အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အပိုင်း (၁၃၃) သမီးယောက်မ
အမျိုးသမီးတစ်ဦး လင်ယောက်ျားနောက်သို့ လိုက်ပါသွားပြီးနောက် ယောက္ခမနှင့် ချွေးမတို့သည် မွေးရာပါ ရန်ဘက်များသဖွယ် ဖြစ်လေ့ရှိကြ၏။ မတ်များနှင့် အတူတကွ နေထိုင်ရသည်မှာ မလွယ်ကူသလို သမီးယောက်များ ကြားတွင်လည်း အချင်းများမှုများ ဖြစ်ပွားရန် လွယ်ကူလှလေသည်။
ရှန်းလန်အတွက်တော့ ဤ ၃ မျိုးစလုံးသည် ပြဿနာတစ်ရပ် မဟုတ်ခဲ့ပေ။
ပထမအချက်မှာ သူမထံတွင် ယောက္ခမမရှိပေ။ ဒုတိယအနေဖြင့် လုရွှမ်း လက်ထပ်ရန်မှာ နှစ်ပေါင်းများစွာ လိုသေးသဖြင့် သူမထံတွင် လင်ညီအစ်မများလည်း လတ်တလော မရှိသေးချေ။
ယောက်များကတော့ များပြားလှသော်လည်း လုမင်ဟွားသည် မကြာမီ လက်ထပ်ထွက်ခွာတော့မည် ဖြစ်ပြီး လုမင်ယွဲ့ကတော့ လန်းဆန်းတက်ကြွကာ ချစ်စဖွယ် ကောင်းလှသည်။ လုမင်ယွိမှာ သူမနှင့် ငယ်စဉ်ကတည်းက အခင်မင်ဆုံး သူငယ်ချင်း ဖြစ်သည့်အပြင် နေရာတကာတွင် သူမကို ဂရုစိုက် လမ်းညွှန်ပေးလျက် ရှိ၏။
ထို့ကြောင့်ပင် ရှန်းလန်၏ လက်ထပ်ပြီး နောက်ပိုင်းဘဝသည် သူမ၏ အပျိုဘဝ ကာလထက်ပင် ပိုပြီး လွတ်လပ်ပေါ့ပါးနေခဲ့လေသည်။
လုဖေး စစ်စခန်းသို့ ထွက်ခွာသွားပြီးနောက် လုမင်ယွိနှင့် ရှန်းလန်တို့သည် အတူတကွ မြင်းစီးပြီး တစ်နေ့တာ အပြင်ထွက် လည်ပတ်ခဲ့ကြသည်။ နောက်တစ်နေ့သို့ ရောက်သောအခါ လုမင်ယွိသည် အိမ်တော်တွင်းရှိ ကြီးငယ်သော အိမ်တော်ထိန်းများ အားလုံးကို ပင်မခန်းမဆောင်သို့ ခေါ်ယူလိုက်လေသည်။
"အာ့စောင် ဒီနေ့ကစပြီး နင် ငါနဲ့အတူတူ အိမ်မှုကိစ္စတွေကို ဦးစီးပြီး စီမံခန့်ခွဲရမယ်” လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "နှစ်သစ်ကူးပြီးတာနဲ့ အိမ်မှုကိစ္စတွေ အကုန်လုံးကို နင့်ဆီ လွှဲပေးပြီး စိတ်အေးလက်အေးနဲ့ မင်္ဂလာပွဲကို စောင့်တော့မယ်”
၂ လခန့် အချိန်သည် ရှန်းလန်အတွက် လုအိမ်တော်၏ အတွင်းဆောင် ကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်သွားစေရန် လုံလောက်လှပေသည်။
ရှန်းလန်သည် ဟန်လုပ်ခြင်း မရှိသလို ငြင်းဆန်ခြင်းလည်း မပြုခဲ့ပေ။ "ကောင်းပါပြီ။ ငါ အရင်ဆုံး နင့်နောက်က လိုက်ပြီး နင် ဘယ်လို အိမ်မှုကိစ္စတွေကို စီမံခန့်ခွဲလဲဆိုတာ ကြည့်လိုက်ဦးမယ်”
လုမင်ယွိသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
ရှန်းလန်သည် လုအိမ်တော်သို့ မကြာခဏ ဝင်ထွက်သွားလာခဲ့ဖူးပြီး လုအိမ်တော်၏ အိမ်တော်ထိန်းများကိုလည်း ရံဖန်ရံခါ တွေ့မြင်ဖူးသည်။ သို့သော် ဤကဲ့သို့ စုံစုံလင်လင် မျက်စိရှေ့မှောက်တွင် ရောက်ရှိနေကြသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
ဤသို့ အသေးစိတ် အကဲခတ်ကြည့်လိုက်သောအခါ ရှန်းလန်၏ နှလုံးသားထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားမိသည်။
လုအိမ်တော်၏ အိမ်တော်ထိန်း ၁၀ ကျော်ခန့်တွင် အပ်ချုပ်ခန်းကို တာဝန်ယူသောသူများမှာ အိမ်တော်ထိန်း မားမား ၂ ဦးသာ ဖြစ်ပြီး ကျန်သူများအားလုံးမှာ ယောက်ျားများ ဖြစ်ကြလေသည်။
ထို့အပြင် တစ်ဦးချင်းစီတိုင်းတွင် ဒဏ်ရာအဟောင်းများ ရှိနေကြပြီး လက်တစ်ဖက် ပြတ်နေသူ၊ မျက်လုံးတစ်လုံး မရှိတော့သူ၊ မျက်နှာပေါ်တွင် ဓားဒဏ်ရာ ရှိနေသူများ ဖြစ်ကြကာ တစ်ဦးချင်းစီ၏ မျက်နှာများမှာ ကြမ်းတမ်းခက်ထန်သော အသွင်အပြင် ရှိနေကြသည်။
ရှင်းယန်ဝမ်သည် ဒဏ်ရာရရှိပြီး မသန်စွမ်း ဖြစ်သွားကာ သွားစရာ နေရာ မရှိတော့သော သူ၏ ကိုယ်ရံတော်စစ်သည်များကို အိမ်တော်ထဲတွင် နေရာချထားပေးခဲ့ပြီး သူတို့ကို ဂုဏ်သိက္ခာနှင့် ရှင်သန်ရာ လမ်းစကို ပေးအပ်ခဲ့သည်။ ဤကဲ့သို့သော ကြီးမားသည့် စိတ်ထားသည် အမှန်တကယ်ပင် လေးစားကြည်ညိုဖွယ် ကောင်းလှပေသည်။
ဘီလူးသဘက်များကဲ့သို့ ကြမ်းတမ်းလှသော ဤအိမ်တော်ထိန်းများသည် လုမင်ယွိ၏ ရှေ့မှောက်တွင်တော့ အလွန်အမင်း နူးညံ့သိမ်မွေ့နေကြပြီး တစ်ဦးချင်းစီမှာ အန္တရာယ် မပြုတတ်သော သိုးငယ်လေးများသဖွယ် ဖြစ်နေကြသည်။
သို့သော် လုမင်ယွိထံမှ အမိန့်တစ်ခွန်း ထွက်လာသည်နှင့် ရိုးသားဖြူစင်ဟန် အစွမ်းကုန် ပြုံးရယ်နေကြသော ဤသန်မာသည့် လူကြီးများသည် သူတို့၏ အစွယ်များကို ဖော်ထုတ်လိုက်ပြီး ကြောက်မက်ဖွယ် ပြုံးလိုက်ရင်း တစ်ဖက်သားကို ဆွဲဖြဲပစ်ကြပေလိမ့်မည်...
"အာ့စောင်" အိမ်တော်ထိန်းများ အားလုံး ထွက်ခွာသွားကြသောအခါ လုမင်ယွိသည် စဉ်းစားခန်းဝင်နေသည့် ရှန်းလန်ကို ပြုံးကာ နောက်ပြောင်လိုက်လေသည်။ "နင် တစ်ယောက်တည်း ဘာတွေ တွေးနေတာလဲ။ ဒီလောက်တောင် စိတ်ဝင်စားနေတာ”
ရှန်းလန်က စိတ်ကို ငြိမ်သက်အောင် ထားလိုက်ပြီး ခပ်ဖွဖွ ပြုံးကာ ဆိုလိုက်သည်။ "ငါ တွေးနေတာက လုအိမ်တော်က အိမ်တော်ထိန်းတွေက မြို့တော်မှာ တစ်ခုတည်းသော (ထူးခြားတဲ့) ပုံစံပဲလို့ပါ”
လုမင်ယွိက ခပ်ဖွဖွ ပြုံးလိုက်၏။ "သူတို့အားလုံးက အဖေနဲ့အတူတူ နှစ်ပေါင်းများစွာ စစ်တိုက်ထွက်ခဲ့တဲ့ ကိုယ်ရံတော်စစ်သည်တွေပဲ။ သူတို့ရဲ့ သစ္စာရှိရှိ လိုက်ပါမှုသာ မရှိခဲ့ရင် အဖေလည်း ဒီနေ့ ဒီအချိန်မှာ ဒီလို အခြေအနေ ရှိနေမှာ မဟုတ်ဘူး”
"ကိုယ်ရံတော်စစ်သည် တချို့က စစ်မြေပြင်မှာ ကျဆုံးသွားတယ်။ တချို့က ဒဏ်ရာ အနည်းအကျဉ်း ရပြီး တိုက်ပွဲ ဆက်ဝင်နိုင်သေးတယ်။ ဒီလူတွေက ဒဏ်ရာ အရမ်း ပြင်းထန်ပြီး အသက်ပါ သေလုနီးပါး ဖြစ်ခဲ့ရတဲ့ လူတွေချည်းပဲ။ စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီး ဇနီးမရှိ သားသမီး မရှိကြဘူး။ အဖေက သူတို့ကို ဇာတိမြေ ပြန်လွှတ်လိုက်ဖို့ စိတ်မသက်သာတာနဲ့ အိမ်တော်ထဲမှာပဲ သူတို့အတွက် အလုပ်အကိုင်တွေ ရှာပေးထားတာ”
"ဓားတွေ လှံတွေ ကိုင်နေကျ လူတွေက ရုတ်တရက် အတွင်းဆောင်မှာ အိမ်တော်ထိန်း လာလုပ်ကြတော့ တကယ်တော့ အစပိုင်းမှာ သိပ် အသားမကျကြဘူး။ ရယ်စရာတွေလည်း အများကြီး ဖြစ်ခဲ့ဖူးတယ်။ ဒါ့အပြင် ငါက ၈ နှစ်သမီးကတည်းက အိမ်မှုကိစ္စတွေ စီမံလာရတာ ကိစ္စတော်တော်များများကိုလည်း သိပ် နားမလည်ခဲ့ဘူး။ အစပိုင်းမှာတော့ မနိုင်မနင်းတွေ ဖြစ်ခဲ့ရတာပေါ့။ နောက်ပိုင်းကျမှပဲ တဖြည်းဖြည်း အသားကျသွားတာ”
"နင် သူတို့ကို တွေ့တော့ နည်းနည်း ကြောက်သွားတယ် မဟုတ်လား”
နောက်ဆုံး စကားတစ်ခွန်းတွင် အနည်းငယ် နောက်ပြောင်လိုသော အငွေ့အသက် ပါဝင်နေလေသည်။
ရှန်းလန်သည် ခဏလောက် စဉ်းစားလိုက်ပြီး ရိုးသားစွာ ဝန်ခံလိုက်သည်။ "နည်းနည်းတော့ ကြောက်မိတယ်”
သူမသည် အပျိုဘဝကတည်းက အတွင်းဆောင်ထဲတွင် ကြီးပြင်းလာခဲ့ရာ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူများမှာ ရှန်းမိသားစု၏ အစေခံ မိန်းကလေးများနှင့် အဒေါ်ကြီးများသာ ဖြစ်ကြသည်။ ရုတ်တရက်ကြီး ဤကဲ့သို့ မျက်နှာကြမ်းတမ်းပြီး ဒဏ်ရာများ ရှိနေသော သန်မာသည့် လူကြီးများနှင့် ရင်ဆိုင်လိုက်ရသောအခါ စိတ်ထဲတွင် ကြောက်ရွံ့မှု မဖြစ်ဘဲ အဘယ်မှာ နေနိုင်မည်နည်း။
လုမင်ယွိက တောက်ပစွာ ပြုံးလိုက်လေသည်။ "နင် ခဏလောက် အလိုက်သင့် နေကြည့်လိုက်ပါ။ အဖေက ငါ့ကို ပြောထားတယ်။ လက်ထပ်ထွက်သွားတဲ့အချိန်ကျရင် အိမ်တော်ထဲက ကိုယ်ရံတော်စစ်သည် တစ်ဝက်ကို ကျွန်မ့ကို ပေးလိုက်မယ်တဲ့။ ကျွန်မ သုံးနေကျ ဒီအိမ်တော်ထိန်းတွေကိုလည်း ကျွန်မ တစ်ခါတည်း ခေါ်သွားမှာ။ အဲ့ဒီအချိန်ကျရင် နင်လည်း နင့်မင်္ဂလာပစ္စည်းထဲက အစေခံ မိန်းကလေးတွေ အဒေါ်ကြီးတွေကို တဖြည်းဖြည်းချင်း အစားထိုး သုံးလိုက်ရုံပဲ”
ရှန်းလန်၏ နှလုံးသားထဲတွင် လှိုက်လှဲသော ခံစားချက်တစ်ရပ် ဖြစ်ပေါ်လာပြီး လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ရှောင်ယွိ နင့်ကို ကျေးဇူးတင်ပါတယ်”
အိမ်မှုကိစ္စများကို စီမံခန့်ခွဲရသော အိမ်တော်သခင်မတစ်ဦးတွင် အလုပ်လုပ်ရန် မိမိ၏ ယုံကြည်စိတ်ချရသော လူများ ရှိနေမှသာ ကောင်းမွန်ပေမည်။ လုမင်ယွိသည် စကားတစ်ခွန်းမျှ မဆိုဘဲ နေရာတကာတွင် သူမအတွက် တွေးတောစဉ်းစားပေးနေသည်ကို သူမ၏ နှလုံးသားထဲတွင် မည်သို့ စိတ်လှုပ်ရှားမှု မဖြစ်ဘဲ နေနိုင်မည်နည်း။
လုမင်ယွိက ရယ်မောလိုက်သည်။ "နင်နဲ့ ငါ့ကြားမှာ ဒီလို ယဉ်ကျေးစကားတွေ ပြောနေစရာ လိုလို့လား။ စန်းကျဲနဲ့ ငါက တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ထွက်သွားကြတော့မယ်။ ဝူမေ့နဲ့ လျို့တိကလည်း ငယ်သေးတယ်။ နောက်ဆို လုအိမ်တော်ရဲ့ အတွင်းဆောင်ကိစ္စတွေ အကုန်လုံးကို နင့်ဆီပဲ အပ်နှံရတော့မှာ နင့်ကို ပိုပြီး ပင်ပန်းစေရတော့မယ်။ ကျေးဇူးတင်ရမယ်ဆိုရင်တောင် ငါက နင့်ကို ကျေးဇူးတင်ရမှာပါ”
ရှန်းလန်သည် များများစားစား မပြောတော့ဘဲ လေသံတိုးတိုးဖြင့်သာ ဆိုလိုက်တော့သည်။ "ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်သလို သမီးယောက်မတွေလည်း ဟုတ်တာပဲလေ။ နောက်နေ့ နောက်ရက်တွေမှာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ငါ နင့်ဘက်မှာပဲ ရပ်တည်ပေးသွားမှာပါ”
တော်ဝင်မိသားစု၏ ချွေးမတစ်ယောက် ဖြစ်ရသည်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။ အိမ်ရှေ့စံ နေရာ မသတ်မှတ်ရသေးသဖြင့် နောင်တွင် မင်းသားများကြားတွင် နဂါးနှင့် ကျား အကြိတ်အနယ် တိုက်ခိုက်ပွဲတစ်ရပ် မလွဲမသွေ ဖြစ်ပွားပေလိမ့်မည်။ လုမင်ယွိသည် ဒုတိယမင်းသားကို လက်ထပ်လိုက်သည်နှင့် လုမိသားစုသည်လည်း ဒုတိယမင်းသားနှင့်အတူ တူညီသော လှေတစ်စီးတည်းပေါ်တွင် ရပ်တည်နေခဲ့ပြီ ဖြစ်သည်။
ပြောင်းပြန် စဉ်းစားကြည့်လျှင် ဒုတိယမင်းသားသာ အိမ်ရှေ့စံ ဖြစ်လာခဲ့ပြီး လုမင်ယွိက အိမ်ရှေ့စံမင်းသမီး ဖြစ်လာကာ နောင်တွင် ဇာမဏီပလ္လင်ထက်သို့ တက်ရောက်နိုင်ခဲ့ပါလျှင် လုမိသားစုသည်လည်း သူမကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်ဒြပ်တို့ကို ခံစားရပေလိမ့်မည်။
မည်သည့် ရှုထောင့်မှ ထည့်သွင်းစဉ်းစားသည် ဖြစ်စေ လုမိသားစုသည် ဒုတိယမင်းသား၏ မယိမ်းမယိုင် ခိုင်မာသော ထောက်ခံသူများ ဖြစ်လာကြပေလိမ့်မည်။
လုမင်ယွိသည် ရှန်းလန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ သူတို့ ၂ ဦးသား အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။
အရာအားလုံးသည် စကားလုံးများ မလိုအပ်ဘဲ နားလည်မှုများ ရှိနေခဲ့လေသည်။
...
၅ ရက် ကြာပြီးနောက်တွင် လုဖေးသည် စစ်စခန်းမှ ပြန်လည် ရောက်ရှိလာခဲ့သည်။
မင်္ဂလာဦး ကာလ၏ အချစ်စိတ်များ ပြင်းထန်နေချိန် ဖြစ်သောကြောင့် ထိုနေ့ညတွင် ဇနီးမောင်နှံ ၂ ဦးသည် လုံးဝ မျက်နှာပြခြင်း မရှိခဲ့ပေ။ နောက်တစ်နေ့ နံနက်စောစောတွင် လုဖေးသည် စစ်စခန်းသို့ မြင်းစီးကာ ထွက်ခွာသွားပြီး ရှန်းလန်ကတော့ နေမြင့်သည်အထိ အိပ်စက်ပြီးမှသာ အိပ်ရာမှ ထလေသည်။
လုမင်ယွိကို တွေ့သောအခါ ရှန်းလန်သည် အတော်ပင် နေရခက်သွားပြီး မျက်နှာ အနည်းငယ် နီမြန်းလျက် ပြောလာခဲ့သည်။ "တောင်းပန်ပါတယ်နော်။ ငါ ဒီနေ့ အိပ်ရာထ နည်းနည်း နောက်ကျသွားတယ်”
လုမင်ယွိက မျက်လုံးအောက်တွင် ညိုပြာရောင် သန်းနေဆဲဖြစ်သော ရှန်းလန်ကို တစ်ချက် ကြည့်လိုက်ပြီး အလွန် နားလည်မှုရှိစွာ အကြံပြုလိုက်လေသည်။ "အိမ်မှုကိစ္စတွေ ငါ အကုန် စီမံပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် နေ့ဘက်မှာလည်း ဘာကိစ္စမှ သိပ်မရှိဘူး။ နင် ဒီလောက် ပင်ပန်းနေတာ ခြံဝင်းထဲ ပြန်ပြီး ဆက်အိပ်လိုက်ပါဦး။ မွန်းတည့် ထမင်းစားချိန်ကျမှ ငါ လူလွှတ်ပြီး နင့်ကို သွားခေါ်ခိုင်းလိုက်မယ်”
ရှန်းလန် “...”
အားလုံးက လုဖေးကြောင့်ပဲလေ။ မနေ့ညက သန်းခေါင်အထိ ဒုက္ခပေးနေတာ။ သူမမှာ ပင်ပန်းလွန်းလို့ မနက်၅နာရီအထိ မအိပ်နိုင်ခဲ့ဘူး။ အိပ်ရာထနောက်ကျပြီး ရှောင်ယွိ စနောက်တာ ခံရပြီပေါ့။
ရှန်းလန်သည် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်ရတော့သည်။ "တစ်မနက်လုံး အိပ်နေတဲ့ ချွေးမအသစ် ဘယ်မှာ ရှိလို့လဲ။ သတင်း ထွက်သွားရင် လူတွေ သေအောင် ရယ်ကုန်ကြဦးမယ်။ နေ့လယ်စာ စားပြီးမှ ခဏလောက် တစ်ရေးအိပ်လိုက်ရင် ရပါပြီ”
လုမင်ယွိက ပြုံးကာ နောက်ပြောင်လိုက်သည်။ "တော်ပါပြီ။ နင် ရှက်နေမှန်း သိပါတယ်။ ငါ မပြောတော့ဘူးလေ။ မျက်နှာသာ ဒီထက် ပိုနီသွားရင် မျောက်ဖင်တောင် နင့်ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”
ရှန်းလန်သည် ရယ်မောလျက် လုမင်ယွိကို လက်သီးဖြင့် ခပ်ဖွဖွ ထုလိုက်တော့သည်။
လုမင်ယွိကတော့ နာကျင်ခြင်း ယားယံခြင်း မရှိသော်လည်း ရှန်းလန်ကတော့ ထုပြီးနောက် လက်နာသွားလေသည်။
လုမင်ယွိက တဟားဟား ရယ်မောကာ အနားသို့ တိုးသွားပြီး သူမ၏ လက်ကို နှိပ်နယ်ပေးလိုက်သည်။ "ဘယ်လိုလဲ နာသေးလား”
ရှန်းလန်က တမင်သက်သက် သက်ပြင်းချလိုက်သည်။ "နင့်ကို နိုင်အောင် မပြောနိုင်တာက ထားလိုက်ပါတော့။ နင့်ကို လက်သီးနဲ့ တစ်ချက် ထုလိုက်တာတောင် နာသွားတာက ငါကိုယ်တိုင်ပဲ။ နောက်ဆို သမီးယောက်မ ရန်ဖြစ်ကြရင် ငါကပဲ အနိုင်ကျင့်ခံရမယ့်သူ သေချာနေပြီ”
လုမင်ယွိက ပြုံးကာ စကားဆက်လိုက်သည်။ "ငါက နင့်ကို အနိုင်ကျင့်ရင် အာ့ကောက ငါ့ကို လာပြီး ရှင်းမှာပေါ့။ ငါ ဘယ်မှာ သတ္တိရှိရဲမှာလဲ”
ရှန်းလန်ကတော့ ပြန်ချေပလေ၏။ "ဒါကတော့ ပြောရခက်တယ်။ ပြောမရဘူးလေ။ နင့်အာ့ကောက ငါ့ကို လာရှင်းပြီး သူ့ညီမလေးကို အနိုင်ကျင့်ရမလားလို့ အပြစ်တင်နေဦးမှာ”
ဤသို့ ပြောဆို ရယ်မောရင်း နေ့ရက်များသည် ပေါ့ပါးပျော်ရွှင်စွာ ကုန်ဆုံးသွားလေသည်။
ရက်အနည်းငယ် ကြာသောအခါ ချောင်အိမ်တော်မှ သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချောင်ဝမ်နှင့် ဖန်းမိသားစု၏ ဒုတိယသခင်လေးတို့ စေ့စပ်လိုက်ကြပြီ ဖြစ်၏။
ဖန်းဇီကျန်းသည် ပညာရည် ထူးချွန်မြင့်မားပြီး ရုပ်ရည်သန့်စင် ချောမောကာ စာပေပညာရှိမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ ယခုနှစ် စာမေးပွဲတွင် ဒုတိယအဆင့် ကျင့်ရှီ အဖြစ် အောင်မြင်ခဲ့ပြီး ကျိုးလီနှင့်အတူ ဟန်လင်းကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်။ ဤကဲ့သို့ ငယ်ရွယ်ထူးချွန်သော ပုဂ္ဂိုလ်သည် ချောင်မိသားစု၏ သခင်မလေးနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
ဖန်းမိသားစုက တံခါးဝသို့ လာရောက် စေ့စပ်ကြောင်းလမ်းသည်တွင် ချောင်မိသားစုကလည်း မင်္ဂလာကိစ္စကို လျင်မြန်စွာ သဘောတူလိုက်လေတော့သည်။
...
အပိုင်း (၁၃၄) ရေစက်
လုမင်ယွိသည် ဤကိစ္စကို ကြားသိရပြီးနောက် အနည်းငယ် အံ့အားသင့်သွားလေသည်။
အရင်ဘဝက ရှန်းလန်နှင့် ဖန်းဇီကျန်းတို့သည် လင်မယား ဖြစ်ခဲ့ကြ၏။ ဤဘဝတွငတော့ ရှန်းလန်သည် လုအိမ်တော်သို့ လက်ထပ်ဝင်ရောက်ခဲ့ပြီး ဖန်းမိသားစုက ချောင်မိသားစု၏ တရားဝင်သမီးကို တောင်းရမ်းခဲ့လေသည်။
ဒီဘဝမှာတော့ ချောင်ဝမ် သိပ်ပြီး အချစ်ကြီးမနေပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ။ ကိုယ့်ဘဝလေးကို အေးအေးချမ်းချမ်း ဖြတ်သန်းပြီး အရင်ဘဝကလို စောစောစီးစီး နံ့သာပျောက် ပန်းကြွေ မဖြစ်ပါစေနဲ့တော့။
ရှန်းလန်သည် လုမင်ယွိကို တစ်ချက် ကြည့်လိုက်ပြီး စကားလုံးများကို သတိနှင့်ရွေးချယ်ကာ စဉ်းစဉ်းစားစားလေး ပြောလိုက်လေသည်။ "ချောင်မိသားစုနဲ့ ဖန်းမိသားစုက မင်္ဂလာရက်တောင် သတ်မှတ်ပြီးသွားပြီတဲ့ နောက်နှစ် လေးလပိုင်းမှာတဲ့”
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "နင်က ငါ့ကို ခဏခဏ ကြည့်နေတာ ဘာလုပ်တာလဲ”
ရှန်းလန်သည် ချောင်းတစ်ချက် ဆိုးလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။ "မင်္ဂလာပွဲ တော်ဝင်အမိန့် အပ်နှင်းပြီးကတည်းက ချောင်ဝမ် တစ်ခါ နေမကောင်းဖြစ်သွားတယ်။ ဒီရက်ပိုင်းအတွင်း လူရှေ့ကို လုံးဝ ထွက်မလာခဲ့ဘူး။ ဖန်းမိသားစုက စေ့စပ်ကြောင်းလမ်းတာ ဒီလောက် ချောမွေ့သွားတာက ဒီကိစ္စနဲ့ မသက်ဆိုင်ဘဲ မနေဘူး”
ချောင်ဝမ်သည် မြို့တော်ထဲတွင် အတော်ပင် အရည်အချင်းရှိသူအဖြစ် ကျော်ကြားပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သော အဘိုးလည်း ရှိသည်။ မိဖုရားခေါင်အဖြစ် ရှိနေသော အဒေါ်လည်း ရှိရာ အိမ်ထောင်ဖက် ရွေးချယ်ရန် ပူပန်စရာ မရှိသည်မှာ ဧကန်ပင် ဖြစ်၏။ အရွယ်ရောက်ပြီး နောက်ပိုင်းတွင် အိမ်တော်သို့ လာရောက် စေ့စပ်ကြောင်းလမ်းသူ မည်မျှ များပြားသည်ကို မသိနိုင်ပေ။
ချောင်မိသားစုက အမြဲတမ်း သဘောမတူခဲ့ခြင်းမှာ စိတ်ထဲတွင် မည်သို့သော အကြံအစည် ရှိနေသည်ကို အမှန်တကယ် ခန့်မှန်းရန် မခက်ခဲလှပေ။ အဒေါ်ဘက်နှင့် ဦးလေးဘက်တို့ လက်ထပ်ထိမ်းမြားခြင်းမှာ သာမန်ကိစ္စဖြစ်ရာ မည်သူ ကြည့်ကြည့် ချောင်ဝမ်နှင့် ဒုတိယမင်းသားတို့သည် အလွန် လိုက်ဖက်သော အတွဲတစ်တွဲ ဖြစ်ကြလေသည်။
မည်သူက ထင်ထားမည်နည်း။ လုမင်ယွိတစ်ယောက် ဘေးမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်ပင်။
ချောင်ဝမ်တစ်ယောက် စိတ်ထိခိုက်သွားပြီးနောက် နာမကျန်းဖြစ်သွားကာ တစ်လကျော်ကြာသည်အထိ အခြေအနေ တိုးတက်မလာခဲ့ပေ။ ချောင်မိဖုရားခေါင်သည် ချောင်မိသားစုသို့ လူများ ဆက်တိုက် စေလွှတ်ပြီး ချောင်ဝမ်ကို သွားရောက် ကြည့်ရှုစေခဲ့ပြီး အားဖြည့်ဆေးများစွာကို ချီးမြှင့်ခဲ့လေသည်။
ဒုတိယမင်းသားသည်လည်း ချောင်မိသားစုသို့ သွားရောက်ခဲ့ဖူး၏။ သို့သော် သူသည် ချောင်ဝမ်၏ အိပ်ဆောင်ခန်းထဲသို့ ခြေချဝင်ရောက်ခဲ့ခြင်း မရှိဘဲ သူ၏ ညီမဝမ်းကွဲလေးကို စကားအနည်းငယ်မျှသာ စိုးရိမ်ပူပန်စွာ မေးမြန်းခဲ့သည်။
ဤကဲ့သို့ အချိန်အခါမျိုးတွင် ဖန်းမိသားစုက အိမ်တော်သို့ လာရောက် စေ့စပ်ကြောင်းလမ်းခဲ့သည်။ ဖန်းဇီကျန်းသည် အထူးချွန်ဆုံးဟု မဆိုနိုင်သော်လည်း အရာရာတိုင်းတွင် အဆင်ပြေပြေ တင်ပြနိုင်သူ ဖြစ်၏။ ချောင်မိသားစုသည် ချောင်ဝမ်၏ အချစ်ရူးစိတ်ကို စောစီးစွာ ဖြတ်တောက်နိုင်ရန်အလို့ငှာ မင်္ဂလာကိစ္စကို သဘောတူလိုက်လေသည်။
လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်သွားပြီး သက်ပြင်းဖွဖွ ချလိုက်သည်။ "တကယ်လို့သာ ဖြစ်နိုင်ရင် ငါလည်း ချောင်ဝမ် ဒုတိယမင်းသားနဲ့ လက်ထပ်တာကို ဝမ်းမြောက်ဝမ်းသာ တွေ့မြင်ချင်ပါတယ်”
ဤသည်မှာ အမှန်တကယ် စိတ်ရင်းအမှန်ဖြင့် ပြောသော စကား ဖြစ်လေသည်။
ရှန်းလန်သည် အထင်အမြင် လွဲမှားသွားသည်မှာ သိသာနေသဖြင့် ချက်ချင်း ပြုံးလိုက်ရသည်။ "ငါက ပါးစပ်ထဲ ရှိတာ လျှောက်ပြောတာပါ။ နင်က ဘယ်လိုလုပ် ကိုယ့်ဟာကို ဆွဲထည့်နေတာလဲ။ ဒီကိစ္စက အစကနေ အဆုံးထိ နင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး”
"တကယ်လို့ ဒုတိယမင်းသားက ချောင်ဝမ်အပေါ် သဘောရှိခဲ့ရင် မင်္ဂလာကိစ္စက စောကြီးကတည်းက ဖြစ်သွားမှာပေါ့။ မိန်းကလေးတစ်ယောက်ယောက်က ဒုတိယမင်းသားကို သဘောကျတိုင်း ဒုတိယမင်းသားက မင်းသားကြင်ရာတော်အဖြစ် လက်ထပ်ရမှာလား”
"ပြောရရင် ဖန်းမိသားစုက ရှန်းမိသားစုကိုလည်း လာပြီး စေ့စပ်ကြောင်းလမ်းဖူးတယ်။ ငါက လက်မထပ်ချင်လို့ ငါါအဖေနဲ့ အမေက ဖန်းမိသားစုရဲ့ မင်္ဂလာကိစ္စကို ငြင်းလိုက်ရတာ။ တကယ်လို့ ချောင်ဝမ်က ဒီကိစ္စကို သိသွားရင် ငါ့ကိုပါ အပြစ်တင်နေဦးမှာလား”
"လက်ထပ်ထိမ်းမြားတဲ့ ကိစ္စက ရေစက်ကို ကြည့်ရတယ်။ ငါ့အမြင်အရတော့ ချောင်ဝမ်နဲ့ ဒုတိယမင်းသားက ရေစက် မပါဘူး။ နင်နဲ့ ဒုတိယမင်းသားမှ ကောင်းကင်က ဖန်တီးပေးတဲ့ အတွဲအစစ်”
လူသတ်ရင် အသက်ပြန်ပေး။ အကြွေးတင်ရင် အကြွေးပြန်ဆပ်။ ဒီရှုထောင့်က ကြည့်ရင်တော့ သူမနဲ့ လီကျင့်က တကယ် လိုက်ဖက်သားပဲ။
လုမင်ယွိသည် ပြုံးလိုက်ပြီးနောက် စကားလမ်းကြောင်းကို လျင်မြန်စွာ လွှဲလိုက်လေသည်။
...
၁၁လပိုင်းတွင် မြို့တော်ထဲ၌ နောက်ထပ် ကိစ္စတစ်ရပ် ထွက်ပေါ်လာခဲ့ပြန်သည်။
ဖူယန်မြို့စားအိမ်တော်၏ စတုတ္ထသခင်လေးကျောက်၏ လက်ထပ်မည့် သတို့သမီးလောင်းသည် ဆိုးရွားသော ရောဂါတစ်မျိုး ကူးစက်ခံရပြီး ကုသ၍ မရဘဲ သေဆုံးသွားခဲ့၏။ မူလက နှစ်ကုန်ပိုင်းတွင် သတို့သမီးကို ကြိုဆိုရန် သတ်မှတ်ထားရာ မင်္ဂလာပွဲသည် ချက်ချင်းပင် နာရေးပွဲအဖြစ် ပြောင်းလဲသွားလေသည်။
ယခုခေတ်၏ ထုံးတမ်းစဉ်လာအရ အိမ်ပေါ်သို့ မရောက်သေးသော သတို့သမီးလောင်း ကွယ်လွန်သွားပါက ယောက်ျားဖြစ်သူသည် ဇနီးအတွက် ဝမ်းနည်းခြင်း စောင့်ထိန်းရန် မလိုအပ်ပေ။ ဖူယန်မြို့စားသည် ခြေမြန်လက်မြန်ဖြင့် ကျောက်ရွေ့အတွက် နောက်ထပ် မင်္ဂလာကိစ္စတစ်ခုကို လျင်မြန်စွာ စီစဉ်သတ်မှတ်လိုက်ပြန်သည်။
ထိုသူမှာ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးကျင်း၏ သမီးငယ် ကျင်းချန်အာ ပင်။
လုမင်ယွိသည် ဤကိစ္စကို ကြားသိရသောအခါ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။
သူမ၏ ပြန်လည်မွေးဖွားလာခြင်းသည် သူမ၏ ဘေးပတ်ဝန်းကျင်မှ လူများစွာ၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့သည်။ သူမ တစ်ယောက်တည်းကြောင့်သာ မဟုတ်ဘဲ နန်းတော်ထဲမှ စူးကျောင်းရုံ။ ထို့အပြင် နက်နဲဆန်းကြယ်လှသော လီကျင့် တို့ကြောင့်လည်း ဖြစ်နိုင်လေသည်။
လိပ်ပြာတောင်ပံ ၃ စုံ၏ ရိုက်ခတ်မှုသည် မုန်တိုင်းသဖွယ် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြီး လူအများ၏ ကံကြမ္မာများကို မသိနိုင်သော အရပ်မျက်နှာဆီသို့ တိုက်ခတ် သယ်ဆောင်သွားခဲ့လေသည်။
ရှန်းလန်က လေသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ "နင်က ကျင်းချန်အာကို သိပ်မကြိုက်ဘူးဆိုတာ ငါ သိပါတယ်။ ပြောရရင် ကျင်းချန်အာကလည်း တကယ်ကို အိမ်ထောင်ကျဖို့ ခက်ခဲပါတယ်။ သူက ဆိုးသွမ်းပြီး တစ်ဇွတ်ထိုးနိုင်တယ်။ နာမည်ကလည်း ကျော်နေတယ်။ ဒါ့အပြင် စံနှုန်းကလဲ မြင့်လွန်းတယ်။ အဆင့်အတန်း တန်းတူရှိတဲ့ အိမ်တော်တွေက ကျင်းမိသားစုကို ဘယ်သူမှ သွားမစေ့စပ်ရဲကြဘူး”
"ရွယ်တူ မိန်းကလေးတွေ စေ့စပ်ကုန်ကြ အိမ်ထောင်ကျကုန်ကြပြီ။ ကျင်းချန်အာ တစ်ယောက်ပဲ မစေ့စပ်ရသေးဘူး။ သူက အစွမ်းကုန် အားပြိုင်တတ်ဆုံး။ ဒီကိစ္စကြောင့် မျက်နှာ ပျက်ရတယ်လို့ အထူး ခံစားနေရပြီး ဒေါသထွက်ပြီး လူရှေ့ မထွက်ရဲတော့ဘူး”
"ကျောက်ရွေ့ရဲ့ သတို့သမီးလောင်းက ရောဂါနဲ့ သေဆုံးသွားတော့ ဖူယန်မြို့စားက ကျင်းမိသားစုကို သွား စေ့စပ်ကြောင်းလမ်းတယ်။ ကျင်းမိသားစုက ဘယ်မှာ ငြင်းရဲမယ့် အကြောင်း ရှိတော့မလဲ”
ကျောက်ရွေ့သည် အမှန်တကယ်ပင် အသုံးမကျသော လူငယ်တစ်ဦး ဖြစ်သော်လည်း မျိုးရိုးဇစ်မြစ် ကောင်းမွန်သည်ကိုတော့ ဘယ်လိုမှ တား မရနိုင်ပေ။
ဘက်လိုက်တတ်သော မယ်တော်ကြီးကျောက်၏ ထောက်ခံမှု ရှိနေသဖြင့် ယုံကျားဧကရာဇ်သည်လည်း ကျောက်မိသားစုကို အတော်ပင် မျက်နှာသာ ပေးလျက်ရှိ၏။ ကျောက်ရွေ့သည် လူပုံက ပျင်းရိပျင်းတွဲနိုင်ပြီး လက်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း တော်ဝင်ကိုယ်ရံတော်တစ်ဦးအဖြစ် ဝင်ရောက် နေရာရနေခဲ့ရာ နန်းတွင်း မျက်နှာသာပေးမှု မည်မျှ ထူထဲသည်ကို မြင်နိုင်လေသည်။
အမတ်ကျင်းသည် ဝမ်းမြောက်ဝမ်းသာဖြင့် မင်္ဂလာကိစ္စကို သဘောတူလိုက်တော့သည်။ ကျောက်မိသားစုဘက်မှ မင်္ဂလာရက်ကို အလျင်အမြန် ပေးပို့ခဲ့ရာ လာမည့်နှစ် လေးလပိုင်းတွင် သတ်မှတ်လိုက်ကြသည်။ ချောင်ဝမ် လက်ထပ်မည့် နေ့နှင့် ရက်အနည်းငယ်မျှသာ ကွာခြားလေသည်။
လုမင်ယွိက မသိမသာ ခေါင်းညိတ်လိုက်သည်။ "ကျောက်စစ်(စတုတ္ထသခင်လေးကျောက်) အတွက်ပဲ နှမြောစရာ ကောင်းတယ်”
ရှန်းလန်သည် ထိုစကားကို ကြားရသောအခါ ပျော်ရွှင်သွားတော့သည်။ "နင် အရင်က ကျောက်စစ်ကိုတောင် ထိုးကြိတ်ခဲ့ဖူးတာ။ အခု ဘယ်လိုလုပ် ကျောက်စစ်အတွက် နှမြောနေရတာလဲ။ ကျင်းချန်အာက ဦးနှောက်မရှိ စိတ်ဓာတ်ဆိုး ပါးစပ်ကြမ်းတာလေးပဲ ရှိတာ။ တခြား ဘာမှ သိပ်မရှိပါဘူး”
လုမင်ယွိသည်လည်း ပျော်ရွှင်သွားသည်။ "နင် ခြုံငုံပြီး ပြောလိုက်တာ တကယ်ကို ပြောင်မြောက်ပြီး တိကျလှတယ်”
ဦးနှောက်မရှိ စိတ်ဓာတ်ဆိုး ပါးစပ်ကြမ်းတာ မဟုတ်လို့ ဘာလဲ။ တကယ် ပြောရရင် ကျင်းချန်အာက လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ အဲ့ဒီ စိတ်ဓာတ်နဲ့တင် ကျောက်ရွေ့တစ်ယောက် ခံစားရဖို့ လုံလောက်နေပါပြီ။
...
ချောင်ဝမ်နှင့် ကျင်းချန်အာတို့၏ မင်္ဂလာကိစ္စများသည် သမီးယောက်မတို့၏ ပါးစပ်ဖျားမှ စကားစမြည် ပြောဆိုစရာမျှသာ ဖြစ်ပြီး အဓိကအားဖြင့် လုအိမ်တော်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ လုအိမ်တော်အတွက် ယခုလက်ရှိ အရေးအကြီးဆုံးမှာ လုမင်ဟွား လက်ထပ်တော့မည့် မင်္ဂလာပွဲပင်။
နေ့ရက်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ၁၂လပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
လုမင်ဟွား လက်ထပ်မည့် မင်္ဂလာရက်မြတ်သည်လည်း လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။
လက်မထပ်မီ တစ်ညအလိုတွင် လုမင်ယွိသည် လုမင်ဟွား၏ အိပ်ဆောင်ခန်းသို့ သွားရောက်ခဲ့သည်။
ရှန်းလန်သည် လုမင်ဟွားကို စာအုပ်ငယ်တစ်အုပ် တိတ်တဆိတ် ထိုးထည့်ပေးလိုက်သည်။ လုမင်ဟွားက မျက်နှာ နီမြန်းလျက် လှမ်းယူလိုက်၏။ သည်အချိန်မှာပင် လုမင်ယွိက တံခါးတွန်းဖွင့်ကာ ဝင်ရောက်လာခဲ့သည်။
လုမင်ဟွားသည် ထိတ်လန့်သွားပြီး စာအုပ်ငယ်ကို ချက်ချင်း ခေါင်းအုံးအောက်သို့ ထိုးထည့်လိုက်လေသည်။
လုမင်ယွိသည် တစ်ချက်ကြည့်လိုက်သည်နှင့် မည်သို့သော ကိစ္စဖြစ်သည်ကို သိရှိလိုက်လေသည်။
အမျိုးသမီးများ လက်မထပ်မီတွင် ဤကဲ့သို့ အတွေ့အကြုံမျိုး အမြဲရှိတတ်၏။ လုအိမ်တော်တွင် အမျိုးသမီး အကြီးအကဲ မရှိပေ။ လုမင်ယွိသည်လည်း အိမ်ထောင် မပြုရသေးရာ အာ့စောင် အဖြစ် ရှိနေသော ရှန်းလန်က တိတ်တဆိတ် လာရောက်ပေးခြင်းသည်လည်း အလွန် နားလည်မှုရှိလှပေသည်။
လုမင်ဟွား၏ ချောမောလှပသော မျက်နှာလေးသည် ပိတ်နီတစ်စကဲ့သို့ နီမြန်းနေသည်ကို ကြည့်ရင်း လုမင်ယွိသည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်ပြီး မျက်နှာပေါ်တွင်တော့ မသိဟန်ဆောင်ကာ ပြုံးကာ ဆိုလိုက်သည်။ "အာ့စောင် နင်နဲ့ စန်းကျဲ ဘာတွေ ပြောနေကြတာလဲ”
ရှန်းလန်သည်လည်း မည်သည့်ကိစ္စမျှ မရှိသကဲ့သို့ ဟန်ဆောင်လျက် ပြုံးရွှင်စွာ ဆိုလိုက်၏။ "မနက်ဖြန်က မင်ဟွား လက်ထပ်မယ့် နေ့ကောင်းရက်သာပဲလေ။ ငါက သူ စိတ်လှုပ်ရှားနေမှာစိုးလို့ အထူးတလည် လာပြီး စကားပြောပေးနေတာ”
ထို့နောက် ထရပ်လိုက်သည်။ "နင်တို့ ညီအစ်မတွေ စကားပြောကြဦး။ ငါ အရင် ထွက်သွားလိုက်ဦးမယ်”
ရှန်းလန် ထွက်ခွာသွားသည်နှင့် အိပ်ဆောင်ခန်းထဲတွင် လုမင်ယွိနှင့် လုမင်ဟွား ညီအစ်မ ၂ ဦးသာ ကျန်ရစ်ခဲ့တော့သည်။
လုမင်ယွိသည် လုမင်ဟွား၏ နံဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ "စန်းကျဲ နင့်ရဲ့ အခု စိတ်ခံစားချက် ဘယ်လိုနေလဲ”
လုမင်ဟွား၏ ချောမောသော မျက်နှာလေးသည် အနည်းငယ် နီမြန်းသွားပြီး မျက်ဝန်းထဲတွင် ပီတိများ ပြည့်နှက်နေသည်။ "စစ်မေ့ မနက်ဖြန် လက်ထပ်ရမယ်ဆိုတာ တွေးမိလိုက်တာနဲ့ ငါ့နှလုံးသားက တဒိတ်ဒိတ် ခုန်နေတာ မရပ်တော့ဘူး။ ရှက်မကြောက်ဘဲ ပြောရရင် ငါ ဒီနေ့ကို အမြဲတမ်း မျှော်လင့်နေခဲ့တာ”
ဤသို့ ဆိုလိုက်ရင်း မျက်နှာသည် ပိုပြီး နီမြန်းလာခဲ့သည်။ "စစ်မေ့ နင် ငါ့ကို ရယ်ချင်ရင် စိတ်ကြိုက်သာ ရယ်လိုက်ပါတော့”
လုမင်ဟွားသည် စိတ်ထဲတွင် ကောင်းစွာ သိနေ၏။ လုမင်ယွိသည် ကျိုးလီကို တစ်ခါမှ သဘောကျခဲ့ခြင်း မရှိပေ။
လုမင်ယွိသည် နှလုံးသားထဲမှ ဖွဖွ သက်ပြင်းချလိုက်သော်လည်း မျက်နှာပေါ်မှ အပြုံးမှာမူတော့ ပုံမှန်အတိုင်းပင်။ "ကိုယ့်ချစ်ရသူနဲ့ လက်ထပ်နိုင်တာက မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ အပျော်ရွှင်ဆုံး ကိစ္စတစ်ခုပဲ။ စန်းကျဲ နင် လက်ထပ်ပြီးတဲ့နောက် ဘဝခရီး ချောမွေ့ပြီး အေးချမ်း ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
လုမင်ဟွား၏ မျက်ဝန်းအိမ်သည် အနည်းငယ် စိုစွတ်လာပြီး သူမ၏ ခေါင်းကို လုမင်ယွိ၏ ပခုံးပေါ်သို့ မှီတင်လိုက်သည်။ "စစ်မေ့ နင့်ကို ကျေးဇူးတင်ပါတယ်”
လုမင်ယွိသည် လုမင်ဟွား၏ ပခုံးကို ပွေ့ဖက်ထားလိုက်ရာ ညီအစ်မ ၂ ဦးသည် ခေါင်းချင်းဆိုင်လျက် တိတ်ဆိတ်စွာ အတူတကွ မှီထားလိုက်ကြလေသည်။ ဤကဲ့သို့ ညီအစ်မ ၂ ဦး၏ တိတ်ဆိတ်ငြိမ်သက်သော အတူရှိချိန်လေးသည် အများကြီး မကျန်တော့ပေ။
မနက်ဖြန်တွင် လုမင်ဟွားသည် ကျိုးမိသားစုသို့ လက်ထပ်ထွက်ခွာကာ ကျိုးမိသားစု၏ ချွေးမဖြစ်လာပေတော့မည်။
...
အပိုင်း (၁၃၅) လက်ထပ်ထွက်ခွာခြင်း
သမီးမိန်းကလေး လက်ထပ်ထွက်ခွာခြင်းသည် သားယောက်ျား ချွေးမယူခြင်းကဲ့သို့ စည်ကားသိုက်မြိုက်မှု မရှိလှပေ။
ဧည့်သည်တော်များဖြင့် ပြည့်လျှံနေခြင်းမှာ တူညီသော်လည်း သမီးဖြစ်သူက မင်္ဂလာဝေါယာဉ်ပေါ် တက်သွားသည်နှင့် ဧည့်သည်တော် အများစုသည်လည်း လူစုခွဲသွားကြလေသည်။ ထို့ကြောင့်ပင် စည်ကားမှုထဲတွင် နှမြောတသမှုနှင့် ဝမ်းနည်းမှု အငွေ့အသက် အနည်းငယ်တို့ အမြဲ ပါဝင်နေတတ်သည်။
သတို့သားဘက်မှ ကြိုဆိုရာတွင် သတို့သမီးဘက်မှ တစ်ကြိမ် နှစ်ကြိမ်မျှ အခက်တွေ့အောင် လုပ်ခြင်းမှာ သာမန်ကိစ္စဖြစ်ပြီး စည်ကား ပျော်ရွှင်ဖွယ်ရာ ကိစ္စတစ်ရပ်လည်း ဖြစ်ပေသည်။
မင်္ဂလာဝတ်စုံနီ တစ်ကိုယ်လုံး ဝတ်ဆင်ထားသော ကျိုးလီသည် အခက်တွေ့အောင် လုပ်ခံရမည်ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ ဟန်လင်းကျောင်းတော်မှ သူငယ်ချင်းကောင်း တချို့ကို အကူအညီပေးရန် အထူးတလည် ဖိတ်ခေါ်ခဲ့သေးသည်။ သို့သော် မထင်မှတ်ဘဲ ခြံဝင်းတံခါးဝသို့ ရောက်ရှိသောအခါ ပထမဆုံး အဆင့်မှာ ကာရန်တူ စကားလုံးများ ယှဉ်ပြိုင်ခြင်းလည်း မဟုတ် ကဗျာရွတ်ဆိုခြင်းလည်း မဟုတ်ခဲ့ပေ။
လုမင်ယွိသည် တံခါးဝတွင် ပြုံးရွှင်စွာ ရပ်လျက် ကြည်လင်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။ "စန်းကျဲဖူက စာပေကျမ်းဂန်တွေ နှံ့စပ်ပြီး ပညာရည် မြင့်မားတော့ ကဗျာစပ် ကာရန်ယှဉ်တာတွေက ပြောစရာတောင် မလိုပါဘူး။ ဒီတော့ ဒီနေ့ ကျွန်မက ကျဲဖူအတွက် ပြင်ဆင်ထားတာ စာပေစစ်ဆေးမှု မဟုတ်ဘဲ သိုင်းပညာ စစ်ဆေးမှုပါ။ ကျွန်မရဲ့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မှ ကျဲဖူ ခြံဝင်းထဲ ဝင်လို့ ရမှာ”
ထို့နောက် သူမ၏ နံဘေးရှိ ကျောက်စိမ်းတုံးကြီးကို လက်ညှိုးထိုးပြလိုက်လေသည်။ "လွယ်လွယ်လေးပါ။ စန်းကျဲဖူက ဒီကျောက်စိမ်းတုံးကို မလိုက်နိုင်ရင် ရပါပြီ”
ကျိုးလီ “...”
ထိုကျောက်စိမ်းတုံးသည် အလွန် ကြီးမားလှသည်တော့ မဟုတ်ပေ။ လူတစ်ရပ်၏ တစ်ဝက်ခန့် မြင့်ပြီး ပေါင် ၂၀၀ ၃၀၀ ခန့်လေးလောက်သည်။
ကျိုးလီသည် ခါးသီးစွာ ပြုံးလိုက်ပြီး အကြိမ်ကြိမ် လက်အုပ်ချီကာ အညံ့ခံလိုက်သည်။ "စစ်မေ့လေးရယ် ကျဲဖူကို ဒီတစ်ခါတော့ သက်ညှာပေးပါဦးကွာ။ ကျဲဖူမှာ တကယ် ဒီလောက် အားမရှိလို့ပါ”
သူ၏ အားအင်ဖြင့် တစ်ကိုယ်လုံးရှိ အားအင်ကို အသုံးပြုလိုက်ပါက ကျောက်စိမ်းတုံးကို မရမက ပွေ့မ နိုင်ပေလိမ့်မည်။ သို့သော် မင်္ဂလာရှိသော နေ့မြတ်ရက်မြတ်တွင် သူသည် အမှန်တကယ် အကျိုးနည်း ပုံဆိုးပန်းဆိုး မဖြစ်လိုပေ။
လုမင်ယွိက ပြုံးရွှင်လျက် အလွန် သဘောကောင်းသော အမူအရာဖြင့် ပြောလိုက်၏။ "ပထမအဆင့်ကိုတောင် ကျဲဖူက မကျော်နိုင်ဘူးဆိုရင်တော့ ကျွန်မက ကျဲဖူကို အထဲ ဝင်ခွင့်ပြုလို့ မဖြစ်တော့ဘူးလေ”
လုမင်ယွဲ့နှင့် လုရွှမ်းတို့က "ယိုးယိုး" ဟု အော်ဟစ်ကာ အားဖြည့်ပေးကြသည်။
ဘေးမှ ပျော်ပွဲဆင်နွှဲနေသော လူအများသည်လည်း တညီတညွတ်တည်း ရယ်မောလိုက်ကြသည်။
ကျိုးလီသည် လက်သီးဆုပ် အရိုအသေပြုလိုက် ဦးညွှတ် အရိုအသေပြုလိုက်ဖြင့် ကောင်းသော စကားမှန်သမျှကို အကုန် ပြောဆိုလေတော့သည်။
လုမင်ယွိသည် ထိုအခါမှသာ အေးဆေးသက်သာစွာဖြင့် သူမ၏ လက်စကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး အနည်းငယ် ကိုယ်ကို ညွှတ်ကာ လက်တစ်ဖက်တည်းဖြင့် ကျောက်စိမ်းတုံးကို မတင်လိုက်သည်။ လူအများ၏ အံ့ဩထိတ်လန့်သံများ ကြားတွင် ကျောက်စိမ်းတုံးကို ရွှေ့ပြောင်းကာ ဘေးတွင် ချထားလိုက်လေသည်။
ဝိုင်းဝန်း ကြည့်ရှုနေသူ အများစုမှာ လုအိမ်တော်၏ ဆွေမျိုးမိတ်သင်္ဂဟများ ဖြစ်ကြရာ ချက်ချင်းပင် တညီတညွတ်တည်း အားပေး အော်ဟစ်လိုက်ကြသည်။
ဘေးတွင် ရပ်နေသော လီကျင့်၏ အပြုံးရိပ်သန်းနေသော မျက်ဝန်းများသည် လုမင်ယွိ၏ လန်းဆန်းတက်ကြွနေသော ချောမောလှပသည့် မျက်နှာလေးပေါ်တွင် အဆက်မပြတ် ကျရောက်လို့နေသည်။
ကျန်းကျုံးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ "စစ်မေ့ရဲ့ ခွန်အားက အံ့မခန်းပဲ။ အရှင်မင်းသား စိတ်ထဲမှာ ထိတ်လန့်မနေဘူးလား” ဤကဲ့သို့သော ဇနီးမျိုးကို လက်ထပ်ရယူသွားပါက ခင်ပွန်း၏ သြဇာအာဏာကို ထိန်းသိမ်းရန် ခက်ခဲလှပေလိမ့်မည်။
လီကျင့်ကတော့ သက်သောင့်သက်သာ ပြုံးလိုက်၏။ "ကျွန်တော်က နေ့ရက်တွေ ပိုမြန်မြန် ကုန်သွားပြီး ရှောင်ယွိကို စောစောစီးစီး အိမ်ပေါ်ခေါ်တင်နိုင်ဖို့ပဲ မျှော်လင့်နေတာ”
ကျန်းကျုံးသည် ဟားတိုက် ရယ်မောလိုက်လေသည်။
လီကျင့်နှင့် လုမင်ယွိတို့ စေ့စပ်ပြီးသည့် နောက်ပိုင်းတွင် သူသည် လုအိမ်တော်သို့ မကြာခဏ လာရောက်လည်ပတ်ရာ ကျန်းကျုံးနှင့်လည်း ပိုမို ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ကျန်းကျုံးသည် စစ်စခန်းထဲတွင် ကြီးပြင်းလာသူ ဖြစ်ပြီး လူက ပွင့်လင်းကာ စကားပြောရာတွင်လည်း ဟာသဉာဏ် ရှိ၏။ လီကျင့်က သည်ယောက်ဖလောင်း အပေါ် အလွန်အထင်ကြီးပြီး အဆက်အဆံ များများ ပြုလုပ်ရန်လည်း လိုလားခဲ့သည်။
သို့သော် ကျိုးလီနှင့် မျက်နှာချင်း ဆိုင်ရချိန်တွင်တော့ လီကျင့်သည် ထိုမျှ သဟဇာတ ဖြစ်မနေဘဲ အမြဲတမ်း အေးတိအေးစက် နိုင်လှသည်။
ယနေ့သည် ကျိုးလီနှင့် လုမင်ဟွားတို့ လက်ထပ်သည့် နေ့မြတ်ရက်မြတ် ဖြစ်ရာ လုမင်ယွိသည်လည်း ကျိုးလီကို အလွန်အကျွံ အခက်တွေ့အောင် မလုပ်ခဲ့ပေ။ လီကျင့်သည်လည်း ဘေးတွင် ရပ်လျက် ပျော်ပွဲကို ကြည့်ရှုနေရုံသာ ဖြစ်၏။
ပထမအဆင့်ကို ကျော်ဖြတ်ပြီးနောက် နောက်တွင် ဒုတိယအဆင့်၊ တတိယအဆင့်... တို့ ရှိသေးသည်။ ပုံစံများမှာ များပြားလှပြီး အလွန်အမင်း အကြံအဖန်များလှလေသည်။
အလွန် အေးမြသော နေ့ရက်ကြီးတွင် သတို့သား ကျိုးလီမှာ စိတ်လှုပ်ရှားလွန်းကာ ချွေးများပင် ထွက်လာခဲ့သည်။
၄ နာရီခန့် ကြာအောင် ဆူညံဆော့ကစားပြီးမှ ကျိုးလီသည် အိပ်ဆောင်ခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
လုမင်ဟွားသည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်လျက် အနီရောင် ခေါင်းလွှမ်းပဝါကို ဆောင်းထားပြီး တည်ငြိမ်စွာ ထိုင်နေလေသည်။
ကျိုးလီ၏ နှလုံးသားသည် နွေးထွေးသွားပြီး ရှေ့သို့ ခြေလှမ်းကျဲများဖြင့် တိုးသွားသည်။ သူက လုမင်ဟွား၏ လက်ကို မထိတွေ့နိုင်မီမှာပင် မင်္ဂလာပွဲ ဦးဆောင်သူ အမျိုးသမီးက ပြုံးလျက် ရောက်ရှိလာပြီး အနီရောင် မင်္ဂလာပိုးစကို သူ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ "သတို့သား နဲ့ သတို့သမီးတို့ အတူတူ ပင်မခန်းမဆောင်ကို ကြွပြီး လူကြီးတွေကို နှုတ်ဆက် ဂါရဝပြုပါရှင်”
...
ဇနီးမောင်နှံ သစ်တစ်စုံသည် အတူတကွ ဒူးထောက်လိုက်ပြီး တလေးတစားဖြင့် ၃ ကြိမ်တိုင်တိုင် ဦးချ အရိုအသေပြုကြသည်။
လုလင်းက ပြုံးကာဖြင့် လုမင်ဟွားကို မှာကြားလိုက်သည်။ "ကျိုးမိသားစုကို ရောက်သွားပြီးရင် ယောက္ခမတွေကို ရိုသေ။ ခင်ပွန်းသည်ကို ပြုစုလုပ်ကျွေးရမယ်။ ကျိုးမိသားစုအတွက် မျိုးဆက်သစ်ကို စောစောစီးစီး မွေးဖွားပေးပါ” ခဏလောက် ရပ်တန့်ပြီးနောက် ထပ်မံ ဆိုလိုက်လေသည်။ "အနိုင်ကျင့်ခံရရင်လည်း စိတ်ထဲမှာပဲ မြိုသိပ်ထားပြီး မပြောဘဲ မနေနဲ့။ ယိဖုက မင်းအတွက် အားလုံး တာဝန်ယူပေးမှာ”
ကျိုးလီ “...”
ကျိုးလီက ချက်ချင်းပင် သူ၏ စိတ်ရင်းကို ဖော်ပြလိုက်သည်။ "ယွဲ့ဖု စိတ်ချပါ။ ကျွန်တော် မင်ဟွားကို သေသေချာချာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်။ သူ့ကို နည်းနည်းလေးတောင် အနိုင်ကျင့် မခံစေရပါဘူး”
ကျယ်လောင်သော ဗြောက်အိုးဖောက်သံများ ကြားတွင် လုမင်ဟွားသည် ကျိုးမိသားစု၏ မင်္ဂလာဝေါယာဉ်ပေါ်သို့ တက်ရောက်သွားခဲ့သည်။ သတို့သမီး ကြိုဆိုရေး အဖွဲ့သည် တီးမှုတ်သီဆိုကာ စည်ကားသိုက်မြိုက်စွာဖြင့် သတို့သမီးကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြလေသည်။
လုလင်းသည် မူလက နှလုံးသားထဲတွင် ပီတိများဖြင့် ပြည့်လျှံနေခဲ့သော်လည်း ဤအချိန်သို့ ရောက်သောအခါ စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ခံစားရ ခက်ခဲလာတော့သည်။
အာ.. ဟိုတုန်းက လုမင်ဖန်း လက်ထပ်ထွက်ခွာသွားစဉ်ကလည်း သူသည် ဤကဲ့သို့သော စိတ်ခံစားချက်ပင် ဖြစ်ခဲ့ရသည်ပင်။
ဂရုတစိုက် ကျွေးမွေးပြုစုခဲ့သော သမီးလေးသည် ဤသို့ပင် ကောင်ဆိုးလေးတစ်ယောက်၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။ ထပ်မံ တွေးကြည့်မိသောအခါ နောက် ၂ လ ကြာလျှင် ရှောင်ယွိသည်လည်း လက်ထပ်ထွက်ခွာရတော့မည်။ လုလင်း၏ စိတ်အခြေအနေသည် ပိုလို့ပင် စိတ်ညစ်ညူးသွားလေသည်။
"အဖေ" ရင်းနှီးသော အသံတစ်ခုသည် နားနံဘေးတွင် ထွက်ပေါ်လာသည်။ "သတို့သမီး ကြိုတဲ့အဖွဲ့ သွားတာ ဝေးလှပြီ။ သမီးတို့ အိမ်တော်ထဲ ပြန်ကြရအောင်”
လုလင်းသည် ခေါင်းလှည့်ကာ လုမင်ယွိကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။ "သမီးကို အိမ်ထောင်ချပေးရတဲ့ အရသာက တကယ် ခံစားရ ခက်တာပဲ”
နေ့စဉ်တွင် ဟာသဉာဏ်ရှိ အရွှန်းဖောက်တတ်ပြီး ပွင့်လင်းသော စိတ်ထား ရှိသည့် လုလင်းသည် ရုတ်တရက် အလွန်အမင်း ခံစားလွယ်သူ ဖြစ်လာတော့သည်။
လုမင်ယွိလည်း စိတ်မကောင်းသလို ခံစားလိုက်ရပြီး လုလင်း၏ လက်မောင်းကို ဆွဲကိုင်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်ရသည်။ "အဖေက စန်းကျဲကို မခွဲနိုင် မခွာရက် ဖြစ်နေရင် နောက်ဆို စန်းကျဲကို မိဘအိမ် ခဏခဏ ပြန်လာ နေခိုင်းလိုက်ပေါ့”
ကျိုးမိသားစုသည် သာမန်အိမ်ထောင်စုငယ်လေး ဖြစ်ရာ ချွေးမဖြစ်သူကို အလွန်အကျွံ တင်းကျပ်ထားမည် မဟုတ်ဘဲ မိဘအိမ်သို့ ပြန်လာ နေခိုလိုပါက ကိစ္စမရှိပေ။ နောင်တွင် လုမင်ယွိသည် တော်ဝင်မိသားစုထဲသို့ မင်းသားကြင်ရာတော်အဖြစ် လက်ထပ်ဝင်ရောက်ရမည် ဖြစ်ရာ မည်သို့များ မိဘအိမ်သို့ လွယ်လင့်တကူ ပြန်လာနိုင်မည်နည်း။
လုလင်းသည် သမီးဖြစ်သူကို တိတ်ဆိတ်စွာ တစ်ချက် ကြည့်လိုက်ပြီး မည်သည့်စကားမှ ဆိုမလာခဲ့ပေ။
လီကျင့်သည် မည်သည့်အချိန်က အနားသို့ တိုးကပ်လာသည် မသိ လေသံတိုးတိုးဖြင့် ရယ်မောလိုက်လေသည်။ "နောက်ဆို ကျွန်တော်နဲ့ ရှောင်ယွိ လက်ထပ်ပြီးတဲ့အခါ ကျွန်တော် ရှောင်ယွိနဲ့အတူတူ လုအိမ်တော်ကို လိုက်ပြန်ခဲ့မယ်။ အဲ့ဒီအချိန်ကျရင် ယွဲ့ဖုက ကျွန်တော် ခဏခဏ လာလွန်းတယ်လို့ မငြိုငြင်လိုက်ပါနဲ့”
ယောက္ခမ ဖြစ်သူအဖို့ အနာဂတ် သမက်လောင်းထံမှ ဤကဲ့သို့သော စကားကို ကြားရသောအခါ ဝမ်းမြောက်ကြည်နူးခြင်း မဖြစ်ဘဲ အဘယ်မှာ နေပါမည်နည်း။
လုလင်း၏ အနည်းငယ်မျှသော ဝမ်းနည်းမှုသည် ချက်ချင်းပင် မီးခိုးငွေ့များ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး ပြုံးလျက် ဆိုလိုက်သည်။ "ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ ခဏခဏ ပြန်လာမှ ပိုကောင်းတာပေါ့”
ကျန်းကျုံးက မျက်နှာပြောင်တိုက်ကာ အနားသို့ တိုးကပ်လာသည်။ "အရင်တုန်းက ယွဲ့ဖုက ကျွန်တော့်လို သမက်ကြီးကို အကြိုက်ဆုံးပဲ။ အခုတော့ စန်းဖူမေ့နဲ့ အရှင်မင်းသား ရှိလာပြီဆိုတော့ ကျွန်တော် မျက်နှာသာပေးခံရမှု လျော့သွားတော့မှာပဲ”
လီကျင့်က ပြုံးလိုက်ပြီး မျက်စောင်း တစ်ချက် ထိုးလိုက်သည်။ "သာ့ကျဲဖူက ယွဲ့ဖုကို နှစ်ပေါင်းများစွာ ရိုသေပြုစုခဲ့ပြီးပြီပဲ။ ကျွန်တော့်လို သမက်သစ်ကိုလည်း မျက်နှာလုပ်ခွင့်လေး နည်းနည်း ပေးပါဦး”
လုလင်းသည် ထိုစကားကြောင့် တဟားဟား ရယ်မောလေတော့သည်။
လုမင်ယွိသည် လီကျင့်ကို တိတ်တိတ်လေး တစ်ချက် ကြည့်လိုက်၏။
တကယ် မထင်ထားဘူး။ လီကျင့်က ဒီလောက်တောင် မျက်နှာလုပ် မြှောက်ပင့်တတ်တာ စကားတစ်ခွန်းနဲ့ အဖေ့ကို ပျော်ရွှင်သွားအောင် ချော့မော့လိုက်နိုင်တယ်။
လီကျင့်သည် လုမင်ယွိ၏ အကြည့်ကို သိရှိသွားဟန်တူပြီး လျင်မြန်စွာ ခေါင်းလှည့်လာကာ လုမင်ယွိကို ခပ်ဖွဖွ ပြုံးပြလိုက်သည်။
...
၂ ရက် ကြာသောအခါ ဇနီးမောင်နှံသစ်လေးသည် ဇနီး၏အိမ်သို့ အလည်ပြန်လာခဲ့သည်။
လုမင်ဟွား၏ လှပသော မျက်ဝန်းများသည် ရေကဲ့သို့ ကြည်လင်နေပြီး မျက်နှာလေးမှာ မက်မွန်ပန်းသဖွယ် နီမြန်း နေကာ ရှက်သွေးဖြာလျက် ဆွဲဆောင်မှု ရှိလှသည်။ ကျိုးလီသည် ဇနီးသစ်အပေါ် နွေးထွေးကြင်နာ ဂရုစိုက်လှပြီး လုမင်ဟွားနှင့် မကြာခဏ အကြည့်ချင်းဆုံကာ ပြုံးလိုက်မိကြသည်။
လုရွှမ်းသည် သူ၏ လက်မောင်းပေါ်မှ ကြက်သီးမွေးညင်းများကို တိတ်တဆိတ် ပွတ်သပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။ "တကယ် ကြည့်ရဆိုးလိုက်တာ”
လုမင်ယွဲ့က ပြုံးကာ သူ့နားရွက်ကို ဆွဲလိမ်လိုက်ပြီး "နောက်ပိုင်း နင် မိန်းမ ရတဲ့ အချိန်ကျရင်လည်း ဒီအတိုင်းပဲ ဖြစ်မှာပါ”
လုရွှမ်းက ဝင့်ကြွားစွာဖြင့် ပြောလေသည်။ "ကျွန်တော်က မိန်းမ ယူချင်တာ မဟုတ်ဘူး။ နောက်ဆို ကျွန်တော်က လက်ထောက်စုံစမ်းရေးမှူး လုပ်ပြီး အမှုတွေ လိုက်စစ်ဆေးမှာ။ အရမ်း အလုပ်ရှုပ်နေမှာ။ မိန်းမယူ သားမွေးဖို့ ဘယ်မှာ အချိန်ရှိမှာလဲ”
ဤစကားတစ်ခွန်းကြောင့် လူအားလုံးကို ရယ်မောသွားစေခဲ့သည်။
လုမင်ယွိ တစ်ယောက်တည်းသာ မျက်ဝန်းအကြည့်တို့ အနည်းငယ် မှောင်ကျသွားခဲ့သည်။
အရင်ဘဝကလည်း မွေးစားအစ်ကို လုဖေးက တစ်သက်လုံး အိမ်ထောင်မပြုခဲ့ဘူး။ လျို့တိ လုရွှမ်းက ရာဇဝတ်မှုဌာနထဲ ဝင်ပြီး အမှုထမ်းတယ်။ နေ့ရောညပါ အလုပ်ရှုပ်နေပြီး အိမ်ထောင်ပြုဖို့လည်း နောက်ကျခဲ့တယ်။ နောက်ပိုင်းကျတော့ လုရွှမ်းက မတော်တဆ ခြေထောက်တစ်ဖက် ဒဏ်ရာရသွားပြီး စိတ်နေစိတ်ထားက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး မိန်းမ ယူဖို့ ပိုလို့တောင် မလိုလားတော့ဘူး။
သူမ မျက်စိ မှိတ်သွားတဲ့အထိ ညီအစ်ကို ၂ ယောက်က လူပျိုကြီးတွေ ဖြစ်နေတုန်းပဲ။
ဒီဘဝမှာတော့ လုဖေးက ရှန်းလန်ကို လက်ထပ်ခဲ့ပြီ။ လုရွှမ်းလည်း စောစောစီးစီး အိမ်ထောင်ပြုမှ ဖြစ်မယ်။
လုရွှမ်းသည် ရုတ်တရက် နားရွက် အနည်းငယ် ယားယံလာသည်ကို ခံစားလိုက်ရပြီး သူ၏ နားရွက်ကို အားဖြင့် ပွတ်သပ်လိုက်သည်။ "ဟမ်။ တစ်ယောက်ယောက်ကများ ငါ့ကို ကျိန်ဆဲနေတာလား။ ငါ့နားရွက်က ဘယ်လိုဖြစ်လို့ ဒီလောက် ယားနေရတာလဲ”
...