← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အပိုင်း (၁၁၈) အခမ်းအနား တက်ရောက်ကြည့်ရှုခြင်း (၂)

ကျင့်အန်းကုန်းကျူ၏ နန်းဆောင်အပြင်ဘက်တွင် သေသပ်ညီညာစွာဖြင့် ရပ်နေကြသည့် ပုံရိပ်သုံးတွဲတို့ ရှိနေကြ၏။

လီကျင့်နှင့် လုမင်ယွိတို့က ဘေးချင်းယှဉ်တွဲကာ ရပ်နေကြပြီး လီဟောက်နှင့် မုန့်ယွင်လော်တို့မှာ အတူတကွ ရပ်နေကြလေသည်။

ကျောက်ယွီနှင့် စတုတ္ထမင်းသားတို့မှာ အရင်းနှီးဆုံး ဖြစ်ကြပြီး လူအများ၏ ရှေ့မှောက်တွင် ခေါင်းချင်းဆိုင်ထားကြကာ စတုတ္ထမင်းသားက အဘယ်အရာကို ပြောလိုက်သည်မသိ ကျောက်ယွီမှာ တခစ်ခစ် ရယ်မောလိုက်လေသည်။

စတုတ္ထမင်းသားနှင့် ကျောက်ယွီတို့ ရှိနေသဖြင့် နည်းနည်းလေးမှ တိတ်ဆိတ်ခြောက်ကပ်နေခြင်း မရှိပေ။ သို့သော်လည်း အငွေ့အသက်ကတော့ အနည်းငယ် ထူးဆန်းနေလျက် ရှိ၏။

လီကျင့်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး လုမင်ယွိ၏ အမူအရာကတော့ တည်ငြိမ်အေးဆေးလျက် ရှိသည်။

လီဟောက်သည် လုမင်ယွိကို မကြည့်ဘဲ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်ဟု ဆိုနိုင်၏။ မုန့်ယွင်လော်ကတော့ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားရင်း လုမင်ယွိကို အခါအားလျော်စွာ ခိုးကြည့်လိုက်ကာ သူမ၏ စိတ်ထဲက မကျေမနပ်ချက်တို့သည် မနာလိုဝန်တိုခြင်း မီးတောက်များနှင့် ရောနှောသွားပြီး နှလုံးသားထဲသို့ အရှိန်ဖြင့် တိုးဝင်လာလေသည်။

မျက်နှာချင်းဆိုင် မတွေ့ရချိန်တွင် မုန့်ယွင်လော်သည် မိမိကိုယ်ကို နှစ်သိမ့်နေမိ၏။ ဘယ်သူမဆို ငယ်ရွယ်တုန်း မသိနားမလည်ဘဲ ပေါ့ပေါ့ဆဆ နိုင်တဲ့ အချိန်တွေ ရှိတာပဲ။ ဘာပဲဖြစ်ဖြစ် လီဟောက်နဲ့ လုမင်ယွိက လင်မယား ဖြစ်ရမယ့် ကံကြမ္မာ မပါဘူး။ အတိတ်က ကိစ္စတွေအားလုံးကို ခေါင်းထဲ ထည့်ထားစရာ မလိုပါဘူး

ယခုကဲ့သို့ မျက်နှာချင်း ဆိုင်လိုက်ရသောအခါမှ မုန့်ယွင်လော်သည် သဘောပေါက်သွားလေသည်။ ဘာ... အတိတ်က ကိစ္စတွေအားလုံးကို ခေါင်းထဲ ထည့်ထားစရာ မလိုဘူးဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လုမင်ယွိကို မြင်လိုက်သည်နှင့် သူမ၏ စိတ်ထဲမှ ဒေါသမီးတို့မှာ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

ကံကောင်းသည်မှာ သူမသည် အတိုင်းအတာကို သိရှိသေးသဖြင့် သည်အချိန်တွင် ပေါက်ပေါက်ရှာရှာ စကားများ ပြောဆိုရန် မဝံ့ရဲခြင်းပင်။ အများဆုံး လုပ်နိုင်သည်မှာ လုမင်ယွိကို မလိုလားသော အကြည့်များဖြင့် တစ်ကြိမ် နှစ်ကြိမ်လောက် ကြည့်လိုက်ခြင်းသာ ဖြစ်လေသည်။

မကြာမီပင် ပထမမင်းသားနှင့် ပထမမင်းသားကြင်ရာတော်တို့သည် အတူတကွ ထွက်ကာ ကြိုဆိုကြလေသည်။

ပထမမင်းသားကြင်ရာတော်သည် မုန့်ကွေ့ဖေး၏ ရှေ့မှောက်တွင် အရာရာကို "ဟုတ်ကဲ့ ဟုတ်ကဲ့" ဖြင့် အနိုင်ကျင့်ခံရသူတစ်ဦးပမာ ဖြစ်နေသော်လည်း အပြင်သို့ ရောက်သောအခါတွင်တော့ မင်းသားကြင်ရာတော်တစ်ဦး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ပြုံးရင်း ပြောလိုက်၏။ "စတုတ္ထသခင်မလေးလု၊ တတိယသခင်မလေးမုန့်နဲ့ ပဉ္စမသခင်မလေးကျောက်တို့ အခမ်းအနား တက်ရောက်ကြည့်ရှုဖို့ နန်းတော်ထဲကို အတူတူ ဝင်လာကြတာ ညီမတော်နှစ်ရဲ့ ကိုယ်စား ကျွန်မက အရင် ကျေးဇူးတင်ပါတယ်"

လုမင်ယွိနှင့် တခြားသူများကလည်း တစ်ပြိုင်နက်တည်း အရိုအသေ ပေးလိုက်ကြသည်။ "ပထမမင်းသားကြင်ရာတော်ကို ဂါရဝပြုပါတယ်"

ပထမမင်းသားကြင်ရာတော်က ပြုံးရင်း လူတစ်ဦးချင်းစီကို ထူမပေးလိုက်ပြီး ရင်းနှီးခင်မင်စွာ ဆိုလိုက်သည်။ "အားလုံးပဲ ယဉ်ကျေးမနေကြပါနဲ့။ နောက်ရက်နည်းနည်း ကြာရင် တို့တွေက တရားဝင် သမီးယောက်မတွေ ဖြစ်လာကြတော့မှာ။ အခုကတည်းက အဝင်အထွက် များများ လုပ်ထားမှ ပိုပြီးတော့လည်း ရင်းနှီးသွားနိုင်မှာပေါ့"

မုန့်ယွင်လော်သည် မုန့်ကွေ့ဖေးကို ဂါရဝပြုရန် နန်းတော်ထဲသို့ မကြာခဏ ဝင်ရောက်လေ့ ရှိပြီး ပထမမင်းသားကြင်ရာတော်နှင့်လည်း အရင်းနှီးဆုံး ဖြစ်သဖြင့် အလုအယက် ပြုံးရင်း ဆိုလိုက်လေသည်။ "ပထမမင်းသားကြင်ရာတော် မယ်မယ် ပြောတာ မှန်ပါတယ်"

ပထမမင်းသားကြင်ရာတော်က ပြုံးရင်း နောက်ပြောင်လိုက်သည်။ "ပြောင်မေ့က အရင်တုန်းကတော့ တို့ကို ဝမ်းကွဲအစ်မလို့ ခေါ်နေကျ ဒီနေ့ ဘာလို့ ယဉ်ကျေးနေပြီး ပထမမင်းသားကြင်ရာတော် မယ်မယ်လို့ ခေါ်နေရတာတုန်း။ တို့ ကြားရတာ ကြက်သီးတောင် ထတယ်"

မုန့်ယွင်လော်သည် နောက်ပြောင်ကျီစယ်ခံလိုက်ရသဖြင့် မျက်နှာ ရဲတွတ်သွားပြီး သူမ၏ လက်မထပ်ရသေးသော ခင်ပွန်းလောင်း လီဟောက်ကို လျင်မြန်စွာ တစ်ချက် ခိုးကြည့်လိုက်လေသည်။

လီဟောက်က ခေါင်းလှည့်လာပြီး မုန့်ယွင်လော်ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ကာ ပြောလိုက်လေသည်။ "အခု ပြောင်းခေါ်လိုက်လေ။ သာ့စောင် (ယောက်မကြီး)လို့ ခေါ်လိုက်တော့ မဖြစ်နိုင်တာမှ မဟုတ်တာ"

မုန့်ယွင်လော်၏ ပါးပြင်များမှာ မီးတောက်သကဲ့သို့ ပူလောင်သွားပြီး စိတ်ထဲတွင်လည်း ချိုမြိန်ကြည်နူးမှုတို့ဖြင့် ပြည့်လျှံသွား၏။ လုမင်ယွိအပေါ် ထားရှိသော မနာလိုဝန်တိုမှုများမှာလည်း များစွာ လွင့်ပြယ်သွားလေသည်။

လုမင်ယွိသည် ဤမြင်ကွင်းကို အစအဆုံး မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီး စိတ်ထဲတွင် ခပ်တိုးတိုး တစ်ချက် ရယ်မောလိုက်မိသည်။

လီဟောက်ဆိုသည်မှာ ဤသို့သော လူစားမျိုးပင်။ သူ့အတွက် အသုံးဝင်နေသရွေ့တော့ သူက နည်းလမ်းပေါင်းစုံကို သုံးပြီး လူတစ်ယောက်ကို သူ့အပေါ် သေလောက်အောင် စွဲလန်းသွားတဲ့အထိ ချော့မြှူဖျားယောင်းနိုင်တာပဲ။

စူးကျောင်းရုံကလည်း သူ့ရဲ့ ပင်ပန်းခံပြီး ကြိုးစားပေးမှုနဲ့ လီဟောက်အတွက် ဒီလို လက်ဆက်ပွဲမျိုးကို တောင်းဆိုပေးခဲ့တာ။ ကွမ်းပင်းနယ်စားနဲ့ နန်းတော်ထဲက မုန့်ကွေ့ဖေးတို့ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ လီဟောက်က မုန့်ယွင်လော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါပဲ။

လီကျင့်က ရုတ်တရက် လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးရင်း ပြောလိုက်၏ "ရှောင်ယွိ မင်း ညီမတော်နှစ်ရဲ့ နန်းဆောင်ထဲကို မဝင်ဖူးသေးဘူး။ ခြေလှမ်း သတိထားဦး"

အားလုံး: "..."

လူအားလုံး၏ အကြည့်များသည် တစ်ပြိုင်နက်တည်း လီကျင့်နှင့် လုမင်ယွိတို့၏ လက်များဆီသို့ ကျရောက်သွားကြလေသည်။

လုမင်ယွိက အမူအရာမပျက် လီကျင့်ကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။

လီကျင့်က အပြစ်ကင်းစင်သော အပြုံးတစ်ခုဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

စတုတ္ထမင်းသားကတော့ ပွဲကောင်းကြည့်နေရသဖြင့် မျက်ခုံးပင့်ကာ စိတ်လှုပ်ရှားနေပြီး လက်များကို ပွတ်သပ်တော့မတတ်ပင် ဖြစ်နေလေသည်။

လီဟောက်၏ မျက်ဝန်းများမှာ အခိုက်တန့် မှောင်ကျသွားပြီး လျင်မြန်စွာပင် အကြည့် လွှဲလိုက်ကာ မုန့်ယွင်လော်ကို ပြုံးရင်း ပြောလိုက်သည်။ "ဒီနေရာကို မင်းက အမြဲလာနေကျပဲ။ ကိုယ့်ထက်တောင် ပိုပြီး ရင်းနှီးနေလောက်ပြီ။ ကိုယ် မင်းကို တွဲမပေးတော့ဘူးနော်"

မုန့်ယွင်လော်သည် အရွှန်းဖောက်ခံလိုက်ရသဖြင့် "ခစ်ခနဲ" ရယ်မောလိုက်မိလေသည်။

ပထမမင်းသားကြင်ရာတော်သည် ဤအဖြစ်ကို တွေ့မြင်လိုက်ရပြီး စိတ်ထဲမှ လှောင်ရယ် ရယ်လိုက်မိ၏။

မုန့်ကွေ့ဖေးက သူမလို ချွေးမမျိုးကို အထင်မကြီးဘူး။ မုန့်ယွင်လော်ကလည်း အမတ်ကြီးအိမ်တော်ရဲ့ တရားဝင် သမီးတစ်ယောက်ရဲ့ မာနတွေနဲ့။ သာမန်အချိန် နန်းတော်ထဲ ဝင်လာတိုင်း မုန့်ကွေ့ဖေးရဲ့ နားထဲကို သွေးထိုးစကားတွေ ပြောတာ မနည်းဘူး။

အခုတော့ ဘယ်လိုလဲ။

မုန့်ယွင်လော် လက်ထပ်ရမယ့် ခင်ပွန်းလောင်းက သူ့စိတ်ထဲမှာ တခြားမိန်းမတစ်ယောက်ကို ထည့်ထားတာ။

ဟင်း ဟင်း။ နောက်ကျရင် ပွဲကောင်းကို အေးအေးဆေးဆေး ထိုင်ကြည့်ရုံပဲ။

...

လူတစ်စုသည် နန်းဆောင်အတွင်းသို့ အတူတကွ ဝင်ရောက်သွားကြ၏။

ကျိုးကြောင်းဆက်စပ်ကြည့်လျှင် မုန့်ကွေ့ဖေးသည် မည်မျှပင် မြင့်မြတ်သည် ဆိုစေကာမူ အနောက်နန်းဆောင် ကြင်ရာတော်တစ်ဦးသာ ဖြစ်ပြီး မင်းသား မင်းသမီးများ အားလုံးထက် ပိုပြီး ဂုဏ်မမြင့်နိုင်ပေ။

သို့သော် မုန့်ကွေ့ဖေး၏ အဆင့်အတန်းမှာ ထူးခြားလှပြီး မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်၏ နှလုံးသားထိပ်ဖျားမှ ပုဂ္ဂိုလ် ဖြစ်ကြောင်း မသိသူ မရှိဘဲ ပထမမင်းသားနှင့် ကျင့်အန်းကုန်းကျူတို့ပါမကျန် အတူတကွ မျက်နှာသာ အပေးခံရဆုံး ဖြစ်ကြသည်။ မင်းသားအချို့သည် သဘာဝအတိုင်းပင် မျိုးဆက်ငယ်တို့၏ အရိုအသေကို ပေးကြရ၏။ လီကျင့်တို့ ညီအစ်ကို သုံးဦးတို့ အရိုအသေ ပေးပြီးနောက် ပထမမင်းသားနှင့်အတူ ပင်မခန်းမဆောင်သို့ လိုက်ပါသွားကြလေသည်။

လုမင်ယွိတို့ သုံးယောက်သည်လည်း တစ်ပြိုင်နက်တည်း အရိုအသေ ပေးလိုက်ကြ၏။

မုန့်ကွေ့ဖေးက ချစ်စဖွယ် ရယ်မောလိုက်ပြီး ပြောလိုက်၏။ "မင်းတို့တွေ အခမ်းအနား တက်ရောက်ကြည့်ရှုဖို့ နန်းတော်ထဲ ဝင်လာကြတာ ပန်ကုံးလည်း စိတ်ထဲမှာ တကယ် ဝမ်းသာမိတယ်။ အားလုံး ထကြပါ။ ထိုင်ပြီး စကားပြောကြတာပေါ့"

လုမင်ယွိသည် ခေါင်းမော့လိုက်ပြီး လူအများ၏ ဝန်းရံခြင်းကို ခံထားရကာ အရှိန်အဝါ တောက်ပလွန်းလှသော မုန့်ကွေ့ဖေးကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

မုန့်ကွေ့ဖေးဆိုသော ဤလူသားသည် သနားစရာ ကောင်းသော အချက်များ ရှိသကဲ့သို့ မုန်းတီးစရာ ကောင်းသော အချက်များလည်း ရှိနေ၏။

အရင်ဘဝတုန်းက မုန့်ကွေ့ဖေးက အိပ်ရာပေါ်မှာပဲ အဖျားရောဂါနဲ့ ဆုံးသွားတာ။ သူမကိုယ်တိုင်ပဲ မုန့်ကွေ့ဖေးရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ရတာ။

တောက်ပပြီး ချစ်စဖွယ် နုဖတ်နေတဲ့ မုန့်ကွေ့ဖေးက ခင်ပွန်းရော သားပါ ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ခံစားခဲ့ရပြီး သူမကိုယ်တိုင် အထင်မကြီးခဲ့တဲ့ မယ်တော်ကြီးစူးရဲ့ နှိပ်စက်တာကို ခံရပြီးနောက် နောက်ဆုံးမှာတော့ ရောဂါက ပြင်းထန်လာပြီး အရိုးခြောက်တစ်ပုံ ဖြစ်သွားတဲ့အထိ ပိန်ချုံးသွားခဲ့တာ။

မသေဆုံးခင် အချိန်လေးမှာ မုန့်ကွေ့ဖေးက သတိတောင် မကောင်းတော့ဘူး။

သူမက အိပ်ရာဘေးမှာ တိတ်တိတ်လေး ရပ်နေခဲ့တာ။

မုန့်ကွေ့ဖေးက တုန်တုန်ယင်ယင်နဲ့ သူ့လက်ကို ဆန့်တန်းပြီး လေထဲမှာ ဟိုဟိုဒီဒီ ဝှေ့ယမ်းရင်း ပါးစပ်ကလည်း ယုံးကျားဧကရာဇ်ရဲ့ နာမည်ကို အသည်းအသန် အော်ဟစ်နေခဲ့တယ်: "အစ်ကိုကြီးလီ ရှင်... ရှင် ကျွန်မကို လာခေါ်တာမလား။ နောက်ဘဝကျရင် ရှင် ကျွန်မကို ဇနီးအဖြစ် လက်ထပ်ပါနော်။ ကျွန်မ ကြင်ရာတော် မလုပ်ချင်ဘူး။ ရှင် တခြားမိန်းမတွေကို ကြည့်တာကိုလည်း မလိုချင်ဘူး။ ရှင်က ကျွန်မ တစ်ယောက်တည်းရဲ့ ခင်ပွန်း ဖြစ်ရမယ်..."

အသည်းကွဲလောက်အောင် အော်ဟစ်လိုက်တဲ့ အသံထဲမှာ ယောက်ျားတစ်ယောက်အပေါ် ထားရှိတဲ့ အပြင်းပြဆုံးနဲ့ အဆိုးရွားဆုံး မျှော်လင့်ချက်မဲ့နေတဲ့ အချစ်တွေက ထိုးထွက်နေခဲ့တယ်။

သူမက ဘေးကနေ ကြည့်နေရင်း စိတ်ထဲမှာ ဘာကြောင့်မှန်းမသိဘဲ ရှုပ်ထွေးပြီး လေးလံနေခဲ့တယ်။

အဲ့ဒီတုန်းက စူးရော့ နန်းတော်ထဲ ရောက်နေပြီ။ သူမနဲ့ လီဟောက်ကြားမှာ ကတောက်ကဆ ဖြစ်ပြီး လင်မယားတွေ ရန်သူလို ဖြစ်နေကြပြီ။ သူမရဲ့ စိတ်ထဲမှာလည်း နာကြည်းတာတွေ မုန်းတီးတာတွေ မကျေနပ်တာတွေ ရှိနေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ မာနက သူမကို ပျော့ညံ့ပြီး မျက်ရည်ကျခွင့် မပေးခဲ့ဘူး။

သူမက သစ္စာမရှိ စကားမတည်တဲ့ လူတစ်ယောက်အတွက်နဲ့ သူမကိုယ်သူမ မျှော်လင့်ချက်မဲ့ပြီး ပြိုလဲသွားအောင်လည်း ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး နန်းတွင်းအပျိုတော်၏ လမ်းညွှန်မှုအောက်တွင် နေရာ ဝင်ယူလိုက်လေသည်။

မုန့်ယွင်လော်သည် လုမင်ယွိ၏ အောက်ဘက်နေရာတွင် ထိုင်ပြီး ထို့နောက်တွင်မှ ကျောက်ယွီ ဖြစ်လေသည်။

ဇနီးသည်၏ ဂုဏ်မှာ ခင်ပွန်းသည်အပေါ် မူတည်၏။ နန်းတော်သို့ မဝင်ရသေးသော မင်းသားကြင်ရာတော် သုံးဦးတို့သည် မိမိတို့၏ လက်မထပ်ရသေးသော ခင်ပွန်းလောင်းတို့၏ အဆင့်အတန်း အစဉ်လိုက်အတိုင်း နေရာထိုင်ခြင်းမှာလည်း ကျိုးကြောင်းဆီလျော်လှပေသည်။

ယနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် တော်ဝင်မျိုးနွယ်စုမှ အမျိုးသမီးများ အစုံအလင် တက်ရောက်ကြပြီး မြို့တော်မှ အဆင့်၂ နှင့်အထက် ဘွဲ့ခံမင်းကတော်များအားလုံးလည်း ရောက်ရှိနေကြသည်။ မုန့်ယွင်လော်သည် အမြဲတစေ လူထင်ပေါ်အောင် လုပ်ရသည်ကို ကြိုက်နှစ်သက်သူပီပီ ချစ်စဖွယ် ရယ်မောလိုက်ပြီး မုန့်ကွေ့ဖေးကို ပြောလိုက်၏။ "ဒီနေ့က ကျင့်အန်းကုန်းကျူရဲ့ အရွယ်ရောက် ဆံထိုးတင်မင်္ဂလာပွဲ ကုန်းကျူက ဘယ်အချိန်လောက်မှ မျက်နှာပြမှာလဲ မသိဘူး"

မုန့်ကွေ့ဖေးက ပြုံးရင်း "ခဏလောက် ထပ်စောင့်ပါဦး"

ကျောက်ယွီက ပြုံးရင်း စကားစကို ဆက်လိုက်သည်။ "မယ်တော်ကြီး နဲ့ မယ်မယ်မိဖုရားခေါင်ကြီး တို့တောင် ရောက်မလာကြသေးဘူး"

ဒီသေမလို့ ဖြစ်နေတဲ့ ကောင်မစုတ်လေး ဘယ်အိုးက မဆူလို့ အဲ့ဒီအိုးကို သွားဖွင့်နေရတာလဲ။

ချောင်မိဖုရားခေါင်နဲ့ သူမက မတည့်တာ ဘယ်လိုလုပ် စောစောစီးစီး လာချင်မှာလဲ။ မယ်တော်ကြီးကျောက်ကလည်း စိတ်ထား သေးသိမ်တယ်။ ယုံးကျားဧကရာဇ်က သူမအပေါ် မျက်နှာသာပေးတာကို မမြင်ချင်ဘူး။ သဘာဝအတိုင်းပဲ လာချင်မှာ မဟုတ်ဘူး။

မုန့်ကွေ့ဖေးသည် စိတ်ထဲမှ နှာခေါင်း တစ်ချက် ရှုံ့လိုက်သော်လည်း မျက်နှာထက်မှ အပြုံးကတော့ ပုံမှန်အတိုင်းပင်။ "မျိုးဆက်ငယ်တွေရဲ့ အရွယ်ရောက်ဆံထိုးတင်မင်္ဂလာပွဲကို လူကြီးတွေက လာပြီး စောင့်နေရတယ်ဆိုတဲ့ အကြောင်းပြချက်က ဘယ်မှာ ရှိလို့လဲ"

တုံးပင်ကျွင်းဝမ်ဖေးသည် အကင်းပါးလှသဖြင့် ချက်ချင်းပင် ပြုံးရင်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။

လုမင်ယွိသည် တည်ငြိမ်စွာ ထိုင်နေပြီး စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။

သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ တွမ်းနဉ်ကုန်းကျူပင် ဖြစ်လေသည်။ လုမင်ယွိ ဝင်ရောက်လာပြီးကတည်းက တွမ်းနဉ်ကုန်းကျူသည် သူမကို တစိုက်မတ်မတ် ကြည့်နေခဲ့၏။ လုမင်ယွိကသာ မသိသလို ဟန်ဆောင်နေလိုက်သည်။

မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ ရောက်ရှိလာသည်နှင့် လူအားလုံးသည် ထိုင်ရာမှ ထပြီး အပြင်သို့ ထွက်ကာ ကြိုဆိုကြရလေသည်။

တွမ်းနဉ်ကုန်းကျူသည် လုမင်ယွိ၏ ဘေးနားသို့ တိတ်တဆိတ် လျှောက်လှမ်းလာပြီး အသံတိုးတိုးဖြင့် နှုတ်ဆက်လာသည်။ "စတုတ္ထသခင်မလေးလု ... ကျွန်မကို မှတ်မိသေးရဲ့လား"

ဘယ်လိုလုပ် မမှတ်မိဘဲ ရှိမှာလဲ။

လွန်ခဲ့တဲ့ ၃နှစ်တုန်းက တွမ်းနဉ်ကုန်းကျူက လုအိမ်တော်ကို လာခဲ့ဖူးတယ်။ အရင်ဆုံး သူမနဲ့ တွေ့ပြီး ပြီးမှ လုလင်းနဲ့ တွေ့ခဲ့တာ။

လုမင်ယွိသည် ခြေလှမ်းများကို နှေးလိုက်ပြီး တွမ်းနဉ်ကုန်းကျူကို ပြုံးပြကာ ပြန်နှုတ်ဆက်လိုက်လေတော့သည်။ "ကွန်းကျူ မတွေ့တာ ကြာပြီပဲ နေကောင်း ကျန်းမာရဲ့လား"

...

အပိုင်း (၁၁၉) တွမ်းနဉ်ကုန်းကျူ

လွန်ခဲ့သည့် ၃ နှစ်ခန့်က တွမ်းနဉ်ကုန်းကျူသည် ရှင်းယန်ဝမ်လုလင်း၏ အကျင့်စရိုက်လက္ခဏာများကို လေးစားမြတ်နိုးမိသဖြင့် ယုံးကျားဧကရာဇ်ကို ရှက်ရွံ့စွာဖြင့် အောင်သွယ်ခိုင်းခဲ့ဖူးလေသည်။

ယုံးကျားဧကရာဇ်ကလဲ ဒါက ကောင်းမွန်သည့် မင်္ဂလာပွဲတစ်ခု ဖြစ်သည်ဟု ခံစားမိသဖြင့် ဝမ်းမြောက်ဝမ်းသာ ချီးမြှောက်စေလိုခဲ့သည်။ သို့သော်ငြား ပါးစပ်ဟလိုက်သည်နှင့် လုလင်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

တွမ်းနဉ်ကုန်းကျူသည် မျှော်လင့်ချက် မစွန့်လွှတ်သေးဘဲ မိမိသဘောအလျောက် လုအိမ်တော်သို့ သွားရောက်ခဲ့သည်။

တွမ်းနဉ်ကုန်းကျူက စတုတ္ထသခင်မလေးသည် သူမ၏ ဖခင်ကို နောက်အိမ်ထောင် မပြုစေချင်လိုခြင်းသာ ဖြစ်မည်ဟု ထင်ထားခဲ့မိ၏။ ထို့ကြောင့် အရင်ဆုံး စတုတ္ထသခင်မလေးလုကို စည်းရုံးဖျောင်းဖျနိုင်ရပေမည်။

အသက် ၁၂ နှစ်အရွယ် လုမင်ယွိသည် ရွယ်တူမိန်းကလေးများထက် အလွန် အရပ်မြင့်ကာ ခြေတံရှည်ပြီး မျက်ခုံးမျက်လုံးတို့က သူရဲကောင်းဆန်ဆန် အရှိန်အဝါရှိကာ မျက်ဝန်းကလဲ တောက်ပလို့နေသည်။ သူမကတော့ စကားပြောရာတွင် ပွင့်လင်းပြတ်သားလှ၏။ “ကုန်းကျူက ကျွန်မကို တွေ့ချင်တာ အဖေ့ကြောင့်မဟုတ်လား”

တွမ်းနဉ်ကုန်းကျူကလဲ နူးညံ့စွာဖြင့် ပြန်ဖြေသည်။ “ကျွန်မ ဒီနေ့ရုတ်တရက် ရောက်လာတာကို စတုတ္ထသခင်မလေးလု စိတ်မရှိပါနဲ့နော်”

လုမင်ယွိက ပြောလိုက်၏။ “ကျွန်မ မအံ့ဩပါဘူး။ ဒါပေမဲ့ ကုန်းကျူက ကျွန်မကို လာရှာတာကတော့ တကယ်ကို လူမှားသွားပြီ။ ကျွန်မက ကျွန်မအဖေ နောက်အိမ်ထောင်ပြုဖို့ကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဖူးဘူး။ ကျွန်မ သိတတ်စ အရွယ်ကတဲက သူ့ကို နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့ဖူးတယ်။ အဖေကိုယ်တိုင်က သဘောမတူတာပါ”

ဒီလိုစကားမျိုးက မည်သို့ပင် နားထောင်ပါစေ ဆင်ခြေတစ်ခုနှင့်သာ တူလေသည်။

တွမ်းနဉ်ကုန်းကျူကတော့ ထိုပွင့်လင်းတည်ငြိမ်လှသည့် မျက်ဝန်းတစ်စုံကို ကြည့်ပြီး သူမ၏ စိတ်ထဲတွင် မည်သို့ ခံစားရသည်ကိုပင် မသိလိုက်ချေ။ ခဏအကြာမှ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ “စတုတ္ထသခင်မလေးလုက မကန့်ကွက်ဘူးဆိုမှတော့ ကျွန်မ ရှင်းယန်ဝမ်ကို ကိုယ်တိုင်သွားတွေ့လိုက်ပါမယ်”

လုမင်ယွိက ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်ကာ “ကောင်းပါတယ်။ ကျွန်မလဲ ကုန်းကျူကို ကျွန်မအဖေကို စည်းရုံးနိုင်စေဖို့ မျှော်လင့်ပါတယ်။ စိတ်ချလက်ချသာ သွားပါ။ တကယ်လို့ အဖေက ကုန်းကျူကို လက်ထပ်ဖို့ သဘောတူရင် ကျွန်မက ကုန်းကျူကို သေချာပေါက် လေးစားသမှုနဲ့ ဆက်ဆံမှာပါ။ တမင်သက်သက် အနိုင်ကျင့်တာမျိုး လုံးဝ မလုပ်ပါဘူး”

ထို့‌နောက်တွင်တော့ တွမ်းနဉ်ကုန်းကျူသည် လုလင်းကို သွားရောက်တွေ့ဆုံခဲ့ပြီး သူမ၏ နှလုံးသားထဲက ခံစားချက်များကို တလေးတနက် ဖွင့်ဟခဲ့ပြီးနောက် မျက်နှာများ ထူပူပြီး အရှက်ရကာ ပြန်လာခဲ့ရလေသည်။

တွမ်းနဉ်ကုန်းကျူသည် ဤသို့ ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံစားလိုက်ရပြီးနောက်တွင် ကုန်းကျူအိမ်တော်သို့ ပြန်ရောက်လာသောအခါ ရက်ပေါင်းများစွာ ငိုကြွေးခဲ့လေသည်။ ထို့နောက်တွင်တော့ အိမ်တော်အတွင်းတွင်သာ အောင်းနေခဲ့ပြီး အပြင်မထွက်တော့ဘဲ မဖြစ်မနေ လိုအပ်သည့် အခမ်းအနားများမှလွဲလျှင် လူအများရှေ့သို့ ထွက်ပြခြင်း မရှိသလောက် ဖြစ်သွားသည့်အပြင် လုမင်ယွိနှင့်လဲ ထပ်မံ မတွေ့ဆုံဖြစ်တော့ချေ။

ယနေ့တွင် ကျင့်အန်းကုန်းကျူ၏ အရွယ်ရောက် ဆံထိုးတင်ပွဲမင်္ဂလာဖြစ်သဖြင့် တွမ်းနဉ်ကုန်းကျူသည် သဘာဝအတိုင်း နန်းတော်ထဲသို့ ဝင်ရောက်ရပေမည်။

လုမင်ယွိကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် တွမ်းနဉ်ကုန်းကျူ၏ အသက်မဲ့နေသည့် နှလုံးသားလေးသည် ရုတ်တရက် လှိုင်းဂယက်လေးများ ထသွားခဲ့၏။ သူမက စကားစမြည်ပြောရန် အနားသို့ တိုးကပ်မိသွားသည်အထိ မထိန်းချုပ်နိုင်ခဲ့ပေ။

အမှန်တွင်တော့ တွမ်းနဉ်ကုန်းကျူတွင် တခြား အဓိပ္ပာယ်များ မရှိခဲ့ချေ။ ဒါသည် မသိစိတ်က လှုပ်ရှားမှုတစ်ခုသာ ဖြစ်လေသည်။ လုမင်ယွိက ခြေလှမ်းများကို နှေးကွေးထားလိုက်ပြီး ယဉ်ယဉ်ကျေးကျေးအပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်၏။ “ကုန်းကျူ မတွေ့ရတာ ကြာပြီနော်။ နေကောင်းကျန်းမာရဲ့လား”

တွမ်းနဉ်ကုန်းကျူကတော့ ဘာပြန်ပြောရမည်ပင် မသိ ဖြစ်သွားလေသည်။

သူမက ဘာကို ပြောနိုင်ပါမည်နည်း။

ထိုအချိန်က လုလင်းပြောခဲ့သည့် စကားများမှာ အမှန်တရားသာ ဖြစ်ပြီး သူမကို လိမ်လည်ခဲ့ခြင်း မရှိပေ။ ဒီ ၃ နှစ်တာ ကာလအတွင်းတွင် လုလင်းသည် ‌နောက်အိမ်ထောင်မပြုခဲ့သည့်အပြင် သူ့ဘေးနားတွင် ပြုစုစောင့်ရှောက်ပေးရန် အစေခံမလေး တစ်ဦးမှမရှိဟုပင် ကြားသိရလေသည်။

ကွယ်လွန်သွားပြီးသော ဇနီးသည်အပေါ် ချစ်ခင်မြတ်နိုးစိတ် တစ်သမတ်ထဲ ထားရှိပြီး မိမိကိုယ်ကို စောင့်ထိန်းနိုင်သည့် ယောကျ်ားတစ်ဦးသည် မိန်းမသားတိုင်း၏ စွဲလန်းနှစ်သက်ထိုက်သူ ဖြစ်လေသည်။ သူက သူမကို လက်မထပ်လိုလျှင် သူမကလဲ တိတ်တဆိတ်ပင် အဝေးမှ လှမ်းမျှော်ကြည့်ရုံသာ တတ်နိုင်တော့၏။

တွမ်းနဉ်ကုန်းကျူက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကာ အသံတိုးတိုးဖြင့် ရယ်မောကာ နှုတ်ဆက်လာသည်။ “‌နေကောင်းပါတယ်။ မင်းနဲ့ ဒုတိယမင်းသား စေ့စပ်လိုက်ပြီဆိုတော့ နန်းတော်ထဲ ဝင်ပြီးသွားရင် ဒုတိယမင်းသား ကြင်ရာတော် ဖြစ်လာပြီပေါ့။ ကျွန်မကိုလဲ ထန်ကူးမူ(အဒေါ်ဝမ်းကွဲ)လို့ ခေါ်ရတော့မှာပဲ”

လုမင်ယွိကပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သော်ငြား စိတ်ထဲတွင်တော့ ကြိတ်ပြီး သက်ပြင်းချမိတော့သည်။ ထိုအခါက သူမသည် မိထွေးတစ်ယောက် ထပ်ရဖို့ရန် အမှန်တကယ် ဝမ်းမြောက်မိခဲ့လေသည်။ တွမ်းနဉ်ကုန်းကျူသည် မျိုးရိုးဂုဏ် မြင့်မားသည့်အပြင် ရုပ်ရည်ချောမောလှပပြီး စိတ်နေသဘောထားကလဲ နူးညံ့သိမ်မွေ့သည် ဖြစ်ရာ ဖခင်အရင်းကိုပင် နည်းနည်းလေးမှ ဂုဏ်မငယ်စေခဲ့ပေ။

သို့သော်ငြား သူမ၏ ဖခင်ဖြစ်သူ လုလင်းက သဘောမတူခဲ့သဖြင့် သမီးဖြစ်သူ သူမအနေဖြင့်လဲ ဖခင်ကို အတင်းအကြပ် နောက်အိမ်ထောင်ပြုခိုင်း၍ မဖြစ်နိုင်ပေ။

-

တိုတောင်းလှသည့် စကား ၂ ခွန်းအပြီးတွင် သူတို့ ၂ ယောက်စလုံးသည် ပါးစပ်ပိတ်သွားကြလေတော့သည်။

မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့က အတူတကွ လျှောက်လှမ်းလာခဲ့ကြ၏။ မယ်တော်ကြီးကျောက်က ရှေ့မှ ကြွချီလာပြီး ချောင်မိဖုရားခေါင်ကတော့ ရိုသေလေးစားသမှုကို ပြသသောအားဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ် ပေးထားလေသည်။

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ကို မျက်နှာသာ မပေးသော်ငြားလည်း အပေါ်ယံတွင် ဟန်ပြ အနေအထားအရ အဆင်ပြေအောင် ပေါင်းသင်းနေနိုင်သေးသည်။ ဒီအချိန်တွင်တော့ သာ့ဝေတိုင်းပြည်၏ အမြင့်မြတ်ဆုံးသော ယောက္ခမနှင့်ချွေးမတော်တို့သည် ယှဉ်တွဲကာ ကြွချီလာသည်တွင် လူအများက တစ်ညီတစ်ညွတ်ထဲ ကြိုဆိုကြသည့် ထိုမြင်ကွင်းမှာ မည်မျှ စည်ကားသိုက်မြိုက်နေသည်ကိုတော့ ပြော၍ပင် ဆုံးနိုင်မည် မဟုတ်တော့ချေ။

မုန့်ကွေ့ဖေးဦးဆောင်သည့် လူအားလုံးကလဲ တစ်ပြိုင်နက်ထဲ အရိုအသေ ပေးလိုက်ကြသည်။ “မယ်တော်ကြီး၊ မယ်မယ်မိဖုရားခေါင်ကို ဂါရဝပြုပါတယ်”

“အားလုံးပဲ အရိုအသေပြုတာတွေ ရပ်ပြီး ကိုယ်ကို ရပ်ကြပါ” မယ်တော်ကြီးကျောက်သည် ဝမ်းမြောက်ရွှင်လန်းစွာ ရယ်မောရင်း ဆိုလိုက်၏။

အားလုံးက မတ်တပ်ရပ်လိုက်ကြပြီးနောက်တွင် မယ်တော်ကြီးကျောက်က ပြုံးကာ ထပ်မံ ပြောလိုက်သည်။ “ယွီယားထို (ကလေးမလေးယွီ) ဒီကိုလာ။ အိုက်ကျားကို လာတွဲပေးအုံး”

အားလုံး၏ အကြည့်အောက်တွင် နုနယ်ပြီး ချစ်စဖွယ်ကောင်းလှသည့် ကျောက်ယွီသည် နှုတ်ခမ်းလေးကို ကွေးညွှတ်သွားအောင် ပြုံးကာ “ဟုတ်ကဲ့ပါ။ ယွီအာက မယ်တော်ကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်” ဟု ဆိုကာ သူမ၏ ခြေလှမ်းများက ပေါ့ပါးစွာပင် ရှေ့သို့ တက်သွားပြီး မယ်တော်ကြီးကျောက်၏ လက်မောင်းကို တွဲပေးလိုက်လေသည်။

လူအားလုံး “...”

မယ်တော်ကြီး၏ မျက်နှာလိုက်မှုကတော့ အမှန်တကယ်ပင် နှစ်ပေါင်းများစွာ တစ်သမတ်ထဲ ရှိလာခဲ့ပြီး နည်းနည်းလေးမှပင် ဖုံးကွယ်ထားခြင်း မရှိချေ။

ချောင်မိဖုရားခေါင်ကတော့ စိတ်ထဲတွင် အေးစက်စက် တစ်ချက် ရယ်မောလိုက်လေသည်။

သို့သော်ငြား သူမ၏ တည်ငြိမ်သည့် ဂုဏ်ပုဒ်နှင့် ထိန်းသိမ်းနိုင်စွမ်းတို့ကြောင့် ဒီလို အပြုအမူမျိုးကို မပြုလုပ်နိုင်သဖြင့် ကြိတ်ပြီး သီးခံနေရုံသာ တတ်နိုင်တော့သည်။

မုန့်ယွင်လော်၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသော်ငြားလည်း အပြင်သို့ ထုတ်ဖော်ပြသရန် မဖြစ်နိုင်သည်တွင် စိတ်ထဲတွင် မည်မျှလောက် မွန်းကြပ်နေမည်ကိုတော့ ပြောရန်ပင် မလိုတော့ချေ။

မုန့်ယွင်လော်သည် ပတ်ဝန်းကျင်ကို မြန်မြန်ဆန်ဆန်လေး လှမ်းကြည့်လိုက်ပြီး ကိုယ်ကို လှည့်လိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လုမင်ယွိ၏ ဘေးနားသို့ လျှောက်သွားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ကျောက်ယွီကို ကြည့်ပါအုံး။ မယ်တော်ကြီးရဲ့ မျက်နှာသာပေးတာကို အခွင့်ကောင်းယူပြီး ခေါင်းမော့ရင်ကော့ နေလိုက်တာ။ ကြည့်ရင်းနဲ့ကို ဒေါသထွက်ဖို့ ကောင်းလာပြီ”

လုမင်ယွိကတော့ မျက်ခုံးပင် မလှုပ်ပေ။ “ဒေါသထွက်စရာ ဘာရှိလို့လဲ။ မယ်တော်ကြီးက အစကတဲက ကျောက်ယွီကို သဘောကျတာပဲ။ နင်လဲ မသိတာမှ မဟုတ်တာ။ စိတ်ချပါ။ စူးကျောင်းရုံ ရောက်လာရင် မျက်နှာသာပေးခံရမဲ့သူက နင်ဖြစ်သွားမှာပဲ”

မုန့်ယွင်လော် “...”

မုန့်ယွင်လော်သည် အလွန် ဒေါသထွက်သွားပြီး အဆုတ်များက ထွက်ကျတော့မတတ်ပင် ခံစားလိုက်ရ၏။

သို့သော်ငြား လုမင်ယွိက ပြောလာချိန်တွင်တော့ သူမသည် ပြန်လည်ချေပနိုင်စွမ်း မရှိချေ။ စူးကျောင်းရုံသည် လီဟောက်၏ မွေးသမိခင်ဖြစ်ပြီး လီဟောက်ကလဲ မိဘအပေါ် အလွန် ရိုသေသိတတ်သူ ဖြစ်သည်။ နောင်တစ်ချိန် သူမက လီဟောက်နှင့် လက်ထပ်ပြီးသွားလျှင် စူးကျောင်းရုံကို ရိုသေလေးစားစွာ ဆက်ဆံရမည်ပင်။

တောက်။ တကယ်ပဲ။ တွေးလေလေ စိတ်ညစ်ရလေလေပဲ။

လုမင်ယွိက တင်းမာသည့် မျက်နှာထားလေးဖြစ်နေသည့် မုန့်ယွင်လော်ကို တစ်ချက် ခိုးကြည့်လိုက်ပြီး စိတ်ထဲတွင် တော်တော်လေးကို ပျော်ရွှင်သွားတော့သည်။

ပြောရင်းဆိုရင်းပင် ရောက်ချလာတော့သည်။

မယ်တော်ကြီးကျောက်က နေရာတွင် ဝင်ထိုင်လိုက်သည်နှင့် ချင်ဖေးနှင့် စူးကျောင်းရုံတို့လဲ ရောက်ရှိလာတော့၏။

ချင်ဖေးသည် မကြာသေးခင်က အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး ပိန်လှီသွားသော်ငြားလည်း ယနေ့တွင်တော့ တောက်ပသည့် ဝတ်စုံကို တမင်တကာ ဝတ်ဆင်ထားကာ မျက်နှာတွင်လဲ မျက်နှာချေများကို လိမ်းခြယ်ထားပြီး မျက်နှာပေါ်တွင်လဲ အပြုံးများ ဝေဆာလို့နေသည်။

စူးကျောင်းရုံသည် မွေးရာပါ နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ် ရုပ်သွင်လေးတစ်ခု ပိုင်ဆိုင်ထားပြီး သူမသည် သေသေသပ်သပ်လေး ပြင်ဆင်လိုက်သောအခါ ပိုလို့ပင် နူးညံ့ညင်သာ လှပလာတော့၏။ ရုပ်ရည်သွင်ပြင်တစ်ခုထဲကို ကြည့်မည်ဆိုလျှင် သူမသည် အနောက်နန်းဆောင်၏ နံပါတ် ၁ နေရာတွင် သေချာပေါက် ရှိနေပေလိမ့်မည်။

မယ်တော်ကြီး အထင်သေးရဆုံးသူကလဲ စူးကျောင်းရုံပင် ဖြစ်လေသည်။ သူမသည် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ကာ အပြစ်ရှာလေတော့၏။ “ဒီနေ့က ကျင့်အန်းရဲ့ အရွယ်ရောက်ဆံထိုးတင်ပွဲ နေ့ကောင်းရက်မြတ်ပဲ။ စူးကျောင်းရုံက ဘယ်လိုဖြစ်လို့ အိုက်ကျားထက်တောင် နောက်ကျပြီးမှ ရောက်လာရတာတုန်း”

စူးကျောင်းရုံ “...”

သူမသည် ချင်ဖေးနှင့်အတူ ‌ရောက်လာခြင်းဖြစ်လေသည်။ မယ်တော်ကြီးကျောက်က ချင်ဖေးကို မပြောဘဲ သူမတစ်ယောက်ထဲကိုသာ ဝေဖန်ပြစ်တင်နေကာ အားလုံးရှေ့တွင် သူမကို မျက်နှာပျက်ရအောင် တမင်တကာ လုပ်နေတော့သည်။

စူးကျောင်းရုံသည် မတရား ခံစားရသလို ရှက်ရွံ့မိသဖြင့် သူမကလဲ ဦးညွတ်ကာ တောင်းပန်စကား ပြောလိုက်တော့၏။ “ချန်ချဲ့ တကယ်ပဲ နောက်ကျသွားပါတယ်။ မယ်တော်ကြီး အပြစ်ကို ခွင့်လွှတ်ပေးတော်မူပါ”

မယ်တော်ကြီးကျောက်က မတိုးမကျယ်သောလေသံဖြင့် နှာခေါင်းတစ်ချက် ရှုံ့ကာ ပြောလိုက်၏။ “အားဟောက်က စေ့စပ်လိုက်ပြီ။ မင်းလဲ ယောက္ခမ ဖြစ်တော့မဲ့လူပဲ။ နောက်ဆိုရင် စကားပြောတာ၊ အမူအကျင့်၊ နေထိုင်တာကိုလဲ ချွေးမလောင်းလေးအတွက် ပုံစံကောင်းလေး ပြသင့်တယ်”

မုန့်ယွင်လော် “...”

စူးကျောင်းရုံကတော့ ခေါင်းငုံ့ထားရင်း “ဟုတ်ကဲ့ပါ” ဟု ဖြေလိုက်ရလေသည်။

မုန့်ယွင်လော်သည် ယောက္ခမလောင်း၏ ဒေါသကို မျိုသိပ်ကာ အသံကို နှိမ့်ချပြီး ရိုကျိုးနေသည့် ပုံစံကို ကြည့်ရင်း စိတ်ထဲတွင် မကျေမနပ် မွန်းကြပ်နေသည့် ခံစးချက်ကြီးကို ဖော်ပြလို့ မရနိုင်အောင် ဖြစ်သွားတော့သည်။

ဘေးနားက လုမင်ယွိ၏ မဲ့ပြုံးပြုံးနေသလို နှုတ်ခမ်းထောင့်များကို ထပ်မံတွေ့လိုက်ရသောအခါ မုန့်ယွင်လော်သည် ပိုလို့ပင် ဒေါသထွက်လာတော့သည်။

မည်သို့ပင် ဒေါသထွက်နေစေကာမူ ဘာမှလဲ မတတ်နိုင်ပေ။

သီးခံရုံသာ ရှိလေတော့သည်။

မုန့်ယွင်လော်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းကို ငုံ့ထားလိုက်ကာ မျက်စိထဲတွင် မမြင်ရလျှင် စိတ်ထဲ ရှင်းသွားမည် ဟူသည့် သဘောဖြင့်သာ နေလိုက်တော့သည်။

ခဏအကြာတွင်တော့ နန်းတွင်းအပျိုတော်တစ်ဦးက ရှေ့ထွက်ကာ လျှောက်တင်လာ၏။ “မင်္ဂလာအချိန် ကျရောက်လာပါပြီ။ ဆံထိုးတင်ပွဲအခမ်းအနားကို စတင်တော့မှာ ဖြစ်ပါတယ်။ မယ်တော်ကြီး၊ မိဖုရားခေါင်မယ်မယ်နဲ့ ကွေ့ဖေးမယ်မယ်တို့ ကျေးဇူးပြုပြီးတော့ နေရာပြောင်းရွှေ့ ကြွချီတော်မူပေးပါ”

မယ်တော်ကြီးကျောက်၏ ဦးဆောင်မှုဖြင့် အားလုံးကလဲ ထရပ်လိုက်ကာ ထွက်ခွာလာကြလေသည်။

စူးကျောင်းရုံသည် ချွေးမလောင်းလေး မုန့်ယွင်လော်၏ နေရာကို အစောကြီးကတဲက ချိန်ရွယ်ထားခဲ့ပြီးသားဖြစ်ရာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် မုန့်ယွင်လော်၏ ဘေးနားသို့ ရောက်ရှိသွားတော့၏။ သူမ၏ အသံက နူးညံ့သိမ်မွေ့ကာ သနားစဖွယ် အားကိုးရာမဲ့နေသည့် ဟန်လေးဖြင့် ပြောလာခဲ့၏။ “ဒီနေ့ နည်းနည်းလေး ခေါင်းတွေမူးပြီး မျက်စိတွေ ပြာနေသလိုပဲ။ အသက်ရှူလို့လဲ မကောင်းဘူး”

ယောက္ခမလောင်းလျာက ဤသို့ပုံစံမျိုးဖြင့် ပြောလာသောအခါ မုန့်ယွင်လော်မှာ ဘာတတ်နိုင်ပါအုံးမည်နည်း။

မုန့်ယွင်လော်သည် မတတ်သာတော့ဘဲ လက်ကိုဆန့်တန်းကာ စူးကျောင်းရုံကို တွဲပေးလိုက်ရတော့သည်။

စူးကျောင်းရုံသည် မျက်နှာပေါ်တွင် ကျေးဇူးတင်စိတ်အပြည့်ဖြင့် လက်ကိုလှမ်းကာ မုန့်ယွင်လော်၏ လက်ဖဝါးလေးကို ခပ်ဖွဖွလေး ပုတ်ပေးကာ ပြောလာခဲ့သည်။ “တတိယသခင်မလေးမုန့်က တကယ်ပဲ မိဘအပေါ် ရိုသေပြီး သိတတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ အားဟောက်က တကယ်ကို အမြင်ရှိတယ်”

ခပ်တိုးတိုးလှောင်ရယ်သံတစ်ခုသည် နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။

...

အပိုင်း (၁၂၀) ပြဇာတ်ခင်းခြင်း (၁)

သရော်လှောင်ပြောင်သလို ရယ်သံသည် သိပ်မကျယ်လွန်းဘဲ စူးကျောင်းရုံနှင့် မုန့်ယွင်လော်တို့ ၂ ယောက်သား ကြားနိုင်ရုံမျှ ဖြစ်လေသည်။

မုန့်ယွင်လော်က ခေါင်းကို လှည့်ကာ လုမင်ယွိကို မျက်စောင်းထိုးလိုက်ပြီး “နင်က ဘာရယ်တာလဲ”

စူးကျောင်းရုံသည်လဲ လှမ်းကြည့်လာချိန်တွင် လုမင်ယွိ၏ လှောင်ပြောင်သရော်နေသည့် မျက်လုံးများနှင့် တွေ့ဆုံသွားတော့သည်။ စူးကျောင်းရုံသည် မလုံမလဲ ခံစားလိုက်ရပြီး မြန်မြန် အကြည့်လွှဲထားလိုက်တော့၏။

လုမင်ယွိကတော့ အေးအေးဆေးဆေးပင် ပြောလာခဲ့သည်။ “ဒီနေ့က နေ့ကောင်းရက်မြတ်လေ။ ငါ ရယ်ချင်လို့ရယ်တာ။ နင့်ကို ရယ်နေတာမှ မဟုတ်တာ။ ဒါနဲ့ နင့်မှာများ ရယ်စရာကောင်းတာများ ရှိလို့လား”

မုန့်ယွင်လော်သည် ထိုစကားကြောင့် ဆွံ့အသွားပြီး မည်သို့ ပြန်ချေပရမည်ပင် မသိတော့ပေ။

စူးကျောင်းရုံသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ချွေးမလောင်းလေးဖက်က ကာကွယ်ပြီး ဒေါသဖြေပေးလိုသည့် အရိပ်အယောင် နည်းနည်းလေးမှ မရှိဘဲ မုန့်ယွင်လော်၏ အင်္ကျီလက်စကို ဆွဲလိုက်ကာ လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ “မြန်မြန်သွားရအောင်။ အချိန်ကောင်း လွတ်သွားအုံးမယ်”

မုန့်ယွင်လော်သည် စူးကျောင်းရုံ၏ မိမိသဘောမပါဘဲ ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားရပြီး စိတ်ထဲတွင် သူရဲဘောကြောင်လွန်းလှသည့် ခံစားချက်က အချိန်အကြာကြီး ရစ်တွယ်နေတော့သည်။

လုမင်ယွိသည် ထွက်ပြေးသွားတော့လုမတတ်ဖြစ်နေသည့် စူးကျောင်းရုံကို ကြည့်ပြီး လှောင်ပြောင်သရော်ဟန်ဖြင့် နှုတ်ခမ်းထောင့်များကို ကွေးထားလိုက်တော့၏။

ဒါကလဲ စူးကျောင်းရုံ ပုံမှန်သုံးနေကျ ပရိယာယ်တစ်ခုပင်။ အချိန်တိုင်းတွင် သူမသည် အားနည်းတတ်သည့် မျက်နှာလေးကို ပြသထားတတ်သည်။ သူမ၏ မျက်လုံးများက နီရဲနေကာ အချိန်မရွေး မျက်ရည်များ ကျလာတတ်ပြီး လူအများ၏ အနိုင်ကျင့်ခံရခြင်းကို ခံနေရသည့် သနားစဖွယ် ပုံစံမျိုး ဖြစ်နေတတ်သည်။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အားလုံးကလဲ စူးကျောင်းရုံကို အထင်အမြင်သေးကြတော့သည်။ ဘယ်သူကမှ စူးကျောင်းရုံကို အလေးအနက် မထားကြတော့ချေ။

ဒီလို “နူးညံ့ပြီး အသုံးမကျ” သည့် မိန်းမတစ်ဦးက တစ်နေ့တွင် အာဏာရရှိလာသောအခါ အလွန် ကောက်ကျစ်ယုတ်မာပြီး ရက်စက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အရာရာတိုင်းတွင် အသာစီးရလိုပြီး အမြင်ကျဉ်းသည့် မုန့်ယွင်လော်သည် စူးကျောင်းရုံ၏ ချွေးမဖြစ်လာသည်တွင် နောင်တစ်ချိန်တွင်တော့ တဖြည်းဖြည်းချင်း ခံစားရပေအုံးမည်။

-

ယနေ့တွင် ကျင့်အန်းကုန်းကျူအတွက် အခမ်းအနားကို ကြီးမှူးကျင်းပပေးသူမှာ မုန့်ကွေ့ဖေးဖြစ်လေသည်။

ကျိုးကြောင်းသင့် ပြောရမည်ဆိုလျှင်တော့ ချောင်မိဖုရားခေါင်ကဲ့သို့ တရားဝင်မိခင်ကသာ အကြီးအမှူးအဖြစ် ဆောင်ရွက်သင့်ပေသည်။ သို့သော်ငြား မုန့်ကွေ့ဖေးက မိမိကိုယ်တိုင် အကြီးအမှူးအဖြစ် ဆောင်ရွက်မည်ဟု ‌ခေါင်းမာစွာ ‌တောင်းဆိုနေသည်တွင် မျက်နှာလိုက်တတ်သည့် ယုံးကျားဧကရာဇ်ကလဲ ချစ်မြတ်နိုးရသည့် ကြင်ရာတော်၏ ချွဲနွဲ့မှု တစ်ချက်ကြောင့် ခွင့်ပြုပေးလိုက်တော့၏။

၁၅ နှစ်အရွယ် ကျင့်အန်းကုန်းကျူလေးသည် ကျော့ရှင်းလှပတင့်တယ်လှပြီး ပန်းလေးလို ချောမောသည့် ရုပ်ရည်တစ်ခု ပိုင်ဆိုင်ထား၏။ ယုံးကျားဧကရာဇ်၏ အလိုလိုက်ခြင်းနှင့် မုန့်ကွေ့ဖေး၏ လက်ဖဝါးပေါ်တွင် ဖူးဖူးမှုတ်ထားခြင်းရှိပါလျက် ကျင့်အန်းကုန်းကျူသည် မောက်မာထောင်လွှားသည့် စရိုက်မျိုး မရှိလာသည်ကတော့ အမှန်ပင် ရှားပါးလွန်းလှသည်။

ယုံးကျားဧကရာဇ်သည်လဲ မင်္ဂလာအချိန် ကျရောက်လာသည်တွင် ကိုယ်တိုင်ကိုယ်ကျ အခမ်းအနားသို့ လာရောက် ကြည့်ရှုခဲ့လေသည်။

လုမင်ယွိက ရှေ့သို့ တိုးမသွားဘဲ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ ထောင့်တစ်နေရာတွင်သာ ရပ်နေလိုက်၏။

သို့သော်ငြား ကျင့်အန်းကုန်းကျူကလွဲလျှင် မင်းသားကြင်ရာတော် အလောင်းအလျာ ၃ ယောက်စလုံးမှာ အထင်ပေါ်ဆုံးဖြစ်ကြလေသည်။ လုမင်ယွိသည် ဒုတိယမင်းသားကြင်ရာတော် အလောင်းအလျာ ဖြစ်သည့်အလျောက် လူအများ၏ အာရုံစိုက် ကြည့်ရှုခြင်းကို မကြာခဏ ခံနေရ၏။

ထို့နောက်တွင် ရှေ့တွင်ရပ်နေသည့် ဒုတိယမင်းသားသည် ဘယ်အချိန်က လူအများကို ကျော်ဖြတ်လာသည်မသိ။ အမူအရာမပျက်ပင် လုမင်ယွိ၏ ဘေးနားသို့ ရောက်ရှိလာသည်ကို အားလုံးက တွေ့လိုက်ရ၏။

တူရိယာတီးမှုတ်သံများ အလယ်တွင် ဒုတိယမင်းသားက ဘာကို ပြောဆိုနေသည်ကို မည်သူက မကြားရဘဲ လုမင်ယွိကတော့ ပြုံးရင်း မျက်စောင်းထိုးလိုက်သည်ကိုသာ တွေ့မြင်လိုက်ရ၏။ ဒုတိယမင်းသားကတော့ အသံတိုးတိုးဖြင့် ညင်သာစွာရယ်မောလို့နေသည်။

ဒါသည် မျက်စိရှေ့တွင်ပင် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပြုမူနေခြင်းပင် ဖြစ်တော့၏။

လူအများ အားကျရသည့် မြင်ကွင်းကလဲ အမှန်တွင်တော့ ဒီလိုပုံစံမျိုးပင်။

“ဒီနေ့ ကျောက်ယွီနဲ့ မုန့်ယွင်လော်တို့ ၂ ယောက်စလုံး မျက်နှာပန်းလှကြတယ်” လီကျင့်က အသံတိုးတိုးဖြင့် ရယ်မောကာ ပြောလာသည်။ “ကိုယ်က တမင်တကာ ဒီကို လာခဲ့တာ။ လူတွေ မင်းကိုလဲ တစ်ခါလောက် မနာလို ဖြစ်သွားအောင်လို့လေ”

လုမင်ယွိက ပြုံးကာ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး “ဒါဆိုရင်တော့ ရှင့်ကို တကယ် ကျေးဇူးတင်ရမှာပဲ”

လီကျင့်ကလဲ အသံမထွက်ဘဲ ပြုံးလိုက်၏။ “မင်းနဲ့ ကိုယ့်ကြားမှာ ကျေးဇူးတင်စကား ပြောဖို့ လိုလို့လား”

အားလုံး၏ မျက်လုံးထဲတွင် ဒီလို လက်မထပ်ရသေးသည့် စုံတွဲသည် တစ်နေရာထဲတွင် စုဝေးနေကြပြီး လူအများရှေ့တွင် တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်မှာ ချစ်စိတ်များ ပြင်းထန်ပြီး မထိန်းချုပ်နိုင်အောင် ဖြစ်ကြသည်ဟု မြင်သည် မဟုတ်ပါလား။

လူအုပ်ကြီးထဲတွင် လီဟောက်ကလဲ တိတ်တဆိတ်ပင် တစ်ချက် လှမ်းကြည့်လာခဲ့သည်။

သူသည် အရပ်မြင့်မြင့် ခြေတံရှည်လျားသဖြင့် ဒီမြင်ကွင်းကို အလွယ်တကူ မြင်တွေ့နိုင်ပေသည်။

လီဟောက်က ပါးလွှာသည့် သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ကာ မြန်မြန် အကြည့်လွှဲထားလိုက်တော့သည်။

နာရီဝက်ကြာပြီးသွားသည့်နောက်တွင် ဆံထိုးတင်ပွဲ အခမ်းအနားကလဲ အောင်မြင်စွာ ပြီးမြောက်သွားခဲ့၏။

နောက်အစီအစဉ်မှာ နန်းတွင်းစားသောက်ပွဲ ဖြစ်လေသည်။ နန်းတွင်း စားသောက်ပွဲတွင် စုစုပေါင်း စားပွဲဝိုင်း ၁၀ ဝိုင်း ရှိပြီး ယောက်ျားများအတွက် တစ်ဝိုင်းသာ ရှိကာ အမျိုးသမီးများအတွက် ၈ ဝိုင်းအထိ ရှိလေသည်။ ယောက်ျားနှင့် မိန်းမ စားပွဲများကို ခန်းမဆောင် ၂ ခုတွင် ခွဲခြားပြီး ပြင်ဆင်ပေးထား၏။

မယ်တော်ကြီးကျောက်က ဖြစ်သင့်သည့် ပုံစံအလား ပထမဦးဆုံး အဓိပတိနေရာတွင် ဝင်ထိုင်လိုက်လေသည်။

မျိုးနွယ်စုထဲက အမျိုးသမီးများထဲက မယ်တော်ကြီးကျောက်နှင့် မျိုးဆက်တူ လူနည်းစုတို့သည် မယ်တော်ကြီးကျောက်နှင့်အတူ စားပွဲဝိုင်းတစ်ခုထဲတွင် အဖော်ပြုကာ ထိုင်လိုက်ကြ၏။ တုံးပင်ကျွင်းဝမ်ဖေးကတော့ အလိုက်တသိဆုံးဖြစ်ကာ ကိုယ်တိုင်ပင် မယ်တော်ကြီးကျောက်အတွက် ဟင်းလျာများကို တည်ခင်းပေးနေလေသည်။

မယ်တော်ကြီးကျောက်က ရယ်မောကာ ပြောလိုက်၏။ “အိုက်ကျားရဲ့ ဘေးမှာ ပြုစုစောင့်ရှောက်ဖို့ လူမရှားပါဘူး။ ညီမတော်လဲ အလုပ်ရှုပ်ခံ မနေပါနဲ့တော့”

တုံးပင်ကျွင်းဝမ်ဖေးသည် မယ်တော်ကြီးကျောက်၏ မောင်ဝမ်းကွဲ၏ ဇနီးတော်စပ်သူ ဖြစ်ပြီး သူမသည် အရင်ကတဲက မယ်တော်ကြီးကျောက်နှင့် ဆက်ဆံရေး အဆင်ပြေခဲ့လေသည်။ ယုံးကျားဧကရာဇ် နန်းတက်ပြီးနောက်တွင် မယ်တော်ကြီးကျောက် အပေါ် ပိုလို့ပင် မြှောက်ပင့် ပြောဆို ဆက်ဆံလာခဲ့၏။

“ကျွန်မက သာမန်ရက်တွေမှာ နန်းတော်ထဲ အမြဲဝင်ဖို့ အဆင်မပြေဘူးလေ။ ဒီနေ့တော့ ခဲခဲယဉ်းယဉ်း အခွင့်အရေးလေး ရတုန်း ကျွန်မလို ညီမတော်မျိုးကိုလဲ ကောင်းကောင်းမွန်မွန် ပြုစုခွင့် ပေးပါအုံး” တုံးပင်ကျွင်းဝမ်ဖေးက ရယ်မောကာဖြင့် ပြောလိုက်၏။ “မယ်တော်ကြီးက ညီမတော်ကို သနားချစ်ခင်တယ်လို့ပဲ သဘောထားလိုက်ပါ”

မျက်နှာချိုသွေး မြှောက်ပင့်ပြောဆိုရာတွင် အတော်ဆုံးဖြစ်သည့် တုံးပင်ကျွင်းဝမ်ဖေးပင်။ စကားလေး နည်းနည်းပါးပါး ပြောဆိုရုံဖြင့် မယ်တော်ကြီးကျောက်ကို ပျော်ရွှင်စွာ ရယ်မောမဆုံးဖြစ်သွားအောင် ချော့မြူနိုင်လေသည်။

အမျိုးသမီး ဆွေမျိုးများအားလုံးကလဲ အားကျခြင်း၊ မနာလိုခြင်းများ ဖြစ်သွားတော့၏။

သူတို့သည်လဲ မယ်တော်ကြီးကျောက်ကို မြှောက်ပင့် ပြောဆိုချင်ကြသည်ပင်။ သို့သော်ငြား မယ်တော်ကြီးကျောက်နှင့်အတူ စားပွဲတစ်ဝိုင်းထဲတွင် ထိုင်ခွင့်ရှိသူများမှာ ထိုအနည်းငယ်မျှ ရှိသောသူများသာ ဖြစ်၏။ သူမတို့မှာ မြှောက်ပင့် ပြောဆိုချင်သော်ငြားလည်း အခွင့်အရေး မရှိကြပေ။

ချောင်မိဖုရားခေါင်ကတော့ ဒုတိယစားပွဲတွင် ‌နေရာယူလိုက်ပြီး မုန့်ကွေ့ဖေးနှင့် ချင်‌ဖေးတို့သည်လဲ ထိုစားပွဲတွင်သာ နေရာယူလိုက်ကြသည်။ စူးကျောင်းရုံ၏ မျိုးရိုးမှာ မကောင်းမွန်လှသော်လည်း မည်သို့ပင်ဖြစ်စေ တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့၏ မွေးမိခင်အရင်း ဖြစ်နေသဖြင့် ယနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် သူမသည် မျက်နှာပြောင်တိုက်ကာ ချင်ဖေး၏ အောက်ဖက်နေရာတွင် ဝင်ထိုင်လိုက်လေသည်။

ချောင်မိဖုရားခေါင်ကတော့ စူးကျောင်းရုံကို ပေါ့ပေါ့ပါးပါး တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဘာမှတော့ မပြောလိုက်ချေ။

စူးကျောင်းရုံသည်လဲ ရင်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်ကာ အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ပြီး အရင်ဦးဆုံး ချောင်မိဖုရားခေါင်ကို မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။ “မိဖုရားခေါင်မယ်မယ် ဒီရက်ပိုင်း အသားအရည် တော်တော်လေး ကောင်းလာတယ်နော်”

ချောင်မိဖုရားခေါင်ကလဲ ခပ်အေးအေးသာ ပြန်ဖြေလိုက်သည်။ “မင်းသားတွေက မကြာခင် လက်ဆက်ကြတော့မှာ။ ပန်ကုန်းကလဲ မင်းသားအိမ်တော်တွေ ပြင်ဆင်နေရတာနဲ့ အလုပ်များပြီး ရက်ပေါင်းများစွာ အိပ်မပျော် စားမဝင် ဖြစ်နေခဲ့တာလေ။ စူးကျောင်းရုံက ပန်ကုန်းရဲ့ အသားအရည် ကောင်းနေတာကို ကြည့်တတ်တယ်ဆိုတော့ ဒီလို စွမ်းရည်မျိုးကို ပန်ကုန်းက တကယ်ပဲ လေးစားမိပါတယ်”

စူးကျောင်းရုံသည် အရှက်ရသွားသော်ငြားလည်း ဒေါသလဲ မထွက်ရဲချေ။ သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ကာ ကျင့်အန်းကုန်းကျူ၏ ဆံထိုးတင်ပွဲ အခမ်းအနားမှာ ကြီးကျယ်ခမ်းနားပြီး စည်ကားထည်ဝါလှကြောင်းကို ထပ်မံ ချီးကျူး ပြောဆိုလိုက်လေသည်။

မုန့်ကွေ့ဖေးကတော့ စူးကျောင်းရုံကို ပိုလို့ပင် အထင်သေးလေတော့သည်။ သူမက လက်ကိုင်ပုဝါတစ်ထည်ဖြင့် နှုတ်ခမ်းထောင့်ကို သုတ်ပြီး အလျင်မလိုဘဲ ပြန်ဖြေလိုက်၏။ “စူးကျောင်းရုံက မင်းသား ၂ ပါးတောင် မွေးထားတာ။ အဲဒါကမှ ပိုပြီး မနာလိုစရာ ကောင်းသေးတယ်”

စူးကျောင်းရုံသည် နူးညံ့သည့် ဆူးတစ်ချောင်း ထပ်မံ စိုက်ခံလိုက်ရပြန်သည်။

ချောင်မိဖုရားခေါင်ကိုလဲ မထိပါးနိုင်။ မုန့်ကွေ့ဖေးကိုလဲ ရင်မဆိုင်ရဲသဖြင့် စူးကျောင်းရုံသည် မတတ်သာဘဲ ချင်ဖေးရှိရာဖက်သို့ ‌ခေါင်းလှည့်ကာ စကားပြောလိုက်ရတော့သည်။

ချင်ဖေးသည် မကြာသေးခင်က ယုံးကျားဧကရာဇ်၏ လျစ်လျူရှုခံထားရသဖြင့် သူမသည်လဲ စကားပြောဖို့ရန် စိတ်မပါချေ။ စူးကျောင်းရုံက ဆယ်ခွန်းလောက်ပြောမှ သူမက တစ်ခွန်း၊ နှစ်ခွန်းသာ ဖြည့်ပြီး ပြောလိုက်သည်။

တခြားသူများ၏ အမြင်တွင်တော့ စူးကျောင်းရုံကသာ ချင်ဖေးကို တတွတ်တွတ် ပြောဆိုနေသော်ငြား ချင်ဖေးကတော့ အေးတိအေးစက်ဖြင့် ဂရုမစိုက်ဟန် ဖြစ်နေတော့သည်။

စားပွဲဝိုင်း ၂ ခုခြားနေသည့် မုန့်ယွင်လော်မှာ ဒီဖက်စားပွဲဝိုင်းက လှုပ်ရှားမှုများကို အမြဲတမ်း အာရုံစိုက်နေခဲ့ရာ တွေ့မြင်နေရသည့် အရာများကြောင့် ဒေါသထွက်လာပြီး သူမ၏ အဆုတ်ပင် ပေါက်ကွဲလုမတတ် ခံစားလိုက်ရတော့၏။

ဟုတ်ပါသည်။ စူးကျောင်းရုံက မည်သို့သော အကျင့်စရိုက်မျိုး ရှိသည်ကို မုန့်ယွင်လော်ကလဲ သိထားပြီးသားပင်။ ဒီနှစ်များအတွင်းတွင် သူမသည် နန်းတော်ထဲသို့ မကြာခဏ ဂါရဝပြုရန် ဝင်ရောက်ခဲ့ပြီး စူးကျောင်းရုံ၏ ရယ်စရာ အကြောင်းအရာများကိုလဲ မကြာခဏလိုက်ပြီး ရယ်မောတတ်ခဲ့သည်။

သို့သော်ငြား ယခုအချိန်တွင်တော့ ထိုရယ်စရာသည် သူမ၏ ယောက္ခမလောင်းတစ်ယောက် ဖြစ်လာလေတော့သည်။ စူးကျောင်းရုံသည် အရှက်ရကာ မိမိကိုယ်ကို အရူးတစ်ယောက်လို ပြုမူနေသည်တွင် သူမသည်လဲ မျက်နှာပျက်ရတော့၏။

မည်သို့များ ရယ်မောနိုင်ပါအုံးမည်နည်း။

သို့သော်ငြား ကျောက်ယွီကတော့ မီးလောင်ရာ လေပင့်သည့်အလား လေသံတိုးတိုးဖြင့် တခစ်ခစ် ရယ်မောကာ ပြောလာခဲ့သည်။ “လုစစ် မိဖုရားခေါင်မယ်မယ်တို့ စကားဝိုင်းက တကယ်ကို စည်ကားတာပဲနော်”

မုန့်ယွင်လော်၏ ရင်ထဲက ဒေါသမီးများသည် ချက်ချင်းဆိုသလို ကျောက်ယွီရှိရာဖက်သို့ ဦးတည်သွားလေတော့သည်။ “နင်က စည်ကားတယ်လို့ ထင်ရင် သစ်သီးယမကာ တစ်ခွက်လောက် ယူပြီး မယ်မယ်တို့ကို သွားဆက်သလိုက်ပါလား။ မယ်မယ်တို့က ပျော်သွားရင် နင့်ကို သေချာပေါက် ချီးကျူးစကား ပြောကြမှာ”

ကျောက်ယွီက ထိုအကြောင်းကို သေသေချာချာလေး စဉ်းစားလိုက်ပြီး အကြံက မဆိုးဟုပင် ထင်သွားတော့သည်။ “ငါ တစ်ယောက်ထဲ သွားရင် လူတွေ အရမ်း အာရုံစိုက်နေမှာပေါ့။ ဒီလိုလုပ်မယ်လေ။ ငါတို့ ၃ ယောက်လုံး အတူတူ သွားရအောင်”

မုန့်ယွင်လော် “...”

လုမင်ယွိကတော့ ပြုံးသလိုလို မပြုံးသလိုလိုဖြင့် မုန့်ယွင်လော်ကို လှမ်းကြည့်လိုက်ကာ “နင် စဉ်းစားမိတာ အကြံကောင်းပဲ။ ဒီတော့ နင်ပဲ ဦးဆောင်ပြီး သွားလိုက်ပါလား”

ကျောက်ယွီကလဲ လက်ကိုင်ပုဝါဖြင့် ပါးစပ်လေးကို အုပ်ကာ ခပ်တိုးတိုး ရယ်မောလေသည်။

မုန့်ယွင်လော်သည် ယခုမှပင် သဘောပေါက်သွားတော့၏။ မိမိကိုယ်တိုင်က သူတို့ ၂ ယောက်၏ ပူးပေါင်းကာ နောက်ပြောင်ခြင်း ခံလိုက်ရသည်ပင်။ အလိုလေး။ ဒေါသထွက်စရာ ကောင်းလိုက်လေ။

ပိုပြီး ဒေါသထွက်စရာ ကောင်းတာက စိတ်မြန်လက်မြန် ရှိလှတဲ့ လုစစ်က ဘယ်လိုဖြစ်ပြီးတော့ ဒီလို အလိုက်ကန်းဆိုး မသိတဲ့ ကျောက်ယွီနဲ့များ သွားပေါင်းမိရတာလဲ။

...

All Chapters