← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အပိုင်း (၁၄၅) လက်ဖွဲ့ပစ္စည်း (၂)

ကျောက်ယွီသည် နှုတ်တစ်ချက် ဖွင့်လိုက်သည်နှင့် မုန့်ယွင်လော်၏ အသည်းနှလုံးကို ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

မုန့်ယွင်လော်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် ဖြူရော်သွားပြီး "ကျောက်ယွီ။ နင် ဘာပြောတယ်။ နင့်မှာ သတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း”

ကျောက်ယွီ၏ အဘိဓာန်ထဲတွင် ကြောက်ရွံ့ခြင်း ဟူသော စကားလုံးသည် မရှိခဲ့ပေ။

သူမသည် အမှန်တကယ်ပင် နောက်တစ်ကြိမ် ထပ်မံ ပြောကြားလိုက်လေသည်။ "ပြောတော့ ဘာဖြစ်လဲ။ နင့်ကို ကြောက်ရမယ် အောက်မေ့နေလို့လား။ နင့်ရဲ့ ခင်ပွန်းလောင်းက တခြားမိန်းကလေးကို တမ်းတနေတာကို နင်က နင့်ခင်ပွန်းလောင်းရဲ့ မျက်လုံးထဲမှာ နင်တစ်ယောက်တည်းပဲ ရှိလာအောင် နည်းလမ်းရှာရမှာလေ။ လက်ဖွဲ့ပစ္စည်း လက်ခံတဲ့နေ့ကျမှ စတုတ္ထသခင်မလေးလုဆီကို ရန်လာရှာတာကတော့ နင် တကယ် တော်ပါပေတယ်။ ငါတောင် နင့်ကိုယ်စား ရှက်မိတယ်"

မုန့်ယွင်လော်သည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ တိုးဝှေ့ကာ ကျောက်ယွီ၏ မျက်နှာကို ကုတ်ဆွဲရန် ကြံရွယ်လိုက်လေသည်။

ကျောက်ယွီသည်လည်း စစ်သူကြီးမျိုးနွယ်မှ သမီးတစ်ဦး ဖြစ်ရာ ကိုယ်ခံပညာ အဆင့်သည် သာမန်မျှသာ ဖြစ်သော်လည်း လေ့ကျင့်ထားသူတစ်ဦး ဖြစ်၏။

မုန့်ယွင်လော် တိုးဝှေ့လာသည်နှင့် ကျောက်ယွီသည် ချက်ချင်း ရှောင်တိမ်းလိုက်၏။ မုန့်ယွင်လော်သည် ရှေ့သို့ ထပ်မံ တိုးဝှေ့ရန် ကြံရွယ်လိုက်စဉ် ဘေးတွင် အခစားဝင်နေသော အပျိုတော်များသည် ပြေးထွက်လာကြပြီး မိမိတို့၏ သခင်မကို အသီးသီး တားဆီးထားကြလေသည်။

မုန့်ယွင်လော်၏ ကိုယ်ပိုင်အပျိုတော်ကြီး ကျစ်လျန်သည် မိမိ၏ သခင်မကို အသေအလဲ တားဆီးထားရင်း "သခင်မလေး စိတ်ထိန်းပါ"

...

"ဒါက လုအိမ်တော်မှာလေ။ သခင်မလေး စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့”

အဓိကက တစ်ဖက်က ပဥ္စမသခင်မလေးကျောက်က ရန်စလို့ ကောင်းတဲ့လူ မဟုတ်ဘူးလေ။ ဖူယန်မြို့စားက သူ့လူသူကာကွယ်တတ်တဲ့ ဝါသနာရှိတယ်။ နန်းတော်ထဲက မယ်တော်ကြီးကျောက်ကလည်း ပိုပြီးတော့တောင် ဘက်လိုက်သေးတယ်။ မုန့်ယွင်လော် ရန်မစရဲတဲ့လူ ရှိသေးတယ်ဆိုရင် ကျောက်ယွီက သေချာပေါက် အဲ့ဒီထဲက တစ်ယောက်ပဲ။

မုန့်ယွင်လော်၏ မျက်လုံးထဲတွင် မီးပွင့်များ လွင့်စဉ်နေပြီး အော်ငေါက်လိုက်တော့သည်။ "ငါ့ရှေ့က ဖယ်စမ်း”

ကျစ်လျန်သည် မိမိသခင်မ၏ ကုတ်ဆွဲခြင်းကို ခံလိုက်ရပြီး မျက်နှာသည် ပေါက်ပြဲသွားသော်လည်း ဘေးသို့ ဖယ်ပေးရန် မဝံ့ရဲခဲ့ပေ။

ကျောက်ယွီ၏ ကိုယ်ပိုင်အပျိုတော် ဝမ်ရှို့သည်လည်း အခါခါ တောင်းပန် တားမြစ်နေလေသည်။ "သခင်မလေး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဒီလောက် စကားများတဲ့ ကိစ္စသေးသေးလေးကို တကယ်လို့သာ လက်ပါသွားပြီး အပြင်ကို ပေါက်ကြားသွားရင် တကယ်ကို မတင့်တယ်ပါဘူး"

ကျောက်ယွီကတော့ မိမိ၏ ကိုယ်ပိုင်အပျိုတော်ကို လက်ပါရန် စိတ်မကူးခဲ့ပေ။ သို့သော် သူမ၏ ပါးစပ်ကတော့ တစ်ချက်မှ ရပ်တန့်သွားခြင်း မရှိခဲ့ချေ။ "လက်ပါတော့ ဘာဖြစ်လဲ။ ငါက သူ့ကို ကြောက်ရမှာတဲ့လား။ ငါက အကျိုးအကြောင်း မသိတဲ့လူလို့ သတ်မှတ်ထားတာတောင် ဒီနေ့တော့ တကယ် မျက်စိပွင့်သွားပြီ။ ငါ့ထက်တောင် ပိုပြီး အကျိုးအကြောင်း မသိတဲ့လူကို တွေ့လိုက်ရလို့ပဲ။ နင် ဖယ်လိုက်။ သူ့ကို လာခိုင်းလိုက်။ ငါ ကြည့်ချင်သေးတယ်။ သူက လုမိသားစုရဲ့ အိမ်တော်မှာ ငါ့ကို လက်ပါရဲလားလို့”

မုန့်ယွင်လော်: "......"

မုန့်ယွင်လော်၏ ပြေလျော့သွားပြီဖြစ်သော ဒေါသသည် ကျောက်ယွီ၏ စကားတစ်ခွန်းကြောင့် နောက်တစ်ကြိမ် ဆွပေးခြင်း ခံလိုက်ရပြန်သည်။

မုန့်ယွင်လော်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျစ်လျန်ကို ခြေလှမ်း အနည်းငယ် ယိမ်းယိုင်သွားသည်အထိ တွန်းထုတ်လိုက်လေသည်။

ကျစ်လျန်သည်လည်း ကံဆိုးလှ၏။ တည့်တည့်မတ်မတ်ပင် ကျောက်ခဲတစ်လုံးကို နင်းမိသွားပြီး ခြေဖဝါးမှ နာကျင်မှုတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ နဖူးသည် ပေါက်ပြဲသွားပြီး ထိုနေရာ၌ပင် မျက်နှာတစ်ခုလုံး သွေးများ စီးကျလာခဲ့သည်။

မုန့်ယွင်လော်သည်လည်း ထိတ်လန့်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ မိမိကို ငယ်စဉ်ကတည်းက အခစားဝင်ခဲ့သော အပျိုတော် ဖြစ်ပြီး သည်လို လဲကျသွားသည်ကို သူမသည် သခင်မတစ်ဦးအနေဖြင့် မသိကျိုးကျွန် ပြုမနေနိုင်ခဲ့ပေ။

မုန့်ယွင်လော်သည် အနည်းငယ် နောင်တရသွားပြီး မိမိ၏ လက်ကိုင်ပဝါကို ချက်ချင်း ထုတ်ယူကာ ကျစ်လျန်၏ နဖူးကို ဖိအုပ်ထားပေးလိုက်သည်။ တစ်ဖက်မှလည်း ကျန်ရှိသော အပျိုတော်များကို အလျင်အမြန် အမိန့်ပေးလိုက်တော့သည်။ "မြန်မြန် သွားပြောလိုက်။ လုမိသားစုကို သမားတော်တစ်ယောက် ပင့်ခိုင်းလိုက်"

......

ကျစ်လျန်၏ နဖူးမှ အရေပြားသည် ပေါက်ပြဲသွားပြီး သွေးများ တော်တော်များများ ထွက်နေခဲ့သည်။ မျက်နှာအပြည့် သွေးများနှင့် ကြည့်ရှုရသည်မှာ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အမှန်တကယ်တွင် အပေါ်ယံ ဒဏ်ရာသာ ဖြစ်ပြီး ပြင်းထန်ခြင်း မရှိပေ။ သမားတော် ရောက်ရှိလာပြီးနောက် ဒဏ်ရာဆေး လိမ်းပေးပြီး ဆေးစာ ရေးပေးလိုက်သည်နှင့် ကြီးမားသော အန္တရာယ် မရှိတော့ပေ။

လုမင်ယွိသည် ယနေ့ လက်ဖွဲ့ပစ္စည်း လက်ခံပွဲ၏ အဓိက ဇာတ်ဆောင် ဖြစ်သဖြင့် နှစ်ကိုယ်ခွဲလို့တော့ မရနိုင်ပေ။

ရှန်းလန်က တစ်ခေါက် လာရောက်ခဲ့ပြီး ကျစ်လျန်တွင် အန္တရာယ် မရှိကြောင်း သေချာမှသာ စိတ်အေးသွားခဲ့သည်။

ဘေးတွင် မျက်နှာအမူအရာ အနည်းငယ် မလွတ်မလပ်ဖြင့် ထိုင်နေသော မုန့်ယွင်လော်ကို ထပ်မံ ကြည့်လိုက်ပြီး ရှန်းလန်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "ကိုယ့်ရဲ့ ကိုယ်ပိုင်အပျိုတော်ကိုတောင် ရှင်က လက်ပါရက်တယ်နော်"

မုန့်ယွင်လော်၏ စိတ်ထဲတွင်လည်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသော်လည်း ပါးစပ်ကတော့ အလျှော့မပေးဘဲ တုန့်ပြန်လိုက်၏။ "ကျွန်မရဲ့ ကိုယ်ပိုင်အပျိုတော်ကို ရိုက်မလား၊ ဆဲမလား၊ အားလုံး ကျွန်မ သဘောပဲ။ ရှင်နဲ့ ဘာဆိုင်လို့လဲ"

ရှန်းလန်ကလည်း ဒေါသထွက်ခြင်း မရှိဘဲ မုန့်ယွင်လော်ကို တစ်ချက်သာ ကြည့်လိုက်၏။

မုန့်ယွင်လော် ဒီနေ့ တစ်ကိုယ်လုံး ဒေါသတွေ ထွက်နေတာက တကယ်တော့ ဘာအတွက်လဲ။ ရှန်းလန်က မမှန်းဘဲနဲ့တောင် သိနေတယ်။

မနာလို ဝန်တိုမှုသည် အမှန်တကယ်ပင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အရုပ်ဆိုး အကျည်းတန်စေနိုင်လေသည်။

"ရှင် ကျွန်မကို ဘာကြည့်တာလဲ"

မုန့်ယွင်လော်သည် အတွင်းစိတ် လိပ်ပြာမလုံသော်လည်း အပြင်ပန်းတွင် ဟန်ဆောင်ကာ မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

ရှန်းလန်ကလည်း ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်၏။ "ကျွန်မက မျက်နှာအပြည့် မနာလိုမှုတွေနဲ့ ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက်က တကယ်တမ်း ဘယ်လောက်တောင် ရုပ်ဆိုးအကျည်းတန်သလဲဆိုတာကို ကြည့်ချင်လို့ပါ"

မုန့်ယွင်လော်: "......"

မုန့်ယွင်လော် မျက်နှာထား မပြောင်းလဲမီမှာပင် ရှန်းလန်သည် ကျောက်ယွီကို အဖော်ခေါ်ကာ ထွက်ခွာသွားလေသည်။ မုန့်ယွင်လော်၏ ရင်ထဲမှ မကျေမနပ်မှုများသည် ဖြေလျှော့စရာ နေရာ မရှိဘဲ စားပွဲကို အားကုန် တစ်ချက် ရိုက်ချလိုက်သည်။

အမလေး။ ဒီ သေနာကျ စားပွဲက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မာနေရတာလဲ။

......

သည်ကြားဖြတ် ဖြစ်ရပ်သည် လုမင်ယွိကို အနှောင့်အယှက် မဖြစ်စေခဲ့ချေ။

မုန့်ယွင်လော် သဝန်တိုသည်ဖြစ်စေ၊ မတိုသည်ဖြစ်စေ ၎င်းမှာ မုန့်ယွင်လော်၏ ကိစ္စသာ ဖြစ်ပြီး သူမနှင့် မသက်ဆိုင်ပေ။

လက်ဖွဲ့ပစ္စည်း လာရောက် ပေးအပ်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ လုမင်ယွိသည် စိတ်ရှည်စွာဖြင့် တစ်ဦးချင်းစီကို ဧည့်ခံနေခဲ့သည်။

ခဏအကြာတွင် ချောင်ဝမ်နှင့် ကျင်းချန်အာတို့သည်လည်း ရောက်ရှိလာကြသည်။

ချောင်ဝမ်တစ်ယောက် လူအများ၏ ရှေ့မှောက်တွင် မျက်နှာမပြသည်မှာ ၆ လခန့် ရှိနေခဲ့ပြီ ဖြစ်၏။ ယနေ့ တစ်ရက် ပေါ်ထွက်လာသည်နှင့် ချက်ချင်းပင် အမျိုးသမီးငယ် အများအပြား၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဤအကြည့်များထဲတွင် စိုးရိမ်ပူပန်မှု၊ အကဲခတ်မှုတို့ ပါဝင်ပြီး အချို့ကတော့ ပွဲကောင်း ကြည့်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ချောင်မိဖုရားခေါင်သည် ချောင်ဝမ်ကို အမြဲတစေ အလွန် နှစ်သက်ခဲ့ပြီး ယခင် နေ့ရက်များတွင် ချောင်ဝမ်ကို နန်းတော်ထဲသို့ မကြာခဏ ခေါ်တွေ့လေ့ ရှိသည်။ လူအများ၏ အမြင်တွင် ချောင်ဝမ် ဒုတိယမင်းသားကြင်ရာတော် ဖြစ်လာမည့် ကိစ္စသည် သံမှိုစွဲသကဲ့သို့ ခိုင်မာနေသော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

မထင်မှတ်ဘဲ လက်ထပ်ထိမ်းမြားရန် ချီးမြှင့်သော အမိန့်တော်တစ်ရပ်ကြောင့် လုမင်ယွိသည် ဒုတိယမင်းသား ကြင်ရာတော်လောင်း ဖြစ်လာခဲ့သည်။

ချောင်ဝမ်ကတော့ လူအများ၏ မျက်လုံးထဲမှ ရယ်စရာတစ်ခု ဖြစ်သွားခဲ့ရသည်။

ချောင်ဝမ်သည် နာမကျန်းမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဒုတိယသခင်လေးဖန်းနှင့် စေ့စပ်လိုက်သည်။ လက်ထပ်မည့်ရက်မှာ ယခုနှစ် ၄ လပိုင်းတွင် ဖြစ်သည်။ ချောင်ဝမ်သည် ယနေ့ လက်ဖွဲ့ပစ္စည်း လာမပေးလျှင်ပင် "မင်္ဂလာဝတ်စုံ ပန်းထိုးနေရခြင်း" ကို အကြောင်းပြ၍ ဆင်ခြေပေး ရှောင်တိမ်းနိုင်ပေသည်။

သို့သော် ချောင်ဝမ်ကတော့ တမင်တကာပင် လာရောက်ခဲ့၏။

လာရောက်ခဲ့ရုံသာမက ရက်ရောလှသည့် လက်ဖွဲ့ပစ္စည်းတစ်ခုကိုလည်း ပေးအပ်ခဲ့လေသည်။ အရည်အသွေး အလွန် ကောင်းမွန်သော စိမ်းမြနေသည့် ကျောက်စိမ်းလက်ကောက် တစ်စုံပင်။

ချောင်ဝမ်သည် တော်တော်လေး ပိန်သွယ်သွားခဲ့ပြီး မျက်နှာပေါ်တွင် လက်ထပ်ရတော့မည့် အမျိုးသမီးငယ်တစ်ဦး၏ ရှက်သွေးဖြာမှု မရှိပေ။ မျက်နှာချေမှုန့်များသည် နာမကျန်း ဖြစ်ပြီးနောက်မှ ဖြူဖျော့ဖျော့အသားအရေကို ဖုံးကွယ်ထားပေးပြီး အပြုံးသည် တည်ကြည်ကာ တင့်တယ်လျက်ရှိ၏။ "နောက် ၁၀ ရက်ဆို ရှင်နဲ့ ဒုတိယမင်းသားတို့ရဲ့ မင်္ဂလာပွဲကြီး ကျင်းပမယ့်နေ့ပဲ။ ဒီနေ့ လက်ဖွဲ့ပစ္စည်းအနေနဲ့ ကျွန်မ ရှင့်ကို ကျောက်စိမ်းလက်ကောက် တစ်စုံ လက်ဆောင်ပေးပါတယ်။ ရှင် ဘေးရန်ကင်းကင်းနဲ့ ချောချောမွေ့မွေ့ ဖြစ်ပြီး တစ်သက်လုံး ပျော်ရွှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"

ချောင်ဝမ်ကို ကြည့်ပါဦး။ မည်မျှ တည်ကြည်ပြီး ဂုဏ်သိက္ခာ ရှိလှပါသနည်း။

စောစောက မုန့်ယွင်လော် ပေးအပ်သော လက်ဖွဲ့ပစ္စည်းကြောင့် ဖြစ်ပွားခဲ့သော ကိစ္စကို ပြန်လည် တွေးတောကြည့်လျှင် လူအများကို မနေနိုင်ဘဲ သက်ပြင်းချမိစေသည်။ ချောင်မိသားစုသည် စာပေထူးချွန်သော နာမည်ကြီး မျိုးနွယ်စုတစ်ခုနှင့် ထိုက်တန်လှပြီး ဤတရားဝင်သမီးငယ်သည် ဤသို့ပင် ထူးချွန်ပြောင်မြောက်လှပေသည်။

အမှန်ပင် မဟုတ်ပါလား။ လက်ထပ်ထိမ်းမြားခြင်း ကိစ္စသည် အတည်ဖြစ်သွားခဲ့ပြီ။ ထပ်မံ၍ စိတ်ထိခိုက် ဝမ်းနည်းနေလျှင်လည်း ထိုကိစ္စက ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်ပြီး မျက်နှာပေါ်တွင် လုံးဝ မပေါ်ထွက်စေသင့်ပေ။ သို့မဟုတ်ပါက အရှက်ရမည့်သူသည် လုမင်ယွိ လုံးဝ မဟုတ်ပေ။

လုမင်ယွိကလည်း ချောင်ဝမ်ကို ကြည့်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်၏။ "ကျေးဇူးတင်ပါတယ် ချောင်ကျဲကျဲ"

ချောင်ဝမ်ကဲ့သို့ အချစ်ကြီးသော လူမျိုးသည် လူအများကို သနားဂရုဏာသက်၍ သက်ပြင်းချမိစေရုံသာ ရှိပြီး ဘယ်တော့မှ အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် ဖြစ်စေမည် မဟုတ်ပေ။

ချောင်ဝမ်သည် အနည်းငယ် ပြုံးလိုက်ပြီး နောက်ထပ် စကားများများစားစား မဆိုတော့ပေ။

ကျင်းချန်အာက ရှေ့သို့ တက်လာပြီး လက်ဖွဲ့ပစ္စည်းကို ပေးအပ်လိုက်ပြီး အရောင်အသွေး တောက်ပသော ပိုးထည် ၁၀ လိပ် ဖြစ်လေသည်။

ဤလက်ဆောင်သည် မလေးလွန်း မပေါ့လွန်းဘဲ ပြောဆိုနိုင်သည့် အဆင့်တွင် ရှိလေသည်။

လုမင်ယွိသည် ကျေးဇူးတင်စကား ဆိုလိုက်ပြီး အမှတ်မထင် ပြုံးလိုက်ကာ "ငါက နင် ဒီနေ့ လာမှာ မဟုတ်ဘူးလို့ ထင်နေတာ။ မထင်ထားခဲ့ဘူး။ လာရုံတင် မကဘူး။ ဒီလောက် ရက်ရောတဲ့ လက်ဆောင်ကိုတောင် ယူလာသေးတယ်"

ကျင်းချန်အာနှင့် လုမင်ယွိတို့သည် မတည့်ကြသည်ကို ထိုနေရာတွင် ရှိနေသော အမျိုးသမီးငယ်များ အားလုံး သိရှိကြသည်။ စကားကို ကြားသောအခါ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ကြသည်။

ကျင်းချန်အာသည် နှုတ်ခမ်းကို စူလိုက်ပြီး "နင် အရမ်း စိတ်လှုပ်ရှားသွားစရာ မလိုပါဘူး။ အဓိကက နေ့တိုင်း အိမ်ထဲမှာ ပိတ်လှောင်နေရလို့ ငါက အပြင်ထွက်ပြီး လျှောက်လည်ဖို့ ဆင်ခြေတစ်ခု ရှာချင်နေတာ။ ကြုံတုန်း နင့်ကို လက်ဖွဲ့ပစ္စည်း လာပေးလိုက်တာပါ"

မည်သို့ပင်ဖြစ်စေ ကျင်းချန်အာ၏ ပါးစပ်မှ ကောင်းမွန် ချိုသာသော စကားကို ကြားရရန် မမျှော်လင့်လေနှင့်။

သို့သော် ကျင်းချန်အာသည် ပါးစပ် အနည်းငယ် ပုပ်စပ်စပ် ရှိရုံမျှသာ ဖြစ်ပြီး မည်သည့် ဆိုးသွမ်းသော စိတ်ထားမျှ မရှိပေ။ အလွန်အမင်း ထူးခြားသော အပြုအမူမျိုးကိုလည်း ပြုလုပ်နိုင်စွမ်း မရှိပေ။

လုမင်ယွိကတော့ တစ်ချက် ရယ်မောလိုက်ပြီး ရှားရှားပါးပါး နှုတ်ဖွင့်ကာ ပြန်လည် တုံ့ပြန်ခြင်း မပြုခဲ့ပေ။

ကျင်းချန်အာကတော့ အပြန်အလှန် စကားနည်းနည်းပါးပါးပင် အပြောမခံရသဖြင့် အနည်းငယ် နေသားမကျ ဖြစ်သွားပြီး ထုတ်ပြောလိုက်လေသည်။ "ကျွန်မ လက်ဖွဲ့ပစ္စည်း လက်ခံတဲ့နေ့ ရောက်တဲ့အခါ ရှင်က ရက်ရောတဲ့ လက်ဆောင်တစ်ခု ပြန်ပေးရမယ်"

လုမင်ယွိကလည်း ပြုံးလိုက်ပြီး "အင်း" ဟု တစ်ချက် ပြောလိုက်ပြီး "ငါက နင် ဘာကြိုက်လဲ ဆိုတာ သိပါတယ်။ စိတ်ချပါ။ အဲ့ဒီအချိန်ကျရင် ငါ ပေးတဲ့ လက်ဖွဲ့ပစ္စည်းက နင့်စိတ်နဲ့ သေချာပေါက် ကိုက်ညီစေရမယ်"

ရှန်းလန်သည် ပြုံးလိုက်ပြီး ဝင်ပြောလိုက်တော့သည်။ "ဪ။ ညီမလေးကျင်းက ဘာကြိုက်လို့လဲ"

လုမင်ယွိက ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး ပြောလိုက်တော့၏။ "မေးနေစရာ လိုသေးလို့လား။ ညီမလေးကျင်းက မျိုးရိုးနာမည် ဘာလဲဆိုတာ စဉ်းစားကြည့်လေ"

လူအများသည် တစ်ချက် စဉ်းစားလိုက်သည်နှင့် ချက်ချင်း ရယ်မောလိုက်ကြသည်။

...

အပိုင်း (၁၄၆) ချစ်သူလုဖက်- ၁

ယနေ့ မွန်းတည့်ချိန်တွင် လုအိမ်တော်အတွင်း၌ စားပွဲဝိုင်း၁၀ဝိုင်းကို ခင်းကျင်းထားလေသည်။ လက်ဖွဲ့ပစ္စည်း လာရောက်ပေးအပ်ကြသည့် အမျိုးသမီးဆွေမျိုးများသည် တနေရာထဲတွင်ထိုင်ကာ စကားစမြည် ပြောဆိုရယ်မောနေကြပြီး အလွန်စည်ကားလွန်းလှ၏။

မုန့်ယွင်လော်သည် ယနေ့တွင် မိမိကိုယ်တိုင် မျက်နှာပျက်ခဲ့ရသဖြင့် စကားပြောချင်စိတ် မရှိတော့ဘဲ စားပွဲဝိုင်းတွင် သူမ၏တူလေးကို နှစ်ချက်မျှသာ တို့ထိခဲ့လေသည်။ ကျင်းချန်အာနှင့် မုန့်ယွင်လော်တို့သည် အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ကြ၏။ သို့သော်ငြား တစ်ဦးစီ စေ့စပ်ပြီးနောက်တွင်တော့ အနည်းငယ် စိမ်းကားသွားသည်မှာလဲ မလွှဲ‌ရှောင်သာချေ။

ကျင်းချန်အာသည် တတိယမင်းသားလီဟောက်ကို တိတ်တိတ်ကလေး သဘောကျခဲ့သည့်ကိစ္စကို တခြားသူများ မသိနိုင်သော်ငြားလည်း မုန့်ယွင်လော်ကတော့ ရှင်းရှင်းလင်းလင်း သိနေခဲ့၏။ ကျင်းချန်အာ အတွက်တော့ မုန့်ယွင်လော်သည် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူမ၏ နှလုံးသားထဲကလူကို လုယူသွားခဲ့ခြင်းပင်။

မုန့်ယွင်လော်ဘက်က ကြည့်လျှင်လည်း မိမိနှင့်လက်ထပ်ရမည့် သတို့သားလောင်းကို တခြားမိန်းကလေးတစ်ဦးက သဘောကျနေခြင်းမှာ မည်သို့ ပျော်ရွှင်ဖွယ်ရာကိစ္စတစ်ခု ဖြစ်နိုင်ပါမည်နည်း။

တစ်ချိန်က သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသည့် သူငယ်ချင်းနှစ်ဦးသည် စားပွဲတစ်ဝိုင်းတည်းတွင် အတူထိုင်နေကြပြီး အချင်းချင်း တစ်ချက်ကြည့်လိုက်ကြကာ အကြည့်လွှဲလိုက်ကြလေသည်။

အစမှ အဆုံးအထိ စကားတစ်ခွန်းမှပင် မပြောဆိုခဲ့ကြချေ။

တစ်ယောက်ယောက်က ရယ်မောကာ ကျင်းချန်းအာအကြောင်းကို စနောက်ကာ ပြောလိုက်သည်။ "လုံးဝ ထင်မထားဘူး။ ကျင်းမေ့မေ့နဲ့ စတုတ္ထသခင်လေးကျောက်က ဒီလိုရေစက်မျိုးရှိနေလိမ့်မယ်လို့လေ"

ကျောက်ရွေ့သည် နာမည်ကြီး အပျော်အပါး လိုက်စားသူတစ်ဦးဖြစ်ပြီး စာပေစွမ်းရည် စစ်ရေးစွမ်းရည် အရာရာတွင် သာမန်မျှသာ ဖြစ်သော်ငြား အစားအသောက် ပျော်ပါးခြင်းတွင်တော့ မကျွမ်းကျင်သည့်အရာ တစ်ခုမှ မရှိချေ။ တော်ဝင်ကိုယ်ရံတော်ရာထူးကပင် ဖူယန်မြို့စားက မျက်နှာပြောင်တိုက်စွာ သွားရောက်တောင်းခံထားခြင်း ဖြစ်လေသည်။

မြို့တော်ထဲက အမျိုးသမီးငယ်လေးများ စုဝေးကြချိန်တွင် ရွယ်တူလူငယ်များကို တိတ်တဆိတ် ဝေဖန်သုံးသပ်ခြင်းမျိုး မပြုလုပ်ဘဲ မနေနိုင်ပေ။ ကျောက်ရွေ့သည် အမျိုးသမီးငယ် အများအပြား၏ ရယ်မော စနောက်ခြင်းကို အမြဲတမ်း ခံရလေ့ရှိသည်။ ကျင်းချန်းအာ ကိုယ်တိုင်ကပင် တစ်ချိန်က ဤသို့ ပြောခဲ့ဖူးလေသည်။ "ကျောက်ရွေ့ကို တစ်ယောက်ယောက်က ယူဖြစ်သွားရင်တော့ မျိုးဆက်၈ဆက်လုံး ကံဆိုးမိုးမှောင်ကျသွားသလိုပဲ"

မည်သူက ထင်ထားပါမည်နည်း။ ကံကြမ္မာတစ်ပတ် လည်လာပြီးနောက်တွင် ကျင်းချန်အာ ကိုယ်တိုင်က ကျောက်ရွေ့၏ ဇနီးလောင်းဖြစ်လာခဲ့သည် မဟုတ်ပါလား။

ဒီလက်ထက်ပွဲကြောင့်ပင် ကျင်းချန်အာသည် အိမ်ထဲတွင် ဆူပူသောင်းကျန်းဖို့ အနည်းနှင့်အများ ပြုလုပ်ခဲ့လေသည်။ သို့သော်ငြား အငယ်ဆုံးသမီးကို အချစ်ဆုံးဖြစ်သည့် ကျင်းအမတ်ကြီးက ဖူယန်မြို့စားအိမ်တော်၏ဂုဏ်ပုဒ်ကို သဘောကျနေခဲ့ပြီး လက်ထပ်ပွဲကိုလဲ အတင်းအကြပ် သတ်မှတ်ခဲ့လေသည်။

ကျင်းချန်အာသည် ကွယ်ရာတွင် မရေမတွက်နိုင်အောင် ငိုကြွေးခဲ့ရလေသည်။ နေ့စဥ်နေ့တိုင်း အထင်ပေါ်ဆုံးဖြစ်အောင် နေထိုင်ခြင်းကို အနှစ်သက်ဆုံး ဖြစ်သော်ငြား ဒီရက်ပိုင်းအတွင်းတွင်တော့ လူအများရှေ့တွင် လုံးဝမျက်နှာမပြဝံ့ခဲ့ချေ။

ဒီအချိန်တွင် မိမိ၏ အနာကျင်ရဆုံးနေရာကို ထိုးနှက်ခံလိုက်ရသဖြင့် ကျင်းချန်အာ၏ မျက်နှာလှလှလေးမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားလေတော့သည်။

ကျောက်ယွီကလဲ တစ်ချက်ကြည့်လိုက်သည်နှင့် မကျေမနပ် ဖြစ်သွားတော့၏။

သူမရဲ့စတုတ္ထအစ်ကိုက ဘာဖြစ်နေလို့လဲ။ ကျင်းချန်အာက ဟိုဟာမကြိုက် ဒီဟာမကြိုက် ချေးများနေသေးတယ်။ သူမရဲ့စတုတ္ထအစ်ကိုကတောင် လက်ထပ်ချင်သေးတာ မဟုတ်ဘူး။

ကျင်းအမတ်ကြီးကို သဘောကျတဲ့သူက ဖူယန်မြို့စားပါ။ မဟုတ်သေးဘူး။ ဖူယန်မြို့စားက ကျင်းမိသားစုရဲ့ဂုဏ်ပုဒ်ကို သဘောကျသွားပြီး သားဖြစ်သူ ဆန္ဒရှိသည် မရှိသည်ကို မမေးဘဲ အောင်သွယ်တော်ကို သွားရောက်စေ့စပ်ခိုင်းလိုက်တာ။ ကျောက်ရွေ့က အဲဒီအကြောင်း သိသွားတော့ ကျင်းမိသားစုက လက်ထပ်ပွဲကို ခေါင်းညိမ့်သဘောတူပြီး ဖြစ်နေခဲ့ပြီလေ။

"ဟုတ်ပါ့ ကျွန်မလဲ မထင်ထားဘူး။ ကျင်းကျဲကျဲက ကျွန်မရဲ့ စစ်စောင် (စတုတ္ထယောက်မ) ဖြစ်လာလိမ့်မယ်လို့လေ"

ကျောက်ယွီက ချိုမြစွာ ရယ်မောပြီး ပြောလိုက်လေသည်။ “ဒါက ကောင်းကင်ဘုံက သတ်မှတ်ပေးထားတဲ့ ဖူးစာပဲဖြစ်ရမယ်"

မြို့တော်က မျိုးရိုးမြင့် အမျိုးသမီးငယ်များကြားတွင် ကျောက်ယွီနှင့် ကျင်းချန်အာတို့ နှစ်ဦးစလုံးသည် နာမည်ကြီးလောက်အောင် စွာတေးလန်ကြကာ ဆက်ဆံရခက်ခဲသူများ ဖြစ်ကြလေသည်။ ယခုအချိန်တွင်တော့ သမီးယောက်မ တော်စပ်ကြတော့မည် ဖြစ်၏။ နောင်တွင် သေချာပေါက် ကြည့်စရာ ပွဲကောင်းများ ရှိလာပေအုံးမည်။

လူတိုင်း၏ မျက်လုံးများကလဲ ကျောက်ယွီနှင့် ကျင်းချန်အာတို့၏ မျက်နှာပေါ်တွင် ဟိုဒီသွားလာနေကြတော့သည်။

ကျင်းချန်အာသည် မည်မျှပင် တုံးအသူဖြစ်စေ လူရှေ့တွင်တော့ သူမ၏ ယောက်မလောင်းနှင့် စကားများလိမ့်မည် မဟုတ်ဘဲ ရှက်သွေးဖြာချင် ဟန်ဆောင်ကာ ခေါင်းကို ငုံ့ထားလိုက်တော့သည်။ ပွဲကောင်းကြည့်ရန် စောင့်ကြည့်နေကြသည့် အမျိုးသမီးငယ်တစ်သိုက်ကို အလွန်အမင်း စိတ်ပျက်သွားရစေတော့သည်။

...

နေ့လယ်စာစားပွဲ ပြီးဆုံးသွားသောအခါ လူအများကလဲ တစ်ဦးချင်းစီ ထွက်ခွာလာခဲ့ကြလေသည်။

လုမင်ဖန်း လုမင်ဟွားနှင့်ရှန့်လန်တို့ သမီးယောက်မသုံးဦးသည် ဧည့်သည်များကို နှုတ်ဆက်ပို့ဆောင်ပေးရင်း အလုပ်များနေကြ၏။ လုမင်ယွိကတော့ ယနေ့တွင် ရှေ့ထွက်ကာ မျက်နှာပြစရာမလိုဘဲ ဆန့်ကျင်ဘက်အနေဖြင့် အားလပ်နေဆုံးသောသူ ဖြစ်နေတော့သည်။

ချီယွင်က တိတ်တဆိတ် ခြေလှမ်းလာပြီး လေသံတိုးတိုးဖြင့် သတင်းပို့လေသည်။ "သခင်မလေး ချောင်သခင်မလေးက သခင်မလေးကို အထူးတလည် လာနှုတ်ဆက်ပါတယ်"

နှုတ်ဆက်တယ်ဆိုတာက အပေါ်ယံပေါ့လေ။ သီးသန့်စကား ပြောချင်တာကမှပဲ အမှန်ဖြစ်မှာ။

လုမင်ယွိ၏မျက်ဝန်းများက တစ်ချက် လင်းလက်သွားပြီး ခေါင်းညိမ့်ပြလိုက်တော့၏။ "သူ့ကို ဝင်ခဲ့ခိုင်းလိုက်ပါ"

ခဏအကြာတွင် ချောင်ဝမ်သည် ခြေလှမ်းကြဲများဖြင့် အခန်းထဲသို့ ဝင်လာခဲ့လေသည်။ ချီယွင်ကလဲ အလိုက်တသိ နောက်ဆုတ်သွားပြီး တံခါးကို ပိတ်ပေးလိုက်တော့၏။

လုမင်ယွိက ထကာကြိုဆိုလိုက်ပြီး နည်းနည်းလေးမှ ဝေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်တော့သည်။ "ချောင်ကျဲကျဲ အထူးတလည်လာတာ ကျွန်မကို ဘာစကားများ ပြောချင်လို့လဲ မသိဘူးနော်"

ချောင်ဝမ်သည် ယဥ်ကျေးသိမ်မွေ့ကာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အတွင်းထဲတွင် သိမ်းဆည်းထားတတ်သူ ဖြစ်သည်တွင် တိုက်ရိုက်ပြောဆိုသည့် စကားပြောပုံမျိုးကို အသားကျခြင်း မရှိသည်မှာလည်း ထင်ရှားလှလေသည်။ ခဏလောက် ငေးကြောင်ကြောင်လေး ဖြစ်သွားပြီးမှ သူမက လေသံတိုးတိုးဖြင့် ပြောလာခဲ့၏။ "လုမေ့မေ့ ကျွန်မက မင်းနဲ့ သီးသန့်စကားပြောချင်နေခဲ့တာ ကြာပါပြီ။ ဒီအချိန်ထိ ရောက်လာခဲ့ပေမဲ့ ဘယ်ကနေ စပြောရမယ်မှန်းတောင် မသိဘူး"

လုမင်ယွိကတော့ ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "ဒီမှာ ကျွန်မတို့နှစ်ယောက်ပဲ ရှိတာပါ။ ချောင်ကျဲကျဲမှာ ပြောစရာစကားရှိရင် အားမနာဘဲ ပြောလို့ရပါတယ်"

လုမင်ယွိ၏ စူးရှတောက်ပသည့် အကြည့်အောက်တွင် ချောင်ဝမ်သည် သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်ပြီး သူမ၏အပြုံးထဲတွင်လည်း ခါးသက်သက် အရိပ်အယောင် ပေါ်ထွက်လို့လာခဲ့၏။ "တစ်ချို့ကိစ္စတွေက ဖုံးကွယ်ထားချင်ရင်တောင် ဖုံးကွယ်ထားလို့ မရပါဘူး။ ဒီနှစ်တွေမှာ ကျွန်မ ... ကျွန်မ တကယ်ပဲ မရှိသင့်မရှိထိုက်တဲ့ အတွေးတစ်ချို့ကို စိတ်ထဲမှာထားခဲ့မိတယ်"

ကျွန်မရဲ့ ယိမူက မိဖုရားခေါင်ကြီးလေ။ ကျွန်မက ယိမူကို ဂါရဝပြုဖို့ နန်းတော်ထဲကို မကြာခဏဝင်ဖြစ်တော့ ဒုတိယမင်းသားနဲ့လည်း ခဏခဏ တွေ့ဖြစ်ခဲ့တယ်။ ယိမူယိမူက ကျွန်မကို အမြဲတမ်း ချစ်ခင်နှစ်သက်ခဲ့သလို ဒုတိယမင်းသားကလဲ ကျွန်မလို ညီမဝမ်းကွဲတစ်ယောက်အပေါ် ရင်းနှီးပွင့်လင်းပြီး သဘောကောင်းခဲ့တယ်"

"ကျွန်မလဲ လွန်လွန်ကဲကဲ မျှော်လင့်ချက်တွေ ပေါ်လာပြီး ဒုတိယမင်းသားနဲ့ လက်ထပ်ရလိမ့်မယ်လို့ ထင်ခဲ့မိတယ်"

ချောင်ဝမ်၏ ညာဘက်လက်သည် လက်ထဲလက်ကိုင်ပုဝါကို တင်းကြပ်နေအောင် ဆုပ်ထားပြီး အသံကလဲ အနည်းငယ် ရှိုက်သံပါနေတော့သည်။ "ရှင့်ရဲ့ ဆံထိုးတင်ပွဲနေ့က အရှင်မင်းကြီးရဲ့ ထိမ်းမြားလက်ထပ်ဖို့ချီးမြှင့်တဲ့ အမိန့်တော်က လုအိမ်တော်ကို ရောက်လာခဲ့တယ်။ အဲဒီ့နေ့က ကျွန်မအတွက်တော့ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ"

"ကျွန်မ အချိန်တစ်ခု အထိတောင်မှ နေမကောင်းဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ လူဘယ်နှစ်ယောက်လောက်များ ကျွန်မရဲ့နောက်ကွယ်မှာ ဟာသတစ်ခုလို ပွဲကောင်းတစ်ခုလို ကြည့်နေခဲ့ကြမယ်ဆိုတာ မသိတော့ပါဘူး"

"နောက်ပိုင်းမှာ ဖန်းမိသားစုက အိမ်ကို တံခါးဝအထိလာပြီး စေ့စပ်ကြောင်းလမ်းခဲ့တယ်။ အဘိုးနဲ့အဘွားက လက်ထပ်ပွဲကို သဘောတူလိုက်တယ်။ လက်ထပ်ရက်ကိုလဲ လေးလပိုင်းမှာ သတ်မှတ်လိုက်တယ်။ ကျွန်မလဲ အမြဲတမ်းရှောင်ပုန်းပြီး လူမတွေ့ဘဲနေလို့ မဖြစ်ဘူးလေ။ ဒီနေ့ သတ္တိမွေးပြီးတော့ လုအိမ်တော်ကို လာခဲ့တာ"

"လုမေ့မေ့ ကျွန်မက အဲဒီ့လို မျက်နှာအရေထူပြီး အရှက်တရားကင်းမဲ့တဲ့ မိန်းမမျိုး မဟုတ်ပါဘူး။ အခု မင်းနဲ့ လာတွေ့တာက မင်းကို ပြောပြချင်လို့ပါ။ ဒုတိယမင်းသားက ကျွန်မအပေါ်မှာ အမြဲတမ်း မောင်နှမ သံယောဇဥ်ပဲ ရှိခဲ့တာပါ။ ဘယ်တုန်းကမှ ကျူးကျူးလွန်လွန် မရှိခဲ့ပါဘူး။ မင်းရဲ့စိတ်ထဲမှာလည်း အနှောက်အယှက် မဖြစ်ပါနဲ့။ ကျွန်မ ... ကျွန်မ နောက်ဆို သူ့ကို ထပ်ပြီးသတိရနေတော့မှာ မဟုတ်ပါဘူး ..."

လုမင်ယွိသည် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး လက်ကိုင်ပုဝါ တစ်ထည်ကို ထုတ်ယူကာ ချောင်ဝမ်၏ မျက်လုံးထောင့်က မျက်ရည်စများကို သုတ်ပေးလိုက်တော့သည်။ "ချောင်ကျဲကျဲ ထပ်ပြောပြစရာ မလိုပါဘူး။ အစ်မရဲ့စိတ်ဆန္ဒကို ကျွန်မ အားလုံးနားလည်ပါတယ်"

"ချစ်တဲ့စိတ်ကြောင့် ဖြစ်လာခဲ့ရတာကို တတ်နိုင်မှာ မဟုတ်ဘူးလေ။ နှလုံးသားကလဲ ကိုယ့်သဘောအတိုင်း မလိုက်နာခဲ့တာပါ။ ကျွန်မနဲ့ တမင်တကာလာပြီး အပြိုင်အဆိုင် လုယူချင်ခဲ့တာမှ မဟုတ်တာ။ အစ်မရဲ့ စိတ်နေစိတ်ထားနဲ့ ဆိုရင်လည်း စည်းကျော်လွန်းတဲ့ကိစ္စ ယဥ်ကျေးမှုမရှိတဲ့ အပြုအမူမျိုးကို လုပ်မှာမဟုတ်ပါဘူး"

"အစ်မ ဒီနေ့လာခဲ့တာကလဲ ကျွန်မ အထင်လွဲသွားမှာစိုးလို့ ရင်ထဲက စကားတွေကို ဖွင့်ပြောပြချင်လို့ပဲလေ"

"ကျွန်မက အစကနေအဆုံးအထိ အစ်မကို တခါမှ အပြစ်မတင်ခဲ့ဖူးပါဘူး"

ချောင်ဝမ်၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး မျက်ဝန်းအိမ်များသည် ချက်ချင်းဆိုသလို နီရဲလာကာ မျက်ရည်ဥလေးများက မျက်ဝန်းအိမ်ထဲတွင် ဝေ့သီလာတော့သည်။

လုမင်ယွိက လက်ဆန့်လိုက်ပြီး ချောင်ဝမ်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်လေသည်။ ချောင်ဝမ်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ယင်သွားပြီး သူမ၏ခေါင်းက လုမင်ယွိ၏ပုခုံးပေါ်ကို မှီထားလိုက်ကာ မျက်ရည်များ တသွင်သွင် စီးကျလာလေတော့သည်။

ရင်ထဲအပြည့် ခံစားချက်များနှင့် မှောက်မိုက်ခြင်းများ အားလုံးကို သွန်ထုတ်ပစ်ချင်ဟန်တူလေသည်။

ဒီလောကထဲတွင် အနာကျင်ရဆုံးသောအရာမှာ မိမိတောင့်တသည့်အရာကို မရရှိနိုင်သည့်အရာပင်။

ပြီးခဲ့သည့် နှစ်ဝက်တာကာလကို သူမသည် မည်သို့ဖြတ်သန်းခဲ့သည်ကိုပင် အမှန်တကယ် မသိတော့ချေ။ ကောင်းကောင်း မစားနိုင်။ ကောင်းကောင်းလဲ မအိပ်နိုင်ခဲ့။ ဒုတိယမင်းသားကို တွေးတောမိတိုင်း နှလုံးသားတစ်ခုလုံးသည် အပ်ဖြင့်ထိုးဆွခံလိုက်ရသလို နာကျင်ရပြီး တိုးတိုးတိတ်တိတ်သာ ငိုကြွေးခဲ့ရလေသည်။

သူမ၏ ချစ်သူလုဖက်က ဒီလောကထဲတွင် သူမ၏အတွေးများကို နားအလည်နိုင်ဆုံးသောသူ ဖြစ်နေလိမ့်မည်ဟု လုံးဝမတွေးခဲ့ဖူးချေ။ စကားလုံး တစ်လုံးချင်းစီတိုင်းက သူမ၏ နှလုံးသားထဲကို တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့လေသည်။

...

ချောင်ဝမ်သည် အသည်းအသန် ငိုကြွေးမိတော့၏။

လုမင်ယွိနှင့် လီကျင့်တို့ စေ့စပ်ကတည်းက သူမသည် နောက်ကွယ်တွင် တိတ်တဆိတ်ဝမ်းနည်းကာ မျက်ရည်ကျခဲ့ရသည်။ ယခုအချိန်တွင်တော့ သူမအတွက် ပထမဦးဆုံးအကြိမ် လွပ်လပ်ပေါ့ပါးစွာ အသံထွက် ငိုကြွေးမိခြင်းပင်။

ပြောရမည်ဆိုလျှင်တော့လည်း ထူးဆန်းလှသည်။ တကြိမ် ငိုကြွေးပြီးနောက်တွင် နှလုံးသားထဲက ဖိနှိပ်ထားသည့် လေးလံလှသည့်ခံစားမှုမှာ အမှန်တကယ်ပင် အနည်းငယ် တိတ်တဆိတ် လွင့်ပြယ်သွားခဲ့လေသည်။

"တောင်းပန်ပါတယ်နော်" ချောင်ဝမ်သည် စိတ်တည်ငြိမ်သွားပြီးနောက်တွင် သတိပြန်ဝင်လာကာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင်လည်း အပြစ်ရှိစိတ် ရှက်ရွံ့စိတ်များ ဖြတ်ပြေးသွားတော့၏။ "ကျွန်မ ဒီနေ့ အမူအကျင့် ပျက်ယွင်းသွားပြီး လုမေ့မေ့ကို ရယ်စရာဖြစ်အောင် လုပ်မိသွားတယ်"

လုမင်ယွိကတော့ ပြောလိုက်၏။ "တစ်ချို့စကားတွေက ပြောထွက်လိုက်တာမှ စိတ်ထဲမှာ ဖိနှိပ်ထားတာထက် အများကြီး ပိုကောင်းပါတယ်။ တကယ်လို့သာ တနေ့လုံး မွန်းကြပ်ပြီး မအီမသာဖြ စ်နေရရင် ရောဂါမရှိတာတောင် ဖိနှိပ်ထားရင်းနဲ့ ရောဂါဖြစ်လာလိမ့်မယ်"

"နောက်၁၀ရက်ဆိုရင် ကျွန်မ လီကျင့်နဲ့လက်ထပ်ရတော့မယ်။ အစ်မက သူ့ရဲ့ညီမဝမ်းကွဲပဲလေ။ နောက်ကျရင် ကျွန်မကို ပြောင်စောင် (ဝမ်းကွဲယောက်မ)လို့ ခေါ်ရတော့မှာ။ ကျွန်မတို့မှာ တွေ့ဆုံဆက်ဆံရမဲ့အချိန်တွေ မရှိဘဲမနေပါဘူး"

“ဒီနေ့ စကားကို ဖွင့်ဟပြောလိုက်တော့လည်း ပြီးသွားတာပါပဲ။ ကျွန်မက သဘောထားသေးသိမ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မလဲ ဒီကိစ္စကို ပြန်ပြောမှာ မဟုတ်ဘူး။ အစ်မလဲ အများကြီးစိုးရိမ်နေဖို့မလိုပါဘူး"

...

အပိုင်း (၁၄၇) ချစ်သူလုဖက်-၂

လုမင်ယွိသည် ဘယ်သောအခါမှ နူးညံ့သိမ်မွေ့သူ မဟုတ်ချေ။ ပြောလိုက်သည့် စကားများကလဲ အလွန် ဒဲ့တိုးဆန်လွန်းလှသည်။

ချောင်ဝမ်က မျက်လုံးများကို ပင့်ကာ လုမင်ယွိကို ကြည့်လိုက်၏။

ဒါသည် အမှန်ပင် မျှော်လင့်မထားသည့် မြင်ကွင်းတစ်ခု ဖြစ်တော့သည်။

သူမ၏ ဝမ်းနည်းမှုနှင့် အထီးကျန်မှုကို ဖြေရှင်း၍ မရနိုင်ခဲ့ချေ။ လုမင်ယွိကသာ ဒီလိုရှုပ်ထွေးနေသည့်ကြိုးထုံးကို ဖြည်ပေးခဲ့ပြီး သူမ၏ နာကျင်မှုကို နှစ်သိမ့်ပေးနိုင်ခဲ့ခြင်းပင်။

"လုစစ်မေ့မေ့ မင်းက အရမ်းကို သဘောထားကြီးတာပဲ။ ဒါက အစ်မကို တကယ်ပဲ ရှက်ရွံ့ရစေပါတယ်"

ချောင်ဝမ်၏မျက်လုံးများက တစ်ဖန် လင်းလက်သွားလေသည်။ "အရင်တုန်းက အစ်မကပဲ လူယုတ်မာစိတ်နဲ့ လူကြီးလူကောင်း တစ်ယောက်ရဲ့ သဘောထားကို တိုင်းတာခဲ့မိတယ်"

"မင်းက စိတ်ထဲမှာ အငြိုးအတေးထားပြီး အစ်မကို တွေ့ချင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ"

လုမင်ယွိကတော့ ဘာမှဂရုမစိုက်သလို ပြုံးရယ်ပြလိုက်၏။ "လီကျင့် လက်ထပ်ချင်တဲ့သူက ကျွန်မလေ။ ဒီတော့ ကျွန်မ ဘာမှစိုးရိမ်စရာ မရှိပါဘူး"

ချောင်ဝမ် "..."

ချောင်ဝမ်သည် နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး စိတ်ထဲတွင် နာကျင်သလို ခံစားလိုက်ရသည့်အပြင် ရှင်းမပြတတ်သည့် စိတ်အေးသွားသည့် ခံစားချက်တစ်ခုပင် ဖြစ်လာသေးသည်။

ဟုတ်တာပေါ့။ သူ့အပေါ် အငြိုးအတေးထားခဲ့တဲ့သူက အမြဲတမ်း သူမပဲ ဖြစ်နေခဲ့တာပဲလေ။

လီကျင့်က လုမင်ယွိကို သဘောကျတယ်။ သူလက်ထပ်ချင်တဲ့သူကလဲ လုမင်ယွိပဲ။ လုမင်ယွိက လီကျင့်ကို လက်ထပ်ချင်တယ်၊ လက်မထပ်ချင်ဘူး သူ့ရဲ့သဘောထားက စဥ်းစားစရာမှ မလိုဘဲလေ။

လီကျင့်လိုလူကို လက်မထပ်ချင်တဲ့မိန်းကလေး ဒီလောကမှာ ဘယ်လို လုပ်ရှိနိုင်မှာလဲ။

လုမင်ယွိသည် ချောင်ဝမ်၏ အတွေးများကို ထိုးဖောက်ဝင်ရောက်သွားဟန်တူကာ သူမ၏ နှုတ်ခမ်းထောင့်လေးကို တွန့်ချိုးထားလိုက်ပြီး ကိုယ့်ဟာကို လှောင်ပြောင်နေတော့သည်။ "လီကျင့်က အရမ်းကို အဆင့်အတန်း မြင့်ချောမောလွန်းလို့ မိန်းကလေးအားလုံးက သူ့ကိုလက်ထပ်ဖို့ ဆန္ဒရှိမှာပဲလို့ အစ်မ စဥ်းစားနေတာလား"

ချောင်ဝမ်ကလဲ အလိုလို ခေါင်းညိမ့်ပြလိုက်၏။ "မဟုတ်လို့လား"

လုမင်ယွိသည် အချစ်ကြီးလှသည့် ဒီချောင်ညီမဝမ်းကွဲနှင့် အပြိုင်အဆိုင် မဖြစ်လိုဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်တော့သည်။ "တစ်ယောက်အတွက် ပျားရည်။ နောက်တယောက်အတွက်တော့ အဆိပ် ဖြစ်နိုင်တာပဲလေ။ ဒီလောကကြီးမှာ ဘယ်သူကမှ လူတိုင်းရဲ့နှစ်သက်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး"

ချောင်ဝမ်သည် နောက်ဆုံးတော့ တစ်ခုခု မူမမှန်ဖြစ်နေသည်ကို သတိပြုမိသွားတော့၏။ "ဒီလက်ထက်ပွဲကို မင်း ကဆန္ဒမရှိတာများလား"

လုမင်ယွိက ခဏလောက် စဥ်းစားလိုက်ပြီးမှ သက်ပြင်းချလိုက်တော့သည်။ "အရင်ဘဝက တင်ခဲ့တဲ့အကြွေးကို ပြန်မဆပ်လို့ မဖြစ်ဘူးလေ။ သူ့ကိုပဲ လက်ထပ်ရုံပဲ ရှိတော့တာပေါ့"

ချောင်ဝမ်သည် အလွန်နာကျင်လာပြီး တစ်ဖန် ငိုချင်စိတ် ဖြစ်သွားတော့သည်။

လုမင်ယွိကလဲ ထပ်မရှင်းပြတော့ဘဲ ပျော့ပျောင်းစွာသာ ပြောလိုက်တော့၏။ "ချောင်ကျဲကျဲက လူကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီး ဒီဘဝမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"

အရင်ဘဝတုန်းကလိုမျိုး အချစ်ထောင်ချောက်ထဲမှာ ပိတ်မိပြီး ကိုယ့်ဟာကို စိတ်ဓာတ်ကျပြီး သေဆုံးသွားတာမျိုး မဖြစ်ပါစေနဲ့တော့။

ချောင်ဝမ်က ပင့်သက်တစ်ချက် ရှိုက်လိုက်လေသည်။ "ကောင်းပါပြီ။ ကျွန်မလဲ ရှင် ပြောသလို ဖြစ်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီနေ့ အနှောက်အယှက် အများကြီးပေးမိပြီ။ ကျွန်မ ဒီမှာပဲ နှုတ်ဆက်ပြီးတော့ ပြန်တော့ပါမယ်။ ရှင် မင်္ဂလာဆောင်တဲ့နေ့ကျမှ ကျွန်မ ထပ်ပြီးဂုဏ်ပြုစကား လာပြောပါ့မယ်"

လုမင်ယွိကလဲ အနည်းငယ် ပြုံးပြလိုက်လေသည်။ "မလောပါနဲ့အုံး။ ရှင့်ရဲ့မျက်လုံးတွေ အရမ်းနီရဲနေတယ်။ ငိုထားတာ သိသာတယ်။ ဒီအတိုင်းသွားလိုက်ရင် လူတွေ ပါးစပ်ဖျားမှာ အတင်းအဖျင်း ပြောစရာတွေ ဖြစ်လိမ့်မယ်။ ကျွန်မ ရေအေးယူလာခိုင်းလိုက်မယ်။ ရှင့်အတွက် မျက်လုံးကို ကပ်ခိုင်းပြီးမှ အလှပြန်ပြင်လိုက်ပါ"

ချောင်ဝမ်သည်လဲ ရှက်ရွံ့စွာဖြင့် ခေါင်းညိမ့်ပြလိုက်တော့သည်။

ချစ်သူလုဖက်များ တွေ့ဆုံကြလျှင် အထူးတလည် မျက်နှာပူလောင်ကြရသည်ဟု ပြောကြလေသည်။ သူမနှင့် လုမင်ယွိကတော့ ခြွင်းချက်ထဲက ခြွင်းချက်သာ ဖြစ်လိမ့်မည်။ လုမင်ယွိက သူမအပေါ် ဖော်ရွေပြီး သနားကြင်နာစိတ်ပင် ရှိသေးသည်။ သူမ၏ စိတ်ထဲက မှောင်မိုက်မှုများကလဲ ဤကဲ့သို့နွေးထွေးပြီး သဘောထားကြီးမားမှုကြောင့် တိတ်ဆိတ်စွာဖြင့် အရည်ပျော်သွားခဲ့လေသည်။

...

၁နာရီခန့်ကြာပြီးသွားသောအခါ ချောင်ဝမ်သည် လုမိသားစုမှပြန်လာခဲ့ပြီး ချောင်အိမ်တော်သို့ ပြန်သွားလေတော့သည်။

ချောင်သခင်မကြီးသည် မြေးမလေး ပြန်ရောက်လာပြီဖြစ်ကြောင်း ကြားသိရသည်နှင့် ချောင်ဝမ်ကို ချက်ချင်း ခေါ်ယူတွေ့ဆုံတော့၏။ အကြိမ်အနည်းငယ် သေသေချာချာလေး အကဲခတ် ကြည့်ရှူပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "ဝမ်အာ သမီး ငိုထားတာလား"

ချောင်ဝမ်ကလဲ ဖုံးကွယ်လို့မရနိုင်မှန်း သိလိုက်ရသဖြင့် ဝန်ခံရုံသာ ရှိတော့သည်။ "ဟုတ်ပါတယ်။ သမီး လုစစ်မေ့မေ့နဲ့ စကားအကြာကြီး ပြောဖြစ်ခဲ့ပြီး စိတ်မထိန်းနိုင်ဘဲ တစ်ခါငိုခဲ့မိတာပါ။ နောက်ပိုင်းမှာ ရေခဲရေနဲ့ သီးသန့်ကပ်ခဲ့ပြီး မျက်နှာချေမှုန့်တွေလဲ လိမ်းခဲ့ပါသေးတယ်"

အဲလိုဆိုရင်တောင် သေသေချာချာလေး ကြည့်ရင် ငိုထားတဲ့ အရိပ်အယောင် ကျန်နေသေးတာပဲလေ။

ချောင်သခင်ကြီးသည် နယ်တွင်အရာရှိအဖြစ် အမှုထမ်းနေရပြီး ချောင်သခင်မကလဲ တာဝန်ကျရာသို့ လိုက်ပါသွားခဲ့သည်။ ချောင်ဝမ်သည် အဘိုးအဘွားများနှင့်အတူ အမြဲနေထိုင်ခဲ့ရ၏။ ချောင်သခင်မကြီးသည် ဒီမြေးမလေးကို အမြဲတမ်း ချစ်ခင်မြတ်နိုးခဲ့လေသည်။

နှစ်တဝက်တာ ကာလအတွင်းတွင် ချောင်ဝမ်သည် အမြဲတမ်း စိတ်ညစ်ညူးနေခဲ့ပြီး မကြာခဏဆိုသလိုလည်း နေမကောင်း ဖြစ်ခဲ့ရသည်။ ချောင်သခင်မကြီးမှာ မည်မျှ စိတ်ပူပန်ခဲ့ရသည်ကိုပင် မသိတော့ချေ။ ဒီတစ်ကြိမ်တွင် ချောင်ဝမ်က ဒီလိုပြောလာသည်ကို ကြားလိုက်ရသောအခါ ချောင်သခင်မကြီးသည် လွှတ်ခနဲ ပြောထွက်လာတော့၏။ "စတုတ္ထသခင်မလေးလုက သမီးကို အနိုင်ကျင့်လိုက်တာလား"

ချောင်ဝမ်က ခေါင်းတွင်တွ င်ခါးရမ်းပြလိုက်ကာ "အဘွား အထင်လွဲနေပါပြီ။ စတုတ္ထသခင်မလေးလုက သဘောထားကြီးပါတယ်။ သမီးကို အနိုင်မကျင့်ခဲ့ပါဘူး"

ဒါဆိုရင်လည်း ဒီနေ့ သမီးက လုမင်ယွိကို ဘာတွေပြောပြလဲ ပြန်ပြောပြအုံးမှပေါ့။

ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် ချောင်သခင်မကြီးကလဲ အနည်းငယ် သက်ပြင်းချမိတော့သည်။ "ဒီတော့ စတုတ္ထသခင်မလေးလုက တော်တော်လေး သဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်တယ်ပေါ့။ သူက ဒုတိယမင်းသားနဲ့ လိုက်ဖက်ရုံလောက်ပဲရှိတာပါ"

ချောင်ဝမ်ကလဲ ခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။ "အဘွား ပြောတာမှန်ပါတယ်။ ဒီလောကကြီးမှာ အစ်ကိုဝမ်းကွဲနဲ့ ထိုက်တန်တဲ့ သူတစ်ယောက် ရှိသေးတယ်ဆိုရင် အဲဒါက လုစစ်မေ့မေ့တစ်ယောက်ပဲ ဖြစ်မှာပါ"

လေသံထဲတွင် ကြေကွဲဝမ်းနည်းခြင်း စိတ်ထိခိုက်ခြင်းတို့မရှိဘဲ အလွန်တည်ငြိမ်လို့နေသည်။

ချောင်သခင်မကြီးသည် အံ့သြသွားသလို ဝမ်းသာသွားတော့၏။ သူမက လက်လှမ်းကာ ချောင်ဝမ်၏ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး "ဝမ်အာ သမီး နောက်ဆုံးတော့ အတွေးတွေ ရှင်းလင်းသွားပြီပဲ"

"မင်္ဂလာပွဲနဲ့ ပတ်သက်လာရင် မင်္ဂလာပွဲကို အရင်ဆုံး အဆိုပြုရတာက အမြဲတမ်း ယောက်ျားလေးတွေဘက်ကပဲလေ။ ဒုတိယမင်းသားက လုမင်ယွိကို သူ့သဘောဆန္ဒအတိုင်း တောင်းယူခဲ့တာက သူ့ကို တော်တော်လေး သဘောကျနေတယ်ဆိုတာ ထင်ရှားနေတာပဲ"

"သမီးနဲ့ အရှင်မင်းသားတို့က ဇနီးမောင်နှံဖြစ်လာဖို့ ရေစက်မပါမှတော့ သမီးရဲ့ မသင့်တော်တဲ့ အတွေးတွေကို တတ်နိုင်သလောက် မြန်မြန် ဖြတ်တောက်သင့်ပါတယ်။ ဒါမှ နောက်ပိုင်းမှာ အငြင်းပွားစရာတွေ ထပ်မဖြစ်တော့မှာ"

"အရှင်မင်းသားက အိမ်ထောင်ပြုတော့မယ်။ သမီးကလဲ ဖန်းမိသားစုရဲ့ ချွေးမတော် ဖြစ်တော့မယ်။ ဒုတိယသခင်လေးဖန်းကလဲ လူငယ်ပညာတတ် တစ်ယောက်ပဲ။ စာပေမျိုးရိုးကနေ ဆင်းသက်လာတာ။ သမီးအဘိုးက သမီးအတွက် ဒီလက်ထပ်ပွဲကို သတ်မှတ်ပေးခဲ့တာကလဲ သေချာစဥ်းစားဆင်ခြင်ပြီးမှ လုပ်ခဲ့တာပါ"

"တကယ်လို့သာ သမီးက ဆန္ဒမပါဘဲ လက်ထပ်သွားခဲ့ရင် ဒုတိယသခင်လေးဖန်းကလဲ အရူးတစ်ယောက်မှ မဟုတ်တာ။ သမီးမှာ တခြားအတွေးတွေ ရှိနေတယ်ဆိုတာ သိသွားတာနဲ့ စိတ်ထဲမှာ သေချာပေါက် မပျော်မရွှင် ဖြစ်သွားမှာပဲ။ လင်မယား သံယောဇဥ်ကလဲ ခပ်ပါးပါးဖြစ်သွားရင် ရှေ့ဆက်ပြီးတော့ ဘယ်လိုနေထိုင်ကြမှာလဲ"

"အဘွားက သမီးအတွက် အမြဲတမ်း အကောင်းဆုံးကို မျှော်လင့်တာပါ။ ဘယ်အရာကိုမှ အတွေးလွန်မနေပါနဲ့တော့လေ။ လက်ထပ်ဖို့အတွက်ပဲ အေးအေးချမ်းချမ်း စောင့်နေလိုက်ပါ"

ချောင်ဝမ်ကလဲ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ "မြေးမလေး အဘွားရဲ့စကားအတိုင်း အားလုံးကို နားထောင်ပါ့မယ်"

လူတစ်ယောက်သည် အတွေးရှင်းလင်းသွားသည် မရှင်းလင်းသည်ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်လိုက်ရုံနှင့် သိနိုင်လေသည်။

ချောင်သခင်မကြီးသည် အလွန်ကျေနပ်သွားပြီး ချောင်ဝမ်၏ လက်ကလေးကို အသာအယာ ပုတ်ပေးလိုက်တော့၏။

သူမသည် မည်မျှပင် ဖျောင်းဖျခဲ့ပါစေ မြေးမလေးကို နားဝင်အောင် ပြောဆိုနိုင်ခြင်း မရှိခဲ့ချေ။ မထင်မှတ်ပဲ ယနေ့ လုအိမ်တော်သို့ တစ်ခေါက် သွားရောက်ခဲ့သည်တွင် ချောင်ဝမ်၏ စိတ်ထဲက မွန်းကြပ်နေသည့် အတွေးများကပင် ရှင်းလင်းသွားခဲ့လေသည်။ ဒါကလဲ လုမင်ယွိ၏ ကျေးဇူးကြောင့် ဖြစ်သည်မှာ သိသာလှသည်။

...

၂ရက်ကြာပြီးသွားသောအခါ ချောင်သခင်မကြီးသည် နန်းတော်ထဲသို့ ဝင်ပြီး ချောင်မိဖုရားခေါင်ကို သွားရောက်တွေ့ဆုံခဲ့၏။

လီကျင့်နှင့် လုမင်ယွိတို့ စေ့စပ်လိုက်သည့်ကိစ္စကြောင့် ချောင်သခင်မကြီး၏ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့ရသည်။ အတိတ်ကဆိုလျှင် လစဥ်လတိုင်း နန်းတော်ထဲသို့ ၂ကြိမ် ၃ကြိမ်လောက် ဝင်ရောက်လေ့ရှိသော်လည်း ပြီးခဲ့သည့် ၆လအတွင်းတွင်တော့ နန်းတော်ထဲသို့ အလွန်ဆုံး တစ်ကြိမ်သာ ဝင်ရောက်ခဲ့လေသည်။ ထို့အပြင် လုမင်ယွိအကြောင်းကိုလဲ မပြောခဲ့သလောက်ပင်။

ဒီနေ့တွင်တော့ ချောင်သခင်မကြီးသည် တောက်ပစွာပြုံးရင်း လုမင်ယွိကို ချီးကျူးစကား ပြောလေတော့၏။

ချောင်မိဖုရားခေါင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ မေးရလေတော့သည်။ "မူချင်းက ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး စတုတ္ထသခင်မလေးလုကို ချီးကျူးစကား ပြောနေရတာလဲ"

သားအမိ အချင်းချင်းကြားတွင် မပြောနိုင်သည့်စကားက မည်သည့်အရာမှ မရှိချေ။

ချောင်သခင်မကြီးကလဲ ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "မိဖုရားခေါင်ကြီးကို မဖုံးကွယ်ထားတော့ပါဘူး။ ဝမ်အာက တနေ့လုံး စိတ်ညစ်ညူးနေခဲ့တာ။ ပြီးခဲ့တဲ့၂ရက်တုန်းက စတုတ္ထသခင်မလေးလုဆီကို လက်ဖွဲ့ပစ္စည်းသွားပေးပြီး ပြန်လာတဲ့နောက်မှာ စိတ်ခံစားချက်တွေ တော်တော်လေး ကောင်းမွန်လာခဲ့တယ်လေ။ မေးကြည့်လိုက်တော့မှပဲ ဒီလိုကိစ္စတွေ ဖြစ်ခဲ့မှန်းသိရတာ"

ထိုသို့ပြောလိုက်ပြီး ချောင်ဝမ်၏ လုအိမ်တော်သို့ သွားရောက်ခဲ့ခြင်းအကြောင်းကို ပြောပြလိုက်လေတော့သည်။ "စတုတ္ထသခင်မလေးလုက တကယ့်ကို ပွင့်လင်းဖြောင့်မတ်ပြီး ဒီကိစ္စကို ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ဖူးပဲ။ စကားတစ်ခွန်းတည်းနဲ့ဝမ်အာရဲ့ စိတ်အနှောက်အယှက်တွေကို တဝက်လောက် ပျောက်ကွယ်သွားစေခဲ့တယ်"

"အရှင်မင်းသားရဲ့အမြင်ကလဲ တကယ့်ကို ပထမတန်းစားပဲ"

"ဒီလိုမိန်းကလေးမျိုးကပဲ ဒုတိယမင်းသား ကြင်ရာတော်ဖြစ်ဖို့ ထိုက်တန်တာ"

ချောင်မိဖုရားခေါင်သည် မျက်ခုံးများကို ဖြေလျော့ထားလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်ကလဲ ကွေးတက်သွားလေတော့သည်။ "မူချင်းက သူ့ကို ဒီလောက် ချီးကျူးနေမှတော့ ကျွန်မလဲ မူချင်းကို မဖုံးကွယ်ထားတော့ပါဘူး။ တကယ်တော့ အစတုန်းက ကျွန်မလဲ ဒီလက်ထပ်ပွဲကို မနှစ်သက်ခဲ့ဘူး။ ဒါပေမဲ့ အားကျင့်က ဆန္ဒရှိနေတော့ ကျွန်မလဲ သူ့ကို မလွန်ဆန်နိုင်ဘဲ သူ့အတွက်ပဲ စဥ်းစားပေးခဲ့ရတော့တာပေါ့"

"စေ့စပ်ပြီးတဲ့နောက်မှာ အားကျင့်ရဲ့ စိတ်ခံစားချက်ကလဲ တနေ့ထက်တနေ့ ပိုပြီးကောင်းမွန်လာတယ်လေ။ အားလပ်ချိန်ရတာနဲ့ ဇနီးလောင်းကိုကြည့်ဖို့ လုအိမ်တော်ကို သွားတော့တာပဲ"

"အခုတော့ ကျွန်မလဲ အတွေးတွေ ရှင်းလင်းသွားပါပြီ။ ဇနီးတစ်ယောက်နဲ့ လက်ထပ်ပြီး ပျော်ရွှင်တဲ့ဘဝကို နေထိုင်တာကလဲ သူ့ရဲ့ကိစ္စပါပဲ။ ဒါကလဲ သူက မိန်းကလေးကို တခြားအရာတွေထက် ပိုပြီးတော့ နှစ်သက်သဘောကျနေတယ်လေ။ မိဘရဲ့အမိန့်အတိုင်း လက်ထပ်ပြီးမှ အိမ်ထဲကို ခေါ်လာပြီး ပစ်ထားပြီး အချင်းချင်း ရေခဲလိုအေးစက်ပြီး နေထိုင်တာထက် ...စာရင်တော့ အများကြီးပိုကောင်းတာပေါ့"

နောက်ဆုံးတော့ စကားထဲတွင်တော့ အထီးကျန်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုအပြည့်တို့ ပါဝင်နေလေတော့သည်။

All Chapters