အခန်း (၂၃၇)
Vol. 23 Ch. 237
အပိုင်း(၂၃၇)
အဇူရာတိမ်မိန့်ခွန်း
သောင်းချီသောတပည့်များ ငေးကြောင်ကုန်ကြ၏။
တပည့်များတင်မဟုတ်ဘဲ ကျန်းယန်ပါ ကြက်သေသေသွားခဲ့ရခြင်း ဖြစ်သည်။
လင်းယွင်ကျိနှင့်အခြားအကြီးအကဲများလည်း အလွန်အံ့အားသင့်ကုန်ကြ၏။
ချင်းယွင်ကျိ သူသယ်လာသော ဧရာမတောင်ကြီးကို အဇူရာတိမ်ဂိုဏ်း၏ တောင်ခုနှစ်လုံးရှေ့တွင် ချထားလိုက်သည်။
ရုတ်ချည်းဆိုသလို အဇူရာတိမ်ဂိုဏ်း၌ တောင်ရှစ်လုံးဖြစ်သွားခဲ့၏။
စန်းစုန့်မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
ဤတောင်က သူ့အတွက်ပေလော။
ဂိုဏ်းထဲရှိ အကြီးအကဲတစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်တောင်တစ်လုံးစီရှိကြ၏။ ထို့ကြောင့် သူ့လို တာအိုပေါင်းစည်းခြင်းတစ်ယောက်အတွက် တောင်တစ်လုံးဖန်တီးပေးခြင်းက လွန်တော့မလွန်လှပေ။
သို့သော်မကြာခင်တွင် သူအတွေးလွန်နေခြင်းသာဖြစ်မှန်း သိရှိသွားခဲ့ရသည်။
ချင်းယွင်ကျိသည် တောင်ကြီးကိုချထားပြီး မကြာခင်တွင် သာမန်အတိုင်းသူ့လက်ကိုမြှောက်လိုက်ရာ ဧရာမတောင်ကြီးက ခါးလယ်မှနှစ်ပိုင်းပြတ်သွားခဲ့၏။
ပြတ်တောက်သွားသော တောင်ထွတ်ကြီးက အဇူရာတိမ်ဂိုဏ်း၏အနောက်ဘက် လီ၃၀အကွာသို့ လွင့်ပျံသွားခဲ့လေသည်။
ထိုနေရာတွင် ဘယ်သူမှရှိမနေခဲ့ပေ။
နားကွဲလုမတတ် မြည်သံကြီး ထွက်ပေါ်လာပြီးနောက် အဇူရာတိမ်ဂိုဏ်းအနောက်ဘက်လီ ၃၀ အကွာတွင် တောင်ထိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
သို့သော် ချင်းယွင်ကျိ၏စွမ်းအားဖြင့် ဖိနှိပ်ထားမှုကြောင့် ထိုနေရာတွင် မည်သည့်ထိခိုက်ပျက်ဆီးမှုမှတော့ ဖြစ်မသွားခဲ့ပေ။
ထို့နောက် ချင်းယွင်ကျိ အသာအယာပြုံးကာ လူအုပ်ကြီးရှေ့သို့လမ်းလျှောက်လာခဲ့သည်။
“အဇူရာတိမ်ဂိုဏ်းမှာ ဘယ်တုန်းကမှ ဒီလောက်များတဲ့လူပမာဏမရှိခဲ့ဖူးဘူး အဲ့တော့ အဇူရာတိမ်ခန်းမရှေ့က မြေကွက်လပ်က ဒီလောက်လူအများကြီးဆံ့မှာမဟုတ်ဘူး ဒါပေမယ့် အခုအဲ့ဒီကိစ္စကပြဿနာမဟုတ်တော့ဘူး အခုကစပြီး ငါတို့ဂိုဏ်းသားတွေရဲ့ စုဝေးပွဲတွေကို ဒီတောင်ပေါ်မှာ ကျင်းပမယ် ပြီးတော့ ဒီနေရာက ငါတို့ဂိုဏ်းရဲ့သိုင်းလေ့ကျင့်ရေးကွင်းပြင်လည်း ဖြစ်လာလိမ့်မယ်”
ကျန်းယန် မျက်လုံးများ တောက်ပသွားခဲ့၏။
ကောင်းတယ် ကြွားတဲ့ပုံစံမပြတဲ့ ကြွားချင်တစ်မျိုးပဲ
သူချင်းယွင်ကျိ လျှို့ဝှက်စွာ အသံကူးပြောင်း၍ ပြောလိုက်သည်။
“ဆရာ ဒီအကွက်ကအံ့ဖွယ်ပဲ ဆရာ့အဆင့်က ပြီးပြည့်စုံခြင်းဆိုတဲ့အဆင့်နဲ့ တဖြည်းဖြည်းပိုနီးကပ်လာပြီ”
ချင်းယွင်ကျိ အသာအယာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
“မင်းတို့ဘာလို့ဂိုဏ်းချုပ်ကို ကျေးဇူးမတင်သေးတာလဲ”
ကျန်းယန် လူတိုင်းကိုသတိပေးလိုက်၏။
ထိုအခါမှသာ လူအုပ်ကြီးသတိ၀င်သွားပြီး ချင်းယွင်ကျိကို ကျေးဇူးတင်ကြောင်း ကျယ်လောင်စွာ ပြောလိုက်ကြလေသည်။
ထိုအခိုက်တွင် လူသောင်းချီ၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့ကြ၏။
အခုလောက်ကြီးမားသည့် တောင်ကြီးကို ဂိုဏ်းချုပ်က သာမန်အတိုင်းပေါ့ပေါ့ပါးပါးသယ်လာပြီး အလွယ်တကူ နှစ်ပိုင်း ပိုင်းပစ်လိုက်တာက….
သူတို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုတာဘာလဲ ကောင်းကောင်းမသိသော်လည်း ဤတောင်ကြီး ဘယ်လောက်ကြီးမှန်းကိုတော့ ကောင်းကောင်းသိကြသည်။
ဒါက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရဲ့စွမ်းအားလား
ဒါကဂိုဏ်းချုပ်ရဲ့ စွမ်းအားလား
ရုတ်ချည်းဆိုသလို လူတိုင်း၏ အဇူရာတိမ်ဂိုဏ်းအပေါ်သစ္စာရှိမှုက ထောင်တက်သွားခဲ့၏။
အထူးသဖြင့် လျန့်ယိလက်အောက်မှ အဇူရာတိမ်ဂိုဏ်းဆီ၀င်ခဲ့သော ရွှေအမြုတေအဆင့်နှင့်ဝိညာဉ်အခြေတည်အဆင့်များ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေခဲ့ကြသည်။
အခုလို ကြောက်စရာနောက်ခံမျိုးရှိနေလျှင် အခုကစပြီး ဘယ်သူက အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ အလွယ်တကူ ၀င်လာရဲပါတော့မည်နည်း။
ကျန်းယန် လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
“ကောင်းပြီ ဂိုဏ်းချုပ်ကငါတို့အတွက် စုဝေးဖို့နေရာတစ်ခုဖန်တီးပေးလိုက်ပြီဆိုတော့ အားလုံးပဲ အတူတူသွားကြည့်ကြတာပေါ့
အခြေခံတည်ဆောက်ခြင်းအဆင့်တွေ သင်္ဘောပျံတွေပေါ် တက်ကြ
ဒီတစ်ခေါက်ကတော့ အထူးနေ့ရက်တစ်ရက်ဆိုတော့ ငါမင်းတို့ကို ခြွင်းချက်ထားပေးလိုက်မယ် ဒီတစ်ခေါက်ပြီးရင်တော့ မင်းတို့တောင်ပေါ်ကိုတက်တိုင်း ပြေးပြီးတော့ပဲ တက်ရမယ်”
ထို့နောက် သူချင်းယွင်ကျိဘက်လှည့်ပြီး ပြောလိုက်သည်။
“ဆရာ ကျေးဇူးပြုပြီး”
မကြာခင်တွင် လူတိုင်းတစ်ခြမ်းပိုင်းထားသော တောင်ကြီးဆီသို့ ရောက်ရှိလာခဲ့ကြ၏။
တောင်မျက်နှာပြင်က အလွန်သန့်ရှင်းပြီး တိကနဲဖြစ်နေသည်ကိုမြင်သောအခါ ကျန်းယန် အံ့အားသင့်မှုကြောင့် နှုတ်ခမ်းကိုတင်းတင်းမစေ့ဘဲ မနေနိုင်ခဲ့ပေ။
ဝိညာဉ်အခြေတည်အဆင့်တွင်ရှိသော ပါရမီများအားလုံးကို ဖိနှိပ်ထားနိုင်သောသူ့တွင်ပင် ကောင်းကင်နှင့်မြေပြင်နိယာမများကို အခုလောက်အဆင့်ထိ တိတိကျကျအသုံးပြုနိုင်စွမ်းမရှိသေးပေ။ ထိုအရာက သူ့တွင်ရှေ့ဆက်လျှောက်စရာ လမ်းဘယ်လောက်ကျန်နေသေးသလဲဆိုတာ ညွှန်ပြနေခဲ့၏။
“ဆရာ ဒါကမိန့်ခွန်းဇာတ်ညွှန်း ဖတ်လိုက်ပါဦး” ကျန်းယန် သူပြင်ထားသောမိန့်ခွန်းကို ထုတ်ပေးလိုက်သည်။
ချင်းယွင်ကျိ နတ်အာရုံဖြင့် တစ်ချက်ကြည့်ပြီးနောက် တိတ်ဆိတ်သွားခဲ့၏။
ဒါကြီးက ဘာအဓိပ္ပာယ်မရှိတာကြီးလဲ
မင်းကငါ့ကို ဒါကြီးကို တပည့်တွေအကုန်လုံးရှေ့မှာ ပြောစေချင်တာလားဟ
“ဆရာ ဆရာဦးလေးတွေကိုလည်း လာခိုင်းလိုက်ပါလား” ကျန်းယန် ဆက်ပြောလိုက်သည်။
“ဒီနေ့က အားလုံးအတူတကွဆုံစည်းရမယ့် ပွဲဦးထွက်စုဝေးပွဲဆိုတော့ ဘယ်သူ့ကိုမှချန်ထားလို့မဖြစ်ဘူး ဂျူနီယာညီလေးကျန်းကိုလည်း ခေါ်ရမယ်”
ချင်းယွင်ကျိ နတ်အာရုံတစ်ချက်ဖြန့်၍ အကြောင်းကြားလိုက်၏။ ထိုအခါ လူတိုင်း ချက်ချင်းဆိုသလို ကြီးမားလှသောကွင်းပြင်ကြီးဆီ အပြေးအလွှားရောက်ရှိလာခဲ့ကြသည်။
ဝိညာဉ်အခြေတည်အဆင့်ရောက်ရှိနေပြီဖြစ်သော ကျန်းကျစ်ချိုးလည်း အဇူရာတိမ်ဂိုဏ်းဆီ ထူးဆန်းသောအမူအရာဖြင့် ရောက်ရှိလာခဲ့၏။
သူဂိုဏ်းထဲကထွက်သွားတာ ရက်အနည်းငယ်သာရှိပါသေးသော်လည်း အဘယ်ကြောင့် ဤနေရာတွင် တစ်ခြမ်းပြတ်နေသောတောင်ကြီး ရုတ်တရက်ပေါ်လာရပါသနည်း။
တကယ်တော့ သောင်းချီသောဂိုဏ်းသားများ၏ အသံများကို သူ့အဇူရာတိမ်မြို့ကပင် လှမ်းပြီးကြားနေခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းထဲသို့ဂိုဏ်းသားအများအပြားရောက်ရှိလာခြင်းကို သူသိနေခဲ့သော်လည်း အခုလောက်ကြီးများလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့မိပေ။
ဒါက ငါ၀င်ထားတဲ့ ဂိုဏ်းလား
ကျန်းကျစ်ချိုး လုံး၀တုန်လှုပ်သွားခဲ့ရသည်။
အခုလိုဂိုဏ်းမျိုးတွင် အခုလိုရာထူးကိုပိုင်ဆိုင်ထားခြင်းအပေါ် သူဂုဏ်ယူစိတ်လည်း ဖြစ်ပေါ်လာခဲ့၏။
ထိုအခိုက်တွင် များစွာသော အခြေခံတည်ဆောက်ခြင်းအဆင့်များသည် တစ်ယောက်ပြီးတစ်ယောက် သင်္ဘောပျံကြီးများပေါ်မှ ဆင်းကာ ကွင်းပြင်ကျယ်ကြီးဆီ ရောက်ရှိလာခဲ့ကြသည်။
ထိုကွင်းပြင်ပေါ်ရောက်သောအခါ သူတို့အားလုံး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်က ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ပိုပြီး နားလည်သွားခဲ့ကြ၏။
ရလဒ်အနေဖြင့် သူတို့ကွင်းပြင်ထဲတွင် တိတ်ဆိတ်နေခဲ့မိကြသည်။
သောင်းချီသောတပည့်များကို မြင်လိုက်ရသောအခါ လင်းယွင်ကျိနှင့်အခြားအကြီးအကဲများ ပျော်ရွှင်ကုန်ကြ၏။
နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်းကငါတို့လက်ထဲမှာ မပျက်ဆီးတော့ဘူး
စစ်ထူမင်ယွဲ့လည်း ရောက်ရှိလာကာ အံ့အားတကြီးမေးလိုက်သည်။
“စီနီယာအစ်ကိုကြီး ညီမလေးတို့မှာတကယ်ကြီးဒီလောက်လူအများကြီး ရှိနေပြီလား”
ကျန်းယန် ခပ်တိုးတိုးရေရွတ်လိုက်၏။
“ငါလည်းဒီလောက်မြန်မြန်တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး”
အချိန်က တစ်နှစ်ကျော်သာ ရှိနေခြင်း ဖြစ်သည်။
စန်းစုန့်လည်း သူ့တပည့် ချင်းရှုနှင့်အတူ ကွင်းပြင်ကျယ်ကြီးပေါ်တွင် ရပ်နေခဲ့သည်။
စန်းစုန့် ကျန်းယန်ကိုကြည့်မိလေလေ ထိုကတည်းက ပိုပိုပြီးခန့်မှန်းရခက်လာသည်ဟု ထင်လာမိလေလေပင်။
ကမ္ဘာပေါ်ရှိဘယ်ဂိုဏ်းကြီးအတွက်မဆို လူပေါင်း သောင်းချီသိန်းချီကိုဂိုဏ်းသားအဖြစ်ခေါ်ယူဖို့က သူတို့သာ ဆန္ဒရှိမည်ဆိုလျှင် ခက်သောအရာမဟုတ်ပေ။
သို့သော်လည်း ထိုဂိုဏ်းသားများက အုတ်ရောရောကျောက်ရောရောသာဖြစ်နေမည်ဖြစ်ပြီး ထိုသူများတွင် အမျိုးမျိုးသောရည်ရွယ်ချက်များ ရှိနေနိုင်ပေသည်။
သို့သော် ယခု သူ့ရှေ့ကသောင်းချီသောလူများကတော့ အဇူရာတိမ်ဂိုဏ်းကို ရူးရူးမူးမူးကိုးကွယ်ကြနေသူများသာ ဖြစ်နေခဲ့၏။
ဂိုဏ်းတစ်ဂိုဏ်းအနေနှင့် ထိုကဲ့သို့သောအောင်မြင်မှုမျိုးကိုရရှိဖို့က လွယ်ကူသောအရာတော့ မဟုတ်ပေ။
ယခုအရာကြီးက မည်မျှကြောက်ဖို့ကောင်းနေပါသနည်း။
သောင်းချီသောတပည့်များ၏အကြည့်များကိုမြင်ပြီး စန်းစုန့်ပင် ကြောက်စိတ်ကိုခံစားလိုက်ရသည်။
သူကြောက်သည်က ထိုလူများ၏စုပေါင်းခွန်အားကိုမဟုတ်ပေ။ ရူးသွပ်မှုကိုသာ ဖြစ်၏။
“အားလုံးပဲ မင်းတို့ရပ်နေတဲ့နေရာမှာပဲ ထိုင်ကြပါ” ကျန်းယန် လက်ယမ်းပြကာ လေးလေးနက်နက်ပြောလိုက်သည်။
ထိုအခါ လူသုံးသောင်းကျော်က တညီတညွတ်တည်း ထိုင်ချလိုက်ကြ၏။
ကျန်းယန် လူအုပ်ကြီးကိုတစ်ချက်မျက်လုံးဝေ့၍ ကြည့်လိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကိုဝင်ခွင့်ရတာက မင်းတို့အတွက် ဂုဏ်ယူစရာပဲ အဲ့ဒီလိုပဲ အဇူရာတိမ်ဂိုဏ်းအတွက်ကလည်း မင်းတို့ကို ဂိုဏ်းသားအဖြစ်လက်ခံခဲ့ရတာက ဂုဏ်ယူစရာပါပဲ
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရှိတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းကို ၀င်ခွင့်ရခဲ့တယ်ဆိုတာက မင်းတို့ဘ၀ပေါင်းများစွာစုဆောင်းထားခဲ့ရတဲ့ ကုသိုလ်တွေကိုထုတ်သုံးခဲ့လို့ ကံကောင်းခဲ့တာလို့တောင် ပြောလို့ရတယ်
မင်းတို့အချိန်ကိုက်ရောက်ရှိလာခဲ့လို့သာ ဒီဂိုဏ်းကို၀င်ခွင့်ရခဲ့တာ နောက်နှစ်နည်းနည်းလောက်သာကြာသွားရင် မင်းတို့ ဂိုဏ်းရဲ့ဂိတ်တံခါးမှာ ဒူးထောက်တောင်းပန်ပြီး ဂိုဏ်းထဲ၀င်ခွင့်တောင်းရင်တောင် ၀င်ခွင့်ရမှာမဟုတ်တော့ဘူး
အဲ့တာကြောင့် မင်းတို့ကံကောင်းတယ်
ဂိုဏ်းဘက်ကပြောရရင်လည်း ငါတို့ဂိုဏ်းမှာရှေးဟောင်းအခြေခံအုတ်မြစ်ရှိနေပေမယ့် လူအင်အားအရာမှာတော့ အားနည်းနေတယ်
အခုမင်းတို့ရောက်လာပြီဆိုတော့ ဂိုဏ်းရဲ့အနာဂတ်က ပြဿနာရှိတော့မှာမဟုတ်ဘူး
ဒီဂိုဏ်းသားတွေအများကြီးနဲ့ဆိုရင် အဇူရာတိမ်ဂိုဏ်းတစ်ဖန်ပြန်ပြီး ချမ်းသာကြွယ်၀လာမှာသေချာတယ် ပြီးတော့ အဇူရာတိမ်ဂိုဏ်းက ကမ္ဘာကြီးကို လှုပ်ခါပစ်မယ်ဆိုတာကလည်း သေချာတယ်”
နားကွဲလုမတတ်ချီးကျူးထောပနာပြုသံများ လျှံတက်လာခဲ့၏။
ကျန်းယန် လက်မြှောက်ကာ တိတ်တိတ်နေဖို့အချက်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။
“ပြီးတော့ ငါမင်းတို့ကို ငါတို့ဂိုဏ်းရဲ့အကြီးအကဲတွေနဲ့မိတ်ဆက်ပေးပြီးတော့ သူတို့ကျင့်ကြံခြင်းအဆင့်တွေကိုလည်း တစ်ပါတည်းပြောပြပေးသွားမယ်
ပိုင်ယွင်ကျိ နတ်ဝိညာဉ်အဆင့် စိတ်စွမ်းအားကျင့်ကြံသူ
ဟော်လင်းကျိ နတ်ဝိညာဉ်အဆင့် ရတနာသန့်စင်သူ
ဟွာလင်းကျိ နတ်ဝိညာဉ်အဆင့် အဆောင်တာအိုကျင့်ကြံသူ
ပိလင်းကျိ နတ်ဝိညာဉ်အဆင့် ၀င်္ကပါကျင့်ကြံသူ
တန်ချန်ကျိ နတ်ဝိညာဉ်အဆင့် ဆေးတာအိုကျင့်ကြံသူ
လင်းယွင်ကျိ နတ်ဝိညာဉ်အဆင့် ဓားတာအိုကျင့်ကြံသူ
တာအိုပညာရှင်စန်းစုန့် တာအိုပေါင်းစည်းခြင်းအဆင့်
ပြီးတော့ နောက်ဆုံးအနေနဲ့ကတော့ ငါတို့ဂိုဏ်းချုပ် ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်
လာမယ့်ကာလတွေမှာ ဒီအကြီးအကဲတွေက ဒီနေရာမှာပဲ မင်းတို့အတွက်သင်ခန်းစာတွေပို့ချပေးလိမ့်မယ်
မင်းတို့ဘယ်လောက်တိုးတက်လာမလဲဆိုတာကတော့ မင်းတို့ဘယ်လောက်အားစိုက်ထုတ်သလဲဆိုတာအပေါ်ပဲ မူတည်တယ်”
နောက်တစ်ကြိမ်ချီးကျူးထောပနာပြုသံများ ညံသွားခဲ့ပြန်သည်။
ဒီတစ်ခေါက်တွင်တော့ လျန့်ယိခေါ်လာသောလူအုပ်ထဲကလူများက စိတ်အလှုပ်ရှားဆုံး ဖြစ်၏။
နတ်ဝိညာဉ်အဆင့်နှင့်တာအိုပေါင်းစည်းခြင်းအဆင့်၏ သင်ခန်းစာဆိုသည်ကပင် အတော်လေး ရှားပါးလှသောအရာဖြစ်သည်။
အခုတော့ သူတို့သည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် သင်ခန်းစာပို့ချခြင်းကိုပင် နားထောင်ရပေတော့မည်။
ထိုအခွင့်အရေးကြီးကိုသိနေသောသူတို့က မည်သို့ စိတ်မလှုပ်ရှားဘဲ နေပါတော့မည်နည်း။
ထိုအခိုက်တွင် လူတိုင်းက အဇူရာတိမ်ဂိုဏ်းကို၀င်ရတာ တန်တာထက်တောင်ပိုသည်ဟု ခံစားလိုက်ကြရ၏။
ကျန်းယန် လက်မြှောက်ပြလိုက်ရာ လူတိုင်းတိတ်ဆိတ်သွားခဲ့ပြီး ကျန်းယန် ဆက်ပြောလိုက်သည်။
“နောက်အစီအစဉ်အနေနဲ့ကတော့ အဇူရာတိမ်ဂိုဏ်းရဲ့လက်ရှိဂိုဏ်းချုပ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင် ဆရာချင်းယွင်ကျိကို မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ခေါ်ပါရစေ အားလုံးပဲ ကျေးဇူးပြုပြီး ဆရာ့ကို လက်ခုပ်သံတွေနဲ့ ကြိုဆိုပေးလိုက်ပါဦး”
နားကွဲလုမတတ်ထွက်ပေါ်လာသော လက်ခုပ်သံများအလယ်တွင် ချင်းယွင်ကျိ မသက်မသာဖြင့် ရှေ့သို့ လမ်းလျှောက်လာခဲ့သည်။
သူစမပြောခင်တွင် လည်ချောင်းနှစ်ချက်အရင်ရှင်းလိုက်၏။
“ချစ်ရတဲ့တပည့်တို့ ချစ်ရတဲ့ဂိုဏ်းသားတို့ ချစ်ရတဲ့ ဂျူနီယာညီလေး ညီမလေးတို့ ချစ်ရတဲ့ဧည့်အကြီးအကဲတို့ အားလုံးပဲ မင်္ဂလာပါ
ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်တဲ့ အဇူရာတိမ်ဂိုဏ်းမှာ နှစ်ပေါင်းငါးထောင်ကျော်တဲ့ သမိုင်းရှိပါတယ်
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ဂိုဏ်းကပြန်မပြောပြချင်လောက်အောင် ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့တယ်….”
ချင်းယွင်ကျိ ရှက်ရွံ့မှုကြောင့်ခြေချောင်းများကိုပင် ကွေးထားမိသော်လည်း အားတင်း၍ပြုံးထားကာ ကျန်းယန်သူ့အတွက်ပြင်ဆင်ပေးထားသောမိန့်ခွန်းကို ဆက်ဖတ်ပြနေခဲ့လေသည်။