အခန်း (၂၄၄)
Vol. 23 Ch. 244
အပိုင်း(၂၄၄)
မိစ္ဆာတွေထွက်လာပြီ
၀င်္ကပါထဲတွင် မြူခိုးများဖြင့်ပြည့်နှက်လာကာ ကြောက်စရာအရှိန်အဝါကြီးများ၏လွှမ်းမိုးခြင်းကိုခံလိုက်ရသည်နှင့် အမတရတနာများကလည်း အလင်းရောင်များ တောက်ပလာခဲ့၏။
အဇူရာတိမ်ဂိုဏ်း၏ တောင်ထွတ်ခုနှစ်ခုလုံးရှိ အမတရတနာများ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး သူတို့စွမ်းအားများကို စတင်ထုတ်လွှတ်လိုက်ကြသည်။
ထိုအခိုက်တွင် အဇူရာမဟာတိမ်၀င်္ကပါကြီး၏စွမ်းအားက ရုတ်ချည်း ဆောင့်တက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် အဇူရာတိမ်ဂိုဏ်း၏ နယ်မြေလီသုံးရာပတ်ပတ်လည်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
လီသုံးရာအတွင်းရှိ မြေပြင်က ကျောက်ကုလားထိုင်တစ်လုံးလိုပင် ပြင်းထန်စွာ လှုပ်ခါလာခဲ့၏။
ကောင်းကင်နှင့်မြေပြင်ပါ တုန်ခါနေသလို ဖြစ်နေသောမြင်ကွင်းမျိုးက ကြောက်စရာကောင်းလှသည်။
လီသုံးရာအလွန်တွင်တော့ မြေပြင်က အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး လီသုံးရာနယ်မြေနှင့်အပြင်ဘက်ကို ခွဲခြားထားသလို ဖြစ်သွားခဲ့၏။
“ဘာတွေဖြစ်နေတာလဲ” စန်းစုန့် တုန်ရီစွာဖြင့် အမတရတနာကိုအားကုန်သုံး၍ ထောက်ပံ့နေရင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်က မိစ္ဆာတွေကိုဖိနှိပ်နေတာလား ဒါမှမဟုတ် သူ့မှာယုံကြည်ချက်ရှိသွားပြီး မိစ္ဆာတွေကို ဒီနေ့ပဲရှင်းပစ်ဖို့ ကြံနေတာလား”
သူတိတ်တဆိတ်သာ အမတရတနာကိုအားကုန်သုံး၍ ထောက်ပံ့နေခဲ့ပြီး ဘာမှမစပ်စုရဲခဲ့ပေ။
သူသည် အဇူရာတိမ်ဂိုဏ်းကို ၀င်ပြီးပြီဖြစ်သော်လည်း သူ့ရာထူးက အူကြောင်ကြောင်နိုင်လှသည်။ ထို့ကြောင့် သူမည်သည့်အထင်လွဲစေမည့် ကိစ္စမျိုးကိုမှ မပြုလုပ်လိုခဲ့ပေ။
ကျန်းယန် အမူအရာက လေးနက်နေခဲ့သည်။ သူစိတ်ပူနေသည့် တစ်ခုတည်းသောအရာက ထိုမိစ္ဆာများကို လွှတ်ပေးလိုက်ချိန်တွင် အခြားမိစ္ဆာများပါ ထွက်လာမှာကိုသာ ဖြစ်၏။
၀င်္ကပါထဲတွင်အားလုံးပေါင်းမိစ္ဆာ ၁၇ ကောင်တိတိရှိနေခဲ့ခြင်း ဖြစ်သည်။
ငါးကောင်က သူတို့နာမည်အရင်းများကိုပေးလိုက်ပြီဖြစ်သော်လည်း မပေးရသေးသော ၁၂ကောင်ကျန်ရှိနေသေး၏။
ငါးကောင်က လမ်းပိတ်ပေးထားလျှင်တောင် လက်ကျန် ၁၂ကောင်က အတင်းတိုးထွက်လာလျှင် သူတို့ဂိုဏ်းအတွက် ပြဿနာအကြီးကြီး တက်သွားစေနိုင်သည်။
ဒါပေါ့ ထိုမိစ္ဆာများ ၀င်္ကပါကိုချိုးဖြတ်ပစ်ဖို့ကတော့ မဖြစ်နိုင်သော်လည်း သူတို့ကိုဖိနှိပ်ရမည့်ပြဿနာက သေးမည်မဟုတ်ပေ။
အကယ်၍များ ထိုကဲ့သို့သောအခြေအနေမျိုးတွင် အခြားဂိုဏ်းကြီးများကပါ တိုက်ခိုက်လာလျှင်တော့ ထိုမိစ္ဆာများ လွတ်သွားမှာ သေချာပေသည်။
၀င်္ကပါထဲတွင် ချင်းယွင်ကျိ ကိုယ်တိုင်လည်း တောင့်တင်းနေခဲ့၏။
ဒါပေါ့ ထိုမိစ္ဆာများ အထဲကအတင်းထွက်လာလျှင်တောင် ၀င်္ကပါနယ်မြေထဲကိုသာ ထွက်လာနိုင်မည်ဖြစ်ပြီး အပြင်ကိုတော့ လွတ်သွားနိုင်မည် မဟုတ်ပေ။
သူက၀င်္ကပါကိုအားကုန်ဖြည့်ပြီး အသက်သွင်းထားဖို့ ညွှန်ကြားထားပြီးသား ဖြစ်သည်။
သို့သော်လည်း ၀င်္ကပါထဲတွင် အသန်မာဆုံးနေရာက သလင်းနံရံထဲတွင်ဖြစ်ပြီး ထိုမိစ္ဆာများကို ထိုနေရာတွင်ဖိနှိပ်ထားနိုင်ထားလျှင် အကောင်းဆုံး ဖြစ်၏။
အကယ်၍ မိစ္ဆာများသာ ထိုသလင်းနံရံတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်လျှင် အဇူရာတိမ်ဂိုဏ်းသည် ငြိမ်းချမ်းရေးကိုဘယ်တော့မှ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။
သလင်းနံရံပေါ်က အက်ကြောင်းများက ပိုမိုကြီးမားလာခဲ့ပြီး အထဲရှ်ိမိစ္ဆာများ၏အမူအရာများကတော့ ရှုပ်ထွေးနေခဲ့ကြသည်။
သူတို့သည် ဖိနှိပ်ခံထားရတာ နှစ်တစ်ထောင်ကြာမြင့်ခဲ့ချေပြီ။
ကမ္ဘာကြီးကို အခုလို အက်ကွဲကြောင်းထဲမှ ပြန်မြင်ရချိန်တွင် ဘယ်သူမှ ထွက်မသွားချင်ဘဲ နေပါမည်နည်း။
သို့သော်လည်း သူတို့အတွက်ပထမဆုံးအတားအဆီးက သူတို့ရှေ့က သူတို့ညီနောင် မိစ္ဆာငါးယောက်ဖြစ်နေခဲ့၏။
ထိုမိစ္ဆာငါးကောင်ကလည်း သူတို့ထဲက အသန်မာဆုံးမိစ္ဆာများဖြစ်ပြီး သူတို့အတွက် မိစ္ဆာ ၇ကောင် ၈ကောင်လောက်ကို ထိန်းထားဖို့က ပြဿနာမဟုတ်လောက်ပေ။
ထို့အပြင် အနက်ရောင်မိစ္ဆာ၏ အမူအရာအရ ထိုကောင်က သေသည်အထိတိုက်ခိုက်မည့်ပုံပင်။
သူတို့တကယ်ကြီး ထိုလမ်းမှ အတင်းထိုးဖောက်ပြီး လွတ်မြောက်နိုင်ပါမည်လော။
အကယ်၍ သူတို့လွတ်မြောက်ခဲ့လျှင်တောင် အပြင်ဘက်တွင် အဇူရာတိမ်ဂိုဏ်း၏ ၀င်္ကပါတစ်ထပ်က ရှ်ိနေသေးသည်။ ထိုနေရာတွင် ဘာတွေဖြစ်လာမလဲဆိုတာက ဘယ်သူမှမသိပေ။
မိစ္ဆာများတွန့်ဆုတ်နေချိန်တွင် အရိပ်မိစ္ဆာက အရင်ဆုံးလက်ဝါးလောက်အရွယ်အစားရှိနေပြီဖြစ်သော အက်ကွဲကြောင်းထဲမှ လျှောထွက်သွားခဲ့ပြီး အပြင်ဘက်သို့ ရောက်ချိန်တွင် သူ့ကိုယ်ကြီးက အခိုးအငွေ့များနှယ် ပြန့်ကားသွားခဲ့၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်အရှိန်အဝါကြီးတစ်ခု အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့လေသည်။
“မင်းအရှိန်အဝါကိုပြန်သိမ်းလိုက် ပြီးရင် အက်ကွဲကြောင်းကိုစောင့်ကြပ် မင်းတို့ငါးယောက်ကလွဲပြီး ဘယ်သူမှ အထဲကထွက်ခွင့်မရှ်ိဘူး” ချင်းယွင်ကျိ သူ့နာမည်အရင်းအမှတ်အသားကို အသံကူးပြောင်း၍ အမိန့်ပေးလိုက်၏။
အရိပ်မိစ္ဆာချက်ချင်း သူ့အရှိန်အဝါကိုပြန်သိမ်းလိုက်ပြီး အရိပ်အလွှာတစ်ထပ်က အက်ကွဲကြောင်းကို ဖုံးအုပ်ပစ်လိုက်လေသည်။
အက်ကွဲကြောင်းက နှေးကွေးစွာပင် ဆက်လက်ကျယ်ပြန့်လာခဲ့၏။ အက်ကွဲကြောင်း ၇လက်မ ၈လက်မ အရွယ်အစားသို့ ရောက်ရှိလာသောအခါ အထဲမှ နောက်ထပ်မိစ္ဆာတစ်ကောင် ထွက်လာခဲ့ပြန်၏။
ချင်းယွင်ကျိ ထိုမိစ္ဆာကိုလည်း တူညီသောအမိန့်သာ ပေးလိုက်ပြန်သည်။
အက်ကွဲကြောင်းက ဆက်လက်ပြန့်ကားလာခဲ့ပြီးနောက် ဂူဒူအာနှင့်အခြားမိစ္ဆာတစ်ကောင်လည်း တစ်ကောင်ပြီးတစ်ကောင်ထွက်လာခဲ့ကြ၏။ အနက်ရောင်မိစ္ဆာသာ အထဲတွင် ကျန်ခဲ့ပြီး သူကတော့ အခြားမိစ္ဆာများထွက်မလာနိုင်အောင် စောင့်ကြပ်နေခဲ့သည်။
“မင်းဘာလို့ထွက်မလာသေးတာလဲ” ချင်းယွင်ကျိ မျက်မှောင်ကြုံ့၍ အမိန့်ပေးလိုက်၏။
ယခုအခါအက်ကွဲကြောင်းက ဖဝါးတစ်ခုစာအရွယ်အစားအထိရောက်ရှိနေပြီဖြစ်ပြီး ဖြတ်သန်းသွားလာဖို့ လုံလောက်နေခဲ့ချေပြီ။
“သူ့မိစ္ဆာခန္ဓာကအားကောင်းလွန်းတယ် အနည်းဆုံး သုံးလေးပေလောက်ကျယ်မှ သူထွက်လို့ရမှာ အခုက သူတကယ်အဲ့ဒီနေရာကိုမဖြတ်နိုင်တာ” ဂူဒူအာ ရှင်းပြလိုက်သည်။
ချင်းယွင်ကျိ ဆွံ့အသွားခဲ့၏။
အက်ကွဲကြောင်းကို သုံးလေးပေကျယ်သည်အထိ ချဲ့ရမည်လော။
သလင်းနံရံထဲတွင် အနက်ရောင်မိစ္ဆာတစ်ယောက် အခက်တွေ့နေခဲ့လေသည်။
သူတကယ်ကြီး ထိုနေရာက ထွက်မလာနိုင်ခြင်း ဖြစ်၏။
ထိုစဉ် အက်ကွဲကြောင်းက ပိုပိုကြီးလာခဲ့ပြီး အခြားမိစ္ဆာများ၏ ထွက်ခွာသွားချင်စိတ်ကလည်း ပိုပိုပြီး အားကောင်းလာခဲ့သည်။
သွေးအရိပ်မိစ္ဆာပင် ထိုကဲ့သို့ ခံစားနေခဲ့ရ၏။
ဂူဒူအာ အမြန်ချင်းယွင်ကျိကိုပြောလိုက်သည်။
“ငါတို့နာမည်အရင်းအမှတ်အသားကို အတင်းဖိနှိပ်နေတာ ရပ်လိုက်တော့ ငါ့စိတ်တောင်မင်းကြောင့် ကြေမွသွားတော့မယ် ငါ့ကိုလွှတ်ပေးပါ ငါသူတို့ကို ထွက်မလာအောင် ဖျောင်းဖျပေးမယ်”
ချင်းယွင်ကျိ ဂူဒူအာ အားဖိနှိပ်ထားမှုကို လျှော့ပေးလိုက်ပြီး အနည်းငယ် လွတ်လပ်ခွင့်ပေးလိုက်၏။
သူ့ကိုယ်ပေါ်က ဖိအားလျော့သွားသောအခါ ဂူဒူအာချက်ချင်း အထဲက မိစ္ဆာများကို အသံကူးပြောင်း၍ ပြောလိုက်လေသည်။
“မိစ္ဆာအရှင်ပေးထားတဲ့တာ၀န်အကြောင်းတွေးကြ ငါတို့ရည်ရွယ်ချက်အကြောင်း ပြန်တွေးကြ မင်းတို့ရဲ့ ထွက်သွားချင်တဲ့စိတ်ဆန္ဒကို ငါနားလည်တယ် ဒါပေမယ့် နှစ်ပေါင်း ၁၀၀၀ တောင်ရှိသွားပြီပဲလေ မင်းတို့နည်းနည်းလေးထပ်ပြီး မတောင့်ခံနိုင်ကြတော့ဘူးလား
နှစ်၂၀အတွင်း မင်းတို့အားလုံး အပြင်ထွက်ခွင့်ရစေရမယ်လို့ ငါအာမခံတယ်
မင်းတို့အိပ်ရင်အိပ်နေလိုက် မင်းတို့နိုးတဲ့အခါ လွတ်မြောက်ပြီးဖြစ်နေလိမ့်မယ်”
ထိုမိစ္ဆာများ အသိစိတ်လွတ်သွားမည်စိုးသောကြောင့် သူစိတ်အေးအေးထားဖို့ ဖျောင်းဖျနေခဲ့သည်။
ဂူဒူအာ၏စကားများအောက်တွင် မိစ္ဆာများ အသိစိတ်အနည်းငယ်ပြန်၀င်လာခဲ့ကြ၏။
ထိုအချိန်တွင် အက်ကွဲကြောင်းကလည်း ဆက်လက်ပြန့်ကားလာခဲ့သည်။
နောက်ဆုံးတွင် ၂ပေခွဲခန့်ကျယ်လာချိန်တွင်တော့ အနက်ရောင်မိစ္ဆာ ထိုအက်ကွဲကြောင်းထဲမှ အတင်းတိုးထွက်လာလေတော့၏။
အနက်ရောင်မိစ္ဆာထွက်လာသည်နှင့် ချင်းယွင်ကျိကလည်း အက်ကွဲကြောင်းကို ချက်ချင်းပြန်ပိတ်ပစ်လိုက်သည်။
နံရံထဲတွင်ကျန်ခဲ့သောမိစ္ဆာများ ပြောင်ချောသွားပြီဖြစ်သော နံရံကြီးကိုကြည့်ကာ သူတို့ဒေါသများကို ဖွင့်ထုတ်သည့်အနေနှင့် ဒေါသတကြီး ဟိန်းဟောက်နေခဲ့ကြ၏။
နံရံပြန်ပိတ်သွားတာကို မြင်ရမှ နောက်ဆုံးတွင် ချင်းယွင်ကျိ စိတ်အေးသွားခဲ့ပြီး သူ့တောင့်တင်းနေမှုများလည်း လျော့ကျသွားခဲ့သည်။
ထိုအခါမှ သူ့ဘေးတွင်ရောက်နေပြီဖြစ်သော မိစ္ဆာငါးကောင်ကို သူအကဲခတ်လိုက်၏။
မိစ္ဆာငါးကောင်လုံးသည် သူတို့အရှိန်အဝါများကိုဖိနှိပ်ထားသောကြောင့် သူတို့ပတ်ပတ်လည်က ကောင်းကင်နှင့်မြေပြင်နိယာမများက တုန်ခါနေခဲ့သည်။
အထူးသဖြင့် အနက်ရောင်မိစ္ဆာဖြစ်၏။ သူသည် သူ့မိစ္ဆာခန္ဓာကို တတ်နိုင်သလောက်ထိန်းချုပ်ထားရခြင်းကြောင့် သူ့အရပ်က ၂ကျန်း ၃ကျန်းလောက်သာရှိတော့ပြီး သူ့ခါးဆိုလျှင် သေနတ်ပြောင်းသာသာသာရှိတော့ကာ သူ့ပုံစံက ကြောက်စရာကောင်းနေခဲ့သည်။
ချင်းယွင်ကျိ ကြိတ်၍တုန်လှုပ်သွားခဲ့မိ၏။ သူ့တာအိုပိုင်နက်ကိုသုံးကာ သူထိုမိစ္ဆာများ၏ အရှိန်အဝါကို ခုခံထားလိုက်သည်။
ထိုမိစ္ဆာများထံမှ သူအန္တရာယ်အငွေ့အသက်ကို ခံစားမိနေခဲ့၏။
အကယ်၍ ထိုမိစ္ဆာငါးကောင်၏ နာမည်အရင်းအမှတ်အသားများကိုသာ ဖိနှိပ်မထားခဲ့လျှင် ထိုမိစ္ဆာငါးကောင်၏အင်အားကို အဇူရာတိမ်ဂိုဏ်းတင်မဟုတ် ကမ္ဘာပေါ်ရှိဘယ်ဂိုဏ်းကမှ တောင့်ခံနိုင်လောက်မည် မဟုတ်ပေ။
မိစ္ဆာငါးကောင်ကလည်း ချင်းယွင်ကျိကိုအကဲခတ်နေခဲ့သည်။
သူတို့သည် ချင်းယွင်ကျိ ကြီးပြင်းလာတာကိုစောင့်ကြည့်ခဲ့ရသူများ ဖြစ်၏။ ရာစုနှစ်အနည်းငယ်အတွင်း အခုလောက်အဆင့်ထိတိုးတက်လာခြင်းက သူတို့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
“ငါတို့နောက်ဆုံးတော့ မျက်နှာချင်းဆိုင်တွေ့ရပြီပေါ့” ဂူဒူအာ ချင်းယွင်ကျိကိုကြည့်ပြီး ပြုံး၍ ပြောလိုက်၏။
“ပူးပေါင်းလိုက်ပြီဆိုမှတော့ ငါတို့အဆင်အခြင်မဲ့လှုပ်ရှားမှာကို စိတ်ပူစရာမလိုတော့ပါဘူး အခု မင်းတို့ရင်ဆိုင်နေရတဲ့ပြဿနာနဲ့ ငါတို့ကို ဘာလုပ်စေချင်တာလဲဆိုတာ ပြောပြလို့ရပြီ”
ဂူဒူအာကို ကြည့်ပြီး ချင်းယွင်ကျိ ထူးထူးဆန်းဆန်း ရင်းနှီးသလို ခံစားလိုက်ရသည်။
သေချာတွေးပြီးချိန်တွင်တော့ ထိုမိစ္ဆာက သူ့တပည့်နှင့်တူနေခြင်းဖြစ်မှန်း သူသိရှိသွားခဲ့၏။
“ငါက မင်းတို့နာမည်အရင်းအမှတ်အသားကိုဖိနှိပ်ထားဖို့ပဲ တာ၀န်ရှ်ိတာ ကျန်တဲ့ကိစ္စတွေကို ငါ့တပည့်နဲ့ဆွေးနွေးကြ” ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်သည်။
“မင်းတို့အတွက်ငါ့ရဲ့ပထမဆုံးအမိန့်ကတော့ မင်းတို့တွေ အဇူရာတိမ်ဂိုဏ်းထဲက ဘယ်သူ့ကိုမှ အန္တရာယ်မပေးရဘူးဆိုတာပဲ”
“အမိန့်အတိုင်းပါပဲ” မိစ္ဆာငါးကောင်လုံး တညီတညွတ်တည်းတုန့်ပြန်လိုက်ကြ၏။
“ပြင်ဆင်ထားကြ ငါမင်းတို့ကိုအပြင်ထုတ်ပေးတော့မယ်” ချင်းယွင်ကျိ ပြောလိုက်သည်။
ထို့နောက် သူမိစ္ဆာငါးကောင်ကို အဇူရာတိမ်တောင်ထွတ်သို့ ခေါ်ဆောင်လာခဲ့၏။