အခန်း (၂၄၃-၂၄၄)
Vol. 18 Ch. 243-244
အခန်း (၂၄၃) - မယုံနိုင်စရာ ကံကောင်းခြင်း၊ အဆုံးမရှိသော အခွင့်အလမ်းများ။
"ဘေးဒုက္ခတစ်ခု ကျရောက်တာလား..."
ကျန်းဖန်သည် မကောင်းဆိုးဝါး အငွေ့အသက်များနှင့် ရန်လိုမုန်းထားမှုများ ပြည့်နှက်နေသော လေလွင့်ကျင့်ကြံသူ ငါးဦးကို မြင်လိုက်သည်နှင့် သူ့ထံသို့ ဘေးဒုက္ခတစ်ခု ရောက်ရှိလာပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
အခွင့်အလမ်းနှင့် ဘေးဒုက္ခဟူသည် အမြဲတစေ ဒွန်တွဲနေစမြဲပင်။ ယခုရက်ပိုင်းအတွင်း သူသည် အခွင့်အရေးကောင်းများကို ဆက်တိုက်ဆိုသလို ရရှိခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့ထံ၌ ကပ်ငြိနေသော ဘေးဒုက္ခ အငွေ့အသက်များသည်လည်း တဖြည်းဖြည်း စုပုံလာခဲ့ချေပြီ။
ထို့ကြောင့် လင်းရှီးလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မသမာသော ရည်ရွယ်ချက်ရှိသည့် 'ကပ်ဘေး ကျင့်ကြံသူ' များနှင့် ထိပ်တိုက် တွေ့ဆုံရခြင်း ဖြစ်ပေမည်။ ဤသည်မှာ ဘေးဒုက္ခအငွေ့အသက်၏ ဆွဲဆောင်မှုကြောင့် ဖြစ်တန်ရာ၏။
သို့သော် ဤကဲ့သို့သော ဘေးဒုက္ခမျိုးသည် သေဘေးသေဒဏ်တော့ မဟုတ်ပေ။ သူ၏ လက်ရှိစွမ်းအားကို ထည့်တွက်ကြည့်လျှင် ဤ လေလွင့်ကျင့်ကြံသူ ငါးဦးက သူ့ကို ရန်ပြုလိုသည်မှာ "သေမင်းကို စိန်ခေါ်နေခြင်း" သက်သက်သာ ဖြစ်သည်။
အမှန်စင်စစ် ဘေးဒုက္ခများကို ရင်ဆိုင်ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ မိမိ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ခြင်းသာ ဖြစ်သည်။ စွမ်းအား ပြည့်ဝနေသမျှ ကာလပတ်လုံး မည်သည့် ဘေးဒုက္ခကိုမဆို အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ပါလား။
"မင်းတို့ ဘာလိုချင်တာလဲ"
"ပြဿနာ မတက်ချင်ရင် အခုချက်ချင်း ထွက်သွားကြဖို့ ငါ အကြံပေးချင်တယ်"
ကျန်းဖန်သည် စေတနာဖြင့် ထိုကျင့်ကြံသူများကို သတိပေးလိုက်သည်။
"ထွက်သွားရမယ် ဟုတ်လား။ မင်းတို့ရဲ့ ဝိညာဉ်သိုလှောင်အိတ်တွေကို ထားခဲ့ရင် ငါတို့ ထွက်သွားပေးမယ်"
"မင်းတို့ သိထားရမှာက ဒီနေရာက လင်းရှီးလျှို့ဝှက်နယ်မြေ ဆိုတာပဲ။ အော်ဟစ် အကူအညီတောင်းလည်း ဘယ်သူမှ ရောက်လာမှာ မဟုတ်ဘူး။ ဘယ်သူက မင်းတို့ကို လာကယ်မယ်လို့ ထင်နေတာလဲ"
ချန်လျန်ယု နှင့် အခြားသူများသည် ကျန်းဖန်နှင့် စုဝေဝေကို အလွန်ရိုင်းစိုင်းစွာ စိုက်ကြည့်နေကြသည်။ သူတို့၏ အမြင်တွင် ဤနှစ်ဦးသည် သားသတ်ရုံသို့ ရောက်နေသော "သိုးကောင် ဝဖြိုးဖြိုးလေးများ" သာ ဖြစ်သည်။
သူတို့အတွက်မူ ဤကဲ့သို့သော ကိစ္စမျိုးကို မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးပြီး ဖြစ်သည်။ သို့မဟုတ်ပါက လေလွင့်ကျင့်ကြံသူများ အနေဖြင့် သူတို့၏ ကျင့်စဉ်တိုးတက်မှုနှုန်း ဤမျှ မြန်ဆန်နိုင်မည် မဟုတ်ပေ။
"မင်းတို့က သေလမ်းကို ရှာနေမှတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့"
ကျန်းဖန်သည် ထိုလူအုပ်စုကို အေးစက်စွာ ကြည့်လိုက်ပြီး အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။ ထိုခဏတွင် သူ၏ 'မိန်' နှင့် 'ချီပင်လယ်' အတွင်းရှိ အသက်သွေးကြောအင်း ဖြစ်သော ဝိညာဉ်တုန်ဟိန်းအင်းကို ချက်ချင်း နှိုးဆွလိုက်သည်။
ဤအသက်သွေးကြောအင်း၏ ကျွမ်းကျင်မှုအဆင့်သည် 'ကျွမ်းကျင်အဆင့်' သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စွမ်းအားတွင် ဖြစ်စေ၊ ထုတ်ဖော်နှုန်းတွင် ဖြစ်စေ ယခင်ကထက် များစွာ သာလွန်နေလေပြီ။
ဝုန်း…
မျက်တောင်တစ်ခတ် အတွင်းမှာပင် မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်လှိုင်းလုံး တစ်ခုသည် လေထုကို ဖြတ်သန်း၍ ဂယက်ထကာ ပျံ့နှံ့သွားပြီး ချန်လျန်ယုနှင့် အခြားသူများကို ချက်ချင်း ရိုက်ခတ်သွားတော့သည်။
"ဘာ... ဘာဖြစ်တာလဲ"
မူလက ယွန်လိုင်းမြို့၏ မိစ္ဆာငါးဦးဖြစ်သော ချန်လျန်ယုတို့သည် သာမန်မဟုတ်သော အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြပြီး ကျန်းဖန်နှင့် စုဝေဝေ၏ လှုပ်ရှားမှုတိုင်းကို သတိကြီးစွာ ထားနေခဲ့ကြသည်။
သို့သော် ကံဆိုးစွာဖြင့် ဝိညာဉ်တုန်ဟိန်းအင်း၏ စွမ်းအားသည် အကောင်အထည်မရှိ၊ ပုံသဏ္ဌာန်မဲ့နေပြီး ထုတ်ဖော်လိုက်သည့်အခါ မည်သည့် လှုပ်ရှားမှုမျှ မမြင်ရပေ။
သူတို့ မည်မျှပင် ကြိုတင်ကာကွယ်ရန် ကြိုးစားစေကာမူ ကျန်းဖန် မည်သည့်အချိန်တွင် တိုက်ခိုက်လိုက်သည်ကို လုံးဝ မသိလိုက်ကြပေ။ ပို၍ အရေးကြီးသည်မှာ ဝိညာဉ်တိုက်ခိုက်မှု၏ စွမ်းအားသည် သာမန် အကာအကွယ် ဝိညာဉ်လက်နက်များကို ဖောက်ထွင်းဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
ဝိညာဉ်တိုက်ခိုက်မှုကို ကာကွယ်နိုင်သော ဝိညာဉ်လက်နက်ဟူသည် အလွန်ရှားပါးလှပြီး ရှိလျှင်ပင် သာမန် လေလွင့်ကျင့်ကြံသူများ လက်လှမ်းမီနိုင်မည် မဟုတ်ပေ။
ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် သူတို့မှာ မည်သို့မျှ ခုခံကာကွယ်ရန် အချိန်မရလိုက်ကြပေ။
ဒုန်း…
နောက်တစ်စက္ကန့်တွင် ချန်လျန်ယုနှင့် အခြားသူများသည် သူတို့၏ ဦးခေါင်းများကို တူကြီးတစ်လက်ဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ကြရသည်။
ပထမဦးဆုံးအကြိမ် အဖြစ် မူးဝေမှုကို ခံစားလိုက်ရပြီး အသိစိတ်အာရုံများ ခေတ္တမျှ ဗလာဖြစ်သွားကြသည်။ ထို့နောက် ပြင်းထန်သော စူးရှနာကျင်မှုသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး မျက်လုံး၊ ပါးစပ်နှင့် အခြားသော နေရာများမှ သွေးများ စီးကျလာတော့၏။ ဝိညာဉ်တုန်ဟိန်းအင်း၏ စွမ်းအားရှေ့တွင် သူတို့သည် လုံးဝ ခုခံနိုင်စွမ်း မရှိကြပေ။
"သေလိုက်ကြတော့..."
ထိုအချိန်တွင် ကျန်းဖန် ထပ်မံ မတိုက်ခိုက်ရသေးမီ စုဝေဝေက လက်ဦးမှု ရယူလိုက်သည်။ သူမ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ပြီး ခြောက်တောင်ပံ အဆိပ်ပျားများကို လျင်မြန်စွာ စေလွှတ်လိုက်သည်။
အသင့်ပြင်ထားသော အဆိပ်ပျားများသည် တောင်ပံများကို ခတ်ကာ ငွေရောင်အလင်းတန်းများအသွင် ပြောင်းလဲသွားပြီး ထိုကျင့်ကြံသူ ၅ ဦးထံသို့ တိုးဝင်သွားကြကာ အဆိပ်မြီးများဖြင့် ထိုးစိုက်လိုက်ကြတော့၏။
ချက်ချင်းဆိုသလိုပင် အဆိပ်အပ်များသည် ချန်လျန်ယုနှင့် အခြားသူများ၏ ခံစစ်ကို အလွယ်တကူ ဖောက်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
သို့သော် ထိုးဖောက်ရုံသာ မဟုတ်ပေ၊ အဆိပ်ပျားများ၏ အကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ သူတို့၏ အဆိပ်ပင် ဖြစ်သည်။
ဤအချက်ကြောင့်ပင် ၎င်းတို့ကို "ရှေးဟောင်းဘေးဒုက္ခများ" ဟု တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ အဆိပ်သင့်ခံရပါက ကုသရန် နည်းလမ်းမရှိသလောက်ပင်။
"အား...."
ချန်လျန်ယုနှင့် အခြားသူများသည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အဆိပ်သည် သူတို့၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်လာပြီး သူတို့၏ ခန္ဓာကိုယ် သက်စောင့်အားများကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့သည် ပြင်းထန်သော အဆိပ်ဒဏ်ကြောင့် အသက်ပျောက်သွားကြလေတော့သည်။
"မဆိုးဘူးပဲ"
"ကြည့်ရတာ နင်က ခြောက်တောင်ပံ အဆိပ်ပျား တွေကို ဘယ်လိုသုံးရမလဲဆိုတာ ကောင်းကောင်း နားလည်နေပါပြီ"
"နင့်ရဲ့ တိုးတက်မှုက ဒီလောက် မြန်ဆန်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ထိုမြင်ကွင်းကို ကြည့်ပြီး ကျန်းဖန်၏ မျက်လုံးများ တောက်ပသွားသည်။ စုဝေဝေသည် ကိစ္စရပ်များကို လွတ်လပ်စွာ ဖြေရှင်းနိုင်စွမ်း ရှိလာပြီဖြစ်ပြီး သူမ၏ လုပ်ရပ်များမှာ အလွန် ပြတ်သားထိရောက်သည်ဟု သူ ခံစားလိုက်ရသည်။
ပို၍ အရေးကြီးသည်မှာ စုဝေဝေ၏ စွမ်းအားကို လျှော့တွက်၍ မရတော့ပေ။ သူမ၏ ခံစစ်စွမ်းအားမှာ အနည်းငယ် လိုအပ်ချက် ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအားတွင်မူ စုဝေဝေ၏ အဆိပ်ပျားများသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ကျွန်မ ဘာလို့ ဒီလောက် မြန်မြန် တိုးတက်လာလဲဆိုတာ ကျွန်မလည်း မသိဘူး"
"အလိုလိုနေရင်း တတ်မြောက်သွားသလိုပဲ"
"ကျွန်မကပဲ ခြောက်တောင်ပံ အဆိပ်ပျားတွေရဲ့ ဘုရင်မ ဖြစ်သွားသလား အောက်မေ့ရတယ်" ဟု စုဝေဝေက မျက်တောင်လေးများ ပေကလပ် ပေကလပ် လုပ်ကာ ပြောလိုက်သည်။
သူမနှင့် အဆိပ်ပျားများအကြား လိုက်ဖက်ညီမှုမှာ အလွန်မြင့်မားသည်ဟု သူမ ခံစားရသည်။ သူမ၏ ခန္ဓာကိုယ်တွင်းရှိ 'ထိုက်ယင်ချီ' သည် ပျားများ၏ ကြီးထွားမှုကို အဆက်မပြတ် အားပေးကူညီနေသည်။
ဤအချက်ကပင် သူတို့နှစ်ဦးကြား၌ "လူနှင့်သားရဲ တစ်သားတည်းကျခြင်း" အဆင့်သို့ သဘာဝကျကျ ရောက်ရှိသွားစေခြင်း ဖြစ်သည်။
အကျဉ်းချုပ် ပြောရလျှင် ဤအဆင့်သည် မရေမတွက်နိုင်သော သားရဲကျင့်ကြံသူများ အိပ်မက်မက်ကြသော အဆင့်တစ်ခု ဖြစ်သည်။ သို့သော် စုဝေဝေသည် မသိလိုက်မသိဘာသာဖြင့်ပင် ထိုအဆင့်ကို ရောက်ရှိသွားခဲ့ချေပြီ။
"ဒါပေမဲ့ ကြည့်ရတာ ငါတို့ လင်းရှီးလျှို့ဝှက်နယ်မြေ ထဲကို ဝင်တာ နည်းနည်း နောက်ကျသွားပုံရတယ်"
"ငါတို့ မဝင်ခင်ကတည်းက လေလွင့်ကျင့်ကြံသူ အများကြီး ရောက်နှင့်နေကြပြီပဲ"
ကျန်းဖန်သည် လင်းရှီးလျှို့ဝှက်နယ်မြေ ပွင့်လှစ်မှုက လေလွင့်ကျင့်ကြံသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သဘောပေါက်လိုက်သည်။
……
အခန်း (၂၄၄) - မယုံနိုင်စရာ ကံကောင်းခြင်း၊ အဆုံးမရှိသော အခွင့်အလမ်းများ (အပိုင်း ၂)
လေလွင့်ကျင့်ကြံသူများ သာမက ဂိုဏ်းဝင်ကျင့်ကြံသူ အချို့ပင်လျှင် ဤနေရာသို့ ရောက်ရှိနေနိုင်ပြီး လင်းရှီးလျှို့ဝှက်နယ်မြေ အတွင်း စွန့်စားခန်းဖွင့်ရန် စိတ်အား ထက်သန်နေကြပေသည်။
ထို့ကြောင့် သူရင်ဆိုင်ရမည့် အန္တရာယ်သည် လျှို့ဝှက်နယ်မြေအတွင်းရှိ မိစ္ဆာသားရဲများ သက်သက်သာ မဟုတ်တော့ပေ။ စွန့်စားခန်းဖွင့်ရန် ရောက်ရှိလာကြသော ထိုကျင့်ကြံသူများလည်း ပါဝင်နေသည်။ ဝိညာဉ်ဆေးပင်များနှင့် အခွင့်အရေးများကို လုယူရန် အတွက် သူတို့သည် လက်တွန့်နေမည် မဟုတ်ပေ။ အနည်းငယ် ပေါ့ဆလိုက်ရုံမျှဖြင့် အချိန်မတိုင်မီ သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
"ဟုတ်တယ် ယောကျာ်း... လင်းရှီးလျှို့ဝှက်နယ်မြေက သေချာပေါက် အန္တရာယ်များမှာပဲ"
စုဝေဝေက ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူမသည်လည်း ဤခရီးစဉ်အတွက် စိုးရိမ်ပူပန်နေမိသည်။ သူတို့နှစ်ဦးစလုံး အတွက် လျှို့ဝှက်နယ်မြေ တစ်ခု အတွင်းသို့ ဝင်ရောက်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သလို၊ အတွေ့အကြုံလည်း လုံးဝမရှိကြပေ။ မည်သို့သော အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို မည်သူမျှ မသိနိုင်ပေ။
ဝုန်း…
ထိုအချိန်တွင် ကျန်းဖန်၏ အသိစိတ်အာရုံထဲသို့ သတင်းစကားတစ်ခု ရုတ်တရက် စီးဝင်လာသည်။
"သေရေးရှင်ရေး တိုက်ပွဲတစ်ခုကို ကျော်ဖြတ်ပြီးနောက်၊ သင်သည် ယွန်လိုင်းမြို့၏ မိစ္ဆာငါးဦးကို အနိုင်ယူကာ သေဘေးမှ လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် သင်သည် ကံကောင်းခြင်းအမှတ် ငါးထောင်နှင့် သတ္တမအဆင့် အခွင့်အရေးတစ်ခုကို ရရှိသည်။"
"သတ္တမအဆင့် အခွင့်အရေး ဟုတ်လား"
ကျန်းဖန်သည် မျက်တောင်ခတ်လိုက်မိသည်။
'သတ္တမအဆင့် အခွင့်အရေး' သည် သူနှင့် တစ်လှမ်းသာသာ အကွာအဝေးရှိ ဤလျှို့ဝှက်နယ်မြေ၏ ချိုင့်ဝှမ်းအတွင်း၌ ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။ အခွင့်အရေးသည် ဤမျှ နီးကပ်စွာ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် ပို၍ အရေးကြီးသည်မှာ သူသည် ကံကောင်းခြင်းအမှတ် ငါးထောင်ကို ရရှိလိုက်ခြင်းပင်။ ဆိုလိုသည်မှာ ယခုအခါ သူ၏ ကံကောင်းခြင်းအမှတ် စုစုပေါင်းသည် နှစ်သောင်း (၂၀,၀၀၀) အထိ တိုးလာခဲ့ပြီ ဖြစ်သည်။ ဤမျှ များပြားလှသော ကံကောင်းခြင်း အမှတ်များသည် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရာတွင် ကြုံတွေ့ရမည့် အဆို့အတားများကို ကျော်ဖြတ်ရန် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
သို့သော် ကျန်းဖန် တစ်စုံတစ်ရာ မပြုလုပ်ရသေးမီ သူ၏ 'မိန်' နှင့် 'ချီပင်လယ်' အတွင်းရှိ နိမိတ်ဖတ်အင်းသည် ထပ်မံ တုန်ခါလာပြန်သည်။
ဖျော့တော့သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။ ထို့နောက် သတင်းအချက်အလက် စီးကြောင်းတစ်ခုသည် သူ၏ အသိစိတ်အာရုံထဲသို့ ရုတ်တရက် စီးဝင်လာတော့သည်။
"ရွှေကျောက်စိမ်းမှိုကို ရယူရန် 'လင်းဇီးချိုင့်ဝှမ်း' သို့ သွားရောက်ခြင်း - အန္တရာယ် ကြီးမားသည်။"
"ဝိညာဉ်အရည်ကို ရယူရန် 'ဝိညာဉ်စမ်းချောင်း စမ်းရေတွင်း'သို့ သွားရောက်ခြင်း - အန္တရာယ် အနည်းငယ် ရှိသည်။"
"အခွင့်အလမ်းများကို လိုက်လံရှာဖွေခြင်း မပြုဘဲ အမည်မဲ့ ချိုင့်ဝှမ်း၌သာ နေထိုင်၍ ကျင့်ကြံခြင်း - ကံကောင်းခြင်းကြီး ဖြစ်သည်။"
"ဘာ..."
နိမိတ်ဖတ်အင်း မှ ပေးပို့သော သတင်းအချက်အလက်ကို ရရှိလိုက်သောအခါ ကျန်းဖန်၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားသည်။
နိမိတ်ဖတ်အင်း က ဤကဲ့သို့သော သတင်းစကားကို ရုတ်တရက် ပေးပို့လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍ သူသာ လင်းရှီးလျှို့ဝှက်နယ်မြေ အနှံ့ လျှောက်သွားပြီး အခွင့်အလမ်းများကို ရှာဖွေနေမည်ဆိုပါက မည်သည့်အရာမျှ မရရှိနိုင်ရုံသာမက အမျိုးမျိုးသော ဘေးဒုက္ခများနှင့် သေဘေးများကိုပင် ဖိတ်ခေါ်မိသလို ဖြစ်နေပေလိမ့်မည်။
ထိုအစား ဤနေရာ၌ပင် ဆက်လက်နေထိုင်ပြီး ကျင့်ကြံအားထုတ်ခြင်းက အကောင်းဆုံးသော နိမိတ် ဖြစ်နေသည်။
"လင်းရှီးလျှို့ဝှက်နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတာလား"
"ဒီနေရာက အခွင့်အလမ်းတွေက အလွယ်တကူ ရနိုင်တာ မဟုတ်ဘူးလား"
ကျန်းဖန်သည် နိမိတ်ဖတ်အင်း၏ သတင်းစကားကို စဉ်းစားရင်း မျက်လုံးများ တောက်ပလာသည်။
အမှန်အတိုင်း ပြောရလျှင် ယခင်က ရရှိထားသော သတင်းအချက်အလက်များအရ လင်းရှီးလျှို့ဝှက်နယ်မြေသည် အလွန်ပင် အန္တရာယ်များလှသည်။ သေဆုံးနှုန်းမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်။ ဝိညာဉ်ဆေးပင်များကို အမှန်တကယ် ရရှိသွားသော လေလွင့်ကျင့်ကြံသူမှာ အလွန် ရှားပါးလှသည်။
ကံဆိုးစွာဖြင့် လေလွင့်ကျင့်ကြံသူ အများစုသည် အုတ်မြစ်တည်ဆောက်ခြင်း အခွင့်အလမ်းကြောင့် မျက်စိကန်းနေကြပြီး လျှို့ဝှက်နယ်မြေအတွင်းရှိ အန္တရာယ်များကို မေ့လျော့နေကြခြင်းပင်။ သို့သော် သူတို့ကို အပြစ်တင်၍ မရပေ။
အဘယ်ကြောင့်ဆိုသော် လေလွင့်ကျင့်ကြံသူများ အတွက် အုတ်မြစ်တည်ဆောက်ခြင်း အခွင့်အလမ်း ဆိုသည်မှာ အသက်နှင့်ရင်း၍ တိုက်ယူရမည့်အရာ ဖြစ်သောကြောင့်ပင်။
မတိုက်ခိုက်ဘဲ နေလိုက်ပါက ဤဘဝတွင် အုတ်မြစ်တည်ဆောက် ရန် အခွင့်အရေး ရတော့မည် မဟုတ်ဘဲ အသက်ကြီးရင့်၍ သေဆုံးသွားရုံသာ ရှိတော့သည်။
ကျင့်စဉ်လမ်းကို လျှောက်လှမ်းပြီးမှတော့ မည်သည့် လေလွင့်ကျင့်ကြံသူ က တာအိုလမ်းစဉ်ကို စွန့်လွှတ်ချင်ပါမည်နည်း။ တာအိုကို ရှာဖွေရင်း သေဆုံးရခြင်းက သက်တမ်းကုန်၍ သေဆုံးရခြင်းထက် ပိုမို ကောင်းမွန်သည် မဟုတ်ပါလား။
"လေလွင့်ကျင့်ကြံသူတွေ အတွက် တကယ့် ခြိမ်းခြောက်မှုက ဒီမိစ္ဆာသားရဲတွေ ဖြစ်နိုင်တယ်"
"လင်းရှီးလျှို့ဝှက်နယ်မြေထဲမှာ အဆင့် (၂) မိစ္ဆာသားရဲတွေ၊ အဆင့် (၃) မိစ္ဆာသားရဲတွေတောင် ရှိနိုင်တယ်လို့ ပြောကြတယ်"
"ဝိညာဉ်ဆေးပင်တွေ ရှိတဲ့နေရာတိုင်းမှာ မိစ္ဆာသားရဲတွေ စောင့်ကြပ်နေမှာ သေချာတယ်။ လေလွင့်ကျင့်ကြံသူတွေ အနေနဲ့ အဲဒီဆေးပင်တွေကို ရဖို့ဆိုတာ တော်တော် ခက်ခဲလိမ့်မယ်။ ရခဲ့ရင်တောင် အသက်ရှင်ဖို့ မလွယ်ဘူး။ ဒါ့အပြင် တခြား လေလွင့်ကျင့်ကြံသူတွေကလည်း မနာလိုစိတ်တွေ၊ သတ်ဖြတ်လိုစိတ်တွေနဲ့ စောင့်ကြည့်နေကြဦးမှာ"
"ဒါတွေအားလုံးကို ထည့်တွက်ကြည့်ရင် စွန့်စားရတာ တကယ်မတန်ဘူး။ ဒီမှာပဲ နေပြီး ကျင့်စဉ်အဆင့်ကို 'ချီ' ကျင့်ကြံခြင်း အဆင့် (၉) အထွတ်အထိပ် ရောက်အောင် လုပ်တာက ပိုကောင်းမယ်"
"ပိုအရေးကြီးတာက လင်းရှီးလျှို့ဝှက်နယ်မြေ ဆိုတာ ကောင်းချီးမင်္ဂလာ နယ်မြေတစ်ခုလိုပဲ။ အနည်းဆုံး အဆင့် (၃) ဝိညာဉ်ကြော တစ်ခုတော့ ရှိမှာပဲ။ ဒီမှာနေပြီး ကျင့်ကြံရင် အုတ်မြစ်တည်ဆောက်ဖို့ အခွင့်အရေးတောင် ရနိုင်တယ်"
ကျန်းဖန်သည် မေးစေ့ကို ပွတ်သပ်လိုက်သည်။
နိမိတ်ဖတ်အင်း ၏ သတိပေးချက်သည် အလွန်မှန်ကန်ကြောင်း သူ ခံစားလိုက်ရသည်။ တခါတရံတွင် မယှဉ်ပြိုင်ဘဲ နေခြင်းသည်ပင်လျှင် ယှဉ်ပြိုင်ခြင်းတစ်မျိုး ဖြစ်ပေသည်။
"လင်းရှီးလျှို့ဝှက်နယ်မြေက ထင်ထားတာထက် ပိုပြီး အန္တရာယ်များတယ်။ ဒါကြောင့် ငါတို့ အခုလောလောဆယ် ဘယ်မှမသွားသေးဘဲ ဒီမှာပဲ နေပြီး ခဏလောက် ကျင့်ကြံကြမယ်" ဟု ကျန်းဖန်က စုဝေဝေကို ပြောလိုက်သည်။
"ရှင်..."
စုဝေဝေသည် မျက်တောင်များ ပုတ်ခတ်ကာ သူမခင်ပွန်း၏ ဆုံးဖြတ်ချက်ကို အံ့သြသွားသည်။
လင်းရှီးလျှို့ဝှက်နယ်မြေသည် ရတနာများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သော်လည်း သူက မယှဉ်ပြိုင်လိုဘဲ တစ်နေရာတည်းတွင် ငြိမ်သက်စွာ ကျင့်ကြံရန် ရွေးချယ်လိုက်ခြင်းမှာ တကယ်ကို နားမလည်နိုင်စရာပင်။
အခွင့်အရေးများအား လက်လွတ်ခံလိုက်ရမည်ကို သူ မသိလေရော့သလား။
သို့သော် သူမခင်ပွန်း၏ ဆုံးဖြတ်ချက် ဖြစ်သောကြောင့် သူမ လိုက်နာရုံမှတစ်ပါး အခြားမရှိပေ။ သူမခင်ပွန်း၏ ဆုံးဖြတ်ချက်များသည် ဘယ်သောအခါမျှ မှားယွင်းခြင်း မရှိခဲ့သလို၊ သူ၏ လုပ်ရပ်တိုင်းတွင် အကြောင်းပြချက် ခိုင်လုံစွာ ရှိစမြဲပင်။
"ရူးနေပြီ... မင်း တကယ် ရူးနေပြီပဲ"
"နောက်ဆုံးမှ လျှို့ဝှက်နယ်မြေတစ်ခုထဲ ရောက်လာတာကို။ အုတ်မြစ်တည်ဆောက်ခြင်း ဝိညာဉ်ဆေးပင်တွေကို မရှာဘဲ ဒီမှာပဲ ထိုင်ပြီး ကျင့်ကြံနေမယ် ဟုတ်လား"
"ဒီရွေးချယ်မှုက အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်တာပဲဆိုတာ မင်း သိရဲ့လား။ ဒီတစ်ခေါက် လွဲသွားရင် နောက်ထပ် နှစ် ၅၀ နေမှ ပြန်ပွင့်မှာနော်"
သောင်းပြောင်းလဲခြင်း ဆေးပေါင်းဖိုကြီးမှာ ပြောစရာ စကားမဲ့သွားသည်။
လျှို့ဝှက်နယ်မြေတစ်ခုလုံး အခွင့်အလမ်းများ ပြည့်နှက်နေပါလျက်နှင့် မယှဉ်ပြိုင်ရဲဘဲ ကြောက်ရွံ့စွာ ပုန်းအောင်းနေသော သူ၏ လက်ရှိသခင်ကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေသည်။
သူ၏ ယခင်သခင် ဝမ်ဟွာအရှင်သခင်ဆိုလျှင် အခွင့်အရေးတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုသို့ ယှဉ်ပြိုင်ခဲ့သောကြောင့်သာ သန္ဓေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ ဒီကောင်လေးကတော့... ပါရမီက ဝမ်ဟွာအရှင်သခင်ထက် ပိုကောင်းပေမဲ့ သတ္တိကတော့ တော်တော် နည်းတာပဲ။ အကျိုးအမြတ်တွေ မျက်စိရှေ့ ရောက်နေတာတောင် မယူရဲဘူး။
"ပါးစပ်ပိတ်ထားစမ်း... မင်း ဘာမှမသိပါဘူး"
"အုတ်မြစ်တည်ဆောက်ခြင်း ဝိညာဉ်ဆေးပင်ဆိုတာ ဘာမှမဟုတ်ဘူး။ အဲဒါ မရှိလည်း ငါ အုတ်မြစ်တည်ဆောက် နိုင်တယ်"
"လုံခြုံရေးက အဓိကပဲ"
"လုံခြုံစိတ်ချစွာ ရယူနိုင်မှသာ အခွင့်အရေး အစစ်အမှန် ဖြစ်တယ်။ မဟုတ်ရင် အဲဒါက သေလမ်းပဲ" ဟု ကျန်းဖန်က ဝိညာဉ်အာရုံဖြင့် ဆေးပေါင်းဖိုကြီးကို ပြန်ပြောလိုက်သည်။
ဆေးပေါင်းဖိုကြီးမှာ ပြောစရာ စကားမရှိတော့ပေ။
ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က 'ချီ' ကျင့်ကြံခြင်းအဆင့်မှာ ပြိုင်ဘက်ကင်းနေပြီ ဖြစ်ပြီး လင်းရှီးလျှို့ဝှက်နယ်မြေထဲက ဘယ် လေလွင့်ကျင့်ကြံသူကမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီကောင်လေးက သတိကြီးမှန်း သိပေမဲ့ ဒီလောက်အထိ သတိကြီးလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။ ဒါက လွန်လွန်းအားကြီးနေပြီ။
ကျန်းဖန်သည် ဆက်ပြောမနေတော့ဘဲ 'သတ္တမအဆင့် အခွင့်အရေး'၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ 'အမည်မဲ့ချိုင့်ဝှမ်း' ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားလေတော့သည်။
ထိုအခါ များမကြာမီမှာပင် ချိုင့်ဝှမ်းအတွင်းပိုင်း၌ ဖုံးကွယ်နေသော ဂူတစ်ခုကို တွေ့လိုက်ရသည်။ အခွင့်အရေး၏ လမ်းညွှန်မှုသာ မပါလျှင် သူ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ဝုန်း…
နောက်တစ်စက္ကန့်တွင် ကျန်းဖန်သည် စုဝေဝေကို ခေါ်ဆောင်၍ ဂူထဲသို့ ဝင်ရောက်သွားရာ အတွင်း၌ အရိုးစုတစ်ခု လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သေဆုံးနေသည်မှာ နှစ်ပေါင်း မည်မျှ ကြာမြင့်ပြီကို မသိနိုင်ပေ။ အရိုးစုဘေးတွင် ဝိညာဉ်သိုလှောင်အိတ် တစ်လုံး ကျန်ရစ်နေသည်။
ထင်ရှားသည်မှာ ဤလျှို့ဝှက်ကျင့်ကြံသူသည်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက လင်းရှီးလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့သော လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် ဘေးဒုက္ခတစ်ခုခုနှင့် ကြုံတွေ့ရပြီးနောက် ဤနေရာ၌ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် နောက်ဆုံးတွင် ပြင်းထန်သော ဒဏ်ရာကြောင့် ဤနေရာ၌ပင် အသက်ပျောက်သွားခဲ့ရပြီး ပြန်မထွက်နိုင်တော့ခြင်း ဖြစ်ပေမည်။
"ဟင်..."
ကျန်းဖန်သည် ရှေ့သို့ တိုးသွားပြီး ဝိညာဉ်သိုလှောင်အိတ် ကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ပစ္စည်းအားလုံးကို ထုတ်ယူလိုက်ရာ ဝိညာဉ်အရည် အမြောက်အမြား ပါဝင်သော အစိမ်းရောင် ဗူးသီးခြောက်တစ်လုံး၊ ဝိညာဉ်ဆေးပင် သုံးပင်နှင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်တို့ကို တွေ့လိုက်ရသည်။
ထိုအရာများမှလွဲ၍ အခြား ရတနာများ မပါရှိပေ။ သို့သော် ဤအစိမ်းရောင် ဗူးသီးခြောက်ထဲမှ ဝိညာဉ်အရည်များသည်ပင်လျှင် သူ့အတွက် ကြီးမားသော စည်းစိမ်ဥစ္စာကို ရရှိစေရန် လုံလောက်နေပေပြီ။
"သောက်ကျိုးနည်း... မင်းက ဘယ်လိုတောင် ကံကောင်းနေရတာလဲ"
"သာမန် ဂူတစ်လုံးထဲ ဝင်လိုက်တာနဲ့ သေဆုံးသွားတဲ့ ကျင့်ကြံသူရဲ့ ရတနာတွေကို ရသွားတာလား"
"ပြီးတော့ ဝိညာဉ်အရည်တွေ ဒီလောက်အများကြီး ပါလာသေးတယ်။ အနည်းဆုံး ဝိညာဉ်ကျောက်တုံး သောင်းချီတော့ တန်ဖိုးရှိမှာ။ ဒီကောင်က လင်းရှီးလျှို့ဝှက်နယ်မြေထဲမှာ ဝိညာဉ်အရည်ရဖို့ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့ရသမျှကို မင်းက အလွယ်လေး ရလိုက်တာပဲ"
သောင်းပြောင်းလဲခြင်း ဆေးပေါင်းဖို ကြီးမှာ မှင်တက်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
ဒီကောင်လေးရဲ့ ကံတရားကတော့ တကယ် ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ။
ဝမ်ဟွာအရှင်သခင်တုန်းက ဘာလို့ ဒီလောက် ကံမကောင်းခဲ့ရတာလဲ။ ရတနာရတိုင်း တခြားကျင့်ကြံသူတွေရဲ့ လိုက်လံသတ်ဖြတ်တာ ခံခဲ့ရပြီး လူတွေကို ရန်စခဲ့ရတာချည်းပဲ။ အဲဒါကြောင့် ဝမ်ဟွာအရှင်သခင်မှာ အမြဲတမ်း ထွက်ပြေးနေရပြီး တည်ငြိမ်တဲ့ နေရာတစ်ခုတောင် မရှိခဲ့ရှာဘူး။
အမှန်အတိုင်း ပြောရရင် ဝမ်ဟွာအရှင်သခင်သာ တိုက်ပွဲတွေကြောင့် ဒဏ်ရာတွေ မရခဲ့ရင်၊ အုတ်မြစ် မပျက်စီးခဲ့ရင် 'နတ်ဘုရား အသွင်ပြောင်းလဲခြင်း' အဆင့်အထိ ရောက်နိုင်ခဲ့မှာ သေချာတယ်။
…..