အခန်း (၂၄၁-၂၄၂)
Vol. 18 Ch. 241-242
အခန်း (၂၄၁) - ဆင်းရဲသားရပ်ကွက်မှ ထွက်ပြေးခြင်းနှင့် ဘေးဒုက္ခကို ရှောင်လွှဲခြင်း။
ထိုအချိန်တွင် ယွန်လိုင်းမြို့၊ မြို့စားအိမ်တော်၌...
ဒုတိယမြို့စား မြောင်ဟေယန် နှင့် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အမြောက်အမြား စုဝေးရောက်ရှိနေကြသည်။
"နောင်တော်မြောင်... လင်းရှီးလျှို့ဝှက်နယ်မြေ ပွင့်လာပြီ။ ကျွန်တော်တို့ ဘယ်အချိန် ထွက်ကြမလဲ"
အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦးက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။ အကြောင်းမှာ လင်းရှီးလျှို့ဝှက်နယ်မြေ အတွင်း၌ ဝိညာဉ်ဆေးပင် အမြောက်အမြား ရှိနေနိုင်သောကြောင့်ပင်။
အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက်ပင်လျှင် ထိုဝိညာဉ်ဆေးပင်များသည် အလွန် တန်ဖိုးရှိလှသည်။ လျှို့ဝှက်နယ်မြေ ပွင့်ချိန်တိုင်းသည် ယွန်လိုင်းမြို့ရှိ အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် ပွဲတော်တစ်ခုလိုပင် ဖြစ်သည်။
"ဒီတစ်ခေါက် ငါတို့ ဘယ်မှမသွားဘူး၊ ယွန်လိုင်းမြို့ထဲမှာပဲ ပုန်းနေကြမယ်"
"မင်းတို့ မေ့နေကြပြီလား။ ဖေးလျန်အရှင်သခင်က ငါတို့ ယွန်လိုင်းမြို့ကို အမြဲတမ်း မျက်စိကျနေတာလေ။ အဆင့် (၃) အစီအရင်ရဲ့ စွမ်းအားရှိနေလို့သာ ဖေးလျန်အရှင်သခင်ကို တားဆီးထားနိုင်တာ"
"ဒါပေမဲ့ မြို့ထဲက ထွက်လိုက်တာနဲ့ ငါတို့ သေချာပေါက် သေရလိမ့်မယ်" ဟု မြောင်ဟေယန်က သက်ပြင်းချကာ ပြောလိုက်သည်။
သူသည်လည်း လင်းရှီးလျှို့ဝှက်နယ်မြေသို့ သွားရောက်လိုသည်မှာ သဘာဝပင်။
ထိုလျှို့ဝှက် ကမ္ဘာငယ်လေးထဲတွင် ဝိညာဉ်ဆေးပင် အမြောက်အမြား ရှိနေသည်ကို အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတိုင်းက မျက်စိကျနေကြရသည်။
သို့သော် ယနေ့သည် အတိတ်နှင့် မတူတော့ပေ။ ယွန်လိုင်းအရှင်သခင်သည် သန္ဓေတည် ဝိညာဉ်ဂူဗိမ္မာန် အတွင်း၌ ပိတ်မိနေပြီး အချိန်အကြာကြီး လွတ်မြောက်လာနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ယွန်လိုင်းမြို့၏ အခြေကို သိမ်းပိုက်လိုသော ဖေးလျန်အရှင်သခင်ကလည်း စောင့်ကြည့်နေသည်။ ယွန်လိုင်းမြို့၏ ဒုတိယမြို့စားအနေဖြင့် သူသည် ဤနေရာမှ ထွက်ခွာသွား၍ မဖြစ်နိုင်ပေ။ ထွက်သွားသည်နှင့် သေလမ်းသာ ရှိတော့သည်။
"ဒါပေမဲ့ ဒီလိုဆိုရင် လေလွင့်ကျင့်ကြံသူတွေ လင်းရှီးလျှို့ဝှက်နယ်မြေထဲ ဝင်ပြီး ဝိညာဉ်ဆေးပင်တွေကို လုယူသွားတာကို ဒီအတိုင်း ကြည့်နေရတော့မှာလား" ဟု ကျင့်ကြံသူတစ်ဦးက မကျေမနပ် ပြောလိုက်သည်။
လင်းရှီးလျှို့ဝှက်နယ်မြေ အတွင်းရှိ နှစ်တစ်ရာသက်တမ်း၊ နှစ်ရာချီသက်တမ်းရှိသော ဝိညာဉ်ဆေးပင်များကို လေလွင့်ကျင့်ကြံသူများက ဖြုန်းတီးပစ်ကြမည့်အရေးကို တွေးပြီး သူ ရင်နာနေမိသည်။
ယွန်လိုင်းမြို့ရှိ ကျင့်ကြံသူများအတွက်မူ လင်းရှီးလျှို့ဝှက်နယ်မြေသည် သူတို့၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်နေသည်မှာ ကြာခဲ့ပေပြီ။ ပြင်ပလူများကို ထိတွေ့ခွင့် မပေးလိုကြပေ။
သို့သော် ဖေးလျန် အရှင်သခင်၏ ခြိမ်းခြောက်မှုအောက်တွင် သူတို့ သတိထားရပေမည်။ ရတနာက ကောင်းမွန်သော်လည်း ခံစားစံစားနိုင်ဖို့ အသက်ရှိရန် လိုသေးသည် မဟုတ်ပါလား။
"မိုက်မဲလိုက်တာ"
"ကိုယ့်အသက်နဲ့ ယှဉ်လိုက်ရင် ဝိညာဉ်ဆေးပင် ဆိုတာ ဘာမှမဟုတ်ဘူး"
"လင်းရှီးလျှို့ဝှက်နယ်မြေ က ဒီနေရာမှာပဲ ရှိနေတာကို၊ ထွက်ပြေးသွားတာမှ မဟုတ်တာ။ ဒီတစ်ခေါက် လွဲသွားရင် နောက်ထပ် အနှစ် ၅၀ စောင့်လိုက်ပေါ့။ ဘာလို့ လောနေကြတာလဲ"
"ယွန်လိုင်းမြို့ရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပဲ။ ဆရာသခင် သန္ဓေတည် ဝိညာဉ်ဂူဗိမ္မာန်ကနေ ပြန်မလာမချင်း ငါ ယွန်လိုင်းမြို့ကနေ ထွက်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ မင်းတို့ လက်မလွှတ်နိုင်ဘူးဆိုရင်တော့ လင်းရှီးလျှို့ဝှက်နယ်မြေကို သွားချင်လည်း သွားကြလေ။ ငါ မတားပါဘူး" ဟု မြောင်ဟေယန်က လေးနက်စွာ ပြောလိုက်သည်။
သူသည် လင်းရှီး လျှို့ဝှက်နယ်မြေကို ယာယီ စွန့်လွှတ်လိုက်ရန် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။
ဤဆုံးဖြတ်ချက်ကြောင့် ယွန်လိုင်းမြို့အနေဖြင့် အကျိုးအမြတ်များစွာ ဆုံးရှုံးရမည်ကို သိသော်လည်း ယွန်လိုင်းမြို့၏ လုံခြုံရေးသည်သာ အရေးအကြီးဆုံး ဖြစ်သည်။ ဤမြို့ကို ထိန်းချုပ်ထားနိုင်သမျှ ကာလပတ်လုံး လင်းရှီးလျှို့ဝှက်နယ်မြေသည် သူတို့လက်အောက်၌သာ ရှိနေဦးမည် ဖြစ်သည်။
ခဏတာ အကျိုးအမြတ်အတွက်နှင့် ယွန်လိုင်းမြို့ကို လက်လွတ်လိုက်ရပါက သူသည် သမိုင်းတွင် အပြစ်ရှိသူ ဖြစ်သွားပေလိမ့်မည်။
"ကောင်းပါပြီ နောင်တော်မြောင်"
ထိုစကားကို ကြားသောအခါ အခြား ကျင့်ကြံသူများလည်း သဘောပေါက်သွားကြသည်။ မြောင်ဟေယန် ပြောသည်မှာ မှန်ကန်ကြောင်း သူတို့ သိကြသည်။
မြို့ပြင်တွင် သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်လိုမျိုး ရွှေအမြုတေ အရှင်သခင်တစ်ပါး ရှိနေသည် မဟုတ်ပါလား။ သူတို့သာ ထွက်သွားလိုက်ပါက "ခွေးကို အသားပေါက်စီ ကျွေးလိုက်သလို" ပြန်လမ်း မဲ့သွားပေလိမ့်မည်။
ယခုတော့ လေလွင့်ကျင့်ကြံသူများကို အခွင့်အရေး ပေးလိုက်ရုံသာ ရှိတော့သည်။
ထိုအချိန်တွင် ကျန်းဖန်၏ နေအိမ်၌…
ဝုန်း…
ကျန်းဖန်သည် သူ၏ ခန္ဓာကိုယ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူ၏ 'မိန်' နှင့် 'ချီပင်လယ်' အတွင်းရှိ နိမိတ်ဖတ်အင်းသည် စတင် တုန်ခါလာကာ ဖျော့တော့သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။ အင်းကွက်ပေါ်ရှိ အင်းစာလုံးများသည်လည်း ပိုမို ရှုပ်ထွေးနက်နဲလာသည်။
သူ၏ နိမိတ်ဖတ်အင်းသည် 'အစပြုအဆင့်' မှ 'ကျွမ်းကျင်အဆင့်' သို့ တိုးတက်သွားပြီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ဤအသက်သွေးကြောအင်းသည် အလွန်ထူးခြားသည်။ ကံကောင်းခြင်း အမှတ်များကို အသုံးပြု၍ အဆင့်မြှင့်တင်၍ မရပေ။ နိမိတ်ဖတ်အင်း၏ စွမ်းအားကို မကြာခဏ အသုံးပြုပြီး 'ကံကြမ္မာစွမ်းအား 'အမြောက်အမြားကို သုံးစွဲမှသာ ၎င်း၏ ကျွမ်းကျင်မှုအဆင့် မြင့်တက်လာမည် ဖြစ်သည်။
ဤရက်ပိုင်းအတွင်း သူသည် ဤအင်းကို မရပ်မနား အသုံးပြုခဲ့သဖြင့် နောက်ဆုံးတွင် 'ကျွမ်းကျင်အဆင့်' သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤအင်း၏ စွမ်းအားသည် ယခင်ကနှင့် လုံးဝ မတူတော့ဘဲ ကွဲပြားခြားနားသွားကြောင်း သူ ချက်ချင်း သတိထားမိလိုက်၏။
သတင်းအချက်အလက် စီးကြောင်းတစ်ခုသည် ကျန်းဖန်၏ အသိစိတ်အာရုံထဲသို့ ချက်ချင်း စီးဝင်လာသည်။
"သင့်ကျင့်ဖော်ကို ခေါ်ဆောင်၍ လင်းရှီးလျှို့ဝှက်နယ်မြေသို့ သွားရောက်ခြင်း - အလွန် ကံကောင်းသည်။"
"ယွန်လိုင်းမြို့မှ ထွက်ခွာ၍ သားရဲတစ်သောင်း တောင်တန်း အတွင်းပိုင်းသို့ ဝင်ရောက်ခြင်း - သာမန် ၊ ကောင်းကျိုးဆိုးကျိုး မရှိ၊ မည်သည့်အရာမျှ မရနိုင်။"
"ဆင်းရဲသားရပ်ကွက်၌ ဆက်လက် နေထိုင်၍ ကျင့်ကြံခြင်း - အလွန် ကံဆိုးသည်။"
"ဘာ..."
ကျန်းဖန် ပထမဆုံး သတိထားမိလိုက်သည်မှာ ယခင်ကနှင့် ယှဉ်လျှင် နိမိတ်ဖတ်အင်းသည် အချက်အလက်များကို ပိုမိုပေးစွမ်းနိုင်လာခြင်း ဖြစ်သည်။ ယခင်က ဤအင်းကို နှိုးဆွမှသာ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကို ရိုးရှင်းစွာ ဟောကိန်းထုတ်နိုင်ခဲ့သည်။
သို့သော် ယခုအခါ ဘေးဒုက္ခတစ်ခု နီးကပ်လာသည်နှင့် နိမိတ်ဖတ်အင်းသည် အလိုအလျောက် အလုပ်လုပ်ပြီး သူ့ကို ကြိုတင်သတိပေးချက် ပေးပို့လာ၏။
အမှန်တကယ်တော့ ဤအချက်သည် အလွန် အရေးကြီးလှသည်။ တစ်ခါတစ်ရံတွင် လူတစ်ဦးသည် ကိစ္စရပ်များ၌ ပါဝင်ပတ်သက်နေချိန်တွင် ဘေးဒုက္ခ ရောက်လာသည်ကို မသိလိုက်ဘဲ ဖြစ်တတ်သည်။ ဘေးဒုက္ခသည် တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ မည်သည့်အရာမျှ သတိမထားမိဘဲ ဖြစ်နေတတ်သည်။
အကယ်၍ ထိုသို့သာ ဖြစ်နေပါက တစ်နေ့တွင် ဘေးဒုက္ခအောက်၌ သေဆုံးသွားနိုင်ပေသည်။ သူသည် အချိန်တိုင်း ဘေးဒုက္ခကို ကြိုတင်မြင်နိုင်၊ ရှောင်လွှဲနိုင်သည် မဟုတ်ပေ။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ။ နိမိတ်ဖတ်အင်း၏ စွမ်းအား မြင့်တက်လာမှုကြောင့် အလိုအလျောက် သတိပေးနိုင်စွမ်း ရှိလာခဲ့သည်။ ဤနည်းဖြင့် သူ၏ လုံခြုံရေးကို များစွာ မြှင့်တင်ပေးနိုင်လိမ့်မည်။
သံသယဖြစ်စရာ မလိုပါ။ ဤသည်မှာ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကို ကြိုတင် ဟောကိန်းထုတ်ခြင်းပင် ဖြစ်သည်။
"မမျှော်လင့်ဘဲ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း ဟောကိန်းသုံးခု တပြိုင်နက် ပေါ်လာတယ်"
"ဆင်းရဲသားရပ်ကွက်မှာ ဆက်နေပြီး ကျင့်ကြံတာက အရမ်း ကံဆိုးတဲ့ နိမိတ် ဖြစ်နေတာလား"
"အနာဂတ်ကျ ဆင်းရဲသားရပ်ကွက် မှာ ဘေးဒုက္ခတစ်ခုခု ကျရောက်တော့မှာလား"
ကျန်းဖန်သည် မျက်လုံးကို မှေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မည်သို့ပင် ကြည့်စေကာမူ အနာဂတ်တွင် ဆင်းရဲသားရပ်ကွက်၌ အန္တရာယ်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့သောကြောင့် ဖြစ်သည်။ ယခင်က နိမိတ်ဖတ်အင်းကို အသုံးပြုခဲ့စဉ်ကပင် ဆင်းရဲသားရပ်ကွက်၌ နေထိုင်ခြင်းသည် ဘေးကင်းသည်ဟု ပြသခဲ့သည် မဟုတ်ပါလား။
……
အခန်း (၂၄၂) - ဆင်းရဲသားရပ်ကွက်မှ ထွက်ပြေးခြင်းနှင့် ဘေးဒုက္ခကို ရှောင်လွှဲခြင်း။
သို့သော်လည်း လောကကြီး၏ အပြောင်းအလဲမှာ အမြဲတမ်း တက်ကြွလှုပ်ရှားနေသည် မဟုတ်ပါလား။
ယခင်က ဆင်းရဲသားရပ်ကွက်၌ နေထိုင်ခြင်းသည် ဘေးကင်းခဲ့သော်လည်း ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ မသိနိုင်သော နေရာတစ်ခုတွင် ကြီးမားသော အကျပ်အတည်းတစ်ခု စတင်အုံကြွနေခြင်းလည်း ဖြစ်နိုင်သည်။
ဤသည်မှာ ကျင့်ကြံသူတို့၏ ကမ္ဘာဖြစ်ရာ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အတွေးတစ်ချက်သည်ပင် အခြေအနေ အရပ်ရပ်ကို ဆိုးရွားစွာ ပြောင်းလဲသွားစေနိုင်သည် မဟုတ်ပါလား။
"ကြည့်ရတာ... ငါ ဆင်းရဲသားရပ်ကွက်ကနေ ခဏလောက် ထွက်သွားတာက ပိုကောင်းမယ် ထင်တယ်"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... 'ဆဋ္ဌမအဆင့် အခွင့်အရေး' ကလည်း လင်းရှီးလျှို့ဝှက်နယ်မြေကို ညွှန်ပြနေတယ် ဆိုတော့"
"လင်းရှီးလျှို့ဝှက်နယ်မြေက ငါ့အတွက်တော့ ကောင်းချီးပေးမယ့် နယ်မြေတစ်ခု ဖြစ်နိုင်တယ်။ ဝေဝေကိုပါ ခေါ်သွားပြီး အတူတူ ခိုလှုံကြတာပေါ့"
ဤသည်ကို တွေးမိသောအခါ ကျန်းဖန်သည် တုံ့ဆိုင်းမနေတော့ဘဲ စုဝေဝေကို သွားရောက် ရှာဖွေလိုက်တော့သည်။
"ဘာ... ယောကျာ်းက ကျွန်မကိုပါ လင်းရှီးလျှို့ဝှက်နယ်မြေကို ခေါ်သွားချင်တယ် ဟုတ်လား" ဟု စုဝေဝေက အံ့အားသင့်ကာ ဝမ်းသာအားရ မေးလိုက်သည်။
သူမသည် သူမခင်ပွန်း၏ ဤဆုံးဖြတ်ချက်ကို မမျှော်လင့်ထားခဲ့ပေ။ အစကတော့ သူမခင်ပွန်းသည် တစ်ကိုယ်တည်းသွားပြီး သူမကို အိမ်မှာပဲ ထားခဲ့လိမ့်မည်ဟု သူမ ထင်မှတ်နေခဲ့၏။
"ဟုတ်တယ်... အခု နင့်ရဲ့ စွမ်းအားကလည်း တော်တော်လေး ကောင်းနေပြီပဲ။ လင်းရှီးလျှို့ဝှက်နယ်မြေကို သွားရင်တောင် ပြဿနာရှိမှာ မဟုတ်ပါဘူး။ နင့်မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေပါပြီ" ဟု ပြောကာ ကျန်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
စုဝေဝေ၏ ရင်ထဲတွင် အတိုင်းအထက်အလွန် ပျော်ရွှင်သွားခဲ့ရသည်။ သူမ၏ ရက်ပေါင်းများစွာ ကြိုးစားကျင့်ကြံအားထုတ်မှုများ အရာထင်လာခဲ့ပြီဟု သူမ ယုံကြည်လိုက်သည်။
သူမသည် သူမခင်ပွန်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဟုတ်တော့ပေ။ အန္တရာယ်များလှသော ကျင့်စဉ်လောကအတွင်း၌ သူမကိုယ်တိုင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာခဲ့ချေပြီ။
မကြာမီမှာပင် ကျန်းဖန်နှင့် စုဝေဝေတို့သည် ပစ္စည်းများကို သိမ်းဆည်းကာ သစ်သားအိမ်လေးမှ ထွက်ခွာခဲ့ကြသည်။ ထိုအချိန်တွင် ဆင်းရဲသားရပ်ကွက်မှာ အရင်အတိုင်းပင် အေးချမ်းနေဆဲ ဖြစ်သည်။
လင်းရှီးလျှို့ဝှက်နယ်မြေ ပွင့်လှစ်မှုကြောင့် လေလွင့်ကျင့်ကြံသူ အမြောက်အမြား စိတ်လှုပ်ရှားနေကြသော်လည်း အများစုမှာ ထိုကဲ့သို့သော လျှို့ဝှက်ကမ္ဘာငယ်လေးအတွင်းမှ ရတနာများကို ရယူနိုင်ရန်မှာ မလွယ်ကူကြောင်း သိထားကြသဖြင့် အလွန်အမင်းတော့ မမျှော်လင့်ထားကြပေ။
ကျန်းဖန်သည် စုဝေဝေကို ခေါ်ဆောင်၍ ယွန်လိုင်းမြို့မှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။ 'ဆဋ္ဌမအဆင့် အခွင့်အရေး' ညွှန်ပြသည့် လမ်းကြောင်းအတိုင်း သူတို့သည် အဆက်မပြတ် ပျံသန်းလာခဲ့ကြသည်။ နာရီအနည်းငယ် ကြာသောအခါတွင်မူ အခွင့်အရေးရှိရာ နေရာသို့ ရောက်ရှိလာခဲ့ကြလေပြီ။
ဒုတိယမြောက် လျှို့ဝှက်ဝင်ပေါက်
"ဒီနေရာက 'ဝိညာဉ်စမ်းချောင်းချိုင့်ဝှမ်း' တော့ မဟုတ်ဘူးပဲ"
ကျန်းဖန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် အမည်မသိ ချိုင့်ဝှမ်းတစ်ခု အတွင်းသို့ ရောက်ရှိနေပြီး ၎င်းမှာ ဝိညာဉ်စမ်းချောင်း ချိုမ်းဝှမ်းမှ အနည်းဆုံး ၁၀ ကီလိုမီတာခန့် ဝေးကွာလှသည်။
သို့သော် လေလွင့်ကျင့်ကြံသူများ၏ အဆိုအရ လင်းရှီးလျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်နှင့် ထွက်ပေါက်မှာ ဝိညာဉ်စမ်းချောင်း ချိုင့်ဝှမ်း၌သာ တစ်ခုတည်း ရှိသည်ဟု ဆိုကြသည်။
"လင်းရှီးလျှို့ဝှက်နယ်မြေမှာ ဝင်ပေါက် တစ်ခုထက်မက ရှိနေတာများလား"
ကျန်းဖန်သည် စဉ်းစားကြည့်လိုက်သည်။ ၎င်းမှာ မဖြစ်နိုင်စရာ မရှိပေ။
ယွန်လိုင်းမြို့သည် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးဘဲ သူတို့ ထိန်းချုပ်ထားနိုင်သည်မှာ ဝင်ပေါက်တစ်ခုကိုသာ ဖြစ်သည်။ ဒုတိယမြောက် ဝင်ပေါက် မရှိဟု မည်သူက အတိအကျ ပြောနိုင်ပါမည်နည်း။ သူတို့ ရှာမတွေ့သေးခြင်းသာ ဖြစ်နိုင်သည်။
အကယ်၍ သူသာ ထိုဒုတိယမြောက် ဝင်ပေါက်ကို ရှာတွေ့ခဲ့ပါက ၎င်းမှာ 'ဆဋ္ဌမအဆင့် အခွင့်အရေး' ဆိုသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူသည် အခြားကျင့်ကြံသူများ၏ သိရှိခြင်းကို မခံရဘဲ လင်းရှီးလျှို့ဝှက်နယ်မြေ အတွင်းသို့ စိတ်ကြိုက် ဝင်ထွက်နိုင်မည် ဖြစ်ပြီး ရတနာများကိုလည်း အေးအေးဆေးဆေး သိမ်းပိုက်နိုင်မည် မဟုတ်ပါလား။
ကျန်းဖန်နှင့် စုဝေဝေတို့သည် အခွင့်အရေးရှိရာ ကျောက်ဆောင်နံရံတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
အပြင်ပန်းအားဖြင့် ကြည့်လျှင် ထိုကျောက်ဆောင်မှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း သူ၏ အာရုံကမူ ဤသည်မှာ လင်းရှီးလျှို့ဝှက်နယ်မြေ၏ ဝင်ပေါက် ဖြစ်ကြောင်း ပြောပြနေသည်။
ကျန်းဖန်သည် သူ၏လက်ဖြင့် ထိုကျောက်ဆောင်ကို အသာအယာ ထိတွေ့လိုက်သည်။ ထိုအခါ အလွန် မာကျောသင့်သော ကျောက်ဆောင်မှာ ဟင်းလင်းပြင် အဖြစ်သို့ ပြောင်းလဲသွားပြီး ရေပြင်ပေါ်မှ လှိုင်းကြက်ခွပ်များကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ၏လက်မှာ ကျောက်ဆောင်ကို ဖောက်ထွက်သွားခဲ့ချေပြီ။
နောက်တစ်စက္ကန့်တွင်တော့ ကျန်းဖန်သည် ပြင်းထန်သော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရပြီး စုဝေဝေနှင့်အတူ အတွင်းပိုင်းသို့ ပါဝင်သွားလေတော့သည်။
"ဒါက လင်းရှီးလျှို့ဝှက်နယ်မြေလား"
အတွင်းသို့ ရောက်သည်နှင့် ကျန်းဖန်သည် ထူထပ်သိပ်သည်းလှသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများကို ချက်ချင်း အာရုံခံလိုက်မိသည်။
ပြင်ပလောကနှင့် ယှဉ်လျှင် ဝိညာဉ်စွမ်းအားမှာ အနည်းဆုံး ဆယ်ဆခန့် ပိုမိုသိပ်သည်းလှပေသည်။ ၎င်းက သူနှင့် စုဝေဝေကို လန်းဆန်းသွားစေပြီး အလွန်ပင် သက်သောင့်သက်သာ ဖြစ်သွားစေသည်။ အသက်ရှူလိုက်ရုံမျှဖြင့် ဝိညာဉ်စွမ်းအား အမြောက်အမြားကို စုပ်ယူနိုင်သကဲ့သို့ ခံစားရသဖြင့် ဤနေရာ၌ ကျင့်ကြံပါက ကျင့်စဉ်တိုးတက်မှုနှုန်းမှာ အဆပေါင်းများစွာ မြန်ဆန်ပေလိမ့်မည်။
သူတို့သည် ရှေးဦးတောအုပ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ပင် မြင့်မားလှသော သစ်ပင်ကြီးများနှင့် စိမ်းလန်းစိုပြည်သော အပင်များဖြင့် ဝန်းရံနေသည်။
"ယောကျာ်း... လင်းရှီးလျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်က ဝိညာဉ်စမ်းချောင်းချိုင့်ဝှမ်းမှာ မဟုတ်ဘူးလား"
"ကျင့်ကြံသူတွေ အများကြီး အဲဒီကနေ ဝင်သွားကြတယ်လို့ ကျွန်မ ကြားထားတာ။ ဒါဆို ဒီနေရာက ဒုတိယမြောက် ဝင်ပေါက်ပေါ့နော်" ဟု စုဝေဝေက အံ့အားသင့်စွာ မေးလိုက်သည်။
အကယ်၍ အခြားကျင့်ကြံသူများသာ ဤဒုတိယမြောက် ဝင်ပေါက်ရှိကြောင်း သိသွားပါက အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။
"ဟုတ်တယ်... ဒါကို ငါက ကံကောင်းလို့ သိလိုက်ရတာပါ" ဟု ကျန်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
"ယောကျာ်း... ဒီထဲမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှိတယ်လို့ ပြောကြတယ်။ အုတ်မြစ်တည်ဆောက်ခြင်း အတွက် လိုအပ်တဲ့ 'ရွှေကျောက်စိမ်းမှို' တောင် ရှိတယ်တဲ့။ ဒါပေမဲ့ ကျွန်မတို့က ဒီနေရာကို မကျွမ်းကျင်တော့ ဘယ်မှာသွားရှာရမှန်း မသိဘူး ဖြစ်နေတယ်" ဟု စုဝေဝေက နှမြောတသစွာ ဆိုလိုက်သည်။
လျှို့ဝှက်နယ်မြေအတွင်း ရောက်နေသော်လည်း မြေပုံမရှိလျှင် မည်သည့်နေရာ၌ ရတနာရှိသည်ကို သိနိုင်ရန် ခက်ခဲလှသည်။
ယွန်လိုင်းမြို့တွင်မူ ဤမြေပုံကို အလွန် လျှို့ဝှက်ထားလေ့ရှိသဖြင့် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများမှလွဲ၍ မည်သူမျှ မရရှိနိုင်ပေ။
"အဲဒါက ပြဿနာ မဟုတ်ပါဘူး"
"နင့်မှာ ခြောက်တောင်ပံ အဆိပ်ပျားတွေ ရှိနေတယ်ဆိုတာ မေ့သွားပြီလား"
"အဆိပ်ပျားတွေကို လွှတ်ပြီး ဝိညာဉ်ဆေးပင်တွေကို လိုက်ရှာခိုင်းလို့ ရတာပဲ။ သူတို့က ဝိညာဉ်ဆေးပင်တွေကို အာရုံခံနိုင်စွမ်း အရမ်းကောင်းတဲ့ ရှေးဟောင်းပိုးမွှားတွေ မဟုတ်လား။ သူတို့က ငါတို့အတွက် ရတနာရှာပေးမယ့် ပိုးကောင်လေးတွေပဲပေါ့" ဟု ကျန်းဖန်က ပြုံး၍ ပြောလိုက်သည်။
သူသည် နိမိတ်ဖတ်အင်းက ဘာကြောင့် စုဝေဝေကိုပါ ခေါ်လာရန် တိုက်တွန်းခဲ့သလဲ ဆိုသည်ကို ယခုမှပင် သဘောပေါက်သွားခဲ့ချေပြီ။
စုဝေဝေ၏ အဆိပ်ပျားများသည် ရတနာရှာဖွေရာတွင် အလွန်ပင် အသုံးဝင်လှပေသည်။
ဝုန်း…
ထိုခဏတွင်ပင် ဝေးကွာသော နေရာမှ ကျင့်ကြံသူ ၅ ဦး၏ အရိပ်များ ချဉ်းကပ်လာခဲ့သည်။ တစ်ဦးမှာ 'ချီ' ကျင့်ကြံခြင်း အဆင့် (၉) ဖြစ်ပြီး ကျန်လေးဦးမှာ အဆင့် (၈) ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့သည် လေလွင့်ကျင့်ကြံသူများကြား၌ "ယွန်လိုင်းမြို့၏ မိစ္ဆာငါးဦး" ဟု နာမည်ဆိုးဖြင့် ကျော်ကြားသူများ ဖြစ်ကြသည်။ လေလွင့်ကျင့်ကြံသူ အမြောက်အမြားမှာ သူတို့၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြပြီး ဖြစ်၏။
"နောင်တော်ချန်... ရှေ့မှာ ကျင့်ကြံသူ နှစ်ယောက် ရှိနေတယ်" မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူက သတိပြုမိသွားသည်။
သူတို့သည် သူတို့ကိုယ်သူတို့ အလွန်လျင်မြန်စွာ ဝင်ရောက်လာနိုင်ခဲ့သည်ဟု ယူဆထားသော်လည်း၊ မိမိတို့ထက်ပင် စောစီးစွာ ရောက်ရှိနေသော ဤကျင့်ကြံသူ နှစ်ဦးကို မြင်လိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားကြရသည်။
"ဒီနှစ်ယောက်ကတော့ တစ်ခုခု ထူးဆန်းနေပြီ"
"သူတို့ကို ဖမ်းပြီး ဘယ်ကလာလဲဆိုတာ စစ်မေးရမယ်" ဟု ခေါင်းဆောင်ဖြစ်သူ 'ချန်လျန်ယု'က အေးစက်စွာ ပြောလိုက်သည်။
သူ၏ အာရုံက ဤစိမ်းသက်သော ကျင့်ကြံသူ နှစ်ဦးတွင် ထူးခြားသော လျှို့ဝှက်ချက်များ ရှိနေမည်ဟု ပြောပြနေလေတော့သည်။
…..