← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အပိုင်း (၁၃၀) ပျော်ရွှင်စရာအဖြစ်အပျက်

လုဖေး၏မင်္ဂလာပွဲနေ့တွင်တော့ လုမိသားစုနှင့် ရှန်းမိသားစုတို့တွင် အလွန် စည်းကားသိုက်မြိုက်နေကြလေသည်။

လုလင်းသည် စိတ်ထားဖြောင့်မတ်ပြီး တရားမျှတသူ တစ်ယောက်ဖြစ်သည့်အပြင် စကားပြောရာတွင်လဲ ဟာသဉာဏ်ရွှင်ကာ စိတ်ဝင်စားဖွယ် ကောင်းလှသဖြင့် စစ်ဘက်အရာရှိများကြားတွင် လူချစ်လူခင် ပေါများလှလေသည်။ ယနေ့တွင် သူ၏မွေးစားသားမင်္ဂလာဆောင်သို့ မြို့အတွင်း အထင်ကရ စစ်သူကြီးများ အားလုံးသည် မင်္ဂလာပွဲသို့ လာရောက်ကာ သူ့ကို ဂုဏ်ပြုစကားပြောပေးကြ၏။

ယုံးကျားဧကရာဇ်ကလဲ ဒုတိယမင်းသားလီကျင့်ကို တန်ဖိုးကြီးမားလှသည့် မင်္ဂလာလက်ဆောင်များ ပေးပို့စေခဲ့လေသည်။

လီကျင့်ရောက်လာချိန်တွင် သူသည် အလိုက်တသိပင် နေရစ်ခဲ့လေသည်။ ကျန်းကျုံး၊ ကျိုးလီတို့နှင့်အတူ ဧည့်သည်များကို ဧည့်ခံကြိုဆိုပေးလိုက်၏။ လီကျင့်က ဒီလိုပြုမူသည်ကို နှစ်သက်သဘောကျသော်ငြားလည်း ဧည့်ခံကြိုဆိုခြင်း ခံရသည့်ဧည့်သည်များကတော့ အနည်းငယ် မျက်နှာပူနေကြရတော့သည်။

ကျန်းကျုံးနှင့် လီကျင့်တို့သည် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ကြဖူးသဖြင့် လီကျင့်၏စိတ်နေသဘောထားကို အတော်အတန် ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်ကာ သူကလဲ ပြုံးရွှင်စွာဖြင့် နောက်ပြောင် ပြောဆိုလိုက်တော့သည်။ "အရှင်မင်းသားက ဒီလောက်တောင် ကြိုးစားအားထုတ်နေမှတော့ နောက်ပိုင်းကျရင် ယွဲ့ဖုရဲ့အချစ်ဆုံးသမက်တော် ဖြစ်လာမှာသေချာတယ်။ ကျွန်တော့်လို သမက်ကြီးကတော့ နေရာဖယ်ပေးရတော့မှာပဲ"

ကျိုးလီကလဲ ပြုံးရွှင်စွာဖြင့် စကားဝင်ထောက်လိုက်လေသည်။ "သာ့ကျဲဖူ ပြောတာမှန်ပါတယ်"

လီကျင့်သည် ကျန်းကျုံးကို ရယ်ရယ်မောမော ပြောဆိုသော်ငြားလည်း ကျိုးလီဘက်သို့ ရောက်သည့်အခါ အနည်းငယ် အေးစက်သွားပြီး ခပ်ပေါ့ပေါ့သာ ပြုံး၍ပြောလိုက်သည်။ "ကြိုးစားအားထုတ်တယ်လို့ပြော ရရင်တော့ ကျွန်တော်က ကျိုးဟန်လင်း (ဟန်လင်းကျောင်းတော်သားကျိုး)ကို ဘယ်မီပါ့မလဲ။ ရက်အနည်းငယ်ခြားလိုက်တာနဲ့ တစ်ခေါက်ရောက်လာတာပဲလေ"

ကျိုးလီ "..."

ဒီချီးကျူးစကားက ကြားရတာဘယ်လိုလုပ်ပြီး နည်းနည်း ထူးဆန်းနေသလို ဖြစ်နေတာပါလိမ့်။

ကျိုးလီကလဲ ချောင်းတစ်ချက်ဟန့်လိုက်ကာ ရယ်မောကာဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသားက နေ့တိုင်း နန်းတွင်းရေးရာတွေကို ကြားနာနေရလို့ အလုပ်များနေတာပါ။ ကျွန်တော်ကတော့ ဟန်လင်းရုံးတော်မှာ ပထမဦးဆုံးနှစ်ဆိုတော့ ကျမ်းစာအုပ်တွေကိုပဲ ပြုစုတာလို အလုပ်တွေကိုပဲ လုပ်ရတာ။.တော်တော်လေး အားလပ်နေတာမလို့ ခဏခဏ ရောက်လာဖြစ်တာပါ"

လီကျင့်သည် ကျိုးလီကို အဓိပ္ပယ် ပါပါကြည့်လိုက်လေသည်။

ဒီကျိုးလီဟူသည့်လူသည် အရည်အချင်း အမှန်အကန်ရှိသော်ငြားလည်း အလွန်တရာ တွယ်ကပ်တတ်သူလဲဖြစ်သည်။ သူသည် လုမိသားစုဟူသည့် ဒီလိုကြီးမားသည့် အသိုင်းအဝိုင်းကို တွယ်ကပ်နိုင်ခဲ့သည်နှင့် သူ့နှလုံးသားသည်လဲ ပူလောင်တက်ကြွလာခဲ့လေသည်။ လုမိသားစုတွင် ကိစ္စကြီးငယ်ရှိတိုင်း အရေးကြီးသည်ဖြစ်စေ အရေးမကြီးသည်ဖြစ်စေ ကျိုးလီကတော့ လာရောက်ကူညီတတ်စမြဲပင်။ လုမိသားစု၏ သမက်လောင်းဟူသည့်ဂုဏ်ပုဒ်ကို အသုံးချကာ လူအများနှင့် မိတ်ဖွဲဆက်ဆံလေသည်။

ဒီလိုကြိုးစားအားထုတ်မှုကြောင့်ပင် ကျိုးလီသည် အရင်ဘဝတွင် ရာထူးခရီးလမ်းမှာ ချောမွေ့ခဲ့ပြီး အသက်၂၀ကျော်လေးဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဒုဝန်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။

ဌာနကြီး၆ခုတွင် အလုပ်သမားဝန်ကြီးဌာနသည် အဆင့်အနိမ့်ဆုံးနေရာတွင်ရှိသည်ဟု ထင်ရသော်ငြားလည်း အမှန်တကယ်တွင်တော့ အကျိုးအမြတ် အလွန်များပြားသည့်နေရာတစ်ခု ဖြစ်သည်။ ကျိုးလီသည် အလုပ်သမားဝန်ကြီးဌာနတွင် နှစ်အနည်းငယ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်တွင် ကျိုးမိသားစုတွင် ကောင်းမွန်သည့် လယ်ဧကပေါင်း ထောင်ချီတိုးပွားလာခဲ့သည့်အပြင် လယ်ယာများဝင်သည့် အိမ်တော်ကြီးတစ်ချို့ကိုပါ ပိုင်ဆိုင်ကာ ချမ်းသာသည့်မိသားစုတခု ဖြစ်လာခဲ့၏။

လုမင်ယွိသည် ကျိုးလီကို သိသိသာသာ စက်ဆုတ်ရွံရှာသော်ငြားလည်း အနည်းငယ်သည်းခံထားဆဲပင်။ ပြောရမည်ဆိုလျှင်တော့ ထိုကိစ္စကလဲ လုဟွား၏မျက်နှာကြောင့်သာ ဖြစ်လေသည်။

အခွင့်အရေးသမားများတွင် ကောင်းကွက်တစ်ခုကတော့ရှိ သေးသည်။ တွယ်ကပ်စရာ အရိပ်အာဝါသတစ်ခုရှိနေသရွေ့ လုမိသားစု မပြိုလဲသရွေ့ ကျိုးလီသည် လုမင်ဟွားကို သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။

ကျိုးလီကလဲ သူ့ရင်ထဲတွင် အေးစက်စက်ခံစားချက်တစ်ခု ဖြစ်လာသဖြင့် ချက်ချင်းဆိုသလို ပါးစပ်ပိတ်ထားလိုက်တော့သည်။

သည်အခိုက်မှာပင် လုမောင်နှမများကလဲ ယနေ့၏မင်္ဂလာသတို့သား လုဖေးကိုဝန်းရံကာ လျှောက်လာကြလေသည်။

လုဖေးသည် အရပ်မြင့်မြင့် သန်မာကာရု ပ်ရည်ချောမောလှသည်။ ယနေ့တွင် သူသည် အနီရင့်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်ခုံးမျက်လုံးများကြားတွင် ခုန်ပေါက်နေသည့်ပျော်ရွှင်မှု အရိပ်အရောင်များကလဲ အနီရောင်ဝတ်စုံကိုပင် မှေးမှိန်သွားစေသကဲ့သို့ပင်။

ယနေ့တွင် လုဖေး၏မင်္ဂလာပွဲနေ့ ဖြစ်သော်ငြားလည်း လုမင်ယွိကတော့ ထုံးစံအတိုင်း အနီရင့်ရင့်ဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး အထူးတလည် ပြင်ဆင်ထားသဖြင့် သာမန်နေ့များထက် ပိုပြီးမျက်စိကျိန်းလောက်အောင် တောက်ပနေတော့သည်။

လီကျင့်၏နှလုံးသားသည် ပူးနွေးသွားပြီး ရှေ့သိုခြေနှစ်လှမ်းတက်လာကာ လေသံတိုးတိုးဖြင့် လှမ်းနှုတ်ဆက်လိုက်၏။ "ရှောင်ယွိ"

လုမင်ယွိကလဲ ပြုံးကာ ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားကြလေသည်။

အကြောင်းအရင်းတစ်ချို့ကြောင့် သန့်ရှင်းပြီး အနည်းငယ် အေးမြနေသည့်လေထုလေးသည် အနည်းငယ် ပူနွေးလာသယောင် ထင်လိုက်ရ၏။

လုဖေးက ချောင်းတစ်ချက်ဟန့်လိုက်ကာ "ဒီနေ့ ငါ့မင်္ဂလာပွဲနေ့နော်။ ဒီတော့အားလုံးပဲ နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်းနေကြ။ ငါလိုသတို့သားလောင်းရဲ့အရှိန်အဝါကို လာမလုကြနဲ့"

အားလုံးကလဲ ဝါးလုံးကွဲကာရယ်မောလိုက်ကြတော့သည်။

လီကျင့်ကဲ့သို့အရေထူသူကပင် အနည်းငယ်ရှက်ရွံ့ဟန်မပြဘဲ မိမိဘာသာအရင် ဆုံးပြုံးရွှင်စွာ ပြောလိုက်တော့၏။ "ကျွန်တော်က မင်းနဲ့အတူ အဖော်လိုက်ပြီးတော့ ရှန်းမိသားစုကို သတို့သမီး သွားကြိုဖို့လိုက်ခဲ့ပါမယ်"

လုဖေးသည် အလွန်ဝမ်းသာသွားပြီး ခေါင်းတွင်တွင် ညိမ့်လိုက်တော့၏။ "ကောင်းတယ် ကောင်းတယ်။ ကျေးဇူးတင်ပါတယ် အရှင်မင်းသား"

သတို့သမီး ကြိုသည့်အခါတွင် သတို့သမီးကြိုဖို့ ကူညီသူများကို ခေါ်ဆောင်သွားရပေမည်။ လုရွှမ်းသည် အသက်အရွယ်ငယ်ရွယ်သေးသဖြင့် လုဖေးသည် စစ်တပ်အတွင်းက စစ်တပ်အရာရှိနှစ်ဦးကို ဖိတ်ခေါ်ထားပြီးဖြစ်သည့်အပြင် သာ့ကျဲဖူ ကျန်းကျုံးလဲ ပါဝင်လေသည်။ ကျိုးလီကတော့ မိမိသဘောအလျောက် တောင်းဆိုပါဝင်ခဲ့ခြင်းဖြစ်၏။

ရှန်းလက်ထောက်အမတ်ကလဲ ကျင့်ရှီဘွဲ့ရတစ်ဦးဖြစ်ပြီး ရှန်းမိသားစု၏ သားမြေးများသည်လဲ စာပေပညာရှင်များ ဖြစ်ကြသည်။ သတို့သမီး ကြိုသည့်အခါ ကဗျာစပ်ဆိုခြင်း ပဟေဠိဖြေဆိုခြင်းတို့တွ င်ကျွမ်းကျင်သည့် ကျိုးလီကို ခေါ်ဆောင်သွားခြင်းကလဲ အမှန်တကယ် လိုအပ်လှလေသည်။

ယခုအခါတွင် ဂုဏ်အဆင့်အတန်း မြင့်မားလှသည့် ဒုတိယမင်းသားကပါ အတူတကွ လိုက်လံကြိုဆိုမည်ဖြစ်သဖြင့် ပန်းပေါ်တွင် လိပ်ပြာနားသကဲ့သို့ ပိုပြီးစည်းကားသိုက်မြိုက်ကြလေတော့သည်။

လုမင်ယွိက သူမ၏ဒုတိယအစ်ကို ပျော်ရွှင်နေသည့်ပုံစံကိုကြည့်ရင်း မနေနိုင်ဘဲပြုံးမိတော့၏။

မင်္ဂလာပွဲဆိုတာ တကယ်ပဲ ပိုပြီးစည်ကားလေလေ ကောင်းလေလေပဲပေါ့။

...

လက်ရှိခေတ်အခြေအနေ ဓလေ့ထုံးစံအရဆိုလျှင် သတို့သားဘက်က မနက်ပိုင်းတွင် သတို့သမီးကို သွားရောက်ကြိုဆိုရပြီး ညနေပိုင်းသို့ ရောက်သောအခါ သတို့သမီးကို အိမ်သို့ပြန်လည်ခေါ်ဆောင်ကာ ကန်တော့ရလေသည်။ မင်္ဂလာအချိန်သည် ညနေစောင်းတွင်ဖြစ်ပြီး ကန်တော့ပွဲပြီးစီးမှသာ မင်္ဂလာအခန်းသို့ ဝင်ရောက်နိုင်လေသည်။

လုမိသားစုတွင် အိမ်တော်ကို ဦးစီးဦးဆောင်ပြုမည့် အိမ်ရှင်မ မရှိသော်ငြားလည်း ကံကောင်းထောက်မစွာဖြင့် လုမင်ယွိသည် ဒီအခမ်းအနားများကို ကျင့်သားရနေခဲ့သူဖြစ်သဖြင့် မင်္ဂလာပွဲကို စနစ်တကျရှိစေရန် စီမံခန့်ခွဲပေးနိုင်ခဲ့သည်။ တံခါးဝသို့ လာရောက်ပြီး မင်္ဂလာစကားပြောကြသည့် အမျိုးသမီးဧည့်သည်များကလဲ ချီးကျူးစကားအနည်းငယ်ဆိုကြရသည်ပင်။

"ဒီနေ့ ဧည့်သည်တွေ ဒီလောက်များတာတောင် လုမိသားစုက ဧည့်ခံတာအရမ်းကို ပြည့်စုံလွန်းတယ်။ ကြည့်ရတာ စတုတ္ထသခင်မလေးလုက တကယ်ပဲ စွမ်းဆောင်နိုင်တဲ့ပုံပဲ"

"ဟုတ်ပါ့။ ဒါကြောင့်မလို့လည်း မိဖုရားခေါင်ကြီးက စတုတ္ထသခင်မလေးကို ချွေးမတော်ဖို့ ရွေးချယ်ခဲ့တာပေါ့"

"ကျွန်မ ကြားထားတာတော့ ဒုတိယမင်းသားက စတုတ္ထသခင်မလေးလုအပေါ် အရမ်းကို ချစ်မြတ်နိုးပြီး အတင်းတောင်းဆို ထိမ်းမြားခဲ့တာတဲ့။ ရှင်းယန်ဝမ်က အစတုန်းကတော့ သူ့သမီးအတွက် အိမ်ပါသမက်ပဲ ခေါ်ချင်ခဲ့တာ။ နောက်မှ ဒုတိယမင်းသားရဲ့စိတ်ရင်းအမှန်ကို တွေ့ပြီးတော့ သဘောပြောင်း သွားတာတဲ့လေ"

"အခုကတော့ ဘာမှပြောပလောက်သေးတာ မဟုတ်ပါဘူး။ နောက်ထပ်နှစ်အနည်းငယ်ကြာလို့ အရှင်မင်းကြီးက အိမ်ရှေ့စံခန့်အပ်ပြီးသွားရင် လုမိသားစု ထွန်းတောက်မဲ့နေ့ရက်တွေလဲ နောက်မှာရောက်လာအုံးမှာ"

“အိမ်ရှေ့စံခန့်အပ်တဲ့ကိစ္စကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ပြောထွက်ရတာလဲ။ တစ်ယောက်ယောက်ကသာ ကြားသွားလို့ရှိရင် နောက်ထပ်အတင်းအဖျင်းတွေပြောနေပါအုံးမယ်"

အမျိုးသမီးဧည့်သည်များသည် လေသံတိုးတိုးဖြင့် နည်းနည်းပါးပါး ပြောဆိုလိုက်ကြပြီးနောက် စကားလမ်းကြောင်းကို မြန်မြန်ပြောင်းလိုက်လေတော့သည်။

ယုံးကျားဧကရာဇ်သည် အရွယ်ကောင်းနေဆဲဖြစ်ကာ လူများ၏အမြင်တွင် နောက်ထက်နှစ် နှစ်ဆယ်သုံးဆယ်ခန့် နဂါးပလ္လင်ထက်တွင် စိုးစံလျှင်လည်း ပြဿနာမရှိချေ။ အိမ်ရှေ့စံ ခန့်အပ်မည့်ကိစ္စမှာလဲ အလွန်စောနေသေးသည်။ မင်းသားများ အားလုံးကလဲ ငယ်ရွယ်နေကြသေးသဖြင့် နောင်တချိန်မှသာ စောင့်ကြည့်ရပေမည်။

သတို့သမီး ကြိုဆိုသည့်အဖွဲ့သည် မနက်စောစောကတည်းက ထွက်ခွာသွားခဲ့ကြပြီး နေ့လယ်ခင်းအထိ ပြန်ရောက်မလာကြသေးချေ။ မင်္ဂလာချိန်က နှောင့်နှေးတော့မည်ကိုတွေ့ရသဖြင့် လုမင်ဖန်းနှင့် တခြားသူများကလဲ အနည်းငယ်စိုး ရိမ်ပူပန်လာကြတော့သည်။

လုမင်ယွိသည်လဲ အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့၏။ သူမက လူလွှတ်ပြီး အိမ်တော်အပြင်ဘက်သို့ ကြည့်ရှုခိုင်းမည်ဟုစဥ်းစားလိုက်ချိန်မှာပင် ဆူညံကျယ်လောင်သည့် ဗျောက်အိုးဖောက်သံများကို ကြားလိုက်ရ၏။

နောက်ဆုံးတော့ ရောက်လာကြပြီ။

လုမင်ယွိသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ပြုံးရင်းအားလုံးနှင့်အတူ အပြင်သို့ထွက်ကာ ကြိုဆိုပေးတော့သည်။

ကန်တော့ပွဲပြုလုပ်နေစဥ် စည်ကားသိုက်မြိုက်မှုအကြောင်းကိုတော့ အသေးစိတ်ဖော်ပြရန် မလိုအပ်တော့ပေ။

လုမင်ယွိက ပြုံးကာ ကျန်းကျုံးကို မေးလိုက်၏။ "သာ့ကျဲဖူ ဒီနေ့ သတို့သမီးကြိုဆိုတုန်းက အခက်အခဲတွေ တွေ့ခဲ့ရလို့လား။ ဘာဖြစ်လို့ နောက်ကျမှ ပြန်ရောက်လာတာလဲ"

သူကလဲ တလေးတနက် ပြုံးကာပြောလာ၏။ "ရှန်းမိသားစုမှာ ဆွေမျိုးတွေ အများကြီးပဲလေ။ အထူးသဖြင့် စာပေပညာရှင်တွေ အရမ်းများတယ်။ အာ့တိက ခြံဝန်းတံခါးအပြင်ဘက်မှာတင် ကဗျာစပ်ခိုင်း၊ ပဟေဠိဖြေခိုင်းတာလေ။ တားဆီးခံရတာ တစ်ကိုယ်လုံး ချွေးတောင် စိုရွှဲနေတာပဲ။ ဒီနေ့တော့ အရှင်မင်းသားနဲ့ စန်းမေ့ဖူတို့ ပါလာလို့ တော်သေးတာပေါ့"

ကျိုးလီသည် ထန်ဟွားဘွဲ့ကို အသစ်စက်စက် ရရှိထားသူဖြစ်ပြီး အရည်အချင်း ထူးချွန်သူဖြစ်လေသည်။ သို့သော်သူ တစ်ယောက်ထဲက ရှန်းမိသားစုအိမ်က သည်လောက် များပြားလှသည့်လူများကိုတော့ ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ချေ။ ကံကောင်းစွာဖြင့် လီကျင့်သည်လဲ လိုက်ပါသွားခဲဲ့ခြင်းဖြစ်သည်။

ကျိုးလီကလဲ ပြုံးရွှင်စွာဖြ င့်ချီးကျူးစကား ပြောလိုက်၏။ "အရှင်မင်းသားကသာ တော်ဝင်စာမေးပွဲ ဝင်ဖြေခဲ့မယ်ဆိုရင် ကျွန်တော့်လို ထန်ဟွားတစ်ယောက်ကတော့ နေရာဖယ်ပေးရမှာပဲ”

လီကျင့်ကတော့ အလွန်နှိမ့်နှိမ့်ချချပင်။ "ချီးကျူးလွန်းနေပြန်ပါပြီ။ ယောက်ဖအတွက် နည်းနည်းပါးပါး အစွမ်းကုန် ကူညီပေးနိုင်တာကိုပဲ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး ကျေနပ်မိပါတယ်"

ကျန်းကျုံးကပြုံးရွှင်စွာဖြင့် စကားဝင် ထောက်လိုက်သည်။ "ကျေးဇူးတင်တာကတော့ ကျေးဇူးတင်ရမှာပေါ့။ ဒါပေမဲ့ တစ်ချို့စကားတွေကိုတော့ ကြိုပြောထားရမယ်နော်။ အရှင်မင်းသားက စတုတ္ထညီမလေးကို လာကြိုတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့က စိတ်ပျော့လက်ပျော့နဲ့ ယဥ်ကျေးနေမှာ မဟုတ်ဘူးနော်"

လီကျင့် "..."

လူအားလုံးကလဲ ရယ်မောကြလေတော့သည်။

ဒီလို ပျော်ရွှင်ရယ်မောသံများက အလွန်ကူးစက်နိုင်စွမ်းရှိကြ၏။

လုမင်ယွိသည် ထိမ်းမြားရတော့ မည့်မိန်းမပျိုလေးတစ်ဦး၏ ရှက်သွေးဖြာနေသည့် ဟန်ပန်မျိုးမရှိဘဲ လူအများနှင့်အတူ လိုက်ပါရယ်မောလိုက်လေသည်။

လီကျင့်က လုမင်ယွိကို စူးစိုက်စွာကြည့်နေမိပြီး သူ၏မျက်ဝန်းနက်နက်များထဲတွင်လည်း အပြုံးရိပ်များ အပြည့်ဖြစ်နေတော့၏။

ကန်တော့ပွဲ အခမ်းအနား ပြီးမြောက်သွားသောအခါ သတို့သား သတို့သမီးတို့သည် မင်္ဂလာအခန်းအတွင်းသို့ ဝင်သွားကြလေသည်။ ပျော်ပွဲရွှင်ပွဲများကို သဘောကျကြသည့် စစ်သူကြီးငယ်လေးများကတော့ မင်္ဂလာဦးအခန်းတွင်းသို့ အတူတူ တိုးဝှေ့ဝင်ရောက်လာကြပြီး သတို့သမီးကို ကြည့်ရှုရန် ဆူညံစွာတောင်းဆိုကြတော့သည်။

လုဖေးကတော့ သူတို့ကို ကြည့်ရှုခွင့်ပေးမည်မဟုတ်ဘဲ လူအများကို ပြုံးရယ်ကာဖြင့် နှင်ထုတ်လေတော့သည်။ ထို့နောက်မှသာ သူတို့သမီး၏ ခေါင်းပေါ်ကပုဝါလေးကို ဖယ်ရှားပေးလိုက်တော့သည်။

အနီရောင်ပုဝါလေးသည် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ လွင့်ပြီးကျသွားလေ၏။

ရှန်းလန်၏ လှလှပပမျက်နှာလေးသည် ရှက်သွေးများ ဖြာနေကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

လုဖေးသည် ညှို့ငင်ခံလိုက်ရသလို ဖြစ်သွားပြီး ရှန်းလန်၏ ဘေးတွင်ထိုင်ချလိုက်၏။ သူက သူမ၏သေးသွယ်လှသည့်ခါးလေးကို လက်ဖြင့် ဆွဲယူပွေ့ဖက်လိုက်ပြီး အနည်းငယ် တရင်းတနှီး ပွေ့ဖက်ရ န်ကြံရွယ်လိုက်စဥ်မှာပင် တံခါးအပြင်ဘက်က လုရွှမ်း၏အော်သံက ပေါ်ထွက်လာခဲ့တော့သည်။

"အာ့ကော။ အားလုံးက အာ့ကောကို စားတော်ပွဲ စားဖို့စောင့်နေကြတယ်။ အရက်သောက်ပြီးမှ မင်္ဂလာခန်းကိုပြန်ခဲ့တော့!"

လုဖေး "..."

...

အပိုင်း (၁၃၁) သတို့သမီးသစ် (၁)

ရှန်းလန်သည် ရှက်လွန်းသဖြင့် သေတော့မတတ်ပင် ဖြစ်သွားပြီး လုဖေးကို ညင်သာစွာ တွန်းလိုက်ရင်း ဆိုလိုက်တော့သည်။ "မြန်မြန် သွားပါတော့၊ အားလုံးကို အကြာကြီး မစောင့်ခိုင်းပါနဲ့”

လုဖေးက ရှန်းလန်၏ လက်ကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး သူ့နှုတ်ခမ်းအနားကပ်ကာ တစ်ချက် နမ်းရှိုက်လိုက်လေသည်။ "ကို အရင် သွားပြီး အရက်လိုက်ငှဲ့လိုက်ဦးမယ်၊ ခဏနေ ပြန်လာခဲ့မယ်နော်” ထို့နောက်မှ သူသည် ထရပ်ကာ ထွက်ခွာသွားလေသည်။

ရှန်းလန်၏ ပါးပြင်ပေါ်တွင် ပန်းနုရောင် သန်းသွားပြီး သူမ၏ နှလုံးသားထဲတွင် ချိုမြိန်သည့် ခံစားချက်တို့ လွှမ်းခြုံသွားလေသည်။

ခဏအကြာတွင်တော့ မင်္ဂလာဦးအခန်း တံခါးသည် နောက်တစ်ကြိမ် တွန်းဖွင့်ခြင်း ခံလိုက်ရပြန်သည်။

လန်းဆန်းတက်ကြွကာ ရင်းနှီးနှင့်ပြီးသား ချောမောလှပသည့် မျက်နှာလေးတစ်ခုသည် အမြင်အာရုံထဲတွင် ပေါ်ထွက်လာခဲ့၏။

ရှန်းလန်သည် ပထမတော့ အံ့အားသင့်သွားပြီး မကြာမီ နှုတ်ခမ်းစေ့ကာ ပြုံးလိုက်မိသည်။ "ရှောင်ယွိ”

တံခါးတွန်းဖွင့်ပြီး ဝင်ရောက်လာသူမှာ လုမင်ယွိပင် ဖြစ်လေသည်။

လုမင်ယွိသည် ပြုံးရွှင်စွာဖြင့် လင်ဗန်းတစ်ချပ်ကို သယ်ကာ ဝင်လာခဲ့လေသည်။ လင်ဗန်းပေါ်တွင် ပူပူနွေးနွေး ခေါက်ဆွဲတစ်ပန်းကန်အပြင် အသားဟင်း ၂ မျိုးနှင့် အရွက်ဟင်း ၂ မျိုး၊အရံဟင်း ၄ မျိုး ပါရှိလေသည်။ "အာ့စောင် (ဒုတိယယောက်မ) ဗိုက်ဆာနေရောပေါ့။ ငါ မီးဖိုချောင်ကို အစ်မ အကြိုက်ဆုံး ကြက်စွပ်ပြုတ်ခေါက်ဆွဲ လုပ်ခိုင်းထားတာ”

ရှန်းလန်သည် "အာ့စောင်" ဟူသော ခေါ်သံကြောင့် မျက်နှာလေးတစ်ခုလုံး နီမြန်းသွားပြီး ခပ်ဖွဖွ ငြူစူလိုက်သည်။ "နင်ကလည်း ငါ့ကို လာနောက်နေပြန်ပြီ”

လုမင်ယွိက လင်ဗန်းကို စားပွဲဝိုင်းငယ်လေးပေါ် တင်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။ "မနက်ဖြန်ကျမှ အာ့စောင် လို့ ပြောင်းခေါ်တော့မယ် ဟုတ်ပြီလား။ မြန်မြန်လာ၊ ခေါက်ဆွဲ ပူပူလေး စားလိုက်ဦး”

မွှေးရနံ့သည် နှာဖျားသို့ လွင့်ပျံလာရာ လူကို အစာစားချင်စိတ် ပြင်းပြစေလေသည်။

သည်နေ့ တစ်နေ့လုံးတွင် ရှန်းလန်သည် မုန့် ၂ လုတ်သာ စားခဲ့ရပြီး ရေတစ်စက်မျှပင် သောက်သုံးခဲ့ရခြင်း မရှိပေ။ ဤကဲ့သို့သော မွှေးရနံ့ကို ရရှိလိုက်သောအခါ မည်သို့ ထိန်းချုပ်ထားနိုင်ပါတော့မည်နည်း။ "နင်ပဲ ငါ့ကို သတိရရှာတယ်”

ယူဆောင်လာပေးသော အရံဟင်းများကပင် သူမ အနှစ်သက်ဆုံး အစားအစာများ ဖြစ်နေသည်။ လုမင်ယွိက မီးဖိုချောင်ကို အထူးတလည် ပြင်ဆင်ခိုင်းထားမှန်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

ရှန်းလန်သည် ထရပ်ကာ စားပွဲအနီးသို့ သွားထိုင်လိုက်ပြီး အရံဟင်းမျိုးစုံကို ခေါက်ဆွဲထဲသို့ ထည့်လိုက်သည်။ မွှေးပျံ့ချောမွေ့ပြီး အရသာရှိရှိ ခေါက်ဆွဲတစ်လုတ်ကို စားလိုက်၊ ပူပူနွေးနွေး ကြက်စွပ်ပြုတ်ရည်ကို တစ်ငုံ သောက်လိုက်နှင့် မထိန်းနိုင်ဘဲ ကျေနပ်ပီတိဖြစ်ရသည့် သက်ပြင်းချသံလေး ထွက်လာခဲ့သည်။

အမြဲတမ်း လှုပ်ရှားမှုတွင် ကျက်သရေရှိပြီး ဖြည်းညှင်းစွာ စားသောက်တတ်သည့် ရှန်းလန်သည် လက်ဖက်ရည်တစ်ခွက် သောက်ချိန်အတွင်းမှာပင် ခေါက်ဆွဲပန်းကန်လုံးကြီး တစ်လုံးကို ပြောင်စင်အောင် စားသုံးလိုက်လေသည်။

လုမင်ယွိမှာ ထိုမြင်ကွင်းကြောင့် ရယ်မောမိတော့၏။ "ဒီနေ့ တစ်နေ့လုံး ဘာမှ မစားလိုက်ရဘူး မဟုတ်လား”

ရှန်းလန်သည် မတတ်နိုင်သလို ပြုံးလိုက်သည်။ "မနက်စောစောတုန်းက မုန့် ၂ ကိုက်လောက် စားလိုက်ရသေးတယ်။ ရေတောင် တစ်ငုံ မသောက်ခိုင်းဘူး”

ထိမ်းမြားမင်္ဂလာပြုသည့် နေ့မြတ်ရက်မြတ်တွင် သတို့သမီးသည် ကုတင်နံဘေးတွင် တစ်နေ့တစ်ဝက်ခန့် တည်ငြိမ်စွာ ထိုင်နေရသည်။ ထို့နောက် သတို့သမီး မင်္ဂလာဝေါယာဉ်ပေါ်သို့ တက်ရပြီး ခင်ပွန်း၏ အိမ်သို့ ရောက်ရှိသောအခါတွင်လည်း တည်ငြိမ်စွာ ဆက်လက် ထိုင်နေရပြန်သည်။

ထို့ကြောင့်ပင် သည်နေ့တွင် သတို့သမီးများသည် ဗိုက်ဆာခံကြရသည်။ သဘောထားကြီးသော ခင်ပွန်းဘက် မိသားစုနှင့် တွေ့ဆုံပါက သတို့သမီးအတွက် စားစရာအချို့ကို တိတ်တဆိတ် ပြင်ဆင်ကာ ပို့ဆောင်ပေးတတ်ကြသည်။ ချွေးမအသစ်ကို တမင်သက်သက် နှိပ်စက်ကလူပြုတတ်သော သူများလည်း ရှိသေးရာ ဘာကိုမှ ပြင်ဆင်ပေးထားခြင်း မရှိတာမျိုးလဲ ရှိသေးသည်။ သတို့သမီးကလည်း စားချင်သည်၊ သောက်ချင်သည်ဟု ပွင့်ပွင့်လင်းလင်း တောင်းဆို၍ မဖြစ်နိုင်ပေ။

ကံကောင်းစွာပင် သူမသည် လုအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာခဲ့ပြီး ရှောင်ယွိက သူမအတွက် နေရာတကာတွင် တွေးတောပေးလေ ရှိသည်။

လုမင်ယွိက လေသံတိုးတိုးဖြင့် ပြုံးကာ မေးလိုက်သည်။ "လက်ထပ်လိုက်ရတဲ့ ခံစားချက်က ဘယ်လိုနေလဲ”

ရှန်းလန်က ညင်သာစွာ ဆိုလိုက်သည်။ "ဝမ်းလည်းသာတယ်၊ စိတ်လည်းလှုပ်ရှားတယ်၊ မျှော်လင့်ချက်လည်း ရှိတယ်၊ တချိန်ထဲမှာ တွန့်ဆုတ်မိတယ်”

တိုတောင်းသော စကားလုံး အနည်းငယ်သည် အမျိုးသမီးတစ်ဦး လက်ထပ်ထိမ်းမြားသည့် နေ့၏ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်နေမှုတို့ကို အလုံးစုံ ဖော်ပြနေလေသည်။

လုမင်ယွိသည် လက်လှမ်းကာ ရှန်းလန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "နင် ဝမ်းသာပြီး မျှော်လင့်နေလို့ ရတယ်၊ စိတ်လှုပ်ရှားပြီး စိုးရိမ်နေဖို့ မလိုပါဘူး။ တခြားကိစ္စတွေတော့ ငါ အာမမခံရဲဘူး၊ ဒါပေမဲ့ တစ်ခုတော့ အာမခံနိုင်တယ်။ လုမိသားစုမှာ နင် ဘာပြောချင်လဲ ပြော၊ ဘာလုပ်ချင်လဲ လုပ်၊ ဘယ်သူမှ နင့်ကို အနိုင်မကျင့်ရဲဘူး”

ခဏလောက် ရပ်တန့်ပြီးနောက် ပြုံးကာ ထပ်ဖြည့်စွက် ဆိုလိုက်ပြန်သည်။ "တကယ်လို့ အာ့ကောက ရှင့်ကို အနိုင်ကျင့်ရင်လည်း ငါ့ကိုသာ ပြောလိုက်။ ငါ နင့်ဘက်က ရပ်တည်ပြီး ဒေါသဖြေပေးမယ်”

ရှန်းလန်သည် နှာခေါင်းရှုံ့ကာ ရယ်မောလိုက်မိပြီး နှလုံးသားထဲတွင် နွေးထွေးသွားလေသည်။ "ကောင်းပြီ၊ နင် ဒီနေ့ ပြောတဲ့ စကားတွေကို ငါ အကုန် မှတ်ထားလိုက်ပြီနော်”

သူမတို့သည် ငယ်စဉ်ကတည်းက အခင်မင်ဆုံး သူငယ်ချင်းများ ဖြစ်ကြပြီး အချင်းချင်း အလွန် ရင်းနှီးကျွမ်းဝင်ကြသည်။ သို့သော် ယခုအခါ အဆင့်အတန်း မတူညီတော့ဘဲ သမီးယောက်မ ဖြစ်သွားခဲ့ကြပြီ။ ရှန်းလန်သည် ထိုအကြောင်းကို တွေးမိသည်နှင့် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မိသည်မှာ ရှောင်လွှဲမရနိုင်ပေ။

ဤအချိန်အထိတိုင်အောင် စိုးရိမ်ပူပန်နေသည့် နှလုံးသားတစ်စုံသည် လုံးဝ အေးချမ်းသွားခဲ့လေသည်။

...

၁နာရီ ကြာပြီးသွားသောအခါ လုဖေးကို တွဲကူပေးကြပြီး မင်္ဂလာဆောင်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

လုဖေး၏ မျက်နှာသည် နီမြန်းနေပြီး အဆက်မပြတ် ပြုံးဖြီးနေကာ တစ်ကိုယ်လုံး အရက်နံ့များ ထောင်းနေသဖြင့် တစ်ချက်ကြည့်ရုံဖြင့် အလွန်အကျွံ သောက်သုံးထားမှန်း သိသာလှသည်။

ကျန်းကျုံး၊ ကျိုးလီ၊ လုရွှမ်း နှင့် အခြားသူများအားလုံး ရှိနေကြသည်။ လီကျင့်သည်လည်း ပျော်ပွဲဆင်နွှဲရန် နောက်မှ လိုက်ပါဝင်ရောက်လာခဲ့သည်။ မင်္ဂလာဖယောင်းတိုင် နီနီလေးသည် အလင်းရောင် နွေးနွေးလေးကို တောက်ပစွာ ထုတ်လွှတ်နေပြီး ရှက်သွေးဖြာနေသော သတို့သမီးသစ်လေးမှာ အထူးသဖြင့် လှပတင့်တယ်လျက် ရှိလေသည်။

လုဖေးသည် တစ်ချက် ကြည့်လိုက်သည်နှင့် အကြည့်ကို မလွှဲဖယ်နိုင်တော့ဘဲ သူ့ချစ်ဇနီးသစ်လေးကိုသာ စိုက်ကြည့်နေမိတော့သည်။

ရှန်းလန်သည် ခင်ပွန်းသစ်၏ ပြင်းပြသော အကြည့်စူးစူးတို့ကြောင့် မျက်နှာလေး နီမြန်းလာပြီး မျက်လွှာချထားလျက် ခေါင်းမော့ရန် ဝံ့မရဲ ဖြစ်နေလေသည်။

ရှန်းလန်သည် နေ့စဉ်တွင် တည်ငြိမ် လှပပြီး ဘယ်သောအခါမျှ ရှက်တတ်သော အမူအရာ ပြုလေ့မရှိပေ။ သို့သော် သည်အချိန် သည်အခါသို့ ရောက်သောအခါ၊ ဟန်ဆောင်ကာ ရှက်သွေးဖြာနေသော ပုံစံကို ပြုလုပ်ရပေမည်။

လုဖေးသည် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ပါးစပ်မှ လွှတ်ကနဲ ထွက်သွားသည်။ "လန်မေ့မေ့ မင်း ဒီနေ့ တကယ် လှတယ်”

လူအများသည် "အိုး... အိုး..." ဟူ၍ အကြိမ်အနည်းငယ် ဆူညံစွာ အော်ဟစ်လိုက်ကြရာ မင်္ဂလာဆောင်ခန်းထဲတွင် ရယ်မောဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မည်မျှ စည်ကားနေသည်ကို ပြောပြရန်ပင် မလိုတော့ပေ။

လုမင်ယွိသည် ထပ်ပြီး နေလို့ အဆင်မပြေတော့သဖြင့် ထရပ်ကာ မင်္ဂလာဦးခန်းထဲက ထွက်ခွာလာခဲ့သည်။ နောက်ထပ် အရိပ်တစ်ခုသည်လည်း သူမနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာခဲ့သည်။ လုမင်ယွိသည် နောက်သို့ လှည့်မကြည့်သော်လည်း သူမ၏ နောက်က လူငယ်မှာ မည်သူဖြစ်သည်ကို သိရှိနေ၏။ "ဒီတစ်နေ့လုံး အရှင်မင်းသား ပင်ပန်းသွားပါပြီ”

လီကျင့်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ကိုနဲ့မင်းကြားမှာ ဒီလို အပိုစကားတွေ ပြောဖို့ လိုသေးလို့လား”

အမှန်တကယ်ပင် မလိုအပ်တော့ပေ။

သူမသည် မကြာမီ သူ့ထံသို့ ဇနီးမယားအဖြစ် လက်ထပ်ရတော့မည်။ ရေစက်ဆိုးဟု ဆိုသော်ငြား အကြွေးဆပ်ခြင်းဟု ဆိုသော်ငြား လင်မယားအဖြစ် ပေါင်းသင်းရမည် ဖြစ်သောကြောင့် စိတ်တူကိုယ်တူ ရှိနေရပေမည်။

လုမင်ယွိသည် ခေါင်းလှည့်လိုက်ပြီး လီကျင့်နှင့် အကြည့်ချင်း ဆုံလိုက်သည်။

လုအိမ်တော်သည် မင်္ဂလာပွဲကို ကျင်းပလျက်ရှိရာ အိမ်တော်၏ နေရာအနှံ့အပြားတွင် မင်္ဂလာ စာလုံးများကို ကပ်ထားပြီး စင်္ကြံလမ်း၏ ခေါင်မိုးအောက်တွင် အနီရောင် လေညှင်းခံ မီးပုံးများကို ချိတ်ဆွဲထားသည်။ လုမင်ယွိ၏ စိတ်ခံစားချက်မှာ ပျော်ရွှင်ကြည်နူးနေပြီး သူမ၏ မျက်ခုံးမျက်လုံးများကြားတွင် ပေါ့ပါးသော အပြုံးရိပ်တို့ ခုန်ပေါက်နေလေသည်။

သူမသည် ပုံမှန်နေ့ရက်များထက် အနည်းငယ် ပိုပြီး နူးညံ့လို့နေသည်။

လီကျင့်၏ နှလုံးသားသည် လှုပ်ခတ်သွားပြီး ဆန့်ထုတ်လိုက်သည့်လက်သည် သူမ၏ မျက်နှာပေါ်သို့ ညင်သာစွာ ကျရောက်သွားလေသည်။

လုမင်ယွိသည် ရှောင်တိမ်းခြင်း မပြုဘဲ သူ့လက်ချောင်းများက သူမ၏ ပါးပြင်ပေါ်သို့ ညင်သာစွာ ကျရောက်နေသည်ကို ငြိမ်သက်စွာ ခံယူနေလိုက်၏။

ဤနေရာတွင် လူများ သွားလာလှုပ်ရှားနေသဖြင့် အလွန်အမင်း ရင်းနှီးပတ်သက်နေရန် မသင့်တော်ပေ။ လီကျင့်သည်လည်း အလွန်အကျွံ မပြုမူဘဲ သူ့လက်ချောင်းများဖြင့် သူမ၏ ချောမွေ့နူးညံ့သော ပါးပြင်ကို ခေတ္တမျှ ပွတ်သပ်ပြီးနောက် နှမြောတသစွာဖြင့် လက်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

"ရှောင်ယွိ” လီကျင့်၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်များ လက်နေခဲ့သည်။ "အခုက ဆယ်လပိုင်း၊ နောက်ထပ် ၄ လလောက် စောင့်ပြီးရင် ကို မင်းကို လာခေါ်တော့မယ်”

လုမင်ယွိက မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ "လက်မထပ်ခင် ရှင် လုအိမ်တော်ကို ကျွန်မနဲ့ လာမတွေ့တော့ဘူးလား”

ဒါ ဘယ်ဖြစ်ပါ့မလဲ။

လီကျင့်က မဆိုင်းမတွပင် ဖြေကြားလိုက်သည်။ "လာရမှာပေါ့။ ဆယ့်နှစ်လပိုင်းမှာ လုအိမ်တော်မှာ မင်္ဂလာပွဲ ရှိသေးတယ်၊ ငါ သေချာပေါက် လာရမှာ။ နှစ်သစ်ကူးအချိန် ငါ ယွဲ့ဖု ကို လာပြီး နှစ်သစ်ကူးဂါရဝပြုရဦးမယ်၊ မီးထွန်းပွဲတော်ရက်ကျရင်လည်း ငါ မင်းကို မီးပုံးပွဲတော် လျှောက်လည်ဖို့ ခေါ်ချင်သေးတယ်”

လုမင်ယွိသည် ရယ်ချင်စိတ်ကို မထိန်းနိုင် ဖြစ်သွားတော့၏။ "ဒီလို ပြောလိုက်မှတော့ ကျွန်မတို့ တွေ့ဆုံရမယ့် အခွင့်အရေးတွေ အများကြီး ရှိသေးတာပဲ။ ရှင် ဒီမှာ ကပ်ချွဲနေတာ ဘာလုပ်နေတာလဲ”

လီကျင့် “...”

ဤကဲ့သို့ ခံစားချက် နားမလည်သောသူနှင့် တွေ့ဆုံမိသောအခါ နူးညံ့သိမ်မွေ့သော ချစ်စိတ်များ တစ်အုံတစ်ကျင်းလုံးသည်လည်း လေနှင့်အတူ လွင့်ပါးသွားရုံသာ ရှိတော့သည်။

လုမင်ယွိသည် လီကျင့်၏ ရှုံးနိမ့်သွားသော ပုံစံကို ကြည့်ရင်း ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ "ဒီလောက် ညဉ့်နက်နေပြီ၊ ရှင်လည်း နန်းတော်ထဲ ပြန်သင့်ပြီ။ ကျွန်မ ရှင့်ကို လိုက်မပို့တော့ဘူးနော်”

လီကျင့်က သဘောမတူဘဲ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားရင်း လွှတ်မပေးပေ။ "ကို မနက်စောစောကတည်းက လာပြီး တစ်နေ့လုံး အလုပ်ရှုပ်နေတာ။ သံယောဇဉ် နည်းနည်းလေး ရှိတယ်ဆိုရင်တောင် ကို့ကို လိုက်ပို့သင့်တယ်”

လုမင်ယွိသည် သူ့ကို ပင်မတံခါးမကြီး၏ အပြင်ဘက်အထိ လိုက်ပို့ပေးရတော့သည်။

လမ်းတစ်လျှောက်လုံးတွင် အစေခံ မိန်းကလေးများ၊ အစေခံ ယောက်ျားလေးများ၊ ကိုယ်ရံတော်များနှင့် မပြန်သေးသော ဧည့်သည်တော်များ အားလုံးသည် ဒုတိယမင်းသားလေးက စတုတ္ထသခင်မလေးလု၏ လက်ကို ဆုပ်ကိုင်ထားသော ရင်းနှီးချစ်ခင်သည့် ပုံစံကို တွေ့မြင်သွားကြလေသည်။

တံခါးမ၏ အပြင်ဘက်သို့ ရောက်လာချိန်တွင် လီကျင့်သည် ထွက်ခွာရန် ငြင်းဆန်နေသေးပြီး လုမင်ယွိ၏ လက်ကို ဆွဲထားကာ အချိန်အတော်ကြာ စကားပြောနေခဲ့သည်။

လုမင်ယွိက ပြုံးကာ တိုက်တွန်းလိုက်သည်။ "အိမ်တော်ထဲမှာ ဧည့်သည်တွေ မပြန်ကြသေးဘူး၊ အသေးအဖွဲ ကိစ္စတွေ အကုန်လုံးကို ကျွန်မ သွားလုပ်ရဦးမယ်။ ရှင် ဒီမှာ အချိန်မဖြုန်းနေနဲ့တော့၊ မြန်မြန် သွားတော့”

တကယ်ကို စိတ်မာပြီး သံယောဇဉ်မဲ့ မိန်းကလေးပဲ။ သူက သူမကို မခွဲနိုင် မခွာရက် ဖြစ်နေတာကို သူမကတော့ သူ့ကို သွားဖို့ချည်းပဲ တတွတ်တွတ် တိုက်တွန်းနေတယ်။

လီကျင့်သည် သူမကို အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ယနေ့ညတွင် လီကျင့်သည်လည်း အရက် အတော်များများ သောက်သုံးထားရာ မူးလဲသွားခြင်း မရှိသေးသော်လည်း ဤအခြေအနေကို ကြည့်ရသည်မှာ မူးတော့မည်။

လုမင်ယွိက ခဏလောက် စဉ်းစားလိုက်ပြီး ဆိုလိုက်သည်။ "ရှင် အရက်တွေ အများကြီး သောက်ထားတယ်နော်။ မြင်းစီးဖို့ မသင့်တော်ဘူး၊ လှည်းပဲ ငှားပြီး နန်းတော်ထဲ ပြန်ပါတော့” ပြောရင်းဆိုရင်း လူများကို မြင်းလှည်းတစ်စီး ပြင်ဆင်ရန် ခိုင်းစေလိုက်သည်။

လီကျင့်သည် ထိုအခါမှသာ ကျေနပ်သွားပြီး မြင်းလှည်းပေါ်သို့ တက်ကာ ထွက်ခွာသွားလေသည်။

...

အပိုင်း (၁၃၂) သတို့သမီးသစ် (၂)

လူငယ်များအားလုံးသည် ဆူညံပျော်ပါးကြသည်ကို နှစ်သက်ကြ၏။ လုဖေးတွင် စစ်တပ်က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကောင်းများ မနည်းလှဘဲ ယနေ့တွင် အားလုံး ရောက်ရှိလာခဲ့ကြသည်။ မင်္ဂလာဦးခန်းထဲတွင် အချိန်အတော်ကြာ ရှိနေခဲ့ကြပြီး ညဉ့်သန်းခေါင်ကျော်မှသာ လူစုခွဲသွားကြလေသည်။

လုဖေးသည် အရက်ရှိန် အနည်းငယ် ရှိနေသေးသော်လည်း အမူးပြေသွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

လူအများ ထွက်ခွာသွားကြသောအခါ မင်္ဂလာဦးခန်းထဲတွင် နောက်ဆုံးတော့ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လုဖေးက အရင်ဆုံး တံခါးသွားပိတ်လိုက်ပြီး တံခါးမင်းတုပ်ကို ထိုးလိုက်တော့သည်။ ထို့နောက် ကုတင်နံဘေးသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားကာ သူ့ချစ်ဇနီးသစ်လေး၏ သေးသွယ်သော ခါးကို ပွေ့ဖက်လိုက်ရင်း ဆိုလိုက်သည်။ "လန်မေ့၊ တို့တွေ နောက်ဆုံးတော့ လက်ထပ်လိုက်ကြရပြီ။ ကို ဒီနေ့ကို မျှော်နေတာ ဘယ်လောက်တောင် ကြာပြီလဲ မသိဘူး”

ရှန်းလန်၏ ချောမောလှပသော မျက်နှာလေးသည် မင်္ဂလာဝတ်စုံထက်ပင် ပိုလို့ပင် နီမြန်းနေလေသည်။

လုဖေး၏ အသက်ရှူသံများ ပြင်းထန်လာပြီး အနားသို့ တိုးကပ်လာခဲ့သည်။

ရှန်းလန်က သူမ၏ လက်ဖြင့် သူ့ပါးစပ်ကို ကာဆီးလိုက်ရင်း ပြောလိုက်၏။ "တစ်ကိုယ်လုံး အရက်နံ့တွေချည်းပဲ၊ မြန်မြန် သွား ရေချိုးလိုက်ပါ”

လုဖေးသည် မည်သို့ ထိန်းချုပ်ထားနိုင်တော့မည်နည်း။ ချက်ချင်းပင် ပြောလိုက်တော့သည်။ "အဝတ်အစားတွေ ချွတ်လိုက်ရင် အရက်နံ့ မရှိတော့ဘူးလေ”

ရှန်းလန် “...”

ရှန်းလန်သည် မထိန်းနိုင်အောင် ရှက်ရွံ့သွားပြီး လက်ဆန့်ကာ လုဖေး၏ မျက်နှာကို ဆွဲညစ်လိုက်တော့သည်။ လုဖေးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရှန်းလန်ကို ပွေ့ချီလိုက်ကာ ကုတင်နံဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေတော့သည်။

...

နောက်တစ်နေ့ နံနက်စောစောတွင် လုမင်ယွိသည် ထုံးစံအတိုင်း မိုးမလင်းမီ ထကာ သိုင်းလေ့ကျင့်ကွင်းသို့ သွားလေသည်။

လုလင်းသည်လည်း မနေ့ညက အလွန်အကျွံ သောက်သုံးခဲ့သည်။ တစ်ညတာ ကုန်ဆုံးခဲ့ပြီးနောက်တွင် အရက်ရှိန်သည် တစ်ဝက်မက ပြေပျောက်သွားခဲ့ပြီ ဖြစ်၏။ သိုင်းလေ့ကျင့်ကွင်းပေါ်တွင် လက်ဝေ့ကစားနည်းကို လေ့ကျင့်လိုက်ပြီးနောက်တွင် တစ်ကိုယ်လုံး ချွေးထွက်သွားပြီး လန်းဆန်းတက်ကြွသွားလေသည်။

လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "ဖေဖေ၊ ကျွန်မတို့ ပင်မခန်းကို စောစော သွားကြရအောင်။ အိမ်ပေါ်တက်လာတဲ့ ချွေးမအသစ်က လက်ဖက်ရည်ကပ်ပြီး ဆွေမျိုးတွေကို ဂါရဝပြုရဦးမှာ”

လုလင်းသည် ဂရုမစိုက်ဟန်ဖြင့် ပြုံးကာ ပြောလာခဲ့သည်။ " မလောပါဘူး။ သူတို့ ဒီနေ့ သေချာပေါက် အိပ်ရာထ နောက်ကျမှာပဲ။ နောက်ထပ် ၁ နာရီလောက် ထပ်လေ့ကျင့်လည်း ကိစ္စမရှိပါဘူး”

လုမင်ယွိ “...”

ဒီလို တွေးတာကလည်း ကျိုးကြောင်းဆီလျော်သားပဲ။

သားအဖ ၂ ဦးသည် ၁ နာရီခန့် လေ့ကျင့်ပြီးနောက် ကိုယ်စီ ရေမိုးချိုး အဝတ်အစား လဲလှယ်ကြသည်။ ခန်းမဆောင်သို့ ရောက်ရှိသောအခါ နေမင်းသည် အလွန် မြင့်မားစွာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။ သို့တိုင်အောင် သူတို့သည် နာရီဝက်နီးပါး ထပ်မံ စောင့်ဆိုင်းခဲ့ပြီးမှ မောင်နှံသစ်တစ်စုံသည် ရောက်ရှိလာခဲ့သည်။

လုဖေးသည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် သူ့ဇနီးသစ်လေး၏ လက်ကို ဆုပ်ကိုင်ကာ အတူတကွ ဝင်ရောက်လာခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် ရှန်းလန်ကတော့ ပိုပြီး သနားစရာ ကောင်းလှသည်။ ခြေလှမ်းများမှာ ယိုင်နဲ့နဲ့ဖြင့် အားမရှိဘဲ မျက်လုံးအောက်တွင်လည်း ညိုပြာရောင် သန်းလျက်ရှိ၏။ ပြင်ဆင် ခြယ်သထားခြင်းမရှိသော ချောမောလှပသည့် မျက်နှာလေးသည်ကား တောက်ပသော အရောင်အဝါတစ်လွှာဖြင့် ဖုံးလွှမ်းနေလေသည်။

လုမင်ယွိသည် ရှန်းလန် ရှက်ရွံ့သွားမည်ကို စိုးသဖြင့် ခေါင်းငုံ့ကာ တစ်ချက်လောက် ရယ်မောလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

"အဖေတို့ကို အကြာကြီး စောင့်စေမိပြီ” လုဖေးက အပြစ်ရှိစိတ် စိုးစဉ်းမျှ မရှိဘဲ တောင်းပန်လေသည်။

လုလင်းက ကြည်လင်သော မျက်နှာထားဖြင့် ပြုံးလျက် ပြောလိုက်၏။ "သိပ် အကြာကြီးတော့လည်း မဟုတ်ပါဘူး။ လက်ထပ်တဲ့နေ့က ပင်ပန်းခဲ့ရတော့ နည်းနည်း နောက်ကျမှ ထတာ ကိစ္စမရှိပါဘူး”

ထို့နောက် လုဖေးနှင့် ရှန်းလန်တို့သည် အတူတကွ ဒူးထောက် အရိုအသေပြု ဦးချကြသည်။ ရှန်းလန်သည် အိမ်ပေါ်သို့ တက်လာသော ချွေးမအသစ် ဖြစ်သဖြင့် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ဆောင်ကာ ယောက္ခမဖြစ်သူကို ကမ်းပေးလေသည်။ လုလင်းက လက်ဖက်ရည်ကို ချက်ချင်း လှမ်းယူပြီး တစ်ငုံ သောက်သုံးလိုက်ပြီးနောက် အလွန် ရက်ရောသော တွေ့ဆုံခြင်း လက်ဆောင်တစ်ခုကို ပေးအပ်ခဲ့သည်။

လူကြီးများကို အရိုအသေပြုပြီးနောက် ရွယ်တူများနှင့် နှုတ်ဆက်ခြင်းကတော့ ပိုပြီး ရိုးရှင်းလေသည်။ ရှန်းလန်သည် အလွန် သတိထားတတ်သူ ဖြစ်ရာ လုမင်ယွိ မောင်နှမများအားလုံးအတွက် ကိုယ်တိုင် ပြုလုပ်ထားသော အဝတ်အစားသစ်များကို ပြင်ဆင်ပေးခဲ့သည်။ လုမင်ယွိ မောင်နှမတို့သည်လည်း "အာ့စောင်" ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်ကြ၏။

ထို့နောက်တွင်တော့ လူအများသည် ထမင်းစားဆောင်သို့ နေရာရွှေ့ပြောင်းကာ အတူတကွ နံနက်စာ သုံးဆောင်ကြလေသည်။

ချွေးမအသစ်က ယောက္ခမများကို တူနှင့် ပန်းကန်များ ပြင်ဆင်ပေးရခြင်းမှာ ထုံးစံတစ်ခု ဖြစ်လေသည်။ လုမိသားစုတွင် ယောက္ခမ (အမေ) မရှိသဖြင့် ချွေးမသစ်လေး ရှန်းလန်သည် လိမ္မာစွာဖြင့် လုလင်း၏ ဘေးတွင် ရပ်လိုက်ပြီး ယောက္ခမဖြစ်သူအတွက် ဟင်းလျာများ ခပ်ထည့်ပေးရန် ပြင်ဆင်လိုက်သည်။

ချွေးမဖြစ်သူ၏သိတတ်သော စေတနာကို လုလင်းက တားမြစ်ခြင်း မပြုခဲ့ပေ။

သို့သော် ဟင်းလျာ ၂ ဇွန်းခန့် ခပ်ထည့်ပေးပြီးနောက် လုလင်းက ပြုံးကာ ပြောလိုက်တော့သည်။ " သဘောတရားလောက်ဆို ရပါပြီ။ တို့ လုမိသားစုမှာ ဒီလူတွေပဲရှိတာ၊ မင်း အနေမကျဉ်းကျပ်ပါနဲ့။ ထိုင်ပြီး အတူတူ စားကြပါ”

ရှန်းလန်သည် ခဏလောက် တွေဝေသွားတော့၏။

လုမင်ယွိကတော့ ပြုံးကာ လက်ဆန့်လိုက်ပြီး ရှန်းလန်ကို သူမ၏ နံဘေးတွင် လာထိုင်ရန် ဆွဲခေါ်လိုက်သည်။

လုဖေးသည် မျက်စိလျှင် လက်လျှင်စွာဖြင့် တစ်လှမ်းဦးကာ လက်ဆန့်လိုက်သည်။ "စစ်မေ့၊ အရင်တုန်းကတော့ ငါ နင့်ကို အလျော့ပေးခဲ့တယ်။ အခု လန်မေ့က ငါ့မိန်းမ ဖြစ်သွားပြီ၊ နင် ငါနဲ့ လာမလုနဲ့တော့”

လုမင်ယွိ “...”

လုမင်ယွိသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ရတော့သည်။

ရှန်းလန်သည် မျက်နှာ နီမြန်းလျက် သူမ၏ ခင်ပွန်းသစ်ကို တိတ်တဆိတ် မျက်စောင်းထိုးလိုက်သည်။

လုဖေးက ပါးစပ်ဖြဲကာ ပြုံးလိုက်ပြီး သိပ်မတိုးလှသော အသံပမာဏဖြင့် တီးတိုးစကား ဆိုလိုက်သည်။ "တို့ ၂ ယောက် စေ့စပ်ပြီးကတည်းက တွေ့တိုင်း တွေ့တိုင်း ရှောင်ယွိက မင်းနဲ့ပဲ လုပြောနေတာ။ နောက်ဆို ငါ သူ့ကို ဘယ်တော့မှ အလျော့ပေးတော့မှာ မဟုတ်ဘူး”

ကြည့်စမ်းပါဦး။ အဲ့ဒီ ကျေနပ်နေတဲ့ ပုံစံကို။ တကယ် ကြည့်လို့ကို မရဘူး။

လုမင်ယွိက ပြုံးလျက် သူမ၏ အစ်ကိုကို မျက်စောင်းထိုးလိုက်သည်။ "ငါသာ ပြေးလွှားပြီး အားမထုတ်ပေးခဲ့ရင် နင် ဒီလောက် လွယ်လွယ်ကူကူနဲ့ ချစ်ရသူကို လက်ထပ်ရမယ် ထင်နေလား။ အခု ငါ့ကို အသုံးမလိုတော့ဘူးဆိုတော့ မျက်နှာပြောင်တိုက်ပြီး မသိချင်ယောင်ဆောင်တော့တာပေါ့ ဟုတ်လား။ သတ္တိရှိရင် နောက်ဆို ငါ့ရှေ့မှာ အကူအညီ လာမတောင်းနဲ့”

လုဖေးသည် ချက်ချင်း လက်အုပ်ချီကာ အညံ့ခံလိုက်တော့သည်။ "မဟုတ်ရပါဘူးကွာ၊ စစ်မေ့ စိတ်မဆိုးပါနဲ့။ နောက်ဆို ငါ နင့်ကို အကူအညီတောင်းရမယ့် နေရာတွေ အများကြီး ရှိသေးတာ။ မောင်နှမတွေပဲ၊ ဘယ်လိုဖြစ်ဖြစ် အာ့ကောကို ကူညီရမှာပေါ့”

လူအားလုံးသည် ရယ်မောကာ လဲပြိုမတတ်ပင် ဖြစ်သွားကြသည်။

ရှန်းလန်သည်လည်း ခပ်တိုးတိုး ရယ်မောနေမိတော့သည်။

...

နံနက်စာ စားသုံးပြီးနောက် လုလင်းသည် ဇနီးမောင်နှံသစ်လေးကို ဦးဆောင်ကာ လုမိသားစု၏ ဘိုးဘေးဆောင်သို့ သွားရောက်ကာ ဘိုးဘေးများကို ဦးချ အရိုအသေပြုခိုင်းလိုက်သည်။ ရှန်းလန်၏ အမည်ကို မျိုးရိုးစဉ်ဆက် မှတ်တမ်းစာအုပ်ထဲသို့ ထည့်သွင်းလိုက်၏။ အရေးကြီးဆုံးသော အဆင့်ကို ပြီးမြောက်အောင်မြင်ခဲ့လေသည်။

ထို့နောက် လုလင်းသည် ဇနီးမောင်နှံ ၂ ဦးကို သူတို့၏ ကိုယ်ပိုင်ခြံဝင်းသို့ ပြန်လည် နေထိုင်စေရန် နှင်လွှတ်လိုက်လေသည်။

ဇနီးမောင်နှံသစ်တို့ သီးသန့် နေထိုင်ကြသောအခါ နူးညံ့သိမ်မွေ့သော ချစ်ခြင်းတရားများဖြင့် ပြည့်နှက်နေမည်မှာ အသေးစိတ် ဖော်ပြရန် မလိုအပ်တော့ပေ။

မင်္ဂလာဆောင်ပြီး ၃ ရက်မြောက်တွင် ဇနီး၏ အိမ်သို့ အလည်ပြန်သောအခါ လုဖေးသည် ယောက္ခမဖြစ်သူ၊ မယားညီအစ်ကိုများနှင့်အတူ စာကြည့်ခန်းသို့ သွားရောက် စကားပြောဆိုကြသည်။ ရှန်းသခင်မကြီးကတော့ သမီးဖြစ်သူ၏လက်ကို ဆွဲကိုင်ကာ မင်္ဂလာဦး အခြေအနေများကို အသေးစိတ် မေးမြန်းလေသည်။

ရှန်းလန်က မျက်နှာ နီမြန်းလျက် ပြောလိုက်သည်။ "လုမိသားစုက အားလုံးက သမီးအပေါ် အရမ်း ကောင်းကြပါတယ်။ ယောက္ခထီးက ကြည့်လိုက်ရင် ခန့်ညားထည်ဝါပေမဲ့ တကယ်တမ်းမှာတော့ အရွှန်းဖောက်တတ်ပြီး ဟာသဉာဏ် ရှိပါတယ်။ ရှောင်ယွိ ကတော့ ပြောစရာတောင် မလိုပါဘူး၊ နေရာတကာမှာ သမီးကို ဂရုစိုက်ပြီး သတိပေးပါတယ်။ မင်ဟွား၊ မင်ယွဲ့နဲ့ လျို့တိ တို့ကိုလည်း သမီး အရင်ကတည်းက ရင်းနှီးပြီးသားပါ”

ဒါကပင် အကြောင်းစုံ သိရှိပြီးသော ခင်ပွန်း၏ မိသားစုသို့ လက်ထပ်ဝင်ရောက်ရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်လေသည်။

ရှန်းသခင်မကြီးသည် ကြားသိရသောအခါ အလွန် ကျေနပ်ပီတိ ဖြစ်သွားသည်။ "ဒီလိုဆိုရင်တော့ ကောင်းတာပေါ့”

ရှန်းလန်က ပြုံးကာ ပြောလာသည်။ "ရှောင်ယွိက သမီးကို တိတ်တိတ်လေး ပြောတယ်။ နောက်ရက်အနည်းငယ်နေလို့ ဖူးကျွင်းက စစ်စခန်းကို သွားပြီဆိုရင်တဲ့ သမီး နေ့ဘက်တွေမှာ အားလပ်ချိန် ရလာတဲ့အခါ သူက အိမ်တော်ထဲက အသေးအဖွဲ ကိစ္စတွေကို တစ်ခုချင်းစီ သမီးကို လွှဲပေးမယ်တဲ့”

ချွေးမအသစ် အိမ်ပေါ်ရောက်သည်နှင့် အိမ်ထောင်မှုကိစ္စများကို တာဝန်ယူရခြင်းသည် မြို့တော်တွင် ပထမဆုံးအကြိမ်ပင် ဖြစ်ပေလိမ့်မည်။

လုမင်ဟွားနှင့် လုမင်ယွိတို့သည် တစ်ဦးပြီးတစ်ဦး လက်ထပ်ထွက်ခွာရတော့မည် ဖြစ်ပြီး လုမင်ယွဲ့နှင့် လုရွှမ်းတို့ကတော့ ငယ်ရွယ်သေးသဖြင့် အိမ်မှုကိစ္စများကို ရှန်းလန်က လွှဲပြောင်းရယူခြင်းသည်လည်း ကျိုးကြောင်းဆီလျော်လှပေသည်။ ရှန်းသခင်မကြီးက ပြုံးကာ မှာကြားလိုက်သည်။ "သမီး အရင်ကလည်း အမေ့ဆီမှာ အိမ်ထောင်မှုကိစ္စတွေ လေ့လာခဲ့ဖူးပါတယ်။ လုမိသားစုက စစ်သူကြီး အိမ်တော် ဖြစ်တော့ တို့ ရှန်းမိသားစုနဲ့ မတူညီတဲ့ နေရာတွေ အများကြီး ရှိလိမ့်မယ်။ သမီး ရှောင်ယွိ ဆီကနေ များများ လေ့လာသင်ယူလိုက်ဦး”

လုမင်ယွိ၏ လူ့သဘာဝအရ သင်ကြားပေးနိုင်သော အရာများကို ဘယ်သောအခါမျှ လျှို့ဝှက်ထားမည် မဟုတ်ပေ။

ရှန်းလန်သည် တစ်ခုချင်းစီ ဝန်ခံလိုက်လေသည်။

ရှန်းသခင်မကြီးသည် ဇနီးမောင်နှံတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ထပ်မံ မေးမြန်းပြန်သည်။

ရှန်းလန်သည် ရှက်တတ်သောသူတစ်ဦး မဟုတ်သော်ငြားလည်း မွေးမိခင်အရင်းက မေးမြန်းလာသည်တွင် အလွန်အမင်း ရှက်ရွံ့သွားရလေသည်။

ရှန်းသခင်မကြီးက လေသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ “တုံးအလိုက်တဲ့ သမီးလေး၊ လင်မယား သာယာကြည်ဖြူဖို့ကလည်း အရေးကြီးဆုံးပဲ။ လုဖေးက သမီးအပေါ် ထားတဲ့ သံယောဇဉ်ကို အမေ အကုန် မြင်နေရပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီး အတူနေထိုင်ကြပြီဆိုတော့ ဒါက မတူပြန်ဘူးလေ”

ထို့နောက် အတွေ့အကြုံ တချို့ကို သင်ကြားပို့ချပေးခဲ့သည်။

တချို့သော လျှို့ဝှက်သည့် စကားများကို သမီးဖြစ်သူ မထွက်ခွာမီအချိန်က မိခင်အရင်းဖြစ်သူအနေဖြင့် များများစားစား ပြောဆိုရန် မကောင်းလှပေ။ ယခုအခါတွင်တော့ ဤကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး မရှိတော့ပြီ။

...

ရှန်းသခင်မကြီး၏ "သွန်သင်ဆုံးမမှု" သည် သမက်ဖြစ်သူ လုဖေးအတွက်တော့ ကောင်းမွန်သော ကိစ္စတစ်ရပ် ဖြစ်လေသည်။

မင်္ဂလာဦး ရက်အနည်းငယ်အတွင်း ဇနီးမောင်နှံသည် ပျားရည်နှင့် ဆီ ရောစပ်ထားသကဲ့သို့ ချိုမြိန်နေကြပြီး မည်မျှ ချစ်ခင်ကြသည်ကို ပြောပြရန်ပင် မလိုတော့ပေ။

၇ ရက်ကြာ မင်္ဂလာခွင့်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

လုဖေးသည် မည်မျှပင် မခွဲနိုင် မခွာရက် ဖြစ်နေသော်ငြား နေ့စဉ်နေ့တိုင်း အတွင်းဆောင်ထဲတွင် ဇနီးဖြစ်သူနှင့်အတူ အချိန်ဖြုန်းနေလို့လည်း မဖြစ်နိုင်ပေ။

မထွက်ခွာမီ လုဖေးသည် ရှန်းလန်၏ လက်ကို ဆုပ်ကိုင်ကာ မှာကြားလိုက်သည်။ "စစ်စခန်းက ဝေးတယ်။ ကိုနဲ့ မွေးစားအဖေက အမြဲတမ်း ပြန်လာနိုင်မှာ မဟုတ်ဘူး။ ၅ ရက်နေမှ တစ်ခါပဲ ပြန်လာနိုင်မယ်။ မင်း ပျင်းနေရင် စာဖတ်၊ စောင်းတီး လုပ်လို့ ရတယ်၊ ဒါမှမဟုတ် တခြား အပန်းဖြေစရာ တစ်ခုခု ရှာပြီး အချိန်ဖြုန်းနေပေါ့”

စကားများလိုက်သည်မှာ အဆုံးမရှိ ပွစိပွစိ ရေရွတ်နေတော့သည်။

လုမင်ယွိက ပြုံးကာ သတိပေးလိုက်တော့သည်။ "အာ့ကော ထပ်မသွားရင် နောက်ကျတော့မယ်။ အဖေရဲ့ စိတ်ကို နင် သိတယ်နော်၊ စစ်စခန်းထဲကို နည်းနည်းလေး နောက်ကျတာနဲ့ အရိုက်ခံရမှာ”

လုဖေးမှာ လက်ကို လွှတ်လိုက်ရတော့သည်။

လုမင်ယွိက အလွန် ပျော်ရွှင်စွာဖြင့် အာ့စောင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "အာ့စောင်၊ ဒီနေ့ ရာသီဥတုက ဒီလောက် ကောင်းနေတာ၊ ငါတို့ မြင်းစီးပြီး အပြင်ထွက်လည်ကြရအောင်”

ရှန်းလန်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်တော့သည်။

လုဖေး “...”

...

All Chapters