အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အပိုင်း (၁၂၁) ကြီးကျယ်ခမ်းနားသော ပြဇာတ် (၂)
မုန့်ယွင်လော်သည် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရလေ၏။
ပထမမင်းသား ကြင်ရာတော်သည်လည်း ဤစားပွဲဝိုင်းတွင် ထိုင်နေပြီး အမူအရာမပျက်ဘဲ အရာအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့နေခဲ့သည်။ သည်အချိန်တွင် သူမက ပြုံးရွှင်စွာဖြင့် အခြေအနေကို ဝင်ရောက်ထိန်းသိမ်း လိုက်လေသည်။ “နန်းတွင်းပွဲတော်က စည်ကားပေမယ့် စည်းကမ်းတချို့ကိုတော့ လိုက်နာရမှာပေါ့။ အရက်ဆက်သချင်ရင်တောင်မှ မယ်တော်ကြီးရဲ့ အချက်ပြတာကို စောင့်ရတယ် ဒါမှမဟုတ် ကုန်းကျူတွေက ဦးဆောင်ရတယ်။ ချွေးမတော်တစ်ယောက်အနေနဲ့တော့ ဒီလိုမျိုး မျက်နှာသာရအောင် လုပ်တာက မသင့်တော်ဘူး”
သူမကဲ့သို့ တရားဝင် ပထမမင်းသား ကြင်ရာတော် ဖြစ်နေသူပင် ဤသို့ မျက်နှာသာရအောင် မပြုမူသေးပါလျှင် တံခါးမဝင်ရသေးသော သူများမှာ ဆိုဖွယ်ရာ မရှိတော့ချေ။
လုမင်ယွိသည် ပထမမင်းသား ကြင်ရာတော်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်လေသည်။ “ပထမမင်းသား ကြင်ရာတော် ပြောတာ မှန်ပါတယ်။ ဒီစည်းကမ်းလောက်တော့ ကျွန်မတို့ နားလည်ပါတယ်။ ခုနက ဒီအတိုင်း စနောက်လိုက်တာပါ”
ကျောက်ယွီက မျက်နှာချိုသွေးလျက် စကားဝင်ဖြည့်စွက်လိုက်သည်။ “ဟုတ်တာပေါ့။ ဒီလိုမျိုး မဆင်မခြင် အရက်လိုက်ဆက်သတယ်လို့ ဘယ်မှာရှိလို့လဲ။ အပြင်ကို သတင်းပေါက်ကြားသွားရင် လူရယ်စရာ ဖြစ်နေမှာပေါ့”
မုန့်ယွင်လော်သည် ထိုနှစ်ဦး၏ သရော်လှောင်ပြောင်မှုကို ခံလိုက်ရသဖြင့် စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း အပြုံးတုတစ်ခုဖြင့် ဆိုလေသည်။ “ပြောရမယ်ဆိုရင်တော့ ဘယ်သူမှ ကျောက်မေ့မေ့လောက် မသာပါဘူး။ မယ်တော်ကြီး ကြွလာတာနဲ့ ပါးစပ်က ကျောက်မေ့မေ့ကို သူ့ဘေးနား လာဖို့ ချက်ချင်း ခေါ်တော့တာပဲ။ ဒီလိုမျိုး မျက်နှာသာပေးခံရတာက ပထမမင်းသား ကြင်ရာတော်တောင် မရသေးဘူး!”
သည်လောက် သိသာထင်ရှားသော သွေးထိုးလှုံ့ဆော်မှုမျိုးကို ပထမမင်းသား ကြင်ရာတော်က အလွယ်တကူ သဘောမကျခဲ့ပေ။ သူမက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ “ကျောက်မေ့မေ့က တက်ကြွလန်းဆန်းပြီး လိမ္မာပါးနပ်တော့ အဘွားတော်က နည်းနည်း ပိုပြီး မျက်နှာသာပေးမိတာကလည်း ရှောင်လွှဲလို့ မရပါဘူး”
ပြောသာပြောရသည် မျက်နှာပြင်တွင် မည်မျှပင် တည်ငြိမ်နေစေကာမူ စိတ်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်မှာ အမှန်ပင်။
မဟုတ်လို့လား။
ကျောက်ယွီသည် တံခါးမဝင်ရသေးသည်ကိုထားဦး နန်းတွင်းတော်သို့ ဝင်ရောက်ပြီးသည့်တိုင် သူမကဲ့သို့သော အကြီးဆုံး ယောက်မတော်ကို အနည်းငယ် လေးစားရပေမည်။ သို့သော် မျက်နှာလိုက်တတ်သော မယ်တော်ကြီးကျောက်သည် သူမကဲ့သို့သော အကြီးဆုံး မြေးတော်ချွေးမ၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှ ထောက်ထားခြင်းမရှိဘဲ ပါးစပ်ဟလိုက်သည်နှင့် ကျောက်ယွီကိုသာ ခေါ်လေသည်။
ကျောက်ယွီသည် ပထမမင်းသား ကြင်ရာတော်၏ စကားထဲမှ ဆိုလိုရင်းကို နားမလည်ဘဲ ကျေနပ်ဂုဏ်ယူစွာ ရယ်မောလိုက်လေသည်။
လုမင်ယွိသည် ကျောက်ယွီကို သနားဂရုဏာသက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။
ဒီကောင်မလေးတော့ တုံးလိုက်တာ။
ပထမမင်းသား ကြင်ရာတော်သည် ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့ဟန် တူနေသော်လည်း အမှန်တကယ်တွင် သူမသည် အလွန် သဘောထားကြီးသူတော့ မဟုတ်ပေ။ ဆယ်ပုံတွင် ကိုးပုံတော့ ထိုကိစ္စကို သူမ၏ စိတ်ထဲတွင် မှတ်သားထားလိုက်လောက်ပေပြီ။
...
နန်းတွင်းပွဲတော် ပြီးဆုံးသွားသည့်နောက် လူအများသည် ပြဇာတ်ကြည့်ရှုရန် ပန်းခင်းခန်းမဆောင်သို့ နေရာရွှေ့ပြောင်းသွားကြလေသည်။
နန်းတော်ထဲတွင် သီဆိုသူ၊ ကခုန်သူများနှင့် တီးမှုတ်ပညာရှင်များ ရှိသဖြင့် သီချင်းဆို၊ ကပြဖျော်ဖြေပွဲများကို ကြည့်ရှုခံစားရန် အလွန် လွယ်ကူအဆင်ပြေလှသည်။ မယ်တော်ကြီးကျောက်သည် သက်တော်ကြီးရင့်လာသည်နှင့်အမျှ ပြဇာတ်ကြည့်ရှုခြင်းကို အနှစ်သက်ဆုံး ဖြစ်၏။ နန်းတော်ထဲတွင်လည်း ပြဇာတ်အဖွဲ့ငယ်လေး တစ်ဖွဲ့ ရှိလေသည်။
မယ်တော်ကြီးကျောက်သည် ရှေးဦးစွာ သူမ နားထောင်လေ့ရှိသော ‘လေးယောက်မြောက်သားတော် မိခင်ထံအပြန်ပြဇာတ်’ကို တောင်းဆိုလိုက်သည်။ ထို့နောက် ချောင်မိဖုရားခေါင်ကို မိန့်ကြားလိုက်၏။ “ဟွမ်ဟုပ် မင်းလည်း ပြဇာတ်တစ်ပုဒ်လောက် ရွေးပါဦး”
ချောင်မိဖုရားခေါင်က ပြုံးယောင်သန်းလျက် ဆိုလိုက်လေသည်။ “ဒီနေ့ လူစုံပြီး စည်ကားနေတော့ စာပေဆိုင်ရာ ပြဇာတ်ပဲ နားထောင်နေရရင် ပျင်းစရာကောင်းနေမှာပေါ့။ ဒါကြောင့် အာရှီက သိုင်းလောကပြဇာတ် တစ်ပုဒ်လောက်ပဲ ရွေးလိုက်ပါ့မယ်”
သိုင်းလောက ပြဇာတ်များတွင် တိုက်ခိုက်ခန်းများ ပါဝင်သဖြင့် စည်ကားပြီး ပျော်ရွှင်ဖွယ် ကောင်းလှသည်။ လူငယ်မိန်းကလေးအများစုမှာ သိုင်းလောက ပြဇာတ် ကြည့်ရှုရခြင်းကို နှစ်သက်ကြ၏။
မုန့်ကွေ့ဖေး၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးရွှင်စွာ ဆိုလေသည်။ “မိဖုရားခေါင်က ဒီနေ့ မိန်းကလေးငယ်လေးတွေ ပျော်ရွှင်ရအောင် တမင်တကာ သိုင်းလောက ပြဇာတ်တစ်ပုဒ်ကို ရွေးချယ်ပေးတာပဲ။ ကျွန်မက ကျင့်အန်းကိုယ်စား မိဖုရားခေါင်ကို ကျေးဇူးတင်လိုက်ပါတယ်”
ခဏလောက် ရပ်တန့်လိုက်ပြီးနောက် သူမက ထပ်ပြီး ရယ်မောလိုက်သည်။ “သိုင်းလောကပြဇာတ်အကြောင်း ပြောမိတော့ စတုတ္ထသခင်မလေးလုကိုတောင် သတိရသွားတယ်။ အဲဒီနေ့က စတုတ္ထသခင်မလေးလု နန်းတွင်းပွဲတော်မှာ သူ့ရဲ့လက်စွမ်းကို ပြသသွားတာ တကယ်ကို ပရိသတ်အားလုံးကို အံ့အားသင့်သွားစေတာပဲ! စူးကျောင်းရုံ ဟုတ်တယ်လို့ မထင်ဘူးလား”
ဤစကားတစ်ခွန်းတည်းဖြင့် စူးကျောင်းရုံကို အရှက်ရစေသည့်အပြင် ချောင်မိဖုရားခေါင်ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လေသည်။
စူးကျောင်းရုံသည် မောက်မာဝင့်ကြွားသော အမူအရာအပြည့် ဖြစ်နေသည့် မုန့်ကွေ့ဖေးကို ကြည့်ရင်း စိတ်ထဲတွင် ဒေါသထွက် နာကြည်းလာကာ အံကြိတ်လျက် အသိအမှတ်ပြုလိုက်ရသည်။
ချောင်မိဖုရားခေါင်၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။ “မုန့်ကွေ့ဖေးက တကယ်ကို မှတ်ဉာဏ်ကောင်းတာပဲ။ ပြောရမယ်ဆိုရင် ပန်ကုံးလည်း မှတ်မိနေတုန်းပဲ။ စတုတ္ထသခင်မလေးလုက စစ်သူကြီးမျိုးနွယ်ရဲ့ သမီးကောင်းရတနာ ဆိုတဲ့အတိုင်း ရှင်းယန်ဝမ်ရဲ့ အရှိန်အဝါအတိုင်း ရှိတာပဲ။ လျန်ရှီကတော့ ဆန့်ကျင်ဘက်ပဲ။ သူ့အဖေအရင်းက တော်ဝင်ကိုယ်ရံတော်တပ်ရဲ့ စစ်သူကြီးဖြစ်ပေမယ့် သူက ငယ်ငယ်ကတည်းက သိုင်းပညာ မသင်ခဲ့ဘူး။ သင်ခဲ့တာက ချုပ်ချယ်ပန်းထိုးနဲ့ ချက်ပြုတ်နည်းပညာတွေ။ တကယ်ကို ချီးကျူးစရာကောင်းတဲ့ လိမ္မာယဉ်ကျေးတဲ့ အမျိုးသမီးပဲ”
အတိတ်ဟောင်းကို ဖော်ထုတ်ရမည်ဆိုလျှင် မည်သူက မတတ်နိုင်ဘဲ ရှိမည်နည်း။
ယခုအခါ ဘုန်းတန်ခိုးကြီးမားလှသော ဧကရာဇ်၏ အရင်းနှီးဆုံး လူယုံတော် စစ်သူကြီးလျန်သည် ယခင်က လီယွမ်၏ ဘေးမှ သာမန်ကိုယ်ရံတော် စစ်သည်တစ်ဦးမျှသာ ဖြစ်ခဲ့သည်။ သူ လက်ထပ်ခဲ့သော ဇနီးသည်မှာ လီမိသားစု၏ မျိုးရိုးစဉ်ဆက် အစေခံတစ်ဦး ဖြစ်၏။ ထိုခေတ်အခါက ကိုယ်ရံတော်စစ်သည်တစ်ဦးသည် လီမိသားစု၏ ပထမတန်းစား အိမ်တွင်းအစေခံမလေး တစ်ဦးကို လက်ထပ်နိုင်ခြင်းမှာ သခင်၏ ကျေးဇူးတော်နှင့် မျက်နှာသာပေးမှုကို ခံရခြင်းပင် ဖြစ်လေသည်။
လျန်ရှီသည် ငယ်စဉ်ကတည်းက မိခင်အရင်းနှင့်အတူ ချက်ပြုတ်နည်းပညာနှင့် ချုပ်ချယ်ပန်းထိုးပညာရပ်များကို သင်ယူခဲ့ရသည်။
ဤသည်မှာလည်း အံ့ဩဖွယ်ရာ မဟုတ်ပေ။
အစေခံမတစ်ဦး၏ သမီးသည် လူအများကို ခစားပြုစုရသည့် အလုပ်ကို မသင်ဘဲ စောင်းတီး ကျားကစား စာရေး ပန်းချီဆွဲခြင်းတို့ကို သွားသင်ရမည်တဲ့လား။ လျန်ရှီ၏ မိခင်အရင်းသည် သမီးဖြစ်သူကို လီမိသားစု၏ အတွင်းအိမ်တော်သို့ ဝင်ရောက် အမှုထမ်းစေရန်ပင် ကြံရွယ်ထားခဲ့သေးသည်။
ယုံကျားဧကရာဇ် နဂါးပလ္လင်ပေါ်သို့ စံမြန်းတော်မူသောအခါ စစ်သူကြီးလျန်သည် တော်ဝင်ကိုယ်ရံတော်တပ် စစ်သူကြီးဖြစ်လာခဲ့ပြီး ယခင်က လီမိသားစု၏ အစေခံမသည်လည်း ပထမအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ခံ အမျိုးသမီးကြီး ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် လျန်ရှီသည် အသက် ၁၀ နှစ် တိတိ ရှိလေပြီ။ သူမသည် အစေခံမတစ်ဦးအဖြစ် ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်သည်မှာ သဘာဝကျလှသည်။
မိသားစု၏ အဆင့်အတန်း ပြောင်းလဲသွားပြီးမှ လျန်ရှီသည် စာပေသင်ကြားခြင်းကို စတင်ခဲ့သည်။ သို့သော် မည်သို့ဆိုစေ သူမသည် နောက်ကျမှ စာစသင်ခဲ့ရသည်။ သာမန်နေ့များတွင် လူများကို လှည့်စားနိုင်သော်လည်း သာမန် အရာရှိမျိုးရိုးမှ အမျိုးသမီးငယ်တစ်ဦးနှင့် နှိုင်းယှဉ်လိုက်လျှင်တော့ သူမသည် အလွန်တရာ ကွာခြားနိမ့်ကျနေလေသည်။
မုန့်ကွေ့ဖေးက လျန်ရှီကို အထင်မကြီးခြင်း၏ အကြောင်းရင်း အများစုမှာလည်း သည်အချက်ကြောင့်ပင်။
ဖခင်အရင်းမှာ ခြေသလုံးရွှံ့ပေ ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး မိခင်အရင်းမှာ လီမိသားစု၏ မျိုးရိုးစဉ်ဆက် အစေခံဖြစ်သည်။ ဤသို့သော မျိုးရိုးနောက်ခံရှိသည့် လျန်ရှီသည် သူမ၏ ချွေးမတော် ဖြစ်လာခဲ့သည်။ မုန့်ကွေ့ဖေးသည် သည်အကြောင်းကို စဉ်းစားမိတိုင်း မတရား အသက်ရှူကျပ်မတတ် ခံစားရလေသည်။
ထင်သည့်အတိုင်းပင်။ ချောင်မိဖုရားခေါင်က ဤအကြောင်းအရာကို ထုတ်ဖော်ပြောကြားလိုက်သည်နှင့် မုန့်ကွေ့ဖေး၏ မျက်နှာထက်မှ အပြုံးရိပ်သည် သုံးပုံတစ်ပုံလောက် လျော့ပါးသွားလေသည်။
မယ်တော်ကြီးကျောက်သည် သူမတို့အချင်းချင်း အပြိုင်အဆိုင် အငြင်းအခုံပြုကာ ဒေါသထွက်နေကြသည်ကို နားထောင်ရန် စိတ်မရှည်တော့ပေ။ “တော်ကြတော့။ ဒီလောက် ကောင်းမွန်တဲ့ နေ့ကြီးမှာ အားလုံး စကားနည်းနည်း လျှော့ပြောကြ။ အိုက်ကျားပြဇာတ်ကို ကောင်းကောင်း နားထောင်ချင်သေးတယ်!”
ထို့နောက်တွင်တော့ ပြဇာတ်စတင်ရန် အမိန့်ပေးလိုက်လေသည်။
စင်အောက်မှ ကြီးကျယ်ခမ်းနားသော ပြဇာတ် (အငြင်းအခုံ) မှာ ခဏလောက် ရပ်နားသွားပြီး စင်မြင့်ပေါ်မှ ပြဇာတ်ကတော့ ကန့်လန့်ကာ ဖွင့်လှစ်ကာ စတင်လိုက်လေပြီ။
...
လုမင်ယွိသည် စာပေဆိုင်ရာပြဇာတ်ကို သိပ်မနှစ်သက်သဖြင့် လက်ဖက်ရည်ကြည် သောက်လိုက် သစ်သီးခြောက် စားလိုက်ဖြင့် အချိန်ဖြုန်းနေလေသည်။
သိုင်းလောကပြဇာတ် စတင်သောအခါမှ လုမင်ယွိသည် အနည်းငယ် စိတ်ဝင်စားမှု ရှိလာတော့သည်။
သူမဘေးတွင် ထိုင်နေသော ကျောက်ယွီက ရယ်မောကာ စနောက်လိုက်၏။ “နင့်ကိုယ့်နင် ပြန်ကြည့်ပါဦး။ စာပေပြဇာတ် နားထောင်ရတာ အိပ်တောင်ပျော်တော့မယ်။ သိုင်းပြဇာတ် ရောက်လာမှ ချက်ချင်း မျက်လုံးတွေ ကျယ်လာတယ်။ တော်ကြာ လူတွေ ရယ်နေဦးမယ်”
လုမင်ယွိက ပြုံးရွှင်စွာ ပြန်လည် တုံ့ပြန်လိုက်လေသည်။ “ငါ့အဖေက စစ်သူကြီး။ နင့်အဖေလည်း ဟုတ်တာပဲ။ မုန့်မိသားစုကလည်း စစ်သူကြီးအိမ်တော်ပဲ။ ရယ်စရာ ဖြစ်မယ်ဆိုရင်လည်း ငါတို့ သုံးယောက်လုံးကို ရယ်မှာပေါ့။ ငါတစ်ယောက်တည်းကိုပဲ သီးသန့် ရယ်စရာ လုပ်မှာ မဟုတ်ပါဘူး”
မုန့်ယွင်လော်သည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခု ရရှိသွားပြီး ကျောက်ယွီကို တစ်ကြိမ်တော့ ထိုးနှက်လိုက်သည်။ “ဖူယန်မြို့စားက စစ်သူကြီး ဟုတ်ပေမယ့် တပ်ကို ဦးဆောင်ပြီး စစ်မြေပြင်ထွက်တဲ့ အကြိမ်အရေအတွက်က သိပ်မများပါဘူး။ ဒါကြောင့် ကျောက်ယွီက သိုင်းပြဇာတ် မကြိုက်တာလည်း အံ့ဩစရာ မရှိပါဘူး”
ဖူယန်မြို့စားသည် မယ်တော်ကြီးကျောက်၏ မျက်နှာသာပေးမှုနှင့် ယုံကျားဧကရာဇ်၏ ကာကွယ်စောင့်ရှောက်မှုတို့အပေါ် မှီခိုလျက် ဘွဲ့ထူးဂုဏ်ထူးကို လွယ်ကူစွာ ရရှိခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် စစ်မြေပြင်မှ စွမ်းဆောင်ရည်များဖြင့် မြို့စားဘွဲ့ရရှိခဲ့သော မုန့်မိသားစုနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
ကျောက်ယွီ၏ မျက်လုံးဝိုင်းများက ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “မုန့်ယွင်လော်! နင် အခု ပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်လဲ။ ငါ့အဖေကလည်း သာ့ဝေနိုင်ငံရဲ့ စစ်သူကြီးပဲ။ သာ့ဝေနိုင်ငံအတွက် စစ်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ အောင်ပွဲတွေ ရယူပေးခဲ့ဖူးတယ်။ နင်က ဘာအကြောင်းကြောင့် ငါ့အဖေကို အထင်သေးရတာလဲ!”
မုန့်ယွင်လော်သည် အသာစီး ရသွားသဖြင့် ဖြည်းညင်းစွာ ပြုံးရယ်လိုက်သည်။ “ဒီအတိုင်း ပေါ့ပေါ့ပါးပါး စလိုက်တာပါ။ နင် မကြိုက်ဘူးဆိုရင် မပြောတော့ဘူးပေါ့။ န်င် ဒီလောက်တောင် စိတ်လှုပ်ရှားသွားတာ။ ငါ ပြောလိုက်တာက နင့်ရဲ့ အထိမခံနိုင်တဲ့နေရာကို သွားထိမိလို့များလား!”
ထို့နောက် ပါးစပ်ကို လက်ဖြင့် အုပ်ကာ ချစ်စဖွယ် ဟန်ပန်ဖြင့် ရယ်မောလိုက်လေသည်။
ကျောက်ယွီသည် ဒေါသထွက်လွန်းသဖြင့် သူမ၏ ချောမောသော မျက်နှာလေးပင် နီမြန်းသွားရသော်လည်း မာမာထန်ထန် ပြန်လည် ချေပနိုင်သော စကားတစ်ခွန်းမှ မဆိုနိုင်ခဲ့ပေ။
အကြောင်းမှာ သူမ ဖခင်အရင်း၏ ဘွဲ့ထူးဂုဏ်ထူးမှာ မည်သို့ ရရှိလာသည်ကို သူမကိုယ်တိုင် စိတ်ထဲတွင် ကောင်းကောင်း သိရှိနေသောကြောင့်ပင်။ အကယ်၍သာ မယ်တော်ကြီးကျောက် မရှိခဲ့ပါလျှင် ကျောက်မိသားစုသည် ယခုကဲ့သို့သော အခြေအနေမျိုးသို့ လုံးဝ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။
လုမင်ယွိသည် ကျေနပ်ဂုဏ်ယူနေသော မုန့်ယွင်လော်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။ “ဒီလောကကြီးမှာ ကိုယ့်မှာ စွမ်းရည်ရှိတာက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ ဒါပေမဲ့ ကိုယ် မှီခိုအားထားစရာ လူရှိတာကလည်း စွမ်းရည်တစ်မျိုးပဲ”
“ငါက ဒီလိုလူမျိုးကို အားကျတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အားကျတာနဲ့ပဲ နားထဲမှာ မကြားချင်စရာကောင်းတဲ့ မနာလိုစကား မျိုးတွေတော့ မပြောဘူး”
တကယ် စွမ်းနိုင်ရင် နင်တို့ မုန့်မိသားစုကလည်း မယ်တော်ကြီးတစ်ပါးလောက် ပေါ်ထွက်လာအောင် လုပ်ကြည့်ပါလား။
မုန့်ကွေ့ဖေးက ဘယ်လောက်ပဲ အချစ်ခံရပါစေ သူက ပထမဇနီးမှမဟုတ်။ ကိုယ်လုပ်တော်တစ်ယောက်ပဲလေ။
မုန့်ယွင်လော်သည် ထိုစကားဖြင့် ထိုးနှက်ခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး မျက်လုံးထဲမှ မီးပွင့်များပင် ထွက်ကျလာတော့မတတ် ဖြစ်သွားလေသည်။
ပထမမင်းသား ကြင်ရာတော်သည် ဒီလူကို တစ်လှည့် ဟိုလူကို တစ်လှည့် ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိလေသည်။
တံခါးမဝင်ရသေးတဲ့ ယောက်မ သုံးယောက်က မျိုးရိုးနောက်ခံကို ပြောမလား။ ရုပ်ရည်ကို ပြောမလား။ အရည်အချင်းကို ပြောမလား။ တစ်ယောက်ထက် တစ်ယောက် သာနေကြတယ်။ စိတ်နေစိတ်ထားအရဆိုရင်လည်း သူမ ဝင်ရှုပ်လို့ရတာမျိုး မဟုတ်။ သမီးယောက်မတွေတောင် မဖြစ်ကြသေးဘူး။ နှုတ်ရေးစစ်ပွဲက ရပ်တယ်လို့ မရှိဘူး။ နောက်ပိုင်းမှာ ဘယ်လိုမျိုးတွေ ဆူညံပွက်လောရိုက်ဦးမလဲ မသိဘူး။
ဒါပေမဲ့လဲ ဒါကတာ့ သူမအတွက် ကောင်းတဲ့ကိစ္စပါပဲ။
သူတို့ သုံးယောက် မရှိဘဲနဲ့ သူမလို အကြီးဆုံး ယောက်မတော်တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့ပြီး လိမ္မာယဉ်ကျေးမှုကို ဘယ်လိုလုပ် ပေါ်လွင်စေနိုင်မှာလဲ။
...
အပိုင်း (၁၂၂) ကြင်ဖော် (၁)
ပြဇာတ်သည် ရှန်းအချိန် (မွန်းလွဲ ၃ နာရီမှ ၅ နာရီ) ရောက်မှ ပြီးဆုံးသွားတော့သည်။
လူအများသည် မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ကို တစ်ဦးချင်းစီ နှုတ်ဆက်ဂါရဝပြုကြပြီး နန်းတော်မှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြလေသည်။
လုမင်ယွိ၊ မုန့်ယွင်လော်နှင့် ကျောက်ယွီတို့သည်လည်း နှုတ်ဆက်ရန် အတူတကွ သွားရောက်ကြ၏။ ပန်းပွင့်ပန်းငုံများနှယ် ချောမောလှပသော အရွယ်ရောက်စ မိန်းမပျိုသုံးဦးတို့သည် ရှေ့တော်မှောက်တွင် ညီညီညာညာ တန်းစီရပ်နေကြသည်မှာ မြင်ရသူတိုင်းအဖို့ မျက်စိပသာဒဖြစ်စေရလောက်အောင်ပင် တင့်တယ်လှပေသည်။
မယ်တော်ကြီးကျောက်သည် အပြုံးပန်းဝေလျက် အနာဂတ် မြေးချွေးမတော်သုံးဦးကို မှာကြားလိုက်သည်။ "နောက်ဆို အိုက်ကျားကို အဖော်လုပ် စကားပြောပေးဖို့ နန်းတော်ထဲ ခဏခဏ ဝင်ခဲ့ကြဦး”
လုမင်ယွိတို့ကလဲ တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြ၏။
မယ်တော်ကြီးကျောက်၏ ပင်ကိုစရိုက်အရ သည်အချိန်တွင် ကျောက်ယွီကို တမင်တကာ မျက်နှာသာပေး မြှောက်စားသည်မှာ ရှောင်လွှဲ၍မရသော အခြေအနေပင်။ သူမသည် ကျောက်ယွီ၏လက်ကို ဆုပ်ကိုင်ထားလျက် မရပ်မနား စကားများ တတွတ်တွတ် ဆိုနေလေ၏။ ကျောက်ယွီသည် စိတ်ထဲတွင် ကျေနပ်ဂုဏ်ယူနေပြီး မျက်နှာပေါ်မှ အပြုံးသည်လည်း ထူးကဲစွာ ချိုမြိန်နေလေသည်။
ထိုအချိန်ထိ စကားများများ မဆိုသေးသော ချောင်မိဖုရားခေါင်က ကျော့ရှင်းသွယ်လျသော လုမင်ယွိကို ကြည့်ကာ ပြုံးရွှင်စွာ မေးလိုက်လေသည်။ "မင်ယွိ၊ ဒီနေ့ကတဲ့ သိုင်းကွက်တွေ ပါတဲ့ပြဇာတ်ကို နင် သဘောကျရဲ့လား”
ထိုသိုင်းပညာပြဇာတ်သည် အမှန်တကယ်ပင် ချောင်မိဖုရားခေါင်က တမင်တကာ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ လုမင်ယွိသည်လည်း ခပ်ရေးရေး ပြုံးလိုက်ရင်း "စည်စည်ကားကားနဲ့ ကြည့်လို့ ကောင်းပါတယ်”
ချောင်မိဖုရားခေါင်က တကယ်တော့ ငါ့ကို သိပ်သဘောကျတာ မဟုတ်ဘူး။ ဒုတိယမင်းသားအတွက်မို့လို့သာ ငါ့ကို မျက်နှာသာပေး ချိုချိုသာသာ ဆက်ဆံနေတာ။ ဘဝဟောင်းတုန်းက ငါနဲ့ ချောင်မိဖုရားခေါင်က အမြဲတမ်း ဆန့်ကျင်ဘက် အခြေအနေမှာပဲ ရှိခဲ့ကြတာဆိုတော့ သူ့အပေါ် ဘာခံစားချက်ကောင်းမှ မရှိခဲ့ဘူး။ ဒါပေမဲ့ ယောက္ခမလောင်းက ကိုယ်တိုင် မေတ္တာပြနေမှတော့ အနာဂတ် ချွေးမတစ်ယောက်အနေနဲ့ ဒီစေတနာကို လက်ခံရမှာပေါ့။
ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး နူးညံ့သော အသံဖြင့် ပြောလိုက်၏။ "မင်း သဘောကျရင် ပြီးတာပါပဲ။ နောက်ပိုင်း အားတဲ့အခါ နန်းတော်ထဲ ဂါရဝပြုဖို့ လာချင်တယ်ဆိုရင် စာလွှာတစ်စောင် ကြိုပို့လိုက်ရုံပါပဲ”
လုမင်ယွိသည် ပါးစပ်ဖွင့်ဟကာ ပြန်ဖြေလိုက်လေသည်။
စူးကျောင်းရုံသည်လည်း မုန့်ယွင်လော်ကို မျက်နှာသာပေးလိုသော်လည်း သူမ၏အဆင့်အတန်းအရ သည်အချိန်တွင် ရှေ့သို့ တိုးထွက်ရန် အရည်အချင်း မရှိချေ။ စူးကျောင်းရုံသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ပြီး မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ စကားပြောပြီးမှသာ ကြားဖြတ်၍ စကားတစ်ခွန်း ဆိုလိုက်သည်။ "တတိယသခင်မလေးမုန့်လည်း နောက်ဆို နန်းတော်ထဲ ဂါရဝပြုဖို့ ခဏခဏ လာလည်ပေါ့”
မုန့်ယွင်လော်သည် ယနေ့ ဝမ်းဗိုက်ထဲတွင် ဒေါသများ အပြည့်အသိပ် လှောင်ပိတ်ထားခဲ့ရရာ ပါးစပ်ဟလိုက်သည်နှင့် ပြန်ပြောလိုက်သည်။ "ဒါကတော့ ပြောနေစရာမလိုပါဘူး။ အရင်ကတည်းကလည်း ကျွန်မက မုန့်ကွေ့ဖေးမယ်မယ်ဆီ ဂါရဝပြုဖို့ နန်းတော်ထဲ ခဏခဏ ဝင်နေကျပဲ။ နောက်ဆိုလည်း မကြာခဏ ဝင်လာရဦးမှာပါပဲ”
စူးကျောင်းရုံမှာ “...”
နားထဲသို့ လှောင်ရယ်သံတချို့ တိုးဝင်လာလေသည်။ ထိုရယ်သံများသည် နန်းတွင်းမှ ကိုယ်လုပ်တော်များဆီကလား။ သို့တည်းမဟုတ် တော်ဝင်မျိုးနွယ်စုများဆီကလား။ သို့တည်းမဟုတ် မည်သည့်ဘွဲ့ခံ သခင်မများဆီက ထွက်ပေါ်လာသည်ကိုတော့ မည်သူမှ မသိနိုင်ခဲ့ချေ။
စူးကျောင်းရုံသည် တိတ်တဆိတ် အံကြိတ်လိုက်ပြီး အပြုံးတစ်စကို မနည်းညှစ်ထုတ်ကာ နူးညံ့သောအသံဖြင့် ဆိုလိုက်သည်။ "တတိယသခင်မလေးမုန့်က ကွေ့ဖေးသခင်မရဲ့ တူမအရင်း ဖြစ်နေတာပဲ။ အချင်းချင်း ရင်းနှီးခင်မင်နေကြတာကလည်း ဖြစ်သင့်ပါတယ်လေ”
သူမ၏ပုံစံသည် အလွန်တရာ သဘောထားကြီးမားသော ယောက္ခမလောင်းတစ်ဦး၏ ပုံပန်းသွင်ပြင်နှယ်ပင်။
ဘာကြောင့်မှန်းမသိ မုန့်ယွင်လော်၏ စိတ်ထဲတွင် ပိုလို့ပင် မွန်းကျပ်လာခဲ့သည်။ သူသည် ထပ်ပြီး ရိုင်းပြသောစကားများ ဆိုရန် မသင့်တော်တော့သဖြင့် အသံတစ်ချက်ပြုကာ ခေါင်းကို ငုံ့ချလိုက်ပြီး စူးကျောင်းရုံနှင့် ဆက်လက် စကားမပြောတော့ချေ။
……
မင်းသားများကလည်း လျင်မြန်စွာ ရောက်ရှိလာကြပြီး မယ်တော်ကြီးကျောက်နှင့် အခြားသူများကို လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်ကြသည်။ ထို့နောက်တွင်တော့ တစ်ဦးချင်းက မိမိတို့၏ သတို့သမီးလောင်းများကို အိမ်တော်သို့ ပြန်လည်လိုက်ပါပို့ဆောင်ပေးကြလေသည်။
ကျင့်အန်းကုန်းကျူ၏ အိပ်ဆောင်နန်းတော်မှ ထွက်ခွာလာပြီး နန်းတော်တံခါးဝသို့ ရောက်ရန် အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးပြီး လမ်းလျှောက်ရပေသည်။ စေ့စပ်ထားသော်လည်း လက်မထပ်ရသေးသော ချစ်သူငယ်မောင်နှံတို့အဖို့ အတူတကွ ရှိခွင့်ရရန်မှာ အလွန်တရာ ခဲယဉ်းလှ၏။
ကျောက်ယွီသည် ခြေလှမ်းအနည်းငယ်ကို အမြန်လှမ်းလိုက်ရာ စတုတ္ထမင်းသား၏ ခြေလှမ်းများကလည်း လျင်မြန်လာသည်။ ထိုသူနှစ်ဦးသည် အရင်းနှီးဆုံး ဖြစ်ကြပြီး ခေါင်းချင်းနီးကပ်စွာ စကားပြောဆိုလျက် ရံဖန်ရံခါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ "ဝမ်းကွဲအစ်မယွီ၊ ဒီနေ့ နန်းတော်ထဲ လာလည်တာ ပျော်ရဲ့လား” စတုတ္ထမင်းသားက ပြုံးလျက် မေးလိုက်သည်။
ကျောက်ယွီသည် နဂိုတည်းက ချစ်စဖွယ် နုဖတ်သောအသွင်အပြင် ရှိသည့်အလျောက် ပြုံးလိုက်သည့်အခါ ဖြူဖွေးသော သွားတန်းလေးများ ပေါ်လာသည်မှာ မြင်ရသူကိုပင် မနေနိုင်မထိုင်နိုင် လိုက်ပြုံးမိစေသည်။ "အရမ်းပျော်တာပေါ့။ နန်းတော်ထဲမှာ လူအများကြီးနဲ့ ဆိုတော့ အရမ်း စည်ကားတာပဲ”
ဘာပဲဖြစ်ဖြစ်လေ။ သူမမှာ မယ်တော်ကြီးကျောက်က အကာအကွယ် ပေးထားတာပဲ။ ဘယ်သူမှ ငါ့ကို လာမစရဲဘူး။ မုန့်ယွင်လော် တစ်ယောက်ကလွဲရင်ပေါ့။ အဲ့တစ်ယောက်ကတော့ စကားထဲမှာ အရိပ်အမြွက်တွေနဲ့ ထေ့တေ့တေ့ လာပြောနေတယ်။
ကျောက်ယွီသည် လျင်မြန်စွာ နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် စတုတ္ထမင်းသားကို အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ "တတိယသခင်မလေးမုန့်က ဒီနေ့ ဆေးမှားစားလာသလိုပဲ၊ တစ်ချိန်လုံး ကျွန်မကို ပြဿနာ လိုက်ရှာနေတယ်”
စတုတ္ထမင်းသားက တိုးတိုး ပြန်ဖြေသည်။ "တင်တောင်းလက်ဆောင် ကိစ္စကြောင့် စိတ်မသက်မသာ ဖြစ်နေလို့ နေမှာပေါ့။ သူ့ကို ဂရုမစိုက်နဲ့”
ကျောက်ယွီက ခေါင်းညိတ်လိုက်ပြီး တိုးညင်းစွာ ဆိုသည်။ "ဟုတ်တယ်။ စတုတ္ထသခင်မလေးလု ရှိနေတာပဲ။ သူတစ်ယောက်တည်းနဲ့တင် မုန့်ယွင်လော်ကို နိုင်နေပါပြီ။ ဒါနဲ့ အရှင်မင်းသား အခု နေကောင်းသွားပြီလား။ ဒူးက နာသေးလား”
စတုတ္ထမင်းသားသည် သွားများပေါ်သည်အထိ ရယ်လိုက်လေသည်။ "ဝမ်းကွဲအစ်မယွီက ကျွန်တော့်ကို ဒီလောက် ဂရုစိုက်နေတာ၊ နည်းနည်းလေးတောင် မနာတော့ပါဘူး”
ကျောက်ယွီသည် မျက်နှာနုနုလေး ရဲတွတ်သွားကာ စတုတ္ထမင်းသားကို မျက်စောင်းတစ်ချက် ချစ်စနိုး ထိုးလိုက်လေသည်။
စတုတ္ထမင်းသားက သက်ပြင်းတစ်ချက်ကို တိုးတိုးချလျက် ဆိုလေသည်။ "ကျွန်တော်က ဒီနှစ်မှ ၁၄ နှစ်ပဲ ရှိသေးတယ်။ ဖုဟွမ်က နောက်ထပ် ၂ နှစ်လောက် စောင့်ပြီးမှ မင်္ဂလာပွဲကြီး ကျင်းပရမယ်လို့ မိန့်တယ်။ တကယ်တော့ ကျွန်တော်က ဝမ်းကွဲအစ်မကို ကြင်ယာတော်အဖြစ် မြန်မြန် တော်ကောက်ချင်နေပြီ။ ကျွန်တော်တို့နှစ်ယောက်တည်း မင်းသားအိမ်တော်မှာ အတူတူနေပြီး ကိုယ့်ဘဝလေးကိုယ် အေးအေးဆေးဆေး ဖြတ်သန်းကြမယ်လေ”
ကျောက်ယွီသည် ပျားရည်သောက်သုံးလိုက်ရသကဲ့သို့ စိတ်ထဲတွင် ချိုမြိန်သွားကာ ပြောလိုက်လေသည်။ "ဒါဆိုလည်း မင်းသားက မယ်တော်ကြီးကို သွားတောင်းဆိုကြည့်ပါလား။ မင်္ဂလာရက်ကို နည်းနည်း စောစော သတ်မှတ်ပေးဖို့လေ” အမှန်တကယ်တွင် သူမကိုယ်တိုင်ကလည်း မိမိနှလုံးသားပိုင်ရှင်ထံသို့ စောစီးစွာ လက်ထပ်ဝင်ရောက်လိုနေပြီ ဖြစ်၏။
စတုတ္ထမင်းသားက အနည်းငယ် မျက်နှာငယ်သွားပြီး "အရင်တစ်ခေါက် တင်တောင်းလက်ဆောင် ကိစ္စကြောင့် ဖုဟွမ်က အမျက်တော် ပြင်းပြင်းထန်ထန် ရှခဲ့တာလေ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အဘွားတော်ကို သွားတောင်းဆိုရဲတော့မှာလဲ”
ကျောက်ယွီသည် ခဏလောက် စဉ်းစားလိုက်ပြီး "နောက်ရက်ကျရင် ကျွန်မ နန်းတော်ထဲ ဂါရဝပြုဖို့ လာရင်းနဲ့ အဘွားတော်ကို တိတ်တိတ်လေး သွားတောင်းဆိုကြည့်ရမလား”
ကိုယ်သဘောကျရတဲ့သူရဲ့ ရှေ့မှာတော့ ဘာလို့ ဟန်ဆောင်နေရမှာလဲ။
စတုတ္ထမင်းသားသည် အသံတိုးတိုးဖြင့် ရယ်မောလိုက်ပြီး "ကောင်းတာပေါ့”
သူတို့နှစ်ဦးသည် တစ်လမ်းလုံး မျက်စိမျက်နှာ အမူအရာများ ဖလှယ်ရင်း နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့ပြီး အားလုံးထက်ဦးစွာ နန်းတော်မှ ထွက်ခွာသွားကြလေသည်။
……
လီဟောက်နှင့် မုန့်ယွင်လော်တို့၏ အခြေအနေမှာမူ လုံးဝ ပြောင်းပြန် ဖြစ်နေလေသည်။
မုန့်ယွင်လော်သည် စိတ်ထဲတွင် ဒေါသထွက်နေသဖြင့် မကျေမချမ်းနှင့် စကားတစ်ခွန်းမှ မဆိုဘဲ နေ၏။ လီဟောက်သည် ဂရုမစိုက်မိ၍ သတိမထားမိခြင်းလား။ သို့တည်းမဟုတ် သတိထားမိသော်လည်း အလေးမထားဘဲ နေခြင်းလောလား မသိချေ။ နှစ်သိမ့် စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
လမ်းတစ်လျှောက် လျှောက်လှမ်းပြီးနောက် မုန့်ယွင်လော်သည် စိတ်မထိန်းနိုင်တော့ဘဲ အရင်ဆုံး ပါးစပ်ဖွင့်လိုက်သည်။ "အရှင်းမင်းသား ဘာလို့ စကားမပြောတာလဲ”
လီဟောက်သည် ခြေလှမ်းများကို နှေးလိုက်ပြီး မုန့်ယွင်လော်ဘက်သို့ လှည့်ကြည့်ကာ "မင်း ကြည့်ရတာ နည်းနည်း စိတ်မကောင်းဖြစ်နေပုံပဲ”
မုန့်ယွင်လော်သည် အနည်းငယ် ဝမ်းနည်းသွားဟန်ဖြင့် "ရှင် အခုမှ သိတာလား။ ဒီနေ့ ကျွန်မ တကယ်ကို နေရာတကာ အနှိမ်ခံခဲ့ရတာ။ စူးကျောင်းရုံက မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးရှေ့မှာ မျက်နှာမရတာ ထားလိုက်ပါတော့။ မုန့်ကွေ့ဖေးနဲ့ ချင်ဖေးတို့ကိုတောင် မပြစ်မှားရဲဘူး။ အဲ့ဒါက ကျွန်မကိုပါ အားငယ်သွားစေပြီး ကျောက်ယွီနဲ့ လုမင်ယွိတို့ဆီက လှောင်ပြောင်တာကို ကောင်းကောင်း ခံလိုက်ရတယ်”
လုမင်ယွိအကြောင်း ပြောမိသည်နှင့် မုန့်ယွင်လော်၏ စိတ်ထဲတွင် မနာလိုဝန်တိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာပြီး သူ၏ လှပသော မျက်လုံးတစ်စုံဖြင့် လီဟောက်ကို စူးစိုက်ကြည့်နေမိသည်။
လီဟောက်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခြင်း မရှိဘဲ သက်ပြင်းတစ်ချက်ကိုသာ ညင်သာစွာ ချလိုက်သည်။ "ယွင်လော်၊ ဒီနေ့ မင်း တကယ်ကို ခံစားခဲ့ရပြီ”
"ငါ့မယ်တော်က မျိုးရိုးနိမ့်ကျပြီး အနောက်နန်းဆောင်မှာလည်း ရာထူးအဆင့်အတန်း နိမ့်တယ်။ တခြားသူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး ပြောဆိုဆက်ဆံရတာက ဖြစ်နေကျပဲ။ မင်းက မုန့်အိမ်တော်ရဲ့ သမီးအရင်း။ တန်ဖိုးထားခံပြီး ကြီးပြင်းလာရတဲ့သူ။ နောင်တစ်ချိန်မှာ ငါလို သာမန်ကိုယ်လုပ်တော်က မွေးတဲ့ မင်းသားတစ်ပါးကို လက်ထပ်ရမှာဆိုတော့ နန်းတော်ထဲမှာ နေရာတကာ သည်းခံရမှာပဲ။ မင်းအတွက် တကယ်ကို နစ်နာစေတယ်”
"ယွင်လော်" ဟူသော ခေါ်သံတစ်ခွန်းသည် မုန့်ယွင်လော်၏ ပါးပြင်နှစ်ဖက်ကို နီမြန်းသွားစေခဲ့သည်။ နူးညံ့ညင်သာသော စကားလုံးများသည် အချစ်ဦးအရွယ် မိန်းမပျိုလေး၏ နှလုံးသားကို ပိုလို့ပင် အရည်ပျော်သွားစေခဲ့သည်။
မုန့်ယွင်လော်သည် ရှက်သွေးဖြာသော မျက်နှာလေးဖြင့် အသံအနည်းငယ် နူးညံ့သွားကာ "ကျွန်မ... ကျွန်မက ဒီအတိုင်း ပါးစပ်က လွှတ်ကနဲ ပြောလိုက်မိတာပါ။ ရှင့်ကို ဖြစ်ဖြစ်၊ စူးကျောင်းရုံကို ဖြစ်ဖြစ် မနှစ်မြို့လို့ ပြောတာ မဟုတ်ပါဘူး”
လီဟောက်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး မုန့်ယွင်လော်၏ လက်ချောင်းထိပ်လေးများကို တို့ထိပြီးခါမှ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ "ဒါဆို မင်းက ငါ အရင်တုန်းက စတုတ္ထသခင်မလေးလုကို သဘောကျခဲ့တဲ့ ကိစ္စကို စိတ်ထဲ ထားနေတာလား”
မုန့်ယွင်လော်သည် ရှက်သွေးဖြာလွန်း၍ နားရွက်ဖျားများပင် နီရဲလာခဲ့ပြီး မိမိ၏ စိတ်သဘောထား သေးသိမ်မှုကို ဝန်ခံရန် ငြင်းဆန်သည့်အနေဖြင့် ပြောလိုက်တော့သည်။ "မဟုတ်တာ။ အဲ့ဒါတွေက ကျွန်မတို့ မစေ့စပ်ခင်က ကိစ္စတွေပဲဟာ”
"ဟုတ်တယ်။ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ” လီဟောက်က ပြတ်ပြတ်သားသား လေသံဖြင့် ပြောလိုက်လေသည်။ "အခု မင်းက ငါ့ရဲ့ သတို့သမီးလောင်း။ ငါက ဘယ်လိုလုပ် တခြားသူကို သတိရနေဦးမှာလဲ။ ဒါက မင်းကို စော်ကားတာ ဖြစ်သလို၊ ငါ့ကိုယ်ငါလည်း စော်ကားတာပဲ”
"ယွင်လော်။ အရင်က မင်း ငါ့ကို သိရုံပဲ သိတာ။ ငါ့ရဲ့ စိတ်နေစိတ်ထားနဲ့ ဒေါသကို သေချာ မသိသေးဘူး။ ခရီးရှည်မှ မြင်းရဲ့ ခွန်အားကို သိနိုင်ပြီး၊ အချိန်ကြာမှ လူ့စိတ်ကို မြင်နိုင်တယ် ဆိုသလိုပေါ့။ နောင်တစ်ချိန်ကျရင် မင်း နားလည်လာမှာပါ”
မုန့်ယွင်လော်သည် ရှက်အမ်းအမ်းဖြင့် လီဟောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး "စောစောက ကျွန်မ လျှောက်ပြောမိတာပါ။ အရှင်မင်းသား စိတ်ထဲ မထားပါနဲ့”
ထိုသို့ပြောရင်း သူမသည် လီဟောက်၏ ဘေးသို့ အနည်းငယ် တိုးကပ်သွားလေသည်။
လီဟောက်သည် နောက်တစ်ကြိမ် လက်ကို ဆန့်တန်းလိုက်ရာ မုန့်ယွင်လော်က မျက်နှာနီနီဖြင့် သူ၏လက်ကို လီဟောက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ လက်နှစ်ဖက်သည် ခဏလောက် ဆုပ်ကိုင်ထားပြီးနောက်မှ ပြန်လည် ခွဲခွာလိုက်ကြ၏။
မုန့်ယွင်လော်၏ စိတ်ထဲတွင် ပျားရည်ဆမ်းသကဲ့သို့ ချိုမြိန်နေခဲ့ပြီး နန်းတော်တံခါးမှ ထွက်ကာ မြင်းရထားပေါ်သို့ တက်သည့်တိုင်အောင် သူမ၏ နှုတ်ခမ်းထောင့်မှ အပြုံးသည် ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
လုမင်ယွိကတော့ တကယ်ကို မုန်းစရာကောင်းတုန်းပဲ။ စူးကျောင်းရုံကလည်း ပြောစရာမရှိအောင် အသုံးမကျဘူး။ ဒါပေမဲ့ လီဟောက်ကတော့ အရမ်းကောင်းတယ်။ သူက ငါ့ဘဝရဲ့ ကြင်ဖော်မှန်ပဲ။ လီဟောက်အတွက်တော့ ဒီလောက်ကတော့ သည်းခံလိုက်ရုံပေါ့လေ။
...
အပိုင်း(၁၂၃) ကြင်ဖော် (၂)
လီကျင့်သည် လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားရင်း ဖြည်းညင်းနှေးကွေးစွာ ရှေ့သို့ လျှောက်လှမ်းနေ၏။ ညီအစ်ကိုတော်သုံးဦးတို့သည် တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့် အချင်းချင်း ခပ်လှမ်းလှမ်း ခွာကာ သွားနေကြသည်။ ဤခဏတာ အခွင့်အရေးကို အရယူလျက် မိမိတို့၏ သတို့သမီးလောင်းများနှင့် တစ်ဦးနှစ်ဦး ရင်းနှီးချစ်ခင်စွာ နေခွင့်ရကြလေသည်။
လီကျင့်နှင့် လုမင်ယွိတို့သည် အတည်ငြိမ်ဆုံးနှင့် အခန့်ညားဆုံး အတွဲအဖက် ဖြစ်ပေသည်။ ဤသို့ နေ့ခင်းကြောင်တောင်တွင် လက်ချင်းချိတ်ဆက်ကာ အတူတကွ လျှောက်လှမ်းနေသော သူတို့နှစ်ဦး၏ ချစ်ခင်ကြင်နာမှု မြင်ကွင်းသည် နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများ၏ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေခဲ့၏။
“ကြည့်စမ်း၊ ဒီလောက်ဝေးနေတာတောင် မင်းသားရဲ့ မျက်နှာပေါ်က အပြုံးကို မြင်နေရတယ်”
"မင်းသားက ကျက်သရေရှိပြီး ခန့်ညားသလို၊ စတုတ္ထသခင်မလေးလုကလည်း တကယ်ကို ထင်ရှားပေါ်လွင်တဲ့ အလှပိုင်ရှင်ပဲ။ တကယ့်ကို ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ အတွဲလေးပဲ”
နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများသည် အဝေးသို့ ရှောင်တိမ်းသွားကြရာ တီးတိုးပြောဆိုနေကြသံများသည် ထိုသူနှစ်ဦး၏ နားထဲသို့ တိုးဝင်မလာခဲ့ပေ။
လီကျင့်သည် ဤအရာများကို ဂရုမစိုက်သကဲ့သို့ လုမင်ယွိသည်လည်း အလားတူပင် ပွင့်လင်းစွာ နေထိုင်တတ်သူ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မကြာခင် လက်ထပ်ကြရမှာပဲ။ အခုလို နည်းနည်း ရင်းနှီးနေတာက သိပ်ပြီး ထူးခြားလွန်ကဲတယ်လို့တော့ မဆိုနိုင်ပါဘူး။
"ဒီနေ့ စူးကျောင်းရုံကို တွေ့တော့ ဘယ်လို ခံစားရလဲ” လီကျင့်က အသံတိုးတိုးဖြင့် ရယ်မောလျက် မေးလိုက်သည်။
လုမင်ယွိသည် ပြုံးတုံ့မပြုံးတုံ့ မျက်နှာထားဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ "မုန့်ယွင်လော်နဲ့ လီဟောက်တို့ အတွဲညီညီ သွားလာနေတာကိုရော ရှင့်အနေနဲ့ ဘယ်လို ခံစားရသလဲ”
လီကျင့် “...”
ဘဝဟောင်းတုန်းက သူနဲ့ မုန့်ယွင်လော်က တစ်ယောက်နဲ့တစ်ယောက် ရေခဲလို အေးစက်ပြီး လေးစားမှုပဲ ရှိခဲ့ကြတာ။ လက်ထပ်ပြီး တစ်နှစ်တောင် မပြည့်သေးဘူး၊ သူက စစ်တပ်ကြီးနဲ့အတူ စစ်ထွက်သွားခဲ့ပြီး အဲ့ဒီမှာပဲ သေသွားခဲ့တာ။ လင်မယား သံယောဇဉ်အကြောင်း ပြောရမယ်ဆိုရင် တော်တော်လေး ပါးလျခဲ့တယ်။ ဒါပေမဲ့ ဘာပဲပြောပြော လင်မယားတော့ ဖြစ်ခဲ့ဖူးတာပဲ။ မုန့်ယွင်လော်က လီဟောက်ကြောင့် အသိဉာဏ်ပျောက်ပြီး မိုက်မဲနေတဲ့ပုံကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာလည်း နည်းနည်းတော့ ထူးဆန်းသလို ခံစားရတာပေါ့။
လီကျင့်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး အကြောင်းအရာ ပြောင်းလိုက်သည်။ "မူဟုပ်က ဒီရက်ပိုင်း မင်းသားအိမ်တော်ကို ပြင်ဆင်ဖို့နဲ့ အလုပ်များနေတယ်။ ကိုယ် အားလပ်ချိန်ရရင်လည်း မင်းသားအိမ်တော်ကို သွားကြည့်ဖြစ်တယ်။ နန်းတွင်းရေးရာဌာနက လူတွေကို အိမ်တော်ထဲက သိုင်းကွင်းကို နှစ်ဆတိုးပြီး ချဲ့ခိုင်းထားတယ်။ ရှင်းယန်ဝမ် အိမ်တော်က သိုင်းကွင်းလောက်တော့ မမီပေမဲ့ တကယ်တမ်းတော့ သေးတယ်လို့တော့ မဆိုနိုင်ဘူး”
လုမင်ယွိကလည်း အမှန်တွင်တော့ လီဟောက်နျင့် မုန့်ယွင်လော်အကြောင်း ဆက်မဆွေးနွေးချင်ပေ။
လီဟောက်ဆိုတဲ့လူကို သူမက အစကတည်းက အမှန်အတိုင်း မြင်ပြီးသား။ ပါးစပ်က ဘယ်လောက်ပဲ အချစ်ကြီးသလို ပြောနေပါစေ၊ တစ်ချက်လှည့်လိုက်တာနဲ့ မုန့်ယွင်လော်ကို နူးနူးညံ့ညံ့ ချိုချိုသာသာ စကားတွေ ဆိုနိုင်တာပဲ။ လီဟောက်က မုန့်ယွင်လော်ကို တကယ် ချစ်ချင်မှ ချစ်မှာ။ ဒါပေမဲ့ ကွမ်းပင်းနယ်စားရဲ့ ထောက်ခံမှုကို ရဖို့အတွက်တော့ လီဟောက်က မုန့်ယွင်လော်ကို သူ့အပေါ် ယုံကြည်စွဲလမ်းသွားအောင် သေချာပေါက် ချော့မော့မှာပဲ။ ဘဝဟောင်းတုန်းကတော့ သူမမှာ မျက်လုံးတစ်စုံ အလကား ပါလာတာပဲ။
လုမင်ယွိသည် အလိုက်တသိဖြင့် အကြောင်းအရာ လွှဲလိုက်သည်။ "မြင်းဇောင်းထဲမှာ မြင်းကောင်းတချို့ မွေးထားသင့်တယ်။ ကျွန်မတို့ လုအိမ်တော်မှာဆိုရင်တောင် မြင်းကောင်းမြင်းမြတ် အကောင် ၁၀၀ နီးပါး မွေးထားတာ”
သာ့ဝေတိုင်းပြည်သည် စစ်ရေးစစ်ရာကို အလေးအမြတ်ပြုသော ဓလေ့ ထွန်းကားသည့်အားလျော်စွာ ဂုဏ်သရေရှိ မိသားစုကြီးများ၏ အိမ်တော်များတွင် မြင်းမွေးမြူခြင်းသည်လည်း ခေတ်စားသော အလေ့အထတစ်ခု ဖြစ်လာခဲ့သည်။
လီကျင့်က ပြုံးကာ ပြောလိုက်၏။ "လုအိမ်တော်က တကယ်ကို ရက်ရောတာပဲ၊ ဒီလောက်များတဲ့ မြင်းမြတ်တွေကို မွေးထားနိုင်တယ်။ ကိုယ် အခု နန်းတော်ထဲမှာ နေနေရတော့ အရာရာ အဆင်မပြေဘူး၊ မြင်း၁၀ကောင်ကျော်လောက်ပဲ မွေးထားနိုင်တယ်။ မင်းသားအိမ်တော် ပြင်ဆင်ပြီးသွားရင်တော့ လူလွှတ်ပြီး မြင်းတွေအကုန်လုံးကို အဲ့ဒီကို ပို့ခိုင်းလိုက်ရမယ်”
အရွယ်မရောက်သေးသော မင်းသားများသည် နန်းတော်တွင်း၌ နေထိုင်ကြရပြီး စားသောက်နေထိုင်မှု အစစအရာရာသည် အကောင်းမွန်ဆုံး ဖြစ်သည်။ သို့ရာတွင် သူတို့၏ လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းသည် လူအများ၏ မျက်စိအောက်တွင် ရှိနေပြီး ပြောဆိုပြုမူသမျှကို သုံးဆမျှ သတိထားရ၏။
လက်ထပ်ပြီးနောက်တွင်မူ အခြေအနေက မတူတော့ချေ။
ပထမမင်းသားသည် ၂လွန်ခဲ့သည့်နှစ်ခန့်က မင်္ဂလာပွဲကြီး ကျင်းပပြီးနောက် နန်းတော်မှ ခွဲထွက်ကာ ပထမမင်းသားအိမ်တော်တွင် နေထိုင်ခဲ့သည်။ မိမိကိုယ်ပိုင် လက်အောက်ခံ အကြံပေးပညာရှင်များနှင့် ဧည့်သည်များကို မွေးမြူနိုင်ပြီး နန်းတွင်းမှ မှူးမတ်အရာရှိများနှင့်လည်း အပြန်အလှန် ဆက်ဆံနိုင်၏။
တိတ်တဆိတ် တစ်စုံတစ်ခု လုပ်ဆောင်လိုလျှင်လည်း ပိုပြီး အဆင်ပြေချောမွေ့လှသည်။ မြင်းကောင်းများကို ပိုမို မွေးမြူလိုခြင်းသည်လည်း ခက်ခဲသော ကိစ္စတစ်ရပ် မဟုတ်တော့ပေ။
လုမင်ယွိက ပြုံးရွှင်စွာဖြင့် "အင်း" ဟု တစ်ချက် ထောက်ခံလိုက်ပြီး "ကျွန်မအဖေက ပြောတယ်။ ကျွန်မ မင်္ဂလာဆောင်ထွက်သွားတဲ့အခါ ဘာပဲ ယူသွားချင်ယူသွား၊ ယူသွားလို့ရတယ်။ ရွှေငွေကျောက်မျက်၊ လယ်ယာမြေနဲ့ ဆိုင်ခန်းတွေကတော့ ပြောနေစရာမလိုဘူး၊ မြင်းကောင်းတွေနဲ့ လက်နက်တွေတောင် ယူသွားလို့ ရတယ်။ အိမ်တော်ထဲက ကိုယ်ရံတော်စစ်သည်တွေကိုတောင် တစ်ဝက် ခွဲပေးလိုက်ဦးမယ်တဲ့”
အခြားအရာများက ထားလိုက်ပါတော့။ လုအိမ်တော်၏ ကိုယ်ရံတော်စစ်သည်များကတော့ လူတစ်ယောက်ထဲနှင့် လူဆယ်ယောက်ကို နိုင်သော အထူးလက်ရွေးဏည် စစ်သည်များ ဖြစ်ကြသည်။ လုအိမ်တော်တွင် ကိုယ်ရံတော်စစ်သည် ၂၀၀ရှိပြီး လုမင်ယွိက တစ်ဝက် ယူဆောင်သွားမည်ဆိုလျှင် ကိုယ်ရံတော်၁၀၀ ဖြစ်ပေမည်။
လီကျင့်သည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး "ယောက္ခမတော်က တကယ်ကို ရက်ရောလွန်းတယ်”
ဒီကိုယ်ရံတော် ၁၀၀ကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီး လူတစ်သောင်းရှိတဲ့ စစ်တပ်တစ်တပ်ကို စုဆောင်းလေ့ကျင့်ပေးလို့ ရနိုင်တယ်... ဟုတ်ပါတယ်။ တိတ်တဆိတ် စစ်တပ်လေ့ကျင့်တဲ့ ကိစ္စမျိုးကတော့ ဘယ်လိုမှ လုပ်လို့မဖြစ်တဲ့ ကိစ္စပဲ။ မင်းသားတစ်ပါး ဖြစ်နေပြီးတော့ ဘယ်လိုလုပ် ဒီလို ပုန်ကန်ခြားနားတဲ့ အတွေးမျိုး တွေးလို့ရမှာလဲ။
လုမင်ယွိသည် ပြုံးလျက် လီကျင့်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လီကျင့်၏ စိတ်ထဲမှ ဂယောက်ဂယက် ဖြစ်နေသော အတွေးများကို ကောင်းစွာ နားလည်သဘောပေါက်ဟန်ဖြင့် ပြောလိုက်လေသည်။ "ဒီကိုယ်ရံတော်တွေအားလုံးက ကျွန်မအဖေနဲ့အတူ နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့ကြတာ။ အသက်အရွယ်ကတော့ နည်းနည်း ကြီးကောင်းကြီးနိုင်တယ်၊ ဒါမှမဟုတ် ဒဏ်ရာရဖူးတာတွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့အားလုံးက စစ်မြေပြင်အတွေ့အကြုံ အများကြီးရှိတဲ့ စစ်ပြန်ကြီးတွေပဲ၊ သေရမှာကို မကြောက်ဘူး။ ပြီးတော့ ကျွန်မအဖေအပေါ် သစ္စာရှိသလို၊ ကျွန်မအပေါ်မှာလည်း အရမ်း သစ္စာရှိကြတယ်”
"နောက်တစ်ချိန် ကျွန်မတို့ လက်ထပ်ပြီးသွားရင် သူတို့က ရှင့်အပေါ်မှာလည်း သစ္စာရှိကြမှာပါ”
လီကျင့်သည် "မင်းရဲ့ ကိုယ်ရံတော်တွေက မင်းရဲ့ ကိုယ်ရံတော်တွေပဲ" ဟူသော ဟန်ဆောင်စကားများကို မဆိုခဲ့ပေ။
လင်နှင့်မယားသည် တစ်သားတည်း ဖြစ်သည်တွင် သူ၏အရာအားလုံးသည် သူမ၏ပိုင်ဆိုင်မှု ဖြစ်သကဲ့သို့ သူမ၏အရာအားလုံးသည်လည်း သူ၏အရာ ဖြစ်သည်။ သူမက သူ့ကို တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးမည်ဆိုလျှင် သူသည်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မည်ပင်။
"ကောင်းပြီ” လီကျင့်သည် လုမင်ယွိကို တလေးတနက် တစ်ချက် ကြည့်လိုက်ပြီး "မင်းရဲ့ စေတနာကို ကို အားလုံး နားလည်ပါတယ်”
လုမင်ယွိက ခေါင်းညိတ်လိုက်သည်။ "စိတ်ချပါ၊ ကျွန်မ အကြွေးတွေကို ကောင်းကောင်း ပြန်ဆပ်မှာပါ”
လီကျင့် “...”
……
ကွမ်းပင်းနယ်စား အိမ်တော်။
ကွမ်းပင်းနယ်စားကတော်သည် အိမ်တော်သို့ အရင်ဆုံး ပြန်လည်ရောက်ရှိနေခဲ့ပြီး အတွင်းဧည့်ခန်းမဆောင်တွင် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင်တော့ သူမ၏သမီး ပြန်လာသည်ကို စောင့်မျှော်နိုင်ခဲ့လေသည်။
လီဟောက်သည် မုန့်ယွင်လော်ကို အိမ်တော်သို့ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ အရွယ်ရောက်စ လူငယ်မောင်နှံတစ်စုံသည် ပခုံးချင်းယှဉ်လျက် လျှောက်လှမ်းလာကြရာ တစ်ဦးက အရပ်မြင့်မြင့်နှင့် ခန့်ညားချောမောပြီး တစ်ဦးက ချစ်စဖွယ် ယမင်းရုပ်သွင် ရှိပေသည်။ လူငယ်လေး၏ မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းထားပြီး မိန်းမပျိုလေး၏ မျက်နှာမှာမူ မက်မွန်ပန်းကဲ့သို့ နီမြန်းနေလေသည်။
လီဟောက်သည် ပြုံးရွှင်စွာ ရှေ့သို့တက်လာပြီး ကွမ်းပင်းနယ်စားကတော်ကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုလိုက်သည်။
ကွမ်းပင်းနယ်စားကတော်က ပြုံးလျက် ဆိုလိုက်လေသည်။ "အရှင်မင်းသားက ယွင်လော်ကို အိမ်တော်ပြန်ဖို့ လိုက်ပို့ပေးရလို့ အနှောင့်အယှက် ဖြစ်ရပါပြီ။ အရှင်မင်းသား ပင်ပန်းသွားပါပြီ။ လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်ပြီးမှ ပြန်ဖို့ ဖိတ်ခေါ်ပါရစေ”
လီဟောက်သည် ပြုံးကာ လက်ခံလိုက်ပြီး ခဏလောက် ထိုင်နေကာ လက်ဖက်ရည်ခွက် တစ်ဝက်ခန့်ကို သောက်သုံးပြီးနောက်မှ နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားလေသည်။
မုန့်ယွင်လော်၏ မျက်ဝန်းထဲတွင် ခွဲခွာရမည်ကို မလိုလားသော အရိပ်အယောင်များ ပြည့်နှက်နေပြီး လီဟောက်ကို ပင်မတံခါးဝအထိ လိုက်ပို့ရန် အခိုင်အမာ တောင်းဆိုခဲ့သည်။ လီဟောက် မြင်းစီးပြီး ထွက်ခွာသွားသည်အထိ မုန့်ယွင်လော်သည် တံခါးဝတွင် ရပ်လျက် အချိန်အတော်ကြာသည့်တိုင် အိမ်တော်တွင်းသို့ ဝင်ရောက်ရန် နှမြောတသ ဖြစ်နေခဲ့သည်။
ကွမ်းပင်းနယ်စားကတော်က စနောက်ကာ ပြောလေတော့သည်။။ "ကြည့်စမ်းပါဦး နင့်ပုံစံကို။ သူ့နောက်ကို လိုက်ပြီး ပျံသွားချင်နေတော့တာပဲ”
မုန့်ယွင်လော်သည် မျက်နှာနီရဲသွားကာ ခြေတစ်ချက်ဆောင့်လိုက်ပြီး "အမေကလည်း ကျွန်မကို လာနောက်နေပြန်ပြီ”
ကွမ်းပင်းနယ်စားကတော်သည် ပြုံးလိုက်ပြီး သမီးဖြစ်သူ၏လက်ကို ဆွဲကာ အိမ်တော်ထဲသို့ ဝင်ရောက်ခဲ့သည်။ လမ်းလျှောက်ရင်း သေသေချာချာ ဆုံးမစကား ဆိုလေသည်။ "စူးကျောင်းရုံက အနောက်နန်းဆောင်မှာ ရာထူးအဆင့်အတန်း နိမ့်တော့ တခြားသူတွေရဲ့ နှိမ်ချဆက်ဆံတာ၊ အဖက်မလုပ်တာတွေက ဖြစ်နေကျ ကိစ္စတွေပဲ။ တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး။ နည်းနည်းမျက်နှာ ပျက်ရတာပဲ ရှိတာပါ”
"နင်က တတိယမင်းသားနဲ့ စေ့စပ်ပြီးသွားမှတော့ သွားပြီး မနှစ်မြို့သလို မလုပ်နဲ့တော့။ စူးကျောင်းရုံက နူးညံ့ပြီး အသုံးမကျဘူးဆိုရင် နောင်တစ်ချိန် နင် ယောက္ခမအိမ် ရောက်သွားတဲ့အခါ သူ့အတွက် မျက်နှာသာရအောင်၊ သူ့ဘက်က ရပ်တည်ပေးလိုက်ရုံပေါ့။ အဲ့ဒါမှ စူးကျောင်းရုံက နင့်ရဲ့ ကျေးဇူးကို သိနေမှာ”
"နင်က စူးကျောင်းရုံအပေါ် ကောင်းကောင်း ဆက်ဆံရင် လီဟောက်ကလည်း နင့်ရဲ့စေတနာကို မြင်ပြီး နောင်တစ်ချိန်မှာ နင့်အပေါ် ကောင်းကောင်း ဆက်ဆံလိမ့်မယ်”
ထိုအရာများက ကွမ်းပင်းနယ်စားကတော်၏ ဘဝအတွေ့အကြုံမှ ရရှိထားသော အသိပညာများပင် ဖြစ်သည်။
မုန့်ယွင်လော်၏ စိတ်ထဲတွင်တော့ ယခုအချိန်တွင် အနာဂတ်ခင်ပွန်းလောင်း လီဟောက်အကြောင်းသာ ပြည့်နှက်နေရာ ထိုစကားများကို နားဝင်သွားဟန်ဖြင့် ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။ "အမေ ပြောတဲ့စကားတွေကို ကျွန်မ နားလည်ပါပြီ” ခဏလောက် ရပ်တန့်ပြီးနောက် သူမက တိုးတိုးညည်းညူလိုက်သည်။ "စေ့စပ်တာကတော့ သေချာသွားပြီ၊ မင်္ဂလာရက်က ဘယ်တော့ သတ်မှတ်မလဲ မသိသေးဘူး”
ကွမ်းပင်းနယ်စားကတော်က ပြုံးကာ ကျီစယ်လိုက်တော့သည်။ "မလောပါနဲ့၊ မင်္ဂလာရက်က မကြာခင် သတ်မှတ်မှာပါ။ နင် ယောက္ခမအိမ် ရောက်သွားရင် တတိယမင်းသားနဲ့ မနက်ရောညပါ အတူတူ ဖြတ်သန်းရမယ့် ရက်တွေက အများကြီး ကျန်သေးတယ်”
တစ်ယောက်နဲ့တစ်ယောက် ကြည့်ရတာ ငြီးငွေ့လာပြီး တဖြည်းဖြည်း စိတ်တွေ ဝေးကွာသွားတဲ့အထိ အကြာကြီးပဲပေါ့။ သူမနဲ့ သူမယောက်ျားလိုပေါ့။ ငယ်ရွယ်ချိန်တုန်းကတော့ ချစ်ခင်ကြင်နာခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတာပဲ။ သူမရဲ့ယောက်ျား စိတ်ထဲမှာ သူမတစ်ယောက်တည်းပဲ ရှိတယ်လို့လည်း အယုံလွယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားကတော့ မုန့်ဟွေရဲ့ဘေးမှာ မိန်းမလှလေးတွေက ဘယ်တုန်းကမှ ပြတ်သွားတာ မရှိခဲ့ဘူး။
သူမမှာတော့ အိမ်မှာ လင်သားကို လုပ်ကျွေး၊ သားသမီးတွေကို ပြုစုပျိုးထောင်ပြီး အိမ်မှုကိစ္စတွေ စီမံနေတဲ့အချိန်မှာ၊ ယောက်ျားကတော့ အနာဂတ်အတွက် ကြိုးစားရင်း တစ်ဖက်ကလည်း ကိုယ်လုပ်တော်တွေကို အဆက်မပြတ် တော်ကောက်နေခဲ့တယ်။ ဝဝဖြိုးဖြိုး ပိန်ပိန်သွယ်သွယ်၊ ပုံစံအမျိုးမျိုး၊ အမူအရာအမျိုးမျိုးနဲ့ပေါ့။ ငြီးငွေ့သွားရင် နောက်တစ်ယောက် ပြောင်းလိုက်တာပဲ။
သူမရဲ့ နှလုံးသားကလည်း တဖြည်းဖြည်း အေးစက်လာခဲ့တယ်။ အထူးသဖြင့် ယောက်ျားရဲ့ စာကြည့်ခန်းထဲမှာ ချောမောတဲ့ ကောင်လေးတွေ စရှိလာတာကို သိလိုက်ရပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် ရွံရှာမိပြီး ယောက်ျားနဲ့ အတူတူ အိပ်ယာတစ်ခုတည်းမှာ မအိပ်တော့ဘူး။
ကွမ်းပင်းနယ်စား ဖြစ်လာတဲ့ မုန့်ဟွေကတော့ သူမက သဝန်တိုရာကနေ အမုန်းကြီး မုန်းသွားတယ်လို့ ထင်နေတာ။ တကယ်တော့ မဟုတ်ပါဘူး။
သူမရဲ့ယောက်ျားကို မချစ်တော့တာ ကြာလှပြီ။ ဘယ်က အမုန်း ရှိလာဦးမှာလဲ။ အခုကတော့ ထုံကျဉ်နေတဲ့ ဟန်ဆောင်ဆက်ဆံမှုတစ်ခုပဲ ကျန်တော့တာ။
သူမရဲ့ ဒီတစ်ဘဝကတော့ ဒီလိုပါပဲ။ သမီးလေးရဲ့ ကံကြမ္မာလေး နည်းနည်း ပိုကောင်းပါစေလို့ပဲ မျှော်လင့်ရတာ။ အနည်းဆုံးတော့ စိတ်ထဲက သဘောကျနေတဲ့ ကြင်ဖော်နဲ့ ချစ်ချစ်ခင်ခင်နဲ့ နှစ်အနည်းငယ်လောက် ပိုနေသွားနိုင်ပါစေလို့ပဲပေါ့။
...