အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အပိုင်း (၁၃၆) မင်္ဂလာဦး
ကျိုးလီသည် သူ့ယောက်ဖကြီးနှင့် ယောက်ဖငယ်တို့၏ ဆွဲခေါ်ခြင်းကို ခံရလျက် စာကြည့်ခန်းတွင် စကားပြောဆိုရန် ပါသွားလေသည်။
လုမင်ယွိကတော့ လုမင်ဟွား၏လက်ကို ဆွဲကိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "စန်းကျဲ ငါတို့ နင်ရဲ့ အခန်းထဲမှာ သွားပြီး စကားပြောကြရအောင်”
လုမင်ဟွားက ပြုံးရွှင်စွာဖြင့် "အင်း" ဟု တစ်ချက် အသံပြုလိုက်သည်။
လုမင်ဖန်းနှင့် လုမင်ယွဲ့တို့သည်လည်း တစ်ပါတည်း လိုက်ပါလာခဲ့ကြပြီး ညီအစ်မလေးဦးသား အခန်းတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြ၏။ လုမင်ဖန်းက အရင်ဆုံး နှုတ်ဖွင့်ကာ မေးမြန်းလိုက်လေသည်။ "စန်းမေ့ ဒီနှစ်ရက်အတွင်း ကျိုးအိမ်တော်မှာ ဘယ်လိုလဲ။ နင့်ယောက္ခမတွေက နင့်အပေါ် ဘယ်လိုဆက်ဆံလဲ။ ကျိုးလီက နင့်အပေါ် ကောင်းရဲ့လား”
လုမင်ဟွားသည် နူးညံ့သောအသံဖြင့် ပြန်လည်ဖြေကြားသည်။ "ယောက္ခမကြီးတွေက ငါ့အပေါ် သဘောကောင်းကြပါတယ်။ ငါက ယောက္ခမတွေကို ထမင်းပန်းကန် တူတို့ ပြင်ဆင်ပေးဖို့ လုပ်ပေမယ့် သူတို့က လက်မခံကြဘူး။ ငါ့ကို သမီးအရင်းတစ်ယောက်လို သဘောထားတယ် ဘာစည်းကမ်းမှ ထားစရာမလိုဘူးလို့ ပြောကြတယ်”
"ဖူးကျွင်းကလည်း ငါအပေါ် အရမ်းကောင်းပါတယ်”
မည်သို့မည်ပုံ ကောင်းသည်ကိုတော့ နှုတ်မှ ထုတ်ဖော်မပြောနိုင်တော့ဘဲ ဦးခေါင်းကိုသာ ငုံ့ထားလျက် မျက်နှာနီမြန်းနေလေသည်။ ထိုမျက်နှာနီမြန်းနေပုံမှာ မီးတောက်လောင်တော့မတတ်ပင် ဖြစ်နေ၏။
လုမင်ဖန်းသည် အတွေ့အကြုံရှိသူပီပီ သဘောပေါက် နားလည်ဟန်ဖြင့် ပြုံးလိုက်လေသည်။
လုမင်ယွိသည်လည်း အခြေအနေကို ရိပ်စားမိ၏။ ကျိုးလီဆိုတဲ့ အတ္တကြီးပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ခွေးဇာတ်ခင်းတဲ့လူက အစပိုင်းမှာတော့ လုမင်ဟွားအပေါ် သိပ်ကို နူးညံ့ကြင်နာပြနေမှာပေါ့။
လုမင်ယွဲ့ကတော့ ကောင်းစွာ နားမလည်သဖြင့် သိချင်စိတ်ဖြင့် မရပ်မနား ဆက်တိုက် မေးမြန်းနေလေသည်။ လုမင်ဟွားမှာ အမေးခံရလွန်းသဖြင့် ရှက်သွေးဖြာသွားရပြီး သည်လိုသာ ပြောနိုင်တော့သည်။ "ဒီနှစ်ရက်လုံး ငါတို့ အခန်းထဲမှာပဲ အမြဲနေဖြစ်တယ်။ ယောက္ခမတွေကို အရိုအသေပေးတာကလွဲရင် အပြင်ကို တော်ရုံတန်ရုံ မထွက်ဖြစ်သလောက်ပဲ”
အခန်းထဲတွင် မည်သို့ပြုမူနေသည်ကိုတော့ ထပ်မံ ပြောဆိုရန် မလိုအပ်တော့ပေ။
လုမင်ယွဲ့သည် မျက်နှာရွှင်လန်းကာ ကလေးဆန်စွာဖြင့် ရယ်မောလိုက်သည်။
လုမင်ယွိကတော့ ပြုံးကာ လုမင်ယွဲ့၏ ဦးခေါင်းကို ခပ်ဖွဖွ ခေါက်လိုက်ပြီး ပြောလိုက်လေသည်။ "တော်ပြီ တော်ပြီ ဆက်မမေးနဲ့တော့။ နင် ကြီးလာရင် နားလည်သွားလိမ့်မယ်”
လုမင်ယွဲ့သည် မကျေမနပ်ဖြင့် ပြန်လည်ချေပလေသည်။ "ငါ ကြီးနေပါပြီ”
သို့သော် သူမ၏ ကြီးပြင်းကြောင်း ကြေညာချက်ကို မည်သူကမှ အရေးတယူ ဂရုမစိုက်ခဲ့ကြပေ။
လုမင်ယွိသည် လုမင်ဟွား၏လက်ကို ဆုပ်ကိုင်လျက် လေးနက်စွာ မှာကြားလိုက်သည်။ "စန်းကျဲ နင်က စိတ်ထားနူးညံ့တယ်။ လူတွေနဲ့ ပြိုင်ပြီး ငြင်းခုံရတာ မကြိုက်ဘူး။ အခု ကျိုးအိမ်တော်ကို ရောက်သွားပေမယ့် ကျိုးအိမ်တော်က နင့်ကို လွယ်လွယ်နဲ့တော့ နှိမ့်ချဆက်ဆံရဲမှာ မဟုတ်ဘူး။ နောက်ပိုင်းမှာသာ မတရားခံရတာမျိုး ရှိခဲ့ရင် နင် စိတ်ထဲမှာပဲ မထားဘဲ ငါ့ကိုသာ ပြောပါ။ ငါ နင့်အတွက် မားမားမတ်မတ် ရပ်တည်ပြီး ဖြေရှင်းပေးမယ်”
လုမင်ဟွားသည် ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်လေသည်။
လုမင်ယွိက ထပ်ပြောလိုက်၏။ "တကယ်လို့ ကျိုးလီက နင့်အပေါ် မကောင်းခဲ့ရင်လည်း နင် အားမနာနဲ့။ ကြာပွတ်နဲ့သာ ဆွဲလိုက်။ သူ အဲ့ဒါမှ ငြိမ်သွားမှာ”
လုမင်ဟွား “...”
ကြည့်ရတာ စစ်မေ့က ကျိုးလီကို တကယ် မကြိုက်ဘူးပဲ။
လုမင်ဖန်းကပင် ထောက်ခံလိုက်သေးသည်။ "ငါတို့က ငယ်ငယ်ကတည်းက သိုင်းပညာ သင်ထားတာ လက်ရည်က ယောက်ျားတွေထက် မနိမ့်ဘူး။ ဘယ်လိုလုပ် အဲ့ဒီလို အညံ့ခံနိုင်မှာလဲ။ စစ်မေ့ ပြောတာ မှန်တယ်။ စန်းမေ့ဖူ ကသာ နင့်အပေါ် မတရားလုပ်တာမျိုး ရှိခဲ့ရင် နင် သည်းမခံနဲ့ သူ့ကို တစ်ခါလောက် ဆုံးမလိုက်။ သူ နောက်လုပ်ရဲမှာ မဟုတ်တော့ဘူး”
လုမင်ဟွားသည် ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
လုမင်ယွဲ့က စပ်စုပြီး မေးလိုက်လေသည်။ "သာ့ကျဲ နင်က ဒီလောက် ချောချောမွေ့မွေ့ ပြောနေတာ နင်လည်း သာ့ကျဲဖူကို အဲ့ဒီလို ဆုံးမဖူးလို့လား”
လုမင်ဖန်းသည် နှုတ်ခမ်းစေ့ကာ ပြုံးလိုက်ပြီး ပြောလေသည်။ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ငါနဲ့ သူက ငယ်ငယ်လေးကတည်းက သိတာလေ။ သူက ငါ ဆံပင်ကို ဆွဲရတာ အမြဲကြိုက်တယ်။ ငါ့ကို စိတ်တိုအောင် လုပ်လို့ သူ့ကို ပြင်းပြင်းထန်ထန် တစ်ခါ ဆုံးမလိုက်ဖူးတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး သူ ဘယ်လောက် ဆော့ဆော့ ငါ့ကို လာမစရဲတော့ဘူး”
လုမင်ဖန်း၏ ဖခင်အရင်းသည် လုလင်း၏ ကိုယ်ရံတော် ဖြစ်ခဲ့ပြီး ကျန်းကျုံး၏ အဖေကတော့ လုလင်း၏ လက်အောက်မှ စစ်သူကြီးတစ်ဦး ဖြစ်၏။ သူတို့နှစ်ဦးကို ငယ်သူငယ်ချင်းများဟု ဆိုလျှင် လွန်မည် မဟုတ်ပေ။ ကြီးပြင်းလာပြီးနောက် သဘာဝကျစွာပင် ဇနီးမောင်နှံ ဖြစ်လာခဲ့ကြသည်။
လုမင်ဖန်းသည် တည်ငြိမ် အိန္ဒြေရှိလှကာ သူမ၏ လက်ရည်သည် ခင်ပွန်းဖြစ်သူ ကျန်းကျုံးထက် မနိမ့်ကျကြောင်း မည်သူက ထင်မြင်နိုင်ပါမည်နည်း။ လက်ထပ်ပြီးသည့် ဤနှစ်များအတွင်း ကျန်းကျုံးနှင့် သူမသည် တွေ့ဆုံချိန်ထက် ခွဲခွာချိန်က ပိုများခဲ့သော်လည်း မျက်နှာနီရဲကာ စိတ်ကောက်သည်ဟူ၍ တစ်ခါမျှ မရှိခဲ့ဘဲ အလွန်ပင် ချစ်ခင်ကြင်နာကြသည်ဟု ဆိုရမည် ဖြစ်၏။
လုမင်ဖန်းသည် ဇနီးမောင်နှံတို့၏ ပေါင်းသင်းဆက်ဆံရေး နည်းလမ်းများကို လုမင်ဟွားကို အသေးစိတ် မျှဝေသင်ပြပေးနေလေသည်။
လုမင်ဟွားသည်လည်း အလွန် ဂရုတစိုက် နားထောင်နေပြီး ဂရုမစိုက်ဟန် ပြုနေသော လုမင်ယွိကိုပင် လှည့်ကာ ပြောလခဲ့သည်။ "စစ်မေ့ နင်လည်း မကြာခင် လက်ထပ်တော့မှာပဲ။ အတူတူ နားထောင် နည်းနည်းပါးပါး လေ့လာထားဦးလေ”
လုမင်ယွိ “...”
အေး ဟုတ်သားပဲ။ နောက်နှစ်လဆို ငါလည်း ယောက်ျားယူရတော့မှာ။
လုမင်ယွိသည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အလေးအနက် နားထောင်နေဟန် ပြုမူလိုက်၏။
လုမင်ယွဲ့က ပါးစပ်ကို လက်ဖြင့် အုပ်ကာ တခစ်ခစ်ဖြင့် မရပ်မနား ရယ်မောနေလေသည်။
လုမင်ဖန်းကတော့ နှစ်လိုဖွယ် ပြုံးလိုက်ပြီး ပြောလိုက်၏။ "တကယ်တော့ လူတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားက မတူကြဘူးလေ။ ဇနီးမောင်နှံတိုင်းရဲ့ ပေါင်းသင်းဆက်ဆံပုံကလည်း မတူကြဘူး။ ငါနဲ့ ကျန်းကျုံးရဲ့ ဆက်ဆံပုံက စန်းမေ့ နဲ့ စစ်မေ့ အတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ ဘာပဲဖြစ်ဖြစ် အခုလည်း အားနေကြတာပဲ။ နင့်တို့ အပျင်းပြေ နားထောင်တယ်လို့ပဲ သဘောထားလိုက်ကြပေါ့”
...
ထိုနေ့ မွန်းတည့်ချိန်တွင် ကျိုးလီသည် အရက်မူးသွားလေတော့သည်။
ထိုခေတ်အခါ ဓလေ့ထုံးတမ်းအရ မိဘအိမ်သို့ ပြန်လာသောနေ့တွင် မိုးမချုပ်မီ ခင်ပွန်းအိမ်သို့ ပြန်လည် ရောက်ရှိရမည် ဖြစ်၏။
ကျိုးလီသည် အရက်မပြေသေးသဖြင့် လုဖေးက ကျိုးလီကို မြင်းလှည်းပေါ်သို့ တိုက်ရိုက် တွဲတင်ပေးလိုက်ပြီး လုမင်ဟွားကိုလည်း ပြုံးလိုက်ကာ မှာကြားလိုက်သည်။ "အချိန် မစောတော့ဘူး။ မင်းတို့ စောစော ပြန်ကြတော့”
လုမင်ဟွားသည် ပြုံးလိုက်ကာ အသိအမှတ်ပြုလိုက်သည်။
မြင်းလှည်းသည် ညင်သာစွာ ရွေ့လျားလို့နေ၏။ ရံဖန်ရံခါ အနည်းငယ် ခုန်ဆောင့်သွားရာ ကျိုးလီ၏ နဖူးသည် မြင်းလှည်းခန်းနှင့် ဆောင့်မိသွားပြီး သူသည် အမှတ်မထင် အသက်ကို ပြင်းစွာ ရှူသွင်းလိုက်မိလေသည်။
လုမင်ဟွားသည် အနည်းငယ် သနားသွားပြီး ကျိုးလီ၏ နဖူးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း အလျင်အမြန် မေးလိုက်သည်။ "ရှင် ခေါင်း အရမ်းနာနေသေးလား”
ကျိုးလီသည် မူလကတည်းက အရက်မူးကာ ခေါင်းကိုက်နေသည့်အပြင် ယခုကဲ့သို့ ဆောင့်မိသွားသဖြင့် ပိုလို့ပင် ခေါင်းကိုက်လာလေသည်။ ဤအချိန်တွင် မင်္ဂလာဆောင်ကာစ ဇနီးသည်၏ နူးညံ့စွာ ပွတ်သပ်ပေးမှုကို ခံရသောအခါ ကျိုးလီ၏ စိတ်နှလုံးသည် ပျားရည်သောက်သုံးလိုက်ရသကဲ့သို့ ချိုမြသွားပြီး အသံတိုးတိုးဖြင့် ရယ်မောကာ ဆိုလိုက်သည်။ "မင်း နည်းနည်းလောက် ထပ်ပြီး နှိပ်ပေးပါဦး ဒါဆို ကို မနာတော့ဘူး”
ကျိုးလီသည် ထိုသို့ ဆိုရင်း လုမင်ဟွား၏ သေးသွယ်သော ခါးကို ပွေ့ဖက်လိုက်ပြီး သူ့ဦးခေါင်းကို လုမင်ဟွား၏ ရင်ခွင်ထဲသို့ တိုးကပ်လိုက်လေသည်။
လုမင်ဟွားသည် မျက်နှာ ရှက်သွေးဖြာသွားပြီး ပြုံးလိုက်ကာ သူ့ကို စကားဖြင့် စလိုက်သော်လည်း သူ့ကို တွန်းထုတ်လိုက်ခြင်း မရှိပေ။
ဇနီးမောင်နှံငယ်လေးတို့သည် မင်္ဂလာဦး၏ ချစ်စိတ်များ ပြင်းထန်နေချိန် ဖြစ်ရာ တစ်ဦးကိုတစ်ဦး မှီတွယ်လျက် အလွန် ချစ်ခင်ကြင်နာနေကြပြီး ပြောမကုန်နိုင်သော စကားများ ရှိနေသကဲ့သို့ ဖြစ်၏။
"ဒီနေ့ သာ့ကျဲ၊ စစ်မေ့ နဲ့ ဝူမေ့တို့က မင်းကို ဘာတွေ ပြောလိုက်ကြသေးလဲ”
လုမင်ဟွားသည် နှုတ်ခမ်းစေ့ကာ ပြုံးလိုက်ပြီး ဆိုသည်။ "စစ်မေ့ က ကျွန်မကို မှာလိုက်တယ်။ မတရားခံရတာ ရှိရင် သူ့ကို မဖြစ်မနေ ပြောပြပါတဲ့။ သူ ချက်ချင်းပဲ ကျိုးအိမ်တော်ကို လိုက်ပြီး ကျွန်မအတွက် ဖြေရှင်းပေးမယ်တဲ့”
ဤသည်မှာ လုမင်ယွိ ပြောဆိုနိုင်ဖွယ်ရှိသော စကားပင်။။
ကျိုးလီသည် ရယ်မောလိုက်ပြီး ပြောတော့သည်။ "စစ်မေ့ က တကယ်ကို ပူပန်လွန်းနေတာပဲ”
ဤသို့ ဆိုပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
"အကောင်းကြီးကနေ ဘာလို့ သက်ပြင်းချရတာလဲ” လုမင်ဟွားက တိုးတိုးလေး မေးလိုက်သည်။
ကျိုးလီသည် သူ၏ ချစ်ဇနီးလေးကို ပွေ့ဖက်ထားရင်း အသံတိုးတိုးဖြင့် ဆိုလေသည်။ "ကျိုးအိမ်တော်က မျိုးရိုးနိမ့်ကျတော့ မင်းကို နစ်နာစေမိပြီ။ စစ်မေ့က ကို့ကို အမြဲတမ်း သဘောမကျခဲ့ဘူး။ ကိုက လုအိမ်တော်ကို တွယ်ကပ်ဖို့အတွက် မင်းကို လက်ထပ်ခဲ့တယ်လို့ သူ ထင်နေလို့ နေမှာပေါ့။ ဒါကြောင့် စိတ်ထဲကနေ ကို့ကို အထင်သေးနေတာ”
"ဟွားမေ့ (ညီမလေးဟွား) မင်းနဲ့ကို အခု ဇနီးမောင်နှံတွေ ဖြစ်နေပြီ။ ကို မင်းကို ရင်ထဲကလာတဲ့ စကားတချို့ ပြောချင်တယ်။ ကိုက ရာထူးလမ်းကြောင်း ချောမွေ့ဖို့ မျှော်လင့်တာ မှန်တယ်။ ဂုဏ်မြင့်ဖို့ စိတ်ဆန္ဒလည်း ပြင်းပြတယ်။ ဒါပေမဲ့ ယောက်ျားတစ်ယောက် ဖြစ်လာမှတော့ ဘယ်သူက လူတွေထက် မထူးချွန်ချင်ဘဲ နေမှာလဲ”
"ကို ထန်းဟွားမရခင်အထိ စေ့စပ်ဖို့ကို အမြဲ ငြင်းဆန်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုက အရည်အချင်းရော အလှအပပါ ပြည့်စုံတဲ့ သခင်မလေးတစ်ယောက်ကို ဇနီးတော်ချင်ခဲ့လို့ပဲ။ ယောက္ခမအိမ်တော်က ကို့အတွက် အထောက်အပံ့ ဖြစ်နိုင်မယ်ဆိုရင်တော့ ပိုတောင် ကောင်းသေးတာပေါ့”
"ကို့ရဲ့ ဒီစိတ်သဘောထားက တကယ်တော့ မဖြစ်သင့်ဘူး။ ဒါပေမဲ့ လူ့သဘာဝက ဒီလိုပါပဲ။ ကို မင်းအပေါ် ပွင့်လင်းရိုးသားစွာ ဆက်ဆံတဲ့အတွက် ဒီစကားတွေကို မင်းကို ပြောပြဖို့ မကြောက်ပါဘူး”
"ဒါပေမဲ့ မင်းအပေါ် ထားတဲ့ ကို့ရဲ့စိတ်ကလည်း အမှန်တကယ်ပဲ။ မင်းက ရှင်းယန်ဝမ်ရဲ့ မွေးစားသမီး။ လှပတယ်။ နူးညံ့တယ်။ အသေးစိတ် ဂရုစိုက်တတ်တယ်။ မင်းကို ဇနီးအဖြစ် ရခဲ့တာ ကိုဆိုတဲ့ ကျိုးလီရဲ့ ဒီဘဝမှာ အကြီးမားဆုံး ကံကောင်းခြင်းပဲ”
"ကို ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ ဒီဘဝမှာ မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ မဟုတ်ရင် ကိုဆိုတဲ့ ကျိုးလီ မိုးကြိုးပစ်ခံရပြီး နိဂုံးမလှပါစေနဲ့”
လုမင်ဟွားသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ကျိုးလီ၏ ပါးစပ်ကို ညင်သာစွာ ပိတ်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများတွင် ချစ်ခင်မှုတို့ ပြည့်နှက်နေပြီး အသံမှာ နူးညံ့လို့နေသည်။ "ဘာလို့ ဒီလို ပြင်းထန်တဲ့ ကျိန်စာတွေ ဆိုနေရတာလဲ။ ကျွန်မ ရှင့်ကို လက်ထပ်ပြီးပြီပဲ။ ရှင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း နေမှာပေါ့”
"ကျွန်မက ရှင့်ကို မြင်မြင်ချင်း ချစ်မိခဲ့တာပါ။ ရှင့်ကိုပဲ လက်ထပ်မယ်လို့ ဇွတ်တောင်းဆိုခဲ့တာ။ မွေးစားအဖေကမှ တမင် လူလွှတ်ပြီး ကျိုးအိမ်တော်ကို ကမ်းလှမ်းခဲ့တာပါ။ ဒီလက်ထပ်ပွဲက ကျွန်မ ကိုယ်တိုင် စိတ်ရင်းနဲ့ သဘောတူခဲ့တာပါ။ နောင်ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ နောင်တရမှာ မဟုတ်ဘူး”
"တစ်နေ့နေ့မှာ ရှင်သာ သစ္စာဖောက်ခဲ့ရင် ကျွန်မ လုအိမ်တော်ကို မျက်ရည်ကျပြီး ပြန်တိုင်တန်းနေမှာ မဟုတ်ဘူး။ အများဆုံးတော့ ဓားနဲ့ အရင် ရှင့်ကို သတ်မယ် ပြီးမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ရှင်နဲ့အတူ မရဏပြည်ကို အတူတူ လိုက်သွားရုံပဲပေါ့”
ကျိုးလီ “...”
သူ့ရဲ့ "မိုးကြိုးပစ်ခံရပြီး နိဂုံးမလှပါစေနဲ့" ဆိုတာက လုမင်ဟွားရဲ့ ဒီလို နူးနူးညံ့ညံ့ ခြိမ်းခြောက်မှုနဲ့ ယှဉ်လိုက်တော့ ဘာမှကို ပြောစရာမရှိတော့ပါလား။
...
အပိုင်း (၁၃၇) နှစ်သစ်ကူး
ယုံးကျား နန်းစံ ၉ နှစ်မြောက် နှစ်သစ်ကူးသည် ကောင်းကင်ယံတွင် လွင့်ပျံဝဲကျနေသော နှင်းစများအကြားမှ ဆိုက်ရောက်လာခဲ့၏။
နှင်းတို့သည် တစ်ညလုံး သည်းထန်စွာ ရွာသွန်းခဲ့ပြီး ၅ချက်တီးအချိန် ရောက်မှသာ ရပ်တန့်သွားလေသည်။ ခြေတစ်လှမ်း နင်းချလိုက်သည်နှင့် နက်ရှိုင်းသော ခြေရာတွင်းတစ်ခု ဖြစ်ပေါ်သွား၏။
နန်းတွင်းအမတ်များအနေဖြင့် နှစ်သစ်ကူးနေ့ နံနက်စောစောတွင် နန်းတော်သို့ ဝင်ရမည် ဖြစ်သည်။ ယနေ့တွင် ယုံးကျားဧကရာဇ်သည် အရပ်ဘက်နှင့် စစ်ဘက် အမှုထမ်းမှူးမတ်များနှင့် မင်းသားတော်များအားလုံးကို ဦးဆောင်ပြီး ကောင်းကင်နှင့် တော်ဝင်ဘိုးဘွားဗိမာန်ကို ပူဇော်ပသမည်ဖြစ်ပြီး နန်းတော်တွင်း၌ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ရှိလေသည်။
ဘွဲ့ထူးဂုဏ်ထူးရ ကတော်များသည်လည်း နံနက်စောစောထကာ အနောက်နန်းဆောင်သို့ ဝင်ရောက်ကာ မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ကို တွေ့ဆုံဂါရဝပြုရမည် ဖြစ်၏။
လုအိမ်တော်မှ အစေခံမိန်းကလေးများ အထိန်းတော်များနှင့် ကိုယ်ရံတော်များသည် လူတိုင်း ထူထဲသော ဂွမ်းသားဝတ်ရုံများကို ဝတ်ဆင်လျက် ပျော်ရွှင်ဝမ်းမြောက်သော အသွင်ဖြင့် သခင်များထံသို့ လာရောက် ဂါရဝပြုကြလေသည်။
လုမင်ယွိနှင့် ရှန်းလန်တို့သည် အတွင်းခန်းမဆောင်တွင် ထိုင်နေကြပြီး သူတို့၏အနီးတွင် ကြေးနီဒင်္ဂါးများထည့်ထားသော ခြင်းတောင်းကြီးတစ်လုံးကို ချထား၏။ ဂါရဝပြုရန် လာရောက်သူတိုင်းအတွက် ဆုတော်ငွေ ရှိလေသည်။ လုအိမ်တော်၏ ဆုတော်ငွေပေးပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။ မိမိကိုယ်တိုင် ခြင်းတောင်းအနီးသို့ သွားကာ တစ်ခုပ်စာ နှိုက်ယူရခြင်း ဖြစ်သည်။ အရည်အချင်းရှိသလောက် များများ နှိုက်ယူနိုင်လေသည်။
လက်သေးကာ အားနည်းသော အစေခံမိန်းကလေးများသည် အနည်းငယ်မှသာ ယူနိုင်ကြသော်လည်း လက်ဖဝါးမှာ ယပ်တောင်ပမာ ကြီးမားသော အိမ်တော်ထိန်းများနှင့် ကိုယ်ရံတော်များကတော့ မတူညီကြပေ။ လက်ကို လှပကျော့ရှင်းစွာ ဆန့်ထုတ်ပြီး တစ်ချက် နှိုက်ယူလိုက်သည်နှင့် ကြေးနီဒင်္ဂါးများ လုက်တစ်ဆုပ်အပြည့် ပါလာလေသည်။ ဤသည်မှာ အစေခံမိန်းကလေးများကို မျက်လုံးများ နီရဲသွားသည်အထိ အားကျစေလောက်ပေသည်။
ရှန်းလန်သည်လည်း ဤကဲ့သို့ စည်ကားမှုကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်ရာ အသံတိုးတိုးဖြင့် ရယ်မောလျက် ပြောလေသည်။ "ဒီလိုမျိုး နှစ်သစ်ကူးမုန့်ဖိုး ပေးတာကတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲနော်”
လုရွှမ်းက အလုအယက် ရယ်မောရင်း ပြောလေသည်။ "ဒါက စစ်ကျဲ စဉ်းစားထားတဲ့ နည်းလမ်းဗျ”
"နှစ်သစ်ကူးဆိုတာ ပျော်ရွှင်စည်ကားတာကိုပဲ အဓိကထားရတာ မဟုတ်လား” လုမင်ယွိက ရယ်မောရင်း ပြောလေသည်။ "ငါ မီးဖိုချောင်ကို ကြက် ဘဲ ငါး အသားတွေ အလုံအလောက် ပြင်ဆင်ခိုင်းထားတယ် အရက်လည်း ပြင်ထားသေးတယ်။ နှစ်သစ်ကူး ဒီတစ်ရက်တော့ လူတိုင်းကို ကောင်းကောင်းမွန်မွန် တစ်နပ် စားစေချင်လို့”
အဘယ်ကြောင့် လုအိမ်တော်၏ ကိုယ်ရံတော်တိုင်းသည် သခင်များအတွက် မီးတွင်းရေတွင်း ခုန်ဆင်းရဲပြီး သေရမည်ကို မကြောက်ရွံ့ဘဲ သစ္စာစောင့်သိကြပါသနည်း။
ဒါသည်ပင် အကြောင်းအရင်း ဖြစ်လေသည်။
လုလင်းသည် စစ်တပ်ကို အုပ်ချုပ်ရာတွင် တင်းကျပ်လှပြီး ကိုယ်ရံတော်များကို လေ့ကျင့်ပေးသည့်အခါ မည်သည့်အခါမှ ညှာတာမှု မရှိခဲ့ပေ။ သို့သော် စစ်ရေးလေ့ကျင့်ရာတွင် ရက်စက်ကြမ်းတမ်းသည်မှအပ ကိုယ်ရံတော်များအပေါ်တွင်တော့ အလွန် ကောင်းမွန်လှ၏။
လစဉ် လစာငွေများမှာ ရက်ရောပြီး နွေးထွေးစွာ ဝတ်ဆင်ရကာ ဝလင်စွာ စားသောက်ရသည်။ အကယ်၍ စစ်မြေပြင်တွင် ကျဆုံးခဲ့ပါက ရက်ရောသော နာရေးကူညီမှုနှင့် မိသားစုစောင့်ရှောက်စရိတ်ငွေများ ရရှိသည်။ ဒဏ်ရာရရှိပြီး သွားစရာနေရာ မရှိသူများကိုလည်း လုအိမ်တော်တွင်ပင် အမှုထမ်းစေပြီး အငြိမ်းစားဘဝကို ဖြတ်သန်းခွင့်ပြုသည်။
လုမင်ယွိသည် အိမ်တော်ကို ၆ နှစ်ကြာ အုပ်ချုပ်ခဲ့ရာ ကိုယ်ရံတော်များအပေါ် အလားတူပင် ရက်ရောစွာ ဆက်ဆံခဲ့သည်။
ထိုအကြောင်းကြောင့် ကိုယ်ရံတော်များသည်လည်း လုလင်း သားအဖနှစ်ဦးအပေါ်တွင် နှလုံးသားထဲမှ လာသော သစ္စာစောင့်သိမှုများ ရှိကြလေသည်။
ရှန်းလန်သည် တိတ်ဆိတ်စွာ နားထောင်ရင်း တစ်ခုချင်းစီကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။
လုမင်ယွိ လက်ထပ်မည့်အချိန်မှာ နီးကပ်လာပြီ ဖြစ်ပြီး နောင်တွင် အတွင်းအိမ်တော်ကို သူမ၏လက်ထဲသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ သူမသည် လုမင်ယွိနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ လူအများ၏ စိတ်ကို မအေးစက်စေရပေ။
"စစ်ကျဲ ဒီနေ့ ရာသီဥတုက အေးတယ်။ ငါတို့ နေ့လယ်စာ ဟော့ပေါ့ ပူပူလေး စားကြရင် မကောင်းဘူးလား” လုမင်ယွဲ့က မျှော်လင့်ချက်အပြည့်ဖြင့် အကြံပြုလိုက်၏။
လုရွှမ်းသည်လည်း အလွန် စားချင်နေပုံဖြင့် ပြောလေသည်။ "ဟုတ်တယ် ဟုတ်တယ်။ အိမ်တော်မှာ အအေးခံထားတဲ့ သိုးသား ရှိတယ်။ ပါးပါးလေးတွေ လှီးပြီးတော့ ရေနွေးအိုးထဲ ထည့်နှစ်၊ ဆီစပ်လေး ပဲငံပြာရည်လေးနဲ့ တို့စားလိုက်ရရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲ”
ရှန်းလန်သည်လည်း ဟော့ပေါ့ကို အလွန် ကြိုက်နှစ်သက်၏။ သို့သော် သတို့သမီးသစ်တစ်ဦး ထို့အပြင် အာ့စောင် တစ်ဦး ဖြစ်သည့်အလျောက် အနည်းငယ်တော့ ထိန်းထိန်းသိမ်းသိမ်း နေရပေမည်။ ထို့ကြောင့် သူမသည် တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
လုမင်ယွိသည် ရှန်းလန်ကို နားအလည်ဆုံးဖြစ်ကာ သူမက ရယ်မောရင်း စနောက်လိုက်သည်။ "အာ့စောင် ဘာမှမပြောတာက မစားချင်လို့လား”
ရှန်းလန်သည်လည်း ဆက်ပြီး ဟန်မဆောင်တော့ဘဲ ချက်ချင်း ပြောလိုက်တော့သည်။ "တောကြက်နဲ့ ဟင်းရည်ချက်ရင် အရသာက အရှိဆုံးပဲ”
...
မွှေးရနံ့ သင်းပျံ့လျက် အငွေ့တထောင်းထောင်း ထနေသော တောကြက်ဟင်းရည်ထဲတွင် စိမ်းစိုသော ဟင်းရွက်များ ဖြူဖွေးသော မျှစ်ချပ်များနှင့် တို့ဟူးများ ပွက်ပွက်ဆူလူးကာ လှုပ်ရှားနေကြသည်။
လုမင်ယွိသည် ဘယ်လက်ဖြင့် အေးခဲထားသော သိုးပေါင်ကို ကိုင်ထားပြီး ညာလက်ထဲတွင် ပါးလွှာသော ဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ထား၏။ ညာလက် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော သိုးသားလွှာများသည် နှင်းပွင့်များပမာ အိုးထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။
သိုးသားလွှာများသည် အိုးထဲသို့ ကျရောက်သွားပြီး မွှေးကြိုင်သော ကြက်ဟင်းရည်ထဲတွင် လူးလွန့်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျက်နပ်သွားလေသည်။
ရှန်းလန်သည် ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်လည်း မြင်တွေ့ရသည့် အကြိမ်တိုင်းတွင် အံ့ဩတကြီး ချီးကျူးမိသည်။ "ရှောင်ယွိ နင်လေ တကယ် တော်လွန်းတယ်”
လုမင်ယွိက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလေသည်။ "ဒါက သာမန် အရည်အချင်းလေးပါ။ ဘာမှ ပြောပလောက်တာ မဟုတ်ပါဘူး”
သူမသည် ငယ်စဉ်ကတည်းက သိုင်းပညာနှင့် ဓားသိုင်းကို လေ့ကျင့်ခဲ့ပြီး မြားပစ်ခြင်းကိုလည်း ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ဖူးရာ ခွန်အားကြီးမားပြီး ပစ်မှတ်တိကျလှသည်။ ကြွေကျလာသော သစ်ရွက်များနှင့် ပန်းပွင့်များ သူမ၏လက်ထဲသို့ ရောက်သွားလျှင်ပင် လူကို ထိခိုက်ဒဏ်ရာရစေနိုင်သည်။
ရှန်းလန်က လှိုက်လှိုက်လှဲလှဲ အံ့ဩတကြီး ပြောလေသည်။ "ရှောင်ယွိ လောကရဲ့ ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်ရဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ”
လုမင်ယွိသည် အနည်းငယ် စဉ်းစားဟန် ပြုလိုက်ပြီးနောက် လေးလေးနက်နက် ဖြေကြားလိုက်သည်။ "ကျင့်သားရသွားတော့လည်း ဒီလိုပါပဲ”
ရှန်းလန်သည် ရယ်မောရင်း သူမကို စကားဖြင့် စလိုက်လေသည်။
လုမင်ယွဲ့နှင့် လုရွှမ်းတို့သည် ခေါင်းငုံ့ကာ အားရပါးရ စားသောက်နေကြသဖြင့် မကြာမီပင် နဖူးတွင် ချွေးစက်လေးများ စို့လာကြသည်။
လုမင်ယွိသည် သိုးပေါင်တစ်လုံးကို လှီးပြီးသွားပြီးနောက် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး သစ်သီးဝိုင်တစ်ငုံ သောက်လိုက် ပူနွေးသော သိုးသားတစ်လွှာကို စားလိုက် လုပ်နေသည်။ ဤသို့သော နေ့ရက်များသည် အမှန်ပင် လွတ်လပ် ပျော်ရွှင်ဖွယ် ကောင်းလှ၏။
လုလင်းတို့ သားအဖနှစ်ဦးသည် မိုးချုပ်မှ အိမ်တော်သို့ ပြန်လည် ရောက်ရှိလာကြသည်။
ညစာသည်လည်း နေ့လယ်စာကဲ့သို့ပင် တောကြက်ဟင်းရည် ပေါ့ဟော့ကိုပင် စားသုံးကြသည်။
လုဖေးက သူ၏ မင်္ဂလာဆောင်ကာစ ဇနီးသည်ရှေ့တွင် လက်စွမ်းပြလိုသဖြင့် အေးခဲထားသော သိုးပေါင်ကို ယူလာပြီး သိုးသား အနည်းငယ်မှပင် မလှီးရသေးခင် ရှန်းလန်က ရယ်မောရင်း ပြောလေသည်။ "ရှောင်ယွိ လှီးတာကပဲ ပိုမြန်ပြီး ပိုကောင်းတယ်”
လုဖေး : "..."
ရယ်မောသံများ အလယ်တွင် လုဖေးသည် မတတ်သာသော မျက်နှာဖြင့် လုမင်ယွိကို ကြည့်ရင်း ပြောလေသည်။ "စစ်မေ့ အာ့ကောကို နည်းနည်းပါးပါး မျက်နှာသာ ပေးပါလားကွာ”
လုမင်ယွိက အလေးအနက်မထားဘဲ ပြန်ဖြေလိုက်သည်။ "ငါက တမင်လုပ်တာမှ မဟုတ်တာ”
ညစာ စားပြီးနောက် လူအားလုံးသည် စုရုံးလျက် ဖဲကစားခြင်း၊ အန်စာတုံးလှိမ့်ခြင်းတို့ ပြုလုပ်ကြပြန်သည်။ လုမင်ယွိ၏ ကံသည် အလွန်တက်နေသဖြင့် လုရွှမ်း တစ်နှစ်လုံး စုဆောင်းထားသော ကိုယ်ပိုင်ငွေများကိုပင် အနိုင်ယူသွားလေသည်။
လုရွှမ်းသည် နောင်တတကြီးဖြင့် ရင်ဘတ်ထု ခြေဆောင့်နေသဖြင့် လူအများသည် နောက်တစ်ကြိမ် ဝိုင်းဝန်း ရယ်မောကြပြန်သည်။
...
နှစ်သစ်ကူး ဒုတိယနေ့တွင် အိမ်ထောင်ကျသွားပြီဖြစ်သော လုမင်ဖန်းနှင့် လုမင်ဟွားတို့သည် သူတို့၏ ခင်ပွန်းသည်များကို ခေါ်ဆောင်ကာ ပြန်လာခဲ့ကြသည်။
တတိယနေ့မှ ဆဋ္ဌမနေ့အထိ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအကြား အပြန်အလှန် သွားလာလည်ပတ်ကြသည်။ လုအိမ်တော်သည် မူလကတည်းက ထင်ရှားကျော်ကြားလှရာ လုမင်ယွိနှင့် ဒုတိယမင်းသားတို့ စေ့စပ်လိုက်ပြီးနောက်တွင် ထို "ထင်ရှားကျော်ကြား" ခြင်း၏ ရှေ့တွင် "ပိုပြီး" ဟူသော စကားလုံးတစ်လုံးကို ထပ်ထည့်ရတော့မည် ဖြစ်သည်။
ဤရက်များအတွင်း အိမ်တော်သို့ လာရောက်၍ တွေ့ဆုံခွင့်တောင်းခံလွှာ ပေးပို့သူများသည် မရေမတွက်နိုင်အောင် များပြားလှ၏။
ထိုအထဲမှ ထက်ဝက်ကျော်ကို စိစစ်ဖယ်ရှားလိုက်သော်လည်း လုအိမ်တော်သည် နေ့စဉ်နေ့တိုင်း လူအများ ဝင်ထွက်သွားလာလျက် အလွန်အမင်း စည်ကားလှသည်။
လီကျင့်သည် မင်းသားတစ်ပါး ဖြစ်သည့်အလျောက် နေ့စဉ်နေ့တိုင်း ပွဲလမ်းသဘင် အမျိုးမျိုးဖြင့် ဧည့်ခံဆက်ဆံမှုများ မပြတ်မလပ် ရှိနေသည်။ တတိယနေ့တွင်သာ ခဏတစ်ဖြုတ် မျက်နှာပြခဲ့သည်။ မီးထွန်းပွဲတော် ရောက်မှသာ အနည်းငယ် ငြိမ်သက်သွားလေသည်။
ဤနှစ်များအတွင်း သာ့ဝေတိုင်းပြည်သည် နေရာအနှံ့ နယ်မြေများ တိုက်ခိုက်သိမ်းပိုက်နေခဲ့ပြီး ယန့်ပြည်နှင့် အခြားတိုင်းပြည်များ ကြားတွင်လည်း ငြိမ်သက်မှု မရှိခဲ့ပေ။ သို့သော် သာ့ဝေတိုင်းပြည်၏ မြို့တော်ကတော့ စည်ကားဝပြောသော မြင်ကွင်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ မီးထွန်းပွဲတော်၏ မီးပုံးဈေးသည်လည်း တစ်နှစ်တာ၏ အစည်ကားဆုံး အချိန်အခါ ဖြစ်လေသည်။
လုလင်းက ရယ်မောရင်း လုဖေးကို မှာကြားလိုက်၏။ "ငါ စစ်စခန်းကို သွားမယ် မင်း ဒီနေ့ မလိုက်နဲ့တော့။ ရှန်းရှီကို အဖော်လုပ်ပြီး မီးပုံးဈေးကို သွားကြည့်ချေ”
လုဖေးသည် ပြုံးကာ လက်ခံလိုက်တော့၏။
ကျန်းကျုံးသည် နေရာအကောင်းဆုံး စားသောက်ဆိုင်ကို ကြိုတင်ကာ အထူး မှာကြားထားခဲ့ပြီး ဖြစ်ရာ မီးပုံးများ ကြည့်ရှုခြင်း ပဟေဠိများ ဖွက်ခြင်း ပွဲတော်မုန့်များ စားခြင်း မျက်လှည့်ပွဲများ ကြည့်ခြင်း အားလုံးအတွက် အလွန် အဆင်ပြေလှသည်။ ကျိုးလီနှင့် လုမင်ဟွားတို့သည်လည်း အိမ်တော်သို့ စောစော ပြန်ရောက်နေကြပြီး လူအားလုံးသည် ရယ်ရယ်မောမောဖြင့် စကားပြောဆိုရင်း မီးပုံးဈေးသို့ အတူတကွ သွားရောက်ရန် ပြင်ဆင်နေကြသည်။
"စစ်မေ့" လုမင်ဟွားက ပြုံးလျက် မေးလိုက်သည်။ "ဒီနေ့ ဒုတိယမင်းသား ကြွလာမှာလား”
လုမင်ယွိက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလေသည်။ "အရင်တုန်းက ငါ့ကို သီးသန့် ပြောထားဖူးတယ်။ မီးထွန်းပွဲတော်နေ့ကျရင် ငါနဲ့အတူတူ မီးပုံးပွဲ ကြည့်ချင်တယ်တဲ့။ မကြာခင် ရောက်လာလောက်မှာပါ”
လီကျင့်သည် နှစ်မကူးမီက ကိုယ်တိုင်ကိုယ်ကျ နှစ်သစ်ကူးလက်ဆောင်များ လာပို့ခဲ့ပြီး သူမကို မီးထွန်းပွဲတော်နေ့တွင် မီးပုံးဈေးသို့ အတူ လျှောက်လည်ရန် ဖိတ်ခေါ်ခဲ့သည်။ စေ့စပ်ထားသူက အခွင့်အရေး အမျိုးမျိုးကို တက်ကြွစွာ ရှာဖွေလျက် မျက်နှာချိုသွေးနေသည်ကို လုမင်ယွိသည်လည်း ငြင်းပယ်ခြင်း မရှိဘဲ လက်ခံလိုက်လေသည်။
စကားသံ မဆုံးသေးမီပင် ချီယွင်သည် ပြုံးရွှင်စွာဖြင့် လာရောက် သတင်းပို့သည်။ "သခင်မလေး ဒုတိယမင်းသား ကြွလာပါပြီ”
လီကျင့်သည် မကြာခဏ အိမ်တော်သို့ လာရောက်လည်ပတ်သဖြင့် လုအိမ်တော် အိမ်တော်ရှိ လူအားလုံးသည် အစပိုင်းက ဂုဏ်ယူဝမ်းမြောက်မှုနှင့် သတိထား ဆက်ဆံခဲ့ကြရာမှ ယခုအခါတွင်တော့ ရိုးအီသွားကြလေပြီ။ လုမင်ယွိနှင့်အတူ သွားရောက် ကြိုဆိုမည့်သူပင် တစ်ဦးတစ်ယောက်မှ မရှိတော့ပေ။
စေ့စပ်ထားသူ ဇနီးမောင်နှံတို့သည် တွေ့သည်နှင့် လက်ချင်းဆွဲကာ မပြီးနိုင်မစီးနိုင် ချစ်ခင်ကြင်နာနေကြသည် ဖြစ်ရာ သူတို့ အနားတွင် ရှိနေလျှင် အလွန် မျက်စိနောက်စရာ ကောင်းလှပေသည်။
လုမင်ယွိသည် ပင်မတံခါးမကြီးဆီသို့ ရောက်သွားချိန်တွင် ကျောက်စိမ်းပြာရောင် ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးသည် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
တစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက် လီကျင့်၏ အရပ်သည် အနည်းငယ် ပိုရှည်လာပြီး ကိုယ်ဟန်မှာ ကျော့ရှင်းသွယ်လျနေသည်။ ပြုံးလျက် ရပ်နေပုံမှာ မျက်ဝန်းများသည် နွေဦးလေညင်းပမာ နူးညံ့လှ၏။
လုမင်ယွိသည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ချက်ချင်း နှုတ်ဖွင့် ဆိုလိုက်သည်။ "ရာသီဥတုက ဒီလောက် အေးနေတာကို ရှင်က ဘာလို့ ဒီလောက် ပါးပါးလွှာလွှာ ဝတ်လာရတာလဲ”
လီကျင့် : "..."
အတောင်ဖြန့်ပြီး ကြွားနေတဲ့ ဥဒေါင်းက အလိုက်မသိတဲ့ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့မှ လာတွေ့ရတယ်။ တကယ်ကို စိတ်ညစ်ဖို့ ကောင်းတယ်။
...
အပိုင်း (၁၃၈) မီးထွန်းပွဲတော် (၁)
လီကျင့်၏ စိတ်ညစ်ညူးနေသော မျက်နှာအမူအရာသည် လုမင်ယွိကို ရယ်မောစေလေတော့သည်။
"အရှင်မင်းသားက တုနှိုင်းမရအောင် ချောမောခန့်ညားတာကို” လုမင်ယွိသည် ပြုံးကာ စနောက်လိုက်လေသည်။ "အချိန်တိုင်း အတောင်ဖြန့်ကြွားနေစရာ မလိုပါဘူး ကျွန်မ သိပြီးသားပါ။ ရာသီဥတုက ဒီလောက် အေးနေတာ။ အအေးမိမခံနဲ့။ ကျွန်မ ရှင့်အတွက် ထူထူထဲထဲ ခြုံထည်တစ်ထည် ရှာခိုင်းလိုက်မယ်”
စနောက်ခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်တော့ သူ့ကျန်းမာရေးကို စိုးရိမ်ခြင်း ဖြစ်၏။
လီကျင့်၏ စိတ်ခံစားချက်သည် ချက်ချင်း ပျော်ရွှင်ကြည်နူးသွားပြီး ရယ်မောရင်း ပြောလေသည်။ "အဲ့ဒါတော့ မလိုပါဘူး။ ကျွန်တော် ခြုံထည် ယူလာခဲ့တယ်”
ဘေးမှ ရှောင်ယွမ်ကုန်းကုန်းသည် ဉာဏ်ထက်မြက်စွာဖြင့် ထူထဲသော ခြုံထည်ကို မြှောက်ကိုင်လျက် ရှေ့သို့တက်ကာ သခင်ဖြစ်သူကို ဝတ်ဆင်ပေးလေသည်။
အမှန်တကယ်ပင် ပို နွေးထွေးသွား၏။
လီကျင့်သည် သူ၏စေ့စပ်ထားသူကို ဂရုစိုက်စကား ဆိုရန် မမေ့ပေ။ "မင်းလည်း ခြုံထည်တစ်ထည် ဝတ်ဦးလေ”
လုမင်ယွိသည် မျက်ခုံးပင့်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ "မလိုပါဘူး။ သိုင်းပညာ လေ့ကျင့်တဲ့သူက အအေးမကြောက်ဘူး”
လီကျင့်သည် မရယ်နိုင် မငိုနိုင် ဖြစ်သွားတော့သည်။ "မင်း ပြောတဲ့အတိုင်းဆိုရင် ကိုလည်း သိုင်းပညာ လေ့ကျင့်တဲ့သူပဲ။ ဘာလို့ ခြုံထည် မဝတ်လို့ မဖြစ်ရမှာလဲ”
လုမင်ယွိသည် ယုတ္တိတန်စွာပင် စကားကို ဆက်လိုက်၏။ "ရှင်က ကျွန်မနဲ့ ဘယ်လို လာယှဉ်လို့ရမှာလဲ။ ကျွန်မတစ်ယောက်တည်း ရှင့်လိုလူ ငါးယောက်ကို ထိုးနိုင်တယ်လေ”
လီကျင့် : "..."
ရှောင်ယွမ်သည် ခေါင်းကို တစ်ဖက်သို့ လှည့်ကာ တိတ်တခိုး ရယ်မောလိုက်သည်။
လိုက်ပါလာသော မင်းသား၏ ကိုယ်ရံတော်များသည် အကြားအာရုံ ထက်မြက်လှသဖြင့် သူတို့လည်း ခေါင်းငုံ့ကာ အသံတိတ် ရယ်မောလိုက်ကြ၏။
လီကျင့်သည် ခွန်အားအလွန်ကြီးမားပြီး မျက်နှာပြောင်တင်းသော သူ၏စေ့စပ်ထားသူလေးကို ကြည့်ကာ ပြုံးလိုက်ပြီး ရှေ့သို့တက်လာပြီး လုမင်ယွိ၏လက်ကို ဆုပ်ကိုင်လိုက်၏။ "ဒီလိုဆိုရင် မီးပုံးဈေး ရောက်တဲ့အခါ မင်း ကို့ကို နည်းနည်း ကာကွယ်ပေးရမယ်နော်။ ရောင့်တက်တဲ့ သခင်မလေးတွေ အိမ်ထောင်သည် အမျိုးသမီးငယ်လေးတွေ ကို့ကို အခွင့်အရေး မယူနိုင်အောင်လို့”
လုမင်ယွိ : "..."
ရှောင်ယွမ်သည် စိတ်ထဲမှ သူ့သခင်ကို လက်မထောင် ချီးကျူးလိုက်တော့သည်။
မင်းသားက တကယ် ထက်မြက်တော်မူတာပဲ။ ဇနီးလောင်းကို လိုချင်တာလား။ မျက်နှာကို လိုချင်တာလား။ ဒီလောက် ထင်ရှားနေတဲ့ကိစ္စကို ရွေးချယ်နေစရာ လိုသေးလို့လား။
ကိုယ်ရံတော်များသည် မကြည့်ရက်တော့သော မျက်နှာထားများဖြင့် တိတ်ဆိတ်စွာပင် ခေါင်းများကို တစ်ဖက်သို့ လှည့်လိုက်ကြသည်။
လူအားလုံး တွေ့ဆုံကြပြီးနောက် အတိုင်းအတာတစ်ခုအထိ စည်ကားနေသည်ကိုတော့ ထွေထွေထူးထူး မဆိုသာတော့ပေ။
လုမင်ဖန်းနှင့် ကျန်းကျုံးတို့သည် လက်ထပ်ထားသည်မှာ နှစ်အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဆော့လွန်းသော သားငယ်နှစ်ဦးပင် ရှိနေလေပြီ။ သို့သော် ဇနီးမောင်နှံနှစ်ဦး၏ ချစ်ခင်မှုမှာ အလွန် နက်ရှိုင်းလှပြီး ခေါင်းချင်းဆိုင်လျက် မည်သည့်အကြောင်းအရာကို ပြောဆိုနေကြသည် မသိပေ။
လုဖေးနှင့် ရှန်းလန်တို့သည် တိုးတိုးဖွဖွ စကားဆိုလျက် အချင်းချင်း ကြည့်ကာ ပြုံးရွှင်နေကြ၏။
လုမင်ဟွားနှင့် ကျိုးလီတို့ကတော့ ကြင်စဦးမောင်နှံများ ဖြစ်သဖြင့် ပျားရည်နှင့် ဆီ ပေါင်းစပ်ထားသကဲ့သို့ ချိုမြိန်နေကြသည်မှာ ပိုလို့ပင် ဆိုဖွယ်ရာ မရှိတော့ပေ။
လီကျင့်နှင့် လုမင်ယွိတို့ အတွဲကတော့ အပျော်ရွှင်ဆုံး ဖြစ်၏။ လုမင်ယွိ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လီကျင့်သည် ထိုနေရာသို့ လိုက်ပါသွားပြီး ကော်ဖြင့် ကပ်ထားသလို ကပ်လို့နေသည်။
လုရွှမ်းတစ်ယောက်တော့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြီး လုမင်ယွဲ့ကို ပြောလိုက်တော့သည်။ "သူတို့အားလုံးက အတွဲကိုယ်စီနဲ့ ငါတို့မောင်နှမနှစ်ယောက်တည်း ကျန်တော့တယ်။ ဝူကျဲ၊ အစ်မ နောက်ကျမှ ယောက်ျားယူလို့ မရဘူးလား”
တစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက် လုမင်ယွဲ့သည် ၁၃ နှစ် အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး အရပ်အမောင်းမှာ အနည်းငယ် ပိုရှည်လာကာ ကိုယ်လုံးကိုယ်ပေါက်သည်လည်း မိန်းမပျိုတစ်ဦး၏ အချိုးအဆစ်များ ပေါ်လာလေပြီ။
သို့သော် လုမင်ယွဲ့သည် အချစ်ကို နားလည်စ မပြုသေးဘဲ ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း ပြောလိုက်၏။ "ကောင်းသားပဲ။ ငါ ၁၈ နှစ် ရောက်မှ ယောက်ျားယူမယ်။ အဲ့ဒီအချိန်ကျရင် နင်လည်း ၁၆ နှစ် ဖြစ်နေပြီ မိန်းမယူဖို့ အတော်ပဲ”
လုရွှမ်းသည် သူ၏ဦးခေါင်းကို ပလုတ်တုန်လေးလို ခါယမ်းလိုက်ပြီး ပြောလိုက်၏။ "ကျွန်တော် မိန်းမ မယူချင်ပါဘူး။ ကျွန်တော် အားလုံး စဉ်းစားပြီးသွားပြီ နောက်ဆို ကျွန်တော် အာ့ကော နဲ့ အာ့စောင် တို့နဲ့အတူတူ လိုက်နေတော့မယ်”
လုဖေးသည် နားပါးစွာဖြင့် ထိုစကားကို ကြားဖြစ်အောင် ကြားလိုက်ပြီး ရယ်မောရင်း မျက်စောင်းထိုးလိုက်သည်။ "ပေါက်ပေါက်ရှာရှာ လျှောက်ပြောနေပြန်ပြီ”
လုရွှမ်းက ညည်းညူလေသည်။ "အာ့ကောက အခုတည်းက ကျွန်တော့်ကို ငြိုငြင်နေပြီ” ထို့နောက် မျက်နှာပြောင်တိုက်စွာဖြင့် ရှန်းလန်၏ အနီးသို့ တိုးကပ်သွားပြီး ပြောလိုက်၏။ "အာ့စောင်ကတော့ ကျွန်တော့်ကို မငြိုငြင်ဘူး မဟုတ်လား”
ရှန်းလန်သည် ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း ပြောလိုက်၏။ "လျို့တိက ဉာဏ်ကောင်းပြီး ချစ်ဖို့လည်း ကောင်းတယ်။ အာ့စောင် ချစ်လို့တောင် မဝသေးဘူး။ ဘယ်လိုလုပ် ငြိုငြင်ရမှာလဲ။ ဒါပေမဲ့ မင်းက အခု ငယ်သေးလို့ မိန်းမ မယူချင်သေးတာ။ နောက်ထပ် နှစ်အနည်းငယ်လောက် ကြာသွားရင် မင်း ဒီလို တွေးတော့မှာ မဟုတ်ဘူး”
ရယ်မောပြောဆိုနေကြစဉ်တွင် ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီပျိုးလာ၏။ လုအိမ်တော်မှ အစေခံမိန်းကလေးများနှင့် အထိန်းတော်များသည် မီးပုံးများ ချိတ်ဆွဲရန် စတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။
လုမျိုးနွယ် မောင်နှမတစ်စုသည် လုအိမ်တော်မှ မြင်းများဖြင့် အတူတကွ ထွက်ခွာလာခဲ့ကြသည်။
လမ်း သုံးလမ်း ကျော်လွန်သွားသည်နှင့် မီးပုံးဈေးသို့ ရောက်ရှိလေသည်။
...
မိုင်ပေါင်းများစွာ ရှည်လျားသော လမ်းမကြီးကို သန့်ရှင်းသပ်ရပ်စွာ ကြိုတင် တံမြက်လှည်းထားပြီး ဖြစ်၏။ ကျယ်ပြန့်သော လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မီးပုံးအမျိုးမျိုးကို ခင်းကျင်းထားလေသည်။
သာမန်အမျိုးအစားများဖြစ်သော ယုန်ပုံမီးပုံး ကြာပန်းပုံမီးပုံး မိန်းမလှပုံမီးပုံးတို့ ရှိကြသည်။ ပိုးသားပိတ်စများဖြင့် ပြုလုပ်ထားသော လက်ရာမြောက်လှသည့် မီးပုံးများ ရှိသကဲ့သို့ ခမ်းနားထည်ဝါသော မြင်းရုပ်လည် မီးပုံးကြီးများလည်း ရှိလေသည်။
ကောင်းကင် မိုးချုပ်တော့မည် ဖြစ်သဖြင့် ဈေးသည်များသည် မီးပုံးအားလုံးကို မီးထွန်းညှိလိုက်ကြပြီ ဖြစ်၏။
တစ်ချက် လှမ်းမျှော်ကြည့်လိုက်သည်နှင့် တောက်ပသော မီးရောင်စုံမြစ်တစ်စင်းပမာ ကောင်းကင်ယံ၏ အဆုံးထိ တိုင်အောင် ရှည်လျားစွာ တည်ရှိနေလေသည်။
"ဝါး။ အရမ်း လှတာပဲ” လုရွှမ်း၏ မျက်လုံးများသည် တောက်ပသွားပြီး စိတ်လှုပ်ရှားစွာဖြင့် အတွင်းသို့ ဝင်ရောက်သွားလေသည်။
လုမင်ယွဲ့သည်လည်း အလျင်အမြန် လိုက်ပါသွား၏။ အခြားသော ကိုယ်ရံတော် အနည်းငယ်သည်လည်း တစ်ပါတည်း လိုက်ပါသွားကြသည်။
မီးပုံးဈေးထဲတွင် လူများဖြင့် ပြည့်နှက် စည်ကားနေပြီး အခွင့်ကောင်းယူ ခိုးဝှက်တတ်သော သူခိုးငယ်များ ရှိသကဲ့သို့ ပိုဆိုးရွားသည့် လူခိုးဂိုဏ်းများလည်း ရှိလေသည်။ လုမင်ယွိသည် မလာမီကတည်းက ကိုယ်ရံတော်များကို စနစ်တကျ စီစဉ်ထားခဲ့ပြီး ဖြစ်ကာ လူတစ်ဦးစီ၏ အနီးတွင် အနည်းဆုံး ကိုယ်ရံတော် ၅ ယောက်၊ ၆ ယောက် ရှိနေ၏။
ကျန်းကျုံးသည် ဝဝတုတ်တုတ်ဖြင့် ဟိုဒီ ဝေ့ဝဲကြည့်ရှုနေသော သားတစ်ယောက်ကို လက်တစ်ဖက်ဖြင့် ပွေ့ချီလျက် လုမင်ဖန်းနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။
လုဖေး ဇနီးမောင်နှံနှစ်ဦးနှင့် လုမင်ဟွား ဇနီးမောင်နှံတို့သည် မီးပုံးဈေးထဲသို့ ဝင်သည်နှင့် မည်သည့်နေရာသို့ ရောက်သွားသည်မသိတော့ပေ။
လီကျင့်သည် လုမင်ယွိ၏လက်ကို ဆုပ်ကိုင်လျက် အသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်၏။ "ကိုတို့ အရင်ဆုံး ဖြည်းဖြည်းချင်း တစ်ပတ် ပတ်ကြည့်ကြရအောင်။ နှစ်နာရီကြာရင် တင်းရှန်းလိုမှာ သူတို့နဲ့ ပြန်ဆုံမယ်”
လုမင်ယွိက ပြုံးကာ "အင်း" ဟု အသံပြုလိုက်သည်။
လူအုပ်ကြီးသည် ဒီရေအလား တိုးဝှေ့နေကြပြီး ပခုံးချင်းပင် တိုက်မိမတတ်ပင်။
လုအိမ်တော်၏ ကိုယ်ရံတော်များနှင့် ဒုတိယမင်းသား၏ ကိုယ်ရံတော်များ ပေါင်းလိုက်လျှင် စုစုပေါင်း ၂၀ ကျော် ရှိပြီး သခင်နှစ်ဦးကို အလယ်တွင် ထားကာ ကာကွယ်ပေးထားကြသည်။
လုံခြုံမှုတော့ ရှိသွားသော်လည်း မီးပုံးပွဲ ကြည့်ရှုရသည့် အရသာကိုတော့ ပျောက်ဆုံးသွားစေသည်။
လုမင်ယွိက အမိန့်ပေးလိုက်သည်။ "လုယိ ရှင်တို့တွေ လိုက်နေစရာ မလိုတော့ဘူး။ စားသောက်ဆိုင်ဘက်ကို တန်းသွားလိုက်တော့”
လုယိသည် လုမင်ယွိ၏ လက်ရည်ကို ကောင်းစွာ သိရှိသကဲ့သို့ လုမင်ယွိ၏ တစ်ခွန်းတည်း ပြောတတ်သော စိတ်သဘောထားကို ပိုလို့ပင် သိရှိ၏။ သူသည် လျင်မြန်စွာ အမိန့်နာခံလိုက်ပြီး ကိုယ်ရံတော် အနည်းငယ်သည် တိတ်တဆိတ် လူစုခွဲထွက်သွားကြသည်။
လီကျင့်သည်လည်း ဘေးမှလူများကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ကိုယ်ရံတော်တပ်မှူး၏ မျိုးရိုးအမည်မှာ ကျော် ဖြစ်ပြီး ယခုနှစ်တွင် အသက် ၂၀ဝန်းကျင် ရှိပြီ ဖြစ်သည်။ သူ၏အသားအရေမှာ ညိုမည်းနေပြီး မျက်လုံးနှစ်လုံးမှာ တောက်ပလျက် ထက်မြက်တက်ကြွပုံ ပေါက်၏။ သူသည် အနည်းငယ် အခက်တွေ့သွားသည့် အမူအရာဖြင့် အသံတိုးတိုး ပြောလိုက်၏။ "ကျွန်တော်မျိုးတို့မှာ မင်းသားရဲ့ လုံခြုံရေးကို ကာကွယ်ရမယ့် တာဝန် ရှိပါတယ်။ ဒီနေ့ မီးပုံးဈေးမှာ လူ ဒီလောက်များတာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်တော်မျိုး တကယ်ပဲ တာဝန်မယူနိုင်ပါဘူး”
လီကျင့်၏ အကြည့်က တစ်ချက် ဝေ့ဝဲသွားသည်။
တပ်မှူးကျော်သည် နောက်ထပ် စကားမများဝံ့တော့ဘဲ တိတ်ဆိတ်စွာပင် ကိုယ်ရံတော် ဆယ်ဦးကျော်ကို ဦးဆောင်လျက် လူစုခွဲလိုက်သည်။
သို့သော် သူတို့သည် အလွန်အလှမ်းဝေးရာသို့ မသွားရဲကြပေ။ ဆုတ်ခွာသည်ဟု ဆိုသော်လည်း အနည်းငယ် ခပ်လှမ်းလှမ်းသို့သာ ခွဲထွက်သွားခြင်း ဖြစ်သည်။ မတော်တဆ တစ်စုံတစ်ရာ မှားယွင်းမှု ဖြစ်ပွားခဲ့လျှင် အော်ဟစ်သံတစ်ချက် ပေးလိုက်သည်နှင့် အသက်ရှူချိန် အနည်းငယ်အတွင်း ချက်ချင်း ရောက်ရှိလာနိုင်ပေသည်။
လီကျင့်သည် အနည်းငယ် မတတ်သာဟန်ဖြင့် ရယ်မောရင်း ပြောလိုက်၏။ "မင်းသားတစ်ပါး ဖြစ်လာတော့ အဆင်မပြေတာတွေ အမျိုးမျိုး ရှိတာပဲ။ ကို မှတ်မိသေးတယ် ၈ နှစ် မတိုင်ခင်တုန်းက မူဟုပ်က ကို့ကို ကိုယ်တိုင် ခေါ်ပြီး မီးပုံးဈေး လျှောက်လည်ပေးတတ်တယ်”
ယခုတော့ မူဟုပ်သည် မိဖုရားခေါင်ကြီး ဖြစ်သွားခဲ့ပြီ ဖြစ်ကာ အလယ်နန်းဆောင်တွင် တည်ငြိမ်စွာ နေရာယူရလေပြီ။ သူသည်လည်း တော်ဝင်မင်းသားတစ်ပါး ဖြစ်လာခဲ့လေသည်။
လုမင်ယွိသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ "ဒီလောကကြီးမှာ ဘယ်အရာမှ ထာဝရ မတည်မြဲဘူး။ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားတာ။ လူဆိုတာ ရှေ့ကိုပဲ ကြည့်ရတယ်။ အတိတ်ကို ပြန်တမ်းတနေစရာ မလိုပါဘူး”
လီကျင့်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမထံသို့ လှည့်ကြည့်လိုက်၏။
အမျိုးမျိုးသော မီးပုံးများ ကွဲပြားခြားနားသော မီးရောင်များ။ တောက်ပစုံလင်သော မီးရောင်များသည် ရောယှက်ကာ အိပ်မက်ဆန်ပြီး အစစ်အမှန် မဟုတ်သကဲ့သို့သော အလင်းတန်းများကို ဖန်တီးနေသည်။
မီးရောင်များအောက်တွင် သူမသည် လှပလွန်းလှပြီး မျက်စိကျိန်းမတတ် ဖြစ်ပြီး သူမ၏ အလှတရားသည် လူကို ဆွဲဆောင်နိုင်လွန်းလှ၏။
သို့သော် ထိုနက်မှောင်သော မျက်ဝန်းများထဲတွင် မိန်းမပျိုတို့၏ အချစ်ဦးအပေါ် ထားရှိသော ပျော်ရွှင်မှုမျိုး မရှိဘဲ လောကဓံ အတက်အကျများစွာကို ဖြတ်သန်းပြီးနောက်မှ ရရှိလာသော တည်ငြိမ်မှုသာ ရှိလေသည်။ ဤသည်မှာ အတိတ်ဘဝက ချစ်မြတ်နိုးရသော ယောက်ျား၏ သစ္စာဖောက်ခြင်းကို ခံရပြီးနောက် ကျန်ရစ်ခဲ့သော အမာရွတ်ပင်။
လီကျင့်၏ နှလုံးသားထဲတွင် ရုတ်တရက် နာကျင်မှုတစ်ခု ခံစားလိုက်ရ၏။ ထိုနာကျင်မှုသည် ပြင်းထန်ခြင်း မရှိ။ စူးရှခြင်းလည်း မရှိသော်လည်း ရှည်လျားပြီး မတတ်သာနိုင်သော ဝေဒနာတစ်ခုပင်။
သူက လက်ကို ဆန့်တန်းလိုက်ပြီး သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
လုမင်ယွိသည် ဟန်ဆောင် ရှက်ရွံ့နေခြင်း မရှိဘဲ သူမ၏ အမူအရာသည် အလွန်ပင် တည်ငြိမ်နေသည်။ "လီကျင့် နောက်ထပ် တစ်လကျော်လောက်ဆိုရင် ကျွန်မ ရှင့်ရဲ့ ဇနီးအဖြစ် ရှင့်ကို လက်ထပ်တော့မယ်။ ရှင် စိတ်ချပါ။ ကျွန်မ လုမင်ယွိ ကတိပေးထားတဲ့ကိစ္စကို ဘယ်တော့မှ နောင်တရပြီး ပြန်ပြင်မှာ မဟုတ်ဘူး။ ကျွန်မ ဇနီးကောင်းတစ်ယောက် လုပ်မယ်။ ရှင့်ကို အစွမ်းကုန် ကူညီမယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရှင့်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး”
သူမ ပေးနိုင်သောအရာမှာ ဤမျှသာ။
သူမသည် သူ အလိုချင်ဆုံးဖြစ်သော ပြင်းပြသည့် ချစ်ခြင်းတရားကို မပေးနိုင်တော့ပေ။
အကြောင်းမှာ သူမသည် ယောက်ျားတစ်ဦးကို နှလုံးသားတစ်ခုလုံး ပုံအပ်ကာ ချစ်နိုင်စွမ်း မရှိတော့သောကြောင့်ပင်။ သူမသည် လူတစ်ဦးကို နှလုံးသားတစ်ခုလုံးနှင့် ယုံကြည်နိုင်စွမ်းပင် မရှိတော့ပေ။
လီကျင့်သည် သူမကို နက်ရှိုင်းစွာ စိုက်ကြည့်နေ၏။
ပေါ့ပေါ့ပါးပါး ထွက်ကျလာသော ချိုမြိန်သည့် စကားလုံးများသည် အချစ်ကို စတင် နားလည်စ ပြုနေသော မိန်းမပျိုလေးများကိုသာ လှည့်စား နှစ်သိမ့်နိုင်ပေမည်။ လုမင်ယွိအတွက်မူ လုံးဝ အသုံးဝင်ခြင်း မရှိပေ။
ထို့နောက် လီကျင့်သည် အသံတိုးတိုးဖြင့် စကားတစ်ခွန်းသာ ပြောလိုက်လေတော့သည်။ "ကောင်းပြီ”
...