← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အပိုင်း (၁၂၇) ဆက်ခံသူ (၂)

ရက်အနည်းငယ် ကြာပြီးနောက်တွင် မုန့်ကွေ့ဖေးသည် ပထမမင်းသားကြင်ရာတော်ကို နန်းတော်သို့ ဆင့်ခေါ်လေသည်။

ပထမမင်းသားကြင်ရာတော်သည်လဲ စိတ်ထဲတွင် အနည်းငယ် ရတက်မအေးနိုင်အောင် ဖြစ်နေ၏။

ယောက္ခမတော်သည် သူမအပေါ် အေးစက်စက်နိုင်လှပြီး နေ့စဉ်ရက်ဆက် အပြစ်ရှာကာ သူမအပေါ် အမြင်ကြည်သည်ဟူ၍လဲ မရှိသလောက်ပင်။ ဒီနေ့တွင်တော့ သူမသည် ရုတ်တရက် သူမကို နန်းတော်သို့ ဆင့်ခေါ်လာခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့ပင် တွေးတောပါ‌‌စေ ကောင်းသည့် ကိစ္စတော့ မဟုတ်နိုင်ပေ။

ပထမမင်းသားကြင်ရာတော် ခံစားရသည့် နိမိတ်က အလွန်ကောင်းလှပေသည်။ ယန်ရှီနန်းဆောင်သို့ ဝင်ရောက်လာပြီး မုန့်ကွေ့ဖေးကို တွေ့ဆုံပြီးနောက် ဂါရဝပြုပြီးသွားသောအခါ စကားအနည်းငယ် မဆိုရ‌သေးခင်မှာပင် မုန့်ကွေ့ဖေး နန်းတွင်း အပျိုတော် ၂ ဦးကို ခေါ်လိုက်လေသည်။ “လျန်ရှီ ဒါက ပန်ကုံးကိုယ်တိုင်ရွေးချယ်ထားတဲ့ နန်းတွင်း အပျိုတော်တွေပဲ။ ဒီနေ့ မင်းသူတို့ကို ခေါ်သွားလိုက်တော့”

ထိုနန်းတွင်းအပျိုတော် ၂ ဦးမှာ အသက်အားဖြင့် ၁၇၊ ၁၈ နှစ်အရွယ်သာ ရှိကြသေးသည်။ ရုပ်ရည်သွင်ပြင်အရဆိုလျှင် အလွန်အမင်း ထူးခြားထင်ပေါ်နေခြင်းမရှိဘဲ အလယ်အလတ်အဆင့်မျှသာ ရှိပေသည်။ သို့သော်ငြား သူတို့၏ ကိုယ်ဟန်အမူအရာကတော့ အလွန်တရာ ကျော့ရှင်းလှပပြီး ခါးသေးရင်ချီကာ မြင်လိုက်ရသည်နှင့် သားသမီး ထွန်းကားနိုင်သည့် လက္ခဏာများရှိမှန်း သိသာလှသည်။

ပထမမင်းသားကြင်ရာတော်သည် လက်ထဲက လက်ကိုင်ပုဝါကို တင်းကြပ်နေအောင် ဆုပ်ထားလိုက်ပြီး သူမ၏ ချောမောလှသည့် မျက်နှာလေးကလဲ အနည်းငယ် ဖြူဖျော့သွားလေတော့သည်။ “မူဖေး ဒါက ဘယ်လို အဓိပ္ပာယ်ပါလဲ”

မုန့်ကွေ့ဖေးကတော့ နှာ‌ခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်၏။ “ပန်ကုံး ဘာကို ဆိုလိုလဲ ဆိုတာ မင်းအခုထိ မရှင်းလင်းသေးဘူးလား။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက နန်းတွင်း စားသောက်ပွဲမှာ အရှင်မင်းကြီး မိန့်ကြားခဲ့တဲ့ စကားတွေက မင်းဆီက သတင်းကောင်း မကြားရသေးတာကို အပြစ်တင်နေတာ သိသာနေတာပဲလေ”

“တော်ဝင်မိသားစုဆိုတဲ့ကိစ္စကို မပြောသေးနဲ့။ သာမန်အရာရှိ အိမ်တော်တွေမှာတောင် ချွေးမက ၂ နှစ်ကျော်ကြာတဲ့အထိ ကိုယ်ဝန်မဆောင်နိုင်ရင် ယောက္ခမတွေက သားတွေအတွက် ကိုယ်လုပ်တော်ထည့်ပေးတာ ဖြစ်နေကျကိစ္စပဲလေ”

“အရှင်မင်းကြီးက လျန်မိသားစုရဲ့ မျက်နှာကို ထောက်ထားလို့သာ ဇနီးငယ် ချီးမြှင့်တာမျိုး မလုပ်ခဲ့တာ။ ပန်ကုံးကတော့ သားယောက်ျား မွေးဖွားနိုင်တဲ့ လက္ခဏာရှိတဲ့ နန်းတွင်းအပျိုတော် ၂ ယောက်ကို ရွေးလိုက်တယ်။ မင်း သူတို့ကို အိမ်တော်ကို ခေါ်သွားပြီး ပထမမင်းသားကို ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးခိုင်းလိုက်။ ဘယ်သူပဲ ကိုယ်ဝန်ရှိရှိ နောင်တစ်ချိန် မွေးလာတဲ့ သားသမီးက မင်း အနားမှာပဲ ‌မွေးစားရမှာပဲ”

မုန့်ကွေ့ဖေး၏ စကားသည် အလွန် ပြတ်သားလှလေသည်။ မင်းသား၏ ဇနီးငယ်သည် တော်ဝင်မျိုးရိုးစဉ်ဆက်တွင် မှတ်တမ်းပါဝင်နိုင်ပြီး အဆင့်အတန်းလဲ ရှိကာ မိမိ၏ သားသမီးများကို ကိုယ်တိုင်မွေးမြူခွင့်ရှိလေသည်။ ယခုတော့ သူမက နန်းတွင်းအပျိုတော် ၂ ဦးကိုသာ ချီးမြှင့်လိုက်ခြင်းဖြစ်သည်။ နန်းတွင်းအပျိုတော်များတွင် အမည်သညာ၊ အဆင့်အတန်း မရှိချေ။ ကိုယ်ဝန်ရှိလာခဲ့လျှင်ပင် ပထမမင်းသားကြင်ရာတော်ကို အသေးငယ်ဆုံးသော ခြိမ်းခြောက်မှုများပင် လုပ်နိုင်မည် မဟုတ်ချေ။ မွေးဖွားလာသည့် ကလေးကိုလဲ ပထမမင်းသားကြင်ရာတော်၏ ခြံဝန်းသို့ ပို့ဆောင်ကာ မွေးမြူရပေမည်။

ပထမမင်းသားကြင်ရာတော်သည် မိမိကိုယ်တိုင်က သားသမီး မမွေးဖွားနိုင်သဖြင့် သားငယ်တစ်ဦးကို မိမိ၏ အမည်အောက်တွင် မွေးမြူနိုင်ခြင်းသည်လဲ ကောင်းမွန်သည့် အခွင့်အရေးတစ်ခု ဖြစ်ပေမည်။

မုန့်ကွေ့ဖေးကတော့ မိမိကိုယ်ကို အလွန်တရာ သဘောထားကြီးမားလှသည်ဟု ယူဆလေသည်။ သားတော်ကို ကိုယ်လုပ်တော် ယူခိုင်းခြင်းမဟုတ်ဘဲ အိပ်ရာထက်တွင် ပြုစုလုပ်ကျွေးမည့် နန်းတွင်းအပျိုတော် ၂ ဦးမျှသာပင်။

ပထမမင်းသားကြင်ရာတော်သည် နှုတ်ခမ်းကို တင်းနေအောင် ဖိကပ်ထားလိုက်ပြီး မျက်ဝန်းများထဲတွင် တောင်းပန်တိုးလျှိုးသည့် အမူအရာများ ပေါ်ထွက်လာခဲ့၏။ “မူဖေးရဲ့ စေတနာကောင်းကို အာရှီ နားလည်ပါတယ်။ ဒါပေမဲ့...“

ဒါပေမဲ့ ဘယ်မိန်းကလေးကများ ကိုယ့်ခင်ပွန်းရဲ့ဘေးမှာ တခြားမိန်းမက ကိုယ်ဝန်‌ဆောင်ပြီး ကလေးမွေးပေးတာကို သဘောတူချင်မှာလဲ။

မုန့်ကွေ့ဖေး၏ မျက်နှာထားသည် ရုတ်ချည်းဆိုသလို အေးစက်သွားလေတော့သည်။ “လျန်ရှီ ပန်ကုံးက ယောက္ခမတစ်ယောက် အနေနဲ့ မင်းကို မညှာတာဘူးလို့တော့ မပြောနဲ့။ ဒီနေ့ မင်း နန်းတွင်းအပျိုတော် ၂ ယောက်ကိုပဲ ခေါ်သွားရသေးတာ။ နှစ်ကုန်တဲ့အထိ သတင်းကောင်း မကြားရဘူးဆိုရင် ပန်ကုံးက တကယ့်ကို ထည်ထည်ဝါဝါ အမျိုးသမီးကောင်း ၂ ယောက်ကို ရွေးပြီး ပထမမင်းသားအတွက် ဇနီးငယ်အဖြစ် ပေးစားလိုက်တော့မှာ”

မုန့်ကွေ့ဖေးသည် အလွန်အမင်း ဖိအားပေးကာ ပထမမင်းသားကြင်ရာတော်ကတော့ တစ်စတစ်စ ရှုံးနိမ့်သွားပြီး သဘောတူရခြင်းမှအပ တခြားနည်းလမ်း မရှိတော့ချေ။

သို့နှင့် ပထမမင်းသားသည် ညနေပိုင်း အိမ်တော်သို့ ပြန်လည်ရောက်လာသောအခါ ပထမမင်းသား၏ကြင်ရာတော်က မျက်နှာစိမ်း အမျိုးသမီးငယ် ၂ ဦးကို ဦးဆောင်လျက် ကြိုဆိုနေသည်ကို တွေ့မြင်လိုက်ရလေသည်။

ပထမမင်းသားမှာ မနေနိုင်ဘဲ တစ်ချက်ပိုကြည့်လိုက်ပြီး “ဒါက ဘယ်သူတွေလဲ”

အကြောင်းမရှိ အကြောင်းရှာနဲ့။ ဘာဖြစ်လို့ မျက်နှာစိမ်း ၂ ယောက် ပိုလာတာလဲ။

ပထမမင်းသားကြင်ရာတော်၏ မျက်နှာထက်တွင် မျက်နှာချေ ထူထူလေး လိမ်းကျံထားကာ အားတင်းပြီး ပြုံးလိုက်လေသည်။ “ချဲ့ ဒီနေ့ နန်းတော်ထဲကို မူဖေးကို သွားပြီး ဂါရဝပြုရင်း မူဖေးဆီကနေ နန်းတွင်းအပျိုတော် ၂ ယောက်ကို အထူးတလည် တောင်းခံလာခဲ့တာ။ သူတို့အားလုံးက မူဖေး သေသေချာချာ လေ့ကျင့်ပေးထားတဲ့သူတွေ။ စည်းကမ်းလဲ သိတယ်။ နူးညံ့လဲ သိမ်မွေ့တယ်။ နောက်ဆိုရင် သူတို့ကို အရှင်မင်းသားရဲ့ စာကြည့်ခန်းထဲမှာပဲ ပြုစုလုပ်ကျွေးခိုင်းလိုက်ပါမယ်”

ပထမမင်းသားသည် မျက်မှောင်ကြုတ်ကာ အကြည့်လွှဲသွားတော့၏။

ငယ်ရွယ်နုပျိုလှသည့် နန်းတွင်းအပျိုတော်လေး ၂ ဦးလုံးသည် မျက်နှာများ အနည်းငယ် နီရဲကာ ခေါင်းငုံ့ထားကြပြီး ပထမမင်းသား အကဲခတ်နေသည်ကို ငြိမ်သက်စွာ ခံယူနေကြလေသည်။ ကြည့်ရသည်မှာ အမှန်တကယ် စည်းကမ်းရှိလှပြီး မျက်လုံးကို ဝင့်ကြည့်ကာ မြူဆွယ်ရဲသူ တစ်ဦးတစ်ယောက်မှ မပါရှိချေ။

“မင်းတို့ ၂ ယောက်စလုံး အရင်ပြန်နှင့်” ပထမမင်းသားက လေးနက်သည့် အသံဖြင့် အမိန့်ပေးလိုက်၏။

နန်းတွင်းအပျိုတော် ၂ ယောက်ကလဲ နူးနူးညံ့ညံ့လေသံဖြင့် ပြန်ဖြေလိုက်ကြပြီး မြန်မြန်ပြန်ထွက်သွားကြတော့သည်။

ပထမမင်းသားကြင်ရာတော်က အပြုံးကို အားတင်းကာ ပြုံးထားရလေသည်။ “မူဖေးကလဲ ချဲ့အတွက် စဉ်းစားပေးခဲ့တာပါ။ တကယ်လို့ အရှင်မင်းသားသာ ဇနီးငယ်ယူလိုက်မယ်ဆိုရင် တကယ့် တရားဝင် မင်းသားကြင်ရာတော်ငယ်တစ်ယောက် ဖြစ်လာမှာ။ သားသမီး‌မွေးလာရင်လဲ ဇနီးငယ်ကပဲ မွေးမြူရမှာ။ အခုလို ကျတော့ ကလေးမွေးလာရင်တောင် ချဲ့ရဲ့ ခြံဝန်းထဲကိုပဲ ပို့ရမှာလေ။ မူဖေးက ချဲ့ကို ဒီလောက်တောင် ဂရုစိုက်ပေးတာပဲ။ ချဲ့ တကယ်ပဲ ဝမ်းသာမိပါတယ်...“

ထိုသို့ ပြောလိုက်ပြီးနောက် မျက်ဝန်းအိမ်သည် နီရဲလာပြီး မျက်ရည်များကလဲ ပါးပြင်ထက်မှ လှိမ့်ဆင်းလာလေတော့သည်။

ပထမမင်းသားသည် မတတ်သာတော့ဘဲ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကြင်ရာတော်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်တော့သည်။

ပထမမင်းသားကြင်ရာတော်သည် မင်းသား၏ ရင်ခွင်ထဲကို မှီတွယ်ကာ အားရပါးရ အသည်းအသန် ငိုကြွေးလေတော့သည်။

ပထမမင်းသားကြင်ရာတော်၏ စိတ်ခံစားချက်များ အနည်းငယ် တည်ငြိမ်သွားမှ မင်းသားက ပါးစပ်ဖွင့်ကာ နှစ်သိမ့်ပေးလိုက်လေသည်။ “မင်း အရင်ဆုံး မငိုနဲ့အုံး။ ငါ နန်းတော်ထဲကို သွားပြီး မူဖေးကို ပြောလိုက်မယ်။ ဒီနန်းတွင်းအပျိုတော် ၂ ယောက်ကိုလဲ ပြန်ပို့ခိုင်းလိုက်မယ်”

ပထမမင်းသားကြင်ရာတော်က ငိုရှိုက်ကာ ဆိုလေသည်။ “ခေါ်တောင် ခေါ်လာခဲ့ပြီးပြီပဲ။ ဘယ်လိုလုပ်ပြီး ပြန်ပို့လို့ရတော့မှာလဲ။ မူဖေးကတောင် ပြောပြီးသွားပြီ။ ၆ လအတွင်း သတင်းကောင်း မကြားရရင် နှစ်ကူးတာနဲ့ အရှင်မင်းသားအတွက် ဇနီးငယ် ရွေးပေးတော့မယ်တဲ့”

ပထမမင်းသားမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။

ငယ်စဉ်ကတဲက ပေါင်းဖက်လာသည့် လင်မယားသည် သံယောဇဉ်ကြီးမားလှပေသည်။

လျန်ရှီသည် ဂရုစိုက်တတ်ပြီး ကြင်နာသိမ်မွေ့ကာ သူသည်လဲ သူမကို အလွန် နှစ်သက်မြတ်နိုးလေသည်။ မုန့်ကွေ့ဖေးက အခါအားလျော်စွာ အပြစ်ရှာတိုင်း သူသည် အကြိမ်ပေါင်းမည်မျှ တားဆီးသည်ကို မသိနိုင်တော့ဘဲ အကြိမ်တိုင်း လျန်ရှီကိုသာ ကာကွယ်ပေးခဲ့ရသည်။

သို့သော်ငြား သားသမီးကိစ္စကတော့ ...

ပထမမင်းသားသည် ပြီးခဲသည့် ရက်အနည်းငယ်က နန်းတွင်းစားသောက်ပွဲအတွင်း ယုံးကျားဧကရာဇ် မိန့်ကြားခဲ့သည့် စကားများကို တွေးတောမိပြီး သက်ပြင်းတစ်ချက် ထပ်ချလိုက်ကာ တိုးညှင်းစွာဖြင့် ပြောလိုက်လေသည်။ “ဖုဟွမ်က ငါ့ကို အမြဲတမ်း အချစ်ဆုံးပဲ။ ငါက အစ်ကိုကြီး၊ ပြီးတော့ ပထမဦးဆုံး အိမ်ထောင်ပြုခဲ့တဲ့သူ။ နောက်နှစ်အစမှာ စတုတ္ထ သခင်မလေးလုနှင့် မုန့်မိသားစုက ညီမလေးတို့လဲ အိမ်တော်ကို ရောက်လာကြတော့မယ်။ တကယ်လို့ အာ့တိနဲ့ စန်းတိတို့က အရင်ဆုံး သားသမီးရသွားကြရင် ငါက အစ်ကိုကြီးတစ်ယောက်အနေနဲ့ မျက်နှာပန်းတော့ သိပ်လှမှာ မဟုတ်ဘူး”

ပထမမင်းသားကြင်ရာတော်၏ ခန္ဓာကိုယ်လေးသည် တစ်ချက်တုန်ယင်သွားပြီး ပထမမင်းသားကို မော့ကြည့်လိုက်လေသည်။

ပထမမင်းသားသည် ချောမောခန့်ညားသူဟု မဆိုနိုင်ချေ။ အသားအရည်က အနည်းငယ် ညိုမဲပြီး အရပ်အမောင်း မြင့်မားကာ ထူးခြားသည့် သူရဲကောင်းဆန်ဆန် အရှိန်အဝါရှိလေသည်။ ယုံးကျားဧကရာဇ်နှင့် တစ်ပုံစံထဲ တူပြီး ထိုမျက်ဝန်းတစ်စုံထဲတွင် ဖော်မပြတတ်သည့် ပြင်းပြသည့် ရည်ရွယ်ချက်များရှိသည့် အရိပ်အယောင်များ ထင်ဟပ်လို့နေ၏။

သာမန်အိမ်ထောင်စုများတွင် မိဖုရားကြီးမှ မွေးသည့် သားနှင့် ကိုယ်လုပ်တော်မှ မွေးသည့် သားတို့အကြား အချင်းချင်း ပြိုင်ဆိုင်ခြင်းက ရှောင်ကြဉ်ရမည့် အရာဖြစ်လေသည်။

တော်ဝင်မိသားစုသို့ ရောက်လာချိန်တွင်တော့ မိဖုရားခေါင်နှင့် မိဖုရားငယ်များကြားက ကွာခြားချက်မှာ ထိုမျှလောက် မကြီးမားတော့ချေ။ သူတို့အားလုံးသည် မင်းသားများ ဖြစ်ကြပြီး ထီးနန်းအရိုက်အရာအတွက် ပြိုင်ဆိုင်နိုင်သည့် အင်အားလဲ ရှိကြလေသည်။

ပထမမင်းသားသည် အကြီးဆုံးဟူသည့် နေရာကို အစောကြီးကတဲက ရယူထားပြီးဖြစ်၏။ အင်အားကြီးမားသည့် မိခင်ဖက်က ဆွေမျိုးများရှိကာ နန်းစောင့်တပ်ကို အုပ်ချုပ်သည့် ယွဲ့ဖုလဲရှိပြီး မျက်နှာသာပေးခံရသည့် ကွေ့ဖေးမိခင်အရင်းလဲ ရှိနေသဖြင့် ထီးနန်းအရိုက်အရာအပေါ် ရည်မှန်းချက် ကြီးမားမှု ပေါ်ပေါက်လာရခြင်းသည်လဲ သဘာဝပင်။

ဒီလိုအခြေအနေအောက်တွင် ပထမမင်းသားသည်လဲ နေရာတိုင်းတွင် ဒုတိယမင်းသားထက် တစ်ပန်းသာရန် လိုလားမည်ကလဲ အမှန်ပင် သဘာဝကျလေသည်။

ပထမမင်းသားက မြန်မြန်ဆုံးဖြတ်ချက်ချလိုက်ပြီး ကြင်ရာတော်၏ ကျောပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် နူးနူးညံ့ညံ့ဖြင့် ပြောလိုက်၏။ “ရှောင်အာ မင်း ငါ့အပေါ်ထားတဲ့ စိတ်ကို ငါသိပါတယ်။ ငါ မင်းအပေါ်ထားတာလဲ ထပ်တူပါပဲ”

“အဲဒီနန်းတွင်းအပျိုတော် ၂ယောက်ကိုတော့ စိတ်မပူပါနဲ့။ တကယ်လို့ သူတို့တွေ ကိုယ်ဝန်ရှိလာပြီး ကလေးမွေးမယ် ဆိုရင်လဲ ‘ကလေးကိုထားပြီး အမေကို ဖယ်ရှား’လိုက်ရုံပဲ။ မွေးလာတဲ့ကလေးက ငါ့ကလေး။ ပြီးတော့ မင်းရဲ့ ကလေးလဲ ဟုတ်တယ်”

အေးစက်စက် ခံစားချက်တစ်ခုသည် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေတော့သည်။

ပထမမင်းသားကြင်ရာတော်သည် မိမိ၏ခင်ပွန်းကိုငေးကြောင်ကြောင်ဖြင့် ကြည့်နေမိပြီး ရုတ်တရက်ဆိုသလို သူ၏ ချစ်လှစွာသော ခင်ပွန်းက အလွန် စိမ်းသက်နေသည်ဟု ခံစားလိုက်ရ၏။

ပထမမင်းသားသည် ကြင်ရာတော်ကို အမြတ်တနိုးကြည့်ကာ သစ္စာစကားပင် ပြောလိုက်သေးသည်။ “ရှောင်အာ ဘယ်လိုအချိန်အခါမျိုးကိုပဲ ရောက်ရောက် ငါ့စိတ်ထဲမှာ မင်းတစ်ယောက်ပဲရှိတာပါ”

...

ပထမမင်းသားသည် စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်ကာ ကြင်ရာတော်ကို ကောင်းမွန်စွာ နှစ်သိမ့်ပေးလိုက်လေ၏။

ထိုနေ့ညတွင် ပထမမင်းသားသည် စာကြည့်ဆောင်သို့ သွားရောက်ခဲ့ပြီး နန်းတွင်းအပျိုတော်တစ်ဦးကို အိပ်ရာထက်တွင် ပြုစုလုပ်ကျွေးရန် ဆင့်ခေါ်ခဲ့လေသည်။ နောက်တစ်နေ့တွင် နောက်တစ်ဦးကို ထပ်မံ ခေါ်ယူပြန်ခဲ့သည်။ ထို့နောက်ပိုင်း လဝက်ကျော်ကြာအောင် စာကြည့်ဆောင်ထဲတွင်သာ အိပ်စက်လေတော့သည်။

မုန့်ကွေ့ဖေးသည် ထိုကိစ္စကို မြန်မြန်ဆန်ဆန်ပင် သိရှိသွားပြီး တော်တော်လေးလဲ ကျေနပ်အားရသွားတော့၏။ ပထမမင်းသားကြင်ရာတော်ကို နန်းတော်တွင်းသို့ အထူးတလည် ထပ်မံဆင့်ခေါ်ကာ ချီးကျူးစကား အနည်းငယ် ဆိုပြီးနောက် အဝတ်အထည်၊ လက်ဝတ်ရတနာများစွာကိုလဲ ချီးမြှင့်ပေးခဲ့သေးသည်။

ပထမမင်းသားကြင်ရာတော်သည် အိမ်တော်သို့ ပြန်ရောက်လာပြီးနောက်တွင် ချီးမြှင့်ခံလာရသည့် လက်ဆောင်များကို တစ်ဝက်ခွဲဝေကာ နန်းတွင်းအပျိုတော် ၂ ဦးကိုလဲ ပေးသနားလိုက်လေသည်။

နန်းတွင်းအပျိုတော် ၂ ဦးမှာ မျက်ရည်များ စီးကျလာသည်အထိ ကျေးဇူးတင်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ဦးခိုက်ကာ ကျေးဇူးတင်စကား ဆိုကြလေသည်။ အားလုံးမှာ ပန်းပွင့်လေးများနှင့် အရွယ်များဖြစ်ကြပြီး အလွန်အမင်း ချောမောလှပသူများ မဟုတ်ကြသော်ငြား တောက်ပပြီး လှုပ်ရှားသက်ဝင်ဖွယ်ကောင်းသည့် အရာများရှိကြကာ အလွန် ထင်သာမြင်သာရှိလှပြီး အသက်ဝင်လှလေသည်။

ပထမမင်းသားကြင်ရာတော်၏ ဦး‌နှောက်ထဲတွင် ဖျပ်ကနဲ ပေါ်လာသည့်အရာမှာ ပထမမင်းသားနှုတ်က ထုတ်ပြောခဲ့သည့် “ကလေးကို ထားပြီး အမေကို ဖယ်ရှားမယ်” ဟူသည့် မြင်ကွင်းသာ ဖြစ်တော့၏။ အကြောင်းအရင်းကို မသိသော်ငြားလည်း ပထမမင်းသားကြင်ရာတော်၏ ဝမ်းဗိုက်ထဲတွင် အော်ဂလီဆန်သလို ခံစားချက်များ ဖြစ်သွားတော့သည်။

ပထမမင်းသားကြင်ရာတော်သည် ခေါင်းတစ်ချက် လှည့်လိုက်ပြီး အော့အန်လေတော့၏။

...

အပိုင်း (၁၂၈) သတင်းကောင်းကြားရခြင်း

ပထမမင်းသားကြင်ရာတော်က ဒီလိုအော့အန်နေသည်တွင် ဘေးက လူများကလဲ မပေါ့ဆဝံ့ကြဘဲ ချက်ချင်းဆိုသလို နန်းတော်အတွင်းသို့ သတင်းပါးလိုက်ပြီး တော်ဝင်သမားတော်ကို ကြည့်ရှုစစ်ဆေးပေးဖို့ရန် ပင့်ဖိတ်လိုက်လေသည်။

အတွေ့အကြုံရင့် တော်ဝင်သမားတော်သည် သွေးခုန်နှုန်းကို တစ်ချက်စမ်းသပ်လိုက်သည်နှင့် သတင်းကောင်းရှိသည့် သွေးခုန်နှုန်းကို စစ်ဆေးတွေ့ရှိသွားလေတော့၏။ “ပထမမင်းသားကြင်ရာတော်နဲ့ ကွေ့ဖေးမယ်မယ်တို့ကို ဂုဏ်ပြုပါတယ်။ သတင်းကောင်းရှိတဲ့ သွေးခုန်နှုန်းကို ကြည့်ရင် ကိုယ်ဝန်က နုသေးတယ်။ စိတ်ကို အေးအေးချမ်းချမ်းထားပြီး သန္ဓေသားကို အနားပေးရပါမယ်။ ကျွန်တော်မျိုး အခုပဲ သန္ဓေသားတည်ငြိမ်စေမဲ့ဆေးကို ညွှန်းပေးလိုက်ပါမယ်။ ကြင်ရာတော် မင်းသမီးက ကောင်းကောင်းမွန်မွန် အနားယူပေးပါ”

ကိုယ်ဝန်ရှိနေပြီတဲ့။

ပထမမင်းသားကြင်ရာတော်သည် အနည်းငယ် တွေဝေငေးမောသွားပြီး လစဉ် ဓမ္မတာလာမည့်ရက်က အမှန်တကယ် ၁၀ ရက်ကျော် နောက်ကျနေသည်ကို သတိထားမိလိုက်တော့သည်။ သို့သော်ငြား မကြာသေးခင်က သူမ၏ စိတ်တို့သည် ညှိုးနွမ်းနေသည့်အပြင် နေ့စဉ်ရက်ဆက် ဓမ္မတာမမှန်ကန်သည့်အတွက် ထိုကိစ္စကို လုံးဝစိတ်ထဲ မထည့်ခဲ့ခြင်းပင်။

နေ့နေ့ညည မျှော်လင့်တောင့်တခဲ့ရပြီး နောက်ဆုံးတော့ သတင်းကောင်း ရောက်ရှိလာတော့၏။

ပထမမင်းသားကြင်ရာတော်သည် သူမ၏ လက်ကို ပြားချပ်နေသည့် ဝမ်းဗိုက်လေးပေါ်သို့ အသာအယာတင်လိုက်၏။ အကြောင်းအရင်းတစ်ချို့ကြောင့် ဝမ်းသာရွှင်လင်းမှုအလယ်တွင် ဖယ်ရှားလို့မရနိုင်သည့် ခါးသီးနာကျင်မှုများကလဲ ရောနှောလျက်ရှိနေသည်။

နန်းတော်ထဲတွင် တာဝန်ကျနေသည့် ပထမမင်းသားသည် သတင်းကောင်းကို ကြားလိုက်ရပြီး ဝမ်းသာအားရဖြင့် အိမ်သို့ ပြန်လာတော့၏။

ပထမမင်းသားသည် ရွှင်လန်းနေဟန်တူကာ အိပ်ရာဘေးသို့ မြန်မြန်လျှောက်လာပြီး ပထမမင်းသားကြင်ရာတော်၏ လက်ကို ကိုင်ဆုပ်ထားလိုက်၏။ “မင်း ကိုယ်ဝန်ရှိနေပြီ။ တကယ်ဝမ်းသာစရာပဲ!”

ပထမမင်းသားကြင်ရာတော်၏ မျက်နှာလေးသည် အနည်းငယ် ဖြူဖပ်ဖြူလျော် ရှိနေသော်ငြားလည်း သူမ၏ မျက်လုံးများကတော့ ပျော်ရွှင်မှုကြောင့် လင်းလက်လို့နေ၏။ “ဓမ္မတာ နောက်ကျတာ ၁၀ ရက်လောက် ရှိပေမဲ့ ချဲ့လဲ ဘာအတွေးမှ မဝင်မိဘူး။ တကယ် မထင်ထားတာ။ ကိုယ်ဝန်ရှိနေလိမ့်မယ်လို့လေ”

ဒီကလေးသာ နည်းနည်းစောစော ရောက်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ တစ်ချို့ကိစ္စတွေက ဖြစ်ပြီးသွားခဲ့ပြီ။ တစ်သက်လုံး အမာရွတ်တွေပဲ ကျန်ရစ်နေခဲ့တော့မှာ။

ပထမမင်းသားကတော့ မြန်မြန်ပြောလိုက်၏။ “ငါ အခုပဲ နန်းတော်ထဲ ဝင်ပြီး ဖုဟွမ်နဲ့ မူဖေးတို့ကို သတင်းကောင်း သွားပြောလိုက်အုံးမယ်။ မင်း ကောင်းကောင်းမွန်မွန် အနားယူပြီး သန္ဓေသားကို ဂရုစိုက်။ ဟုတ်သားပဲ။ ငါ့ စာကြည့်ခန်းထဲက ၂ ယောက် ထားစရာမလိုတော့ဘူး။ ပြန်လွှတ်လိုက်တော့မယ်!”

ပထမမင်းသားကြင်ရာတော်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ “ချဲ့က အခု ကိုယ်ဝန်နဲ့ ဖြစ်နေပြီး သန္ဓေသားကို အာရုံစိုက်ပြီး အနားယူရတော့မှာ။ အရှင်မင်းသားကို ကောင်းကောင်းမွန်မွန် ပြုစု စောင့်ရှောက်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့ ၂ ယောက်စလုံးက မူဖေးကိုယ်တိုင် လေ့ကျင့်ပေးထားတာ။ စည်းကမ်းလဲ သိတယ်။ အလိုက်တသိလဲ ရှိတယ်။ သူတို့ကို မင်းသားအနားမှာ ပြုစုစောင့်ရှောက်ခိုင်းတာလဲ ကောင်းပါတယ်”

ပထမမင်းသားအတွက် ပြုစုလုပ်ကျွေးရန် တခြားသူများကို ထပ်မံရှာဖွေမဲ့အစား ဒီနန်းတွင်းအပျိုတော်လေး ၂ ဦးကို ထားရှိလိုက်ခြင်းက ပိုပြီး အဆင်ပြေပေလိမ့်မည်။

ထိုအရာများကလဲ အသေးအဖွဲကိစ္စများသာ ဖြစ်၏။ ပထမမင်းသားက စိတ်ထဲတွင် ထည့်သွင်းစဉ်းစားထားခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်လိုက်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ “ငါအခုပဲ လူလွှတ်ပဲ လူလွှတ်ပြီးတော့ လျန်အိမ်တော်ကို သတင်းပို့ခိုင်းလိုက်မယ်။ ယွဲ့ဖုနဲ့ ယွဲ့မူ(ယောက္ခမ) တို့တွေ ဒီကိစ္စကို သိသွားရင် သေချာပေါက် အရမ်းပျော်သွားကြမှာပဲ”

ပထမမင်းသားကြင်ရာတော်သည် နူးညံ့ပျော့ပျောင်းစွာဖြင့် ပြန်ဖြေလိုက်၏။

ပျော်ရွှင်မှုထဲတွင် နစ်မြှုပ်နေသည့် ပထမမင်းသားသည် ပထမမင်းသားကြင်ရာတော်၏ အနည်းငယ် ထူးခြားနေသည့် အမူအရာကို လုံးဝသတိမပြုမိခဲ့ချေ။ ချက်ချင်းဆိုသလို သူသည် လျန်အိမ်တော်သို့ သတင်းသွားပို့ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကလဲ နန်းတော်ထဲသို့ သတင်းသွားပို့ရန် ဝင်ရောက်သွားလေတော့သည်။

-

အစဉ်အလာအရဆိုလျှင် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရှိလာလျှင် ၃ လအတွင်း ထုတ်ဖော်ပြောကြားခြင်း မပြုသင့်ပေ။ များသောအားဖြင့် ၃ လပြီးနောက် သန္ဓေသားတည်ငြိမ်မှသာ သတင်းကောင်းကို ကြေညာလေ့ရှိကြသည်။

သို့သော်ငြား ပထမမင်းသားအလှည့် ရောက်လာချိန်တွင်တော့ မင်္ဂလာဆောင်ပြီး ၂ နှစ်ကြာ သတင်းကောင်း မကြားရဘဲ ယုံးကျားဧကရာဇ်ကိုယ်တိုင်ပင် စိုးရိမ်ပူပန်မှုကို ပြသနေသဖြင့် ပထမမင်းသားသည် မည်သို့ စိတ်ထိန်းနိုင်ပါတော့မည်နည်း။ သူသည် ဝမ်းသာအားရဖြင့် ဝမ်ဟွားခန်းမဆောင်သို့ ဝင်သွားပြီး အရင်ဦးဆုံး ယုံးကျားဧကရာဇ်ထံသို့ သတင်းကောင်း ပို့လေတော့သည်။ ယုံးကျားဧကရာဇ်သည်လဲ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ပြုံးကာ မိန့်ကြားလိုက်၏။ “ကောင်းတယ်။ သိပ်ကောင်းတယ်။ လျန်ရှီကို ဆုလာဘ်ချီးမြှင့်ရမယ်”

မကြာမီပင် နန်းတော်တွင်းက လူများအားလုံးသည် ဒီမင်္ဂလာသတင်းကို သိရှိသွားကြတော့၏။

မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ကလဲ ဆုလာဘ်များကို အသီးသီးချီးမြှင့်တော် မူကြလေသည်။ ချွေးမတော်ကို အမြဲတစေ မျက်စိစပါး‌မွှေးစူးနေသည့် မုန့်ကွေ့ဖေးကပင် စိတ်ထဲတွင် ဝမ်းမြောက်မှုများဖြင့် ပြည့်လျှံနေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သင့်လျော်သည့် အားဖြင့်ပစ္စည်းများကိုပင် စီစဉ်ကာ မင်းသားအိမ်တော်သို့ လူလွှတ်ပြီး ပို့ဆောင်စေခဲ့သည်။

လျန်သခင်မကြီးကလဲ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့၏။ သတင်းကောင်းကို ကြားသိရသည့်ညမှာပင် ပထမမင်းသားအိမ်တော်သို့ ရောက်ရှိလာကာ သမီးဖြစ်သူကို အသေးစိတ် မှာကြားလေတော့သည်။ “အခု သမီးအတွက် အရေးကြီးဆုံးက ကိုယ့်ဟာကိုယ် ဂရုစိုက်ပြီး ဗိုက်ထဲက ကလေးကို ကောင်းကောင်းမွန်မွန် မွေးဖွားဖို့ပဲ။ အရှင်မင်းသားရဲ့ စားရေးသောက်ရေး နေထိုင်ရေးတွေအားလုံးကို ဟိုနန်းတွင်းအပျိုတော်လေး ၂ ယောက်ကိုပဲ တာဝန်ယူခိုင်းထားလိုက်တော့”

“တုံးအတဲ့အလုပ်တွေကို မလုပ်မိစေနဲ့။ ခင်ပွန်းတစ်ယောက်က သားတစ်ယောက်လောက် ဘယ်လိုလုပ်ပြီး အားကိုးလို့ ရမှာလဲ”

ပထမမင်းသားကြင်ရာတော်က ခေါင်းငြိမ့်ကာ တိုးညှင်းစွာဖြင့် ပြောလိုက်လေသည်။ “သမီး အခုစိုးရိမ်တာက ဒီကိုယ်ဝန်က သမီးလေးဖြစ်နေမှာကိုပါ”

လျန်သခင်မကြီးကတော့ ပြုံးကာ ပြောလိုက်၏။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီကိုယ်ဝန်က တော်ဝင်မြေးတော် ယောက်ျားလေးပဲ ဖြစ်ရမယ်”

ပထမမင်းသားကြင်ရာတော်သည် လက်နှစ်ဖက်ဖြင့် ဝမ်းဗိုက်ကို အသာအယာပွတ်သပ်ကာ ပြုံးပြီး တစ်ခွန်းထဲသာ ပြောလိုက်တော့၏။ “အင်း”

-

ဟွေ့အန်းကုံးကျူသည် ပထမမင်းသားကြင်ရာတော်ထံသို့ ကိုယ်တိုင်ကိုယ်ကျ အလည်အပတ် လာရောက်ခဲ့ပြီး အငေါ်တူးသည့် စကားတစ်ချို့ကိုလဲ ပြောဆိုခဲ့သေးသည်။ “ရှင် အရင်တုန်းကတော့ တစ်လျှောက်လုံး တိတ်ဆိတ်လာခဲ့တာပဲ။ ဒါပေမဲ့ မုန့်ကွေ့ဖေးက ရှင့်အတွက် လူ ၂ ယောက်တောင် ကိုယ်တိုင်ကိုယ်ကျ ရွေးပေးခဲ့သေးတယ် လို့လဲ ကြားခဲ့ရသေးတယ်။ ရုတ်တရက်ကြီး ပျော်ရွှင်စရာ သတင်းကောင်း ရှိလာတယ်ပေါ့လေ။ ရှင်ကလဲ ရှင်ပဲ။ ကိုယ်ဝန် ရှိ‌နေတာကို ဘာတွေ ဖုံးကွယ်နေတာလဲ။ စောစောသာ ပြောလိုက်ရင် အိမ်တော်ထဲကို လူခေါ်စရာတောင် လိုအုံးမှာ မဟုတ်ဘူး”

ပထမမင်းသားကြင်ရာတော် “...”

ဒါက သူမကို လာကြည့်တာလား။ ဒါမှမဟုတ် တမင်တကာ စိတ်အနှောင့်အယှက် လာပေးနေတာလား။

ပထမမင်းသားကြင်ရာတော်သည် ဒေါသကို ချုပ်တည်းကာ နူးညံ့သိမ်မွေ့စွာဖြင့် ပြန်ပြောလိုက်တော့၏။ “ဟွမ်ကျဲ(အစ်မတော်) နောက်နေပြန်ပါပြီ။ ကျွန်မက ဘယ်တုန်းကမှ ဖုံးကွယ်ထားတာ မရှိခဲ့ပါဘူး။ တကယ်ပဲ ကိုယ်ဝန်ရှိမှန်း မသိခဲ့တာပါ”

ဟွေ့အန်းကုံးကျူကတော့ ပုခုံးတွန့်လိုက်လေသည်။ “ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် သတင်းကောင်းဖြစ်နေတာပဲ။ နန်းတွင်းအပျိုတော် ၂ ယောက်ကလဲ ဘာမှ ပြောပလောက်တာမှ မဟုတ်တာ”

ဟုတ်ပါတယ်။ သူမကသာ တော်ဝင်မြေးဦးရတနာကို မွေးဖွားပေးနိုင်ခဲ့မယ်ဆိုရင် နန်းတွင်းအပျိုတော် ၂ ယောက်ကို မပြောနဲ့။ ခင်ပွန်းဖြစ်သူက နောင်တစ်ချိန်မှာ မျိုးရိုးမြင့် အမျိုးသမီးတွေထဲက ဇနီးငယ်တစ်ယောက်အဖြစ် လက်ခံခဲ့ရင်တောင် သူမက သိပ်ပြီး စိတ်ပျက်အားငယ်နေစရာ မလိုတော့ဘူးလေ။

ပထမမင်းသားကြင်ရာတော်သည် စိတ်ထဲတွင်တော့ မိမိကိုယ်ကိုမိမိ ကြိတ်ပြီး နှစ်သိမ့်လိုက်လေတော့သည်။

ဟွေ့အန်းကုံးကျူက လေသံတိုးတိုးဖြင့် ထပ်မေးလိုက်၏။ “ရှင် ဘယ်လိုလုပ်ပြီးတော့ ကိုယ်ဝန်ရသွားတာလဲ။ တိတ်တိတ်လေး သမားတော်ကောင်းရှာပြီး ကိုယ့်ဟာကိုယ် ကုသနေတာလား။ တကယ်လို့ နည်းလမ်းကောင်း တစ်ခုခု ရှိတယ်ဆိုရင်လဲ ကျွန်မကို ပြောပြပါအုံး”

“ဖုမာနဲ့ ကျွန်မတို့ မင်္ဂလာဆောင်တာက ရှင်တို့ထက်တောင် စောသေးတယ်။ ကျွန်မမှာ တစ်ခါမှ သတင်းကောင်း မကြားရသေးဘူး။ ဖုမာမိသားစုကတော့ ဘာမှ မပြောရဲကြပါဘူး။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ စောစောလေး သတင်းကောင်း ကြားချင်နေပြီ”

ပထမမင်းသားကြင်ရာတော်က တိုးညှင်းစွာဖြင့် ပြန်ဖြေကြားလိုက်၏။ “ဟွမ်ကျဲကို မဖုံးကွယ်ဝံ့ပါဘူး။ ကျွန်မ အရင်တုန်းက ကိုယ်ခန္ဓာကို ပြန်လည်ကုသတဲ့ ဆေးနည်းတစ်ချို့ သုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါမှ အရာမထင်ခဲ့ဖူးဘူး။ ဒီလပိုင်းတွေမှာ ကျွန်မ ဆေးကို လုံးဝရပ်လိုက်တာ မထင်မှတ်ဘဲ ကိုယ်ဝန်ရလာခဲ့တယ်”

ဟွေ့အန်းကုံးကျူသည် ပထမမင်းသားကြင်ရာတော်ကို အပြုံးတစ်ဝက်ဖြင့် လှမ်းကြည့်လာလိုက်ကာ “ရှင်က ဒီလောက် ‌ဆေးနည်းလေးတစ်ခုကိုတောင် နှမြောနေတာတော့ မဟုတ်ပါဘူးနော်!”

ပထမမင်းသားကြင်ရာတော်သည် အောင့်သက်သက်ခံစားချက်ကို မသက်သာဘဲ မျိုသိပ်ထားလိုက်ရပြီး ဟွေ့အန်းကုံးကျူကို ဆေးနည်းပေးလိုက်လေတော့သည်။

ဟွေ့အန်းကုံးကျူက နန်းတော်တွင်းသို့ ဝင်ရောက်ကာ ချောင်မိဖုရားခေါင်နှင့် တွေ့ဆုံချိန်တွင် ထိုကိစ္စကို ထုတ်ပြောခဲ့လေသည်။ “-ဒီလျန်ရှီကလေ တကယ်ကို သဘောထားသေးသိမ်ပြီး ကပ်စေးနဲတဲ့ မိန်းမပဲ။ ဆေးနည်းလေး တစ်ခုကိုတောင်မှ ကျွန်မကို မပေးချင်ဘူး ဖြစ်နေတာလေ”

လျန်ရှီ၏ မိခင်အရင်းမှာ လီမိသားစု၏ အိမ်တော်တွင် မွေးဖွားကြီးပြင်းခဲ့သည့် အစေခံတစ်ဦးဖြစ်ပြီး တစ်ချိန်က ချောင်မိဖုရားခေါင်ကို ပြုစုလုပ်ကျွေးခဲ့ဖူးလေသည်။ အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လာသောအခါ လီရွမ်၏ ကိုယ်ရံတော်တပ်မှူးနှင့် လက်ဆက်ပေးခဲ့ခြင်းဖြစ်၏။

လျန်ရှီသည် ငယ်စဉ်ကတဲက သေသေချာချာ လေ့ကျင့်သင်ကြားခံခဲ့ရပြီး လီသခင်မကြီး၏ အနီးကပ် အပျိုတော်အဖြစ်လဲ ပို့ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် ဟွေ့အန်းကုံးကျူက လျန်ရှီကို မစိမ်းလှပေ။

ထိုအကြောင်းကြောင့်ပင် စစ်သူကြီးလျန်သည် ယခုအချိန်တွင် အဆင့် ၂ နန်းစောင့်စစ်သူကြီး ဖြစ်နေပြီး တစ်ချိန်က လီမိသားစု၏ အစေခံသည် အဆင့်၂ ဂုဏ်ထူးဆောင်ဖူးရန် ဖြစ်လာခဲ့ပြီး လျန်ရှီကတော့ နောင်တွင် ပထမမင်းသားကြင်ရာတော်နှင့် ယောင်းမတော်ဖြစ်လာသည့်တိုင် ဟွေ့အန်းကုံးကျူကတော့ လျန်ရှီအကြောင်း ပြောဆိုတိုင်း အနည်းငယ် မထီမဲ့မြင်ပြုကာ အထင်သေးသည့် အမူအရာများ ပါဝင်နေဆဲပင်။

ထို့ကြောင့် မုန့်ကွေ့ဖေးက ချွေးမတော်ကို အထင်မကြီးခြင်းကိုလဲ လုံးလုံးလျားလျား အပြစ်ပြော၍တော့ မရနိုင်ပေ။ အမှန်တကယ်တွင် လူတိုင်းသည် လျန်မိသားစု၏ နောက်ခံအခြေအနေကို သိရှိနေကြပေသည်။

ချောင်မိဖုရားခေါင်က အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်ပြီး ဟွေ့အန်းကုံးကျူကို သတိပေးလိုက်၏။ “မင်းရဲ့ ဖုဟွမ်က စစ်သူကြီးလျန်ကို ယုံကြည်တယ်။ မြို့တော်ကို ကာကွယ်ရတဲ့ တာဝန်ကြီးကိုတောင် သူ့ကို အပ်နှင်းထားတာ။ လျန်ရှီက ပထမမင်းသားနဲ့ လက်ဆက်ရတာလဲ မင်းရဲ့ ဖုဟွမ်ရဲ့ စိတ်ကူးပဲ။ နောင်တစ်ချိန် လူရှေ့သူ‌ရှေ့မှာ စကားပြောတာ ဆင်ခြင်အုံး။ မင်းရဲ့ ဖုဟွမ် စိတ်အနှောင့်အယှက် ဖြစ်နေအုံးမယ်”

ဟွေ့အန်းကုံးကျူကတော့ နှုတ်ခမ်းများကို စူပုပ်ထားလိုက်လေသည်။ “ဘာကို ဆင်ခြင်ရမယ် မဆင်ခြင်ရဘူးလဲ။ သမီးပြောတာတွေ အားလုံးကလဲ အမှန်တရားတွေချည်းပဲဟာ”

ချောင်မိဖုရားခေါင်က ထပ်မပြောရသေးခင်မှာပင် သူမက ထပ်ပြောလာလေသည်။ “မူဟုပ်လဲ ပူညံပူညံ လုပ်မနေပါနဲ့တော့။ လျန်ရှီက သတင်းကောင်းရှိနေပြီ။ တကယ်လို့ တစ်ကြိမ်ထဲနဲ့ သားယောက်ျားလေးပါ မွေးခဲ့မယ်ဆိုရင် မုန့်ကွေ့ဖေးတို့ သားအမိက ပိုပြီးတော့တောင်မှ တောက်ပလာကြအုံးမှာ”

မဟုတ်လို့လား။

ကိုယ်လုပ်တော်က မွေးတာဖြစ်နေရင်တောင်မှ အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူထားနိုင်သေးတယ်။

သူမရဲ့ သားတော်ကတော့ နည်းနည်းနောက်ကျပြီးမှ မွေးဖွားလာခဲ့လို့ ခြေလှမ်းတိုင်းမှာ အမြဲတမ်း နောက်ကျနေခဲ့ရတယ်။ အခု လျန်ရှီက ကိုယ်ဝန်ရှိနေပြန်ပြီ။ နောက်တစ်နှစ် လုမင်ယွိ ဝင်လာတဲ့အချိန်ကျရင် လျန်ရှီရဲ့ ကလေးက မွေးတောင် မွေးတော့မယ်။

ချောင်မိဖုရားခေါင်သည် ထိုအကြောင်းအရာများကို စဉ်းစားမိသည်နှင့် စိတ်ထဲတွင် တဆစ်ဆစ် နာကျင်ကိုက်ခဲလာလေတော့သည်။

ဟွေ့အန်းကုံးကျူသည်လဲ ချောင်မိဖုရားခေါင်၏ စိတ်သဘောထားကို ကောင်းစွာနားလည်သဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “မူဟုပ် လျန်ရှီက အခုမှ ကိုယ်ဝန်ရှိခါစပဲ ရှိသေးတာ။ ကျွန်မတို့တွေ နည်းနည်းလောက် လက်စွမ်းပြလိုက်ပြီး လျန်ရှီရဲ့ ဒီကိုယ်ဝန်ကို ပျက်ကျသွားအောင် လုပ်လိုက်ရင်ဖြင့်-“

“ပါးစပ်ပိတ်စမ်း!”

ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုံးကျူကို တင်းမာစွာဖြင့် ဖြတ်ပြောလိုက်၏။ “ဒီလိုစကားမျိုး မင်းပါးစပ်ထဲက ထွက်ရဲတယ်နော်။ ဒီလို ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး လူ့ကျင့်ဝတ်ကို ထိခိုက်စေတဲ့ ကိစ္စမျိုးကို လုပ်ဖို့မပြောနဲ့ စဉ်း‌တောင် မစဉ်းစားသင့်ဘူး”

...

အပိုင်း (၁၂၉) ကိုယ်ဝန်ပျက်ကျခြင်း

ချောင်မိဖုရားခေါင်သည် ရုတ်တရက် ဒေါသထွက်လာပြီး ဟွေ့အန်းကုန်းကျူသည်လဲ အထိတ်တလန့် ဖြစ်သွားတော့သည်။

ချောင်မိဖုရားခေါင်သည် စာပေမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး စာပေကျမ်းဂန်များကိုလည်း အလွန်ဖတ်ရှုထားကာ ထူးချွန်သည့်အရည်အချင်း ပိုင်ဆိုင်ထားပြီး တည်ကြည်လေးနက်သည့် အသွင်အပြင်ရှိလေသည်။ သူမသည် ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်းကို မျက်နှာပေါ်တွ င်မပေါ်လွင်စေရန် အလေးထားသူဖြစ်၏။ ယခုအချိန်တွင်တော့ ဒီမျက်နှာတော်ပေါ်တွင် ဒေါသအပြည့် ဖြစ်နေသည့်အမူအရာသည် ယခင်က လုံးဝမရှိဖူးသလောက် အမူအယာမျိုးဖြစ်နေ၏။

"ကျွန်မက ဒီအတိုင်းပါးစပ်ကနေ လွှတ်ခနဲ ပြောထွက်သွားတာပါ။ မူဟုပ် မကြိုက်ရင်လည်း မပြောတော့ပါဘူး။ ဘာဖြစ်လို့ ဒီလောက် ဒေါသအကြီးအကျယ် ထွက်နေတာလဲ" ဟွေ့အန်းကုန်းကျူ၏စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရပြီး ကိုယ့်ဟာကို ခုခံကာကွယ်သည့်အနေဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီ့အပြင် ကျွန်မက မူဟုပ်နဲ့ အာ့တိတို့အတွက် စဥ်းစားပေးလို့ပြောတာပဲဟာ"

ချောင်မိဖုရားခေါင်ကတော့ တည်ကြည်စွာဖြ င့်ပြောလိုက်လေသည်။ "နောက်ဆိုရင် ဒီလိုအတွေးမျိုး ဘယ်တော့မှ မတွေးမိစေနဲ့"

"ငါ မင်းတို့ဖုဟွမ်နဲ့ လက်ဆက်လာခဲ့တာ နှစ်တွေကြာနေပြီ။ နင်တို့ဖုဟွမ်က မုန့်ကွေ့ဖေးကို မျက်နှာသာပိုပေးတယ်။ ချင်ဖေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကိုယ်လုပ်တော်တွေက မွေးတဲ့သားတော်တွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာခဲ့ကြတယ်။ ငါကသာ စိတ်ထားယုတ်မာနေခဲ့မယ်ဆိုရင် ကိုယ်လုပ်တော်က မွေးတဲ့မင်းသားတွေက ဘေးမသီရန်မ ခတယောက်ချင်းဆီ ဘယ်လိုလုပ်ပြီး ကြီးပြင်းလာနိုင်မှာလဲ"

"ငါကလဲ မင်းရဲ့အာ့တိကို အစွမ်းအစရှိလာဖို့ပဲ မျှော်လင့်တာပါ။ နန်းတော် အလယ်မိဖုရားခေါင်နေရာ တည်တည်တံတံ ဖြစ်နေဖို့ပဲမျှော်လင့်တာ။ ဒါပေမဲ့ အဲဒီ့လို ယုတ်မာကောက်ကျစ်တဲ့ကိစ္စမျိုးကိုတော့ ငါ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒါက ငါ့စည်းမျဥ်းစည်းကမ်း အနိမ့်ဆုံးသက်မှတ်ချက်ပဲ"

မူဟုပ်ကလဲ တကယ့်ကို တုံးအလွန်းတာပဲ။

ဘာစည်းမျဥ်းစည်းကမ်းလဲ။ ဘာအနိမ့်ဆုံး သက်မှတ်ချက်လဲ။ တကယ်တမ်းပြောရရင် ဒါက အရမ်းစိတ်ပျော့လို့ပဲလေ။ တကယ်လို့သာ နည်းနည်းလောက် ရက်စက်ခဲ့မယ်ဆိုရင် ဒီနေ့လို အကျပ်အတည်းမျိုး ကြုံတွေ့ရမှာ မဟုတ်ဘူး။

ဟွေ့အန်းကုန်းကျူကတော့ ထိုစကားလုံးများကို မလိုလားစွာဖြင့် မျိုသိပ်ထားလိုက်ရလေသည်။

ချောင်မိဖုရားခေါင်က ဟွေ့အန်းကုန်းကျူကို တချက်လောက် လှမ်းကြည့်လိုက်ကာ "မင်း ကမူဟုပ်ကို အရမ်းတုံးအတယ်လို့ ထင်နေတာလား"

ဟွေ့အန်းကုန်းကျူသည်လဲ သည်းမခံနိုင်တော့ဘဲ ခေါင်းညိမ့်ပြလိုက်တော့၏။

ချောင်မိဖုရားခေါင်က မိမိကိုယ်ကိုမိမိ လှောင်ပြောင်သရော်သည့်အမူအယာဖြင့် နှုတ်ခမ်းတွန့်ကာ ပြောလိုက်လေသည်။ "တကယ်တော့ ငါလဲ ကိုယ့်ဟာကို ပြောသလောက် ဖြူစင်မြင့်မြတ်နေတာမျိုး မဟုတ်ပါဘူး။ အရင်တုန်းက မုန့်ရှီတို့သားအမိ အရှိန်အဝါရှိနေတုန်းက ငါလဲ ရံဖန်ရံခါဆိုသလို အတွေးဝင်ခဲ့ဖူးပါတယ်။ မင်း ဖုဟွမ်က ထက်မြက်လွန်းတော့ အရိပ်အငွေ့လေး နည်းနည်းပါးပါးတောင် သတိထားမိသွားတယ်။ ပြီးတော့ သူက ငါ့ကို ပြောလာတယ်လေ။ တကယ်လို့ မုန့်ရှီတို့သားအမိမှာ တစ်ခုခုသာ ဖြစ်သွားခဲ့မယ်ဆိုရင် အဲဒါတွေအားလုံးကို ငါတို့သားအမိသုံးယောက်လုံးပေါ်ကို အပြစ်ပုံချမှာတဲ့"

"ငါကလဲ ကိုယ့်ဟာကိုယ် ဂရုမစိုက်ဘဲနေလို့ရပေမဲ့ မင်းတို့မောင်နှမ နှစ်ယောက်ရဲ့ ဘေးကင်းလုံခြုံရေးကိုတော့ ဂရုမစိုက်ဘဲနေလို့မရဘူး"

"ဒီလိုနဲ့ ဒီနှစ်အတောအတွင်းမှာ ငါလဲ ဒေါသကိုမျိုသိပ်ပြီး နေရာတကာမှာ အလျှော့ပေးခဲ့ရတာ။ ဒါမှပဲ မင်းတို့ဖုဟွမ်ရဲ့ လေးစားမှုကိုရရှိခဲ့ပြီး တရားဝင်ဇနီးနေရာကိုရော မင်းတို့ရဲ့မိဖုခေါင်က မွေးတဲ့သားသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုရော ထိန်းသိမ်းနိုင်ခဲ့တာ။ မဟုတ်လို့ရှိရင် မင်းရဲ့ဖုဟွမ်က မယားငယ်ကို မျက်နှာသာပေးပြီး မယားကြီးကို ဖယ်ရှားဖို့ အတင်းအကြပ် လုပ်ခဲ့မယ်ဆိုရင် ဘယ်သူက တားနိုင်မှာမလို့လဲ"

ဟွေ့အန်းကုန်းကျူ "..."

ဟွေ့အန်းကုန်းကျူသည် ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်လေသည်။ သူမ၏မျက်လုံးထဲတွင်လည်း မီးပွားများ တောက်လောင်နေပြီး အသံကပင် အနည်းငယ် ပြောင်းလဲသွားတော့၏။ "မူဟုပ် ပြောတဲ့စကားတွေ အားလုံးက အမှန်ပဲလား။ ကျွန်မနဲ့ အာ့တိကမှ ဖုဟွမ်ရဲ့မိဖုရားခေါင် ကမွေးတဲ့သားသမီးတွေလေ။ ဖုဟွမ်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် မျက်နှာလိုက်နိုင်ရတာလဲ!"

ချောင်မိဖုရားခေါင်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။ "လူ့စိတ်ဆိုတာက မျက်နှာလိုက်တတ်တာပဲလေ။ ကံကောင်းတာက မင်းတို့ဖုဟွမ်က လုံးဝမမိုက်မဲသေးတာပဲ။ မင်းတို့မောင်နှမ နှစ်ယောက်အပေါ် တော်တော်လေး ကောင်းသေးတယ်။ ဒါက ဒီမိဖုရားခေါင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ပြီးရင်ရပြီ။ မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စတွေကိုတော့ ဘယ်လိုနည်းနဲ့မှ လက်မလှမ်းရဘူး"

အမည်တပ်မရသည့် ဒေါသတစ်ခုသည် သူမ၏ရင်ထဲတွင် လှိုက်တက်လာတော့သည်။

ဟွေ့အန်းကုန်းကျူသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး ထောင်ချောက်ထဲတွင် ပိတ်မိနေသည့် တိရိစ္ဆာန်တစ်ကောင်လို ဟိုဒီခေါက်တုံ့ခေါက် ပြန်လျှောက်နေလေတော့သည်။

ချောင်မိဖုရားခေါင်က ခပ်တိုးတိုးသက်ပြင်းချလိုက်ကာ လေသံကလဲအများကြီး ပျော့ပျောင်းသွားလေတော့သည်။ "ဟွေ့အန်း ငါက တကယ်တော့ စတုတ္ထသခင်မလေးလုရဲ့ စိတ်နေစိတ်ထားကို မကြိုက်ဘူး။ ဒါပေမဲ့ နင့်ရဲ့အာ့တိက သူ့ကိုပဲ တစ်သတ်မှတ်တည်း ယူချင်နေတာ။ ငါလဲ တားလို့မရဘူး။ ပြီးတော့ သေချာစဥ်းစားကြည့်လိုက်တော့ လုမင်ယွိမှာလဲ တခြားသူတွေ မမီနိုင်တဲ့ကောင်းကွက်တွေ ရှိပါတယ်။ နောက်ပိုင်း သူဝင်လာတဲ့အခါ မင်းလဲ သူနဲ့ ကောင်းကောင်းမွန်မွန် ပေါင်းသင်းဆက်ဆံ နင့်အာ့တိကို ကြားထဲကနေ ဗျာများရအောင် မလုပ်နဲ့"

ဟွေ့အန်းကုန်းကျူကတော့ ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ပြီး သူမ၏အသံထဲတွင်လည်း ဒေါသရိပ်များ ပါဝင်လို့နေသည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်မက သူ့ကိုနေရာတိုင်းမှာ သုံးပုံလောက်တော့ အလျှော့ပေးလိုက်ပါ့မယ်။ ဒါဆိုရင်ရပြီ မဟုတ်လား!"

ထို့နောက်တွင်တော့ ဒေါသထွက်နေသည့်မျက်နှာဖြင့် ထွက်သွားလေတော့သည်။

ချောင်မိဖုရားခေါင်က နဖူးကိုပွတ်သပ်ကာ တစ်ဖန် သက်ပြင်းချမိလေတော့သည်။

...

ပထမမင်းသားကြင်ရာတော် ကိုယ်ဝန်ရှိသည့်သတင်းသည် နန်းတော်အပြင်ဘက်တွင် မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားလေသည်။

လုမင်ယွိနှင့် လီကျင့်တို့စေ့စပ်ပြီးနောက်တွင် လုမိသားစုတစ်စုလုံးသည် နန်းတော်တွင်းအခြေအနေကို အထူးတလည်အာရုံစိုက်လာခဲ့ကြ၏။

လုမင်ဖန်းသည် မိဘအိမ်သို့ တမင် တစ်ခေါက်ပြန်ရောက်လာခဲ့ပြီး လုမင်ယွိကို ထိုအကြောင်း ပြောပြလိုက်လေသည်။ "... ကြားရတာကတော့ ပထမမင်းသားကြင်ရာတော်က ကုတင်ပေါ်မှာ လှဲပြီး ကိုယ်ဝန်ကို ဂရုစိုက်နေရတယ်တဲ့"

"ငါ ကြားထားတာတော့ ပထမမင်းသားကြင်ရာတော်က စိတ်ဓာတ်ကျပြီး သန္ဓေသားထိခိုက်သွားလို့ ကိုယ်ဝန်အခြေအနေ မကောင်းဘူးတဲ့"

လုမင်ယွိသည် တော်ဝင်မိသားစုသို့ ဝင်ရောက်လာချိန်တွင် ဒုတိယမင်းသားကြင်ရာတော် ဖြစ်လာသောအခါ ပထမမင်းသားကြင်ရာတော်နှင့် သူမသည် သမီးယောက်မ တော်စပ်လေသည်။ ပထမမင်းသားကြင်ရာတော်၏ကိုယ်ဝန်က တည်မြဲခြင်းရှိမရှိ တော်ဝင်မြေးတော်ကို တကြိမ်တည်း ရနိုင်ခြင်းရှိမရှိဆိုသည်ကတော့ လုမင်ယွိအတွက် အရေးကြီးကိစ္စတစ်ခု ဖြစ်လို့နေတော့သည်။

လုမင်ယွိ၏မျက်ဝန်းများကတော့ အနည်းငယ် လင်းလက်သွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "မုန့်ကွေ့ဖေးက အရမ်းလောသွားတာပဲ"

တကယ်လို့ မုန့်ကွေ့ဖေးကသာ စိတ်မလောဘဲ ပထမမင်းသားဆီကို နန်းတွင်းသူနှစ်ယောက် အတင်းထိုးမပေးခဲ့ဖူးဆိုရင် ပထမမင်းသားကြင်ရာတော်လည်း စိတ်ဓာတ်ကျပြီး သန္ဓေသားကို ထိခိုက်စေမှာ မဟူတ်ဘူး။ အရင်ဘဝတုန်းကလဲ ပထမမင်းသားကြင်ရာတော်ရဲ့ ဒီကိုယ်ဝန်က လုံးဝမခိုင်ခဲ့ဘဲ သုံးလမပြည့်ခင်မှာပင်ဘဲ ကိုယ်ဝန်ပျက်ကျခဲ့တာ။

ဒါပေမဲ့ ပထမမင်းသားကို ပြုစုနေတဲ့နန်းတွင်းသူကတော့ ကိုယ်ဝန်ရလာပြီး ကိုယ်လုပ်တော်က မွေးတဲ့သားတစ်ယောက်ကို မွေးခဲ့တယ်လေ။ အဲဒီ့နောက်ပိုင်းမှာ ပထမမင်းသားကလဲ စစ်တပ်နဲ့အတူ စစ်ထွက်ခဲ့ရပြီး စစ်မြေပြင်မှာပဲ ကျဆုံးသွားခဲ့တာ။ သတင်းဆိုး မြို့တော်ကို ရောက်လာတော့ ပထမမင်းသားကြင်ရာတော်ကလဲ အဲဒီ့ညမှာပဲ ကြိုးဆွဲချပြီးတော့ အဆုံးစီရင်သွားခဲ့တယ်။ လီဟောက်နန်းတက်လာပြီး အဲဒီ့နှစ်အနည်းငယ်အတွင်းမှာပဲ တော်ဝင်မြေးတော်လဲ မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်။

ဒီထီးနန်းလုပွဲဆိုတာက ဒီလောက်ကို ရက်စက်ပြီး သွေးအေးတာ။

လုမင်ဖန်းသည် လုမင်ယွိ၏လက်ကို ဆုပ်ကိုင်ထားကာ ခပ်တိုးတိုး သက်ပြင်းချလိုက်လေသည်။ "ရှောင်ယွိ နင်က ငယ်ငယ်ကတည်းက ပွင့်လင်းဖြောင့်မတ်တဲ့ စိတ်ထားရှိတယ်။ ဖြစ်ချင်တော့ တော်ဝင်မိသားစုထဲကိုဝင်ပြီး မင်းသားကြင်ရာတော် လုပ်ရတော့မယ်။ နောက်ပိုင်း နင် ရင်ဆိုင်တွေ့ကြုံရမဲ့ကိစ္စတွေကို စဥ်းစားကြည့်မိလိုက်ရင် ငါ့နင့်အတွက် စိတ်မပူဘဲ မနေနိုင်တော့ဘူး"

တကယ်လို့ ကိုယ်လုပ်တော်က မွေးတဲ့မင်းသားကိုသာ လက်ထပ်ခဲ့ရင် နောင်တစ်ချိန်မှာ ဘုရင်ခံအဖြစ်ခန့်အပ်ပြီး နယ်ပယ်အပိုင်စားရတဲ့အခါ တစ်ဘဝလုံး အေးအေးချမ်းချမ်နဲ့ ဘုရင်ခံကြင်ယာတော်အဖြစ် နေသွားလိုက်ရုံပဲ။

လီကျင့်က မိဖုရားခေါင်ကမွေးတဲ့သား။ ဒီထီးနန်းကိုတော့ မတိုက်ခိုက်လို့ မဖြစ်ပြန်ဘူး။

နောက်ဆိုရင် လုမင်ယွိနဲ့ လီကျင့်တို့ကလဲ လင်မယားတွေဖြစ်လာကြလိမ့်မယ်။ အတူတူတိုက်ခိုက်ပြီးတော့ အတူတူဆုတ်ခွာရလိမ့်မယ်။ သူတို့တွေ ဘယ်လောက်တောင် များပြားတဲ့အခက်အခဲတွေ ကြုံတွေ့ရအုံးမလဲ မသိဘူး။

လုမင်ယွိသည် အနည်းငယ် ပြုံးလိုက်ပြီး လုမင်ဖန်း၏လက်ကို ပြန်ဆုပ်ထားလိုက်လေသည်။ "သာ့ကျဲ စိတ်ချပါ။ ငါက လီကျင့်ကို လက်ထပ်ဖို့ သတ္တိရှိတယ်ဆိုမှတော့ အားလုံးကို ရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ"

လုမင်ဖန်းကလဲ ခေါင်းညိမ့်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ လုဖေး၏မင်္ဂလာကိစ္စအကြောင်းကိုသာ ပြောင်းလဲပြောဆိုလိုက်လေသည်။ "နှစ်လလောက်နေရင် အာ့တိရဲ့မင်္ဂလာပွဲ ရောက်လာတော့မယ်။ ရှန်းလန်အိမ်တော်ကို ဝင်လာတဲ့အခါ နင်က အိမ်တော်ထဲကအသေးအဖွဲကိစ္စတွေကို သူ့ကို ဖြည်းဖြည်းချင်း လွှဲပေးလိုက်ပေါ့"

လုမင်ယွိကလဲ ပြုံးကာပြန်ဖြေလိုက်လေသည်။ "သာ့ကျဲနဲ့ ငါကလဲ အတွေးတူနေတာပဲ။ ရှန်းကျဲကျဲ ဝင်လာတဲ့အချိန်ကြရင် ငါက ဒီအိမ်ကကိစ္စတွေကို လှည့်ကြည့်တော့မှာ မဟုတ်ဘူး"

ညီအစ်မတတွေက တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ကျသွားကြပြီး လုရွှမ်းကလဲ ငယ်သေးတယ်။ နောင်တစ်ချိန်မှာ လုအိမ်တော်အတွင်းရေးကို ရှန်းလန်ကပဲ တာဝန်ယူထိန်းသိမ်းရတော့မှာပေါ့လေ။

...

လဝက်ကြာပြီးသွားသောအခါ ထင်ထားသည့်အတိုင်းပင် ပထမမင်းသားကြင်ရာတော် ကိုယ်ဝန်ပျက်ကျသွားသည့်သတင်းသည် နန်းတော်ထဲမှ ပေါ်ထွက်လာခဲ့လေသည်။

လုမင်ယွိက ဒီကိစ္စကိုသိခဲ့ရပြီးနောက် ပထမမင်းသားကြင်ရာတော်အတွက် ကြိတ်ပြီး သက်ပြင်းချမိလေတော့၏။

အရင်ဘဝတုန်းက ယောက်မအဖြစ်နဲ့ နှစ်အနည်းငယ်နေခဲ့ရတော့ သူမကလဲ ပထမမင်းသားကြင်ရာတော်ရဲ့ စိတ်နေစိတ်ထားကို တော်တော်လေး ရင်းနှီးကျွမ်းဝင်နေခဲ့တယ်လေ။

ပထမမင်းသားကြင်ရာတော်က တကယ်တော့ တော်တော်လေး တွက်ချက်တတ်တဲ့သူဖြစ်ပြီး အပြင်ပန်းမှာ မြင်ရသလောက် နူးညံ့တဲ့သူတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အလွန်ဆုံး နောက်ကွယ်ကနေ တိတ်တိတ်ကလေး တွက်ချက်တတ်တာပဲ ရှိတာပါ။ မကောင်းတာတွေတော့ လုပ်ခဲ့တာမျိုးမရှိပါဘူး။

ပထမမင်းသားကလဲ ကြင်ရာတော်အပေါ် သံယောဇဥ်မရှိတာတော့ မဟုတ်ဘူး။

ဒါပေမဲ့ ပထမမင်းသားအတွက်တော့ ဆက်ခံသူဆိုတာက အချစ်ရေးကိစ္စထက် အများကြီး ပိုအရေးကြီးနေတာပဲ။

လုမင်ယွိ ထင်ထားသည့်အတိုင်းပင်။

ပထမမင်းသားကြင်ရာတော်သည် ကိုယ်ဝန်ပျက်ကျပြီးနောက်တွင် နေ့နေ့ညည မျက်ရည်များကျနေကာ တဖြည်းဖြည်းနှင့် စိတ်ဓာတ်များ ယိမ်းယိုင်လာတော့သည်။ ပထမမင်သားကလဲ နေ့စဥ်ကြင်ရာတော်၏အခန်းသို့ ခဏလောက် သွားရောက်ထိုင်ပေးသော်ငြား ညဘက်တွင်တော့ စာကြည့်ဆောင်တွင်သာ အမြဲတမ်း အိပ်စက်လာတတ်သည်။

တလမပြည့်သေးခင်မှာပင် နန်းတွင်းအပျိုတော်များထဲ ကတစ်ယောက်ဖြစ်သည့် ယန်မျိုးရိုးရှိ နန်းတွင်းအပျိုတော်တစ်ဦးထံမှ သတင်းကောင်း ထွက်ပေါ်လာခဲ့သည်။

ပထမမင်းသားကြင်ရာတော်သည် အိပ်ရာထဲတွင်လဲနေခဲ့ပြီး အိမ်တော်ကို ထိန်းသိမ်းနိုင်စွမ်းမရှိသည့်အပြင် ကိုယ်ဝန်ဆောင်နိုင်တဲ့သူကို ဂရုစိုက်နိုင်သည့် စိတ်အခြေအနေလဲ မရှိတော့ချေ။ မုန့်ကွေ့ဖေးသည် ချက်ချင်းဆိုသလိုပင် လူကို ယန်ရှီနန်းဆောင်သို့ ခေါ်ဆောင်ကာ စောင့်ရှောက်စေခဲ့ပြီး ထိုနန်းတွင်းသူကိုလဲ တော်ဝင်မြေးတော်မွေးဖွားပါက ဇနီးငယ်အဖြစ် တိုးမြှင့်ပေးမည်ဟု ကတိပေးကာ ယန်မျိုးနွယ်နန်းတွင်းသူကို စိတ်အေးချမ်းသာစွာဖြင့် ကိုယ်ဝန်ဆောင်စေခဲ့လေသည်။

ပထမမင်းသားသည်လဲ "ကလေးကိုထားပြီး အမေကိုဖယ်ရှား"မည့်ကိစ္စကို လုံးဝမေ့လျော့သွားကာ နေ့စဥ်နီးပါး ယန်ရှီနန်းဆောင်သို့ သွားရောက်ဂါရဝပြုလေတော့သည်။

ပထမမင်းသားကြင်ရာတော်သည် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရပြီး မကျန်းမမာဖြစ်ခဲ့ပြီးနောက် အသက်တဝက်နီးပါးပင် လျှော့နည်းသွားတော့၏။

လူအများအတွက်တော့ ဒီကိစ္စသည် ပြောဆိုစရာ အကြောင်းအရာတစ်ခုမျှသာ ဖြစ်လေသည်။ လျန်မိသားစုကလွဲလျှင် ပထမမင်းသားကြင်ရာတော်၏ စိတ်အခြေအနေကို မည်သူကဂရုစိုက်ပါမည်နည်း။

လုမင်ယွိသည်လဲ ထိုအရာများကို အာရုံစိုက်ဖို့ရန် အချိန်မရခဲ့ချေ။

နေ့ရက်များက ၁၀လပိုင်းသို့ ဝင်ရောက်လာခဲ့ပြီး လုဖေးနှင့် ရှန်းလန်တို့ လက်ထပ်မည့်နေ့ရက်သည်လဲ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလို့လာတော့သည်။

...

All Chapters