← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အပိုင်း (၁၃၉) မီးထွန်းပွဲတော် (၂)

ထို "ကောင်းပြီ" ဟူသော တိုးညှင်းသည့် အသံသည် လုမင်ယွိ၏ နားထဲသို့ တိတ်တဆိတ် ဝင်ရောက်သွား၏။

လုမင်ယွိသည် ခပ်ရေးရေး ပြုံးလိုက်ပြီး လီကျင့်၏လက်ကို အလိုက်သင့် ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းလေသည်။ မီးပုံးဈေးထဲတွင် အတူတကွ လျှောက်လည်ရန် ချိန်းဆိုထားကြသော အခြားသော လူငယ်လူရွယ်များကဲ့သို့ပင် ရင်းနှီးကျွမ်းဝင်ပြီး ပေါ့ပေါ့ပါးပါး ရှိလှသည်။

လီကျင့်သည် လုမင်ယွိအတွက် "မိန်းမလှလေးပုံ မီးပုံး" တစ်လုံးကို ဝယ်ယူပေးခဲ့သည်။

မိန်းမလှလေးပုံ မီးပုံးသည်လည်း အတော်ပင် စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ပုံဖော်ထားသည်မှာ အခန်းတွင်းမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ် မဟုတ်ဘဲ လက်နက်တန်ဆာ ဆင်ယင်ထားပြီး ရတနာဓားကို ကိုင်ဆောင်ထားသော ခန့်ညားထည်ဝါသည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။ မျက်ခုံးမျက်လုံးများအကြားတွင် သူရဲကောင်းဆန်သော အငွေ့အသက်အချို့ ပါဝင်နေလေသည်။

လီကျင့်သည် တွေ့တွေ့ချင်း အလွန် သဘောကျသွားပြီး ချက်ချင်းပင် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ပြောရမည်ဆိုလျှင် ရယ်စရာကိစ္စတစ်ခုလည်း ရှိသေး၏။

လီကျင့်သည် ရှောင်ယွမ်ကို မျက်စိနောက်သည်ဟု ယူဆသဖြင့် ရှောင်ယွမ်ကိုလည်း လွှတ်လိုက်လေသည်။

သူသည် မင်းသားတစ်ပါး ဖြစ်သည့်အလျောက် ငွေသားဆောင်ထားလေ့ရှိသော အကျင့် လုံးဝ မရှိပေ။ မိန်းမလှလေးပုံ မီးပုံးကို ဝယ်ယူလိုကြောင်း နှုတ်ဖွင့်ပြောပြောလိုက်လေသည်တွင် ဈေးသည်က မီးပုံးကို စိတ်အားထက်သန်စွာ ကမ်းပေးလာသည့်အခါမှ လီကျင့်သည် မိမိကိုယ်တွင် ငွေတစ်ပြားတစ်ချပ်မှ မပါရှိသည်ကို သတိပြုမိသွားသည်။

လီကျင့်သည် မျက်နှာကို ခပ်ပြောင်ပြောင်နှင့် လုမင်ယွိကို ဤသို့ ပြောရတော့သည်။ "မင်းဆီမှာ ငွေ ပါရဲ့လား”

လုမင်ယွိသည် ခစ်ခနဲ ရယ်မောလိုက်ပြီး မိမိကိုယ်တွင် ဆောင်ထားသော ပိုက်ဆံအိတ်ကို ထုတ်ယူကာ လီကျင့်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

ပိုက်ဆံအိတ်ထဲတွင် ညှပ်ဖြတ်ထားသော ငွေစ အနည်းငယ် ထည့်ထား၏။

လီကျင့်သည် ငွေစတစ်စကို ယူလိုက်ပြီး ဈေးသည်ကို ပေးလိုက်ပြီးနောက် မိန်းမလှလေးပုံ မီးပုံးကို လှမ်းယူကာ လုမင်ယွိထံသို့ လေးလေးနက်နက် ကမ်းပေးလိုက်သည်။ "ရှောင်ယွိ ဒါက ကို မင်းကို ပေးတဲ့ မီးပုံးပဲ”

လုမင်ယွိသည် ပြုံးရွှင်စွာဖြင့် လှမ်းယူလိုက်သည်။

မီးပုံးရောင်းသူ ဈေးသည်သည် သူတို့နှစ်ဦး ဝေးရာသို့ ထွက်သွားပြီဟု ထင်မှတ်ပြီး ချက်ချင်းပင် ခေါင်းလှည့်ကာ ရယ်မောရင်း ပြောလိုက်လေသည်။ "ဒီနေ့တော့ တကယ် ထူးဆန်းတာပဲ။ မိန်းမကျွေးတာ စားတဲ့ သခင်လေးတစ်ယောက်နဲ့ တွေ့တယ်။ ဝတ်ထားတာစားထားတာတော့ သားသားနားနားနဲ့ ကိုယ်ပေါ်မှာ ငွေတစ်ပြားတောင် မရှိဘူး။ မီးပုံးဝယ်ပြီး လက်ဆောင်ပေးတာတောင် မိန်းကလေးဘက်က ကိုယ်တိုင် ငွေစိုက်ထုတ်ရတယ်။ တကယ့်ပါ။ ဒီလို မျက်နှာမရှက်တတ်တဲ့ လူငယ်မျိုးတော့ တကယ် ရှားပါပေရဲ့”

အကြားအာရုံ ထက်မြက်လှသော လီကျင့် : "..."

လုမင်ယွိမှာ သဘောကျလွန်းသဖြင့် မရပ်မနား ရယ်မောမိတော့သည်။

လီကျင့်ကလည်း သည်းခံနိုင်စွမ်းရှိနေခြင်းကြောင့်သာ ထိုဈေးသည်ထံ ပြန်လှည့်ပြီး ရန်မရှာတော့ခြင်း ဖြစ်၏။ သူသည် လုမင်ယွိ၏ ပိုက်ဆံအိတ်ကို သူ၏လက်အင်္ကျီလက်ထဲသို့ အလိုက်သင့် ထည့်လိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ခဏနေရင် ကို မင်းကို ယွမ်ရှောင်း (ပွဲတော်မုန့်) ဝယ်ကျွေးမယ်”

လုမင်ယွိသည် လက်ကို မြှောက်ကာ လီကျင့်၏ပါးမို့မိုးကို ညင်သာစွာ ပွတ်သပ်လိုက်မိတော့သည်။

လီကျင့်သည် မျက်ခုံးပင့်လိုက်ရာ နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ပြုံးလိုက်ကြ၏။

...

လူငယ်လေးသည် တုနှိုင်းမရအောင် ချောမောခန့်ညားပြီး မိန်းမပျိုလေးသည် အေးမြမြဖြင့် ဆွဲဆောင်မှု ရှိလှသည်။

ယခုအချိန်တွင် လက်ချင်းချိတ်ဆက် လျှောက်လှမ်းရင်း အပြန်အလှန် ကြည့်ရှု ရယ်မောနေကြပုံမှာ အခြားသူများ၏ မျက်စိထဲတွင်တော့ "အလွန်တရာ ချစ်ခင်ကြင်နာနေကြသော စေ့စပ်ထားသူ ဇနီးမောင်နှံတစ်စုံ" အဖြစ် မြင်တွေ့နေရလေသည်။

မလှမ်းမကမ်းနေရာတွင် အခြားသော လူငယ်လူရွယ်တစ်စုံသည်လည်း မီးပုံးဈေးသို့ အတူတကွ လာရောက် လည်ပတ်နေကြ၏။ ကံဆိုးသည်လား ကံကောင်းသည်လား မသိ ဤမြင်ကွင်းကို အတိအကျ မြင်တွေ့သွားလေသည်။

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ်သည် အလိုအလျောက်ပင် ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။

သူ၏ဘေးမှ ချစ်စဖွယ် မိန်းမပျိုလေးသည် နှုတ်ခမ်းကို စေ့စေ့ပိတ်လိုက်ပြီး ထိုခန့်ညားသော လူငယ်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ဒီလောက် တိုက်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး။ သူတို့နဲ့ လာတွေ့ရတယ်။ ရှင် သူတို့ဆီ သွားပြီး နှုတ်ဆက်ချင်သေးလား”

ဤ ချစ်စဖွယ် မိန်းမပျိုလေးမှာ မုန့်ယွင်လော်ပင် ဖြစ်လေသည်။

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ်မှာ လီဟောက်ပင် ဖြစ်သည်မှာ သဘာဝကျလှ၏။

လီဟောက်သည် မုန့်အိမ်တော်သို့ သွားရောက်သော အကြိမ်အရေအတွက်မှာ မများလှသော်လည်း မီးထွန်းပွဲတော်နေ့တွင် စေ့စပ်ထားသူ ဇနီးမောင်နှံတို့ အတူတကွ လျှောက်လည်ရန် ချိန်းဆိုခြင်းမှာ ဓလေ့ထုံးစံတစ်ခု ဖြစ်၏။ လီဟောက်သည်လည်း မုန့်ယွင်လော်ကို အထူးတလည် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

လီဟောက်သည် စကားနည်းသော်လည်း အသေးစိတ် ဂရုစိုက်တတ်သူ ဖြစ်၏။

မုန့်ယွင်လော်၏ စိတ်နှလုံးသည် ပျော်ရွှင်ချိုမြိန်နေခဲ့သည်။ ဤအခိုက်အတန့်အထိ ထို ချိုမြိန်သော ခံစားချက်သည် ကောင်းကင်သို့ ထိုးတက်သွားမတတ်သော မနာလိုဝန်တိုမှုအဖြစ် ချက်ချင်း ပြောင်းလဲသွားလေတော့သည်။

လီဟောက်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မုန့်ယွင်လော်ကို ပြောလိုက်၏။ "မလိုတော့ပါဘူး။ ကျွန်တော်တို့ ဟိုဘက်ကို သွားလည်ကြရအောင်”

မုန့်ယွင်လော်၏ စိတ်ထဲတွင် ကသိကအောက် ဖြစ်သွားပြီး နှုတ်ဖွင့် ပြောလိုက်လေသည်။ "မီးပုံးဈေးက ဒီလောက် စည်ကားပြီး လူတွေ ဒီလောက်များတာ။ တွေ့ဆုံနိုင်တယ်ဆိုတာ ရေစက်ရှိလို့ပဲ။ နှုတ်ဆက်စကားလေးတော့ သွားပြောသင့်တာပေါ့”

လီဟောက် ငြင်းဆန်သည်ကို မစောင့်ဘဲ ထပ်ပြောလိုက်လေသည်။ "မင်းသားက မသွားချင်တာ စိတ်ထဲမှာ လုမင်ယွိကို သတိရနေတုန်းမို့လို့လား”

လီဟောက်သည် သူ၏ အထိမခံနိုင်သောနေရာကို ထိုးနှက်ခံလိုက်ရသဖြင့် စိတ်ထဲတွင် ဒေါသထွက်သွား၏။ သို့သော် သူသည် အတွင်းစိတ်ကို ကောင်းစွာ ဖုံးကွယ်နိုင်သူ ဖြစ်သည်တွင် မျက်နှာပေါ်တွင် အနည်းငယ်မျှ မပေါ်လွင်စေဘဲ ပြုံးလိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ "ကောင်းပြီလေ”

ထို့နောက် မုန့်ယွင်လော်၏လက်ကို အလိုက်သင့် ဆွဲကိုင်လိုက်သည်။

မုန့်ယွင်လော်သည် ရုတ်တရက် အကိုင်ခံလိုက်ရသဖြင့် အံ့ဩသွားသလို ရှက်လည်း ရှက်သွားပြီး သူမ၏လက်ကို ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်သည်။

လီဟောက်သည် ခေါင်းလှည့်ကာ သူမကို ခပ်ရေးရေး ပြုံးပြလိုက်သည်။

မုန့်ယွင်လော်၏ မျက်နှာထက်တွင် ရှက်သွေးများ ဖြာသွားပြီး နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားကာ လက်ထဲတွင်လည်း အားမရှိတော့ပေ။ အားနည်းချိနဲ့စွာဖြင့် လီဟောက်၏ ဆုပ်ကိုင်ခြင်းကို ခံယူရင်း ခြေလှမ်းအနည်းငယ် လှမ်းမိသည်မသိလိုက်မီပင် လီကျင့်နှင့် လုမင်ယွိတို့၏ ရှေ့မှောက်သို့ ရောက်ရှိသွားလေသည်။

"တကယ် တိုက်ဆိုင်တာပဲ။ ဒီနေရာမှာ အာ့ကော နဲ့ စတုတ္ထသခင်မလေးလုတို့ကို တွေ့ရလိမ့်မယ်လို့” လီဟောက်၏ အမူအရာသည် ပုံမှန်အတိုင်းပင် ဖြစ်ပြီး မျက်ဝန်းထဲတွင် အပြုံးအရိပ်အယောင် အနည်းငယ်ပင် ပါဝင်နေသေးသည်။

လီကျင့်သည်လည်း အနည်းငယ် အံ့ဩသွားပြီး ရယ်မောရင်း ပြန်လည် ဖြေလိုက်လေသည်။ "တကယ် တိုက်ဆိုင်တာပဲ။ ဒီလောက်ကြီးတဲ့ မီးပုံးဈေးကြီးထဲမှာ ငါတို့ လာဆုံတွေ့ကြတယ်”

လုမင်ယွိ၏ အကြည့်က တစ်ချက် ဝေ့ဝဲသွားပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ "ကျွန်မနဲ့ အရှင်မင်းသား လျှောက်လည်နေတာ အတော်ကြာပြီ။ တင်းရှန်းလို ကို သွားမလို့။ သာ့ကျဲဖူ က တင်းရှန်းလို မှာ သီးသန့်အခန်း ကြိုမှာထားတယ် ရှင်တို့နှစ်ယောက် အတူတူ လိုက်ခဲ့ကြမလား”

မုန့်ယွင်လော်သည် သည်အချိန်မှ သတိပြန်ဝင်လာပြီး စဉ်းစားမနေတော့ဘဲ ပြောလိုက်လေသည်။ "မလိုတော့ပါဘူး။ ကျွန်မတို့ ဒီဘက်ကို လာတာက နှုတ်ဆက်စကား ပြောရုံသက်သက်ပါ။ မဟုတ်ရင် ယဉ်ကျေးမှု မရှိရာ ကျမှာစိုးလို့”

သူမသည် လုမင်ယွိကို နာကျင်စေလိုသော်လည်း မိမိကိုယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန် အစီအစဉ် မရှိပေ။

လုမင်ယွိသည်လည်း များများစားစား မပြောဆိုတော့ဘဲ မသိမသာ ခေါင်းညိတ်လိုက်လေသည်။ နှစ်ဖက်သားသည် ဤတွင်ပင် နှုတ်ဆက်လိုက်ပြီး မိမိတို့ လမ်းအတိုင်း ထွက်ခွာသွားကြသည်။

ခြေလှမ်းအနည်းငယ် လှမ်းရုံမျှသာ ရှိသေးသည် မျက်စိမရှိသော သူခိုးငယ်တစ်သိုက်နှင့် ကြုံတွေ့လေတော့သည်။

လီကျင့်နှင့် လုမင်ယွိတို့သည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသဖြင့် ကြည့်လိုက်သည်နှင့် ချမ်းသာသော အိမ်တော်များမှ သခင်လေး သခင်မလေးများ ဖြစ်ကြောင်း သိသာလှသည်။ ထို့အပြင် ဘေးတွင် အစောင့်အရှောက် သို့မဟုတ် အစေခံမိန်းကလေးများ မပါရှိသဖြင့် သူခိုးများ၏ မျက်စိထဲတွင်တော့ အလွန်တရာ အဆီတဝင်းဝင်း ဖြစ်နေသော သိုးကြီးနှစ်ကောင် ဖြစ်နေလေသည်။

ဤသူခိုးအုပ်စုတွင် စုစုပေါင်း လူသုံးဦး ပါဝင်ပြီး ထိုအထဲမှ တစ်ဦးသည် လီကျင့်ကို တမင်တကာ ဝင်တိုက်လိုက်၏။ အခြားနှစ်ဦးသည် ဤအခွင့်အရေးကို အသုံးချပြီး လျင်မြန်စွာ ချဉ်းကပ်လာပြီး ပစ်မှတ်မှာ လီကျင့်၏ ခါးကြားမှ ဆိတ်ဆီကျောက်ဖြူ ဆွဲသီးနှင့် လုမင်ယွိ၏ ခါးတွင် ချိတ်ဆွဲထားသော ရွှေချည်ထိုး မွှေးရနံ့အိတ်တို့ ဖြစ်လေသည်။

လုမင်ယွိကလည်း အလွန်သတိရှိသူပင်။ သူခိုးများ အနားသို့ မကပ်မီကပင် သူမသည် အခြေအနေ မမှန်ကန်တော့သည်ကို ရိပ်စားမိလိုက်၏။

သူမသည် စကားနှစ်ခွန်း မဆိုတော့ဘဲ လက်ဝါးတစ်ချက်ဖြင့် သူမ၏ဘေးမှ သူခိုးကို ရိုက်ချလိုက်ပြီး ခြေထောက်ကို လေထဲသို့ ဝဲပျံကန်တင်လိုက်ရာ လီကျင့်၏ အနားသို့ ကပ်လာသည့် သူခိုးသည် လဲကျသွားလေသည်။ တစ်ချိန်တည်းမှာပင် အသံကျယ်စွာ အော်ဟစ်လိုက်သည်။ "ရှေ့က တစ်ယောက်လည်း အပေါင်းအပါပဲ”

ဤသူခိုးအုပ်စု ကံဆိုးမိုးမှောင်ကျရန် တန်လေပြီ။ အစကပြည့်ဖြိုးနေသည့်ကြီးနှစ်ကောင်ကို ဖမ်းမိပြီဟု ထင်မှတ်ခဲ့သော်လည်း သံမဏိပြားကို ကန်မိလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

လုမင်ယွိ၏ လက်ဝါးဖြင့် အရိုက်ခံလိုက်ရသော သူခိုးသည် ပခုံးမှ ပြင်းထန်သော နာကျင်မှုကို ခံစားရပြီး အော်ဟစ်ညည်းညူနေလေသည်။

မြေပြင်ပေါ်သို့ အကန်ခံလိုက်ရသော သူခိုးကတော့ ပိုလို့ပင် စူးရှစွာ နာကျင်လှသဖြင့် အဆက်မပြတ် အော်ဟစ်နေလေသည်။

လီကျင့်၏ တုံ့ပြန်မှုသည်လည်း အလွန် လျင်မြန်လှသည်။ ခြေလှမ်းနှစ်လှမ်း လျင်မြန်စွာ လိုက်သွားပြီး ထွက်ပြေးရန် ကြံစည်နေသော သူခိုးကို ဆွဲထားလိုက်ကာ လက်သီးသုံးချက် ခြေကန်ချက်နှစ်ချက်ဖြင့် ထိုသူခိုးကို အဆက်မပြတ် အော်ဟစ်ညည်းညူသွားအောင် ဆုံးမလိုက်လေသည်။

ဤသို့သော လှုပ်ရှားမှုသည် ပတ်ဝန်းကျင်မှ လူအများကို ချက်ချင်း ဆွဲဆောင်လိုက်ပြီး မကြာမီပင် လူအုပ်ကြီးဖြင့် ဝိုင်းရံသွားလေသည်။

"ဒီက မိန်းကလေး လက်ရည်က တကယ် အံ့မခန်းပဲ”

"ဟုတ်ပါ့ ဟုတ်ပါ့။ လှုပ်ရှားတာ မြန်လွန်းလို့ ကျွန်တော်တောင် သေချာ မမြင်လိုက်ဘူး။ အဲ့ဒီ သူခိုးနှစ်ယောက် အကန်ခံလိုက်ရတာပဲ”

"ဟိုက သခင်လေး လက်ရည်လည်း မဆိုးပါဘူး... ခဏနေဦး အဲ့ဒီသူခိုးလက်ထဲမှာ ဓားပါတယ်။ သခင်လေး သတိထား”

ခွေးသည် ကျဉ်းထဲကျပ်ထဲ ရောက်လျှင်ပင် တံတိုင်းကို ခုန်ကျော်တတ်သေးသည်။ ထိုသူခိုးသည် သူ၏ရင်ဘတ်ထဲတွင် ဓားမြှောင်တစ်လက်ကို ဝှက်ထားခဲ့ရာ ယခုအခါတွင် ခုခံနိုင်စွမ်း မရှိတော့အောင် အထိုးခံနေရသဖြင့် အံကို ကြိတ် စိတ်ကို ဒုန်းဒုန်းချကာ ဓားမြှောင်ကို ထုတ်ယူလိုက်လေသည်။

တလက်လက် တောက်ပနေသော ဓားသွားသည် ရုတ်တရက် ထိုးစိုက်လာ၏။

လီကျင့်၏ တုံ့ပြန်မှုသည် လျင်မြန်လှပြီး အချိန်မီ ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။ ဓားမြှောင်သည် သူ၏ပခုံးကို မထိုးမိဘဲ ပခုံးကို ရှမိတော့မလို ဖြတ်ကျော်သွားပြီး အဝတ်စငယ်တစ်ခုသည် လေထဲတွင် တလွင့်လွင့် ကျဆင်းသွားသည်။

လုမင်ယွိ၏ မျက်နှာသည် ခက်ထန်အေးစက်သွားပြီး လေပမာ လျင်မြန်စွာ ရောက်ရှိလာကာ လက်ထဲမှ မိန်းမလှလေးပုံ မီးပုံးကို အလိုက်သင့် ပစ်ပေါက်လိုက်ရာ ထိုသူခိုးကို ခေါင်းများ မူးဝေသွားစေသည်။ ထိုသူခိုး သတိမပြန်ဝင်သေးမီပင် ဝမ်းဗိုက်ကို နောက်တစ်ချက် အကန်ခံလိုက်ရပြီး ခြေလှမ်းအနည်းငယ် နောက်ပြန် လွင့်စဉ်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားလေသည်။

"သူရဲကောင်းမလေးက အချောလေးကို ကယ်တင်ခြင်း" ဇာတ်လမ်းတစ်ပုဒ်ပါလား။

လူအများသည် ထူးဆန်းစွာဖြင့် စည်စည်ကားကား ကြည့်ရှုနေကြ၏။

ခပ်လှမ်းလှမ်းသို့ ရောက်သွားပြီဖြစ်သော လီဟောက်သည် ဆူညံသံများ မူမမှန်တော့သည်ကို ကြားလိုက်ချိန်တွင် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထိုခဏတွင် သူသည် မုန့်ယွင်လော်၏လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်ကိုပင် မေ့လျော့သွားလေသည်။

ခြေလှမ်းများ ပေါ့ပါးပျော့ပျောင်းနေသော မုန့်ယွင်လော်သည် ရုတ်တရက် ဆွဲလှည့်ခြင်းကို ခံလိုက်ရသဖြင့် ခြေလှမ်းများ ယိုင်နဲ့သွားပြီး ချော်လဲမတတ် ဖြစ်သွားလေသည်။

မုန့်ယွင်လော် : "..."

...

အပိုင်း (၁၄၀) မနာလိုမုန်းတီးခြင်း

လီဟောက်၏ အတွင်းစိတ်သည် မည်မှပင် နက်နဲပြီး ဟန်ဆောင်ကောင်းသူ ဖြစ်စေကာမူ အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်သည့်အခါ သူ၏ခန္ဓာကိုယ်မှ အလိုအလျောက် တုံ့ပြန်မှုများကတော့ လူကို လှည့်ဖြားနိုင်ခြင်း မရှိပေ။

တောက်ပသော မီးရောင်များအောက်တွင် ထိုနက်မှောင်သော မျက်ဝန်းများထဲမှ ပေါ်လွင်လာသော ပူလောင်မှုနှင့် စိုးရိမ်တကြီး ဖြစ်မှုတို့သည် မုန့်ယွင်လော်ကို နက်ရှိုင်းစွာ ထိုးနှက်လိုက်လေတော့သည်။

မုန့်ယွင်လော်၏ စိတ်ထဲတွင် စုပုံနေသော မတရားခံစားရမှုများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။ "လုမင်ယွိက လက်ရည် ဒီလောက်ကောင်းတာ။ သူခိုးလေး သုံးလေးယောက်လောက်က သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ရှင်က ဘာလို့ ဒီလောက်တောင် လောနေရတာလဲ”

"ရှင်က သူ့ကို မေ့သွားပြီလို့ အထပ်ထပ် ပြောခဲ့တယ်။ အခု ရှင့်ရဲ့ ဒီလို စိုးရိမ်နေတဲ့ပုံကို ကြည့်ပါဦး။ မသိတဲ့လူတွေက ရှင့်ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက သူခိုးနဲ့ တွေ့နေတယ်လို့ ထင်သွားဦးမယ်”

"ရှင် သွားချင်ရင် သွားလေ။ ကျွန်မ မတားဘူး။ ကျွန်မ တကယ် မြင်ချင်သေးတယ် ရှင်လိုမျိုး မတ်တော် ဖြစ်မယ့်လူက ရှင့်ရဲ့ အနာဂတ် အာ့စောင် ကို ဘယ်လိုမျိုးတောင် ဂရုစိုက်ပြမလဲ ဆိုတာကို”

လီဟောက် : "..."

လီဟောက်သည် ခေါင်းလှည့်ကာ မုန့်ယွင်လော်ကို စူးစိုက်စွာ ကြည့်လိုက်၏။

မုန့်ယွင်လော်သည် ဒေါသထွက်နေဆဲ ဖြစ်ရာ ဒေါသမီးကို လုံးဝ မထိန်းနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ပြန်လည် စိုက်ကြည့်လိုက်သည်။ "ဘာလဲ။ ကျွန်မ ပြောတာ ထိသွားလို့ စိတ်မလုံမလဲ ဖြစ်သွားတာလား။ ဟုတ်တယ် မဟုတ်လား။ လုမင်ယွိ ဟိုနားမှာ ရှိနေတယ်။ ရှင် သွားချင်ရင် သွားလိုက်လေ”

လီဟောက်သည် အသက်ကို ပြင်းစွာ တစ်ချက် ရှူသွင်းလိုက်ပြီး မုန့်ယွင်လော်၏လက်ကို လွှတ်လိုက်သည်။ သူ၏အသံသည် နိမ့်ကျပြီး တင်းမာနေ၏။ "မင်း စိတ်အခြေအနေ မကောင်းဘူး။ ကျွန်တော် မင်းကို ကွမ်းပင်းနယ်စားအိမ်တော်ကို ပြန်လိုက်ပို့ပေးမယ်”

မုန့်ယွင်လော်သည် ပိုပြီး ဒေါသထွက်သွားတော့သည်။ "ရှင် ဒါ ဘာသဘောလဲ။ ကျွန်မက အမှန်တရား နည်းနည်း ပြောလိုက်တာနဲ့ ရှင့်ရဲ့ နှလုံးသားကို သွားထိမိတာလား ဟုတ်လား။ ရှင် ကျွန်မကို မီးပုံးဈေး လျှောက်လည်ဖို့ အထူးတလည် ဖိတ်ခေါ်ခဲ့ပြီးတော့ တစ်နာရီတောင် မပြည့်သေးဘူး။ ကျွန်မကို ပြန်ပို့တော့မယ်။ ကျွန်မ မျက်နှာကို ဘယ်နား သွားထားရမှာလဲ”

လီဟောက်သည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။

မုန့်ယွင်လော်သည် မည်မှပင် စိတ်ဆိုး ဒေါသထွက်နေစေကာမူ နည်းလမ်းမရှိတော့ဘဲ ဒေါသတကြီးဖြင့် နောက်မှ လိုက်ပါသွားရတော့၏။

ထို့နောက်တွင် လီဟောက်သည် အမှန်တကယ်ပင် မုန့်ယွင်လော်ကို ကွမ်းပင်းနယ်စားအိမ်တော်သို့ ပြန်ပို့ပေးခဲ့သည်။ တစ်လမ်းလုံး လီဟောက်သည် သူမကို စကားတစ်ခွန်းမှ မပြောခဲ့ဘဲ ကွမ်းပင်းနယ်စားအိမ်တော်၏ အပြင်ဘက်သို့ ရောက်သည်နှင့် ချက်ချင်းပင် ထွက်ခွာသွားလေသည်။

မုန့်ယွင်လော်သည် ဒေါသထွက်လွန်း၍ မျက်လုံးများ နီရဲလာပြီး ခြေကို ပြင်းစွာ ဆောင့်လျက် ငိုယိုကာ မိမိ၏ အိပ်ဆောင်ခန်းဆီသို့ ပြန်သွားလေသည်။

ကွမ်းပင်းနယ်စားကတော်သည် အစေခံမိန်းကလေး အနည်းငယ်ကို ခေါ်ယူကာ အိမ်တော်ထဲတွင် မီးပုံးပွဲ ကြည့်ရှုနေစဉ် သမီးဖြစ်သူ ငိုယိုပြီး ပြန်လာကြောင်း ကြားသိရသောအခါ စိတ်ထဲတွင် လေးလံသွား၏။ ချက်ချင်းပင် မုန့်ယွင်လော်၏ အိပ်ဆောင်ခန်းဆီသို့ သွားလေသည်။

တံခါးတစ်ချပ် ခြားနေသော်လည်း တရှုံ့ရှုံ့ ငိုရှိုက်နေသံများကို ကြားနေရလေသည်။

ကွမ်းပင်းနယ်စားကတော်သည် မျက်မှောင်ကြုတ်ကာ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာ၏။

မုန့်ယွင်လော်သည် ခေါင်းအုံးပေါ်တွင် မှောက်လျက်သားနှင့် ခန္ဓာကိုယ်မှာ မရပ်မနား တုန်ယင်နေပြီး အလွန်အမင်း ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသည်။ ရင်းနှီးသော ခြေသံကို ကြားလိုက်ရသောအခါ မုန့်ယွင်လော်သည် ပိုလို့ပင် မတရားခံစားလာရပြီး ခေါင်းအုံးပေါ်မှ ထလာကာ မိခင်အရင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်တော့သည်။ "အမေ”

ကွမ်းပင်းနယ်စားကတော်သည် သမီးဖြစ်သူ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း အသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ဘာဖြစ်လာတာလဲ။ အစောက တတိယမင်းသားနဲ့ မီးပုံးပွဲ သွားကြည့်မလို့ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မဟုတ်လား။ ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ။ ဒီပုံစံဖြစ်တဲ့အထိ ငိုလာရတာလဲ”

မုန့်ယွင်လော်သည် ရှိုက်ကြီးတငင် ငိုယိုရင်း မီးပုံးဈေးတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ပြောပြလေသည်။ "... သမီးက အမှန်တရား နည်းနည်း ပြောလိုက်ရုံလေးကို သူက အဲ့ဒီနေရာမှာတင် မျက်နှာကြီး တင်းသွားပြီး သမီးကို ဂရုလည်း မစိုက်တော့ဘဲ အတင်းအကျပ် ပြန်လိုက်ပို့တာ”

"နောက်ဆို သမီးအပေါ် ကောင်းပါ့မယ်လို့ ပြောနေတာတွေ အားလုံးက သမီးကို လိမ်နေတာပဲ။ သူ့စိတ်ထဲမှာ ကြိုက်နေတာက လုမင်ယွိ”

တကယ့်ကို မိုက်မဲသော မိန်းကလေးပင်။

ယောက်ျားတစ်ယောက်က ကိုယ့်ကို လိမ်ညာချင်နေရင် ကိုယ်ကလဲ မျက်စိထားပေးလိုက်ရုံ‌ပေါ့။

ကိုယ့်အင်အားကို ထုတ်ပြချင်နေတော့ တခြားသူ့ကို ထိခိုက်အောင် လုပ်မိမဲ့အစား ကိုယ့်ဟာကိုပဲ ပြန်ထိခိုက်အောင် လုပ်မိတော့တာပေါ့။

ကွမ်းပင်းနယ်စားကတော်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလေသည်။ "တတိယမင်းသားက စတုတ္ထသခင်မလေးလုကို သဘောကျခဲ့ဖူးတာ သိတဲ့လူ မနည်းဘူး။ သမီး အရင်ကတည်းက သိပြီးသားပဲ။ အမိန့်တော်နဲ့ လက်ဆက်ပေးတုန်းကလည်း စိတ်ပိုင်းဖြတ် ပြင်ဆင်ပြီးသားပဲ။ သမီး မေမေ့ကို ပြောဖူးတယ်လေ။ အချိန်ကြာလာရင် တတိယမင်းသားရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်မှာပါလို့”

"အခု သမီး လုပ်လိုက်တဲ့ အပြုအမူကို ကြည့်ပါဦး။ ဘယ်သူက မျက်နှာမလိုချင်လို့လဲ။ သူက မင်းသားတစ်ပါး။ အဆင့်အတန်း မြင့်မြတ်တယ်။ သမီးထက်တောင် မျက်နှာ ပိုလိုချင်မှာ မဟုတ်ဘူးလား။ သမီးက အဲ့ဒီလောက် နားခါးတဲ့ စကားတွေကို ဇွတ်ပြောနေတော့ သူက သည်းခံနိုင်နေဦးမှ ထူးဆန်းမှာပေါ့”

"ဒီမှာ ငိုနေဖို့ မျက်နှာရှိသေးတယ်နော်။ နောက်ကို ဘယ်တော့မှ ဒီလို မလုပ်မိစေနဲ့”

မုန့်ယွင်လော်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ဝိုင်းစက်သွားသည်။ "အမေက သမီးဘက် မပါဘဲ လီဟောက်ဘက်က ပါနေတာလား”

ကွမ်းပင်းနယ်စားကတော်သည် လက်ကိုင်ပဝါကို ထုတ်ယူကာ မုန့်ယွင်လော်၏ မျက်ရည်များကို သုတ်သင်ပေးရင်း ပြောလေသည်။ "မိုက်မဲတဲ့ စကားတွေ လာပြောနေပြန်ပြီ။ အမေက သမီးကို ပေါင်းသင်းဆက်ဆံရေး နည်းလမ်း သင်ပေးနေတာ။ အခု သမီးတို့ လက်မထပ်ရသေးတာကို ထားဦး။ လက်ထပ်ပြီးလို့ သမီးက တတိယမင်းသားကြင်ရာတော် ဖြစ်သွားရင်တောင် ဒီလိုမျိုး ပေါက်ကရ သဝန်တိုပြီး တတိယမင်းသားကို အရှက်ရအောင် လုပ်လို့ မရဘူး”

"အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုဆို ပိုလို့တောင် ပြန်ပြောလို့ မဖြစ်ဘူး”

"သမီး ကိုယ်တိုင် စဉ်းစားကြည့်လေ။ တတိယမင်းသားက မေ့တော့မယ့် လူတစ်ယောက်ကို သမီးကပဲ အထပ်ထပ်အခါခါ ပြန်ပြောနေတာ။ ဒါဆို သူက အကြိမ်ကြိမ် ပြန်စဉ်းစား ပြန်သတိရနေတော့မှာ မဟုတ်ဘူးလား”

မုန့်ယွင်လော်သည် သူမ၏နှုတ်ခမ်းကို ပြင်းစွာ ကိုက်လိုက်ပြီး မျက်ဝန်းထဲတွင် မနာလိုမုန်းတီးမှုများ လက်ခနဲ ပေါ်လာသည်။ "သမီးက ဒီဒေါသကို မျိုသိပ်မထားနိုင်ဘူး။ သမီးက လုမင်ယွိထက် ဘယ်နေရာမှာ နိမ့်ကျနေလို့လဲ။ လီဟောက်မှာ သမီးလို စေ့စပ်ထားတဲ့ မိန်းကလေး ရှိနေပြီ။ သူက သမီးအပေါ်မှာပဲ တစ်စိတ်တစ်ဝမ်းတည်း ရှိရမှာပေါ့။ ဘယ်လိုလုပ် လုမင်ယွိကို ထပ်ပြီး သတိရနေနိုင်သေးတာလဲ”

"အမေက သမီးကိုပဲ ပြောတတ်တယ်။ ဒီလိုကိစ္စမျိုးကို လူက ဘယ်လို သည်းခံနိုင်မှာလဲ။ အဖေနဲ့ စူးကျောင်းရုံတို့ရဲ့ ဟိုးအရင်က ကိစ္စဟောင်းတွေကို မေမေလည်း အခုထိ အခါအခွင့်သင့်တိုင်း ပြန်ထုတ်ပြောပြီး ဖေဖေ့ကို တစ်ခါလောက် သွားဆွသေးတာပဲ မဟုတ်လား”

ကွမ်းပင်းနယ်စားကတော် : "..."

ကွမ်းပင်းနယ်စားကတော်သည်လည်း ဒေါသထွက်သွားပြီး လက်ထဲမှ လက်ကိုင်ပဝါကို ပစ်ချကာ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်တော့သည်။ "သမီးက အားအင်တွေ ပြည့်နေတာပဲ။ ဘယ်မှာ လူ နှစ်သိမ့်ပေးဖို့ လိုလို့လဲ။ အမေကပဲ ပါးစပ်ရှည်ပြီး အပိုအလုပ် လုပ်မိတယ်လို့ သဘောထားလိုက်ပါ”

ပြောဆိုပြီးနောက် ထိုင်ရာမှ ထကာ ထွက်ခွာသွားလေသည်။

မုန့်ယွင်လော်သည် ခဏတာ စကားမှားသွားသဖြင့် မိခင်အရင်းကို ဒေါသထွက်စေမိသည်တွင် စိတ်ထဲတွင် နောင်တရမိသွားသည်။ တစ်ခဏချင်းတွင် မျက်နှာကို မထားတတ်တော့ဘဲ ကွမ်းပင်းနယ်စားကတော် အင်္ကျီလက်စကို ခါပြီး ထွက်ခွာသွားသည်ကို မျက်စိဖြင့်သာ ကြည့်နေမိတော့သည်။

မီးပုံးဈေးတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် တွေးမိသောအခါ မုန့်ယွင်လော်သည် မထိန်းချုပ်နိုင်ဘဲ နောက်တစ်ကြိမ် ဝမ်းနည်းမှုများ လှိုက်တက်လာကာ ခေါင်းအုံးပေါ်တွင် မှောက်ချပြီး တဖန် ငိုကြွေးလေတော့သည်။

လုမင်ယွိ ငါနဲ့နင် တစ်ယောက် သေမှ ပြီးမယ်။

...

လုမင်ယွိကတော့ ထိုကိစ္စကို လုံးဝ မသိခဲ့သည်မှာ အမှန်ပင်။

သူခိုးသုံးယောက်သည် သတိလစ်မေ့မြောအောင် အရိုက်ခံရပြီးနောက် ရုံးတော်သို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။ သူမနှင့် လီကျင့်တို့၏ ပျော်ရွှင်သောစိတ်မှာ လျော့ကျသွားခြင်း မရှိဘဲ မီးပုံးဈေးထဲတွင် ဆက်ပြီး အေးအေးဆေးဆေး လျှောက်လည်နေကြသည်။ ထို့အပြင် မျက်စိမရှိသော သူခိုးငယ်များနှင့် ထပ်ပြီး ကြုံတွေ့ရခြင်း မရှိတော့ပေ။

တစ်ခုတည်းသော နှမြောစရာ ကောင်းသည်မှာ အစောပိုင်းက မိန်းမချောပုံ မီးပုံးသည် ပစ်ပေါက်ခံလိုက်ရပြီး ပျက်စီးသွားခဲ့ရာ တစ်ပုံစံထဲတူသည့် မီးပုံးတစ်လုံးကို ပြန်လည် ဝယ်ယူလိုသော်လည်း အချိန်အတော်ကြာ လျှောက်ပတ် ရှာဖွေခဲ့သော်လည်း ရှာမတွေ့တော့ခြင်း ဖြစ်၏။

လုမင်ယွိသည် မည်သို့မှ သဘောမထားသော်လည်း လီကျင့်၏ စိတ်ထဲတွင်တော့ အားမလိုအားမရ ဖြစ်နေပြီး ပိုပြီး ကောင်းသည့်မီးပုံးတစ်လုံးကို လုမင်ယွိအား လက်ဆောင်ပေးရန် ဇွတ်တောင်းဆိုနေတော့သည်။

လုမင်ယွိက ရယ်မောရင်း စနောက်လိုက်၏။ "ဘာပဲဖြစ်ဖြစ် သုံးနေတာတွေက ကျွန်မ ပိုက်ဆံတွေချည်းပဲ။ မီးပုံး ဝယ်ဝယ် မဝယ်ဝယ် ဘာမှ မဖြစ်ပါဘူး”

လီကျင့်က တည်ကြည်လေးနက်ဟန်ဖြင့် ပြန်ချေပလေသည်။ "စောစောက မင်း ကို့ကို ကယ်လိုက်တယ်။ ဒီကျေးဇူးကြီးကို ဘယ်လို ပြန်ဆပ်ရမှန်း မသိဘူး။ ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ဖို့ကျတော့လည်း ရက်နည်းနည်း လိုသေးတယ်။ အခုလောလောဆယ်တော့ မီးပုံးတစ်လုံး ဝယ်ပေးရုံပဲ တတ်နိုင်တော့မှာပေါ့”

စစချင်း ကြားလိုက်ရစဉ်တွင် မည်သို့မှ မဟုတ်သော်လည်း သေချာ စဉ်းစားကြည့်မှ အလွန်ပင် မဖွယ်မရာ နိုင်လှသည်ကို တွေ့ရ၏။

လုမင်ယွိသည် ရယ်မောရင်း မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

ထိုအကြည့်သည် စိတ်ကောက်ဟန်လည်းဆောင် ဒေါသထွက်ဟန်လည်း ပြုရင်း ရှားပါးလှသော ရှက်ရွံ့မှု အနည်းငယ်လည်း ပါဝင်နေ၏။

လီကျင့်၏ နှလုံးသားသည် နွေးထွေးသွားပြီး စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရုတ်တရက် တိုးကပ်လာကာ သူမ၏ နဖူးပြင်ထက်သို့ လျင်မြန်စွာ ဖျပ်ခနဲ ဖွဖွလေး တစ်ချက် အနမ်းပေးလိုက်တော့သည်။

အနမ်းသည် ပေါ့ပါးပြီး လျင်မြန်လှ၏။ လုမင်ယွိ တုံ့ပြန်ချိန်ပင် မရလိုက်မီ လီကျင့်သည် သူ၏ တည်ကြည်သော အမူအရာသို့ ပြန်လည် ရောက်ရှိသွားပြီး လျင်မြန်စွာပင် ကိုယ်ကို မတ်မတ် ပြန်ရပ်လိုက်သည်။ အမှန်တကယ် ပွင့်လင်းရိုးသားသော လူကြီးလူကောင်းတစ်ဦး၏ ပုံစံအတိုင်းပင်။

မီးပုံးဈေးတွင် လူအုပ်သည် ဒီရေအလား ပြည့်နှက်နေပြီး သူတို့နှစ်ဦးမှာ မူလကတည်းက အနီးကပ် နေခဲ့သည်တွင် သည်လိုသိမ်မွေ့သော လှုပ်ရှားမှုသည် လူငယ်လေးတစ်ဦး၏ ပေါ့ပေါ့ပါးပါး ခေါင်းငုံ့လိုက်ခြင်းနှယ်။ ပတ်ဝန်းကျင်မှ လူများ၏ အာရုံစိုက်မှုကို မဖြစ်ပေါ်စေခဲ့ပေ။

လုမင်ယွိသည် သူမ၏နဖူးပြင်ထက်မှ ညင်သာစွာ ထိတွေ့ခံလိုက်ရသော နေရာလေးသည် ပူလောင်နေသည်ဟုသာ ခံစားလိုက်ရသည်။

သူမသည် အလိုအလျောက်ပင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

လီကျင့်သည် အနည်းငယ်မှပင် စိတ်မလုံမလဲ ဖြစ်ခြင်း မရှိဘဲ သူ၏လက်ကို အနည်းငယ် အားထည့်ကာ သူမ၏လက်ကို ပိုပြီး တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ရှောင်ယွိ ဒီည ကို တကယ် ပျော်တယ်။ မင်းရော ပျော်ရဲ့လား”

ပျော်စရာလား။ ရှင့်ခေါင်းကြီးကို ပျော်နေတာလား။

လုမင်ယွိသည် သူ့ကို မျက်စောင်း နောက်တစ်ချက် ထိုးလိုက်ပြန်သည်။

သာမန် လူငယ်တစ်ဦးသာ ဆိုလျှင် ဤကဲ့သို့ ကြမ်းတမ်းသော အကြည့်ကို အမှန်ပင် ခုခံနိုင်မည် မဟုတ်ပေ။ လီကျင့်မှာတော့ မွေးရာပါ အစခံချင်သူတစ်ဦးနှယ် ဤသို့ အကြည့်ခံရလေ တစ်ကိုယ်လုံး ပျော့ပျောင်း သက်သောင့်သက်သာ ဖြစ်သွားလေ ဖြစ်၏။

လီကျင့်သည် လုမင်ယွိကို ပြုံးပြလိုက်ပြီး ပြောလေသည်။ "ကိုတို့ စားသောက်ဆိုင်ကို သွားကြရအောင် သာ့ကျဲ တို့ သာ့ကျဲဖူ တို့နဲ့ သွားဆုံမယ်။ စားသောက်ဆိုင်မှာ စာပေပွဲတော် ရှိတယ်လို့ ကြားတယ်။ ကို မီးပုံး သွားအနိုင်ယူပြီး မင်းကို လက်ဆောင်ပေးမယ်နော်”

...

အပိုင်း (၁၄၁) တိုက်ဆိုင်လိုက်တာ

တခြားတစ်ယောက်ယောက်က သူမအပေါ် ဤကဲ့သို့ အခွင့်ကောင်း ယူရဲခဲ့လျှင်တော့ သူမက ထိုလူကို လက်သီးစာ ကျွေးပစ်ပြီးသား ဖြစ်လိမ့်မည်။

သို့သော်ငြား လီကျင့်ဖြစ်နေသည်တွင်...

ထားလိုက်ပါတော့လေ။ အတိတ်ဘဝက အကုသိုလ်အကြောင်း မပြောတော့ပါဘူး။ ဒီဘဝမှာ ဒါက သူမရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်းပဲလေ။ ရက်အနည်းငယ်နေရင် သူတို့နှစ်ယောက်လဲ လက်ထပ်ကြပြီး လင်မယား ဖြစ်လာတော့မှာ။ နည်းနည်းပါးပါး ရောင့်ရဲတာလေးကိုတော့ ခဏလောက် သည်းခံလိုက်ရုံပေါ့လေ။

လီကျင့်သည် အတိုင်းအတာကို ထိန်းချုပ်ရာတွင် အတော်ဆုံးဖြစ်သည်ပင်။ တကြိမ် အခွင့်အရေးယူပြီးနောက်တွင်တော့ အလွန်တည်ငြိမ်စွာ နေထိုင်နေသည်။ သူတို့နှစ်ဦးသည် မီးပုံးစျေးအတွင်းက အစည်ကားဆုံး စားသောက်ဆိုင်ဆီသို့ တစ်လမ်းလုံး လမ်းလျှောက်လာခဲ့ကြ၏။

လုမင်ယွိသည် လူဝင်လူထွက် များပြားလှသည့် တင်းရှန်းလိုကို တစ်ချက်လောက် ကြည့်လိုက်ပြီး မထိန်းနိုင်ဘဲပြုံးမိလေတော့သည်။ "ဒီတင်းရှန်းလိုက နှစ်ပေါင်း၂၀၀ကျော် လက်ဆင့်ကမ်းလာခဲ့တာ အခုဆိုရင် နယ်တိုင်းမှာလည်း ဆိုင်ခွဲတွေဖွင့်နေပြီ။ ဒီနေရာက တကယ့် မူလဆိုင်ဟောင်းကြီးလို့ ကြားဖူးတယ်"

လီကျင့်ကလဲ ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်၏။ "ဟုတ်တယ်လေ။ ဒီစားသောက်ဆိုင်ရဲ့ သက်တမ်းက တကယ်ကြာလှပြီ။ ဒါပေမဲ့ နှစ်အနည်းငယ်ကြာတိုင်း တခါပြန်ပြင်ဆင်လေ့ရှိတယ်။ နည်းနည်းလေးတောင်မှ ဟောင်းနွမ်းတဲ့ပုံ မပေါ်ဘူး"

လေဒဏ်မိုးဒဏ်ခံခဲ့ရသည့် ရှေးဟောင်းဆန်သည့် ဆိုင်းဘုတ်ကြီးကလွဲလျှင် တင်းရှန်းလို၏ အတွင်းအပြင် ပရိဘောဂ အပြင်အဆင်များသည် မည်မျှ အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်ကိုပင် မသိနိုင်တော့ပေ။

"တင်းရှန်းလိုကို လင်မျိုးရိုးနာမည်ရှိတဲ့ နတ်ဘုရားမလိုတော်တဲ့ စာဖိုမှူးအမျိုးသမီးတစ်ယောက်က တည်ဆောက်ခဲ့တာတဲ့" လုမင်ယွိက ရယ်မောကာဖြင့် ပြောလိုက်သည်။ "ဒီလောက် နှစ်တွေကြာလာတာတောင် မျိုးဆက်တွေက မိသားစုလုပ်ငန်းကို မပျက်စီးစေတဲ့အပြင် ဒီထက်တောင် ပိုပြီးကြီးပွားလာသေးတယ်။ တကယ့်ကို မလွယ်ကူတဲ့ကိစ္စပဲ"

မဟုတ်လို့လား။

လုပ်ငန်းတစ်ခုကို စတင်ခြင်းသည် လွယ်ကူသလောက် ထိန်းသိမ်းစောင့်ရှောက်ရန်ကတော့ ခက်ခဲလှလေသည်။ မင်းဆက်များ အပြောင်းအလဲကဲ့သို့ပင်။ မင်းဆက်အသစ်ကို တည်ထောင်နိုင်သူများသည် များသောအားဖြင့် ကြီးကျယ်ခမ်းနားသည့် အရည်အချင်းနှင့်ဗျူဟာများ ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ တိုင်းပြည်ကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း ရှိမရှိကတော့ မျိုးဆက်များ၏ အရည်အချင်း ရှိမရှိပေါ်တွင်သာ မူတည်လေတော့သည်။

သူတို့နှစ်ယောက်သည် ပေါ့ပေါ့ပါးပါး စကားစမြည် အနည်းငယ် ပြောဆိုလိုက်ကြပြီး တင်းရှန်းလိုအတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။

တင်းရှန်းလို၏ ပင်မခန်းမဆောင်သည် အလွန်ကျယ်ဝန်းလှပြီး ယခုအချိန်တွင် ဧည့်သည်များဖြင့် ပြည့်နှက်လို့နေတော့သည်။ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် သီးသန့်အခန်း၂၀ကျော် ရှိကြသည်။ ကျန်းကျုံး မှာကြားထားသည်မှာ တတိယထပ်က သီးသန့်ခန်းဖြစ်သည်။ ထိုအခန်းထဲတွင် ထိုင်ကာ မိုင်ပေါင်းများစွာ ရှည်လျားသည့် လမ်းမကြီးပေါ်က မီးပုံးပင်လယ်ကြီးကို ကြည့်ရှုနိုင်လေသည်။

လုမင်ဖန်းတို့ကတော့ ရောက်ရှိနေကြပြီဖြစ်၏။ လုမင်ယွိနှင့် လီကျင့်တို့က နောက်ဆုံးမှသာ ရောက်လာကြသူများဖြစ်သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ကျန်းသာ့ပေါင်တို့ ညီအစ်ကိုနှစ်ယောက်က အရင်ဆုံး ပြေးထွက်လာကြကာ ပါးစပ်ကလဲ "စစ်ယီ" ဟုအော် ဟစ်ကာခေါ်နေကြလေသည်။

လုမင်ယွိက ပြုံးကာ ပြန်ဖြေကြားလိုက်ပြီး ကိုယ်ကိုညွတ်ကာ ညီအစ်ကိုနှစ်ယောက်စလုံးကို လက်ထဲတွင် ပွေ့ချီထားလိုက်တော့၏။ သန်မာကြံ့ခိုင်ပြီး အဆော့သန်လှသည့် ကောင်လေးနှစ်ယောက်ပေါင်းလျှင်ပင် ပေါင်ခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့် လေးလံလှသည်။ လုမင်ယွိကတော့ တစ်ယောက်တစ်ဖက်စီ ပွေ့ချီကာ အေးဆေးတည်ငြိမ်လို့နေ၏။

"စစ်ယီ" ကျန်းသာ့ပေါင်က မျက်နှာချိုသွေးရာတွင်တော့ အတော်ဆုံးပင်။ "ကျွန်တော် စစ်ယီကို လက်ဆောင်ပေးဖို့ မီးပုံးဝယ်လာတယ်"

ကျန်းရှောင်းပေါင်ကလဲ ခေါင်းညိမ့်ပြလိုက်ကာ "စစ်ယီကို ပေးဖို့"

လုမင်ယွိက နှစ်လို ဖွယ်ချိုမြစွာပြုံးလိုက်ပြီး "ဟုတ်ပါပြီ။ သာ့ပေါင်နဲ့ ရှောင်းပေါင်တို့ကို ကျေးဇူးတင်ပါတယ်နော်"

မီးပုံးစျေးသို့လာလည်လျှင် မီးပုံးတစ်လုံးမှ မဝယ်သူက ရှားပါးလှလေသည်။

ကျန်းကျုံးသည် လက်ဗလာဖြင့် ရောက်နေသည့်လီကျင့်ကို ကြည့်ကာ ရယ်မောပြီး စနောက်လေတော့သည်။ "တကယ်လို့ အရှင်မင်းသားက ငွေအိတ်ပါးနေလို့ မီးပုံး မဝယ်နိုင်ဘူးဆိုရင်လည်း ပြောပါ။ ကျွန်တော် အရှင်မင်သားကို ငွေပေးပါ့မယ်"

လီကျင့်ကလဲ အရှက်ရမည်ကိုပင် မစိုးရွံ့ဘဲ ရယ်မောကာဖြင့် ပြန်ဖြေကြားလိုက်လေသည်။ "အားလုံးကို အမှန်အတိုင်းပြောပါ့မယ်။ ကျွန်တော် ဒီနေ့တကယ်ပဲ ငွေမယူလာခဲ့မိတာပါ။ စောစောတုန်းက မိန်းမချောလေးပုံ မီးပုံးတစ်လုံးကို ဝယ်ခဲ့တာတောင် ရှောင်ယွိဆီက ငွေချေးပေးခဲ့ရတာပါ"

အားလုံးမှာ တစ်ကြိမ်တည်း ရယ်မောလိုက်ကြတော့သည်။ ရှန်းလန်ကတော့ အလွန်အကင်းပါးလေ၏။ "မိန်းမလှလေးမီးပုံး ဝယ်ခဲ့တယ်ဆိုတော့ ဘာလို့ ပြန်ပါမလာတာလဲ။ တစ်ခုခုများဖြစ်လို့လား"

လုမင်ယွိကလဲ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "မျက်လုံးမပါတဲ့ သူခိုးလေးတစ်သိုက်နဲ့ တွေ့လို့ပေါ့။ မိန်းမချောလေးမီးပုံးကို ကျွန်မ ပစ်ပေါက်လိုက်လို့ ကွဲသွားပြီ"

အားလုံးကလဲ တအံ့တသြ ဖြစ်သွားကြလေသည်။ သူတို့က မေးခွန်းမထုတ်ရသေးခင်မှာပင် လီကျင့်က ဖြစ်စဥ်အကြောင်းစုံကို အသေးစိတ် ရှင်းပြလိုက်တော့၏။ " ... ရှောင်ယွိက တုံ့ပြန်တာ အရမ်းမြန်တာပဲ။ တယောက်ကို လက်သီးတစ်ချက်နဲ့ လဲကျအောင် ထိုးလိုက်တယ်။ နောက်တယောက်ကိုတော့ ခြေထောက်နဲ့ လွင့်သွားအောင် ကန်ပစ်တာ။ နောက်ဆုံးတစ်ယောက်ကတော့ ရုတ်တရက် ဓားမြှောင်ထုတ်လာတယ်လေ။ ရှောင်ယွိက မိန်းမချောမီးပုံးကို ပစ်ပေါက်ပြီး အဲဒီ့သူခိုးကို မြေကြီးပေါ် လဲကျသွားအောင် ကန်ပစ်လိုက်တာ"

လူအားလုံး "..."

ဒါဆိုရင် ဒုတိယမင်းသားက သူခိုးလေးတစ်ယောက်ကိုတောင် သေချာမရှင်းနိုင်ဘဲ လုမင်ယွိက ဝင်ကူညီပေးခဲ့ရတာပေါ့။

ဒီလက်ရည်ကတော့ တတိယမင်းသားလောက်တောင် မမှီဘူးပဲ။

လူများသည် နှုတ်က ထုတ်ဖော်မပြောရဲကြသော်ငြားလည်း တစ်ဦးချင်းစီ၏ အကြည့်များကတော့ အရာအားလုံးကို ထင်ရှားစွာ ဖော်ပြနေလေသည်။

ကျိုးလီတစ်ဦးတည်းကသာ ဒုတိယမင်းသားကို နားလည်နိုင်ဟန်တူ၏။ "အရှင်မင်းသားက စာပေကျမ်းဂန်နှံ့စပ်တာ သိုင်းပညာနဲ့ မြှားပစ်တာကို သိပ်ပြီးမထူးချွန်တာက ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ ကျွန်တော်သာဆိုရင် လှမ်းပြီး အထိုးခံရလို့ လဲကျသွားလောက်ပြီ"

စာပေပညာကို လေ့လာတဲ့သူတွေက ကြက်တစ်ကောင်ကိုတောင် ချည်နိုင်တဲ့အင်အားမရှိတာ အထူးအဆန်းမှ မဟုတ်တာ။ ဒီလောကကြီးမှာ စာပေရော၊ သိုင်းပညာရော နှစ်မျိုးလုံးတော်တဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ။

စကားစမြည်အနည်းငယ် ပြောဆိုရယ်မောပြီးသွားသောအခါ လုမင်ယွိနှ င့်လီကျင့်တို့နှစ်ယောက်စလုံးကလဲ ဒဏ်ရာအနာတရ မရှိတာ သေချာအတည်ပြုခဲ့ပြီးမှ ကျန်းကျုံးသည် စားပွဲထိုးကို အရက်နှင့် ဟင်းလျာများတည်ခင်းပေး ရန် အမိန့်ပေးလိုက်တော့သည်။

...

စားပွဲထိုးကလဲ ပြန်လည်ထွက်ခွာသွား၏။ တံခါးကို ပိတ်လိုက်သည်နှင့်ချက်ချင်း ဆက်ဆံရခက်ခဲလှသည့် လူငယ်စုံတွဲတစ်တွဲနှင့် ရင်ဆိုင်လိုက်ရလေတော့သည်။ သူတို့သည် သီးသန့်ခန်းလဲပေးရန် တောင်းဆိုနေကြခြင်းဖြစ်၏။ ထိုလူရွယ်တစ်စုံသည် လုမင်ယွိတို့အုပ်စုရှိနေသည့် သီးသန့်အခန်းကို မျက်စိကျနေခြင်း ဖြစ်တော့၏။

မိန်းမပျိုလေးသည် အတော်အတန် ဗိုလ်ကျစိုးမိုးတတ်ကာ မာနကြီးသည့်လေသံဖြင့် ပြောလိုက်၏။ "ဘာအရေးကြီးဧည့်သည်လဲ။ ရှင် အထဲဝင်ပြီး သူတို့ကို ပြောလိုက် စတုတ္ထမင်းသားဒီမှာ ရောက်နေတယ်လို့ ။ သူတို့ကို ဒီသီးသန့်ခန်းကနေ ဖယ်ခိုင်းလိုက်"

အားလုံးသည် တပြိုင်တည်း လီကျင့်ဖက်သို့ လှည့်ကြည့်လိုက်ကြလေသည်။

လီကျင့်ကလဲ အနည်းငယ် မျက်နှာပူသွားပြီး ထိုင်ရာမှထကာ တံခါးကို ဖွင့်လိုက်တော့သည်။ "ဟင်း ဟင်း။ တကယ်တိုက်ဆိုင်တာပဲ"

တရစပ်ပြောဆိုနေသည့်ကျောက်ယွီမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့သည်။

စတုတ္ထမင်းသား၏မျက်နှာမှာ ပိုလို့ပင်အရေထူလှပြီး ချက်ချင်းဆိုသလို ရယ်မောကာ ပြောလိုက်လေသည်။ "ဟာ အာ့ကောနဲ့ လုအိမ်တော်ကလူတွေ ဒီမှာရှိနေတာကိုး။ တကယ်တိုက်ဆိုင်တာပဲ။ ကျွန်တော် ဒီနေ့နန်းတော်က ထွက်လာတာ နည်းနည်းနောက်ကျသွားလို့ ဒီကိုရောက်တဲ့အခါ အတွင်းဘက်က အခန်းတစ်ခန်းပဲ ကျန်တော့တယ်။ ဝမ်းကွဲအစ်မယွီကလဲ လမ်းမကြီးဘက်ကို မျက်နှာမူထားတဲ့ သီးသန့်အခန်းကိုမှ လိုချင်တာတဲ့။ ထမင်းစားရင်းနဲ့ မီးပုံးပွဲ ကြည့်လို့ရအောင်လို့ပါ။ အာ့ကောကို တမင်တကာ စော်ကားချင်လို့ မဟုတ်ပါဘူး။ အာ့ကော စိတ်မဆိုးပါနဲ့နော်"

လီကျင့်၏ နှုတ်ခမ်းထောင့်များကတော့ တွန့်ချိုးသွားလေသည်။ ဒါက မင်း ငါနဲ့ လာတွေ့လို့လေ။ တခြားလူသာဆိုရင်တော့ စတုတ္ထမင်းသားကို သီးသန့်အခန်း ပေးလိုက်ရမှာပေါ့နော်"

စတုတ္ထမင်းသား "..."

မည်သို့ဆိုစေ သူတို့နှစ်ဦးစလုံးကတော့ မှားယွင်းနေသေးလေသည်။

ကျောက်ယွီသည် စတုတ္ထမင်းသား အဆူအဆဲခံရမည်ကို မကြည့်ရက်သဖြင့် ချက်ချင်းဆိုသလိုပင် ဝင်ကာပြောလိုက်တော့၏။ "ဒါတွေ အားလုံးကလဲ ကျွန်မရဲ့စိတ်ကူးပါ။ အရှင်မင်းသား အပြစ်တင်ချင်ရင် ကျွန်မကိုပဲ အပြစ်တင်လိုက်ပါ"

လီကျင့်၏အမူအယာကတော့ မပြောင်းမလဲပဲ တည်ရှိနေပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်တော့သည်။ "ကိစ္စက ဝမ်းကွဲညီမကနေစတာ မှန်ပေမဲ့ စစ်တိက တားမြစ်သင့်ရဲ့သားနဲ့ ဘာမှထုတ်မပြောခဲ့ဘူး။ ဒါက စစ်တိရဲ့အမှားပဲ"

ကျောက်ယွီသည် ငြင်းဆန်ခံလိုက်ရသဖြင့် မျက်နှာများ ထူပူသွားလေတော့သည်။

တိုတောင်းလှသည့် စကားအနည်းငယ်အတွင်းမှာပင် လူအားလုံးကလဲ အကြောင်းစုံကို နားလည်သဘောပေါက်သွားတော့၏။

လုမင်ယွိသည် ထိုင်ခုံမှထကာ လျှောက်လာပြီး ပြုံးကာ ပြောလိုက်တော့သည်။ "ဖိတ်ကြားထားတာထက် မမျှော်လင့်ဘဲ တွေ့ဆုံရတာက ပိုကောင်းပါတယ်။ တွေ့ပြီးမှတော့ အတူတူ ညစာလာစားကြလေ။ ဘာပဲဖြစ်ဖြစ် ဒီသီးသန့်အခန်းကလဲ အကြီးကြီးပဲကို"

ထိုသို့ပြောလိုက်ပြီးနောက် ကျောက်ယွီ ၏လက်ကို လှမ်းဆွဲလိုက်လေသည်။

ကျောက်ယွီသည် နောက်ဆုံးတွင် မျက်နှာပန်းလှအောင် လမ်းကြောင်းရသွားပြီ ဖြစ်သဖြင့် အလိုက်သင့်ပင် ပြောဆိုလိုက်လေသည်။ "ခဏနေကျရင် ကျသင့်မဲ့ကုန်ကျစရိတ်ကို ကျွန်မပဲ ရှင်းလိုက်ပါ့မယ်။ ဒီနေ့ညတော့ ကျွန်မ ဒကာခံပါ့မယ်"

လုမင်ယွိကလဲ ရယ်မောကာ ပြောလိုက်၏။ "ပဥ္စမသခင်မလေးကျောက် ဒကာခံမယ်ဆိုမှတော့ ကျွန်မလဲ အားနာနေတော့မှာ မဟုတ်တော့ဘူးနော်။ ခဏနေ ဟင်းကောင်းတွေ ထပ်မှာပြီး ရှင့်ရဲ့ကိုယ်ပိုင်ငွေကို အကုန်သုံးပစ်လိုက်မယ်"

ရှန်းလန်ကလဲ ပြုံးကာထလာပြီး ကျောက်ယွီ၏ကျန်သည့် လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ကာ ပြောလိုက်လေသည်။ "ညီမလေးကျောက်က ငွေထုတ်ပြီး ဧည့်ခံကျွေးမွေးတာ တွေ့ရခဲတယ်။ ဒီညတော့ ကျွန်မတို့အားလုံး များများစားထားမှဖြစ်မယ်"

မြို့တော်က မျိုးရိုးမြင့်သခင်မလေးများသည် အချင်းချင်း အဆက်အဆံ ရှိကြလေသည်။ ရှန်းလန်နှင့် ကျောက်ယွီတို့သည်လဲ အတော်အတန် ရင်းနှီးသည်ဟုဆိုနိုင်သည်။ ကျောက်ယွီ၏စိတ်နေသဘောထားကို အသေးစိတ် ဖော်ပြရန် မလိုအပ်သော်ငြားလည်း အနည်းငယ် နှမြောတွန့်တိုတတ်သည်ကတော့ လူတိုင်းသိထားသည့်ကိစ္စပင်။

ကျောက်ယွီသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောမိလေတော့သည်။ "ရှင်တို့ရဲ့မျက်လုံးထဲမှာ ကျွန်မကို ဒီအတိုင်းဘာမှ အဖြစ်မရှိတဲ့လူလို့ မြင်နေကြတာပဲ"

လုမင်ယွိနှင့် ရှန်းလန်တို့ကလဲ တပြိုင်တည်း ပြောလိုက်ကြ၏။ "ဟုတ်တယ်လေ"

ကျောက်ယွီက ရယ်မောရင်း သူတို့နှစ်ဦးကိုလက်ဖြင့်လှမ်းထုလိုက်တော့၏။

များပြားလှသည့် ပျော်ရွှင်စရာကိစ္စများသည် ဒီသီးသန့်ခန်းလေးတွင် တစ်ဖန် စည်ကားလာလေတော့သည်။ စားပွဲကလဲ ကြီးမားလှသဖြင့် လူနှစ်ယောက်က ဝင်ထိုင်လိုက်သော်ငြား ကြပ်ညှပ်နေသည်ဟု မခံစားရပေ။

စတုတ္ထမင်းသားသည် ရှားရှားပါးပါး အာဏာကိုအသုံးချပြီး အနိုင်ကျင့်မိသည့်အချိန်တွင် ကံဆိုးစွာဖြင့် မိမိ၏ အစ်ကိုတော်အရင်းကိုမှ လာရောက်အနိုင်ကျင့်မိသည်တွင် အနည်းငယ် မျက်နှာပူနေမိတော့၏။ အရက်ရောက်ရှိလာသောအခါ အစ်ကိုဖြစ်သူကို မိမိသဘောအတိုင်း အရက်တစ်ခွက် ကမ်းပေးလိုက်လေသည်။ လီကျင့်သည်လဲ ဟန်ဆောင်ပန်ဆောင်လုပ်မနေဘဲ ပျော်ရွှင်စွာဖြင့် အရက်ကို သောက်သုံးလိုက်တော့သည်။

စတုတ္ထမင်းသားက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလာခဲ့သည်။ "အာ့ကောနဲ့ တွေ့ရလိမ့်မယ်လို့ တကယ်ထင်မထားခဲ့ဘူး။ ဒါနဲ့ စန်းကောရော ဒီနေ့ည မီးပုံးစျေးကို လာလည်သေးလား မသိဘူးနော်"

လီကျင့်ကတော့ အဓိပ္ပါယ် မရှင်းမလင်းသည့် အပြုံးလေးတစ်ခုဖြင့် ပြောလာခဲ့သည်။ "လာတယ်လေ ခုဏတုန်းက မီးပုံးစျေးထဲမှာ တွေ့ခဲ့သေးတယ်။ ငါတို့နဲ့ နှုတ်ဆက်စကားပြောဖို့တောင်မှ သက်သက်လာခဲ့သေးတယ်"

ဒီအကြောင်းအရာက သိပ်မကောင်းလှဘူးပဲ။

စတုတ္ထမင်းသားသည် ပြတ်ပြတ်သားသားဖြင့် စကားလမ်းကြောင်း ပြောင်းလေတော့သည်။ "အာ့ကောက ဘာမီးပုံးဝယ်ခဲ့တာလဲ"

လီကျင့်ကလဲ ပြန်ဖြေလေသည်။ "ငွေယူလာဖို့ မေ့သွားလို့ ရှောင်ယွိရဲ့ငွေနဲ့ပဲ မိန်းမချောလေးမီးပုံးတစ်လုံးကို ဝယ်လာခဲ့တယ်"

"အဲဒီ့မိန်းမချောလေးမီးပုံးက ဘယ်မှာလဲ"

"သူခိုးနဲ့တွေ့လို့ ကွဲသွားပြီ"

စတုတ္ထမင်းသား "..."

...

All Chapters