယ် လာကြိုမယ်လေ"

လုမင်ယွိက နာခံစွာဖြင့် ပြန်ပြောလိုက်သည်။ "ရှင် အားရင် လာကြိုပေါ့"

ပြောစရာရှိသည့် အရေးကြီးကိစ္စများ ပြီးဆုံးသွားသော်လည်း လီကျင့်သည် ပြန်မသွားဘဲ အေးအေးလူလူ ထိုင်နေရင်း ရေနွေးကြမ်းကို သောက်သုံးနေလေသည်။

လုမင်ယွိမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရပြီး သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ကာ ပြောလိုက်၏။ "သတင်းစကားလည်း ပြောပြီးပြီ။ ဘာလို့ မပြန်သေးတာတုန်း။ နေ့လယ်စာ ကပ်စားမလို့ ကြံနေတာလား" ထိုစကားများမှာ နည်းနည်းလေးမှ အားနာခြင်း မရှိသော်လည်း မသိလိုက် မသိဘာသာ ရင်းနှီးပွင့်လင်းမှုတို့က ပေါ်လွင်နေ၏။

သည်အချိန်အတောအတွင်း ကြိုးစားပမ်းစား အပင်ပန်းခံခဲ့ရမှုများက အချည်းနှီးမဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။

လီကျင့်၏ မျက်ဝန်းနက်နက်များထဲတွင် အပြုံးရိပ်တို့ ယှက်သန်းသွားပြီး ပြောလာ၏။ "စတုတ္ထသခင်မလေးက တကယ် ဉာဏ်ကောင်းတာပဲ။ တစ်ခါတည်းနဲ့ မှန်အောင် မှန်းနိုင်တယ်"

လုမင်ယွိမှာ "..."

လူတစ်ယောက် မျက်နှာပြောင်တိုက်လာပြီဆို တကယ် ဘာမှ ပြောစရာမရှိတော့ဘူး။

လုမင်ယွိသည် မတတ်သာတော့ဘဲ အမိန့်ပေးကာ မီးဖိုဆောင်ကို နေ့လယ်စာ စားပွဲတစ်ခင်း ပြင်ဆင်ခိုင်းလိုက်ရတော့၏။

လုအိမ်တော်အတွင်းရှိ ကြီးကြီးငယ်ငယ် အရေးကိစ္စဟူသမျှကို လုမင်ယွိထံ သတင်းပို့တင်ပြရပြီး သူမကပင် ဆုံးဖြတ်ချက် ချပေးရသည်။ လီကျင့်က တွယ်ကပ်ပြီး မပြန်ဘဲ နေနေသော်လည်း လုမင်ယွိသည်လည်း သူ့ကို စကားထိုင်ပြောပေးနေလောက်အောင် အားမနေပေ။ "ရှင် ရေနွေးကြမ်း အရင်သောက်ထားနှင့် ကျွန်မ အိမ်ကိစ္စတချို့ ရှင်းလိုက်ဦးမယ်"

လီကျင့်က ပြုံးရင်း "အင်း" ဟု တစ်ချက် ထူးလိုက်သည်။

မကြာမီပင် လုအိမ်တော်မှ အိမ်တော်ထိန်း ဆယ်ဦးကျော်ကို အတွင်းခန်းမဆောင်သို့ ခေါ်ယူလိုက်လေသည်။

ပြောရလျှင်ဖြင့် ထူးဆန်းလှ၏။ အခြားအိမ်တော်များတွင် အိမ်တော်ထိန်းချုပ် မိန်းမများသာ များပြားသော်လည်း လုအိမ်တော်သို့ ရောက်သောအခါတွင်တော့ အစေခံမိန်းကလေးများနှင့် အိမ်ဖော်မိန်းမကြီးများက မများပြားဘဲ အိမ်တော်ထိန်းများအားလုံးမှာ ယောက်ျားများသာ ဖြစ်နေကြသည်။ သူတို့၏ အသက်အရွယ်များမှာ များသောအားဖြင့် လေးဆယ် ငါးဆယ် ဝန်းကျင်တွင် ရှိကြပြီး ထို့အပြင် ရုပ်ရည်သွင်ပြင်များကလည်း အနည်းငယ် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

သူတို့ထဲမှ တစ်ယောက်မှာ လက်တစ်ဖက် ပြတ်နေသည်။ နောက်တစ်ယောက်မှာတော့ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ရာ ဓားဒဏ်ရာ တစ်ခု ရှိနေပြီး မျက်လုံးတစ်ဖက်ကလည်း ကွယ်နေ၏။ ကျန်ရှိသည့် အနည်းငယ်မှာလည်း ထိုနည်း၎င်းပင်။

သည်လူများအားလုံးမှာ လုလင်း၏ ကိုယ်ရံတော်တပ်သားများ ဖြစ်ကြပြီး စစ်မြေပြင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသဖြင့် တိုက်ပွဲ မဝင်နိုင်ကြတော့သူများ ဖြစ်ကြ၏။ ထို့ကြောင့် လုလင်းက သူတို့ကို အိမ်တော်ထဲတွင် တာဝန်တစ်ခုခု ယူစေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အိမ်တော်ထဲရှိ တာဝန်များမှာ အစေခံများကို အုပ်ချုပ်ထိန်းသိမ်းခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်း ကဲ့သို့သော ကိစ္စများသာ ဖြစ်ရာ သိပ်မတုံးအလွန်းလျှင် အချိန်ကာလ အနည်းငယ် လေ့ကျင့်ပေးလိုက်ရုံဖြင့် တာဝန် ထမ်းဆောင်နိုင်ကြပေသည်။

သူတို့သည် လုလင်းအပေါ် အလွန်အမင်း သစ္စာစောင့်သိကြသည့်နည်းတူ မိမိတို့၏ သခင်မလေးအပေါ်တွင်လည်း ထပ်တူထပ်မျှ သစ္စာရှိကြ၏။

လုမင်ယွိသည် ဘယ်သောအခါမှ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထား ကောင်းမွန်သူတစ်ဦး မဟုတ်ခဲ့ပေ။ သူ၏ မျက်ဝန်းအကြည့်တို့က တစ်ချက် ဝေ့ဝဲလိုက်ရုံမျှဖြင့် လူတိုင်းကို လေးစားရိုကျိုးစေနိုင်သော သြဇာအရှိန်အဝါတို့က ပေါ်လွင်နေလေသည်။ ဤသည်မှာ အိမ်ရှေ့စံကြင်ရာတော် ဖြစ်ခဲ့ဖူးပြီး အလယ်နန်းဆောင် မိဖုရားခေါင်အဖြစ် နေထိုင်ခဲ့ဖူးရာမှ မွေးမြူရရှိခဲ့သော ဂုဏ်ပုဒ်ပင် ဖြစ်၏။

အိမ်တော်ထိန်းများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ စည်းဝါးလွတ် မပြုမူရဲကြဘဲ စည်းကမ်းတကျ ရပ်နေရင်းသာ ပြန်လည် လျှောက်တင်ကြရသည်။

လုမင်ယွိသည် အိမ်တွင်းမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် လျင်မြန်တိကျလှပြီး စကားများများစားစား မပြောဘဲ ပြောလိုက်တိုင်းကလည်း ပြတ်သားလှ၏။ နာရီဝက်ကျော်ကျော် အချိန်အတွင်းမှာပင် တစ်နေ့တာ၏ အရေးကိစ္စများကို သေသပ်စွာ ဖြေရှင်းပြီးစီးသွားလေသည်။

သည်အချိန်အတောအတွင်း လီကျင့်သည် ရေနွေးကြမ်း တစ်အိုး သောက်သုံးခဲ့ပြီး မုန့်ပဲသွားရည်စာ တစ်ပန်းကန်၏ တစ်ဝက်ခန့်ကို စားသုံးခဲ့သည့်အပြင် အပြင်သို့ပင် နှစ်ကြိမ်တိုင်တိုင် ထွက်ကာလမ်းလျှောက်ခဲ့သေးသည်။

လုမင်ယွိသည် အိမ်တွင်းကိစ္စများ ဖြေရှင်းပြီးစီးသွားသောအခါ ပါးစပ် ဖွင့်ကာ နောက်ပြောင်ကျီစယ်လိုက်လေသည်။ "မင်းသားက မနက်စာ မစားလာဘူးလား"

လီကျင့်ကလည်း နည်းနည်းလေးမှ ရှက်ရွံ့သည့် အရိပ်အယောင် မပြဘဲ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး ပျင်းနေတော့ အပျင်းပြေ စားလိုက်သောက်လိုက် လုပ်နေရတာ"

လုမင်ယွိသည် မျက်နှာပြောင်လှသော မိမိ၏စေ့စပ်ထားသူကို ဘာမှမတတ်နိုင်တော့ဘဲ ထရပ်လိုက်ပြီး ပြောလိုက်တော့သည်။ "ကျွန်မတို့ အိမ်တော်ထဲမှာ ပတ်လမ်းလျှောက်ရအောင်။ အရှင်မင်းသားလည်း အစာကြေသွားအောင်လေ။ မဟုတ်ရင် နေ့လယ်စာ စားမဝင်ဘဲ နေဦးမယ်"

လီကျင့်က တိုးတိုးလေး ရယ်မောလိုက်ပြီး လျင်မြန်စွာပင် ထလိုက်လေသည်။

ဥယျာဉ်ထဲသို့ ဝင်ရောက်သွားသောအခါ လီကျင့်က အလွန်သဘာဝကျစွာပင် သူ့လက်ကို ဆန့်တန်းပေးလိုက်သည်။

လုမင်ယွိက လီကျင့်ကို တစ်ချက် ကြည့်လိုက်၏။

လီကျင့်၏ မျက်နှာကတော့ အေးဆေးတည်ငြိမ်သော ဟန်ပန် ဖြစ်နေသည်။

ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် အရင်တစ်ခေါက်ကတည်းက တစ်နေကုန်နီးပါး လက်တွဲခဲ့ပြီးပြီပဲ။ အခုမှ ပိုပြီး ဟန်လုပ်နေစရာ လိုမှမလိုတာ။

လုမင်ယွိသည် နှုတ်ခမ်းကို အသာ စြေထားလိုက်ပြီး သူမ၏လက်ကို လီကျင့်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

လီကျင့်သည် အသံမထွက်ဘဲ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားအောင် ပြုံးလိုက်ပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်၏။

ဤတစ်ကြိမ်တွင်တော့ သူက သူမ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်း မရှိဘဲ ညင်ညင်သာသာလေးသာ ဆုပ်ကိုင်ထားလေသည်။

"စစ်တိက အကျယ်ချုပ် ၅ရက် ဒဏ်ပေးခံရပြီး ဝမ်ဟွာနန်းဆောင်ကို သွားပြီး ဖုဟွမ်ကို တောင်းပန်ခဲ့တယ်။ ဖုဟွမ်က သူ့မှာ စေတနာမှန်တာကို တွေ့တော့ သူ့ကို ခွင့်လွှတ်လိုက်ပြီ။" လီကျင့်က နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြလာသည်။ "ငါတို့ ညီအစ်ကိုတွေကလည်း ဒီရက်ပိုင်းမှာ အထူးတလည် သင့်မြတ်အဆင်ပြေနေကြတယ်"

လုမင်ယွိက အဓိပ္ပာယ်နက်နဲစွာဖြင့် "ဪ" ဟု တစ်လုံးတည်း ဆိုလိုက်သည်။

ဟုတ်သားပဲ။ အခု သာ့ဝေတိုင်းပြည်ရဲ့ နယ်မြေက ပြည့်စုံတယ်လို့တောင် မရှိသေးဘူး။ ယန်နဲ့ချူကို တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်ပွဲကြီးတစ်ခုလုံးကလည်း ကျန်နေသေးတယ်။ အိမ်ရှေ့စံ တင်မြှောက်ဖို့က အများကြီး လိုပါသေးတယ်။ မင်းသားတွေက ဘယ်သူမှ မတုံးကြဘူး။ ညီအစ်ကိုတွေ ချစ်ချစ်ခင်ခင် ရှိတဲ့ပုံစံကို ပြရမှာပေါ့။

လီကျင့်နှင့် လုမင်ယွိတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဆုံလိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး၏ စိတ်ထဲမှ အတွေးများကို အထင်းသား သိမြင်နေကြသဖြင့် အလိုက်တသိပင် စကားလမ်းကြောင်း လွှဲလိုက်ကြ၏။

အချို့သော အကြောင်းအရာများမှာ ထုတ်ဖော်ပြောဆိုရန် မလိုအပ်ဘဲ သူတို့နှစ်ဦးလုံးက ရှင်းလင်းစွာ သိရှိနေကြပြီး ဖြစ်သည်။

အိမ်ရှေ့စံ ရာထူးနေရာကို မလုယူလို့ မဖြစ်ဘူး။

အရင်ဘဝက သွေးကြွေးကိုလည်း မဆပ်လို့ မဖြစ်ဘူး။

"လီဟောက် ဒီရက်ပိုင်း ဘယ်လိုနေသေးလဲ" လုမင်ယွိက စကားစပ်မိပြီး သတိတရ မေးလိုက်သည်။

လီကျင့်က ပြန်ဖြေလိုက်သည်။ "နည်းနည်းလေးမှ မကျေမနပ် ဖြစ်တဲ့ပုံ မပေါ်ဘူး သူ့ရဲ့စေ့စပ်ပွဲကို တော်တော်လေး ကျေနပ်နေတဲ့ပုံ ပြနေတာ" ပြောနေရင်းကပင် လုမင်ယွိရှိရာသို့ ခေါင်းလှည့်ကာ ကြည့်လိုက်၏။

လုမင်ယွိက အကြည့်ကို မလွှဲဖယ်ဘဲ ပြန်ပြောလိုက်၏။ "ရှင် ကျွန်မကို ဘာလို့ ကြည့်နေတာလဲ။ ကျွန်မ သူ့အပေါ်မှာ သံယောဇဉ် မပြတ်သေးဘူးလားလို့ ကြည့်ချင်လို့လား"

လီကျင့်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး " မဟုတ်တာ။ မင်းရဲ့စိတ်ဓာတ်နဲ့က ရဲရဲတင်းတင်း ဆုံးဖြတ်နိုင်သလို ပြတ်ပြတ်သားသားလည်း စွန့်လွှတ်နိုင်တာပဲ။ မင်းသာ ပြန်လှည့်ချင်ခဲ့ရင် အခုအချိန်ထိ စောင့်နေမှာ မဟုတ်ဘူး"

စကားကိုတော့ ဒီလို ပြောလိုက်ရပေမယ့် စိတ်ထဲမှာတော့ တကယ် မခံနိုင်အောင် ချဉ်တူးတူး ဖြစ်နေတာကို ရှောင်လို့မရဘူးပဲ။

အရင်တုန်းက လုမင်ယွိနဲ့ လီဟောက်တို့ ဘယ်လောက်တောင် ချစ်ကြကြင်နာကြသလဲဆိုတာ သူ အသိဆုံးပဲလေ။

လုမင်ယွိက ခပ်အေးအေး လေသံဖြင့် ဆိုလိုက်လေသည်။ "လီဟောက်လို လူစားမျိုးနဲ့က သူက စိတ်ထဲမှာ သေချာပေါက် အငြိုးအတေး ထားမှာပဲ။ အထူးသဖြင့် ရှင့်ကိုပေါ့။ ရှင် နောက်ပိုင်း ဘာပဲလုပ်လုပ် သတိပိုထားပါ"

လီကျင့်၏ စိတ်ထဲတွင် ဝမ်းမြောက်ကြည်နူးမှုတို့က လှိုင်းလုံးကြီးတစ်ခုပမာ ရိုက်ခတ်သွားပြီး " မေးလိုက်သည်။ ရှောင်ယွိ မင်း... မင်း အခု ကိုယ့်ကို စိတ်ပူပေးနေတာလား"

လုမင်ယွိသည် သူ့ကို ကြည့်လည်း မကြည့်သလို အသံလည်း ထွက်မလာခဲ့ပေ။

လီကျင့်၏ စိတ်အစဉ်သည် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်လျှံသွားကာ ရေကန်ကျယ်ကြီးတစ်ခု လှုပ်ခတ်သွားပြီး နွေဦး၏ လှိုင်းတံပိုးလေးများ ဖြစ်ပေါ်သွားသကဲ့သို့ ဖြစ်သွားပြီး ပြောလိုက်တော့သည်။ "စိတ်ချပါ။ ကိုယ် သတိထားပါ့မယ်"

...

"ငါ ဗိုက်ဆာလှပြီ" လုအိမ်တော်၏ ထမင်းစားခန်းထဲတွင် လုရွှမ်းက တိုးတိုးလေး ညည်းညူနေသည်။ "စစ်မေ့နဲ့ ဒုတိယမင်းသားတို့ ဥယျာဉ်ထဲ လမ်းလျှောက်ထွက်သွားကြတာ မဟုတ်ဘူးလား။ ဘာလို့ အခုထိ ထမင်းစားခန်းကို ပြန်မလာသေးတာတုန်း"

လုမင်ယွဲ့က ပြုံးရင်း လုရွှမ်း၏ ခေါင်းကြီးကို တစ်ချက် ခေါက်လိုက်ကာ ပြောလိုက်၏။ "ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပါဦး" ဟု

လုမင်ဟွားက နှုတ်ခမ်းကိုစေ့ထားကာ ပြုံးလိုက်ပြီး "အရှင်မင်းသားက နန်းတော်ထဲကနေ လုအိမ်တော်ကို လာရတာ လွယ်တာမှ မဟုတ်တာ။ ညီမလေးနဲ့ နှစ်ယောက်တည်း သီးသန့် စကားပြောချင်တော့ အချိန်တွေ မေ့သွားတာမျိုးလည်း ဖြစ်နိုင်တာပေါ့။ ခဏနေ သူတို့ ရောက်လာတဲ့အခါ နင်တို့တွေ သွားမစကြနဲ့ဦး။ မတော်လို့ အရှင်မင်းသားက ရှက်တတ်တဲ့သူ ဖြစ်နေရင် အားနာနေဦးမယ်"

ဒုတိယမင်းသားက နည်းနည်းလေးမှ ရှက်တတ်တဲ့ပုံ ပေါက်တာမှ မဟုတ်တာ။

လုရွှမ်းသည် စိတ်ထဲမှ တိတ်တိတ်ကလေး ဝေဖန်လိုက်သော်လည်း ပါးစပ်ကတော့ ထိန်းချုပ်ထားလိုက်နိုင်ပေသည်။

ရေနွေးကြမ်းတစ်ခွက် သောက်ပြီးသွားချိန်အထိ ထပ်စောင့်ဆိုင်းပြီးနောက်တွင်တော့ လူငယ်လေး တစ်ဦးနှင့် မိန်းမပျိုလေး တစ်ဦးတို့၏ ပုံရိပ်နှစ်ခုသည် နောက်ဆုံးတော့ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။

လုမင်ယွိသည် သာမန် အိမ်နေရင်း ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး တမင်တကာ ပြင်ဆင်ထားခြင်း မရှိပေ။ သို့သော် အဘယ်ကြောင့်မှန်း မသိဘဲ သူမ၏ ပါးပြင်လေးများမှာ ထူးကဲစွာ ကြည်လင်ဝင်းပနေပြီး နက်မှောင်သော မျက်ဝန်းတစ်စုံကလည်း အထူးပင် တောက်ပနေ၏။

သူမဘေ’ ဒုတိယမင်းသားသည်လည်း ထိုနည်း၎င်းပင်။ သူ၏ဝတ်စားဆင်ယင်မှုမှာ ထူးခြားချက် တစ်စုံတစ်ရာ မရှိသော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားကာ ထင်ပေါ်တောက်ပပြီး မျက်စိကျိန်းလောက်အောင် ဖြစ်နေလေသည်။

သူတို့နှစ်ဦး ဘေးချင်းယှဉ်တွဲကာ ရပ်နေကြပုံမှာ တောက်ပစွာ လင်းလက်နေသည့် ပုလဲရတနာ တစ်စုံအလား ထည်ဝါခန့်ညားသော အသွင်အပြင်တို့ဖြင့် ပြည့်စုံနေ၏။

လုမင်ဟွားက ထိုင်ရာမှ ကမန်းကတန်း ထပြီး အရိုအသေ ပေးရန် ပြင်လိုက်သည်။

လီကျင့်က ပြုံးရင်း ပြောလာလေသည်။ "ဒီလို ပကာသန ဓလေ့ထုံးစံတွေ လိုက်နာနေစရာ မလိုပါဘူး။ ကျွန်တော် ဒီနေ့ မျက်နှာပြောင်တိုက်ပြီး နေ့လယ်စာ ကပ်စားမလို့ နေခဲ့တာ။ မင်းတို့လည်း ခါတိုင်းလိုပဲ သက်တောင့်သက်သာ နေကြပါ။ တကယ်လို့ အားနာတုံ့ဆိုင်းနေကြရင် ကျွန်တော် နောက်တစ်ခါ လာဖို့ မျက်နှာရှိတော့မှာ မဟုတ်ဘူး"

စကားတစ်ခွန်းကပင် ပျော်ရွှင်ဖွယ်ရာနှင့် ဟာသရသ နှောနေလေသည်။

လုရွှမ်းသည် ချက်ချင်းပင် ပြုံးဖြီးကာ ရယ်လိုက်ပြီး "စစ်ကျဲဖူ မြန်မြန် ထိုင်ပါ"

လုမင်ယွိက ပြုံးရင်း လုရွှမ်းကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။

လီကျင့်သည် စစ်ကျဲဖူ ဟူသော ခေါ်ဝေါ်သံကို ကြားလိုက်ရသောအခါ သူ၏ မျက်မှောင်များက ချက်ချင်း ပြေလျော့သွားပြီး ရယ်မောလိုက်ကာ ပြောလိုက်လေတော့သည်။ "ကျေးဇူးတင်ပါတယ် လျို့တိ"

...

အပိုင်း (၁၁၇) အခမ်းအနား တက်ရောက်ကြည့်ရှုခြင်း (၁)

နေ့လယ်ခင်းအချိန်တွင် လီကျင့်သည် လုအိမ်တော်မှ နန်းတော်သို့ ပြန်လာခဲ့၏။

တိုက်ဆိုင်လှသည်ဟု ဆိုရမည်ပင်။ နန်းတော်တံခါးဝ အပြင်ဘက်သို့ ရောက်သောအခါ စတုတ္ထမင်းသားနှင့် ပက်ပင်းတိုးလေသည်။

"အာ့ကော" စတုတ္ထမင်းသားက ရင်းရင်းနှီးနှီးပင် ခေါ်လိုက်၏။

လီကျင့်က ပြုံးရင်း ထူးလိုက်ပြီး စတုတ္ထမင်းသားနှင့်အတူ နန်းတော်တံခါးမကြီးအတွင်းသို့ ခြေလှမ်းဝင်ခဲ့ကြသည်။

"ဒီနေ့ ကျွန်တော် ကျောက်အိမ်တော်ကို သွားတာ နေ့လယ်စာ စားဖို့ ခေါ်ထားခံလိုက်ရတယ်” စတုတ္ထမင်းသားက ပြုံးရင်း ဆိုလေသည်။ "အာ့ကောက ဒီနေ့ လုအိမ်တော်မှာ နေ့လယ်စာ စားခဲ့တာလား"

လီကျင့်က ပြုံးရင်း "အင်း" ဟု တစ်ချက် ပြန်ဖြေလိုက်၏။

စတုတ္ထမင်းသားသည် နှုတ်သွက်လျှာသွက်ရှိပြီး စကားပြောရသည်ကိုလည်း ကြိုက်လေသည်။ လီကျင့်က ထပ်ဆင့်မေးမြန်းရန်ပင် မလိုဘဲ သူ၏ ယနေ့ ဖူယန်အမတ်အိမ်တော် ခရီးစဉ်အကြောင်းကို လီကျင့်အား ပြောပြလေတော့သည်။ "ဦးလေးက အိမ်တော်မှာ မရှိဘူး။ အဒေါ်ကတော့ ကျွန်တော့်အပေါ်မှာ ဘယ်လောက်တောင် ရင်းနှီးပြလဲ မပြောနဲ့တော့။ 'ယောက္ခမက သမက်ကို ကြည့်လေ ကြည့်လေ ချစ်စရာကောင်းလေ' ဆိုတာ ဘာကိုခေါ်လဲ အခုမှ ကျွန်တော် သိတော့တယ်"

လီကျင့်က ပြုံးရင်း နောက်ပြောင်လိုက်သည်။ "မင်းကတော့ ကောင်းကျိုးချမ်းသာထဲ ရောက်နေပြီး ကောင်းမှန်းမသိ ဖြစ်နေတာပဲ"

စတုတ္ထမင်းသားက သွားဖြဲကာ ရယ်လိုက်ပြီး "ကျွန်တော်နဲ့ ယွီပြောင်ကျဲ (ဝမ်းကွဲအစ်မ)က အတူတူ ကြီးပြင်းလာကြတာ တစ်ယောက်အကြောင်း တစ်ယောက် ရင်းနှီးပြီးသား။ တကယ်တော့ သူ့ကို ဇနီးအဖြစ် လက်ထပ်ရမယ်ဆိုတာ ကျွန်တော်က အစောကြီးကတည်းက သိပြီးသားပါ။ သူက နည်းနည်းတော့ တုံးအပေမယ့် ကျွန်တော့်အပေါ်ထားတဲ့ သူ့ရဲ့စိတ်ကတော့ အမှန်အကန်ပဲ။ ဒါကြောင့် ကျွန်တော်လည်း သူ့ကို လက်ထပ်ဖို့ ဆန္ဒရှိပါတယ်"

စတုတ္ထမင်းသား၏ အမြင်တွင်တော့ အနာဂတ်၏ ဇနီးသည်က မိမိအပေါ် တစ်စိတ်တစ်ဝမ်းတည်း ရှိနေလျှင် လုံလောက်ပြီ ဖြစ်၏။ အလွန်အမင်း ဉာဏ်ကောင်းလွန်းပြီး ထက်မြက်လွန်းသော မိန်းမပျိုမျိုးကို သူက ထိန်းချုပ်နိုင်မည် မဟုတ်သလို အလိုက်သင့်လည်း နေထိုင်နိုင်မည် မဟုတ်ပေ။

ထို့ထက်စာလျှင် ဦးရီးတော်၏ သမီး အစ်မဝမ်းကွဲတော်စပ်သူကို မင်းသားကြင်ရာတော်အဖြစ် လက်ထပ်လိုက်ခြင်းက ပိုပြီး ကောင်းမွန်ပေလိမ့်မည်။ ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ရသည့် သံယောဇဉ်လည်း ရှိသည့်အပြင် တုံးတုံးအအ နိုင်သော အစ်မဝမ်းကွဲကလည်း သူ့အပေါ် ကောင်းမွန်လှသည်။ မယ်တော်ကြီးကျောက်ကိုလည်း ဝမ်းမြောက်စေနိုင်ပြီး ဖူယန်အမတ်ကိုလည်း မိမိ၏ အထောက်အပံ့အင်အားအဖြစ် ဆွဲဆောင်စည်းရုံးနိုင်သေး၏။

ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်မက ပြတ်သော မင်္ဂလာကိစ္စကြီးတစ်ခုပင်။

မျက်နှာတစ်ခုလုံး ဝမ်းမြောက်ပီတိ ဖြစ်နေသော စတုတ္ထမင်းသားကို ကြည့်ရင်း လီကျင့်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

မုန်လာဥနှင့် မုန်ညင်းစိမ်း အားလုံးက ကိုယ်စီနှစ်သက်မှုများ ရှိနေသည်ပင်။

စတုတ္ထမင်းသား၏ မျက်လုံးများက လှည့်ပတ်သွားပြီး ရုတ်တရက် အသံတိုးတိုးဖြင့် ရယ်မောကာ ဆိုလိုက်သည်။ "စန်းကော ဒီနေ့ မုန့်အိမ်တော်ကို သွားတာ ဘယ်လိုနေလဲ မသိဘူးနော်"

လီကျင့်၏ အပြုံးက မပြောင်းလဲဘဲ ရှိနေသည်။ "မင်း စိတ်ထဲမှာ စပ်စုချင်နေရင် သူ့ကို သွားမေးကြည့်လိုက်ရင် သိရမှာပေါ့"

စတုတ္ထမင်းသား "..."

စတုတ္ထမင်းသားသည် ရက်ပေါင်းများစွာတိုင်အောင် စိတ်ထဲတွင် မြိုသိပ်ထားခဲ့ရပြီး ယနေ့တွင် ခဲယဉ်းစွာ အခွင့်အရေး ရလာခဲ့သဖြင့် လျင်မြန်စွာပင် ထုတ်ပြောလိုက်၏။ "အာ့ကော စန်းကောက အရင်တုန်းက စတုတ္ထသခင်မလေးလုကို သဘောကျခဲ့တဲ့ကိစ္စ နန်းတော်ထဲမှာ သိတဲ့လူ မနည်းဘူးနော်။ အာ့ကောနဲ့ စန်းကောတို့ စတုတ္ထသခင်မလေးလုအတွက်နဲ့ လက်တောင် ပါခဲ့ကြသေးတယ်"

"အခု အာ့ကောနဲ့ စတုတ္ထသခင်မလေးလုတို့က စေ့စပ်လိုက်ကြပြီ။ စန်းကောကလည်း နည်းနည်းလေးမှ မကျေမနပ် ဖြစ်တဲ့ပုံ မပြဘူး။ အာ့ကောက စန်းကော စိတ်ထဲကနေ တိတ်တိတ်ကလေး အငြိုးထားမှာကို မကြောက်ဘူးလား"

လီကျင့်က စကားများလှသော စတုတ္ထမင်းသားကို မဲ့ပြုံးပြုံးသလို တစ်ချက်လှမ်းကြည့်လိုက်ကာ "မင်းက အပျော်အပါးလိုက်စားတာ စပ်စုတာ ကြိုက်မှန်း ငါ သိပါတယ်။ မဟုတ်လို့ တခြားလူသာဆိုရင် မင်းကို တမင်သက်သက် သွေးထိုးလှုံ့ဆော်နေတယ်လို့ သေချာပေါက် ထင်သွားမှာပဲ"

စတုတ္ထမင်းသားသည် မျက်နှာပြောင်လှသဖြင့် လီကျင့်၏ ဤသို့သော နောက်ပြောင်ကျီစယ်မှုကို ခံရသော်လည်း မျက်နှာမရဲဘဲ မျက်နှာပြောင်တိုက်ကာပင် ဆက်ပြီး မေးမြန်းလိုက်သည်။ "အာ့ကောကရော။ စိတ်ထဲမှာ နည်းနည်းလေးမှ အစိုင်အခဲ မဖြစ်ဘူးလား"

လီကျင့်က ပြတ်ပြတ်သားသားပင် စကားနှစ်လုံးတည်းဖြင့် ပြန်ဖြေလိုက်၏။ "မဖြစ်ဘူး"

စတုတ္ထမင်းသား၏ မျက်နှာကတော့ မယုံကြည်နိုင်သော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်လို့နေသည်။

လီကျင့်သည်လည်း အသေးစိတ် ရှင်းပြရန် အစီအစဉ် မရှိဘဲ သူ၏ နန်းဆောင်သို့ လျင်မြန်စွာ ပြန်သွားလေသည်။

စတုတ္ထမင်းသားက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ စိတ်မထိန်းနိုင်တော့ဘဲ ကျင့်ရန်နန်းဆောင်သို့ ထွက်ခွာသွားလေ၏။

"စန်းကော" စတုတ္ထမင်းသားက ရင်းနှီးစွာ ခေါ်လိုက်ပြီး ပြုံးရင်း နောက်ပြောင်လိုက်သည်။ "အစ်ကို မုန့်အိမ်တော်ကို သွားတာ ယောက္ခမလောင်းကြီးက နေ့လယ်စာ စားဖို့ မတားထားလိုက်ဘူးလား"

လီဟောက်က နှစ်လိုဖွယ် ပြုံးလိုက်ပြီး "မင်းက ငါ့ကို မင်းလို မျက်နှာပြောင်တဲ့ကောင်လို့ ထင်နေတာလား။ ယောက္ခမအိမ်မှာ နေ့လယ်စာ မစားရမချင်း ကပ်စားပြီးမှ နန်းတော်ကို ပြန်လာရမယ် ဆိုတာမျိုး"

စတုတ္ထမင်းသားက ရယ်မောရင်း ပြောလေသည်။ "ကျွန်တော် တစ်ယောက်တည်းမှ မဟုတ်တာ။ အာ့ကောကလည်း လုအိမ်တော်မှာ နေ့လယ်စာ စားပြီးမှ ပြန်လာတာ။ ကျွန်တော် ခုနက နန်းတော်တံခါးဝမှာ အာ့ကောနဲ့ တွေ့ခဲ့တယ်။ အာ့ကောက မျက်နှာမှာ အပျော်တွေ ဝေနေတာ"

လီဟောက်၏ အပြုံးမှာ အနည်းငယ် တန့်သွားလေသည်။

စတုတ္ထမင်းသားက လီဟောက်ကို အမူအရာမပျက် စိုက်ကြည့်နေ၏။

လီဟောက်သည် လျင်မြန်စွာပင် မူလအတိုင်း ပြန်ဖြစ်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုလိုက်သည်။ "စစ်တိ မင်းက တကူးတက ငါ့ဆီကို လာတာ ဒီစကားတွေ ပြောဖို့ပဲလား။ ဒါမှမဟုတ် ဒီအခွင့်အရေးကို အသုံးချပြီး ငါနဲ့ အာ့ကောကြားမှာ စိတ်ထဲ အငြိုးအတေးတွေ ရှိမရှိ လာစမ်းစစ်ချင်တာလား"

စတုတ္ထမင်းသားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "ကျွန်တော်က ပါးစပ်ထဲ ရှိတာ လျှောက်ပြောလိုက်တာပါ။ စန်းကော ပြောချင်ရင် ပြောလေ။ မပြောချင်ရင်လည်း ကျွန်တော် လုံးဝ ထပ်မမေးတော့ဘူး"

အမှန်စင်စစ်တွင်တော့ သူ၏ စိတ်ထဲ၌ ကြောင်လက်သည်းများဖြင့် ကုတ်ခြစ်နေသကဲ့သို့ပင် ရှိနေလေသည်။

အတင်းအဖျင်း ပြောဆိုခြင်းကို နှစ်သက်ပြီး ပွဲကြည့် ပရိသတ် လုပ်ရသည်ကို ကြိုက်နှစ်သက်သော လူရွယ်တစ်ဦးအတွက်တော့ ကြီးမားသော သတင်းထူးကြီးတစ်ခုက ဘေးနားတွင် ရှိနေပါလျက် မစားသုံးနိုင်သည့် ခံစားချက်မှာ အလွန်တရာမှပင် နာကျင်ခံခက်ဖွယ် ကောင်းလှ၏။

လီဟောက်၏ အမူအရာမှာ ခပ်အေးအေးပင်။ "ငါ မပြောချင်ဘူး"

စတုတ္ထမင်းသားမှာ "..."

...

မျက်စိတစ်မှိတ်အတွင်းမှာပင် ၅ရက်တာ ကုန်ဆုံးသွားခဲ့လေသည်။

သည်နေ့သည် ကျင့်အန်းကုန်းကျူ၏ အရွယ်ရောက် ဆံထိုးတင်မင်္ဂလာပွဲ ကျင်းပမည့် နေ့ပင် ဖြစ်လေသည်။

ကောင်းကင်ယံ မိုးစင်စင် လင်းသည်နှင့် ပထမမင်းသားနှင့် ပထမမင်းသား ကြင်ရာတော်တို့သည် နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။

မုန့်ကွေ့ဖေးသည် ပထမမင်းသားကြင်ရာတော်ကို မျက်နှာသာ မပေးဘဲ နေရာတိုင်းတွင် ကြည့်ပြီး အဆင်မပြေ ဖြစ်နေလေသည်။ သူမ၏ အကြည့်တို့က ခပ်လျော့လျော့ တစ်ချက် ဝေ့ဝဲလိုက်ပြီး ဆိုလေသည်။ "လျန်ရှီ ဒီနေ့က ကျင့်အန်းရဲ့ အရွယ်ရောက် ဆံထိုးတင်မင်္ဂလာပွဲနေ့။ မင်းက ဘာလို့ ဒီလောက်တောင် တောက်ပလွန်းတာကို ဝတ်လာရတာလဲ။ ကျင့်အန်းရဲ့ အရှိန်အဝါကို လာလုချင်တာလား"

ပထမမင်းသားကြင်ရာတော်က ခေါင်းကို အနည်းငယ် ငုံ့ထားပြီး နူးညံ့သောအသံဖြင့် ရှင်းပြလိုက်သည်။ "မူဖေးကို ပြန်လျှောက်ပါတယ်။ အာရှီ စဉ်းစားမိတာက ဒီနေ့က ညီမတော်ရဲ့ အရွယ်ရောက် ဆံထိုးတင်မင်္ဂလာပွဲဆိုတော့ တောက်ပတာလေး ဝတ်လိုက်ရင် မင်္ဂလာရှိတဲ့ပုံ ပိုပေါက်မယ် ထင်လို့ပါ။ တကယ်လို့ မူဖေး ကြည့်ရတာ မကြိုက်ဘူးဆိုရင် အာရှီ အခုပဲ သွားပြီး ပိုပြီး ရိုးရိုးရှင်းရှင်း ဖြစ်တာ တစ်စုံ သွားလဲလိုက်ပါ့မယ်"

ယောက္ခမတော်စပ်သူ၏ အနိုင်ကျင့် ဗိုလ်ကျမှုများကို အမြဲတစေ ခံနေရသဖြင့် ပထမမင်းသားကြင်ရာတော်ထံတွင်လည်း ရင်ဆိုင်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှိနေပြီးသားပင်။ ဥပမာအားဖြင့် ယနေ့ နန်းတော်ထဲ ဝင်လာရာတွင် ဝတ်စုံ၃ စုံကို အပြည့်အစုံ ယူဆောင်လာခဲ့ပြီး ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်နှင့် ပေါင်းလျှင် စုစုပေါင်း ၄ စုံ ဖြစ်လေသည်။

မုန့်ကွေ့ဖေးသည် နူးညံ့သိမ်မွေ့ဟန် ပေါက်နေသော အာရှီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး နှာခေါင်းကို တစ်ချက် ရှုံ့ကာ ဆိုလိုက်သည်။ "ထားလိုက်တော့။ ရှိပါစေတော့"

ပထမမင်းသားကြင်ရာတော်က နူးညံ့စွာ "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေရင်း ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေလိုက်၏။

ပထမမင်းသားသည်လည်း မုန့်ကွေ့ဖေးကို ဘာမှမတတ်နိုင်သဖြင့် မိမိ၏ ဇနီးသည်ကို နှစ်သိမ့်သည့်အနေဖြင့် တစ်ချက် ကြည့်လိုက်ရုံသာ တတ်နိုင်လေသည်။

ပထမမင်းသားကြင်ရာတော်က နူးညံ့သော အပြုံးဖျော့ဖျော့လေး တစ်ခုဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

ကံကောင်းသည်မှာ မုန့်ကွေ့ဖေး၏ ယနေ့ စိတ်အာရုံအားလုံးသည် ကျင့်အန်းကုန်းကျူ၏ အပေါ်၌သာ ရှိနေပြီး ပထမမင်းသားကြင်ရာတော်ကို အပြစ်ရှာ စကားနာထိုးရန် အချိန်မရှိခြင်းပင်။ ယနေ့ အရွယ်ရောက် ဆံထိုးတင်မင်္ဂလာပွဲ ကျင်းပမည့် နေရာမှာ ကျင့်အန်းကုန်းကျူ၏ နန်းဆောင်တွင်ပင် ဖြစ်၏။

မယ်တော်ကြီးကျောက်သည် ဘွားတော်အဖြစ် တက်ရောက်ရမည် ဖြစ်သော်လည်း လောလောဆယ်တွင် ရောက်ရှိမလာသေးပေ။

ချောင်မိဖုရားခေါင်သည်လည်း ရောက်မလာသေးပေ။

သို့ရာတွင် တော်ဝင်မျိုးနွယ်စုမှ အမျိုးသမီးများကတော့ အားလုံး ရောက်ရှိနေကြလေပြီ။ အမှန်တကယ်တွင်တော့ သူတို့သည် ယခင် လီမျိုးနွယ်စုဝင်များပင် ဖြစ်ကြသည်။ လီယွမ် ဧကရာဇ် ဖြစ်လာခဲ့သောကြောင့် လီမျိုးနွယ်စု တစ်ခုလုံးသည်လည်း တော်ဝင်မျိုးနွယ် ဖြစ်လာခဲ့၏။ 'လူတစ်ယောက် တန်ခိုးထွားသော် ကြက်ခွေးပါမကျန် ကောင်းစားသည်' ဟူသော စကားပုံသည် အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိပေ။

လီမျိုးနွယ်စု အရင်းအခြာများထဲတွင် အနီးစပ်ဆုံးသော မျိုးနွယ်များမှာ များသောအားဖြင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခံထားရလေသည်။

မုန့်ကွေ့ဖေးသည် လီယွမ်၏ အသည်းနှလုံးသဖွယ် ဖြစ်ကြောင်း မည်သူက မသိဘဲ ရှိမည်နည်း။ ကျောင်းဖန်နန်းဆောင်တွင် ထိုင်နေသော ချောင်မိဖုရားခေါင်နှင့် နှိုင်းယှဉ်ပါက မုန့်ကွေ့ဖေးသည် ပိုလို့ပင် ပြစ်မှားလို့ မဖြစ်သောသူ တစ်ဦး ဖြစ်၏။ ထို့အပြင် ဧကရာဇ်ကလည်း အိမ်ရှေ့စံကို မတင်မြှောက်သေးဘဲ ထားလေသည်။ ပထမမင်းသား၏ အရှိန်အဝါက ဤမျှလောက် ပြင်းထန်နေသဖြင့် အကင်းပါးသော လူအများသည် သဘာဝအတိုင်းပင် မုန့်ကွေ့ဖေးနှင့် သားအမိကို မျက်နှာကောင်းရအောင် ဆက်ဆံချင်ကြသည်သာ ဖြစ်၏။

မျိုးနွယ်စု အမျိုးသမီးများ အားလုံး၏ အလယ်တွင် လူနှစ်ယောက်မှာ အထူးပင် ထင်ပေါ်နေလေသည်။

ထိုသူတို့ထဲမှ တစ်ဦးမှာ တုံးပင်ကျွင်းဝမ်ဖေးပင်။

တုံးပင်ကျွင်းဝမ်သည် ယုံးကျားဧကရာဇ်၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ ဖြစ်၏။ ယုံးကျားဧကရာဇ် နန်းတက်ပြီးနောက် တော်ဝင်မျိုးနွယ်စုရေးရာရုံးကို တည်ထောင်ခဲ့ပြီး တုံးပင်ကျွင်းဝမ်ကို တော်ဝင်မျိုးနွယ်စုရေးရာရုံး၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် တုံးပင်ကျွင်းဝမ်ဖေးသည် မျိုးနွယ်စု အမျိုးသမီးများ၏ ခေါင်းဆောင်သဖွယ် ဖြစ်လာခဲ့လေသည်။

နောက်တစ်ဦးကတော့ တွင်းနဉ်ကုန်းကျူ ဖြစ်လေသည်။

တွင်းနဉ်ကုန်းကျူ၏ ဖခင်မှာ ယုံးကျားဧကရာဇ်၏ တရားဝင် ဦးလေးတော်စပ်သူ ဖြစ်၏။ နောက်ပိုင်းတွင် လီအဘိုး၂သည် စစ်မြေပြင်တွင် ကျဆုံးခဲ့ပြီး သူ၏ သမက်သည်လည်း အသက်တိုသူ တစ်ဦး ဖြစ်ခဲ့သည်။

တွင်းနဉ်ကုန်းကျူ၏ ဖခင်အရင်းနှင့် ခင်ပွန်းသည်တို့ နှစ်ဦးလုံးမှာ သာ့ဝေတိုင်းပြည်အတွက် အသက်ပေးခဲ့ကြရသူများ ဖြစ်၏။ ယုံးကျားဧကရာဇ်သည်လည်း ညီမဝမ်းကွဲတော်စပ်သူကို ကောင်းစွာ စောင့်ရှောက်ရမည် ဖြစ်သဖြင့် ကုန်းကျူဘွဲ့ကို ချီးမြှင့်ခဲ့ပြီး သူမအတွက် ကုန်းကျူအိမ်တော် တစ်ခုကိုလည်း တည်ဆောက်ပေးခဲ့သည်။ နေထိုင်စားသောက်မှု အဆင့်အတန်းမှာ ကုန်းကျူတစ်ပါးနှင့် ထပ်တူထပ်မျှပင် ဖြစ်လေသည်။

တွင်းနဉ်ကုန်းကျူသည် ယခုနှစ်တွင် အသက် ၂၈နှစ် ရှိပြီဖြစ်သည်။ အသက်အရွယ်မှာ အိုမင်းပြီဟု မဆိုနိုင်သည့်အပြင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သဖြင့် ကြည့်ရသည်မှာ အသက်နှစ်ဆယ် ဝန်းကျင် အရွယ်မျှသာ ထင်ရ၏။

သူမသည် နူးညံ့သိမ်မွေ့ပြီး ချောမောလှပသည့်အပြင် တည်ကြည်ခန့်ညားပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း ရှိလေသည်။ သူမသည် သာမန်အချိန်များတွင် စကားများများစားစား မပြောတတ်ဘဲ မင်္ဂလာလက်ဆောင်ကို ဆက်သပြီးနောက်တွင် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း လူအများ၏ စကားပြောဆိုမှုများကို နားထောင်နေလေသည်။

ဤအချိန်မှာပင် နန်းတွင်းအပျိုတော်တစ်ဦးက ဝင်ရောက် လျှောက်တင်လာသည်။ "ကွေ့ဖေး မယ်မယ်ကို လျှောက်တင်ပါတယ်။ စတုတ္ထသခင်မလေးလု၊ တတိယသခင်မလေးမုန့်နဲ့ ပဉ္စမသခင်မလေးကျောက်တို့ ရောက်ရှိလာကြပါပြီ။ မင်းသားအားလုံးကလည်း နန်းဆောင်အပြင်မှာ အတူတူ စောင့်ဆိုင်းနေကြပါတယ်"

မင်းသားကြင်ရာတော် အလေားအလျားများအားလုံး အခမ်းအနား တက်ရောက်ကြည့်ရှုရန် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ကြလေပြီ။

လူအများသည် တစ်ပြိုင်နက်တည်း မုန့်ကွေ့ဖေးကို လှမ်းကြည့်လိုက်ကြ၏။

မုန့်ကွေ့ဖေးသည် သည်လူငယ် ကလေးများကို ထပြီး ကြိုဆိုနေမည် မဟုတ်သည်မှာ သဘာဝကျလှပြီး ပြုံးရင်း ပထမမင်းသား ဇနီးမောင်နှံကို အမိန့်ပေးလိုက်သည်။ "မင်းတို့ ဇနီးမောင်နှံနှစ်ယောက် အပြင်ထွက်ပြီး ကြိုလိုက်ကြ"

....

All Chapters