← Chapters

အခန်း (၂၄၆)

Vol. 23 Ch. 246

အခန်း (၂၄၆)

Vol. 23 Ch. 246

အပိုင်း(၂၄၆)

စားပွဲကိုလှန်ခြင်း

ကျန်းယန်၏မေးခွန်းနှင့်ရင်ဆိုင်ရသောအခါ စန်းစုန့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တိတ်ဆိတ်သွားခဲ့၏။

ရှို့ယိဘုရားကျောင်းအခြေအနေကို သူကောင်းကောင်းကြီးသိပေသည်။ ရှို့ယိဘုရားကျောင်းသည် အဇူရာတိမ်ဂိုဏ်းနှင့်လုံး၀ မဟာမိတ်ဖွဲ့လိမ့်မည် မဟုတ်ပေ။

ကျန်းယန် ခပ်ဖြည်းဖြည်းပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားက ရေတိုကိုပဲကြည့်တာ ခင်ဗျားအမြင်ကလည်း ကျဉ်းလွန်းတယ်

ခင်ဗျားက မိစ္ဆာတွေက လူသားတွေကို အန္တရာယ်ပေးနိုင်တာကိုပဲမြင်တာ သူတို့က လူသားတွေကို အကျိုးပြုနိုင်တာကိုကျ မမြင်ဘူး

အဆိပ်က လူကိုသတ်နိုင်ပေမယ့် သေချာအသုံးပြုနိုင်မယ်ဆိုရင် ဆေးအဖြစ်လည်းသုံးလို့ရတယ်

ဓားကလူကိုသတ်နိုင်ပေမယ့် လူကိုကာကွယ်တဲ့နေရာမှာလည်း သုံးလို့ရတယ်”

စန်းစန့် ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသတကြီးပြန်ပြောလိုက်သည်။

“မင်းစကား‌‌ေတွမှာ လှည့်ကွက်တွေအများကြီးရှိတာ ငါသိပါတယ် ငါမင်းနဲ့ယှဉ်မပြောနိုင်ဘူး”

“လှည့်ကွက်တဲ့လား” ကျန်းယန် အသံကိုမြှင်လိုက်၏။

သူစန်းစုန့်ကိုတစ်ချက်ကြည့်လိုက်ကာ သူ့ခုံတွင်ပြန်ထိုင်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။

“တကယ်လို့ ဂိုဏ်းကြီးကိုးဂိုဏ်းသာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ စစ်ချီလာခဲ့ရင် ကုန်းမြေတိုက်ကြီးပေါ်က လူဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်မယ်လို့ ခင်ဗျားထင်လဲ

အခု သူတို့မတိုက်ခိုက်အောင် မိစ္ဆာတွေကိုလွှတ်ပေးလိုက်တော့ အဲ့ဒီကုဋေနဲ့ချီတဲ့လူတွေကို ကယ်တင်ပြီးသား ဖြစ်မသွားဘူးလား

ဒီပြဿနာအတွက် ခင်ဗျားမှာ ဖြေရှင်းနည်းရှိနေဦးမယ်ဆိုရင် ကျွန်တော်ခင်ဗျားစကားကို နားထောင်ပေးမယ်

ခင်ဗျားမှာမရှိရင်တော့ ကျွန်တော့်စကားကိုနားထောင်လိုက်”

“ဆရာ ကျန်းယန်ပြောတာအဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်” ချင်းရှု ၀င်မပြောဘဲ မနေနိုင်ခဲ့ပေ။

ထို့နောက် သူမဟုတ်သလိုပင် သူအဝေးကို ကြည့်နေလိုက်လေသည်။

“ခင်ဗျားတပည့်ကိုကြည့်ပါဦး သူတောင်ခင်ဗျားထက် နားလည်သေးတယ် ခင်ဗျားက နှစ်တစ်ထောင်ကျော်အသက်ရှင်လာပြီး အခုထိ ဝေတေဝါးတား ဖြစ်နေတုန်းပဲ” ကျန်းယန်ထေ့ငေါ့ကာ ပြုံးလိုက်ပြီး

“တာအိုမိတ်ဆွေအိုကြီး ကြည့်ရတာ ခင်ဗျားကဒီတပည့်ကိုတော့အတော်တန်ဖိုးထားတဲ့ပုံပဲ ပြေးတာတောင်သူ့ကိုချန်မထားခဲ့ဘူး ခင်ဗျားက ဆရာကောင်းတစ်ယောက်ပဲ”

စန်းစုန့် ခပ်ကြမ်းကြမ်းပြန်ပြောလိုက်၏။

“ငါကအခုမှ တကယ့်ရွှံ့ခေါင်းဖြစ်‌ေနပြီ ငါဒီကောင့်ကို ဒီနေရာကိုလုံး၀ခေါ်မလာခဲ့သင့်ဘူး”

လူတိုင်းမရယ်ဘဲ မနေနိုင်ခဲ့ကြပေ။

“တော်လောက်ပြီ” ချင်းယွင်ကျိ နောက်ဆုံးတွင် ပြောလိုက်သည်။

“မိစ္ဆာတွေကိုတော့ လွှတ်ပေးလိုက်ပြီးပြီ တကယ်လို့ သူတို့နဲ့ပတ်သက်ပြီး ကိစ္စတစ်ခုခုဖြစ်လာခဲ့ရင် အဲ့ဒီကိစ္စအတွက် ငါတစ်ယောက်တည်းမှာ အပြည့်အ၀တာ၀န်ရှ်ိတယ် ဆိုတော့ မင်းတို့အားလုံးစိတ်ပူစရာမလိုဘူး”

စန်းစုန့်သက်ပြင်းချလိုက်၏။

“ဂိုဏ်းချုပ် ကျွန်တော်က ဂိုဏ်းချုပ်ရဲ့ခွန်အားကိုသံသယ၀င်တာ မဟုတ်ပါဘူး အဲ့ဒီမိစ္ဆာတွေကိုက ကြောက်စရာကောင်းလွန်းနေတာ သူတို့စွမ်းအားက ကျွန်တော်တို့စွမ်းအားနဲ့ လုံး၀ဆန့်ကျင်ဘက်ဖြစ်နေတာ သူတို့စွမ်းအားက ကျွန်တော်တို့စွမ်းအားကို တိုက်စားပစ်နိုင်တယ် အမှားအယွင်းသေးသေးလေးဖြစ်သွားရင်တောင် ပြဿနာအကြီးကြီးဖြစ်သွားလိမ့်မယ်

ပြီးတော့ ကျွန်တော့်ယူဆချက်အရ ဖိနှိပ်ထားတာက ငါးကောင်မကရှ်ိတာမဟုတ်လား

တကယ်လို့ ကျန်တဲ့မိစ္ဆာတွေကသာ အတွင်းနဲ့အပြင်ပေါင်းပြီးထွက်လာနိုင်ခဲ့ရင် ကျွန်တော်တို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

ချင်းယွင်ကျိ စန်းစုန့်စိတ်ပူတာကို နားလည်ပေသည်။ သို့သော် သူကျန်းယန်၏မိစ္ဆာနည်းစနစ်အကြောင်း ထုတ်မပြောလိုခဲ့ပေ။

ဤကမ္ဘာကြီးတွင် မိစ္ဆာနည်းစနစ်များဆိုသည်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားသောအရာများ ဖြစ်၏။

သူသည် ကျန်းယန်ကိုနောက်တက်မည့်ဂိုဏ်းချုပ်အဖြစ်သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ဤကိစ္စကို လူအများသိသွားလျှင် ကျန်းယန်ရော ဂိုဏ်းရောအတွက် အနာဂတ်တွင် ပြဿနာရှိလာနိုင်ပေသည်။

တခဏတွေးတောပြီးနောက် ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်၏။

“ငါ့တာအိုပိုင်နက်ကိုကြည့်”

သူအားလုံးရှေ့တွင် သူ့တာအိုပိုင်နက်ကိုအနည်းငယ်ဖွင့်ပြလိုက်ကာ ပြောလိုက်သည်။

“နှစ်ရာနဲ့ချီပြီး ငါမိစ္ဆာတွေကိုဖိနှိပ်မယ့်နည်းလမ်းအကြောင်းကို လေ့လာနေခဲ့တာ

အခု ငါ့တာအိုပိုင်နက်ထဲမှာ မိစ္ဆာဆယ်ကောင်တုပပြီး ထည့်ထားနိုင်ခဲ့ပြီ

အဲ့ဒီမိစ္ဆာတွေက မိစ္ဆာနည်းစနစ်တွေကိုလ ကျင့်ကြံတယ် မိစ္ဆာစွမ်းအားကိုသုံးတယ် တကယ့်မိစ္ဆာအစစ်တွေနဲ့ ဘာမှမကွာဘူး

အဲ့တာကြောင့်ပဲ ငါအဲ့ဒီမိစ္ဆာငါးကောင်ကို ဖိနှိပ်နိုင်ခဲ့တာ

အဲ့တာက မဟာတာအိုရဲ့ပဲ့တင်သံပဲ ဒါကြောင့် မိစ္ဆာငါးကောင်ဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”

ချင်းယွင်ကျိ တာအိုပိုင်နက်ထဲက မိစ္ဆာများကိုတွေ့လိုက်ရသောအခါ စန်းစုန့် လေအေးများ ရှုသွင်းလိုက်မိသည်။

ချင်းယွင်ကျိသည် စွမ်းအားကြီးမှန်း သူသိသော်လည်း အခုလောက်အဆင့်ထိရောက်နေလိမ့်မည်လို့တော့ သူတစ်ခါမှ စိတ်ကူးမထားခဲ့ဖူးပေ။

မိစ္ဆာဆယ်ကောင်

ထိုကောင်များက အတုများဖြစ်နေမည်ဆိုလျှင်တောင် အစစ်နှင့်အတော်ကြီးတူနေခဲ့ပြီး ထုတ်ပြလိုက်လျှင် ဘယ်သူမဆို အစစ်ဟုယုံကြည်သွားနိုင်မည့် အကောင်များ ဖြစ်နေခဲ့၏။

ချင်းယွင်ကျိ သူ့တာအိုပိုင်နက်ကို ပြန်သိမ်းလိုက်ကာ ဆက်ပြောလိုက်သည်။

“အခုမိစ္ဆာတွေကိုလွှတ်ပေးလိုက်ပြီဆိုတော့ ငါသူတို့ကိုဖိနှိပ်ထားနိုင်ဖို့ အာရုံစိုက်ထားရမယ် ဂိုဏ်းရဲ့ ကိစ္စကို အာရုံမစိုက်နိုင်တော့ဘူး

အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ကျန်းယန်ဆီတရား၀င်လွှဲပြောင်းပေးမယ်

အခုကစပြီး သူက အဇူရာတိမ်ဂိုဏ်းရဲ့ ၃၇ ဆက်မြောက် ဂိုဏ်းချုပ်ပဲ”

“အာ”

လူတိုင်းချင်းယွင်ကျိကို တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။

ကျန်းယန်ပင် အံ့အားသင့်သွားပြီး

“ဆရာ တကယ်ကြီးလား”

ချင်းယွင်ကျိပြုံးလိုက်ကာ

“နောက်ဆုံးတော့ မင်းကငါ့ရဲ့တပည့်ရင်းပဲလေ”

ကျန်းယန်အခြားသူများကိုကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။

“ဆရာ ကျွန်တော့်ကို ဒီရာထူးလွှဲပေးဖို့ မလိုပါဘူး ဆရာပဲ ဒီရာထူးကိုဆက်ယူထားလိုက်ပါ ကျွန်တော်ကအရင်လိုပဲ အမည်ခံဂိုဏ်းချုပ်ရာထူးနဲ့ ဂိုဏ်းကိစ္စတွေကို စီမံလိုက်ပါ့မယ်”

စစ်ထူမင်ယွဲ့နှင့်ချင်းရှုမှလွဲပြီး ဤနေရာရှိ လူတိုင်းက သူ့စီနီယာများသာ ဖြစ်သည်။

ထိုသူများသည် သူ့ကိုအမှန်တကယ်ဂရုစိုက်ကြသူများဖြစ်ကြ၏။ သူတို့သည် ဂိုဏ်းချုပ်ရာထူးဘယ်သူ့ဆီတွင်ဖြစ်နေပါစေ ကျန်းယန်ကိုဂရုစိုက်ကြမည့်သူများ ဖြစ်ကြသည်။

ထို့အပြင် သူထိုရာထူးကိုယူလိုက်လျှင် ထိုအကြီးအကဲများနှင့်ဆက်ဆံရာတွင် ကြောင်တောင်တောင်နိုင်သွားနိုင်၏။ ထိုသူများကို သူမည်သို့ အမိန့်ပေးရပါမည်နည်း။

ချင်းယွင်ကျိ မရှိလျှင် သူတို့ကြား ဝါစဉ်ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ပေသည်။

ဝိညာဉ်အခြေတည်အဆင့်လေးဖြင့် ဂိုဏ်းချုပ်ရာထူးကိုယူထားဖို့လည်း သူ့တွင် ယုံကြည်မှု မရှိသေးပေ။

“မင်းသဘောပါပဲ” ချင်းယွင်ကျိ ခပ်အေးအေးပြောလိုက်၏။

“ဆိုတော့ ကိစ္စကြီးကြီးမားမားတစ်ခုခုမရှိရင် ငါ့ကိုမနှောင့်ယှက်ကြနဲ့တော့”

“ပြဿနာမရှိပါဘူးဆရာ” ကျန်းယန်ပြုံး၍ ပြောလိုက်သည်။

သူလူတိုင်းကိုတစ်ချက်ကြည့်ပြီးနောက် ချင်းယွင်ကျိဘက်လှည့်ကာ မေးလိုက်၏။

“ဆရာ ဆရာနောက်တစ်ကြိမ်ကပ်ဘေးဖြတ်ကျော်မယ့် အခွင့်အရေးရှိနေသေးလား”

ချင်းယွင်ကျိ ခေါင်းခါပြလိုက်သည်။

သူ့တာအိုပိုင်နက်ထဲရှိ မိစ္ဆာများက ပိုပိုပြီး သန်မာလာနေပြီဖြစ်၏။ သို့သော်လည်း သူ့တာအိုက ထိုမိစ္ဆာများ၏ခွန်အားမဟုတ်ပေ။ ထိုမိစ္ဆာများကို ဖိနှိပ်ထားခြင်းသာ ဖြစ်သည်။

သူထိုမိစ္ဆာများကိုလုံး၀ဖိနှိပ်ထားသောအချိန်ရောက်ပါမှ နောက်တစ်ကြိမ် ကပ်ဘေးဖြတ်ကျော်နိုင်ပေလိမ့်မည်။

“ဒီလိုဆိုရင်တော့ ဆရာ မိစ္ဆာတွေကိုဖိနှိပ်ပြီး ကျင့်ကြံခြင်းတိုးတက်ဖို့ပဲ အာရုံစိုက်ထားလိုက်ပါ ဆရာက ကျွန်တော်တို့ရဲ့ ထောက်တိုင်ကြီးပဲ ဆရာ့ကို ဘာမှအဖြစ်ခံလို့ မဖြစ်ဘူး”

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားရော ကပ်ဘေးဖြတ်ကျော်နိုင်မယ့် အခွင့်အရေးရှိနေလား” ကျန်းယန် ဆက်ပြောလိုက်သည်။

စန်းစုန့်မျက်လုံးလှန်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“မိစ္ဆာတွေခြောက်လှန့်တာခံထားရတာကြောင့် ငါကပ်ဘေးမဖြတ်ကျော်နိုင်ဖြစ်နေတာ”

“ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာပဲ ကုထုံးလိုတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“ပြီးရင် မိစ္ဆာ‌ေတွနဲ့ အရက်သွား‌‌ေသာက်ဖို့ ခင်ဗျားကျွန်တော်နဲ့လိုက်ခဲ့ သူတို့နဲ့ ပိုပြီးနီးနီးကပ်ကပ်နေပေး”

“ငါမသွားဘူး” စန်းစုန့် အမြန်အော်ပြောလိုက်၏။

“ငါ့ဟာငါ ကြိုးကြိုးစားစားကျင့်ကြံနေလို့ပဲ မရဘူးလား”

“ခင်ဗျားကိုယ်ခင်ဗျား အတင်းတွန်းအားပေးမနေပါနဲ့”

“ငါတွန်းအားပေးနေတာမဟုတ်ဘူးကွ” စန်းစန့် ပြန်ပြောလိုက်သည်။

“၃နှစ် ကျွန်တော်ခင်ဗျားကို ၃ နှစ်အချိန်ပေးမယ် ၃နှစ်အတွင်း ကပ်ဘေးမဖြတ်ကျော်နိုင်ရင် ကျွန်တော်ခင်ဗျားနဲ့ အရက်‌အတူတူသောက်ဖို့ မိစ္ဆာတွေကို ဖိတ်လိုက်မယ် ပြီးတော့ အဲ့ထဲကတစ်ကောင်နဲ့ လက်ရည်စမ်းကြည့်ပေါ့ ဘာပဲဖြစ်ဖြစ် ခင်ဗျားအဲ့ဒီမိစ္ဆာတွေနဲ့ ပတ်သက်တဲ့ အကြောက်တရားကို ကျော်ကိုကျော်လွန်နိုင်ရမယ်”

စန်းစုန့် ကြက်သေသေသွားခဲ့၏။

ပထမဆုံးအကြိမ်အနေနှင့် သူအဇူရာတိမ်ဂိုဏ်းထဲ ၀င်လိုက်မိတာကို နောင်တရလာမိခဲ့သည်။

သူ့ဘေးရှိ ချင်းရှု၏မျက်လုံးများကတော့ တောက်ပနေခဲ့၏။

ဆိုတော့ ဒါက ဆရာ့ကိုကျင့်ကြံဖို့ တွန်းအားပေးတဲ့ပုံစံလား

သူလည်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆရာတစ်ယောက်ရှ်ိသည့် အတွေ့အကြုံမျိုးကို ခံစားဖူးချင်ပေသည်။

စာစဉ်ပြီး

All Chapters